Monday, May 27, 2013

တင့်ဆန်း ၏ ငမိုးရိပ်မှ ငမိုးရိပ်သို့, အပိုင်း (၈)

ကျွန်တော်သည် တစ်ခုခုကို လုပ်မိပြီဆိုလျှင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ဇွတ် တရွတ်ပင် စွဲစွဲမြဲမြလုပ်တတ်သော အကျင့်ရှိခဲ့သည်။ လောင်းကစားနှင့် မူးယစ်သောက်စားခြင်းများ မကောင်း မှန်း ကျွန်တော်သိသည်။ ဒါပေမယ့် ထိုအလုပ်ကို မဖြတ်ဘဲဆက်၍ သာလုပ်နေခဲ့ သည်။ နောက်ဆုံး တွင် ဆိုင်တွင်အလုပ်လုပ်သူအား ဆိုင်ကို ၇၅ ကျပ်နှင့် ရောင်းပစ်လိုက်သည်။ ဤမျှ အောက်ကျ၍ လူအထင်သေးသော အလုပ်မျိုးကိုလည်း လုပ်မစားတော့ဟု စိတ်ကို ဆုံးဖြတ် လိုက် လေသည်။ ကို ဆက်ဖတ်ရန် ..........

အဖေနှင့် အဘွားလေးတို့သည် ခင်စန်းကြည်နှင့် သားငယ်နှစ်ယောက်အား မငတ်ရုံသာ ထောက်ပံ့ထားကြ သည်။ ကျွန်တော့်ကိုကား ငွေတစ်ကျပ်ပင် မပေးကြလေတော့။ ကျွန်တော်သည် လက်ပတ်ကြိုးနှင့် ကြယ်သီးကြိုး ကို အပေါင်ဆိုင်မှ ရွေးပြီး ရောင်းပစ်လိုက်သည်။ ခင်စန်းကြည်၏ လက်ဝတ်လက်စားများကို အဖေက ရွေးပြီး အဘွားလေးတို့အား အပ်နှံထားသည်။ သူမကိုယ်၌ ၀တ်ဆင်ခွင့် မပေးလေတော့။

ကျွန်တော်သည် ကစားဝိုင်းနှင့် အရက်ဝိုင်းများတွင် တစ်နှစ်နီးပါးမျှ ကျင်လည်ခဲ့ပြီးနောက် ထိုအလုပ်များကို စိတ်ကုန်ခန်း လာသည်။ ထို့ကြောင့် အပြင်သို့ပင် မထွက်တော့ဘဲ ရရာစာအုပ်များကို ရှာဖွေရင်း အိမ်၌သာ နေခဲ့ပြန်သည်။ လူကြီးများနှင့် ခင်စန်းကြည်တို့မှာ ကျွန်တော် ကောင်းမွန် စွာနေသည် ကို မြင်တွေ့ရသော ကြောင့် ၀မ်းသာကြသည်။ ထို့သို့ရှိစဉ် အဘွားလေးက ကျွန်တော့်အား မန္တလေးသို့ ဘုရားဖူးခေါ် ၍ သွားခဲံ လေသည်။
မန္တလေးက ပြန်လာပြီးနောက် ကျွန်တော်ရွာ၌ လုံးဝနေလိုစိတ် မရှိဘဲ ဖြစ်နေမိပြန်သည်။

ရွာ၌ နေရလျှင် ကျွန်တော်မှာ အမြင်ကျဉ်းမြောင်း၍ လယ်သမားသာ ဖြစ်ရမည်ဟု ယုံကြည်ထားသည်။ လယ်သမား မလုပ် ၍ ကုန်သည်လုပ်ပြန်လျှင်လည်း ရွာကြေးရည်တက် အဖြစ်ထက် ပို၍ ကြီးပွားစရာ အကြောင်းမရှိ ဟု တွက် သည်။ ကျွန်တော်သည် မြို့အရပ်များ၌ တိုက်နှင့် ကားနှင့် နေကြသည်များကို အားကျ မိသည်။

ကျွန်တော်သည် ရွာမှ ထွက်ရမည့် လမ်းစကို ရှာနေမိသည်။ အဖေသည် နောက်အိမ်ထောင် ထူထောင်ပြီး ကတည်းက စီးပွားရေး ကျဆင်းလာသည်။ ကျွဲအုပ်နှင့် စပါးဝမ်းစာလောက်ရှိပြီး လက်ထဲ တွင် ငွေမရှိ ဖြစ်နေသည်။ ထို့ကြောင့် အဖေ့ထံမှ အရင်းအနှီး ချေးငှားရန်လည်း မဖြစ်နိုင်။ အဘွားလေး တို့၌ ငွေကြေး ရှိသည်။ သူတို့သည် ကုန်သည်များဖြစ်၍ ငွေဖြင့် ငွေကိုတိုးပွားအောင် အလုပ် လုပ်နေကြသူများ ဖြစ်သော ကြောင့် သူတို့ထံမှလည်း ငွေရင်းနှီးရနိုင်မည် မဟုတ်။ ပြီးနောက် ကျွန်တော့် မှာ ခေတ်ပညာတတ်မဟုတ် သောကြောင့် မြို့အရပ်၌ လခစားအလုပ်နှင့်လည်း အသက်မွေးဝမ်းကျောင်းဖို့ ခက်ခဲ လှပေသည်။ ယင်းသို့ ရှိနေစဉ် သခင်တိုးဆိုင်၌ ပညာသင်နေသူ မောင်မြကြီးသည် ကျွန်တော်တို့ရွာ၌ ဆံပင်ညှပ် ဆိုင် လာရောက် ဖွင့်လေသည်။ သူသည် စာဖတ်ဝါသနာပါ၍ ကြီးပွား ချမ်းသာ လိုသူ ဖြစ်သည်။ ခေတ်ပညာလည်း ရှစ်တန်း အထိ သင်ခဲ့ဖူး၏။ သူနှင့် ကျွန်တော် ခင်မင်ခဲ့ကြသည်။

ကျွန်တော်မှာ အလုပ်အားလပ်နေသူ ဖြစ်သောကြောင့် မောင်မြကြီးဆိုင်၌ပင် အချိန်ကုန်လေ့ ရှိသည်။ သူ့ ဆိုင်မှာလည်း အလုပ်ကောင်းစွာ မရှိလှ။ သူလည်း စိတ်ပျက်ပျက်နှင့်ပင် ပေ၍ လုပ်နေသည်။ ထိုစဉ်၌ ဒုတိယကမ္ဘာစစ် သည် မြန်မာပြည်သို့ ကျရောက်လာခဲ့ပေသည်။ ဂျပန်များ မြန်မာပြည်ကို သိမ်းပိုက် လိုက် လေပြီ။ အခြေအနေ အနည်းငယ်အေးသောအခါ မောင်မြကြီးမှာ လှည်းကူးသို့ ပြန်သွားသည်။

သူ့ဆိုင်မှာ ကျွန်တော့်အား ထက်ဝက်စားဖြင့် လုပ်ကိုင်ရန် ပေးထားခဲ့သည်။ ကျွန်တော်သည် စိတ်မပါ လှဘဲ နှင့်ပင် အလုပ်ရှိပြီးရော သဘောမျိုး လုပ်ကိုင်နေခဲ့ပေသည်။

၂လခန့်ကြာရှိသည်တွင် မောင်မြကြီးသည် ကျွန်တော် လုပ်နေသော ဆိုင်ကို လာသိမ်းသွားသည်။ သူသည် လှည်းကူး ၌ ဆိုင်ဖွင့်လေပြီ။ အလုပ်မရှိသော်လည်း ကျွန်တော် ၀မ်းမနည်းခဲ့။ ကျွန်တော့်စိတ်၌ ထိုရွာမှ မထွက်ခွာနိုင် သည်ကိုသာ စိတ်မကောင်း ဖြစ်နေရသည်။ အလုပ်လက်မဲ့ဘ၀နှင့် တစ်လကျော်ခန့်ေ နပြီး သော် မောင်မြကြီးထံမှ စာတစ်စောင် ရောက်လာသည်။ သူ၏စာမှာ ကျွန်တော့်အား လှည်းကူးကဆိုင်၌ အလုပ်လုပ် လိုက လာရောက် လုပ်ကိုင်ရန် ဖြစ်လေသည်။

ကျွန်တော် ၀မ်းသာလှ၏။ စာရောက်ပြီး နောက်တစ်နေ့တွင် ကျွန်တော်သည် စစ်လွယ်အိတ်တစ်လုံး၌ အ၀တ်များ ထည့်ကာ ကျွန်တော်တို့ရွာနှင့် ၁၇မိုင်ကွာဝေးသော လှည်းကူးမြို့သို့ ခြေလျင်ခရီးဖြင့် ထွက်ခဲ့ပါ တော့သည်။ ထိုအချိန်၌ ကျွန်တော်တွင် သားနှစ်ယောက်သာမက သမီးငယ်လေး တစ်ယောက် လည်း ရရှိ နေပေပြီ။
"ရှင် ဟိုမှာ အခြေအနေကောင်းရင် ကောင်းခြင်း အစန်းတို့ကို လာခေါ်နော်"

ခင်စန်းကြည်သည် သမီးငယ်ကို ပွေ့ပိုက်ရင်း မျက်ရည်ပြည့်သော မျက်လုံးများဖြင့် ကျွန်တော့်အား မှာကြား လိုက်သည်။ ကျွန်တော်သည် ကိုယ်မနေချင်သော ရွာမှ ထွက်ခွာခဲ့ရပြီဖြစ်သောကြောင့် ၀မ်းသာအားရ ရှိနေ သည်။ ၁၇မိုင် ခရီးကို ကုန်းကြောင်း ခြေလျင် လျှောက်ရသော်လည်း ပင်ပန်းရမှန်းမသိ ဖြစ်ခဲ့ရလေသည်။
ကျွန်တော်သည် လှည်းကူး၌ တစ်လခန့် အလုပ်လုပ်မိ၍ အခြေကျသောအခါ အိမ်တစ်ခန်းငှား၍ ခင်စန်းကြည်နှင့် သမီးငယ်အား ပြန်ခေါ်သည်။ သားနှစ်ယောက်မှာ အဘွားလေးတို့နှင့် နေခဲ့ကြ၏။

မောင်မြကြီးမှာ ဆက်ဆံရေးကောင်း၍ အပေါင်းများသူဖြစ်လေရာ ဆိုင်မှာ အလုပ်တော်တော်များများ လုပ်ရ သည်။ ဆိုင် တွင် ဆံပင်ညှပ်ခုံ ၃ခုံ ရှိ၏။ မောင်မြကြီး၊ ကျွန်တော်နှင့် မောင်မြကြီးညီ မောင်အောင်သန်းတို့ လုပ်ကြသည်။ အောင်သန်းမှာ ခေတ်ပညာ ၇တန်းတတ်သူ ဖြစ်၏။ သူ့၌ နိုင်ငံရေးစိတ်ဓာတ်များရှိနေကာ လူမှု ဆက်ဆံရေး တွင် ဘုကျကျ ဆက်ဆံတတ်လေသည်။ သူသည် ဂျပန်များကို မုန်း၏။ ဂျပန် တို့အား တော်လှန်ရေး အတွက် စိတ်အားထက်သန်နေသည်။

အလုပ်ကို ပင်ပန်းစွာ လုပ်ရသော်လည်း တန်ဖိုးနည်းလှသော ဂျပန်ငွေစက္ကူများမှာ အသုံးမခံ ရှိနေသည်။ ကျွန်တော် မှာ တစ်နေ့ တစ်ဆယ်ဖိုး လုပ်နိုင်မှ ငွေငါးကျပ်သာ ရ၏။ ထိုငွေငါးကျပ်သည် တစ်နေ့စာ ပင် ကောင်းစွာပြန်၍ မရခဲ့ပါချေ။
မောင်မြကြီး သည် ကျွန်တော့်အပေါ် ညှာတာပါ၏။ ထက်ဝက်စားဘ၀နှင့် မလုံလောက်ရှိသည်ကို သိသော အခါ ငါးပုံ သုံးပုံစားအဖြစ် တိုးပေးသည်။

သို့သော်လည်း မချောင်လည်ခဲ့။ ကုန်ဈေးနှုန်းမှာ တစ်နေ့ထက် တစ်နေ့တက်၍ ငွေစက္ကူတန်ဖိုးက ကျသထက် ကျနေသည် မဟုတ်ပါလား။
ကျွန်တော် သည် မနေလို၍ ထွက်လာပြီးနောက်မှတော့ ရွာသို့ မပြန်လို။ ဖြစ်ချင်ရာဖြစ်၊ ရှေ့သို့သာ ဇွတ်တိုး ဖို့ ဆုံးဖြတ်ထားသည်။ ကျွန်တော်တို့အဖို့ တစ်လတစ်လတွင် အိမ်လခနှင့် စားစရိတ်တို့လောက်သာ ရရှိ ၍ အ၀တ်အစားများကိုပင် ဖဲ့၍ မ၀ယ်နိုင်။

တော်သေးသည်မှာ ကျွန်တော့်သားငယ် ၂ယောက်သည် အဘွားလေးထံ၌ ရှိနေခြင်းအတွက် စရိတ် သက်သာနိုင်ခဲ့ခြင်းပင် ဖြစ်လေသည်။ အဘိုးလေးမှာ စစ်ဖြစ်ခါနီးလောက်မှာပင် သေဆုံးခဲ့၏။ ကျွန်တော် စောစောက ရွာမှထွက်ရန် ၀န်လေးသည်မှာ ဤအကြောင်းက တစ်ချက်ပါသည်။ ဟုတ်ပါ၏။ အဘွားလေး တွင် အဘွားလေးနှင့် အဘွားလေး၏ သမီး မိန်းမသား ၂ယောက်တည်း ရှိကြလေရာ ကျွန်တော် က သူတို့ အား စောင့်ရှောက်နေရတော့သည်။ နောက်ပိုင်း၌ ကျွန်တော် စိတ်ချလက်ချ ထွက်လာခဲ့ခြင်းမှာ အဘွားလေးသမီးသည် ကျွန်တော့ညီတစ်ဝမ်းကွဲ မောင်အုန်းမောင်နှင့် အိမ်ထောင်ပြုသဖြင့် ယောက်ျား တစ်ယောက် သူတို့အိမ်၌ မားမားမတ်မတ် ရှိနေခြင်းကြောင့်ပင်။
ခန်စန်းကြည်မှာ သားသမီး ၃ယောက် ရခဲ့သည်တိုင် မူမပြောင်းခဲ့။

ကျွန်တော်ငှားသော အိမ်နှင့် အလုပ်ဆိုင် မှာ ၃ဖာလုံခန့် ကွာဝေး၏။ ကျွန်တော်သည် နံနက်အိပ်ရာမှ ၆နာရီတွင် ထကာ ရေမိုးချိုးပြီး ဆိုင်သို့ လာခဲ့ သည်။ နေ့လယ် ၁၁နာရီကျော်လျှင် အိမ်သို့ နံနက်စာ ပြန်စားလေ့ ရှိ၏။ ခင်စန်းကြည်သည် ကျွန်တော်နှင့် လည်း အိပ်ရာက အတူမထတတ်။ ပြီး နံနက်စာ ထမင်း ကိုလည်း အဆင်သင့် မဖြစ်သည့်ရက်သာ များနေ လေသည်။ ကျွန်တော့်မှာ တစ်ပတ်လျှင် ၃ခါ ၄ခါ နံနက်စာ ကို စိတ်ဆိုးမာန်ဆိုးနှင့် စားသောက်ရသည်။

ညနေကျပြန်တော့လည်း ၆နာရီ ဆိုင်သိမ်း၍ ပြန်သည့်တိုင် ထမင်းဟင်း အဆင်သင့် ရှိချင်မှ ရှိသည်။ ကျွန်တော် စိတ်အပျက်ဆုံးမှာ အ၀တ်မှန်မှန်မလဲရခြင်းဘဲ ဖြစ်သည်။ ဂျပန်ခေတ်၌ နောက်ထပ် အ၀တ် မ၀ယ်နိုင်သောကြောင့် တဖြည်းဖြည်း ရှိသမျှ စုတ်ပြဲခဲ့ရာ နောက်ဆုံး အ၀တ်၃စုံသာ ကျန်ရှိလေသည်။ ထို၃စုံ ကို မှန်မှန်လျှော်ဖွတ် မီးပူတိုက်ပေးမှ လည်မည်။ ဆံပင်ညှပ်သမားဆိုသည်က တစ်နေ့တစ်ထည် လဲရ သည်။ သို့မဟုတ်လျှင် ဆံပင်တိုများက စူး၍ မနေနိုင်။

အ၀တ် မလည်မှုကြောင့် ခင်စန်းကြည်နှင့် ကျွန်တော် တကျက်ကျက် ရန်ဖြစ်ရသည်။ သူမသည် အိမ်ကို လည်း ရှုပ်ပွပေရေ စွာထားသည်။ မြို့အိမ်များသည် သန့်ပြန့်ကြ၏။ ကျွန်တော်က သူများနည်းတူ နေချင် သည်။ ဒါပေမယ့် မနေခဲ့ရ။ ဖုံတည်းအမှိုက်တည်း၌သာ နေခဲ့ရသည်။
ကျွန်တော် ငှားနေသော အိမ်မှာ ၄ပေ ၃ခန်း ဖြစ်သည်။ တစ်ဘက်သော နှစ်ခန်း ၌လက်ဖက်ရည်ဆိုင် ရှိသည်။

ထို လက်ဖက်ရည်ဆိုင်တွင် အသက်၃၀ခန့် မုဆိုးမ ဦးစီးသည်။ ဆိုင်မှာ သူမပိုင် ဖြစ်၏။ သူမ တွင် အမေ တစ်ယောက်နှင့် အသက်၁၄နှစ်ခန့် ဆံရစ်ဆံတောက်နှင့် ညီမငယ် ရှိသည်။ ကျွန်တော်သည် ထိုလက်ဖက်ရည်ဆိုင် မှ လူများနှင့် ရင်းနှီး၏။ သူတို့တွင် ယောက်ျားမရှိခြင်းကြောင့်လည်း ကျွန်တော့် ကို မောင်ဖွား သဖွယ် အားကိုးသည်။

လက်ဖက်ရည်ဆိုင်ရှင် အစ်မကြီးသည် ခင်စန်းကြည်အား လင်ဝတ္တရားမပျက်ဖို့ သန့်သန့်ရှင်းရှင်ငးနေဖို့ ဆုံးမ သည်။ ထိုအခါ ခင်စန်းကြည်က ကျွန်တော်နှင့် ပေးစား၍ မကြားတကြားဆဲလေသည်။ လက်ဖက်ရည် ဆိုင်ရှင် အစ်မကြီး သည် မဆုံးမရဲဘဲ လက်မြှောက်လိုက်လေသည်။

ခင်စန်းကြည်သည် ဟင်းကိုလည်း ဖန်ဖန်တီးတီး ချက်ပြုတ်တတ်သူမဟုတ်။ လွယ်ရာကျရာကိုသာ ၀ယ်၍ ချက်သည်။ ကဇွန်းရွက်ကြော်နှင့် ၀က်ဆီဖတ်တို့သည် ကျွန်တော်၏ နေ့စဉ်ဟင်းလျာများ ဖြစ်နေသည်။ တစ်ဖက်ခန်း မှ အစ်မကြီးသည် ကျွန်တော်၏ အစားအနေ ဆင်းရဲ့မှုကိုကြည့်ကာ သနားလေသည်။ အဘွားကြီး ကလည်း သနားသည်။ ကလေးမသည် ဟင်းကောင်းကလေးများချက်လျှင် ကျွန်တော့်အား လာ၍ ပေးတတ်၏။ ထိုသို့ပေးလျှင် ခင်စန်းကြည်က မကြိုက်။ စောင်းမြောင်းပေးစား၍ ဆဲပြန်သည်။
"မယားထက်ပဲ သူတို့က ပြုစုချင်ကြတယ်" ဟု ဆိုသောကြောင့် ဟင်းကျွေး အစားအသောက်များ မပေးဝံ့ ကြပြန်ချေ။

ကျွန်တော်သာ ကြားထဲက ငတ်မွတ်ခဲ့ရလေသည်။ ကျွန်တော်သည် နေ့စဉ်နှင့်အမျှ စီးပွားရေး ကို မည်သို့ ပြောင်းလဲရမည်နည်း။ မည်သည့်လုပ်ငန်းမျိုးကို လုပ်ရမည်နည်းဟု စဉ်းစားခဲ့သည်။ သို့သော် လက်ထဲ တွင် အရင်းအနှီးမရှိသော ဘ၀၌ ဘာကိုမျှ မလုပ်နိုင်။ ဖြစ်သလိုနှင့်သာ ဘ၀ကို ရပ်တည်နေခဲ့ ရ ပေသည်။

ကျွန်တော် လှည်းကူး၌ ဆင်းဆင်းရဲရဲ ဖြစ်နေကြောင်း ကြားသောအခါ အဖေနှင့် အဘွားလေးတို့က ရွာသို့ ပြန်ပြောင်းခဲ့ရန် မှာသည်။ ကျွန်တော်ကား "ငုတ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်" ဆိုသော စကားကို လက်ကိုင် ထားသူဖြစ်သဖြင့် ပြန်မပြောင်းဘဲ ပေကပ်နေသောကြောင့် အဖေသည် လှည်းကြုံနှင့် ဆန်များ တင်ပို့ပေး၏။ ပိတ်ခြင်ထောင် အသစ်ကြီးတစ်ခုကို ဖျက်၍ အင်္ကျီချုပ်ဝတ်ရန် ပို့ပေး၏။ ကျွန်တော်သည် အဖေ ၏ ကြီးမားသော မေတ္တာကို အားရကျေနပ်နေမိပါသည်။

စစ်အခြေအနေမှာ တစ်စထက်တစ် ပြင်းထန်၍ လာလေပြီ။ မဟာမိတ် လေယာဉ်များ သည် မြန်မာ့ ကောင်းကင်ပြင် ၌ အုပ်လိုက်ချီ၍ ပျံသန်းကာ မီးလောင်ဗုံးများ ကိုလည်း ပြင်းထန်စွာ ချလျက် ရှိနေ သည်။ ကျွန်တော်မှာ ခင်စန်းကြည်တို့ သားအမိအား လှည်းကူး၌ ထားရန် စိတ်မချဖြစ်လာသည်။ ကျွန်တော့ တွက်ကိန်းမှာ ဗုံးချခြင်းချလျှင် မြို့များကိုသာ ချပေမည်။ တောရွာများသည် ဗုံးဒဏ်မှ လွတ်ကင်းလိမ့်မည်ဟု တွက်သည်။ ထို့ကြောင့် သူတို့သားအမိအား ရွာသို့ ပြန်ပို့ထားလိုက်သည်။

ခင်စန်းကြည် မရှိသောနောက်၌ တစ်ဘက်ခန်းမှ လူများနှင့် ကျွန်တော် ရင်းရင်းနှီးနှီး နေခွင့်ရလာသည်။ ညီမငယ်သည် ကျွန်တော်၏ အ၀တ်များကို ဇွတ်ယူ၍ လျှော်ဖွတ်ပေးသည်။

မီးပူတိုက်ပေးသည်။ ကျွန်တော် မှာ နံနက်စာကို ဈေး၌စား၍ ညစာကို တစ်ဘက်ခန်း၌ စားရသည်။ ကျွန်တော် မစားလို ၍ ငြင်းသော်လည်း မရ။
"မင်း မိန်းမ ပြောပေါက်ဆိုပေါက် ဆိုးလွန်းလို့ပါကွယ်။ တို့က မင်းကို အစားဆင်းရဲ အနေဆင်းရဲ မြင်ရ ကတည်းက ပြုစုချင်နေတာ ကြာပါပြီ"

အဘွားကြီးကရော အစ်မကြီးကရော ပြောသည်။ ညီမငယ်မှာ ကျွန်တော့်အား အစ်ကိုကြီးသဖွယ် ခင်မင် ယုယရှာသည်။ ထိုအချိန်၌ ကျွန်တော်မှာ ကျွန်တော်ဘ၀တစ်လျှောက်လုံး လိုအပ်နေသော အချက်တစ်ခု ပြည့်ဝနေသည်ဟု ထင်မှတ်နေသည်။ မှန်ပါ၏။ ကျွန်တော်၏ ဘ၀တစ်သာတွင် ချစ်သူက ကျွန်တော့် အား ပြုစုယုယခြင်းကို ခံရဖို့ လိုအပ်နေသည်။ ညီမငယ်အား ကျွန်တော် ချစ်သည်။ ကျွန်တော် သူမအပေါ် ချစ်သော အချစ်မှာ ရိုးသားသလား။ မရိုးသားသလား ခွဲခြား၍ မရနိုင်ပါ။ ဒါပေမယ့် ကျွန်တော် သည် စိတ်ကို ထိန်း၍ ညီမသဖွယ်သာ ဆက်ဆံသည်။ ဘယ်နည်းနှင့်မျှ သူမအား ကျွန်တော်က လက်ထပ်ပေါင်းသင်း ၍ လည်း မဖြစ်။ အကယ်၍ ကျွန်တော်သည် လွတ်လပ်သူတစ်ယောက်ဖြစ်ဘိမူ ငယ်သည် ကြီးသည်မှာ အကြောင်း မဟုတ်ပေ။

ညီမငယ်မှာ ရုပ်ရည်ချောမော လှပသူတစ်ယောက် ဖြစ်သည်။ ကျွန်တော်သည် ထိုရုပ်ရည်မျိုးကိုလည်း သဘော ကျသည်။ ဒါပေမယ့် ကျွန်တော် သူမအား လက်မထပ်နိုင်။ သူမအား လက်ထပ်လို၍လည်း လက်ရှိ ဇနီး ကို ကွာရှင်းမပစ်လို။ ညီမငယ်၏ အယုအယကို ခံရ၍ ကြည်နူးနေရသည့်ကြားမှ အချစ်နှင့် ပတ်သက် သည့် သောကစိတ် များက ရှုပ်ပွေ၍ လာရပြန်ချေသည်။

အစ်မကြီးနှင့် အမေကြီးက ကျွန်တော့အား ချစ်ကြသည်။ ညီမငယ်နှင့်လည်း စိတ်ချလက်ချ လွတ်လပ် စွာ နေခွင့်ပေးထားသည်။ ညီမငယ်သည် စဉ်းစားဆင်ခြင်တတ်သည့်အရွယ် မဟုတ်သေး။ သူမ သည် တဇွတ်ထိုး တဇောက်ကန်းသာ ချစ်နေရှာသည်။ ကျွန်တော်မှာ စိတ်ကို ထိန်းချုပ်ရခြင်းကြောင့် ပင်ပန်းလှ သည်။ ပင်ပန်းလွန်းအားကြီးလာသောအခါ ထိုအိမ်မှ ထွက်ပြေးဖို့ စဉ်းစားလာသည်။
ကျွန်တော်သည် အိမ်ပြောင်းမည်ပြုသောအခါ အစ်မကြီးက တားသည်။ အမေကြီးက ကန့်ကွက်သည်။ ညီမငယ်က ငိုရှာသည်။ ကျွန်တော် မပြောင်းဖြစ်ခဲ့။ ထိုအိမ်၌ပင် ဆက်လက်နေရ ပြန်တော့သည်။

လှည်းကူးသို့ မဟာမိတ်များ ဗုံးချလေရာ မြို့ပျက်လေသည်။ သေသူသေ၍ ကျန်လူများ မနေ၀ံ့။ အနီးအနား ရှိ ရွာများ သို့ ရွှေ့ပြောင်းကြရသည်။ ကျွန်တော်တို့သည် လှည်းကူးအနီးရှိ အစ်မကြီးတို့၏ ဇာတိ ရွာကလေး သို့ ရွှေ့ပြောင်းခဲ့ကြသည်။

အစ်မကြီးတို့က တောရွာအိမ်ကလေးတွင် ကျွန်တော်တို့သည် အေးချမ်းစွာ နေခဲ့ကြသည်။ ထိုအချိန်၌ အစ်မကြီးသည် လူငယ်တစ်ယောက်နှင့် အိမ်ထောင်ပြုပြီးစ ဖြစ်လေသည်။ ညီမငယ်မှာ အစ်မ အိမ်ထောင် ပြုသွားပြီဖြစ်သောကြောင့် ကျွန်တော့်အနီး၌သာ တပူးကပ်ကပ် ရှိနေကာ ကျွန်တော့် ကိုသာ နွဲ့ဆိုးဆိုးလျက် ရှိနေပေတော့သည်။

ကျွန်တော်သည် တောရွာကလေးကို နှစ်ခြိုက်သဘောကျနေမိသည်။ မြို့၌ အခြေအနေအေး၍ အစ်မကြီး တို့ လင်မယားဆိုင် ပြန်ဖွင့်ကြသော်လည်း အမေကြီး၊ ညီမငယ်နှင့် ကျွန်တော်တို့မှာ တောရွာအိမ်ကလေး၌ ပင် နေကြပြီး ကျွန်တော်က ထိုအိမ်မှနေ၍ အလုပ်ဆင်းသည်။ ညနေဘက်တွင် ရရာ အစားအစာများကို ၀ယ်ခြမ်း လာကာ ပျော်ပျော်ပါးပါး စားသောက်ကြသည်။

ယင်းသို့ ရှိနေစဉ် ကျွန်တော်တို့ရွာမှ လူများ လှည်းကူးသို့ ပြေးလာကြသည်။ ကျွန်တော်တို့ရွာမှာ မီးလောင်း ဗုံး အချခံရသဖြင့် ရွာလုံးပြုတ်သွားပြီဟု ပြေးလာသူများက ပြောကြသည်။ ကျွန်တော်မှာ အဖေ၊ အဘွားလေးနှင့် ဇနီးသားသမီးများအတွက် သောကရောက်ရလေသည်။ နောက်နေ့၌  အဘွားလေးတို့ ရောက်လာရာ အဖေနှင့် ကျွန်တော့်ဇနီး သားသမီးများအား မတွေ့ရဟု ဆိုလေသည်။ ကျွန်တော် ခေါင်းမီးတောက်ရ၏။ ချက်ခြင်းပင် ကျွန်တော်သည် ရွာသို့ ထွက်ခွာခဲ့သည်။ ထိုအချိန်မှာ ဂျပန် များက မြန်မာတို့အား သတ်ဖြတ်နေသောကြောင့် အားလုံးက တားကြသည်။ ညီမငယ်က ငို၍ တားသည်။ ကျွန်တော် မည်သူ့စကားကိုမှ နားမထောင် ဇွတ်ပင် ထွက်လာခဲ့သည်။
ရွာမှ လူအချို့ ခိုလှုံနေရာ မခူမြောင်တောသို့ ရောက်သောအခါ ခင်စန်းကြည်နှင့် သားသမီးများကို တွေ့ရ၍ ၀မ်းသာရသည်။ သို့သော် အဖေ့အတွက် ကြားရသော သတင်းမှာ ရင်ကို ဆို့စေတော့၏။

အဖေသည် သူချစ်မြတ်နိုးသော ကျွဲပေါက်ကြီးအား ဂျပန်များက ယူသဖြင့် ပြန်လည်ခုးယူရာတွင် ဂျပန်များ က သေနတ်နှင့်ပစ်၍ သတ်လိုက်သည်ဟူသတည်း။
ကျွန်တ်ာသည် အဖေ့အတွက် စိတ်ရှိလက်ရှိ ငိုကြွေးရုံမှတပါး ဘာမျှမတတ်နိုင်ပါချေ။

ခင်စန်းကြည်မှာ မမျှော်လင့်ဘဲ ကျွန်တော် ရောက်ရှိလာခြင်းအတွက် အထူးတလည် ၀မ်းသာနေသည်။ ကလေးများလည်း ပျော်ရွှင်နေကြသည်။ နောက်နေ့၌ ကျွန်တော်သည် သားငယ်ကို ကျောပိုး၍ ခင်စန်းကြည် တို့အားခေါ်ပြီး လှည်းကူးသို့ ပြန်လာခဲ့သည်။ ဤအချိန်မှစ၍လည်း ကျွန်တော့်မှာ ရွှံ့ဗွက်နှင့် ဖုံများထူထပ်လှသော ငမိုးရိပ်ကမ်းခြေရွာနှင့် သံယောဇဉ်ကင်းပြတ်ခဲ့ရလေတော့သည်။ အဘွားသည်လည်း ဂျပန်ခေတ် အလယ်လောက်က သေဆုံးခဲ့ပေပြီ။

ကျွန်တော်သည် ဂျပန်ခေတ်ကနေခဲ့သော အိမ်မှာ အလုပ်နှင့်ဝေးကွာသောကြောင့်၎င်း၊ ထိုအနီးအနား၌ မဟာမိတ် စစ်သားများနှင့် ဈေးသည်များ ရှုပ်ရှုပ်ပွေပွေ ရှိလှသောကြောင့်၎င်း၊ ထိုအိမ်သို့ ပြန်လည် မနေလို တော့ဘဲ အလုပ်နှင့်နီးရာ၌ အိမ်ခန်းငှားရန် ရှာဖွေခဲ့သည်။ သို့သော် အိမ်ခန်းက ရှားပါးလှ၏။ ရွာမှလူများ ဂျပန်ရန်ကြောက်၍ မဟာမိတ်တို့က သိမ်းထားသော မြို့သို့တက်နေသောကြောင့်လည်း ပို၍ အိမ်ငှား ရှားပါးခဲ့ရခြင်း ဖြစ်ပါတော့သည်။ ထို့ကြောင့် ကျွန်တော်မှာ ညီမငယ်များ၏ နေအိမ်ကလေး၌ ညီမငယ်များ နှင့်အတူ ခင်စန်းကြည်တို့အား ထားကာနေခဲ့သည်။

ညီမငယ်သည် ခင်စန်းကြည် ရောက်လာသော်လည်း ကျွန်တော့်ကို ယခင်ကကဲ့သို့ပင် ရင်းရင်းနှီးနှီးနေ လေ သည်။ ခင်စန်းကြည်သည် ထိုသို့ ညီမငယ်က ကျွန်တော်နှင့် ရင်းရင်းနှီးနှီးနေသည်ကို မကြိုက်။ ကျွန်တော့်အား ညီမငယ်က ပြုစုသည်ကို သဘောမကျဖြစ်ကာ ထိုအိမ်မှ အမြန်ပြောင်းကြဖို့ ကိုသာ လောဆော်နေတော့သည်။
"ပြောင်းတာပေါ့ အစန်းရာ။ ဒါပေမယ့် အိမ်တို့ ဘာတို့ကလည်း ရှာလို့ ဖွေလို့ လွယ်တာမဟုတ်လို့ နေတာပါ"

ကျွန်တော်က ဤသို့ ပြောသော်လည်း သူမက မကျေနပ်။ "ရှင်ဒီက မပြောင်းနိုင်ရင် ရှင့်မယားလေးနဲ့ပဲ နေခဲ့။ ကျွန်မတော့ ဆွေမျိုးတွေဆီ ကလေးတွေနဲ့ သွားနေတော့မယ်"
ခင်စန်းကြည်သည် ဤသို့ပြောကာ လှည်းကူးအနီးအနားရှိ သူမ ဆွေမျိုးများရှိရာ အခြားရွာတစ်ရွာသို့ ကလေးများ အား ခေါ်ပြီး ထွက်သွားလေသည်။ ကျွန်တော်မှာ ယခုအကြိမ်၌ ခင်စန်းကြည်၏ အပေါ်တွင် အကြီး အကျယ် စိတ်ပျက်ခဲ့သည်။ ဤမျှ စိတ်သဘောထား သေးသိမ်ကျဉ်းမြောင်းသူ အမျိုးသမီး တစ်ယောက်နှင့် လည်း ရှေ့သို့ ဆက်လက်ပြီး ခရီးဖော်အဖြစ် ခရီးမသွားလိုတော့။ ထို့ကြောင့် ကျွန်တော် သည် သူမအား လိုက်၍ မခေါ်ဘဲ ခပ်အေးအေးပင် နေခဲ့လေသည်။

ကျွန်တော်သည် စိတ်၌ ထွေပြားလှ၏။ ကျွန်တော့်ဘ၀၏ အဆင်မပြေပုံကို တွေးမိတိုင်းလည်း ထင်ရာသာ စိုင်းပစ်ချင်စိတ်ပေါက်နေခဲ့ရသည်။
ကျွန်တော် ၏ စီးပွားရေးမှာ ဂျပန်ခေတ်နှင့်မတူတော့ဘဲ အဆင်ပြေလာသည်။ တစ်နေ့လျှင် အင်္ဂလိပ်ငွေ ရှစ်ကျပ်၊ တစ်ဆယ်ရသည်။ ဒါပေမယ့် ကျွန်တော် ငွေကြေးစုဆောင်းလိုစိတ် မရှိ။ ရသမျှ အကုန် သုံးပစ် လိုက်သည်။

ဆယ်ရက်ခန့်ကြာသော် ခင်စန်းကြည် ကလေးများနှင့် ပြန်လည် ရောက်ရှိလာပြန်သည်။ ကျွန်တော်သည် သူမအား ဆိုးသည်။ ကောင်းသည် မပြောဘဲ အေးအေးသာ နေခဲ့သည်။ ညီမငယ်မှာလည်း သူ့အား မကြည်ဖြူသော် လည်း ၀တ္တရားမပျက်ပင် ဆက်ဆံနေထိုင်ခဲ့သည်။ ကျွန်တော်သည် ညီမငယ်ကို စိတ်ထဲမှ ချီးကျူး မိ၏။ သူမသည် လူငယ်သလောက် မျိုသိပ်နိုင်သော စိတ်ထား ရှိလှပေသည်တကား။
ခင်စန်းကြည် မှာ မကျေမနပ်နှင့်ပင် ထိုအိမ်၌ နေရပြန်သည်။ ကျွန်တော့်ကိုလည်း အိမ်ပြောင်းကြ ဖို့ နေ့စဉ်နှင့်အမျှ နားပူနားဆာ လုပ်နေသည်။

ယင်းသို့ ရှိစဉ်ခိုက်ဝယ် ညီမငယ်သည် ကောက်ရသလို အပြင်းဖျားပါလေတော့သည်။ သူမ ဖျားရခြင်း နေပူ ထဲတွင် ကျွန်တော်တို့ ရေချိုးရန်အတွက် ရေကန်မှ ရေခပ်ခြင်းကြောင့် ဖြစ်ကြောင်း ကျွန်တော် သိသည်။
"အစန်း၊ ညီမလေးကို ဂရုစိုက်ပါကွယ်။ သူဟာ တို့အပေါ် ကောင်းရှာပါတယ်" ကျွန်တော်က ညီမငယ် အပြင်းဖျားသောကြောင့် စိုးရိမ်စွာ ပြောမိသည်။

"ရှင့် မယားလေး ရှင် ဂရုစိုက်ပေါ့။ ကျုပ်တော့ ကလေးတစ်ဖက် ဘာတစ်ဖက်နဲ့ ဂရုမစိုက်နိုင်ပါဘူး"
ခင်စန်းကြည်က အငေါ်တူးလိုက်လေရာ ကျွန်တော်မှာ ရင်ထဲ အောင့်ကနဲနာ၍ သွားလေသည်။

ဆက်ရန်
.

No comments: