အခန်း (၅)
မောရဂီဝိန်၊ ဖလ်စက်အိမ်သည်၊ အရှိန်ယုန်လျှော့၊ ပျော့တော့ညံ့ပြောင်း၊ တစ်နေ့ သောညနေစောင်း အချိန်တွင် ရွှေအိမ်၊ ရွှေနန်းအခန်းခန်း အဆောင်ဆောင်တို့၌ ရာထောင်မကများ လှသော နန်းတွင်းသူ နန်းတွင်းသားတို့မှာ ဆိုင်ရာဆိုင်ရာ အဆောင်တော်များစွာ ၌ ပျော်ရွှင်ချမ်းသာစွာ ခစားနေထိုင် လျက်ရှိကြစဉ် ရွှေနန်းတော်ကြီးအနောက်ပိုင်း စလင်းစု ဖုရားသုသီရိမြတ်စွာ ရတနာဒေ၀ီ စံမြန်း တော်မူသော ကြိုင်ထုံသင်းပျံ့၊ ၀င်းဖန့်ဝါရွှေ၊ အထွေထွေသော ပန်းမျိုးစုံတို့ဖြင့် မွမ်းမံခြယ်လှယ်အပ်သော ပန်းခုံတော်ဝယ် စွယ်တော် ပန်းများကို ပန်းထီးသဖွယ် လှပစွာပြုပြင်စီရင်လျက် ရှိကြသော အပျိုတော် သာစည်ရွာ ခင်ထားနှင့် ကျောက်ကာရွာစားခင်နှစ်တို့မှာ နှစ်ယောက်ချင်းရှိကြသဖြင့် လွတ်လပ်ခွင့်ရှိ သည့်အားလျော်စွာ ပြောလိုသော စကားများကို အပြန်အလှန် ပြောဆိုနေကြရာမှ၊
ခင်ထား။ ။"ဒါနဲ့စကားမစပ် အရှင်နန်းတော်ဖုရားကြီး ကံတော်ကုန်မှ အနောက်ပိုင်းက မိဖုရားတွေတော်တော်ပဲ စိတ်အလုပ်များတော်မူနေကြပါကလား မမရဲ့"
ခင်နှစ်။ ။"ဘယ်လိုစိတ်အလုပ်များပုံပါလိမ့် မမရယ်၊ ခင်နှစ်ကတော့ အမှတ်တမဲ့မို့ သတိမထားမိပေဘူး"
ခင်ထား။ ။"တခြားဟုတ်ပါရိုးလား၊ မိဖုရားခေါင်ကြီးအဖြစ်သို့ အဆောင်ရ၊ နန်းရမိဖုရားထဲက တစ်ပါးပါးဖြစ်ရတော့မယ်ဆိုတဲ့ အာရုံကလေးဟာ ကိုယ်စီကိုယ်စီ မျှော်လင့်တော်မူမိကြပြီး ဘုန်းတော်ကြီး လှသော ဘုရားအမိန့်တော်က ဘယ်သူ့အပေါ် ကျမယ်ဆိုတာ စောင့်စားနေရှာကြတယ်၊ မမက ဒါကိုရည်ရွယ်ပြောတာပါ"
ခင်နှစ်။ ။"အထူးမျှော်လင့်ကြလို့ အပိုဖြစ်နေမှာပေါ့ မမရယ်၊ နန်းရမိဖုရားတွေထဲမှာ အလယ် နန်းတော်ဘုရားဟာ အရာလည်းအကြီးဆုံးဖြစ်တယ်၊ နှမတော်ကြီးလည်းဖြစ်တယ်၊ ဒီတော့ အခြားမိဖုရား တွေ မျှော်လင့်ဖွယ်မရှိဘူးလို့ ထင်မိတာပဲ မမရဲ့"
ခင်ထား။ ။"ဒီလိုလည်းအတတ်မစွပ်စွဲနဲ့ဦး၊ ကံကရှိပေသေးတယ်၊ ဘ၀ကုသိုလ်ကံကို ဘယ်သူမှ အတတ်မထင် မဟောနိုင်ပေဘူး၊ ယခုမျက်မြင်အတိုင်း သေချာသလောက် ဖြစ်နေသော်လည်း အလယ် နန်းတော်ဘုရားထက် ထူးကဲပြီးချစ်မြတ်နိုးတော်မူတဲ့ မိဖုရား တစ်ဦးဦး အထူးသဒ္ဓါ တော်မူမယ်ဆိုရင် ဘယ်သူက ၀င်ပြီး ကန့်ကွက်နိုင်ပါ့မလဲ၊ သားတော်ကြီးတွေရဲ့ မျက်နှာနဲ့လည်းသဒ္ဓါမူမယ်ဆိုရင် မဖြစ်နိုင် ပေဘူးလား"
ခင်နှစ်။ ။"မဖြစ်နိုင်ပါဘူး မမရယ်ဒီကိစ္စမှာတော့ ဘယ်နည်းနဲ့မဆိုအလယ် နန်းတော် ဘုရားသာ ဖြစ်နိုင်စရာလမ်းရှိပါတယ်၊ ဘုန်းတော်ကြီးလှသော ဘုရားကလည်း ဒီနှမတော်ကြီးကလွဲပြီး အခြားမိဖုရား တွေကို ရွေးချယ်တော်မူမယ် မထင်ပါဘူး မမရဲ့"
ခင်ထား။ ။"မမကလည်း ဇွတ်အတင်းသာ အတတ်စွဲနေတော့တာပဲ၊ ကံတရား ကိုလည်း စဉ်းစားစမ်းပါဦး၊ တခြားဟာကို ဥပမာမပေးဘဲ အလယ်နန်းတော် ဘုရားရဲ့ မယ်တော်ကို ဥပမာပေးစမ်းပါရစေ၊ သေသေ ချာချာ နားထောင်တော်မူစမ်းပါဦး"
ခင်နှစ်။ ။"ကဲ...ကဲ၊ အားလပ်ခွင့်ရတဲ့အခါ ကိုယ်ထင်ရာကိုယ်ပြောရအောင်၊ ဟောတော်မူ စမ်းပါဦး မမရယ်"
ခင်ထား။ ။"ယခုအရှင်နန်းတော် မိဖုရားခေါင်ကြီးဘုရား ကံတော်ကုန်တာ လ,ရက် အတော်ကြာသွားပြီနော်၊ အဲ...ကြာတာထားပါဦး အရှင်နန်းမတော်ဘုရားကြီး စံမြန်း တော်မူတဲ့ နန်းမတော်ဆောင်ကြီးကို ရှိတော် မူစဉ်ကလို ခင်းကျင်းပြင်ဆင်ပြီး အသျှင် မိဖုရားခေါင်ကြီး ဘုရားကိုယ်စား၊ ရွှေသားရုပ်ပုံသွန်းလျက် ရွှေပြာသာဒ်ထက်မှာထားလို့ မှန်နန်း အပျိုတော်ကြီး များရှေ့က ခစားမြဲအတိုင်း ခစားစေတဲ့သဘောဟာ သာမာန်တွေး မယ်ဆိုရင်ဖြင့် ဘုန်းတော်ကြီး လှသောဘုရားသည် အရှင်နန်းမတော်ကြီးအား ရွှေရုပ် သွန်းလို့ အလွမ်းပြေရှုစားတော်မူဖို့ သို့မဟုတ် မောင်းမမိဿံ၊ အခြွေအရံများကို အလကား အသက်ကင်းမဲ့သည့်ရွှေရုပ်ကို အလုပ် တစ်ခုလုပ်၍ ရှိခိုးခစား ကြသည့်အတွက် အကျိုးမရှိ၊ နိသက်သက် စေခိုင်းတော်မူထားသကဲ့သို့ ထင်ရပေမယ်၊ သို့သော် ဘ၀ အရှင် မင်းတရားကြီး ဘုရားမှာ ငယ်ရွယ်တော်မူသေးသဖြင့် သင်္ခါရဓမ္မကို မတွေးထင် မသိမ်းဆည်နိုင်၍ စိတ်င်တော်မူရာ လုပ်တော်မူသည်ဟု ဆိုဖွယ်မရှိပါကလား မမရယ်၊ သတိသမ္ပဇဉ်နှင့် ဆင်ခြင်နှိုင်းစာ တော်မူတတ်တဲ့ အရွယ်ကြီးရင့်ပြီး ထောက်ချင့်စဉ်းစား ပညာရှိတဲ့ မင်းတစ်ပါး မို့ အလကားလို့ မဆိုနိုင်ဘူး၊ ဘယ်အရေး၊ ဘယ်အချင်း ကြောင့် သည်ကဲ့သို့ ပြုကြသည် ဆိုတာ စဉ်းစားစရာ မဟုတ်ပါလား"
ခင်နှစ်။ ။"ဟုတ်ကဲ့...နှစ်နှစ်တော့ မစဉ်းစားတတ်ပါဘူး၊ မမ စဉ်းစားပြီးရင်လည်း မိန့်တော်မူပါ"
ခင်ထား။ ။"ဒါကြောင့် မမက(ကံ)လို့ပြောတာပေါ့ (ကံ)ထူးရင်ရမယ်၊ မိဖုရားတွေ ထဲက တစ်ယောက်မှရဖို့ (ကံ)မပါရင် တစ်ပါးမှမရဘူးသာ မှတ်ပေတော့"
ခင်နှစ်။ ။"အဲဒီကံက ဘယ်နှယ့်လည်း မမရဲ့၊ အလယ်နန်းမတော်ဖုရား မိဖုရား ခေါင်ကြီး ဖြစ်နိုင်တဲ့ကံ မပါဘူးလို့ ထင်ပါသလား"
ခင်ထား။ ။"မထင်ဝံပါဘူး မမရယ်၊ မမနှယ်ပြောရတာ ဝေ့လယ်လယ်ရှိပါဘိတော့နော်၊ အရှင် ထိပ်စု မြတ်ဖုရား အပါးတော်မှာ လောကုတ္တရာ ကျမ်းဂန်များအပြင် လောကီ ဗေဒင်ကျမ်းကို တစ်ဖက်ကမ်း ရောက်မလောက် တတ်မြောက်နေတဲ့ တစ်ပင်တိုင် အပျိုကြီးတစ်ပါး ဖြစ်ရက်သားနှင့် ကံတရား လှည့်စားတဲ့အကြောင်းကလေးများ စဉ်းစား တော်မူလိုက်စမ်းပါ၊
အိမ်ရှေ့မင်းဖြစ်နေပကောလို့၊ တစ်နေ့ရှင်ဘုရင်ဖြစ်ချင်မှဖြစ်မယ်၊ ဘုရင်ဖြစ်ထိုက်တဲ့ ကံမပါရင်မဖြစ် နိုင်ဘူး၊ အရည်အချင်းမပြည့်စုံသူကလည်း ကံရှိရင် မမျှော်လင့်ဘဲနဲ့ ရတတ်တာမျိုး၊ အလယ် နန်းမတော်ဘုရားရဲ့ မယ်တော်ဟာမဟာမျိုး မဟာနွယ် မဟုတ်ဘဲနဲ့ ကံထူးတော့မိဖုရားခေါင်ကြီး ဖြစ်ရတယ်မဟုတ်လား၊ မမပြောတာ တွေးမိရဲ့နော်"
ခင်နှစ်။ ။"ဟုတ်ပါလေရဲ့ နည်းနည်းနားပွင့်လာပါပြီ၊ သည်အကြောင်းကလေး ထပ်ပြီး အကျယ်အမိန့်ရှိပါဦး မမ"
ခင်ထား။ ။"ဟင်... နားပွင့်လာပြီလဲဆိုသေးရဲ့၊ ထပ်ပြီးတော့လည်း အကျယ်ချဲ့ ပြောစမ်းပါဦးတဲ့၊ ဒီလို... ဒီလို မမရဲ့၊ ဘကြီးတော်ဘုရားဟာ သက်တော်နုနယ် အရွယ် တော်ငယ်ငယ်မှာ ပထမ အိမ်ရှေ့မင်း မိဖုရားဟာ ဆင်ဖြူရှင်မယ် ကွယ်လွန်ပြီးတဲ့နောက် သူ့ဘိုးတော်ဘုရားက (၇)နှစ်သမီးသာရှိတော်မူသေးတဲ့ ပန်းတောင်း မင်းသမီးလေးနဲ့ ကြိုကြိုတင်တင် ရေသွန်းနှင့်အပ် လက်ထပ်တော်မူပြီး မဟာဥပရာဇာ အိမ်ရှေ့မိဖုရားကြီး အစီး၊ အနင်း၊ အဆောင်အရွက် ခန့်အပ် ပေးသနားတော် မူထားတဲ့အတွက် ပန်းတောင်း မင်းသမီးကလေးဟာ ဘကြီးတော်ဘုရားရဲ့ ငယ်ကြင်ဖော်အစစ်၊ လက်ထပ် မိဖုရားကြီးဖြစ် နေပြီး အထွတ်အထိပ်ရောက်လို့ နန်းတက်တော်မူတဲ့အခါ အချိန်အရွယ်ရောက်လာတဲ့ ပန်းတောင်း မင်းသမီးကိုသာ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး မြှောက်သင့်ပါလျက် အချစ် လက်သစ် ဖြစ်တဲ့ မယ်နုနဲ့ ရွှေလက်ဆွဲပြီး နန်းတက်ပွဲ ၀င်တော်မူတယ်၊ မယ်နုဟာ နန်းတက်ဖွားမဟုတ်ပဲ ထူးကဲတဲ့ကံပါလို့ မဆိုင်ရာက၀င်ပြီး မိဖုရားခေါင်ကြီးဖြစ်သွားတယ်၊ မိဖုရားခေါင်ကြီးဖြစ်ထိုက်တဲ့ ကံမပါတဲ့ ပန်းတောင်း မင်းသမီး ကလေးမှာတော့ ဘိုးတော် ကိုယ်တိုင် အိမ်ရှေ့မိဖုရားအဖြစ် ရေသွန်းနှင်းအပ် လက်ထပ် ပေးစားတော် မူလျက် ရက်စက်စိမ်းကား အနိမ့်အကျ ပစ်ပယ်တော်မူထားတာ ခံရရှာတယ် မဟုတ်ပါလား။
အဲ... ဒါ ကံတရားပေါ့၊ သူဟာဖြစ်ထိုက်တယ် သူပဲဖြစ်မှာပါလို့ ဘယ်အခါမှ ကိန်းသေ တွက်မထား ကောင်းဘူး၊ တစ်လောက မြင်ကွန်းကိုယ်တော်အရေးမှာ ကံတော် ကုန်သွားတဲ့ မင်းထပ်ကိုယ်တော် အိမ်ရှေ့ဘုရားကိုကြည့်၊ ဘုန်းတော်ကြီးလှသောဘုရား မရှိတော်မူတဲ့နောက် ရာဇပလ္လင်ပေါ် ရောက်လိမ့်မယ်ဆိုတာ လူတိုင်းသိကြတယ် မဟုတ် လား၊ ဒါပေမဲ့ ကံတရားက ဘုရင်မဖြစ်ရဘူးလို့ စီရင်ချက် ချထားတော့ မြင်ကွန်းကိုယ်တော် ဓားနဲ့ နတ်ရွာလားရရှာပြီ။
အခုဒီနေရာကို ဘယ်သူတက်ဦးမလဲ ဘယ်သူမှမပြောနိုင်သေးဘူးနော်၊ သား တော်ကြီးတွေက တစ်ပါးလည်းမက နှစ်ပါးလည်းမက များလှတော့ ဒီအထဲက ကံထူးကဲတဲ့ သားတော်တစ်ပါးပါး ခမည်းတော် အရိပ်အရာကို ရတော်မူမှာပဲ၊ ဒါကြောင့် မိဖုရားခေါင်ကြီး ဖြစ်ဖို့လဲခုရှိတဲ့မိဖုရားတွေထဲက တစ်ပါးပါးဟာကံထူးလာလိမ့်မယ်၊ တကယ်လို့ဘုန်းတော် ကြီးလသောဘုရားက ဂတိလိုက်စားတော်မမူဘဲ ဘယ်သူ့ကိုမှ မမြှောက်စားရင်ဖြင့် ဘယ်မိဖုရားမှ ကံမပါဘူးလို့ ပြောရမယ်၊ သမီးတော်ကြီးတွေ အများထဲမှာလည်း ထူးကဲတဲ့ ကံဇာတာပါလို့ မမတို့အရှင် စလင်း ထပ်စုဖုရား တစ်ပါးသာ ပင်တိုင်တော်နဲ့ထားပြီး ခမည်းတော်ဘုရား အချစ်ဆုံးမြှောက်စား သူကောင်းပြုတော်မူတဲ့ သမီးတော် တစ်ပါး ဖြစ်ရတယ်မဟုတ်လား"
ခင်နှစ်။ ။ "ဟုတ်ပါ မမ၊ ကံပင့်မြှောက်သလောက် မြောက်ကြရတာပါကလား၊ နှစ်နှစ်ဖြင့် ခုမှ အရေလည်ပါတယ်"
ယင်းသို့ ပြောဆိုနေကြစဉ် ပင်တိုင်ဆောင်မှ သာယာကြည်ညိုဖွယ်ကောင်းလှ သော ကြေးစည်သံ များကြားရသဖြင့် "ဟော... မမ အရှင်ထပ်စုမြတ်ဖုရား သမ္ဗုဒ္ဓေပန်း ကပ်လှူတော့မလို့ အချိန်နီး နေပါကလား၊ ကြည့်စမ်းပါဦး၊ စကားတွေမဆုံးနိုင်အောင် ပြောပြီး လေကြောရှည်နေလိုက်ကြတာ ထပ်စုမြတ်ဖုရား သိတော်မူရင် သမ္ဖပ္ပလာပ အကျိုးမရှိတဲ့စကားတွေ ပြောနေရမလားလို့
များများကြီး အပြစ်တင်တော်မူလိမ့်မယ်၊ လာလာ ပန်းထီးတော်ကို မြန်မြန်ယူပြီး သွားကြစို့" ဟုပြောကာ လှပဆန်းကျယ်စွာ ပြုပြင် စီမံထားသော ပန်းထီးကိုယူလျက် ကသုတ်ကရက် ပင်တိုင် အဆောင်တော် ဘက်သို့ ထွက်သွားကြလေသတည်း။
သက္ကရာဇ် (၁၂၃၉) ခုနှစ် နယုန်လ သုဓမ္မာ စာပြန်ပွဲတော်ကြီးကား နီးကပ်၍လာပြန် လေ၏ ။ ရွှေနန်းတော်သူ၊ ရွှေနန်းတော်သားတို့နှင့်တကွ တိုင်းနေပြည်သူ ရှင်လူရဟန်းတို့ လည်း စာတော်ပြန် ပွဲကြီးအတွက် နှစ်စဉ်နှစ်တိုင်း ကဲ့သို့ စည်ကားကြီးကျယ်စွာ ဆိုင်ရာ ဆိုင်ရာ ပြုပြင်စီမံလျက် ရှိကြလေရာ ထိုနှစ်အဖို့ကား ဘ၀ အရှင်မင်းတရားကြီးဘုရားမှာ တိုင်းပြည်တည်ဖက်၊ နန်းစံဖက်၊ ကုသိုလ် ကောင်းမှုတော်ပြုဖက် ဖြစ်တော်မူသော စကြာ ဒေ၀ီ မဟေသီဖုရားခေါင်ကြီးဘုရား နတ်ပြည်စံ တော်မူပြီဖြစ်သောကြောင့် ထိုနှစ်အတွက် သုဓမ္မာ စာပြန်ပွဲသဘင်သို့ တစ်ပါးတည်းပင် ထွက်တော်မူ ရတော့မည် ဖြစ်လေ၏ ။
သားတော်သီပေါမင်းသားလည်း လာလတ္တံ့သော စာတော်ပြန်ပွဲတွင် နောက်ဆုံး အကြိမ် ပထမကြီးအဖြစ်နှင့် ပြန်ဆိုတော်မူမည်ဖြစ်ရာ ခမည်းတော်မင်းတရားကြီးဘုရား လည်း အထက် အကြိမ်များက ချီးမြှင့်တော်မူသော အခမ်းအနားအတိုင်း ခမ်းနားကြီးကျယ် စွာ ချီးမြှင့်တော်မူရန် အမိန့်တော် ထုတ်ပြန်တော်မူလေ၏ ။
သီပေါမင်းသား၏ မယ်တော် လောင်းရှည်မိဖုရားလည်း သားတော်အတွက် အားတက် ၀မ်းမြောက်တော် မူကာ သားတော်စံနေတော်မူရာ ခမည်းတော် မင်းတရားကြီး ဘုရားလည်း အထက် အကြိမ်များက ချီးမြှင့်တော်မူသော အခမ်းအနားအတိုင်း ခမ်းနားကြီး ကျယ်စွာ ချီးမြှင့်တော်မူရန် အမိန့်တော် ထုတ်ပြန် တော်မူလေ၏ ။
သီပေါမင်းသား၏ မယ်တော်လောင်းရှည်မိဖုရားလည်း သားတော်အတွက် အားတက် ၀မ်းမြောက်တော် မူကာ သားတော် စံနေတော်မူရာ နန်းဦးမှန်စီ ကျောင်းတက်သို့ ထူးခြားသော ရသာချိုချဉ် ဆွမ်းကွမ်း ပြင်လျက် နေ့စဉ်ဝတ်မပျက် စေလွှတ်ပို့သခြင်း၊ သုဓမ္မာစာတော်ပြန်ပွဲသို့ ဆင်နွှဲတော်မူကြမည့် သမုတိ သံဃာတော်မြတ်တို့အား သဒ္ဒါ တတ်အားတော် မူသလောက် သက္ကစ္စမြောက် လှူဒါန်းရန်၊ သင်္ကန်းများ ကိုယ်တော်တိုင် ချုပ်လုပ်လျက် ရှိတော်မူလေ၏ ။
အလယ်နန်းတော်ဘုရားနှင့် သမီးတော် ထိပ်စုဖုရားကြီးမှာလည်း နှစ်စဉ်လှူဒါန်းခဲ့ သည့်နည်းအတိုင်း ယခုနှစ်အဖို့လည်း အသီးသီးသော ဆရာတော်၊ သံဃာတော်များ အတွက် ဆွမ်းအုပ်ရေ မြောက်မြားစွာ ဆက်ကပ် လှူဒါန်းရန် ရည်သန်တော်မူလျက် သက္က စ္စဒါနမြောက်ရန် စံဆောင်တော် အတွင်းတွင် ခြွေရံသင်းပင်း ကျွန်တော်မျိုးမ ရင်းချာတို့ဖြင့် စီမံစိုင်းပြင်း လှူစာရင်းကောက်လျက် ရှိကြသည့်အခါတွင် အသျှင်စုဖုရားလတ်သည် အပါးကော်တွင် နီးကပ်စွာ အမှုတော်ထမ်းရသော လက်ရင်း အပျိုတော် ကလေးတစ်ဦးနှင့် မှန်ဆောင်တော်တွင်း စံတော်မူကာ ရွှေကလပ်နှင့် ဆက်လာသော မြတ်လေးပန်း များကို နှစ်သက်စွာ ပန်ဆင်တော်မူရင်း ယမန်နှစ် နယုန်လအတွင်းမှာ ဟဒယနှလုံးသားကို အနည်းငယ် ထိခိုက်လှုပ်ရှားစေသော အကြောင်းထူးတစ်ခုသည် တစ်နှစ်အတွင်း မေ့မေ့ လျော့လျော့၊ ပေါ့ပေါ့ဆဆ နေတော်မူမိရာမှ မြတ်လေးပန်းရနံ့က နှိုးဆွသတိပေးလိုက် ခြင်းဖြင့် အလင်းဥာဏ် ပေါ်ထွက်၍ ရုတ်တရက် သတိတော်ရမိသဖြင့် ဘုန်းတော်ကြီးလှ သော ခမည်းတော်ဘုရား၏ ကန်တော့ခံ ညီလာခံသဘင်တွင် တိမ်စင်သော လ၀န်းကဲ့သို့ တင့်ရွှန်းကြည်သာ မင်္ဂလာ ကျက်သရေ အပေါင်း စုဝေးရာဖြစ်သော မောင်တော် သီပေါမင်း သား၏ မျက်နှာတော်နှင့် ရှုစား တော်မှုမိခြင်းဆုံ၍ ရွှေရင်တော်ခုန် မိသည်များ၊ ထင်ရှားစွာ တွေးတောသတိရတော်မူလာပြီးလျှင် ယခုပင် ဖြစ်ပျက်တွေ့ဆုံ နေဘိ အလား များစွာလှုပ် ရှားထိခိုက်တော် မူသွားလေတော့၏ ။
ထိုအခိုက်တွင် အထိန်းတော်သုမန၀တီ ခင်ဘွားသစ် အဆောင်တော်ထဲသို့ ၀င်လာပြီး စုဖုရား အပါးတော် အနီးတွင် ထိုင်ကာ
"သစ်သစ်ရဲ့ စုထားဖုရားကလေးဟာ ဘာများတွေးပြီး ငေးငေးကလေး စံတော်မူ နေပါလိမ့်မယ်"
ရုတ်တရက် ကျီစယ်လျှောက်တင်လိုက်ရာ ဘ၀င်ခိုက်မျှ တွေးတော်စဉ်းစားတော်မူ နေသော စုဖုရားလည်း ရုတ်တရက် အံ့အားသင့်တော်မူသွားပြီးမှ အထိန်းတော် ခင်ဘွားသစ်ကို မြင်တော်မူလျှင် ပြုံးရွှင်စွာ ရှုစားတော် မူလျက်ပခုံးကို ဆီး၍ဖက်တော်မူပြီး-
"အို... သစ်သစ် ဘယ်ဆီများသွားနေလဲ၊ စုထားတစ်ယောက်တည်း ပျင်းတော်မူ လွန်းလို့ ပုံတော်ဆက်စမ်းပါ ပြောမလို့၊ သစ်သစ်ရောက်လာတာနဲ့ အတော်ပဲ"
မိန့်တော်မူလျှင်-
သစ်။ ။"သစ်သစ် ဘယ်မှမသွားပါဘူး၊ စုထားသာလည်တော်မူနေလို့ သစ်သစ်ကို တွေ့တော်မမူတာပါ၊ အလို...စုထားလေးဘာများ စိတ်ကူးရတော်မူလို့ လွန်းများပုဆိုးကြီး ကိုချွတ်ပြီး ဟောဒီစစ်ကိုင်းချိပ်ထဘီကို ဆင်တော်မူထားပါသလဲ၊ သစ်သစ်တို့ စုထားလည်း ခုတလော ရွှေစိတ်တော်များ ဂဏှာမငြိမ် တော်မူဘူးထင်ပါရဲ့၊ အစကတော့ ပုဆိုးမှတစ်မျိုးလှတယ်ထင်လို့ ဆင်တော်မူမယ်ဆိုပြီး ယခုတော့ ပုဆိုးချွတ်ပြီး ထဘီဝတ် တော်မူတာ ဘာအဓိပာယ်ပါတုံး စုထားဖုရား"
စုထား။ ။"သြော်... ဒီမိန်းမကြီးဟာ စစ်စစ်ပေါက်ပေါက် မေးတတ်လေတယ်၊ စုစု ကောင်းတယ်ထင်လို့ ဆင်တော်မူတာပေါ့ သစ်သစ်ရဲ့၊ မယ်မယ်ဖျားကလည်း စုထားကို လုံမလေးငယ်တော့ဘူး၊ မိန်းမပီပီ ၀တ်ဆင်တော်မူဖို့တော်ပြီလို့ မိန့်တော်မူတာနဲ့ အကျင့်ရအောင် ဆင်တော်မူကြည့်ပါတယ်"
သစ်။ ။"အမယ်လေး...ဒီအတိုင်းမှန်ရင်၊ သစ်သစ်လည်း အင်မတန်ဝမ်းသာပါတယ် စုထားဖုရား၊ စုထားဖုရားကို ရွှေနားဝင်အောင် တင်လို့မရတဲ့အတွက် စိတ်ပျက်ပျက်နဲ့ လက်လျော့ပြီး ဒီပုဆိုးရှည်ကြီး ဆင်တော်မူတာကို ကြည့်နေရပါတယ်၊ ယခုလိုမယ်တော် မြတ်များ အမိန့်တော်နားဝင်တော်မူပြီး မင်းသမီးပီပီ ဆင်တော်မူထားတဲ့အတွက် သစ်သစ် တို့စုထိပ်ဖျားမှာ ဘယ်လောက်များ အလှကျက်သရေ တိုးတော် မူနေတယ်ဆိုတာ မတင် တတ်သလောက်ပါဘဲ"
စုထား။ ။"အလိုလေး... တယ်လည်းဆိုလိုက်တဲ့ စာပါကလား သစ်သစ်ရဲ့၊ ဒါနဲ့ စကားမစပ် နယုန်လ သုဓမ္မာစာတော်ပြန်ပွဲကြီး နီးကပ်လာပြီနော်၊ မယ်တော်ဖျားဖြင့် လှူဖွယ်တန်းဖွယ်များ ပြင်ဆင်တော်မူလှပြီ၊ စုထားလဲ ဒီတစ်ခါစာတော်ပြန်ပွဲမှာ စာအောင် တဲ့ကိုယ်တော်များအတွက် တစ်စုံတစ်ခု လှူတော်မူချင်တယ် သစ်သစ်ရဲ့၊ ဘယ့်နှယ်သ ဘောရပါသလဲ"
သစ်။ ။"ကောင်းသားပဲစုထားဘုရား၊ စာအောင်တဲ့ကိုယ်တော်များကို တိစီဝရိတ် သင်္ကန်းများ လှူတော်မူပါလား၊ အဲဒီစာအောင်တဲ့ ကိုယ်တော်များအထဲမှာ မောင်တော် သီပေါ ကိုယ်တော်လဲ ပါတဲ့အတွက် တခြားကိုယ်တော်များထက် မောင်တော်သီပေါကိုယ် တော်ကို ပိုပြီး လှူတော်မူ ထိုက်ပါသေးတယ်"
စုထား။ ။"ဟင်... သစ်သစ်ကလည်း သီပေါမောင်တော်ဘုရားကို လှူလိုဖြစ်ပါတော် မူရတာ၊ စုထားကတိစီဝရိတ် သင်္ကန်းသွားလှူလို့ နေရာမကျဘူးထင်တာပဲ"
သစ်။ ။"ဒါဖြင့်လည်း တခြားကိုယ်တော်များကို သင်္ကန်းလှူတော်မူပြီး မောင်တော် သီပေါမင်းသား အတွက်လည်း သီးခြားသင့်လျော်မယ်ထင်တဲ့ လက်ဆောင်တော်တစ်ခုခု ဆက်ရရင် အင်မတန် နေရာကျ တော်မူပါလိမ့်မယ်"
စုထား။ ။"ဟာ...ရှာရှာဖွေဖွေ သစ်သစ်ရယ်"
သစ်။ ။"ရှာရှာဖွေဖွေတင်တာမဟုတ်ပါဘူး စုထားဖုရားရဲ့၊ အရှင်စုထားဖုရားက စာအောင်တဲ့ ကိုယ်တော်များကို တစ်စုံတစ်ခုလှူချင်တယ်ဆိုလို့ လှူတော်မူဖို့မကြံပေးရာမှာ သီပေါကိုယ်တော် ကလေးမပါရင် ကောင်းနိုင်ပါ့မလားဘုရား၊ တစ်ရံဆံပြည်သူ ဆင်းရဲသား များကတောင် အောင်ဆု ဆက်ကြပါလျက် စုထားဖုရားက ဝကွက်ပြီး ချန်တော်မူထားရင် မတရားတော်မူဘူးပေါ့"
ထိပ်စုထားလတ်လည်း အနည်းငယ် ငေးစိုက်စဉ်းစားတော်မူနေရာမှ ပြုံးရွှင်တော် မူကာ
"အင်း... သစ်သစ်ပြောထားလည်း ဟုတ်ပေသားပဲ၊ နို့ဒါဖြင့် ဘယ်လိုလက်ဆောင် တော်များ ဆက်ရမလဲ သစ်သစ်လဲ စဉ်းစားစမ်းပါဦး"
ခင်ဘွားသစ်လည်း အနည်းငယ်စဉ်းစားနေပြီးမှ-
"သည့်ပြင်လက်ဆောင်တော် ဆက်ရတာထက် ကိုယ်တော်လေး သုဓမ္မာဇရပ်သို့ ထွက်တော်မူတဲ့အခါ ဆင်တော်မူစရာ ၀တ်လဲတော် ပုဆိုးကောင်းတစ်ထည် ဆက်ထားနှင့်ရင်မသင့်တော် ပေဘူးလား စုထားဖုရား"
စုထား။ ။"အို...ဟုတ်ပါလေရဲ့၊ သစ်သစ်အကြံပေးတဲ့အတိုင်း ၀တ်လဲတော်ပုဆိုး ဆက်ရင် လူထွက်တော် မူတဲ့အခါ အဆင်သင့်ဆင်တော်မူရမယ်"
သစ်။ ။"၀တ်လဲတော်ဆက်တာက ဟုတ်ပါပြီ၊ စုထားဖုရားမှာ ၀တ်လဲတော်ပုဆိုး အဆင်သင့် ရှိတော်မူ ပါသေးရဲ့လား"
စုထား။ ။"အို...ရှိပါသော်ကော၊ ဟောဟု ရွှေရေးအစ်ကြီးထဲမှာ စုစုဆင်တော်မမူရ သေးတဲ့ပုဆိုးအသစ်တွေရှိပါတယ်၊ ဟဲ့...ခါနွေယူခဲ့စမ်း"
မိန့်တော်မူလျှင် အပျိုတော်ခါနွေလည်း ရွှေရေးယွမ်းအစ်ကြီးကို အပါးတော်သို့ လာဆက်လေ၏။ စုဖုရားလတ် လည်း ယွမ်းအစ်ကို ဖွင့်စေပြီး အထဲကလွန်းများပုဆိုးများကို ကိုယ်တော်တိုင် ထုတ်ယူတော် မူပြီးလျှင်
"သစ်သစ်ရဲ့ဟောဒီဝတ်လဲတော် အသစ်တွေထဲက အကောင်းဆုံးတစ်ထည် ရွေးစမ်းပါ" မိန့်တော်မူ၍ ခင်ဘွားသစ်လည်း လွန်းပုဆိုးများကို ရွေးချယ်လျက်ရှိလေ၏။
သစ်။ ။"စုထားဖုရား။ ဟောဒီနွယ်သာကီကြိုးကလေး မကောင်းပါလား"
စုထား။ ။"ဟင်...နွယ်သာကီကြိုးက နီစပ်စပ်နဲ့ သစ်သစ်ရယ်၊ စုစုကြိုက်တော် မမူပါဘူး"
သစ်။ ။"ဒီစစ်ကိုင်းချိပ် အ၀ါနုကလေးကော ဘုရာ့"
စုထား။ ။"ဟာ...ဒါကြီးလဲရိုးလှပါတယ်"
သစ်။ ။"နို့ဖြင့် ဟောဒီဖက်ဖူးသွေးလွန်းခြောက်ဆယ်ကော ဘုရာ့"
စုထား။ ။"မကြိုက်တော်မူသေးဘူး၊ ဟောဟိုအောက်ဆုံးက ကရ၀ိတ်နှုတ်သီးဂမန်း ပန်းချီတဲ့ ပန်းစုံကြိုး ပုဆိုးကို ယူလိုက်စမ်းပါ၊ အဲဒါကမှ လှလည်းလှမြိုင်လည်းမြိုင်တယ်၊ ပုဆိုးအမြိတ်မှာလည်း ဒေါင်းတံဆိပ် ပါတဲ့အတွက် မောင်တော်ဆင်တော်မူလိုက်ရင် အင်မတန်ကျက်သရေရှိတော်မူမှာပဲ သစ်သစ်ရဲ့"
သစ်။ ။"သြော်...ဟုတ်ပါရဲ့၊ စုထားဘုရား၊ သီပေါကိုယ်တော်နဲ့ လိုက်တော်မူ အောင်ရွေးတော်မူတတ်ပေရဲ့၊ ကိုင်း...ဒီဝတ်လဲတော်ကို စောစောကသွားပြီးဆက်ထားရ အောင်သီးခြားထားရမှာပ"
ပြောကာ ခင်ဘွားသစ်လည်း ပုသိမ်ဆာပါပ၀ါနှင့် ၀တ်လဲတော်ပုဆိုးကို ယုယစွာ ထုတ်လျက်၊ အီစတန်နှင်း ရေမွှေးနှင့်ပက်ဖျန်းပြီး မြတ်လေးပန်းကုံးကြီးများနှင့် ရစ်ပတ်ခါ ရွှေကလပ်တစ်ခုတွင်တင်၍ ထားလေ၏ ။
စုဖုရားလည်း ခင်ဘွားသစ် လုပ်ကိုင်နေသည်ကို ပြုံးရယ်ရှုစားတော်မူကာ
"ပြင်ဆင်လှချည်လား သစ်သစ်ရဲ့၊ ဘယ်တော့သွားဆက်မလို့လဲ"
သစ်။ ။"အရှင်ထိပ်စုမြတ်ဖျား ခိုင်းစေတော်မူတဲ့နေ့ သွားမှာပဘုရား၊ စာတော်ပွဲ မ၀င်ခင် အရင်တင်ကူးပြီး ဆက်ထားမှဘုရာ့၊ မတော်တဆ တခြားမင်းသမီးတွေက ဦးသွားရင်..."
စုထား။ ။"ရက်လည်း လိုပါသေးတယ် သစ်သစ်ရယ်၊ သည်ကလောက်လည်း အရင်မလိုပါနှင့်၊ တခြားမင်းသမီးတွေက ဦးပေတဲ့ စုစုဆက်တဲ့လက်ဆောင်တော်မှ သီပေါ ကိုယ်တော်က နှစ်သက်တော် မူမှာပါ"
သစ်။ ။"အလို...စုထားဖုရား၊ ဘယ်လိုအကြောင်းကြောင့် သီပေါကိုယ်တော်ရဲ့ စိတ်တော်ကို သိတော်မူရပါသလဲ"
စုထား။ ။"စုထားလေ၊ ရှေ့တော်ကန်တော့ဝင်တော်မူတုန်းက မင်းသမီးတွေအများ ကြီးရှိလျက်သားနဲ့ မောင်တော်သီပေါမင်းသားဟာ စုထားကိုမှတမင်ရွေးပြီး ငေးငေးကြီး ရှုစားတော်မူတာနှစ်ခါတောင်မှပဲ၊
ဟိုပထမနှစ်တုန်းကတစ်ခါ သစ်သစ်ရဲ့၊ မနှစ်ကတစ်ခါ၊ ဒါကြောင့်ယခုလည်း စုစုဆက်တဲ့ လက်ဆောင် တော်ကို အများထဲကတမင်ရွေးပြီး၊ အရေးတကြီးဝတ်ဆင်တော်မူပါလိမ့်မယ်လို့ အင်္ဂ၀ိဇာနဲ့ ဟောတော်မူ လိုက်တာကလား"
သစ်။ ။"အမယ်လေးဟဲ့လေး သစ်သစ်တို့ စုထားဖုရားလည်း စကားတတ်တော်မူ လှပါပကော၊ ဒါထက်အဲဒီတုန်းက သီပေါကိုယ်တော်က စုထားဖုရားကို ရှုစားတော်မူ ကြောင်း ဘယ့်နှယ် သိတော် မူပါသလဲ"
စုထား။ ။"စုစုကိုယ်တော်တိုင် မြင်တော်မူရတဲ့အတွက် သိတော်မူတာပေါ့ သစ်သစ်ရဲ့"
သစ်။ ။"စုထား ကိုယ်တော်တိုင်ကော ဘောက်မဲ့ကြောင့် မြင်တော်မူရသတုံးဘုရား"
စုထား။ ။"အို...ဒီမိန်းမကြီးဟာ ပခန်းချည်ပါတစ်ရွာရွာက ဇာတိလားမသိဘူး၊ အင်မတန် စကားကပ် တင်တယ်၊ စုစုကကြည့်လို့မြင်ပါတယ်တဲ့၊ ကဲသိပလား"
သစ်။ ။"စုစုကကော မင်းသားတွေအများကြီးထဲက သီပေါကိုယ်တော်တစ်ပါးတည်း မှ ဘောက်မဲ့ရွေးပြီး မြင်တော်မူ တတ်ရသတုံး"
ပြုံးစိစိနှင့် မထိတလ လျှောက်တင်လျှင် စုထားဖုရားသည် ချစ်တော်မူသော အထိန်းတော်ကြီး ဖြစ်သည့်အားလျှော်စွာ ခင်ဘွားသစ်၏ ကျောကိုမနာ့တနာထုတော်မူပြီး
"ဒါနဲ့ စုစုပျင်းတော်မူလိုက်တာ သစ်သစ်ရယ်၊ ပုံတော်များ ဆက်စမ်းပါ"
သစ်။ ။"ရာမဇာတ်တော်ကြီးလား၊ အီနောင်ဇာတ်တော်ကြီးလား၊ စုထားဖုရား ရွှေနားဆင်တော်မူလိုသော မိန့်တော်မူပါ"
စုထား။ ။"ဟင်...ဒါတွေပွဲကြည့်ဆောင်တော်ထဲမှာ ငြီးစော်နံအောင် မြင်တွေ့နေရ တာ နားထောင် တော်မမူချင်ပါဘူး"
သစ်။ ။"ဒါဖြင့်ဆရာကြီး ဦးကြင်ဥရေးတဲ့ ၀င်္ကန္တဇာတ်ကို နားဆင်တော်မူမလား"
စုထား။ ။"ဒီဇာတ်သွားလည်း နားမထောင်ချင်ဘူး သစ်သစ်ရဲ့"
သစ်။ ။"ဆရာကြီးဦးပုညရေးတဲ့ ပဒုမဇာတ်လည်းအကောင်းသားပါ"
စုထား။ ။"ဒါလည်းမကြိုက်သေးပါဘူး"
သစ်။ ။"ကေသာသီရိ နန်းတွင်းဇာတ်တော်ကြီး"
စုထား။ ။"ဒါလည်းရိုးလှပါပြီ"
သစ်။ ။"ဒီလိုဖြင့်လှိုင်ထိပ်ခေါင်တင်ဘုရား ရေးသားတော်မူတဲ့ ဣန္ဒာဝံသဇာတ်ကြီး နှင့်ဝိဇယကာရိ ဇာတ်တော်ကြီးများ ရွှေနားဆင်တော်မူပါ"
စုထား။ ။"ဒီမင်းသားတွေမယားပေါက်ပန်းဈေး လျှောက်ယူတာမကြားချင်ပါဘူး"
သစ်။ ။"သည့်နှယ်ဖြင့် ဘိုးတော်ရွှေဘိုမင်းရဲ့မိဖုရားအနောက်နန်းမတော်ဘုရား စီရင်ရေးသား တော်မူသွားတဲ့ သိင်္ဂီပြဇာတ်ဝတ္တုကို နှစ်သက်တော်မမူပါလား"
စုထား။ ။"သဘောကျသော် မမူသေးပါဘူး သစ်သစ်ရယ်"
သစ်။ ။"ဒါဖြင့် ဘယ်လိုပုံတော်များ ဆက်ရမလဲဘုရား၊ ရွှေယုန်နဲ့ရွှေကျား သက်ကယ်ရိပ်သွားတဲ့ ပုံတော်ကိုကော သဘောကျတော်မမူဘူးလား"
စုထား။ ။"အို ကလေးကလားနဲ့"
သစ်။ ။"ဒါဖြင့်စုထားဖုရား နှစ်သက်တော်မူရာကို မိန့်တော်မူပါလား"
စုထား။ ။"စုစုအကြိုက်ကိုပြောရရင်ဖြင့် မယားတစ်ယောက်တည်းကို စွဲစွဲမြဲမြဲချစ် တဲ့စိတ်နဲ့ သိပ်ဒုက္ခခံရတဲ့ မင်းသားတစ်ပါးရဲ့ ဇာတ်ကို နားထောင်တော် မူချင်တယ်"
သစ်။ ။"ဘယ်ဇာတ်များပါလိမ့်နော်၊ ကဲစုထားဖုရားရယ်၊ အမည်နာမကိုဖော်ပြီး အတိအလင်း မိန့်တော် မူပါလော့"
စုထား။ ။"ဒါမှအတွေးမပေါ်သေးဘူးလား၊ စုစုပြောမယ်လေ သေသေချာချာနား ထောင်၊ ငွေတောင်သူနဲ့ညားတဲ့ သုဓနု မင်းသားဇာတ်ကို ပြောတာသစ်သစ်ရဲ့"
သစ်။ ။"သြော်...ဖြစ်မှဖြစ်ရပလေ စုထားဖုရားနှယ်၊ အစကတည်းက စုစုဖြင့်သုဓနု ဇာတ်တော်ကို နားဆင်တော်မူချင်တယ်လို့ တစ်ခါတည်းမိန့်တော်မူလိုက်ရောပေါ့၊ ကဲ... ကဲ ရွှေနားဆင်တော်မူပါ"
လျှောက်ခါ သလွန်တော်နံဘေး၌ ကြုံ့ကြုံ့ကလေးထိုင်ပြီး အထိန်းတော်ကြီး ခင်ဘွားသစ်က သုဓနုမင်းသား ဇာတ်ကြောင်းကို အာဝဇွာန်းကောင်းကောင်းနှင့် နားထောင်ကောင်းအောင် ရွှေဒေါင်းတောင် နှင့် တပ်လေသွေး ရင်း တဖြည်းဖြည်း လျှောက်တင်၍ နေလေသတည်း။
အခန်း (၆) မျှော်
.
No comments:
Post a Comment