Wednesday, January 27, 2010

တော့တိုး-ချန်

အင်္ဂလိပ်စကား ပြောသော ကလေးတစ်ယောက်

တိုမိုကျောင်း သို့ ကျောင်းသားတစ်ယောက် ရောက်လာသည်။ မူလတန်းအဆင့် ကျောင်းသား တစ်ယောက် နှင့် မလိုက်အောင်သူသည် အရပ်မြင့်ပြီး ပခုံးကျယ်သည်။ တော့တိုး-ချန် က သူသည် သတ္တမတန်းအဆင့် ကျောင်းသားဖြစ်သင့်သည်ဟု ထင်မှတ်မိသည်။ သူဝတ်ထားသော အ၀တ်များမှာ လည်းထူးခြားသည်။ လူကြီးများ ၀တ်သလို ၀တ်ထားသည်။
ကျောင်းကစားကွင်းတွင် ထိုနေ့နံနက်က ဆရာကြီးသည် ကျောင်းသားသစ်ကို သူ၏ တပည့်ဟောင်းများ နှင့် မိတ်ဆက် ပေးသည်။

"သူဟာ မီယာဇာကီဖြစ်တယ်။ သူ့ကို အမေရိကန်မှာ မွေးဖွားခဲ့တယ်။ သူဟာ အမေရိကန်မှာ ကြီးပြင်း ခဲ့ရသူ ဖြစ်တယ်။ ဒါကြောင့် သူဟာ ဂျပန်လို ကောင်းကောင်းမပြောတတ်သေးဘူး။ ဒါ့ကြောင့်မို့လို့လဲ သူဟာ တိုမိုကျောင်းမှာလာရောက်ပြီး မင်းတို့တစ်တွေနဲ့ ရင်းရင်းနှီးနှီး မိတ်ဆွေသူငယ်ချင်းအဖြစ်ကို  ရယူ ပြီးတော့ စာသင်ဖို့ရာ ရောက်လာခြင်းဖြစ်တယ်။ အခုအချိန်ကစပြီးတော့ သူဟာ မင်းတို့လိုပဲ ကျောင်းသား တစ်ယောက်ဖြစ်သွားပြီ။ သူ့ကို ဘယ်အတန်းထားရင် ကောင်းမလဲဆိုတော့ ငါးတန်း မှာပေါ့။ တာ-ချန်နှင့် တခြား ကျောင်းသားတွေနဲ့ အတူတူပေါ့"

"ကောင်းပါတယ်"
ပုံဆွဲတော်သော တာ-ချန်ကပြောလိုက်သည်။ သူ၏်လေသံမှာ အစ်ကိုကြီးတစ်ယောက်ဧ။် လေသံ ဖြစ်သည်။
ဆရာကြီးသည် ပြုံးလိုက်ပြီးနောက် ဆက်ပြောသည်။

"သူဟာ ဂျပန်စကားနဲ့ ဂျပန်စာမှာ သိပ်မတော်ဘူးလို့သာ ပြောတာနော်၊ အင်္ဂလိပ်လိုတော့ သိပ်တော် တယ်ကွဲ့။ သူက မင်းတို့ကို အင်္ဂလိပ်စာမှာ ကူညီပါလိမ့်မယ်။ သူဟာ ဂျပန်ရဲ့နေပုံ ထိုင်ပုံ၊ သွားပုံ လာပုံ တွေကို ကောင်းကောင်းမသိဘူး။ မင်းတို့က သူ့ကိုအကအညီပေးကြပါ။ ပေးကြမယ် မဟုတ်လား။

အမေရိကန် ပြည်မှာ ဘယ်လိုနေကြထိုင်ကြ သွားကြလာကြတယ်ဆိုတာကိုလည်း သူ့ကို မေးကြည့်ကြပေါ့။ သူက မင်းတို့တစ်တွေကို စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်းအရာ အမျိုးမျိုးကို ပြောပြနိုင်ပါလိမ့်မယ်။
ကဲ-ကောင်းပြီ၊ သူကို မင်းတို့နဲ့ အတူတူထားခဲ့တော့မယ်" မီယာဇာကီသည် သူ၏ အတန်းသားများကို ဦးညွှတ်၍ ကြိုဆိုလိုက်သည်။ သူတို့အားလုံးသည် သူထက်အရပ်ပုကြသည်။ သူကဦးညွှတ်ကြိုဆိုသည်ကို လက်ခံသည့် အနေဖြင့် ပဉ္စမတန်းမှ ကျောင်းသားများသာမက တစ်ကျောင်းလုံးမှ ကျောင်းသားများကပါ သူ့ကို ဦးညွှတ်ကြိုဆို လိုက်ကြသည်။

နေ့လယ်စာစားချိန်တွင် မီယာကီသည် ဆရာကြီး၏ အိမ်သို့သွားသည်။ အခြားကျောင်းသားများကပါ သူ့နောက်မှ လိုက်သွားကြသည်။ သူသည် ဖိနပ်မချွတ်ဘဲဝင်သွားရာ ကလေးများအားလုံးက "မင်းရဲ့ ဖိနပ်ကို ချွတ်ရမယ်" ဟု အော်ပြောလိုက်သည်။
မီယာဇာကီသည် ရုတ်တရက် ကြောင်အမ်းအမ်းဖြစ်သွားသည်။ ပြီးတော့မှ "အိုး ငါ့ကို ခွင့်လွှတ်ပါ" ဟု ပြောပြီး သူစီးထားသော ဖိနပ်ကိုချွတ်လိုက်သည်။
ထိုအခါ ကလေးများက သူဘာလုပ်ရမည်ကို ပြောပြကြသည်။

"တာတာမီ မြက်ဖျာခင်းထားတဲ့ ကြမ်းပြင်ပေါ်တွေကို တက်တဲ့အခါမှာ၊ နောက်ပြီးတော့ စုဝေးခန်းမ ကြီးထဲကို ၀င်တဲ့အခါမှာ စီးထားတဲ့ဖိနပ်တွေကို ချွတ်ခဲ့ရမယ်၊ စာသင်ခန်းတွေထဲမှာနဲ့ စာကြည့်ဆောင် ထဲမှာတော့ ဖိနပ်ကို စီးထားနိုင်တယ်"
"ကူဟွန်းဘတ်စု ဘုရားကျောင်းကိုသွားရင် ကျောင်းဝင်းထဲက မြေကြီးပေါ်မှာတော့ ဖိနပ်စီးလို့ရတယ်၊ ဘုရားကျောင်းရှိတဲ့ နေရာပေါ်ကိုတက်ရင်တော့ ဖိနပ်ချွတ်ရမယ်"
ဂျပန်ပြည်၌ နေထိုင်ရပုံနှင့် နိုင်ငံခြား၌ နေထိုင်ရပုံများကွဲပြားခြားနားမှုရှိပုံကို လေ့လာရခြင်းသည် စိတ်ဝင်စား ဖွယ်ကောင်းသည်ဟု သူတွေးမိလေသည်။

နောက်တစ်နေ့တွင် မီယာဇာကီသည် ကျောင်းသို့ အင်္ဂလိပ်ရုပ်စုံ စာအုပ်ကြီးတစ်အုပ် ယူလာသည်။ နေ့လည်စာ စားချိန်တွင် ကျောင်းသားခပ်များများသည် သူ့အနီး၌ ၀ိုင်းအုံပြီး စာအုပ်ကို ကြည့်နေကြ သည်။ သူတို့ အလွန်အံ့သြနေကြသည်။ ဤမျှလှပသော စာအုပ်မျိုးကို ယခင်က သူတို့မတွေ့ဖူးချေ။ သူတို့ မြင်ဖူးသော ရုပ်စုံစာအုပ်များတွင် အနီရောင်၊ အစိမ်းရောင်၊ အ၀ါရောင်များသာပါသည်။ ယခုစာအုပ်တွင် အရောင်မျိုးစုံပါဝင်သည်။ အချို့အရောင်များမှာ ခပ်ဖျော့ဖျော့ ဖြစ်သည်။ အရောင်သိပ် မတောက်လွန်းဘဲ ကြည့်ရသည်မှာ မျက်စိအလွန်အေးသည်။ သူတို့မြင်တွေ့နေကျ ခဲတံရောင်စုံ     နှစ်ဆယ်လေးမျိုး၊ အရောင် များသာမက၊ တော့တိုး-ချန်တွင်ရှိသော အထူးရောင်စုံခဲတံ လေးဆယ့်ရှစ် မျိုး၏ အရောင်များပင် လိုက်မမီသော အရောင်များကို တွေ့ကြရသည်။ ရေးဆွဲထားသော ရုပ်ပုံများမှာ လည်း အလွန် လှလှ ပပ ရှိသည်။ ဤမျှသပ်သပ်ရပ်ရပ်ရှိသော ရုပ်စုံစာအုပ်မျိုးကို သူတို့တစ်တွေ ယခင်က မမြင်ခဲ့ဖူးပါ။ တော့တိုး- ချန် သည် မီယာဇာကီ အနားသို့တက်နိုင်သမျှကပ်၍ စာအုပ်ထဲမှအရုပ်များ ကိုကြည့်သည်။

မီယာဇာကီသည် စာအုပ်ထဲ၌ ရေးသားထားသော အင်္ဂလိပ်စာများကို ဖတ်ပြသည်။ သူ၏ အင်္ဂလိပ် အသံ ထွက် မှာ အလွန်နားထောင်လို့ ကောင်းသည်။ သူသည် ကျောင်းသို့ အသစ်အဆန်းများ ယူဆောင် လာခဲ့သည်။ သူနှင့်အခြား ကလေးများသည် တိုတောင်သော အချိန်အတွင်း ရင်းနှီးခင်မင်သော မိတ်ဆွေ သူငယ်ချင်း များ ဘ၀သို့ရောက်သွားကြလေ တော့သည်။ သူ့သည် ကျောင်းသို့နေ့စဉ်  စာအုပ် အမျိုးမျိုး ယူလာ၍ နေ့လယ်စာစားပြီး ကျောင်းလွှတ်ချိန်၌  သူတို့ကို ဖတ်ပြသည်။

မီယာဇာကီသည် သူတို့၏ အင်္ဂလိပ်စာနည်းပြဆရာသဖွယ် ဖြစ်လာသည်။ ထိုတစ်ချိန်တည်းမှာပင် မီယာဇာကီ ၏ ဂျပန်လိုအပြောအဆို အရေးအသားမှာ လျင်မြန်စွာ တိုးတက်၍ လာသည်။
တော့တိုး-ချန် နှင့် သူမ၏ မိတ်ဆွေအပေါင်းအသင်းများသည် အမေရိကန်ပြည်အကြောင်း ဗဟုသုတ များစွာ ကို ရလိုက်ကြသည်။ တိုမိုကျောင်းတွင် ဂျပန်နှင့် အမေရိကန်သည် မိတ်ဆွေ ဖြစ်နေကြသည်။ သို့ရာတွင် တိုမို၏အပြင်ဘက်၌ အမေရိကန်သည် ရန်သူဖြစ်လာလေပြီ။ အင်္ဂလိပ်မှာလည်း ရန်သူ ဘာသာ စကား ဖြစ်လာသောကြောင့် ဂျပန်နိုင်ငံရှိ ကျောင်းများအားလုံးတွင် အင်္ဂလိပ်စာ သင်ကြားရေး ကို သင်ရိုး ညွှန်းတမ်း မှ ဖြုတ်ထားလိုက်ပြီ ဖြစ်သည်။

“အမေရိကန်တွေဟာ မကောင်းဆိုးဝါးတွေပဲ" အစိုးရက ကြေငြာချက် ထုတ်ပြန်လိုက်သည်။ သို့ရာတွင် တိုမိုကျောင်း၌ ကလေးများသည် အင်္ဂလိပ်စာလုံးအချို့ကို ရွတ်ဆိုနေကြသည်။ တိုမိုကျောင်းကို ဖြတန် သန်းပြီး တိုက်ခတ်လာသော လေပြည်လေညင်းများမှာ ပူပူနွေးနွေးနှင့် နူးနူးညံ့ညံ့ ရှိသည်။
ကလေးများ အားလုံးမှာလည်း ချစ်စရာကောင်းသောအသွင်ကို ဆောင်နေကြသည်။

အပျော်တမ်းပြဇာတ်

"ငါတို့ ပြဇာတ်တစ်ခု ကပြကြမယ်"
တိုမိုကျောင်း၏ သမိုင်းတွင် ပထဦးဆုံးအကြိမ် တင်ဆက်မည့် ပြဇာတ် ဖြစ်သည်။ နေ့လယ်စာ စားချိန် တွင် ကျောင်းသားအများရှေ့ထွက်၍ အကြောင်းအရာတစ်ခုခုကို တလှည့်စီ ပြောရသည့်အလုပ်ကို ယခုထက်ထိ ပြုလုပ်နေရတုန်းပင် ဖြစ်သော်လည်း ယခုမူထို့ထက် တစ်ဆင့်တက်၍ စင်မြင့်ပေါ်တက်ပြီး ပြဇာတ် ကကြရမည်။ ဆရာကြီးက စန္ဒရားတီးမည်။ ပရိသတ်က ကြည့်ကြမည်။ သိပ်ကို ပျော်စရာ ကောင်းပေ လိမ့်မည်။ ကလေးများသည် ပြဇာတ်မကြည့်ဖူးကြ။ တော့တိုး-ချန်သည်ပင်လျှင် မကြည့်ဖူး သေးပေ။

"ငန်းတို့၏ ရေကန်" ကြည့်ရသည့်အခါကလွဲလျှင် သူမသည် ပြဇာတ်ကရာ ကပွဲရုံသို့တစ်ခါမှ မရောက် ဖူးပေ။ သူတို့အားလုံးသည် ကျောင်းစာသင်နှစ်အကုန်တွင် တင်ဆက်မည့် အစီအစဉ်ကို စုပေါင်း ဆွေးနွေး ကြသည်။

တော့တိုး-ချန်၏ အတန်းမှ "ကန်ဂျင်ချို" ပြဇာတ်ကို တင်ဆက်ကပြရန် ဆုံးဖတ်ချက်ချလိုက်ကြသည်။ ထိုပြဇာတ် သည် သူတို့၏ ကျောင်းဖက်စာအုပ်ထဲတွင် ပါရှိသည်။ မစ္စတာမာရူယာမားက သူတို့ကို သင်ကြားပြသပေးမည် ဖြစ်သည်။ အရပ်မြင့်မြင့်နှင့် ကိုယ်ခန္ဓာ တုတ်တုတ်ခိုင်ခိုင်ရှိသော အီကို ဆိုင်ရှိုက ဇာတ်လမ်းတွင် ပါဝင်သော လူသန်ကြီးဘင်ကီအီအဖြစ် သရုပ်ဆောင်ရမည်ဖြစ်ပြီးလျှင် အသံသြဇာရှိပြီး ကိုယ်ခန္ဓာ တောင့်တောင့်တင်းတင်းရှိသော အမာဒီရားက တပ်မှူးတိုဂါရှီ အဖြစ် သရုပ်ဆောင်ရမည်။ တော့တိုး-ချန် မှာမူ အစေခံအဖြစ် ရုပ်ဖျက်ထားသော အမတ်ကြီး ရိုရှိဆူအနေဖြင့် သရုပ်ဆောင်ရမည်။ ကျန်ကျောင်းသား များက ဘုန်းကြီးများအဖြစ် သရုပ်ဆောင် ကြရမည်။

အစမ်းလေ့ကျင့်မှု မစတင်မီ ကျောင်းသားများသည် သူတို့ရွတ်ဆိုရမည့် စာကြောင်းများကို အလွတ် ကျက်မှတ် ကြရသည်။ တော့တိုး-ချန်နှင့် ဘုန်းတော်ကြီးများအဖြစ် သရုပ်ဆောင် ကြရမည့် သူများသည် မည့်သည့် စကားကိုမျှ ပြောရန်မလိုသောကြောင့် ဘာမျှ ကျက်မှတ်ရန် မလိုပေ။ ပြဇာတ်တလျှောက်လုံး ဘုန်းကြီးများ သည် ငြိမ်ငြိမ်ကလေးရပ်နေကြရမည်။ ရိုရှီဆူနေအဖြစ် သရုပ်ဆောင်ရမည့် တော့တိုး-ချန်သည် ဆောင်းထားသော မြတ်ဦးထုပ်ကြီးဖြင့် မျက်နှာကို  ဖုံးကွယ်ထားရင်း ဒူးထောက်၍ ငြိမ်ငြိမ် ကလေး နေရမည်ဖြစ်သည်။ အမှန်တကယ်အားဖြင့်ဆိုလျှင် လူသန်ကြီးဘင်ကီအီသည် ရိုရှီဆူနေ၏ အစေခံ ဖြစ်သည်။ သို့သော်လည်း ဇာတ်လမ်းအရ သူသည် ဆရာဖြစ်သူကို သူ၏ လက်ထဲမှတုတ်ဖြင့် ရိုက်ရ မည်ဖြစ်သည်။

အစမ်းလေ့ကျင့်ကြလေပြီ။ တိုဂါရှီနှင့် ဘင်ကီအီတို့လမ်းတွင် ဆုံတွေ့ကြသည်။ ဘုန်းကြီးများက ဘင်ကီအီ၏ နောက်တွင် မတ်တတ်ရပ်နေကြပြီ။ ရိုရီုဆူအနေဖြင့် သရုပ်ဆောင်သော တော့တိုး-ချန်က ဘင်ကီအီ ၏ ရှေ့တွင် ဒူးထောက်၍ ရှိနေရမည်ဖြစ်သည်။ ဘင်ကီအီသည် သူ၏ရှေ့မှ ရိုရှီဆူနေကို တုတ်ဖြင့် ရိုက်လျှင် ရိုရှီဆူနေက ငြိမ်ခံနေရမည်ဖြစ်သည်။

သို့သော် တကယ့်တကယ် ရိုက်သောအခါ တော့တိုး-ချန်သည် ဆရာသင်ထားသည့်အတိုင်း ငြိမ်ငြိမ် ကလေး မနေဘဲ ဘင်ကီအီကို ခံရိုကိလေတော့သည်။ သူမသည် ဘင်ကီအီအဖြစ် သရုပ်ဆောင်သော အီကိုဆိုင်ရှို ၏ ခြေထောက်များကိုကန်ပြီး လက်သည်းများဖြင့် ကုတ်ဖဲ့လိုက်သည်။ အီကိုဆိုင်ရှိုသည် နာကျင်သောကြောင့် အော်ငိုလိုက်မိသည်။ ဘုန်းကြီးအဖြစ် သရုပ်ဆောင်သူများက ရယ်ကြသည်။

ရိုရှီဆူနေက ခံရိုက်သောကြောင့် အစီအစဉ်များ ပျက်ကုန်လေတော့သည်။ မစ္စတာ မာရူယာမားသည် တော့တိုး-ချန် နားလည်သဘောပေါက်အောင် ရှင်းပြသော်လည်း တော့တိုး-ချန်က လက်မခံပေ။ သူမ ကို ရိုက်လျှင် သူမကလည်း ခံရိုက်မည်ဟု ပြန်ပြောလေသည်။

သူတို့သည် ထိုအခန်းကို ထပ်ခါတလဲလဲ အစမ်းလေ့ကျုင့်ကြသော်လည် အခြေအနေ မကောင်းလာပါ။ တော့တိုး-ချန် က ပြန်လည်ခုခံ နေသောကြောင့်ဖြစ်သည်။
နောက်ဆုံး၌ မစ္စတာမာရူယာမားက.....
''ကဲ တောတိုး-ချန် ဆရာတော့ သိပ်ဝမ်းနည်းတယ်ကွာ၊ မင်းရဲ့နေရာကို တာအိ-ချန်နဲ့ အစားထိုး ရတော့ မှာပဲ၊ တာအိ-ချန်က ရိုရှီဆူနေအဖြစ် သူရုပ်ဆောင်ပေတော့'' ဟု ပြောဆိုလိုက်သည်။
တော့တိုး-ချန်သည် ကြည်ကြည်ဖြူဖြူပင် သဘောတူလိုက်သည်။ သူမအနေဖြင့် တစ်ယောက်တည်း အရိုက်ခံ ရသည့်နေရာမျိုး၌ ပါဝင် သရုပ်ဆောင်လိုစိတ် မရှိသည်မှာ အမှန်ပင်။

ထို့နောက် မာရူယာမားကပင် ဆက်လက်၍ ''တော့တိုး-ချန် မင်းက ဘုန်းကြီးအဖြစ်တော့ သရုပ်ဆောင် ပေးဦးနော်''ဟု ပြောသောကြောင့် တော့တိုး-ချန်သည် ဆရာပြောသည့်အတိုင်း လက်ခံလိုက်သည်။
တောင်ဝှေးကိုကိုင်၍ ခပ်ကြာကြာရပ်နေသော တော့တိုး-ချန်သည် ကြာတော့ပျင်းလာသည်။ ထို့ကြောင့် သူမ၏ နံဘေးနှင့် ရှေ့တွင်ရပ်နေသော ဘုန်းကြီးအဖြစ် သရုပ်ဆောင်နေကြသော အခြားကျောင်းသား ကျောင်းသူ များကို တောင်ဝှေးဖြင့်တို့ပြီး မထိတထိစလေရာ ဘုန်းကြီးများ လှုပ်လှုပ်ရွရွ ဖြစ်ကုန်လေသော ကြောင့် အစမ်းလေ့ကျင့်မှုသည် မအောင်မြင်ပဲ ဖြစ်ရလေ ပြန်တော့သည်။
ထို့ကြောင့်ဆရာသည် သူမကို ဘုန်းကြီးအဖြစ် သရုပ်ဆောင်ခြင်းမှ ကင်းလွတ်ခွင့် ပြုလိုက်ပြန်လေတော့ သည်။

ပြဇာတ်ထဲတွင် မပါဝင်ရသော်လည်း တော့တိုး-ချန်သည် စိတ်ထဲဘယ်လိုမျှမဖြစ်ပေ။ သူမသည် ကျောင်း ကစား ကွင်းသို့သွား၍ သူမ၏ ဖိနပ်များကို ချွတ်လိုက်ပြီးနောက် ဘဲလေးအကကို ကလေတော့သည်။ သူမ သည် သူမနည်း သူမဟန်ဖြင့် ငန်းလိုကလိုက်၊ လေတိုက်သလိုရပ်လိုက်၊ သစ်ပင်များ ယိမ်းထိုး သလိုလုပ်လိုက်နှင့် မည်သူတစ်ဦးတစ်ယောက်မျှ မရှိသောကွင်း၏ အလယ်တွင် တစ်ယောက်တည်း က နေ လေတော့သည်။

မြေဖြူခဲ

တိုမိုကျောင်းမှ ကျောင်းသားများသည် အခြားသူတစ်ပါး၏ နံရံများပေါ်၌ လည်းကောင်း၊ လမ်းများပေါ်၌ လည်းကောင်း၊ စာများရေးခြစ်လေ့မရှိကြပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် ကျောင်း၌ ရေးရန် အခွင့်အရေး များစွာရကြသောကြောင့် ဖြစ်သည်။

စုဝေးခန်းမကြီးထဲ၌ တေးဂီတသင်ခန်းစာများသင်ကြားရသည့် အချိန်များ၌ ဆရာကြီးသည် သူ၏ တပည့် များကို လက်တွင်ကိုင်ထားပြီးနောက် ခန်းမကြီး၏ ကြမ်းပြင်ပေါ်၌ မိမိတို့ထိုင်ချင်သည့်နေရာတွင် ထိုင်နိုင် ကြသည်။ လဲလျောင်းလိုကလည်း လဲလျောင်းပြီး နေနိုင်သည်။ သူတို့တစ်တွေ အဆင်သင့် ဖြစ်ကြသည်နှင့် ဆရာကြီးက စန္ဒရားကိုစတင် တီးလေတော့သည်။ ဆရာကြီး၏ စန္ဒရားသံပေါ်ထွက်လာသည်နှင့် တပြိုင်နက် တပည့်များသည် သူတို့၏လက်ထဲရှိ မြေဖြူခဲများဖြင့် ကြမ်းပြင်ပေါ်၌ ဂီတသံစဉ် အနိမ့်အမြင့် အတက် အကျ အလိုက် ဂီတသင်္ကေတများကို ရေးခြစ်ကြရလေတော့သည်။ စုဝေးခန်းမကြီး၏ကြမ်းပြင်မှာ သစ်သား ကြမ်းပြင်မှာ သစ်သားကြမ်းပြင်ဖြစ်သည်။

တော့တိုး-ချန်၏ အတန်းတွင် ကျောင်းသားကျောင်းသူ ဆယ်ယောက်သာရှိသည်။ သူတို့သည် ကြမ်းပြင် ပေါ်၌ သူတို့ရေးခြစ်ချင်သလို လွတ်လွတ်လပ်လပ် ရေးခြစ်နိုင်လေသည်။ ကျောင်းသား များသည် ဤ အချိန်ကို အလွန်နှစ်သက်ကြသည်။ ကြမ်းပြင်ပေါ်၌ မြေဖြူခဲများဖြင့်ရေးရန် စိတ်ကူး ရသည်မှာ ဆရာကြီး ဖြစ်သည်။ စာရွက်မှာရေးမည်ဆိုလျှင် စာရွက်မှာသိပ်မကြီးပေ။ ကျောက်သင်ပုန်းကြီးပေါ်၌ ရေးမည် ဆိုလျှင် လည်း တလှည့်စီရေးကြရမည်။ ထို့ကြောင့် စုဝေးခန်းမကြီး၏ ကြမ်းပြင်သည်သာလျှင် သူတို့ အတွက် အကောင်းဆုံး ကျောက်သင်ပုန်းကြီးဖြစ်သည်ဟု ဆရာကြီး စိတ်ကူးမိခြင်း ဖြစ်လေသည်။ ကျောင်းသားများသည် ဂီတသင်္ကေတများကို သေးသေးသော်လည်းကောင်း၊ကြီးကြီးသော်လည်းကောင်း၊ ရေးချင်သလို ရေးနိုင်လေသည်။ အကယ်၍ အချိန်ရလျှင် သူတို့သည် လေယာဉ်များ၊ ကစားစရာရုပ်ပုံများ စသည်တို့ကိုသူတို့ ရေးချင်ရာ ရေးဆွဲလေသည်။

 တစ်ခါတစ်ရံတွင် ကလေးများသည် သူတို့အချင်းချင်း ညှိနှိုင်းပြီး ပန်းချီကားကို တစ်ပိုင်းစီ တပိုင်းစီ ရေးဆွဲ ကြရသည်။ သူတို့ရေးဆွဲထားသော ပန်းချီကားကို ဆပ်စပ်လိုက်သောအခါ တစ်မျိုးတစ်မည်ထူးသော ပန်းချီကား ချပ်တစ်မျိုးကို ရရှိကြသည်။ ဂီတသင်ခန်းစာ အချိန်ပြီး၍ ခေတ္တအားလပ်ခွင့် ပေးထားစဉ် ဆရာကြီးက သူ၏တပည့်များ ရေးသားထားသော ဂီတသင်္ကေတ များနှင့် အခြား ရေးဆွဲ ထားသည် များကို လိုက်ကြည့်ပြီး ကောင်းသည်။ သင့်သည်။ ဘယ်နေရာမှာ ဘာလိုသေးသည် စသည်ဖြင့် မှတ်ချက် ပေးလေ့ ရှိသည်။ ဆရာကြီးသည် မည်မျှပင် အလုပ်များစေ ကာမူ ဂီတသင်ခန်းစာ အချိန်ကိုမူ မပျက်မကွက်မှန်မှန်ပြု လုပ်ပေးလေ့ ရှိသည်။

ဂီတသင်ခန်းစာ အချိန်ပြီးဆုံးသောအခါ ကြမ်းပြင်ကို သန့်ရှင်းရေး ပြုလုပ်ကြရသည်။ ဤအလုပ်သည် ပင်ပန်းသောအလုပ်တစ်မျိုးဖြစ်ပြီးလျှင် အ၀တ်စုတ်များဖြင့် မြေဖြူမှုန့်များ စင်အောင် ပွတ်တိုက်ကြရသည်။ ရေးရာ ခြစ်ရာများ လုံးဝမကျန်ရစ်အောင် ကျောင်းသားများ အားလုံးက စေ့စေ့စပ်စပ်ပြုလုပ်ကြရသည်။

ဤနည်းအားဖြင့် တိုမိုကျောင်းမှ ကျောင်းသား ကျောင်းသူကလေးများအဖို့ သန့်ရှင်းရေး အလုပ်သည် မည်မျှ ပင်ပန်းသည်ဆိုကို နားလည်လာကြသည်။ သူတို့သည် စုဝေးခန်းမကြီး၏ ကြမ်းပြင်ပေါ်မှလွဲလျှင် အခြား မည်သည့်နေရာတွင်မှ မြေဖြူခဲများဖြင့် ရေးခြစ်ရန် စိတ်မကူး ကြတော့။ ဂီတသင်ခန်းစာအချိန်သည် တစ်ပတ် လျှင် အချိန်နှစ်ကြိမ်ရှိရာ ထိုနှစ်ကြိမ်သည် ကလေးများအတွက် အကျိုးထူးရှိသော အချိန်များ စာရင်း တွင် ပါဝင်လေသည်။

တိုမိုကျောင်းမှ ကလေးများသည် မြေဖြူခဲအကြောင်းကို သိနားလည်ကြလေသေးသည်။ မည်သို့သော မြေဖြူခဲ သည် ကောင်းသည်၊ မည်သည့်မြေဖြူခဲက ညံ့သည်ကို သူတို့သိ ထားကြသည်။ ၎င်းအပြင် မြေဖြူခဲ ကို မည်သို့ကိုင်ရမည်။ မကျိုးအောင် မည်သို့ ရေးရမည်ကိုလည်း သူတို့သိထားကြသည်။ ကလေး တိုင်း သည် မြေဖြူခဲ အကဲဖြတ်သမားများ ဖြစ်ကြလေသည်။

ယာဆူအာကီ-ချန် သေဆုံးသွားခြင်း

နွေဦးရာသီကျောင်းပိတ်ရက်များ ကုန်ဆုံးပြီးနောက် ကျောင်းစဖွင့်သော ပထမရက်၏ နံနက်ခင်း အချိန် ဖြစ်သည်။ မစ္စတာကိုဘာယာရှီသည် ကျောင်းကစားကွင်းတွင် စုဝေးနေကြသော ကျောင်းသား ကျောင်းသူ များရှေ့၌ မတ်တပ်ရပ်လျက်ရှိသည်။ ထုံးစံအတိုင်း သူသည် သူ၏လက်နှစ် ဘက်စလုံးကို အင်္ကျီအိတ်များ ထဲသို့ ထည့်ထားသည်။ သူသည် ရုတ်တရက် စကားမပြောသေးပေ။ ခဏအကြာတွင်သူ၏ လက်များကို အိတ်များထဲမှ ထုတ်လိုက်ရင်း ကလေးများအားလုံးကို သိမ်းကျူံး၍ ကြည့်လိုက်သည်။ သူ၏ အကြည့်မှာ တစ်စုံ တစ်ခု အတွက် ၀မ်းနည်းနေပုံရသော အကြည့်မျိုးဖြစ်သည်။
'' ယာဆူအာကီ-ချန် သေသွားပြီ ''
သူသည် ခပ်ဖြည်းဖြည်းကလေး ပြောလိုက်သည်။
''ငါတို့အားလုံး ကနေ့ပဲ သူရဲ့အသုဘကို သွားကြမယ် ''
ဆရာကြီး က ဆက်ပြောပြန်သည်။

''မင်းတို့အားလုံး ယာဆူအာကီ- ချန်ကို ချစ်တယ်ဆိုတာ ဆရာကြီးသိပါတယ်၊ ဆရာကြီးတော့ သိပ်ဝမ်းနည်း မိတယ်''
ဆရာကြီးသည် စကားဆက်မပြောတော့ပေ။ သူ၏ မျက်နှာမှာ နီမြန်း၍လာပြီး သူ၏မျက်လုံး အိမ်များတွင် မျက်ရည်များ ပြည့်လာသည်။ ကလေးများအားလုံး လုံးဝမလှုပ်ကြပေ။ စကားသံများလည်း လုံးဝ ထွက်မ လာပေ။ သူတို့အားလုံး ယာဆူအာကီ-ချန်ကို သတိရ နေကြ သည်။ ထိုမိုကျောင်း၏ အားကစားကွင်းတွင် ယခုလို တိတ်တိတ်ဆိတ်ဆိတ်အဖြစ်မျိုး တစ်ခါဖူးမျှ မရှိဖူးချေ။
''သူသေတာ စောလွန်းတယ်။ ယာဆူအာကီ-ချန်က ငါဖတ်ဖို့ သင့်တယ်ဆိုပြီး ကျောင်းမပိတ်ခင် က ငါ့ကို ငှားထား တဲ့'ဦးလေးတွမ်းရဲ့အိမ်ကလေး'စာအုပ်ကိုတောင်မှ ငါဖတ်လို့ မပြီးသေးဘူး''
တော့တိုး-ချန် သည် စိတ်ထဲမှ ပြောနေမိသည်။

ကျောင်းပိတ်ခါနီးတွင် ယာဆူအာကီ-ချန် က သူမကို ထိုစာအုပ်ပေးရင်း နှုတ်ဆက်လိုက်ပုံ၊ သူ၏ လက်ချောင်း ကလေးများသည် ကွေးကောက်လျက်ရှိနေပုံများကို တော့တိုး-ချန်သည် မြင်ယောင်၍ လာသည်။ သူမနှင့်သူ ပထမဆုံးတွေ့ကြစဉ် သူမက ''နင်ဘာဖြစ်လို့ အဲဒီလို လမ်းလျှောက်ရတာလဲ''ဟု မေးလိုက် သော အခါ ''ငါ့မှာ ပိုလီယိုရောဂါဖြစ်နေလို့'' ဟု ပြန်ဖြေလိုက်ပုံကလည်း သူမသတိရမိပြန်သည်။
ထိုနှစ်နွေရာသီတွင် သူတို့နှစ်ယောက် သစ်ပင်ပေါ်သို့ တတ်ခဲ့ကြပုံ၊ ယာဆူအာကီ-ချန်က အမေရိကန် တွင် တယ်လီဗေရှင်းဟုခေါ်သော  ပစ္စည်းပေါ်ပေါက်နေပုံကို ပြောပြခဲ့ပုံများကို သူမသည် အမှတ်ရ လျက်ရှိသည် ။ တော့တိုး-ချန်သည် ယာဆူအာကီ-ချန်ကို ချစ်ပါသည်။ သူတို့ သည် နေ့လယ်စာကိုအတူတူ သွားလေ့ရှိကြသည်။ သူ မရှိတော့သည့်အတွက် သူမမှာ ဆုံးရှုံးမှုတစ် ရပ်ဖြစ်ခဲ့သည်မှာ အမှန်ပင်။ သူသေသွား ပြီဖြစ်၍ သူသည် ကျောင်းသို့လာတော့မည်မဟုတ် ကြောင်းကို တော့တိုး-ချန် ကောင်းမွန်စွာ နားလည် ထားသည်။ ပွဲဈေးက သူမကို ၀ယ်ပေးသော ကြက်ပေါက်ကလေးများအတိုင်းပင် ရှိမည်ဖြစ်သည်။ ၄င်းတို့ သေသွားသောအခါ သူမက ဘယ်လို ပင်ခေါ်ခေါ် ၄င်းတို့ လုံးဝ လှုပ်မလာတော့။

ယာဆူအာကီ-ချန်၏ ရုပ်အလောင်းကို သူနေထိုင်ရာ ရပ်ကွက်အနီးရှိ ဘုရားရှိခိုးကျောင်း တစ်ကျောင်းတွင် ထားရှိသည်။
ကလေးများအားလုံးသည် ဂျီယူဂါအိုကာ ဘူတာရုံမှ တစ်ဦးချင်းစီတန်းပြီးလျှင် တိတ်ဆိတ်စွာဖြင့် သွားကြ သည်။ အငြိမ်မနေတတ်သော တော့တိုး-ချန်ပင်လျှင် ဦးခေါင်းငုံ့ထားပြီး မြေကြီးကိုသာ ကြည့်၍ လမ်းလျှောက် သွားကြသည်။

ဘုရားရှိခိုးကျောင်းထဲ၌ အဖြူရောင်ပန်းပွင့်များဖြင့် ပြည့်နေသည်။ ယာဆူအာကီ-ချန် ၏ ချောမောလှပ သော အမေ၊ အစ်မနှင့် ဆွေမျိုးသားချင်းများသည် အနက်ရောင်အ၀တ်များကို ၀တ်ဆင်ထား ကြသည်။ သူတို့သည် ဘုရားရှိခိုးကျောင်း၏ အပြင်ဘက်၌ မတ်တတ်ရပ်နေကြသည်။ တော့တိုး-ချန်ကို တွေ့သော အခါ သူတို့ငိုသံသည် ပို၍ကျယ်လာသည်။ သူတို့၏လက်များထဲတွင် အဖြူရောင် လက်ကိုင်ပုဝါများရှိသည်။

တော့တိုး-ချန်အဖို့ လူသေရှိရာနေရာသို့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်းဖြစ်သည်။ သူမအလွန်ပင် စိတ်မကောင်း ဖြစ်နေသည်။ မည်သူမျှ စကားမပြောကြပေ။ နေရောင်ခြည်ကြောင့် ဘုရားရှိခိုးကျောင်း ၌ လင်းထိန် နေသည်။ သို့သော်လည်း ပျော်ရွှင်စရာများကို တစ်ခုမျှမမြင်ရပါ။ အင်္ကျီ လက်မောင်း တစ်ဖက် တွင် အနက်ရောင် အ၀တ်စကို ပတ်ထားသော လူတစ်ယောက်က တိုမို ကျောင်းသားကျောင်းသူ တိုင်းကို အဖြူရောင် ပန်းပွင့်တစ်ပွင့်စီပေးရင်း ၄င်းပန်းပွင့် များကို ယာဆူအာကီ-ချန် ၏ အခေါင်းထဲသို့ ထည့်ဖို့ ပြောသည်။

ယာဆူအာကီ-ချန် ၏ အလောင်းကို အခေါင်းထဲ၌ထည့်ထားသည်။ သူ၏မျက်လုံးများမှာ ပိတ်နေသည်။ သူ၏ ပတ်ပတ်လည်တွင် ပန်းများရှိသည်။ သူသေသွားသော်လည်း သူ၏မျက်နှာမှာ ကြင်နာသော အသွင်ကို ဆောင်နေလျက်ပင်။ တော့တိုး-ချန်သည် သူမ၏ပန်းပွင့်ကို သူ၏လက်နားတွင် ထားရင်း သူ၏ လက်ကို တို့ကြည့်လိုက်သည်။ သူ၏လက်သည်ပို၍ ဖြူလာသည်။ သူ၏လက်ချောင်း များမှာလည်း ပိုရှည် လာသလိုလို ရှိသည်ဟု သူမ ထင်မိသည်။

''နှုတ်ဆက်ပါတယ် သူငယ်ချင်း''
တော့တိုး-ချန်က ခပ်တိုးတိုးကလေး ရေရွတ်လိုက်သည်။
''ငါတို့ အသက်ကြီးလာတဲ့အခါ တစ်နေရာရာမှာ ဆုံကြကောင်းပါရဲ့။ အဲဒီအခါမှာ နင်ရဲ့ ပိုလီယိုရောဂါဟာ လည်း ကုသလို့ ပျောက်ကင်းတန်ကောင်းပါရဲ့''
တော့တိုး-ချန် က ဆက်လက်၍ပြောလိုက်သည်။

ထို့နောက် သူမသည် ယာဆူအာကီ-ချန်ကို ကြည့်ပြီး
''အိုး....ငါမေ့သွားတယ်၊ နင့်ရဲ့ ''ဦးလေးတွမ်ရဲ့အိမ်ကလေး''စာအုပ် နင့်ကိုငါ ပြန်မပေးနိုင်သေးဘူး၊ ငါသိမ်းထား မယ်၊ နောက်တစ်ခါ နင်နဲ့ငါ ပြန်ဆုံကြသည်အထိ ငါသိမ်းထားမယ်''
ထို့နောက် သူမသည် အပြင်သို့ လမ်းလျှောက်ထွက်ခွာသွားသည်။ ဤသို့လျှောက်သွားရင်း တော့တိုး-ချန်၊ ငါတို့ အတူတူနေခဲ့ရတဲ့ ရက်တွေဟာ သိပ်ပျော်စရာကောင်းတယ်နော်၊ မဟုတ်ဘူး လား၊ ငါလေနင့်ကို ဘယ်တော့ မှ မမေ့ဘူး၊ ဘယ်တော့မှ မမေ့ဘူး''ဟူ၍ ပြောလိုက်သံကို ကြားမိသ လိုလို ခံစားလိုက်ရသည်။

အပြင်သို့ ရောက်သောအခါ တော့တိုး-ချန်သည် ဘုရားရှိခိုးကျောင်းကို လှည့်ကြည့်ရင်း ''ငါလည်း နင့်ကို ဘယ်တော့မှ မမေ့ပါဘူး''ဟု ပြောလိုက်လေသည်။
နွေဦးရာသီ၏ ပူနွေးသော နေရောင်ခြည်သည် သူမနှင့် ယာဆူအာကီ-ချန် တို့ မီးရထားတွဲ စာသင်ခန်းထဲ၌ ပထမဆုံး အကြိမ်ဆုံတွေ့စဉ်ကအတိုင်း သူမကို ပက်ဖျန်းလျက်ရှိသည်။ သို့သော် ထိုနေ့က နှင့် မတူသော အချက်မှာ ယခုအခါ သူမ ၏ ပါးပြင်များသည် မျက်ရည်များနှင့် ရွှဲရွှဲစို လျက် ရှိနေခြင်းပင်ဖြစ်သည်။

သူလျှိတစ်ယောက် ဆက်ရန်

1 comment:

မေဓာဝီ said...

ကလေးတွေ ဘ၀က သိပ်အေးချမ်းတယ်နော်။
လူကြီးတွေကသာ စစ်ပွဲတွေဖြစ်ကြ ရန်သူတွေဖြစ်ကြနဲ့ မငြိမ်းချမ်းကြတာ ... ကလေးတွေက ရန်သူတွေဘာတွေ ဘာမှမရှိဘူး။ တော့တိုးချန်တို့ဘ၀က ငြိမ်းချမ်းလိုက်တာ။

သူလျှိုဆိုလို့ ကျမလဲ ငယ်ငယ်တုန်းက သူလျှိုဇာတ်ကားတွေကြည့်ပြီး သူလျှိုလုပ်ချင်မိသေးတယ်။ :) သူလျှိုတယောက်ကို မျှော်နေပါတယ်နော်။ ကျေးဇူးလဲ အများကြီးတင်ပါတယ်။