Friday, January 1, 2010

ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၁၅)

အခန်း(၁၅)

"အရှင်ထိပ်စုမြတ်ဖုရားလတ်၊ စက်တော်မူပြီလား၊ ခင်မကြီးရဲ့"
"သြော် ... ခင်ဘုန်းပါလား၊ ဘယ်ဆီကများ ပေါ်လာပါလိမ့်၊ တစ်နေ့လုံး ခင့်ကို မမြင်ဘူး"
"အဆောင်တော်မှာ အစောင့်ကျလို့ နေရစ်ရတယ်လေ၊ နက်ဖြန်မှ ခင့်အလှည့်ကျမှာကိုး ခင်မကြီးရဲ့၊ ဒါနဲ့ အရှင်ထိပ်စုဖုရား စက်တော်မူပြီလား"

"ခုနင်ကလေးကမှ စက်ပျော်တော်မူသွားတယ်၊ ခင်လည်း အနှိပ်တော်ဆက်နေရတာ ခုမှ အဆောင်တော် ထဲက ထွက်ခဲ့ရတယ် ခင်ဘုန်းရဲ့၊ အရှင်ထိပ်စုဖုရားလည်း အတော်ညောင်း ညာတော်မူလာတယ် ထင်ပါရဲ့"

"တစ်နေ့လုံးလိုလိုပဲ ထိုင်တော်မူနေရတော့ ညောင်းညာတော်မူမှာပလေ၊ ဒါဖြင့် နက်ဖြန် အရှင်ထိပ်စုဖုရား ထွက်တော်မှ မူနိုင်ပါဦးမလား၊ ညောင်းတော်မူလို့ လိုက်တော်မမူချင်ဘူး ဆိုလိုက်မှဖြင့် ခင်ဘုန်းတော့ တွက်ခြေ ရှုးံတော့မှာပဲ၊ ခင်မကြီးတို့ကတော့ ရောက်ပြီးမို့ ကိစ္စ မရှိဘူးပေါ့နော်"

"အမယ်လေး ... ပူရှာတတ်ပလေ ခင်ဘုန်းရယ်၊ ခင်ဘုန်း လိုက်ရပါလိမ့်မယ်၊ စိတ်ချလို့ သာနေပါ၊ အရှင်ထိပ်စုဖုရားလတ်၊ ဘယ်လိုညောင်းညာ ပင်ပန်းတော်မူပါစေ ထွက်တော်မူ ဖြစ်အောင် ထွက်တော်မူ မှာတော့ စိတ်ချထားလိုက်ပါ၊ ခင်မကြိးက အလေတရာကြောကြီး ဟောဟောဒိုင်းဒိုင်းကြီး လောင်းဝံ့ပါ သေးတယ်၊ နက်ဖြန် မပြောထားနဲ့ ဟောဒီ စာတော် ပြန်ပွဲကြီး မပြီးမချင်း အလယ်နန်းမတော် မယ်မယ်ဖျား ထွက်တော်မူတိုင်း ခင်တို့ ကျွန်မတို့ အရှင်စုဖုရား လိုက်ပြီး ထွက်တော်မူပြီးသားလို့ တစ်ထစ် ချမှတ် ထားလိုက်စမ်းပါ။ နောင်ခါ တော့ ခင်ဘုန်း ကိုယ်နှိုက်ကပဲ ထွက်တော်မူတိုင်း နောက်တော်က ပါရလွန်း လို့ ငြီးငွေ့လာ ပါလိမ့်ဦးမယ်"

"အမယ်....တယ်ဆိုတဲ့ စာပါကလား ခင်မကြီးရဲ့၊ ဘယ်နည်းဘယ်ပုံကြောင့် ဒါလောက် တောင် အလောင်းအစား ရဲနေရတာလဲ၊ သခင်ကြီးကြားမှ တစ်နေ့ကလို ဖြစ်နေပါဦးမယ်၊ ဟဲ....ဟဲ..... လူမျောက် ကိုရွှေမောင်ကြီးရဲ့ လောင်းတုန်းကလိုလေ"

"အို...... ဒါတော့ မသိစေနဲ့ ခင်ဘုန်းရဲ့၊ ဒီကိစ္စ အင်မတန် ဓားနီးသနော်၊ နို့ပြီးတော့ အထိန်တော်သခင်ကြီး ကိုယ်တိုင်က ဒီအရေးမှာ ကြိုးကိုင်တော်မူနေတယ်၊ ခင်ဘုန်းလည်း နည်းနည်းပါးပါးတော့ အရိပ်မိသား မဟုတ်လား၊ သီပေါကိုယ်တော်မူနေတယ်၊ ခင်ဘုန်းလည်း နည်းနည်းပါးပါးတော့ အရိပ်မိသား မဟုတ်လား၊ သီပေါကိုယ်တော်ဖျားက စာပြန်ပွဲ နွှဲတော်မူနေဆဲမို့ ခင်ဘုန်းတို့ ခင်မကြီးတို့ရဲ့ ထိပ်စုဖျားကလည်း နေ့တိုင်းပဲ မယ်မယ်ဖျားနှင့် အတူလိုက်ပါတော်မူလိုတဲ့ဆန္ဒ ရှိတော်မူနေရက်ပါ၊ ကဲ..... ရှင်ပြီးလား၊ တိုးတိုးနော် လူမသိပါစေနဲ့၊ သခင်ကြီးကြားလို့ ဆူလား၊ ပူလား ဖြစ်သွားမယ်"
"သြော် ... သြော် ... ဒီလိုပါလား၊ ခင်သိပါပြီ၊ အို ... ခင်လည်း ဒီလိုဆိုတော့ ကိုယ့်မျှော် လင့်ချက်တစ်ခုကြောင့် ၀မ်းသာအားရ ဖြစ်ရတော့မှာပေါ့ ခင်မကြီးရဲ့၊ မနေ့က အဆောင် တော်စောင့်ကျလို့ မလိုက်ရတာကိုပဲ အတော်အသည်းနာမိသေးတယ်"

"အမယ်လေးလေး၊ အသည်းနာလောက်အောင် ဘယ်လိုအချက်များ ရှိလို့တုံး အတွင်းကိစ္စ ကလေးပါ၊ အခုမပြောနိုင်သေးပေတဲ့ ဖြည်းဖြည်းတော့ ခင်က မပြောဘဲနဲ့ ခင်မကြီးတို့ အလိုလို သိလာကြမှာပါပဲ"
"ဟဲ ... ဟဲ ဒါတော့ မသိချင်စမ်းပါနဲ့ ခင်မကြီးရယ်၊ ခင်ဘုန်းရဲ အတွင်းကိစ္စ ကလေးပါ၊ အခု မပြောနိုင်သေးပေတဲ့ ဖြည်းဖြည်းတော့ ခင်က မပြောဘဲနဲ့ ခင်မကြီးတို့ အလိုလို သိလာကြမှာပါပဲ"
"အဲဒီလို မသိစေချင်သေးတဲ့ကိစ္စကိုမှ ခင်မကြီးတို့က မနေနိုင်မထိုင်နိုင်အောင် သိချင်တဲ့ ၀ါသနာရှိနေလို့ ခက်တာပဲ၊ ကဲ ... ကဲ ... ခင်ဘုန်း ဘူးလုံးနားမထွင်းတော့ လုပ်မနေပါနဲ့၊ မပြောနိုင်သေးတဲ့ ကိစ္စကိုပဲ တစ်ထိုင်တည်း သိရအောင် လင်းကျင်းတော်မူလိုက်ပါတော့"

"ဟာ.... မသိချင်ပါနဲ့ဦးလို့ တောင်းပန်နေတာပါ"
"အို......အဲဒါကိုပဲ မရမနေ သိချင်တာပဲ ခင်ဘုန်းရယ်၊ ပြောရမယ်၊ မပြောဘဲမနေရဘူး"
"မပြောပါရစေနဲ့ဦးလို့ တောင်းပန်နေတာပါ"

"ကဲ....ဒါဖြင့် နေပါလေ နက်ဖြန်ကစပြီး ခင်ဘုန်းကိုချည်း အဆောင်တော်စောင့် ချန်ထားခဲ့ပါ၊ စာတော်ပြန်ပွဲ မပြီးမချင်း အရှင်ထိပ်စုဖုရား ထွက်တော်မူတိုင်း၊ ဘယ်တော့မှ ခေါ်တော်မမူပါနဲ့လို့ အထိန်းတော် သခင်ကြီးကို တိုးတိုးတိတ်တိတ် ကြိတ်ပြီးပြောထား လိုက်မှာပဲ၊ ခင်မကြီးတဲ့ ဒီအဆောင်ထဲမှာ တစ်ကြီးပဲ ရှိတယ်၊ ခင်မကြီးတို့ကြံ့ရင် ထရံတောင် ကျည်ပွေ့ဖြစ်ရမယ် ခင်ဘုန်းရဲ့"
ရှူးရှူးရှဲရှဲ နှင့် ပြူးတူးပြဲတဲ ပြောလိုက်လျှင် ခင်ဘုန်းမှာ ပူပန်စိုးရိမ်စွာနှင့်

"အို....အို....ခင်မကြီးရဲ့၊ ရှိကြီးခိုးပါရဲ့၊ ဒီလိုတော့ မဖျက်ဆီးလိုက်ပါနဲ့၊ ခင်မကြီး သိချင်ရက် ပြောပြပါမယ်၊ ပြီးတော့ သူများတကာလျှောက်ပြီး ပြောမနေပါနဲ့နော်"
ဟီး......ဟီး....နိုင်ရာနဲ့တို့လိုက်တော့ တစ်ခါတည်း အောက်ကျို့ပြီး အသနားခံယူ

"ဟင်.....လုပ်ပါ၊ လုပ်ပါ၊ တစ်နေ့တော့ ခင်မကြီးလည်း ၀ဋ်လည်ဦးမှာပဲ၊ ဒီအဆောင် တော်ထဲမှာ အရှင် ထိပ်စုဖုရားရဲ့ အပျိုတော်တွေမှန်သမျှ တစ်သက်လုံး အပျိုကြီး ဘ၀နဲ ချည်း အရိုးထုတ်သွားကြမှာ မဟုတ်ဘူး 'သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်' ဆိုတာလို တစ်နေ့ကျ လင်ယူသားမွေးဆိုတဲ့ လောကီရေးကြီးထဲ ၀င်ကြရဦးမှာပဲ"
"မပြောရင် မရဘူးလား ခင်မကြီးရဲ့"

"ဟော......လုပ်ပြန်ပါပြီ၊ ခင်မကြီးက အကျိုးအကြောင်း အစုံအလင်ထားပြီးပါပကောလို့ မပြောတာ ပြောတာတော့ ခင်ဘုန်းသဘောပေါ့၊ မပြောချင်လည်း နေနိုင်တာပဲ၊ ပြောချင်လည်း ပြောနိုင်တာပဲ"
"မပြောတော့ ခင်မကြီးက ဖျက်လိုဖျက်ဆီး လုပ်မှာကိုး"
"ဒါတော့ လမ်းရှိသလောက် လုပ်ရမှာပဲ ခင်ဘုန်းရဲ့"
"ကဲပါလေ ဒါလောက်ရှိတာ ပြောလိုက်ပါတော့မယ်၊ နားသာထောင်တော်မူပါ"
"ကဲ....ပြောပါ အသင့်နားစိုက်ရက်ပါ"

"အဝေး၀န်မင်း ဦးရွှေရီ သိတယ်မဟုတ်လား ခင်မကြီးရဲ့"
"အင်းသိပါတယ်၊ အသားညိုညို နှုတ်ခမ်းမွေးကောင်းကောင်နဲ့ ခေါင်းပေါင်းနှစ်စ ထောင်ထောင်ပေါင်းတဲ့ ဗိုက်ရွှဲကြီးပါ၊ သူ့ဝန်ကတော်မလေးညှာ ဆိုတာလည်း ထိပ်ဆံတခါခါ ပုသိမ်ပ၀ါ ဒီလွှား၊ မျက်ခုံးမွေကြီး မည်းနေအောင်ထားပြီး ကွမ်းတွေ ပါစပ် ပြည့်အောင်စားတတ်တဲ့ အမူ အိုးမကြီးပဲ၊ ခင်မကြီး သိတာပေါ့၊ အဝေးမြို့ဝန် မဖြစ်ခင် ဗြဲတိုက်တ်ာမှာ တော်ကြာ အမှု့တော်ထမ်းသွား ဖူးတာကပဲ၊ ဒီအဝေး၀န်မင်း ဦးရွှေရီရဲ့ လာဖြစ်သလဲ ခင်ဘုန်းရဲ့"

"အဲ.....ဒီ အဝေး၀န်မင်း ဦးရွှေရီရဲ့ တူတော်လေ၊ ယခု လက်ဖက်တော် သားထဲမှာ အမူထမ်းနေတဲ့မောင်မောင်လူ"
"အို.....ဒီ...မောင်မောင် လူဆိုတဲ့ လူချောလူလှကလေးဟာ ဝေး၀န် ဦးရွှေရီရဲ့ တူတော်ကလေးလား၊ ခင်မကြီးဖြင့် မသိပါဘူးနော်၊ ခုမှပဲ ဦးရွေရီရဲ့ တူမှန်းသိရပါတယ်၊ အင်းအင်း လူပုံက ချောလိုက်တာမှ လွန်ရော ပါးကြေကလေးများ စိမ်းနေတာပဲ၊ ချက်ခုံးဆို တာလည်းတန်းလို့၊ မျက်လုံးကလည်း ကျက်သရေက ရှိပါဘိယနဲ့၊ ဒါနဲ့ ခင်ဘုန်းဟာ မောင်မောင်လူနဲ့"
"ဟုတ်တယ် ခင်မကြီးရဲ့၊ မောင်မောင်လူနဲ့ ခင်နဲ့ မေတ္တာသွယ်တန်း အချစ်လမ်းဖောက် နေတာကြာပါပြီ၊ ဒီနှစ်ပါနဲ့ဆိုလျှင် သုံးနှစ်သုံးမိုး ရှိပါတော့မယ်"

"သြော်....ဒါဖြင့် အင်မတန် နေရာကျတာပဲ၊ ခင်ဘုန်းကလည်း လှလှယဉ်ယဉ်၊ မောင်မောင်လူကလည်း ယဉ်ယဉ်နဲ့လှလှ လူမဖက် နတ်ဖက်တဲ့ လင်မယားလို့ ဆိုကြမလား ဟဲ...ဟဲ"
"အို....ခင်မကြီးကလည်း သခင်ဖြစ်မယ် ရှင်ဖြစ်မယ် မသိရသေးဘဲနှင့် ရှက်စရာတွေ ပြောမနေပါနဲ့ဦး"

"အမယ်လေး....ဒီက အကောင်း သူ့အတွက် ၀မ်းသာလို့ပြောနေတာပဲ၊ တကတည်း အကဲရောက်ပြီး ဈေးကြီးသွားလိုက်တာ၊ ကိုင်းလေ.....ဆက်ပြီးပြောပါဦး၊ မောင်မောင်လူ နဲ့ ချစ်နေတာနှင့် သုဓမ္မာစာတော်ပွဲကို ခင်ဘုန် မလိုက်ရတာနဲ့ ဘယ်လိုများ စပ်ဆိုင်နေပါ သလဲ"

"ဒီလိုပါ ခင်ဘုန်းရဲ့၊ မောင်မောင်လူမှာ မိဘရင်ချာ မရှိရှာလေတော့ ဦးကြီးဖြစ်တဲ့ အဝေး၀န်းမင်း ဦးရွေရီက အစစအရာရာ ကြည့်ရှုအုပ်ထိန်း စောင်မနေပါတယ်၊ မောင်မောင် လူကလည်း ဘယ်အရေး၊ ဘယ်ကိစ္စမဆို သူ့ဦးကြီးနှင့် အဒေါ်များကို တိုင်ကြားပြီးမှာ ပြုလုပ်လေ့ရှိပါတယ်၊ ယခု ခင်နဲ့ မောင်မောင်လူ ချစ်ခင် လာကြတာလည်း သုံးနှစ်ရှိပါပြီ၊ ရှေ့နှစ်ကို ဖြင့် ခင့်မိဘ၊ သူ့မိဘများ တိုင်းကြားခွင့်ပန်ပြီး လက်ထပ်ကြဖို့ ပြောရမဲ့အခါ ရောက်လာတာနှင့် အရင်က ကတိစကားအတိုင်း၊ သူ့ဦးကြီးများကို တိုင်ကြား ခွင့်ပန် ဖို့ မောင်မောင်လူကို သတိပေးချင်လို့ပါ"
"အခုနေအခါဆိုတော့ စာတော်ပြန်ပွဲအတွက် ဝေး၀န်မင်း ဦးရွေရီရဲ့ ၀န်ကတော်တို့လည်း ရွှေမြို့တော် ရောက်နေကြတဲ့ အတွက် မပြန်ခင် ဒီကိစ္စကို ပြောကြမှ ခရီးရောက်ပါ လိမ့်မယ်၊ နောက်တစ်ခေါက် လာဖို့ဆိုတော့ တကူးတကကြီး ခရီးကလည်း ဝေးပါတယ်"

"လာတဲ့အခိုက် ကိစ္စပြီးလိုက်ရင် ကောင်မလားလို့ပါပဲ၊ မောင်မောင်လူနဲ့လည်း ခုတလော မတွေ့နိုင်ဘူး ခင်မကြီးရဲ့၊ အရှင်ထိပ်စုဖုရားကို ခွင့်ပန်ပြီး အိမ်ခဏပြန်ရင် ခါတိုင်းတော့် မောင်မောင်လူတို့ လူပျိုတော်သားတွေဟာ ဘုန်းကြီးလှသော ဘုရားထွက်တော်မူရာ ပါနေရလို့ လာနိုင်ရှာမယ်မဟုတ်ဘူး"

"ဒါကြောင့် စာတော်ပြန်ပွဲမှာဆိုရင် ခင်ကလည်း တွေ့ဖို့လွယ်ပြီး မောင်မောင်လူ ကလည်း တွေ့ဖို့မခဲယဉ်းဘူး ခင်မကြီးရဲ့၊ မသကာဘုန်းကြီးလှသောဘုရား တရားနာရေစက်ချ တော်မနေတုန်း ဖြစ်ဖြစ် စံတဲနန်းတော် အနီးအပါးသွားတွေ့နိုင်တယ်"

"ဟင်....ဒီလောက် လူတွေစည်ကားနေတဲ့ အထဲမှာ စကားပြောရဲပါ့မလား ခင်ဘုန်းရဲ့ လူမြင်ရင် ရှက်စရာကြီးပဲ"
"ဟာ.......အရေးကြီးတော့လည်း တွေ့ချင်တာပဲ ခင်မကြီးရဲ့၊ သူ့ကို မေးချင်တာကလေး မေးရုံပါပဲ၊ ဦးရွေရီကို ပြောပြီးပလား မပြောရသေးရင်လည်း ဒီတစ်ခါလာတဲ့ တစ်လက်စတည်း ကိစ္စပြီးအောင် ပြောခဲ့ပါစေ ဆိုတာ သတိပေးမလို့ပါ၊ ဒီစကားကလေး သုံးလေခွန်းမေးရုံ၊ ပြောရုံနဲ့တော့ လူမကဲ့ရဲ့ တန်ကောင် ပါဘူး၊ အမှတ်မဲ့တွေဲ့ပြီး မေးရုံပါ၊ သူများတကာ သမီးရည်းစားတွေလို မယ်ဘွဲ့မောင်ဘွဲ့နှောပြီး ရှည်မြော နေဖိုက မဟုတ်ပါဘူး၊ ဒါပါပဲ၊ ကဲ.....ခင်မကြီး ကျေနပ်ပလား၊ သိချင်လိုက်တာ လွန်ပါရော"

"ကျေနပ်ပါပြီလေ၊ ဒါဖြင့် နေစမ်းပါဦး၊ ဝေး၀န် ဦးရွေရီက ခင့်မိဘများကို တစ်လက်စတည်း ပြောဆိုကြောင်းလမ်းသွားလို့ မောင်မောင်လူနဲ့ ခင်ဘုန်းမကြာခင် လက်ထပ်လိုက်ရင် ခင်မကြီးတို့ထိပ်စုဖုရား အဆောင်တော်မှ အပျိုတော်တစ်ဦးတော့ လျော့သွားတော့ မှာပေါ့နော်၊ ခင်ဘုန်ကတော့ ချစ်သူနဲ့ နီးရလို့ ၀မ်းသာခြင်းကြီးမက ၀မ်းသာသွားမှာ အမှန်ပဲ၊ ခင်မကြီးတို့တစ်တွေမှာသာ အပျိုတော်တစ်ယောက် လျော့သွားတဲ့အတွက် ၀မ်းနည်းပက်လက် ကျန်ရစ၀်ကြရတော့မယ်"

"ခင်ဘုန်းကလည်း ကိုယ့်အပျိုတော် ဖော်ချင်းတွေက်ု ဘယ်မှာခွဲချင်ပါ့မလဲ၊ ၀မ်းအနည်း သားပါ၊ သို့ပေတဲ့ 'ကိုယ့်ရေးကြုံတော့ သက်လုံကောင်း'မှ ဆိုတာလိုပဲ ခင်မကြီးရယ် ဒါပေမဲ့ ခင်ကလည်း အောက်မေ့တိုင်း အဆောင်တော်ကို အခစားရောက်ရမှာပါ့၊ နို့ပြီးတော့ ယခု ချက်ချင်းလည်း ခွဲရဦးမှာ မဟုတ်သေးပါဘူး၊ အရေးတကြီး ပြောတယ်ဆိုဦး အနည်းဆုံး တစ်နှစ်မျိုး ဆယ်လမျိုးရှိမှ ပြီးစီးထမြောက်ရမဲ့ ကိစ္စမျိုးကလား ခင်မကြီးရဲ့"

"ဟုတ်ပါရဲ့လေ၊ ဗြုန်းခနဲတော့ ခွဲကြရဦးမှာ မဟုတ်ပါဘူး၊ ဒါပေတဲ့ လာမဲ့အရေးတွေပြီး ၀မ်းနည်းမိတာနှင့် ပြောရတာပါ၊ ကိုင်း.....နက်ဖြစ်တော့သာ ကိုယ့်လူကိုယ်တွေ့အောင်ကြံ ပြီး ပြောစရာရှိတာ ပြောကြတာပေါ့၊ လူတွေကတော့ အင်မတန်များပြီး ခြိမ့်ခြိမ့်ပွမ်းအောင် စည်ကားတာပဲ၊ လူလူလေးပါး အကဲခတ်ပြီးသာ ပြောစရာ ရှိတာ မြန်မြန်သုတ်သုတ် ပြောပြန်ခဲ့ပေတော့"
"လူတွေ အင်မတန်များသလား ခင်ရဲ့"

"အို....လူကတော့ အရင်နှစ်တွေ နှစ်တွေတုန်းကနှင့် နည်းနည်းမှမတူဘူး၊ အထူးကိုပဲ များပြားစည်းကားတယ် ခင်ဘုန်းရဲ့"
"ဒါဖြင့် မောင်မောင်လူနဲ့ ခင်နဲ့ ဘယ်လိုများ တွေ့အောင်ကြံရမလဲ၊ မျက်လုံးချင်း အချက်ပြ ရအောင်ဟာလည်း ပရိသတ်က မနည်းတော့ အဲလေ နေ့စဉ်ရက်ဆက် သွားနေရရင် တစ်နေ့မမြင် တစ်နေ့တော့ မြင်တော့မှာပဲ၊ သူကလည်း ခင်ဘုန်း လာမလာကို ပရိသတ်ထဲ မျက်လုံးနဲ့ ရှာရမှာပါပဲ၊ ခင်မကြီးကသာ ကျေးဇူးပြုပြီး ခင်ဘုန်းနေ့တိုင်း အရှင်ထပ်စုဖျား နောက်တော်က ပါရအောင် ကြံဆောင် ကူညီပါနော်၊ နောင်ခါတော့ ကျေဇူးမမေ့ပါဘူး"

"အို....စိတ်ချ ခင်ဘုန်း၊ နေ့တိုင်း လိုက်ရစေမယ်၊ အထိန်းတော်သခင်ကြီးကို ခင်မကြီးပြောရင် ပြီးပါတယ်၊ သခင်ကြီးဖျာ့ ဘာလား ညာလားနဲ့ အနားနှစ်ခါလောက်ကပ် ပြီး ချော့လိုက်ရင် သဘောကောင်တဲ့ သခင်ကြီးဟာ တစ်ခါတည်း ပျော့ကျရမြဲပါ  ခင်ဘုန်းရဲ့"

ပြောနေစဉ် ထိပ်စုဖုရားလတ်၏ အဆောင်တော်အတွင်းမှ အထိန်းတော်ကြီး ခင်ဘွားသစ် ထွက်လာသည်ကို မြင်ရလျှင် အချင်းချင်း လက်တို့ကာ¬¬¬¬...
"ဟော....ပြောရင်းဆိုရင်း သခင်ကြီးထွက်လာပြီ"
ဆိုကာ နေရာများ ပြင်ထိုင်ကြလေ၏ ။ အထိန်တော်ကြီးလည်း ခင်မကြီးတို့ အနီးသို့ ရောက်လာပြီး ညောင်းညာသော အမူအရာနှင့်ကိုယ်လက်ဆန့်တန်း အညောင်းဖြေလိုက်
ကာ-
"ဒီနေ့ဖြင့် တစ်နေ့လုံး စာတော်ပြန်ပွဲက စံတဲတော်မှာ ခစားနေရတာနဲ့ ညောင်းလိုက်တာ ကွယ်၊ အဆောင်တော်ပြန်ရောက် လာပြန်တော့လည်း စုဖုရားအပါးမှာ စက်တော်မခေါ် မချင်း စောင့်ခစားနေရတာ၊ တော်ကြာသွားတယ်၊ ခုမှ လုံးလုံးစက်ပျော်တော်မူသွားတာနှင့် ထွက်လာခဲ့ရတာပဲ"
"ဟုတ်ရှာမှာပဲ ခင်ဘုန်းရဲ့၊ နို့....သခင်ကြီး ညောင်းတော်မူရင် ခင်မကြီးရဲ့ ခင်ဘုန်းက နှိပ်ပေးပါမယ်ဖျ"
"အို....နေပါစေကွယ်၊ အတူတူချင်း ညောင်းလာကြတာကပဲ"

"ခင်ဘုန်းက အဆောင်တော်စောင့်ကျလို့ မညောင်းပါဘူးဖျ၊ ဟောဒီ....သင်ဖြူးချော ကလေးပေါ်မှာ လှဲတော်မူပါ၊ ဖျာ့ကျွန်မ အသာအသာ နှိပ်ပေးပါ့မယ်"
ဆိုကာ ခင်ဘုန်းက ပျာပျာသလဲ သင်းဖြူးကလေးခင်း၍ ကတ္တီပါ လက်ထောက်ကလေး ချပေးရာ အထိန်းတော်ကြီးမှာလည်း တစ်နေ့လုံး ပင်ပန်းညောင်းညာလာသောကြောင့် အိပ်ချင်နေတုန်း အိပ်ရာခင်း ပေးသလို ဖြစ်ရကား သင်ဖြူးပေါ်တွင် ကျောစင်းကာ လဲလျောင်းလိုက်သဖြင့် ခင်ဘုန်းက သလုံးသား ကလေးကို အသာအယာ ဆုပ်နယ်ပေးနေ လေ၏ ။ အထိန်းတော်ကြီးလည်း ခင်ဘုန်း နှိပ်ပေးသည်ကို ခပ်ပြုံးပြုံး ကျေနပ်စွာခံရင်းပင်-

"ခုနင်က ခင်ဘုန်းနဲ့ ခင်မကြီးတို့ ဘာများပြောဆို  တိုင်ပ်နေကြသလဲ၊ သူတို့နှစ်ယောက် ကြည့်ရတာ ဘယ်အခါမဆို တွဲတွဲ တွဲတွဲနဲ့ အမြဲပူးနေကြတာပဲ၊ တယ်လည်း ချစ်ကြမှတ်တယ်"
စကားစလိုက်လျှင် အနီးတွင် ထိုင်းနေသော ခင်မကြီးက သွက်လက်စွာနှင့်-

"ဖျာ့ကျွန်မတို့ တခြားအကြောင်းပြောတာ မဟုတ်ပါဘူးဖျ၊ နေ့လယ်က သုဓမ္မာ စာတော်ပြန်ပွဲ အခမ်းအနား နှင့် ပရိသတ်တွေ တယ်ရွေ့ဘယ်မျှ စည်ကားကြီးကျယ်တယ် ဆိုတာ ပြန်ပြောနေရတာပါ၊ ခင်ဘုန်း သု့ခမျာ အဆောင်တော် စောင့်လှည့်ကျနေလို့ အရှင်ထပ်စုမြတ်ဖျား ထွက်တော်မူရာ မလိုက်ပါ ရရှာလို့ ဖျာ့ကျွန်မ တစ်ဆင့် ဖောက်သယ်ချနေရပါတယ် ဘုရား"
"သြော်.....ခင်ဘုန်း မလိုက်ရရှာပဲကိုး"

"မှန်လှပါဘုရား၊ ဖျာ့ကျွန်မလည်း သုဓမ္မာပွဲတော်ကြီး ကြည့်ချင်မြင်ချင်လွန်းလို့ အရှင်ထပ်စုမြတ်ဖျား ထွတ်တော်မူရာ လိုက်ချင်လိုက်တာ လွန်ပါရော၊ ဒါလောက်လိုက်ချင် တဲ့ လူကိုမှ အဆောင်တော် စောင့်ကျတာ နာလွန်းလို့ပါဖျ၊ ဒါနဲ့ အာသာပြေ ခင်မကြီးကို မေးနေရပါဘုရား"

"အို....ဒီလိုမှန်းမသိဘဲကိုကွဲ့၊ ကဲ....ကဲ နက်ဖြန် စုထားဖုရား ထွက်တော်မူရင် ခင်ဘုန်းကို အဆောင်တော်စောင့် မထားခဲ့ပါဘူး၊ ဒီလိုလိုက်ချင်ရင်လည်း အစကတည်းက လိုက်ပါရစေဘုရားလို့ ဖွင့်ပြောရောပေါ့ကွယ်၊ မလိုက်ချင်တဲ့လူကို ချန်မထားရပါလား"

ပြောလိုက်သောကြောင့် ခင်ဘုန်းသည် မိမိအလိုဆန္ဒ ပြည့်ဝတော့်မည်ဖြစ်၍ ၀မ်းမြောက် ၀မ်းသာ ပြုံးရွှင်လာလေ၏ ။
အကြောင်းသိပြီးဖြစ်သော ခင်မကြီးကလည်း အထိန်းတော်ကြီး မမြင်အောင် ခင်ဘုန်းကို မျက်လုံးနှင့် ငေါ့လိုက်သည်တွင်မှ ခင်ဘုန်းကတစ်ဖန် 'အထိန်းတော်ကြီး ရိပ်မိသွားပါဦး မည်' ဟူသော အထိမ်းအမှတ်ဖြင့် မျက်စိမှိတ်ကာ လက်ကုတ်ကာနှင့် အသာအယာ နှိပ်နယ်မြဲ နှိပ်နယ်ပေးနေရာ ပင်ပန်းလာသော အထိန်းတော်ကြီး ခင်ဘွားသစ်လည်း များမကြာမီ အိပ်ပျော်သွားပြီ အဆောင်တော်ထဲရှိ အခြားသော အပျိုတော် လက်ပါးစေ စသည်တို့လည်း အသီးသီးနေ့ခင်းက စာတော်ပြန်ပွဲကြီးတွင် တွေ့မြင်လာသမျှ  အကြောင်း များ ကိုယ့်လူနှင့်ကိုယ် ပြောဆို ရယ်မောနေရာမှ ပင်ပန်းညောင်းညာလာကြ သော အရှိန်ကြောင့် မကြာမီ အဆောင်တော် တစ်ဝန်းလုံး တိတ်ဆိတ်ငြိမ်သက်၍ အိပ်စက်သွားကြလေ၏ ။

ယင်းသည် ပထမနေ့မှ အစပြု၍ သုဓမ္မာစာပေ စာပြန်ပွဲတော်ကြီးမှာ ကြီးကျယ်စည်ကားစွာ ဆင်ယင်ကျင်းပလျက် နေ့ရက်ကြာညောင်ခဲ့သလောက် ထိပ်စုဖုရားလတ်မှာလည်း မယ်တော်ဖြစ်သော အလယ် နန်းမတော်ဖုရာ ထွက်တော်မူတိုင်းပင် သုဓမ္မာစာသဘင်သို့ ပါဝင်ထွက်တော်မူလျက် ရှိလေ၏။ မောင်တော် သီပေါမင်းသား၏ နှစ်ထောင်းအားရစဖွယ် ပညာစွမ်းထက်မြက်တော်မူလှခြင်းကို မင်းပရိသတ်၊ ရဟန်းပရိသတ်တို့က သောင်းသောင်း ဖြဖြ ချီးမွမ်းစကားပြေကာသံများနှင့် ကောင်းချီးသြဘာ၊ ထောပနာစကားများ၊ သဲသံရုတ်ရုတ် မျှ ကြားတော်မူလေရာ စုဖုရားလတ်မှာ သူတစ်ပါထက်တိုး၍ အမျိုးမျိုး နှစ်သက်လျက် အားတက်ဝမ်း မြောက်တော်မူရှာမိလေ၏ ။

ယင်းသို့ နှစ်သက်ဝမ်းမြောက်တော်မူရတိုင်းလည်း အထိန်တော်ကြီး ခင်ဘွားသစ်နှင့် မောင်တော် သီပေါမင်းသားအကြောင်းကို ခေါင်းချင်းဆိုင်၍ မြိုင်မြိုင်ကြီးပြောဆိုချီးမွမ်း တော်မူနေရသည်ပင် တင်းတိမ်ရောင့်ရဲတော်မမူနိုင် ရှိလေ၏ ။

သို့နှင့် စည်ကားကြီးကျယ်လှသော သုဓမ္မာ စာတော်ပွဲသဘင်ကြီးလည်း နေ့စဉ်ဆက် လက်ကာ စာမေး၊ စာဖြေ ကိစ္စများ မပြီးမချင်း ကျင်းပလျက်ရှိခဲ့ရာမှ အချိန်အားဖြင့် တစ်လနီးပါး ရှိသောအခါမှပင် ကိစ္စအလုံးစုံ ပြီးစီးသွားခြင်းသို့ ရောက်ခဲ့၍ စာတော်ပြန်ပွဲသို့ ၀င်နွှဲဖြေဆိုတော်မူသော သီပေါမင်းသားလည်း နောက်က်ဆုံးအကြိမ်ဖြစ်သော 'ပထမကြီး' အောင်ပန်းကို လက်လှမ်းဆွတ်ယူ၊ လွယ်လင့်တကူ အောင်မြင်တော်လေတော့သတည်း။

ခမည်းတော် ပဉ္စမသင်္ဂါယနာတင်၊ ဘ၀ရှင်မင်းတရားကြီးဘုရားလည်း သုံးနှစ်တိုင်တိုင် 'ပထမပြန် အောင်ပန်း' ကို ဆွတ်လှမ်းသွယ်ချူ အောင်တော်မူသော သီပေါမင်းသားအား များစွာ နှစ်သက်တော်မူလှသဖြင့် နှုတ်မိန့်ဖြင့် အထူးမြွတ်ကြား ချီးမွမ်းတော်မူရုံမက အဆောင် အယောင် အခမ်းအနား နှင့်တကွ ဆုတော်လာဘ်တော်များ မြောက်မြားစွာ ချီးမြှင့် သူကောင်းပြုတော်မူပြီးလျှင် သားတော် သီပေါမင်းသားငယ်အား ပထမပြန် သုံးကြိမ်ပြန်ဆို တော်မူနိုင်သော ပညာသတ္တိတော်ကို အထူးချီးကျူးတော်မူသောအားဖြင့် ရှေးအခါကဲ့သို့ သာမန် မင်းညီမင်းသားအဖြစ်တွင် ကျောင်းတော်၌ ပညာမျာ ဆက်လက်သင်ကြားစေခွင့် ပြုတော်မမူတော့ဘဲ အပြီးငြိမ်း လူဝတ်လဲလှယ်တော်မူစေပြီးလျှင် မင်းသားလတ်တို့၏ အစီး အနင်း အဆောင်အယောင်ကို ချီးမြှင့်သူကောင်းပြုတော်မူလျက် ရွှေလွှတ်တော်ကြီး မြောက်ဘက်၌ စံအိမ်တော် သီးသန့်ဆောက်လုပ် ပေးသနားတော်မူကာ ခမည်းတော် မင်းတရားကြီး ဘုရား ရှေ့တော်သို့ ခစားထွက်ဝင်လျက် နေထိုင်တော်မူရလေတော့တည်း။

သီပေါမင်းသား၏ မယ်တော်ဖြစ်သော လောင်းရှည်မြို့စား သီရိမဟာ သုပဘာဒေ၀ီ ဘွဲတော်ခံ မိဖုရားကြီး မှာလည်း အတိတ်ကာလက မင်းတရားကြီးဘုရား မျက်မာန်ပွား၍ သေးသိမ်မှေးမှိန်စွာ အဆောင်တော်ကြီး တွင် သနားစဖွယ်၊ အားငယ်ငယ်နှင့် ကြီးပွားလာရ သော သားတော်ကလေးအား "ရှေးကံကူပင့် ဘုန်းပန်းပွင့် သကဲ့သို့ ပညာရဲရင့် ပွဲလယ်တင့်၍ ဘုရင်မြှောက်စား သူကောင်းပြုတော်မူခြင်း ခံရသောခဏ၌ ပြာဖုံးသော မီးခဲကဲ့သို့ ရဲရဲတောက်လောင်၊ ဘုန်းရှိန်ရောင် ကွန့်မြူးသဖြင့် အလွန်အကျူး ၀မ်းမြောက်နှစ်သက် သားတော်မိခင်တည်း ဟူသော မာန်များပင် တက်ရတော့မလောက် သွေးကြွမြောက်တော် မူမိလေ၏။

အခြွေအရံ လူပျိုတော်သားတွေ ၀ိုင်းရံခစားလျက် လက်သုံးဓားပိုင် မင်းသားတစ်ပါးအဖြစ် နှင့် အိမ်တော်သစ်တွင် ချမ်းမြသာယာ ငြိမ်းအေးစွာ ခံစား၍ ခမည်းတော်ထံပါးသို့ မကြာ ခဏ အခစားဝင်၊ အတိုင်ပင်ခံနေရသော သားတော် သီပေါမင်းသားအား မိမိစံအိမ်တော် ဆီမှ တမျှော်မှော်ကြည့်၍ ၀မ်းမြောက်ခြင်းပီတိဖြင့် ဆီထိသော ၀ါဂွမ်းလို တရွှမ်းရွှမ်း တအိအိ နှစ်သက်တော် ရှိလေ၏။

ပထမပြန် သုံးကြိမ်တိုင်တိုင် ပြန်ဆိုတော်မူသော အရှိန်သတင်းဖြင့် သီပေါမင်းသား ကလေး၏ ဂုဏ်သတင်း သည် နန်းတွင်း၊ နန်းပြင်မှစ၍ အရပ်ရပ်အနယ်နယ်တွင် ချီးမွမ်း ထောပနာကြသော သြဘာ မင်္ဂလာစကား တို့မှာ နှုတ်ဖျားတိုင်း သီးလျက်သာ ရှိလေရာ ချစ်ခင်နှစ်သက် မေတ္တာဖက် ဖြစ်တော်မူသော စုဖုရားလတ် မှာလည်း  သီပေါမင်းသား ကလေး၏ ကောင်းသောဂုဏ်သတင်းတော်ကို တသင်းသင်း မွှေးတိုင်း၊ မေတ္တာတော် ညွတ်ကိုင်း၍ အတိုင်းထက်အလွန်တံခွန်ဘုရား၊ သည်မောင်တော် ဖျားမှ ငါ့မောင်တော်ဖျား ဟု အားရကျေနပ် မူတိုင်း အချစ်လှိုင်ကြီး တအိအိကြွလျက် ရှိတော်မူပြီးလျှင် သီပေါမင်းသား ကလည်း ဒီစုဖုရားမှ စုဖုရားဟု တစ်ပါးကို မမြင် အချစ်တော်စင်စင်နှင့် ခင်မင်မြတ်နိုးတော်မူ မဆုံး ဖြစ်တော်မူကာ မိမိစံအိမ်တော်တွင် စံတော်မူသမျှ အချိန်ကာလတို့တွင် အိမ်တော်ပါ လူပျိုတော်သားများနှင့် စုဖုရားအကြောင်းကို မိန့်တော်မူရင်းသားလျှင် အချိန်ကုန်ရတော့ လျက် စုဖုရားလတ်ကလည်း အထိန်းတော်ကြီးကို ခင်ဘွားသစ်နှင့် နေ့ရှိသမျှ ပဟိုရ် ကျသမျှ အချိန်တိုင်းတွင် မောင်တော် သီပေါမင်းသား အကြောင်းလောက်သာလျှင် ပြောဆို အချိန်ကုန်တော်မူခဲ့ကြလေ၏။

အရှင်သခင်များ၏ တင်းမာကြံ့ခိုင်တော်မူကြသော မေတ္တာတော်အဟုန်ကြောင့်လည်း သီပေါမင်းသား၏ လက်ရင်းတပည့် လူပျိုတော်သားများနှင့် စုဖုရားလတ်၏ အထိန်းတော် ကြီး ခင်ဘွားသစ်တို့မှာ အချစ်တမန်တော်ကြီးများအဖြစ်ဖြင့် အဆောင်တော်နှင့် စံအိမ်တော် များသို့ မနားမနေ ရက္ကန်းရှည်သလို ကူးချည် သန်းချည်နှင့် ကိစ္စများလျက် ရှိကြရာ သီပေါမင်းသား၏ စံအိမ်တော်မှ စေလွှတ်တော်မူသော လူပျိုတော်သားများနှင့် စုဖုရားလတ် အဆောင်တော်မှ စေလွှတ်တော်မူသော အထိန်းတော်ကြီး ခင်ဘွားသစ်မှာ မြောက်ဥယျာဉ် တော်ထဲတွင် နေ့စဉ် လိုလို စတည်းချကာ ပါလာသော လက်ဆောင် တော်များနှင့် ရွှေလွှာ တော်များကို လဲလှယ်ဆောင်ယူ ဆက်သရခြင်းတို့ဖြင့်လည်း အထူးတာဝန်ကျသော အလုပ် ကြီး တစ်ခု ဖြစ်နေတော့သတည်း။

ယခင်အခါကမူ သီပေါမင်းသားမှာ နန်းဦး မှန်စီရွှေကျောင်းတော်တွင် ရှင်သာမဏေအ၀တ် ဖြင့် ပရိယတ် စာပေများကို သင်းအံကြိုးစားတော်မူနေရသည်တစ်ကြောင်း အခြွေအရံ နည်းပါးသဖြင့် မည်သည့် အရေးကိစ္စ၌မဆို ကိုယ်တော်တိုင် ပြုပြင်လုပ်ကိုင်မှ ပြီးစီးရသော ကြောင့်တစ်ကြောင်း၊ နှစ်သက်မြတ်နိုးတော်မူလှသော စုဖုရားလတ်ထံတော်သို့ပင် ရွှေလွှာ တော်သ၀ဏ်မှာစာတမ်းတော်များ ရေးသားပို့သ လိုသလောက် မရေးတော်မူနိုင်အားဘဲ နေ့ခဲ့ရာ ယခုအခါသော် စာတော်သင်ခြင်းကိစ္စလည်း ပြီးဆုံးအားလပ်တော်မူရုံမက စံအိမ်တော်သီးခြား၊ တပည့် လူပျိုတော်သား ပညာတတ် စာဆိုတော်ကလေးများပင် ခစား ၀ိုင်းရံကာ ချမ်းသာရိပ်ငြိမ် စည်းစိမ်တော်ထက်ဝယ် နှစ်သက်ကြည်ရွှင်စွာ စံတော်မူရသော သမ္ပတ္တိအခါတော်မျိုးတွင် ရောက်ရှိနေတော်မူကား ချစ်မြတ်နိုးတော်မူသော စုဖုရားအား စိတ်တော်ရှိသမျှတိုင်း ခဏမဆိုင်း ဆိုသလို ရွှေလွှာတော် အတန်တန် မှာတမ်းတော် အစားစာ တေးထပ်၊ သံထောက်၊ ဘောလယ် စသော ကဗျာခန်းနှင့် ဥာဏ်စမ်း၍ အချစ် လမ်းခင်းလိုသမျှ ခင်းတော်မူလျက် ရှိလေ၏။
သ၀ဏ်ရွှေပြားပေါ်တွင် အချစ်မှာတမ်းဖြစ်သော တေးထပ်၊ သံထောက်စသော မှာတမ်း တော်များကို ပညာဥာဏ် ရင့်သန်ထက်မြက်တော်မူသော မင်းသားတစ်ပါးဖြစ်သည့် အားလျော်စွာ တောင်ငူဘုရင်  နတ်ရှင်နောင် မင်းသားပမာ ကိုယ်တော်တိုင် စီကုံးရေးသား တော်မူတတ်ပြီးလျှင် တစ်ခါတစ်ခါလည်း ကဗျာဂီတ အရာတွင် ပါရဂူမြောက်၍ အညွန့်တလူလူ ထွက်ပြူပေါ်ပေါက်စဖြစ်သော ကျောင်းနေဘက် လက်ရင်း တပည့် ကိုယ်ရံ တော် လူပျိုတော်သားဖြစ်သူ (*) မောင်ဖေငယ်အား စိတ်တော်တိုင်းကျ ရေးသား တော်မူ စေလေ၏။

(*မှတ်ချက်။   ။ မောင်ဖေငယ်ကား ဘိုတော်ဘုရား၏ သားတော်တစ်ပါး ဖြစ်တော်မူ သော ရွှေကူမင်းသား၏ မြေးဖြစ်သည်။ နောင်တော် သီပေါမင်းသား အထွတ်အမြတ်ရောက်သော ကာလ စီးတော်မြင်းဝန် ရွှေတိုက်စိုး၊ တောင်တမန်လယ်စားဟူသော အမည်ဖြင့် အထူး ထင်ရှား ကျော်ကြားသူ ဖြစ်လေသည်။)

မောင်ဖေငယ် ရေးသားစီးကုံး ဆက်သသော တေးထပ်၊ သံထောက်များမှာ အရှင်သခင် ဖြစ်တော်မူသော သီပေါမင်းသား ရေးသားစီကုံးတော်မူသည်ထက်ပင် အနုအယဉ်၊ အညုအခရာမှာ သာလွန်ပိုကဲလျက် ဆရာ့ထက် လက်စောင်းထက်နေသောကြောင့် ခိုင်းစေတော်မူသော သီပေါမင်းသား ကိုယ်တော်တိုင်ကပင် အထူးအားရ ကျေနပ်တော်မူ ကာ စုဖုရားထံတော်သို့ ပေးပို့ရန် ရွှေလွှာတော်တိုင်းမှာ မောင်ဖေငယ် စီကုံးဖွဲ့နွဲ့သော တေးထပ်များသာ ဖြစ်စေတော့လျက် မောင်ဖေငယ်မှာလည်း တစ်ခါတစ်ခါ ရေးသားစီကုံး ဆက်သလျှင် အရှင်သခင်၏ ပေးသနားတော်မူသော ဆုတော်၊ လာဘ်တော်များကို သိမ်းကောက်၍ပင် မနိုင်သောဟူသတည်း။

သီပေါမင်းသား စံအိမ်တော်တွင် စံတော်မူစဉ်အခါတွင် အသီးသီး ခစားထမ်းရွက်ကြသော လူပျိုတော်သား များအနက်မှ လက်ရင်းအကျဆုံး ယုံကြည်ချစ်ခင်တော်အမူဆုံး ဖြစ်သော တပည့်ရင့်များမှာ ရွှေကူမင်းသား ၏မြေး မောင်ဖေငယ်နှင့် ရေနံချောင်းမင်းကြီး၏သား မောင်တုတ် (နောင်အခါ ရနောင်မြို့စားရ၍ ရနောင်မောင်တုတ်ဟူ၍တွင်သည်) တို့ဖြစ်၍ မောင်ဖေငယ်မျာ ပဋိသန္ဓေအခံ ပညာတော်ရင့်သန်၍ နူးညံ့သိမ်မွေ့သူဖြစ်သောကြောင့် နှလုံးရည်ဖြင့် အမှုတော်ထမ်းသူဖြစ်ပြီးလျှင် မောင်တုတ်မှာ မဟုတ်မခံ ဟောဟောဒိုင်းဒိုင်း မကြောက်မရွံ့ နောက်မတွန့်တတ်သော ၀ါသနာကြောင့် လက်ရုံးရည်ဘက်က အားတက် သရော အမှုတော်ထမ်းမည့် ယောက်ျားတစ်ယောက်ဟု ထိုနှစ်ယောက်ကို ၀ဲယာလက်ရုံး ကြီးများပမာ အထူးအရေးပေးတော်မူထားရကား မောင်တုတ်နှင့် မောင်ဖေငယ်တို့မှာလည်း "အရှင်ဘုန်းကြီး ကျွန်ဓားပြီး" ထိုကဲ့သို့ ကိုယ့်အရှင်သခင်၏ အကျိုးကို အထူးလိုလားလျက် ရှိသော တပည့်ကောင်းကြီးများ ဖြစ်ကြလေ၏။

စုဖုရားလတ်မှာလည်း ချစ်မြတ်နိုးတော်မူလှသော သီပေါမင်းထံမှ သ၀ဏ်လွှာ ရွှေပြားများ တစ်နေ့တစ်ရက်မျှ ရပ်နားသည်မရှိအောင် အပို့ရောက်သလောက် ရောက်လာသော အလွှာတော်များကို ရှုစားတော်မူရခြင်း၊ အလွှာတော်များ ရသလောက် ပြန်ကြားလွှာ ရေး သားတော်မူရခြင်းတို့ဥာ အချိန်ကုန်တော်မူရှာပြီး မောင်တော် သီပေါမင်းသားကိုလည်း မင်းညီမင်းသားတည်း ဟူသော စည်းစိမ်တော်ဖြင့် မိမိအပေါ်တွင် ရှေးခါကထက် ပေါ့လျော့ တော်မူသွားလေမည်လားဟု စဉ်းစား စိုးရိမ်တော်မူ ခဲ့မိသလောက် ယခုကဲ့သို့ ခမည်းတော် ဘုရား ချီးမြှောက်သူကောင်းပြုတော်မူထား၍ စံအိမ်တော် သီးခြားနှင့် မင်းညီမင်းသား အဖြစ် ရောက်တော်မူမှ ရှေးကထက် ထူးကဲပိုမို အလိုတော်လိုက်၊ ဂရုစိုက်တော် မူကာ အလွှာတော်များ မနားတမ်းစေလွှတ် ပို့သတော်မူနေသည့်အတွက် ယခင်က စိုးရိမ်တော် မူမိသည်များကိုပင် ပြန်လှန်အပြစ်တင်တော်မူမိကာ

"သြော် ... မောင်တော်သီပေါမင်းသားဟာ စုစုကို အင်မတန်မှ မြတ်နိုးချစ်ခင်တော်မူရှာပါ ကလား၊ တခြား မင်းညီမင်းသား တွေသာဆိုလျှင် ယခုလို စံအိမ်တော်သီးခြားနှင့် မင်းသား ပီပီ စံတော်မူရတယ်ဆိုလျှင်ပဲ ကိုယ်လုပ်တော်တွေအလဲလဲ၊ ကြင်ယာတော်တွေ အနည်းနည်းနှင့် စည်းစိမ်တော်ထဲမှာ ယစ်မူးပြီး ချစ်ဦးကို မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေတော်မူလိုက်ကြမှာပဲ၊ ယခု သီပေါမောင်မောင်ကတော့ နောင်ခါ မဖောက်ပြား ပါဘူးဆို တဲ့ သစ္စာစကားတော်အတိုင်း တည်တည်ကြည်ကြည် ရှိတော်မူပါပေတယ်၊ စိတ်သဘော ကောင်းတော်မူသလောက် ရိုးရှာတော်မူတဲ့အတွက် စုစုဖြင့် ချစ်တော်မူတာတွင်မက သနားလည်း အင်မတန်မှ သနားတော်မူမိတာပဲ သစ်သစ်ရဲ့"

အထိန်းတော်ကြီး ခင်ဘွားသစ်နှင့် စပ်မိတိုင်း မိန့်တော်မူကာ မောင်တော် သီပေါမင်း သားအား မေတ္တာတော် ဆထက်ထမ်းပိုးတိုး၍ အချစ်နှင့်သနား၊ နှစ်ပါးစုံ စစ်ခင်း၍ ရင်တွင်း မဆန့်ဖြစ်တော်မူလျက် ရှိလေ၏။
"မောင်ဖေငယ်"
"ဘုရား"
"ဒီတစ်ကြိမ်ရေးတဲ့ တေးထပ်ဟာ အတော်ထူးခြားတဲ့ အဓိပ္ပာယ်တွေ ပါနေပါကလား မောင်မင်း"
"အမိန့်ရှိတော်မူပါဦးဘုရား"

"မောင်မင်းကို ခါတိုင်းလို သစ္စာထား တေးထပ်တစ်ပုဒ် ရေးပါလို့ ငါပြောတာ၊ ခုတော့ မင်းတေးထပ်ထဲမှာ သစ္စာထားရုံတွင်မကဘဲ သစ္စာထားတဲ့အကြောင်းကို စာလွှာနှင့် ရေးရ သည်ထက် နှစ်ပါးတွေ့ပြီး တေ့တေ့ ဆိုင်ဆိုင် ရွှေကျမ်းကိုင်ပြီး သစ္စာမဏ္ဍိုင်ကြီး စိုက်ချက် ပါတယ်လို့ ရေးထားတော့ ငါကိုယ်တော်တိုင် စုစု အဆောင်တော် သွားပြီး နှစ်ပါးတွေ့တော် မူရဦးမလိုလို အဓိပ္ပာယ်ပါဝင်နေပါပေါ့လားဟဲ့"
"မှန်ပါ၊ ကျွန်တော်မျိုးနဲ့ မောင်တုတ် ဒီကိစ္စအတွက် နှစ်ဦးတိုင်ပင်ပြီးမှ မောင်တုတ်အလိုကျ အောင် ရေးသား စီကုံးရခြင်း ဖြစ်ပါတယ်၊ မောင်တုတ်ကို မေးတော်မူပါဘုရား"
"ဟဲ့  မောင်တုတ်ကဲ့"

"ဘုရား"
"ပြုံးမနေပါနဲ့ကွဲ့၊ ဘယ့်နှယ်ကြောင့် မောင်ဖေငယ်ကို ဒီလိုအရေးခိုင်းရတာတုံးဟဲ့"
"ကိုယ်တော်က ရိုးတော်မူအားကြီးလွန်းလို့၊ အားမရနိုင်တာနဲ့ပါဘုရား၊ ကြည့်စမ်းပါဘုရား၊ ကိုယ်တော်နှင့် စုဖုရားတို့ မေတ္တာလမ်းဖွင့်တော်မူထားတာ ဘယ်လောက်ကြာပြီလဲဘုရာ့၊ ဒါနဲ့တောင်မှ ကိုယ်တော့မှာ နှစ်ပါးတွေ့ရအောင် ယနေ့အထိ စိတ်ကူးရတော်မမူသေးတဲ့ အတွက် ကျွန်တော်မျိုးက အားမလိုအားမရ မရိုးမရွကြီး ဖြစ်လွန်းလို့ ဇွတ်တွန်းပြီး စုဖုရား အဆောင်တော်ရောက်အောင် ပို့ဖိုကြံစည်ရခြင်း ဖြစ်ပါတယ်ဘုရား၊ အရှင့်ကိုယ်တော်တိုင် သစ္စာထား၍ ရွှေကျမ်းတော်များ ကျိန်တော်မူပြမယ်ဆိုရင် စုဖုရား ကလည်း ထွက်တော်မူ မလာပါနဲ့လို့ တားမြစ်တော်မူမှာ မဟုတ်ပါဘူးဘုရား၊ အထိန်းတော်ကြီး ကလည်း ကိုယ့်လူမို့ ဘယ်သူဘယ်ဝါကိုမျှ ကြောက်လန့်ရမဲ့အရေးလည်း မရှိပါသဖြင့် စုဖုရား အဆောင်တော် သို့ ထွက်တော်မူဖို့ အခါအခွင့်သင့်နေပါပြီဘုရား"

"ဟယ် ... မဖြစ်နိုင်တာတွေ မကြံစည်ကြစမ်းပါနဲ့၊ ခုလို အလွှာတော်အတုံ့အပြန်စေစားပြီး ချစ်စကားဆိုနေရတာက အပြစ်ကင်းပါသေးတယ်၊ စုစုအဆောင်တော်ကို ရောက်အောင် ထွက်တော်မူ ဖို့အရေးက ဘေးအန္တရာယ် အလွန်များတာပဲ၊ မင်းညီမင်းသားဆိုပြီး ရွှေနန်း တော်ကြီးက သီးသန့် ထုတ်ပြန်ထား တဲ့ အမိန့်တော်ကို နားမလည်ရာကျတယ်၊ အနောက် ပိုင်းဆိုတာလည်း ခမည်းတော် ဘုရား ကလွဲပြီး ဘယ်မင်းညီမင်းသား မင်းယောက်ျားမျိုးကိုမှ သွာလာဝင်ထွက်ခွင့်မရှိရအောင် အထူး စည်းကြပ် စောင့်ထိန်းပြီး မိန်းမစိုး မိန်းမကြပ်တွေ အထပ်ထပ် အစောင့်ထားပြီး အနောက်ဝန် များကိုယ်တိုင် ဓားတ၀င့်ဝင့်နှင့် အသင့်ရပ်ပြီး အနောက်ပိုင်းကျူးရင် ဒူးဖြတ်ရမယ်ဆိုတဲ့ အခွင့်အာဏာ လက်ကိုင်နှင့် မြိုင်မြိုင်ကြီး စောင့်နေကြတယ်မဟုတ်လား၊ ဒီထဲကမှ အတင့်ရဲပြီး သွားလို့ အစောင့်အနေတွေနဲ့ ထက်ကြပ်မိလိုက်ရင် ရာဇ၀င်တွင်အောင် ရှက်စရာလည်းကောင်း၊ ရာဇ၀တ်အပြစ်လည်းခံ ရနှင့် ကျော်မကောင်း  ကြားမကောင်း ဖြစ်သွားပေဘူးလား။

"သီပေါမင်းသားကလေး တော်တယ်တော်တယ်နှင့် အားလုံးက ၀ိုင်းပြီးချီးကျူးနေကြတုန်း ဗြုန်းဆို 'ငါ့သမီး ချောလှ ယောက်မမြင်းစီးထွက်'ဆိုတဲ့ စကားပုံမျိုးလို ဖြစ်သွားတော့မှာပဲ၊ ခမည်းတော်ဘုရားကလည်း ယခုမြှေက်စား သူကောင်းပြုတော်မူကာစ ရှိသေး တယ်၊ 'ကျီးကန်း' သူကောင်းမြှောက် မစင်ခြောက် ကောက်စား' ကိန်းမျိုးကျနေတော့ ခမည်းတော် ဘုရားကလည်း အများကြီး မျက်တော်မူလိမ့်မယ်၊ ဒီအကြံက မဟန် ပါဘူးဟယ်၊ စုစုဆို တော့ ငါက လာမယ်ဆိုရင် ငြိုငြင်တော်မူမယ် မဟုတ်ပါဘူး၊ သို့ပေတဲ့ မတော်တဲ့ အလုပ်မို့ ဆင်ခြင်ဖို့ ၀တ္တရားရှိသဟဲ့"

"စိုးရိမ်တော်မူစရာတွေကြီး လျှောက်တွေးနေမယ်ဆိုရင် စိတ်မအေးစရာတွေသာ ပေါ်ပေါက် တတ်ပါတယ် ဘုရား၊ 'ငါဟဲယောက်ျား၊ မ,တစ်ထောင် တစ်ကောင်ဘွား' ဆိုပြီး ဘုန်းလက်ရုံးတည်းဟူသော အားအင်နှင့် ဘာမဆိုကြံတော်မူလျှင်လည်း ယောက်ျားတံခွန် လူရည်ချွန်က မိုးစွန်တမွတ် ကြယ်ကိုပင် ဆွတ်နိုင် ပါတယ်၊ ပူဖွယ် ပင်ဖွယ်၊ မအေးဖွယ်တွေ ကို တွေးပြီး စိတ်လေးတော်မမူပါနှင့်၊ အခါသင့်လို့ အခွင့်ရောက်တဲ့အခိုက်မှာ ပေါက်ပေါက် မြောက်မြောက်သာ ကြံစည်တော်မူပါဘုရား၊ အနောက်ပိုင်းကို ထွက်တော် မူဖို့အရေးမှာ ကျွန်တော်မျိုးများနှင့် အထိန်းတော်ကြီး ခင်ဘွားသစ် တာဝန် ထားတော်မူပါ၊ ဘယ်သူမှ မသိရအောင် ပိပိရိရိ အဆင်သင့် ကြံစည်ပါ့မည်ဘုရား၊ ကျွန်တော်မျိုးများနှင့် အထိန်းတော် ကြီး ခင်ဘွားသစ် ကြံစည်ခင်းကျင်းထားသော လမ်းကြီးပေါ်မှာ ကိုယ်တော် ရဲရဲသာ ထွက်တော်မူပါ၊ ဘာတစ်ခုမှ စိုးရိမ်ကြောင့်ကြ တော်မူဖို့ မရှိပါဘုရား"

"ဟယ် ... ဖြစ်နိုင်ပါ့မလား၊ ငတုတ်ကယ်၊ နင်တယ်ပြီး အာမခံရဲတယ်၊ နောက်တစ်စုံတစ်ခု ဖြစ်ရော့ ခမည်းတော်ဘုရားက နင်တို့ကို ရာဇ၀တ်တော် ပေးသနားမှာ မဟုတ်ဘူး၊ ငါ့ခေါင်း ပေါ် အားလုံးပုံကျမှာ ဒီလို အနောက်ပိုင်း ကျူးကျော်ဖြတ်သန်းတဲ့ ကိစ္စမျိုးဟာ ငါလို မင်းသားကလေး မပြောထားနဲပ ငါ့ထက်ကြီးတဲ့ နောင်တော် မက္ခရာမင်းသားကြီးတို့ သုံးဆယ်မင်းသားကြီးတို့ မြင်ကွန်းကိုယ်တော်ကြီးတို့သော်မှ မကျူးကျော်ခဲပါဘဲ ငါရဲ တင်းလွန်းလျှင် ကောင်းနိုင်ပါ့မလား ငတုတ်ရဲ့"

"ကျွန်တော်မျိုးတို့ တာဝန်ထားပါဘုရား၊ ကိုယ်တော် ရေကြည်တစ်ပေါက် မစဉ်ရပါဘူး၊ ဒီအလွှာတော်ကိုသာ စုထားဖုရားထံ ပို့လိုက်ပါရစေတော့ဘုရား"
"တယ်နော် ... ငတုတ်ဟာ တကယ့်ကို အတင်းတိုးလျှော်ကနေတော့တာပါပဲကလား၊ ငဖေငယ်ကကော တေးထပ်ကို ရေးပြီးငေးနေသလား၊ နင်တင်တဲ့စစ်ကဲ နင်မချနိုင်ဘူးလား လဟဲ့"
"ကျွန်တော်မျိုးလည်း မောင်တုတ် အာမခံရဲလွန်းလို့ ရေးသားစီကုံးရဲတာပါပဲဘုရား၊ ထွက်တော်မူဖို့ အရေးကိုတော့ စိတ်လေးတော်မမူပါနှင့်ဘုရား"
"အင်း ... နင်တို့တော့ ငါ့ကို အတင်းသား အခါပေးနေကြတာပဲကလားဟဲ့၊ ဖြစ်နိုင်မယ် မထင်ပါဘူးဟယ်"

"ဖြစ်နိုင်ကြောင်း ရဲရဲကြီး တာဝန်ခံပါတယ်ဘုရား"
"နေပါဦး လဟယ်၊ မယ်မယ်နဲ့ တိုင်ပင်စမ်းပါရစေဦး"
"ဟော ... ကိုယ်တော် ရိုးတော်မူတယ်ဆိုလေ၊ ရိုးတော်မူလာတာကိုး၊ အဆောင်တော်ကူးဖို့ ကိစ္စ မယ်တော်တိုင်ပင်ရတာမျိုး မဟုတ်ပါဘူးဘုရာ့"
ညည်းညည်း ညူညူပြောကာ မောင်တုတ်က လက်ခုပ်များတီးကာရယ်လျက် မောင်ဖေငယ် ကလည်း ရောနှောရယ်သောကြောင့် သီပေါမင်းသားမှာ ရုတ်တရက် အံ့အားသင့်သွား တော်မူဘိအလား၊ လူပျိုတော် ငယ်သားများကို အကြောင်သား ရှုစားနေတော်မူလေ၏။

မောင်မောင်တုတ်နှင့် မောင်ဖေငယ်တို့မှာ စိတ်အလိုက် မာန်အလိုက် ရယ်ပစ်လိုက်မိရာမှ ကိုယ့်အရှင်သခင်ကို မထီမဲ့မြင်ပြုရာ ကျသကဲ့သို့ ဖြစ်သွားလေသလားဟု သတိတရား လျင်စွာ ထားကာ ကပျာကာ မျက်နှာပိုးသတ်လိုက်ပြီး အနည်းငယ် ပြုံးယောင်ပြုလျက် ရှိခိုး လက်ယှက်၍
တုတ်။     ။"ကိုယ်တော်နှယ့်ဘုရား၊ ရိုးတော်မူချက်သားကောင်းပါပေရဲ့"
ထပ်မံလျှောက်သည့် တိုင်အောင် သီပေါမင်းသားမှာ နားရှင်းတော်မမူသေးဟန်ဖြင့်

"မောင်တုတ်တဲ့ ငါက အကောင်းပြောတာဟဲ၊ သင့်မသင့် လျော်မလျော်ဆိုတာ ကိုယ့် မယ်တော်တစ်ပါးလုံးပဲ ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြီး မယ်မယ်က ထိုင်သင့်တယ်ဆိုရင်ထိုင်၊ တသင့်တယ်ဆိုရင် ထဖို့ပေါ့ဟဲ့"
မျက်န္နာတော် ခပ်ရိုးရိုးနှင့်ပင် မိန့်တော်မူပြန်သဖြင့် မောင်မောင်တုတ်မှာ အပါးတော်တိုး၍-
တုတ်။        ။"ဒီကိစ္စမျိုးဆိုတာ ကိုယ်တော်တစ်ပါးတည်း ရင်းနှီးတဲ့ ကျေးကျွန်များနဲ့ တိုင်ပင်ရတာမျိုးဘုရား၊ မယ်တော်တို့ ဘာတို့ သိစေရတဲ့ကိစ္စမျိုး မဟုတ်ကြောင်းပါ"
မင်းသား။        ။"မသိပါဘူးဟယ်၊ ငါကတော့ ကျောင်းတော်တုန်းကလို တစ်နေရာရာ သွားမယ်ဆိုရင် ဆရာတော်ဘုရားထံ အမိန့်ခံသွားရသလို ခုလည်း မယ်မယ်ဘုရား အမိန့် တော်ခံသွားရရင် ကောင်းမလား လို့"
တုတ်။     ။"ဒီကိစ္စမျိုးဆိုတာ ကိုယ်တော်တစ်ပါးတည်း ရင်းနှီးတဲ့ ကျေးကျွန်များနဲ့သာ ပြီးစီးရတာပါဘုရား"
မင်းသား။  ။"အေးအေး ဒါဖြင့်လည်း မင်းတို့ပဲ အခါပေး၊ ကိုပုညလုပ်ကြတဲ့အတိုင်း နားထောင်တော်မိုရမလိုလို ဖြစ်နေပါပြီ၊ ဟုတ်မှလည်း လုပ်ကြပါကွယ်တို့ စုစုကိုတော့ ချစ်မြတ်နိုးတော်မူတာ မှန်ပါရဲ့၊ တွေ့တော်မူရန်ကိစ္စကိုဖြင့် အကြံရတော်မမူမိသေးဘူး၊ ယခု မောင်မင်းတို့ စကားဦးသန်းပြီး မှာတမ်းတော်ရေးဆက်မှပဲ သတိရတော်မူ တော့တာပဲ"

တုတ်။ ။"ကျွန်တော်မျိုးများကလည်း ရွှေကိုယ်တော်ဖျား အလိုအလျောက် သတိတော် ရမလားလို့ နှစ်ယောက်သား တိုင်ပင်ပြီး စောင့်စားနေခဲ့တာ အချိန်အတော် ကြာပါပြီ၊ ယခုတော့ နေ့ရက်သာရှည်ခဲ့ပြီး နှစ်ပါးတွေ့တော်မူဖို့ ကောင်းတယ်ဆိုတာ ကိုယ်တော့် ရွှေစိတ်တော်ထဲ နည်းနည်းကလေးမှ စဉ်းစားတော် မမူသေးကြောင်း အတတ်သိရတာ နှင့် ကိုယ်တော့်အစား အားမလိုအားမရ ဖြစ်လွန်းလို့ မောင်ဖေငယ်ကို တိုင်ပင်ပြီး ဒီခရီးမဆိုက် မနေ ရအောင် ဇွတ်ထမ်းခေါ်ခဲ့ရခြင်းပါဘုရား"

မင်းသား။       ။(ပြုံးတော်မူလျက်) "အင်း ... ငါ့ကျွန်တော်မျိုးကြီးများကဖြင့် ကိုယ်တော် ထက် အစွမ်းထက်နေကြပါပြီ၊ အေးလေ ... မှန်တာပြောရမယ်ဆိုရင် ငါလည်း ဒီစခန်း ရောက်အောင် စိတ်ကူး ပေါက်တော် မမူခဲ့သေးပဲ ဒီအရေးဟာ ဖြည်းဖြည်းဆေးဆေး အေးအေးသက်သာ ပြုရမဲ့ အရေးပဲလေလို့ ခပ်လေးလေး ခပ်ဆိုင်းဆိုင်း နေတော်မူခဲ့မိတာ ကလား"
ငယ်။       ။"မှန်ပါဘုရား၊ ယခုလောက် အချိန်ကြာ အခါလင့်အောင် လေးလေးဖင့်ဖင့် ပြုတော်မူခဲ့ရတာ ကျေနပ်တော် မူလောက်ပါပြီဘုရား"
မင်းသား။        ။"ဟုတ်ပါပြီလေ၊ ခုမှတော့ ငါ့ကျွန်တော်မျိုးကြီးများ ကြိုးဆွဲရာ ငါတစ်ကိုယ်တော်လုံး ပါရမလို ဖြစ်နေပါပြီ၊ ကိုင်း ... ဒါနဲ့ ဒီရွှေလွှာတော်ကို စုစုထံ ပို့လိုက်ပါရောတဲ့၊ တကယ်လို့ စုစုက တွေ့ဆုံတော် မမူနိုင်ပါဘူးဆိုရင် ငါ့အလွှာတော်ကြီး အဖတ်တင်မနေပေဘူးလား"

မောင်မောင်တုတ်နှင့် မောင်ဖေငယ်တို့လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ ပြုံးစိစိ ဖြစ်သွား ကြပြန်ကာ
"အဖတ်တင်စေကာမူ ဒီကိစ္စမျိုးဆိုတာ စိုးရိမ်ကြောင့်ကြ အပူတော်ခနေစရာ မဟုတ် ကြောင်းပါ၊ နှစ်ပါး တွေ့တော်မူလိုကြောင်း ခွင့်အချိန်တောင်းတဲ့အတွက်နှင့် ဖြစ်တစ်ကြိမ် မကဆယ်ကြိမ်ပင် အလွှာတော်သရဦး ကိုယ်တော်ဖျားဘက်တော်က အရှုံးမရှိနိုင်ကြောင်း ပါ၊ စုဖုရားနှင့်လည်း ရွှေမေတ္တာ နှောင်ဖွဲ့ဆဲ အချိန်အခါ ဖြစ်ပါသဖြင့် ကိုယ်တော်၏ ရွှေမေတ္တာတော်ကို လက်ခံတော်မူ၍ ကြည်ဖြူတော်မူပြီးဖြစ်တဲ့ အရှင်စုဖုရားက ငြင်းပယ် တော်မူတဲ့စကားမျိုး မိန့်ကြားတော်မူလိမ့်မည်ဟု စိုးရိမ်တော် မူစရာမရှိပါ၊ ကြည်သာတော် မူမှာပါဘုရား"
မင်းသား။      ။"ဒါကတော့ မင်းတို့အတွေးအထင်အတိုင်း တစ်ဖက်သတ်လျှောက်တင်တဲ့ စကားသာ ရှိသေးတာ ကလားကွယ်၊ တကယ် တေ့တေ့ဆိုင်ဆိုင်တော့လည်း စုထား အလိုတော်က ဖြူသလား မည်းသလား ဆိုတာ နတ်သိကြားလို အတတ်အားဖြင့် သိတော်မူ ဖို့ အခက်သားပဲ"

တုတ်။      ။"ဒါကြောင့် ထိပ်စုဖုရား အလိုတော်ကို သိတော်မူရန် ဒီရွှေလွှာတော်ကို အမြန် ပို့ဆက်လိုက်ရမည့်အကြောင်းပါဘုရား"
မင်းသား။       ။"အလွှာတော်ပို့တာ ဟုတ်ပါပြီ ငတုတ်တဲ့၊ စုစုက တွေ့တော်မမူလိုပါဘူး ဆိုရင် အဖတ်ကြီး တင်ပြီး ရှက်စရာဖြစ်တော်မူသွားမှာ စိုးရိမ်ပါတယ်လို့ ငါပြောနေပါပြီ ကော"
တုတ်။      ။"ဖျာ့ကျွန်တော်မျိုးကလည်း ဒီအတွက်နှင့် တစ်ကြိမ်တစ်ခါမက ဆယ်ကြိမ် ဆယ်ခါမျှ အဖတ်တင် ရသော်လည်း ရှက်စရာအလုပ် မဟုတ်တဲ့အကြောင်း သံတော်ဦး တင်ပြီးလို့ အလွှာတော်ပို့ဖို့ ခွင့်တောင်းခြင်း"

မင်းသား။       ။"ဟဲ့ ... နင်တို့က ငါ့ကို ရိုးတယ်ရိုးတယ်နဲ့ ငါကလည်း တကယ့်ကို ဒီလို နေရာမျိုးမှာ ကျွမ်းကျင်တော်မူသေးတာ မဟုတ်ဘူး၊ ဒီအလွှာတော်အရ စုစုဆီက ငြင်းပယ် တော်မူတဲ့အဖြေကို ပေးတော် မူလိုက်ရင် တကယ့်ကို ရှက်စရာ မဟုတ်ဘူးလား၊ ဟယ် ... တကယ်လို့ စုစုက အခွင့်သာလို့ ကြွလာတော် မူပါဆိုဦးတော့ ငါ့တော့ ဒီအနောက်ပိုင်းကို ရဲရဲဝံ့ဝံ့သွားဖို့ ခက်တော်မူသေးတယ်"
တုတ်။     ။"စိတ်ချတော်မူပါ၊ ဒီအရေးမှာ အရှင်ကိုယ်တော် ဘာမျှတွေးပူတော် မမူပါနှင့် ဘုရား၊ ဖျာ့ကျွန်တော်မျိုးတို့တစ်တွေက သေသေ၀ပ်ဝပ် ဖိဖိစီးစီးရှိအောင် အစခပ်သိမ်း ကြံဆောင်အမှုထမ်းလျက်ပါ၊ အရှင့်ကျွန်တော်မျိုးမျိုးကို ယုံယုံကြည်ကြည်ကြီး ယုတ်လျော့ စေမည့်အကြံကို တစ်ဆံခြည်မျှ တိုက်တွန်းဝံ့မယ် မဟုတ်ကြောင်း ဆင်ခြင်တော်မူပါဘုရား၊ ယခုအကြံမှာ အရှင့်အကျိုးတော်သက်သက်၊ နည်းလမ်းဆက်သခြင်းဖြစ်ကြောင်းပါဘုရား"

မင်းသား။      ။"ကဲကွယ်၊ မင်းတို့ ဒါလောက်တောင် လျှောက်နေမှ ကောင်းသလိုသာ ချင့်လုပ်ကြပေတော့"
တုတ်။     ။"မှန်လှပါ၊ ဒါဖြင့် အလွှာတော်ကို အထိန်းတော်ကြီး ခင်ဘွားသစ်လက်ရောက် အောင် တွေ့နေကျဖြစ်တဲ့ ဥယျာဉ်တော်ကို ဖျာ့ကျွန်တော်ကိုယ်တိုင် သွားလိုက်ပါတော့ မယ်ဘုရား"
မင်းသား။       ။"အေးလကွယ်၊ သွားချင်သွား၊ မသွားချင်နေ၊ ငါ့ကျွန်တွေ ကောင်းသလို သာ လုပ်ကြတော့လို့ ခွင့်ပြုတော်မူပြီးပြီ မဟုတ်လား၊ ဟော ... ဟိုက မယ်မယ်ဖျားတောင် ထွက်တော်မူလာပြီ"
အမိန့်ရှိကာ မယ်တော် ထွက်တော်မူလာသည်ကို ခရီးဦးကြိုပြုတော်မူနေသဖြင့် မောင်မောင်တုတ်နှင့် မောင်မောင်ငယ်လည်း သီပေါမင်းသား အပါးတော်တွင် အခြား လူပျိုတော်များကို ခစားရန် ထားခဲ့ပြီးနောက် အမှတ်မဲ့ပျောက်သွားကြလေရာ အိမ်တော်ဦး တွင်ကား မယ်တော်လောင်းရှည်မိဖုရားနှင့် သားတော် သီပေါမင်းသားတို့ အလ္လာပ သလ္လာပ စကားဖြင့် အပြန်အလှန် မိန့်ကြားပြောဆိုနေတော်မူလျက် ရှိကြလေ သတည်း။
 
အခန်း (၁၆) နက်ဖြန်
.

No comments: