အခန်း(၆)
(၁)
မနက်ကိုးနာရီမှ အိပ်ရာက ကျွန်တော် နိုးပါသည်။ စူဇီ ကမူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲ ဖြစ်ပါသည်။ သူ့ကိုကျော်ပြီး ခုတင်ဘေးရှိ စားပွဲပေါ်မှ ၀တ္ထုစာအုပ်ကို ကျွန်တော် လှမ်းဆွဲယူသည်။ သို့သော်လည်း ၀တ္ထုထဲမှာ ကျွန်တော် စိတ်မ၀င်စားနိုင်ပါ။ ကျွန်တော် အရမ်းပျော်နေသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် စာအုပ်ကို ချထားလိုက်ရတော့သည်။
နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် စူဇီ၏ မျက်နှာကလေးကို ထိုင်ကြည့်နေမိသည်။ ကလေးငယ် တစ်ယောက် ၏ မျက်နှာကဲ့သို့ အေးချမ်းလှပါသည်။ မျက်လုံးပေါ်မှာ ဖုံးနေသည့် မျက်လွှာများသည် နူးညံ့ ချောမွတ်နေသည်။ မျက်တောင်မွေးကလေးများသည် ဂျပန် ယပ်တောင်ကလေးတစ်ချောင်းလို သပ်ရပ်စွာ ပြန့်ကားနေသည်။ တစ်ချောင်းချင်းကိုပင် ရေးလို့ရနေပါသည်။
သူ အိပ်မက်များ မက်နေသလားဟု ကျွန်တော် စဉ်းစားကြည့်နေမိပါသည်။ တရုတ်လူမျိုးများသည် ဘယ်လို အိပ်မက်မျိုးကိုများ မက်တတ်ပါလိမ့်။ ကလေးတွေ၊ ပုစဉ်းရင်ကွဲ အော်သံတွေ၊ ပူနွေးသော ၀ိုင်အရက်တွေ၊ ချစ်ခြင်းမေတ္တာတရားတွေကိုများ မက်တတ်ကြလေသလော။
တစ်နာရီလောက်ကြာအောင် ငြိမ်သက်စွာ သူ အိပ်ပျော်နေပါသည်။ ထို့နောက်မှ အသက်ပြင်းပြင်း တစ်ချက်ရှူကာ တစ်ဘက်သို့ အသာကလေး စောင်းပြီး နေရာပြင်လိုက်သည်။
"အချစ်ရေ... ၊ ထပါတော့လားကွယ်..." ဟု ကျွန်တော်က ပြောသည်။
"ဒါလင်..."
အိပ်ချင်မူးတူးသံဖြင့် သူက ပြန်ထူးသည်။
"ထတော့လေကွယ်"
ကျွန်တော့်ဘက်သို့ သူ စောင်းလိုက်ပြန်သည်။ ပြီးတော့ ကျွန်တော့်ကို ကနွဲ့ကလျ ကိုင်တွယ်နေသည်။ သာသာ ကလေးလည်း ရယ်နေသည်။
"သိပ်လှတာပဲ မောင်ရယ်..."
"ဘာတွေက လှနေတာပဲဟင်"
"အချစ်ရေလို့ မောင်ခေါ်လိုက်တဲ့ အသံပေါ့၊ တကယ့် လှိုက်လှိုက်လှဲလှဲခေါ်သံ...၊ အသည်းနှလုံးထဲက ထွက်လာတဲ့အသံ...၊ လှလိုက်တာ မောင်ရယ်"
သူပြောနေသံကလည်း ကျွန်တော့်နားထဲမှာ လှနေပါသည်။
"ရေနွေးကြမ်း တောင်းလိုက်ဦးမယ်နော်၊ အခန်းထဲကို အတောင်းဝင်လာရင် သူ့မျက်နှာ အမူအရာ ဘယ်လို ပြောင်းသွားသလဲဆိုတာ ကြည့်ကြရအောင်"
ခုတင်ဘေးရှိ ဘဲလ်ကို ကျွန်တော် နှိပ်လိုက်သည်။ စူဇီသည် မျက်လုံးမဖွင့်ဘဲ စောင်ကို မေးစေ့အရောက် ဆွဲခြုံလိုက်သည်။
တံခါးခေါက်ပြီး အတောင်း ၀င်လာသည်။ ရေနွေးကြမ်းအိုး သယ်လာသည်။ စူဇီကို တွေ့တော့ သူ့ခြေတောက် များ တုံ့ကနဲရပ်သွားသည်။ သူ့မျက်လုံးအစုံမှာ ကော်ဖီပန်းကန်ပြားလို ၀ိုင်းစက်သွားသည်။
ပြီးတော့မှ သူ့ကိုယ်သူ ပြန်သတိရသွားပြီး စားပွဲဆီသို့ ဆက်လျှောက်သွားသည်။ ခုတင်ဘက်သို့ လုံးဝ ပြန်လှည့်မကြည့်တော့။ သူ့မျက်နှာ အမူအရာကိုလည်း တည်တည်ကြီး ဖြစ်အောင် ကြိုးစား ဟန်ဆောင်နေသည်။ ရေနွေးကြမ်းအိုး အဟောင်းနှင့် အသစ်ကို လဲနေသည်။ ကျွန်တော်၏ အပြုအမူ ကြောင့် သူတော်တော်ကြီး အနေခက်သွားပြီကို နားလည်လိုက်သည်။ ဒါလောက်ဆိုလျှင် လုံလောက်ပြီဟု သဘော ရလိုက်သည်။
"အံ့သြမသွားဘူးလား အတောင်း"
ကျွန်တော့်ကို သူ မော့ကြည့်သည်။ ကျွန်တော် ရယ်နေသည်ကို သူ တွေ့သွားသည်။ တဖြည်းဖြည်း သူ့မျက်နှာ ပြုံးလာကာ စိတ်သက်သာရာ ရသွားလေတော့သည်။
"ဟုတ်ပါတယ်ဆရာ...၊ ကျွန်တော် ပျော်သွားပါတယ် ဆရာ"
အတောင်း အမှန်တကယ် စိတ်ချမ်းသာသွားကြောင်း၊ ကျွန်တော် သိပါသည်။ နမ်ကောက်မှာ ကျွန်တော် ဒါလောက် ကြာကြာကြီး နေခဲ့ပြီဖြစ်သော်လည်း မည်သည့် မိန်းကလေးနှင့်မှ ဇာတ်မရှုပ်ခဲ့။ ထို့ကြောင့် ကျွန်တော့်မှာ တစ်ခုခုများ မှားနေသလား။ ဒါမှမဟုတ် စုံထောက်တစ်ယောက် ဖြစ်နေသလားဟု သူ သံသယဖြစ်ခဲ့သည်။
ယခုမူ ကျွန်တော်သည် အများနည်းတူ အမျိုးသမီးကလေး တစ်ယောက်နှင့် အိပ်ရာထဲမှာ အတူတူ ရှိနေသည်။ အားလုံး အဆင်ပြေသွားပြီ။ သူ သံသယဖြစ်နေတာတွေ တစ်ခုမှ မဟုတ်တော့။ ကျွန်တော်တို့ အတွက် ဖန်ခွက်နှစ်လုံးထဲမှာ ရေနွေးကြမ်း ထည့်ပေးသည်။ ပျော်ပျော်ရွှင်ရွှင်ကြီး ပြုံးနေသည်။ ပြီးတော့ အခန်းထဲမှ သူ ထွက်သွား တော့သည်။
စူဇီကတော့ မျက်လုံးအစုံကို မှိက်ထားဆဲပင်။
"အချစ်ရေ..."ဟုလည်း ကျွန်တော် ခေါ်သည့်အတိုင်း လိုက်ခေါ်ကြည့်နေသည်။
ဆယ့်တစ်နာရီထိုးတော့ ပင်းမင်းအပ်ထားသည့် ကျွန်တော့် အ၀တ်အစားများကိုယူပြီး အတောင်း ပြန်ရောက်လာသည်။ ယခုအချိန်အထိ ကျေကျေနပ်နပ်ကြီး သူပြုံးနေဆဲ ဖြစ်ပါသည်။ ကျွန်တော်နှင့်အတူ စူဇီ ရှိနေတုန်းပဲလားဟု ရော့ဒ်နေက မေးကြောင်း၊ သူက ဘာမှ မသိသည့်အကြောင်းကို လိမ္မာပါးနပ်စွာဖြင့် ပြန်ဖြေလိုက်ကြောင်း ပြောပြသည်။
"စူဇီ ဒီအခန်းထဲမှာ ရှိနေတယ်ဆိုတာ သူ ဘယ်လိုလုပ်သိသွားတာလဲ"
"မနေ့ညတုန်းက ဂျူတီကျတဲ့ အခန်းစောင့် နံပါတ် ၂ က ပြောပြလိုက်တာပါဆရာ"
အတောင်း ထွက်သွားသည်။ စူဇီက အိပ်ရာထဲမှာ ထထိုင်သည်။
"မောင်ရေ... ဘယ်အချိန် ရှိသွားပြီလဲ၊ ကျွန်မ ကလေးကို ပြေးကြည့်လိုက်ဦးမှ ဖြစ်မယ်"
"ကိုယ်ရော လိုက်လို့ရမလား"
"မရဘူး"
"ဘာဖြစ်လို့လဲ"
"အချစ်ရေလို့ မခေါ်လို့"
"မောင်ပါ အတူတူလိုက်လာလို့ရမလား အချစ်ရေ..."
"အိုး... လိုက်ခဲ့ပါ မောင်ရယ်"
ကျွန်တော်တို့ အ၀တ်အစားလဲပြီး သူ့အိမ်ခန်းသို့ လမ်းလျှောက်သွားကြသည်။ သူဝတ်ထားသည့် ညစာစားပွဲတက် ၀တ်စုံသည်။ ယခုလို မနက်မှာ တောက်ပြောင်လွန်းနေသည်။ အထူးသဖြင့် သူနေသည့် ရပ်ကွက်မှ နောက်ဖေးလမ်းကြားကလေးထဲသို့ ၀င်လာသောအခါ ပိုပြီး တောက်ပြောင်နေတော့သည်။
စူဇီ၏ အိမ်ခန်းသည် လမ်းနှစ်ခုဆုံရာထောင့် စက္ကူဆိုင်၏ အပေါ်ထပ်တွင်ဖြစ်သည်။
စက္ကူဆိုင်ဆိုသည်မှာ ရောင်စုံစက္ကူများ။ ရောင်စုံစက္ကူများဖြင့် ပြုလုပ်ထားသည့် သင်္ဘော၊ လှေ၊ သမ္ဗန်၊ အိမ်၊ မော်တော်ကား၊ စက္ကူ အ၀တ်အစား စသည်များအပြင် ဒေါ်လာငွေစက္ကူပုံ ရိုက်နှိပ်ထားသည့် စက္ကူမျိုးစုံ ဖြစ်သည်။ တရုတ်လူမျိုးများသည် ဆွေမျုးထဲမှ တစ်စုံတစ်ယောက် အနိစ္စရောက်လျှင် ထိုစက္ကူ ပုံစံမျိုးစုံကို ၀ယ်ပြီး မီးရှို့ကြသည်။ ဒေါ်လာပုံစံ စက္ကူသန်းပေါင်း များစွာ ကိုလည်း မီးရှို့ကြသည်။ သေဆုံး သွားသူ၏ ၀ိညာဉ်က ထိုအရာများ အားလုံးကို လက်ခံရရှိကြသည်ဟု ယုံကြသည်။
ဝမ်ချိုင်းတွင် ကုန်မျိုးစုံဆိုင်များထက် ယင်းသို့ စက္ကူရောင်းသည့် ဆိုင်တွေက ပိုများသည်။ ယခုလို စက္ကူဆိုင်၏ အပေါ်ထပ်မှာ နေရသည့်အတွက် ကံမကောင်းဟု စူဇီက ထင်နေသည်။ သို့သော်လည်း တစ်ဘက်ခန်းက ခေါင်းရောင်းသောဆိုင် ဖြစ်လေရာ ထိုဆိုင်အပေါ်ထပ်ခန်း မဟုတ်သဖြင့် အထိုက် အလျောက် တော့ တော်သေးသည်ဟု ပြောသည်။
သူ့အိမ်ပေါ်သို့ တက်သည့် လှေကားမှာ စက္ကူဆိုင်နှင့် ခေါင်းရောင်းသည့် ဆိုင်ကြားမှာ ရှိသည်။ လှေကားကျဉ်းကျဉ်းကလေးအတိုင်း သူ့နောက်မှ ကျွန်တော် တက်လိုက်သွားသည်။ အိမ်က အိမ်အိုကြီး ဖြစ်ပြီး ခနော်နီခနော်နဲ့နိုင်လှသည်။ လမ်းတွေက ညစ်ပတ်သည်။ ဟင်းနဲ့ ကျွေးနံ့နှင့် ကျင်းငယ် နံ့များ တထောင်းထောင်း ထွက်နေသည်။
အောက်ထပ် နှစ်ခန်းတွင် အိမ်သားဆယ့်လေးငါးယောက်တို့ ငါးပိသိပ်ငါးချဉ်သိပ် နေကြရသည်ကို တွေ့ရသည်။ အချို့အခန်းတွင် ကလေးများက ထမင်းစားနေကြသည်။ နို့တိုက်သည့် မိခင်များ လည်းရှိသည်။ ယောက်ျားအချို့က အသေကောင်လို စန့်စန့်ကြီး အိပ်နေကြသည်။ ရန်ဖြစ်နေသည့် အသံများ ကိုလည်း ကြားရသည်။
မည်းမှောင်နေသည့် အပေါ်ဆုံးထပ်သို့ ရောက်လာသည်။ ဘယ်ဘက်တစ်ခန်း၊ ညာဘက်တစ်ခန်း ခွဲခြားထားသည်။ စူဇီ၏ အခန်းထဲသို့ ၀င်ခဲ့သည်။ အိမ်ခန်းက ကျဉ်းကျဉ်းကလေး ဖြစ်ပါသည်။ အထိုက် အလျောက် သန့်ရှင်းမှု ရှိသော်လည်း ကျေနပ်လောက် သည့် အနေအထားကား မဟုတ်ပါ။
နံရံနှင့် လသာဆောင်ကလေးမှာ အမျိုးအမည်ပေါင်း များစွာသော ပစ္စည်းအဟောင်းအမြင်းတွေ တပံကြီးရှိနေသည်။ တရုတ်လူမျိုးတို့သည် အဟောင်းတစုတ်များကိုပါ အလွယ်တကူ လွင့်ပစ်ရိုးထုံးစံမရှိ။ ပုလင်းခွံတွေ၊ ဘူးခွံတွေ၊ စက္ကူသေတ္တာတွေကို သည်အတိုင်း သိမ်းဆည်းထားကြလေ့ရှိသည်။
ကလေးထိန်း အဘွားကြီးသည် ကြမ်းပြင်ပေါ်မှာထိုင်ပြီး စူဇီ၏ အင်္ကျီတစ်ထည်ကို ချုပ်နေသည်။ ကလေးက ဘူးခွံတစ်ခုနှင့် ဆော့နေသည်။ စူဇီကို မြင်တော့ ဘူးခွံနှင့် ကြမ်းပြင်ကို တဒိုင်းဒိုင်းထုပြီး ပြုံးပြသည်။ စူဇီက ကလေးကို ကောက်ချီလိုက်သည်။ ကလေးမျက်နှာမှာ သွားရည်တွေ ရွှဲနေသော်လည်း သူ့အင်္ကျီဖြူကလေး ညစ်ပေသွားမည်ကို အရေးမထား။ ကလေးကို ချီရင်း တရုတ်လိုချော့မြူနေသည်။
:ကလေးက အင်မတန်ချစ်စရာကောင်းတာပဲ စူဇီ"
ကလေး၏ ကပြားမျက်နှာကလေးကို မြင်တိုင်း ကျွန်တော့် စိတ်ထဲမှာ နာကြင်မိသည်မှာ အမှန် ဖြစ်သော်လည်း ထိုစကားကို ကျွန်တော် ပြောပစ်လိုက်ပါသည်။
"သူ အခုထက်ထိ ချောင်းဆိုးတုန်းပဲမောင်ရယ်..၊ ဟေး... ဘာကြောင့် မင်း ဒါလောက်တောင် ချောင်းဆိုး နေရတာလဲ... လူကဲကလေး"
စူဇီက ပြောရင်း ကလေးကို ကလိထိုးနေသည်။ ကလေးက သဘောကျလွန်းသဖြင့် တစ်ကိုယ်လုံး သိမ့်သိမ့်ခါအောင် ရယ်နေသည်။
"ဟုတ်တယ်...၊ မေမေ့ရဲ့ သားချောလေး၊ မေမေ့ရဲ့ သားလှကလေး၊ မေမေ့ ရည်းစားကို စကားပြော လိုက်စမ်း၊ တစ်နေ့ကျရင် သူကသားကို ဓာတ်ပုံရိုက်ပေးမှာ"
စူဇီ၏ စကားကိုကြားတော့မှ ကလေးကို ဓာတ်ပုံရိုက်ပေးဖို့ ကျွန်တော် ကတိပေးထားဖူးကြောင်း အမှန် ရတော့သည်။ သို့သော်လည်း ကျွန်တော်၏ ကင်မရာမှာ ကျကွဲ သွားသောကြောင့် ပြန်ပြင်မရ နိုင်တော့သည့် အခြေအန ရောက်နေသည်။
ထို့ကြောင့် ကလေးကို ဓာတ်ပုံဆိုင်ခေါ်သွားပြီး ရိုက်ပေးရလျှင် ကောင်းမယ်ဟု ကျွန်တော်က အကြံ ပေးသည်။ စူဇီကို ဘာလက်ဆောင်ပေးရလျှင် ကောင်းမည်နည်းဟု တစ်မနက်လုံး ကျွန်တော် စဉ်းစား နေခဲ့သည်။ ယခု အကြံသည် အကောင်းဆုံးလက်ဆောင်ပင် ဖြစ်ချေသည်။
ထိုစိတ်ကူးကို ကြားရတော့ စူဇီ သိပ်ပျော်သွားသည်။ ဓာတ်ပုံရိုက်၍ ကောင်းနိုင်မည့် အ၀တ်အစားများကို တစ်ထည်ပြီး တစ်ထည် ပြောင်းလဲဝတ်ဆင်ကြည့်နေသည်မှာ မိနစ်ပေါင်းများစွာ အချိန်ကုန်သွားသည်။ ကလေးထိန်းအဘွားကြီးက စောင်တစ်ထည်ကို ဖြန့်ကိုင်ပြီး ကွယ်ပေးထားသည်။ စူဇီက ထို့နောက်တွင် အ၀တ်များကို တစ်ထည်ပြီး တစ်ထည် လဲကြည့်နေခြင်းဖြစ်သည်။
ကလေးထိန်း အဘွားကြီးသည် ကျွန်တော်တို့နှင့် အတူတူလိုက်လာမည်ဖြစ်သည်။ ထို့ကြောင့် သူ စိတ်ချမ်းသာ သွားပုံရသည်။ ငွေသွားတွေပေါ်အောင် ပြုံးနေသည်။ သူ့မျက်နှာပေါ်မှာ အသားအရေတွေ တွန့်လိပ်နေပြီ။ ယခင် လယ်သူမကြီးဖြစ်ခဲ့သည်။ အသားအရေတွေ တွန့်လိပ်နေပြီဖြစ်သော်လည်း မျက်လုံး အစုံကမူ ကလေးငယ် တစ်ယောက်၏ မျက်လုံးကဲ့သို့ ကြည်လင်နေသည်။
အပြာရောင် အင်္ကျီနှင့် ဘောင်းဘီအနက်ကို ၀တ်ဆင်ထားသည်။ ခြေညှပ်ဖိနပ် စီးထားသည်။ ဖြူဖွေးနေသည့် ဆံပင်များကိုအပေါစားပလတ်စတစ် ဘီးတစ်ချောင်းဖြင့် စုထုံးထားသည်။
အဘွားကြီးကို စူဇီ အလွန်ချစ်ပါသည်။ သို့သော်လည်း အိုးတိုးအတ နိုင်လွန်းသောကြောင့် မကြာခဏ ဆူပူကြိမ်းမောင်းရသည်။ စူဇီက ဘယ်လောက် ဆူဆူ အဘွားကြီးက ကျေနပ်ပါသည်။ အဘယ်ကြောင့် ဆိုသော် စူဇီကို အထင်ကြီး သောကြောင့်ဖြစ်သည်။ စူဇီသည် ငွေတွေအများကြီး ရှာနိုင်သည်။ အ၀တ်အစား လှလှတွေ အများကြီး ၀ယ်နိုင်သည်။ အိမ်ခန်းတစ်ခုနှင့် ကျကျနန နေနိုင်သည်။ နိုင်ငံခြား သင်္ဘောသား များနှင့် ဆက်သွယ် လုပ်ကိုင်ရသည့် လုပ်ငန်း အလွန်အောင်မြင် နေသောကြောင့်လည်း အဘွားကြီး က စူဇီကို အလွန်အထင်ကြီးနေသည်။
အဘွားကြီးက စောင်တစ်ထည်ကို ခေါက်ပြီး ကျောမှာ သိုင်းသည်။ ထိုစောင်ထဲမှာ ကလေးကို ထည့်သည်။ စောင်ထဲသို့ ရောက်သွားပြီး ခဏအကြာမှာပင် ကလေးငယ်သည် လက်မ တစ်ချောင်းကို စုပ်ရင်း အိပ်ပျော် သွားတော့သည်။
"အဆင်သင့်ဖြစ်ပြီနော်၊ ကဲ... သွားကြစို့"ဟု စူဇီက ပြောသည်။
အိမ်ကြိုအိမ်ကြားရှိ လမ်းကျသ်းကလေးများအတိုင်း ဟက်နက်ဆီလမ်းမကြီးဆီသို့ လျှောက်လာ ကြသည်။ အဘွားကြီးက နောက်မှလိုက်လာသည်။ ဟင်နက်ဆီ လမ်းပေါ်ရောက် တော့ ဓာတ်ပုံ ဆိုင်ပေါင်း များစွာ စီတန်းနေသည်။ ထိုဆိုင်များမှာ ချိတ်ထားသည့် နမူနာဓာတ်ပုံများ ကို ကြည့်ကြသည်။
တစ်ဆိုင်တွင် အင်္ဂလိပ် သင်္ဘောသားလူငယ်တစ်ယောက်၏ ဓာတ်ပုံကြီးကို ချိတ်ထားသည်။ ဆံပင်က ကောက်ရိးရောင်၊ ပါးနှစ်ဖက်က ပန်းနုရောင်၊ မျက်လုံးက အပြာရောင်နှင့် အင်္ဂလိပ်လူငယ်တစ်ယောက်။ သူ့ပုံ ပတ်လည်တွင် တရုတ်မကလေးများ၊ တရုတ်ကလေးများ၊ နှစ်ယောက် တွဲပုံများကို ချိတ်ထားသည်။
"ဒီပုံတွေ ကြည့်ရတာ ပိုကောင်းတယ်"
စူဇီကပြောရင်း ဆိုင်တွင်းသို့ ၀င်သွားသည်။
ဓာတ်ပုံဆရာသည် တရုတ်လူမျိုး လူငယ်တစ်ယောက်ပင် ဖြစ်သည်။ အ၀တ်အစား သပ်သပ်ရပ်ရပ် ၀တ်ဆင် ထားသည်။ သူ့ကိုယ်သူ အလွန်အရေးကြီးသည့် ပုဂ္ဂိုလ်တစ်ယောက် ဂိုက်မျိုး ဖမ်းထားသည်။ သို့သော်လည်း စူဇီသည် ကိုယ်ဘာလိုချင်သည်ကို ကောင်းစွာသိသည့် မိန်းကလေးဖြစ်သည်။ ထို့ကြောင့် ဓာတ်ပုံဆရာ ဘယ်လိုပုံမျိုး ဖမ်းဖမ်း သူ့နေရာမှန်သို့ ပြန်ပို့ပစ် လိုက်သည်။
ကိုယ်ဟန် အနေအထားကို သူ့ဘာသာသူ ပြင်သည်။ စိတ်တိုင်းကျသောအခါ ဓာတ်ပုံဆရာကို ခလုတ် နှိပ်ခိုင်းသည်။ ဓာတ်ပုံဆုရာ အဆင်သင့် မဖြစ်သည်ကို တွေ့သောအခါ ဆူပူကြိမ်းမောင်း လိုက်သေး သည်။
"ဘယ်လိုလဲ၊ ကျွန်မကလေး မျက်နှာသေကြီးနဲ့ ထိုင်နေတော့မှ ရှင်ခလုတ်နှိပ်နိုင်မှာလား၊ နေဦး... အခု မရိုက်နဲ့ဦး၊ ကလေးရယ်အောင် လုပ်လိုက်ဦးမယ်"
စူဇီက ပြောပြောဆိုဆို ကလေးရယ်လာအောင် ချော့မြူသည်။ သူ စိတ်တိုင်းကျသည့် အမူအရာနှင့် အနေအထား ကိုရတော့မှ ဓာတ်ပုံရိုက်စေသည်။
ဓာတ်ပုံဆရာတိုင်းသည် နောက်ခံကားလှလှများ ချိတ်ဆွဲထားဖို့ တယ်ပြီး ၀ါသနာပါကြပုံမပေါ်။ သူတို့ဆိုင်များမှာ ထားလေ့ရှိသည့် နောက်ခံကားများသည် ခပ်တုံးတုံး ခပ်ညံ့ညံ့များချည်း ဖြစ်တတ်သည်။
စူဇီသည် ကလေး တစ်ယောက်တည်းကိုပင် အနေအထားမျိုးစုံ လုပ်ပြီး ရိုက်ခိုင်းသည်။ စိတ်တိုင်း ကျတော့ ကလေးနှင့် သူ တွဲရိုက်သည်။ ထို့နောက် ကလေးနှင့် ကလေးထိန်း အဘွားကြီးကို တွဲရိုက် စေသည်။ နောက်ဆုံး တွင် ကျွန်တော် ၀င်ရတော့သည်။ စူဇီက ကုလားထိုင်ပေါ်မှာ ထိုင်နေသည်။ ကလေးကို ပေါင်ပေါ်မှာ တင်ထားသည်။ ကျွန်တော်က သူ့နောက်မှာ ရပ်ရသည်။
"စူဇီ ..အခုလိုရပ်နေရတော့ ကိုယ်ဟာ ကလေးရဲ့အဖေလို ဖြစ်မနေပေဘူးလား"
ကျွန်တော်က ကန့်ကွက်သလို ပြောသည်။
"ဟုတ်တယ်လေ၊ မောင် သဘောမကျလို့လား"
"မဟုတ်ပါဘူးဗျာ..၊ စိတ်ကြီးတောင် ၀င်သွားမိပါသေးတယ်"ဟု ကျွန်တော် ပြန်ပြောမိလျက်သား ဖြစ်နေ တော့သည်။
စူဇီက ခစ်ခနဲ ရယ်လိုက်သည်။
"ဓာတ်ပုံပြပြီး သားလေးကို ပြောပြရမယ်၊ အဲဒါ သားရဲ့အဖေပဲလို့၊ ဒါကြောင့် သားဟာ ဒါလောက်ချော နေတာလို့ ပြောရမယ်"
"အခုထက်ပိုပြီး စိတ်ချတဲ့အသံမျိုးနဲ့ မင်းပြောမှဖြစ်မှာနော်၊ ကိုင်း ရယ်စရာတွေ ပြောမနေနဲ့တော့၊ ကိုယ် ရယ်လိုက်လို့ ဓာတ်ပုံပျက်သွားဦးမယ်"
ထို့နောက် စူဖီ ပိုက်ဆံအိတ်ဖွင့်သည်ကို အချိန်မီသည်ဆိုရုံကလေး ကျွန်တော် တားလိုက် နိုင်သည်။ ဓာတ်ပုံအတွက် စရန်ငွေကို သူပေးပါမည်ဟု အတင်းလုပ်နေသေးသည်။ ဖြတ်ပိုင်းကို ကျွန်တော်ယူပြီး ဆိုင်ပြင် ထွက်ခဲ့ကြသည်။ ကျောက စောင်ထဲမှာ ပြန်အိပ်ပျော်သွားသည့် ကလေးနှင့်အတူ ကလေးထိန်း အဘွားကြီးက အိမ်ပြန်သွားသည်။ ပလက်ဖောင်းပေါ်မှာ ကျွန်တော်တို့ ရပ်နေကြသည်။ ထိန်ထိန်ကြံ နေသည့် နေရောင်အောက်မှာ ဓာတ်ရထားတွေ ဥဒဟို သွားနေကြသည်။
"အခု ဘာဆက်လုပ်ကြရင် ကောင်းမလဲ စူဇီ"
"ရုပ်ရှင်သွားကြည့်မလား"
"ရုပ်ရှင်တော့ မကြည့်ချင်ဘူးကွယ်၊ ဓာတ်ရထား အပေါ်ထပ်မှာ တက်ထိုင်ပြီး မရပ်မချင်း ထိုင်စီး နေကြရအောင်"
"ကောင်းတယ် မောင်"
ရှော်ကီဝမ်သို့သွားသော ဓာတ်ရထားပေါ်သို့ တက်ခဲ့ကြသည်။ ရှော်ကီဝမ်သည် သင်္ဘောတွေ၊ စက်လှေတွေ တည်ဆောက်သည့် ရွာကလေးဖြစ်သည်။
ဓာတ်ရထားစီးလာရင်း ခဏကြာတော့ ယနေ့ စနေနေ့ဖြစ်ကြောင်း ကျွန်တော် သတိရသည်။ မွန်းလွဲပိုင်းတွင် မြင်းပွဲရှိသည်။ ထိုအကြောင်းပြောပြတော့ မြင်းပွဲမရောက်ဖူးသော စူဇီကလည်း စိတ်ဝင်စား သွားသည်။ ဓာတ်ရထားပေါ်မှဆင်းပြီး မြို့ထဲပြန်သွားသည့် ဓာတ်ရထားတစ်စီးပေါ် တက်ခဲ့ကြသည်။
ဗဟိုခရိုင်က မှတ်တိုင်တစ်ခုမှာ ဆင်းပြီး နေ့လယ်စာစားရန် စားသောက်ဆိုင်တစ်ဆိုင်သို့ ၀င်ခဲ့သည်။ ကန်တုန် လူမျိုးပိုင်သော စားသောက်ဆိုင် အကြီးကြီးဖြစ်သည်။ စားသောက်ဖွယ်ရာများ ထည့်ထားသည့် ဗန်းကို ကိုင်ရင်း စားပွဲထိုးအမျိုးသမီးကလေးများက ဆိုင်ထဲမှာ သွားလာ လှုပ်ရှားနေကြသည်။ မိမိ ကြိုက်နှစ် သက်ရာ အစားအစာကို ဗန်းထဲမှ ရွေးယူရန်ဖြစ်သည်။ ခပ်လှမ်းလှမ်းရှိ အမျိုးသမီး ဗန်းထဲမှာ မိမိ ကြိုက်နှစ် သက်ရာ ရှိနေမည်ဆိုလျှင်လည်း လှမ်းခေါ်နိုင် သည်။
ဆိုင်ထဲမှာ စားပွဲထိုး အမျိုးသမီးပေါင်း သုံးလေးဆယ်လောက်ရှိသည်။ သူတို့ ဗန်းထဲမှာ ကြက်ကြော်၊ ကြက်ကင်၊ ဘဲကင်၊ ငါးမန်းတောင်ဟင်းချို၊ ၀က်သားအမျိုးမျိုး၊ ပုစွန်ကြော် အပါအ၀င် အမျိုးပေါင်း မရေမတွက်နိုင်သည့် ကန်တုန်အစားအစာတွေ ရှိသည်။ ထိုအမျိုးသမီးက စားပွဲများ ကြားတွင် မပြတ်လပ်ရအောင် ဥဒဟိုသွားလာနေကြရာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရသည့် ဒုက္ခမှလည်း ကင်းဝေးသွားတော့သည်။
ကျသင့်ငွေတွက်သည့် အမျိုးသမီးကလေး ရောက်လာပြီး ပန်းကန်တွေကို ရေတွက်တော့ ကျွန်တော်တို့ စားပွဲပေါ်မှာ ပန်းကန်လွတ်တွေ တစ်ဒါဇင်ကျော်လောက် ရှိနေပြီ။ သည်လိုဆိုင်မျိုးသည် အလွန် ဈေးချိုကြောင်း ကျွန်တော် သိပါသည်။ သို့သော်လည်း ယခု ကျသင့်ငွေ တွက်လိုက်တော့ ကျွန်တော် မျှော်မှန်း ထားသည်ထက်ပင် အများကြီး နည်းနေပြန်သည်ကို အံ့သြဖွယ် တွေ့ရတော့သည်။
"မြင်းပွဲမှာ ပိုရှုံးနိုင်အောင် ထမင်းဖိုးက နည်းသွားတာပေါ့ကွာ၊ ကဲ... ကံသွားစမ်းကြည့်ကြစို့ စူဇီ"
မြင်းပြိုင်ကွင်းသည် ၀မ်ချိုင်းအနောက်ဘက် ဟဲဗီးဗယ်လီမှာ ရှိသည်။ စင်အသစ်ကြီးများ ဆောက်လုပ် ထားရာ ထိုစင်များပေါ်မှနေ၍ ကြည့်နိုငသည်။ ပြိုင်ပွဲမည့် မြင်းများကို စတီးဝပ် လူကြီးများ စစ်ဆေး ကြည့်ရှု နိုင်ရန် အနီးရှိ ဘောလုံးကွင်းထဲမှာ လှည့်လည်ပြရသည်။
ကွင်းထဲသို့ ကျွန်တော်တို့ ရောက်သွားတော့ ပထမပွဲပင် ပြီးသွားနှင့်ချေပြီ။ တန်းစီဝင်နေကြသည့် တရုတ်ပေါင်းများစွာကို မြင်ရသည်။ မြက်ဦးထုပ်ကြီးတွေ ဆောင်းထားကြသည်။ အချို့က ခြေထောက်မှာ ဖိနပ်ပင်စီးမထား။ တူညီဝတ်စုံ ၀တ်ထားသည့် တရုတ်ဘင်တီးဝိုင်း တစ်ခုကလည်း "ကဗျာဆရာနှင့် လယ်သမား" သီချင်းကို တီးမှုတ်ဖျော်ဖြေနေ သည်။
ဂရင်းစတင်းနှင့် အနီးတ၀ိုက်မှာ လူတွေ ကျပ်နေသည်။ အင်္ဂလိပ်ကုန်သည်ကြီးများနှင့် သူတို့၏ဇနီးများ၊ လက်ကိုင်တုတ်ကို ဟန်ကျပန်ကျ ကိုင်ထားသည့် အင်္ဂလိပ်စစ်ဗိုလ်များကို တွေ့ရသည်။ သို့သော်လည်း သူတို့သည် တရုတ်သူဌေးများကြားတွင် လူနည်းစုကလေး ဖြစ်နေသည်။ တရုတ်သူဌေးတွေကလည်း များလှသည်။ သည်နေရာ ရောက်တော့မှပင် ပိုများကြောင်း တွေ့ရသည်။ ၀တ်ကောင်း စားလှများကို ၀တ်ဆင် ထားကြသည်။ အချို့က ဥရောပ၀တ်စုံဝတ်ပြီး အချို့က တရုတ်အ၀တ်အစားကိုပင် ၀တ်ထား သည်။
သူတို့ ဇနီးများက ပိုလို့ပင် တောက်ပြောင်သေးသည်ဟု ဆိုရမည်။ ၀တ်စားထားသည့် အ၀တ်အစား များက အကောင်းစား။ အဖိုးတန် စိန်ရွှေရတနာတွေလည်း ဖိတ်ဖိတ်တောက်နေသည်။ ပြင်သစ် ရေမွှေးနံ့ ကတော့ တထောင်းထောင်း။
"အပျိုချောချော ကလေးတွေ အများကြီးပဲ မောင်ရယ်...၊ မောင့်ကို လက်လွတ်သွားမှာ ကြောက်လိုက် တာ" ဟု စူဇီက ပြောသည်။
"အဓိပ္ပာယ်မရှိတာ မပြောစမ်းပါနဲ့ အချစ်ရယ်..၊ သူတို့အားလုံးထက် မင်းက ပိုချောပါတယ်"
"မောင့်လက်ကို မလွတ်တမ်း မြဲမြဲကိုင်ထားရမယ်၊ နို့မဟုတ်ရင် မောင် လိပ်ပြာဖြစ်သွားလိမ့်မယ်"
မြင်ကွင်းထဲမှာ ဘွတ်ကီဒိုင်မရှိပါ။ ထို့ကြောင့် တုတ်ဒိုင်သို့သွားကြရသည်။ စူဇီသည် အလောင်းအစား ၀ါသနာကြီးသော တရုတ်လူမျိုးတစ်ယောက်ဖြစ်လေရာ မြင်းလောင်းနည်းနှင့် ပတ်သက်ပြီး ရှည်ရှည် ဝေးဝေး ရှင်းပြနေစရာ မလိုပါ။ ချက်ချင်း သဘောပေါကနားလည်သွားပါသည်။ သူကိုယ်တိုင်လည်း မကြာခဏ ဆိုသလို မာဂျောင်း ကစားလေ့ရှိသည်။ အခြား လောင်းကစားနည်းတွေ မှာလည်း အခွင့် ကြုံတိုင်း ၀င်ရောက် လောင်းကစားလေ့ရှိသည်။
ကျွန်တော်တို့ ငါးဒေါ်လာစီ လောင်းကြသည်။ ကျွန်တော်က "အပေးမှားခြင်း" အမည်ရှိ မြင်းကို ငါးဒေါ်လာ ၀င်ထိုးလိုက်သည်။ အိတ်ထဲမှ ပိုက်ဆံ ထုတ်လိုက်သည့်အခါတွင် အပေးမှားလေပြီဟု ခံစား လိုက်ရ သောကြောင့် ထိုမြင်ကွင်းကို တမင်ရွေးပြီး ထိုးခြင်းဖြစ်ပါသည်။
စူဇီကတော့ နံပါတ် ၇ မြင်းကိုထိုးသည်။ ယနေ့အဖို့ သူ့အတွက် ကံကောင်းသောဂဏန်းသည် နံပါတ် ၇ ဖြစ်သည်ဟု ဆိုသည်။
တုတ်ဒိုင်ကိုခွာပြီး သံတန်းများရှိရာသို့ လျှောက်လာသည်။ ထိုအခိုက်စူဇီက ကျွန်တော့်လက်ကို ရုတ်တရက် ညှစ်လိုက်သည်။
"ဟောဟိုမှာ လိပ်ပြာကောင်..."
ကျွန်တော်တို့ တည့်တည့်သို့ လျှောက်လာသော ရော့ဒ်နေကို ကျွန်တော် လှမ်းမြင်လိုက်သည်။ သူထိုးထားသည့် မြင်းပွဲလက်မှတ်ကို သဲကြီးမဲကြီး ငုံ့ကြည့်နေသည်။ အစိမ်းနုရောင် ရှပ်စကင်ဝတ်စုံနှင့် အစိမ်းပြောက် ကလေးတွေရှိသော ဘိုးတိုင်ကို ၀တ်ထားသည်။ ဖိနပ်က ထုံးစံအတိုင်း ဆိတ်သားရေ အပျော့စား အကောင်းဆုံး ရှူးဖိနပ်။ မကြာသေးခင်ကမှ ဆံပင်ညှပ်ဆိုင်က ပြန်လာပုံရသည်။ သူ့ဆံပင် တိုတိုကလေး သည် ညှပ်ပြီးစကလေး ဖြစ်ကြောင်း တွေ့ရသည်။
"မြန်မြန်လျှောက် စူဇီ... မောင်တို့ကို သူ မမြင်သေးဘူး" ဟု ကျွန်တော်က ပြောသည်။
သို့သော်လည်း ထိုအချိန်မှာပင် ရော့ဒ်နေက ခေါင်းမော့ လိုက်သဖြင့် ကျွန်တော်တို့ကို မြင်သွားသည်။ သူ့ကို ကျွန်တော်တို့က ရှောင်ဖယ်ဖယ် လုပ်နေသည်ဟု သူမထင်အောင် ကျွန်တော် ဟန်ဆောင်လိုက်ပါသည်။
"ဟယ်လို..." ကျွန်တော်က နှုတ်ဆက်သည်။
ရော့ဒ်နေက တစ်ခွန်းမှ ပြန်မပြောဘဲ ကျွန်တော်တို့ကို ဖြတ်လျှောက်သွားသည်။
"လူကောင်းမဟုတ်ဘူး... အလကားလူ"ဟု စူဇီက ပြောသည်။
"အရေးမကြီး ပါဘူးလေ၊ မောင်တို့ရဲ့ ချစ်စရာကောင်းတဲ့ ဒီနေ့ကလေးကို သူ ဖျက်ဆီးနိုင်ခွင့် မရတော့ဘူးပေါ့"
သံတန်းများမှာ လူတွေ ပြည့်ကျပ်နေသည်။ ထို့ကြောင့် ထိုလူအုပ်၏ နောက်မှာပင် ကျွန်တော်တို့ ရပ်နေပြီး မြင်းပွဲစမည့်အချိန်ကို စောင့်နေကြသည်။
စူဇီသည် အမျိုးသမီးတို့ ထုံးစံအတိုင်း အခြားအမျိုးသမီးများကို စိတ်ဝင်တစား လေ့လာကြည့်ရှု အကဲခတ်ရင်း ကျန်တာတွေကို မေ့နေပုံရသည်။ အခြား အမျိုးသမီးများ၏ မျက်နှာ၊ ဆံပင်ပုံ၊ ၀တ်ဆင် ထားသည့် လက်ဝတ်ရတနာများ၊ အ၀တ်အစားများ၊ ဖိနပ်များကို အသေးစိတ် လေ့လာနေသည်။ ထိုအခိုက် လူအုပ်ကြီး၏ အော်သံ ဟိန်းထွက်လာသည်။
"မြင်းပွဲစပြီ စူဇီ"
တရုတ်မ ချောချောကလေးကို ငေးကြည့်နေသည့် စူဇီသည် စိတ်မပါ့တပါဖြင့် မျက်နှာပြန် လွှဲလာသည်။ တရုတ်မချောချောကလေးသည် ဆံပင်တိုတိုကလေးကို စိန်ဆံညှပ်ကလေးဖြင့် စုညှပ်ထားသည်။ သို့သော်လည်း ဘောလုံးကွင်း နောက်ဘက်ရှိ ဂိတ်မှ မြင်းများ စုပြုံပြေးထွက်လာပြီ ဖြစ်သောကြောင့် စူဇီက တရုတ်မ ချောချောကလေးကို ဆက်မကြည့်တော့ပေ။
တစ်မိနစ် နှစ်မိနစ်လောက်ကြာတော့ မြင်းကျောကုန်းပေါ်မှာ နိမ့်ချည် မြင့်ချည် ဖြစ်နေသော ဂျောကီများကို လူအုပ်၏ ခေါင်းပေါ်မှ ကျော်ပြီးမြင်ရသည်။ ကျွန်တော်တို့ ရှေ့မှဖြတ်ကာ ပန်းဝင် သွားကြသည်။ စူဇီ၏ နံပါတ် ၇ မြင်းသည် နောက်ဆုံးမှ ဖြစ်သည်။
"ဘယ်သူနိုင်သလဲ၊ မောင့်မြင်းလား"ဟု စူဇီက မေးသည်။
"အခုထိ မောင့်မြင်းကို မမြင်ရသေးဘူး"
ကျွန်တော့်စကားအဆုံးတွင်"အပေးမှားခြင်း" မြင်းသည် ဂျော်ကီမပါဘဲ ကျွန်တော်တို့ ရှေ့မှ ဖြတ်ပေးသွားသည်။ ခုန်ဆွခုန်ဆွနှင့် အလွန်မြူးနေသည်။ ဂျော်ကီ ပါမလာတော့ကြောင်းသိ၍ သူ့ဟာသူ လည်း အလွန်သဘော ကျနေပုံပေါ်သည်။
"မဟုတ်ဘူး၊ မောင့်မြင်းက ဘိတ်ချီး၊ သူ့ဂျော်ကီက ပြိုင်မြင်းစီးတဲ့ အလုပ်ကိုစွန့်ပြီး ဟောဟို ဘောလုံး ကွင်း ထဲမှာ ဘောလုံးကန်နေပြီနဲ့တူတယ်"
စူဇီက ကျွန်တော့် လက်မောင်းကိုဆွဲပြီး ဆံပင်တိုတိုနှင့် တရုတ်မချောချောကလေးကို မေးငေါ့ပြသည်။
"သိပ်မိတာပဲ၊ အဲဒီကလေးမကလေးရဲ့ ဆံပင်ပုံ မလှဘူးလားမောင်"
"လှတယ်၊ ဒါပေမယ့် စိတ်ကူးတော့ မလွဲလိုက်နဲ့နော်၊ မင်းဆံပင်တွေ ဖြတ်ခွင့် မောင် မပေးနိုင်ဘူး"
"သူ့ကိုယ်က ရေမွှေးကလည်း သိပ်မွှေးတာပဲနော်"
"ကိုင်း... နောက်ပွဲမှာ ဘယ်မြင်း ထိုးမလဲ ပြော"
"နံပါတ် ၇"
ထိုနေ့ တစ်နေ့လုံး နံပါတ် ၇ မြင်းကိုသာ သူ မပြောင်းမလဲ ဖိထိုးနေသည်။ နှစ်ကြိမ် နိုင်သည်။
ပထမအကြိမ် တိုက်တုန်းက သူ့နံပါတ် ၇ မြင်းသည် ဒုတိယဖေးဘရိတ်ဖြစ်နေရာ လျော်ငွေနည်းနည်းသာရသည်။ ဒုတိယအကြိမ်နိုင်တော့ သူ့မြင်းက လူကြိုက်နည်းသည့်မြင်း ဖြစ်နေသည်။ ထို့ကြောင့် ဒေါ်လာနျစ်ရာ လျော်ငွေရလိုက်သည်။ ကျွန်တော်ကတော့ တစ်ပွဲပဲနိုင် သည်။ နောက်ဆုံး စာရင်း တွက်လိုက်တော့ ဆယ်ဒေါ်လာသာ အနိုင်ကျန်တော့သည်။
ရော့ဒ်နေနှင့် ထပ်မတွေ့အောင် ကျွန်တော်တို့ သတိထားပြီး ရှောင်တိမ်းနေကြရသည်။ ဒါတောင် လူအုပ်ထဲမှာ လူချင်းသွားတိုးမိအောင် တိုးလိုက်ကြသေးသည်။ ကျွန်တော်တို့ နှစ်ယောက်စလုံး တာဝန် ထမ်းဆောင်နေကြသည့် စုံထောက်များလို တစ်ယောက်ကိုတစ်ယောက် မသိလေဟန် မျက်နှာများ လွှဲထားလိုက်ကြသည်။
ဒုတိယအကြိမ် စူဇီ နိုင်သည့်ပွဲသည် ဒုတိယ နောက်ဆုံးပွဲဖြစ်သည်။ ထို့ကြောင့် လျော်ငွေသွားထုတ်ပြီး လူအုပ်ကြီးထဲမှာ ညပ်မနေအောင် စောစောပင် ကွင်းထဲမှ ထွက်ခဲ့ကြသည်။ အပြင်ရောက်ပြန်တော့ ဓာတ်ရထား မှတ်တိုင်များမှာ တန်းစီစောင့်နေသည့် လူတွေက များပြားလွန်းလှသည်။ ကျွန်တော်တို့လည်း စောင့်မနေတော့ဘဲ ၀မ်ချိုင်းသို့ လမ်းလျှောက်ပြန်ခဲ့ကြသည်။
လမ်းခုလတ်တစ်နေရာတွင် ဆိုင်တစ်ဆိုင်မှာဝင်ပြီး ကျွန်တော် စီးကရက်ဝယ်သည်။ ဆိုင်ပြင် ပြန်ထွက်လာတော့ စူဇီကို မတွေ့။ မိနစ်ပေါင်း အတော်ကြာအောင် ပတ်လည်မှာ ကျွန်တော် ရှာကြည့်နေသည်။ လုံးလုံး ပျောက်နေသည်။ ကျွန်တော့်ကို ဘာမှမပြောဘဲ သူ လစ်ပြေးသွားလေပြီလားဟု တွေးမိကာ ကျွန်တော် အနည်းငယ် စိတ်ပူလာသည်။
ခဏကြာတော့ ဆိုင်တစ်ဆိုင်ထဲက ထွက်လာသည်ကို လှမ်းမြင်ရသည်။
"မင်း ထွက်ပြေးသွားပြီလို့ မောင်က ထင်နေတာ၊ ဘယ်မှာ ဘာသွားလုပ်နေတာလဲ" ဟု ကျွန်တော်က ဆီးမေးသည်။
"ကျွန်အတွက် ရေမွှေးသွားဝယ်နေတာပါ မောင်"
"ရေမွှေး...:
"ဟို... ဆံပင်တိုတိုနဲ့ အမျိုးသမီးကလေး ဆွတ်တာမျိုးလေ"
ပါဆယ်ထုပ်ကလေး တစ်ခုကို မြှောက်ပြသည်။ သူ့ဟာသူ အလွန်စိတ်ချမ်းသာနေပုံရသည်။ ကျွန်တော် လည်း စောစောက ဖြစ်ပေါ်ခဲ့သည့် သောကစိတ်များကို မေ့ပျောက်သွားကာ ရယ်မော နေမိသည်။
ဟင်နက်ဆီလမ်းမကြီးကို ဖြတ်ကျော်ပြီး ကမ်းနားဘက်သို့ လျှောက်လာခဲ့ကြသည်။
ထောင့်ချိုးကို ကွေ့လိုက်တော့ နမ်ကောက်ဟိုတယ်ရှေ့တွင် တက္ကစီကားပေါ်မှ ဆင်းလာသော ရော့ဒ်နေကို လှမ်းမြင်လိုက်ရသည်။ သူ အလျင်ဝင်သွားချိန်ရအောင် ကျွန်တော်တို့ ခဏစောင့်နေကြသည်။ ပြီးတော့မှ နောက်က ခပ်ခွာခွာ လိုက်သွားသည်။
အပေါ်ထပ်ရောက်တော့ သူ့အခန်းတံခါး ဟနေသည်ကို တွေ့ရသည်။ ထို့ကြောင့် အသံမမြည်အောင် ခြေဖျားထောက်ပြီး ကျွန်တော့် အခန်းရှိရာသို့ လာခဲ့ကြသည်။ အခန်းထဲ ရောက်တော့ ဘဲလ်တီးပြီး ရေနွေးကြမ်း တောင်းသည်။ ရေနွေးကြမ်းအိုးကို ယူပြီး လသာဆောင်သို့ ထွက်ခဲ့ကြသည်။
"ကျွန်မ ရေမွှေးပုလင်းကို မောင် မကြည့်ချင်ဘူးလားဟင်"
စူဇီက ကျွန်တော့်ကို လှမ်းမေးသည်။ ပြီးတော့ ပါဆယ်ထုပ်ကလေးကို ကမ်းပေးသည်။
"မောင် ဖွင့်ကြည့်လေ"
အပေါ်မှာ ချည်ထားသည့်ကြိုးကို ဖြေပြီး ထုပ်ထားသော အညိုရောင် စက္ကူကို ခွာလိုက်သည်။ အထဲက ထွက်လာသည်မှာ ရေမွှေးပုလင်း မဟုတ်ပါ။ ငွေသေတ္တာကလေး ဖြစ်နေ သည်ကို တွေ့ရသည်။
"သိပ်လှတာပဲ စူဇီ၊ ဒါပေမယ့် မောင်တော့ နားမလည်ဘူး၊ ဘာဖြစ်လို့ ရေမွှေးပုလင်းလို့ ပြောရတာလဲ" ဟု ကျွန်တော်က ပြန်မေးသည်။
"အံ့သြသွားစေချင်လို့၊ အဲဒါ မောင့်ဖို့"
"မောင့်ဖို့လား...စူဇီ... ရယ်စရာတွေ မလုပ်နဲ့လေ"
"ဟုတ်တယ်၊ မောင့်အတွက် လက်ဆောင်"
"စူဖီ...မင်း ရူးသွားပြီလား အချစ်ရယ်၊ ဒါအတွက် မင်းပိုက်ဆံတွေ အများကြီး ပေးခဲ့ရမှာပေါ့"
"ကျွန်မ တစ်ပြားမှ မပေးရပါဘူး မောင်ရယ်၊ နံပါတ် ၇ မြင်းက ပေးလိုက်တာပါ"
"မောင်တော့ ဘာပြောရမှန်းတောင် မသိတော့ဘူး စူဇီ၊ ဒီအလုပ်မျိုးကို မလုပ်စေချင်ဘူး"
"ဒီမှာကြည့်၊ မောင့် ဘီးနဲ့လိုက်အောင် ဒီငွေသေတ္တာကလေးကို ၀ယ်ခဲ့တာ"
စူဇီက ငွေသေတ္တာကလေးကိုယူပြီး အခန်းထဲဝင်သွားသည်။ သူ့နောက်မှ ကျွန်တော် လိုက်သွားသည်။ မှန်တင်ခုံပေါ်ရှိ ကျွန်တော့်ဘီးဘေးမှာ သေတ္တာကလေးကို သူ တင်လိုက်သည်။
"တွေ့တယ်မဟုတ်လား မောင်၊ နှစ်ခုစလုံး ငွေချည်းပဲ"
"ဒါပေမယ့် မောင့်ဘီးက ငွေအစစ်မဟုတ်ဘူး စူဇီ" ဟု ကျွန်တော်က ပြန်ပြောသည်။
"မဟုတ်ဘူးလား၊ ဒီလိုဆိုရင်လည်း နံပါတ် ၇ မြင်းက မောင့်ကို သေတ္တာကလေး ပေးလိုက်တာ သိပ်ဟန်ကျ သွားတာပေါ့၊ မောင် တကယ်လူကြီးလူကောင်း၊ တကယ်အရေးကြီးတဲ့ ပုဂ္ဂိုလ်ကြီး မဟုတ်လား၊ ငွေထည် အစစ်တစ်ခုတော့ မောင့်မှာ ရှိဖို့လိုတာပေါ့"
"စူဇီ၊ ကျေးဇူးတင်ပါတယ်ကွယ်"
"ဒီသေတ္တာကလေးထဲမှာ စီးကရက်လည်း ထည့်နိုင်တာပဲ၊ ဒါမှတဟုတ် ကြယ်သီးတွေလည်း ထည့်နိုင်တာပဲ၊ ဟုတ်တယ်၊ ကြယ်သီးထည့်တာက ပိုကောင်းမယ်ထင်တယ်၊ မောင့် အ၀တ်အစားတွေက ကြယ်သီးတွေ ပြုတ်သွားရင် ဒီထဲ သိမ်းထားနော်၊ ကျွန်မ လာတော့ ပြန်တပ်ပေးမယ်၊ မောင် နားလည်တယ် မဟုတ်လား"
သူ့ကို ကျွန်တော် နမ်းလိုက်ပါသည်။ သူ့အသားနှင့် ထိလိုက်ရတော့ တစ်ကိုယ်လုံး ပူထူ ရှိန်းဖိန်းသွားပါသည်။ သူနှင့် ကိုယ်ချင်းခွာလိုက်ပြီး တံခါးမင်းတုပ်ချရန် တံခါးဆီသို့ လျှောက်သွား မိသည်။
သို့သော်လည်း တံခါးမင်းတုပ်ကို လှမ်းကိုင်လိုက်ချိန်မှာပင် ကျွန်တော့်လက်များ ရပ်သွားသည်။ တံခါးအောက် လေ၀င်ပေါက်မှနေ၍ အစိမ်းရောင် ရှပ်စကင် ဘောင်းဘီစနှင့် ဆိတ်သားရေပျော့ ရှူးဖိနပ်တစ်ရံကို မြင်တွေ့လိုက်ရပါသည်။ ထိုခြေထောက်အစုံသည် လုံးဝမလှုပ်ဘဲ ငြိမ်ငြိမ်ကြီး ရပ်နေသည်။
ကျွန်တော် ခဏစောင့်နေမိသေးသည်။ ထို့နောက် မင်းတုပ်ထိုးပြီး နောက်သို့ ပြန်လှည့် ထွက်ခဲ့သည်။ ထိုအချိန်မှာပင် တံခါးခေါက်သံ ပေါ်လာသည်။ ကျွန်တော် ပြန်သွားပြီး တံခါးဖွင့်ပေးလိုက်မိသည်။
"ကျွန်တော် ၀င်ခွင့်ရှိပါသလား" ဟု ရော့ဒ်နေက မေးသည်။
"၀င်ချင်ဝင်လေ"
ဟန်ဆောင်ထားသော မျက်နှာ၊ တောင်ပြောင်သော မျက်လုံးများနှင့် သူ ၀င်လာသည်။ လသာ ဆောင်ဆီသို့ လျှောက်သွားသည်။ ကုလားထိုင်တစ်လုံးမှာ ၀င်ထိုင်ကာ မျက်နှာကို လက်ဝါးနှစ်ဖက်ထဲမှာ ထည့်ထားသည်။ စူဇီနှင့် ကျွန်တော်က သူ့ကို ရပ်ပြီး အကဲခတ်ကြည့် နေမိသည်။
"ခင်ဗျားတို့သာ အကြောင်းသိမယ်ဆိုရင် ဒီလို လုပ်ရက်ကြမှာ မဟတ်ပါဘူး၊ ခင်ဗျားတို့ တစ်ခါမှ ဒီလောက် မရက်စက်ဖူးကြပါဘူး" ဟု ရော့ဒ်နေက ပြောသည်။
"တို့က ဘာကို သိရမှာလဲ"ဟု ကျွန်တော်က ပြန်မေးသည်။
"ခင်ဗျားတို့ကြောင့် ကျွန်တော် ဘယ်လောက်စိတ်ထိခိုက်နေရတယ်ထင်သလဲ၊ ညတိုင်း ကျွန်တော် ငိုနေရတယ်ဗျာ"
"စိတ်မကောင်းပါဘူး ရော့ဒ်နေ"
သူ့မျက်နှာကို လက်ဝါးနှစ်ဖက်နှင့် အုပ်မြဲ အုပ်ထားသည်။
"ကောင်းပါပြီလေ...၊ ခင်ဗျားတို့ အနိုင်ရသွားပါပြီ၊ ကျွန်တော့်မှာ သူငယ်ချင်းဆိုလို့ ခင်ဗျားတို့ နှစ်ယောက်ပဲ ရှိတာပါ၊ ခင်ဗျားတို့နဲ့ ရင်းရင်းနှီးနှီး ပေါင်းခွင့်ကိုပဲ ကျွန်တော် လိုတာပါ၊ ဒီတော့လည်း ကျွန်တော့် ဘက်က အရှုံးပေးရတော့မှာပေါ့ဗျာ"
သူ့မျက်နှာပေါ်မှ လက်ဝါးနှစ်ဖက်ကို ဖယ်လိုက်သည်။ ထိုင်ရာမှထသည်။ ခြေစုံရပ်သည်။ စစ်သား တစ်ယောက် သတိအနေအထားတွင် ရပ်နေသလို လက်နှစ်ဖက်ကို အောက်ချထားသည်။
"ကောင်းပါပြီ၊ ဒီအတွက် ကျွန်တော်တို့ လက်ဆွဲနှုတ်ဆက်ကြပါစို့ဘော့"
ကျွန်တော်တို့နှစ်ယောက် ခပ်တည်တည်ကြီး လက်ဆွဲနှုတ်ဆက်ကြသည်။ ပြီးတော့ စူဇီနှင့် လက်ဆွဲ နှုတ်ဆက်သည်။
"ခင်ဗျားတို့နှစ်ယောက် ကံကောင်းကြပါစေလို့ ဆုတောင်းပါတယ်ဗျာ၊ ခင်ဗျားတို့ နှစ်ယောက်စလုံး အရမ်းကြီးကို ပျော်နေကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်"ဟု ဆက်ပြောသည်။
"ကျေးဇူးတင်ပါတယ်"
ကျွန်တော်ကလည်း ခပ်ကြောင်ကြောင် ပြန်ဖြေမိသည်။
"ဒီအဖြစ်ကြီး အဆုံးသတ်သွားတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်ဗျာ"
အိပ်မက်ဆိုးမက်ပြီး အိပ်ရာမှ နိုးလာသူလို သူ့ခေါင်းကို ယမ်းလိုက်သည်။ ပြီးတော့ လက်နျစ်ဖက်ဖြင့် သူ့ဆံပင် တိုတိုများကို ပွတ်နေသည်။ စူဇီကို သူ လှမ်းကြည့်လိုက်သည်။ သူ့မျက်နှာပေါ်မှာ အပြုံးကလေးရှိနေသည်။ အလွန်အဆော့သန်သည့် ကလေးတစ်ယောက်က သူ့ အမူအရာသည် လူချစ်သည့် အမူအရာဖြစ်ကြောင်း၊ သိထားပြီး သူလိုချင်သော အရာမှန်သမျှ ရရမည်ဟု ယုံကြည် စိတ်ချ ထားသော အပြုံးမျိုးဖြစ်သည်။
"ကိုင်း...၊ ကျွန်တော်က ရေနွေးကြမ်းကလေးများ သောက်သုံးလိုပါတယ်ဆိုရင် သူကိုယ်တိုင် ဘာလုပ်ရမလဲခင်ဗျာ" ဟု ပြောသည်။
စူဇီက ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်သည်။ ပြီးတော့ ရေနွေးကြမ်းယူရန် အခန်းထဲသို့ ၀င်သွားသည်။
ရော့ဒ်နေက ပြန်ထိုင်သည်။ ကျွန်တော်နှင့် မျက်နှာချင်းဆိုင်မှာ ထိုင်ခြင်းဖြစ်သည်။ ပြီးတော့ ကျွန်တော့် ဘက်သို့ ကိုယ်ကို ကိုင်းလိုက်သည်။
"ဒီမှာ ဘော့၊ ခင်ဗျားကို ကျွန်တော် မေးချင်နေတာတစ်ခုရှိတယ်၊ အခုအချိန်ကစပြီး ကျွန်တော့်ကို စိတ်မဆိုးပါနဲ့တော့၊ ကျွန်တော်ဟာ စိတ်ရောဂါ ရနေတဲ့ အမေရိကန်ကောင်လေး တစ်ယောက် ဖြစ်တယ် ဆိုတာကို သတိရစေချင်ပါတယ်၊ ဒါကို ကျွန်တော် ၀န်ခံပါတယ်၊ ကောင်းပြီ၊ ကျွန်တော် မေးတော့မယ်၊ ဒီနေရာကနေပြီး တရုတ်ပြည်နယ်အရောက် ဘယ်နှစ်မိုင်လောက်ရှိမယ်ဆိုတာများ ပြောပြနိုင်ပသလား"
"မိုင်သုံးဆယ်လောက် ရှိမယ်ထင်တယ်"ဟု ကျွန်တော်က ပြန်ပြောသည်။
"မိုင်သုံးဆယ်၊ အိုကေ... ကောင်းပြီ၊ တရုတ်ပြည်မှာ လူဦးရေ ဘယ်လောက်ရှိမလဲ"
"သန်းပေါင်းလေးရာ ဆိုပါတော့"
"ဆိုပါတော့ သန်းပေါင်းလေးရာ၊ အိုကေ... ကောင်းပြီ၊ ဒီကနေ မိုင်သုံးဆယ်လောက်ဝေးတဲ့ နေရာမှာ တရုတ်ကွန်မြူနစ်တွေ သန်းပေါင်းလေးရာလောက် ရှိနေတယ်၊ သူတို့နဲ့ မိုင်ပေါင်း သုံးဆယ်လောက်ဝေးတဲ့ ဟောဒီဟောင်ကောင်မှာတော့ ခင်ဗျားတို့ အင်္ဂလိပ်လူမျိုးပေါင်း ထောင်ဂဏန်းကလေးနေထိုင်ကြတယ်၊ ဒီနေ့ခင်းက မြင်းပွဲနဲ့ပဲ နှိုင်းချိန်ကြည့်ရအောင်၊ အဲဒီမြင်းပွဲမှာ ခင်ဗျားတို့ အင်္ဂလိပ်လူမျိုးတွေ အနေနဲ့ ချွေးကလေးတစ်ပေါက်မစို့ဘူး၊ ဆံပင်မွေးကလေးတစ်ချောင်းမထောင်ဘူး၊ ကောင်းပြီ ဘော့... ကျွန်တော် သိချင်တာက ဒါပဲ၊ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ၊ ခင်ဗျား ရူးသလား၊ ဒါမှတဟုတ် ကျွန်တော် ရူးသလား"
ရော့ဒ်နေသည် နောက်ထပ် တစ်နာရီလောက်ကြာအောင် ကျွန်တော့် အခန်းထဲမှာ ရှိနေသည်။ စူဇီကတော့ အခန်းထဲသို့ ၀င်သွားပြီ။ သက်မကြီးတွေကို အကြိမ်ကြိမ် ချနေသည်။ ဖန်ခွက်များကိုလည်း စားပွဲပေါ်သို့ ဆောင့်ကြီး အောင့်ကြီး တင်နေသည်။
"ရှင်ဟာ ယောက်ျား၊ မစစ်တစစ် ဖြစ်မယ်ဆိုရင်တောင် ဒီကောင်ကို အခန်းထဲက ကန်ထုတ်လိုက်မှာ သေချာတယ်" ဟူသော အဓိပ္ပာယ်ပါသည့် အကြည့်မျိုးဖြင့်လည်း ကျွန်တော့်ကို မကြာခဏ လှမ်းလှမ်း ကြည့်နေသည်။
ကျွန်တော်ကလည်း သည်းမခံနိုင်တော့သောအခါ ထိုင်ရာမှထပြီး လသာဆောင်ပေါ်မှာ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေမိတော့သည်။ ကျွန်တော်၏ မနှစ်မြို့သော အမူအရာကို ရော့ဒ်နေက ဂရုမစိုက်ပါ။ စူဇီ၏ မကျေမနပ်ဆူဆောင့်နေသည်များကိုလည်း အရေးမထား။ အဓိပ္ပာယ် မရှိသော မေးခွန်း များကိုသာ မနားတမ်း မေးနေသည်။
မတတ်နိုင်တော့သည့် အဆုံးတွင် သူ အခန်းထဲမှ ကိုယ့်ဟာကိုယ့် ထွက်သွားရန် ဆယ်မိနစ် အချိန်ပေးမည်ဟု ဗြောင်ဖွင့်ပြောရတော့သည်။ ဆယ်မိနစ်ပြည့်သွားသော်လည်း သူ မလှုပ်။ ထို့ကြောင့် ကျွန်တော့်မှာ အလုပ်ရှိနေကြောင်း၊ အခန်းထဲမှ မထွက်လျှင် ဆွဲထုတ်ရတော့မည်ဖြစ်ကြောင်း အတိအလင်း ပြောလိုက် ရတော့သည်။
ရန်လိုသည့် အမူအရာများ သူ့မျက်လုံးများထဲမှာ ပြန်ပေါ်လာပြန်သည်။
"ကျွန်တော် စိတ်မကောင်းပါဘူး ဘော့၊ ခင်ဗျားနဲ့ ကျွန်တော် ဆွေးနွေးနေရတာကို စိတ်ဝင်စား နေပါတယ်၊ ဒီလို ဆွေးနွေးနေရတဲ့အတွက်လည်း စိတ်ချမ်းသာနေရပါတယ်၊ ခင်ဗျားအပေါ်မှာ ကျွန်တော် ခင်မင်မိတာဟာ ခင်ဗျားအတွက် အကျိုးတစ်စုံတရာ ရှိစေတတ်လို့လည်း ခင်ဗျား ထင်မှတ် စေချင်ပါတယ်၊ ဒါပေမယ့် နောက်ဆုံးကျတော့ ကျွန်တော် ထင်တာတွေအားလုံးမှားတော့တာပဲ"
စကားဆုံး သည်နှင့် တပြိုင်တည်း ကျွန်တော်တို့နှစ်ယောက်ကို လုံးဝ မကြည့်တော့ဘဲ အခန်းထဲမှ ထွက်သွား လေတော့သည်။
ကျွန်တော် ဘာမှမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ်ပင် တံခါးကို မင်းတုပ်သွားထိုးထားလိုက် သည်။
ထို့နောက် သူက ကလေးကိုကြည့်ရန် စူဇီ ပြန်သွားသည်။ တစ်နာရီလောက် ကြာတော့ စူဇီ ပြန်လာသည်။ လမ်းထောင့်ရှိ စားသောက်ဆိုင်မှ အစားအသောက်များ လာပို့ခိုင်းပြီး အခန်းထဲမှာပင် ညစာစားလိုက်ကြသည်။
ဆယ်နာရီထိုးတော့ ကျွန်တော်တို့ အိပ်ရာဝင်ကြသည်။
မိနစ်နှစ်ဆယ်လောက်ကြာသောအခါ တံခါးလာခေါက်သံ ကြားရသည်။
စူဇီကို ကျွန်တော် တင်းတင်းကြီး ဖက်ထားမိသည်။ မျက်လုံးကိုလည်း စုံမှိတ်ထားမိသည်။ ကျွန်တော်တို့၏ စိတ်ချမ်းသာမှုကလေး ပျက်ပြားသွားစေမည့် မည်သည့် အနှောင့်အယှက်မှ အ၀င်မခံနိုင်ပါ။
ရော့ဒ်နေသည် တံခါးအောက်မှ ထွက်နေသည့် မီးရောင်ကို မြင်ဟန်တူသည်။ သို့သော်လည်း ကျွန်တော်တို့ ဘာမှမတတ်နိုင်ပါ။
"ကျွန်တော် စကော့စကီတစ်လုံး ယူလာတယ်" ဟု သူက အခန်းအပြင်မှနေ၍ ပြောသည်။
ခဏ တိတ်သွားသည်။ အထိတ်တလန့်ဖြင့် ကျွန်တော်တို့နှစ်ယောက် ငြိမ်နေကြသည်။
"ခင်ဗျားကို ၀ီစကီပုလင်း ပေးခဲ့ရုံလေးပါ၊ ခင်ဗျားအခန်းထဲမှာ ကျွန်တော် မနေပါဘူး" ရော့ဒ်နေက ဆက်ပြောသည်။
"ကျေးဇူးပြုပြီး ပြန်သွားပါတော့၊ ကျေးဇူးပြုပြီး ဝေးရာကို သွားပါတော့ဟု ကျွန်တော်တို့ စိတ်ထဲမှ ကျိတ်ပြီး ဆုတောင်းနေမိကြသည်။ သို့သော်လည်း အခန်းအပြင်မှာ သူ ရပ်နေသေးသည့် အသံကို ကျွန်တော်တို့ ကြားနေရပါသည်။ စိတ်လှုပ်ရှားမှုကြောင့် အသက်ရှူသံက ပြင်းနေသည်။ နားထောင် နေရင်းမှာပင် ပို၍ ပြင်းထန် သည်ထက် ပြင်းထန်လာသည်။
"ကောင်းပြီ..၊ ခင်ဗျားက ကျုပ်ကို ဒီလိုဆက်ဆံသလား၊ လုပ်လိုက်ပေါ့ဗျာ၊ ကျုပ်အဖို့ကလည်း ဒါဟာ နောက်ဆုံး အကြိမ်ပါပဲ၊ တော်ပါပြီ"
သူ ထွက်သွားတော့သည်။ သူ့အခန်းတံခါး ဆောင့်ပိတ်လိုက်သံကို ကြားရသည်။ ကျွန်တော်တို့ နှစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် ငြိမ်နေမိကြသည်။ အချိန်အတော်ကြီး ကြာသည်အထိ စကား မပြောဖြစ်ကြ။
(၂)
နောက်နှစ်ရက်လုံးလုံး အပြင်သို့ ကျွန်တော်တို့ လုံးဝမထွက်ပါ။ ကျွန်တော်တို့၏ ကြည်နူးချမ်းမြေ့ဖွယ် ဘ၀ကလေး ပျက်စီးသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပါသည်။
စူဇီသာလျှင် သူ့ကလေးကိုကြည့်ဖို့ နာရီအနည်းငယ် ထွက်သွာားလေ့ရှိသည်။ မနက်ပိုင်းများတွင် သူ့သားကလေးကို ကျွန်တော့်အခန်းသို့ ခေါ်လာတတ်သည်။ လသာဆောင်ပေါ်မှာ စောင်ကို ဖြန့်ခင်း လိုက်ကြသည်။ ကလေးကို ထိုအပေါ်မှာ ဆော့ကစားစေသည်။ ကလေးက လမ်းလျှောက် သင်ခါစ ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့နှစ်ယောက်ကြားမှာ လူးလားခေါက်တုံ့ လျှောက်စေသည်။
ပါးစပ်မှ သွားရည်တွေ စီးကျနေပြီး လက်ကလေးမြှောက်ကာ မြှောက်ကာဖြင့် ပျော်မြူးနေတတ်သည်။ ကလေးက မရယ်တော့သောအခါတွင်လည်း စူဇီက ကလေးရယ်သည်အထိ ကလိထိုးစနေတတ်သည်။
"ဟေး..၊ မင်း ရုပ်ရှင်မင်းသား ဖြစ်ချင်တယ်ဆိုရင် လမ်းကောင်းကောင်း လျှောက်တတ်အောင် ကြိုးစားနော်၊ ဟုတ်တယ်၊ သားလေးဟာ ကြီးပြင်းလာရမယ်၊ ဂယ်ရီကူးပါးလို ရုပ်ချောချောကြီး ဖြစ်ရမယ်၊ မေမေ့ရည်းစားလို လှိုက်လှိုက်လှဲလှဲ အသည်းနဲ့လည်း စကားပြောတတ်ရမယ် "ဟယ်လို... အချစ်ရေ"လို့ သားရဲ့ ချစ်သူကို ခေါ်တတ်ရမယ်" စသည်ဖြင့် ကလေးနှင့် စကားပြောနေတတ်သည်။
ဆယ့်နှစ်နာရီထိုးတော့ ဟိုတယ်အောက် ကမ်းနားမှာ စောင့်နေသည့် ကလေးထိန်းအဘွားကြီးလက်သို့ ပြန်ပို့ပေးလေ့ရှိသည်။ ကလေး ပို့ပေးပြီးသောအခါ အစားအသောက်များကို ထမ်းပိုး လျှိုလမ်းထားသည့် အလုပ်သမားတက်လာကာ ကျွန်တော်တို့ အတွက် နေ့လယ်စာ လာပို့သည်။ ကျွန်တော်တို့ နွှေးခိုင်း ထားသည့် ၀ိုင်အရက် ပုလင်းကိုလည်း အတောင်းက လာပို့သည်။
ဒုတိယနေ့ မနက်တွင် အတောင်းသည် အခန်းထဲမှာ ငါးမိနစ် ဆယ်မိနစ်လောက် ကြာအောင် နေပြီး စူဇီနှင့် စကားပြောနေသည်။ ကန်တုန်စကားဖြင့် ပြောနေခြင်းဖြစ်သည်။ စူဇီသည် ကန်တုန်စကားကို အင်္ဂလိပ် စကားပြောတတ် သလောက် ပြောတတ်နေပြီ။ အတောင်း ထွက်သွားတော့ ဘာတွေ ပြောကြ တာလဲဟု ကျွန်တော်က မေးကြည့်သည်။
ရုတ်တရက်တော့ စူဇီက ငြင်းနေသေးသည်။ ကျွန်တော် အတင်းအကျပ် မေးတော့မှပင် ပြန်ပြော ပြသည်။ ကျွန်တော်တို့ နှစ်ယောက်သည် ရက်ပေါင်း များစွာကြာအောင် တရင်းတနှီး ပေါင်းခဲ့ကြကြောင်း၊ သို့သော် ဘာမှမဖြစ်ခဲ့ကြပဲ ယခုမှ ဘာကြောင့် ချစ်သူများ ဖြစ်သွားကြသနည်းဟု အတောင်း ကမေး ကြောင်း ရှင်းပြသည်။
"ဒီတော့ မင်းက ဘာပြန်ပြောပြလိုက်သလဲ" ဟု ကျွန်တော်က မေးသည်။
"အမှန်အတိုင်းကျွန်မ ပြောပြလိုက်တယ်၊ အစကတည်းက ကျွန်မက မောင့်ကို ချစ်နေတာပါလို့၊ ဒါပေမယ့် ကျွန်မ သင်္ဘောသားတွေနဲ့ ဆက်ဆံနေသမျှ မောင်က ကျွန်မကို လက်မခံဘူးလို့ ပြောလိုက် တယ်"
ကျွန်တော် ငြိမ်နေမိပါသည်။
ကျွန်တော်တို့၏ ကြည်နူးချမ်းမြေ့ဖွယ် ဘ၀ကလေး ပြိုကွဲပျက်စီးချိန် နီးကပ်လာပါပြီ။
ကျွန်တော်တို့ ဘာလုပ်ကြမည်နည်း။
စူဇီကို ပိုက်ဆံပေးဖို့ ကျွန်တော် ကြိုးစားပါသည်။ ဘယ်လိုပေးလို့မှမရ။ အမြဲငြင်းသည်။ မတတ်နိုင်သည့် အဆုံးတွင် သူ့ ပိုက်ဆံအိတ်ထဲသို့ အသာကလေးထည့်ထားလိုက်သည်။ သို့သော်လည်း ထိုပိုက်ဆံကို ကျွန်တော့် အင်္ကျီအိတ် တစ်လုံးထဲမှာ ပြန်တွေ့ရစမြဲသာဖြစ်သည်။
သူ စုဆောင်းထားသည့် ငွေကြေးကလေးများကို ထုတ်သုံးနေရပြီဖြစ်ကြောင်း ကျွန်တော် သိပါသည်။ သူစုထားသော ပိုက်ဆံများလို သံဘူးကလေး ထဲမှာ ထည့်ပြီး သူ့အိတ်ထဲမှာ ၀ှက်ထားသည်။ ထိုသံဘူး ထဲမှာ ဒေါ်လာ သုံးထောင် လောက် ရှိသည်။
သူ့သားကလေး သူလို စာမတတ် ပေမတတ် မဖြစ်ရလေအောင် ထိုငွေများဖြင့် ကျောင်းကောင်းကောင်း မှာ ထားပေးဖို့ သူ ဆုံးဖြတ်ထားသည်။ နောက်ဆုံးတွင် ဟောင်ကောင် တက္ကသိုလ် သို့ ပို့ပေးမည်။ ထို့ကြောင့်လည်း ဒါလောက် ဂရုတစိုက် ငွေစုနေခြင်းဖြစ်သည်။ အပတ်တိုင်း လည်း ဆက်ပြီး စုခဲ့သည်။
ယခုတော့ ကျွန်တော်နှင့် အတူတူ လာနေရရသည့်အတွက် သူ စုဆောင်းထားသည့် ငွေကလေးများကို ထုတ်ယူသုံးစွဲနေရပေမည်။
သည်အကြောင်းကို အတောင်း ပြန်ရောက်လာသည်။ ရေနွေးကြမ်း အသစ်နှင့် လဲပေးသည်။ ကျွန်တော့် အာရုံထဲမှာ ပေါ်လာသည့် စိတ်ရှုပ်ထွေးဖွယ်သော အတွေးကြီးကို မောင်းထုတ် ပစ်လိုက်ပါသည်။ ကြည်နူး ချမ်းမြေ့ဖွယ် ဘ၀ကလေးထဲသို့ ပြန်ရောက်နိုင်အောင် ကြိုးစားရပြန်ပါသည်။
သည်အခန်းကလေးထဲမှာ စူဇီနှင့် ကျွန်တော် နှစ်ယောက်တည်းရှိသည်။ အပြင်လောကတွင် ဘာတွေမှ မရှိ။ ရှိနေလျှင်လည်း ဘာကိုမှ ကျွန်တော်တို့ စိတ်မ၀င်စား။
ထိုစိတ်ကလေးကို မွေးပြီး တစ်နေ့လုံး စိတ်ချမ်းသာသလို နေလိုက်သည်။
နောက်တစ်နေ့ မနက်တွင် စူဇီနှင့် ကျွန်တော်သည် အိပ်ရာထဲမှာပင် ထိုင်ရင်း လက်ဖက်ရည် သောက်နေကြသည်။ ဆယ့်တစ်နာရီထိုးတော့ စူဇီက ထသွားပြီး အ၀တ်အစားလဲသည်။
"စူဇီ၊ မင်း သားကလေးကို ဒီနေ့မနက် ခေါ်လာဦးမယ်မဟုတ်လား" ဟု ကျွန်တော်က မေးသည်။
"မခေါ်တော့ဘူး"
စူဇီက ခေါင်းယမ်းပြသည်။
"မခေါ်တော့ဘူးလား၊ ဘာဖြစ်လို့လဲ"
"ဒီနေ့ မခေါ်တော့ဘူး"
သူ အ၀တ်အစား ၀တ်ပြီးသည်ထိ နားမလည်နိုင်သလို ကျွန်တော် ငေးကြည့်နေမိပါသည်။ စူဇီသည် အ၀တ်လဲပြီး သောအခါ တံခါးဆီသို့ လျှောက်သွားသည်။ တံခါးနား ရောက်တော့ ခဏရပ်နေသည်။
"သွားမယ်နော်... ညကျမှ ပြန်လာတော့မယ်"
"ညကျမှ ပြန်လာမယ်...ဟုတ်လား၊ စူဇီ ဘာစကားတွေ မင်းပြောနေတာလဲ"ဟု ကျွန်တော်က ပြန်မေးသည်။
"အားလပ်ရက်တွေ ကုန်ဆုံးသွားပြီလေ..."
စူဇီက ထိုသို့ပြောရင်း ကျွန်တော့်မျက်လုံးများကို တည့်တည့် စိုက်ကြည့်နေသည်။ ပြီးတော့မှ ဆက်ပြောသည်။
"ကျွန်မ အလုပ်ပြန်လုပ်ရတော့မယ်"
"စူဇီ၊ မဟုတ်တာတွေ မပြောစမ်းနဲ့၊ လာ ဒီမှာထိုင်ဦး မောင်တို့ စကားပြောကြရအောင်"
"စကားပြောလို့လည်း အပိုပါပဲ မောင်ရယ်"
သူက တံခါး ဖွင့်လိုက်သည်။ ကျွန်တော်က အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်ပြီး တံခါးကို ပြေးပိတ်သည်။
"စူဖီ၊ မင်း ဒီလိုထွက်သွားလို့မဖြစ်ဘူး၊ မောင်တို့ တစ်ခုခုစဉ်းစားကြည့်ကြမယ်၊ တစ်ယောက်ယောက် စီက မောင်တို့ ပိုက်ဆံ ချေးမယ်၊ ဘင်းဆီကလည်း မောင်တို့ ချေးနိုင်တာပဲ"
စူဇီက ခေါင်းကို ယမ်းမြဲသာ ယမ်းခါနေသည်။
"မဖြစ်ပါဘူး မောင်ရယ်...၊ ကျွန်မတို့ ပိုက်ဆံချေးရင်လည်းကျွန်မတို့ရဲ့ အားလပ်ရက်ကလေးဟာ နောက်ထပ် ရက်သတ္တပတ် သက်တမ်းပိုရှည်ရုံပဲရှိမှာပေါ့၊ တစ်ပတ်ကုန်သွားရင် အားလပ်ရက်တွေလည်း ကုန်ပြန်ရော၊ ဒီနေ့လိုပဲ ပြန်ဖြစ်ဦးတော့မှာပေါ့"
"တစ်ပတ်ဆိုရင်လည်း မောင်တို့ စဉ်းစားဖို့ အချိန်ပိုရတာပေါ့ကွယ်၊ မင်းအတွက် အလုပ်တစ်ခုခု ရှာနိုင်တာပဲ"
"ဟုတ်တယ်၊ တစ်လကို ဒေါ်လာတစ်ရာနဲ့လေ"
"ဒီထက်ပိုပြီး မင်း ရနိုင်ပါတယ် စူဇီရယ်"
"မရနိုင်ပါဘူး မောင်၊ စားမရေးတတ်ဘူး၊ မဖတ်တတ်ဘူး၊ တစ်လတစ်ရာပဲ"
"တစ်လ သုံးရာရအောင် မောင် ကြိုးစားပေးနိုင်ပါတယ်၊ ဒါလောက်နဲ့ဆိုရင် မင်း နေလောက်ပါတယ်" ဟု ကျွန်တော်က ဆက်ပြောသည်။
"ဟုတ်တယ်၊ နေလောက်ပါတယ်၊ ကျွန်မသားလေး ကူလီအဖြစ် ကြီးပြင်းလာတာကို ထိုင်ကြည့်နေရမယ်လေ၊ ထမ်းပိုးတစ်ချောင်းနဲ့ထမ်းပြီး လူတွေအတွက် ထမင်းသွားပို့နေတာကို ထိုင်ကြည့်နေရမယ်လေ၊ ထမ်းပိုး ထမ်းရလွန်းလို့ သူ့ပခုံးမှာ ကျွဲပခုံးထနေတာကို ကြည့်နေရမယ်လေ"
"စူဇီ၊ အနည်းဆုံးတော့ မောင်တို့ နည်းလမ်းရှာနိုင်မှာပေါ့ကွယ်၊ အကောင်းဆုံးဖြစ်နိုင်တာကို မောင်တို့ စဉ်းစား နိုင်ကြတာပေါ့"
"မဖြစ်ပါဘူး၊ ကျွန်မ အပြန်ပြန်အလှန်လှန် စဉ်းစားကြည့်ပြီးပါပြီ၊ ဘာလုပ်ရင် ကောင်းမလဲဆိုတာ တစ်နေ့လုံး စဉ်းစားတယ်၊ တစ်ညလုံးစဉ်းစားတယ်၊ ဒါပေမဲ့ ကျွန်မတို့ လုပ်နိုင်တာ ဘာမှမရှိတော့ပါဘူး မောင်"
သူက တံခါးကို ဖွင့်လိုက်ပြန်သည်။
"ကဲ... ကျွန်မ သွားတော့မယ်နော်၊ ညဆယ်နာရီကျရင် ပြန်လာခဲ့မယ်၊ ဆယ့်တစ်နာရီလည်း ဖြစ်ချင်ဖြစ် သွားမှာပေါ့၊ လုပ်ငန်းပေါ်မှာ မူတည်ပါတယ် မောင်"
တံခါးပိတ်လျက် ကျန်ရစ်ခဲ့တော့သည်။
အိပ်ရာပေါ်တွင် အကြာကြီး လဲလျောင်းနေမိသည်။ အထီးကျန်ဘ၀ဖြင့် သည်အခန်းထဲမှာ ကျွန်တော် ဆက်လက်နေထိုင်နိုင်စွမ်း မရှိတော့ပါ။
ထို့ကြောင့် အ၀တ်အစား ထလဲပြီး အပြင်ထွက်ခဲ့သည်။ ဦးတည်ရာမရှိ တစ်လမ်းဝင် တစ်လမ်းထွက် လျှောက်သွား နေမိသည်။ နေ့လယ်စာ စားချိန်အထိ လမ်းလျှောက် နေမိခြင်းဖြစ်သည်။ အသင့်တွေ့ရသော လက်ဖက်ရည် ဆိုင် တစ်ဆိုင်မှာ ၀င်ထိုင်သည်။ အသားကြော် တစ်ပွဲ မှာလိုက်သည်။ အသားကြော် ပန်းကန် ရောက်လာသော အခါ မစားနိုင်ပါ။ ရင်ထဲမှာ အလိုလို ပြည့်နေသည်။ အတုံးသေးသေး ကလေး နှစ်တုံးကိုပင် ကြိုးစားပြီး မျိုချခဲ့ရသည်။ တစ်နာရီလောက် ကြာအောင် လက်ဖက်ရည် ထိုင်သောက်ပြီး ကျသင့်ငွေ ရှင်းပေးကာ ဆိုင်ပြင်သို့ ထွက်ခဲ့သည်။
ဟင်နက်ဆီ လမ်းမကြီးပေါ်မှာ ကျွန်တော် လျှောက်နေမိပြန်သည်။ ဘာလုပ်ရမည်ကိုလည်း မသိပါ။ နမ်ကောက်ကိုလည်း ပြန်မသွားလိုပါ။ သင်္ဘောသားနှင့်တွဲပြီး အပေါ်ထပ်တက်သွားသည့် စူဇီကို မြင်ရမှာ ကြောက်ရွံ့နေမိသည်။
ရုပ်ရှင်ရုံတစ်ရုံတွေ့သည်။ လက်မှတ်ဝယ်ပြီး အထဲဝင်ခဲ့သည်။ ရုပ်ရှင်ကတော့ ကျွန်တော့် စိတ်အာရုံကို ဖမ်းစား နိုင်လိမ့်မည်ဟု ထင်ပါသည်။ ထိုရုပ်ရှင်သည် အသစ်ဝင်လာသော အမေရိကန် ရုပ်ရှင်ကား ဖြစ်သည်။
ရုပ်ရှင်စပြသည်။ ဇာတ်လိုက်မင်းသားသည် သူ့ရည်းစားနှင့် အခြားယောက်ျားတစ်ယောက်တို့ ဖက်ရမ်း နမ်းရှုပ်နေကြသည်ကို ဖမ်းမိသွားသည်။ ဇာတ်လိုက်မင်းသား ကြမ်းလေတော့သည်။
ဘုရား...၊ ဘုရား.. သည်လို အဖြစ်မျိုးနှင့်များ ကျွန်တော် ကြုံတွေ့ရမည်ဆိုလျှင် မည်သို့ လုပ်ရပါ့။ ကျွန်တော့်ချစ်သူသည် နမ်ကောက် ဟိုတယ် အပေါ်ထပ်တွင် သင်္ဘောသားတစ်ယောက်နှင့် အတူရှိနေ သည်ကို သိနေလေရာ စိတ်ကို ဘယ်လိုထိန်းရပါ။
ထို့နောက် သတင်းကားတစ်ခု ပြသည်။ ပို့စ်မောက် ဆိပ်ကမ်းတွင် ရေတပ်မတော် မြင်ကွင်း သတင်းကားဖြစ်သည်။ ဖျက်သင်္ဘောတစ်စီး၏ ကုန်းပတ်ပေါ်တွင် ဘုရင့် ရေတပ်မတော်သားတွေ တန်းစီ ရပ်နေကြပုံမှာ အလွန် ကြည့်ကောင်း လှသည်။
သူတို့ကို ကြည့်ရင်း ကျွန်တော် အတွေးနယ်ချဲ့နေမိသည်။ ထိုရဲဘော်တွေထဲတွင် အရှေ့ဘက်ပိုင်းသို့ ရောက်ဖူးသည့် ရဲဘော်ဘယ်နှစ်ယောက် ပါမည်နည်း။
ထိုသို့ ရောက်ဖူးကြသူများအနက် နမ်ကောက် ဟိုတယ်သို့ ရောက်လာသူ ဘယ်နှစ်ယောက် ပါမည်နည်း။
နမ်ကောက်ဟိုတယ်သို့ ရောက်လာကြ သူများအနက် စူဇီနှင့် ဆက်ဆံဖူးသူ ဘယ်နှစ်ယောက် များ ရှိလေမည်နည်း။
ရုပ်ရှင်ပြီးတော့ နမ်ကောက်ဟိုတယ်သို့ ကျွန်တော် ပြန်ခဲ့သည်။ ဓာတ်လှေကားကို အောက်မှာ အသင့်တွေ့ရသောကြောင့် အပေါ်ထပ် တက်ခဲ့သည်။ မည်သူနှင့်မှ မတွေ့ရဘဲ အခန်းထဲသို့ ကျွန်တော် ပြန်ရောက်လာသည်။ စိတ်သက်သာရာရခြင်းနှင့်အတူ တံခါးပိတ်လိုက်သည်။
နမ်ကောက်ဟိုတယ်မှာ အလုပ်များချိန်ဖြစ်သည်။ ဓာတ်လှေကား ဆင်းသံတက်သံကို မကြာခဏ ကြားနေရသည်။ စကားတပြောပြောနှင့် လျှောက်လာကြသည့် အတွဲများ၊ အခန်းတံခါး ပိတ်ဥ့များကို ကြားနေရသည်။ စင်္ကြံ အတိုင်း လျှောက်သွားနေသည့် ခြေသံများကိုလည်း ကြားရသည်။
စူဇီသည် တတ်နိုင်မည်ဆိုပါက ကျွန်တော်ရှိနေသည့်အထပ်သို့ တက်လာမည်မဟုတ်ကြောင်း ကျွန်တော် သိပါသည်။ အမျိုးသမီးတစ်ယောက်ယောက်၏ အသံကို ကြားရတိုင်း စူဇီ၏ အသံဟု ကျွန်တော် အာရုံစွဲနေမိပါသည်။
နောက်ဆုံး ဘယ်လိုမှ မတတ်နိုင်တော့သည့်အဆုံးတွင် အပြင်ပြန်ထွက်လာခဲ့ပြီး တခြား ရုပ်ရှင်ရုံတစ်ခုမှာ ၀င်ထိုင်နေမိတော့သည်။
ညကိုးနာရီခွဲတော့ နမ်ကောက်သို့ ကျွန်တော် ပြန်ရောက်သည်။ လသာဆောင်မှာ ထွက် ထိုင်နေမိသည်။ သို့သော်လည်း လသာဆောင်က အခန်းထဲမှာထက် ပိုဆူနေသည်။ ကပ်လျက် အခန်းများရှိ လသာဆောင်တံခါးများကို ဖွင့်ထားကြသောကြောင့် အသံပေါင်းစုံတို့က လုံးဝင်နေသည်။
သို့ဖြင့် အိပ်ခန်းထဲသို့ပင် ကျွန်တော် ပြန်ဝင်ခဲ့ရပြန်သည်။
မိနစ်အနည်းငယ်ကြာတော့ တံခါးခေါက်သံနှင့်အတူ စူဇီ ၀င်လာသည်။
ဘာမှမဖြစ်ခဲ့သလို ပုံမှန်အတိုင်း ပြန်ဝင်လာပုံမျိုးနှင့် ၀င်လာခြင်းဖြစ်ပါသည်။ သာမန် မိန်းကလေးတစ်ယောက် အလုပ်မှ ပြန်လာပြီး အိမ်ပြန်ရောက်သဖြင့် ၀မ်းသာနေပုံမျိုးနှင့်လည်း ဘာမှမခြားပါ။ တစ်ခုပဲရှိပါသည်။ ကျွန်တော့်စိတ်ထဲက ထိုသို့ ခံစားလာရအောင်၊ ထိုသို့ ယုံကြည်လာအောင် သူ လုပ်ပြနေခြင်းသာ ဖြစ်ပါသည်။ သူ့ရင်ထဲမှာလည်း တင်းကျပ်နေပါသည်။ ကျွန်တော့်စိတ်ထဲမှာ မည်သို့ ခံစားနေရသည်ကို သိချင်ဇောဖြင့် စောင့်ဆိုင်းနေခြင်းသာ ဖြစ်ပါသည်။
"ဒီနေ့ည စောစောပဲ အလုပ်ပြီးသွားတယ် မောင်၊ ဘားခန်းက သိပ်ဆူလွန်းတယ်ကွယ်...၊ ထိုင်နေရင်း စိတ်ကုန်လာရော" ဟု သူက ပြောသည်။

ကျွန်တော် စကားတစ်ခွန်းမှ ပြန်မပြောမိပါ၊ သူ့ကိုယ်ပေါ်မှာ ထပ်ဝတ်ထားသည့် ဘရိုကိတ် အင်္ကျီကို ချွတ်သည်။ ချိတ်တစ်ခု ယူချိတ်ပြီး အ၀တ်ဗိရိုကို ဖွင့်ကာ တန်းမှာချိတ်သည်။ ဗီရို၏ ဘယ်ဘက်ခြမ်းတွင် သူ့အ၀တ်အစားများကို ထားပါသည်။ ဗီရိုတံခါးကို သူ ပြန်ပိတ်လိုက်သည်။ ကျွန်တော့် အကြည့်ကို ရင်ဆိုင်မကြည့်ဘဲ မျက်နှာလွှဲနေသည်။ သူ့လက်နှစ်ဖက်ကို သူ ပြန်ကြည့်သည်။
"မနက်တုန်းက လက်ကို ဆူးစူးသွားတယ်၊ ဆူးကိုလည်း ရှာမတွေ့ဘူး၊ မောင် ရှာပေးပါလားဟင်"
သူ့လက်ကို ကျွန်တော့်ဘက်သို့ ဆန့်တန်းပေးလိုက်သည်။
"စူဇီ...၊ ဒီလိုအဖြစ်ကြီးကတော့ တစ်စက်ကလေးမှ မကောင်းပါဘူးကွယ်" ဟု ကျွန်တော်က လှမ်းပြောသည်။
သူ့လက်ကို သူ ပြန်ရုပ်လိုက်သည်။ မျက်နှာမော့လာသည်။ တည်ငြိမ်သော မျက်လုံးများဖြင့် ကျွန်တော့်ကို လှမ်းကြည့်သည်။
"ကျွန်မကို မောင် မလိုချင်တော့ဘူးလား" ဟု ပြန်မေးသည်။
"မင်းကို မောင် အင်မတန် လိုချင်ပါတယ်ကွယ်၊ ဒါပေမဲ့ ဒီလိုပုံမျိုးတော့ မဟုတ်ဘူး၊ မင်း နားမလည်နိုင်ဘူးလား"
"နားမလည်ဘူး" သူက ခေါင်းယမ်းလိုက်သည်။ "ကျွန်မ နားမလည်ဘူး၊ မနေ့တုန်းက ကျွန်မကို မောင် ချစ်ခဲ့တယ်၊ ဟုတ်ရဲ့လား မောင်"
"ဟုတ်ပါတယ်၊ သိပ်ကို ချစ်ပါတယ်"
"ဒီလိုဆိုရင် မနေ့ကလိုပဲ အခု ကျွန်မ ပြန်လာတာလေ၊ ပြန်လာတဲ့ ကျွန်မ ဆိုတာကလည်း ဒီတစ်ယောက် တည်းပဲ၊ အလုပ်လုပ်ဖို့ ကျွန်မ အပြင်ထွက်သွားတယ်၊ ဟော... အလုပ်ပြီးတော့ အခု ပြန်လာတယ်၊ ဘာမှမပြောင်းလဲပါဘူး မောင်၊ ကျွန်မဟာ ဒီမိန်းကလေးပါပဲ၊ ဒီခန္ဓာကိုယ်ပါပဲ၊ တစ်ယောက် တည်း အတူတူပါပဲ"
"ဒီအဖြစ်ကြီးကို မောင် မခံနိုင်ဘူး စူဇီရယ်..."
"ကောင်းပြီလေ၊ ဒါဆိုရင် ဇာတ်သိမ်းပြီပေါ့"
အ၀တ်ဗီရိုဘက်သို့ သူပြန်လျှောက်သွားသည်။ ဗီရိုတံခါးကို ဖွင့်သည်။ စောစောက ချိတ်လိုက်သည့် ဘရိုကိတ်အင်္ကျီကို ဖြုတ်ယူသည်။ အင်္ကျီချိတ်က တန်းပေါ်မှာ လှုပ်ယမ်းနေသည်။ ကျွန်တော့်ကို လုံးဝမကြည့်ဘဲ အင်္ကျီကို အပေါ်မှ ထပ်ဝတ်လိုက်သည်။ ဗီရိုတံခါးကို ပြန်ပိတ်ပြီး တံခါးပေါက်ဆီသို့ ပြန်လျှောက်သွားသည်။
"စူဇီ"
"ဘာလဲ မောင်"
ကျွန်တော်တို့နှစ်ယောက် အပြန်အလှန် ငေးကြည့်နေမိကြသည်။
"စူဖီ... ဒီအဖြစ်ကြီးက အင်မတန် ဆိုးတာပဲကွယ်"
သူသည် နောက်ပြန်လှည့်သွားပြီး တံခါးသွားဖွင့်သည်။ ခဏ တုံ့ဆိုင်းဆိုင်းလုပ်နေပြန်သည်။ ပြီးတော့ ကျွန်တော့်ကို လှည့်ကြည့်သည်။
"မောင့်ကို ကျွန်မ အရမ်းချစ်ပါတယ်၊ မောင် သိတယ်မဟုတ်လား၊ ကျွန်မ သားကလေးနဲ့ ထပ်တူ မောင့်ကို ချစ်ရတယ်၊ အို... မောင့်ကို ချစ်ရတာက ပိုချင်ပိုနိုင်ပါသေးတယ် မောင်...၊ တစ်ခုပဲကွာတယ်၊ မောင်က လူလားမြောက်ပြီးသား လူကြီး၊ ကျွန်မ သားကလေးက မွေးကင်းစ သေးသေးကလေး၊ ဒီတော့ ကျွန်မ သားကလေးအတွက် ကျွန်မ ရှိမှဖြစ်မယ်၊ ဒါကြောင့် ကျွန်မ သားကလေးကို ပထမဦးစားပေးပြီး အဓိကထား စဉ်းစားရမယ်၊ မောင် နားလည်ပါတယ်နော်..."
"နားလည်ပါတယ် စူဇီ"
"ဒါဖြင့် ကျွန်မ သွားတော့မယ်"
သူ အပြင်ထွက်သွားပြီး တံခါးပိတ်ထားခဲ့သည်။ စင်္ကြံတလျှောက် တဖြည်းဖြည်း ဝေးပြီး ပျောက်သွားသော သူ့ခြေသံကို ကျွန်တော် လိုက်နားထောင်နေမိသည်။
သင်္ဘောသား တစ်ယောက်သည် အသံကျယ်ကျယ်ဖြင့် အတောင်းနှင့် စကားများနေကြသည်။ ဆဲသံကို ကြားလိုက် ရသည်။
ဓာတ်လှေကား တက်လာသံ ကြားရသည်။ တံခါးဖွင့်သံ ကြားရသည်။ ရုတ်တရက် တခစ်ခစ် ရယ်ချသံ ကိုလည်း ဆက်တိုက်ကြားရသည်။ အဲလစ်ကလေးဖြစ်ပါသည်။ အဲလစ်ကလေး တခစ်ခစ်ရယ်သလို မည်သူမှ မရယ်တတ်ပါ။
လသာဆောင်သို့ ကျွန်တော် ထွက်ခဲ့သည်။ ကျွန်တော် ထိုင်ချလိုက်သည့်အတွက် ကုလားထိုင်က အသံမြည် သွားသည်။ တခစ်ခစ် ရယ်သံလည်း ရပ်သွားသည်။ ဒိုင်းခနဲ တံခါးပိတ်လိုက်သံကို ရုတ်တရက် ကြားလိုက်ရသည်။
ကုန်တင်သင်္ဘောတစ်စီး ကမ်းကိုခွာပြီး တိတ်တိတ်ဆိတ်ဆိတ် ထွက်ခွာသွားသည်ကို တွေ့ရသည်။ သင်္ဘောမှ ထွက်လာသည့် မီးခိုးတန်းက လထိန်ထိန်သာနေသော ငွေရောင် ကောင်းကင်ပေါ်သို့ တလိပ်လိပ် တန်းတက်သွားသည်။
နောက်နေ့တွင် စူဇီကို ကျွန်တော် မတွေ့ရပါ။ အခန်းထဲမှာ တစ်နေကုန် ကျွန်တော် ထိုင်ပြီး သူ့တံခါးခေါက်သံကို စောင့်နေမိပါသည်။ တစ်နေသာ ကုန်သွားသည်။ သူ ပေါ်မလာပါ။ ဘားခန်း ထဲသို့လည်း ကျွန်တော် ဆင်းမသွားပါ။ စူဇီနှင့် သင်္ဘောသား တစ်ယောက်ယောက် တွဲထိုင်နေ သည်ကို တွေ့ရမှာ ကျွန်တော် ကြောက်ပါသည်။
နောက်တစ်နေ့တွင်လည်း ထို့အတူ ဖြစ်ပါသည်။
ထိုနေ့၏ နောက်တစ်နေ့သည်လည်း ထိုနည်း၎င်းပင် ဖြစ်ပါသည်။
ထို နောက်တစ်နေ့၏ နောက်နေ့တွင်မူ ကျွန်တော့်စိတ်ကို ကျွန်တော် တင်းမထားနိုင်တော့ပါ။
ထို့ကြောင့် သူ့ကို လိုက်ရှာရန် ကျွန်တော် ဆုံးဖြတ်လိုက်ရပါတော့သည်။
အခန်းတံခါးဆီသို့ ကျွန်တော် လျှောက်သွားသည်။ ထိုအချိန်မှာပင် တံခါးခေါက်သံကို ကြားရသည်။ ရေနွေးကြမ်းအိုး အသစ်တစ်လုံးနှင့်အတူအတောင်းဝင်လာသည်။ သူ့အမူအရာက မသက်မသာ ဖြစ်နေပုံ ရပါသည်။ ကျွန်တော့်ကိုလည်း မကြည့်ဘဲ မျက်နှာလွှဲထားပါသည်။ ဘာဖြစ်နေတာလဲဟု ကျွန်တော်က မေးကြည့် ပါသည်။
"ဘာမှမဖြစ်ပါဘူး ဆရာ"
"ဘာမှ မဖြစ်ဘူးဆိုရင် ငါ့မျက်နှာကိုမကြည့်ဘဲ မင်း ဘာကြောင့် မျက်နှာလွှဲနေရတာလဲ အတောင်း"
စိတ်မပါသော အမူအရာဖြင့် ကျွန်တော့်ကို သူ လှမ်းကြည့်ပါသည်။
"မစ္စတာ တက်စ်လာ ထွက်သွားတာ ဆရာ သိပါတယ်နော်"
"ရော့ဒ်နေ ထွက်သွားပြီလား"
"ဟုတ်ပါတယ် ဆရာ၊ ဒီနေ့မနက်ဘဲ ထွက်သွားပါတယ်"
"ဆက်ပြောစမ်း အတောင်း" ဟု ကျွန်တော် စကားထောက်ပေးလိုက်သည်။
သူက မျက်လွှာကို ချလိုက်သည်။
"ဆရာ့ အမျိုးသမီးကလေးကို သူ ခေါ်သွားပါတယ်ဆရာ၊ သူတို့ ဘန်ကောက်ကို ထွက်သွားကြပါပြီ"
စာအုပ် (၂) အခန်း (ရ) မျှော်
.
No comments:
Post a Comment