မူရင်း စာရေးသူ Richard Mason (The world of Suzie Wong ) ၊ အထောက်တော် လှအောင် ဘာသာပြန် ထားတဲ့ စူဇီဝေါင်း စာအုပ်ကို ကျနော့် ဘလော့ မှာတင်တာ ဒီနေ့ ပြီးဆုံးသွားပါပြီ..။ upload လုပ်ရတာ connection မကောင်း တဲ့ အတွက် စာရိုက်ပြီး တင်ပါတယ်..၊ ကျနော် စာတွေရိုက်ပေးကြတဲ့ ကျနော့် သမီး များကို ကျေးဇူးတင်တဲ့ အတွက် သူတို့ ပုံလေးတွေပါ ဖော်ပြပြီး ကျေးဇူးတင်ကြောင်း ပြောကြားပါတယ်.. (အမှန်တော့..နောက်တခါလည်း စာရိုက်ပေးအောင် ကြော်ငြာပေးရတာပါ)
(ကိုရီးယား မင်းသမီးများလို့ ထင်ရင်လည်း သူတို့က စိတ်မဆိုးပါဘူးတဲ့ဗျာ)
အခန်း(၈)
(၁)
" စူဇီ…….ဆရာဝန်ကပြောတယ်၊ မင်းဆေးရုံကဆင်းပြီးရင် မောင်တို့ တောင်ပေါ်စခန်း တစ်ခုမှာ သွားနေနိုင်ရင်ကောင်းမယ်တဲ့၊ ဂျပန်ပြည်မှာ မင်းနေချင်သလားဟင်၊ မောင် အဲဒီကို ပြန်သွားပြီး ပန်းချီဆွဲချင် တယ်၊ အင်မတန်လှတဲ့ တောင်တွေလည်း အများကြီးရှိတယ်"
" ဟုတ်ကဲ့မောင်၊ ကောင်းမှပါ၊ ကျွန်မတို့ ဂျပန်ကို တန်းသွားမှာလား" စူဇီက တုံ့ဆိုင်း ဆိုင်း ပြန်မေးသည်။
" ဟုတ်တယ်၊ ဟောင်ကောင်းကနေပြီး ဂျပန်ကို မောင်တို့ တန်းသွားကြမယ်"
စိတ်ပျက်သည့်အမူအရာမပေါ်အောင်သူကြိုးစားဟန်ဆောင်နေသည်။ ပထမဆုံးခရီးအဖြစ် အင်္ဂလန်ကို သွားချင်ကြောင်း ကျွန်တော်သိပါသည်၊ လန်ဒန်ကို သူမြင်ချင်လှပြီ။ ပစ်ကယ်ဒလီ ဆက်ကပ်။ ပြီးတော့ ဆိုင်ကြီးတွေ၊ နောက်ပြီးတော့ ဘုရင်မ၊ ဒါတွေကို သူ မြင်ချင်လှပြီ။
သို့သော်လည်း ကျွန်တော်ခေါ်သွားနိုင်မည် မဟုတ်ပါ။ စူဇီသည် အမျိုးကောင်းသမီး ကလေး တစ်ယောက် ဖြစ်ကြောင်း ကျွန်တော် ဟန်ဆောင်ရတော့မည်။ လိမ်ညာရတော့မည်။ အဖြစ်မှန်ကိုသိသွားရင် "ခင်ဗျား ကြားပြီး ပြီလား"ဟု လူတွေက အချင်းချင်း လက်တို့ကြမည်။ ထို့ကြောင့် စူဇီကိုခေါ်ပြီး အင်္ဂလန်ကို သွားလို့မဖြစ်ပါ။
သို့သော်လည်း လန်ဒန်တွင် ကျွန်တော့် ပန်းချီကားများကို ပြပွဲခင်းကျင်းပြသဖို့ အစီအစဉ် ရှိသည်။ ရွိုင်းအူလ်မန်က ကမကထပြုလုပ်မည်။ ကျွန်တော့်ကိုလည်း ပြပွဲတွင် ရှိနေစေချင်သည်။ အင်္ဂလန်သို့ သွားနိုင် သည့် ငွေကြေးလည်း ကျွန်တော့်မှာ အလုံအလောက်ရှိနေပါသည်။
တစ်ညတွင် ထိုအကြောင်းကို ကျွန်တော်စဉ်းစားနေမိသည်။ စူဇီသွားလိုသည်ဆိုပါက ပြီးတော့ ထိုအဖြစ်များ ကို ရင်ဆိုင်ရဲသည့်သတ္တိလည်း သူ့မှာရှိနေသည်ဆိုပါက ဘာကြောင့် မသွားဘဲနေရမည်နည်း။
ကျွန်တော်တို့ အင်္ဂလန်သွားပြီး ရက်သတ္တခြောက်ပတ် နေမည်ဖြစ်ကြောင်း နောက်နေ့တွင် စူဇီကို ဆေးရုံမှာ ကျွန်တော် ပြောပြလိုက်တော့သည်။
နောက်သုံးလကြာတော့ ဆေးရုံမှ စူဇီဆင်းသည်။ ရောဂါလည်း ကင်းကင်းရှင်းရှင်း ပျောက်ပြီ။
သင်္ဘောစီးပြီး အင်္ဂလန်သို့ ကျွန်တော်သို့ လာခဲ့ကြသည်။ နွေဦးရာသီတွင် အင်္ဂလန်သို့ ကျွန်တော်တို့ ရောက်သွားကြသည်။
ရွိုင်းအူလ်မန် စီစဉ်ပေးသည့် ဖူလ်ဟမ်လမ်းမှ စတူဒီယိုတွင် ကျွန်တော်တို့ နေကြသည်။ စတူဒီယိုထဲမှာ အိမ်ထောင်ပရိဘောဂ အပြည့်အစုံရှိသည်။
ပထမတစ်ပတ်မှာတော့ ကျွန်တော် ပန်းချီမဆွဲနိုင်ပါ။ စူဇီနှင့်အတူ မြို့လုံးပတ်လည် သွားလာကြည့်ရှု နေသည့်အတွက် ပန်းချီမဆွဲချိန်မရပါ၊ လန်ဒန်မျှော်စင်၊ ၀က်စ်မင်းစတာအက်ဘေး၊ စိန့်ပေါလ် ဘုရားရှိခိုး ကျောင်း၊ တိရစ္ဆန်ရုံစသည်များကို စိတ်ဝင်စားစွာကြည့်သည်။ သည်လို ကြည့်နေရသည့် အတွက် လည်း သူအလွန်ပျော်နေုပုံ ရပါသည်။
ပြဇာတ်လည်း ကြည့်ကြသည်။ ရုပ်ရှင်လည်း ကြည့်ကြသည်။ စောစောပိုင်းက ပြဇာတ်များ ကိုဒါလောက်မကြည့်ဖြစ်ပါ။ ဇာတ်ကောင်းများ ပြောဆိုသည့် စကားလုံးများကို စူဇီ နားမလည်မည် စိုးသောကြောင့် ဖြစ်ပါသည်။ နောက်ဆုံးတော့ ၀ါတာလူးလမ်းရှိ အိုးလ်ဗစ်ဇာတ်ရုံသို့ သူကိုခေါ် သွားသည်။ ဟင်းမ်လင်ပြဇာတ်ကို ၀င်ကြည့်ကြသည်။
ပြဇာတ်အကြောင်းကို သူနားလည်းအောင် ကျွန်တော် ရှင်းပြသောအခါ သူသိမ်မကြိုက်ပါ။ " မြင်ပါတယ်၊ ကျွန်မမှာ မျက်စီရှိတာပဲ" ဟု ပြန်ပြောတတ်သည်။ အားလပ်ချိန်ပေးသောအခါ ပြဇာတ်အကြောင်းကို ပြန်သုံးသပ် သည်။
" အဲဒီလူကြီး အရမ်းစိတ်သောက ရောက်နေတယ်၊ ကျွန်မ သေသေချာချာ သဘော ပေါက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မမှာလည်း သူ့လိုပဲ အင်မတန်ဆိုးတဲ့ ဦးလေးတစ် ယောက်ရှိခဲ့တယ် မဟုတ်လား၊ ဒါကြောင့် ကျွန်မတွေးနေမိတယ်၊ အဖေဟာ ပင်လယ်ထဲမှာ သင်္ဘောနဲ့နစ်သွားတာ မဟုတ် ဘူးလို့၊ အမေ့ကိုလိုချင်လို့ ဦးလေးက အဖေ့ကို သတ်ပစ်တာ ဖြစ်နိုင်တယ်လို့၊ အမေက ဒီအကြောင်း ကိုသိပေမယ့် ဦးလေးကို လက်ထပ်လိုက်ရတယ်လို့၊ ဒီအဖြစ်တွေကိုလည်း ကျွန်မ သိနေတယ် လို့ တွေးကြည့်လိုက်မိတယ်၊ အဲဒီအတိုင်းဆိုရင် ကျွန်မ လည်းအရမ်းသောကရောက်ရမှာပဲ၊ အဲဒီဇာတ်လိုက် လိုပဲ ရူးသွားမိမှာပဲ"
" ဒီလိုဆိုရင် ဘာလုပ်မလဲ၊ ဘာဖြစ်ရင်ကောင်းမယ်လို့ မင်းထင်သလဲ"
" အင်မတန်းဆိုးတဲ့ သူ့ဦးလေးကို ဇာတ်လိုက်က သတ်ပစ်လိုက်ရင်ကောင်းမယ်၊ ဒါပေမဲ့ သူ့အမေ ကိုတော့ မသတ်ရဘူး၊ အဲဒါကို ကျွန်မ စိတ်ပူနေတာပဲ၊ သူက စဉ်းစားရမယ်၊ အမေဟာ အမှား တွေကို ကျူးလွန် တယ်၊ ဒါပေမဲ့ သူဟာ ငါ့အမေပဲ၊ ငါ့ကို နို့်ချိုတိုက်ကျွေးခဲ့တယ်၊ ဒါကြောင့် အမေ့ကိုတော့ ငါ မသတ်နိုင် ဘူး တွေ့ရမယ်"
" စူဇီရယ်………ကောင်းလိုက်တဲ့ စိတ်ကူးကလေးကွာ"
" ဒီစာရေးဆရာမှာ အင်မတန် စိတ်ထားနှလုံးထားကောင်း ရှိတယ်၊ အားလုံးကို သူနား လည်းတယ်၊ ဟောကို အပေါ်ထပ်မှာများ သူရှိနေမလား မသိဘူး"
စူဇီကပြောရင်း အပေါ်ထပ်သို့ မော့ကြည့်သည်။
ကျွန်တော် အားပါးတရ ရယ်မိသည်။ ပြီးတော့မှ ထိုပြဇာတ်ကို ရေးသည့် စာရေးဆရာကြီး ရှိတ်စပီးယား ကွယ်လွန် ခဲ့သည်မှာ နှစ်ပေါင်း သုံးရာလောက် ရှိသွားပြီဖြစ်ကြောင်း ရှင်းပြရသည်။
ဘုရင်မကို သူအရမ်းမြင်ချင်တွေ့ချင်နေသည်။ ဘုရင်မကို မမြင်ရဘဲနှင့်တော့ အင်္ဂလန်က မပြန်ဟုဆိုနေသည်။ တစ်ညတွင် ကိုးဗင့်ပန်းခြံသို့ ဘုရင်မ ရောက်လာဖို့ရှိသည်။ ကျွန်တော်တို ကလည်း စောင့်နေကြ သည်။ သို့သော်လူတွေများလွန်းသောကြောင့် မမြင်ခဲ့ရ။
ထို့ကြောင့် တိုင်းမ်သတင်းစာကို နေ့စဉ်ဝယ်ပြီ ဘုရင်မ၏ အသွားအလာ အစီစဉ်များကို ရှာဖွေဖတ်ရသည်။ တစ်နေ့တွင် မြို့တွင်းရှိ ဧည့်ခံပွဲတစ်ခုသို့ ဘုရင်မတက်ရန် ရှိသည်။ ကျွန်တော် တို့နှစ်ယောက် ဘက်ကင်ဟမ်နန်တော်သို့ အစောကြီးလာကြသည်။ နန်းတော်မှ ဘုရင်မ ထွက်ခွာ သည်ကို စောင့်ကြည့်ရန်ဖြစ်သည်။
သဘောကောင်းပုံရသော ရဲသားတစ်ယောက်က ကျွန်တော်တို့ကို နေရာကောင်းကောင်း ပေးသည်။ ဘုရင်မကို ကြည့်လိုသည့် နိုင်ငံခြားသားပေါင်းစုံ လူအုပ်ကြီးလည်း ရှိနေသည်။ ဘုရင်မ စီးနင်း လိုက်ပါလာသည့် မော်တော်ကားကြီး ထွက်လာသည်။ စူဇီက ဣနြေ္ဒရရ တည်တည်ငြိမ်ငြိမ် ဖြင့်ကြည့် နေသည်။ ဘုရင်မက နောက်ခုံမှာ ထိုင်လိုက်သွားသည်။ အလွန်လှပါသည်။ စက္ကန့်ပိုင်း ကလေးမျှသာ မြင်လိုက် ရခြင်း ဖြစ်သည်။ လုအုပ်ကြီးလည်း ကွဲသွားသည်။ စူဇီ အကျေနပ်ကြီး ကျေနပ်နေသည်။
" တစ်ယောက်ကျန်းသေးလား"
" မာဂရက်မင်းသမီး"
ကျွန်တော် ရယ်ရပြန်သည်။ ကြိုးစားကြသေးတာပေါ့ဟု ပြန်ပြောမိသည်။ သို့သော်လည်း မာဂရက် မင်းသမီးသည် လန်ဒန်မှ ထွက်ခွာသွားကြောင်း၊ တစ်လအတွင်း ပြန်ရောက်ဦးမည် မဟုတ် ကြောင်း သတင်းစာ ထဲတွင် ဖတ်ရသည်။ စူဇီအတော်စိတ်ပျက်သွားသည်။ သို့သော် ဘုရင်ကို မြင်လိုက်ရပြီမို့ တော်သေးသည်။
ကျွန်တော်တို့ အင်္ဂလန်ရောက်ပြီး သုံးပတ်အကြာတွင် အူလ်မန်စီစဉ်သည့် ကျွန်တော့်ပန်း ချီပြပွဲ စတင်ဖွင့်လှစ်သည်။ ဆောက်သ် အော်ဒရေလမ်းရှိရွိုင်းအူလ်မန်၏ ပြပွဲခန်းမှာ ကျင်းပခြင်း ဖြစ်သည်။ ပန်းချီကားအားလုံးသည် ဟောင်ကောင်မှာ ဆွဲခဲ့သည့် ကားများချည်းဖြစ်သည်။ အများဆုံးကတော့ စူဇီ၏ ကားများ ဖြစ်ပါသည်။
နမ်ကောက်ဟိုတယ်မှာ စူဇီနှင့် သင်္ဘောသားများ တွေ့ဆုံကြသည်ကို ထောင့်မျိုးစုံမှ ရေးဆွဲထားသည်။ စူဇီ၏ အတိတ်ဘ၀နှင့် ပတ်သက်ပြီး ဘာမှဟန်ဆောင်စရာ မလိုပါ။ ဖုံးကွယ်နေစ ရာမလိုပါ။
ပြပွဲဖွင့်သည့်နေ့တွင် စူဇီ တက်သင့်သည်ဟု မတင်ကြောင်း ကျွန်တော်က ပြောပြသည်။ စိတ်ထိန်းနိုင်ဖို့ ခက်ခဲသောကြောင့် ဖြစ်သည်။ သို့သော်လည်း ပြပွဲမဖွင့်မီ တစ်ရက်တွင် စူဇီသည် တစ်နေကုန် စဉ်းစား နေသည်။ ဖွင့်ပွဲနေ့မနက်ရောက်တော့ ဘေးကွဲတရုတ် ဂါဝန် နှစ်ထည်ကိုယူပြီး ကျွန်တော့်ကို လာပြသည်။
"ဘယ်ဟာဝတ်ရင် ကောင်းမလဲမောင်"
"မင်းလိုက်ဖို့ မတော်ဘူး စူဇီ"
"လိုက်မယ်"
"အဲဒီလိုဆိုရင် အ၀ါကလေးက ပိုကောင်းမယ်၊ မောင်တို့ လက်ထပ်တဲ့နေ့က ၀တ်တာလေ"
သို့သော်လည်း ပြပွဲရှိရာသို့ တက္ကစီနှင့် လာကြသည့် လမ်းတစ်လျှောက်တွင် သူ့စိတ်တွေ ဖောက် လာသည်။ မတည်မငြိမ် ဖြစ်လာသည်။ နောက်ဆုံးတွင် သူ မလိုက်နိုင်တော့ကြောင်း၊ သည်နေရာမှ ဆင်းပြီး ပြန်တော့ မည်ဖြစ်ကြောင်း ပြောသည်။ ကျွန်တော်က ဒရိုင်ဘာကို ကားရပ်ခိုင်းလိုက်သည်။ ပြပွဲထဲမှာ ကျွန်တော်တို့ ခဏထိုင်ပြီး စကားနည်းနည်းပါးပါး ပြောရုံကလေးသာ ဖြစ်ကြောင်း သူ့ကို ရှင်းပြသည်။
"ဟင့်အင်း…ဟင့်အင်း…ကျွန်မ ပြန်ချင်တယ်၊ ကားထဲက ဆင်းပါရစေ၊ ပြန်ပါရစေ၊ ကျွန်မ စိတ်မ ကောင်းပါဘူး မောင်ရယ်၊ ဒါပေမဲ့ ကျွန်မကြောက်တယ်၊ ကျွန်မရှက်တယ်" သူ့စိတ်ကို မထိန်းနိုင်တော့ဘဲ ကြောက်လန့် တကြီး ပြောနေသည်။
"ဘာမှရှက်စရာမလိုပါဘူး စူဇီ၊ မင်းဟာ လူတိုင်းလိုပဲ လူကောင်းတစ်ယောက်ပါပဲ"
"ဟင့်အင်း…ကျွန်မရှက်တယ်၊ သူတို့က ယမ်ယမ်ကောင်မကလေးလို့ ပြောကြလိမ့်မယ်၊ ဒါ မှန် လည်း မှန်တယ်၊ ကျွန်မက လူကောင်းမှမဟုတ်ဘဲ"
ထိုအခိုက် ကျွန်တော်တို့အနားမှ ဖြတ်လျှောက်သွားသော အမျိုးသမီးတစ်ယောက်ကို ကျွန်တော် က မေးငေါ့ပြသည်။ အလယ်အလတ်တန်းစား အမျိုးသမီးဖြစ်သည်။
"ဟောဟို အမျိုးသမီးကို မြင်တယ်မဟုတ်လား၊ မင်းလည်း သူနဲ့အတူတူပါပဲ၊ သူ့လိုပဲ မိန်းမကောင်း တစ် ယောက်ပါ စူဇီ"
"မဟုတ်ဘူး"
"မင်းဟာ မိန်းမကောင်းတစ်ယောက်ပါ စူဇီ၊ မင်းဘ၀ ဘာဖြစ်ခဲ့ဖြစ်ခဲ့ အခုကောင်းနေဖို့ အရေးကြီးတယ်၊ အခု မင်းဟာ မိန်းမကောင်းပဲ၊ မင်းဘ၀အမှန်ကို ဖုံးကွယ်မထားဘူး၊ ဟန်မဆောင် ဘူးဆိုတဲ့ သတ္တိကိုက ဘယ်လောက်တန်ဖိုးရှိသလဲ၊ ဘယ်လောက်ဂုဏ်ယူဖို့ကောင်းသလဲ၊ မင်း ကိုယ်မင်း ဂုဏ်ယူစမ်းပါ စူဇီ"
နောက်ဆုံးမှာတော့ သူ တဖြည်းဖြည်း ပြုံးလာသည်။ တရုတ်လူမျိုးတို့၏ ထုံးစံအတိုင်း ကိုယ့်ကို မတ်မတ်ထိုင်လိုက်သည်။ မာန်မာနတွေ ၀င်လာသည်။ မျက်နှာကို ချီထားသည်။
ပြပွဲခန်းထဲသို့ ကျွန်တော်တို့ ၀င်သွားသောအခါ ဣနြေ္ဒရရကြီးဖြင့် ၀င်သွားနိုင်သည်။ ပြပွဲခန်းထဲ ရောက်တော့ ကျွန်တော့်အနားမှ သူ မခွာ။ ကျွန်တော်က သူ့လက်ကို တင်းတင်းဆုပ်ထားသည်။ တစ်ချိန်လုံး မလွတ်တမ်း ဆုပ်ကိုင်ထားမိသည်။ တစ်ခါတရံတော့ သူ့လက် တောင့်တောင့်ကြီးဖြစ် သွားသည်ကို ခံစား ရသည်။ သို့သော်လည်း မျက်လုံးအစုံနှင့် မျက်နှာကမူ အလွန်တရာ တည်ငြိမ် နေသည်ကို တွေ့ရသည်။
အူလ်မန်က လူပေါင်းများစွာနှင့် ကျွန်တော်တို့နှစ်ယောက်ကို မိတ်ဆက်ပေးသည်။ စူဇီသည် လူ အားလုံးကို ရဲရဲတင်းတင်း ရင်ဆိုင်ကာ မျက်လုံးချင်း ဆိုင်ကြည့်ဝံ့သည်။ အမျိုးသမီးကြီး တစ် ယောက်က စူဇီကို လာနှုတ်ဆက်သည်။
"မင်းကို မနာလိုလိုက်တာကွယ်၊ မင်းရဲ့ ဘ၀အတွေ့အကြုံတွေကို တကယ်ပဲ မနာလိုဖြစ်မိတာပါ၊ မင်းရဲ့ ဘ၀အကြောင်းကို သိရတော့ ဒေါ်ဒေါ်ဖြင့် ကိုယ့်ဘ၀ဟာ ပိုပြီး ကျဉ်းမြောင်းသွားသလားလို့ တောင် ထင်ရတယ်၊ အခန်းတစ်ခုခုထဲမှာ အလုံပိတ်ထားတာ ခံနေရသလိုပဲ"
ဆံပင်ဖြူဖြူနှင့် အဘွားကြီးတစ်ယောက်ကလည်း စူစီအလွန်ချောမောလှပကြောင်း လာပြောသည်။
"သမီးဟာ အင်မတန် ချောတာပါပဲကွယ်၊ ဒါပေမဲ့ ဒီပန်းချီကားတွေက မင်းရဲ့ တကယ့်အလှကို မမီသေးဘူး"
ထိုစကားကြားတော့ စူဇီက ကျွန်တော့်ဘက် လှည့်လာသည်။
"ဟုတ်တယ်၊ မောင် မိအောင်မဖမ်းနိုင်ဘူး၊ မောင့်ပန်းချီကားတွေ တစ်ကားမှ မမီဘူး"ဟု ပြော သည်။
ထိုစကား မှန်ပါသည်။ ယခုပြပွဲတင်သော စူဇီ၏ကားများသည် နမ်ကောက်ဟိုတယ်သို့ ကျွန်တော် ရောက်သည့် စောစောပိုင်းအချိန်များတုန်းက ရေးဆွဲခဲ့သည့် ကားများဖြစ်သည်။ အမှန်တော့ စူဇီ၏ အလှသည် ယခုမှပိုပြီး ပွင့်လန်းလာခဲ့သည်။ အထူးသဖြင့် ထောင်ကျ၊ ဆေးရုံတက်၊ ရောဂါပျောက် ကင်းပြီးမှ မိန်းမပီသသော သူ၏အလှက ပိုမိုထူးခြားလာခဲ့သည်။
ထိုအဘွားကြီးက စူဇီ၏ပုံတူပန်းချီကားနှစ်ချပ်ကို ၀ယ်သည်။
"ကျွန်မ ကြိုက်လှလို့တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ တစ်နေ့မှာ ရှင့်ပန်းချီကားတွေဟာ သိပ်အဖိုးတန် လာလိမ့်မယ်"ဟုလည်း ပြောသည်။
ကြည့်ရှုသူတွေ ပြန်သွားကြသည်။ ရွိုင်းအူလ်မန်က ကျွန်တော်တို့ဆီ လျှောက်လာသည်။ သူ့မျက် နှာကြီး ပြုံးနေသည်။
"အောင်မြင်တယ်၊ သိပ်ကိုအောင်မြင်တယ်၊ ဟောဟိုမှာ အနီဝိုင်းကလေးတွေ ကပ်ထားတဲ့ကားတွေ ဘယ်လောက်များသလဲ၊ ကြည့်လိုက်စမ်းပါ၊ ခင်ဗျားအရမ်းအောင်မြင်သွားပြီ"ဟု ပြောသည်။
ဝယ်ယူပြီးကြောင်း အမှတ်အသားအဖြစ် ပန်းချီကားဘောင်ပေါ်တွင် အနီဝိုင်းကလေးများ ကပ်ထားသော ပန်းချီ များက များပြားလှသည်။
"ဒီကနေ့ တကယ်အောင်မြင်တာကတော့ စူဇီပါဗျာ"ဟု ကျွန်တော်က ပြောသည်။
"ဟုတ်ပါတယ်၊ တစ်ပိုင်းတော့ မှန်ပါတယ်၊ လူတိုင်းက စူဇီ အင်မတန်လှကြောင်း ပြောကြပါတယ်၊ ဒါပေမဲ့ ခင်ဗျားရဲ့ ပန်းချီကားတွေက ကောင်းလွန်းလို့ပါ"
အမှန်တော့ ယနေ့ လူပုံအလယ်တွင် စူဇီ မည်မျှထိ အောင့်အည်းသည်းခံနိုင်စွမ်းရှိခဲ့သည်ကို သူ မသိပါ။ ယခုတော့ စူဇီ အောင်မြင်သွားပါပြီ။ လူတွေနှင့် မျက်နှာချင်းဆိုင်ရဲသွားပါပြီ။ စူဇီနှင့်ပတ် သက်ပြီး ကျွန်တော် အများကြီး ဂုဏ်ယူလိုက်မိပါသည်။ စိတ်လည်း ချမ်းသာသွားပါပြီ။
ပန်းချီပြပွဲ ဖွင့်ပြီးသည့်နေ့မှစí ကျွန်တော်တို့မှာ ဧည့်ခံပွဲတွေမပြတ် တက်ရတော့သည်။ တစ်ခါ တစ်ရံ တစ်နေ့ တည်းမှာပင် သုံးလေးပွဲလောက် ဆက်တက်နေရသည်။ ဧည့်ခံပွဲတစ်ခုတွင် အမျိုး သမီးကြီး တစ်ယောက် ၏ စော်စော်ကားကား မေးမြန်းခြင်းကို တစ်ကြိမ်ခံခဲ့ရဖူးသည်။
နမ်ကောက်တွင် စူဇီနှင့် ဆက်ဆံခဲ့ဖူးသည့် သင်္ဘောသားတစ်ယောက်ယောက်နှင့် လန်ဒန်မှာဆုံ လျှင် ဘာလုပ်မည်နည်းဟု စူဇီကို သူကမေးသည်။ ၀ိုင်းထဲမှာ ရှိနေကြသူများအားလုံး ကြက်သေ သေသွား ကြသည်။ အံ့အားသင့်ခြင်း၊ အားနာခြင်းများကြောင့် စကားမပြောနိုင်ကြအောင် ဖြစ်သွား သည်။
သို့သော် စူဇီက-
"လွယ်ပါတယ်ရှင်၊ 'ဟယ်လို-ဂွတ်မောနင်း'လို့ ပြောလိုက်ရုံပေါ့"ဟု ပြန်ဖြေသည်။
တစ်ဝိုင်းလုံး အုံးခနဲ့ ပွဲကျသွားသည်။ အမှန်တော့ စူဇီသည် ဟာသနှောလိုက်ခြင်း မဟုတ်ပါ။ ရုတ်တရက် မမျှော်လင့်ဘဲ ကြားလိုက်ရသည့် စော်ကားမော်ကား မေးခွန်းကြောင့် အရှက်ကြီးရှက် သွားသည်။ ထို့ကြောင့် ပါးစပ်ထဲမှာ တွေ့ရာကို ပြောချလိုက်ခြင်း ဖြစ်သည်။ သို့သော် အများက တော့ စူဇီမှာ တင်္ခနုပ္ပတ္တိ ဥာဏ်ရှိကြောင်း မှတ်ချက်ချကြသည်။
ပြပွဲ၏အောင်မြင်မှုကြောင့် ကျွန်တော် လူရာဝင်လာသည်။ နေရာတကာမှာ အလေးပေးခံရသည်။ လူတိုင်းက ကျွန်တော့်အမည်ကို သိလာကြသည်။ ကျွန်တော့်ပန်းချီကားများကိုလည်း လှိုက်လှိုက် လှဲလှဲ ချီးကျူးကြသည်။ သည်လို ကြုံလာရသောအခါ ကျွန်တော်ကိုယ်တိုင်လည်း စိတ်ကြီးဝင်လာ မိသည်။ တယ်တော်တဲ့ ငါပါလား၊ တယ်ဟုတ်ကဲ့ ငါပါလားဟူသော အတွေးမျိုးကိုလည်း ကျွန်တော့် ဘ၀တွင် ပထမဦးဆုံးအကြိမ်အဖြစ်နှင့် တွေးမိ ပါတော့သည်။
ထိုမျှမကသေး။ ပန်းချီအကြောင်းနှင့် ပတ်သက်၍လည်း ကောင်းကောင်းပြောနိုင်လာသည်။ ယခင် က ပန်းချီဆွဲရုံသာဆွဲသည်။ ပန်းချီအကြောင်း မပြောတတ်။ ယခုတော့ အများသူငါနှင့် အချေ အ တင် ဆွေးနွေးနိုင်လာသည်။ "ကျွန်တော့်စိတ်ထဲမှာ ခံစားလာရတာကလေးကို သရုပ်ပေါ်အောင် ရေးဆွဲ ကြည့်တာပါ ခင်ဗျာ"ဆိုတာမျိုးတွေ မရှိတော့။ အနုပညာသဘော၊ အတွေးအခေါ်သဘော၊ ခံစားချက် သဘောများကို ရွှန်းရွှန်းဝေအောင် ပြောနိုင်လာသည်။
ဧည့်ခံပွဲတိုင်းတွင် ကျွန်တော်သည် ပင်တိုင်ဖြစ်နေသည်။ အဓိကနေရာမှာ ရောက်နေသည်။ လူတိုင်း ပြောသည့် အကြောင်းအရာသည် ကျွန်တော်ဖြစ်နေသည်။ ကျွန်တော့်ပန်းချီကားများ ဖြစ်လာ သည်။
သည်လိုဖြင့် ကျွန်တော်သည် အရေးကြီးသောပုဂ္ဂိုလ်ဖြစ်လာသည်။ သာမန်လူတစ်ယောက် မဟုတ်တော့။ သာမန် ပန်းချီဆရာ မဟုတ်တော့။
တစ်ညတွင် အူလ်မန်၏အိမ်မှာ ဧည့်ခံပွဲတစ်ခုလုပ်သည်။ ထုံးစံအတိုင်းပင် ထိုဧည့်ခံပွဲသည်လည်း ကျွန်တော့်အကြောင်းများနှင့်သာ ဖုံးလွှမ်းနေသည်။ အမျိုးသမီးများ အခြားအခန်းတွင် သွားရောက် အနားယူ နေကြခိုက် ရုပ်မြင်သံကြား ထုတ်လွှင့်သူတစ်ယောက်နှင့် ကျွန်တော်စကားပြောနေသည်။ ရုပ်မြင် သံကြားမှ ကျွန်တော်ထုတ်လွှင့်ရန် သူက အဆိုပြုသည်။
"ပန်းချီအကြောင်း ကျွန်တော်တို့ ဆွေးနွေးကြတဲ့အခန်းမျိုး လွှင့်ရင် ကောင်းမယ်ဗျာ"ဟု သူက ပြောသည်။
ကျွန်တော်ကမူ အချိန်နောက်ကျသွားပြီဖြစ်ကြောင်း၊ လွန်ခဲ့သည့် တစ်လလောက်ကသာ ယခုလို ကမ်းလှမ်း မည်ဆိုက အဆင်ပြေနိုင်စရာရှိကြောင်း၊ ယခုမူ ကျွန်တော်တို့ ဟောင်ကောင်မှတစ်ဆင့် ဂျပန်သို့သွားဖို့ သုံးရက်သာလိုတော့ကြောင်း၊ လေယာဉ်ပျံလက်မှတ်လည်း ယူထားပြီးပြီဖြစ် ကြောင်း ပြန်ပြော လိုက်သည်။
"အင်း…ကျွန်တော့်အနေနဲ့ ခင်ဗျားကို ဇွတ်မတိုက်တွန်းလိုပါဘူး၊ ဒါပေမဲ့ အနုပညာရှင်တစ်ယောက် ဟာ သူ့ပရိသတ်ကို မထီမဲ့မြင် မလုပ်သင့်ပါဘူး၊ နောင်ရေးအတွက်ပါ စဉ်းစားကြည့်မယ်ဆိုရင် လန်ဒန်မှာ ခင်ဗျားကြာကြာနေနိုင်လေ ကောင်းလေပါပဲ၊ ရုပ်မြင်သံကြားကနေပြီး ပန်းချီအကြောင်း ဆွေးနွေးဖို့ဆိုတာ အင်မတန်ကောင်းတဲ့ အခွင့်အရေးပါ"ဟု အူလ်မန်က ၀င်ပြောသည်။
ခဏကြာတော့ စူဇီရောက်လာသည်။ ကျွန်တော်က အကျိုးအကြောင်း ပြောပြသည်။ စူဇီ က ထက်ထက် သန်သန် တော့ မရှိလှ။ သို့သော်-
"မောင့်သဘောပဲလေ"ဟု ပြန်ပြောသည်။
"ဟော…တွေ့တယ်မဟုတ်လား၊ ခင်ဗျားအမျိုးသမီးကလည်း သဘောတူနေပြီပဲ"ဟု အူလ်မန်က အားတက် သရော ပြောသည်။
အူလ်မန်ကပင် လေယာဉ်ရုံးသို့ ဖုန်းဆက်ပြီး ကျွန်တော်တို့ ကြိုတင်လက်မှတ်ယူထားသည်ကို ပယ်ဖျက် ပေးရန် အကြောင်းကြားသည်။
အိမ်ပြန်လာကြတော့ စူဇီသည် တစ်လမ်းလုံး တိတ်လာသည်။ ကျွန်တော်ကတော့ ရုပ်မြင်သံကြားမှ လွှင့်ခွင့်အတောင်းခံရသည့်အတွက် ၀မ်းသာမဆုံး၊ စိတ်ကြီးဝင်မဆုံး ဖြစ်နေသည်။
နောက်နေ့တွင် ဆွဲလက်စတန်းလန်း ဖြစ်နေသော စူဇီ၏ ပုံတူကားကို ကျွန်တော်ဆက်ရေးဆွဲနေ သည်။ လန်ဒန်သို့ရောက်နေခိုက် ထိုတစ်ကားတည်းသာ ကျွန်တော် ရေးဆွဲဖူးသည်။ စူဇီသည် မနေ့တုန်းကနှင့် မတူ။ ယနေ့ အတော်ကလေး ရွှင်ပျနေသည်ကို တွေ့ရသည်။ ထို့ကြောင့် အကျိုးအကြောင်း မေးကြည့် မိသည်။
"မောင့်ကို ဒီကနေ့ ကျွန်မ သဘောကျတယ်၊ ဆေးရောင်နဲ့ စွန်းပေနေတဲ့ အဲဒီဝတ်စုံကြီးဝတ်ပြီး မောင် အလုပ်လုပ်နေရင် ကျွန်မ သိပ်သဘောကျတယ်"
"ဘယ်အခါမျိုးမှာ မောင့်ကို သဘောမကျတာလဲ"
"မောင် စကားပြောနေတဲ့အခါမျိုးပေါ့၊ လူတွေနဲ့အတူ ထိုင်ပြီး မဆုံးနိုင်အောင် စကားပြောနေတဲ့ အခါမျိုးမှာ မောင့်ကို သဘောမကျဘူး"
လူတွေနှင့်ပန်းချီအကြောင်း ပြောဆိုဆွေးနွေးခြင်းမှာ မှန်ကြောင်း၊ အရှေ့ဖျားတိုင်းပြည်တွင် အချိန် ကာလ ကြာမြင့်စွာ ပန်းချီရေးဆွဲနေရာမှ ယခုကိုယ့်တိုင်းပြည် ပြန်လာပြီး ကိုယ့်လူမျိုးများနှင့် စကား ပြောရသည်မှာ အရသာထူးကြောင်း၊ ကိုယ်နှင့်စကားပြောနေသူများကလည်း ကိုယ့်ပန်းချီကားကို သဘောကျသူများ ဖြစ်နေသည့်အတွက် ပိုကောင်းကြောင်း ကျွန်တော်က ပြောပြသည်။
"ကျွန်မကတော့ ဒီလိုမထင်ဘူး၊ အင်္ဂလန်ရောက်တော့ မောင် စိတ်ကြီးဝင်လာတယ်၊ လူတွေအများ ကြီးနဲ့ တွေ့နေတယ်၊ စကားတွေအများကြီးပြောနေတယ်၊ မောင့်ရင်ထဲမှာ ဒါတွေကို အသည်းစွဲ ဖြစ်နေပြီ"
"မင်းစိတ်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာကိုရော မင်းသိသလား စူဇီ၊ မင်း မနာလိုဖြစ်နေတယ်၊ ဧည့်ခံပွဲ တွေမှာ မောင် အောင်မြင်နေတာကို မင်း မနာလိုဖြစ်နေတယ်၊ မိန်းမချောကလေးတွေက မောင် တော်ကြောင်း လာပြီးချီးကျူးစကား ပြောနေကြတာတွေကို မင်း မနာလိုဖြစ်နေတယ်"ဟု ကျွန်တော်က ပြန်ပြော သည်။
စူဇီက ခေါင်းကိုခါယမ်းနေသည်။
"ဒီသဘောမျိုး မဟုတ်ပါဘူးမောင်၊ မောင့်စိတ် ပြောင်းလဲသွားတာကို ပြောတာပါ၊ မှန်ထဲမှာ မောင့် မျက်လုံးတွေကို သွားပြန်ကြည့်စမ်းပါ"ဟု ပြောသည်။
ထိုညက ကျွန်တော် တော်တော်နှင့်အိပ်မပျော်ပါ။ ကျွန်တော်၏ လက်ရှိအဖြစ်နှင့် စူဇီ၏ ပြောစကား များကို ပြန်စဉ်းစား ကြည့်နေမိသည်။ အောင်မြင်မှုများကြောင့် ကျွန်တော် စိတ်ကြီးဝင်လာမိသည်မှာ မှန်သည်။
စိတ်ကြီးဝင်လာရာမှ အလုပ်လုပ်ခြင်းအစား စကားတွေသာ အများကြီး ပြောလာသည်။ ဖန်တီး တီထွင်ခြင်း အစား ဝေဖန်ရေးတွေသာ လုပ်နေမိသည်။
ထိုအသိ ၀င်လာသည်နှင့် တစ်ပြိုင်တည်း ကျွန်တော် အလွန်တရာ တုန်လှုပ်သွားမိပါတော့သည်။ သည်အဖြစ်ဆိုးကြီးထဲမှ အချိန်မနှောင်းမီ ရုန်းထွက်မှ ဖြစ်ပေတော့မည်။ ကျွန်တော် မီးထဖွင့်သည်။ ပြီးတော့ စူဇီကိုနှိုးသည်။
"စူဇီ…မောင် တကယ်ရူးခဲ့တာပဲ၊ နည်းနည်းမှ အသုံးမကျတာတွေကို လုပ်ခဲ့မိတာပဲ"
"ဘာလဲ မောင်၊ ဘာဖြစ်တာလဲ"ဟု စူဇီက ဘာမှန်းမသိ ညာမှန်းမသိ မေးသည်။
"မင်းမှန်တယ် စူဇီ၊ မောင်ဟာ ဒီမှာနေပြီး မောင့်ကိုယ်မောင် ပြန်ဖျက်ဆီးနေတာပဲ၊ မောင်တို့ ဒီမှာ လုံးလုံးမနေသင့်တော့ဘူး၊ လုံးဝ ဆက်မနေသင့်တော့ဘူး"
"မောင် ရုပ်မြင်သံကြားလွှင့်ဖို့ အစီအစဉ် ဘယ်လိုလုပ်မလဲ"
"ဖြစ်ချင်ရာဖြစ်ပစေ၊ ကျောခိုင်းလိုက်ရုံပေါ့"
"ဒါပေမဲ့ မောင် စကားပြောချင်တယ် မဟုတ်လား၊ ရုပ်မြင်သံကြားလွှင့်ချင်တယ်မဟုတ်လား၊ ဂျပန် မှာ ဒီအခွင့် အရေးမျိုး မောင် ရမှာမဟုတ်ဘူး"
"မောင် စကားမပြောချင်ဘူး၊ ပန်းချီဆွဲချင်တယ်"ဟု ကျွန်တော်က ပြန်ပြောလိုက်မိသည်။
နောက်နေ့မနက်တွင် လေယာဉ်ရုံးသို့သွားပြီး ကျွန်တော်တို့ လက်မှတ်များကို ပြန်ယူလိုက်သည်။
နောက် ငါးရက်ကြာတော့ နမ်ကောက်ဟိုတယ်မှာ ကျွန်တော်တို့ ပြန်ရောက်နေကြပြီ။
(၂)
နမ်ကောက်ဟိုတယ်တွင် သည်လိုအဖြစ်အပျက်မျိုးကို တစ်ကြိမ်တစ်ခါမှ ကျွန်တော် မမြင်တွေ့ခဲ့ရ ဖူးပါ။ စူဇီပြန်ရောက်လာသည့်အတွက် အမျိုးသမီးအားလုံး ၀မ်းသာလုံးဆို့နေကြသည်။ သူတို့ အလုပ်မှန်သမျှ အားလုံးကို စွန့်ပစ်ထားလိုက်ကြသည်။ သင်္ဘောသားများကို ကျောခိုင်းပြီး ကျွန်တော်တို့စားပွဲမှာ လာခိုင်း နေကြသည်။ သူတို့ ၀ိုင်းနေသောကြောင့် ကျွန်တော်တို့မှာ အသက်ရှူပင် ကျပ်နေတော့သည်။
"သင်္ဘောသားတွေက ဘယ်လောက်ခေါ်ခေါ် သူတို့မထ။ သို့သော်လည်း "အထီးကျန်ခုနစ်ရက်" သီချင်း ဆုံးသွားတိုင်း ထိုသီချင်းပြန်ဖွင့်ရန် ပိုက်ဆံသွားထည့်ဖို့တော့ ဘယ်သူမှမမေ့။ ကျွန်တော် တို့နှစ်ယောက် ၏ အထိမ်းအမှတ် သီချင်းဖြစ်သောကြောင့် အဆက်မပြတ် ဖွင့်ပေးနေခြင်းဖြစ် သည်။
အမျိုးသမီးတိုင်းအတွက် လက်ဆောင်ပစ္စည်းများကို စူဇီ ယူလာခဲ့သည်။ သူတို့ရသည့် လက်ဆောင် ပစ္စည်းများကို စူဇီယူလာခဲ့သည်။ သူတို့ရသည့် လက်ဆောင်ပစ္စည်းထုပ်ကလေးများ ကို ဖြေကြည့်ရင်း အံ့သြမဆုံး၊ ၀မ်းသာမဆုံး ဖြစ်နေကြသည်။ ကျွန်တော်တို့ ၀ိုင်းထဲသို့ လာမထိုင် သူမှာ ဒေါရစ်ဝူး တစ်ယောက်သာ ရှိသည်။ ထောင့်တစ်ထောင့်မှ စားပွဲတစ်လုံးတွင် သူတစ်ယောက် တည်း သွားထိုင်နေသည်။ အားနေသည့် အမျိုးသမီးမှာ သူတစ်ယောက်တည်း ဖြစ်သောကြောင့် သင်္ဘောသား တွေက သူ့အနားမှာ ၀ိုင်းနေကြသည်။
သင်္ဘောသားတစ်ယောက်နှင့် အပေါ်ထပ်တက်ဖို့ ထိုင်ရာမှ သူ ထသောအခါ စူဇီက လှမ်းခေါ် သည်။ အခြားအမျိုးသမီးများက လမ်းဖယ်ပေးသည်။
"ငါ ဘာမှမလိုချင်ဘူး၊ ဒါက ဘယ်သူ့အတွက်လဲ"ဟု သံပြတ်ဖြင့် မေးသည်။
"ရှင့်အတွက်လေ၊ ရှင့်အတွက် လန်ဒန်က ယူလာခဲ့တဲ့လက်ဆောင်ပါ"
ဒေါရစ်ဝူးက အထုပ်ကလေးကို စိတ်မပါသလိုဖြေသည်။ အထဲက သားရေအိတ်ကလေး ထွက်လာ သည်။ "ဒေါရစ်ဝူး" ဟူသော အမည်ကိုလည်း ရွှေစာလုံးနှင့် ရေးထားသည်။ ဒါကိုမြင်တော့ သူ မအံ့သြဘဲ မနေနိုင်တော့ပါ။ အရက်မူးနေသည့် သင်္ဘောသားက အပေါ်ထပ်ကို တက်ကြစို့ဟု လာ ခေါ်သည်။ ဒေါရစ်ဝူးက ခေါင်းခါပြသည်။ အခြားအမျိုးသမီးများက သင်္ဘောသားကို ၀ိုင်းတွန်းလွှတ် လိုက်ကြသည်။
"လန်ဒန်မှာ တရုတ်လူမျိုးတွေ အများကြီးရှိသလား"ဟု တိုင်ဖူးက မေးသည်။
စူဇီက ကျွန်တော်တို့ တရုတ်ဟိုတယ်မှာ ထမင်းသွားစားကြောင်း၊ စားပွဲထိုးကအစ ထမင်းချက် အထိ တရုတ်လူမျိုးတွေဖြစ်ကြောင်း၊ သို့သော်လည်း တရုတ်အစားအစာ မည်ကာမတ္တသာဖြစ် ကြောင်း ပြန်ဖြေသည်။
ဂျင်နီက လန်ဒန်တွင် တရုတ်ဘားခန်း အမျိုးသမီးတွေ၊ ကပွဲခန်းမှာ အလုပ်လုပ်သည့် အမျိုးသမီး တွေ ရှိသလားဟု မေးသည်။
"လန်ဒန်မှာ ဒါမျိုးတွေမရှိဘူး၊ လမ်းပေါ်က ကောင်မတွေပဲရှိတယ်၊ သူတို့အားလုံး အင်္ဂလိပ်မတွေ ချည်းပဲ၊ တချို့သိပ်ချောတယ်"ဟု စူဇီက ပြန်ဖြေသည်။
"ပိုက်ဆံ ကျတော့ရော ဘယ်လောက်ယူသလဲ"
"ကိုယ့်အထင်တော့ အင်း…တို့ထက် ပိုယူတယ်ထင်တာပဲ"ဟု စူဇီက ပြန်ဖြေသည်။
"မင်းထက်"ဟု ပြောမည် ပြင်လိုက်ပုံရသည်။ ပြီးတော့မှ "တို့ထက် ပိုယူတယ်"ဟု ပြောသည်။ သူ့ကိုယ်သူ လူကောင်းသူကောင်းကြီး လုပ်ပြီး သူတို့နှင့် ဘ၀ချင်း ခွဲမပစ်လိုသည့် သဘောမျိုးဖြစ် သည်။
"ဘုရင်မအကြောင်း ပြောပါဦး၊ ဘုရင်မကိုရော မင်း မြင်ခဲ့သလား"ဟု လီလီလောင်းက ရှေ့တိုးလာ ပြီး ၀င်မေးသည်။
"မြင်ခဲ့တယ်၊ အခု ရှင်နဲ့ကျွန်မလောက် နီးနီးကလေးကပ်ပြီး မြင်ခဲ့ရတာ၊ သိပ်ချောတာပဲ"
"ဟုတ်တယ်၊ ရုပ်ရှင်ထဲမှာ ငါ ကြည့်ဖူးတယ်" လီလီလောင်းက အခြားအမျိုးသမီးများဘက် လှည့်ပြီး ဆက်ပြောသည်။ "စူဇီပြောတာ မှန်တယ်၊ သိပ်ချောတာပဲ၊ မာဂရက်ဘုရင်မကြီးလေ"
ထိုစကားကြားတော့ အားလုံးဝိုင်းရယ်ကြသည်။ မာဂရက်ဘုရင်မမဟုတ်ကြောင်း၊ အယ်လီဇဘက် ဘုရင်မ သာဖြစ်ကြောင်း ၀ိုင်းပြောကြသည်။
"ငါသိပါတယ်၊ ညည်းတို့ပြောပြဖို့ မလိုပါဘူး"
ကျွန်တော်က ဂွမ်နီ့ကို လှမ်းကြည့်သည်။
"ဂွမ်နီ၊ မင်းညီမလေးရော၊ သူ အိမ်ထောင်ကျသွားပြီလား"
"မကျသေးဘူး၊ ကျွန်မ ဒီမှာအလုပ်လုပ်နေတာကို ယောက်ျားလေးမိဘတွေက သိသွားတယ်လေ၊ ဒါကြောင့် စေ့စပ်ကြောင်းလမ်းထားတာကို ဖျက်ပစ်လိုက်တယ်၊ ဒါပေမဲ့ အခြားတစ်ယောက်နဲ့ လက်ထပ်ဖို့ စီစဥ်ထားတယ်၊ နောက်လထဲမှာ ဖြစ်မယ်"
"အဲဒီတော့မှာပဲ ဒီအလုပ်က မင်း အနားယူနိုင်တော့မှာပေါ့နော်"
ဂွမ်နီက ခေါင်းယမ်းသည်။
"အနားမယူနိုင်သေးပါဘူး"
"ဟင်…ဘာဖြစ်လို့လဲ ဂွမ်နီ"
"အမျိုးသားက သိပ်ဆင်းရဲတယ်၊ သူတို့ကို ကျွန်မက ရှာဖွေကျွေးရမယ်၊ ကျွန်မက ရှာဖွေကျွေးမွေး ပါ့မယ် ဆိုတဲ့ စည်းကမ်းနဲ့ ညီမလေးကို သူ လက်ထပ်မှာ"
"အဖြစ်ဆိုး လှချည်လား ဂွမ်နီရယ်"ဟု စူဇီက ၀င်ပြောသည်။
"သူ ယောက်ျားရတော့မယ်လေ၊ အရေးအကြီးဆုံးက ယောက်ျားရဖို့ပဲ"ဟု ဂွမ်နီကပြောပြီး တစ် ဖက်သို့ မျက်နှာလွှဲသွားသည်။
ကျွန်တော်တို့ စားပွဲပတ်လည်မှာ စက္ကူစုတ်တွေ ပြန့်ကြဲနေသည်။ လက်ဆောင်ထုပ်များမှ ဖြေချ လိုက်သော စက္ကူစုတ်များဖြစ်သည်။ စားပွဲပေါ်မှာ မဖွင့်ရသေးသော အထုပ်ကလေးတစ်စုံသာ ကျန် တော့သည်။ ဗုဒ္ဓဟူးလူးလူး အတွက် ကျွန်တော်တို့ ၀ယ်ခဲ့သည့် ပိုက်ဆံအိတ်ဖြစ်သည်။
သို့သော် ကျွန်တော်တို့ အရောက်နောက်ကျသွားပါသည်။ ဗုဒ္ဓဟူးလူးလူးသည် လွန်ခဲ့သော အပတ်ကပင် တရုတ်ပြည်မကြီးသို့ ပြန်သွားပြီ။ သူ့အမေနှင့် အတူတူနေရင်း စက်ရုံတစ်ခုခုမှာ သော်လည်းကောင်း ၀င်ရောက်လုပ်ကိုင်တော့မည်ဟု ဆိုသည်။
"ဂွမ်နီ…ဟိုကန်တုန်ကောင်မ ဘယ်မှာနေသလဲ မင်းသိသလား၊ ဘက်တီလောင်းလေ၊ ကိုယ် ကတ်ကြေးနဲ့ ထိုးလိုက်တဲ့ ကောင်မ"ဟု စူဇီက မေးသည်။ ဂွမ်နီက ခေါင်းညိတ်ပြတော့ ဗုဒ္ဓဟူးလူး လူးအတွက် လက်ဆောင်ထုပ် ကို သူ့ဘက်သို့ တွန်းပေးလိုက်သည်။
"သူလိုချင်ရင် ဒီအထုပ် သူ့ကို ပေးလိုက်ပါ"ဟုလည်း ဆက်ပြောသည်။
"သူ့ကို မင်း ခွင့်လွှတ်လိုက်ပြီလား စူဇီ"ဟု ဂွမ်နီက ပြန်မေးသည်။
"ခွင့်မလွှတ်ပါဘူး၊ မဟုတ်တာတွေ ပြောဖူးတဲ့ ဒီကောင်မကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး၊ ဒါပေမဲ့ ဒီ ပစ္ဒည်းကို ကိုယ် မလိုချင်တော့ဘူး၊ စိတ်အနှောင့်အယှက်ဖြစ်သလိုပဲ၊ ဟုတ်တယ်နော် မောင်"
"တကယ် စိတ်အနှောင့်အယှက် ဖြစ်စရာပေါ့ကွယ်"
ကျွန်တော်က ဗုဒ္ဓဟူးလူးလူးအမည်အစား ဘက်တီလောင်းအမည် ပြန်ရေးခိုင်းပေးရန် ဂွမ်နီကို ဆယ်ဒေါ်လာ ထုတ်ပေးလိုက်သည်။
"ကဲ…ကိုယ်လည်း အိမ်ပြန်တော့မယ်၊ မနက်ဖြန်မနက်ကျရင် မင်းတို့ကို လေယာဉ်ပျံကွင်း လိုက်ပို့ ပေးမယ်နော်"ဟု ပြောပြီး ဂွမ်နီ ထွက်သွားသည်။
"ဂွမ်နီကလေးကို သနားလိုက်တာမောင်ရယ်၊ သူ့ညီမလေး လင်ကောင်းသားကောင်းရလို့ ဒီဘ၀ ကြီးက သူ လွတ်မြောက်နေပြီလို့ ကျွန်မ ထင်နေတာ၊ ကျွန်မလိုပဲ သူလည်း ဟန်ကျနေပြီလို့ တွေး ထားမိတာ"ဟု စူဇီက စိတ်မသက်မသာဖြင့် ပြောသည်။
"ကိုင်း…အပေါ်တက်ကြစို့ စူဇီ"
အခန်းသို့ ပြန်ရောက်သောအခါ တစ်နေကုန် ပင်ပန်းထားသဖြင့် စူဇီသည် ခေါင်းနှင့်ခေါင်းအုံး ထိ သည်နှင့် တစ်ပြိုင်တည်း အိပ်ပျော်သွားတော့သည်။ ကျွန်တော်လည်း အလားတူပင် အိပ်ရာထဲ ရောက်သည် နှင့် ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။
သို့သော် စူဇီ၏ တသိမ့်သိမ့်ငိုသံကြောင့် ကျွန်တော် အိပ်ရာမှ လန့်နိုးလာသည်။ သူ အိပ်မက် မက် နေပုံရသည်။ ထို့ကြောင့် ကျွန်တော်က လှုပ်နှိုးလိုက်သည်။ စူဇီက ကျွန်တော့ကို ကြမ်းကြမ်းတမ်း တမ်း ပြန်တွန်းပစ်သည်။
"ဘယ်သူလဲ၊ ရှင်ဘယ်သူလဲ"ဟု မေးသည်။
"မောင်ပါ"
သည်တော့မှ သူ စိတ်သက်သာရာ ရသွားပြီး ကျွန်တော့်လည်ပင်းမှာ မျက်နှာအပ်ကာ သာသာ ကလေး ရှိုက်နေပါသည်။
"ကျွန်မကို မောင် ပစ်သွားပြီထင်လို့၊ မောင် ထွက်သွားပြီလို့ အိပ်မက်မက်နေတာ"
"အခု ဘာမှမဖြစ်တော့ဘူး မဟုတ်လား၊ မောင် ဒီမှာရှိနေတာပဲကွယ်"
"ဟုတ်တယ်၊ ကျွန်မယောက်ျား…ကျွန်မယောက်ျား၊ လေယာဉ်ပျံလက်မှတ်တွေ ရှိသေးရဲ့လား ကွယ်"
"ရှိပါတယ် စူဇီ၊ မပျောက်ပါဘူး"
"သေချာရဲ့လား ကျွန်မယောက်ျားရယ်၊ မောင် ဖျောက်မပစ်လိုက်ပါဘူးနော်"
ကျွန်တော် ရယ်မိပါသည်။ ပြီးတော့ မီးထဖွင့်လိုက်သည်။ ပိုက်ဆံအိတ်ထဲမှ လေယာဉ်ပျံလက်မှတ် နှစ်စောင်ကို ထုတ်ယူပြီး သူ့ဘက်သို့ ကမ်းပေးသည်။
လေယာဉ်လကိမှတ်ကို သူ သေသေချာချာ စစ်ဆေးကြည့်ရှုနေသည်။ ကျွန်တော်တို့နှစ်ယောက်၏ နာမည်မှတစ်ပါး ဘာစာမှမဖတ်တတ်သော်လည်း စာရွက်များကို တစ်ရွက်ချင်း လှန်ကြည့်နေ သည်။
စိတ်တိုင်းကျတော့မှ ကျွန်တော့်ကို ပြန်ပေးသည်။ ကျွန်တော်က သူ့ကိုပဲ သိမ်းခိုင်းထားလိုက်သည်။ သူ့မျက်နှာလေး ပြုံးသွားပြီး လက်မှတ်နှစ်စောင်ကို ခေါင်းအုံးအောက်သို့ ထိုးထည့်ထားလိုက် သည်။ ပြီးတော့ ခေါင်းအုံးကို အားပါးတရ ဖက်ထားသည်။
သူ့မျက်နှာကလေး ငြိမ်းချမ်းနေပြန်ပါသည်။
သူ့ကို နမ်းပြီး ကျွန်တော် မီးပိတ်လိုက်မိပါတော့သည်။

The End
ပြီးပါပြီ
.
8 comments:
ပုံပါ e-Mail address တွေ အကုန် add လိုက်ရကောင်း မလားပဲ ဟဲ ဟဲ
လေးစားလျက်
သမီးတွေ email ပါထည့်ထားရသလားဟဲ့ ရွှေဇင်ရဲ့
အမကြီး နဲ့ စာတွေရိုက်ပေးကြတဲ့ ညီမများကို အထူးကျေးဇူးတင်ပါတယ်။ နောက်လဲ ကောင်းတဲ့စာတွေတင်ပေးဦးနော်!
Jeff
Singapore
အားလုံးကိုကျေးဇူးတင်ပါသည်။
အလွန့် အလွန်ကျေးဇူးတင်ပါသည်။
အစအဆုံးပီးမှ မန့် တော့တာ ဟိ
နှိပ်ပဟ...၀က်သားတုံးကြီး လက်သီးဆုပ်သဏ္ဍာန်..ဟေးလားဝေးးးမောင်ရို့။
အလှူကို သွားသတိရလို့ပါ ခင်ညာ...။
မဖတ်ရသေးလို့ အစအဆုံး ဖတ်ဖို့ အာခဲလိုက်ပါကြောင်း ...
ကိုမိုးမောင် ဘာတွေ နိပ်ဟ နေတာတုန်း :)
မမရွှေစင် သမီးတွေက မိုက်သကွာ..... (သြော်....ကိုယ်က မိန်းခလေးဖြစ်နေတော့လည်းခက်သားလား....ဟီးးးးးးးးးးးး)
Thanks for ur great efforts, my sisters... It's a very brilliant story.. Further, I could assure that all of ur hearts are very very beautiful... Cheers!!!!
Post a Comment