Thursday, December 24, 2009

ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၈)

အခန်း (၈)

အထိန်းတော်ကြီးခင်ဘွားသစ်မှာ ထိပ်စုဖုရားလတ်၏ စိတ်ထားတော်ကို အတွေးအမျှော် ခက်၍ တစ်ညလုံး အိပ်စက်မရအောင် စဉ်းစားလျက်ရှိလေ၏။

ထိပ်စုဖုရား၏သဘောတော်အယူအဆကို သိလို၍ မထိတထိနှင့်ဝိတိတိနှင့် လျှောက်တင်မိ သော စကားမှာ ကိုယ့်အတတ်နှင့်ကိုယ်စူးပြီး စကားဦး တစ်ဖုံမလှည့်သာ ရှိခဲ့သောကြောင့် နောက်ထပ်စကားဆက်၍ လျှောက်တင်ချက် မသွင်းနိုင်ဘဲ ထိပ်စုဖုရား၏ အရိပ်အကဲတော် ကိုစောင့်စားလျက်ရှိရသော်လည်း အရှင်ထိပ်စုဖုရားက စကားမပြတ်မိန့်တော်မူဘိအလား သီပေါမင်းသား၏ ရွှေလွှာတော်ကိုပင် လက်ခံတော် မမူလိုသောအသွင့်ဖြင့် နက်ဖြန်ပြန် လည် ပို့ဆက်သစေဟု မိန့်ခွန်းတော်ခြွေထားပြီး ဖြစ်လေရာ သီပေါမင်းသားထံတော်၌ စကားကျွံလာသော ခင်ဘွားသစ်ကြီးတွင် ဘယ်နည်းဘယ်ပုံ ကြံရမည်မသိ၊ တစ်ညဉ့်လုံး မျက်စိအကြောင်းသားနှင့် စဉ်းစားခန်းထုတ်လျက်ရှိရာ စုထားစက်တော် ခေါ်သည့်အနီး တွင် နေရသူ ဖြစ်၍လည်း တစ်ခါတစ်ခါထိပ်စုဖုရား စက်တော်တော်မူရာ သလွန်တော် ဘက်သို့ မျက်နှာလှည့်၍ မချိတင်ကဲနှင့် ကြည့်ရှုကာ။

"သြော်...ထိပ်စုဖုရား၊ ထိပ်စုဖုရား၊ သီပေါကိုယ်တော်ကလေး သနားတော်မူသင့်ပါတယ်၊ ဘယ်နည်း ဘယ်ပုံ ကြောင့် ယခုလိုမတုန်မလှုပ်ရွှေရုပ်ကိုငြိမ်ပြီး ဣနြေ္ဒကောင်းတော်မူနေရ ပါသလဲ၊ မူလကတည်းက ရွှေစိတ်တော် ညွှတ်ယိုင်ချင်သလိုလို အထင်ကြောင့် ပါဝင်မိခဲ့တာ ယခုမှပဲ အကဲခတ်လွှဲအောင် အနည်းနည်း အကွက်ဆင်တော်မူမှန်း သိရပေပေါ့ စုဖုရားရဲ့"
တစ်ယောက်တည်းညီးညီးတွဲ့တွဲ့ ပြောဆိုနေမိစဉ် သလွန်ပေါ်တွင် စက်ပျော်တော်မူနေ သော ထိပ်စုဖုရား မှာလည်း အခါတိုင်းနည်းတူ ငြိမ်သက်စွာ စက်တော်ခေါ်ခြင်းမရှိဘဲ ၀ဲယာနှစ်ဖက်သို့ မကြာခဏ လူးလွန့်ပြောင်းရွှေ့တော်မူလျက်ရှိလေရာ လွှာခြုံတော်မှာ မကြာမကြာလစ်သဖြင့် ခင်ဘွားသစ် ကိုယ်တိုင် ပင် ဖဲလွှာညွှန့် ညဉ့်ရုံတော်ကို ထိပ်စုဖုရား ကိုယ်တော်သို့ မကြာခဏ ပြုပြင်လွှမ်းခြုံပေးရလျက် ရှိလေ၏ ။

သို့နှင့်လည်း အထိန်းတော်ကြီးခင်ဘွားသစ်မှာ နံနက်လင်းလျှင် ရွှေလွှာတော်ကို သီပေါ မင်းသား ထံတော်သို့ ပြန်လည်ပို့ဆက်ရမည့်အတွက် အခက်ကြီးကြုံနေရသူဖြစ်သော ကြောင့် တကြိတ်ကြိတ် နှင့် စိတ်ပူကာ နံနက်မိုးမလင်းပါစေနှင့်ဟုပင် မဖြစ်နိုင်သည်ကို ဆုတောင်းနေမိရှာလေ၏ ။

သို့ရာတွင် ဓမ္မတာသဘောထား လွန်ဆန်နိုင်သည်မဟုတ်သဖြင့် မကြာမီပင် လင်းကြက် ဆော်ညောင်း၊ ပဟိုရ်ပြောင်း၍ ရွှေမောင်းနာရီ ဓာတ်စည်ရိုက်တီး ရှေ့ပြုပ္ပာဝိဒေစွန်းမဟာ သူရိယာဖလ် နေ၀န်းကြီး ပေါ်ထွက်ကြွချီ လင်းရောင်ခြည် ဝေငှလျက်ရှိလေတော့သတည်း။

မီးလောင်တို့ အသွင်းခံရမည့် ရာဇ၀တ်သားပမာ၊ အထိန်းတော်ကြီးခင်ဘွားသစ်မှာ နံနက် လင်းချိန် ရောက်ကတည်းက ထိပ်စုဖုရား၏ အဆောင်တော်ထဲသို့ ပေါ်မလာဘဲ အပြင်တွင် သာရမယ်ရှာလျက် လက်အောက် အပျိုတော်ကလေးများကိုကာ ထိပ်စုဖုရား မေးတော်မူ လျှင်အပြင်တွင် တစ်စုံတစ်ရာသော ကိစ္စတာဝန်ကို လုပ်ကိုင်စီမံနေသယောင်ယောင်၊ တောင် တောင်မြောက်မြောက် လှည့်ပတ် လျှောက်တင်စေပြီး ရှောင်ရှားခိုကပ်၍နေလေရာ စက်တော်မှ ထတော်မူပြီး မှန်ဆောင်တော်ထဲသို့ ရေမိုးသန့်စင်ကာ အတန်ကြာမျှ ၀တ်လဲ တော်များ လဲလှယ်ဆင်မြန်းတော်မူနေသော ထိပ်စုဖုရားလည်း နံနက် ကတည်းက အထိန်းတော်ကြီးကို တွေ့မြင်တော် မမူသောကြောင့် အခြားသော လက်ပါးစေ အပျိုတော် ကလေး များအား။

"သစ်သစ် ဘယ်သွားလဲ သစ်သစ်ရှိရာကို လိုက်ခေါ်ချေပါ။"
မိန့်မှာတော်မူနေရာ လက်ပါးစေ အပျိုတော်များလည်း-
"ခင်ဘွားသစ်အပြင်အဆောင်တော်တွင် တစ်စုံတစ်ရာ လုပ်ကိုင်နေကြောင်း"
လျှောက်တင်ရာ တစ်ခါမှနှစ်ခါ သုံးခါမျှရှိလျှင်ပင် အရှင်ထိပ်စုဖုရားလည်း အထိန်းတော်ကြီး ၏ဥာဏ်ကို ရိပ်မိတော်မူလာသောကြောင့် မှန်ခုံတော်အနီးရွှေကလပ်ကြီးတွင် ရွှေကြင်ခပ်၊ ပုသိမ်ပ၀ါနှင့် ရစ်လိမ်ထုတ်ပတ်ခါ ကိုယ်တော်တိုင်တင်ထားသော ရွှေပြားကို တစ်ချက်မျှ ခပ်ပြုံးပြုံးလှမ်း၍ ရှုစားတော် မူလိုက်ပြီးလျှင် အနီးတွင်ခစားနေသော လက်ပါးစေ အပျို တော်ကလေးတစ်ဦးအား-
"ဟဲ့ခါနွေ၊ သစ်သစ်ကို ငါခေါ်တော်မူတယ်လို့ ပြောချေ၊ အပြင်မှာသစ်သစ်ကိုယ်တိုင် ဆောင်ရွက်စရာ ဘာအလုပ်မှမရှိဘူး၊ ရှိတဲ့ဝတ္တရားကို နောက်ထားပြီး စုဖျားအပါးတော်ကို ယခုအမြန်ဝင်ရမယ်ဆိုတာ သေသေချာချာပြောခဲ့"
မိန့်တော်မူလျှင် အပျိုတော်ကလေးလည်း-

"တင်ပါ့ဘုရား"ဟု လျှောက်ကာကြောက်ရွံ့စွာနှင့်ပင် ခင်ဘွားသစ်ရှိရာသို့ ရောက်လာပြီး "သခင်ကြီးဘုရား၊ အရှင်ထိပ်စုမြတ်ဖျားက ယခုချက်ချင်းခစားစေပါတဲ့ဘုရား"
ပြောသည်တွင် ခင်ဘွားသစ်လည်း ခိုကပ်၍မနေသာတော့ဘဲ ထိပ်စုဖုရားစံတော်မူရာ မှန်ဆောင်တော် ထဲသို့ ရောက်လာကာ မျက်နှာခပ်ပျက်ပျက်နှင့် လက်ယှက်ခစားနေလေ၏
ထိပ်ဖုရားလည်း အထိန်းတော်ကြီး၏ မျက်နှာကဲကို အမှတ်မဲ့ ရှုစားတော်မူပြီး ပကတိ မျက်နှာထား တော်နှင့်ပင်
''သစ်သစ်ရဲ့၊ ဒီနေ့မှ ဘယ်လိုကိစ္စများ အရေးတကြီး သွားလုပ်နေရသလဲ၊ စုစု မိန့်တော်မူ ထားတဲ့ စကားများ သတိမရတော့ဘူးလား''
မိန့်တော်မူလျှင် ခင်ဘွားသစ်လည်း
"စုထားဖုရား အပြစ်သနားတော်မူရင်လည်း ခံရပါတော့မယ်၊ သစ်သစ်ဖြင့် တကယ်ပဲ သတိ မရပါဘူးဘုရား"
(ပြုံးတော်မူလျှင်)

"သြော်......သြော် သစ်သစ်က တယ်မေ့တတ်နေပြန်တာကိုး၊ ဒါဖြင့် စုစုက ထပ်မိန့် တော်မူရဦးမှာပေါ့၊ ဟောဟို ရွှေကလပ်ပေါ်မှာ ရွှေကြင်ခပ်ပ၀ါနှင့် ရစ်ပတ်ပြီး တင်ထားတဲ့ သီပေါမောင်တော်ဘုရားရဲ့ ရွှေလွှာတော်ကို သူ့လက်တော်ရောက် ပြန်ပြီးဆက်ချေ ရမယ့်လို့ မိန့်တော်မူထားတဲ့အတိုင်း ယနေ့ အချိန်မဆိုင်းဘဲ မောင်တော်ဘုရား လက်တော်ထဲရောက်အောင် ပြန်ပြီးဆက်ချေပါ။ စုစုက လက်ခံတော်မမူဝံ့ဘူးဆိုတာ လည်း လျှောက်တင်ခဲ့ပေတော့်၊ ဒီရွှေပြားကို စုစုအဆောင်တော်ထဲ ကြာရှည် လက်ခံ ထားရင် မတော်တဆ မယ်တော်ဖျား တွေ့မြင်တော်မူသွားမှာ စိုးရိမ်စရာပဲ သစ်သစ်ရဲ့၊ ကဲ.....ကဲ မတော် တဆ မယ်တော်ဘုရား ထွက်တော်မူလာလို့ တွေ့မြင်တော်မူသွားမှဖြင့် သစ်သစ်ကို ရာဇ၀တ် သင့်နေပါဦးမယ်၊ မြန်မြန်ဆက်ချေပါ"

အရေးတကြီး မိန့်တော်မူလေရာ မသွားချင်သဖြင့် ကပ်ပေနေသော ခင်ဘွားသစ်မှာ မလွှဲသာတော့ဘဲ ရွှေကလပ်ပေါ်က ရွှေပြားကို ဆွဲယူလိုက်ရကာ မျက်နှာမသာမယာနှင့် "တင်ပါ့ဘုရား"ဟု လိုက် လိုက်ရသောကြောင့် စုဖုရားက စိုးရိမ်စိတ်မချဟန်နှင့်ပင်

"သစ်သစ်ရဲ့ ဒီရွှေပြားကို တော်ရာမှာ ဖျောက်ဖျက်မထားရဘူးနော်၊ မောင်တော် သီပေါ မင်းသားလက်တော်ကို ရောက်အောင် ပြန်ဆက်ခဲ့ရမယ်၊ သစ်သစ် မဆက်ဘူး၊ ဆက်တယ် ဆိုတာ စုစုသိအောင် စုံစမ်းခိုင်းတော်မူရမယ်၊ လိမ်မယ်တော့မကြံနဲ့ မှန်မှန်ကန်ကန် သူ့လက်တော်ရောက်အောင် ပြန်ဆက်ခဲ့ပါဘိ"

မျက်နှာထိမျက်နှာထားနှင့် ခပ်တင်းတင်းမှာထား မိန့်ကြားတော်မူသောအခါ ခင်ဘွားသစ် လည်း-
"မှန်လှပါ မဖျောက်မဖျက် သီပေါကိုယ်တော် လက်တော်ရောက်ပြန်၍ ဆက်ခဲ့ပါမည် စုထား ဖုရား၊ ဒါပေတဲ့ မျှော်လင့်ဇောနှင့် အမောကြီးမောနေရှာသော သီပေါကိုယ်တော်ဘုရား မှာတော့ မျှော်လင့် အားထားတော် မူသလောက် အားထားရာမရောက်တဲ့အတွက် အင်မ တန်မှ စိတ်ပျက်အားငယ်တော်မူရှာတော့မှာပဲ"

"ဘုရာ့ကျွန်မလည်း ရွှေမျက်နှာကလေးတငယ်ငယ်နဲ့ သနားစဖွယ်ဖြစ်နေတဲ့ သီပေါ ကိုယ်တော်ကလေးရဲ့ ရွှေမျက်နှာတော်ကို မဖူးမြော်ဝံ့အောင်ဖြစ်နေတော့တာပဲ ဘုရား၊ သနားစရာကောင်းတဲ့ တစ်ဖက်သားကို အားတက်ဖွယ် သတင်းပေးရမဲ့အစား ၀မ်းနည်း စိတ်ပျက်စရာအကြောင်းကို ပြန်ကြားရတော့မှာမို့ စိတ်ထဲကမပါအောင် ရှိပါတော့တယ်၊ သို့သော်လည်း အရှင်စုဖုရားကမှ သနားကြင်နာတော်မမူတော့လည်း အခက်သားမို့ စွန့်စားပြီး ဒီရွှေပြားကို ပြန်ဆက်ရတော့မှာပ ဘုရား"

အရှိုက်အချွဲနှင့် လျှောက်တင်လျှင်-
"ဟင်....သစ်သစ်ကလည်း ဒီကိစ္စမျိုးထဲ နောက်တစ်ခါ မပါဝင်ချင်ဘူး ပြောတယ်မ ဟုတ်လား၊ စုစုလည်း မယ်မယ်ဘုရား သိတော်မူသွားမှာ စိုးရိမ်တော်မူတာပဲ၊ အဲဒီတော့ ဘာပဲဖြစ်ဖြစ် သစ်သစ်ရယ်၊ ဒီရွှေပြားကို လက်ခံမထားတာပဲ ကောင်းပါတယ်၊ သီပေါ မောင်တော်ဆီိကိုသာ ဆက်ဆက်ပြန်ဆက်ချေပါ၊ သူ့ဟာနဲ့သူ စိတ်မချမ်းသာတော်မူ ရင်လည်း မတတ်နိုင်တော်မူပါဘူး၊ ကိုင်းကိုင်း ကြာရင်မကောင်းပါဘူး သစ်သစ်ရဲ့ မြန်မြန်သွားပေတော့"

မိန့်တော်မူကာ အထိန်းတော်ကြီး ခင်ဘွားသစ်အား မသွားမနေရအောင် အမိန့်တော် စကားဖြင့် တွန်းထိုးထုတ်လိုက် သလိုရှိသောကြောင့် အထိန်းတော်ကြီး ခင်ဘွားသစ်လည်း ရွှေပြားကို ခြုံပ၀ါကြားတွင် လျှို့ဝှက်ယူဆောင်ကာ မျက်နှာမသာမယာနှင့် သီပေါမင်းသား စံတော်မူနေရာ နန်းဦးမှန်စီ ရွှေကျောင်းတော် ရှိရာသို့ ထွက်လာခဲ့ရှာလေသတည်း။

သီပေါမင်းသားမှာ ထိုအချိန် ထိုအခါတွင် လိုအင်ဆန္ဒရှိတော်မူရာ အာသာစွဲငြိတော် မူခဲ့သည့် ထိပ်စု ဖုရားအတွက် အားတက်ရွှင်လန်းဖွယ်ဖြစ်သော သတင်းစကားတို့ကို ကြားတော်မူလိုလှသော အခိုက်အတန့်ဖြစ်သောကြောင့် အထိန်းတော်ကြီး ခင်ဘွားသစ် ကိုသာ မျှော်မှန်းတမ်းတတော်မူနေဆဲ ဖြစ်သည့်အတိုင်း စာတော်များကိုပင် ကောင်းစွာ ကျက်မှတ်တော်မမူနိုင်ဘဲ အမျှော်ကြီး မျှော်တော်မူနေစဉ် မျက်နှာမသာမယာနှင့် ၀င်လာ သော အထိန်းတော်ကြီး ခင်ဘွားသစ်ကို မြင်တော်မူလေရာ သီပေါမင်းသားမှာ ရုတ်တရက် အားဖြင့် စိတ်အားပျက်တော်မူသွားပြီး သက်ပြင်းကြီးတစ်ချက်မျှ ရှူချတော်မူလိုက်ကာ မသာမယာသောမျက်နှာနှင့် တွေတွေကြီးခေါင်းငုံ့ခစားနေသော အထိန်းတော် ကြီးမျက်နှာ ကို စိတ်ပျက်စွာ ရှုစားတော်မူလိုက်လျက်-
"မျက်နှာမကောင်းပါလား၊ အထိန်းတော်ကြီးရဲ့ ဘယ့်နှယ့်အကြောင်းကိစ္စများဖြစ်ပေါ် လာပြန်သလဲ၊ စုစုထံတော်ကို ဆက်သလိုက်တဲ့ ကိုယ်တော်ရဲ့ စာလွှာအတွက် အရေးမရ အမျက်တော် အရှခံရပြီ ဆိုပါတော့၊ ကိုယ်တော်လည်း အစကတော့ ချီတုံချတုံနှင့် အရေးမသာပုံ ပေါ်မယ်ထင်ပြီး အစဉ်းစားကြီး စဉ်းစားတော်မူနေတာပါပဲ၊ အထိန်းတော်ကြီး ကလည်း စုစုအတွက် ဘာမှအခက်အခဲမရှိလေဟန်နှင့် အတန်တန် အားပေးလွန်းလို့ စွန့်စွန့်စားစားနဲ့ ရွှေပြားကို ဆက်လိုက်မိတာပဲ အထိန်တော်ကြီးရဲ့၊ ဘယ့်နှယ်လဲ ကြောင်းရာကုန်စင် သံတော်ဦးတင်စမ်းပါ၊ ရွှေလွှာအတွက် စုစုက ဘယ်လိုမိန့်တော်မူ သလဲ၊ အထိန်းတော်ကြီးရဲ့၊

မေးတော်မူရာ ခင်ဘွားသစ်လည်း သက်ပြင်းကြီးချလျက် ရွှေပြားကို မင်းသားလက်သို့ပြန် ဆက်ကာ-
"အထူးအထွေတော့ မိန့်တော်မူလိုက်ခြင်းမရှိပါ၊ ရွှေပြားကိုဆက်တဲ့အတွက်လည်း အမျက် တော်မူခြင်း မရှိပါ၊ သို့ရာတွင် မယ်တော်ဘုရား သိတော်မူမည်ကို ကြောက်ရွံ့စိုးရိမ် တော်မူတဲ့အတွက် ကိုယ်တော် မြတ်ဖျားရဲ့ ရွှေလွှာတော်ကို လက်မခံဝံ့သဖြင့် လက်တော် ရောက်ပြန်ဆက်ချေလို့ ပေးခိုင်းလိုက်သောကြောင့် သခင့်အမိန့်အတိုင်း မဆိုင်းဝံ့၍ ကိုယ်တော်ဖျားကို ကြောက်ရွံ့လျက်နဲ့ ရောက်လာရကြောင်းပါဘုရား"

လျှောက်တင်လေရာ သီပေါမင်းသားမှာ အနည်းငယ် သက်သာရာရသကဲ့သို့
"သြော်.... ထွေထွေထူးထူး အမျက်တော်မထားဘူးဆိုရင်လည်း တော်သေးရဲ့လို့ဖြေရမှာ ပဲ အထိန်တော် ကြီးရဲ့၊ နို့ကိုယ်တော် ရေးပေးတော်မူလိုက်တဲ့ ရွှေလွှာကိုတော့ စုစုရှုစား တော်မူသေးရဲ့လား"
"အရှင်ကိုယ်တော်ဖျား ရေးသားတော်မူလိုက်တဲ့ လေးထပ်ကိုအစအဆုံး ရှုစားတော်မူပါ တယ်ဘုရား၊ မေတ္တာတုံ့ပြန်တော်မူမယ် မမူဘူးဆိုတာကိုလည်း သဲသဲကွဲကွဲ မိန့်တော် မူခြင်းမရှိသေးပါ၊ ဒီရွှေလွှာကိုသာ မယ်တော်များမတော်မဆ တွေ့မြင်တော်မူသွားမှာ စိုးရိမ်တဲ့အတွက် အလျင်အမြန် ပြန်ပြီး အဆက်ခိုင်း လိုက် ပါသည်ဘုရား"

တင်လျှင် သီပေါမင်းသားလည်း မိမိကိုယ်တော်တိုင် ရေးပေးတော်မူလိုက်သော ရွှေလွှာကို ပ၀ါမှ ဖြေတော်မူရင်း
"အရေးမသာတော့ ရှက်စရာလည်း ခပ်ကောင်းကောင်းပဲ အထိန်းတော်ကြီးရဲ့၊ အင်း.... အစက ကျုပ်ဟာ ကျုပ်နေတာ အကောင်းသား၊ အထိန်းတော်ကြီးတို့ လာကြ တာနဲ့ ခုလိုဒုက္ခမျိုး တွေ့ရတာပဲနော်"
မိန့်တော်မူရင် ပ၀ါတွင်းမှပေါ်လာသော ရွှေပြားကလေးကို ပြန်လည်ရှုစားတော်မူ လိုက်ရာ ညိုးငယ် နွမ်းလျနေသော ပန်းအသွင်၊ မလန်းမရွှင်ဖြစ်နေသော သီပေါမင်းသား၏ မျက်နှာတော်မှာ ရာဟုခံတွင်းမှ လွတ်ကင်းသော လ၀န်းကဲ့သို့ ပရွှင်းသာသာ ရုတ်တရက် ရွှင်လန်းတော်မူလာလျက် မျက်လုံးတော် နှစ်ဖက်မှာလည်း အရောင်တွေလျှမ်းတက်၍ ၀င်းလျက်ထိန်ကြည် ပြုံးရီတော်မူလိုက်လာ၏ ။

အနီးအပါးမှဝမ်းနည်းစွာ ခစားနေသော အထိန်းတော်ကြီးခင်ဘွားသစ်လည်း သီပေါ မင်းသား၏ ထူးခြားရွှင်လန်းတော်မူချက်ကို အံ့အားသင့်လျက် ထူးခြားချက်ကို စောင့်စား ကြည့်ရှုနေမိ၏ ။
သီပေါမင်းသားသည် လက်တော်ထဲကရွှေပြားကို စိတ်အားထက်သန်စွာ ရှုစား တော်မူနေသည်ကို တွေ့မြင်ရသောကြောင့် အနီးအပါးမှ မျက်နှာထားခပ်ပျက်ပျက်နှင့် လက်ယှက်ခစားနေသော အထိန်းတော်ကြီး ခင်ဘွားသစ်လည် ပိုမို၍အံ့အားအသင့်ကြီးသင့် ကာ မူလရွှေလွှာတော်မှ သီပေါမင်းသားကိုယ်တော်တိုင် ရေးတော်မူထားသော တေးထပ် ဖြစ်၍ ယခုကဲ့သို့ ထူးခြားရန် အကြောင်းများ မရှိသောကြောင့် တစောင်းတစိက တိတ်တိတ်ခိုးမျက်လုံးဖြင့် ချောင်းကြည့် လိုက်သောအခါလည်း ရွှေပြားတွင် သေးငယ်စွာ ရေးထားသော စာလုံးများကို ကွဲပြားစွာမမြင်သဖြင့် မင်းသား၏ ထူးခြားခြင်းကို သိခွင့် မရနိုင်အောင် ရှိနေ၏ ။

ရွှေပြားပေါ်က စာများကို အစအဆုံးတပြုံးပြုံးနှင့် ရှုစား၍အားမရနိုင် ကိုင်ရာက မချက်ရက်၊ ဆက်ကာဆက်ကာ အကြိမ်ကြိမ်အဖန်ဖန် အပြန်ပြန်အထပ်ထပ် ရှုစား၍မငြီးအောင် ဖြစ်တော်မူနေရာ ခင်ဘွားသစ်မှာလည်း ၀မ်းမြောက်ဖွယ်သတင်းဟု ရိပ်မိသည်နှင့်တစ်ပြိုင် တည်းအောင့်အီးချုပ်တီး၍ မထား နိုင်တော့ဘဲ
"အရှင်ကိုယ်တော်ဖျား၊ မျက်နှာတော်တပြုံးပြုံးနှင့် နှလုံးကြည်တော်မူချက်ကို ထက်အောက် ဖြစ်တဲ့ ကျွန်တော်မျိုး မလည်း နည်းနည်းပါးပါးဝမ်းသာရမည့်အကြောင်းပါဘုရား"
လျှောက်ထားလိုက်သည်တွင် သီပေါမင်သားလည်း လက်ထဲက ရွှေလွှာတော်ကို ယုယစွာ ကိုင်တော် မူလျက်က-
"သြော်...ဟုတ်ပါရဲ့၊ မျှော်လင့်ချက်အကွက်မလည်သဖြင့် အားငယ်နေတော်မူရဆဲ မထင် ဘဲနဲ့ ဘွားခနဲ ၀မ်းမြောက်အားတက်စရာ တွေ့နေရသလို အထိန်းတော်ကြီးကို မေ့နေ တော်မူလိုက်တာ၊ ဒီမှာကြည့်ပါဦး အထိန်းတော်ကြီးရဲ့"

"ကျုပ်ကစုစုကို ဆက်လိုက်တဲ့ ရွှေပြားကို မယ်တော်ဖျား မြင်တော်မူသွားမှာ စိုးရိမ်တဲ့ အတွက် စုစုက လက်မခံဝံ့လို့ ကျုပ်လက်ကို ပြန်ဆက်လိုက်တယ်ဆိုတဲ့ မူလရွှေလွှာတော် မဟုတ်ပါကလား၊ စုထားနဲ့သစ်သစ်က ကိုယ်တော့်အချစ်ကို စမ်းချင်လို့ တစ်ပေါက်တစ် လမ်းဥာဏ်ဆင်ပြီး လုပ်လိုက်ကြ တာလား၊ ကြည့်စမ်းအထိန်းတော်ကြီး၊ ရွှေနန်းပေါ်မှာ ကြီးရတဲ့ အထက်တန်းမင်းသမီးရယ်လို့ မပြောရဘူး၊ အစီအကုံးအနှုန်းအဖွဲ့ တကယ့်ကို ချီးမွမ်းလောက်ပါပေတယ်"

မိန့်တော်မူကာ လက်တော်တွင် မြတ်နိုးစွာ ကိုင်တော်မူထားသော ရွှေလွှာတော်ကို ခင်ဘွားသစ်လက်သို့ လှမ်း၍ သနားတော် မူလိုက်သောအခါ အကြောင်းကို ရေလည်စွာ မသိရသေးသော အထိန်းတော်ကြီး ခင်ဘွားသစ်လည်း မိမိလက်ထဲသို့ ရောက်လာသော ရွှေလွှာတော်ကို စိတ်အားထက်သန်စွာ ဖတ်ကြည့် လိုက်သောအခါ-
မြတောင်မြို့စား ထိပ်စုဖုရားလတ်က သီပေါမင်းသားထံတော်သို့ ပထမဦးစွာ ရေးသားပေး ပို့တော်မူသော-

တေးထပ်
    မြကေသာ ထွာခန့်က၊
    ခါဝံ့လို့ကြင်ဟန်၊
        နန်းမွေရ အပြီးယူတယ်၊
    ငွေထီးဖြူပွင့်လိမ့်ဘအေ့။
        ရွှေသစ္စာ ယခုမူလျှင်၊
    ကမ္ဘူ့သူယနေ့၊
        စုတဆူ ကလေ့က၊
    မမေ့ပေါင်နော်နော်။
        နတ်ဆိုတာအနန္တကိုလ၊
    တင်ပင့် ဆွေနှင့်ပျော်ပျော်။
        မြင်သမျှ အရေးကိုဖော်မယ်၊
    လေးတင်တော်မူတတ်ကဲ့၊
    လောင်းသိဒ္ဓတ် ပွင့်လျာနှယ်၊
    အောက်မေ့လို့ရွယ်။
        ရှိခိုးချ ပူဇော်လှယ်တယ်၊
    ယသော်မယ်လိုပဲ ဖျလေး။      ။

ဟူသော တေးထပ်ကို ထိပ်စုဖုရား လက်ရေးတော်ဖြင့် ရွှေလွှာပေါ်တွင် တွေ့မြင်ရသော အခါ ခင်ဘွားသစ်မှာလည်း သီပေါမင်းသားကဲ့သို့ပင် ပြုံးရွှင်ဝမ်းမြောက်လာပြီးလျှင် တစ်ဖန်လည်း ထိပ်စုဖုရားက မိမိအား ဥပါယ်တံမျဉ်ဖြင့် ဟုတ်တိပတ်တိ လှည့်စားတော်မူ ချက်ကို အမိခံရသည့်အတွက်လည်း မခံချည့်မခံသာကြီးဖြစ်ရကား-

"အို... ကြည့်စမ်းပါဘုရား၊ အရှင်ထိပ်စုမြတ်ဖျား၊ အတော်ဥာဏ်များတော်မူပါပေတယ်၊ ဘုရား ကျွန်မမှာဖြင့် အရှင်ကိုယ်တော်မြတ်ဖျားထံတော်က ရွှေလွှာတော်ရယ်လို့ ပြန်ဆက် ရမှာ စိတ်အားငယ်ငယ်နဲ့ ယူခဲ့ရပါတယ်၊ ယခု ကိုယ်တော်ဖျား လက်တော်မှတစ်ဆင့် သနားတော်မူလို့မြင်မှပဲ ထိပ်စုမြတ်ဖျားက မေတ္တာတော် ပြန်ကြားလိုက်တဲ့ ရွှေလွှာတော် ဖြစ်ကြောင်း သိရပါတော့တယ်၊ ဒီအတိုင်းဆိုလျှင် ဘုရား ကျွန်တော်မျိုးမ အကျိုးတော် ဆောင်ရွက်ရကျိုးနပ်ပါပြီဘုရား၊ ယခုမှ ရင်ထဲကဆို့နေတဲ့ အလုံးကြီး လည်းကျသွားပါ တော့တယ်"

အားရရွှင်လန်းမျက်နှာခပ်ရွှမ်းရွမ်းနှင့် လျှောက်တင်လိုက်ရာ သီပေါမင်းသားမှာလည်း စုဖျား ထံတော်မှ မေတ္တာတော်နွယ်ညွန့် မြူးကွန့်ယိမ်းညွတ်တော်မူကြောင်း ရွှေလွှာတော် တေးထပ်များကို အားရရွှင်လန်း ပီတိတော်တဖြန်းဖြန်းနှင့် မနားတမ်းအပြန်ပြန် ရှုစားတော် မူ၍ နေပြန်ရာ အထိန်းတော်ကြီးမှာ ပိပိရိရိနှင့် မိမိကို တစ်ပတ်ရိုက် လွှတ်တော်မူလိုက်တာ ထိပ်စုဖျားအား မကျေမချမ်း မရိုးမရွကြီးဖြစ်နေကာ-

"ရွှေကိုယ်တော်ဖျား နားခွင့်မရအောင် ရှုစားတော်မူပါတကား၊ ဖျားကျွန်တော်မျိုးမ ကိုလည်း လျှောက်တင်ခွင့် ပေးတော်မူပါဦး၊ မုန်းဖို့ကောင်းတဲ့ အရှင်ထိပ်စုမြတ်ဖျားကဖြင့် ဖျာ့ကျွန်မကို အားကြီး နှိပ်စက်တော် မူနေတာပဲ ဘုရား"

လျှောက်တင်လျှင် မင်းသားလည်း ပြုံးတော်မူလျက်က-
"ဪ.. ဒီစုစုက အထိန်းတော်ကြီးကို ဘယ်နည်းဘယ်ပုံ စိတ်ဆင်းရဲအောင် ညှဉ်းဆဲတော် မူသတုံး"
"ကိုယ်တော်ဖျား ထံတော်က ရွှေလွှာတော်ကို စုစုလက်တော်ဆက်တုန်းကလည်း သဲသဲမဲမဲ ရွာတော့မဲ့ မိုးခဲကြီးလိုပဲ တကတည်း စကားလည်းဆုံးရောဗြုန်းခနဲ အမျက်တော်ရှပြီး မယ်တော်ဖျားသွားတိုင်မယ်ဆိုတဲ့ ဟန်မျိုးလုပ်ပြီး ဘုရားကျွန်မ အသည်းနှလုံးကို ပြုတ်တော့မလောက် တုန်လှုပ်ချောက်ချားသွားအောင် ကြည်စားတော်မူပါတယ်၊ ယခုလည်း မောင်တော်ဖျားကို ဟောဒီရွှေလွှာကလေးသွားပြီး ဆက်ချေပါလို့ သိသိသာသာ ခိုင်းစေတော်လိုက်ရင် ဖျာ့ကျွန်မကပါ ၀မ်းသာပြီး ကိုယ်တော်ထံမြန်မြန်ကြီး ပြေးမလာ ရပါလားဘုရား၊ အစကဒီလိုမှန်းမသိလို့ ကိုယ်တော်ဖျားထံ သံတော်ဦးတင်စရာ သတင်း ကောင်းမပါ တဲ့အတွက် ရုတ်တရက် အခစားမလာဝံ့ဘဲ တရွံ့ရွံ့နဲ့ ကျောတွန့်နေမိလို့ အချိန်အပုံကြီး နောက်ကျသွားရပါတယ်ဖျား၊ ဒီစုဖျားကို များများကြီး ဆုံးမပေးတော်မူ ပါဘုရား"

ရယ်လား၊ မောလားနှင့် လျှောက်ထားလေရာ သီပေါမင်းသားမှာလည်းများစွာ ရွှင်လန်း တော်မူလျက်က-
"မလုပ်ပါနဲ့ဗျားစုစုက ခပ်ဆိုးဆိုးခပ်နွဲ့နွဲ့ နေတော်မူတတ်ရှာလို့ ဇွဲမျိုးခံစရာရှိရင် ကျုပ်က သာခံရမှာပါ၊ အထိန်းတော်ကြီးတို့ သားအမိစပ်ကြားက ကျုပ်ဗျာများမနေပါရစေနဲ့၊ လိုရင်း မှာတော့ ကျုပ်ကို စုစုက မေတ္တာတော်တုံ့ပြန်တာသာ ပဓာနပါ၊ ရွှေသစ္စာနှစ်ကုံးပြိုင်ပြီး ဘုန်းနှစ်ခိုင်အတူပွင့်ကာမှ ကူပင့်စောင့်မတဲ့ ဂုဏ်ကျေးဇူးကြီးကိုထောက်လို့ ကျုပ်တို့ အထိန်းတော်ကြီးတစ်ယောက်ကိုဖြင့် စိတ်ရှိသလောက် ချီးမြှင့် သူကောင်းပြု တော်မူဖို့ စိတ်တော်ထဲမှာ အမြဲရည်ရွယ်တော်မူထားလျှက်ပါ၊ ဒါထက် စုစုရေးပေးတော်မူတဲ့ တေးထပ်က အနက်အဓိပ္ပာယ် တယ်ပြီးလေးနက်ပါကလား အထိန်းတော်ကြီးရဲ့၊ ထပ်ပြီး ဖတ်ကြည့်စမ်း ပါဦး၊ ကိုယ့်သခင် ကိုယ်တော်တိုင် ရေးတော်မူတဲ့ စာဖြစ်တဲ့အတွက် အထိန်းတော်ကြီးက ကျုပ်ထက်ပိုပြီး အဓိပ္ပာယ်ပေါ်အောင် ကောက်ပေးနိုင်လိမ့်မယ် ထင်တော်မူမိတယ်၊ စုစုက ဘယ်လိုရည်ရွယ် ရေးသား တော်မူတယ်ဆိုတာ ပိဏ္ဍတ္ထ အဓိပ္ပာယ်ကောက်ပြီး ရေရေလည်လည် လျှောက်တင်တော်မူစမ်းပါ အထိန်းတော်ကြီး"

မိန့်တော်မူကာ ရွှေလွှာတော်ကို ထိုး၍ပေးတော်မူလိုက်ပြန်သောကြောင့် ခင်ဘွားသစ် လည်း ရွှေလွှာတော်ကို ဒုတိယအကြိမ်မြောက် ဖတ်ရှုပြီးလျှင်-
"ဖျာ့ကျွန်မ မှန်သည်ဟု ထင်သလောက်၊ အဓိပ္ပာယ်ကောက်၍ သံတော်ဦးတင်ပါမည်၊ ရွှေနား ဆင်တော်မူပါဘုရား၊ အစပထမ ရွှေကိုယ်တော်ဖျားထံမှ ပေးသနားတော်မူလိုက်တဲ့ တေးထပ်ရေလွှာတော်မှာ အရှင်ထိပ်စုမြတ်ဖုရားဒ စန္ဒာရွှေဝန်းကဲ့သို့ တင်ရွှန်းသော မျက်နှာတော်ကို ကိုယ်တော် အရှင်ဖျားက တစိမ့်စိမ့်မြင်တော်မူလျက်၊ ရွှေနန်းတော် ကြီးထက်မှ ရွှေပဟိုရ် သံနှက်လိုက်သည့်အခါတိုင်း တသက်သက်လွမ်းစပေါ်တော်မူကာ ကြင်နာတော်မူသော မေတ္တာ စေတနာတော် တွေကလည်း တအိမ့်အိမ့်တလိမ့်လိမ့် တငြိမ့် ငြိမ့် တလေးလေး တဖြည်းဖြည်း ပွားများတော်မူနေရသည့်အတွက် ပထမကျော် အထက် စခန်းကို တက်လှမ်းတော်မူစရာ သင်အံ ကျက်မှတ်တော် မူနေရတဲ့ ရွှစာတော်များလည်း အရှင်စုဖျားကို စွဲလမ်းတမ်းတ လွမ်းအားတော် ပိုရတဲ့အတွက် အမေ့မေ့အလျော့လျော့ အပေါ့ပေါ့ အပျက်ပျက် ဖြစ်နေတော်မူရကြောင်းများကို အရှင်ထိပ်စုဖျား သိရှိတော်မူ ရတဲ့အခါ "တစ်ဦးမေတ္တာ တစ်ဦးမှာ၊ မေတ္တာရစ်ဆင့် ချစ်ပန်းပွင့်" ဆိုဘိသကဲ့သို့ ရွှေမေတ္တာညီမျှ၍ ပီယဓာတ်ခံခြင်း အရည်တူနေသည့် အတွက် ယခု ရွှေ လွှာတော်ကို ပြန်၍ပေးဆက်ခြင်း ပြုတော်မူတာပဲလို့ ဘုရာ့ကျွန်တော်မျိုးမအကဲခတ်ပြီး အတတ် ဟောဝံ့တဲ့အပြင် ရွှေလွှာတွင် ရေးသားပါရှိသည့် အဓိပ္ပာယ်များမှာလည်း ကိုယ်တော် မြတ်ဖျားက စွဲလမ်း ချစ်ခင်တော် မူသကဲ့သို့ပင် ဖျားကျွန်မတို့ရဲ့ အရှင်ထိပ်စုမြတ်ဖုရား ကလည်း နုဂေါရီကညာအရွယ်၊ ခပ်ငယ်ငယ်ကပင် ချစ်ခင်တော် မူနေသယောင်ယောင် စကားကို အနိုင်လုပြီး သူ့အချစ်တုံ့ပြန်ကြောင်း၊ သိစေတော် မူလိုက်တဲ့အပြင် အရှင် ကိုယ်တော်ဖျားကိုလည်း ရာထူးရာခံကြီး ဘွဲ့မည်ရည်ကြီးရှိတဲ့ တကယ့်ဘုရင်ခံ မင်းသား ကြီးများကဲ့သို့ ထင်မှတ်တော်မူကြောင်း အရှင်ထိပ်စုဖျား ထင်တော်မူသလိုပင် အရှင် ကိုယ်တော် မြတ်ဖျားရဲ့ ဘုန်းကံပါရမီတော်များကလည်း နန်းမွေ ထီးမွေကို ပြီးယူနိုင်အောင် ထီးဖြူတော်ဖွင့်ပေးရ ပါလိမ့်မည်ဖြစ်ကြောင်း၊ အရှင်စုဖျားကို ကိုယ်တော်မြတ်ဖျားက မလွဲ မသွေ မေတ္တာရေမခြောက်တမ်းဟု သစ္စာပန်းဆင်တော်မူပါလျှင် ကမ္ဗူ့ထီးတော်အုပ်မိုး၍ ကြီးပွားတော်မူရသော အရှင်ထိပ်စုဖျားကလည်း ကိုယ်တော်အား နေ့စဉ်နှင့်အမျှ မေ့တော် မူမည်မဟုတ်ဘဲ အထက်သိကြား၊ အောက်နတ်များကို ပူဇော် ပသပြီး အရှင့်အတွက် အစစအရာရာ အောင်စေရာ အောင်စေကြောင်းကို ဆုတော်တောင်းလျက် နေတော်မူ ပါမည်ဟု ဆိုလိုရင်းပါဘုရား"

အားရစွာ လျှောက်တင်လျှင် သီပေါမင်းသားလည်းများစွာ ၀မ်းမြောက်တော်မူလှသည်နှင့်
"ချစ်သူမို့ မြှောက်စားတယ်လည်း မထင်လိုက်နဲ့ အထိန်းတော်ကြီးရယ်၊ စုစုတယ် လိမ္မာ တော်မူပါတကား၊ ကိုယ်တော်ဖျားမှာ အရွယ်တော်ကလည်း ငယ်ငယ်မို့ ထည်ထည်ဝါ၀ါ သားသားနားနား မင်းသားဆိုတဲ့ အရှိန်နှင့် တထိန်ထိန် တန်ခိုးဖြာနေတဲ့ နောင်တော့် နောင်တော်ကြီးများအကြားမှာ မထင်မရှား သာမန်မင်းသား ကလေးတစ်ပါးအဖြစ်နှင့် နေတော်မူလာခဲ့ရတာ လွန်ခဲ့တဲ့ တစ်နှစ်နှစ်ကမှ ပထမပြန်ပွဲ ၀င်နွှဲတော် မူလိုက်တဲ့အတွက် သားတော်ကလေး တစ်ပါးရယ်လို့ ထင်ရှားလာတော်မူခါမျှနှင့်ပင် အထိန်းတော် ကြီးတို့ အရှင်ထိပ်စုဖျားက ကျုပ်ကို တကယ့်ဘုရင်ခံမင်းသားကြီး ထင်မှတ်ပြီး အထပ်ထပ် ကြည်ဖြူတော်မူပါတယ်လို့ ရွှေဥာဏ်တော် ကလေးကွန့်ပြီး အညွှန့်နှင့် အားပေးတော်မူ လိုက်တာများ အလွန်တရာမှ အားတက်တော်မူပါတယ်၊ ဒီက ကိုယ်တော်မှာလည်း တကယ်ဆိုတော့ အစစအရာရာ စုစုတို့ မယ်တော်ဖျားကိုသာ အားကိုးတော်မူရမှာမို့ စုစုတို့ မယ်တော်ဖျားက ကျုပ်ကို ကြည်သာတော်မူဖို့ တစ်ခုကိုပဲ ခဲယဉ်းပါတယ်၊ တကယ့် တကယ်ဆိုတော့လဲ၊ ကြည်ဖြူတော်မူလိမ့်မယ်လို့ ထင်တာပဲလေ"

"မှန်လှပါ၊ ယခုအခါ တောင်နန်းမဒေ၀ီ မဟေသီမိဖုရားခေါင်ကြီးဘုရား၊ နတ်ရွာကြွသွား တော်မူပြီး ဖြစ်တဲ့အတွက် အထွတ်အထိပ်သို့တက်ရမည့် မိဖုရားကြီးမှာ စုစုတို့ မယ်တော် ဖြစ်တဲ့ အလယ်နန်းတော် ဘုရားသာလျှင် ဖြစ်တော်မူပါသောကြောင့် မဟေသီအခေါင် တောင်ညာဥက္ကဠ်၊ နန်းလုံး နယ်မြတ်ဖြစ်တော် မူသော အလယ်နန်းမတော်ဖုရားကြီး သမီးတော်များမှာလည်း ယခုထက် ထူးကဲထင်ပေါ် မျက်နှာတော် ပွင့်လန်း ဘုန်းပန်းပျံ့ လှိုင်တော်မူကြပါလိမ့်မည်ဘုရား"

"မှန်ပေရဲ့ အထိန်းတော်ကြီး၊ မိကြီးတော် စကြာဒေ၀ီ မဟေသီမိဖုရားခေါင်ကြီး နတ်ရွာ စံသဖြင့် အရိုက်အရာခံ၍ တောင်နန်းစံစား မိဖုရားဖြစ်သင့်၊ ဂုဏ်ကြီးမြင့်သူမှာ စုစုတို့ မယ်တော် အလယ်နန်းမတော် မိဖုရားကြီးတစ်ပါးသာ ရှိပေတယ်၊ သားတော်ကြီးများ၏ မိခင်ဖြစ်ကြတဲ့ အချို့မိဖုရားကြီးများ ရှိကြတယ်ဆိုပေတဲ့ စုစုရဲ့မယ်တော်ဖျားကို ကျော်လွှား လို့မမြှောက်စားသာဘူးလို့ ကျုပ်ထင်တော်မူတယ်၊ ထီးဖြူတော်အောက်မှာသစ်နက်ရေခံပြီး ရွှေလင်ပန်းနှင့် အချင်းသန့်စင် မီးရှူးတော်မြင်ခဲ့ရတဲ့ ဘိုးတော် မှန်နန်းရှင်ဘုရား၏ မိဖုရား ခေါင်ကြီးမှ ဖွားတော်မူခဲ့တဲ့ သမီးတော်ကြီးတစ်ပါးပါပေကလား။ မိကြီးတော် စကြာဒေ၀ီ မိဖုရားကြီးကို မလွန်ဆန်နိုင်ရှာလို့သာ မိဖုရားခေါင်ကြီး မဖြစ်ရရှာပဲ ရှိတော်မူရတယ်"

"မှန်ပါဘုရား၊ နောင်အနာဂတ်အရေး တွေးတောစဉ်းစားလိုက်မယ်ဆိုပါလျှင် ဖျာ့ကျွန်မတို့ အရှင်သခင်များ တစ်နေ့တခြား ဘုန်းပန်းပွင့်၍ ပျော်ခွင့်မော်ခွင့် ကြုံတော်မူကြတဲ့ အရိပ် အယောင်များသန်းပြီး ရွှေနန်းတော်ကြီးတစ်လျှောက်မှာ တေဇောတော် တောက်လင်း ကြတော့မည်ထင်ပါသည်၊ ကိုယ်တော် အရှင်မြတ်ဖျားလည်း စာတော်ထဲမှာ စိတ်တော်ထား လို့ ဒီတစ်နှစ်ကြိုးစားတော် မူပြီးတဲ့နောက်..."
(ခင်ဘွားသစ်မှာ စကားမဆက်ဝံ့သဖြင့် ခပ်ရွံ့ရွံ့ဖြစ်နေရာ) သီပေါမင်းသားလည်း ပြုံးရီ ရှုစားတော်ရာက
"ဘယ့်နှယ်လဲ၊ ဆက်ပြောပါဦးဗျာ၊ အထိန်းတော်ကြီးစကားက တစ်ပိုင်းတစ်စနဲ့"
"မ၀ံ့သဖြင့် ရွံ့နေမိကြောင်းဘုရားး"

"ဪ... ကိုယ်တော်သိပါပြီလေ၊ ဒီနှစ်ပထမကြီး ပြန်ဆိုတော်မူပြီးတဲ့နောက် လူဝတ်မလဲ သေးဘူးလားလို့ မေးချင်တယ်မဟုတ်လား၊ လဲမှာပေါ့ဗျာ၊ စုစုကို သံယောဇဉ်မတွယ်မိရင် ဘယ်အရွယ်အထိ သင်္ကန်းဝတ် နေမိမယ်ဆိုတာ အပိုင်းအခြားမပြောနိုင်ပေတဲ့ ခုတော့ ချစ်ခင်တော်မူစရာ စုစုဆိုတဲ့ သံယောဇဉ်ကလေးက ငြိလာတော့ ဘယ်ကြာကြာ နေနိုင် လိမ့်မတုံး၊ ဗြုန်းခနဲ လူဝတ်လဲပြီး တစ်ခါတည်းသာ စုစု အဆောင်တော်ပြေးဝင်လိုက် ချင်မိသပေါ့၊ သို့ပေမဲ့ မဖြစ်နိုင်သေးတဲ့ အခိုက်မို့ စာပြန်ပွဲကြီးမပြီးမီအတွင်း ပျင်းပျင်းနဲ့ စာကျက်နေရဦးမှာပဲ အထိန်းတော်ကြီးရဲ့"
"မှန်ပါ ဆင်ပြောင်ကြီး အမြီးကျမှတစ်" ဆိုသလို မဖြစ်ရအောင် ကြိုးစားတော်မူပါဘုရား၊ စုစုတို့ မယ်တော် ဖျားကလည်း အရှင်ကိုယ်တော်မြတ်ဖျား ပထမပြန်ဆိုပွဲ ၀င်နွှဲတော်မူပြီး ဘုန်းတော်ကြီးလှတဲ့ မင်းတရားကြီး ဘုရား၏ ချီးမွမ်းမြှောက်စားတော်မူခြင်းခံရပြီး ကတည်းက ဒါမှသား၊ ဒီလိုသားမှသား၊ ဒီမင်းသား ကလေးဟာ ငါ့သားပဲ ဖြစ်ပါစေတော့ ဆိုတာ အခါခါ ချီးမွမ်းနေတော်မူတယ်လို့ ကြားရပါတယ်ဘုရား"

"ဒီတော့ မယ်တော်ကြီးဘုရား မချစ်ခင်မကြည်ဖြူမှာကို အတွေးတော်ပိုပြီး ပူပန်စိုးရိမ် တော်မူဖို့ မလိုဘူးလို့တောင် ထင်ပါတယ်၊ သို့သော်လည်း မင်း၏ အရိပ်အခြေဆိုတာ စိတ်ရှည်ရှည်နဲ့ စောင့်စား အကဲခတ်ရ မြဲဖြစ်တဲ့အတွက်သာ အရာရာမှာ "သိသာသိစေ မမြင်စေနဲ့၊ မြင်သာမြင်စေ မသိစေနဲ့" ဆိုသလို သိုသိုသိပ်သိပ်နှင့် ခပ်ကြိတ်ကြိတ် ကြံစည်တာ အကောင်းဆုံးမို့ ဖုံးတန်သလောက်ဖုံး၊ ကွယ်တန် သလောက် ကွယ်ပြီး အလွယ် တကူ လူမရိပ်မိစေရန် ဟန်မပျက်စေခြင်းသာလျှင် ကောင်းမွန် သင့်မြတ်လှပါသည် ဘုရား"

"အင်း... အလိမ္မာဓာတ်ခံ ရင့်သန်တော်မူတဲ့ စုထားရဲ့ အထိန်းတော်ကြီးရယ်လို့ မပြော ရဘူး၊ အထူးသဖြင့် အမြော်အမြင် ကြီးပါပေတယ်၊ ကိုယ်တော်လည်း ဘယ်နည်းနှင့်မဆို ယခုရက်နီးကပ်လာတဲ့ စာတော်ပြန်ပွဲမှာ နောက်ဆုံးအကြိမ်အခါဖြစ်တဲ့အတွက် ဆက်လက် အောင်မြင်သွားရအောင် စုထားစိတ်ကို အသာ ဖြေပြီး စာတော်တွေ ကြိုးစားကျက်တော်မူ လိုက်ဦးမှပဲ၊ ဒီတစ်ကွေ့အောင်ခဲ့ရင် နောင်အတွက် စိတ်အေးတော်မူရပြီ အထိန်းတော် ကြီးရဲ့"

"မှန်လှပါ ရွှေဥာဏ်ရင် ဆင်ခြင်တော်မူနိုင်တဲ့အတိုင်း ကြိုးစားတော်မူပါဘုရား"
"ကဲ...ကဲ...ကောင်းလှပြီ အထိန်းတော်ကြီး ပြန်လိုကပြန်နိုင်ပြီ၊ သို့သော် စုစုဆီကို ရွှေလွှာ တော်တစ်စောင် နောက်ထပ် ဆက်ချင်သေးတဲ့အတွက် အထိန်းတော်ကြီး အပြင်က ခေတ္တ စောင့်ပေဦး၊ ကျုပ် အတွင်း ဆောင်တော်မှာ ရွှေလွှာကို စဉ်းစားစိတ်ကူးပြီး ရေးတော်မူ လိုက်ပါရစေ"
"မှန်လှပါ၊ အမိန့်တော်အတိုင်း စောင့်ပါမည်ဘုရား၊ ရွှေလွှာတော်ကိုသာ ရေးသားတော်မူပါ"

"ကောင်းပြီ...ကောင်းပြီ၊ ဪ... မင်းသားဆိုပေတဲ့ လူပျိုတော်တွေ၊ ကိုယ်ရံတော်တွေနဲ့ ခမ်းခမ်းနားနား ခံစားနေတဲ့ အခိုက်အတန့်မဟုတ်ဘဲ သာသနာ့ဘောင်မှာ ရဟန်း သာမဏေအဖြစ်နဲ့ ကျစ်ကျစ်လျစ်လျစ် နေတော်မူတဲ့အချိန်ဆိုတော့ တစ်ဆင့်ခိုင်စရာ စာရေးတော်တို့၊ စာတော်ဖတ်တို့ မရှိတဲ့အတွက် ကိုယ်တော်တိုင်ပဲ ရေးရပေမယ်၊ အနို့ပြီး ကိုယ်တော့်စိတ်တော်ကလည်း ချစ်ခင်ကြင်နာတော်မူတဲ့ စုစုအတွက် မို့ ကိုယ့်လက်တော် နဲ့မှ စိတ်တိုင်းကျကျ ရေးပေးတော်မူချင်တဲ့ ဆန္ဒရှိတယ် အထိန်းတော် ကြီးရဲ့၊ ကိုင်း... ဒီမှာနေရစ်ပေဦးရော့"

မိန့်တော်မူကာ ကျောင်းခန်းထဲသို့ ၀င်တော်မူသွားပြီးလျှင် အလွှာတော်ရွှေပြား၌ တေးထပ် နှင့် သံထောက်များကို ရွှေဥာဏ်တော်ကစားပြီး စိတ်အားထက်သန်စွာ ရေးသားတော်မူ လျက်ရှိလေ၏။
အပြင်တွင် တစ်ကိုယ်တည်း စောင့်စားနေထိုင်ခဲ့သော အထိန်းတော်ကြီး ခင်ဘွားသစ် လည်း သီပေါ မင်းသား အတွင်းတော်ဝင်သွားဆဲတွင် ၄င်း၏စိတ်ထဲ၌ ထိပ်စုဖုရားလတ် မိမိကို မလိမ့်မပတ် ပြုလိုက်တော်မူပုံကို အပြန်ပြန်စဉ်းစား၍ ပြုံးအားသန်မိသော်လည်း ဣနြေ္ဒကြီးကြီးနှင့် ဟုတ်တိပတ်တိ မိန့်တော် မူခြင်းတို့ကြောင့် မိမိတွင် အထိတ်ထိတ် အလန့်လန့် စိတ်လှုပ်ရှားခဲ့ရသည်မှာ နှစ်ခါရှိ ပြီဖြစ်သောကြောင့် အောင့်အီးသည်းခံ၍ မနေနိုင်တော့ဘဲ စုဖုရားအား ပြန်လှန်ကျီစယ်ရန် အမျိုးမျိုး အကြံထုတ် လျက်ရှိလေ၏။ စုထားဖုရားတော့ ဒီတစ်ခါ ဥာဏ်ထုတ်ကလဲ့စားချေဦးမှပဲဟု ကြိတ်ခဲ၍ နေစဉ်မှာပင် သီပေါမင်းသားလည်း ကိုယ်တော်တိုင် ရေးသားတော်မူခဲ့သော ရွှေလွှာတော်ကို လက်တစ်ဖက် က ကိုင်လျက် ကျောင်းဆောင်တွင်းမှ ထွက်တော်မူလာပြီး-
"ကဲ... အထိန်းတော်ကြီး၊ ကျုပ်ကိုယ်တိုင်ပဲ ရေးတော်မူပြီးပြီ၊ ကျုပ်ရေးတဲ့ စာတော်ကို အထိန်းတော်ကြီးက တစ်ဆင့် ဖတ်ပြီး လျှောက်ထားစမ်းပါဦး"

မိန့်တော်မူကာ ရွှေလွှာတော်ကို သနားတော် မူသောကြောင့် ခင်ဘွားသစ်လည်း ရိုသေစွာ လက်ဖြင့် လှမ်းယူ၍ ရွှေပြားပေါ်တွင်တွေ့ရသော တေးထပ်နှင့် သံထောက်ကို အသံနေ ပြတ်ပြတ် သားသား နှင့် ဖတ်ကြား လျှောက်ထားလေ၏။
သီပေါမင်းသား ဒုတိယအကြိမ် မေးတော်မူသော တေးထပ်နှင့်သံထောက်။

        "တေးထပ်"
        ဘုံတစ်ပင် နန်းမြင့်မှ၊ စန်းတစ်ပွင့်သင်္ခါ၊
    နွမ်းသဖြင့် တင်ပါမယ်၊ မင်္ဂလာရှိန်ကြွေ့။
        ဥကင်သကျက်သရေကို
    သက်သေစေဘုန်းဖြင့်မမေ့။
        ထီးဖြူဖွင့် သစ္စာကိုမူမယ်၊
    ချစ်ရှာသူယနေ့။
        မေတ္တာာတူပူလေ့က
    ကူဖြည့်လို့ကြံပါ။
        စောသီတာ ဆင်းကြာကြွငယ်နှင့်၊
    မင်းရာမထုံးသို့မကွာ။
        ခင်းဇာလှ အုံးညာမှာ၊
    ဘုန်းနှစ်ဖြာတူနီးဖို့၊
    ဖြူထီးတော်ဖွင့်ပါစေ၊
    လောင်းပညောင်ရေ။
        အောင်ရင်ဖြင့် ရ၀ိဆွေငယ်၊
    တဘိသေ ခံပွဲပလေး။

        "၄င်းသံထောက်"
        သစ်မကွာ ပွေပွေဆွေးသူမို့၊
    ချစ်စရာရွှေရေမွှေးကဲ့သို့၊
    ပြေပြေကလေး ကြူလိုက်မယ်။
        မကြံတတ်ပြီဟု၊
    စံရပ်ကယ် နွယ်လာက၊
    ကယ်စရာ အမှုနီးပါပေါ့၊
    ချီးမြှင့်မဲ့ရွယ်။
        ဆွေးဘ၀င် အနန္တဟာမို့၊
    အရေးရှင် ကြံသမျှငယ်လို့၊
    ယမံကခ,ပါတယ်၊
    စ,လယ်ထိတိုင် သနား။
        မြေဆိုမြေ လက်ခုပ်တွင် ပမာရေသို့၊
    သေလိုသေ သွေမမုန်းပါဘူးရယ်၊
    ဘုန်းဘုန်းသနား။

သစ်။   ။ "ဆုံးပါပြီဘုရား"
မင်းသား။   ။ "ဘယ့်နှယ်လဲ သင့်မြတ်ကဲ့လား၊ အထိန်းတော်ကြီးရဲ့၊ ကိုယ်တော်ရဲ့ စိတ်တော်ထဲမှာရှိသမျှကို တိတိကျကျ အဓိပ္ပာယ်ပေါ်လို့ စုစုဥာဏ်တော်နဲ့ တွေးမယူဘဲ အကဲဖြတ်နိုင်လိမ့်မယ် ထင်ရဲ့လား"

သစ်။   ။ "မှန်လှပါ၊ ပိဋကတ်တော်ကိုပင် မွှေနောက်ချောက်ချားတော်မူနိုင်တဲ့ ပညာတော်ရှင်မို့၊ ပြုပြင်တဲ့ စာသားများမှာလဲ အဓိပ္ပယ်လေးနက်တာ သွားလှပြီဖြစ်ကြောင်း ပါဘုရား"
မင်းသား။ ။"'ဒီစာတော်ထဲမှာပဲ စုစုအလိုတော်၊ ကျုပ်အလိုတော်များကို ကြိုက်ညီအောင် ရိပ်ချည်ပြပြီးသားဖြစ်တယ်၊ သို့အတွက် ဒီရွှေလွှာတော် စုစုလက်တော်ဆက်တဲ့အခါ လို့ရင်းအဓိပ္ပာယ်ကို ဘယ်လိုမိန့်တော်မူတယ်ဆိုတာ အထိန်းတော်ကြီးက အကြောင်းပြန် ပေတော့"

သစ်။ ။"မှန်လှပါ စိတ်ချလက်ချ စံတော်မူပါဘုရား"

မင်းသား။ ။"ကိုင်း...ကိုင်း...အထိန်းတော်ကြီးသွားလိုက သွားနိုင်ပြီ၊ ဒီရွှေလွှာတော်ကိုသာ လုံခြုံစွာ ဆောင်ကြည်းပြီး စုစုလက်တော်တွင်း ရောက်ဆောင်ဆက်လိုက်ပါ အထိန်း တော်ကြီး"

သစ်။ ။(ပြုံးလျက်)"မှန်ပါ အရှင့်ထိပ်စုမြတ်ဖျားကပေမဲ့ ပရိယာယ်တွေကများတော်မူလိုက် တာ၊ သဘောတော်အတိမ်အနက် အသိခက်အောင် ဖက်တော်မူထားတဲ့အတွက် ရွှေလွှာတော်ကို အထင်ခံ ဆက်ရမှာပင် ခပ်ခက်ခက်ဖြစ်နေသေးသဖြင့် အတွေးနှင့်စဉ်းစား ၍ အခင်းသွားလှအောင် ဥာဏ်ကစားပြီး စုထိပ်ဖျားကို ဆက်သရပါလိမ့်မည် ကိုယ်တော် ဖျားရဲ့"

မင်းသား။ ။"အေးလေ...ဒီကိစ္စမှာ အထိန်းတော်ကြီး သစ်သစ်က ကမကထအနှေးနှင့်အမြန် လျော်ကန် သလိုသာ ကြည့်စီမံပါလေ၊ ကိုယ်တော်က အထူးနည်းပေးလမ်းပြပြုနေစရာ မလိုပါဘူး၊ ကဲ...ကဲကြာရင် ဆရာတော်ဘုရား ပြန်ကြွလာတာနှင့် တွေ့နေမယ်ပြန်ပေတော့ အထိန်းတော်ကြီး"

သစ်။ ။"မှန်လှပါ သွားချေပါဦးမည်ဘုရား"

လျှောက်တင်ကာ မင်းသားထံမှ အထိန်းတော်ကြီး ခင်ဘွားသစ် ထွက်ခွာလာလေ၏ ။

အခန်း(၉) နက်ဖြန်နော်
.

No comments: