ရထားပေါ်ကလူများ - ၂
မောင်တင်ဆင့်
ဘူတာကြီးနံပါတ် (၇)စင်္ကြန်မှာ ဆိုက်ကပ်ထားသော မြောက်ပိုင်းဆင်ခြေဖုံးသွား ရထားပေါ် တက်လိုက် ကတည်းက ခုံတန်းလျားရှည်တွေမှာ လူတွေကအပြည့်နီးပါး။
ကျွန်တော့အတွက် တင်ပါးတစ်နေရာစာရဖို့ကတော့ လိုပါသည်။ ကျွန်တော်သွားမည့် ခရီးဆုံးထိဆိုလျှင် အနည်းလေး တစ်နာရီခွဲ(မိနစ် ၉၀)ကြာမြင့်ပါမည်။
မိနစ် ၉၀လုံး မတ်တတ်ရပ်လိုက်ပါဖို့ဆိုတာ အိုလျော့နေပြီဖြစ်သည့် ကျွန်တော့်ခြေသလုံ ကြွက်သားများက သည်းခံနိုင်မည်မထင်ပါ။ ရှေ့ဘူတာတွင် ခရီးသည်တွေက သည်ထက် တိုးလာဖို့ပဲရှိသည်။ နောက်ဆုံး အောင်ဆီဂျင်မလုံလောက်သည်အထိ တွဲအတွင်းမှာ လူတွေများလာနိုင်စရာရှိသည်။ ယခုအခါရထားစီး၍ ဆင်ခြေဖုံးသို့ ခရီးသွားခဲ့သည်မှာ တစ်နှစ်နီးပါးရှိတော့မည်။ ယခုအခါ ရထားစီး၍ ဆင်ခြေဖုံးသို့ ခရီးသွားခဲ့သည်မှာ ဖြစ်လာနေပြီ။ ဘယ်ကွေ့မှာ ဘယ်သောင်၊ ဘယ်ကမ်းမှာ ဘယ်ကျောက်တတန်း၊ ဘယ်ခရီးမှာ ဘယ်ရေစီဆိုတာ ကျွန်တော်ခန့်မှန်းနိုင်နေပါပြီ။
ကျွန်တော်သည် တစ်တွဲတက် တစ်တွဲဆင်းကာ တင်ပါးတစ်နေရာစာရှာသည်။ ကျွန်တော် သည်နေ့ ဘူတာကြီးရောက်တာ နည်းနည်းနောက်ကျခဲ့သည်။ ညနေ ၄ နာရီလောက်တွင် ကျွန်တော် အယ်ဒီတာ အဖြစ် ၀င်လုပ်ပေးနေသည့် မဂ္ဂဇင်းတိုက်သို့ မိတ်ဆွေစာရေးဆရာ အချို့ရောက်လာသည်။ သို့နှင့် ၄၇လမ်းရှိ မုန့်ဟင်းခါးရသော ကဖီးဆိုင်သို့ချီတက်ရာ တွင် ပါသွားခဲ့သည်။ သည်လောကတွင် နေပျော် နေသည်မှာ စာရေးဆရာချင်း ဆုံတွေ့ လက်ဖက်ရည်ဆိုင်ထိုင် ထွေရာလေးပါးလေပစ်ရသော အရသာက ဘာနှင့်မျှ မလဲနိုင်။ ကျွန်တော်တစ်ဘ၀လုံး တောင့်တခဲ့သည်မှာလည်း သည်စာရေးဆရာဘ၀မျိုးသာ။ စာရေးဆရာ ဘ၀နှင့် ဘာကိုမျှကျွန်တော်မလဲနိုင်ပါ။ ဆရာကြီးပီမိုးနင်းက နောင်ဘ၀ဆက်တိုင်း စာရေးဆရာ ဖြစ်ရပါလို၏ဟု ဆုတောင်းသွားတာ ယခုတော့ ကျွန်တော်နားလည်သွားပါသည်။
ကျွန်တော် တစ်တွဲတက် တစ်တွဲဆင်းရှာရင် ရထား၏အလယ်တွဲလောက်တွင် ကျွန်တော် ခုံတန်းလျား ရှည်ထောင့်စွန်း၌ တင်ပါးတစ်နေရာစာ ရရှိခဲ့ပါသည်။ နည်းနည်းဟ, နေသော ခရီးသည်နှစ်ဦးကို တောင်းပန်ကာ ပူးကပ်ထိုင်နေရခြင်းဖြစ်သည်။ ပူအိုက်လှောင်နေသော် လည်း၊ ကျပ်ညပ်နေသော်လည်း နေရာတစ်နေရာအတွက် ၀မ်းမြောက်ဝမ်းသာရှိရပါသည်။ ကံကောင်းသည်က ကျွန်တော်နေရာရပြီး မကြာမီ ရထားထွက်ပါသည်။ ရထားက ကျွန်တော်နေထိုင်သော ဆင်ခြေဖုံးမြို့သစ်ထိ ခုတ်မောင်းပါ လိမ့်မည်။ ရထားလည်းခုလို ညနေတွေဆို မနိုင်ဝန်ထမ်းရရှာပါသည်။
ရထားထွက်တော့ ရထားပြတင်းများမှ လေအေးအချို့ဝင်လာပြီး လေပူများကို တွန်းရွေ့ သွားပါသည်။ ဘူတာကြီးမှ ရထားစ, စထွက်ချင်းမှာ ခုံတန်းလျားပြည့်သော်လည်း မတ်တတ်ရပ်ခရီးသည် တစ်ယောက်စ နှစ်ယောက်စသာ။ ပထမတော့ မိုးပေါက်ကလေး တွေကျလာသေးသည်။ တစ်ပြိုင်တည်း နေရောင် လ၀င်းပနေသည်။ မိုးပေါက်ကလေးတွေ က ငွေရောင်ရွှေရောင်တောက်ပ ကျဆင်းနေသည်။
ရထားက ညနေ ၅ နာရီထိုးလုနီးမှာ ထွက်ခဲ့တာဖြစ်သည်။ ဘုရားလမ်းဘူတာရောက်တော့ လူအုပ်ကြီးက ရထားပေါ်သွန်ကျလာပါသည်။ သည်အချိန်သည်ဘူတာမှာ သည်လို စီးဆင်းမြဲဆိုတာ ကျွန်တော်သိ နေပါသည်။ ဆင်းသူကနည်းပြီး တက်လာသူကများပါ သည်။ စတိုးဆိုင်၊ အရောင်း ဈေးသည်လေးများ၊ ကွန်ပျူတာ အလုပ်သမများ၊ စာရေးစာချီ ၀န်ထမ်းများလည်း ပါတတ်ပါသည်။ ဒါကနိစ္စ ဓူဝ မနက်ဆို မြို့တွင်းဝင်လာ၊ ညနေဆို မြို့တွင်းမှ ဆင်ခြေဖုံးသို့ ပြန်ထွက်သူများ။
ရထားပြန်ထွက်ပြီး တစ်အောင့်ကြာတော့ လမ်းမတော်ဘူတာတွင်ဆင်းရန် ကျွန်တော့် ဘေးမ အမျိုးသမီး တစ်ယောက်ထ, သည်။ ရပ်နေသော ခရီးသည်တွေထဲမှ ခုံနှင့် အနီးဆုံး တုတ်တုတ်ခိုင်ခိုင် လူတစ်ယောက် က ထိုလစ်လပ်သွားသောနေရာကို ရုတ်ခနဲဝင်ထိုင် လိုက်ပါသည်။ ပတ်ဝန်းကျင်မှ မိန်းကလေး အချို့ကတော့အိနြေ္ဒရရ ရပ်မြဲရပ်နေကြသည်။ ကျွန်တော့စိတ်တွင် သည်လူ့နှယ် ယောက်ျားရင့်မာ သန်သန်မာမာကြီးနဲ့ မိန်းကလေးတွေ မှ အားမနာဟု တွေနေမိသေးသည်။ နောက်တော့မှ လူဆိုတာ အတ္တ သတ္တ၀ါ တွေပဲလေ ဆိုကာစိတ်ဖြေရသည်။ ကိုယ်ကိုယ်တိုင်ကရော။ တင်ပါး တစ်နေရာ စာအတွက် ရှာခဲ့ရတာ၊ ယခုလို တစ်နေရာစာရတော့လည်း မြဲမြံထားတာ။ အင်း... သည်လူနှင့် ငါက သိပ်ကွာခြားမှု မရှိဘူးဟု ပြန်တွေးနေမိသည်။
လမ်းမတော်ဘူတာ ရောက်တော့လည်း ဆင်းသူနှင့်တက်သူမှာ တက်သူကအများစု ဖြစ်သည်။ ရထားတွဲတွင်းမှာ အောက်စီဂျင်က ပိုမိုရှားပါးလာသည်။ ရထားတွဲတွင်းမှာ အောက်စီဂျင်က ပိုမိုရှားပါးလာသည်။ ရထားသွားနေလျှင်တော့ အသက်၀၀ရှူလို့ ကောင်းနေပါသည်။ ရထားရပ်သည်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေက ရာနှုန်းပိုများလာ သည်ဟု စိတ်မှာထင်နေပါသည်။
လမ်းမတော်ဘူတာမှ တက်လာသော မြေးအဘိုးနှစ်ယောက်က ကျွန်တော့ရှေ့မှာ လာရပ်နေသည်ကို ရထားသွားနေပြီး၊ အတန်ကြာမှ ကျွန်တော်သတိထာမိပါသည။် အဘိုးကြီးမှာ အတော်ကလေးပိန်ပြီး အားနည်း နေပုံလည်း ရပါသည်။ သူ့နောက်ဖေးက မြေးမလေးကို ထီးပါရဲ့လားဟု မေးနေသည်။ မြေးမလေး က ထီးကို အဘိုးဖြစ်သူထံကမ်း ပေးသည်။ ရထားကကွေ့မှာ ယိမ်းသွားရာ အဘိုးဖြစ်သူမှာ ထီးလှမ်း ယူရင်းလဲမလို ပြိုမလို ဖြစ်သွားသည်။ ထီးကအရွက်တွေလန်ပြီး ကိုးလို့ကန့်လန့်ဖြစ်နေ၏ ။ ထီးလေး ပိတ်ပေးပါ ဟု အဘိုးအိုကဆိုပါသည်။ ထိုင်နေသူတွေဆီ အကူအညီတောင်းခြင်းဖြစ်၏။ သူလုပ် မလိုလို ငါလုပ်မလိုလိုနှင့် ထိုင်နေသူတွေထံမှ ချက်ချင်းတုံ့ပြန်မှုမရပါ။ နောက်တော့ ကျွန်တော် ထီးကို လှမ်းယူပြီးနောက် ခေါက်ပေးလိုက်ပါသည်။
"ကျုပ်ကဗိုက်ခွဲထားလို့ပါ။ အခုမှဆေးရုံက ဆင်းလာတာပါ။ ခဏလေးကိုင်ထားပါ။ ကျုပ်ခါးက သိပ်လှုပ်လို့ မကောင်းဘူး"
သူကမြေးမလေးလွယ်ထားသော အိတ်ထဲက သရေပတ်ပြားကြီးကို ခါးပတ်ဖို့ပြင်ပါသည။် ရထား ဈေးသည်တွေ တိုးတက်မှု၊ ရထားယိမ်းလှုပ်မှုနှင့် အဘိုးကြီးမှာ အတော်ပင် ခက်ခဲနေပါသည် သားရေ ခါးပတ်ပြားကြီးက သူ့ခါးကို ငြိမ်သက်အောင်ထိန်းပေးမည်ဖြစ် သည်။ သည်နေရာတွင် ထိုနာလန်ထ လူနာအတွက် ငြိမ်သက်ထိုင်လိုက်ပါဖို့ လိုပါမည်။ ကျွန်တော့်ဘေးက တုတ်တုတ်ခိုင်ခိုင်လူများ သူ့နေရာမှ ထပေးမလား၊ ကျွန်တော် လှည့်ကြည့်ဖြစ်သေးသည်။ ထိုသူကမလှုပ်၊ တစ်ဖက်ကိုပင် မျက်နှာလှည့် လိုက်သေး သည်။ အမှန်တကယ်ပင် သည်နာလန်ထလူနာလည်း ထိုင်စရာနေရာရမှဖြစ်မည်။ ကျွန်တော် တကယ့်စေတနာမပါဘဲ တင်ပါးတစ်နေရာစာလှူတန်းဖို့ အခြေအနေက တွန်းပို့နေပါသည်။ မတတ်နိုင်ပါ။ အရာရာကို လျစ်လျူရှုဥပေက္ခာထားဖို့ ကျွန်တော့်တွင် အင်အားမရှိပါ။
ကျွန်တော်နေရာမှထလိုက်ပြီး ဦးလေးဒီမှာထိုင်ပါဆိုကာ သူ့လက်ကိုဆွဲကာ ထိုင်ခုံနေရာ ပေးလိုက်သည်။ သူက အားနာနေသေးသည်။ ထိုင်ပါ ထိုင်ပါ ရပါတယ်ဗျာ လုပ်နေ သေးသည်။ သူဟန်ဆောင်ပြော, ပြောတာ ဖြစ်နိုင်သည်။ သူ့အခြေအနေက ထိုင်စရာ တစ်နေရာလိုအပ်နေပါသည်။ ရထားခရီးသည်တွေက တွဲလုံးပြည့် ကျပ်ညပ်နေခဲ့ပြီ။ မတ်တတ်ရပ်ရတာပင် သက်သောင့်သာသာမရှိ။
အဘိုးအိုက ထိုင်ခုံမှာထိုင်မိပြီး သားရေခါးပတ်ပြားကြီးကို သူ့ခါးပတ်နေသည်။ ကျုပ်ဗိုက်က နှစ်ခါ ပြန်တောင် ချုပ်ရတာဟု သူပြောနေသည်။
"ပထမချုပ်ရိုးကကျဲတော့ ပြေထွက်ပြီး အူတွေထွက်လာတာ။ အဲဒါနဲ့ပြန်ချုပ်ရတယ်။ ဆေးရုံပေါ်မှာတော့ လူနာ တွေကလည်း ကျပ်နေတာ။ ဗိုက်ခွဲတဲ့ လူနာပေမဲ့ သုံးလေးငါးရက် ချုပ်ရိုးဖြည်ပြီးတာနဲ့ ဆင်းခိုင်းတာ။ တချို့ အနာမကျက်လို့ အိမ်ရောက်မှ ပြန်တက်ရတာ ရှိတယ်"
အဘိုးကြီးအသံမှာ မောဟိုက်သံပါနေသည်။ လေကမဆက်မိချင်။ သူကကျွန်တော့ ကို အားနာပြီး ဘယ်ဆင်း မှာလဲဟု မေးနေသည်။ ကျွန်တော်က ရထားလမ်းဆုံးနားထိဆို တာ မပြောပါ။ ရပါတယ်... ဦးလေး ဘယ်ဆင်းမှာလဲဟုသာ မေးလိုက်ပါသည်။
“သမိုင်းဘူတာ အဲဒီကနေ ဆင်းပြီး ရွာကိုကားစီးရမယ်”
“တက္ကစီငှားစီးသွားပေါ့။ ခုလိုဆေးရုံကဆင်းခါစမှာ...”
ဘတ်စ်ကားက နီးနီးပဲစီးရမှာ ခုံးတံတားကျော်ရင် ရောက်ပြီ။ ဆေးရုံမှာက အတော်ကုန်ခဲ့တာ။ ဂွမ်းလိပ်ကအစ အပ်ချိတ်ကအစ ၀ယ်ရတာ။ ဘာမှအလကားမရဘူး..”
“ဦးလေးဘယ်လောက်ကုန်သွားလဲ...”
“ကျုပ်ကဆယ်ရက်ကျော်ကျော်ကြာသွားတယ်။ ခုနှစ်သိန်းလောက် ကုန်သွား တယ်။ ကျုပ်လည်း တတ်နိုင်လို့မဟုတ်ဘူး။ ရွာဆွေမျိုးက စုပေးကြရတာ...”
“ဦးလေးကဘာဖြစ်လို့ ဆေးရုံတက်ရတာလဲ..”
“အူလမ်းကြောင်းပိတ်တာတဲ့။ ခွဲစိတ်ပြီး အူထဲကပိတ်နေတဲ့အစာတွေထုတ်လိုက် တာ။ ချိန်ကြည့်တော့ ခြောက်ဆယ်သားလောက်ရှိသတဲ့။ ကျုပ်လည်း အစားကိုပုံမှန်စား တာပါပဲ။ ကျုပ်ကထမင်းပဲစားတာပဲ။ ဘယ်လိုဖြစ်တယ်မသိဘူး”
“ဘယ်လိုဖြစ်တာလဲ၊ တအားအောင့်တာလား။ ပိတ်တော့လေ...”
ကျွန်တော်စိတ်ဝင်စားနေပါသည်။ ကျွန်တော့်ညီတစ်ယောက်လည်း အစာလမ်းကြောင်း ပိတ်ပြီး ဆေးရုံတက်ရသတဲ့။ သူကတော့သောက်ဆေးထိုးဆေးနှင့် သက်သာသွားသည်ဟုဆိုသည်။
“ဘယ်လိုမှမဖြစ်ဘူး။ အစားစားလို့မရဘူး။ နောက်တော့ အရည်ပါသောက်လို့ မရတော့ဘူး။ ဒါပဲ သိပ်နာတာ အောင့်တာလည်းမရှိဘူး...”
“အဖော်မပါဘူးလား။ ဦးလေးဇနီးလာမကြိုဘူးလား...”
“ကျုပ်က မိန်းမဆုံးတာကြာပြီ။ ခုဆင်းတော့ ကျုပ်မြေးလေးနဲ့ပဲ”
“ဦးလေးက အသက်ဘယ်လောက်ရှိပြီလဲ...”
“ခြောက်ဆယ့်လေးနှစ်ရှိပြီဗျာ။ အသက်ကြီးပြီး မသေနိုင်သေးဘူး။ ဒုက္ခတွေ ကလည်း များပေါ့...”
သြော်...။ ကျွန်တော်ကသာ ဦးလေးခေါ်နေသည် သူ့အသက်မှာ ကျွန်တော့အသက်နှင့် သိပ်မကွာလှ။ သုံးလေးနှစ်။ သို့သော် ကျန်းမာရေး၊ ဘ၀ရေး ဖိစီးမှုကြောင့် အိုစာလှလေသည်။ ကျွန်တော်က ထိုသူကို အသက်၇၀ ကျော် ဟုထင်နေခဲ့ပါသည်။
ကြည့်မြင်တိုင်ဘူတာကျော်ပြီးသည်နှင့် အတက်ကပိုများလာပြန်သည်။ သမိုင်း ဘူတာရောက်တော့ ကျွန်တော်ထိုင်ခုံ ရပါသည်။ ကျွန်တော့်တင်ပါး တစ်နေရာစာ ကျွန်တော်ပြန်ရခြင်းဖြစ်သည်။ နာလန်ထ အဘိုးအိုမှာ သူ့မြေးလက်ဆွဲကာ ဆင်းသွားလေပြီ။
ကြည့်မြင်တိုင်ဘူတာမှစ၍ လက်လုပ်လက်စား အောက်ခြေအလွှာများ အများစု ရထားပေါ်တက်ရောက်လာတက်ကြပါသည်။ ကုန်ထမ်းသမား၊ ပန်းရံအလုပ်သမား၊ ပျံကျဈေးသည် စသည်ဖြင့်။
ရထားသည် ရေနွေးငွေ့ပေါင်းအိုး တစ်လုံးနှင့် ပိုမိုတူလာသည်။ ပေါင်းအိုးမှာ ဆူညံနေသော အသံဗလံ တွေပါအပြည့် အသိပ်ထမ်းဆောင်ထားပါသည်။ ရပ်ကွက်လမ်းကြိုလမ်းကြားမှာ တစ်နေကုန် အော်ဟစ် ရောင်းချခဲ့သော၊ မုန့်လက်ကောက်သည်၊ သာကူ၊ မုန့်ကြာစိသည်၊ ဖရဲသီးသည်၊ ဒိန်ချဉ်သည်၊ လက်သုပ်သည် တို့မှာ ရထားတွဲ လူသွားလမ်းမှာ ဗန်းများကို ချလျက်၊ ထိုင်ပြီး အော်ဟစ်ကာ လက်ကျန်မုန့်များကို ရောင်းချနေပါသည်။
ကျွန်တော့ဘေးမှာ လူတုတ်ခိုင်ကတော့ ထိုင်ခုံမှာ နောက်မှီကာ အိပ်များပင် အိပ်နေပါသည်။ ဘယ်တုန်းထဲက အိပ်နေသည်မသိ ကြို့ကုန်းဘူတာရောက်တော့ သူ့မျက်လုံးဖွင့်ကြည့်လာ၏။ ကျွန်တော် စာဖတ်နေတာကို တွေ့မြင်သွားသောအခါ စကားစပါသည်။
“ခင်ဗျားက စာဖတ်ဝါသနာပါသကိုး...”
ကျွန်တော်က ပြုံးလှည့်ခေါင်းညိတ်ပြပါသည်။
“ကျွန်တော်က စာအုပ်ရောင်းတယ်။ လမ်းဘေးပလက်ဖောင်းမှာပါ။ ဗိုလ်ချုပ်လမ်း ရှေ့ပတ်ဝန်းကျင်မှာ ရောင်းပါတယ်။ ခင်ဗျားကဘာလုပ်လဲ”
“ကျွန်တော်က အယ်ဒီတာလုပ်ပါတယ်”
“ဟုတ်လား ဘယ်ဂျာနယ်လဲ၊ ဘယ်မဂ္ဂဇင်းလဲ...”
ကျွန်တော်ပြောပြလိုက်တော့ သူကျွန်တော်လုပ်သော မဂ္ဂဇင်းကို ကောင်းကောင်း သိပုံမပေါ်။ ကျွန်တော်က စာအုပ်အရောင်းအ၀ယ် အခြေအနေမေးကြည့်တော့ မိုးတွင်းမို့ သိပ်မကောင်းကြောင်း။ ရတဲ့အခါလည်း မြတ်မြတ်ကလေးရတာ ရှိပေမဲ့ ဈေးဦးမပေါက်တဲ့နေ့ရှိကြောင်း ပြောပါသည်။
“ခင်ဗျားအသက် ဘယ်လောက်ရှိပြီလဲ...”
ကျွန်တော်ပြောပြလိုက်တော့။
“ဟင်....ကျွန်တော့ထက်ကြီးပါလား။ ကျွန်တော်ကရွယ်တူအောက်မေ့နေတာ။ ဒီမှာအကိုကြီးရ၊ ကျွန်တော့အသက် ၅၀ ပြည့်ပြီးကတည်းက ဘာမှဝါဒီမထားတော့ဘူး။ ကျုပ်မိန်းမနဲ့ ကလေးတွေကိုလည်း ငါတတ်နိုင်သမျှ လုပ်ကိုင်ကျွေးမယ်၊ ဘာဖြစ်ချင်တယ် ညာဖြစ်ချင်တယ် ငါ့လာမပြောနဲ့။ အိမ်ထောင် ကျသွားတဲ့ကောင်၊ မန္တလေးမှာနေတယ်။ သူ့အမေကတော့ အဆင်မှပြေပါ့မလားဆိုပြီး ပူပန်သောက တွေများနေတယ်။ ကျွန်တော်တို့က ရှေ့လျှောက်သေဖို့ပဲ ရှိတော့တာ။ ရေဝေးကို မျက်စောင်းထိုးနေရပြီ။ ခြေလှမ်းပြင်နေရပြီ။ မဟုတ်ဘူးလား အစ်ကိုကြီးရ ဒီအရွယ်မှာ။ အဲတော့ ကျွန်တော်က ဘာဝါဒီမှ မထားတော့ဘူး။ ရှိရင်စားမယ် မရှိရင်မစားဘူး။ မိန်းမကိုလည်း နှစ်ထောင်ရှိရင် တစ်ထောင့်ငါးရာ ပေးလိုက်မယ်။ မရှိရင်တော့မတတ်နိုင်ဘူး။
သမီးကျောင်းသူတစ်ယောက် ရှိတယ်။ သူကရှစ်တန်း။ သူများဘာဝတ်တယ် ဘာစီးတယ်လာမပြောနဲ့။ သူများရှိတာ ကိုယ့်ရှိတာမဟုတ်ဘူး။ ဟုတ်တယ်မို့လား။ ရော့အဖေတတ်နိုင်တာ ကျောင်းဝတ်စုံ နှစ်စုံ။ ဒါပဲ။ အ၀တ်အစားကအရေးမကြီးပါဘူး။ ပညာသင်တာ ပညာတတ်ဖို့ မဟုတ်လား။ အခုတော့ ကျွန်တော်က ဘာဝါဒီမှမထားဘူး။ ဥပေက္ခာပဲ။ ဟုတ်တယ်လေ ဒီအရွယ်မှာ။ ပါဂျရိုးစီးချင်လို့လည်း မလုပ်နိုင်တော့ဘူး။ မိန်းမကိုလည်း ပြောထားတယ်။ ငါ့ကိုဘာမှလာမပြောနဲ့။ သူများအကြောင်းလာမပြောနဲ့ ကိုယ့်ရှိတာ ကိုယ်စား ကိုယ်လုပ်စရာရှိတာလုပ်။ မဟုတ်ဘူးလားအကိုကြီးရာ ဒီအရွယ်မှာ အေးအေးချမ်းချမ်း နားအေးပါးအေးပဲ နေချင်တော့တယ်”
“ခင်ဗျားအသက်ငယ်ပါသေးတယ်။ သူများတွေအသက်ခုနှစ်ဆယ်ရှစ်ဆယ် အလုပ်လုပ်ကောင်းတုန်းဗျာ။ ဘာလဲ.... ခင်ဗျားက တရားအားထုတ်ချင်နေပြီလား...၊ လောကီငြီးငွေ့လို့ ဘုန်းကြီးဝတ်လိုက်ရင်လည်း...၊ လောကီငြီးငွေ့ လို့ ဘုန်းကြီးဝတ်လိုက် ရင်လည်း ကောင်းပါတယ်ဗျာ။ ဘ၀ငြိမ်းတာပေါ့...”
အမှန်တော့ နားငြီးလာသဖြင့် ကျွန်တော်ကသူ့ကို အရွဲ့တိုက်ပြောလိုက်ခြင်းသာ ဖြစ်သည်။ သို့တိုင် သူကမသိပါ။ နောက်ပိုင်း သူ့စကားများက သူ့စရိုက်ကို ပိုပြီးပေါ်လွင်စေပါသည်။
“ဒါတော့ မဖြစ်နိုင်သေးဘူး အစ်ကိုကြီးရာ။ ဘုန်းကြီးတော့ မ၀တ်နိုင်သေးဘူး။ ကျွန်တော်ညနေဆို တစ်ပိုင်းလောက်တော့ သောက်တယ်။ ကျွန်တော်ကတပ်ထဲဝင်ဖူး တယ်။ ဂန်းရှော့နဲ့ ကျွန်တော်နားခဲ့တာ။ တခြားဟာတော့ ကျွန်တော်ကမလုပ်ဘူး။ မိန်းမတို့လောင်းကစားတို့ နှလုံးသုံးလုံးတောင် မလုပ်ဘူး။ အရက်ကတော့ ကြိုက်လို့ပါ အစ်ကိုကြီးရာ”
အမှန်တော့ ကျွန်တော်ဆင်းရမည့် ဘူတာမှာ နောက်ထပ်လေးငါးခြောက်ဘူတာ ကျန်ပါသေးသည်။ သို့တိုင် ကျွန်တော် ယခု ရပ်မည့်ဘူတာတွင် ဆင်းပါတော့မည်။ တခြားရွေးချယ်စရာ မရှိပါ။ တစ်နေ့လုံး ကျွန်တော် မျက်စိပင်ပန်းခဲ့သည်။ ယခုထပ်ပြီး နားကို အပင်ပန်းမခံနိုင်တော့ပါ။
မောင်တင်ဆင့်
မြန်မာသစ် မဂ္ဂဇင်း
ဇန်နဝါရီ ၂ဝ၁၀
1 comment:
တကယ့်ဘဝတွေထဲကိုရောက်သွားရသလို ပါပဲလား ....။ လောက က စိတ်မောစရာတွေ ပိုပြည့်လာပြီ
Post a Comment