အခန်း(၂၂)
မြို့တော်အတွင်း တောင်ပြင်တံခါးမှ အနောက်မြောက် ယွန်းယွန်းတွင် လည်ပေါ်စကြော နှစ်ထပ်ဇလီသပ် အိမ်ကြီး တစ်ဆောင်၏ အောက်ထပ်၌ အသက်လေးဆယ် နီးပါးခန့်ရှိ ခေါင်းပေါင်းဖြူဖော့လုံး ပိုးအကျီင်္ ရင်ဖုံးနှင့် ဒေ၀ီစင်းပိုးပုဆိုး တစ်ပတ်ရစ်တို့ကို ၀တ်ဆင် ထားသည့် မင်းမှုထမ်းအရာရှိ ၀န်မင်း တစ်ဦးမှာ ကျယ်ပြန့် စွာသော ၀ါးစိမ်းကွပ်ပျစ်ကြီး တစ်ခုပေါ်တွင် သင်ဖြူးချောခင်းလျက် ခေါင်းရင်ဘတ် မှ ကတ္တီပါ မှီိအုံးကို နွှဲ့မှီကာ လက်တွင်းရှိ ပုရပိုက်တစ်ဆူကို ကံ့ကူတံတစ်ခုနှင့် ရေးမှတ်ကာ မိမိရေးသား နေသော စာတွင် များစွာ အာရုံစိတ်ဝင်စားလျက် ရှိလေ၏ ။
ထိုအရာကြီးနှင့် မလှမ်းမကမ်းတွင် ကွပ်ပျစ်အစွန်းတစ်ဖက်ရှိ သင်ဖြူးချောတစ်ချပ် ပေါ်တွင်ကား ပိုးသား ထဘီပန်းပျော့ကို ကချပ်ရင်လျားလျက် အနို့ပါသော ထိုင်မသိမ်း အင်္ကျီကိုဝတ်ကာ နှစ်ပတ်ရစ် လယ်ယုန် ဆံထုံးမှာ ထိပ်ဆံကိုဝဲယာချလျက်၊ ကြာပုံလက် ထောက်ငယ်ကို လက်ထောက်ကိုင်ကာ မတ္တရာကွမ်းသီး ဖက်ကြော ဆေးပေါ့လိပ်ဖြူကြီးကို မီးတရဲရဲဖွာနေသော ၀န်ကတော်ကြီးမှာလည်း အနီးရှိ လက်ဖက်အုပ် ကို ဖွင့်ခါမကြာမကြာ လက်ဖက်၏အရသာကို ခံစားလျက်ရှိလေ၏ ။
ဝန်ကတော်ကြီးမှာ စည်းစိမ်ရှင်ပီပီ တည်ကြည်အေးချမ်းစွာ နေပါသော်လည်း မီးယပ်နှင့် ယှဉ်၍ဖြစ်ခဲ့ဖူးသော ဝေဒနာကြောင့် လက်ဝဲခြေတစ်ဖက်ဆာ၍နေရှာသဖြင့် လမ်းသွား သောအခါများတွင် လူတွဲ၍သွားရရှာပြီး ထိုဝေဒနာကြီးကို အိမ်တွင်နေရင်း ထိုင်ရင်းလည်း နေ့စဉ်နှင့်အမျှ အနှိပ်သည် ဆေးဆရာတို့နှင့်ပြသည် ကုမလျက်နေရရှာလေ၏ ။ သို့သော်ထိုဝေဒနာမှာ အချိန်ကာလ အတော်ကြာ ကရရှိခဲ့ခြင်းဖြင့် ယနေ့တိုင်လည်း ကောင်းစွာမပျောက်ကင်းဘဲ လူကကျန်းမာ လာသလောက် ခြေထောက် က ထော့ကျိုး ထော့ကျိုးဖြစ်နေသည်တို့က သက်သာရာမရရှာခဲ့ဘဲ နောက်ဆုံးတွင် အလျှော့ပေး၍ အေးအေးနေလိုက်ရတော့မည်ကဲ့သို့ ရှိနေရှာလေ၏ အစေခံအခြွေအရံ မိန်းမ နှစ်ယောက် ကား ၀န်ကတော်ကြီး၏ ခြေဖျားကိုဆုပ်နယ်နေ၏ ။ ၀န်ကတော်ကြီးသည် မိမိ၏ ခြေထောက်ကို ဖြည်းညင်းသာယာစွာ ဆုပ်နယ်ပေးနေသည်ကို ခံနေရာမှကွပ်ပျစ် အောက်နားတွင် ဖျာချောကလေး ပေါ်၌ ကစားဖော်မိန်းမငယ်လေးတစ်ယောက်နှင့်အတူ ငြိမ်သက်အေးချမ်းစွာ အိုးဖုတ်ကလေး များနှင့် ကစားနေသော ဆယ့်နှစ်နှစ်သမီးအရွယ် သေးသေးသွယ်သွယ် ဖြူုဖြူဝင်းဝင်း ယမင်းရုပ် ကလေးပမာ ဆံပင်စုလည်း ကျေးမြီးစ ကလေးနှင့် ကလေးမလေးကာ ချစ်မ၀ရှုမပြီး သမီးတည်း ဟူသော သံယောဇဉ်ဖြင့် စိန်ကဲကျောက်ကဲကို ခတ်နေဘိအလား တစ်ချစ်တစ်ချက် အရိပ်ကြည့်ပြီး ပီတိအဖြစ်ကြီး ဖြစ်နေရှာ လေ၏ ။
ကလေးမလေးကား အိုးပုတ်တို့ချိုးရုပ်တို့ဖြင့် ပျော်ရွှင်စွာကစားလျက်ရှိရာမှ အိမ်တွင်းသို့ ၀င်လာသော အသက်နှစ်ဆယ် ခန့်ရှိ ကြိုးပုဆိုး ပိုးအကျÐရင်ဖုံး ဖဲပေါက်ပ၀ါ အ၀ါနုကို ပေါင်းလျက် သက္ကလတ် ကျန်ရော ဖိနပ်နှင့်လူတစ်ယောက်ကို လှမ်းမြင်လိုက်သည့်ခဏ၌ ကစားနေရာတာ ရုတ်တရက် ထပြေးလာကာ-
"ဟော...အစ်ကိုကြီးလာပြီ မေမေဖုရာ့။ အစ်ကိုကြီးလာပြီ၊ အစ်ကိုကြီးရေ...အစ်ကိုကြီး ခုမှလာတော့တယ်။ ခင်ဖြင့် အစ်ကိုကြီးမလာလို့လေ ခင်တစ်ယောက်တည်း ကစားနေရ တာပျင်းလို့"
သောက်ရှူး ကြယ်ရောင်ကဲ့သို့ တပြောင်ပြောင်ဝင်း၍ အရောင်အဆင်းစိုပြည်ကျက်သရေရှိ လှသော မျက်လုံးကလေး နှင့်ပြုံးချိုစွာ ကြည့်လျက်ဝင်လာသော သူငယ်ပျို၏ လက်ကို ဆွဲကာပွတ်သီးပွတ်သပ် ခယောင့်ခယာ နှင့် ချစ်ခင်မူရာ ခရီးဦးကြို ပြောဆိုလေရာ ၀န်ကတော်ကြီးလည်း လှမ်းတဲ့ကာကြည့်လျက်၊ ၀မ်းမြောက် ၀မ်းသာ မျက်နှာထားချိုသာ စွာနှင့်။
"သြော်...မောင်မောင်ငယ်ပါကလား၊ မေဖုရားဖြင့် ငါ့သားကလေး မပေါ်လာတာကြာလို့ မျှော်လိုက် ရတာကွယ်"
တပြုံးပြုံးနှင့် ကျေနပ်စွာ ပြောလိုက်သည်တွင် ခေါင်းရင်ဘတ်မှ စာရေးနေသော ၀န်မင်းလည်း ပုရပိုက်ကြီး ကို ဘေးသို့ အသာချလျက် မောင်မောင်ငယ်ဘက်သို့ လှည့်ကြည့်ပြီး။
"သြော်...မောင်မောင်ပါလားကွဲ့။ ဘယ်နှယ့်ငါ့သားကြီး ခုမှလာတော့သကိုး"
တည်ကြည်ခံ့ညားသော လေသံဖြင့်ပြောလျှင် မောင်မောင်ငယ်လည်း ဒိုင်းဝန်မင်းအနီးတွင် ကျုံ့ကျုံ့ ကလေး ၀င်ထိုင်ကာ ရိုသေစွာ ဦးချကန်တော့ရင်း
"ရွှေကိုယ်တော်ဖျားထံတော်က ယနေ့မှထွက်ခွင့်ရပါသဖြင့် ယခုမှရောက်လာပါသည် ဘုရား"
ဝန်မင်း။ ။"မောင်မောင် ယခုတစ်လောဘာစာများ ရေးနေသည်တုံးကွဲ့၊ ဘဘမောင့်မောင့် စာကို မဖတ်ရတာ ကြာလှပြီ"
ငယ်။ ။"ယခုတစ်လောဖြင့် ရွှေကိုယ်တော်ဖျား အသုံးတော်ခံစာများ ရေးဆက်ရသည်တို့ နှင့်သာ အချိန်ကုန်နေရပါသည် ဘဘဘုရား"
ဝန်။ ။"ကိုယ်တော်ကလေးက ဘာစာတွေများ ရေးခိုင်းနေသည်တုံး မောင်မောင်"
ငယ်။ ။(ပြုံးလျက်) "မင်းပျိုမင်းလွင်တို့ရဲ့ အတွင်းကိစ္စပါ ဘဘဘုရား"
ဝန်။ ။(အနည်းငယ်ပြုံးကာ)"သြော်... သြော်၊ သီပေါကိုယ်တော်ကလေးကလည်း သည့်နှယ်လား မောင်ရဲ့"
ငယ်။ ။"မှန်ပါတယ် ဘဘဘုရား"
ဝန်။ ။"ဘယ်သူနဲ့တုံးကွဲ့"
ငယ်။ ။"ဆင်ဖြူမရှင်ဘုရား၏ သမီးတော်စုဖုရားလတ်ပါ ဘဘဘုရား"
ကလေးများကဲ့သို့ပေ။ မောင်မောင် ယခုဘယ်နှယ်ကြောင့် သည်လောက်ရိုးရှာသည့် သီပေါကိုယ်တော် ကလေးနှင့် ဆက်သွယ်တော် မူမိကြသလဲ။ အတော်အံ့သြဖွယ်ပေပဲ မောင်မောင်ရဲ့"
ငယ်။ ။"မူလအစကတော့ မည်သူမျှ ပါဝင်ဆောင်ရွက်ရခြင်းမရှိပါ။ သူတို့ဘာသာမေတ္တာ အလျှောက် တစ်ယောက်ကို တစ်ယောက် တိမ်းညွှတ်တော်မူကြသည် ထင်ပါသည်။ နောက်မှနှစ်ဦးနှစ်ဖက်မှ ရှိကြတဲ့ ကျေးတော်မျိုး ကျွန်တော်မျိုးများက ပါဝင်အမှုထမ်းရခြင်း ဖြစ်ပါတယ်"
ဝန်။ ။"အင်း...ဘဘဖြင့် သည်မင်းသားကလေးနှင့် သည်မင်းသမီးကလေးကို ဖူးစာရေးမှ ရေးတတ်ကြ ပလေတယ်ဆိုတယ် အံ့သြလို့ မပြီးနိုင်အောင် ဖြစ်တော့တယ်။"
ငယ်။ ။"ဘာဖြစ်လို့တုံး ဘဘဘုရား။ မသင့်မြတ်ဘူးထင်တော်မူလို့လား"
ဝန်။ ။"ဘဘ အထွေအထူးကို တွေး၍ပြောသည် မဟုတ်ဘူးမောင်ရဲ့။ သည်လောက်အေး တဲ့ရိုးတဲ့ မင်းသားကလေးနဲ့ သည်လောက်စိတ်မြန်ကိုယ်မြန် ထက်ထက်မြက်မြက်ရှိတဲ့ မင်းသမီး ကလေးတွေ့မှ တွေ့တယ် ဆုံမှဆုံမိတတ်လေတယ်လို့ အံ့သြမိတာပါပဲ မောင်ရယ်။ နောက်ခါ သူတို့ချစ်ခင် ရည်ငံတော် မူကြတဲ့ လက်စအတိုင်း၊ စုလျားရစ်ပတ် လက်ထပ်ပြီးကြမည့်အချိန်မှာ သူတို့အချင်းချင်း အတိုင် အဖောက် ကိုက်ညီမှ ကိုက်ညီပါ မည်လားလို့ ဖြုန်းခနဲတွေးမိတဲ့အတွက်လည်း တစ်ကြောင်းဆိုပါတော့ မောင်မောင်ရဲ့"
ငယ်။ ။(ပြုံးလျက်)"ဒါမှတော့ ဆုတောင်းမတတ်သော်လည်း ဘုရာအလိုက်သိ" ဆိုသလို ကျွန်တော်တို့ရွှေကိုယ်တော်ဖျားက စိတ်သဘောကောင်းကောင်းနဲ့ ရေခဲသောနေရာတွင် နှင်းဆောင်း ဆိုသလို အေးချင်တိုင်း အေးတော်မူတော့ အကယ်၍စုဖုရားက ပူတော်မူသည့်တိုင်အောင် အပူဓာတ်ကို အအေးနဲ့ သတ်နိုင်လိမ့်မယ် ထင်ပါတယ်"
ဝန်။ ။"အင်းလေ...ဒီဇာတ်လမ်းမှာ မောင်တို့တစ်တွေပဲ ကြိုးဆွဲ ကြိုးကိုင် လုပ်နေတော့ မောင်မောင် တို့ကသာ ဘဘတို့ထက် ပို၍သိနေလိမ့်မယ်။ အင်း...ကောင်းပ ကောင်းပ၊ ဒါနှင့်မောင့်မေဖုရားလည်း မလာ မလာနှင့် မကြာခဏတမ်းတနေရှာသကွဲ့။ မနေ့ကပဲ မောင်မောင်မလာတဲ့အကြောင်း စကားစပ်၍ ပြောတာနှင့် ဘဘကပဲ မောင်မောင်မအား မလပ်အမှုတော်ထမ်းနေရသောကြောင့် မလာနိုင်တာ ဖြစ်ပါ လိမ့်မယ်။ ခင်ကြီးတို့အမိရယ် ပြောရသေးသည်။ ကိုင်း...ကိုင်း မောင့်မိခင်နှင့် စကားပြောဦးလေ။ သည်တစ်ခါ အေးအေး ဆေးဆေးနေပြီးမှ ပြန်တာပ။ မောင့်ရွှေကိုယ်တော်ဖျားဆီက ဘယ်နှစ်ရက် ခွင့်တောင်း အသနားခံလာသလဲ"
ငယ်။ ။"သုံးလေးရက်နေဖို့ အမိန့်တော်ကျပါတယ် ဘဘဘုရား"
ဝန်။ ။"အေး...အေး၊ နေရသလောက်ပဲ ပျော်ပျော်ရွှင်ရွှင် နေကြတာပေါ့ကွယ်၊ မောင်မေဖုရားကလည်း အစားကောင်း အသောက်ကောင်းကလေး စားရတိုင်းမောင့်ကို တစ်တတနဲ့။ မောင့်နှမ ခင်ကြီး ကလေးကလည်း အစ်ကို မလာဘူးလား၊ အစ်ကိုမလာဘူး လား၊ အစ်ကိုမလာဘူးနှင့် ခဏခဏ တနေရှာ တယ်။ ကဲ...ကဲ ဘဘ စာကြည့် လိုက်ဦးမယ်။ မောင့်မိခင်နှင့် နှမတို့ စကားပြောကြပေဦးတော့"
ဆိုကာချထားသော ပုရပိုက်ကို ကိုင်လိုက်သည်တွင် မောင်မောင်ငယ်လည်း ရောက်က တည်းက မိမိအနီး တွင် ပူးကပ်ထိုင်ရှာသော ခင်ခင်ကြီးကလေးကို ပခုံးဖက်ခေါ် ခဲ့ပြီး ဒိုင်းဝန်ကတော်ကြီးအနီးသို့ ရွှေ့၍ထိုင်လာကြလျှင် ၀န်ကတော်ကြီးလည်း မောင်မောင် ငယ်အား ကျောလက်သပ်ခါ။
"ငါ့သားကြီးအသားတွေလတ်ပြီး နည်းနည်းဝလာပါကလား မေဖုရားဖြင့်ကွယ်၊ သား ကလေး မပေါ်လာတာကြာလို့ ခဏခဏလွမ်းပြီး တမ်းတနေမိတယ်။ မောင့်ဖခင်ကလည်း သူအမှုတော် ထမ်းရွက် နေရသဖြင့် မအားမလပ်လို့ မရောက်နိုင်တာဖြစ်ပါလိမ့်မယ်၊ တို့ကိုမေ့လျော့လို့ ဟုတ်မည်မထင်ပါဘူး ပြောရှာတယ်။ မောင့်နှမကလေးကလည်း မောင့်ကို တစ်မေးတည်းမေးနေသည် မောင်မောင်ရဲ့၊ မောင်အဝေး ကလာတာကို မြင်မြင်ချင်းပဲ ကစားနေရာက အူယားဖားယားနှင့်ထ၍ ပြေးတာကိုသာ အကဲခတ် ပေတော့"
ငယ်။ ။"မောင်လည်း မေဖုရားတို့ကို ဘယ်အခါမှမေ့လျော့နေသည်မရှိပါ။ နေ့စဉ်ပင် သတိရလျက်ပါပဲ။ သို့ရာတွင် အမှုတော်ထမ်းနေရသဖြင့် မကြာခဏအပြင်ထွက်ခွင့် မရသောကြောင့် မရောက်ရခြင်း ဖြစ်ပါသည် မေဖုရား"
(မောင်မောင်ငယ်က ဒိုင်းဝန်ကတော်ကြီးနှင့် စကားပြောသောအခါ မိမိကိုယ်ကို ငယ်စဉ်သကဲ့သို့ပင် "မောင်"ဟူ၍ကြီးသည်အထိ ပြောတတ်သည်။ ငယ်ကအကျင့်ကို ဖျောက်မရပေ)။
ဝန်ကတော်ကြီးက ကျေနပ်နှစ်သိမ့်သော အမူအရာဖြင့်...
"ဟုတ်ပါလေရဲ့၊ မေဖုရားကလည်း သားကြီးကိုမတွေ့မမြင်ရသည်မှာ အတန်ကြာနေလို့ တမ်းတမိတာပဲ။ အမှုတော် ထမ်းရွက်နေဆဲ မင်းခစားဆိုတော့ အမှုကိစ္စ ဆောင်ရွက်ဖွယ် ကလည်း အများသားကို မောင်မောင်ရဲ့၊ သို့သော်လည်း မောင်မောင့်ကို ယခုလို ကျန်းကျန်းမာမာ ၀၀ဖြိုးဖြိုးနှင့်တွေ့ရတော့ မေဖုရား အင်မတန်မှ အားရ၀မ်းသာရှိတယ်"
ငယ်။ ။"ဒါနဲ့မောင့်ကိုသာ မေးလို့နေပါတော့သည်။ မေဖုရားကော ဘယ့်နှယ်ရှိတော်မူပါ သလဲ၊ ထမင်းများကော သုံးဆောင်လို့ကောင်းပါရဲ့လား"
တော်။ ။"မေဖုရားအတွက် ထူးခြားလှတယ် မရှိပါဘူး မောင်ရယ် ဒီဝဋ်နာဟာသေရာသို့ ပါမှာပဲလို့သာ တွေးထင်မိပါတော့သည်။ သမားပေါင်းလည်း စုံလှပြီ။ ဓာတ်ဆရာ, ဗိန္ဓောဆရာ, လက်နှိပ်သည်မှစ၍ ဘုရားကုရော သမားကုရော ဆိုသလို ဘယ်အရာကမှ လိုလေသေးမရှိအောင် ကုမခဲ့ပြီး။ သမားစုံ သလောက်၊ လူကနေထိုင်ကေင်းလာသည်တိုင် အောင် သည်ခြေတစ်ဖက်ကဖြင့် မိတွေးတိုင်း ဖမွေးတိုင်း ပြန်ဖြစ်ဖို့ အတန်ခဲယဉ်းနေတယ် မောင်ရဲ့"
မောင်မောင်ငယ်သည် ၀န်ကတော်ကြီး၏ ခြေဖျားကလေးများကို ယုယစွာ ဆုပ်နယ်စမ်း သပ်ကြည့်ရှုလျက် မေဖုရားခြေတစ်ဖ၀ါးက အငွေ့တော့အကောင်းသားပဲ။ သွေးလေမျှတ ပုံပါပဲ။ လမ်းသွားတဲ့ အခါမှာတော့ နာကျင်ပါသလား
တော်။ ။"လမ်းသွားတော့လည်း မနာကျင်တော့ပါဘူး မောင်မောင်ရယ်၊ သွေးလေအလျှောက်အဆင်းလဲ ညီညွှတ်ပါတယ်။ မေဖုရားဝေဒနာက ငယ်စဉ်ရောဂါနုစဉ် တုန်းကခပ်ပေါ့ပေါ့ အမှတ်မထင် နေလိုက်မိသည့်အတွက် အကြောဘက်ကို လှည့်ကိုင်သွားတာဖြစ်တော့ ယခုလိုအရွယ်ကြီးမှ သတိရပြီး ကုသ လာသော်လည်း 'မိုးလွန်မှ ထွန်ချ'ဆိုသလို ဖြစ်နေတာကလား။ သမားတော်များ၏ စွမ်းအားကြောင့် လူတော့ဖြင့် နေထိုင်၍ အင်မတန်ကောင်ပါပေသည်။ ထိုင်နေအကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ ဆိုတဲ့ စကား လိုပဲ ဖြစ်နေသည်။ ဒီအကျိုးကတော့ မိုးပေါ်က သိကြားလာကု သော်လည် ရမည်မထင်ဘူး သားရယ်၊ မေဖုရားလည်း အသက်ကြီးပါပြီ။ လှဖို့, ယဉ်ဖို့ အချိန်လည်းမဟုတ်တော့လို့ ခုဖြင့် သည်ခြေကျိုးပျောက်သည်ဖြစ်စေ၊ မပျောက်သည် ဖြစ်စေ မောင့်ဘဘဘုရားကသာ ကရုဏာ မကင်း ရှာသည့်အတွက် အိမ်မှာသမား တော်တွေ အ၀င်အထွက်မပြတ်ရအောင် ပင့်ခေါ်နေတာပဲ။ တစ်ခါ တစ်ခါ လည်း မေဘုရားဖြင့် ဆေးစားရ၊ လိမ်းရ၊ အနှိမ်ခံရတာတွေကို စိတ်မရှည်နိုင်အောင် ငြီးငွေ့ နေမိတော့တာပဲ"
ငယ်။ ။"သြော်... ငြီးငွေ့မယ်ဆိုရင်လည်း ငြီးငွေ့လောက်ပါတယ်။ မောင်ငယ်စဉ် အခါကတည်းက မေဖုရားမှာ သမားတော်ကြီးများပေးတဲ့ဆေးဝါးတွေ စားသုံးနေရတာ မောင်မှတ်မိပါတယ်။
တော်။ ။"ဟုတ်ကပြီ၊ မောင်အမှတ်မိသားပဲ မေဖုရားလေ ဆေးဝါးစားရမည်ကို ငြီးငွေ့ ရွံရှာသည်နှင့် တစ်ခါတစ်ရံ မောင့်ဘဘ ဘုရားမမြင်လျှင် စားရမည့်ဆေးများကို မိနန်းခုံကို တော်ရာသွား၍ လွှင့်ပစ် လိုက်မိသည် မောင်ရင်ရဲ့"
ငယ်။ ။"ခြေမစွမ်းသော်လည်း ဒီဆေးများစားနေ၍သာ မေဖုရားယခုလို ကျန်းမာနေတော်မူ တာ ဖြစ်ပါတယ် ဒါကြောင့်ဆေးဝါးစားသုံးခြင်းကို လုံးလုံးကြီးပြစ်ပယ်ထားတော်မမူပါနှင့် စားတန်သည့်အခါလည်းစားပါ မေဖုရားရဲ့"
တော်။ ။"စားရပါတယ်မောင်ရယ် မောင့်ဘဘဘုရားက ဆေးသောက်ချိန်ရောက်လျှင် အမြဲ ကြည့်ပြီးဆေးတိုက်တယ် ရွှေနန်းတော်ကြီးကို အခစားဝင်သည့်အခါနှင့် မင်းမှုကိစ္စနှင့် အပြင်ထွက်သည့် အခါများမှသာ မေဖုရားမှာ သက်သာခွင့်ရတယ်မောင်ရဲ့ ဒါတောင်ပြန် လာပလားဆိုလျှင် မိနန်းခုံကို တစေ့ တစောင်းက ချောင်းမြောင်း မေးမြန်းသေးတယ်"
ငယ်။ ။"(ပြုံး၍) နန်းခုံက ပြောသလားမေဖုရားရဲ့"
တော်။ ။"မပြောပါဘူးတော် မိနန်းခုံက မေဖုရားလူပဲ သင်းလဲကြာတော့ မေဖုရားကို သနားနေရှာထင်ပါရဲ့၊ မေဖုရားမှာ မလွှဲသာတဲ့ကိစ္စနဲ့ သွားစရာလာစရာရှိရင်လည်း မိနန်းခုံကို အမြဲတွဲသွားနေရတော့ သင်းလည်း မေဖုရားရဲ့ လက်သုံးတော်တောင်ဝှေးလို ဖြစ်နေရှာတယ်"
ယင်းသို့ မောင်မောင်ငယ်ရောက်ကတည်းက ဒိုင်းဝန်မင်းနှင့်တလှည့် ၀န်ကတော်ကြီးနှင့် တလှည့် နှုတ်ခွန်း ဆက်သ စကားအမျှင်မပြတ် ပြောနေကြရာတွင် ရောက်စက ပြေးကြိုပြီး မောင်မောင်ငယ အနီး တွင် တခါတည်းပူးကပ်နေရှာသော ခင်ခင်ကြီးမှာ မိမိစကားနှင့် ၀င်ပြောခွင့်မရနိုင်သလောက် ရှိလာ သလောက် မျက်နှာကလေးများ အို၍နေရှာတော့၏ သို့နှင့် အစ်ကိုကြီးအား မိမိစကားပြောခွင့် ရနိုးရနိုးနှင့် မိခင်မျက်နှာ တစ်လှည့် မောင်မောင်ငယ်မျက်နှာတစ်လှည့် စောင့်ကြည့်နေရာက ၀န်ကတော်ကြီး ကလည်း စကားအမျှင်မပြတ် မောင်မောင်ငယ်ကလည်း ၀န်ကတော်ကြီးပြောသမျှ စကားရှိ သလောက် အခြေအတင် ပြောနေရသဖြင့် အမှတ်မဲ့နေသကဲ့သို့ ရှိရာ ခင်ခင်ကြီးမှာ မောင်မောင်ငယ်အပါးမှ ရုတ်တရက် ထလာပြီးလျှင် မူလမိမိကစားနေသော အိုးပုတ် ချိုးရုပ် ကလေးများ ရှိရာသို့ရောက်၍ ကစားသော အရုတ်အတိုအစများလေးများကို သိမ်းကောက် ကာ မျက်နှာကလေး ခပ်ဆူဆူထားပြီး အိမ်အပေါ် ထပ်သို့ တက်သွားလေ၏။
ဒိုင်းဝန်မင်းကြီးအား စာဖတ်၍ကောင်းနေဆဲဖြစ်လေ၏ ။ ၀န်ကတော်ကြီးနှင့် မောင်မောင်ငယ်မှာလည်း အတင်းတော်က အကြောင်းကိစ္စများ စကားလက်ဆုံဝင်နေသဖြင့် ခင်ခင်ကြီး ထသွားသည်ကို သတိမထား မိနိုင် ရှိလေ၏ မောင်မောင်ငယ်ကလည်း ပြောလက်စ စကားတည်းကပင် သီပေါမင်းသားအား လျှောက်တင် ကတိထားခဲ့သည့် မြတ်လေးပန်း ကိစ္စကို သွား၍သတိရသောကြောင့်
ငယ်။ ။"ဒါနှင့်မေဖုရား ရွှေနန်းတော်ကြီးသို့ အခစားရောက်ပါသလား"
တော်။ ။"သားရယ် အခုတစ်လော မေဖုရားအခစားမရောက်သည်မှာ အတန်ကြာပြီ စကြာဒေ၀ီအရှင် မိဖုရား ခေါင်ကြီးဘုရား ရှိတော်မူစဉ်ကဖြင့် နန်းမတော်ဆောင်ကြီးသို့ မပြတ်မပြတ် အခစားဝင်မိပါရဲ့။ အရှင်မိဖုရား ခေါင်ကြီး ဘုရား နတ်ရွာစံတော်မူသွားသည့် နောက်ဖြင့် မရောက်မိပေဘူး"
ငယ်။ ။"မရောက်၍ သင့်လျော်ပါမည်လား မေဖုရားရဲ့"
တော်။ ။"ယခုအလယ်နန်းမတော်ဖုရား၊ မိဖုရားကြီး၏အစီးအနင်း အဆောင်အရွက်နှင့် ဆင်ဖြူမရှင် ခံတော်မူသည်ကို သိပါရဲ့ မောင်မောင်။ သို့သော် မေဖုရားရုတ်တရက် သွားရောက်ခစားခြင်း မပြုရ သေးသော်လည်း သန်သန်စွမ်းစွမ်း ကျန်းကျန်းမာမာ မဟုတ်သူဖြစ်တဲ့အတွက် သက်ညှာတော် မူပေမှာ ပဲလို့ တွေးပြီးအေးအေးပင် ကုပ်၍နေမိ တယ်မောင်ရဲ့"
ငယ်။ ။"တစ်ခေါက်တစ်ခါတော့ ရောက်ဖို့ရာ သင့်တယ်လို့ထင်ပါတယ်။ ယခုအခါ အနောက်ပိုင်းတစ်ခွင်၌ ဆင်ဖြူမရှင်ဖုရားဟာ အလွန်တရာမှ သြဇာအာဏာကြီးတော်မူ နေတဲ့အတွက် မျက်နှာပြသင့်ပါတယ်"
တော်။ ။"မေဖုရားလည်းတစ်ခါတစ်ခေါက်တော့ အခစားရောက်ရန် ကြံစည်လျက်ပါပဲ။ သို့သော်လည်း မေဖုရားတို့ သားအမိချင်းမို့ အတွင်းစကား ပြောရဦးမယ်။ မေဖုရားတို့မှာ နတ်ရွာစံ အရှင်မိဖုရားခေါင်ကြီး ကိုသာ ထွင်ဝင်ခစားခဲ့ရသူများဖြစ်တဲ့အတွက် အခြားတစ်ပါး သော မိဖုရားများနှင့် အတွေ့အကြုံ နည်းပါး လေတော့ ကိုယ့်အရှင်သခင်ရဲ့ အကြိုက်အလို တော်ကို သိသလို သူတို့အလိုတော်ကို မည်သို့လိုက်၍ မည်သို့ စိတ်ကြိုက် ခစားရမည် ဆိုတာ ကျွမ်းကျင်သူများ မဟုတ်တဲ့အတွက် ရုတ်တရက်ခစားရန် မရဲမ၀ံ့ ဖြစ်နေသည် တစ်ကြောင်း၊ ကိုယ့်အရှင်သခင်ကလွှဲလျှင် မည်သည့်သူကိုမျှ လှိုက်လှိုက်လှဲလှဲ စိတ်မပါ တာတစ်ကြောင်းတို့ကြောင့် ယခုကဲ့သို့ နှောင့်နှေးနေရခြင်းဆိုပါတော့ မောင်ရယ်"
ငယ်။ ။"မေဖုရားအမိန့်ရှိတာလည်း မှန်ပါတယ်၊ သို့ရာတွင် ယခုအခါ ဆင်ဖြူမရှင်ဖုရားမှာ သြဇာ အာဏာနှင့်ပြည့်စုံလျက် အခြားသော မိဖုရားများထက် တန်ခိုးကြီးနေသည့်အခါ မျက်တော်မူစရာ ရှာတွေ့ အောင်နေဖို့ သင့်ပါတယ်"
တော်။ ။"ရှေ့သီတင်းအဖိတ်နေ့လောက်တော့ဖြင့် ကန်တော့ပန်းဆက်ရန် ၀င်မည်လို့ စိတ်ကူးထားမိတယ် မောင်မောင်။ မေဖုရားကလည်း ခစားဖူးသူမဟုတ်တော့ အယောင် ယောင်အမှားမှားဖြစ်မှာ စိုးရိမ်မိတဲ့အတွက် စိတ်လေးလေးပဲ"
ငယ်။ ။"အခစားရောက်လာသူကို ကြည်ဖြူတော်မူမှာပါပဲ မေဖုရားရဲ့၊ ဆင်ဖြူမရှင်ဖုရား လည်း အများထင်သလောက် ဟုတ်တော်မမူရှာပါဘူး၊ ဘယ်အခါမဆို ပျော့ပျော့ပျောင်း ပျောင်းနှင့်စိတ်နှလုံးကောင်းတော်မူရှာသည့် လက္ခဏာပါ၊ စိတ်ချ၍သာခစားဝင်ပါ မေဖုရားရဲ့"
တော်။ ။"သွားပါမယ်တော်၊ အမေ့သားကြီးက တယ်လို့မို့ ခစားရောက်စေချင်နေတယ် မှတ်တယ်"
ငယ်။ ။"မှန်လှတယ်၊ မေဖုရားလည်း ကိုယ့်တာဝန်ကုန်လေအောင် မောင့်ကိစ္စတစ်ခုလည်း ပြီးလေအောင်၊ တစ်ချက်ခုတ် နှစ်ချက်ပြတ်သဘောနှင့် ပြောရခြင်းပါ"
တော်။ ။"မောင့်ကိစ္စက ဘာများလဲကွယ်"
ငယ်။ ။"တခြားမဟုတ်ပါဘူးမေဖုရားရဲ့။ မောင်တို့ရွှေကိုယ်တော်ဖျားက မြတ်လေးပန်းများ အလိုရှိတော်မူသနှင့် ယခုမောင့်ကို ရှာဖွေရန်ခွင့်ပြုတော်မူလိုက်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် မေဖုရားထံလဲရောက်ရင်း မြတ်လေးပန်းများလည်း ရှာဖွေရင်းဆိုသလို ရောက်လာရခြင်း ဖြစ်တဲ့အတွက် ဒီကအပြန်မှာ ရွှေကိုယ်တော်ဆက်စရာ မြတ်လေးပန်းပါမှဖြစ်မှာကြောင့်..."
တော်။ ။"သြော်...အံ့ပါလေရောမောင်မောင်ရယ်၊ ဒီအခါ ဒီရာသီမယ် ဘယ်ကလာ၍ မြတ်လေးပန်းရနိုင်မည်တုန်း မောင်ရဲ့။ မောင့်ရွှေကိုယ်တော်ဖျားကလည်း ကြံကြံဖန်ဖန် လိုမှ လိုတော်မူ တတ်ပလေတယ်"
ငယ်။ ။"ဒီကိစ္စအရှုပ်အရှင်းက မောင်တို့ လူပျိုတော်အချင်းချင်းတွေမှ သိပါတယ် မေဖုရား ရဲ့။ အကျယ်အပွားတော့ အစီရင်ခံမနေပါစေနှင့်၊ မြတ်လေးပန်းဆိုတာ အခါရာသီနှင့် ပွင့်သော်လည်း အနောက်ပိုင်းမင်းမိန်းမများ အဆောင်တစ်ဝိုက်မှာ ဆယ့်နှစ်ရာသီပွင့်တတ် တဲ့မြတ်လေးပင်များရှိသည်ဟု သိရပါသည်။ ဒါကြောင့်မေဖုရားအခစားဝင်ရင်း အနည်း အကျဉ်းရအောင် ဆောင်ကြည့်ပေးနိုင်မလားလို့ အသနားခံချင်တာပါပဲ။ မောင့်မှာမေဖုရား တို့ထံရောက်ချင်တာနှင့် အိမ်ပြန်ပြီးရအောင်ရှာ၍ ဆက်ပါမယ်လို့ အာမခံလာမိပြီ မေဖုရားရဲ့"
တော်။ ။"ဖြစ်ရလေမောင်မောင်ရယ်၊ အကယ်၍ ပန်းမရမှဖြင့် မောင့်မောင့်စကားနှင့် မောင်မောင့် အား ပြန်မိနေတော့မည်။ ဆယ်နှစ်ရာသီ မြတ်လေးပင်က ဘယ်အဆောင်နား မှာရှိသည်တုန်း မောင်ရဲ့"
ငယ်။ ။"ဘယ်အဆောင်နားမှာ ရှိသည်ဆိုတာတော့ အတတ်မပြောနိုင်ပါ။ အနောက်ဆောင် ပိုင်းမှာ ရှိသည် ဟုသာ သိရပါတယ်။ သြော်...မောင်စဉ်းမိပါပြီ မေဖုရားရဲ့။ ဆယ့်နှစ်ရာသီ ပွင့်သောမြတ်လေးပင်များမှာ ထူးကဲ မွန်မြတ်သည့် ပန်းပင်မျိုးဖြစ်ပါသည့်အတွက် သာမန် မိဖုရားများအဆောင်တစ်ဝိုက်တွင် စိုက်ပျိုး ထားမည့်မထင်ပါ။ ဘုန်းတော်ကြီးလှသော မင်းတရားကြီးဘုရား၊ သူမတူအောင် မြတ်နိုးကြည်ဖြူ ချစ်ခင်တော် မူလှသော သမီးတော် ပင်တိုင်စံ၊ စလင်းထိပ်စုမြတ်ဖုရားတို့၏ ပင်တိုင်နန်းတော်နှင့် နတ်ရွာစံ အရှင် နန်းမတော် ကြီးအဆောင်၊ ယခုစံတော်မူသော ဆင်ဖြူမရှင် မိဖုရားခေါင်ကြီးတို့ အဆောင်နန်း သုံးခုယှဉ်လျက် ရွှေနန်းတော်အနောက်ပိုင်း၏ ထပ်ဗဟိုတွင် တည်ရှိပါသည်။ ပင်တိုင်စံ စလင်းထိပ်စု ဖုရား၏ ပင်တိုင် ဆောင်တော်မှာ အဆိုပါမိဖုရားနှစ်ပါး၏ အဆောင်တော်ကြီးနှစ်ခု၏ အလယ်ကြားတွင်ရှိသဖြင့် ပင်တိုင် ဆောင်၏ ၀ဲယာနှစ်ဖက်ရှိ ပန်းခုံတော်အတွင်းမှာ ၎င်းဆယ့်နှစ်ရာသီ မြတ်ပင်လေးများ မုချရှိရ ပါမည်"
တော်။ ။"သြော်...ဟုတ်ပေသည် မောင်ရဲ့၊ ပင်တိုင်စံသမီးတော် စလင်းထိပ်စုမြတ်ဖုရားမှာ စာပေ တို့နှင့်သာ အမြဲမွေ့လျော်တော်မူလေးထောင်နှင့် သမ္ဗုဒ္ဓေပန်းဝတ်များကို နေ့စဉ် ရည်မှန်း လှူဒါန်းတော် မူသဖြင့် ရံရွှေတော်များက ပန်းခုံတော်မှ ပန်းတော်များကို ပွင့်ရေ ရှစ်သောင်းလေးထောင်ပြည့်အောင် နေ့စဉ်ခူးယူပို့ဆက်ရသည်ကို ဘုန်းတော်ကြီး လှသော မင်းတရားကြီးဘုရားက နှစ်သက် အားရတော် မူလှ၍ သမီးတော်စလင်းထပ်စုဖုရား ၏ပန်းခုံဥယျာဉ်တော်ကို မွန်မြတ်မွှေးကြိုင်လှသည့် ပန်းပင်မျိုးစုံ၊ အခါ ရာသီမရွေး၊ အဆက်မပြတ်ဖူးပွင့်တတ်သည့် ပန်းပေါင်းမျိုးစုံတို့ကို အထူးအမိန့်တော်နှင့် စိုက်ပျိုး ပြုပြင် ပေးစေတော်မူထားတယ်။ မေဖုရားယခုမှသတိရတယ် မောင်မောင်၊ ဧကန္တမောင်မောင်လို တဲ့ဆယ့်နှစ် ရာသီ မြတ်လေးပန်းများ စလင်းပန်းခုံတော်မှာပဲ ရှိမည်ထင်တယ်။ နတ်ရွာစံ နန်းမတော် ဆောင်ကြီး ပတ်ဝန်းကျင်မှာလည်း ရှိကောင်းကရှိပေမယ်။ အကယ်၍ နန်းမတော်ကြီးမှာ မရှိသည့် တိုင်အောင် စလင်းထိပ်စုဖုရား ပန်းခုံတော်မှာဆိုလျှင် မခဲယဉ်း ဘူးမောင်မောင်။ မေဖုရားရအောင် ဆောင်ကြဉ်း ပေးနိုင်တယ်။ နတ်ရွာစံမိဖုရားခေါင်ကြီး ဖုရားနှင့် စလင်းထိပ်စုမြတ်ဖုရားတို့မှာ စရိုက် ၀ါသနာတော်ချင်းတူမျှ၍ အင်မတန်မှ သဘောပြည့်ဝတော်မူသော မိန်းမဥက္ကဋ္ဌ်၊ ဂုဏ်ဒြပ်နှင့် မြင့်မြတ် ထူးခြားတော်မူသူများ ဖြစ်တဲ့အတွက် မေဖုရားတို့ ရှေးအခါကပင် ထွက်ဝင်ခစားဖူးပါတယ်။ စလင်း စုဖုရား၏ စာတော်ဖတ်အပျိုတော်ကြီး ခင်နှစ်နှင့်လည်း မေဖုရားနှင့်များစွာ ချစ်ကျွမ်းဝင်သူဖြစ်ပါ တယ်။ သို့အတွက် ဘယ်နည်းနှင့်မဆို ရှိရိုးမှန်လျှင်ရရမည် မောင်ရဲ့"
ငယ်။ ။"ကျေးဇူးကြီးလှပါသည် မေဖုရား၊ မောင့်မှာလာသာလာရသည်၊ ဒီတာဝန်ကြီးကျမှ ကျပါမည်လား လို့ စိတ်ထားမဖြောင့်နိုင်သလောက်ပါပဲ"
တော်။ ။"နေစမ်းပါဦး မောင်မောင်ရယ်၊ မေဖုရားမသိ၍ မေးစမ်းပါရစေ၊ မောင်တို့သီပေါမင်း ကိုယ်တော် ကလေးက ဘောက်မဲ့ကြောင့် စလင်းပန်းခုံတော်က ပန်းကိုလိုချင်တော်မူပုံ ဆန်းရသည်တုန်း၊ မေဖုရားဖြင့် သည်မင်းသားကို တယ်၍မသင်္ကာချင်ဘူး"
ငယ်။ ။"ဘယ်လိုမသင်္ကာခြင်းပါလဲ မေဖုရားရဲ့၊ မိန့်ကြားတော်မူစမ်းပါဦး"
တော်။ ။"အို...တွေးကြည့်လျှင်အလွယ်သားပဲ မောင်ရယ်၊ မောင့်သီပေါကိုယ်တော်ကလေး ဟာ ဘယ်လိုစိတ်ထား၍ စလင်းထိပ်စုမြတ်ဖုရား ပိုင်ဆိုင်တော်မူရာ ပန်းခုံတော်မှာရှိသည့် ပန်းကို ဆင်မြန်းတော် မူချင်ရသည်ဆိုတာ အထူးပြောစရာမလိုပါဘူး၊ ဟိုကလည်းစာပေ ပိဋကတ်နှံ့စပ် လိမ္မာသူ ဖြစ်ပြီးလျှင် သီပေါကိုယ်တော်ကလေးကလည်း ပိဋကတ်ရွှေကြုတ် ကို နှုတ်အာဂုံဆောင်တော်မူနိုင်သည့် မင်းသားတစ်ပါးဖြစ်၍ ခြင်္သေ့ဆီသည် သိဂÐရွှေခွက် ၌သာ တည်သလို စာပေပိဋကတ် တတ်ကျွမ်း လိမ္မာတော် မူသော မင်းတစ်ပါးပီပီ မိမိနှင့် အလားတူသော ပညာရှိတရားရှင် မင်းသမီးတစ်ပါးနှင့် ရွှေလမ်း ငွေလမ်းသွယ်ပြီး..."
ငယ်။ ။"(စကားမဆုံးမီလက်ကာ၍) "အို...ဒီလိုမဟုတ်ပါဘူး မေဖုရားရဲ့၊ အထင်တော် မမှားလိုက်ပါနှင့်၊ သီပေါရွှေကိုယ်တော်ဘုရားမှ မေတ္တာတော်ညွှတ်နူးပြီး မင်းသမီးတစ်ပါး နှင့် ဖြစ်ပါတယ်၊ အကယ်၍ သီပေါကိုယ်တော်ဘုရားက မေဖုရားထင်တော်မူသလို လွတ်လပ်သူဖြစ်သည်ထားဦး၊ စလင်း ထိပ်စုမြတ် ဖုရားလို တရားရှင်သူတော်ကောင်း မိန်းမမြတ်တစ်ဦးက လိုက်လျောညွှတ်နူးတော်မူပြီး လောကီ စည်းစိမ် မီးအရှိန်ကိုစိတ်ကူး တော်မူမည် မဟုတ်ကြောင်း၊ ရွှေကိုယ်တော်မြတ်က ကောင်းကောင်း သိရှိတော် မူပြီးဖြစ်ပါ တယ်"
တော်။ ။"သိပါဘူး မောင်မောင်ရယ်၊ နို့...တယ်လည်း အတတ်ဆန်းသကိုး။ ဘယ်နှယ့် ကြောင့် ဒီပန်းကို မရမက လိုတော်မူသည်တုန်း"
ငယ်။ ။"ရွှေကိုယ်တော်ဖျားက သည်ပန်းကို ဘယ်မှာရှိသည်ဟု သိတော်မူသည်မဟုတ်ပါ။ ဗောင်းတော်ပ၀ါများ အမွှေးနံ့သပ်စရာ လိုတော်မူသည်ဟု သာမန်မျှမိန့်တော်မူသည်ကို မောင်ကသာ မေဖုရားတို့အိမ် လာလိုသောကြောင့် အပြင်ထွက်ခွင့်ပေးတော် မူပါရအောင် ရှာ၍ဆက်ပါမည်ဟု ကတိ ခံမိခဲ့ခြင်းဖြစ်ပါတယ်"
တော်။ ။"သည့်နှယ်ဖြင့် ပြီးပါလေရော မောင်ရယ်၊ ကဲ...ကဲ စိတ်အေးအေးနေပါ။ မောင့်ကတိအတိုင်း ကျေကုန်အောင်ဟာ မေဖုရားအတွင်းတော် ခစားဝင်ပြီး မြတ်လေးပန်း များခူးယူ၍ ပေးပါမယ်၊ ဒါနှင့် မောင်မောင်ဒီမှာ ဘယ်နှစ်ရက်နေမည်လဲ"
ငယ်။ ။"မောင်နှစ်ရက်သုံးရက်ခန့်သာ နေခွင့်ရပါသည်ဘုရား"
တော်။ ။"ဒါဖြင့်သန်ဘက်ခါကို မေဖုရားအတွင်းတော် အခစားဝင်ပါမယ်။ စလင်းထိပ်စုမြတ် ဖုရား အဆောင်တော်ကဖြစ်စေ၊ နန်းမတော်ဆောင်ကြီးကဖြစ်စေ ရရာကရှာဖွေတောင်းခံ ယူခဲ့မယ်။ မောင်ကနောက်နေ့နံနက်စောစောမှ မောင့်သီပေါကိုယ်တော်ထံ ပြန်ပေတော့"
ငယ်။ ။"ကောင်းလှပါပြီ မေဖုရားရဲ့"
တော်။ ။"ကိုင်း...ကိုင်း လာတဲ့အခါ ပျော်ပျော်ပါးပါးနေစမ်းပါဦး မောင်ရယ်၊ ဟဲ့...မယ်ဆုံတို့ ငါ့သားဖို့ နေ့လယ်စာ အချိုပွဲအုပ်များပြင်ခဲ့ပါဟဲ့။ မိနန်းခုံက စားဖိုထဲသွား၊ အဆိမ့်အုပ်ပြင်ခဲ့ ဖို့ထမင်းချက် ငလူဒင်ကို ပြောချင်ပါဟဲ့"
မောင်မောင်ငယ်လည်း ယခုမှစကားမျှင်ပြတ်တော့သည့်အတွက် ရှေ့သို့ရောက်လာသော အချိုအုပ် အဆိမ့်အုပ်များကို လက်နှိုက်စားသုံးမိသောအခါမှ ရုတ်တရက်ခင်ခင်ကြီးကို သတိရပြီး မိမိအနီး သို့ကြည့်မိရာ မတွေ့ရဘဲရှိသည်နှင့် အံ့အားသင့်ကာ "အလို... ခင်အကြီးဘယ်ဆီထသွားလိုက်ပါလိမ့်"ဟု ဆိုကာ အနီးအနားတွင် လှမ်းကြည့်မိလေ၏ ။ ၀န်ကတော်ကြီးလည်း "ဟုတ်ပါရဲ့၊ ခင်ကြီး ဘယ်သွား ပါလိမ့်၊ စောစောက ဒီအနားထိုင်နေ ပါကလား"
ငယ်။ ။"စောစောက မောင့်လက်မောင်း ဖက်ကိုင်ပြီးပူးပူးကပ်ကပ် ထိုင်နေရှာပါသည်၊ မေဖုရားလည်း စကားပြောနေတာမို့ သူ့ကိုသတိလစ်သွားမိတာ ဘယ်ဆီသွားပါလိမ့်မယ်"
တော်။ ။"ခင်ကြီးရေ...အလို...အောက်မှာလည်း မရှိပါကလား။ အိမ်ပေါ်ထပ်တက်သွားထင် ရဲ့၊ ဟဲ...နန်းခုံ၊ ခင်ခင်ကြီးရှိသလား။ အပေါ်ထပ်ကို သွားကြည့်ချေစမ်း၊ ရှိလျှင် မောင်မောင်ခေါ်သည်လို့ ပြောခဲ့"
နန်းခုံလည်း "မှန်လှပါဘုရား"ဟုဆိုကာ အိမ်ပေါ်ထပ်သို့ တက်သွားလေ၏ ။ ၀န်ကတော် ကြီးလည်း မောင်မောင်ငယ်အား စားသောက်ဖွယ်များကို ထုတ်၍ကျေးမွေးရုံမက နှုတ်က လည်းတဖွဖွနှင့် "စားစမ်းပါ မောင်မောင်ရဲ့၊ မေဖုရားမှာ ငါ့သားကြီးကို နေ့တိုင်းနေ့တိုင်း ကျွေးချင်ပေမယ့် ကျွေးခွင့်မရဘူး၊ ယခုလို တစ်ခါတစ်ရံ ကြုံကြိုက်တဲ့အခါမှ ကျွေးမွေးရ တော့တယ်၊ လာတဲ့အခါ မေဖုရားစိတ်ကျေနပ်အောင် အားရပါးရ သုံးဆောင်စမ်းပါ မောင်မောင်ရဲ့" ဟု ချိုချိုချဉ်ချဉ် ဆိမ့်ဆိမ့်အီအီ အလီလီသော စားကောင်း သောက်ဖွယ် တို့ကိုတစ်ခုပြီး တစ်ခုတစ်ပန်းကန်ကိုင်ပြကာ မောင်မောင်ငယ်၏ ပါးစပ်ထဲသို့ ခွံ့ပေးမ တတ် အထပ်ထပ် တလဲလဲပြောဆိုတိုက်တွန်း၍ နေလေရာ မောင်မောင်ငယ်မှာလည်း မိခင်ရင်းနှင့်မခြား ငယ်စဉ် အရွယ်ကပင် ချစ်ခင်အားထားလာခဲ့သော ၀န်ကတော်ကြီးအား ရက်လအတန်ကြာ ကွဲကွာနေရာမှ တွေ့ရသဖြင့် အားရ၀မ်းသာနှင့် ကျွေးသမျှအစားတို့ကို အစုံအစေ့ပင် ကျေနပ်အောင်စားသောက် နေလေ၏ ။
နန်းခုံသည် ၀န်ကတော်ကြီးအနီးသို့ ခပ်ကျုံ့ကျုံ့လာထိုင်လေရာ ၀န်ကတော်ကြီးက "ဘာလဲဟဲ့...နန်းခုံ၊ ခင်ခင်ကြီး ဘယ်မှာတုံး"ဟု မေးပြန်ရာနန်းခုံက တုန်တုန်ယင်ယင်နှင့် "ခင်ခင်အိမ်ပေါ်မှာ ရှိပါတယ်၊ ဖဲညဉ့်ခြုံကြီး ကို ခေါင်းမြီးခြုံပြီး အိပ်ရာပေါ်မှာမှောက်လျက် တလှုပ်လှုပ်တရှားရှား လုပ်နေတာကို တွေ့ရလို့ ဖုရာ့ကျွန်, က ခင်ခင့်ခြေဖျားကလေး ကိုင်ပြီးခင်ခင့် ဖုရားကျွန်မနောက်ကြိမ် ခင်ခင့်ခြေဖျား ကလေး ကိုင်ပြီး ပြောပြန်တာကို ဘာမှပြန်မပြောမှောက်၍ ခြေထောက်ချင်းပွတ်နေပါတယ်၊ ခြေသလုံး ကလေးများမှာ ခြေထောက်ချင်းပွတ်တိုင်း ရွှေခြေချင်းနဲ့ညှပ်မိလို့ နီရဲလို့နေပါပြီ။ ဖျကျွန်မတော့ ခင်ခင် တစ်ခုခုကို စိတ်တိုင်းမကျ၍စိတ်ကောက်နေသည် ထင်ပါတယ်ဘုရား"
ပြောသည်တွင် ၀န်ကတော်ကြီးများမှာ ရုတ်တရက်ထိတ်လန့်သကဲ့သို့ ဖြစ်သွားပြီး မှတစ်စုံတစ်ခုသတိရ၍ ပြန်ပြုံးလာကာ စိုးရိမ်စွာကြည့်နေသော မောင်မောင်ငယ်ဘက်သို့ လှည့်လျက်။
"ကိုင်း...ခင်ကြီးတော့ မောင်မောင်ကို စိတ်ခုသွားပြီထင်တယ်၊ မောင့်ကိုပြေးကြိုပြီးမှ မောင်မောင်ကို ဘာများ စိတ်ကောက်သွားတယ် မသိဘူး"
"အို...ဟုတ်ပါပြီ။ မောင်ကလည်း ပြေးလာတော့ သူ့ကိုလှမ်းဖက်ရုံသာ ဖက်လိုက်နိုင်တယ်။ ဘဘဘုရား ဆီသွားဝတ်ချ စကားပြောနေရ၊ မေဖုရားနှင့် စကားပြောနေရနဲ့ သူ့ဘက်ကိုမှ မလှည့်အားရတော့ဘဲကိုး မေဖုရားရဲ့။ နေ...နေ မောင်သွားချော့လိုက်ပါဦးမယ်"
ဆိုကာ မောင်မောင်ငယ်သည် ၀န်ကတော်ကြီးအပါးမှ ထလာပြီး ခင်ခင်ကြီးရှိရာ အိမ်ပေါ် ထပ်သို့တက်လာခဲ့လေရာ ၀န်ကတော်ကြီးမှာလည်း ကြည့်လို့မငြီး၊ သြရသ သားကြီးဟူသော မေတ္တာ တရားနှင့် မောင်မောင်ငယ်အား ချစ်ခင်လှသော အမူအရာနှင့် ပြုံးရွှင်စွာ ကြည့်မျှော် ကျန်ရစ်ခဲ့ရှာလေ၏ ။ မောင်မောင်ငယ် လည်း အပေါ်ထပ်သို့ရောက် သောအခါအိမ်ဦးခန်းမှ စုံကပ်လျက်အတွင်းဘက် အခန်းများ သို့ကဲ၍ ကြည့်လိုက်ရာ အလယ်ဆောင်ရှိ ၀န်ကတော်ကြီး၏ အိပ်ရာပေါ်တွင် ဖဲညဉ့်ခြုံကြီးကို ခေါင်းမြီးခြုံလျက် မှောက်၍တတွန့်တွန့်တလိမ်လိမ်ဖြစ်နေသော ခင်ခင်ကြီးကိုတွေ့ရသောကြောင့် အသာ အယာ အနီးသို့ ကပ်သွားပြီးလျှင် ပခုံးလေးကိုယုယစွာ လှုပ်ကိုင်လျက်။
"ခင်ရေ...ခင်အကြီး၊ ဘာဖြစ်နေသည်တုံး၊ ထပါ၊ အစ်ကိုကြီးနှင့်အတူ အချိုအုပ်စားမယ် ခင်ရဲ့။ ခင်ဘယ်အချိန်က အစ်ကို့အနားက ထ, သွားသတုံးကွဲ့"
ပြောကာယုယစွာ ပွေ့၍ခေါ်လာ၏ ။ ခင်ခင်ကြီးလည်း ခေါင်းကိုစောင်ခြုံထဲမှ မဖွင့်ဘဲ မှောက်လျက်ကပ်ပေမြဲ ကပ်ပေ၍ နေပြန်သည်တွင် မောင်မောင်ငယ်က။
"အို...ခင်ခင်ကြီးဘာဖြစ်သလဲ၊ ထကွယ်၊ ဘယ့်နှယ့်လဲ ခင်ရဲ့။ အစ်ကို့ကိုကောက်တော်မူ တယ်ပေါ့လေ၊ အစ်ကိုက ခင်အကြီးမကြိုက်တာ ဘာများပြုမိသတုံးကွဲ့၊ ကဲ...ကဲဒါလေက် ကော်တော်မူရရင် ကျေနပ် ရောပေါ့၊ လာပါ၊ ကြည့်စမ်းတော့လေ။ ဖဲညဉ့်ခြုံကြီးနဲ့ ခေါင်းကို ဖုံးထားလိုက်တာ၊ မမွန်းဘူးလား ခင်ရယ်"
ဆို၍ညဉ့်ခြုံကို ခေါင်းမှ ခွာယူလိုက်သည်တွင် ခင်ခင်ကြီး၏ ချွေးတွေသံတွေနှင့် နီမြန်းနေ သောမျက်နှာ ကလေးကို လှစ်ခနဲသာမြင်လိုက်ရပြီး ညဉ့်ခြံထဲတွင် ဇွတ်ဝှက်ထားလိုက်ပြန် သောကြောင့်။
ထပ်မံ ချော့ပြန်ရာ ဖဲညဉ့်ခြုံကို တင်းကျပ်စွာ ပြန်ခြုံထားသောအတွင်းမှ။
"အင့်ဟင့်... မထပါဘူး၊ အစ်ကိုကြီးလည်း ခင်မခေါ်လိုတော့ဘူး"
ဟူသောအသံကို ကြားရလေ၏ ။ မောင်မောင်ငယ်လည်း ခင်ခင်ကြီး၏ စူအောင့်အောင့်နှင့် စိတ်ကောက်သံကလေးကို ကြားရပြန်သည်တွင် ငယ်စဉ်ကနှင့် ဘာမျှမခြားနားသေးသော ခင်ခင်ကြီး၏ အပြုအမူများက ချစ်အားကို တစ်မျိုးတက်စေတော့လျက် ညဉ့်ခြုံပေါ်မှ သေးကွေးသော ကိုယ်ကလေးကို သိမ်းပိုက်ဖက်ပွေ့ကာ။
"အစ်ကိုမှာ ဘာအပြစ်ရှိလို့တုံးခင်ရဲ့၊ အပြစ်ရှိတာကို သိအောင်ပြောပြီးမှ စိတ်ကောက် တော်မူမှပေါ့။ ယခုတော့ ဘာမသိ ညာမသိနှင့် ခင်အကြီးစိတ်ဆိုးခံရတာ၊ အစ်ကို စိတ်မကောင်းပါဘူး၊ ပြောစမ်းပါဦး ခင်ရဲ့"
ခင်ခင်ကြီးကား ညဉ့်ခြုံထဲမှနေကာ ငိုသံပါနှင့်။
"အစ်ကို့အပြစ်ကို အစ်ကိုစဉ်းစားတော်မူရင် သိမှာပ၊ ခင့်ကို မေးဖိုကမလိုပါဘူး"
ပြောမှမောင်မောင်ငယ် စဉ်းစားကာ ပြုံးလာပြီးလျှင်။
"သြော်...အစ်ကိုသိပါပြီ၊ အစ်ကိုရောက်လာလာချင်း ခင့်ကိုစကားမပြောလို့လား။ ဒါကို စိတ်မကောက်ပါနှင့် ခင်အကြီးရယ်၊ အစ်ကိုကစကားမပြောလို၍ မဟုတ်ပါဘူး၊ ဘဘ ဘုရားနှင့် မေဖုရားတို့က မေးမြန်းနေတဲ့ စကားတွေကို စေ့ငှအောင်ဖြေဆိုနေတာ ခင်အသိ သားမဟုတ်လား။ အစ်ကိုက ခင်အကြီးပြေးလာပြီး ကြိုဆိုကတည်း ကပင် အားရပါးရ စကားတွေပြောချင်တာပေါ့။ ကဲ...ကဲဒီအပြစ်ကို ကျေနပ်ပါတော့၊ အစ်ကို တောင်းပန်ပါ တယ်"
"အို...ဒီဟာကြောင့်မဟုတ်ပါဘူး၊ ဘဘဘရားတို့နှင့် စကားပြောနေတာကို ခင်နားလည်ပါ တယ်"
"သို့ဖြင့်ဘာကြောင့်တုံး ခင်ရဲ့။ အစ်ကိုသိအောင် ဖွင့်လို့ပြောလိုက်ပါတော့၊ ကဲ...ပြောစမ်း ပါ ဒီညဉ့်ခြုံကြီး ကိုလည်း ဖယ်လိုက်ပါတော့။ အထဲကနေပြီး စကားပြောနေရတာ မွန်းလှ ပါရော့မယ်"
"ဖွင့်လည်း မဖွင့်လိုပါ၊ ပြောလည်း မပြောလိုပါ။ အစ်ကို့ကတိကို အစ်ကိုပင် ဖျက်ပစ်၍ သတိမရတာကို ခင်ဖွင့်ပြောလို့လည်း အပိုပါပဲ"
"အဲဒါမှခက်တော့တယ်။ အစ်ကိုလည်းဘာမှစဉ်းစား၍မရဘူး။ ခင်အကြီးက ဖွင့်ပြောပါ တောင်းပန်တာလည်းမရ၊ အစ်ကိုတော့ စိတ်ညစ်လှတယ်။ အတွင်းတော်မှာ ခစားရတာ ကျပ်တည်း လွန်းလို့ ကိုယ့်နှမလေးနဲ့ ပျော်ပျော်ပါးပါးနေရမလားထင်၍ လာမိတယ်။ ယခုမှမပျော်ရတဲ့အပြင် အင်မတန် စိတ်ညစ်ဖို့ကောင်းတော့တယ်။ အစ်ကိုကတော့ နှမကလေးကို တွေ့ချင်လွန်းလု့ တွေ့ရတော့ မယ်ဟဲ့ဆိုပြီး အားရ၀မ်းသာလာခဲ့ရတယ်။ ဒီရောက်တော့ ခင်အကြီးက အစ်ကို့ကို မတရားအပြစ်ရှာပြီး စိတ်ခု မာန်ခုပြု၍ နေတော့ အစ်ကိုတော့စိတ်မချမ်းသာဘူး။ အခုပဲ အိမ်တော်သို့ ပြန်ပါတော့ ခင်ရဲ့"
ခနဲ့၍ ပြောလိုက်သည်တွင် ခင်ခင်ကြီးမှာ ဖျတ်ခနဲညဉ့်ခြုံကို လှစ်လိုက်ခါ။
"ဟင်...အစ်ကိုပြောတတ်လေတယ်။ ခင်ကအစ်ကို့ကို အပြစ်ရှာတာမဟုတ်ပါ။ အစ်ကိုက ခင်မှာသည့် ရွှေဟင်္သာရုပ်ကလေး ယူမလာတာကိုတော့ မပြောဘူးလား။ ခင်ကအစ်ကို လာရင် ရွှေဟင်္သာရုပ်ကလေး ယူမလာတာ ကိုတော့ မပြောဘူးလား။ အစ်ကိုလာတော့ ပါ၍မလာသည်မှာ ခင်အကြီးအပြစ်လား၊ အစ်ကို အပြစ်လား စဉ်းစားပါဦး"
နွဲ့သံနှင့်ပြောကာ နီထွေးထွေးဖြစ်နေသော မျက်နှာကလေးနှင့် မောင်မောင်ငယ်အား အမှတ်မဲ့ စိုက်ကြည့် နေရှာ၏။
မောင်မောင်ငယ်ကား အားရပါးရရယ်မောကာမျက်နှာကလေး နီနီရဲရဲ၊ မျက်လုံးတွင် မျက်ရည် ကလေးရွဲ လျက် ကြက်မြီးရွှေကတော့စွပ် ဆံတိုကလေးဖရိုဖရဲဖြစ်နေရှာသော ခင်ခင်ကြီးကို နှမငယ်ရင်း ချာစိတ်ထား နှင့် ချစ်အားသန်စွ ပိုက်ဖက်၍ မျက်နှာပေါ်တွင်ရှိ သောဆံစကလေးများကို ဘေးသို့ ဖယ်ရှားပေးရင်း။
"ခင်အကြီးက စိတ်ကောက်အရင်လိုတာကိုး။ အစ်ကို့ကိုများ ရွှေဟင်္သာရုပ်ကလေးပါ သလား မပါဘူးလား ဆိုတာ စုံစမ်းပါဦးတော့လား"
"စုံစမ်းနေဖို့မလိုပါဘူး၊ အစ်ကိုမေဖုရားနှင့် စကားပြောနေစဉ်က ခင်ကြီးအစ်ကို့တရုတ် အကျီင် အိတ်ထောင် ထဲမှာ နှိုက်၍ရှာပြီးပါ။ မတွေ့လို့သာ ယခုစိတ်ကောက်တာပဲ အစ်ကိုရဲ့"
"အဲဒါခင်အကြီး မှားတာ၊ သေသေချာချာမှ မရှာဘဲကိုး"
"အို...ဒါဖြင့် ရွှေဟင်္သာရုပ်လေး ပါလာခဲ့သလားအစ်ကိုရဲ့"
ဆိုကာခင်ခင်ကြီး မျက်နှာကလေးမှာ ပြုံးရွှင်ကြည်လင်၍ လာ၏ ။မောင်မောင်ငယ်က စလိုပြန်သည်နှင့်။
"မပါခဲ့ဘူး ခင်ရဲ့"
ပြောလိုက်သည်တွင် ခင်ခင်ကြီးမှာ ငယ်ရွယ်သူ အကလေးအရွယ်ဖြစ်သောကြောင့် ပြေလွယ်၊ ပျောက်လွယ်၊ ကောက်လွယ်၊ ကွေးလွယ် ဖြစ်ရကား ရုတ်တရက်မျက်နှာကလေး ပျက်သွားပြန်ပြီ။
"ကဲ...ခင်အကြီး စိတ်ကောက်တော့ ကောက်တယ်တဲ့။ အခုရွှေဟင်္သာရုပ်ကလေး မယူလာဘူး မဟုတ်လား။ အစ်ကိုစကားနှင့်အစ်ကိုပဲ။ အစကတည် အဲဒီရွှေဟင်္သာရုပ် ကလေးလှတဲ့အကြောင်း အစ်ကို့ ကို သီပေါရွှေကိုယ်တော်ဘုရားက ဆုလာဘ်အဖြစ် သနားတော်ခံရကြောင်း အစ်ကိုပဲပြောတယ်။ နို့ပြီး တော့ ဒီအရုပ်ကလေးကို ခင်အကြီး ကစားဖို့ ပေးမယ်ဆိုတာလည်း အစ်ကိုကြီးပဲ စ၍ပြောတယ်။ နောက်တစ်ခါ လာရင် ယူလာမယ်လို့ အစ်ကိုပဲကတိခံသွားတယ်။ ခင်ကြီးကတော့ အဟုတ်မတ်လို့ ရွှေဟင်္သာ ရုပ်ကလေးလိုချင်လွန်းလို့ မျှော်လိုက်ရတာ၊ အစ်ကိုကြီးလာလျှင် ပါလာမှာပဲ။ အစ်ကိုကြီး မေ့မှာ မဟုတ်ဘူး။ ခင်ကြီးဖို့သတိတရယူလာမှာဆိုပြီး မျှော်လိုက်ရတဲ့ နေ့တွေ၊ ရက်တွေ ဘယ်လောက် ကြာပြီ ထင်သလဲ။တစ်ခါတလေများ စိတ်စွဲအားကြီး၍ အိပ်မက်ထဲမှာပင် ရွှေဟင်္သာ ရုပ်ကလေးနှင့် မကြာခဏ ကစား ရတယ်လို့ အိပ်မက်ပါတယ်။ ခင်ကြီး ဒီလောက်စွဲလမ်းနေပါလျက် အစ်ကိုလာသောအခါ မပါဘူး ဆိုရင် အစ်ကိုဖြစ်လျှင် စိတ်မခုဘဲ နေပါတော့ မလား"
ပြောကာ ပြောရင်း ၀မ်းနည်းလာသဖြင့် ငိုသံကလေးများပါလာပြီး မျက်ရည်များလည်း တစ်ပါတည်း လိုက်လာ ပြန်သောကြောင့် ပုံထားသော ဖဲညဉ့်ခြုံကြီးပေါ် လှဲအိပ်လိုက်ကာ မျက်နှာကို မှောက်ထား ပြန်သည်တွင် မောင်မောင်ငယ်က ခင်ခင်ကြီးအား ပုခက်တွင်းက ကလေးငယ်များကဲ့သို့ ပွေ့ချီလိုက်ကာ။
"ဟဲ...ဟဲ ခင်အကြီးကကွယ် ငိုတယ်လား၊ အစ်ကိုအလကားကျီစယ်တာပါ၊ မငိုပါနဲ့၊ အစ်ကိုမယူလာဘဲ နေမလား၊ ဟောဒီမှာကြည့်စမ်း၊ ဒါဘာလဲ"
ပြောသော်ည်း ခင်ခင်ကြီးက ရုတ်တရက်မကြည့်ဘဲ မောင်မောင်ငယ်၏ ရင်ဘတ်တွင် မျက်နှာအပ်၍ ၀ှက်ထားရာက လှည့်မကြည့်တော့ဘဲ။
"အိုး...အစ်ကို လိမ်ပြောတာပါ၊ မကြည့်လိုပါဘူး"
"တကယ်ပါခင်ရဲ့ မလိမ်ပါဘူး၊ ဟောဒီမှာကြည့်၊ ရွှေဟင်္သာရုပ်ကလေးမှ လှကလှသနဲ့ အမြီး အတောင် ကလေး တွေလည်း ကော့ပျံ၍ နေတော့တယ် ခင်ရဲ့"
"လိမ်တာပါ၊ ခင်ကြီးအိတ်ထောင်ထဲမှာ ရှာပြီးပါပြီ၊ မတွေ့ရပါဘူး"
"ခင်ရှာတဲ့အိတ်ထောင်မှာ မူလကမှ ထည့်မလာဘဲ၊ ခင့်အဖို့အမြတ်တနိုးထားတဲ့ ပစ္စည်းကလေးဖြစ်တော့ မတော်တဆ ပျောက်ရှရှိမှာစိုး၍ အစ်ကို့ခါးပုံစထဲမှာ သေသေ ချာချာမှတ်မှတ်ရရထည့်၍ ယူလာခဲ့ရတယ် ခင်ရဲ့၊ တကယ်ပါ၊ မျက်နှာလှည့်ကြည့်စမ်း ပါဦး"
ဆိုလျက် မိမိပုဆိုးခါးပုံစငယ်တွင် ကျစ်ကျစ်ပါအောင် ရစ်လိမ်ထည့်လာသည့်အထဲမှ ခဲယဉ်စွာ ဖြေယူ၍ ပြလျှင် ခင်ခင်ကြီးလည်း မောင်မောင်ငယ်စကားအရ ရင်ခွင်မှမျက်နှာကို ဖော်ကာ လှည့်ကြည့် မိရာတွင် အကယ်ပင် လက်နှစ်သစ်ခန့်ရှိသော ရွှေဟင်္သာရုပ်ငယ်ကို တွေ့မြင်ရ သောကြောင့် မျက်နှာ ကလေး ပြုံးရွှင်လာပြီး မောင်မောင်ငယ်၏ ရင်ခွင်ထဲတွင် ထ၍ ထိုင်လေတော့၏ ။
"ကိုင်း... ယုံကြည်ပြီလား ခင်အကြီး။ ကဲ...ရော့ယူတော်မူပါ၊ အစ်ကိုက ပါပါတယ်ဆိုသည် ကိုပင် မယုံချင် သေးဘူး ထင်ရဲ့"
ဆို၍ လှမ်းပေးသည်တွင် ခင်ခင်ကြီးလည်း ဟင်္သာရုပ်ကလေးကို ယူ၍ပြုံးပြုံးကလေးကြည့် ပြီး သဘော အကျကြီးကျ၍ နေရာမှ မောင်မောင်ငယ်ကို ကျေးဇူးတင်စွာနှင့် မော့ကြည့် ပြီးလျှင်...
"အစ်ကို့ ရွှေဟင်္သာရုပ်ကလေးက အင်မတန်လှတယ်နော်။ မျက်လုံးကလေး နှစ်ဖက်က ပတ္တမြားကလေး တပ်ထားတော့ သာ၍ ကြည့်လှတာပဲအစ်ကိုရဲ့။ အစ်ကိုကလည်း အစက ပေးလိုက်ရင် ဘယ်လောက် ကောင်းမလဲ၊ ခင်ကြီးလည်း အစ်ကို့ကိုစိတ်မကောက်ရ လေဘူး"
"အစ်ကိုကခင်အကြီးကို ကျီစယ်လိုလို့မမေးလျှင် မပေးသေးဘဲထားခဲ့တယ်။ ခင်ကမမေး ဘဲနဲ့ စိတ်ကောက် နှင့်တယ်။ ယခုကျေနပ်ပြီလား ခင်ရဲ့၊ ကြည့်စမ်းပ၊ စိတ်ကောက်ရတာ ညဉ့်ခြုံထဲမှာ ကွေ့ကောက် နေရတာနှင့် တစ်ကိုယ်လုံးလည်း ချွေးတွေသံတွေ ရွှဲ၍နေတော့ သည်။ မျက်နှာ ကလေး လည်း နီရဲ၍နေတော့သည်။ ရွှေဆံစည်းကလေးလည်း ပြေပြီ၊ ဆံပင်ကလေးတွေလည်း ကသီကရီ ကျ၍ နေတော့တယ်၊ ထ၍ပြင်ဆင်ပါဦး ခင်ရဲ့"
"နေပါစေ အစ်ကိုကြီးငယ်၊ ခင်သည်ရွှေဟင်္သာရုပ်ကလေးကို အင်မတန်ချစ်လှပါတယ်။ အစ်ကို ဒီအရုပ် ကလေး ကို သီပေါရွှေကိုယ်တော်က ဘာလုပ်မို့ သနားတော်မူသတဲ့တုံး"
"ဆုတော် လာဘ်တော်အဖြစ်နှင့် သနားတော်မူတာပေါ့ ခင်ရဲ့"
"ဒါကိုတော့ သိပါရဲ့၊ အစ်ကိုတို့သီပေါရွှေကိုယ်တော်က ဘယ်လိုအသုံးမျိုးကြောင့် ဒီရွှေဟင်္သာ ရုပ် ကလေးကို လုပ်တော်မူထားရတယ်ဆိုတာ သိလို၍မေးတာပါ အစ်ကိုရဲ့"
"ရွှေကိုယ်တော်ထံမှာ ဤကဲ့သို့ ရွှေရုပ်လုံး၊ ငွေရုပ်လုံး၊ ရွှေမန်ကျည်းတောင့်၊ ငွေမန်ကျည်းတောင့်၊ ရွှေချူလုံး၊ ငွေချူလုံးတွေ မှန်စီရွှေချအုပ်နှင့် တစ်လုံးရှိတော်မူတယ် ခင်ရဲ့"
"သြော်...ဒါဖြင့် အစ်ကိုကြီးတို့ ရွှေကိုယ်တော်ထံမှာ အများကြီးရှိတယ် ဆိုပါတော့၊ ဒါပဲ ရွှေကိုယ်တော်က အပြုမဲ့ ဒီအရုပ်တွေ၊ ချူလုံးတွေလုပ်၍ ထားရသတုံး အစ်ကိုရဲ့"
"လုပ်ထားတာ မဟုတ်ဘူးခင်ရဲ့၊ အစ်ကိုတို့ သီပေါရွှေကိုယ်တော်ဘုရား သုံးနှစ်တိုင် ဆက်လက်၍ သုဓမ္မာစာပွဲတော်မှာ ပထမပြန်ဆိုတော်မူစဉ်က ပညာဆုအဖြစ်နှင့် ရွှေနန်းရှင် မင်းတရားကြီး ဘုရား နှင့်တကွ မင်းမိဖုရားဆွေတော် မျိုးတော်များ မှူးကြီး မတ်ကြီး မတ်ရာ သေနာပတိမှစ၍ မြို့စား, ရွာစား, စော်ဘွား, စော်ခံများကပါ အသီးအသီး တတ်စွမ်းသမျှ ၀ိုင်းဝန်း ချီးမြှောက်ကြသော ပညာဆုတော် များ ဖြစ်တယ်။ ဒါတွေကို အစ်ကိုတို့ ရွှေကိုယ်တော်ဘုရားက အုပ်နဲ့ ထည့်၍သိမ်းဆည်းထားပြီး အလှူ အတန်း ပြုစရာရှိက ပြုတော်မူတယ်၊ အစ်ကိုတို့လို အမှုထမ်း များကို ချီးမြှင့်ပေးကမ်းစရာ ရှိတဲ့အခါ လည်းပေးကမ်း ထောက်ပံ့တော်မူတယ်၊ ဒီဟင်္သာရုပ် ကလေး ကိုလည်း အစ်ကိုတို့ ရွှေကိုယ်တော် ဘုရားက စာဆိုတော်များ ရေးသား စေခိုင်းတော် မူရာမှာ သဘောတော် ကျ၍ ချီးမြှင့်ပေးကမ်း တော်မူခြင်း ဖြစ်တယ် ခင်ရဲ့"
"သြော်...ဒါဖြင့် အစ်ကိုကြီးတို့ ရွှေကိုယ်တော်ထံမှာ ဒီအရုပ်မျိုးတွေ အများကြီးရှိသေး တယ်ဆိုပါတော့၊ ဒါတွေ ဘယ်ပန်းတိမ်တော်များက လုပ်ပါလိမ့်နော်"
"ရှမ်းစော်ဘွားများ ဆက်သတာနှင့်တူပါတယ်၊ ရွှေခြင်္သေ့ရုပ်ကလေးတွေ၊ တိုးနယားရုပ် ကလေးတွေ၊ ရွှေဥဒေါင်း ရုပ်ကလေးတွေ စုံလို့နေတာပဲ ခင်ရဲ့"
"ဟင်...ဒီအရုပ်ကလေးတွေ ခင်လိုချင်ပါဘိတယ် အစ်ကိုရယ်၊ အစ်ကိုတို့ မင်းသားဆီမှာ နောက်ထပ် တောင်းပေးပါလား"
"ဟာ....အစ်ကို ဘယ်မှာတောင်းဝံ့မလဲ ခင်ရဲ့"
"နို့...အစ်ကိုတို့မင်းသားက အလွန်သဘောကောင်းတော်မူတယ်ဆို"
"အို...သဘောကောင်း တော်မူပေတဲ့ ဘယ်မှာ တောင်းဝံ့မတုံးခင်ရဲ့။ လိုချင်လျှင် ခင်လိုက်ပြီး တောင်းလှည့် ပါလား"
"အမယ်...မလုပ်ပါနှင့်အစ်ကိုရာ၊ ကြောက်ပါဘိတယ် အစ်ကိုတို့ မင်းသားက နှုတ်ခမ်းမွေးကြီး ထောင် ထောက်၊ မျက်မှောင်ကုတ်ကုတ်နှင့်၊ ဟဲ့...ကောင်မလေး၊ ဘာလုပ်လိုက်လာ သလဲဟဲ့လို့ မေးရင် ဘယ်နှယ့် လုပ်ပ"
မင်းသားကြီး မေးဟန်မျိုးအတိုင်း မျက်လုံးကလေးပြူးလျက် မျက်နှာထိမျက်နှာထားနှင့်။ အာလုပ်သံ ပါပါ ပြောပြလိုက် သောအခါ မောင်မောင်ငယ်မှာ အူနာအောင် ရယ်မောလျက်။
"အမယ်လေး ဟဲ့၊ ခင်ပြောလည်း ပြောတတ်သကွဲ့၊ ဒါပေတဲ့ အစ်ကိုတို့သီပေါရွှေကိုယ် တော်ကခင်အကြီး ထင်သလို နှုတ်ခမ်းမွေးထောင်ထောင်နှင့် ကြောက်စရာကောင်းအောင် အသက် မကြီးသေးပါဘူး၊ အစ်ကိုတို့ အရွယ် ဖြူဖြူတုတ်တုတ်နှင့် ချစ်စရာရုပ်ရည်မျိုးပဲ၊ အင်မတန်လည်း ကျက်သရေ ရှိပါတယ် ခင်ရဲ့"
ပြောရာ ခင်ခင်ကြီးက မယုံကြည်လေဟန်နှင့် မဲ့ရွဲ့ပြီး။
"အောင်မာ...ခင်သိပါတယ် အစ်ကိုရာ။ မင်းသားဆိုရင် ကြောက်စရာကြီးတွေနေမှာပါ။ ခင်ကြီးငယ်ငယ်က နှစ်သစ် ကန်တော့ခံပွဲရှိတာနှင့် ရွှေနန်းတော်ထဲ မေဖုရားနှင့်လိုက်သွား ဖူးပါတယ်။ လက်ဝဲမင်းခမ်း တော်အနီး မှာ အဲဒီမင်းသားကြီးဆိုတဲ့ လူကြီးတွေမြင်ခဲ့ပါရဲ့။ မက္ခရာကိုယ်တော်ကြီးတို့၊ မြင်ကွန်း ကိုယ်တော်ကြီး တို့ ဆိုတာလေ၊ ဘယ်လောက် ကြောက်စရာကောင်းသလဲ၊ အစ်ကိုလည်း သိသားနဲ့"
(မောင်မောင်ငယ်က ပြုံးကာ) "မြင်ကွန်းကိုယ်တော်ကြီး မြင်တာနှင့်ခင်အကြီးက တထစ်ချ မှတ်တော်မမူပါနဲ့ကွယ်။ အစ်ကိုတို့ သီပေါရွှေကိုယ်တော်က အဲဒီမင်းသားကြီးတွေလို အသက်လည်းမကြီးသေးဘူး၊ စိတ်လည်းထက်မြက်တော်မမူပါဘူး။ အင်မတန်သိမ်မွေ့ နူးညံ့တော်မူပါတယ်"
"အို... အစ်ကို့မင်းသားကို အစ်ကိုဘယ်လိုပဲ ချီးမွမ်းပေမယ့် ခင်ကြီးတော့ ကြောက်တာပါပဲ၊ မလိုက်ဝံ့ပါဘူး၊ အစ်ကို့မင်းသားထံက ရွှေရုပ်ကလေးများကို အစ်ကိုဘာသာရအောင်သာ ကြံယူလာပါတော့"
"အင်း...နောက်တစ်ကြိမ်ဆုသနားတော်မြတ်ခံရလျှင် ခင်အကြီးရရောပေါ့ ဟုတ်လား"
"ဟင်း...နောက်တစ်ကြိမ်ဆိုပါလျှင် အစ်ကိုတော်တော်နှင့် လာဦးမည်မထင်၊ ခုလိုရက်လ တွေ အကြာကြီး အစ်ကိုမပေါ်လာဘဲနေလျှင် ဘယ့်နှယ့်လုပ်ပ"
"မကြာရစေပါဘူး ခင်ရဲ့၊ လာမှာပေါ့၊ အစ်ကိုလာတော့သာ ခင်ကယခုလို စိတ်လုပ်၍နေ တော်မူပါ"
"ဟ...နောက်တစ်ခါမလုပ်ပါဘူး၊ အစ်ကိုရယ်၊ ဒါနှင့် ယခုအစ်ကိုဘာကြောင့် ခင်ကြီးတို့ထံ မလာဘဲ ကြာကြာကြီးနေတော်မူသတုံး"
"မအားမလပ်၍ မလာရတာဘဲ ခင်ရဲ့၊ အစ်ကိုတို့ ရွှေကိုယ်တော်ဘုရားရဲ့ အမှုတော်များကို မရပ်မနား ရအောင် အစ်ကို့ကိုသာ ခိုင်းတော်မူနေသည် ထင်ပါရဲ့"
"ဒီလိုလည်း ဘယ်ဟုတ်မလဲ ခင်၊ အခြားလူပျိုတော်များလည်း ကိုယ်နဲ့ဆိုင်ရာ ဆိုင်ရာအမှု တော်တွေကို ထမ်းဆောင်နေကြရပါတယ်"
"ဒါဖြင့်ဟိုမှာ လူပျိုတော်သားတွေ ရှိသားပဲ၊ သည်တစ်ခါခင်ကြီးတို့ထံမှာ အတော်ကြာရ အောင်နေရ မယ်နော်"
"အစ်ကို့သဘောကတော့ မပြန်ဘဲပင် နေချင်ပါဘိတယ်၊ သို့ရာတွင် မင်းခစားယောက်ျား တို့မည်သည်မှာ ကိုယ်စိုး ကိုယ်ပိုင်နေနိုင်သည့် လွတ်လပ်ခွင့်မရကြဘူး ခင်အကြီးရဲ့၊ ယခုတောင်မှ သုံးရက်တာလောက် အတော်ပင် ကြံဖန်ခွင့်တောင်းလာခဲ့ရပါတယ်"
"ဟင်...သည်လိုဖြင့် အစ်ကိုသုံးရက်ပြင်ပို၍ ကြာကြာမနေနိုင်ဘူးဆိုတာ ခင်ကြီးကြံစည် ထားမျှ အလကားဖြစ်ရတော့မည် အစ်ကိုရဲ့"
"ခင်က ဘာများကြံစည်ထားရသတုံး"
"အခြားတော့မဟုတ်ပါ။ သည်တစ်ကြိမ် အစ်ကိုသာလျှင် ခင်ကြီးအစ်ကိုနှင့်ရန်ကင်း တောင်၊ မန္တလေးတောင် များ သို့ ဘုရားဖူးရန်သွားမည်။ တောင်သမန်အင်းနှင့်တက်သေး အင်း၊ ဇောင်ကလော ကန်၊ နန္ဒာကန်တွေကိုလည်း ထမင်းမြိန်စား သွားမည်လို့ မေဖုရားက မကြာခဏ ပြောထား၍ ခင်ကြီး အင်မတန်မှ သွားချင်၍နေပါသည်။ သို့အတွက် အစ်ကို လာလျှင်ဖြင့် ခင်ကြီး အလိုဆန္ဒ ပြည့်စုံရမှာပဲဆိုပြီး အမျှော်ကြီး မျှော်ခဲ့ပါသည်။ ယခုတော့ အစ်ကိုကြာရှည်နေတော်မမူနိုင်ဘူးဆို၍ ခင်ကြီး သွားရတော့မယ် မဟုတ်လို့ ၀မ်းနည်းတာ ပါပဲ အစ်ကိုရယ်"
"အို...၀မ်းနည်းပါနဲ့ ခင်ရယ်၊ ခင်သွားချင်လျှင် နက်ဖြန်ကို အစ်ကိုလိုက်၍ပို့ပါမယ်၊ သို့သော် ဘဘဘုရား နှင့် မေမေဖုရားက ရွှေနန်းတော်ထဲ နက်ဖြန်အခစားဝင်တော်မူရ လိမ့်မယ်။ သည်တော့ အစ်ကိုရယ်၊ ခင်အကြီးရယ်၊ နန်းခုံတို့၊ မယ်ဆုံတို့ရယ် လှည်းသမားငနွှဲရယ်၊ စားဖွယ်သောက်ဖွယ်များ ယူသွားကြမယ်၊ သည်တော့ခင်အကြီး သွားချင်သည့်ဌာနတွေကလည်း များလှတယ်၊ တစ်နေ့တည်းနဲ့ နှံ့စပ်အောင် သွားနိုင်ကြ မယ် မဟုတ်ဘူး။ ဒါကြောင့် ခင် သွားချင် ရောက်ချင် သည်က ဌာနထဲမှာ အကောင်းဆုံး နေရာတစ်ခုကို ရွေးချယ်ပြီး အစ်ကို့ကိုပြောစမ်းပါဦး"
"တကယ်လိုက်ပို့မှာမို့ ပြောနေတာလား အစ်ကိုရဲ့"
"တကယ်ပို့ပါမယ်ဗျား၊ ခင်သွားချင်သည့် ဌာနကိုသာ ပြောပါ"
"ခင်သွားချင်သည်မှာတော့ စုံလို့ပါပဲ၊ မန္တလေးတောင် ဗျာဒိတ်ပေးကိုယ်တော်ကြီးကိုလည်း ဖူးချင်ပါတယ်၊ ရန်ကင်းတောင်ငါးရံ့မင်းတွင်းကိုလည်း ဆင်းချင်ပါတယ်၊ ဇောင်းကလော ကန်နန္ဒကန်များကိုလည်း သွားချင်ရဲ့၊ တက်သေးအင်းနှင့် တောင်သမန်အင်းကိုလည်း ရောက်ချင်တာပဲ၊ အဲသည်လို သွားချင်သည့် ဌာနတွေထဲက တစ်ခုတည်းပြောရမည်ဆိုလျှင် တော့ ဒါနှင့် အစ်ကိုတကယ် လိုက်ပို့ရမယ်နော်"
"အို...ပို့ပါမယ်လို့ ပြောပြီးပါပြီကောခင်ရဲ့၊ သွားလိုတဲ့နေရာတစ်ခုကိုသာ ပြောပါတော့"
"ဒါဖြင့်ခင်ကြီး ပြောတော့မယ်နော်၊ ခင်ကြီးသွားချင်တာလေ တခြားနေရာတွေပိုပြီး သွားချင် တာကတော့ တောင်သမန်အင်းကို ထမင်းမြိန်စားဖို့ပါပဲ၊ တောင်သမန်ရေပြင်ပေါ်မှာ အစ်ကို"
"အင်း....အကောင်းသားပဲ"
"ပြီးတော့လေ...အစ်ကိုနှင့် ခင်ရယ်လေ ထမင်းမြိန်စားပြီး ရေကစားရင် ဘုရားလှူဖို့ ကြာပန်းတွေချိုး၊ ညနေစောင်းတော့ အင်းစောင်းက ကျောက်တော်ကြီးဘုရားကို လှေကလေးနဲ့သွားပြီး ဖူးမယ်နော်အစ်ကို၊ ဒီဘုရားကို ခင်ငယ်ငယ်ကတုန်းကလည်း အစ်ကိုနှင့်အတူ မေဖုရားတို့ပါ တောင်သမန်အင်းကနေပြီး လှေကလေး နဲ့သွား၍ ဖူးဖူးတာ၊ ခင်မှတ်မိသေးသည် အစ်ကိုရဲ့၊ အင်မတန်ပျော်တာပဲနော်"
မောင်မောင်ငယ်မှာ ကလေးငယ်အလား ပြောချင်သောစကားများကို လောကတကြီး ပြောနေရှာသော ခင်ခင်ကြီးကို ချစ်စနိုးမျက်နှာနှင့် ပြုံးရွှင်စွာစိုက်နားထောင်နေရာမှ မိမိ ဆယ့်လေးငါးနှစ်သားအရွယ် ကိုရင်လူထွက်စဉ် ငါးနှစ်ကျော်ခြောက်နှစ်သမီးမျှ ရှိသေး သည့် ခင်ခင်ကြီးကလေးနှင့်အတူ ဒိုင်းဝန်မင်း ကြီးနှင့် ၀န်ကတော်ကြီး အခြွေအရံများပါ တောင်သမန်အင်းသို့ ပျောပျော်ပါးပါးထမင်းမြိန်စား ဘုရား လည်း ဖူးရင်း ရောက်ကြဖူးသည် တို့ကို ပြန်လည်သတိရလာမိလေ၏ ။ သည်တွင်လည်း မိမိ၏ ကျဉ်းကျဉ်း ကျပ်ကျပ်နှင့် လွတ်လပ်ခွင့်မရသောအဖြစ်ကို တွေးမိကာ မင်းခစားမလုပ်မီ လွတ်လပ်သော ဘ၀မှ သောကမရှိ ပျော်ရွှင်ခဲ့ရသည့် အရသာကို ပြန်လည်တောင့်တမိရှာသောကြောင့် ကလေး အရွယ် လူမမယ် ခင်ခင်ကြီး ပျော်ရွှင်သလို မိမိလည်းရောနှောပျော်ရွှင်ကာ လွတ်လပ်ခွင့် အရသာကလေးကို တစ်နေ့တာ ပင် ဖြစ်ကတည်း ခံစားလိုသော ဆန္ဒများ ပေါ်ပေါက်လာမိ ရှာသော ကြောင့် လိုက်လိုက် လျောလျောပင်....
"ဟုတ်ပါရဲ့၊ ခင်ပြောမှပင် အစ်ကိုတို့ငယ်စဉ်က သွားကြဖူးသည်တို့ကို သတိရမိလေတော့၊ ယခု တစ်ကြိမ် သွားလျှင် ယခင်ကလိုပဲ ပျော်ကြမယ် ခင်ရဲ့။ ကဲ...ကဲ ထပါ အောက်သို့ ဆင်းကြစိုး၊ မေဖုရားကိုလည်း အစ်ကိုတို့ နံနက်စောစော သွားကြမယ့်အကြောင်း ခွင်းတောင်းရပေဦးမယ်၊ စားသောက်ဖွယ် တို့ကို လည်း စီမံခိုင်းစရာရှိသေးတယ် ခင်အကြီး ရဲ့"
ဆိုကာ မိမိရင်ခွင်ပေါ်တွင် ထိုင်နေသော ခင်ခင်ကြီးအား ကလေးငယ်များကဲ့သို့ ပခုံးနှစ်ဖက်ကို ချီမယူ၍ ထူပေးလေ၏။
ထိုအခိုက်အတန့်မှာပင် ၀န်ကတော်ကြီး၏အသံဖြင့်........
"မောင်မောင်ရေ......ခင်ခင်ကြီးက သည်လောက်ပင် ဆိုးပေနေရပေသည်လား၊ အချိုအုပ်များ သုံးဆောင် လှည့်ပါတော့"
ခေါ်သံကြားလိုက်ရသည်တွင် ......
"ကဲ.....ခင်အကြီး မေဖုရားခေါ်နေပြီ၊ လာပါ၊ အောက်ဆင်းကြပါစို့"
ထပ်၍နှိုးဆော်သည်တွင် ခင်ခင်ကြီးလည်း ကလေးငယ်ပမာ ကျေနပ်ပြုံးရွှင်စွာသော မျက်နှာကလေဖြင့် ခုန်ကာခုန်ကာ မောင်မောင်ငယ်၏ ခါးကိုဖက်လျက် နောက်က ထက်ကြပ်ပါလာလေ၏။ ၀န်ကတော်ကြီးမှာ ဆီးကြိုပြုံးရယ်ကာနှင့်.........
"ဟော.....အကောက်တောင် ၀င်္ကပါမကလေး ပါလာပြီ။ ကဲ.....ကဲ လာကြ ၊အချိုပွဲ ယင်အုံမယ်ကြောင့် နန်းခုံယပ်တောင်နှင့် မောင်းနေရတာကြာပြီ ။ မောင်နှမနှစ်ယောက် သုံးဆောင်ကြဦး"
ဆို၍ မောင်မောင်ငယ်လည်း ခင်ခင်ကြီးနှင့်အတူ အချိုပွဲကိုနှိုက်ရင်း။
ငယ်။ ။"မေဖုရားခင်အကြီးက မောင့်ကိုစိတ်ကောက်လို့နေ၍ အတော်ပင်ချော့ခဲ့ရပါတယ်။"
တော်။ ။"ခင်အကြီးကတော့ မောင်မောင်လာလျှင် လုပ်ပါရော့မယ်။ ဘာများစိတ်ကောက် ရသတဲ့တုံး၊ တကယ်ပါပဲ မလာမှဖြင့်လည်း အစ်ကိုမလာမလာနှင့် တစ်မျှော်တည်းမျှော်နေ တာပဲ။ လာပြန်လျှင်လည်း ကောက်လိုက်ရ, ကွေးလိုက်ရနှင့် အရွယ်ကလေးနည်းနည်း ထောက်လာသည်ပင်၊ မောင်မောင့် အပေါ်များဖြင့် ငယ်စဉ်ကအတိုင်း ဆိုးချင်နွဲ့ချင်ရှာသေး တယ်။ မောင်မောင်တော့ သူ့ကိုချော့ရတာနှင့် မောနေပြီထင်ရဲ့"
ငယ်။ ။"ဒါတောင် အာမခံနှင့် ခေတ္တစိတ်ပြေခြင်းပါ မေဖုရား၊ လုံးလုံးစိတ်ပြေသွားခြင်း မဟုတ်သေးပါ"
ဝန်။ ။"အမယ်မင်း ဘာမှုများမို့တုံး မောင်မောင်ရယ်။"
ဝန်။ ။"မောင် အရင်တစ်ခေါက်လာစဉ်က ဆုတော်ရသည့် ရွှေဟင်္သာရုပ်ကလေးကို ယူလာမယ်ဆိုတာကို လာလာချင်း မရကောင်းလားလို့ စိတ်ကောက်သွားပါတယ်။ ဒါကိုပင် ဘာများကောက်ရသလဲ အတော် မေးယူရပါတယ်၊ နောက်တော့ရွှေရုပ်ကလေးကို ထုတ်ပေးမှ ပထမတစ်ကြိမ် စိတ်ပြေသွားပါတယ် မေဖုရား၊ နောက်တစ်မှုကတော့ မောင်လာရင် တောင်သမန်အင်းသို့ အလယ်သွားမယ် စောင့်နေပါ သယ်တဲ့၊ မောင်ကလည်း ရက်ရှည်ကြာမနေနိုင်တာနဲ့ နက်ဖြန်မှပဲ လိုက်ပို့ပါ့မယ်လို့ အာမခံလိုက် ရပါတယ်၊ သို့အတွက် နက်ဖြန်မေဖုရားရွှေနန်းတော်ဝင်ရမယ့် ကိစ္စကလည်းရှိသေး၍ မောင်တို့ မောင်နှမ နန်းခုံတို့ကို ခေါ်၍တောင်သမန်ကို သွားလိုပါတယ်"
တော်။ ။"သြော်....ခင်ကြီးက တယ်လဲဒုက္ခရှာသကိုးကွယ်"
ကြီး။ ။"ဟာ...မေဖုရားကလည်း ခင်သားချင်တာကို သည်လိုမိန့်တော်မူပါနဲ့"
ငယ်။ ။"ဟုတ်ပါတယ် မေဖုရားရယ်၊ မိန့်တော်မူပါနဲ့၊ ခင်သွားလိုတာ မောင်လိုက်ပို့ပါ့မယ်၊ မတော်စိတ်ကောက်သွားလို့ ချော့မရ မော့မရဖြစ်နေပါဦးမယ်"
တော်။ ။"အင်း....မောင်မောင်ကလည်း အလိုလိုက်တော့ သည်မောင်နှမဟာ ကလေးရွယ် မဟုတ်တော့ပြီဘူး။ သည်ပုံသာဆိုလျှင် မောင်မောင်မရှိသည့်အခါ တစ်အိမ်လုံးကို သူဆိုးနွဲ့လို့ချည်း နေချင် တော့မှာပဲ"
ကြီး။ ။"အိုး....မေဖုရားကလည်း ခင်သွားချင်၍ သွားချင်ပါတယ် ပူဆာတာကို ဆိုးတာမှ ဟုတ်ပဲ"
တော်။ ။"ကဲပါတော်၊သွားကြပါ။ မေဖုရားမတားပါဘူး၊မောင်မောင်တို့ မောင်နှမနံနံစောစော ထ၍ သွားကြပြီး ညနေမ၀င်မီရောက်အောင် ပြန်လာကြပေတော့၊ ဟဲ့...နန်းခုံ၊ မောင်လူဒင် ကို ညဉ့်ဦးကပင် စားဖွယ်သောက်ဖွယ်များ ပြင်ဆင်ထည့်သိုပေးခိုင်းရမယ်၊ ခင်ကြီး အတွက် နန်းခုံကိုလည်း ခိုင်းစေရန် ခေါ်သွားကြ၊ မေဖုရားနန်းတော် အခစားဝင်ရာမှာ မယ်ဆုံကို တွဲပို့ဖို့ထားခဲ့ရမယ်၊ လှည်းသမား ငနွဲ့ကိုလည်း ဗွီရိုလှည်းကိုလှည်းကျင်း သုတ်သင်ပစေ၊ မှိုင်းလုံးကော်ဇောကိုလည်း အောက်က သင်ဖျာများ ထူထူခံ၍ ခင်းစေရမယ်၊ ကတ္ထီပါမှီအုံးတစ်ခုလည်း အညောင်းပြေ လက်ထောက် စရာ ထည့်လိုက်ပါဘိ"
ဝန်ကတော်ကြီးကမထနိုင်ရာမှပင် ချစ်လှသောသမီးနှင့်သားတို့အတွက်အကွက်စေ့အောင် မှာထား စီမံနေရာ ခင်ခင်ကြီးမှာ မောင်မောင်ငယ်နှင့်အတူ အချိုပွဲတွင် မျက်နှာချင်းဆိုင်၍ စားရင်းအားရ၀မ်းသာ ပြုံးရွှင် ပျော်မြူးကာ နေရှာလေ၏ ။ မောင်မောင်ငယ်မှာ ရှေးကထက် နုပျိုဖွံ့ဖြိုးအလှကျက်သရေ တိုးနေသော ခင်ခင်ကြီးကလေးအား ထူးခြားခြင်းအရပ်ရပ်ကို အကဲမခတ်နိုင်အား၊ အကလေးအရွယ် ငယ်စဉ်က နှင့် မခြားသာလျှင် စိတ်ထင်ရှိနေသေးရ ကား ခင်ခင်ကြီးပြောသမျှ စကား၊ ပြုသမျှအမူများမှာ စကား တတ်ခါစ ကလေးငယ်တစ်ဦး အလားကြားသမျှ ကြုံသမျှတို့တွင် အပြစ်မမြင်အချစ်သာဝင်၍ နေရှာ တော့၏ ။
ခင်ခင်ကြီးလည်း မိမိ၏ အသက်ကလေးထောက်၍ အရွယ်မရောက်တရောက် ဘ၀ကြောင့် အခြား နေရာတွင် အရှက်အကြောက်ကလေးများ ၀င်ခဲ့မိသည်တိုင်အောင် မောင်မောင်ငယ် ကို တွေ့ရသော အခါများတွင်ကား ငယ်စဉ်အခါတုန်းကနှင့်မခြား ချစ်အားကိုးကြောင့် ကလေးဆိုးကလေးပမာ ပွတ်သီး ပွတ်သပ် နှင့် အခါမပြတ်အောင် ဆိုးတေပေကပ်၍သာ နေရှာသည်တို့ကြောင့် မောင်မောင်ငယ်မှာ တပြုံးပြုံး နှင့် အလိုလိုက်၍ မဆုံးနိုင်ရှိလေ၏ ။
အပိုင်း (၂၃) မျှော်
.
No comments:
Post a Comment