Wednesday, January 20, 2010
ပန်းသတင်း (ဇန်နဝါရီ ၁၄)
ရွှေမန်းသင်္ကြံန်
သော်တာဆွေ
ကျွန်တော့အား ၁၉၅၁ခုနှစ် မန္တလေးမြို့ နိုင်ငံတော် သင်္ကြံန်တွင် နေ့ရောညပါ လည်ပတ်ရန် မော်တော်ကား တစ်စီးပေးပေသော ချစ်ဆွေ ကိုဘဆောင်ကို ကျေးဇူတင်လှစွာနှင့် သူတို့သင်္ကြံန် အကြောင်း ၀တ္ထုကောင်းကောင်း ရေးပါဟု မှာလိုက်ကြသော မန်းသူများသို့-)
မန်းသင်္ကြံန်သည် ချစ်စရာကောင်းလေသည်။
မန္တလေးမြို့သည် မြန်မာ့ထုံးစံအများဆုံး ကျန်ခဲ့သည့် မြို့ဖြစ်သည့်အားလျော်စွာ မြန်မာမှုဆိုလျှင် မြန်မာပြည်တွင် သူဘုရင်ဟု ဆိုရပေမည်။ မြန်မာ့အင်အား အရာမှာလည်း အခြားမြို့များနှင့် စာလျှင် သူအကောင်းဆုံးဟု ဆိုသင့်လေသည်။
အဓိပ္ပာယ်မှာ ယခုအခါ၌ မြန်မာပြည်တွင် ရန်ကုန်မြို့သည် အကြီးဆုံးဟု ဆိုရလင့်ကစား စီးပွားရေး မျက်စိနှင့်ကြည့်လျှင် မြန်မာအင်အား နည်းပါးလှလေသည်။ ရန်ကုန်မြို့၏ ဗဟိုရ်ချက်ချာနေရာ ကောင်းဟူသမျှ ကုလားတရုတ်တို့သာ စိုးစံကြသည်။ ကူးသန်းရောင်းဝယ်ရေး ဘက်ဆိုင်ရာတွင် လူမျိုးခြား တို့သာ လက်ဝါးကြီးအုပ်ကြသည်။ မြန်မာများကား မြို့စွန်ကလနား ကြည့်မြင်တိုင် စမ်းချောင်း ပုဇွန်တောင် ရေကျော်စသော ရပ်ကွက်လောက်သာနေရလျက် လက်လီကုန်သည် ကလေးနှင့် အစိုးရအလုပ်သများသာ ဖြစ်ကြချေသည်။
မန္တလေးမြို့ကား စီးပွားရေးပိုင်း၌ မြန်မာ့အင်အားကောင်းသည်။ အကွက်ကောင်း နေရာကောင်း၌ ခိုင်မြဲကြသည်။ လူမျိုးခြားတို့ မရှိဟု မဆိုလိုပါ။ သို့သော် မြန်မာ့အင်အားကို မလွှမ်းမိုးနိုင်။ မြန်မာ များရှေ့တန်းကနေ နေနိုင်ကြသည်။ ထို့ကြောင့် မြန်မာ့ထုံးစံအများကျန်၍ မြန်မာ့အင်အား ပပလွှား သော မန္တလေးမြို့သည် မြန်မာမှုသဘင် ဆင်ယင်ကျင်းပရာ၌ မြန်မာပြည်တွင် ဘုရင်ဟု ဆိုထိုက် လှပေသည်။
ယခုနှစ် နိုင်ငံတော် ရေသဘင် ခင်းကျင်းရာ၌ ကြီးကျယ်စည်းကားလှပါသည်။ ခမ်းနားသိုက်မြိုက်လှ ပေသည်။ လှပယဉ်ကျေးပါဘိသည်။ လှည့်လည်တီးမှုတ်သော မော်တော်ယာဉ်များနှင့် သီဆိုကခုန် သော ဧည့်ခံမဏ္ဍပ်တို့မှ တဖွဲ့တဖွဲ့လျှင် ငွေထောင်သောင်းအကုန်းခံ၍ အပြိုင်အဆိုင် စီမံဆင်ယင် ကြသည်။ ဤသင်္ကြန်ဝယ် စုစုပေါင်း ငွေခုနှစ်သိန်းကျော်ဟု ခန်းမှန်းကြသည်။
ဤနေရာဝယ် အချို့လူများက 'အပျော်အပါးဖြင့် အလဟဿငွေတွေ သုံးပစ်သည်'ဟု ဆိုကြသည်။ သို့သော် ဤငွေများသည် ဓာတ်ဆီဘိုးမှတပါး နိုင်ငံခြားသို့ မရောက်ဘဲ ငွေသုံးနိုင်သူတွေလက်ထဲ မှ အလုပ်သမား အခစားများထံ ရောက်သည်ကို စဉ်းစားပါသော် လက်ဝဲအမြင်ပင် ၀မ်းသာဘွယ် ရှိပါ ချေသည်။ အားလုံးလည်း ပျော်ကြပါးကြရသည်။
ရွှေမန်းသင်္ကြန်ကား ရေပက်ကြမ်းသည်။ သံချပ်ရမ်းသည်ကို မပြိုင်။ အလှယာဉ် အဆိုအကကို ပြိုင် ကြသည်။ ဧည့်ခံမဏ္ဍပ်များဆိုလျှင် ချောမောလှပသော မိန်းကလေးတွေ၊ လှည့်လည်သော မော်တော်ယဉ်တို့တွင် ယောက်ျားကလေးတွေက ယဉ်ကျေးသိမ်မွေ့စွာ။ သူတို့သည် နေ့အချိန်တွင် သာ သီဆို ကခုန်ရင်း တဘက်နှင့်တဘက် ရေကစားကြသည်။ ညအချိန်တွင် ရေမသုံးတော့။ အဆို  အတီး အက ဖြင့်သာ မြူးတူးပျော်ပါးကုန်သည်။ ရောင်စုံမီးတွေနှင့် ထိန်ထိန်လျှမ်း၍ နေသည်။
ယောက်ျကလေးတို့သည် မိန်းကလေးများရှိရာ ဧည့်ခံ မဏ္ဍပ်တွင်းသို့ နေ့ရောညပါ လည်ပတ် တီးမှုတ်ကြသည်။ မိန်းကလေးတို့သည် လာသမျှအဖွဲ့တိုင်းကို သီဆိုကပြကြသည်။ ယောက်ျား ကလေးတို့သည် ခမ်းနားစွာ ဆင်ယင်ထားသော မိမိတို့မော်တော်ယာဉ်ပေါ်မှ ဣနြေ္ဒရရ တီးမှုတ်ကြ သည်။ မိန်းကလေးတို့သည် လှပစွာ ချယ်လှယ်ထားသော မိမိတို့မဏ္ဍပ်ထဲမှ ရွှင်ရွှင်ပျပျ သီဆိုက ပြကြသည်။
လူပျိုကလေးတို့သည် မိမိတို့မော်တော်ယာဉ်ပေါ်မှ ဣနြေ္ဒရရ တီးမှုတ်ကြသည်။ အပျိုကလေး တို့သည် မိမိတို့မဏ္ဍပ်ထဲမှ ထွက်လာကြကာ လူပျိုကလေးတို့၏ မော်တော်ယာဉ်ကို လှည့်ပတ်၍ ကကြပြန်လေသည်။
သို့ဖြင့် မန်းသင်္ကြန်သ်ည ချစ်စရာကောင်းလေသည်။
သို့ရာတွင် ...
'ဟေ့ ... ပေါ်တူးရေ ...'
'ဆရာ ...'
ကျွန်တော်တို့ ဆရာတပည့်နှစ်ယောက်သည် 'အခါ' မတိုင်မီကပင် မန္တလေးမြို့သို့ ရောက်ခဲ့ကြ၍ သင်္ကြန်အကြပ်နေ့ နံနက်ပိုင်းတွင် ကျွန်တော်သည် ပက်လက်ကုလားထိုင်တခုပေါ် ခြေဆင်း လက်ဆန့်ထိုင်လျက် တနေ့နှင့်တည လည်ပတ်ခဲ့သည်ကို စမြုံပြန်ရောမှ ...
'ငါ့သဘောဖြင့်ကွာ ... လူပြည်မှာ မန္တလေးအမျိုးသမီးတွေဟာ အကဆုံးထင်တယ်ကွဲ့'
'ဟုတ်ကဲ့ဆရာ ...'
'ဘယ့်နှယ်ကွယ် ... ငါ့အမြင်ဖြင့် နေ့လဲ တနေ့ခင်းလုံးက ညလဲ မိုးလင်းအထိ၊ သူတို့နားတဲ့ စားတဲ့ အချိန်ဘဲ အတော်စဉ်းစားယူရတယ်ကွဲ့၊ လူ့ပြည်မှာ သူတို့က ကတို့ သက်သက်မွေးလာခဲ့တဲ့ အတိုင်းဘဲ'
'ဟုတ်ကဲ့ဆရာ'
'နို့ပြီး ... သင်္ကြန်မတိုင်မီ တလလောက်ကလဲ သီချင်းတိုက်ရင်းက, နေကြထိုဘဲကွဲ့'
'ဟုတ်ကဲ့ဆရာ...'
'အခုဆိုရင် ဒီနေ့အကြပ်နေ့နဲ့ နက်ဖန် အတက်နေ့ဘဲ သူတို့က,ဘို့ ကျန်တော့တယ်။ အဲ ... အခါ ကျော်သွားလို့ သူတို့ အက,ရပ်ရပြီဆိုရင်ဖြင့် ခလေးမတွေစိတ်ထဲ ဟာတာတာ လင်းတင်းတင်းနဲ့ မနေတတ် မထိုင်တတ်ဖြစ်မှာ တွေးပြီး သနားမိသေးတော့ကွယ် ...'
'ဆရာက ခလေးမတွေသာ သနားနေတာကို ... တချို့ ခလေးမကြီးတွေလဲ သနားစရာ ရှိသေး တယ် ဆရာရဲ့'
'မင်းဟာက ဘာပြောတာလဲကွ'
'တချို့လူကြီးပိုင်ကဆရာ .. မျက်နှာကြီး နာမည်ကြီးတွေ ကိုယ့်နာမည်နဲ့ ခေါင်းဆောင်တဲ့ အဖွဲ့မှာ သူများနဲ့ တန်းတူလိုက်နိုင်ဘို့ ငွေမပြည့်လို့  ပေါင်ရနှံ့ရတာတွေ ချေးရငှားရတာတွေ ကြွေးတင်ခံရ တာတွေ'
'ဟ ... မော်လမြိုင်အစား၊ ရန်ကုန်အကြွား၊ မန္တလေးစကားလို့သာ ကြားဘူးသာ၊ မန္တလေးသားတွေ ဒီလောက်ဖြစ်မယ်မထင်ပေါင်ကွယ်'
'ကျွန်တော်လဲ အစဦးတော့ ဒီလိုဘဲ ယူဆတာဘဲဆရာ၊ ဒါပေမယ့် ကျွန်တော်တို့ ရောက်တဲ့ နေ့ဘဲ ကြားရတယ်၊ ဒေါ်မွှေးအုံဆိုတဲ့ အဒေါ်ကြီးတယောက်က ဆရာ့ ဒေါ်ကြီးစိုးကို ပြောနေတာတွေ ဘယ်သူက ဘယ်သူ့ဆီမှာ ဘာပစ္စည်းကို ဘယ်လောက် အတိုးနှင့်ထားတာ နောက်ပြီး အဲ့ဒီလူက တခါအဲ ဟိုလူဆီမှာ အတိုးနည်းနည်းနဲ့ တဆင့်သွားထားလိုက်တာ ပစ္စည်းချင်း ဖလှယ်လိုက်တာ စုံလို့ဘဲဆရာ၊ ကျွန်တော် နာမည်တွေတောင်မှတ်မိသေးတယ်။ အခုတလောမှာ ဟောဒီသင်္ကြန် အတွက်နဲ့ အပေါင်အနှံ့ အချေးအငှားတွေဟာ မန္တလေးမှာ ရိုးရိုးတနှစ်ချိန်ထက် ပိုမိုလှုပ်ရှားမယ် ထင်ပါတယ်။ အစိုးရက နိုင်ငံတော်သင်္ကြန် သူတို့ မြို့မှာကျစေလို့ အမိန့်တော်ပြန်လိုက်တာနဲ့ သူတို့ လဲ ထူးကဲမွန်မြတ်တဲ့ ကောင်းချီးသြဘာကြီးရတာမို့ ၀မ်းသာအားရ ကြိုးစားကြပါပေတယ်။ အတော် ဆုံး လူကို အင်ပို့လိုင်စင် ချီးမြှင့်မယ်ဆိုရင် သည့်ထက်တောင် ပိုပြီးကြီးကျယ်ခမ်းနားလိမ့်မယ် ထင် ပါတယ်'
'ဒါက ငါတို့နိုင်ငံတော် ၀န်ကြီးချုပ်ရဲ့ သဘောကိုးကွ၊ သူ အခုလာမယ့် ရွေးကောက်ပွဲမှာ မန္တလေး ကဘဲနေ အရွေးခံလိမ့်မလား မသိဘူး'
အလို ဘုရား ... ဘုရား ကျွန်တော် ဤမျှကလေး ပြောမိတာနဲ့ ပုဒ်(၅)များ လာလေပြီလား။
အကြောင်းမှာ ပုလိပ်တယောက်သည် ကျွန်တော်တို့ဆရာ တပည့်နှစ်ယောက် စကားပြောနေခိုက်၌ အိမ်ရှေ့မှ ၀င်လာပြီး ...
'ဒီအိမ်မှာ ရန်ကုန်က ဦးအေးဆွေဆိုတာ ရှိပါသလား ခင်ဗျာ'
ကျွန်တော်မှာ ခတ်ထိတ်ထိတ်နှင့်ပင် ...
'ရှိပါတယ် ... ကျွန်တော်ပါဘဲ၊ ဘာကိစ္စရှိပါလို့လဲခင်ဗျာ'
'ကျွန်တော်တို့ ၇၅မှတ် ဂါတ်ထဲကို တဆိတ်ကြွပါတဲ့ခင်ဗျာ'
အလို ... ဘုရား ... ဟုတ်နေပြီကော ရွှေမန်းပုလိပ်များ တမ်းတာတောင် ယဉ်ကျေးပါဘိ။
ကျွန်တော် မျက်လုံးပြူးကာ ...
'ဟေ့ ... ပေါ်အူး ... ဒေါ်ကြီးစိုး သွားခေါ်ပါအုံးကွာ' ဟု ဆိုပြီး ပုလိပ်ဘက်ပြန်လှည့်၍ 'ဘာမှုနဲလဲ ခင်ဗျာ၊ ဘုရားသိကြားမလို့ ပုဒ်မ(၅)တော့ မဟုတ်ပါစေနဲ့'
သို့သော် ကျွန်တော် အကြောက်လွန်မိသည်ကို တခဏအတွင်း ရှက်မိပါသည်။ အကြောင်းမှာ ပုလိပ် သူငယ်သည် ကျွန်တော့စကားအဆုံး၌ ပြုံး၍ ...
'ဆရာ့ ကိုဖမ်းဘို့ မဟုတ်ပါဘူး ခင်ဗျာ၊ ရန်ကုန်က ဆရာ့မိတ်ဆွေတယောက်က တွေ့ချင်တယ်ဆိုလို့ လာခေါ် တာပါ'
ဤတွင် ကျွန်တော်အကြောက်ပြေသွားကာ ...
'အိုး ... ရန်ကုန်က မိတ်ဆွေတယောက်က ကျုပ်တွေ့ချင်တာ ဂါတ်ထဲကနေချိန်းရသတဲ့လား၊ နိမိတ်မရှီ နမာမရှိ ဂါတ်တဲကိုတော့ မလိုက်ချင်ပေါင်ဗျာ။ သူ့ကို ပြောလိုက်ပါ၊ ကျုပ်တွေ့ချင်ရင်ဖြင့် ရုံတော်ကြီးက လျှမ်းစိန်ဟော်တယ်မှာ ဖြစ်ဖြစ် တခြားဟော်တယ်တခုခုမှာ ဖြစ်ဖြစ် ချိန်းတာ ပိုကောင်းမယ်လို့'
'ကောင်းမှာကတော့ သေချာပါတယ်ခင်ဗျာ၊ သို့သော်လဲ သူ ကျွန်တော်တို့ဂါတ်တဲက ထွက်ခွင့်ရမယ် မဟုတ် ပေဘူး'
'ဟေ ... ဘာဖြစ်လို့တဲ့လဲ'
'အာမခံမရှိလို့ပါခင်ဗျာ'
'ဟင် ... သူ့ကို ဖမ်းထားတာမို့လား'
'ဟုတ်ကဲ့ မနေ့ညကပါဘဲ'
'ဘာမှုနဲ့လဲ'
'ဘာမှုနဲ့လဲဆိုတာ ဆရာ့ကို မပြောခဲ့နဲ့အုံးလို့ မှာလိုက်ပါတယ်။ သူအတော်ရှက်ဟန်တူပါရဲ့'
'အို ... ခက်ချည်ကရို ... ဒီလောက်တောင်ရှက်ရအောင် ဧကန္တသခင်နုစွပ်ကြယ်ထုပ်ပျောက်မှုနဲ့ တူပါရဲ့။ သူ့နာမည်က ဘယ်သူတဲ့လဲ'
'ဦးသန်းဆွေတဲ့ ခင်ဗျာ့'
'ဟေ့' ကျွန်တော် မျက်ခုံးတွန့်လိုက်ကာ ...
'ရန်ကုန်က ကျုပ်မိတ်ဆွေထဲ သန်းဆွေဆိုတဲ့ နာမည်လဲ မရှိပါလား'
'ဆရာကသာမရှိရမယ်၊ သူအပြောကတော့ ဆရာနဲ့ သူနဲ့ အင်မတန် ရင်းနှီးကြသတဲ့။ သူ့အတွက် ဆိုရင် ဆရာက အစွမ်းကုန် ဆောင်ရွက်ပေးလိမ့်မတဲ့။ အခု ကျွန်တော့တောင် သူ့ကိစ္စကို လာပြော ပေးတဲ့အတွက် ဆရာက ကျွန်တော့ကို အနည်းဆုံး ငွေ ၅ကျပ်တော့ ပေးမှာဘဲတဲ့၊ ဒါကြောင့် ကျွန်တော်ကလဲ လာခဲ့တာပါ၊ နို့ပြီး သူက ပြောလိုက်ပြန်သေးတယ်၊ ဆရာက တစုံတယောက်ကို ကူညီရမယ်ဆိုရင် အင်မတန် စေတနာ ကောင်းတာဘဲတဲ့၊ ဒါကြောင့် တချို့က ဆရာ့ကို ဘုရား လောင်းလို့ ခေါ်ကြသတဲ့'
'အို ... ခက်ချည့်ကရို ...' ကျွန်တော် မျက်ခုံးတွန့်၍ ညည်းလိုက်မိပါသည်။ သို့သော် ထိုပုလိပ်ကို ကား ငါးကျပ်တန် တရွက် ပေးလိုက်မိလေပြီ။ ပြီးမှ ပေါ်အူးဘက်လှည့်ကာ ...
'ဟေ့ ... ပေါ်အူး ရန်ကုန်မှာ ငါ့မိတ်ဆွေထဲက သန်ဆွေဆိုတာများ ရှိသလားကွာ ...'
'ရှိ မရှိတော့ ကျွန်တော်မသိဘူးဆရာ၊ ဟော့ ဒီအထဲမှာတော့' ပေါ်အူးသည် မန္တလေးသတင်းစာ တခုကို ကိုင်ကာ 'ရန်ကုန်ကလာတဲ့ ဧည့်သည်တော်တွေထဲမှာ စာရေးဆရာသန်းဆွေ ဆိုတာတော့ ပါတယ်ခင်ဗျာ'
'အို ... ဒီစာရေးဆရာ သန်းဆွေနဲ့ငါနဲ့လဲ မသိပါဘူး'
'မသိပေမယ့်ဆရာ' ပုလိပ်သူငယ်က ငါးကျပ်တန်ကို သူ့အိတ်ထဲထည့်ရင်း 'တမြို့တနယ်မှာ အရေး ကြုံတော့ ဆရာ့လို ဂုဏ်သတင်းမွှေးတဲ့ ပုဂ္ဂိုလ်ကို တမြို့သားချင်းရယ်လို့ အားကိုးရှာတာ ဖြစ်ပါ လိမ့်မယ်ခင်ဗျာ'
ကျွန်တော် မကြာမီ ပုလိပ်သူငယ်နှင့်အတူ သူတို့ဂတ်ထဲဘို့ ရောက်သွားတော့သည်။
'ဟေ့ ... တင်မောင်ကို'
ကျွန်တော်သည် အချုပ်ခန်း သံတိုင်နားကပ်ကာ အံ့သြစွာ ခေါ်လိုက်မိတော့သည်။ ငနဲကောင်သည် သူ့နှုတ်ခမ်း ကို လက်ညှိုးတေ့လိုက်ကာ။
'ရှူး ... တိုးတိုးကွ၊ ငါနာမည် ပြောင်းထားတယ်လေ'
'သန်းဆွေဆိုတာ မင်းလား'
'အေး'
ဤသတ္တ၀ါကို မိတ်ဆွေသိပြီး ဖြစ်လိမ့်မည် ထင်ပါသည်။ လွန်ခဲ့သည့် တောင်ပြုံးပွဲရက်တုန်း ကလည်း သူနှင့် ကျွန်တော် မန္တလေးတွင်တွေ့ကြတာ တောင်ပြုံးပွဲတွင် နှစ်ယောက်သား အရက်မူး ၍ လဲကျရာ၌ သူကဆေးရုံရောက်၍ ကျွန်တော်က ရာဇ၀တ်အုပ် ကိုအေးမြင့်၏ကျေးဇူးဖြင့် ဒေါ်ကြီးစိုးအိမ်သို့ ပြန်ရောက်ခဲ့ပါသည်။ ထိုစဉ်၌ တင်မောင်ကိုမှာ 'မောင်ဝင်းစိန်'ဟူသော နာမည် ဖြင့် ကျွန်တော့ဦး 'တိုးတိ' ကို ပရိုက်ဗိတ်ကျူရှင်ပေးရင် ဦးသံဒုတ်သမီး ခင်ဖဲဒုတ်ကို ဂေါ်နေ၍ ယခု ကား သန်းဆွေနာမည်ဖြင့် အချုပ်ခန်း ထဲ ရောက်နေသည်။
ကျွန်တော်မှာ အံ့သြစွာနှင့်ပင်
'ဟေ့ကောင် မင်းဘယ်က ဘယ်လို ဒီအချုပ်ခန်းထဲရောက်နေတာလဲ'
'အစက စပြောရမှာလား'
'ဒါမှ ရှင်းတော့မှာပေါ့ကွ'
'ဒါဖြင့် နားထောင် ငါဟာ အရင်တချီ မန်းမဒီတွေကိုဂေါ်တဲ့ပွဲမှာ မင်းသိတဲ့အတိုးဘဲ အရေးနိမ့်ခဲ့ တယ်။ စိတ်မကြေနပ်လို့ အခုသင်္ကြန်ပွဲမှာ တလီကြဲလိုက်အုံးမယ်ဆိုပြီး အခါမတိုင်မီကဘဲ လာခဲ့တယ် ရောက် ရောက် ချင်းဘဲ ငါတည်းတဲ့ အိမ်နားက မြာအချောလေး တွေ့ရတယ်။ တော်တော်လှ တယ် မင်း။ မင်းမြင် ရင်တော့ အံ့သြမှာဘဲ'
'ဟေ့ ... ဟေ့ ငါ့အံ့သြခိုင်းမနေနဲ့ကွ အချိန်မရှိဘူး။ အချုပ်ခန်း တော်ကြာ ပုလိပ်က ကြာကြာ ခွင့်မပြု နိုင်ဘူး ဆိုအုံးမယ်။ လိုရင်း အတိုချုပ်ပြောစမ်းကွာ'
ဒီကောင်မှာ သူကြိုက်တဲ့ ခလေးမတွေအကြောင်း ဂုဏ်ပြုလိုလျှင် 'မင်းအံ့သြမှာထဲ' တွေနှင့် စကားရှည်လေ့ ရှိပါသည်။
သူသည် ကျွနတော်တားမြစ်ချက်ကို သဘောပါက်ကာ ...
'အေး ... မင်းခိုင်သလိုဘဲ ပြောပါ့မယ်ကွာ၊ ချစ်မိတယ်ဆိုဘဲ မကြာဘူး နောက်တနေ့မှာ ငါစာပေး မယ်၊ စာပေးတယ်ဆိုဘဲ သူဘလဲမကြာဘူးငါ့ကိုခေါ်တယ်။ 'ခင်ဗျားကျွန်တော့ကို တကယ် ချစ်သလား'တဲ့'
'ဘယ့်နှယ် ဘယ့်နှယ် မင့်ဟာက ယောက်ျားကလေးလားမှမဟုတ် မိန်းမရှာလား'
'မဟုတ်ဘူးကွသူတို့ ရွှေမန်းသူတွေက ဒီလိုဘဲခင်ဗျားပြောတတ်တယ်။ ဒါနဲ့ငါက 'အမယ်လေးမေးမှ မေးရက်ပလေ၊ ချစ်လိုက်တာမှမယုံရင် မဟာမြတ်မုနိဘုရားကြီး ရွက်ပြပါ့မယ်' သူက ' ရွက်ပြမနေပါနဲ့ဗျာ။ ခင်ဗျာ့ကို ရွှေသူခိုးဆိုပြီး ၀ိုင်းရိုက်နေပါအုံးမယ်။ ခင်ဗျား ကျွန်တော့ကို တကယ်ချစ်ရိုးမှန်ရင်ဖြင့် လိုရင်းဘဲမေးမယ်။ ရွှေခြေကျဉ်း ဆင်နိုင်ပါ့မလား' တဲ့ ဒီတော့ငါက ရွှေမန်း သူတွေ ရွှေခြေကျဉ်းမက်မှန်းလဲ သိနေတာကိုကွ ငါရမယ့် အမွေမှန်းပြီးတော့ ' အို ..... စိတ်ချ ရွှေခြေကျဉ်းများတော့ တရံမဟုတ်ဘူး ဒူးဆစ် ထိအောင် ဆယ်ရံ ဆယ့်ငါးရံ ဆင်မယ်' အဲသည်လို လဲ ပြောလိုက်ကရောဟေ့ သူချက်ခြင်း ထက,တာပါဘဲကွာ ၀မ်းသာရှာလွန်းလို့ အမယ် .......... အက, လဲ မခေဘူးဆရာ သူတို့ သင်းကြန်မှာကတို့ယိမ်းတိုက် နေတုန်းဆိုကိုးကွ၊ မင်းမြင်ရရင် အံ့သြမှာဘဲ'
ကျွန်တော်ကဖြတ်၍
'ဟေ့ ....... ငါ့မအံ့သြခိုင်းနဲ့ဆို ရွှေမန်းသူတွေ အကကောင်းမှန်းငါသိပြီးသားကွ၊ ငါကတနေ့နဲ့ တည ရှောက်ကြည့်ပြီးနေပြီ မင်းလိုရင်းသာ ပြောစမ်းကွာ'
'လိုရင်းဆို သူက, လဲပြီးရောတကတဲ' ကဲ အခု ၀ယ်ပေးတော့ ' တဲ့။ ဒီလိုဆိုမှတော့ ငါ့မှာဂွကျတာ ပေါ့ကွ၊ ငါက ရန်ကုန်ကလာခဲ့တာက ငွေများများပါတာမှတ်လို့ ငွေလေး ၃၀၀ ထဲ ဦးကြီးအိတ်က ဘုံးလာခဲ့ ရတာဒါနဲ့  ငါကမလိုလဲလိုလဲ မေးပါသေးတယ်။ 'ရွှေခြေကျဉ်းတရံဘယ်လောက်ပေးရမလဲ' သူက' အခုနေမန္တလေးမှာသင်းကြန်တွင်း ရွှေခြေကျဉ်း ဈေးတွေတက်လို့ ခေါင်းပိတ်ကြိုးလိမ်ဆိုရင် ထောင့်ရှစ်ရာ၊ ခေါင်းပွဆိုရင် တထောင်လောက်ကျမယ် ခင်ဗျားကကျွန်တော့ကို ဆယ့်ငါးရံဝယ် ပေးမယ်ပြောသော်လဲ အခု လက်ငင်းတော့ ဒီနှစ်ရံဘဲ တော်ပါပြီ။ အခုအထိမန္တလေးမှာ ရွှေခြေကျဉ်း နှစ်ဆင့် ၀တ်ကြတာ မရှိသေးဘူး ကျွန်တော်ကစပြီး ဒါဘယ်လ် ဖက်ရှင်ထွင်လိုက်ရရင် အိုကေမှာဘဲ၊ သွားပါဗျာ မြန်မြန်ဝယ်ချေပါ။ခင်ဗျား ပြန်လာတော့ ကျွန်တော့ပါးနမ်း' တဲ့ ' ခင်ဗျားဝယ်ဘို့ဆိုင်မသိ ရင် ကျွန်တော် ညွှန်လိုက်အုံးမယ် နံပါတ် (၉၁) အီးရုံ ဈေးချို ကိုမြမောင်ဆိုင်ကိုသွား ဈေးလဲမများဘူး မှားလဲမမှားဘူး' ဆိုပြီး အတင်းတွန်းလွှတ်တော့တာပါဘဲကွာ။ ဒီနေရာမှာ ငါအသက်ရှူ ကြပ်လိုက်ပုံတော့ မင်းမြင်ရရင် သနား မှာဘဲကွာ'
ကျွန်တော်ကဖြတ်၍
'အင်း....... သနားလဲ သနားစရာရုပ်ပါဘဲကွာ မင်းအကျိုးအကြောင်းပြောမပြဘူးလား'
' ပြတယ် ဒါပေမယ့် သူကအခုလက်ငင်းသင်းကြန်မတိုင်မီကလေးမှာ တရံတော့ရမှဖြစ်မတဲ့ နို့မဟုတ်ရင် ငါ့ကို မချစ်နိုင်ဘူးတဲ့။ သူတို့ 'ချဲ့ထွင်ထွင်' အဖွဲ့မှာ အ၀တ်အစားဘိုးဝင်ကြေး ၁၀၀ စီပေးထားရပြီးမှ အခု ရွှေခြေကျဉ်း မပါရင် မလိုက်ရဘူးဆိုလို့ခက်နေသတဲ့'
ကျွန်တော်ကြားဘူးနားဝရှိ၍
'အို ........... ဒါတော့ မင်းနောက်တော့ ၀ယ်ပေးနိုင်မှာလဲ သေချာသားဘဲကွယ်၊ အခု ခဏတဖြုတ် ၃-၄ ရက်မှာ ငှားပေးမယ်ရပြောပါလားကွာ၊ ခြေကျဉ်းတရံ တနေ့ငါးကျပ်တဲ့ တချို့ဒီလိုဘဲ ငှားဝတ်ကြ တာတွေကို'
' အဲ့ဒါငါကပြောပါသေးတယ်ကွာ၊ ဒါပေမယ့် သူက ' အငှားဝတ်တဲ့ခြေကျဉ်းမှန်းသင်းကြန်ကျော်ရင် ပြန်ပေးပြန်ပေး' လို့ ပါးစပ် ကမြင်းတဲ့ကောင်တွေ သံညှပ်ထိုးမှာ ရှက်သတဲ့ကွ'
'ဒါဖြင့်ကွာ ရွှေရေစိမ်အတုဘဲ ၀ယ်ပေးလိုက်ပေါ့။ ခဏတဖြုတ်ဟာ ဘယ်သူသိတာမှတ်လို့ '
' အဲ့ဒါလဲ မိမဆုံးမ၊ ဘမဆုံးမသားတွေပါးစပ်က ' ခြေကျဉ်းကြီးနဲ့ အပျိုစင် - ဦးဘိုးခြမ်း- ဦးဘိုးခြမ်း' လို့ သံညှပ် ထိုးတော့သူ့စိတ်ထဲက တွေးပြီး မျက်နှာပျက်လို့ လူသိကုန်မှာတဲ့ကွ'
'ဟာဒါဖြင့် မင်းဟာနည်းလမ်းကို မရှိတော့ဘူး'
ကျွန်တော်က စိတ်လျော့စွာ ပြောလိုက်သည်။ သို့သော်သူက
' ငါကတော့ မလျှော့ဘူးမောင် သူ့မရလဲ မနေနိုင်အောင်ဖြစ်နေတာကိုးကွ၊ အချစ်မှာမျက်စိမရှိဘူးဆိုပါတဲ့ စကား လဲရှိနေတာ ငါရုတ်တရက်စိတ်ကူးရတာနဲ့ ' စိတ်ချ ဒီတစ်ရက် နှစ်ရက်အတွင်း ရွှေခြေကျဉ်း တရံ လက်ဝယ် နှံပါမယ်လို့ ၀န်ခဲကတိပေးခဲ့တယ်'
'မင်းက ဘယ်လိုများ အကြံရလို့တုန်း'
'ငါရတာ ဒီလိုကွ၊ ငါတည်းတဲ့ အိမ်မှ ကျောချင်းကပ်လမ်းမှာ ဆေးလိပ်ကြောငြာတဲ့ ' စိမ်းပြာညိုညက်' အဖွဲ့ရှိတယ်၊ အဲ့ဒီအဖွဲ့မှာ အဒေါ်ကြီးသမီး မြင့်မြင့်ကြီးရဲ့ ရွှေခြေကျဉ်း ငါ့မျက်စိ ထဲ မြင်ယောင် နေတာကိုးကွ၊ နာမည်ကြီး ဆေးလိပ်ခုံပိုင်ရှင် သူဋ္ဌေးသမီးဆိုတော့ ရွှေခြေကျဉ်းကြီးက ၀င်းလို့မှည့်လို့ ဒါပေမယ့် သူ့ခြေသလုံးကြီးက ညိုလို ပြာလို၊ သူတို့အဖွဲ့ နာမည် ပေးတာတောင် သူ့အမေက သူ့သမီး ခြေသလုံးကြည့်ပေးတာ ထင်ပါရဲ့ကွာ၊ ဒါနဲ့ ငါက ဒီရွှေခြေကျဉ်းကြီးတော့ ဒီခြေသလုံးကြီးကချွတ်ပြီး ငါ့ကောင်မလေး ပေးမယ်လို့ သန္နိဌာန်ချလိုက်တယ်'
ကျွန်တော်ကဖြတ်၍
'အောင်မာ မင်းက ဘယ်လိုများ ချွတ်မှာတုန်း'
'မင်းနားထောင်လေကွာ ဒေါင်း အမောက်နဲ့ လူမှာဦးဏှောက်နဲ့။ ငါတည်းတဲ့ အိမ်နောက်ဖေးက သူတို့ အိမ်အရိပ် အခြေလှမ်းကြည့်နေပြီး၊ နေ၀င်ရီသရောအချိန် သူအိမ်သာအတက်မှာ ငါနောက်ပေါက်ကနေပြီး ခြေကျဉ်းနှစ်ခုဆွဲပြေးတာပါဘဲကွာ'
ကျွန်တော်မှာ သူ့စကား ဆက်နားမထောင်နိုင်တော့ဘဲ ခွက်ထိုးခွက်လန်ရီမိပါတော့သည်။ မျက်ရည်များပင် ထွက်သည်ဟုထင်မိပါသည်။ ဤတွင် သူက ကျွန်တော့ကို စိတ်ဆိုးမာန်ဆိုးနှင့် ကြည့်ကာ
'ဟေ........ အေးဆွေ ........ မင်းဒါက ငါ့အတွက် ၀မ်းသာစရာလးကွ........'
ကျွန်တော်အရီရပ်၍ အံ့အားသင့်ကာ ........
'ဟေ့ မင်းအင်မတန်လိုချင်နေတဲ့ ခြေကျဉ်းကြီး မင်းရလာတာ ငါဝမ်းသာစရာမဟုတ်လားကွာ'
'ဘယ်က ငါရရမှာလဲကွ ၊ ငနဲမကြီးက ၀က်အော်သလိုအော်လို့ ပုလိပ်ကလိုက်တော့မိသွားတယ်၊ ဒါနဲ့ ငါအခု အချုပ်ခန်း ထဲရောက်နေတာပေါ့ကွ'
ဤတွင်မှ ကျွန်တော်မှာ ယခု ကျွန်တော်တို့ရောက်နေသော နေရာသည် အချုပ်ခန်း။ တင်မောင်ကို ပြောနေသောစကားသည် သူအဖမ်းခံရပုံအကြောင်းများဖြစ်သည်ကို ပြန်လည်သတိရလျက် သူ့အတွက် စိတ်မကောင်းဖြစ်သွားကာ
' အေး........ဒါနဲ့ မင်းက ဂါတ်ထဲရောက်တော့ ရှက်လို့ မင်းနာမည်အမှန်မပြောဘဲ သန်းဆွေလို့ လိမ် ပြောတာပေါ့'
သူသည် ခေါင်းငိုက်စို်က်နှင့်
'အေးကွ ........'
'ငါဖြင့်ကွာ ပုလိပ်ကလာပြီး ရန်ကုန်က သန်းဆွေလို့ပြောတော့ သတင်းစာထဲကြည့်ပြီး စာရေးဆရာ သန်းဆွေ အောက်မေ့သွားတယ်'
'အေးကွ၊ ငါသည်နာမည်ပြောမိတာလဲ သူ့အကြောင်းနဲ့ တိုက်ဆိုင်လို့ဘဲ'
'ဘယ်လိုလဲကွ'
'ငါ .......အိမ်သာနောက်ကပ်ချောင်းနေတုန်းမှာဘဲ အထဲကငနဲမကြီးက ' အော် .....ကိုသန်းဆွေ ... ကိုသန်းဆွေ အလွမ်းဝတ္ထုမှာဖြင့် မြင့်အသဲခိုက်အောင် ရေးတတ်ပါပေရဲ့' ဆိုပြီး စက်.......... စက်နဲ့'
'ဟ....... ဘာတွေလဲဟ'
'မျက်ရည်တွေကျလာတာကွ၊ အဲဒီလို သူ့မျက်လုံး မျက်ရည်တွေဖုံးနေတုန်းမှာ ငါက ခြေကျဉ်းအတင်းဆွဲပြေးတာ'တောက်'မအေပေး ပုလိပ်ကြောင့်ပေါ့ကွာ၊ ဒါနဲ့ ဂါတ်ထဲ ရောက်လို့ နာမည် မေးတော့ ပါးစပ်ထဲ လွယ်လွယ်တွေ့ရာ သန်းဆွေလို့ ပြောလိုက်တာကွ၊ ဟော.........ဟော .......... အခုလာ နေတဲ့ ငနဲပေါ့ကွ၊ ငါ့နာမည်မေးတာ' ဟုဆိုသဖြင့် သူပြရာ ကျွန်တော်အလှည့်ကြည့်လိုက်ရာ ကျွန်တော့အား ယခင် တောင်ပြုံးပွဲတော်တုန်းက အိမ်ပြန်ပို့သော ရာဇ၀င်အုပ် ကိုအေးမြင့်ကို မြင်ရပါသည်။
ကိုအေးမြင့်သည် ကျွန်တော့ကို မှတ်မိသည်ဖြစ်၍
' သြ ........ ဦးအေးဆွေ ကြွလာပြီလး၊ ခင်ဗျာ့မိတ်ဆွေက အရင်တောင်ပြုံးတော်တုန်းက ၀င်းစိန် ဆိုတဲ့နာမည်နဲ့ ဆေးရုံတက်တယ်၊ အခုတော့ သန်းဆွေဆိုတဲ့နာမည်နဲ့ ဂါတ်ထဲရောက်လာ တယ်'
ကျွန်တော်မှာ ကိုအေးမြင့်၏ ဖော်ရွေခြင်းကို ပြုံးရပါသည်။
တင်မောင်ကို မူ ခွေးနှင့် မျောက်ကဲ့သို့ မျက်စောင်းခဲနေပါသည်။
ကိုအေးမြင့်က ဆက်လက်၍
'ဦးအေးဆွေက အခု အာမခံရအောင် လာတာမဟုတ်လား'
'အာမခံရုံတင်မဟုတ်ဘူး၊ ကျွန်တော့သူငယ်ချင်း လွတ်သည်အထိ ဆောင်ရွက်ရပါမယ်'
ကိုအေးမြင့်သည် ခေါင်းကုတ်ကာ
'လွတ်အောင်ဆိုတော့ မလွယ်ဘူးဦးအေးဆွေ ... ကျွန်တော်တို့ဂါတ်ကိုတော့ ပိတ်လို့ဆို့လို့ရပြီ ထားပါတော့ ဟိုတဘက်ကိုဖြင့် ကျေနပ်အောင်ပြောလို့ရမယ် မထင်ပေဘူး၊ မန္တလေးမြို့မှာ တကဲ့ နာမည်ကြီးထိပ်သီးဘဲ၊ အခု သူ့သမီး ခြေကျဉ်းဝတ် အရေပြားပွန်းသွားတာကိုဘဲ ရာဇ၀တ်ကောင် ကြိုးပေးပစ်မှ ကျေနပ်မလောက် ဖြစ်နေတယ်'
တင်မောင်ကိုမှာ ကြက်သီးမွေးညှင်းထသွားသည်ဟု ကျွန်တော် ထင်လိုက်ပါသည်။ သို့သော် သူ့မျက်နှာ သည် သံတိုင်ကြားမှ ရုတ်တရက် ရွှင်လန်းသွားကာ အပြင်ဘက်လှမ်းကြည့်၍
'ဟေ့ ဟေ့ အေးဆွေ၊ ပေါ်အူးလဲ့ လိုက်လာတာဘဲကွ၊ ဟိုမှာ လာနေတယ်'
ကျွန်တော် သူပြရာလှည့်ကြည့်လိုက်ရာ ပေါ်အူးက
'ဆရာ ... ဒေါ်ကြီးစိုးက ဆရာဘယ်ထွက်သွားလဲ ကြာလိုက်တာ သွားခေါ်ချေဆိုလို့လာခဲ့ရတယ် ဆရာ'
'အေး ...ေ အး ... လာပါအုံးကွာ၊ ဟောဒီမှာ သန်းဆွေဆိုတာကွ၊ ငါ့သူငယ်ချင်းဒုက္ခရောက်နေပြီ ကွာ၊ မင်းကြံစမ်းပါ အုံး'
တင်မောင်ကိုမူ ပေါ်အူး၏လက်ကို သံတိုင်ကြားမှ လှမ်းကိုင်ကာ ...
'ကယ်စမ်းပါအုံးပေါ်အူးရာ ... ငါဂေါ်စိတ်မွှန်ပြီး မိုက်ရူးရဲ လုပ်မိတယ်ဆိုတာ ကိုဝန်ခံပါတယ်၊ မင်းမကယ်ရင်ဖြင့် ငါ့နာမည်နဲ့ ငါတို့ဆွေမျိုးဂုဏ် ထိခိုက်တော့မှာဘဲ'
ကျွန်တော့သူငယ်ချင်းဟူသမျှ ပေါ်အူးအကြောင်း သိကြသည်နှင့်အညီ အရေးအခင်း အကျဉ်း အကြပ်ရှိသမျှ ပေါ်အူးကို အားကိုးကြကုန်သည်။
'ဒီအကြောင်းများ ငါဦးကြီးသိသွားရင် ဘယ်လောက်စိတ်ဆိုးလိမ့်မလဲဆိုတာ မင်းစဉ်းစားကြည့် တော့ကွာ 'တင်မောင်ကိုက ဆက်ပြောသည်။
စင်စစ် တင်မောင်ကိုမှာ သူ့ဝါသနာအလျောက် မိန်းကလေးတွေနှင့် ပတ်သက်လာလျှင် ဤကဲ့သို့ တေ၍ ပေ၍ နေသော်လည်း အောက်တန်းစား ဂျပိုး ထဲကမဟုတ်။ ရန်ကုန်တွင် နာမည်ကြီး လူချမ်းသာမျိုးထဲက ဖြစ်ပါသည်။ ယခု သူ့မှာ မိဘမရှိ။ သူ၏ ရစရာအမွေအနှစ်များကို သူဦးကြီး တစ်ယောက်က ထိန်းသိမ်း ထားသည်။ သူ့ဦးကြီးသည် သူ့ကိုသားရင်းပမာချစ်၍ ကျောင်းနေရန်၎င်း၊ သို့မဟုတ် သူတို့ ကုန်တိုက်ကြီး တွင် အလုပ်ဝင်ရန်၎င်း ပြောသည်။ သို့သော် တင်မောင်ကိုက နားမထောင်ချေ။ ရသမျှငွေကို သုံးပြီး ဤသို့လျှင် မြို့တကာ ရှောက်၍ နောက်ပိုးနေခြင်းဖြင့် အချိန် ဖြုန်း၏ ကျွန်တော် နှင့် မူကား ငယ်စဉ်ကပင် ကျောင်းနေ ဘက် သူငယ်ချင်းမို့ ခင်မင်ခဲ့ကြသည်။
ကျွန်တော်သည် ဤအကြောင်ကို ကိုအေးမြင့်အား တီးတိုးပြော၍ တင်မောင်ကိုကို အာမခံနှင့် နှုတ် ပြီးနောက် သူ့အမှုပြီးရာပြီးကြောင်းကို ပေါ်အူးနှင့်တကွ မျက်နှာစုံညီ အခွင့်နည်းလမ်းရှာကြံသည်။
ကိုအေးမြင့် 'အဲဒါ့ဘဲဗျာ၊ ရုံးလဲအမှုမတင်ရသေးတော့ ကျွန်တော်တို့ ဂါတ်ထဲကပြီးမယ်ဆို ပြီးနိုင် ပါတယ်။ အဲဟိုတဘက်က ကျေနပ်ဖို့ဘဲ လိုတယ်။
ပေါ်အူး 'ဒီခြေကျဉ်းပိုင်ရှင်မိန်းကလေးရဲ့မိခင်က 'စိမ်းပြာညိုညက်' အဖွဲ့ခေါင်းဆောင်တဲ့ ဒေါ်စိန်ညိုနော်'
'ဟုတ်ပါတယ် မန္တလေးမှာ နာမည်ကြီး လူချမ်းသာတယောက်ပေါ့။
'အခု လက်ပူးလက်ကြပ်မိတဲ့ ရွှေခြေကျဉ်းက ရာဇ၀တ်အုပ် မင်းတို့ လက်ထဲမှာ ရှိမယ်နော်'
'ရှိပါတယ်'
'ကဲ ... ဒါဖြင့် ကျွန်တော် တတ်နိုင်သလောက် အခွင့်နည်းလမ်းရအောင် ရှာမယ်လေ၊ ရာဇ၀တ် အုပ်မင်းကလဲ ကျွန်တော်လိုတဲ့ အကူအညီပေးလိမ့်မယ်လို့ မြှော်လင့်ပါတယ်။
'တတ်နိုင်သလောက် ပေးပါ့မယ်လေ၊ ကျွန်တော်တို့ ပုလိပ်ဘက်က ဒါလောက်အမှုကလေးနဲ့လဲ ဂုဏ်မယူချင်ပါဘူး၊ နှစ်ဘက်ကြေအေးလို့ ပြီးသွားကြရင် ကျေနပ်တာဘဲ'
'ကောင်းပါလေဗျာ'
ဤအချိန်၌ ပေါ်အူး၏ မျက်နှာအမူအရာမှာ ကျွန်တော်ကပင် ကိုယ့်လက်အောက်လူအဖြစ်နှင့် မကြည့်ရဲ လောက်အောင် ထက်မြက်ကြီးမြင့်သော အသွင်ကို ဆောင်နေပါသည်။
'ကဲဟေ့ အေးဆွေ၊ မင်းင့ါကို အချုပ်ခန်းထဲက ထုတ်လာတာကတော့ ဟုတ်ပြီ၊ အခု ငါနေတို့ထိုင်ဘို့ မန္တလေးမှာ စီမံပေးအုံးကွ၊ ငါ့ပဌမတည်းအိမ်တော့ မပြန်ဝံ့ဘူး၊ ဒီအကြောင်း သူတို့သိသွာပြီ ထင်အောင် ငါရှက်တယ်'
ကျွန်တော်သည် ပေါ်အူးအား ယခု ကျွန်တော့မှာ မိတ်ဆွေတစ်ယောက်နှင့်တွေ့၍ နံနက်စာ အတူ စားရမည်ဖြစ်ကြောင်း ဒေါ်ကြီးစိုးကို ပြောရန်မှာ ကြားလွှတ်လိုက်ပြီး (တင်မောင်ကိုနာမည် ကိုတော့ မပြောရဲပါ၊ သူ့ကိုဆိုလျှင် ကျွန်တော့ဒေါ်ကြီးက ယောင်က ၀င်းစိန် ဘီအေဘီအယ်လ် လက်မှတ်ငှားနှင့် လိမ်လည်မှုကြောင့် နားထင်နှစ်ဘက်ကို လက်နှစ်ဘက်နှင့် ထိုးဖောက်သတ်ချင် လောက်အောင် မုန်းနေပါသည်။) ကျွန်တော်တို့နှစ်ယောက် လျှမ်းစိန်ဟော်တယ်တွင် ထမင်းစားနေ စဉ်၌ တင်မောင်ကိုက သူ့အတွက် ကျွန်တော့ကို အပူကပ်လိုက်ပြန်ခြင်း ဖြစ်ပါသည်။
ကျွန်တော်မှာ ခွန့်လုဆဲထမင်းလုပ်ကိုပင် ရပ်လိုက်ကာ
'အေး ... အဲ့ဒါက တမျိုးခက်တာဘဲကွာ ... နို့ မင့်သည့်ပြင်  ရပ်ကွက်မှာကော တည်းစရာအိမ် မရှိဘူးလား'
'မရှိဘူးကွ'
'အော ... ငါတခုအကြံရတယ်ဟေ့' ကျွန်တော်သည် ဘဲကင်ကို ခရင်းနှင့်ထိုးလိုက်ရင်းဘဲ ကင်အရောင်နှင့်တူသော ရဲရင့်စာအုပ်ဆိုင် ကိုဘဇံ၏ မျက်နှာကို မြင်ယောင်လာသည်နှင့် မင်းဒီမန္တလေးမှာ ရဲရင့် ကိုဘဇံဆိုတာသိလား'
'ဟင့်အင်း ... ကြားတောင်မကြားဘူးဘူး'
'အေး ... အဲ့ဒါပိုကောင်းတယ်'
'ဘာလို့လဲကွာ'
'ဒီလိုကွ သူက စာအုပ်နဲ့ အသက်မွေးတဲ့လူဆိုတော့ စာရေးဆရာဆိုရင် အင်မတန်ကြည်ညိုတယ် တဲ့၊ ရန်ကုန်ကစာရေးဆရာတွေလာရင် သူ့အိမ်မှာ တည်းကြခိုကြတာဘဲတဲ့၊ အလှည့် အပတ်ကောင်းရင် ငွေလဲချေးသတဲ့၊ လူက အညာသားလူရိုး လူအရုပ်ပါကွာ၊ ငါနဲ့တခါ 'ဗမာပြည်ရှိ ငှက်ကလေးများအကြောင်း စာအုပ်ထုတ်တုန်းက စကားပြောဘူးပါတယ်၊ ညာ ညာသလိုရမဲ့လူပါ။ ဒီတော့ မင်းက စာရေးဆရာယောင်ဆောင်ရလိမ့်မယ် ဆောင်တတ်ပါ့ မလား'
တင်မောင်ကိုလည်း ဟင်းချိုကို ရွှတ်ကနဲသောက်လိုက်ပြီး ...
'အို ... စာရေးဆရာဂျိုပေါက်တာမှတ်လို့ကွာ'
'ကဲ ... ဒါဖြင့်ကောင်းပြီ၊ ရန်ကုန်ကစာရေးဆရာတွေထဲမှာ သူ ဘယ်စာရေးဆရာ မတွေ့ဘူးသေး သလဲဆိုတာ ငါထမင်းစားပြီးတော့ သွားစုံစမ်းမယ်၊ မင်းက ဒီမှာဘဲ နေရစ်ခဲ့'
ထို့နောက် ကျွန်တော်တစ်ယောက်တည်း ထွက်ခဲ့လေသည်။ ရှုမ၀တိုက်ခွဲဟူသော ရဲရင့်စာအုပ်ဆိုင် ရှေ့သို့ ရောက်သောအခါ ကိုဘဇံဆိုသူကို မတွေ့ရသေး။ ဆိုင်ပေါ်၌ အသက်သုံးဆယ်ကျော် အဒေါ်တစ်ယောက် ရှိသည်။ ကျွန်တော်မှာ တင်မောင်ကိုအား စာရေးဆရာယောင်ဆောင်ခိုင်းရာ၌ ဒီကောင့်မှာ ဖောင်တိန် မျှပင်မရှိ၍ ၀ယ်ပေးရမည်ဖြစ်ရာ ထိုဆိုင်မှာပင် ဖောင်တိန်တွေ တော်တော်စုံ အောင်တွေ့သည် နှင့် ပတ်ကားတချောင်းကို ကောက်ကိုင်လိုက်ပြီး။
'ဒီဟာ ဘယ်လောက်လဲဗျ'
ထိုအဒေါ်သည် နားကိုအတော် အာရုံစိုက်၍ ထောင်ပြီး။
'၃၅ိ'
'၃၀ိ မရဘူးလား'
'၂၀ိက တပြားမှ မလျှော့တော့ဘူး၊ နောက်ဆုံးဈေးဘဲ'
ကျွန်တော်မှာ ပြုံးမိပါသည်။ နားထိုင်းသူများထံ ၀ယ်ရသည်မှာ တနည်းအားဖြင့် ကောင်းလေ သည်။ ဆစ်တဲ့ဈေးမကြားဘဲ သူရောင့်မည်ဈေးကိုသာ တိုက်ရိုက်ပြောတတ်၏။
ဤအကြိုက်၌ ကိုဘဇံသည် ဘိုင်စကယ်နှင့် ရောက်လာကာ ကျွန်တော့ကိုမြင်သည်တွင် ယခင်က သူ့ကို ပိုက်ဆံတမတ် အလကားပေးခဲ့ဘူးသည်ကို မှတ်မိ၍ ဆလံပင်ထပ်မံ ပေးတော့ခမန်းပြုလျက်
'အော ... ဆရာ ဘာအလိုရှိပါသလဲ၊ ယူတော်မူပါခင်ဗျာ'
ကျွန်တော်သည် သူဆောင်ကျင်းလာသော ထီစာအုပ်တွေကို ကြည့်ကာ
'ဘယ့်နှယ် စာအုပ်ဆိုင်ထွက်ရုံနှင့် သူဌေးဖြစ်နှေးလို့ ထီဆိုင်ပါဖွင့်သလားဗျ'
'အဟဲဟဲ ...' သူ၏ သွားသံချေးတက်နီကြောင်ကြောင်တွေကို ဖွင့်လျက် 'ဘယ်သူဌေးတော့ ဖြစ်နိုင် မလဲဗျ၊ နည်းနည်း ပါးပါး လှူနိုင်တန်းနိုင်အောင် ထီစာအုပ်ကလေးတွေပါတွဲလုပ်ရတာ ခင်ဗျာ့၊ အရင် အပတ်က ကျွန်တော့ဆိုင်က သောင်းဆု နှစ်ခုတောင်ပါတယ်ဗျာ ထိုးသွားပါအုံး အခုတပါတ်တော့ သိန်းဆုပါမှာ အမှန်ပါ၊ ကျွန်တော့မိန်းမက အိပ်မက်သတဲ့ခင်ဗျ၊ လူဖြူဖြူချောချောတယောက် ဒီဆိုင်က သိန်းဆု ပေါက်တယ်လို့'
အညာသားများ ဆွယ်တရားမခေပါ။ အသားညိုညို အဒေါ်ကြီးဆိုလျှင် သူကမျိုးပြောပေလိမ့်မည်။ သို့သော် ကျွန်တော်သည် ထီအကြောင်းနှင့်ပတ်သက်၍ နောက်ထပ် ဘာမျှမပြောတော့ဘဲ မဂ္ဂဇင်း စာအုပ်ကို မာတိကာလှန်ကြည့်လိုက်ပြီး
'အမယ် ... ဒီမဂ္ဂဇင်းက စာရေးဆရာတွေ စုံလို့ပါလား'
'ဟုတ်ကဲ့ အားလုံးကောင်းတဲ့ လူချည်းဘဲခင်ဗျာ့၊ ၀ယ်ပါ'
'ခင်ဗျား ... ဒီစာရေးဆရာတွေထဲက တွေ့ဘူးတဲ့လူရှိသလား'
'တချို့တွေ့ဘူးပါတယ်ခင်ဗျာ့၊ ၀ယ်ပါ'
'သန်းဆွေဆိုတာ တွေ့ဘူးသလား'
'ဒီသင်္ကြန်ပွဲတော်မှာ ပါလာလို့ မနေ့ကဘဲ ကျွန်တော့ဆီက ငွေ ၂၀ိ ချေးသွားသေးတယ်ခင်ဗျာ့ ၀ယ်ပါ'
'မင်းအောင် ကော သိသလား'
'သူလဲပါလာတယ်ခင်ဗျာ့ ၀ယ်ပါ'
'ဒီ ... ဆိုင်ပေါ်ကဟာ ခင်ဗျာ့မိန်းမလား'
'ဟုတ်တင်ခင်ဗျာ့ ၀ယ်ပါ၊ အာ ... ဟုတ်ပါဘူး'
အညာသားစကား မှား၍ သွားပါသည်။ ကျွန်တော်က သူ့ဘာမေးမေး '၀ယ်ပါ ... ၀ယ်ပါ' ဆိုသော စကား အဆုံးသတ်ကို ကြားပြင်းကပ်၍ တမင်ဖောက်လိုက်ခြင်း ဖြစ်ပါသည်။ နှစ်ယောက်သား ရီကြ ပြီးနောက် ကျွန်တော်က
'ဆရာကြီး ရွှေဥဒေါင်းဆိုတာကော တွေ့ဘူးသလား'
'သူကတော့ အခု ဒီမန္တလေးတင်နေတာဘဲဗျာ ... ကျွန်တော့ အစ်ကိုကြီးဘဲ၊ ကျွန်တော်စာအုပ် ထုတ်မလို့ သူ့ဆီ ဘာသာပြန် ၀တ္ထုတစ်ပ်ုတောင် တောင်းထားပါသေးတယ်'
'နို့ပြီး ... ငွေဥဒေါင်းဆိုတာကော'
'အား ... ဟား ... ဟား သူတော့' အညာသားသည် စကားမဆက်သေးဘဲ သူ့သွား သံချေးတက် တွေဖြဲ၍ ရယ်လိုက်ပြီး 'ခွေးသိဝက်သိဘဲဗျာ၊ သူ့ဓာတ်ပုံမဂ္ဂဇင်းထဲမှာ ဟိုလူနဲ့တွဲပါ၊ ဒီလူနဲ့ တွဲပါ၊ အခုတဖက်မှာ စာပေဗိမာန်ဆုရတဲ့ ဆရာတက်တိုးနဲ့တောင် တွဲပါလိုက်သေးတယ်၊ အရင်တလောကလဲ မဟာဆွေတို့ မြမျိုးလွင်တို့ သာဓုတို့နဲ့ တွဲပါလိုက်သေးတယ်'
'နို့ခင်ဗျာ ... သာဓုဆိုတာကော တွေ့ဘူးပြီလား'
'အာ ... သူ့တော့ လူချင်းမတွေ့ဘူးသေးဘူးခင်ဗျာ့၊ ဓာတ်ပုံမြင်ဘူးတာဘဲ ရှိသေးတယ်၊ လူဒေါင် ကောင်းကောင်း၊ နှာတံပေါ်ပေါ်၊ ကတုံးဆံတောက်နဲ့၊ ကျွန်တော့မိန်းမလိုဘဲ နားလေးတယ်လို့ ပြော ကြတယ်'
ဤနေရာ၌ ကျွန်တော့စိတ်ကူးတွင် ဒေါင်ကောင်းကောင်း နှာတံပေါ်ပေါ်ဆိုသည်ကို လူပုံစံချင်း တင်မောင်ကိုနှင့် ဟပ်မိ၍ သို့သော် တင်မောင်ကိုက ကတုံးဆံတောက်မဟုတ် အမေရိကန်ဇာတ် လိုက်လို ဂေါ်ဆံတောက်နှင့် ဖြစ်နေသောကြောင့်
'ခင်ဗျားပြောတာမှန်တယ်ဗျာ။ ဒါပေမယ့် အခု သူကတုံးဆံတောက်နဲ့ မဟုတ်တော့ဘူး။ သူ့ဝတ္ထု ဇာတ်ညွှန်းနဲ့ သူဇာတ်လိုက်လုပ်မယ်ဆိုပြီး ရုပ်ရှင်မင်းသားစတိုင် ဖြစ်နေတယ်'
အညာသား အံ့အားသင့်ကာ
'အာ ... ဟုတ်လား၊ ဒီလိုဆိုသိပ်ကောင်းမှာပေါ့ဗျာ၊ ကျွန်တော်ကြည့်ချင်လိုက်တာ'
'ကြည့်ချင်ရင်အခုတောင် တွေ့နိုင်ပါတယ်ဗျာ ... သူဒီမန္တလေးသင်္ကြန်ပွဲကို လာတယ်ဗျ၊ စာရေး ဆရာအသင်း ကိုယ်စားလှယ်အဖြစ်နဲ့ မဟုတ်ဘူး၊ သူ့ဟာသူ သီးခြား'
အညာသားမျက်လုံးကလေး ကြောင်တောင်ဖွင့်ကာ
'အာ ... တွေ့ချင်လိုက်တာဗျာ ... ဘယ်မှာတည်းသတဲ့လဲ'
'ဘယ်မှာတည်းမယ်တောင် မသိသေးဘူး၊ ဒီနေ့မှ ရောက်လာတာ'
'အာ ... ဒီလိုဆို ကျွန်တော့အိမ်တည်းဘို့ တောင်းပန်ရမှာဘဲ၊ ကျွန်တော်ကလဲ ဆရာကြီး ရွှေဥဒေါင်းဝတ္ထုပြီး နောက်တစ်အုပ်ထုတ်ဘို့ သူ့ဆီက၀တ္ထုတစ်ပုဒ်လိုချင်နေတာနဲပ အဆင်သင့်ဘဲ၊ သူ့ဘယ်မှာ တွေ့ရမလဲ ခင်ဗျာ တွေ့ပါရစေ ...'
အညာသားမှာ ၀မ်းသာအားရနှင့် အတော်ပင် လောဘဇော်တိုက်၍ နေပါပြီ။ သို့သော် ကျွန်တော်က ဣနြေ္ဒရရနှင့် လက်ကနာရီကို ကြည့်လိုက်၍ ဆယ့်နှစ်နာရီခွဲနေပြီကို မြင်ရသည်နှင့် ...
'အင်း ... ကျွန်တော်နဲ့ နာရီပြန်တချက်မှာ နေ့လည်စာ စားဘို့ လျှမ်းစိန်ဟိုတယ်မှာ ချိန်ထားတာတဲ့ ဗျ၊ အခု နာရီဝက်လိုသေးတယ်'
'အာ ... ဒါဖြင့် ဒီနေ့လည်စာပါ ကျွန်တော်က ခင်ဗျားရော ... ကျွေးပြစေဗျာ၊ ခင်ဗျားအခုသွားတော့ မလား၊ ကျွန်တော်ပါ တခါထဲလိုက်ခဲ့မယ်လေ'
အညာသားတော့ သဲနေပြီကော။ ကျွန်တော့စိတ်ထဲတွင် တွေးမိကာ သို့သော် သူတို့ နှစ်ယောက်ကို တိုက်ရိုက် တွေ့ပေး၍ မဖြစ်သေးသည်နှင့် လက်ပတ်နာရီကို ငုံ့ကြည့်ပြီး
ကျွန်တော်က ဒီနာရီဝက်အတွင်းမှာ ခလေးမတစ်ယောက်နဲ့ သွားတွေ့စရာရှိသေးတယ်ဗျာ၊ ခင်ဗျား သူ့တွေ့ချင်ရင် နာရီပြန်တချက်တော့ လျှမ်းစိန်ကို လာခဲ့ပေါ့'
'ဟုတ်ကဲ့ခင်ဗျာ .... ဆက်ဆက်ကြိးလာခဲ့ပါ့မယ်'
ကျွန်တော် လျှမ်းစိန် ဟိုတယ်သို့ ပြန်ရောက်သောအခါ ...
'ဟေ့  တင်မောင်ကိုရေ မင်း ဒီအချိန်မှာ အအေးစိမ်ဘီယာကလေး မသောက်ချင်ဘူးလား'
သူသည် စိတ်ပျက်လက်ပျက် ထိုင်နေရာမှ ခေါင်းမော်ကာ ...
'ဟာ ဘယ့်နှယ်ပြောပါလိမ့် သူငယ်ချင်းရာ၊ မင်းနဲ့ ငါ ခုမှ တွေ့တဲ့လူချင်းကနေတာဘဲ'
'ကဲ ... ဒါဖြင့် သဘောရှိမှာကွ၊ ဒကတစ်ယောက် မကြာမီ ရောက်လာလိမ့်မယ်'
ထို့နောက်၌ ကျွန်တော်က အကျိုးအကြောင်းကို ပြောပြကာ ...
'အဲ့ဒါဘဲ တင်မောင်ကို မင်း စာရေးဆရာသာဓုလုပ်ရမှာဘဲ သာဓုက နားထိုင်းသတဲ့ကွ၊ မင်း နားထိုင်းချင်ယောင်ဆောင်တတ်ပါမလား'
'သိကြားမင်းတောင် နွားယောင်ဆောင်တတ်သေးတာကွာ'
တင်မောင်ကိုသည် ဘီယာလက်လေးလုံးခန့်ကို ဒလဟောဒိုးမျိုချ လိုက်လေသည်။ ကျွန်တော်တို့ နှစ်ယောက် ဘီယာတစ်ယောက်တစ်လုံးစီ ကုန်ကြသောအခါ၌ ကိုဘဇံရောက်လာကာ ...
'အား ...  ရောက်နှင့်နေကြပလား၊ သုံးဆောင်တော်မူကြပါခင်ဗျာ။ သဘောရှိ သုံးဆောင်တော်မူကြ ပါ။ ဒီနေ့ ကျွန်တော် ကံကောင်းတယ် ထင်ပါတယ်ခင်ဗျာ့။ ဘာပြုလို့လဲဆိုရင် ပထမဦးဆုံး လှမ်းကြည့်တဲ့အခန်းမှာဘဲ ဆရာတို့ကို တွေ့နေရပါတယ်ခင်ဗျာ'
အော် ... အညာသားများ သနားစရာ သူတွေ့လွယ်အောင်ဘဲ ကျွန်တော်တို့က တမင် ခန်းဆည်း ခတ်လှပ်လှပ်ထားတာ။
အင်း ... ခင်ဗျာ့ ကံကြီးလဲ ကောင်းပါလိမ့်မယ်။ ကျွန်တော်စိတ်ထဲမှ ရေရွတ်ပြီးနောက် တင်မောင်ကို ဘက် လှည့်ကာ ...
'ဆရာသာဓု ဒါ မန္တလေး ရဲရင့် ဦးဘဇံလေ'
ကျွန်တော်က ခတ်ကျယ်ကျယ်ကလေး ပြောလိုက်သည်။ ဤတွင် အလွဲပို၍ အလိုက်ကန်းဆိုး သိတတ်သော အညာသားက ကျွန်တော့ထက် ကျယ်လောင်အသံနှင့်
တွေ့ရတာ ၀မ်းသာပါတယ်ခင်ဗျာ့
တင်မောင်ကိုမှာ မျက်နှာ    ရှုံ့၍သွားရှာသည်။
ကျွန်တော် အိမ်သို့ပြန်ရောက်သောအခါ မိမိ၏ မတော်စဖူး အတော်ထူးသော စိတ်ကူးဥာဏ်ဖြင့် တင်မောင်ကို ဟန်ကျ ပန်ကျ ဖြစ်သွားပုံကို ပေါ်အူးအား ၀မ်းသာအားရ ပြောပြမိပါသည်။
သို့သော် ပေါ်အူးမူ ကျွန်တော်ပြုလုပ်ခဲ့ပုံကို မနှစ်သက်လှချေ။
'ဆရာ့ဟာက လူကြီးလူကောင်းတစ်ယောက်အနေနဲ့ ကြည့်ရင်တယ် ... မသင့်လျော်လှဘူးပေါ့ ခင်ဗျာ'
'အေး ... ဒီလိုတော့လဲ ဟုတ်တာဘဲ၊ သို့သော် အကြောင်းသင့်တဲ့အခါမှာ အညာသားကျေနပ် လောက်အောင် အလျော်ပေးလိုက်ရတာပေါ့ကွာ။ ပျော်စရာဆိုတာ ငွေပေးဝယ်တိုင်း မရပေဘူးကွ။ ငါ့ဟာတော့ ငါအခုအထိ အတော်ကျေနပ်နေတာဘဲ။
ကဲဟေ့ စီးကရက်တလိပ်ညှိပေးစမ်းကွာ'
သူနှင့် ကျွန်တော် စကားဖြတ်လိုက်လေသည်။
ထိုမှ နောက်ပိုင်း၌ကား ပေါ်အူးမူ တင်မောင်ကို အတွက် ဟိုသွားဒီသွားနှင့် အလုပ်များ၍ ကျွန်တော် သာ မန်းရေသဘင် တွင် ပျော်ရွှင်လျက် ရှိပေသည်။
လှည့်လည်ကြသော လုလင်ပျိုတီးဝိုင်းအဖွဲ့တွေနှင့် လုံမပျိုတို့၏ ဧည့်ခံမဏ္ဍပ်တွေက ကဗျာ ဆန်ဆန် နာမည်တပ်လို့ 'နွဲ့ယဉ်ယဉ်'တဲ့။ '၀ါဝါ၀င်း'တဲ့၊ 'မြ၀တီလုံမေ'တဲ့၊ 'မြ၀တ်ရည်'တဲ့။ 'မြမာလာ'တဲ့ မဟ၀ှာ ကလေးက ပြူငှာလှပေသည်။ 'ရှုတိုင်းယဉ်'တဲ့ ရှုတိုင်းယဉ်ဆိုလို့ ယဉ်တိုင်းသာ ရှုရပါလျှင် ...
'တနွေကျော် ... မိုးသော်နှောင်းပါလို့
တဆောင်းတဲ့ ကုန်သည်ပင်။
မြင်ရသူ ... ပျို့မောင်ကြီးမှာ
ငြီးလိမ့်မထင်။
ခုံးမျက်စ,ယဉ် ... နထင်ကချိုင့်
(အယ် ... ဟုတ်ပါဘူး) သဇင်နွဲ့ပျိုချော၊
ပျိုဖြူဖြူ ကြာမူဆန်းတယ်
ငန်းရော့ခေါ်တော ...
(မဟုတ်သေးပါဘူးနော်) နန်းသူပေလော'
ထိုမှ တသိုက် '၀င်းလိုက်မယ်' ဆိုတာတွေကလဲ အလှညီပါပေရဲ့။ 'ရှုတိုင်းယဉ်' 'ယဉ်တိုင်းရှု' ဆိုတာလို '၀င်းလိုက်မယ်' '၀ယ်လိုက်မင်း' ဆိုရင်ဖြင့် တစ်ယောက်လောက်တော့ ဈေးမေးချင်ပါရဲ့ ဗျာ၊ (ကိုကျော်ဝင်းရဲ့) 'ယဉ်မူရာ မျက်နှာပေးတွေက မြင်သူမှာ တသက်ငေးလောက်ပါရဲ့
အော် ... မျက်ချေးတောင်မှ မပွတ်နိုင်၊
(မဟုတ်သေးဘူးခင်ဗျာ့) ရမက်သွေးပုံက မာယာကြွယ်။
ယမင်းမကိုဋ်ရယ်တို့
'၀င်းလိုက်မယ်'ခေါ် မည်သညာနဲ့
ပျော် ... ကြည်စွာ ...
ပျော်ကြည်စွာ (ဟာ ... တော်ပြီဗျာ ... ကျွန်တော် ရှေ့ဆက်မစပ်တတ်တော့ဘူး)
ရွှေမန်းရေသဘင်ကို သဘောကျလွန်း၍ ကျွန်တော် မတတ်တတတ်နှင့် ကဗျာစပ်မိပါသည်။ အမှား မှားအယွင်းယွင်း ရှိသည်ကို သည်းခံတော်မူကြပါခင်ဗျာ။ ကျွန်တော်ပင် ဤမျှပျော်နေလျှင် တင်မောင်ကို မှာလည်း သူ့အား ကြည်ညိုစွာ ပင့်ခေါ်သွားသော အညာသားနှင့် ကျွန်တော့ထက်ပင် ပို၍ ဇိမ်တွေ့ နေလိမ့်မည် ထင်ပါသည်။ သို့သော် တနေ့ညနေ သူရှိရာ ဦးဘဇံတို့အိမ် ရောက်သွား သည်၌ ကျွန်တော်မှာ အံ့သြဘွယ်ရာကို တွေ့နေရပါသည်။ ကိုယ့်လူကောင်းစားနေလိုက်ပုံမှာ ရုတ်တရက်ဖြင့် ကျွန်တော့မျက်စိပင် ကျွန်တော်မယုံနိုင် ဖြစ်သွားပါသည်။
အကြောင်းမှာ တင်မောင်ကိုသည် ကွပ်ပြစ်တစ်ခုပေါ်တွင် ဘုန်းကြီးထိုင်, ထိုင်လျက် သူ့ရှေ့ ကွပ်ပြစ်အောက်၌ မိန်းမတစ်ယောက်နှင့် ယောက်ျားတစ်ယောက်က ကြုံ့ကြုံ့ထိုင်နေကြသည်။ သူ့နောက် တွင်မူ ဦးဘဇံတို့လင်မယားက ပုဆစ်တုပ်ထိုင်၍ သို့ကို ယပ်ခတ်နေကြသည်။
ဦးဘဇံသည် ကျွန်တော့ကိုမြင်လျှင် 'အော် ... ဦးအေးဆွေထိုင်ပါ'ဟုသာ နေရာတခုညွှန်ပြပြီး ယပ်ခတ်မြဲ ခတ်နေသည်။
အဖြစ်ကဆန်းသည်။ တင်မောင်ကိုမှာ သူ့အား ဤသို့ခစားနေကြသော်လည်း မျက်နှာမှာ ရွှင်လန်းဟန် မရှိ။ ကျွန်တော့ကို မြင်သည်၌ မကျေနပ်သောအမူအရာနှင့်ကြည့်ပြီး သူ့အောက်က နှစ်ယောက်သို့ ...
'ကဲ ... ခင်ဗျားတို့ လင်မယားက ဘယ်လိုဖြစ်လာကြတာလဲ၊ ဆိုစမ်းပါလုံး'
ကျွန်တော်မှာ တင်မောင်ကိုအား ရောက်ရောက်ချင်းပင် သူ့ကို အရပ်လူကြီးများ ခန့်ထားသလားဟု တွေးနေပါသည်။
တင်မောင်ကို၏ အမေး၌ ယောက်ျားဖြစ်သူက ကျယ်လောင်သောအသံနှင့် ...
'ဆရာ ဟော့ဒီ ကျွန်တော့မိန်းမ မခင်သန်းဟာ'
သူ့နဘေးက မိန်းမကို မျက်စောင်းခဲ၍ ...
'မနက်အိပ်ရာထတဲ့အခါတိုင်း သူ့ထမီကြီးနဲ့ ကျွန်တော့ကိုယ်ပေးက ကျော်ကျော်သွားပါတယ်'
တင်မောင်ကိုသည် အတော် နားအောင့်စွာနှင့် ထောင်ရပြီး။
' ဟုတ်သလား မခင်သန်း'
မိန်းမကလည်း ကျယ်လောင်စွာပင်.....
' ဟုတ်ဆို ဒီလိုပ့ါဆရာ၊ သူက ဘယ်တော့မှ အိပ်ရာက ကျွန်တော်မအရင် စောစောမထဘူး
ဆရာရဲ့'
ဤတွင် ယောကျာ်းက
' ဟေ့ နင့်အရင်စောစောထနိုင်ပါ့မလား၊ င့ါမှာ သူငယ်ချင်းမြေးဖော်နဲ့ ညဥ့်နက်သန်းခေါင် လယ်ရသေးတယ်၊ နင်တို့ မိန်းမချင်းလို အိမ်ကုပ်အတင်းပြောနေရုံနဲ့ မပြီးဘူး'
တင်မောင်ကိုက လက်တား၍....
' အို.... သိပ်ကျယ်ကျယ်ကြီး မအော်ပါနဲ့လေ၊ ကျုပ်ကြားပါတယ်၊ နေပါအုံး မခင်သန်းက သူ့အပေါ် ကျော်မဆင်း ဘဲ မဖြစ်ဘူးလား'
 ' မဖြစ်ဘူးဆရာရဲ့၊ သူ့အရပ်က ရှည်ရှည်ကြီးနဲ့ စန့်စန့်ကြီးအိပ်တတ်တာ ကုတင်ခြေရင်းနဲ့ ခေါင်းရင်း ထိနေတယ် ဆရာရဲ့'
' နို့ တဘက်ကလှည့်ဆင်းရင်ကော'
' မဖြစ်ဘူးဆရာရဲ့၊ ကျွန်မတို့အိမ်ခန်းကလေးက ကျဉ်းကျဉ်းကလေးရယ်၊ တဘက်မှာ နံရံနဲ့ ကပ်နေတယ်၊ ခြေရင်း ခေါင်းရင်းလဲ အတူတူပဲ'
' နဲနဲမှရွေ့မဖြစ်ဘူးလား'
' မဖြစ်ဘူးဆရာရဲ့၊ ရတဲ့ဘက်ရွေ့လိုက်ရင် ကျွန်မတို့ကို ...ဟင် ဟုတ်ပါဘူး။ အိပ်ရာကို လမ်းက မြင်ကုန်မယ်'
' မြင်တော့ဘာဖြစ်သတုန်း'
'ရှက်တယ်'
' ကဲ... ဒါဖြင့် တဘက်နဲ့တဘက် လူချင်းပြောင်းအိပ်ကြ'
' ဟာ .... ဒီလိုဆိုတော့ ' ယောကျာ်းသည် ကျယ်လောင်စွာဖြင့် မိန်းမက ကျွန်တော့လက်ျာ ဘက်နေတော့ ရှင်မွေးလွန်း မင်းနန္ဒာ လို ကျွန်တော် ဘုန်းနိမ့်သွားအုံးမှာပေါ့ ဆရာရဲ့'
' ဟာ... ဒါဖြင့် ကုတင်ကို ခြေရင်းခေါင်းရင်း လှည့်လိုက်ရင် ကောဗျာ'
' တင်မောင်ကိုမှာ အတော်စိတ်တိုဟန်ပေါ်နေသည်။ သို့သော် မိန်းမဖြစ်သူက.....
' ဒီလိုလဲ ဘယ်ဖြစ်မှာလဲ ဆရာ၊ ကျွန်မတို့ ဗမာ့ထုံးစံနဲ့ အနောက်ဘက်ခေါင်းထိုးနေရမှာပေါ့'
ဤနေရာ၌ တင်မောင်ကိုမှာ အကြံရကြပ်သွားသည်။ အတော်ကြာမျှတွေ၍ စဉ်းစားသည်၊ ဦးဘဇံ တို့လင်မယားက နောက်မှ အတွင်းသားယပ်ခပ်ပေးနေကြသည်။ နောက်ဆုံး၌ တင်မောင်ကိုသည် အကြံ ရဟန်ဖြင့်.....
' ကဲ... နည်းလမ်းကောင်းတခုတော့ တွေးမိပြီလေ'
လင်မယားနှစ်ယောက်သည် ပြာပြာသလဲနှင့်....
' အမိန့်ရှိပါ ဆရာ'
' မစ, တော်မူပါဆရာ'
တင်မောင်ကိုသည် ယောက်ျားဖြစ်သူကို ကြည့်ပြီး ' ခင်ဗျာ့အလိုက ခင်ဗျာ့မိန်းမအပေါ်ကို သူ့ထမီနဲ့ လွှားသွားတာကို မကြိုက်တာမှုတ်လား'
' ဟုတ်ပါတယ်ခင်ဗျာ၊ ယောက်ျားအပေါ် ထမီကြီးနဲ့ လွှားလွှားသွားတယ်ဆိုတော့ ဘယ်ကောင်းမလဲဆရာ'
'ကဲ... ဒါဖြင့် မခင်သန်းက မနက် အိပ်ရာထတဲ့အခါမှာ  ထမီကိုချွတ်ပြီး ခင်ဗျာ့လင်ရဲ့ ပုဆိုးတထည်ကို ၀တ်ဆင်စေဗျာ'
ဤဆုံးဖြတ်ချက်ကိုကား နှစ်ဦးစလုံးပင် နှစ်သက်ကြကုန်သည်။ ရွှင်လန်းစွာ ခံယူကြကုန်သည်။ ဦးဘဇံတို့ လင်မယားမှာလည်း သူတို့အိမ်ပေါ် တင်ကိုးကွယ်ထားသော ဆရာအတွက် ၀မ်းသာရှာလွန်း၍ ဤဖြတ်ထုံးအပြီး၌ ကိုယ်များကိုပင် အငြိမ်မနေနိုင်ဘဲ ဟိုလှည့် သည်စောင်းနှင့် ခတ်လိုက်ကြသည့် ယပ်တောင် များမှာလည်း ကျိုးလုမခန်းပင်။
' အော်.... ဒါကြောင့် ဦးသာဓုလို့ နာမည်ကြီးပေတာ'
' ဒါကြောင့်လည်း မြန်မာပြညိ တရိုးဟိုးဟိုးကျော်ပေတာ'
လင်မယားနှစ်ယောက်သည် တယောက်တပေါက် ချီးကျူးကာ တင်မော်င်ကို ကို ရှိခိုးကြကုန်သည်။ ဤကိစ္စအပြီး၌ တင်မောင်ကိုသည် ၀တ်ကျွတ်သည့်အလား ကျွန်တော်နှင့် အပြင်လမ်းလျှောက်ဟု ဦးဘဇံကို ပြော၍ ထွက်ခဲ့ပြီး လမ်းမရောက်သည့်၌ မျက်နှာကြီး ၇၅ ခေါက်ချိုးနှင့်
'ဘယ်နှယ့်လဲ အေးဆွေ မင့်အကြံကြောင့် ငါတော့ ဒုက္ခကြီး အကောင်းကောင်းရောက်နေပြီကော'
ကျွန်တော်မှာ သူ့မျက်နှာကို မြင်ရခြင်းဖြင့်ပင် သနားစိတ်ပေါက်ကာ
' ဟ...ဘယ်လိုများလဲကွာ'
' ဘယ့်နှယ့် စာရေးဆရာ သာဓုဆိုတာက အိမ်ထောင်ရေး ၀တ္ထုတွေရေးနေတဲ့ အိမ်ထောင်းရေး မာစတာဆိုဘဲကွ'
' ဒီတော့ ဘာဖြစ်သလဲ'
'ဘာဖြစ်ရမလဲ မင်းအခု မြင်ခဲ့တဲ့အတိုင်းပေါ့။ င့ါမှာနေ့ရောညပါ မအားဘူး။ လင်မယားအရှုပိအတွေးတွေ ရှင်းနေရတာဘဲ။ ဦးသာဓုဒီမှာတည်း တယ်ကြားလို့တဲ့ကွာ လာလိုက်ကြတာ အရှိုရှို...။ စာရေးဆရာ ကြည်ညိုလို့ဆိုတော့ ငါက နှုတ်ခမ်းနီ ပါးနီကြိုက် စာရေးဆရာဆိုတာကြားဘူးတာနဲ့ မြာအနိပ်ကလေး ဘာလေးများ လာမလားအောက်မေ့ပါတယ်၊ တကတဲ ဘယ်ဟုတ်လိမ့်မလဲကွာ လာလိုက်ကြတာ လင်ကွဲမယားကွဲတို့ လင်မယားရန်ဖြစ် နေတာတို့။ ယေက္ခမနဲ့ မတဲ့တာတို့။ မနေ့ကလာတဲ့ မသန်းအိဆိုတဲ့ မိန်းမတယောက်များ ကြည့်ဦးလေ သူ့ယောက်ျားက တခြားမိန်းမတယောက်နဲ့ ဘာလိုလိုကြားလို့တဲ့
' ဆရာ ကျွန်မ ဘယ့်နှယ့်လုပ်ရမလဲ ' တဲ့။
' ဒီတော့ မင်းက ဘယ်နှယ့်အကြံ ပေးလိုက်သလဲ'
'ငါက သောက်မြင်ကပ်ကပ်နဲ့ ' အို... မခဲယဉ်းပါဘူဗျာ။ အိုးရွဲ့ စလောင်းရွဲ့နဲ့ဖုံးဆိုတဲ့ စကားရှိတယ် သူက မိန်းခလေးတစ်ယောက်နဲ့ဘာလိုလိုဆိုရင် ခင်ဗျားကလည်း ယောက်ျား တယောက်နဲ့ ဘာလိုလို လုပ်ပစ် လိုက်ပေါ့ဗျာ။
ခင်ဗျားတို့အဖို့က သာလွယ်ပါသေးတယ်' လို့ပြောလိုက်တယ်။ အဲဒါလည်း သဘောကျလို့ကွာ ' ဒါကြောင့် စာရေးဆရာ ဦးသာဓုလို့ ကျော်ပေသာ' တဲ့ ချီးမွမ်းသွားသေးတယ်ကွ။ အဲနောက်တဦး လူထုသတင်းစာတိုက်က ညအယ်ဒီတာဆိုလား ကိုဝင်းမြင့်ဆိုတဲ့ လူလာထိုင်တာလဲ ကြည့်ဦးလေ သူဟာ လူရိုး လူကောင်းပါတဲ့ အရက်ကလေးတွေ့တိုင်း သောက်တာနဲ့ ပိုက်ဆံရှိရင် ဖဲကလေးရိုက်တာနဲ့ အဆင်သင့်လို့ မယားငယ်ကလေး တခါနှစ်ခါ ယူဘူးတာနဲ့ သူ့မိန်းမက သူ့ကို မကြည်မဖြူ ညူညူစူစူ ဖြစ်လို့တဲ့ကွာ'
 '  အို...အို...အို.... တကဲ့သနားစရာ လူပါလား၊ မင်းကဘယ်လို အကြံဥာဏ်ပေးလိုက်သတုန်း'
'ငါအကြံဥာဏ်ပေးလိုက်တာက ခင်ဗျာ့ မိန်းမတယ်လွန်တာဘဲ၊ ရင်ဝဖနောင့်နဲ့ပေါက်လို့ ပြောလိုက် တယ်ကွ။ အဲဒါသူက သဘောကျလွန်းလွန်လို့ကွာ ဆရာအမိန့်ရှိတဲ့အတိုင်း တသွေမတိမ်း လိုက် ပါမတဲ့၊ ပြောသွားသေးတယ်ကွ'
'ဟင် ... မင်းတော့ သာဓုကိုယ်စား တယ်ကောင်းစားနေလိုက်တာဘဲ'
'ဟ ... ဘယ်ကောင်းစားရမလဲကွ၊ အခု ငါ့နားတွေ အူကုန်ပြီ မင့် စာရေးဆာ သာဓုက နားထိုင်း တယ်တဆိုတော့ ငါ့ကို နာရွက်နားကပ်ကပ်ပြီး အော် အော် ပြောကြာတာ ကြာရင် ငါတကယ် နားထိုင်းသွားမှာတောင် စိုးရတယ်။ အေးဆွေ မင့်အကြံဥာဏ်ဟာ အစက ကောင်းမလိုလိုနှင့် အခုမှ သောက်သုံးမျက်မှန် သိရတယ်။ ငါတော့ စိတ်ညစ်လှပြီ။ ဘယ့်နှယ်နေ့မအားညမအား  လင်မယား အရှုပ် အထွေးတွေကလာ၊ ငါ့ကို နားထိုင်းတယ်ဆိုပြီး အော် အော် ပြောကြ။ မအော်ပါနဲ့ ကျုပ်ကြား ပါတယ် ဆိုလဲဘဲ 'ဟာ ဆရာက ကျွန်မတို့ အသံ နာမှာစိုးလို့လား။ ကိစ္စမရှိမပါဘူး အားမနာနဲ့ ကျွန်မတို့လည်ချောင်း ကွဲချင် ကွဲပါစေတော့ ဆရာကြားရင် ပြီးတာပါဘဲ'တဲ့။
ကဲ မင်းဘဲ စဉ်းစားကြည့်တော့ အေးဆွေ၊ နို့ပြီး ကိုဘဇံ ဆိုတဲ့ လူကလဲ ငါ သူ့အိမ် နေရစားရတာနဲ့ မကာမိပါ ဘူးကွာ၊ နေ့တကပ်ကပ် ညတကပ်ကပ်နဲ့ သူ့ကို လုံးချင်းဝတ္ထုတစ်ပုဒ် ရေးပေးဘို့တဲ့ကွာ ပူစာနေ လိုက်တာ ငါကလဲ့ ဘာပြန်ပြောရမှန်း မသိလို့ ဆိုင်းပါအုံး ပြောတာကို အို နာမည်ကလေးဘဲ ပေးပါ တော့ပေး ပါတော့ဆိုတာနဲ့ ငါက နားမှအေးစေတော့လို့ အိမ်ထောင်ရေး ၀တ္ထုလဲ ဖြစ်ရမယ်ဆိုတော့ ပြီးလွယ် စေကြောင်း 'လင်နဲ့မယား ဆင်နဲ့နွား'လို့ ပြောလိုက်တယ်ကွ'
'အို ... လင်နဲ့မယား ချဉ်နဲ့ဆားတာ ကြားဘူးပါတယ်၊ မင့်ဟာသဘောအဓိပ္ပာယ်လဲ'
'အေး ... သူကလဲ မင့်လိုဘဲမေးလို့ ပြန်ပြောလိုက်ရတယ်ကွ'
'ဘယ်လိုပြောလိုက်တုန်း'
'ရုတ်တရက် စိတ်ကူးရရာဘဲ လင်နဲ့မယား ဆင်နဲ့နွားဆိုတာက မယားကလင်ကို ဆင်ကြည့် ကလေး ကြည့်ပေးရမယ်။ လင်က မယားကို နွားကဲ့သို့ လုပ်ကျွေးရမယ်လို့၊ အဲဒါသဘောကျလွန်းလို့ တဲ့ကွာ။ ဒီအကြောင်းအခါ ကျော်ရင် သတင်းစာထဲ ထည့် ကြော်ငြာရမတဲ့ ဘယ်နေ့များပါလာလိမ့် မလဲ မသိဘူး'
သို့သော် ဘယ်နေ့မှ မပါခဲ့တော့ချေ။ အကြောင်းမှာ နှစ်ဆန်းတရက်နေ့တွင် ယခင်က ပုလိပ် ကလေးပင် ကျွန်တော့အိမ်သို့ ရောက်လာပြန်ကာ။
'ဆရာ'
'ဟေ ... ဘာလဲကွ'
'ဆရာ့လူ အချုပ်ခန်းထဲ ပြန်ရောက်နေပြီ'
'ဟေ ... ဘာမှုနဲ့လဲကွာ'
'ရဲရင့် ဦးဘဇံက လာတိုင်တာလဲ လိမ်လည် ညာစားမှုတဲ့'
ကျွန်တော်ရိပ်မိပါပြီ ထို့ကြောင့် ငွေအချို့ကို အိတ်ထဲထည့်၍ ဦးဘဇံဆီသို့ ပထမသွားသည်။ လူချင်း မြင်လိုက်ရလျှင်ပင် အညာသား ကျွန်တော့ကို ရန်တွေ့တော့သည်။
' ဘယ့်နှယ့်.... ခင်ဗျား မဟုတ်က ဟုတ်ကလူကို ဆရာသာဓုလုပ်ပြီး လည်ဆယ်ရတာလဲ။ မနေ့ကဘဲ ရန်ကုန်က ဆရာတဦး ရောက်လာလို့ အကုန်ပေါ်တယ်'
ကျွန်တော်က ပြုံးဖြဲဖြဲနှင့်ပင်
ခင်ဗျာ့ကို စာရေးဆရာတွေ ချစ်တတ်မှန်းသိလို့ စကြည့်တာပါဗျာ'
' ခင်ဗျား ကြည့်စားတာက ဒီမှာလူတွေ ဘယ်လောက် ဒုက္ခရောက်ကုန်တယ်ထင်သလဲ။ လင်မယား အရှုပ် အရှင်းတွေ သူမဟုတ်ကဟုတ်က အကြံပေ်းဥာဏ်ပေးတွေ လုပ်တာနဲ့ မသန်းအိ ကလေးဆိုရင်  အခုသူ့လင်နဲ့ကွဲသွားပြီး ကိုဝင်းမြင့်ဆိုတဲ့လူကလဲ မူးမူနဲ့ ရင်ဝတကယ် ဖနောင့်နဲ့ပေါက်လို့ အခု မိန်းမ ဆေးရုံတက်ရတော့မလို ဖြစ်နေပြီ'
' နို့ ခင်ဗျားတို့က သူ့စကားယုံကြည်တာကိုးဗျ'
' တကယ်စာရေးဆရာ ဦးသာဓု မှတ်နေတာကိုးဗျ၊ ကျွန်တော်မှာလဲ သူ့ကိုဘုရားတစ်ဆူ ဂူတစ်လုံးလုပ်ပြီး ကျွေးလိုက် မွေးလိုက်ပြုစုလိုက်ရတာ ဒါနဲ့ အားမရသေးဘူး ငွေ ၅၀ိ ကလဲ ချေးလိုက်သေးတယ်'
ကျွန်တော်မှာ အညာသားကြည့်၍ ပြုံးမိကာ
'အင်း ........ ခင်ဗျား သူ့အတွက် စုစုပေါင်းငွေ ဘယ်လောက်ကုန်သွားမယ်ထင်သလဲ'
'တစ်ရာထက် ဘယ်အောက်မလဲဗျ'
'ကဲဗျာ ဒါဖြင့်' ကျွန်တော်သည် အိတ်ထဲတွင် အသင့်ပါလာသော ရာတန်ခေါက်ကိုဖြန့်၍ နှစ်ရွက်ဆွဲ ပေးလိုက်သည်၌ ဘဲကင်ပဲငံပြာရည်လောင်းထားသလို နီညို၍နေသော အညာသား၏မျက်နှာ ရုတ်တရက် ၀င်းထိန်သွားပြီး သူ့သွား သံချေးတက်တွေဖြဲကာ
'အဟဲ ဟဲ အဟဲ ဟဲ ဆရာဒီလိုသာ ကြည်စားမယ်ဆိုရင် အခါတစ်ရာကြည်စားပါဆရာ၊ တခါတရာရ ရင် အခါတရာဆို ငွေတသိန်း အယ်ဟုတ်ပါဘူး ငွေတစ်သောင်း'
အညာသားမှာ သိန်းစုစိတ်ဆွဲနေဟန်တူပါသည်။
သူနှင့် အတူ ဂါတ်ထဲရောက်၍ ဋ္ဌာနအုပ်ကိုပြောပြီး တင်မောင်ကို ကို အချုပ်ခန်းထဲမှ ထုတ်သောအခါ တင်မောင်ကိုက မထွက်ဘူးဟု ငြင်းနေပါသည်။
' ကျွန်တော်က ' ဟေ့ကောင် လာလကွာ'
'မလာဘူး၊ မင်း ငါ့အချုပ်ခန်းထဲကထုတ်ပြီး။ ငါဘယ်သွားနေရအုံးမှာလဲ'
ဤတွင် ငွေတစ်ရာအမြတ်ရထားသော အညာသားက
' ကျွန်တော့အိမ် ပြန်နေချင်လဲ နေနိုင်ပါတယ်ဗျာ'
' မနေဘူး ခင်ဗျားအိမ်မှာ သာဓု လုပ်နေရတာထက် အချုပ်ခန်းထဲနေရတာက ကောင်းသေးတယ်'
တင်မောင်ကိုမှာ  အတော်စိတ်တို၍ နေပါသည်။ သူ့ဘက်ကကြည့်သော် တိုမည်ဆိုလည်းတိုစရာ။ သူ့ခမြာ ရွှေမန်းမြာဂေါ်ရအောင် လာပါသည်။ မစွန်ဘဲ အချုပ်ခန်းထဲ  နှစ်ခါရောက်နေရသည်။နား ထိုင်းလုပ်၍လည်း အအော်ခံရသည်။ ထို့ကြောင့် ကျွန်တော်က ချော့မော့သော အသံနှင့်။
'ထွက်ခဲ့တော့လေကွာ၊ မင့် ......... ဒီမှာ ဦးဘဇံက ကြေပါပြီဆိုနေတာ၊ ဘယ် အချုပ်ခန်းထဲနေလို့ ဖြစ်တော့မလဲကွ'
'မထွက်ဘူးကွာ သူအမှုနဲ့ အချုပ်ခန်းထဲ နေမဖြစ်ရင် ပထမရွှေခြေကျဉ်းအမှုနဲ့နေမယ်ကွာ မင့်အာမခံကို ပြန်ရုပ်သိမ်းလိုက်'
ဤတွင် ဌာနအုပ်က ရယ်မော၍ ..........
'အဲဒီအမှုလဲ မရှိတော့ဘူးဗျ၊ ဟိုအဒေါ်ကြီးက မနေ့ကဘဲ သူ့တိုင်ချက်သူလာရုပ်သိမ်းသွားပြီ'
ကျွန်တော်မှာ ဟာကနဲ မျက်လုံးကျယ်၍သွားသည်။ ပေါ်အူးကို ရုတ်တရက် သတိရလိုက်သည်။
ထိုမှ တင်မောင်ကိုက
'ဟေ့ ....... ဒါဖြင့် အေးဆွေ၊ မင်းငါ့ကို ရန်ကုန်ပြန်ဘို့ လေယာဉ်ပြန်လက်မှတ်ယူပေးခဲ့ ပေါ်အူးလဲ ပြောလိုက် လဆန်းရင်ငါ့ဆီမှာ ငွေ ၂၀၀ိ လာယူလို့'
တင်မောင်ကိုမှာ တလလျှင် ၅၀၀ိ သူ့ဦးကြီးဆီမှ အသုံးစရိတ်ရသူဖြစ်ပါသည်။ ဤအဆင့်အတန်းရှိလျက်နှင့် မြို့တကာလည်၍ သူ့ဂုဏ်နာမကိုမဖော်ဘဲ အပျိုချောတွေ့တိုင်း နောက်ပိုးနေသည်မှာ သူ့ဝါသနာ သူ့ဦးကြီးက မိန်းမပေးစားမည်ဆိုတိုင်းလည်း ငြင်း၏။ သူကြိုက်တာ သူ့ဟာသူပိုး၍မှလိုချင်သည်ဟု ဆို၏။
'ပေါ်အူး ဘယ့်နှယ်တင်မောင်ကိုကိစ္စ တော်တော် ကြိုးစားလိုက်ရသလား'
'ဒီကိစ္စမှာတော့ ဆရာကျွန်တော့ကို ဘာမှ ချီးမွမ်းစရာမရှိဘူးဆရာ၊ သူ့ဟာနဲ့သူအကြောင်း သင့်နေပါတယ်'
'အင်း ........ ဆိုစမ်းပါအုံး'
'သဲလွန်စလိုက်ဘို့ရလာတာက ဒီလိုဆရာရဲ့၊ ဒီစိမ်းပြာညိုညက်အဖွဲ့ရှင် ဒေါ်စိမ်းညိုနာမည်ကို ကျွန်တော်တို့ ပထမရောက်တဲ့နေ့ကပဲ ဒေါ်မွှေးအုံးဆိုတဲ့ အဒေါ်ကြီးက ဆရာ ဒေါ်ကြီးစိုးကို ပြောနေတဲ့ စကားထဲမှာ ကြားဘူးတယ် ဆရာ့တောင် ကျွန်တော်ပြောပါသေးလား တချို့နာမည် တွေ မှတ်မိတယ်လို့'
'အေး အေး ...'
'ဒီဒေါ်မွှေးအုံးဆိုတဲ့ အဒေါ်ကြီးက ပစ္စည်းရှိတဲ့ မျက်နှာကြီး နာမည်ကျော်တွေရဲ့ လက်ပါးစေ တိတ်တိတ်ပုန်း အပေါင်ပွဲစား အရောင်းသမားကိုးဆရာရဲ့ ဒီတော့ သူက ဘယ်သူ့ဆီမှာ ဘာပစ္စည်း ရှိတယ်၊ ဘယ်သူ့ဟာ ဘာပစ္စည်းဟာ ဘယ်တုန်းက ဘယ်သူ့ဆီမှာ ပေါင်ထားတယ် သို့မဟုတ် ရောင်းလိုက်တယ်ဆိုတာ သူအကုန်သိတယ်။ ဒါနဲ့ ကျွန်တော် သူကို ငွေ ၅ကျပ်ပေးပြီး ဒေါ်စိမ်းညို အကြောင်းမေးတော့ ဒေါ်စိမ်းညိုမှာ အခုတလော တော်တော် စီးပွားလျှောနေတဲ့အကြောင်း ဒီသင်္ကြန်ပွဲအတွက် သည့်ပြင် အလုပ်ပြိုင်တွေနဲ့ တန်းတူလိုက်နိုင်အောင် ဘာတွေဘာတွေ ပေါင်ရ တဲ့အကြောင်း သူပြောပြတယ်။ ဒီပေါင်တာထဲမှာ ရွှေခြေကျဉ်းတရံပါတယ်ဆိုတာ ကျွန်တော် သိရ တယ်။ ဒေါ်စိမ်းညိုမှာ ရွှေခြေကျဉ်း ဘယ်နှစ်ရံရှိသလဲမေးတော့ တရံဘဲတဲ့၊ ဒါနဲ့ ဟိုအဆွဲခံရတဲ့ ခြေကျဉ်းကကောဆိုတော့ သူမသိဘူးတဲ့
ကျွန်တော်ဖြတ်၍ ...
'ဒီသင်္ကြန်အတွင်း သူ့သမီးဝတ်ဘို့ ငှားထားတာဖြစ်မှာပေါ့ကွယ် ...'
'ဘယ် ဒီလိုနာမည်ကြီးတွေက တစ်ယောက်ဆီ တစ်ယောက် ငှားမလဲဆရာရဲ့ ဂုဏ်ပျက်ခံလို့၊ ဒါနဲ့ ကျွန်တော် ရာဇ၀တ်အုပ်ကို အေးမြင့်နဲ့ ပတ်သက်ပြီး ဂါတ်တဲမှာ ဒီခြေကျဉ်းသွားကြည့်တော့လား လား ရန်ကုန်သွားပြီး တိတ်တိတ်ပုန်းဝယ်ထားတဲ့ ဦးဘိုးခြမ်းကိုးဆရာရဲ့၊ ဒီတော့မှ ကျွန်တော် ဒေါ်စိမ်းညိုဆီ သွားပြီး အကြပ်ကိုင်တာဘဲ 'အဒေါ်တို့က အမှုလုပ်ရင် ကျွန်တော်တို့ကလဲ အဒေါ်တို့ ရွှေခြေကျဉ်းကြီး အတု ဖြစ်တဲ့ အကြောင်း သတင်းစာတွေထဲပါအောင် ထုတ်ဖေါ်ရမှာဘဲ'လို့။
ပြီးပါပြီ
3 comments:
မေဓာဝီ said...
ခုချိန်သာ (ဆရာ) သော်တာဆွေရှိရင် ရွှေမန္တလေးကို ဘယ်လိုပြောမလဲ မသိဘူးနော်။ အဲဒီအချိန်ကတော့ မန္တလေးမှာ မြန်မာအင်အား ကောင်းမှာပေါ့ ... ခုရော ဘယ်လိုလဲဟင်။ မရွှေစင်ဦးက ရွှေမန်းသူမို့ မေးကြည့်တာပါ။ ရေပက်တာရော အဲဒီတုန်းကလိုပဲလား။ ကျမက မန္တလေးကို တခေါက် ၂ ခေါက်ပဲ ရောက်ဖူးတာ။ နှံ့လဲ မနှံ့ဘူး။
ဒါနဲ့ ဒဂုန်ခင်ခင်လေးရဲ့ နှစ်ပေါင်း ၆၀ တင်ပေးမယ်လို့ ပြောထားတာ တနေရာမှာ ဖတ်လိုက်ရသလိုပဲ။ အဲဒီစာအုပ် ဖတ်ဖူးပေမဲ့ ထပ်ဖတ်ချင်နေတာ။ မိုးကြိုးဦးအုန်းခင် (ဗမာ့ခေတ်) နဲ့ ဇာတ်လမ်းတွေ စိတ်ဝင်စားလို့။ :) မရွှေစင်ဦး တင်ပေးမယ်ဆိုရင် အထူးဝမ်းသာမိမှာပဲ။
Waing said...
ဝိုင်းဆီလာလည်တာ ကျေးဇူးတင်ပါတယ် အခုတလော အလုပ်ထဲမှာ အလုပ်တွေရှုပ်နေတာနဲ့ ဘာစာမှ မဖတ်ဖြစ်ပါဘူး ပို့စ်တွေတော့ အချိန်နည်းနည်းရတာနဲ့ တင်ချင်ပါတယ် အီးမေးလ်ကနေပဲ ကွန်းမန့်တွေဖတ်ရတော့ အဆင်ပြေသွားပြီပေါ့နော်း-)
Anonymous said...
မန္တလေးမြို့သည် မြန်မာ့ထုံးစံအများဆုံး ကျန်ခဲ့သည့် မြို့ဖြစ်သည့်အားလျော်စွာ မြန်မာမှုဆိုလျှင် မြန်မာပြည်တွင် သူဘုရင်ဟု ဆိုရပေမည်။ မြန်မာ့အင်အား အရာမှာလည်း အခြားမြို့များနှင့် စာလျှင် သူအကောင်းဆုံးဟု ဆိုသင့်လေသည်။
အဓိပ္ပာယ်မှာ ယခုအခါ၌ မြန်မာပြည်တွင် ရန်ကုန်မြို့သည် အကြီးဆုံးဟု ဆိုရလင့်ကစား စီးပွားရေး မျက်စိနှင့်ကြည့်လျှင် မြန်မာအင်အား နည်းပါးလှလေသည်။ ရန်ကုန်မြို့၏ ဗဟိုရ်ချက်ချာနေရာ ကောင်းဟူသမျှ ကုလားတရုတ်တို့သာ စိုးစံကြသည်။ ကူးသန်းရောင်းဝယ်ရေး ဘက်ဆိုင်ရာတွင် လူမျိုးခြား တို့သာ လက်ဝါးကြီးအုပ်ကြသည်။ မြန်မာများကား မြို့စွန်ကလနား ကြည့်မြင်တိုင် စမ်းချောင်း ပုဇွန်တောင် ရေကျော်စသော ရပ်ကွက်လောက်သာနေရလျက် လက်လီကုန်သည် ကလေးနှင့် အစိုးရအလုပ်သများသာ ဖြစ်ကြချေသည
မန္တလေးကိုလွမ်း၏
အသားကင်ဆိုင်ကိုလွမ်း၏
နာမည်ကြီးမြန်မာစားသောက်ဆိုင် တရုပ်ဆိုင်များကိုလွမ်း၏
ရှမ်းဆိုင်များလည်းလွမ်း၏
မင်းသီဟ လက်ဖက်ရည်ဆိုင်လည်းလွမ်း၏
ရွှေနဂါးဖိနပ်ဆိုင်လည်းလွမ်း၏၇တနာပုံဈေးဆိုင်တန်းတွေကိုလည်းသတိရ၏
အမကိုလည်းကျေးဇူးတင်၏