အခန်း(၂၃)
ညဉ့်ပဟိုရ် နှစ်ချက်တီးသည်တိုင်အောင် ဒိုင်းဝန်မင်း၊ ၀န်ကတော်၊ မောင်မောင်ငယ်နှင့် ခင်ခင်ကြီးစသော မိသားတစ်စုတို့မှာ လေသာဆောင်တွင် ပျော်ရွှင်ချမ်းမြေ့စွာ စကားဝိုင်း ကောင်းနေခဲ့ကြသဖြင့် အိပ်ရာ ၀င်နောက်ကျကြ၍ နောက်တစ်နေ့နံနက်စောစွာ အိပ်ရာမှ မထနိုင်ကြသေးသော်လည်း သွားချင်လှသော အာသာဆန္ဒဇောကြီးနေရှာသည့် ခင်ခင်ကြီးမှာ ရှေ့ပြုဗာမှ ရောင်နီလာလျှင်ပင် အိပ်ရာမှ နိုးလာ တော့၏။
တစ်အိမ်သားလုံး အိပ်ကောင်းနေကြတုန်းဖြစ်၍ တစ်ရေးပြန်၍ အိပ်ပါဦးမည်ဟု အုံးဝန်းသို့ ခေါင်းချလိုက် ပါလည်း သွားချင်သည့်ဇောကကြီးလှသောကြောင့် မှေးမှိတ်မရတော့သည် နှင့် အိပ်ရာမှထ၍ မျက်နှာသစ် ပြီးလျှင် အခန်းတွင်းကျောက်သားမှန်တင်ခုံရှေ့ ထိုင်မိသည် တွင် မိုးထိန်ထိန်မလင်းသေးသဖြင့် မှန်ကိုပင် ကောင်းစွာ မမြင်နိုင်သောကြောင့် အခက် ကြုံနေရှာလေ၏ ။
ထို့နောက်မှ အောက်ထပ်တွင် တချွတ်ချွတ်ပြင်ဆင်ထည့်လိုနေသော နန်းခုံနှင့်မောင်လူဒင် တို့အသံကြား ၍ နန်းခုံအားတီးတိုးခေါ်ကာ ဖန်ကာမီးအိမ် အထွန်းခိုင်းပြီး ဆံတိုစကလေး များကို မှန်ရှေ့တွင် ထိုင်၍ ရွှေကတော့နှင့် စုလည်းစီးကာ မျက်နှာကိုလည်း နံ့သာမှုန့် ကလေးများ၊ အနည်းငယ် လိမ်းကျံ ခြယ်လှယ်လျက် လက်ကောက်ပုတီးကလေးများ နေသားတကျ ပြင်ဆင်ကာ နွယ်သာကီသွေး၊ ကြိုးထဘီ နီရဲရဲကလေးနှင့် ဖန်ပန်းကြွ တရုတ်အကျီပန်းရည်သွေးကို ကလေးဘာဝ စိတ်တိုင်းကျဝတ်ဆင်ပြီး အတန် ကြာပြီး အရိပ်ကြည့်နေမိပြီးမှအပြင်မှ မောင်မောင်ငယ်နိုးပြီအထင်နှင့် ကြော့ကြော့မော့မော့ ကလေး ထွက်လာခဲ့ရာ အပြင်ရောက်မှ မောင်မောင်ငယ်မှာ အိပ်မောကျ၍ကောင်းနေသည် ကို တွေ့သဖြင့် ခင်ခင်ကြီးမှာ စိတ်ထဲတွင် ဟာသွားလေ၏ ။ ရှေ့သို့လှမ်းကြည့်သောအခါ နေလုံးပင်ပြူလာသည် ကိုမြင်ရ၍ ခြေကလေးကို ခပ်ဆတ်ဆတ်ဆောင့်ကာ စိတ်တိုသော အမူအရာသို့ ပြောင်းလဲ သွားပြီး စင်းစင်းကြီး အိပ်နေသော မောင်မောင်ငယ်ကို သည်းမခံလို တော့သောအမူအရာဖြင့် ကြည့်ကာ အနီးသို့ တိုး၍လာလေ၏ ။
အိပ်ရာအနီးတွင် တွေတွေကလေး ရပ်နေမှညက ညဉ့်နက်အောင် စကားပြောနေရသဖြင့် ဤမျှအိပ်ရာထ နေမြင့်ရသည်ဟု တွေးမိကာ ရုတ်ခြည်းပင် ဒေါသများပြေပျောက်သွားပြီး သနားကြင်နာလှသော မျက်နှာသို့ပြောင်းလဲလာတော့်လျက် နုညက်ညင်သွာ စက်မွေ့ရာ ဘးတွင် ကျုံ့ကျုံ့ကလး ၀င်ထိုင်လိုက်သော ခေါင်းမြီးခြုံထားသောဖဲညဉ့်ခြုံကို အသာ ယာဆွဲဖွင့်ပြီး မိမိကိုယ်ကလေးနှင့် အိပ်ပျော် နေသော မောင်မောင်ငယ်၏ ရင်အုပ်ပိုင်းကို တအားဖွကာ နားနားသို့ကပ်လျက်။
"အစ်ကိုကြီး...အစ်ကိုကြီး၊ ထပါတော့၊ သွားဖို့အချိန်တော်ပြီ အစ်ကိုကြီးရဲ့"
တီးတိုး ပြောကာ နိုးလေလျှင် မောင်မောင်ငယ်လည်း ဖျတ်ခနဲနိုးလျက် မျက်လုံးအကြောင်း သားနှင့် ခင်ခင်ကြီး အား စိုက်ကြည့်နေမိလေ၏ ။
ခင်ခင်ကြီး၏ ပြုပြင်ဖြီး လိမ်းထားသော ထူးခြားသည့်ရုပ်လက္ခဏာမှာ ဤတစ်ကြိမ်သာ ရှေးဦးစွာမြင်ရခြင်းကြောင့် မိမိအိပ်မောကျ နေစဉ် သူရဿတီနတ်ဒေ၀ီသည် ကျီစယ်သမှု ပြုလာသလောဟု အံ့သြစွာကြည့်မိရာ ခေါင်းပေါ်က ရွှေကတော့စွတ်ထားသည့် တိုနံ့နံ့ဖွာရရာ ကျနေသော ဆံစည်းကလေးကို မြင်ရသည်တွင်မှ ရုတ်တရက် သတိဝင်လာရုံမျှမက ခင်ခင်ကြီးကလည်း။
"ထပါတော့ အစ်ကိုရဲ့၊ နေမြင့်ရော့မယ်၊ ခင်ပြီးနေတာကြာလှပြီ၊ အို...အစ်ကိုကလည်း အိပ်မှုန်မပြေ သလိုကြီး ကြည့်နေလိုက်တာ၊ ကဲ...ထပါတော့"
ပြောပြောဆိုဆိုဆွဲထူသည်တွင် မောင်မောင်ငယ်လည်း လုံးဝသတိဝင်လာပြီး ခင်ခင်ကြီး ဤရွေ့ဤမျှ လှနေသည်ကို ယနေ့မှတွေ့မြင်ရဖူးသဖြင့် အံ့အားသင့်နေမိပြီးမှ အမှတ်မဲ့ ဣနြေ္ဒဆယ်လိုက်ရတော့ကာ။
"သြော်...ခင်ပါလား၊ စောစောစီးစီးဖြီးလိမ်းဝတ်ဆင်ထားလိုက်တာ ဘယ်သွားမယ်လို့တုံး"
"ဟော....အစ်ကို မေးပြန်တော့သည်။ တောင်သမန်အင်းကို သွားဖို့လေ၊ အစောကြီး ထမယ်ဆိုပြီး ခုမှခင်နှိုး ယူရတယ်။ ကြည့်စမ်း၊ ငေးနေလိုက်တာ၊ အိပ်ရေးဝတော်မမူသေး ဘူးလား အစ်ကိုရဲ့"
ကနွဲ့ကလျ စိတ်ဆိုးမယောင်ယောင် ပြောလိုက်သည်တွင် မောင်မောင်ငယ်သည် အမှတ်မဲ့ ထွက်မိထွက်ရာ ထွက်လိုက်မိသည့်စကားဖြစ်သောကြောင့် အဖျားခေါက်သိမ်းလိုက်ရကာ။
"သြော်...သြော်ဟုတ်ပါရဲ့၊ အစ်ကိုက အိပ်ရာကနိုးနိုးချင်းသတိမရဘူး၊ ဒါနှင့်နေမြင့်လှပြီ လား၊ ဒီလိုဖြင့် စောစောက နှိုးရောပေါ့ ခင်အကြီးရယ်"
"အို...ခင်ကလည်း မနှိုးရဘဲနှင့် အစ်ကိုအလိုအလျောက်နိုးလိမ့်မလားလို့ မနှိုးဘဲ ထားမိတယ်။ ကဲ.... ထပါတော့၊ မျက်နှာသစ်ရေလည်း အဆင်သင့်ရောက်နေပါပြီ၊ အ၀တ်များလဲတော်မူပြီး နို့ယာဂု လည်းအေး တော့မယ်၊ သုံးဆောင်ပါတော့။ အားလုံး အသင့်ရောက်နေ ကြပြီအစ်ကိုရဲ့"
ဆိုသဖြင့် မောင်မောင်ငယ်လည်း ကပျာကယာမျက်နှာသစ် အ၀တ်လဲ၍ ခင်ခင်ကြီးကိုယ် တိုင်ယူပေးသော ယာဂုတင် ရွှေရေးဒေါင်းပေါင်ကလေးကို လှမ်းယူစဉ် ဘုရားဆောင်မှ ဆွမ်းတော်ကပ်၍ မယ်ဆုံကိုတွဲကာ ထွက်လာသော ဒိုင်းဝန်ကတော်ကြီး ရောက်လာပြီး...
"အလို... မောင်မောင်တို့ မသွားကြသေးဘူးလား၊ ကြာရင် နေပူမိနေကြတော့မယ် မောင်မောင်ရဲ့"
ဆိုသည်တွင် ခင်ခင်ကြီးက...
"ဟုတ်ပါရဲ့မေဖုရား၊ ခင်ကြီးဖြင့် နေရောင်မလာခင်က အ၀တ်လဲ၍ထားပါတယ်။ အစ်ကိုသာ ကလနဂါး နှင့်ပြိုင်ပြီး အနိုင်ရအောင် အိပ်နေလို့မနည်းပင် နှိုးယူရပါတယ်။ ကဲ...အစ်ကိုဝရင်လည်း ထပါတော့။ ဇူဇကာ ပုဏ္ဏားနှင့် အားကျမခံဂုဏ်ပြိုင်နေတော်မူပြန် ပြီလား"
ဆိုကာ ယာဂုပန်းကန်ကို ဆွဲယူတော့မည်ကဲ့သို့ ပြုပြင်သဖြင့် မောင်မောင်ငယ်လည်း ပြုံးလျက်နှင့်ပင်...
"ကိုင်း... ကိုင်း ပြီးပါပြီ ခင်အကြီးရယ်။ တကယ်ပါပဲ။
မြည်တွန်တောက်တီးလိုက်တာ၊ အစ်မကြီးကျလို့နေပါပြီ"
ဆိုကာ ထိုင်ရာမှ ထလျှင် ဒိုင်းဝန်ကတော်ကြီိးက ၀င်၍...
"အို...ခင်ကြီးကလည်း ညကမောင်မောင်အိပ်ပျက်ရှာတာကိုး၊ ဟဲ့...ယာဂုသောက်တာ ၀အောင်သောက် ပါစေ သမီးရဲ့၊ အတန်ကြာဆာနေပါမယ့်" ဆိုသော်လည်း မောင်မောင်ငယ်လက်ကို ဆွဲခေါ်ကာ....
"ဆာရင် လမ်းမှာစားစရာတွေ ထမင်းအုပ်နှင့် တစ်အုပ်ကြီိးထည့်ယူလာပါတယ် မေဖုရား၊ ကဲ...လာပါတော့ အစ်ကိုရဲ့၊ ဒါနဲ့သာပြီး နေမြင့်တော့မှာပဲ"
ပြောကာဖြင့် အောက်သို့ ရောက်လာကြပြီး အသင့်ပြင်ဆင် စောင့်ဆိုင်းနေသော ဗွီရိုလှည်း ပေါ်သို့ တက်လျက် ထွက်ခွာလာခဲ့ကြရာ ဒိုင်းဝန်ကတော်ကြီးမှာ သားနှင့်သမီးသွားရာသို့ ပြတင်းဝိုင်းမှ ပြုံးရွှင်စွာ ကြည့်မျှော်ကျန်ရစ်လေ၏ ။
မောင်မောင်ငယ်နှင့် ခင်ခင်ကြီးတို့ စီးနင်းလိုက်ပါသည့် ဘီရိုလှည်းကလေးမှာ နွားချူသံ တချွင်ချွင်နှင့် အနောက်ဘက် အမရပူရ ရွှေမြို့တော်သို့သွားရာ လမ်းစဉ်အတိုင်း မောင်းနှင်လာခဲ့လေ၏ ။
ခင်ခင်ကြီးမှာ သွားလိုရာသို့သွားရသဖြင့် အားရ၀မ်းသာဖြစ်နေရှာသော ကလေးငယ် အလား မောင်မောင် ငယ်အပါးတွင် အထွေအပြားကောက်ကရ စကားတွေကို မနားမနေ ပြောဆို လိုက်ပါလာရှာသည်တွင် မောင်မောင်ငယ် မှာလည်း ချစ်ကြည်လေးမြတ်သော နှလုံးနှင့် တပြုံးပြုံးအလိုလိုက်၍ နေရှာ၏ ။ ခင်ခင်ကြီး ပြောသမျှကို တအင်းအင်းလိုက်ပြီး အကြိုက်ကို ပြု၍နေခဲ့ရာမှ စိတ်တွင်းကမူကာ ထူးခြားသောခင်ခင်ကြီး၏ ရူပသဏ္ဍာန်ကို အတန်တန်ချီးကျူးလျက်ရှိတော့၏ ။
နုညက်ဝင်းဝါ၍ စကားဝါရောင်ပြေးနေသော အသားကလေးပေါ်တွင် စိမ်းရွှင်သော အကြောကလေး များသန်း၍ ပါးလွှာသော နှုတ်ခမ်းကလေးမှာလည်း ပတ္တမြားခဲပမာ စိုစို ပြည်ပြည်နှင့် ဝေေ၀ဆာဆာ တန်းနေသည့် ခင်ကြီး၏ မျက်ခုံးကလေးတို့ကား မောင်မောင်ငယ်မှာ ငယ်စဉ်က တွေ့မြင်လာသူ ဖြစ်သော်ငြား လည်း ယနေ့အဖို့ တွေ့မြင်ရသည်ကား အခါတိုင်းထက် ပိုမိုထူးခြား၍ နေသည်ကို သတိထား မိသောကြောင့် အံ့သြခြင်းဖြစ်ရလေ။
ဤတွင်မှာလည်း ၀န်ကတော်ကြီး၏ "မောင်မောင်ကလည်း အလိုလိုက်တော့တယ်။ မောင့်နှမက ကလေး အရွယ် မဟုတ်တော့ပြီဘူး မောင်မောင်ရဲ့"ဟူသော စကားကို ပြန်လည်စဉ်းစားမိကာ သရုပ်ပေါ် လာတော့၏ ။ နုဂေါရီရွယ်မစေ့တစေ့ အစွမ်းကုန်လှတော့ ပေတော့မည်ဟု အားယူ၍ နေဆဲဖြစ်သော ကြောင့် အလှ၏ ပင်စည်ပင်မကြီးနှင့် အကိုင်း အခက်တို့ ဖြိုးဖြိုးဝေစေရန်အတွက် ခက်လက်နုညှောက် ပုရစ်ဖူးပေါက်ချိန်ကဲ့သို့ ဂေါရီတည်းဟူသော တိုင်းပြည်မှာကုမ္မာရီတည်းဟူသော တိုင်းပြည်သို့ ခြေတစ်ဖက် လှမ်း၍ နယ်နိမိတ်စခန်းကို ကူးကျော်စပြုနေရှာသူ နှမငယ်ကလေးအား အကြင်နာတိုးပွားမိပြီး ခင်ခင်ကြီး ၏ ငယ်မှုမပျောက်စိတ်ကောက်ဆိုးနွဲ့ကာ ပြောချင်ရာတွေ ပြောနေတတ်ရှာ သည်တွင်လည်း စိတ်ထဲမှ...
"သြော်...ခင်အကြီး...ခင်အကြီး၊ အရွယ်ကလေး ကူးလာသည့်တိုင်အောင် ကလေးစိတ်မ ပျောက်ရှာဘူး။ မိုက်တုန်း ရူးတုန်း ကလေးပါကလား။ အင်း...ဒီလိုနှင့် သူ့ခမျာကလေးအချိန် အရွယ်ဝင်လာမှ တဖြည်းဖြည်း ပြုပြင်လာတတ်ရှာတော့မှာပါတကား"
စဉ်းစားလျက် နေမိစဉ်...
"အစ်ကို ခင်တို့ရောက်လုပြီလား၊ ယခုဘယ်များရောက်လာပြီလဲ၊ ကြည့်စမ်းပါဦး အစ်ကိုရဲ့"
ပြော၍ ဗွီရိုလှည်း၏ တရုတ်ကတ်ပြတင်းပေါက်မှ နှစ်ယောက်သားကြည့်မိရာတွင် နေရှိကလည်း ထန်းတစ်ဖျားခန့် မြင့်လျက် အမရပူရရွှေမြို့တော်ဘက်သို့ နီးသည်ထက် နီးလျက် အုပ်ဆိုး ညို့မှိုင်း နေသော သစ်ပင်အုပ်တို့အလယ်မှ ဖွေးဖွေးဖြူသော စေတီတော် ပုထိုးတော် အဆူဆူ တို့ကို လည်းကောင်း၊ ကြည်လင်ပြာလဲ့သော မိုးကောင်းကင်အောက်၌ တောက်ပသော နေအရှိန်ကြောင့်...။
စိန်၊ကျောက်၊ပတ္တမြား၊ ပြယိုးယားတို့ကို ကျဲဖြန့်ထားဘိသလား တဖျပ်ဖျပ်လှုပ်ရှား နေသော လှိုင်းကြက်ခွပ် ကလေးများနှင့် ကြည့်မဆုံး၊ မြင်မဆုံး၊ မျက်လုံးညောင်းမျှ ရေပြင်ခြင်း ဆက်အံ့ကဲ့သို့ရှိသော ဇောင်းကလော အင်း, တကိသေးအင်း, တောင်သမန် အင်းစသည့် အဏ္ဏ၀ါပြင်ကျယ် ပင်လယ်တမျှ ကျယ်ဝန်း လှသော အင်းကြီးများမှ ကြည်လင်စိမ်းလဲ့သော ရေပြင်ကြီးများသည် ညို့မှိုင်း အုံ့ဆိုင်း ၍နေသည့် အမရပူရရွှေမြို့ တော်ကြီးကို ပတ်လည်ဝိုင်းသကဲ့သို့ တွေ့မြင်ရပြီး အနောက်ဘက်တစ်ခွင် မှာလည်း စေတီ,ဂူ,ကျောင်း, တန်ဆောင်း,ပြာသာဒ်တို့ဖြင့်ပြီးသည့် မင်းဝံတောင်တန်းကြီးနှင့် တသွင်သွင် တဒီးဒီး ဘော်ရည်တွေ စီးနေသကဲ့သို့သော ဧရာဝတီမြစ်ပြင်ကြီးကို လည်းကောင်း၊ အရှေ့ တစ်ခွင်တွင်လည်း ပြာလဲ့ကြည်လင်သော ကောင်းကင်စကြ၀ဠာ တစ်ခိုတွင် မှိုင်းမှိုင်းညိုညို စိုစိုစိမ်း၍ နေသော ရှမ်းကုန်းမြင့်တောင်တန်းကြီး၏ တော်ထွတ် တောင်ထိပ်ဖျားများမှာ မြရတနာများဖြင့် ပြီးသော ပြာဿာဒ်ဘုံဗိမာန်တွေ အစီအရီနှင့် ဝေဠုရိယ မြတိုင်းပြင်ကြီးတစ်ခု တည်ဆောက်ထားသည့်အလား ထူးခြား သာယာလှသော ရှုမျှော်ခင်းတို့ကို တွေ့ရလေရာ စာဆိုဝါသနာပါသူပင် ဖြစ်လင့်ကစား ထိုမျှ သာယာလှသော ရှုမြင်ကွင်းများကို တွေ့မြင်သော်လည်း အနည်းငယ်မျှ မမှတ်မထင်နိုင်။ ပြန့်ကားသော ခင်ခင်ကြီး၏ နဖူးကလေးပေါ်တွင် ရှုပ်ထွေးသော ဆံယဉ်နုကလေးများက လေခပ်တိုင်း လှုပ်ရှားကစား နေကြသည်ပင် အဆင်ပြေလှသဖြင့် ကြည့်မ၀အောင် ပီတိကျ ၍ နေမိရှာလေ၏ ။
ခင်ခင်ကြီးမှာ မောင်မောင်ငယ် ဘယ်ဆီကို ကြည့်သည်ဟု သတိမရရှာဘဲ လှည်းရှေ့ဆီမှ တွေ့မြင်ရသော တောင်သမန်အင်းကြီး၏ ရေပြင်ဖွေးဖွေးကိုအရေးတကြီး လက်ညွှန်ပြက...
"ဟော...အစ်ကို ဟိုမှာရေတွေ့မြင်ရပြီ။ တောင်သမန်အင်းကို ရောက်တော့မယ်၊ ဟိုရောက်လျှင် ရောက်ချင်း ခင်တော့ ရေချိုးမယ်။ အစ်ကိုလည်းချိုးမယ်မဟုတ်လား၊ နိြု့ပီးမှ အစ်ကိုနဲ့ခင်နဲ့ လှေကလေး စီးပြီး အင်းထဲကကြာပန်းတွေ ချိုးမယ်နော် အစ်ကို။ အစ်ကို မပျော်ဘူးလား၊ ခင်တော့အင်မတန်ပျော်တာပဲ၊ မေဖုရားတို့များ ပါလာရင် ဘယ်လောက် ကောင်းမလဲလို့နော်။ ဒါနှင့် အနန်း၊ ခင်ရေချိုးတော့မယ်၊
ခင့်ဖို့အ၀တ်လဲစရာတွေ ပါရဲ့လား။ အနန်းလည်း ခင်နဲ့အတူတူ ရေချိုးနော်"
နန်းခုံမှာ ခင်ခင်ကြီးအားရ၀မ်းသာ ပျောရွှင်နေရှာသည်ကို ကြည့်၍ပြုံးကာ။
"ပါပါတယ် ခင်ရဲ့။ ခင်ခင်အ၀တ်လဲရန် ပိုပိုမိုမိုနှစ်စုံယူခဲ့ပါတယ် ခင်ခင်ရဲ့"
ပြောလေ၏ ။ ခင်ခင်ကြီးက စကားမတိတ်သေးပေ။ စကားသင်စ သာလိကာမလေးကဲ့သို့ ပင် မောင်မောင် ငယ်ဘက်သို့ လှည့်ကာ...
"အစ်ကို...ခင်တို့နဲ့ ရေချိုးရမယ်နော်၊ ရေချိုးရင် ကြာပန်ကလေးတွေ လိုက်ခူးပေးပါနော် အစ်ကို"
"ချိုးတာပ ခင်ရယ်၊ သို့သော်လည်း ယခုလာကြတာက နေရှိန်အနည်းငယ် မိလာတယ်။ ဗြုန်းခနဲ ခရီးရောက်မဆိုက် ရေချိုးလိုက်လျှင် တော်မည်မထင်ဘူး ခင်ရဲ့။ သည်တော့ အင်းစောင်းမှာ အရိပ်ကောင်းမှာ သစ်ပင်တစ်ပင်အောက် လှည်းဖြုတ်လို့ ခေတ္တခဏ အမောပြန်နားလို့ နံနက်စာ များစားပြုပြီးမှ အေးအေးလူလူရေဆင်းချိုးတာက ကောင်းမယ်။ အစ်ကိုတို့ ကြာဖက်ကလေးတွေ ခင်း၍ ထမင်းစားရန်၊ ငနွဲ့ကိုကြာဖက် ခူးစေရမယ်။ နို့ပြီးသည်အနီး အနားတစ်ဝိုက်မှာ လှေလိုက်၍ ရှာထား စေမယ်။ အစ်ကိုပြောတာ သဘောကျရဲ့လား ခင်ရဲ့"
ပြောသည် တွင် ခင်ခင်ကြီးလည်း ငြိမ်သက်စွာ ခေါင်းညိတ်နားထောင်လိုက်လေ၏ ။
သို့နှင့်လှည်းကလေးမှာ တဖြည်းဖြည်းနှင့် နောက်ဆုံးတောင်သမန်အင်းစောင်းသို့ ရောက်လာခဲ့ရာ အရိပ်အာဝါသကောင်းသော ညောင်ပင်အောက်တွင် လှည်းဖြုတ်ထားပြီး နန်းခုံနှင့်ငနွဲ့တို့လည်း လှည်းပေါ်က သင်ဖျာနှင့် မှိုင်းလုံးကော်ဇောများကို သစ်ပင်ရင်းတွင် ခင်းလျက်ပါလာသော ထမင်းအုပ်နှင့် စားဖွယ် သောက်ဖွယ်များကို ပြင်ဆင်စ ပြုလေရာ မောင်မောင်ငယ်မှာ ငနွဲ့အား ကြာဖက်များခူးရန် စေလွှတ်လိုက် ပြီးလျှင် ခင်ခင်ကြီးကို ခေါ်ကာ ကန်ပေါင်ရိုးတစ်လျှောက်မှ ရေစပ်ဆီသို့ လိုက်လံပြသလျက် ရှိလေ၏ ။
"ခင်ရေ...ကြည့်စမ်း၊ ရေကလေးများလည်း ကြည်လိုက်သည်မှာ လွန်ပါရောကွဲ့၊ ကမ်းစတစ်လျှောက်မှာ ပေါက်နေတဲ့ ကန်စွန်းနွယ်ပင်ကလေးများနှင့် ဟင်းရမ်းပင်, ကြာရိုင်းပင်ကလေးတွေကိုလည်း ကြည့်စမ်း ပါဦး။
စိမ်းစိမ်းလန်းလန်းနှင့် သန်စွမ်း လိုက်တာ၊ ကြာပင်ကြို့ ကြာပင်ကြားမှ ဟိုကူးဒီသွားနှင့် ပြေးလွှားနေတဲ့ ငါးကလေးများကို လည်းကြည့်စမ်းပါဦး၊ သူတို့ဘာသာဘာဝ အလွန်ပျော်ရွှင်ကြသည်ထင်ရဲ့။ ဟောဟို ရေလယ်ဆီမှာလည်း လှိုင်းတဖြတ်ဖြတ်နှင့် ကြာဖူးကြာဖတ်ကလေးတွေလည်း ဟိုတစ်တွဲ သည်တစ်တွဲနှင့် ကျိုးတိုး ကျဲတဲပေါက်နေလိုက်တာနော်။ ဟော...ခင်ရေ ဟိုမှာကြည့် လိုက်စမ်းဦး၊ တင်ကျီးငှက်တွေ ရေငုတ်ပြီး အစာရှာနေကြတယ် မြင်ရဲ့လား"
ခင်ခင်ကြီးမှာ အိမ်ထဲမှ အိမ်ပြင်သို့ထွက်ရသူ မဟုတ်သဖြင့် လောကသဘာဝ သာယာလှသော သစ်ပင်ပန်းမန် ရေကန်၊ ဥယျာဉ်၊ ကျေငှက်တိရစ္ဆာန်တို့ကို တွေ့မြင်ရ သောအခါ အထူးအဆန်း တမျှဖြစ်နေရှာပြီး မြင်မြင်ရာကိုလည်း တအံ့တသြ ကြည့်မိရှာလျက် တစ်ချက်တစ်ချက်၌ မိမိစိတ်တွင် အထူးအဆန်းကဲ့သို့ ထင်သောအခြင်း အရာကို တွေ့မြင်ရလျှင် မောင်မောင်ငယ်အား မနားရအောင် မေးမြန်းတတ်သည့်အတိုင်း တင်ကျီးငှက်တစ်ကောင် တစ်နေရာမှ ရေငုပ်လျှိုးသွားပြီး မနီးမဝေးနေရာတွင် နှုတ်သီးမှ ငါးအရှင်ကလေးတစ်ကောင်ကို ကိုက်ချီပေါ်လာလျက် ကန်ပေါင်ရိုး ရေခံတက်ပေါ်သို့ ပျံသန်း သွားနားနေကာ ပါလာသော ငါးကလေးကို ခြေဖျားနှင့်ကုတ်၍ နှုတ်သီးဖြင့် ဆိတ်ကာဆွကာ ကစား နေသည်ကို တအံ့တသြကြီးကြည့်ပြီး မောင်မာင်ငယ်၏ ခါးကိုဖက်၍ လက်ကလေးတစ်ဖက်နှင့် ညွှန်ပြကာ...
"အစ်ကို....အစ်ကို ဟိုမှာကြည့်စမ်းပါ။ ငှက်ကရေထဲငုပ်နိုင်ရုံမကဘူး၊ ရေထဲကငါးအရှင် ကလေးကိုလည်း ဖမ်းယူလာသေးတယ်။ ပြီးတော့သစ်ပင်ပေါ်ပြန်သွားပြီး ပါလာတဲ့ ငါးကလေးကို အရှင်လတ်လတ် သတ်စားတယ်။ ကြည့်ပါဦးအစ်ကိုရယ်။ ငါးကလေး တဖျပ်ဖျပ်နှင့် သနားစရာကောင်းလိုက်တာ။ ဒီငှက်ဟာ အင်မတန် ရက်စက်တဲ့ ငှက်ပါလား အစ်ကိုရဲ့။ ခင်ဟာဒီလောက်တောင် ရက်စက်တဲ့ငှက်ကို အလွန် မုန်းတာပဲ
"တိရစ္ဆာန်ဆိုကာ ဒီလိုပဲ။ ကိုယ်နိုင်ရာနိုင်ရာကို သတ်ဖြတ်စားတတ်ကြတယ် ခင်ရဲ့။ သူ့ကိုနိုင်ရင် ကိုယ့်ကိုနိုင်မယ့်သူ ပေါ်တတ်စမြဲပဲ။ အခုခင်မုန်းသွားတဲ့ တင်ကျီးငှက်ဟာ အပြစ်မရှိသူ့ဘာသာသူ ရေထဲမှာ နေရှာတဲ့ ငါးကလေးကိုအနိုင်ကျင့်ပြီး ဖမ်းယူလာသလို သူ့ကိုလည်း ငှက်ပစ်သမား မုဆိုးများက လက်ရ ဖမ်းပြီး သတ်ဖြတ်စားသောက်တာ ခံရမယ်"
"အဲဒါမှ ကောင်းတယ် အစ်ကို၊ သူ့ကိုမုဆိုးမြန်မြန်ဖမ်းပါစေဆိုတာ ငါးကလေးတွေကတော့ မေတ္တာပို့ နေမှာပဲနော်"
ထိုအခိုက်တွင် ကြာဖက်ခူးသွားသော လှည်းသမားငနွဲ့ပြန်ရောက်လာပြီး ထမင်းအုပ်လည်း ပြင်ဆင်ပြီး ကြောင်းပြောသဖြင့် မောင်မောင်ငယ်မှာ ခင်ခင်ကြီး၏ ပခုံးကလေးကို ဖက်တွဲလျက် အင်းစောင်း ကန်ပေါင်ရိုးမှ တဖြည်းဖြည်းလျှောက်ကာ စတည်းချရာ သစ်ပင်ရိပ်အောက်သို့ ပြန်ရောက်လာလေ၏ ။
ထမင်းအုပ်မှာ ၀န်ကတော်ကြီး အမိန့်အရမောင်လူဒင် တစ်ညဉ့်လုံး ချက်ပြုတ်ပြင်ဆင် ထည့်လိုက်သည့် အားလျော်စွာအပေါင်းအထုပ်၊ အသုပ်အကြော် အတော်စုံလင်လှလေ၏ အချိုအချဉ်ပွဲအတွက်လည်း မုန့်ပဲ သရေစာ အမျိုးစုံအောင် ပြင်ဆင်လာသည်ကို မြင်ရသောကြောင့် စောစောကဆာလောင်မွတ်သိပ်ရမှန်း မသိကြသော သူများလည်း ဆာသလိုလိုရှိလာတော့သည်ကို တွေးမိလေ၏ ။သို့နှင့်နန်းခုံကြီး အကြိုက် အတိုင်း သန့်ရှင်းစင်ကြယ်စွယ် ဆေးကြောထားသော ကြာဖက်ကလေးများနှင့် ထမင်းများကို ထည့်ပေး ထားသဖြင့် ပျော်ပျော်ပါးပါးကြာဖက်နှင့် ထည့်၍စားချင်လှသည်ဟု တောင့်တ သည့်အတိုင်း ခင်ခင်ကြီးမှာ ၀မ်းမြောက်ဝမ်းသာ စားသောက်ရှာလေ၏ ။
မောင်မောင်ငယ်မှာလည်း မိမိစားရန်ရှိသည်တို့ကိုမျှ သတိမရဘဲနှမငယ်ကလေးအတွက် သာ ကောင်းနိုး ရာရာ ဟင်းလျာများကို ထည့်ပေးနေမိတော့၏ ။
ယင်းသို့ပျော်ပျော်ပါးပါး ထမင်းမြိန်စားကြပြီးနောက် အတန်ကြာသောအခါ ရေပူရှိန်က လည်း ရင့်လာပြီဖြစ်သောကြောင့် ပူအိုက်သည်နှင့်ရေချိုးရန် သတိရလာကြလေရာ ခင်ခင်ကြီးကပင် စတင်၍....
"အစ်ကိုရေချိုးကြစို့ရဲ့လေ၊ ဒီအချိန်ဆိုနေလည်းရင့်လို့ အိုက်စပ်စပ်ဖြစ်လာပါပြီ၊ ချိုးကြပါစို့"
ဆိုသည်နှင့် မောင်မောင်ငယ်ကလည်း....
ကိုင်း... ကိုင်း၊ ခင်အကြီး ချိုးလိုလျှင် နန်းခုံနှင့်အတူ သည်ရှေ့က ရေစပ်မှာ ချိုး်ပေရော့။ ရေနက်ထဲကိုဖြင့် မဆင်လေနှင့်နော် ပြောလျက် ကွမ်းသီးဖက်ဆေးလိပ်ကို အသောက် မပျက် ထိုင်နေလေရာ ခင်ခင်ကြီးမှာ မောင်မောင်ငယ်ကို မကျေမနပ်ဟန်နှင့် ကြည့်နေပြီး" "အစ်ကိုတော့ ရေမချိုးဘူးဟလား၊ ခင့်ချည်း တစ်ယောက် တည်းတော့ မချိုးပါဘူး။
အစ်ကိုပါ အတူတူချိုးမှ ချိုးမှာပဲ ခပ်မှုန်မှုန် ပြောသောကြောင့် မောင်မောင်ငယ်လည်း မနေသာတော့ဘဲ လက်ထဲကဆေးပေါ့လိပ်ကို ချလိုက်ကာ "ကဲ... ကဲ စိတ်မကောက်ပါနှင့် ခင်အကြီးရယ်၊ အစ်ကိုလည်း ခင်တို့နဲ့ အတူတူပဲချိုးပါမယ်" ဆိုကာ ၀တ်ဆင်ထားသော အင်္ကျီများကို ချွတ်နေသည်တွင် ခင်ခင်ကြီးမှာ နန်းခုံရှိရာသစ်ပင်ကွယ်သို့ ကပျာကယာ ပြေးလာပြီး "ကဲ အနန်း ၊ခင်အင်္ကျီတွေချွတ်ပေးပါ၊ပြီးတော့ အနန်းလည်း ခင်တို့နှင့် အတူတူလိုက်ပြီး ရေချိုးရမယ်နော်"ဆိုကာ နန်းခုံအနီးတွင် အ၀တ်အစားနှင့်ပုတီး လက်ကောက်များကို ဖြုတ်နေလေ၏ တစ်ဖက်တွင် နံငယ်ပိုင်းကို လဲလှယ်ပြီး စီးနေသော မောင်မောင်ငယ်သည် မိမိနောက်ပါးမှနေ၍ ...."ကဲ အစ်ကိုလာပါ၊ရေထဲဆင်းကြစို့၊ ပြီးတော့ ခင့်လက် ကိုင်ထားနော်၊ရေထဲမှာ ကြောက်တယ်အစ်ကိုရဲ့" ပြောပြောဆိုဆို ရောက်လာသော ခင်ခင်ကြီးကိုမြင်ရာ ဒိန်းခနဲ အံ့သြထိတ်လန့် ဖြစ်သွားမိရှာလေ၏။
မိမိစိတ်ထဲမှာအမူမဲ့ပင်၊ ငယ်စဉ်ကလိုဟု အထွေအထူး အခက်အခဲ သဘောမထားခဲ့ သော်လည်း ယခုတွင် ခင်ခင်ကြီးမှာ ဖက်ဖူးရောင် ပိုးဗလာ ထဘီတစ်ပတ်ရစ်ကလေးကို ခါးချပ်ရင်ရှား ၀တ်ဆင်လာသည်ကို တွေ့မြင်ရသောကြောင့် ငယ်စဉ်ကလို အတူတစ်ကွ ရေချိုးကြရန် မသင့်တော်ကြောင်း တွေးမိပြီး ငေးငေးကြီးဖြစ်၍ နေမိတော့ရာ။
စိတ်အားထက်သန်စွာ အရေးတစ်ကြီး ခေါ်နေရှာသူ ခင်ခင်ကြီးမှာ အဖြေမပေးဘဲ ငေးငေးကြီးဖြစ်နေသော မောင်မောင်ငယ်ကို ရုတ်တစ်ရက် အံ့သြသလို ကြည့်မိပြီးလျှင်... ဟင် "အစ်ကို ဘာဖြစ်နေတာတုံး၊ လာပါ... ရေထဲ ဆင်းကြပါစို့။ ကြည့်စမ်းပါဦး၊ရေချိုးခါနီးမှ ဘာများ တွေးနေပြန်ပါလိမ့်နော်" ပြောကာ မောင်မောင် ငယ်၏ လက်ကိုဆွဲလျက် ရေစပ်ဆီသို့ ခေါ်သွားလေ၏။
မောင်မောင်ငယ်ကလည်း ခင်ခင်ကြီးခေါ်ရာသို့ ပါလာရင်း လောကကြီး၏ ထူးခြားပြောင်းလဲမှုတို့ကို အလျဉ်းမပြုသည့်ပမာ ငယ်ရွယ်ရှာသော ကလေးနှင့်မခြား မိမိလိုရာ ကိစ္စတစ်ခုကိုသာ တစ်ယူသန် ပူဆာ ပြောဆိုတတ်ရှာသူ ခင်ခင်ကြီးအား သနားကြင်နာစွာကြည့်ကာ "သြော်... ခင်အကြီး... ခင်အကြီး၊ ဘာမှ မသိတတ်ရှာသေးဘူး၊ ကလေးအတိုင်း ရှိရှာပါသေးကလား" စဉ်းစားကာ ခင်ခင်ကြီး အလိုအတိုင်း ငယ်စဉ်ကလို အတူတကွ မောင်နှက ရေချိုးကြရန် မသင့်တော့သဖြင့် ခတ်ဖင့်ဖင့် နေမိရာတွင် ခင်ခင်ကြီး တွင် ဇွတ်အဓမ္မသာ ဆွဲခေါ်လာသည်နှင့် မသင့်လျော် ကြောင်း ဖွင့်ပြောရမည်လည်း ခင်ခင်ကြီး ရှက်ကြောက် ၀မ်းနည်း ဖြစ်သွားရှာမည်လား၊ သူ့အလိုအတိုင်း မလိုက်လျော၍ စိတ်ကောက်သွား ရှာမည်လား။
မည်သည့်နည်းနှင့်မဆို ခင်ခင်ကြီး၏ စိတ်မှာ မိမိနှင့် ငယ်စဉ်ကလို ပျော်ရွှင်စွာ ရေကစား၍ လှေလောင်း အလေးနှင့် ကြာခိုင်များချိုးလိုသော အာသီသနှင့် လာရှာသည်ဖြစ်ရကား ငါက မတော်သင့်ကြောင်းနှင့် အကျိုးအပြစ်ပြ၍ ကန့်ကွတ်သော စကားကိုပြောမိလျှင် သူ့ခမျာစိတ်ညစ်သွားရှာ လေတော့မည်။ သူ့ခမျာ တစ်ခါတစ်ရံမှ ထွတ်ရှာသည်ကို ငါအနှောင့်အယှက် မပြုတော့ပြီ။ သူ့စိတ်တိုင်းကျ ပျော်ရွှင်ပါစေတော့ဟု ငဲ့ညှာကာ ခင်ခင်ကြီအလိုအတိုင်း ရေစပ်သို့ ဆင်းရလေတော့၏။ ခင်ခင်ကြီးမှာ ငယ်ရွယ်သူကလေး ဖြစ်ရှာသည့်အလျောက် ရေစပ်သို့ ရောက်လျှင်ပင် အတိုင်းထက်အလွန် ပျော်ရွှင်လှသော မျက်နှာ ကလေးဖြင့် နှုတ်လျှာ ကလေးများလည်း ပို၍သွက်လာပြီးလျှင် မောင်မောင်ငယ်၏ ခါးကို ကိုင်တွန်းရင်း ရေစပ်သို့ တဖြည်းဖြည်း ဆင်းကြရာမှ..." အစ်ကိုက ရှေ့ဆုံးက ဆင်းနော်၊ ခင်အကြီး အလယ်က လိုက်မယ်။ အနန်းက နောက်အလိုက်၊ အစ်ကို ခင်ကြီးကို လက်မလွှတ်ပါနဲ့။ အနန်းက လည်း နောက်ကနေပြီး ခင့်ကိုကိုင်ပါ၊ ခင် ရေနက်ထဲကျသွားမှာ ကြောက်တယ်၊ ဟင်.... အစ်ကို ရေကလည်း ကြည်လိုက်တာနော်၊ အေးလည်း အေးတယ်၊ ခင်ကြီးတို့ ငယ်ငယ် လေးတုန်းကလိုပဲ"စကားသင်စ ကလေးပမာ တတွတ်တွတ် ပြောလာရှာသည်တွင် မောင်မောင်ငယ် ကပြုံးလျက်..."ခင်အကြီးက ရေလည်း အင်မတန်ချိုးလိုတယ်။ ရေနက်ထဲ ဆင်းရမှာလည်း အလွန်ကြောက်တယ်။ ရေထဲရောက်တော့လည်း အစ်ကိုနှင့် နန်းခုံတို့က လက်ကို ကိုင်ထားရမည်ဆိုလျှင်ဘယ့်နှယ် ရေချိုးမည်တုန်း ခင်ရဲ့ ပြုံးရယ်ပြောရာ နန်းခုံလည်း ရယ်မော ကာ..." ဟုတ်ပါရဲ့ ခင်ခင်၊ သည့်ကလောက် ကြောက်တော်မူလျှင် ကန်ပေါင်တွင် ထိုင်၍ ချိုးတော်မူပါ။
အနန်း ဆယ့်နှစ်ရာသီ ငွေဖလားကြီးနှင့် ချိုးရေတော် ခပ်ပေးပါမည် ခင်ခင်ရဲ့" ခနဲ့၍ ပြောသည်တွင် ခင်ခင်ကြီးမှာ မိမိအကြောက်လွန်ကဲပုံကို တွေးမိသဖြင့် ရှက်ပြုံးကလေး ပြုံးလိုက်ကာ “အို... ခင်ကြီးက ရေနက်ထဲကျသွားမှာ စိုးလို့ပါ၊ အစ်ကိုနှင့် အနန်းတို့က ဒါလောက် သရော်နေမှ ခင်လက်တွဲ မထားတော့ပါဘူး၊ ခင့်ဘာသာ ချိုးပါတော့မယ်"ဆိုကာ ကိုင်ထားသော မောင်မောင်ငယ်၏ လက်မောင်း တစ်ဖက်ကို လွှတ်လိုက်ပြီး မိမိတစ်ဦးတည်းပင် ကြည်လင်အေးမြသော ရေကန်ထဲသို့ အနည်းငယ် ရှေ့တိုးကာ ဖြူဖွေးသွယ်လျသော လည်တိုင်ကလေးသာ ဖော်ထားပြီး အနီးအပါးရှိ လက်လှမ်းမီသည့် ကြာညိုပွင့် ကလေးများကို လှမ်းယူ ခူးဆွတ်ကစားလျက် ရှိလေ၏။ မောင်မောင်ငယ်ကား အလိုက်သင့်ပင် ခင်ခင်ကြီးအပါး နီးနီးမကပ်ဘဲ အမှတ်မထင် ခပ်ခွာခွာပြုရင်း ရင်ခေါင်းမျှ နက်သည့်ဘက်သို့ တဖြည်းဖြည်းတိုးသွားကာ ရေများသုံးသပ်လျက် လက်လှမ်းမီရာ ကြာဖူး၊ ကြာခိုင်များကိုလည်း ချိုး၍ နေလေ၏။
ခင်ခင်ကြီးကား ကလေးစိတ် မပျောက်တပျောက် အရွယ်ဖြစ်သည့် အားလျော်စွာ ကြည်လင် အေးမြသော ရေထဲတွင် ပျော်ပျော်ရွှင်ရွှင်နှင့် ရေကစားလျက် လက်ကလေး နှစ်ဖက်ဖြင့် ရေမြှုပ်ရေပန်းများထစေပြီး စိတ်ရှိလက်ရှိကြီး မြူးရွှင်ကျေနပ်နေရာမှ တစ်ခါတစ်ခါ နန်းခုံဘက်သို့လည်းကောင်း၊ တစ်ခါတစ်ခါ မောင်မောင်ငယ်ရှိရာ သို့လည်းကောင်း ရေကို လက်ဖြင့် လှိုင်းဂထက်ထအောင် ပို့ဆောင်လျက် နေရှာသည်တွင် တစ်ခါတစ်ခါတွင် ကိုယ်ဝတ်ထဘီမှာ ရေဟုန်ဖြင့်ကသီကရီ ကလျော့ကလျည်းဖြစ်သွားရ ကား ဖြူဝင်းဝင်းလဲ့သော အသားစိုင်ကလေးများမှာ ကြည်လင်သောရေစင်ဖြင့် ထပ်မံ၍ အမွမ်း တင်ထားဘိသကဲ့သို့ နဂိုလှနဂိုယဉ်တွင် နဂိုဏ်းငင်၍ ကူပြန်သောကြောင့် နှစ်လံကွာလောက်မျ အမှတ်မဲ့ တွေ့မြင်မိသော မောင်မောင်ငယ်မှာ ရုတ်တရက်သော် ခင်ခင်ကြီးဟုပင် မထင်နိုင်၊ မနော်ဟရီ၊ ဒေ၀ီသူဇာ၊ နက်ကိန္နရီကညာကလေးပင် လူ့ရပ်ဌာနသို့ အပျင်းပြေရေကစားရောက်၍ နေလေသလောဟု တွေးတော ယုံမှားမိကာ ဆင်စွယ်နှစ်ကို စနစ်တကျထုလုပ်ထားသည့် ကိန္နရီရုပ်ကလေးပမာ ပြေပြစ် သွယ်လျ ရှုမ၀ နိုင်လောက်သော နုဂေါရီအရွယ်၏ ချစ်စဖွယ်အာရုံကိုမတုန်မလှုပ် ငေးစိုက် လျက်သာ၊ ကြာဖူး၊ ကြာခိုင်တွေကို ကိုင်ရင်း ငေးစိုက်လျက်သာ ကြည့်၍နေမိပြီး တစ်ဖန်လည်း နှုတ်ထက်မှ ရုတ်တရက်သတိရမိသော....။
"ပြာလွတ်မွတ်စင်၊ နောင်သာကြင်၍ ကေရှင်မြခက်၊ ဖြာစရွက်လည်း၊ နားထက်ညွှတ်ခွေ၊ စုလင်ပြေနှင့်။ စောင့်နေကျစ်လျစ်၊ စမ္ပာယ်သစ်က၊ ကျွမ်းချစ်ရအောင် ကြိုးသည်နောင်တုံ၊ ခေါ်ယောင်ခေါ်မှား၊ ကိုယ်ကား သည်မှာ၊ မေတ္တာအသက်၊ ပုံလျက်ဝမှိုင်း၊ အဆိုင်းဆိုင်း တည့်၊ နေ့တိုင်းတန့်ဆည်၊ မခန့်သည် ကို၊ ရွှေပြည်ဝယ်နတ်၊ သိပါတတ်လော့၊ ပျောင်းညွှတ်တိမ်းယိမ်း၊ ဖက်ရာကြိမ်းသည်၊ ခေါင်တိမ်း ကဲ့သို့ညွှတ်ကာသော"
လက်ဆောင်ယူမှူး ရှင်သန်ခိုရေး ရတုပိုဒ်မှ တတိယအပိုဒ်ကိုအလိုအလျောက် တီးတိုး တမ်းတသီဆိုမိပြီးလျှင် သီဆိုမိသော ရတု၏အနက်အဓိပ္ပာယ်ထဲမှာ လူရောစိတ်ပါလိုက် လျော်မျှောပါ၍ နေမိသကဲ့သို့ ရှိချေတော့၏ ချိန်တန်အရွယ်ရောက် လူလား မြောက်သည်က အစယနေ့မှပင် မိမိစိတ်ကို ထူးခြားစွာ ထိခိုက်လှုပ်ရှားစေသော အာရုံတစ်ခုသည် မည်သူ့ကိုမျှ မတိုင်ကြားဘဲ ကိုယ်ထဲမှ ဘွားခနဲပေါ်ပေါက်လာတော့၏ ။
ထိုခဏ၌မောင်မောင်ငယ်မှာ ကျယ်ဝန်းသော အတွေးများနှင့် စိတ်ကစားတိုင်းအတိုင်း အရှည်မရှိ စကြ၀ဠာနယ်အနှံ့ကျယ်ပြန့်သလောက် ပြေးလျက်ရှိချေ၏ ငယ်စဉ် တောင်ကျေးကလေးအရွယ်ကစ၍ မောင်ရင်းနှမပမာ မိမိလက်ပေါ်တွင် လက်ပွန်းတတီး ချစ်ခင်ကြင်နာစွာနှင့် ကြီးပြင်းလာခဲ့သူကလေးပင် ဖြစ်လင့် ကစား ယခုကဲ့သို့ ထူးခြား ပြောင်းလဲ၍ လွန်ကဲသောအဆင်းအင်္ဂါလက္ခဏာတို့ကို တွေ့မြင်လိုက် ရသည့် ထိုတစ်ခဏ သော အချိန်ကလေးတွင်မူကား စက္ခူ့တည်းဟူသော အာရုံက ကာမဂုဏ်အစာကို လျှာပေါ်တွင် ရိပ်ခနဲတင်၍ မြည်းလိုက်ရသကဲ့သို့ ဇမ္ဗူ့သပြေသီးကို အာသာငင်မိသည် ကြမ္မာ ၀င်ရှာသူအလား ရုတ်တရက် တိမ်းညွှတ်ဖောက်ပြားပြီး ယောက်ျားတည်းဟူသော ဓာတ်သဘာဝသည် နတ်ကညာတမျှကဲ့သို့ သွယ်လျပြေပြစ်ကျစ်လျစ်ဖြောင့်စင်း ၀ါဝင်းထိန်ကြည် ကိန္နရီမလေး၏ ကသီကရီ ကလျော့ကလျည်း ဟန်မူရာတွင် အာရုံဝင်စား နစ်မွန်း၍ သွားမိရှာတော့၏ ။
မောင်မောင်ငယ်သည် အမှတ်မဲ့သတိလစ်ဟင်းကာ ရိပ်ခနဲအာရုံတွင် စိတ်ဝင်စားလျက် ရုတ်တရက်တုန်လှုပ်ချောက်ချား ဖောက်ပြားချို့ယွင်းနေမိစဉ် လောကသဘာဝကြီး၏ ပြောင်းလွှဲမှုအရပ်ရပ်ကို မနူးမနပ်စိမ်းဆတ်ဆတ်နှင့် အသိအမှတ်မပြုတတ်ရှာသေးသော ခင်ခင်ကြီးကလေးမှာ မောငမောင်ငယ်ရှိရာသို့ လှမ်းကြည့်ပြီး ကရ၀ိတ်ဟင်္သာ ရွှေကြိုးကြာတမျှ ချိုအေးသာယာလှသော အသံကလေးဖြင့်။
"ဟင်....အစ်ကို၊ ကြာပန်းတွေချိုးနေပြီ။ ခင်အစ်ကို့ဆီသို့လာချင်တယ်။ အို....ရေကလည်း အနက်ကြီးပဲ အစ်ကိုရဲ့ ခင့်ကိုလာခေါ်လှည့်ပါ"
ကနွဲ့ကလျသံသာကလေးနှင့် လက်ကလေးနှစ်ဖက်ကို ဆန့်တန်းကာ ခေါ်အော်၍နေရှာ သည်တွင်မှ မောင်မောင်ငယ်၏ စကြ၀ဠာအနှံ့လည်၍နေသော စိတ်များမှာ ဘွားခနဲပြန် ရောက်သတိဝင်လာပြီး။
"အလို...ခင်အကြီး၊ ငါ့နှမကလေးပါကလား၊ သတိထား သတိထား၊ ဘုရား ဘုရား"ဟု မိမိ၏စိတ်ထား ချို့ယွင်းမှုကို ကပျာကလာနှင်ထုတ်လိုက်လျက် တစ်ဖက်သို့လှည့်ကာ ကယောင်ကတမ်းနှင့် ခူးမိခူးရာ ကြာပန်းတွေကိုသာ တွေ့နေသော အရေးတော်ပုံကိစ္စကြီး ကို မသိရှာသော ခင်ခင်ကြီးမှာ မိမိအော်ခေါ် နေသည်ကို မကြားသကဲ့သို့ တစ်ဖက်သို့ပင် လှည့်၍သွားပြန်သည့်အတွက် ရုတ်တရက် အသံကလေးကို ရှေးကထက်မြှင့်တက်ကာ။
"အစ်ကို...ကြည့်ပါဦးတော့၊ ခင်လာချင်ပါသည်ပြောတာကို မကြာဘူးထင်ရဲ့။ အစ်ကို ခင်ကိုလာ ခေါ်ပါ အစ်ကိုရဲ့ အစ်ကို့နေရာမှာ ကြာပန်းတွေရှိပါတယ်။ ခင်လာချင်ပါတယ် အစ်ကိုရဲ့"
လှမ်းအော်ပြောလိုက်သည်တွင် မောင်မောင်ငယ်မှာ မကြားဘဲမနေသာတော့သဖြင့် ခင်ခင်ကြီးရှိရာသို့ လှည့်၍ကြည့်လိုက်မိရာ။
"ဟင်"ဟုဆိုကာ တစ်ဖက်သို့ ကပျာကယာပြန်လှည့်လိုက်ရပြီး ကြာဖူးကြီးတစ်ခုကို လက်လှမ်းရင်း။
"ခင်အကြီး ဒီကိုမလာချင်နဲ့ ရေအင်မတန်နက်တယ်၊ ခင့်အရပ်ကလေးနှင့် ခြေထောက်မမီ ပေဘူး။ အစ်ကိုခင့် ကိုကြာပန်းတွေ များများကြီးခူးလာမယ်။ အဲဒီနေရာကနေ ငြိမ်ငြိမ်စောင့် နေပါခင်ရဲ့"
ပြောရရှာတော့၏ ခင်ခင်ကြီးကား များစွာကျေနပ်လှဟန်မရှိဘဲ တစ်ယောက်တည်းပင် မျက်မှောင် ကလေးချီကာ။
"အစ်ကိုကလည်း ခင်ကြီးလာချင်ပါတယ်လို့ ပြောနေတာကို မလာရဘူးတဲ့။ သူတို့အနား မှာကြာပွင့်တွေ အများကြီးရှိလို့ ခူးချင်ပါတယ်ဆိုမှ"
တီးတိုးမြည်တွန် တောက်တီးနေရာမှ နန်းခုံဘက်သို့လှည်ကာ။
"ဒီမှာအနန်း၊ ခင့်ကို အစ်ကိုနေရာရအောင်လိုက်ပို့ပါလား။ ဟိုနေရာက ရေနက်တယ်ဆို တာ အစ်ကို အလကား ညာပြောလား မသိ၊ လာပါ အနန်း၊ ခင်တို့သွားချေရအောင်"
နန်းခုံသည် ခင်ခင်ကြီးနောက်ပါးမှ အစေအပါးပီပီဘာသိဘာသာ ရေချိုးနေရာတွင် ခင်ခင်ကြီးခေါ်လိုက်မှ ရှေ့သို့ရောက်လာပြီး။
"ဟို...နေရာက ရေနက်တယ်။ မောင်မောင်မိန့်တော်မူပါတယ် ခင်ခင်၊ တကယ်ပင် ရေနက် လှပါတယ်။ မောင်မောင့်အရပ်နှင့်ပင် ရင်ခေါင်းသို့ ရောက်နေပါတယ်၊ ခင်ခင့်အရပ်ကလေး နဲ့ဆို မောင်မောင် ရပ်နေသော နေရာက ခြေထောက်၍မမီဘဲ ရှိပါလိမ့်မယ် ခင်ခင်ရဲ့"
ချော့မော့ ပြောရပြန်သောအခါ ခင်ခင်ကြီးမှာ နန်းခုံကိုမျက်လုံးကလေးနှင့် လှန်ကြည့်ပြီး။
"ဟင်...အနန်းကြီးကလည်း လာပြန်ပြီ။ အစ်ကို့ဖက်ကရှေ့နေတော် ဌားထားသည်လား။ သူများ သွားချင် ပါတယ်ဆိုတာကို မပို့ချင်ဘူး"
ဆိုကာ လက်တစ်ဖက်တွင် ကိုင်ထားသည့်ကြာခိုင်ကလေးများကို စိတ်လိုက်မာန်ပါချိုးဖဲ့ ချေမွပစ်သည်နှင့် နန်းခုံနှင့်ခင်ခင်ကြီးကို ပွေ့ဖက်ချော့မော့ကာ။
"သြော်....ခင်ခင်ကလည်း တယ်လို့စိတ်ကောက်တော်မူတာကိုး။ အနန်းကခင်ခင်ရေနက် ရာမသွားစေလို၍ အကောင်းပြောပါတယ်။ အနန်းကို စိတ်ခုတော်မူတာနှင့် သနားစရာ သူ့ဘာသာနေရှာတဲ့အပြစ်မရှိတဲ့ ကြာပန်းကလေးတွေစပ်ကြားက ဓားစာခံဖြစ်ရရှာချေ ပေါ့နော်"
ပြောသည်တွင် ခင်ခင်ကြီးမှာ အကယ်ပင် သနားစိတ်ဝင်လာဘိအလား ဒဏ်ရာ အနာတရ နှင့် ရေထဲတွင် ပိုးလိုးပက်လက် မျောနေရှာကြသည် ကြာညှိပန်းဖတ်ကလေးများကို နောင်တရသော မျက်နှာ ကလေးနှင့် ငေး၍ ငြိမ်သက်စွာကြည့်နေမိလေ၏ ဤတွင်မှလည်း နန်းခုံမှာ ခင်ခင်ကြီး၏ရင်ဆီတွင် ဖိုသီဖတ်သီနှင့် ကသီကရီ မပီတပီဖြစ်နေသော ထဘီစ ကလေးများကို သွား၍ မြင်မိသဖြင့်။
"အို...သိနိုင်ပါဘူး၊ ခင့်ဘာသာရေချိုးရတာပျော်လို့မှ မကုန်နိုင်ပဲ။ ဒီထဘီတွေ ဘာတွေကို ဂရု မစိုက်နိုင်ပါဘူး၊ ဟော...ပြောရင်း ဆိုရင်း အစ်ကိုပြန်လာနေပြီ။ ဟို....နေရာကို ခင်တို့ မသွား ရတော့ပါဘူး"
ပြောကာ တစ်ဖန်လည်း မောင်မောင်ငယ်ဘက်သို့ လှမ်း၍.....
"အစ်ကိုကလည်း ပြန်လာပြီ။ အဲ....ဟိုနေရာတွင် ခင်သွားချင်ပါတယ် အစ်ကိုရဲ့"
ဆီး၍ပူဆာပြန်ရာ လက်တွင်ကြာပန်းတွေတစ်ပွေ့ကြီးပါလာသော မောင်မောင်ငယ်သည် ခင်အကြီးအနီးသို့ ပြောရင်းပင်ရောက်လာပြီး။
"ခင်ရဲ့...ဟိုနေရာက ရေအင်မတန်နက်တယ်၊ အစ်ကိုလည်းကြာရှည်မနေရဲလို့ ပြန်လာခဲ့ တယ်။ ဒီမှာကြည့်စမ်း၊ ခင့်အဖို့ ပန်းတွေအများကြီးအစ်ကိုခူးခဲ့တယ်၊ ကျေနပ်တော့ ခင်ရဲ့၊ အလို....ကြည့်စမ်းပါဦး၊ ခင့်နှုတ်ခမ်းကလေးများလည်း ပြာ၍နေပြီ ။ ရေထဲမှာ ကြာကြာမနေနှင့် ခင်ရယ် အအေးမိ၍ နောင်ခါ ခင်နေထိုင်မကောင်းရင် မေဖုရားတို့က အစ်ကို့ကို အပြစ်တင်ကြလိမ့်မည်၊ သည့်လောက် ရေကစားရလျှင် တော်လောက်ပါပြီ ခင်အကြီးရယ် ၊ ဟောဒီ ပန်းတွေကို ဘုရားလှူရန် နန်းခုံနှင့် အတူစီမံပါဦး ၊ ငနွဲ့လည်း လှေရှာသွားတာရောက်လောက်ပါပြီ။
ညနေနေအနည်းငယ်ချိုလျှင် အစ်ကိုတို့ လှေကလေးနှင့် အင်းထဲလျှောက်၍ လည်ရဦးမယ်၊ ရေလည်စီမှာလည်း ပဒုမ္မာကြာပွင့် ကြီးတွေနှင့် ကြာခွက်တွေ ပြည့်၍နေတော့တယ်။ အဲသည် ပဒုမ္မာ ခိုင်တွေ လှေကလေး ပေါ်ကနေ ခူးပြီး အင်းစောင်းက ကျောက်တော်ကြီးဘုရားကို သွားလှူကြမယ်၊ အဲသည် မှာ တစ်ခါနေပူခံဘုရားဖူး၍ သူဌေးဦးပိန်တံတားကိုလည်း သွား၍လည်မယ် ဟုတ်လား ခင်အကြီး၊ ကုန်းပေါ်တက်ကြစို့နော်"
ဖျောင်းဖျချော့မော့ခေါ်သည်တွင်မှ ခင်ခင်ကြီးလည်း ပန်းစည်းကြီးကို လှမ်းယူကာနောက် ထပ်သွား စရာ တွေမှာလည်း မိမိအကြိုက်တွေချင်းနှင်နှင်ဖြစ်သောကြောင့် ကျေကျေအေး အေးနှင့်ပင် မောင်မောင်ငယ် စကား နားဝင်လျက် ရေထဲမှာတက်ခဲ့လေတော့သတည်း။
မောင်မောင်ငယ်သည် အ၀တ်အစားများလဲ လဲလှယ်ဝတ်ဆင်ကာ မှိုင်းလုံးကော်ဇောနှင့် တစ်နေရာတွင် ထိုင်လျက် လောလောဆယ်ဆယ် ဖြစ်ပျက်ပြောင်းလွှဲခဲ့သော မိမိ၏ စိတ်ဆင်းကဲ့သို့ ချစ်ခင်ရင်း စိတ် စေတနာနှင့် ဖျောက်ဖျက်နေမိရှာလေ၏ တစ်မိဝမ်းတွင်း ခေါင်းနင်းဆင်းကဲ့သို့ ချစ်ခင်ရင်း စိတ်စေတနာ နှင့် ငယ်စဉ်အခါကပင် လက်ပွန်းတတီး ရင်းနှီးစွာ ကြီးပြင်းလာခဲ့သူကလေးပေါ်တွင် သွေး မခြား သော နှမရင်းကလေးများအပေါ်ဝယ် အစ်ကိုကြီးတို့၏ သန့်ရှင်းကြည်လင်သော မေတ္တာ ရေစင် သည် ယနေ့အဖို့ မိမိမျက်စိ အာရုံတွင် အမြင်ပြောင်းလွှဲယောင် အကြည့်ရဲမိသည့် တစ်ခဏ၌ ကြည်လင် အေးမြသော ရေစင်တွင် အမှုန်အနည် ထချင်သယောင်ယောင် ဖြစ်မိခြင်းအတွက် မိမိကိုယ်ကိုယ်ပင် ၀မ်းနည်း ပက်လက်အပြစ်တင်၍ နေမိရှာရုံမက သူခိုးဓားပြကဲ့သို့ ဆိုးဝါးလှသော စိတ်ရိုင်း, စိတ်မိုက်တို့ကို ကတိုက် ကရိုက်နှင့် ထုတ်ကာမြင့်မြတ်သန့်ရှင်းသော မူလပင်ရင်းစိတ်များ ကို ကြိုးစား၍ သိမ်းသွင်း နေရရှာ လေ၏။
"ငါမတရားမိပါကလား၊ သည်မျှရိုင်းတဲ့ စိတ်ဓာတ်တွေဟာငါ့ကို ဘယ်နည်းကြောင့် ၀င်ရောက် နှောင့်ယှက် ရသလဲ၊ ခင်အကြီးဟာ ငါ၏နှမကလေးပါကလား။ မောင်မောင်ငယ် မင်းမမှားစေနဲ့"
မိမိ ကိုယ်ကိုယ် ပြစ်တင် ဆုံးမရှာရာမှ ဘာကြောင့် ငါ့စိတ်ဟာ သည်ကဲ့သို့ဖောက်ပြန်ရပါ သလဲ။ အင်း... ခင်အကြီးဟာ စင်စစ်ငါ၏နှမအရင်းမဟုတ်၊ မေဖုရားတို့ဟာလည်း ငါ၏မိဘအရင်းမဟုတ်။ အဲ... ဒီသွေးခြားမှု ကလေးတစ်ခုကြောင့် ယခုကဲ့သို့ စိတ်ဖောက်လွှဲ ဖောက်ပြန်ဖြစ်ရပါကလား။ သြော်.... ခင်အကြီး၊ ဘာမှမသိရှာသေးတဲ့ကလေးလေးအတိုင်း ရှိရှာပါသေးကလား။ အင်... ကုသိုလ်ကံ များကလည်း ဗျာ၊ ငါနှင့်ဒီကလေးမကို တစ်မိ ၀မ်းတွင်းမှ ခေါင်းနင်းမဖြစ်ရလေအောင် ခွဲခြားလို့မှ လွှတ်တတ် ပလေတယ်၊ အကယ်၍ သွေးသားရင်းချာဖြစ်ပါက ငါ့အားဤကဲ့သို့ စိတ်ရိုင်းများ ၀င်ရောက် ချောက်ချား ခြင်း ခံရမည် မဟုတ်ပါကလား။ ဟယ်...ဘယ်လိုပင် အပြင်အပကစိတ်ရိုင်းပယောဂတွေ နှောင့်ယှက် လေလည်း၊
သတိကြီးစွာ ထား၍ခုခံဖြိုဖျက်ပြီး စင်ကြယ် သန့်ရှင်းသော မေတ္တသက်သက်နှင့် ငါ့တစ်သက် နှင့် တစ်ကိုယ် မှာ ချစ်ခင်ကြင်နာစွာစောင့်ရှောက်ပါတော့မယ် ဟု မိမိကိုယ်ကိုယ် ကျိုးကြောင်းပြသ တရားချ၍ နေစဉ် ခင်ခင်ကြီး သည် ဖြီးလိမ်းဝတ်ဆင်ပြီးသဖြင့် ကြာပန်းစည်းကို ပွေ့ကာ မောင်မောင်ငယ် အပါးသို့ ရောက်လာ ပြီး။
"အစ်ကို...ခင်ကြီးကြာပန်းတွေကို စည်းခဲ့ပြီ။ အနန်းရေ...ဆယ့်နှစ်ရာသီ ငွေဖလားကြီးနှင့် ရေအပြည့် ခပ်ယူခဲ့ပါ၊ ကြာပန်းတွေမညှိုးအောင် အရိုးကိုရေစိမ်ထားမယ်နော်အစ်ကို။ ဒါနဲ့ လှေရောက်ပြီလား။ ခင်တို့သွားရင် ဟောဟိုရေလယ်ကို ရောက်ဦးမှာပဲနော်။ အစ်ကိုခုနင် ကပြောတဲ့ ပဒုမ္မာကြာပန်းတွေကို အဲသည် ရေလယ်မှာ မြင်ရတယ်အစ်ကို။ ခင်ဖြင့်သည် ကြာညိုပန်းတွေထက် ပဒုမ္မာကြာပန်းတွေက သာသို့ လှလိမ့်ထင်တာပဲ၊ ခင်တော့လှေထဲနေ ပြီး ကြာပွင့်ကြီးတွေကို လှမ်းခူးမယ်နော် အစ်ကို"
စကားတွေကို ပြောချင်သလို တောင်စဉ်ရေမရအဆတ်မပြတ်ပြောကာ ကြာပန်းတွေကို နန်းခုံယူလာသော ငွေဖလား တွင်ထည့်လျက် မောင်မောင်ငယ်၏ ရင်ခွင်ထက်သို့ဝင်၍ ထိုင်လိုက်ပြန်သောအခါ မောင်မောင်ငယ် မှာ စောစောကစိတ်ကစား၍ ခြေလှမ်းမှားလိုက်မိ သောအရှိန်ကြောင့် လှုပ်ရှားသော စိတ်ထား ကို ငြိမ်ဝပ်ပိပြားအောင်အတန်ပင် ဖိနှိပ် ထိန်းချုပ်ထားပြီး တရားကျ၍ နေရပြန်လေ၏ ။
ရိုးသားသော စိတ်ထားကြောင့် ငယ်စဉ်က နှမရင်းချာအလား ချစ်ခင် အရေးပေး ထား၍ ငယ်ရွယ်ရှာသူ ခင်ခင်ကြီးမှာ ရှေးအခါကအတိုင်း ပြောဆိုပြုမှု နေထိုင်ရှာသော်လည်း မိမိမှာ စောစောကအမှားကြောင့် စိတ်ထားမလုံဘဲ မနေတတ်မထိုင်တတ်ဖြစ် နေရာတွင် မကြာသေးမီက ဇွတ်အဓမ္မနှင်ထုတ် မေ့ပျောက် ထားသော စိတ်ဆင်ရိုင်းမှာ ချွန်းအသိုင်း မခံဘဲ အတင်းကျွံဝင်လာမည် တကဲကဲဖြစ်နေပြီးလျှင် ခင်ခင်ကြီးနှင့် နီးကပ်စွာနေရသည် မှာလည်း တမင်သတိမရရအောင် နှိုးဆွပေးနေသကဲ့သို့ရှိနေသဖြင့် အခက်အခဲ ကြုံလျက် ရှိရှာစဉ် ကံအားလျော်စွာ အင်းရေပြင်ပေါ်မှငနွဲ့ကြီး လောင်းလှေကလေးတစ်စင်း လှော်ခတ် လာသည်ကို အဆင်သင့် တွေ့မြင်ရသောကြောင့်။
“ခင်ရေ...ထ...ထ၊ ဟောဟိုမှာ ကြည့်လိုက်စမ်း၊ ငနွဲ့ကြီး လှေကလေးယူလာပြီ”
ပြောလိုက်မှ ခင်ခင်ကြီးလည်း ၀မ်းသာအားရနှင့် မောင်မောင်ငယ်ရင်ခွင်မှ ထကြည့် ကာပျော်ရွှင် ကျေနပ်၍ နေရှာပြန်သည်နှင့် မောင်မောင်ငယ်လည်း အနည်းငယ် အသက် ရှူခွင့် ချောင်သွားရှာတော့၏။
“အစ်ကိုရေ..လှေကလေး ငယ်ငယ်ကလေးရယ်နော်၊ ခင်ကြီးရယ်၊ အစ်ကိုရယ်၊ အနန်းရယ်၊ ကိုနွဲ့ကြီးရယ်။ လေးယောက်ဆို ဘယ်ဆံ့မှာတုန်း အစ်ကိုရဲ့။ နို့ပြီးတော့ ကျုံး တော်တွင်းက လှေတော်တွေကိုလည်း မလှဘူးနော်”
“ဟို...ကျုံးတော်ထဲက လှေတော်တေ၊ွ လှော်ကားတော်တွေက ဘုရင်မင်းမြတ်နှင့် ဆွေတော် မျိုးတော် မင်းမိဖုရား မှူးမတ်သေနာပတိများ စီးတော်မူကြတာကိုး ခင်ရဲ့။ ဒီလှေကလေးကတော့ အင်းထဲမှာ ရွာသားများ သွားလာကူးသန်းဖို့ ထားတဲ့ လှေကလေး ဆိုတော့ ဘယ်မှာ လှလှပပ ခမ်းခမ်းနားနား ရှိနိုင် ရှာမလဲ။ ကဲ...ကဲ လှေရောက်မှ စောစော သွားကြတာပေါ့လေ။ နန်းခုံကို သည်နေရာမှာပဲ လှည်းနွားနဲ့ ပစ္စည်းများ စောင့်နေစေပြီး ခင်အကြီးရယ်၊ အစ်ကိုရယ် သွားမယ်။ ငနွဲ့ကြီးကို လှေလှော်ပေးစေ။ အို...ဒါနှင့် ခင့်ခေါင်း ကိုလည်း နေပူမည် စိုးရသည်၊ ဟောဒီ ကြာဖက်ကလေးကို ခင့်ခေါင်းမှာ ဆောင်းခဲ့”
ဆိုကာ စိုပြည်စိမ်းလန်းသော ကြာဖက်ကြီးတစ်ခုကို ကတော့ပြု၍ ခင်ခင်ကြီး၏ ခေါင်းပေါ်တွင် ဆောင်း ဆင်ပေးလိုက်သောအခါ ဖြီးလိမ်းပြင်ဆင်ပြီးစ နဂိုဓာတ်ခံလှရှာ သေခင်ခင်ကြီး၏၀ါဝင်းသော မျက်နှာ ကလေးမှာ စိမ်းလန်းသော ကြာရွက်အောက်တွင် များစွာအဆင်ပြေနေစေရုံမက ဇာတ်တော်ကြီးထဲမှ ကြာဖက်ဆောင်း အမှုထမ်း အပျိုတော် ကလေးများအသွင် ယဉ်လျက်ရှိရကား အမှုမဲ့အမှတ်မဲ့အားဖြင့် ဆောင်းပေး လိုက်မိသော မောင်မောင်ငယ်မှာ ခင်ခင်ကြီး၏ ရူပါရုံ ညှို့ချက်တွင် မလှုပ်မယှက်နိုင်အောင် မိနေရှာ ပြန် တော့၏။
“ကဲ...အစ်ကို သွားကြစို့လေ၊ အို...ဘာများ ငေးနေမှန်းမသိပြန်ဘူး။
အစ်ကို ဟာလေ... သည်ကနေ့ဘာများဖြစ်နေသည်မသိ၊ ငလျင်ကျက်မိသူလို ဟိုငေးသည်ငေးနှင့် ဖြစ်နေ တော့တယ်။ အိမ်တော်ရောက်လျှင် မေဖုရားကို ဆေးကလေး ဘာလေးများ တိုက်ပါဦးလို့ လျှောက်မှ ထင်ပါရဲ့”
ဆိုသည်တွင်မှ မောင်မောင်ငယ်မှာ ကပျာကယာ က္ကနြေ္ဒပြင်လိုက်ရကာ...
“အို...ခင်အကြီးကလည်း မဟုတ်တာတွေ ပြောတော်မူတတ်လိုက်တာ၊ အစ်ကိုဘာမှ မဖြစ်ပါကလား ခင်အကြီးရဲ့”
“အောင်မာ... အစ်ကို ညာပြောပြန်ရော့မယ်။ ခုနင်က အစ်ကို ငေးကြည့်နေပြီးတော့”
“ဟာ... အဲဒါ ခင်အကြီး ကြာဖက်ကလေး ခေါင်းဆောင်းထားတော့ ဇာတ်တော်ကြီးထဲက ကြာဖက်ဆောင်းအငြိမ့် အပျိုတော် လှလှကလေးတွေကို သွားပြီးသတိရလို့”
“ဟင်... ခင်ကြီးဟာ ဇာတ်တော်ကြီးထဲက အငြိမ့်အပျိုတော်ကလေးတွေလို လှနေ တယ်လား အစ်ကိုရဲ့”
“အင်း...ခင်အကြီးက သူတို့ထက် အဆပေါင်း မရေတွက်နိုင်အောင် ပိုပြီးလှသေးတယ်”
ခင်ခင်ကြီးမှာ ငယ်ရွယ်သူကလေး ဖြစ်ရှာသည့် အားလျော်စွာ မိမိကိုယ်ကိုယ်လှသည်ဟု ဆိုလျှင် အလွန်ပင် ကျေနပ်ဝမ်းမြောက်သွားရှာလေ၏။ မောင်မောင်ငယ်ကား မိမိ ပြောလိုက်မိသော စကားသည် စေတနာ ရိုးရိုးသားသား မှ ဟုတ်ပါလေစဟု အခါခါအတန် တန်ပြန်လှန်စဉ်းစားကာ ရုတ်တရက်ပူးဝင်လာအံ့သော မကောင်း ဆိုးဝါးစိတ်များကို တားဆီးနှင်ထုတ်ပစ်လိုက်ကာ။
“ကဲ...လာ...လာ ခင်၊ အစ်ကိုတို့ သွားကြရအောင်။ နန်းခုံ ခင်ယူချင်သောပစ္စည်းများကို ထည့်ပေးလိုက်ပါ။ လှေပေါ်တွင် ခင်းစရာကော်ဇောတစ်ချပ်ကိုလည်း ငနွဲ့ကြီးလက်အပ် လိုက်တော့”
ပြောဆိုစီမံ၍ နန်းခုံနှင့်ငနွဲ့ကြီးတို့ အသီးသီးလုပ်ကိုင် ပြင်ဆင်ပြီးကြသောအခါ မောင်မောင်ငယ်နှင့် ခင်ခင်ကြီးတို့လည်း တောင်သမန်အင်းပြင်ကြီးတွင် ပျော်ရွှင်စွာလေစီး ၍ ထွက်လာကြလေ၏။
လွန်ခဲ့သော လေးငါးနှစ်ခန့်ကမူ မောင်မောင်ငယ်ကလည်း ရှင်လူထွက်စအရွယ်၊ ခင်ခင်ကြီးကလည်း ခပ်ငယ်ငယ် တောင်သမန်ရေပြင်ထဲတွင် လှေစီးလျက် အငြိအစွန်းမ ထွက်ဘဲ ကလေးသဘော သက်သက် ဖြင့် ရက်ရက်ရောရော ပျော်ရွှင်ခဲ့ကြသော်လည်း ယခု တစ်ခါတွင် ခင်ခင်ကြီးမှာ တစ်စုံတစ်ရာ မရိပ်မိ တတ်ရှာဘဲ ငယ်စဉ်က ပျော်ရွှင်ပုံအတိုင်း လှေထက်မှ ရေယက်လှိုင်းကလေးများကို ကြည့်ကာ မောင်မောင်ငယ်ကို တီတီတာတာ ပြောဆိုရင်း ပါလာရှာစေကာမှု မောင်မောင်ငယ်တွင်ကား မကြာမီက မွှေ့ရမ်း တိုက်ခတ် သွားသော ကာမဂုဏ်လေနီကြမ်းကြောင့် စိတ်စွမ်းနောက်ကျိမချိတင်ကဲနှင့် ၀မ်းနည်းရမ လို ရင်တဖိုဖိုဖြစ်နေရသောကြောင့် ငယ်စဉ်ကလို လွတ်လွတ်ကျွတ်ကျွတ် ပျော်ရွှင်ခွင့် မရနိုင်ခဲ့ သည်ကိုလည်း တစ်နည်းအားဖြင့် ၀မ်းနည်းမဆုံး၊ ယူကျုံးမရ ရှိရှာတော့၏။
ငနွဲ့ကြီးကား လှေပဲ့မှထိုင်ကာ တက်တဖျပ်ဖျပ်နှင့်လှော်ခတ်၍ လာခဲ့လေ၏ ။ မောင်မောင်ငယ်မှာ လှေဦးတွင်ထိုင်ပြီး ခင်ခင်ကြီးက လှေဝမ်းမှ မောင်မောင်ငယ်ရှိရာသို့ မျက်နှာပြုထိုင်လျက် ရွှေပြည်စိုး ငှက်မကလေးပမာ သာယာကြည်လင်သော အသံကလေး နှင့်မြင်သမျှ တွေ့သမျှတို့ကို အဆက်မပြတ် မေးမြန်း ပြောဆိုလာခဲ့ရာ မောင်မောင်ငယ်မှာမူ ကား ခင်ခင်ကြီး နှုတ်လျှာသွက်သလောက် စကားပြန် နှေးလျက် ဆေးဆေးလေးလေး လိုက်ပါလာတော့၏ ။
ထိုအခိုက် လှေကလေးမှာ ရေလယ်ဆီသို့ရောက်၍ ပဒုမ္မာကြာတောကြီးကို ထွင်းဖောက် လှော်ခတ်လာရပြန်သည်တွင် ခင်ခင်ကြီးမှာ ကြာဖူး၊ ကြာခိုင်တွေ လှိုင်လှိုင်ကြီးပေါသော နေရာသို့ရောက်လာသည်နှင့် တစ်ပြိုင်နက်ဆွေ့ဆွေ့ခုန် ၀မ်းမြောက်ဝမ်းသာဖြစ်ရှာလျက် လက်ကလေးများနှင့် ညွှန်ပြကာ။
"အစ်ကိုရေ...ကြာတွေ ပေါလိုက်တာနော်။ ကိုနွဲ့ကြီးလှေကို ဖြည်းဖြည်းခတ်ပါ။ အစ်ကို ဟိုကြာပန်းတွေခင့်ဟာခင် ခူးချင်တယ် အစ်ကိုရဲ့။
ဟောဟိုနားကပဒုမ္မာကြာငုံကြီးကလည်း လှလိုက်တာ အစ်ကိုရယ်၊ အို...ခင်တော့ ဒီနေရာက မပြန်ချင် တော့ဘူး၊ ကိုနွဲ့ကြီးရဲ့၊ ကြာခွက်တွေချိုးစမ်းပါ"
စသည်ဖြင့် လူရောနှုတ်ပါ အငြိမ်မနေနိုင်ရှာဘဲ ပျာပျာသလဲဖြစ်နေသဖြင့် မောင်မောင်ငယ် မှာ စိတ်မချ သဖြင့် ခင်ခင်ကြီးအနီးသို့ ရွှေ့ထိုင်ရကာ။
"ခင်ငြိမ်ငြိမ်နေ၊ လှေစောင်းသွားမယ်။ ဖယ်ဖယ်...ခင်မခူးပါနှင့် လက်ကလေးကိုဆူးစူးသွား မည်။ ပဒုမ္မာကြာဟာ သည့်အပြင်ကြာနှင့် မတူဘူးခင်ရဲ့။ အစ်ကိုဆူးကလေးတွေ ရှိတယ်။ မတော်မဆ ခင့်လက်ကို ရှသွားမှဖြင့် ခင်မခူးပါနှင့်ကွယ်။ အစ်ကိုခူး၍ပေးပါ့မယ်"
ယုယကြင်နာစွာပြောဆိုချော့မော့ကာ လက်လှမ်းမီရာ ကြာပွင့်၊ ကြာဖူးများကို ခူးယူပေးနေ လျှင် ခင်ခင်ကြီး လည်းမောင်မောင်ငယ်လက်ကိုရသမျှ ကြာခိုင်များကို နှစ်သက်အားရလှမ်း ယူပြီး အရိပ်တစ်ကြည့်ကြည့် ဖြစ်နေရှာ လေ၏။
သို့နှင့်ကြာဝတ်မှုံတသင်းသင်းလှိုင်သည့် ကြာတောကြာဂနိုင်ကြီးအတွင်း လှေကလေးကို ဖြည်းဖြည်း ညင်းညင်း ခတ်လှော်ခဲ့ပြီးလျှင် လှေပေါ်တွင် ယှဉ်တွဲထိုင်လျက်ပါလာသော မောင်မောင်ငယ် ကလည်း လက်လှမ်းမီသော ကြာခိုင်၊ ကြာရိုးတို့ကို တစ်ချိုးတည်းချိုးရင်း လိုက်ပါလာလျက် ခင်ခင်ကြီး မှာလည်း မောင်မောင်ငယ်လက်မှ ရသမျှကြာခိုင်တို့ကို ငွေဖလားကြီးတွင် လှိုင်လှိုင်ကြီးထိုးစိုက်ကာ စိတ်ပျော်ရွှင် မြူးစွာ ပါ၍ လာခဲ့ရှာလေ၏ ။
တစ်ခဏကြာသော် လှေကလေးပေါ်တွင် ကြာပွင့်ကြာခိုင်တွေ တင်းကျမ်းပြည့်စုပုံ၍ နေတော့၏ ။လှေကလေး လည်းကြာတောထဲမှာ ထွက်စပြုမိလျှင်ပင် ဇောင်းကလေကန်ဦးမှ ကြည်နူးသာယာ ဖွယ်ကောင်း သော တန်ဆောင်းပြသာဒ်နှင့် စေတီပုထိုးများကို ဘွားခနဲလှမ်း၍မြင်လိုက်ရပြီး အုံးအုံးမှိုင်းမှိုင်း ဆိုင်းဆိုင်း ညို့ညို့ မို့မို့မားမားဖြစ်သော အမရပူရွှေမြို့တော်ဟောင်းကြီးမှ ညီးညီးထိန်ပြောင် အရောင် တလျှမ်းလျှမ်း ဖြစ်သော စုလစ်မွမ်းချွန်တပ်သည့် ပြဿာဒ်ဘုံဆောင် အသီးသီးတို့နှင့် နန်းမြို့ရိုး၊ ပြအိုး၊ ပြဿာဒ်၊ အထပ်ထပ်တို့ကို ပြတ်ပြတ်ထင်ထင်ရှုမြင်ရကာ မင်းတုန်းဘုရင် မင်းတရားကြီး စံတော်မူရာ ရတနာပုံ ဇေယျုံဘူမိ၊ သီရိအောင်ခန်း တောင်မန်းလက်ျာ ရှေ့ပြုဗ္ဗာဖြစ်သော ရန်ကင်းတောင်ခြေက စခဲ့သည် တိုင်အောင် ပင်လယ်မဟာနဒီမြစ်နန္ဒာ ကန်ကြီးများသည် လည်းကောင်း၊ ရွှေမြို့တော် တောင်မျက်နှာမှ အမရပူရမြို့တော်ဟောင်းအထိ တစ်စပ် တည်း ဆက်သွယ်ဘိသကဲ့သို့ဖြစ်သော တက်သေး အင်း၊ တောင်သမန်အင်း၊ ဇောင်းကလောကန်ကြီးတို့မှာလည်း ရေပြင်တစ်စပ်တည်းဆက်ကာ ပင်လယ်ပြင်ကြီးပမာ ဖွေးဖွေးဖြူလျက် လှိုင်းကြက်ခွပ်ကလေးများကို နေရောင်ဟပ်တိုင်း တဖျပ်ဖျပ် အရောင်ဖြာ သည့် စိန်တလင်းပြန့်ကြီးပမာ ကြည့်မျှော်တိုင်း သာယာလှပေ၏ ။
ကြာဖူးကြာငုံတို့နှင့် မွှေးထုံသင်းပျံ့သောရနံ့တို့တွင် ပျော်ရွှင်စွာအာရုံဝင်စားနေရှာသော ခင်ခင်ကြီးနှင့် မောင်မောင်ငယ် တို့မှာလည်း အရှေ့ဘက်ရှမ်းရိုးမခေါ် စိမ်းလန်းသော ပြင်ဦးလွင်တောင်တန်းကြီးများကို ကျောထောက် နောက်ခံထား၍ ပြာလဲ့သော ကောင်းကင် ပြာကြီးအောက်တွင် ရေပြင်ဖွေးဖွေး လှိုင်းထွေးထွေး နှင့် ပင်လယ်ကြီးတမျှ တစ်ပြေးတည်း တစ်စပ်တည်းဆက်နေသော အင်းရေပြင်ကြီးတွင် လှေယာဉ်စီး၍နေရုံမက အမရပူရ ရွှေမြို့တော်ကြီးကိုလည်း ရေပြင်ထဲမှနေ၍ မြင်ရသောအခါ ရှေးကထက် ပျော်ရွှင်ကြည်နူး စိတ်ရွှင်မြူး၍လာကြလေ၏ ။
အင်းကြီးသုံး အင်းဆက်စပ်ထားသောကြောင့် ရေပြင်ဖွေးဖွေးမှာ ပင်လယ်အဏ္ဏ၀ါမမျှ နက်နဲ ကျယ်ပြော လျက် လှိုင်းကြက်ခွပ်ကလေးများကား တဖျပ်ဖျပ်တရစပ် တိုခိုက်နေသော လေပြည် ကလေး ကလည်း တသွေးသွေးမိုးတိမ်ကလေးများကလည်း ပြေးတမ်းလိုက်တမ်း ကစားသည့်ပမာ အုံးတစ်လှည့်၊ လင်းတစ်ချီနှင့် ရှိနေသည့်ပြင် အစီအရီသော ကြာဖူး ကြာခိုင်များကလည်း လေခနဲ့တိုင် တနွဲ့နွဲ့ တယိုင်ယိုင်နှင့် လှိုင်းကလိုင်စံ "ငါးတန်၊ ငါးကြင်း၊ ငါးဖယ်၊ ငါးပြာစင်းတို့မှာလည်း ဘာသာဘာဝ အချင်းချင်း ပျော်ရှာကြဘိအလား မကြာခဏလှိုင်းပေါ်ရေပေါ်တွင် ပေါ်ချီပွက်ချီနှင့် အလိုက်အလိုက် ကျီစယ် နေကြည်ကို တွေ့မြင်ရလေ၏ ။"
တဖျပ်ဖျပ်နှင့် လှေခတ်လာသော ငနွဲ့ကြီးပင် ဘ၀င်ကြည်နူး စိတ်အူမြူး၍လာကာ ကြောက်ရွံ့ ရမည့် ၀န်ကြီးနှင့် ၀န်ကတော်တို့လည်းမပါ၊ မောင်မောင်ငယ်ဆိုသည်မှာလည်း လွန်စွာ စိတ်ထား နူးညံ့ သိမ်မွေ့ ရှာသူဖြစ်ကြောင်း သိပြီးဖြစ်သဖြင့် အခါအခွင့်သင့်သည့် အားလျော်စွာလှေပဲ့တွင် ထိုင်ရာမှ သာယာ ကြည်နူး ဖွယ်ကောင်းသော ရှုမျှော်ခင်းများကို ကြည့်မျှော်ရင်း၊ လှော်တက်ကို တမျှင်းမျှင်းခတ်ကာ။
"မင်းလွင်မင်းလွင်ကအုံ့၊ လေပြေလေညင်းလှုံ့ပါလို့လေး၊ ကဆုန် နယုန်ချိန်အခါ၊ ပြည်ကြီးတောင်လက်ျာ၊ သောင်းယူဇနာ ကျယ်ဝင်း၊ တောင်သမန်တည့်အင်း၊ မြစ်ချင်း မြစ်အင်းဟင်းငန်၊ လှိုင်းတည်းလှိုင်းပေါ်စံ၊ ငါးတန် ငါးတန် ငါးတန်စုံမ၊ ငါးလူး သမီး ငါးလဲကြီးကို ဇနီးမတော်ရရလေ၊ မှင်စငယ်လေ များလျား၊ ငနောက် နောက်သွား၊ ကမ်းနားငယ်ခို, ခိုကြလေ။ ကမ်းပါငယ်ပျိုမျှ, ပျိုမျှလေ၊ ထမြူးလေမုန်တိုင်း၊ တံပိုင်း ပင်လယ်လှိုင်း။ ကလိုင်ကလိုင်ညီညွှတ်၊ လှိုင်းပင်သာ လှိုင်းကြက်ခွပ်ကယ်နှင့်လေး။"
ရေနတ် ကယ်သာ ရွှင်ပျော်မြူးကြလေး။ ခွေညွှတ်ကယ်မြင်သူမူးမျှ၊ ထူးထွေလာတည့် ထူးထွေလာ။
ဟူသော တောင်သမန်လှိုင်းကြက်ခွပ် ကြိုးသီချင်းကြီးကို ညည်းညည်းညူညူလေးလေး တွဲ့တွဲ့သီဆိုလာခဲ့ရာ လှေပေါ်တွင်ပါလာသော မောင်မောင်ငယ်နှင့် ခင်ခင်ကြီးတို့လည်း ငနွဲ့ကြီး သီဆိုသော ကြိုးသီချင်းကြီး၏ အဓိပ္ပာယ်မှာ လွန်စွာလိုက်လျောဆီလျော်သောအခါ ကာလနှင့် ဒေသ အလျောက် ငြိမ်ငြိမ်သက်သက် စိတ်ဝင်စားပြီး နားစွင့်ထောင်လျက် လိုက်ပါလာကြလေ၏ ။
သို့နှင့် ငနွဲ့ကြီးသီချင်းဆုံးသောအခါ မောင်မောင်ငယ်သည် အခါကာလအားလျော်စွာ ကောက်ခါငင်ခါ သီဆို တတ်သော ငနွဲ့ကြီးအားချီးမွမ်းသော မျက်နှာထားဖြင့်ပြုံး၍ ကြည့်မိ လေ၏ ။ခင်ခင်ကြီးကား နားထောင် ကောင်းတန်း သီချင်းအရသာပြတ်သွား၍ သွားသည်နှင့် မချင့်မရဲကဲ့သို့ဖြစ်ကာ။
"ဟင်....ကိုငနွဲ့ကြီး၊ သီချင်းကလည်းဆုံးသွားပေါ့လား၊ ခင်နားထောင်လို့ကောင်းတုန်း ရှိသေးတယ်။ ကဲ.... တစ်ခါထပ်ပြီးဆိုစမ်းပါဦး"
"မရပါဘူး ခင်ခင်၊ သည်သီချင်းကလေး တစ်ပိုဒ်တောင် အနိုင်နိုင်ကျက်ထားရပါတယ်"
"အို.... ကိုနွဲ့ကြီးကလည်း၊ ကဲလေ....ဒါဖြင့်ရှိစေတော့။ ကိုနွဲ့ကြီးမဆိုတတ်ရင် ခင်နားထောင်ရအောင် အစ်ကိုက ဆိုပြပါလား။ နော်...အစ်ကို ဆိုပါနော် ခင်နားထောင် ချင်လို့ပါ အစ်ကိုရဲ့"
ကနွဲ့ကလျနှင့် ပူဆာနေပြန်ရာ မောင်မောင်ငယ်မှာ စိတ်ပျော်ရွှင်လာသည့်အခိုက်နှင့် ကြုံကြိုက် သောကြောင့် မိမိတို့ရှေ့တွင် တွေ့မြင်ရသော ရှုမျှော်ခင်ကို ထင်းထင်း လင်းလင်း ကွင်းကွင်းကွက်ကွက် ဖော်ပြ ထားသည်နှင့် မခြား အမရပူရရွှေမြို့တော်ကြီး ကောင်းစားစဉ်အခါက ရှေးဖြစ်ဟောင်းတို့ကို အောက်မေ့ ထင်မြင်ကာ။
"ထောင်ရောင်နေ၊ မှောင်မှောင်ချွေ၊ နန်းအမရ ရွှေဘုံမြေ။ ရဝေရဝေနန်းမ ထွန်းပပါ လို့လေး။ သက ငယ်မဉ္ဇူ၊ မွှေးတည့်မွှေးလှိုင်ကြူ၊ ဇမ္ဗူခွန်ယူ၊ ၀ှန်ဆူဖြန့်မိုး၊ အုန်းပင် အုန်းချိမ့်စိုးပါလို့လေး။ သာမျိုးသာ မျိုးပတ်ရန်၊ တောင်တည့်တောင်သမန်။ ဆဒ္ဒန် ဆဒ္ဒန် ကြာတော၊ ရေကြည်ဇောင်းကလေးငယ်နှင့်၊ အံ့သြကုန်နိုင်ဖွယ်လေတည့်မှ၊ လျှံညီးအောင် ပင်လယ်၊ ရှုဖွယ်နက်ကျယ်၊ ရှုဖွယ်သာခင်း။ နန္ဒာမြ အဆင်းငယ်နှင့်၊ မြစ်မင်းဧရာရုံလေ တည့်မှ၊ ပျော်ခင်းသည်သာဆုံ၊ သောင်းလုံးကြေးမုံ၊ရွှေဘုံရွှေနန်း။ သော်တာ သစ်သစ်ကယ် ဆန်းသည်သို့၊ မင်းခမ်းရွှေညီလာ လေတည့်မှ မင်းခမ်းရွှေညီလာ"ဟူသော အမရပူရ ရွှေပြည်တော်ဘွဲ့ ကြိုးသီချင်းကြီးကို လေးလေးတွဲ့တွဲ့ ကျူးရင့်သီဆို၍ အဆုံးတွင်တစ်ဖန် ဆက်လက်ကာ။
"သီတာသီတာမြအေး၊ ကြာကြာကြာငါးပါး၊ ကမ်းနားဝန်းကျင်၊ ငွေသဲပြင်လေတည့်တည့်မှ ပျော်ခြင်းဖွယ်၊ မြစ်တွေးမြစ်တွေးစင်ရော်၊ ကျူးရင့်ကျူးသံကြော်၊ ငှက်တော်လေ ကြိုးကြာ၊ ကျူးရင့်ရင့်ကာ၊ ဟင်္သာလေ ဆောင်တင်း၊ ရွှေပိန်ညင်း။ တူစုံနွှဲလို့ ၀ဲကာပျံလေတည့် ၀ဲကာပျံ"
အောက်ကငယ်ငယ်ကြီးသီချင်း တစ်ပုဒ်ကို ထပ်မံသီဆိုလိုက်သောကြောင့် ခင်ခင်ကြီးမှာ ကျေနပ်နှစ်သိမ့်စွာနှင့် မောင်မောင်ငယ်အား ပြုံးချိုသော မျက်နှာထားကလေးနှင့် ကြည့်နေ မိရှာသည်တွင် မောင်မောင်ငယ်မှာ လှပုံတွေတဆင်တဆင်ခွဲပြီး မြင်ဆဲမြင်ဆဲတွင်ပင် တစ်သွင်တစ်နည်းပြောင်း၍ လာသည် ထင်ရသည့် ယဉ်ပေါင်းချုပ် လှမကိုဋ်ကလေး၏ ရူပါရုံညှို့ဓာတ်တွင် စိတ်ဝင်စား၍ သွားမိ ပြန်သော ကြောင့် အာဝဇ္ဇန်းရွှင်ရွှင်နှင့် ကဗျာမူ ကျွမ်းကျင်သူဖြစ်သည့် အားလျော်စွာ ဂေါရီရွယ်ဝင်စ ကညာ စင်ဘ၀သို့ မကူးတကူး အလှကျက်သရေ ကွန့်မြူးချိန်အရွယ်၊ နှမသယ်ခင်ခင်ကြီးကလေး၏ အဆင်း သဏ္ဍာန် ကြန်အင်လက္ခဏာကို တိတိကျကျရေးသော တေးထပ်တစ်ပုဒ်ကို ရုတ်တရက်စပ်မည်ဟု ကြံစည်စိတ်ကူး မိရှာပြီးမှ "ဟယ်....မယ်ဘွဲ့မြှောက်ပင့်တေးထပ်တွေ ဘာတွေရေးစပ်တယ် ဆိုသည်မှာ တစ်ရံဆံ မိန်းမပျိုတစ်ယောက်ကိုသာ ပဉ္စငါးပါးခြုံ၍ အလုံးစုံနှိုက်နှိုက်ချွတ်ချွတ် ကြည့်ရေးရ ကောင်းပေ မည်။
ယခုလိုကိုယ့်နှမလေး စေ့စေ့ကြည့်၍ရေးရလျှင် မရိုးမဖြောင့် သောစိတ်များကို အားပေး အားမြှောက် ပြုရာရောက်မှာ မတော်ပါဘူးလေ။ စောစောက လည်း ငါ၏စိတ်များ တစ်မျိုးတစ်ဖုံ ဖြစ်သွားသေးတယ်။ ခင်အကြီးချောပုံ လှပုံကို ယနေ့မှ စ၍ ငါမစဉ်းစားတော့ပြီ။ မစဉ်းစားတော့ပြီ။ တော်ပြီ၊ တော်ပြီ။ သူ့ခမျာမှာတော့ ဘာမသိ ညာမသိနှင့် ငါ့ကိုမောင်ကြီးအရင်းတမျှ ချစ်ခင်ဆိုးနွဲ့နေရှာသည်ကို ငါသည် ပြင်ပမှ ၀င်လာသည့် ယုတ်ညံ့သောဓာတ်များ လက်ခံထားလျှင် အင်မတန်တရားမဲ့ရာကျချေမည် "ဟု အလီလီစိတ်ကို ဖိနှိပ်ကာ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့ရာမှ မကြာမီ ဇောင်းကလော ကန်ခြေသို့ လှေဦးတိုက်မိလေတော့၏ ။
(ဒိုင်းခင်ခင်ကြီး၏ ချောကြောင်း၊ လှကြောင်းမှာ စာဖတ်၍ကောင်းရုံ၊ ၀တ္တုပါဇာတ်လိုက်များ ကို ချီးကျူး ထားသည့် ထုံးစံအတိုင်း ရေးရိုးရေးစဉ်ရေးရခြင်းမဟုတ်ပေ။ လက်ထက်တော် ကလေး မီလိုက်သူတိုင်း ဒိုင်းခင်ခင်ကြီး၏ တအံ့တသြ ချောမောလှပကြောင်းကို ယနေ့တိုင်နှုတ်မဆိတ်ပြောလျက် ရှိကြသေး သည်ကို ထောက်၍ မည်မျှလောက်လှပ ယဉ်ကျေးရှာသူကလေးဖြစ်ကြောင်း အကဲဖြတ်နိုင်ပေတော့သည်။) (ကောက်ချက်)
ထို့နောက် မောင်မောင်ငယ်နှင့် ခင်ခင်ကြီးတို့လည်း ကြာပန်းစည်းများကို အသီးအသီး ယူဆောင်ကာ ငနွဲ့ကြီးကို နောက်ပါခေါ်လျက် ကမ်းနဖူးသို့ တက်ခဲ့ပြီး ကျောက်တော်ကြီး ဘုရားသို့ ရှေးဦးစွာ သွားရောက် ဖူးမြော် ကန်တော့ကာပါလာသော ကြာပန်းများကို ကပ်လှူလပ်လှူပြီး အသီးသီး လိုရာဆု ကိုတောင်းဆိုကြရာတွင် ခင်ခင်ကြီးမှာ နိဗ္ဗာန်မဂ်ဗိုလ် ရက်တိုတိုနှင့်ရောက်ရပါစေကြောင်း။ ထုံးစံ အတိုင်း ဆုတောင်းမိသည်တိုင်အောင် မောင်မောင်ငယ်တွင်ကား ယခုကဲ့သို့ နှစ်ဦးယှဉ်၍ ကြာပန်းခိုင် တို့ကို မြတ်စွာဘုရား ရုပ်ပွားတော်ရှေ့တွင် ကပ်လှူရသော တိတ်နိမိတ်နှင့် အဓိပ္ပာယ်ကို အကျယ် ကောက်ခါ ငြိမ်သက်နေသော စိတ်တို့ရုတ်တရက် နှိုးဆွပေးသလို လှုပ်ရှားလာပြန်သောကြောင့် ကရုဏာ နှင့်သဒ္ဓါကဲဆင့်သော မျက်နှာဖြင့်လေးနက်ကြင်နာစွာကြည့်ပြီး။
"ခင်အကြီးရေ...ဘုရားရှိခိုးပြီးပြီလား၊ ကြာပန်းတွေလှူရင်းဆုတောင်းနော်"
ပြောလိုက်သောအခါ ခင်ခင်ကြီးက သွက်လက်စွာ....
"ခင် ဘုရားလည်းရှိခိုးပြီးပြီ၊ ကြာပန်းလည်းကပ်လှူပြီးပြီ၊ ဆုလည်းတောင်းပြီးပြီ၊ အစ်ကိုကော ဆုမတောင်းဘူးလား"
ရိုးရိုးသားသားပြန်ပြောသည်တွင် မောင်မောင်ငယ်မှာ ခင်ခင်ကြီးကို ပြုံးလျက်...
"အစ်ကိုလည်း ဆုတောင်းပြီးပါပြီ၊ ခင်နှင့် အစ်ကိုတို့သည်လို မကြာခဏကြာပန်းလှူနိုင်ပါ စေလို့ ဆုတောင်းလိုက်တယ်။ ခင်ကော ဘယ်လိုဆိုတောင်းသလဲ"
"အို....ဟုတ်ပါလေရဲ့ အစ်ကို၊ ခင်မေ့ပြီးဒီလိုဆုမတောင်းလိုက်မိဘူး။ နိဗ္ဗာန်မဂ်ဗိုလ်ကို ရက်တိုတိုနှင့် ရောက်ရပါစေ ဘုရားလို့သာ ဆုတောင်းဦးမယ်နော်"
ဆိုကာ နောက်တစ်ကြိမ်ပြန်၍ ဆုတောင်းနေရှာလျှင် မောင်မောင်ငယ်သည် မိမိစိတ်ရိုင်းများ လှုံ့ဆော်ချောက်ချားမှုကြောင့် ရည်ရွယ်ချက်တစ်မျိုးနှင့် လွှတ်ခနဲ မရိုးမသားပြောလိုက်မိသည်တွင် လောက အကြောင်းများကို ကောင်းစွာနားမလည်ရှာ သေးသော အပြစ်ကင်းမဲ့သည့် ကလေး အမိုက်အရွယ်မှာ ဘယ်သို့ဘယ်ညာမတွေးတော တတ်ရှာသေးရုံမက ငယ်စဉ်ကစ၍ တစ်အူတုံ့ဆင်း မောင်ကြီး အရင်းဟု ရိုးသားသော စိတ်ရင်းအတိုင်း ယုံကြည်စိတ်ချစွာ ယခုကဲ့သို့ မောင်နှမမကြာခဏ ရောက်လာနိုင်ပါစေ ကြောင်းဖြင့် စိတ်အားထက်သန်စွာ ဆုတောင်နေရှာသည်ကို မောင်မောင်မယ်မှာ ရင်ထုမနာ ကြည့်လျက် မိမိနှုတ်မှ မရိုးမသားအဓိပ္ပာယ်ဆန်းများပါသော စကားကို ထွက်ရက်လေစွ တကားဟု အများကြီးနောင်တရသွားမိပြန်လေ၏ ။
ထိုမှတစ်ဖန် တောင်မင်းကြီး နေပူခံဘုရားသို့ဝင်ဖူးကြပြီး ဦးပိန်တံတားတွင် ခေတ္တခဏ ရပ်၍ ကြည့်ကာ လှေငယ်ရှိရာရေဆိပ်သို့ ပြန်လာကြသည်တွင် ခင်ခင်ကြီးမှာ ဘုရားပရိ ၀ုဏ်မှ ထွက်ကတည်းက ဖိနပ် မစီးခဲ့သဖြင့် ရေဆိပ်သို့အကူးတွင် ရုတ်တရက် ဆူးကလေး စူးကာ....
"အမလေး...အစ်ကိုရဲ့"ဟု အော်လျက်ရုတ်တရက် ပုံကျသွားရှာသဖြင့် အတူပါသော မောင်မောင်ငယ်မှာ ကပျာကယာနှင့်.....
"ဟင်....ခင်ဘာဖြစ်သွားသလဲ"
ယုယစွာ ဖက်တွဲလိုက်သည်တွင် ခင်ခင်ကြီးမှာ ငိုမဲ့မဲ့မျက်နှာကလေးနှင့် ခြေဖ၀ါးကလေးကို နှိပ်နယ်ခါ.....
"ဆူးစူးသွားတယ် အစ်ကိုရဲ့၊ ဟောဒီမှာကြည့်ပါဦး၊ အသားထဲမှာနစ်ဝင်နေတာပဲ" ဆိုသောကြောင့်
"အို...ဖြစ်မှဖြစ်ရလေ ခင်ရယ်။ ဖယ်....အစ်ကိုနုတ်ပစ်လိုက်မယ်၊ မနာပါဘူးနော်။ ကိုင်း.... ကောင်းသွားပြီမဟုတ်လား"
ဆူးကိုဖျတ်ခနဲနုတ်ကာ သွေးစို့ရာကလေးကို လက်နှင့်ဖိနှိပ်ပေးလိုက်သည့်တိုင်အောင် ခင်ခင်ကြီး မျက်နှာ ကလေး မှာ အမဲ့မပြေပျောက်သေးဘဲ ခြေကလေးကို တဖြည်းဖြည်းဆွဲမ ပြီး မြေကြီးချ၍ ရပ်ကြည့်ရာက ဆတ်ခနဲ ပြန်ကျသွားပြန်ကာ.....
"အို....နာနေပြီ၊ ခင်ကြီးသွားလို့မရဘူး၊ ဒီဆူးကကြံကြံဖန်ဖန် ခင့်ကိုမှလာစူးတတ် လေတယ်"
ဆူးကိုပင် မုန်းမာန်ဝင်၍ ပြစ်တင်သယောင်ယောင် ပြောနေသောအခါ မောင်မောင်ငယ်မှာ မနေ သာတော့သဖြင့် ခပ်ပြုံးပြုံးမျက်နှာထားနှင့်ပင်.....
"ကဲ....ကဲ ခင်လမ်းမလျှောက်နိုင်လျှင် အစ်ကိုလှေပေါ်ကို ပွေ့၍တင်ပါမည် ခင်ရယ်"
ဆိုကာ ခင်ခင်ကြီး၏ ကြော့ရှင်းသေးသွယ် ကလေးငယ်တမျှသော ကိုယ်ကာယကလေးကို အသာအယာ ဖေးမပွေ့ယူခဲ့ပြီး လှေထဲသို့ဖြည်းညင်းသက်သာစွာ တင်ပေးလိုက်ရသည့် တစ်ခဏ၌ ကျပ်တည်းစွာ ဖိနှိပ်ကွပ်ကဲ ထားခဲ့သော စိတ်မိုက် စိတ်ရိုင်း စိတ်မုန်တိုင်းတို့မှာ အတိုင်းအရှည်အကန့်အသတ်မရှိ ဆည်ကျိုးသည်က တာတမံအလား အရှိန်များစွာနှင့် ဘွားခနဲတိုးဝင်လာတော့သဖြင့် လက်လျှော့ကာ အရှုံးပေးပြီး ဘာမျှမသိတတ်ရှာတတ်သူ ခင်ခင်ကြီး၏ ချစ်စဖွယ်မျက်နှာကလေးကို တငေးငေး စိုက်ကြည့်ရင်း၊ ဇောင်းကလော အင်းရေပြင်ပေါ်တွင် လှေယာဉ်စီးလျက် တစ်ဖက်ကမ်းမှ စခန်းချရာသို့ ပြန်ခဲ့ရ လေတော့၏။
အခန်း (၂၄) ဆက်ရန်
.
No comments:
Post a Comment