Thursday, December 24, 2009

ဒဂုန်ခင်ခင်လေး စာဆိုတော် အခန်း(၇)

အခန်း (၇)

အထိန်းတော်ကြီး ခင်ဘွားသစ်သည် သီပေါမင်းသားထံတော်မှ ၀တ်လဲတော်ပုဆိုး ဆက်သ ပြန်လာ ပြီးနောက် ထိပ်စုဖုရားလတ် စံတော်မူသောအတွင်း စံဆောင်တော်သို့ ၀င်ရောက်ခစားမိလေရာ စုဖုရားလည်း မျက်နှာထား ခပ်ရွှင်ရွှင်နှင့်ဝင်လာသော အထိန်း တော်ကြီး ခင်ဘွားသစ်ကို ခပ်ပြုံးပြုံး ရှုစား တော်မူကာ-

"ပြန်လာပလား သစ်သစ်ရဲ့၊ သီပေါကိုယ်တော်က စုစုဆက်သတော်မူလိုက်တဲ့ ၀တ်လဲတော်ပုဆိုးကို နှစ်သက်တော်မူပါရဲ့လား"
ဆီးကြိုမိန့်တော်မူလျှင် အူရွှင်နေသော ခင်ဘွားသစ်မှာ လက်ဆောင်တော်ကောင်း ပါလာသဖြင့်လည်း တစ်နည်းအားဖြင့် စုဖုရားကို မျက်နှာချိုသွေးဖြင့် သလွန်တော်ဘေးမှ ထိုင်ပြီးလျှင်-
"သီပေါကိုယ်တော်ဘုရား နှစ်သက်တော်မူပုံများတော့ ဘုရာ့ကျွန်မသံတော်ဦး မတင်တက်သလောက်ပါပဲ စုဖုရားရဲ့၊ ဖျာ့ကျွန်မအစက အဆုံးထိအောင် လုံးစေ့ပတ်စေ့ လျှောက်ပါရစေ"
ဝမ်းသာအားရတင်လျှင် ထိပ်စုဖုရားလတ်တွင်လည်း ခင်ဘွားသစ် အူရွှင်သည်ကို မြင်တော်မူရ သည်ပင် အလိုလို စိတ်နှလုံးကြည်လင်တော်မူလာလျက်
"အမယ်လေး...ဘယ်လိုအားရစရာအကြောင်းများ တွေ့လာလို့သည့်လောက် ၀မ်းမြောက်တဲ့သဘောနဲ့ မောကြီးပန်းကြီးဖြစ်နေရတာလဲ သစ်သစ်ရယ်၊ ခမည်းတော် ဘုရားက ကျောက်တစ်လုံးရွာကို ရွာစား ပေးတော်မူပြီး ရွှေထီးနဲ့ရွှေလှည်းများ သနားတော် မူတုန်းကမှ သစ်သစ်ဒါလောက် ၀မ်းမြောက်တာ မမြင်ရဖူးပါဘူး၊ယခုဘယ်လိုများ အကြောင်းထူးလို့ အမောဆို့အောင် ရွှင်မြူးနေရတာလဲ သစ်သစ်ရဲ့" မိန့်တော် မူလေ၏ ။

"ဒီအကြောင်းနောက်များတော့ လျှောက်ထားပါ့မည်ဘုရား၊ သီပေါကိုယ်တော်ထံ ရှေးဦးစွာ ရောက်သွားတဲ့ အခါကစပြီး လျှောက်တင်ပါရစေ၊ ဘုရာ့ကျွန်မ အရှင်ထိပ်စုဖုရား အပါးတော်က ၀တ်လဲတော်ရွှေကလပ် ယူဆောင်ပြီး မှန်စီရွှေကျောင်းဆောင်ကို သွားပါ ရောဘုရား"

စု။ ။"အင်း...ဆိုစမ်းပါဦး"

သစ်။ ။"သွားတော့...သီပေါကိုယ်တော်စံတော်မူတဲ့ နန်းဦးမှန်စီ ရွှေကျောင်းတော် ကို ရောက်သွား ပါတယ်ဘုရား၊ ရောက်သွားတော့ စကားအပေါက်အရှများမှာ စိုးရိမ်လို့ မည်သူမှ မရှိပါစေနဲ့လို့ ဆုတောင်း ပြီး ဘုရားကျွန်မကုတ်ချောင်း၊ ကုတ်ချောင်းနဲ့ သာသနာ ကျောင်းတော်ပေါ် တက်သွားတော့ ကံအားလျော်စွာ နန်းဦးကျောင်းဆရာတော်ဘုရားလဲ သာသနာပိုင် ဆရာတော်ဘုရား ကျောင်းတော်ကို ကြွသွားတာနဲ့ အခြားကျောင်းသား ကိုရင်နှင့် စာသင်သားများ ဆရာတော်ဘုရားနောက် ပါသွားလို့ အစောင့်ကျောင်းသား ငယ်ကလေးများနှင့် ကျောင်းဆောင်ထဲတွင် တစ်ပါးချင်း စာကြိုးစားတော်မူနေတဲ့ သီပေါ ကိုယ်တော် တစ်ပါးတည်း တွေ့ရပါတယ်၊ သီပေါကိုယ်တော်ဖျားဟာ စာတော်များ ဘယ်လောက်ကြိုးစားတော်မူနေတယ်ဆိုတာ စဉ်းစားတော်မူပါတော့ ဖျာ့ကျွန်မရှေ့တော် ရောက်နေတာ သိတော်မမူဘူး စုဖုရား၊ ဒါနဲ့ဖျာ့ကျွန်မက အပါးတိုးခစားပြီး ၀တ်လဲတော် တင်ထားတဲ့ရွှေကလပ်ရှေ့တင်ပြီး အရှင် ကိုယ်တော်ဖျား စာကြိုးစားတော်မူပါပေရဲ့ဘုရား လို့ လျှောက်တင်လိုက်တဲ့အခါကျမှ စာတော်ရှုစား တော်မူရာက မျက်နှာတော်လှည့်မူပြီး 'အလို...အထိန်းတော်ကြီးပါကလား မလာစဖူး ဘာအကြောင်းထူး ပါသလဲ'လို့ ရွှေမျက်နှာ တော် ချိုချိုနှင့် မိန့်ခွန်းဆိုတော်မူပါတယ်"

စု။ ။"သည်တော့သစ်သစ်က ဘယ့်နှယ်လျှောက်တင်လိုသလဲ"

သစ်။ ။"ဖျာ့ကျွန်မက အကြောင်းထူးလှတယ်တော့ မဟုတ်ပေါင်ပါဘုရား၊ ဖျာ့ကျွန်မ သခင် အရှင် ထိပ်စုမြတ်ဖုရားက စာတော်ပြန်ပွဲ ၀င်နွှဲဖြေဆိုတော်မူကြမဲ့ ရဟန်းသာမဏေ များကို သင်္ကန်းတော်များ ကပ်လှူတော် မူရန် စီမံကြံရွယ်တော်မူတဲ့အခါ အရှင်ကိုယ်တော် မြတ်ဖုရားမှာ လူဝတ်လဲတော်မူပြီးမှ စာတော်ဖြေဆိုတော်မူမှာဖြစ်တဲ့အတွက် သင်္ကန်းတော် လှူမည့်အစား ၀တ်လဲတော်ပုဆိုးများ ဆက်သရန် စေလွှတ်တော် မူလိုက်ပါတယ်၊ စာတော် ပြန်အခမ်းအနားထွက်တော်မူတဲ့အခါ အရှင်စုဖုရား ဆက်သတော်မူတဲ့ ၀တ်လဲတော်ကို ဆင်မြန်းတော်မူပါလျှင် သင်္ကန်းတော်လှူသည်နှင့်မခြား ကုသိုလ် ပွားများ လိမ့်မယ်လို့ ယုံကြည်ပါတယ်ဘုရားလို့ လျှောက်တင်ပြီး ၀တ်လဲတော်ရွှေကလပ်ကို ရှေ့တော် တိုးပြီး ဆက်လိုက်တဲ့အခါ အို... အရှင်ထိပ်စုဖုရား သီပေါကိုယ်တော်ရဲက ရွှေမျက်နှာတော်ဟာ အာကာ ဝေဟင် ကောင်းကင်ဘုံဖျားက ယုန်ရထားသီတာလလို ရွှင်ပျကြည်လင်အင်မတန် ပြောင်းလွှဲတော် မူသွားတာ မြင်ရပါတယ်၊ အဲ...ဒီအခါတုန်းက ဖူးမြင်ရတဲ့ ရွှေကိုယ်တော်ရဲ့ မျက်နှာကို အဓိပ္ပာယ်ပေါ်အောင် ဖျာ့ကျွန်မ မလျှောက်တင်တတ်တော့ဘူးဖျာ့"

စု။ ။(ပြုံးတော်မူလျက်)"ကဲလေ လျှာရှည်လိုက်တာ၊ သီပေါကိုယ်တော်က စုစုဆက် တဲ့ဝတ်လဲတော်အတွက် အင်မတန် နှစ်သက်ဝမ်းသာဖြစ်တော်မူတယ်လို့ ခပ်တိုတိုလိုရင် ကို ဘွင်းဘွင်းကြီး လျှောက်တင် လိုက်စမ်းပါ၊ စုစုကလဲ မြန်မြန်မှကြိုက်တာနဲ့ သစ်သစ် ကလဲထစ်ငေါ့ငေါ့ စကားအမျှင်တန်းပြီး လေငန်းကြီး ဆွဲနေတတ်တာနဲ့ နည်းနည်းမှ ပဏာမကပ်အောင်ဖြစ်နေပြီ၊ ကဲ...ကဲလေရှည်ကြီးမဆွဲနဲ့၊ နောက် ဘာဖြစ် သေးလဲပြော..."

မိန့်တော်မူလျှင် အထိန်းတော်ခင်ဘွားသစ်လည်း မင်းသမီးကို မျက်လုံးပြူးကြီးနှင့် ငေးကြည့်ကာ နှုတ်ခမ်း ကို မစူချင့်စူလျက် တစ်ဖက်သို့ လှည့်သွားပြီး
သစ်။ ။"သူများကတော့ ကိုယ့်ထိပ်စုဖျားကလေး အစအဆုံးကိုယ်တိုင်ပြေးမြင်သလို သိတော်မူပါစေလို့ စေတနာနဲ့ ရေရေလည်လည် အမောခံပြီး လျှောက်တင်စရာမလိုပါဘူး သီပေါကိုယ်တော်ကို ၀တ်လဲတော် ဆက်ပြီး ပြန်ခဲ့တာပါပဲဘုရား"
ခပ်ငေါ့ငေါ့လျှောက်တင်လိုက်မှ ထိပ်ဖုရားက ပြုံးတော်မူလာပြီး-
"အို...ဒီမိန်းမကြီး စိတ်ကောက်သွားပြန်ပြီ၊ ကဲ...ကဲ၊ လျှာရှည်တယ်လို့ ပြောမိတာ မှားပါပြီတဲ့ သစ်သစ်ရယ်၊ ဆက်ပြီး လျှောက်စမ်းပါဦး၊ စုစုက ရှေ့ဆက်မဲ့စကားကို ဗြုန်းခနဲ ကြားချင်အားကြီးနဲ့ အမှတ်တမဲ့ ပြောလိုက်တာပါ"
ပြုံးရယ်တော်မူရင်း မိန့်တော်မူရာ ခင်ဘွားသစ်လည်း စိတ်ပြေသလိုပြုံးရွှင်လာပြီး
"အရေးကြီးတဲ့စကားတွေ လျှောက်တင်စရာ အများကြီးကျန်သေးတယ်နော် စုထား ဖျား၊ နောက်တော့သာ လျှာရှည်တယ်မကြားချင်ဘူးလို့ မိန့်တော်မမူနဲ့ဦးဘုရာ့"

စု။ ။"စိတ်ချ၊ စိတ်ချ ဒီတစ်ခါ သစ်သစ်လျှောက်တင်တဲ့စကား မဆုံးမချင်းစုစု တစ်လုံးမှ ၀င်မပြောဘဲ ငြိမ်ငြိမ် ကလေး နားထောင်တော်မူမယ်"
သစ်။ ။"တကယ်နော် စုထားဖုရား၊ သစ်သစ်လျှောက်တင်နေသမျှ စကားကို အစအဆုံး နားထောင်တော်မူရမယ်နော်၊ တကယ်လို့ ဒီစကားထဲက နှစ်သက်တော်မမူတဲ့ စကားလုံးများ ပါလာပါ လျှင်လဲ တားမြစ်တော်မမူဘဲ လျှောက်ချက်မဆုံးမချင်း နားဆင် တော်မူနေရမယ်ဖျား၊ 'မင်းမှာသစ္စာ-လူမှာ ကတိ'တဲ့၊ ကတိသစ္စာတော်သွေယွင်းမှဖြင့် စေတီယမင်းလို မြေခွင်းလို့ မျိုတတ်ပါသတဲ့၊ ထားတော်မူတဲ့ ကတိတော် ကိုဖျက်ပြီး စကားတစ်ဝက်တပျက်နဲ့များ အမျက်တော်မပွားလိုက်ပါနဲ့ ထိပ်စုဖျား"

စု။ ။"ကဲပါ...သစ်သစ်ရယ်၊ စုစုစကားနဲ့ စုစုမိနေမှရှိပါစေတော့၊ ပြောသာ ပြောပါ၊ ကတိမဖျက်ပါဘူး"
သစ်။ ။"ဒါဖြင့်လျှောက်တင်ပါတော့မယ်၊ သြော်...ဒါနဲ့စကားအစပျောက်ပြီး ဘယ်ရောက်လို့ ဘယ်ပေါက် သွားမှန်းတောင် မသိတော့ဘူး၊ စကားတစ်ပိုင်းတစ်စနဲ့ ထိပ်စုဖျား သူပုန် ၀င်ထတော် မူလိုက်တာ ပြောရမှာတောင် မေ့ကုန်ပြီ ကဆုန်ချပြီး သီပေါ ကိုယ်တော်ထံပြေးလိုက်ချင်သလိုတောင် ဖြစ်လာပြီ၊ သြော်...ဘယ်ဆီ စကားရောက်သွား လိုက်ပါတယ်လို့ လျှောက်ထားလိုက်တော့ ရွှေကိုယ်တော်ဖျား ကလည်း အားရနှစ်သက် တော်မူလှတဲ့ မျက်နှာတော်နှင့် ရွှေကလပ်ပေါ်က ၀တ်လဲတော်ကို လက်တော်နှင့် လှမ်းယူ ပြီး စိမ်းစိမ်းလဲ့လဲ့ကြီး ရှုစားတော်မူရာက ယခုလို နှမတော်စုစု သတိတရ ဆက်သတော်မူ တာများ ကိုယ်တော်ဖြင့် ၀မ်းသာလို့မဆုံးနိုင်အောင် ရှိတော့တယ် အထိန်းတော်ကြီးရဲ့တဲ့၊ စုစုလို ရွှေနန်းတော်ကြီး ပေါ်တွင် မျက်နှာတော်ကြီးတဲ့ သမီးတော်က ဒီကမောင်တော်ကို အရေးတယူပြုတော်မမူဘူးရယ်လို့ တအားငယ်တော်မူမိတာ ခုလိုသတိရတော်မူတယ် ဆိုတာ သိတော်မူရတော့  ကိုယ်တော်ဖြင့် အများကြီး အားတက်တော်မူမိတယ်" လို့ မိန်တော်ပြီး-
"အထိန်းတော်ကြီးရယ် ကျုပ်ဝါသနာနဂိုကပင် လောကီရေးရာ မတွယ်တာတော် မူချင်တဲ့အတွက် ခမည်းတော်ဘုရားကို သံတော်ဦးတင်ပြီး သာသနာဘောင်မှာပဲ အရိုး ထုတ်တော်မူမယ်လို့ စိတ်ပိုင်း ဖြစ်ထား ခဲ့မိတယ်"

သို့ပေမဲ့ ကိုယ်တော်ရဲ့ စိတ်တော်ကို ပုံသေမကျအောင် သွေးဆောင်ဖျက်ဆီးပြီး လောကီဇာတ်ခုံကြီးပေါ် ရောက်တော်မူရမဲ့ အနှောက်အယှက်ကြီးတစ်ခုတွေ့တော်မူနေ ပြန်ပြီတဲ့ဘုရား'
"အဲသည်အနှောင့်အယှက်ကြီးဟာ ဘာလဲဆိုတော့ (စုထားဖုရားကတိတော်မမေ့နဲ့ ဖျားနော် ဆုံးအောင် နားဆင်တော်မူပါ၊ စုစုမေ့တော်မူမှာစိုးလို့ သတိတော်ဆက်ရတယ် ဘုရား)အဲ-သည်အနှောင့်အယှက် ကြီးဆိုတာ တခြားဟုတ်ပါရိုးလား အထိန်းတော်ကြီးတို့ သခင်အရှင်ထိပ်စုလတ်တစ်ပါး၏ သော်တာ လ၀န်းကဲ့သို့ တင့်ရွှန်းထိန်ဝေ ကျက်သရေရှိ တော်မူလှတဲ့ ရွှေမျက်နှာတော်ကလေးပါပဲတဲ့"

"ဟိုတစ်နှစ်ကတစ်ကြိမ်၊ မနှစ်ကတစ်ကြိမ်၊ ဘုန်းတော်ကြီးလှသောဘုရား၏ပွဲတက် ကန်တော့ခံ အခမ်းအနားမှာ ရွှေဖူးစာနတ် တမန်တို့က ကြံကြံဖန်ဖန်ရှုစားတော်မူမိအောင် သွေးဆောင် နှိုးဆောင်ြ ကတဲ့အတွက် စုစုရဲ့ ရွှေမျက်နှာတော်ကို ရှုမြင်တော်မူရပြီးကတည်း က ကိုယ်တော်ရဲ့အဓိပ္ပာယ်စည်းရိုးကြီး ပျက်ကျိုးတော်မူရတယ်"
"တစ်ကြိမ်ထက်တစ်ကြိမ် နှလုံးအိမ်လှုပ်ရှားပြီး စွဲလမ်းတော်မူခဲ့တဲ့ အာရုံကြီးကို တားဆီးတော် မမူနိုင်တဲ့အတွက် စာတော်သင်ပျက်ခဲ့ရတဲ့ ရက်တွေလဲမနည်းပါဘူး အထိန်းတော်ကြီးရဲ့တဲ့၊ (မဆုံးသေးဘူး ဘုရာ့နော် ကတိတော်ကို မေ့တော်မမူနဲ့) ကိုယ်တော်က စုစုအတွက်အနေ့နေ့ အရက်ရက်တစ်ပါးတည်း ကြိတ်ပြီး စိတ်ဒုက္ခခံတော်မူ နေရသော်လဲ နှမတော်စုထားကဖြင့် သီပေါမင်း တစ်ပါးရှိတယ်လို့မှ စိတ်တော် မှာ အသိ အမှတ်ပြုတော်မူပါမလား"

"တစ်ဦးမေတ္တာတစ်ဦးမှာ မေတ္တာနွယ်ညွှန့်၊ တစ်ဘက်လွန့်က တစ်ညွှန့်မာလာ၊ ယိမ်းနွှဲ့ပါ"ဆိုတဲ့စကား ရှိပါငြားလည်းကိုယ်တော်ရဲ့ ရွှေမေတ္တာတော်ဟာ မေယုတောင် တော်လိုကြီးမားကြံ့ခိုင်တော်မူသလောက် စုထိပ်ဖျားက မေတ္တာတော်ခေါင်းပါး၍ သနား ကြင်နာတော် မမူလျှင် ရွှေစိတ်တော်ငြိုငြင်၍ အင်မတန်ဆင်းရဲပင်ပန်းတော်မူရတော့မှာပဲ လို့ မိန့်တော်မူပါတယ်၊ မဆုံးသေးဘူးဘုရား
"နို့ပြီးတော့ ယခုနှစ် အတောအတွင်းမှာလဲ အရှင်ထိပ်စုဖုရားနှင့် ပတ်သက်လို့ ကြီးကျယ်တဲ့ အိမ်မက်တော် ကြီးများလဲ မကြာခဏမြင်မက်တော်မူရပြီး အိပ်မက်တော်မြင် တိုင်းမှာလဲ စုထား ဖုရားနဲ့ နှစ်ပါးအတူ စံတော် မူရတယ် လို့သာ မြင်မက်တော်မူပါသတဲ့"

"မြင်တော်မူသမျှ အိပ်မက်တော်ထဲမှာ အင်မတန့် အင်မတန်၊ သာမန်လူတို့ မြင်မက်တော်ရခဲ့တဲ့ အိပ်မက်တော်ကြီးတစ်ရပ်မှာတော့ အရှင်သီပေါကိုယ်တော်ဖျားသည် ညီတော်ဝန်းသိုမင်းသား၏ အသားကိုထက်လှစွာသော သန်လျက်တော်နှင့်လှီး၍ ပွဲတော် တည်ပြီးအရှင်စုထားဘုရားနှင့်အတူ ဆင်ဖြူတော်ရတနာစီး၍ ကောင်းကင်ခရီးဖြင့် လှည့်လည်တော်မူရတဲ့အခါ နေစကြာနှင့်လစကြာ ရထား နှစ်သွယ်သည် သီပေါကိုယ် တော်၏ ဖ၀ါးတော်အလယ်တွင် ကပ်တွယ်လာသည်ဟု မြင်မက်တော် မူပါသတဲ့"

"တကယ့်အထိကရ အိပ်မက်တော်ကြီးပါပေပဲ"
"အဲဒီလို ပုဗ္ဗနိမိတ် ကောင်းဟိတ်ညွှန်ပြတဲ့ အိမ်မက်တော်ကြီးများကလဲ မကြာခဏ မြင်တော်မူရတဲ့အတွက် မေတ္တာတော်အချစ်ပန္နက်နှင့် နှစ်သက်တော်မူအားများလဲ တစ်နေ့တခြားတိုးပွားတော်မူရပါတော့တယ်၊ မသွေမဖီဒေ၀ီလောင်းလျာကောင်းငါးဖြာနှင့် ပြည့်စုံသောနိတုံသိဂါင်္၊ ရွှေကြာမြင့်ပျော်၊ နှမတော်စုထားက သနားကြင်နာသဖြင့် မေတ္တာတော်ယှက်ကူးခွင့်အရေးကို ကြေအေးစွာ ခွင့်ပန်လို့မပေးနိုင်ဘူးလား အထိန်းတော် ကြီးရဲ့လို့ ဖွဲ့ဖွဲ့နွဲ့နွဲ့ မိန်တော်မူလိုက်တာတွေလည်း အများအပြားမို့ စကားရှိသ၍ပင် အကုန်မလျှောက်တင်တတ်တော့ပါ"

"အဲဒီလိုမိန့်မှာတော်မူနေတဲ့အခါ ရွှေကိုယ်တော်ဖျားရဲ့ မျက်နှာထားတော်ကလေးဟာ လည်း အင်မတန်မှ ညိုးလျော်နွမ်းလှပြီး ရွှေရင်တော်ထဲမှာ မီးတမျှ တောက်လောင်ပူပန်နေ တော်မူဟန်လက္ခဏာရှိပါတယ်၊ စုထားဖုရားမှာသာ ဘာမသိ၊ ညာမသိ အစဉ်ထာဝရပျော် ပါးတော်မူနေ၍ချည်း စံတော်မူနေတယ်၊ ဟိုခမျာ တစ်ဖက်သားမှာဖြင့် စုထားဖုရားအတွက် နှလုံးသွေးပွက်ပွက်ဆူပြီး အသက်ရှူတော်တွေမှားလို့ နေ့လားညလား နတ်ရွာကြွသွား တော်မူမလောက် ဖြစ်တော်မူနေပါတယ်၊ လျှောက်တင်တဲ့စကား မဆုံးသေးဘူး ဘုရာ့၊ ရွှေမျက်နှာတော် ညှိုးတော်မူပါနဲ့ဦး၊ ဆုံးခါနီးပါပြီ ဟဲ...ဟဲ...ဟဲ မေ့တော်မူသွားမှာစိုးလို့ သတိတော်ဆက်လိုက်ရတာကလဲ ဖတ်ဖတ်မောနေပါပြီ"

"သီပေါကိုယ်တော်ဖျားဟာ စိတ်ထားတော်ကလည်း သိမ်မွေ့၊ မင်းသားတို့ဓလေ့နဲ့ မာနငွေ့တထောင်းထောင်း၊ နဂါးမျက်စောင်းအကြောင်းမရွေးဆိုတဲ့ ခက်ထန်တဲ့ စိတ်မာန် မျိုးတွေရှိတော်မူတဲ့ သူတော်ကောင်းမင်းသားကလေးတစ်ပါး ဖြစ်တော်မူတဲ့အတွက် ချစ်ဖက်ချစ်ဖော် ကြင်ယာတော်များကို အားကြီးအလိုတော်လိုက်မဲ့ မင်းသားပါ၊ သီပေါကိုယ်တော်ဖျားရဲ့ ကြင်ယာတော် ဖြစ်တဲ့ မင်းသမီးများဟာ ဘ၀ပါရမီအတော်ထူးခြား သူများလို့သာ အတတ်ဆိုချင်ပါတယ်၊ စာပေပိဋ္ဋကတ်တတ်သိကျွမ်းကျင်တော်မူတဲ့ အရာ လည်း ပြည်သူပြည်သားအပေါင်းပါသိပြီးဖြစ်၍ အထူး ကွန့် ပြီး အညွှန့်တက် လျှောက်တင် စရာမလိုတော့ပါ"

"အတွင်းအဇ္စုတ္တ သန္တာန်တန်က အဖိုးတန်တော်မူသလောက် အပြင်ဗဟိဒ္ဓသန္တာန်မှာလဲ သာမန် မင်းသား တို့ထက် ထူးကဲတင့်တယ် ရှုဖွယ်သောအဆင့်နှင့် ရွှေလိုဝင်းတဲ့အသား တော်မှာမြရည်လိမ်းသလို ဦးရေတော် စိမ်းစိမ်းလဲ့လဲ့ကလေးနှင့် အဝေကမြင်ရသည်ထက် နီးနီးကပ်ကပ်တွေ့ရတော့ ကေသာသီရိ မင်းသမီးပြဇာတ်ထဲက သုဝဏ္ဏဟသကုမ္မာ မင်းသားကလေးရဲ့ ရုပ်ဆင်းသဏ္ဍာန်တော်ကို ဖွဲ့နွဲ့ပြီး ရေးထားတဲ့ စာများ ရုတ်တရက် သွားပြီးသတိရမိပါတယ်"

"ရွှေရောင်အဆင်းကဲ့သို့သော အသားအရေတော်ရှိသည်ကို အကြောင်းပြုပြီး သုဝဏ္ဏဟံ သကုမ္မာ မင်းသားရယ်လို့ အမည်ကြေညာ ရွှေဘွဲ့တော်သာခဲ့တယ်ဆိုတာ၊ စာတွေနဲ့သာ လွှမ်းခဲ့ရတယ်၊ ဟုတ်နိုင်ပါ့မလား၊ လူစင်စစ်က ဇမ္ဗူရာဇ်ရွှေရောင်လို ၀င်းပြောင်တောက်ပ သို့ကလောက် အသွေးအသားလှနိုင်ပါ့မလား"
"စာရေးဆရာများက ဥာဏ်ကစားပြီး အားရပါးရအမွှမ်းတင်လိုက မလွမ်းချင်-လွမ်းချင် အောင် ရေးပစ်ခဲ့တာကို နောက်လူများက အကယ်တင်စားနေကြတာဆင်ပါရဲ့ဟု တစ်ယောက်တည်း စောဒက ၀င်ခဲ့မိသည်များလဲ သီပေါကိုယ်တော်ရဲ့အပါး နီးနီးနားနား တိုးခစားမိမှ သြော်... ဟုတ်ပေလိမ့်မယ်၊ ဟိုဟာက စာတွေ့မို့ ရေးထားသလောက် လွမ်းမယ်မလွမ်းဘူး၊ ဟုတ်တယ် မဟုတ်ဘူးဆိုတာ လိုက်ပြီး မမြင်နိုင်ပေမဲ့ ယခုကိုယ်တွေ့ ဖြစ်တဲ့ သီပေါကိုယ်တော်မှာတော့ ဇမ္ဗူရာဇ် ရွှေစင်ကို လှော်ဦးစ, မြင်ရသလို တင့်တယ်လှ ပတဲ့အသား၊ ပတ္တမြားလိုနီတဲ့နှုတ်ခမ်း၊ စိမ်းလဲ့ နက်မှောင် ၀င်းပြောင်ကြည်လင်တဲ့မျက်လုံး။"

စု။ ။(ပြီးတော်မူပြီ)"သစ်သစ်..."
သစ်။ ။"ဘုရား..."
စု။ ။"သစ်သစ်ရဲ့စကားဟာ ဒီကနေ့ဆုံးပါဦးမလား"
သစ်။ ။(ပြုံး၍)"မှန်လှပါဆုံးလှပါပြီဘုရား၊ စုထားဖုရား ကတိတော်မဖျက်တမ်းနော်၊ ဆုံးအောင်နားဆင်တော်မူရမယ်၊ သြော်... ဘယ်ရောက်သွားပြန်ပါလိမ့်မတုံး။ အဲ...အဲ ၀င်းပြောင်ကြည်လင်တဲ့ မျက်လုံးနဲ့ အတိုရုန်းကြပါစို့ဘုရား၊ သို့ကလိုထူးထူးခြားခြား တင့်တယ်ပြီး ကျက်သရေရှိတော်မူတဲ့ ကိုယ်တော်တစ်ပါးကို မနှစ်သက်မကြည်ဖြူနိုင်ပါဘူး လို့ ငြင်းရှောင်ဖယ်ခွာ မျက်နှာလွှဲချင်တဲ့ မင်းသမီးများဟာ ဖူးစာနှစ်ခိုင်ယှဉ်ပြိုင်တော်မူစရာ ဘ၀ကုသိုလ်ကံမပါရှာကြလို့သာဟု ယူဆစရာရှိတော့တယ်၊ အဲ...သို့ကလောက် စွယ်စုံ မြောက်နေတဲ့မင်းသားတစ်ပါးက စုထားကို ချစ်သနားတော် မူပါလို့ တောင်းပန်တာကို ငြင်းဆန်တော်မူမယ် မထင်တာနဲ့ ဘုရားကျွန်မကလည်း သီပေါကိုယ်တော်ဖျား အလိုတော်အတိုင်း ဘုရားကျွန်မတို့သခင် အရှင်ထိပ်စုဖျားကို အသနား တော်ပေးပါမယ် ဆိုတာ အာမခံခဲ့မိပါတယ်၊ အရှင်စုထားဖုရားနှင့်ဖြင့် ရွှေနဲ့မြေ နေနဲ့လကဲ့သို့ အလွန်တရာ မှ ရှေ့သွား နောက် လိုက်ညီလှတဲ့ မင်းညီမင်းသားပါးပါပေပဲဘုရား၊ နေဦးဘုရားမဆုံးသေး ဘူး။

အဲဒါနဲ့ကိုယ်တော်ဖျားကလဲ ဘုရားကျွန်မက အာမခံစကားလျှောက်တင်လိုက်လျှင်ပဲ တကတည်း ၀မ်းသာအားရဖြစ်တောမူပြီး နေဦး...နေဦး အထိန်းတော်ကြီး၊ နှမတော်စုထား က မောင်တော်အတွက် အဖိုထိုက်တန်လှတဲ့ ၀တ်လဲတော်များဆက်တော်မူတာ အလွန် တရာမှ ၀မ်းသာအားရဖြစ်တော်မူလွန်းလို့ အတုန့်အလှည့်လက်ဆောင်တော်တစ်ခု ပြန်လိုက်ပါရစေ၊ ကျုပ်တို့မှာရဟန်းသာမဏေဘောင်မှာ စံတော်မူနေရတဲ့အခါတို့ အဖိုးထိုက်၊ အဖိုးတန်ဖြစ်တဲ့ ပဏ္ဏာလက်ဆောင်တော်များဖြင့် ပြန်နိုင်ပေဘူး။ စုစုကျက်မှတ် ရွှတ်ဆိုရန် အန္တရာယ်ကင်းဂါထာတစ်ပုဒ်ရေးပြီး ပေးလိုက်ပါရစေ၊ ရတနာရွှေငွေမဟုတ်ပေ ကလဲ အဖိုးထိုက်တယ်ထင်ရင်လဲ အဖိုးအတိုင်းမသိ တန်ချင်တန်တာမျိုးပါ၊ စိတ်သာပဓာန ပဲ အထိန်းတော်ကြီးရဲ့လို့ မိန့်တော်မူပြီးဟောသည် ရွှေပြားထဲတွင် ရတနာကညစ်နှင့် ဂါထာတစ်ဆစ်ရေးပြီး လက်ဆောင်တော်ပေးလိုက်ပါတယ် စုထားဘုရား၊ ရှုစားတော်မူစမ်း ပါ၊ ဘုရားကျွန်မရဲ့ လျှောက်တင်ချက် စကားများ နိဋ္ဌိတံလို့ ဆုံးခန်းတိုင်ပါပေါ့ဘုရားဟု လျှောက်တင်လျက် သီပေါမင်းသားကိုယ်တိုင် ရေးပေးတော် မူလိုက်သော တေးထပ်ပါရှိ သည့်ရွှေပြားကို ရွှေကလပ်တွင်တင်၍ ဆက်လေရာ ထိပ်စုဖျားလတ် လည်း ကလပ်ပေါ်က ရွှေပြားကို ရွှေကလပ်တွင်တင်၍ ဆက်လေရာ ထိပ်စုဖုရားလတ် လည်း ကလပ်ပေါ်က ရွှေပြားကို လက်တော်နှင့် ကိုင်ယူရှုစားတော်မူလေ၏ ။

အထိန်းတော်ကြီး ခင်ဘွားသစ်မှာ စွန့်စား၍လျှောက်တင်ရသော်လည်း တစ်ချက်တစ်ချက် တွင် ခပ်ကြောက်ကြောက် ရှိနေသေးသဖြင့် ထိပ်စုဖျား၏ မျက်နှာထားတော်ကို မော်၍ခစား ရင်းအကဲခတ်ကြည့်နေလေရာ ထိပ်စုဖျားလည် ဦးစွာပထမ ရွှေပြားကို ခပ်ပြုံးပြုံးရှုစား တော်မူရာက ဒုတိယ ဣနြေ္ဒတော် ရင့်ရင့်ဖြစ်လာပြီး၊ တတိယမျက်နှာထားတင်းတော် မူလာကာ စာလည်းအဆုံးတွင် လုံးလုံးမျက်မာန်တော်ရှလျက် ရုတ်တရက် ရွှေပြားကို ကလပ်ပေါ်ပေါက်ချတော်မူလိုက်ခါ ခင်ဘွားသစ် မျက်နှာကို တင်းမာခက်ထန်စွာ ရှုစား တော်မူပြီး

"အထိန်းတော်ကြီး ကိုယ့်လူသူ့ဘက်သားလုပ်ပြီး အရှုပ်ဇာတ်ခင်းလာတယ်ဆိုပါတော့၊ ငယ်စဉ် တောင်ကျေးက ပိုက်ထွေးယုယစေပြီး မယ်မယ်ဖျား ကိုယ်တော်တိုင်က ယုံစား လွှဲအပ်ထားခဲ့တဲ့ အထိန်းတော်ကြီးဖြစ်ပါလျက် မြို့စားကြီး၊ရွာစားကြီး ပေးသနားတော်မူ ထားတဲ့အပြင် ရွှေလည်းနဲ့ ရွှေထီးတော်များနှင့် မြှောက်စားသူကောင်းပြုတော်မူတဲ့ မျက်နှာ မှမထောက်ထားဘဲ သီပေါမင်းသား စေစားတိုင်း ရွှေပြားကို ယူလာတဲ့အကြောင်းကို ခမည်းတော်ဘုရားနဲ့ မယ်မယ်ဖျားကို ခုသွားပြီး သံတော်ဦးတင်လိုက်မယ်၊ စုဖျား ဘယ်လောက်စိတ်မြန်တော်မူတယ်ဆိုတာ အသိသားမဟုတ်လား..."
မိန့်တော်မူကာ သလွန်တော်ပေါ်က ရုတ်တရက်ထတော်မူလိုက်သောအခါ ဘေးမရှိဘူး ထင်၍ အလျင်စလိုလျှောက်မိသော ခင်ဘွားသစ်တွင် လိပ်ပြာစင်တော့မလောက်၊ ကြောက်ရွံ့တုန်လှုပ်သွားပြီး မျက်နှာတွင်လည်း သွေားများ ဆုတ်ယုတ်ခါ ရုတ်တရက် ဖြူရော်လာလျက် ရှိခိုးထားသော လက်နှစ်ဖက်လည်း သွက်သွက်ခါ တုန်လှုပ်နေရှာရင် ရင်တွင်းမှာ တထိပ်ထိပ်ကြောက်ရွံ့စိတ်အဖုံဖုံကြောင့် နှလုံးသွေးပုဇွန်ဆိတ်ခုန်ဖြစ်ခါ ကိုးကွယ်ရာမရသော မျက်နှာထားနှင့် ထိပ်စုဖုရားကို အသနားခံတောင်းပန်ရန် ကြံမိရှာ လေ၏ ။

စုဖုရားလည်း တင်းမာခက်ထန်စွာသော မျက်နှာထားဖြင့် သလွန်တော်ပေါ်မှ ရုတ်တရက် ထတော်မူပြီး ရွှေထဘီဒရင့်ကို လက်တော်နှင့်အသာပင့်လျက် သွက်လက်စွာ စွန်တောင် ဆွဲ၍ခပ်ကျဲကျဲခြေလှမ်းပြင်ပြီး မယ်တော်မိဖုရားကြီးထံ ထွက်တော်မူရန် ဟန်ဆင်လိုက် သောအခါတွင် အထိန်းတော်ကြီးခင်ဘွားသစ်မှာ သွေးဆုတ်သည့်လူမမာကဲ့သို့ ဖြူရော် သော်မျက်နှာတွင် ဗျာပါဒဆင့်နှောက်၊ ရင်ပွင့်မလောက်၊ ကြောက်လန့်စိုးရိမ်ပြီး "တစ်ခါဖြင့် မိုးမီးလောင်တော့မှာပါကလား၊ မိဘွားသစ်၊ မိဘွားသစ် အသင့်အချစ်တော်ယုံစားမိလို့ နင့်ကုပ်ပေါ်ဓားဝဲပြီး သေပွဲဝင်ချိန်နီးနေပြီ၊ တစ်ခါဖြင့် ခက်ပေါ့"ဟု လက်လျှော့အားငယ်၊ မျက်ရည်တွေ အသွယ်သွယ်ကျရာက လက်နှစ်ဖက်မြှောက်ချီပြီး တအားထိုးထိပ်စုဖုရား၏ ခြေကိုဖက်၍ အားငယ်ကြောက်ရွံ့သော မျက်နှာဖြင့် တောင်းပန်ခယစွာ မော်ကြည့်ရင်း

"ချမ်းသာပေးတော်မူပါ စုထားဖုရား၊ သစ်သစ်မှာ စုထားဖုရားရဲ့ အထိန်းတော်ရင်ဖြစ်လို့ အချစ်ကိုယုံပြီး စကားကုန်လျှောက်တင်မိပါတယ်၊ စုထားဖုရားနှစ်သက်တော်မမူရင် ဖျားကျွန်မကို စုထားဖုရားကိုယ်တိုင် ရာဇ၀တ်အပြစ်တော်ပေးပါ၊ အနှေးအမြန်စီရင်တော်မူ ရာခံပါ့မယ်၊ မယ်တော်ဘုရားကိုဖြင့် သံတော်ဦးတင်တော်မူပါဘုရား..."
မျက်ရည်တွေအရွှဲသားနှင့် စွန့်စား၍လျှောက်တင်လေရာ ထိပ်စုဖုရားလတ်လည်း ခြေတော်ကိုဖက်ပြီး ရှိုက်ကြီးတငင် ပူပင်သောဖြစ်နေရှာသော အထိန်းတော်ကြီး ခင်ဘွားသစ်ကို မျက်နှာတော်တင်းတင်းနှင့် ခပ်ပြင်းပြင်းစိုက်ခါ ရှုစားတော်မူနေရာက ဗျာပါသောကပိုပြီး တငိုငိုတမောမော တောင်းပန်အသနားခံနေသည်ကို တွေ့မြင် ရှုစားတော်မူနေသောအခါ စိတ်တော်တွင်းက မပါသဖြင့် ကြာကြာဟန်လုပ်တော်မမူနိုင် တော့ပဲ မသိမသာပြုံး၍ နေတော်မူမိရာ ငိုရှိုက်ရာက နောက်တစ်ခါမော့ကြည့်လိုက် အထိန်းတော်ကြီးမျက်နှာနှင့် ပက်ပင်းပါတွေ့သွားလျှင် ခင်ဘွားသစ်တွင် အံ့အားသင့်နေ သလောက်ထိပ်စုဖုရားက ၀မ်းသာအားရ ရယ်မောတော်မူလိုက်ခါ
"သစ်သစ်...ဒီတစ်ခါ သိပ်ကြောက်သွားထင်ပါရဲ့"ဟု ခနဲ့တဲ့တဲ့ မိန့်တော်မူလိုက်လျှင် ခင်ဘွားသစ်မှာ သေရာက ရှင်လာရသလို ၀မ်းမြောက်သည့်ဇောနှင့် အလောတကြီး ရင်ဖို့ကာ
"ဟာ...အို...ဘုရား... အရှင်ထိပ်စုဖုရား ကျီစားတော်မူလိုက်တာကလဲ ရင်ခွဲအသည်း နေလှန်းခံရမဲ့ ရာဇ၀တ်ကြောင်းကြီးဆိုတော့ သစ်သစ်ကို သိပ်ကြောက်သွားတာပေါ့ ဘုရား၊ ဒီလိုများဖြင့် ကျီစားတော်မူပါနဲ့ဘုရား၊ သစ်သစ်လက်ဖျားတွေ အေးသွားလိုက်တာ ခုမှနွေး လာတော့တယ်ဖျာ့း"

ရယ်ရမလို၊ ငိုရမလို၊ တဖိုဖိုလျှောက်လိုက်ရာ ထိပ်စုဖုရားမှာ ဣနြေ္ဒပျက်လောက်အောင် ကြောက်ရွံ့တုန်လှုပ်သွားသော ခင်ဘွားသစ်ကို တစိမ့်စိမ့်ကြည့်၍ တခိခိရယ်တော် မူရင်းပင် "ကဲ...မှတ်ကရော့၊ စုစုကိုမရုန်းသာ၊ မလှုပ်သာအောင် စကားနဲ့သေသေချာချာ ကြီုးတုပ်နှောင်ပြီးမှ သူပြောချင်ရာတွေ အရှည်ကြီးလျှောက်ပြောနေရတာ သစ်သစ်မှာ သိပ်ပြီးအရသာရှိမှာပဲနော်၊ စုစုလည်း အဲဒါကို အားကျပြီး သစ်သစ်ကြီးတစ်ယောက် ကောက်ခါငင်ခါ၊ ဖြုန်းခနဲ ငိုသယော၊ ရယ်သယော ဖြစ်လာအောင် အတုံ့အလှည့် ပြန်လိုက်တာပဲ၊ စင်တော်ကြီးထဲက မဒီကိုင်ဦးသာပြောတို့ ဦးသာဇံတို့ အလွမ်းကောင်း တယ်ဆိုတာ ခုနင်က သစ်သစ်လွမ်းပြတာကို မမီသေးဘူးလို့ ထင်တာပဲ၊ အဲဒီလို စိတ်ပါကိုယ်ရောက် နှစ်နှစ်ကာကာလွမ်းပြတဲ့ အလွမ်းမျိုး ရှုစားတော်မူရတာ အင်မတန်မှ အရသာရှိပါကလားနော်"
သရော်ပြောင်လှောင်ကာ မိန့်တော်မူလေရာ ခင်ဘွားသစ်လည်း အပြုံးကြီးပြုံးလာရတော့ လျက် ရှက်သည်ထက် ၀မ်းမြောက်အားတက်ခြင်းက ဖုံးလွှမ်းနေသည့်အားလျော်စွာ "နှိပ်စက်တော်မူပါ၊ ဒီကသစ်သစ်ကတော့ ကိုယ်ချစ်ခင်တဲ့ အရှင်ထိပ်စုဖုရားရဲ့အတွက် အကျိုးတော်ဆောင်ရွက်လိုက်ရတာ၊ ဖတ်ဖတ်ကိုမောလို့၊ တကယ်သာခုနကလို အမျက် တော်ရှရင် ဒီကအကျိုးဆောင်သူ ဒုက္ခသည်မှာ လွယ်လွယ်နဲ့ သေပန်းပွင့်ရမှာပါကလား၊ နောက်များဖြင့် တန်ပါပြီ၊ သီပေါကိုယ်တော်သော သန္ဒီကိုယ်တော်သော၊ သိကြားမင်းပင် ဆင်းလာပြီးပြောဦး ဒီလိုကိစ္စမျိုးထဲဝင်ပြီး ဆံချည်မျှင်လောက်ကလေးမှ မပါချင်တော့ပါဘူး"

စိတ်ပျက်လေးလံစွာပြောပြီး သက်မကြီးချ၍ ပစ်လိုက်ရာ ထိပ်စုဖုရားကလည်း ပြုံးရယ်ရှုစားတော်မူပြီး-
"အင်း...ဒီမိန်းမကြီးအတော်တရားရသွားဟန်တူရဲ့"ဟု မိန့်တော်မူလျှင် ခင်ဘွားသစ်လည်း အကြောက်စိတ်မပြေ စိုးရိမ်လေဟန်နှင့်-
"အမှန်ပါပဲ စုထားဖုရား၊ သစ်သစ်တော့ သိပ်ကြောက်ပြီး နောင်ကျဉ်သွားတာပဲဘုရား၊ နောက်ဘယ်တော့မှ ဒီလိုကိစ္စမျိုးမှာ အကျိုးမဆောင်ဝံ့တော့ပါဘူး၊ အရှင်ထိပ်စုဖုရားက အမျက်တော်မရှဘူးထားပါဦး သည်လိုအမှုမျိုးဆိုတာ ကြာရှည်ဖုံးလို့ လုံနိုင်တဲ့ဟာမျိုး မဟုတ်လေတော့ တစ်နေ့မသိ တစ်နေ့သိဆိုတာကို မယ်တော်ဘုရား ရွှေနားတော်ပေါက် ကြားသွားရင် ကားစင်နဲ့၊ သစ်သစ်နဲ့ မိတ်ဆက်ရတော့မှာ အမှန်မို့ အကျိုးဆောင်ဖို့ အကြံစည်ဝံ့တော့ပါဘူးဘုရား"
လျှောက်တင်သောကြောင့် စုထားဖုရားက အလျှော့ပေးတော်မမူဘဲ-

"သြော်... သစ်သစ်အတော်ပဲ ကြောက်လှပါသဖြင့် နောက်တစ်ခါမ၀ံ့တော့ကြောင်းပါ၊ ယခု စုစုရွှေလက်တော်ရောက်နေတဲ့ ရွှေလွှာကလေးကိုလည်း ဖျာ့ကျွန်မလက်သို့ ပြန်သနား တော်မူပါ၊ ကိစ္စတုံး ခြေရာပျောက်သွားအောင်ဟာ သီပေါကိုယ်တော်ရဲ့ လက်တော်သို့ တစ်ခါတည်း ပြန်ပို့လိုက်ပါရစေတော့ ဘုရား"

ထိပ်စုဘုရားလတ်၏ မျက်နှာတော်ကို အကဲခတ်ရင်းလျှောက်တင်လိုက်သောအခါ ခင်ဘွား သစ်၏မာယာကို ရိပ်မိတော်မူပြီးသားဖြစ်သောကြောင့် စုဖုရားကလည်း တစ်နည်းလှည့်၍ ကပ်ဖဲ့မိန့်တော်မူကာ။
"အို...ဟုတ်ပါပေတယ်၊ သီပေါမောင်တော်ရဲ့ ရွှေလွှာကိုစုစုအဆောင်တော်မှာ လက်ခံထား တယ်ဆိုရင် မသင့်လျော်ပေဘူး၊ မောင်တော်ရဲ့ လက်တော်ရောက်အောင် ပြန်ဆက်လိုက် ပါဘိ သစ်သစ်ရယ်၊ သြော်... သို့ပေမဲ့ ဒီနေ့သစ်သစ်သွားလို့ မတော်ဘူး၊ အကူးအသန်း များရင် ရွှေနန်းတော်သူ ရွှေနန်းတော်သားတွေ တွေ့မြင်ပြီး တလွဲထင်နေဦးမယ်၊ နက်ဖြန် နံနက်စောစောမှ သစ်သစ်သွားပေတော့၊ ရွှေလွှာတော်လည်း မှန်ဆောင်တော်က ပန်းကလပ်ထဲမှာ လူသူမမြင်နိုင်အောင် ပုသိမ်ပ၀ါနဲ့ရစ်ပြီး ကျစ်ကျစ်ပါအောင်ထုပ်လို့ ထည့်ထားတော်မူလိုက်မယ် သစ်သစ်ရဲ့၊ ဟော...ပြောရင်းဆိုရင်း ပဟိုရ်ညောင်းလို့ ညနေတောင်စောင်းပါပေါ့လား၊ ချိုးရေတော်သုံးရအောင် မှန်ဆောတော်ထဲ ၀င်တော်မူ တော့မယ်"

မိန့်တော်မူကာ မှန်ဆောင်တော်ရှိရာသို့ ထွက်တော်မူသွားရာ အထိန်းတော်ကြီး ခင်ဘွား သစ်လည်း ငေးငေးကြီးကျန်ရစ်ကာ အသိခက်လှသော စုဖုရား၏ စိတ်ထားတော်ကို မျှော်ခေါ်စဉ်းစားမရနိုင်အောင် ရှိရတော့သည့်အပြင် နောက်ထပ် လျှောက်တင်လိုက်သာ မိမိစကားများမှာလည်း "ကိုယ့်အတက် နှင့်ကိုယ်စူး နုတ်လို့မရနိုင်ဘူး"ဟူသော စကား ကဲ့သို့ ရှေ့သို့တစ်လှမ်းကွန့်၍ အညွှန့်တက်ရန် မမြင်သောကြောင့် အောင့်သက် သက်ကြီးဖြစ်နေရာက သီပေါမင်းသားထံတွင်လည်း လေလုံးအထွားကြီး ထွားခဲ့မိသည် များကို စဉ်းစားလိုက်သောအခါ ရွှေလွှာတော်ကို ဘယ်နည်းဘယ်ပုံပြန်ဆက်၍ မင်းသား၏ မျက်နှာတော်ကိုလည်း ဘယ်ကဲ့သို့ ဖူးရတော့မည်ကို တွေးမိတိုင်း ရင်လေးလျက် ရှိလေတော့၏

အခန်း (၈) မျှော်


1 comment:

မောင်သီဟ said...

အစကနေအဆုံးကူးတော့မယ်ဗျာ အားလုံးပေါင်းဖတ်ချင်လို့
း) လေးစားတယ် အရှည်ကြီးတွေး)