ကဗျာဆရာ အီဆာ
ကလေးများသည် ဆရာကြီးကို 'အီဆာကိုဘာယာရှီ' ဟု ခေါ်ရန် နှစ်သက်ကြသည်။ သူတို့သည် ဆရာကြီး အကြောင်းကို အောက်ပါအတိုင်း ကဗျာစပ်ထားကြသည်။
အီဆာကိုဘာယာရှီ
အီဆာသည် ကျွန်ုပ်တို့၏ အဘိုးအို ဖြစ်သည်။
သူ၏ ထိပ်မှာ ပြောင်ချောနေပါသည်။
ဆရာကြီးသည် ကိုဘာယာရှီ မျိုးရိုးစဉ်ဆက်မှ ပေါက်ဖွားလာသူ ဖြစ်သည်။ ၁၉-ရာစု၏ ထင်ရှားသော ကဗျာဆရာ အီဆာကိုဘာယာရှီ ၏ အမည်အတိုင်းပင် ဖြစ်သည်။ ဆရာကြီးသည် အီဆာ၏ ကဗျာများကို နှစ်သက်သူ ဖြစ်သည်။ သူသည် အီဆာ၏ ကဗျာများမှ အချို့စာကြောင်းများကို ကောက်နုတ်၍ ရွတ်ဆို ပြတတ်သည်။ ထို့ကြောင့် ကလေးများသည် ကဗျာဆရာအီဆာကို မမြင်ဘူး ကြသော်လည်း ဆရာကြီးအပေါ် သူတို့ ခင်တွယ်သလို အီဆာကိုလည်း ခင်မင်တွယ်တာမိသည်။
ဆရာကြီးသည် အီဆာ၏ ကဗျာများကို နှစ်သက်သည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ကဗျာများ သည် အမှန်တရားကို ရိုးရိုးရှင်းရှင်း ရေးဖွဲ့ထားသော ကဗျာများဖြစ်သောကြောင့် ဖြစ်သည်။ ဆရာကြီးသည် အခြေအနေ ပေးလျှင်ပေးသလို သူ၏တပည့်များအား အီဆာ၏ ကဗျာများကို သင်ကြားပို့ချသည်။ ကလေး များသည် အလွတ်ရအောင် ကျက်ကြရသည်။
ဥပမာအားဖြင့် -
အင်အားချည့်နဲ့သော ဖားငယ်
သင်ဘယ်တော့မှ အရှုံးမပေးပါနှင့်
သင့်အနီးက ဤနေရာမှာ အီဆာ ရှိသည်။
အပျံသင်ခါစ စာကလေးတွေ
လမ်းဖယ်ပေး - လမ်းဖယ်ပေး
ဂုဏ်ကြီးမြင့်တဲ့ မြင်းကြီးအတွက် လမ်းဖယ်ပေး။
ယင်ကောင်လေးကို ချမ်းသာပေးပါ
လက်များ ခြေများကို လိမ်ဖယ် လိမ်ဖယ် လုပ်နေပါတယ်။
သင့်ထံက ကြင်နာသနားမှုကို သူအနူးအညွတ်ကို တောင်းဆိုပါတယ်။
ကျော်ငးအုပ်ဆရာကြီးသည် တစ်ခါတုန်းက သီချင်းတစ်ပုဒ် စပ်ခဲ့သည်။ သူတို့အားလုံး ထိုသီချင်းကို ဆိုကြရသည်။
ကျွန်ုပ်နှင့် အတူတူလာကစားပါ
မိဘမဲ့သူ စာကလေး တွေရယ်
သင်တို့မှာ အမေ မရှိဘူးကွယ် ...။
ဆရာကြီးသည် သူ၏တပည့်များအား ပြောလေ့ရှိသည်။
"မင်းတို့စဉ်းစားလို့ရတဲ့ အကြောင်းအရာ၊ ဘယ်အကြောင်းအရာကိုမဆို ရိုးရိုးကလေးသာ စဉ်းစား ပြီး ရေးကြပါ၊ ဖွဲ့ဆိုကြပါ"
ကူဟွန်းဘတ်စု ဘုရားကျောင်းသို့ သွားသည့်အခါ၌ ဖြစ်စေ၊ မိုးရွာသဖြင့် သူတို့တတွေ တစုတဝေး အပြင်ထွက် မကစားနိုင်ကြသောကြောင့် စုဝေးခန်းမကြီး၌ တစုတဝေးတည်းရှိနေစဉ်အခါ၌ဖြစ်စေ၊ တိုမို ကျောင်း၏ အီဆာကိုဘာယာရှီသည် သူ၏တပည့်များကို ကဗျာများအကြောင်း ပြောပြလေ့ ရှိ၏။
အီဆာ၏ကဗျာအချို့သည် တိုမိုကျောင်းအတွက် အထူးတလည် စပ်ဆိုထားခဲ့လေရော့သလားဟု ထင်မှတ် စရာပင်။
ဆီးနှင်းများ အရည်ပျော်လာချေပြီ၊
ရုတ်တရက်ဆိုသလို ကျေးရွာတစ်ရွာလုံး
ကလေးသူငယ်များနှင့် ပြည့်နေပါပြီ။
သိပ်ထူးဆန်းတာပဲ

တော့တိုး-ချန်သည် သူမဘ၀တွင် ပထမဆုံးအကြိမ်အဖြစ် ပိုက်ဆံကောက်ရဖူးသည်။ ပိုက်ဆံကို ကျောင်းမှ အိမ်သို့အပြန် မီးရထားပေါ်၌ ကောက်ရခြင်း ဖြစ်သည်။ သူမသည် အိုအိမာချိမီးရထားကို ဂျီယူဂါအိုကာ ဘူတာရုံတွင် စီးသည်။ နောက်တစ်ဘူတာဖြစ်သော မီဒိုရီဂါအိုဂါဘူတာရုံသို့ မရောက် မီ ရထားလမ်းသည် ကွေ့ကောက်လျက်ရှိရာ၊ ထိုနေရာသို့ ရောက်လျှင် ရထားသည် အနည်းငယ် စောင်းသွားပြီး၊ "ကလက်-ကလက်-ကလက်"ဟူသော အသံများ ရထားတွဲအောက်ပိုင်းနေရာများ မှ ပေါ်ထွက်လာလေ့ရှိသည်။
တော့တိုး-ချန်သည် ရထားစောင်းသွားချိန်တွင် ယိုင်လဲမသွားရန် သူမ၏ ခြေထောက်များဖြင့် သူမကိုယ်ကို ထိန်းထားရသည်။ ရထားစီးသည့်အခါ၌ သူမသည် ရထား၏ နောက်ဆုံးတွဲ လက်ယာဘက် တံခါး ပေါက်နားတွင် အစဉ်အမြဲရပ်၍ ရထားခေါင်းတွဲပိုင်းသို့ မျက်နှာ မူပြီးလိုက်ပါလေ့ ရှိသည်။
ထိုနေ့က မီးရထားစောင်းသွားသည့်အခါ ခါတိုင်းကဲ့သို့ပင် "ကလက်-ကလက်" အသံများ ထွက်ပေါ် လာခိုက် တော့တိုး-ချန်သည် သူမခြေထောက်အနီး၌ ပိုက်ဆံနှင့်တူသော အရာတစ်ခုကို သတိပြု လိုက်မိ သည်။ ယခင်တစ်ခါကလည်း သူမသည် ပိုက်ဆံဟုထင်ပြီး ကောက်ယူကြည့်လိုက်ရာ ပိုက်ဆံ မဟုတ်ဘဲ ကြယ်သီး ဖြစ်နေသည့် အဖြစ်မျိုးနှင့် ကြုံခဲ့ရဖူးလေသည်။
ထို့ကြောင့် ယခု တစ်ကြိမ်တွင်တော့ အသအေချာကြည့်မှ ဖြစ်မည်ဟု စဉ်းစားမိသည်။ ဖြောင့်တန်းသော မီးရထား လမ်းကြောင်းပေါ်သို့ မီးရထားပြန်ရောက်သောအခါ သူမသည် ခေါင်းငုံ့၍ အသေအချာ ကြည့်လိုက် သည်။ ပိုက်ဆံမှပိုက်ဆံအစစ် ငါးဆင့်ပိုက်ဆံစေ့တစ်စေ့။ ထိုပိုက်ဆံသည် သူမအနီး ပတ်ဝန်း ကျင်ရှိ ခရီးသွားတစ်ဦးဦးထံမှ ထွက်ကျပြီး ရထားစောင်းသွားစဉ် သူမအနီးသို့ လိမ့်လာလေ ရော့သလား၊ သို့သော်လည်း သူမအနီး၌ မတ်တတ်ရပ်နေသော ခရီးသွားတစ်ယောက်ဆို တစ်ယောက်မျှ မရှိ။
သူမ ဘာလုပ်ရပါ့မလဲဟု စဉ်းစားလိုက်သည်။ ထိုအခိုက် သူမသည် "ပိုက်ဆံကောက်ရရင် ရဲသား တစ်ယောက် ယောက်ထံ အပ်ရမယ်" ဆိုသည့် သူများပြောစကားကို အမှတ်ရလိုက်သည်။ သို့သော် ရထားပေါ်၌ ရဲသားဆို၍ တစ်ယောက်မျှမရှိ။ ထိုအချိန်တွင် မီးရထားလက်မှတ်သိမ်းသည့် သူ၏ အခန်း တံခါးကို ဖွင့်၍ အပြင်သို့ ထွက်လာသည်။ သူသည် တော့တိုး-ချန်ရှိရာ တွဲသို့ ၀င်လာသည်။ တော့တိုး-ချန် သည် သူမ၏ ညာခြေဖ၀ါးကို ပိုက်ဆံစေ့ပေါ်သို့ ရွှေ့လိုက်သည်။ သူမအနေဖြင့် ဤသို့ဘာကြောင့် ပြုလုပ် လိုက်ရသည်ဆိုသည်ကို မစဉ်းစားတတ်အောင် ဖြစ်မိသည်။ လက်မှတ် သိမ်းသည် သူမကို ကောင်းစွာ သိသည်။ သူသည် သူမကို ပြုံးပြလိုက်သည်။ သို့သော်လည်း တော့တိုး-ချန်သည် သူ့ကို စိတ်ပါလက်ပါ ပြန်မပြုံးပြနိုင်။
အဘယ့်ကြောင့်ဆိုသော် သူမ၏ ညာဘက်ဖြေ၀ါးအောက်၌ရှိသည့် အရာအတွက် သူမသည် စိတ်လေးနေသောကြောင့် ဖြစ်သည်။ သူမသည် သွားပေါ်ရုံကလေး ပြုံးပြလိုက်သည်။ ထိုအခိုက် မီးရထားသည် အုကာရာမဘူတာရုံ၌ ရပ်လိုက်သည်။ သူမသ်ည ရှေ့ဘူတာရောက်မှ ဆင်းရမည် ဖြစ်သ်ည။ သူမ၏ ဘယ်ဘက်တံခါးများ ပွင့်သွားသည်။ လူများတိုးဝှေ့ တက်သွားကြသည်။ သူမဟိုယိုင်သည်ယိုင် ဖြစ်သွားသည်။ တော့တိုး-ချန်သည် သူမ၏ ခြေဖ၀ါးကို ရွှေ့ပစ်ရန် စိတ်မကူးမိ။ သူမသည် နဂိုနေရာ၌ပင် ပေကပ် ပြီး ရပ်နေလိုက်သည်။ ဤသို့ ရပ်နေရင်း သူမဘာဆက်လုပ်ရမည်ကို အကြံထုတ်နေမိသည်။
သူမရထားပေါ် ဆင်းခါနီးတွင် ပိုက်ဆံကို ကောက်ယူလိုက်မည်။
ပြီးလျှင် ရဲသားတစ်ယောက် ယောက်ထံ အပ်နှံလိုက်မည်။ ဤတွင် စဉ်းစားစရာ တစ်ချက်က ရှိလာ ပြန်သည်။ လူကြီး တစ်ယောက်ယောက်က သူမ ပိုက်ဆံ ကုန်းကောက်လိုက်သည်ကို မြင်လျှင် သူမကို သူခိုးဟု ထင်ပေလိမ့်မည်။ ထိုအချိန်ထိုအခါက ပိုက်ဆံငါးဆင့်ဖြင့် ချောကလက်အထုပ်ငယ်တစ်ထုပ်၊ သို့မဟုတ် သကြားခဲအထုပ်တစ်ထုပ် ၀ယ်စားနိုင်၏။ ပိုက်ဆံငါးဆင့်သည် လူကြီးများအဖို့ မများ သော်လည်း တော့တိုး-ချန်တို့လို ကလေးများအဖို့တော့ များပေသည်။ ထို့ကြောင့် သူမ စိတ်ပူပန် နေခြင်း ဖြစ်မိသည်။
"ဟုတ်ပြီ၊ အကြံရပြီ၊ ဒီလိုလုပ်မယ်၊ 'ကျွန်မရဲ့ ပိုက်ဆံကျသွားတယ်'လို့ ပြောပြီး ပိုက်ဆံကို ကောက် ယူလိုက်မယ်၊ ဒီလိုဆိုရင် ကိုယ့်ပိုက်ဆံကိုယ်ကော်ကတာပဲဆိုတော့ ဘယ်သူမှ ဘာမျှ ပြောကြမှာ မဟုတ်ဘူး"
တော့တိုး-ချန်သည် ထိုကဲ့သို့ စိတ်ကူးလိုက်ပြန်သည်။
သို့သော်လည်း အခြားစဉ်းစားစရာ တစ်ချက်က သူမခေါင်းထဲသို့ ရောက်လာပြန်ပြီ။
"အဲဒီလို ပြောလိုက်တော့ အသံကြားသူတွေက မိမိကို ကြည့်ကြမယ်၊ အဲဒီအခါမှာ တစ်ယောက် ယောက် ကများ 'အဲဒါ ငါ့ပိုက်ဆံ'လို့ ပြောရင် ဘယ်လိုလုပ်ရပါ့မလဲ"
သူသ်ည အမျိုးမျိုးတွေးတောပြီးနောက် ဆုံးဖြတ်ချက်တစ်ခုကို ယတိပြက်ချလိုက်သည်။ သူမ ဆင်းရမည့် ဘူတာနားရောက်ခါနီးတွင် သူမကိုယ်ကို ကုန်းလိုက်ပြီး ဖိနပ်ကြိုးပြင်ချင်ယောင် ဆောင် လိုက်မည်။ ပြီးလျှင် ပိုက်ဆံကို လက်တစ်ဖက်ဖြင့် ကောက်ယူလိုက်မည်။ သူမသည် ထိုအတိုင်ပင် ပြုလုပ်လိုက်လေတော့သည်။ ရထားပေါ်မှ လူသွားစင်္ကြံပေါ်သို့ ဆင်းလိုက်ချိန်တွင် သူမ တကိုယ်လုံး ချွေးပြန်နေသည်။ ပိုက်ဆံကို လက်ဝယ် ဆုပ်ကိုင်ထားရင်း သူမသည် ပန်းလျလျ ဖြစ် နေသည်။ ရဲစခန်းမှ အလွန်ဝေးသောနေရာ၌ ရှိသည်။ ထိုပိုက်ဆံကို သွားပေးလျှင် အိမ်အပြန် နောက်ကျမည်။ အမေ စိတ်ပူနေလိမ့်မည်။
သူမသည် ဘူတာရုံရှိ လှေကားထစ်များကို ခပ်ပြင်းပြင်းနင်းရင်း ဦးနှောက်ကို အလုပ်ပေးပြီး အောက်ပါ ဆုံးဖြတ်ချက် ကို ချလိုက်သည်။
"ဒီပိုက်ဆံစေ့ကို ဘယ်သူမှ မမြင်နိုင်တဲ့ လုံခြုံတဲ့နေရာမှာ ထားလိုက်မယ်၊ မနက်ဖြန် မနက်ရောက် ရင် ဒီပိုက်စေ့ကို ကျောင်းကို ယူသွားမယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာကို လူတိုင်းဆီက အကြံ တောင်းမယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ကို ပြကိုပြရမယ်၊ ဘာကြောင့်လဲဆိုတော့ ဘယ်သူမှ ပိုက်ဆံ ကောက်ရဖူးခြင်း မရှိသေး လို့ပဲ"
ပိုက်ဆံကို မည်သည့်နေရာ၌ ၀ှက်ထားရင်ကောင်းမလဲ၊ သူမ စဉ်းစားလိုက်ပြန်သည်။ အိမ်ကို ယူသွားရင် အမေက ဟိုမေးသည်မေး မေးမှာ သေချာသည်။ ထို့ကြောင့် တနေရာရာတွင် ၀ှက်ထား မှ ဖြစ်မည်။
သူမသည် ဘူတာရုံအနီးရှီ ချုံဖုတ်များ ပေါက်ရောက်နေသော နေရာသို့ တက်သွားသည်။ ထို နေရာ၌ သူမကို မည်သူမျှ မမြင်နိုင်။
မည်သူမှ ထိုနေရာသို့လာရန် အကြောင်းမရှိဟု သူမ ထင် သည်။ လုံခြုံသော နေရာတစ်နေရာ ဖြစ်သည်။ သူမသည် တွင်းကလေးတစ်တွင်း ဖြစ်သွားအောင် တုတ်ချောင်းကလေးတစ်ချောင်းဖြင့် တူးလိုက်သည်။ ကောက်ရသော ပိုက်ဆံကို တွင်းထဲထည့် လိုက်ပြီး မြေကြီးပြန်ဖို့လိုက်သည်။ ၎င်းနောက် သူမသည် အုတ်ခဲ တစ်လုံးရှာ၍ ထိုနေရာ၌ အမှတ် အသားသဖွယ် ထားရှိလိုက်သည်။ ပြီးလျှင် သူမသည် အိမ်သို့ ဒုန်းစိုင်း ပြီး ပြေးသွား လေတော့ သည်။
ယခင့်ယခင်ညများတွင် တော့တိုး-ချန်သည် အိပ်ရာသို့ မ၀င်မီ ကျောင်းအကြောင်းကို မနားတမ်း ပြောလေ့ ရှိသည်။ အမေက "အိပ်ချိန်ရောက်ပြီ"ဟု ပြောသောအခါမှ သူမအိပ်ရာသို့ ၀င်သည်။ ယနေ့ညတွင်မူ သူမသည် စကား များများမပြောဘဲ အိပ်ရာသို့ အစောကြီးဝင်လိုက်လေတော့သည်။
နောက်တစ်နေ့ နံနက်စောစောတွင် တော့တိုး-ချန်သည် သူမ၌ အလွန်အရေးကြီးသော အလုပ်ကြီး တစ်ခု လုပ်ရန် ရှိသေးပါကလားဟူသော ခံစားချက်ဖြင့် အိပ်ရာမှနိုးလာသည်။ သူမ၏ လျှို့ဝှက် ရတနာ အကြောင်း ကို သတိရလိုက်သည်နှင့် သူမသည် အလွန်ပျော်သွားသာ်။
သူမသည် ခါတိုင်းသွားနေကျ အချိန်ထက်စော၍ အိမ်မှထွက်လာသည်။ ရော့ကီနှင့်အတူ ချုံဖုတ် ဆီသို့ ပြေးသွား သည်။
"ဒီနေရာမှာ - ဒီနေရာမှာ"
ကျောက်ခဲတုံးအမှတ်အသားသည် သူမထားခဲ့သည့်အတိုင်း ရှိနေသည်။
"ချစ်စရာ ကောင်းတဲ့ အရာတစ်ခုကို နင့်ကိုငါပြမယ်"
သူမက ရော့ကီကို ပြောလိုက်သည်။ သူမသည် ကျောက်ခဲကို ဖယ်ရှား လိုက်ပြီးနောက် မြေကြီးကို သတိထား ၍ တူးသည်။ သို့သော် သူမ ၀ှက်ထားခဲ့သော ပိုက်ဆံသည် အံ့သြဖွယ်ကောင်းလောက် အောင် ပျောက်သွား လေပြီ။ သူမသည် ယခုတစ်ကြိမ်လောက် တစ်ခါမျှ အံ့သြခြင်း မဖြစ်ခဲ့ဖူးချေ။ ပိုက်ဆံစေ့ကို သူမ လာဝှက်စဉ်က တစ်ယောက်ယောက်များ တွေ့သွားလေရော့သလား။ သူမ စဉ်းစားကြည့်သည်။ သို့မဟုတ် တစ်ယောက်ယောက်ကများ ကျောက်ခဲတုံးကို နေရာရွှေ့ထား လိုက်လေရော့သလား။ ပတ်ပတ် လည် နေရာအနှံ့တွင် သူမ တူးဆွကြည့်သည်။
သို့သော် ပိုက်ဆံစေ့ ကို ဘယ်လိုမှရှာမတွေ့။ တိုမိုကျောင်းမှ သူမ၏သူငယ်ချင်းများကို မပြနိုင်သည့်အတွက် စိတ် မကျေမနပ် ဖြစ်မိသည်။ ထို့ထက်ပိုဆိုးသည်မှာ ဤထူးဆန်းဖွယ်ရာကောင်းသော အဖြစ်အပျက်ကို သူမ အစဉ် သတိရနေခြင်းပင် ဖြစ်သည်။
ထို့ကြောင့် သူမသည် ထိုနေရာကို ဖြတ်သွားသည့်အခါတိုင်း ချုံဖုတ်များ ရှိရာပေါ်သို့ တက်သွားပြီး မြေကြီး ကို တူးကြည့်သည်။ သို့ရာတွင် ပိုက်ဆံစေ့ကို ဘယ်လိုမှ ပြန်မတွေ့တော့။
"ပွေး တစ်ကောင်ကောင်များ ယူသွားလေရော့သလား"ဟု သူမ တွေးမိသည်။ ဒါမှ မဟုတ်ရင်လဲ သူမ အိပ်မက် မက်နေလေရော့သလား။ ဒါမှမဟုတ် သူမ ပိုက်ဆံဝှက်လိုက်တာကို ဘုရားသခင် တွေ့နိုင်သည်။
သူမ အနေဖြင့် ဘယ်လိုပင် စဉ်းစားစဉ်းစား၊ ထူးဆန်းအံ့သြဖွယ်ကောင်းသည်ကတော့ အမှန်ပင် ဖြစ် သည်။ ဤထူးဆန်း အံ့သြဖွယ်ရာကောင်းသော အဖြစ်အပျက်ကို သူမ ဘယ်တော့မှ မမေ့နိုင်တော့ ပါ။
လက်များနှင့် စကားပြောခြင်း
မွန်းလွဲပိုင်း အချိန်တစ်ချိန် ဖြစ်သည်။ ဂျီယူဂါအိုတာ ဘူတာရုံရှိ လက်မှတ်ရောင်းသည့် နေရာအနီး၌ တော့တိုး-ချန်သည် သူမထက် အသက်အနည်းငယ်ပိုကြီးပုံရသည့် ယောက်ျားကလေးနှစ်ယောက် နှင့် မိန်းကလေး တစ်ယောက်ကို တွေ့ရသည်။ သူတို့သည် 'ကျောက်ခဲ၊ စာရွက်၊ ကတ်ကြေး' ကစား နည်းကို ကစား နေကြဟန် တူသည်။ သူတို့သည် သူတို့၏ လက်ချောင်းကလေးများဖြင့် အမှတ် အသားအမျိုးမျိုး ပြုလုပ် နေကြသည်ကို သူမ သတိပြုမိသည်။ ကြည့်လို့အလွန် ကောင်းပါသည်။ ပို၍ ထင်ထင်ရှားရှား မြင်နိုင် ရန် သူမသည် ရှေ့သို့ အနည်းငယ်တိုးသွားသည်။
သူတို့သည် အသံမထွက်ဘဲ စကားပြောနေကြပုံ ရသည်။ တစ်ယောက်သော သူက သူ၏ လက်ချောင်း များဖြင့် အမှတ်အသား အမျိုးမျိုး ပြုလုပ်ပြလိုက်ပြန်သည်။ သူတို့စောင့်ကြည့်နေသော အခြားသူ တစ်ယောက် ကလည်း လက်ချောင်းများဖြင့် အမှတ်အသားအမျိုးမျိုး ပြုလိုက်ပြန်သည်။ ၎င်းနောက် တတိယ ကလေးသည် လက်ချောင်းများဖြင့်ပင် အမှတ်အသားအနည်းငယ် ပြုလုပ်ပြ လိုက်ရာ သူတို့ သုံးယောက် စလုံး အသံမထွက်ဘဲ ရယ်လိုက်ကြသည်။ သူတို့သည် အလွန် ပျော်နေကြ ပုံရသည်။ သူတို့ တတွေကို ကြည့်ပြီး ခဏအကြာတွင် တော့တိုး-ချန်က "သြော် - သူတို့တတွေ ဟာ ပါးစပ်နဲ့ စကား မပြောကြဘဲ၊ လက်တွေ နဲ့ စကားပြောနေကြတာကိုး"ဟု မှတ်ချက်ချလိုက် သည်။
"ငါလည်း လက်နဲ့ စကား ပြောကြည့်ချင်လိုက်တာ"ဟု တော့တိုး-ချန် စိတ်ကူးမိသည်။ သူမသည် သူတို့ထဲ သွားလျှင် ကောင်းမလားဟု စဉ်းစား ကြည့်မိသည်။ သို့သော်လည်း သူမသည် လက်ဖြင့် မည်ကဲ့သို့ မေးမြန်း ရသည်ကို မသိချေ။ ၎င်းအပြင် သူတို့သည် တိုမိုကျောင်းမှ ကျောင်းသားများ မဟုတ်သောကြောင့် သွားမေး လျှင် မယဉ်ကျေးရာ ရောက်မည်။ ထို့ကြောင့် သူမသည် သူတို့ တတွေ တိုရိုကို မီးရထားစင်္ကြံဘက်ဆီသို့ ထွက်ခွာသွားသည်အထိ စောင့်ကြည့်နေမိသည်။
"တစ်နေ့ကျရင် ငါလည်းငါ့လက်တွေနဲ့ စကားပြောတတ်အောင် လေ့လာမယ်"ဟု သူမ ဆုံးဖြတ် ချက်ချ လိုက်သည်။
ထိုအချိန်အထိ တော့တိုး-ချန်သည် နားမကြားသူများအကြောင်းကို မသိသေးချေ။ နားမကြားသော ကလေး များသည် သူမကျောင်းသွားသည့်အခါ စီးနေကျဖြစ်သော မီးရထား၏ နောက်ဆုံး ဘူတာ "အိုအိမာချိ"ရှိ မြူနီစီပယ်ဆွံ့အနားမကြားကျောင်းသို့ သွားကြခြင်း ဖြစ်သည်ကို သူမ မသိချေ။
သူမသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူတို့နှင့် မိတ်ဖွဲ့မည်ဟု စိတ်ကူးထားလိုက်လေသည်။
ယိုနင် လေးဆယ့်ခုနှစ်ယောက်
မစ္စတာ ကိုဘာယာရှီ၏ ပညာရေးစနစ်သည် ကောင်းမွန်သည်ဟု ဆိုရမည်ဖြစ်သော်လည်း တိုမိုကျောင်း၏ ယိမ်းအကများ၊ အစားအစာစားချိန် ဓလေ့ထုံးစံများ၊ ကျောင်း၌ လမ်းလျှောက်ခြင်း များ၊ "လှော်-လှော် လှေကိုလှော်" တေးသွားအလိုက်တိုင်း သီဆိုရသည့် နေ့လယ်စာ မစားမီ သီချင်းစသည်တို့ကို ကြည့်ခြင်း အားဖြင့် သူသည် ဥရောပတိုက်နှင့် အခြားနိုင်ငံခြား တိုင်းပြည်များ ၏ အယူအဆများ လွှမ်းမိုးခြင်း ကို ခံနေရသူဖြစ်ကြောင်း သိသာနိုင်လေသည်။
ကျောင်းအုပ်ဆရာကြီး၏ ညာလက်ရုံးဖြစ်သူ၊ သာမန်ကျောင်းတစ်ကျောင်းတွင် ဒုတိယကျောင်းအုပ် ဟု ခေါ်ရမည့်ဟု မစ္စတာမာရူယာမာသည် အစစအရာရာတွင် မစ္စတာ ကိုဘာယာရှီနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သည်။ သူ့နာမည်၏ အဓိပ္ပာယ်မှာ "လုံးဝိုင်းသော တောင်ကုန်း" ဖြစ်သည်။ သူ၏ ဦးခေါင်းမှာ နာမည်နှင့် လိုက်အောင် လုံးလုံးဝိုင်းဝိုင်း ဖြစ်သည်။ ဦးခေါင်းထိပ်တွင် ဆံပင်လုံးဝမရှိဘဲ နားရွက်များတ၀ိုက်နှင့် နောက်စေ့တ၀ိုက်၌သာ ဆံပင်ဖြူအချို့ ရှိသည်။ သူသည် မျက်မှန်အ၀ိုင်းကို တပ်ထားသည်။
သူ၏ပါးပြင်မှာ နီရဲလျက် ရှိသည်။ သူသည် မစ္စတာ ကိုဘာယာရှီနှင့် အစစအရာရာ တွင် ကွဲပြားခြားနား ရုံသာမက ကဗျာများကို ရွတ်ဆိုရာတွင်လည်း တရုတ်ဆန်သော ရှေးဟောင်း ကဗျာများကို အသံသြကြီးဖြင့် ရွတ်ဆို လေ့ ရှိသည်။
ဒီဇင်ဘာလ ၁၄ရက်နေ့ နံနက်တွင် ဖြစ်သည်။ ကျောင်း၌ ကျောင်းသားအားလုံး စုံစုံလင်လင် စုဝေး မိသော အခါ မစ္စတာ မာရူယာမာက အောက်ပါအတိုင်း ကြေညာလိုက်သည်။
"ဒီနေ့ဟာဆိုရင် ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာ့ငါးဆယ်ခန့်က ယိုနင် လေးဆယ့်ခုနှစ်ယောက်ဟာ သူတို့ရဲ့ ရန်ကြွေးကို ပေးဆပ်နိုင်ခဲ့တဲ့နေ့ ဖြစ်တယ်။ ဒါကြောင့် ငါတို့ဟာ စင်ကူဂူဂျီဘုရားကျောင်း ကို သွားပြီးတော့ သူတို့ကို ဂါရ၀ပြုကြရမယ်။ မင်းတို့ရဲ့ မိဘအုပ်ထိန်းသူတွေကို ပြောပြီးပြီ"
ကျောင်းအုပ်ဆရာကြီးသည် မစ္စတာ မာရူယာမာ၏ အစီအစဉ်ကို မကန့်ကွက်ပေ။
သူတို့မထွက်ခွာမီ မစ္စတာ မာရူယာမာသည် ကလေးများအား ထင်ရှားသော ယိုနင်လေးဆယ့် ခုနှစ်ဦး၏ ဇာတ်လမ်းကို ပြောပြသည်။ အမတ်ကြီးအဆာနို၏ သတ္တိလည်းရှိ၊ သစ္စာလည်းရှိသော တပည့်များသည် မတရား ညှင်းပန်းနှိပ်စက်ခြင်းခံရပြီး သေဆုံးသွားခဲ့သော သူတို့၏ ဆရာအတွက် ကလဲ့စားချေရန် နှစ်နှစ် တိုင်တိုင် ကြံစည်ခဲ့ကြသည်။
သူတို့လေးဆယ့်ခုနှစ်ဦးအပြင် သတ္တိကောင်း သော ရီဟီအိအမာနိုရာ အမည်ရှိ ကုန်သည်တစ်ဦး ရှိသေး သည်။ သူသည် ယိုနင်တို့လက်နက် ရရှိရေးအတွက် အကူအညီများစွာ ပေးခဲ့သည်။ ရှိုဂန်၏ ဘက်တော် သား များက သူ့ကို ဖမ်းမိ သောအခါသူက "ကျွန်ုပ် ရီဟီအိအမာနိုယာသည် ယောက်ျား ဖြစ်သည်"ဟု ပြောပြီး မည်သည့် လျှို့ဝှက်ချက်များကိုမှ ထုတ်ဖော် မပြောချေ။
ကလေးများ သည် ဤဇာတ်လမ်းကို ကောင်းကောင်း နားမလည်ကြ။ သို့သော် သူတို့အနေဖြင့် စာမသင် ရဘဲ ကူဟွန်းဘတ်စုဘုရား ကျောင်းထက် ပို၍ ဝေးသောနေရာသို့ လမ်းလျှောက်သွားခွင့်ရကာ နေ့လယ်စာ ပျော်ပွဲစား နိုင်သော အခွင့်အရေး ကို ရသောကြောင့် ပျော်နေကြသည်။
မစ္စတာ မာရူယာမာ၏ ကွပ်ကဲမှုဖြင့် ကလေးအယောက်ငါးဆယ်သည် ကျောင်းမှ စတင် ထွက်ခွာ ကြသည်။ အချို့ကလေး များသည် လမ်းလျှောက်သွားရင်း "ကျွန်ုပ် ရီဟီအိအမာနိုယာသည် ယောက်ျားဖြစ်သည်"ဟု အသံနေ အသံထားဖြင့် ခပ်ကျယ်ကျယ် ရွတ်သည်။
အချို့မိန်းကလေးများ ကလည်း အားကျမခံရွတ်ဆိုရာ သူတို့အနီးမှ ဖြတ်သွားသူများသည် သူတို့ကို စောင့်ငဲ့ ကြည့်ပြီး ရယ် ကြသည်။ ကျောင်းမှ စင်ကာဂူဂျီသို့ ခုနှစ်မိုင်ခန့် လမ်းလျှောက်သွားကြရသည်။ ထိုအချိန် ထိုအခါက မော်တော်ကားမှာ အလွန်ရှားပါးသည်။ ဒီဇင်ဘာလ၏ ပြာလဲ့လဲ့မိုးကောင်းကင်အောက်၌ "ကျွန်ုပ် ရီဟီအိအမာနိုယာသည် ယောက်ျားတစ်ယောက်ဖြစ်သည်"ဟု အသံထွက်၍ ရွတ်ဆိုရင်း လမ်းလျှောက် သွား နေကြသော ထိုကလေးများအဖို့ ခုနှစ်မိုင်အကွာအဝေးသည် ရှည်လျားသော ခရီး တစ်ခု ဖြစ်ဟန် မတူပေ။
စင်ကာဂူဂျီသို့ သူတို့ရောက်သောအခါ မစ္စတာ မာရူယာမာသည် ကလေးတိုင်းကို အမွှေးတိုင်း တစ်ချောင်းစီနှင့် ပန်းအနည်းငယ်စီ ပေးသည်။ ထိုဘုရားကျောင်းသည် ကူဟွန်းဘတ်စုထက်ပို၍ ငယ်သည်။ သို့သော်လည်း သေဆုံးသူများ၏ များစွာသော အုတ်ဂူများမှာ စီတန်းလျက် ရှိသည်။
တော့တိုး-ချန်သည် မစ္စတာ မာရူယာမာ ပြုလုပ်ပုံကိုကြည့်၍ ယိုနင်လေးဆယ်ခုနှစ်ယောက်ကို ရည်စူးကာ သူတို့၏ အုတ်ဂူများရှေ့၌ အမွှေးတိုင်းများ ထွန်းညှိခြင်း၊ ပန်းများထိုးခြင်းတို့ကို ပြုလုပ် သည်။ ထို့နောက် စကားမပြောဘဲ တည်ငြိမ်သော အသွင်ဖြင့် ဦးခေါင်းညွတ်ကာ ဂါရ၀ပြုသည်။ ကလေးများအားလုံးသည် လုံးဝစကားမပြောကြဘဲ စိတ်ထဲမှ ဆုတောင်းသမှု ပြုကြရာ အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ် မှုက လွှမ်းခြုံသွားသည်။ ဂူများ ရှေ့တွင် ထားရှိသော အမွှေးတိုင် များမှ ထွက်ပေါ်လာသည့် မီးခိုး များသည် ကောင်းကင်ပေါ်သို့ တဖြည်းဖြည်းလွင့် တက်သွားသည် မှာ အရုပ်ရေးခြယ်ထားဘိသကဲ့သို့ ဖြစ်နေသည်။
နောက်ပိုင်း အချိန်ကာလများ၌ အမွှေးတိုင်းမှ အမွှေးနံ့များကို ရှူရှိုက်မိသည့်အခါတိုင်း မစ္စတာမာရူယာမာ နှင့် ရီဟီးအိအမာနိုယာ ကို စဉ်းစားမိကြလေသည်။

မာဆိုး-ချန် ဆက်ရန်
တော့တိုးချန် ကို ချစ်သူများ ခင်ဗျား သတ်ပုံ အမှားများ နဲ့ စာများ ကျန်ခဲ့တယ်လို့ ထင်ရင် comment ထဲ ဒါမှမဟုတ် ဆီပုံးထဲမှာ ပြောထားပေးခဲ့ပါ ခင်ဗျား.. တော့တိုးချန် ကလေး ကို လှစေချင်ပါတယ်....
ကျနော် ပြင်ထားပေးပါမယ်..ကျေးဇူးအထူးတင်ပါတယ်..
.
3 comments:
တော့တိုးချန်ရဲ့ ပိုက်ဆံက ခြေရာလက်ရာမပျက်ဘဲ ဘယ်ပျောက်သွားတာပါလိမ့်လို့ ကျမလည်းပဲ တအံ့တသြ စဉ်းစားနေမိတယ်။
ပိုက်ဆံကို ကောက်ယူဖို့ ဒွိဟဖြစ်ပြီး စဉ်းစားနေတဲ့အခန်းကို ဖတ်ရတာ သဘောကျတယ်။ လူ့စိတ်လူ့သဘာဝကို ပေါ်လွင်စေတယ်နော်။ ကျမတို့လည်း တခါတခါ အဲဒီလို အဖြစ်မျိုး ကြုံရတတ်တယ်လေ။
ဒီတခါလည်း တ၀ကြီး ဖတ်သွားရလို့ ကျေးဇူးထပ်မံတင်ရှိပါတယ် မရွှေစင်ဦးရေ။
စာကျခဲ့တာနဲ့ စာလုံးပေါင်းအနည်းငယ် အမှားအယွင်းတွေကတော့ ကျမလည်း ပြန်မကြည့်အားတော့လို့ ဘယ်နေရာလဲဆိုတာ မသိတော့ဘူးရှင့်။ ပရုဖ်ဖတ်တာ အရင်ကတည်းက အကျင့်ပါနေလို့ ဖတ်နေရင်း မြင်မိတာ။ ခုပြန်ရှာဖို့ မလွယ်တော့ဘူး။ နောက်တခါတွေ့ရင်တော့ မှတ်ထားပြီး ပြောပါမယ်။ ဒါပေမဲ့ တော့တိုးချန်လေးက ဘယ်လိုပဲဖြစ်ဖြစ် လှပြီးသားပါ။ :)
ဟုတ်တယ်အမ..သူ့ပိုက်ပိုက် ဘယ်ရောက်သွားပါလိမ့်
သူ့လို မျိုးဖြစ်ဖူးတယ်..တခါ...သ၇ုပ်ပေါ်တယ်နော်...
ဖတ်လို့ သိပ်ကောင်းတာပဲ
အမကိုတအားကျေးဇူးတင်တယ်။
အမနော် တော့တိုးချန်လေးက သူ့ပိုက်ဆံတွေ့၇င်ကလေးတွေ၇ဲ့စိတ်ကလေးတွေကိုပါတွေ့ရမှာနော်..
မမရေ...
ညီမလေးလည်း သိချင်တယ်
သူ့ပိုက်ဆံလေးက ဘယ်ရောက်သွားတာလဲ
ထူးဆန်းတယ်နော်
ချစ်ညီမလေး
Post a Comment