Wednesday, May 1, 2013

တင့်ဆန်း ၏ ငမိုးရိပ်မှ ငမိုးရိပ်သို့, အပိုင်း (၆)

မစောနှစ်က၀င်၍ ပြောပြန်လေသည်။ ကျွန်တော်မှာ ဦးနှောက် ချာချာလည်နေရ၏။ ခင်စန်းကြည် ကိုတော့ သူမ မချစ်သူကိုယူရ၍ စိတ်ဆင်းရဲရမည်ကို သူတို့စိုးရိမ်ကြသည်။ ကျွန်တော့်ကိုတော့ ကျွန်တော် ချစ်သောသူနှင့် ယူမည်ကို သူတို့သဘောမတူဘဲ ကန့်ကွက်ကြသည်။ ကျွန်တော် မချစ်သူကိုယူဖို့ ၀ိုင်းဝန်းနားချကြသည်။ အပိယေဟိဒုက္ခ၊ ပိယေဟိဒုက္ခဆိုသည်တို့မှာ ကျွန်တော်နှင့် မသက်ဆိုင် သကဲ့သို့ ရှိနေသည်။ သူတို့၏ စိတ်နေ စိတ် ထားအယူအဆများသည်ကား မှန်ကန်ကြ ပါလေ၏လား။ ကို ဆက်ဖတ်ရန် ..............

    ကျွန်တော့် ဦးနှောက်၌ ဝေ၍သွားပြီး ဘာကိုမျှ မစဉ်းစားချင်တော့။ ကံစီမံရာကိုပဲ ခံတော့ မည်ဟုသာ ဆုံးဖြတ်လိုက်ပါတော့သည်။

အဖေ၊ အဖွားလေးနှင့် မစောနှစ်တို့သည် ခင်စန်းကြည်အား ကျွန်တော်ခိုးယူခဲ့သဖြင့် ၀မ်း သာနေကြသည်။ သူတို့သည် ပြိုင်ဘက်ဖြစ်သော လှညွန့်တို့အား အနိုင်ရခြင်းအားဖြင့်လည်းကောင်း၊ သူတို့လိုလားသူ၊ ချမ်းသာကြွယ်ဝ သူတို့၏ သမီးရတနာကိုရခဲ့ ခြင်းဖြင့်လည်းကောင်း ဂုဏ်ယူနေကြသည်။ ကျွန်တော်မှာ သူတို့ပြောနေသော စကားသံ များကို မကြားတစ်ချက် ကြားတစ်ချက်နှင့် အိပ်ရာပေါ်လှဲအိပ်နေရာမှ စိတ်က စကြာဝဠာ အနန္တသို့လွင့်ပါး နေသည်။
    စကြာဝဠာအနန္တ၌ ကျွန်တော်သည် သီတာရေစင်ကိုလည်း မတွေ့၊ အေးရိပ်ဆာယာများကို လည်းမတွေ့၊ ပူပြင်းတောက်လောင်သော သဲကန္တာရများကိုသာ မြင်တွေ့ရပေသည်။
    “ငြိမ်လှချည့်လား ဆရာကြီး။ ဘာတွေစဉ်းစားနေသလဲ”
    ခင်စန်းကြည်သည် ကျွန်တော့်ဘေးတွင် ယှဉ်၍ လှဲအိပ်လိုက်ကာ ကျွန်တော့်မေးဖျားကို လက်နု ကလေးများဖြင့်ကိုင်၍ သူမဘက်သို့ မျက်နှာကိုလှည့်စေကာ ပြောလိုက်သည်။

    ထိုအခါကျမှ ကျွန်တော် ပတ်ဝန်းကျင်ကို သတိပြုလိုက်မိရာ အခန်းထဲတွင် ခင်စန်းကြည်မှ လွှဲ၍ အခြားတစ်ယောက်မျှ မရှိတော့သည်ကို မြင်တွေ့ရပါသည်။
    “အဖေတို့ ပြန်သွားကြပြီလား အစန်း”
    ကျွန်တော်က သူမအား မေးလိုက်ပါသည်။
    “ရှင်က အဆက်ဟောင်းကို လွမ်းနေသလား၊ ဦးလေးနဲ့ အရီးပြန်သွားတာတောင် မသိရအောင်”
    “မဟုတ်ပါဘူးကွယ်။ အစန်းကလည်း ကိုယ်မှေးကနဲ အိပ်ပျော်သွားလို့ပါ”
    “ရှင်နဲ့မနှင်းအေးနဲ့ ဖြစ်ခဲ့သေးတယ်မို့လား”
    ခင်စန်းကြည်က ခပ်တွေတွစဉ်းစားနေရာမှ မေးလိုက်သည်။
    “ဘယ်က ဖြစ်ရမှာလဲကွယ်။ ဖြစ်မှသူ့ကိုပဲ ယူမှာပေါ့။ အစန်းကို ယူမတဲ့လား”
    “ကျွန်မကြားတော့ သူ့ယောက်ျားက ကွာမပေးလို့ မယူတာဆို”
    “အဲဒါတော့ဟုတ်တယ်။ သူ့ယောက်ျားနဲ့ ပြတ်ပြတ်စဲစဲဆိုရင် သူ့ကိုယူဖို့ စိတ်ကူးခဲ့တယ်”
    “ဒါဖြင့် ရှင် မနှင်းအေးကို ချစ်တယ်ပေါ့”
    ကျွန်တော်မှာ ရုတ်တရက် အဖြေမပေးနိုင်ဘဲ ငြိမ်၍နေမိပါသည်။

    “ဟုတ်တယ်မို့လား။ ရှင် မနှင်းအေးကို သိပ်ချစ်တယ်မို့လား”
    သူမက မကျေနပ်သံနှင့် ထပ်ဆင့်မေးနေပြန်သည်။
    “ချစ်တာတော့ သူ့တင်ဘယ်ဟုတ်မလဲ။ တစ်ရွာလုံးမှာရှိတဲ့ အပျိုချောတွေ အကုန်ချစ် တာပဲ။ ယူဖို့သာ မဖြစ်ကြ လို့ပေါ့ကွယ်”
    ကျွန်တော်က လိမ်လည်း မလိမ်ချင် အမှန်အတိုင်း အဖြေပေးလျှင်လည်း ခင်စန်းကြည် စိတ်ဆင်းရဲသွားမည်စိုးသောကြောင့် စကားကို ၀ါးဖြန်း၍ ပြောလိုက်ပါသည်။
    “ရှင် တော်တော်လည်တယ်။ မေးတာကို မပြောဘူး။ ဒီလောက်တောင် လည်တာထောက် ရင် လူပျိုမှ ဟုတ်သေးရဲ့လား မသိဘူး”
    ခင်စန်းကြည်က ကျွန်တော့်မျက်နှာကို သင်္ကာမကင်းသော မျက်လုံးကလေးများနှင့် ကြည့် ၍ ပြောလေသည်။

    “မဟုတ်ဘူး။ ကိုယ်လူပျိုမဟုတ်ဘူး”
    ကျွန်တော်က ဤသို့ ပြောလိုက်သောအခါ ခင်စန်းကြည်မျက်နှာကွက်ကနဲ ပျက်၍သွားလေ သည်။
    “တကယ်ပြောတာ အစန်း။ ကိုယ်စောစောကပဲ အိုခဲ့ပြီလေ”
    “ကြည့်စမ်း ကြည့်စမ်း သူ သိပ်နောက်တာပဲ။ ကဲ ကဲ ကဲ”
    ခင်စန်းကြည်သည် ဤသို့ပြောကာ ကျွန်တော့်ရင်အုပ်ကို သူမ၏ လက်သီးဆုပ်ကလေးများ နှင့် မနာအောင် ထုနေသည်။
    တဲနောကဖေးရှိ ကြက်များ တွန်ကြူးကြသည်။ ကျွန်တော့်လက်မှ နာရီကို ကြည့်လိုက်သော အခါ ၁၂ နာရီထိုးနေပြီကို မြင်တွေ့ရသောကြောင့် -
    “ကဲ အစန်းရေ၊ တစ်ရေးတမော အိပ်လိုက်ကြဦးစို့ကွယ်” ဟု ပြောရင်း အိပ်ရာဘေးရှိ ရေနံ ဆီမီးခွက်ကို မှုတ်လိုက်ပါသည်။

ခင်စန်းကြည်၏ မိဘများသည် ကျွန်တော့်ကို အမှုအခင်းမလုပ်သော်လည်း ခင်စန်းကြည် အားသမီးစာရင်းမှ ပယ်ဖျက်လိုက်ကြသည်။ ခင်စန်းကြည်၌ ၀တ်ဆင်ပါလာသော ရွှေများကို လူလွှတ်၍ ပြန်တောင်းသည်။
ကျွန်တော်မှာ အမှုမလုပ်ဘဲ ကျေအေးစွာ ပြီးငြိမ်းသွားသဖြင့် ၀မ်းသာနေရသည်။ အဖေ က လှောင် ထားသော စပါးများရောင်းပြီးလျှင် ခင်စန်းကြည်အား လက်ကောက်၊ ဆွဲကြိုး စသည်တို့ကို ၀ယ်ခြမ်းပေးမည် ဟုပြောထားသည်။ အဖွားလေးက သူရောင်းသော အထည်များထဲ မှ ခင်စန်းကြည် ကြိုက်နှစ်သက် ရာ အ၀တ် ၅ စုံကို ယူဝတ်ခိုင်းသည်။ ခင်စန်းကြည်မှာ ရွှေများ မ၀တ်ရသော်လည်း ပျော်ရွှင်နေရှာ၏။
    ကျွန်တော်မှာ နှင်းအေးကိုသာ မကြာခဏ သတိရနေသည်။ ဒါပေမယ့်လည်း သူမနှင့် သွားရောက်၍ မျက်နှာချင်း မဆိုင်လို။ လှုပ်ရှားသောစိတ်ကို ထိန်းချုပ်ရင်းဖြင့် အိမ်တွင်ကုတ်၍ နေခဲ့သည်။

    အဖွားလေးသည် ဒေါ်မြင့်ထံ လူလွှတ်၍ ကျွန်တော်တို့အား လက်ခံမည်လားဟုမေးသည်။ ဒေါ်မြင့်က လက်မခံနိုင် ဟု အကြောင်းပြန်လိုက်လေသည်။ ထို့ကြောင့် ကိုယ့်ဟာကိုယ် ရပ်ရွာက အသိအမှတ်ပြုရန် ကျွန်တော်တို့ အိမ်တွင်ပင် လူများကိုဖိတ်၍ မင်္ဂလာဆောင်နှင်းရန် စီစဉ်ကြ သည်။ ပြီးနောက် ကျွန်တော် တို့ နှစ်ယောက်ကိုပါခေါ်၍ လိုအပ်သော ပစ္စည်းများ ၀ယ်ယူရန်အတွက် အဖွားလေးသည် ငွေထုပ်ပိုက်ကာ ရန်ကုန် သို့ ထွက်လာလေတော့သည်။

    ကျွန်တော်တို့သည် အဖွားလေးနှင့်အတူ ရန်ကုန်၌ ၇ ရက်မျှလည်ပတ်ဘုရားဖူးကြသည်။ ခင်စန်းကြည် မှာ ပျော်ရွှင်နေ၏။ ကျွန်တော်မှာ ခင်စန်းကြည်နေရာတွင် နှင်းအေးသာဖြစ်စေချင် သည်။ နှင်းအေး သာ ဖြစ်ခဲ့လျှင် ကျွန်တော့်အဖို့ ပျော်ရွှင်ခြင်း၏ အထွဋ်အထိတ်ပင် မဟုတ်ပါလား။ ယခုတော့ အားမလို အားမရဖြစ်နေသည်။ စိတ်ကကြိုးစား၍ ပျော်အောင်နေသော်လည်း သိပ်ပြီး ပျော်ပိုက်ခြင်းမရှိလှပါ။
ကျွန်တော်တို့သည် အိပ်ရာခမ်းနားနှင့် ဧည့်ပရိသတ်များ ကျွေးမွေးရန်တို့ကို ၀ယ်ယူကာ လောလီကား တစ်စီးဖြင့် ရွာ သို့ပြန်ခဲ့ကြသည်။ ခင်မင်မီးစပ်ရာ လူများနှင့် ကျွန်တော်၏ ဆွေမျိုးသား ချင်းများအိမ်တွင် တရုန်းရုန်း ရှိနေကြသည်။ ခင်စန်းကြည်မှာ သူမ၀ယ်ယူခဲ့သော အ၀တ်အထည် များကို ပြရသည်နှင့်မောနေ ရှာသည်။

မင်္ဂလာဆောင်နေ့ ၌ ခင်စန်းကြည်၏ဘက်မှ ဆွေမျိုးများ အနည်းအပါးသာ လာကြသော် လည်း ဧည့်ပရိသတ် အတော် စည်ကားသည်။ နှင်းအေးသည် ကျွန်တော့်မင်္ဂလာဆောင်သို့ မမျှော် လင့်ဘဲ ရောက် ရှိလာသည်။ သူမမျက်နှာမှာ ဟန်ဆောင်ပြုံးထားသော်လည်း ညှိုးလျနေသည်ကို ကျွန်တော် သတိပြုမိပါ သည်။ သူမကိုယ်ကလေးမှာလည်း ယခင်ကထက် ပိန်ကျသွားသည်။ နား ထင်ကလေးများပင် ကျလျက် ရှိနေလေ သည်။ ကျွန်တော့်မှာ နှင်းအေးကိုကြည့်ရင်း စိတ်မကောင်း ဖြစ်နေရသည်။
    “ပြန်တော့မလား နှင်းအေး”
    သူမပြန်မည်ပြုသောအခါ ကျွန်တော်က အိမ်ဝမှသွား၍ နှုတ်ဆက်လိုက်သည်။ သူမသည် ကျွန်တော့်အား မျက်ရည် ၀ိုင်းသော မျက်လုံးများဖြင့် တစ်ချက်စိုက်ကြည့်ကာ ခေါင်းကလေးကို ညိတ်ပြပြီး ခေါင်းငုံ့ ထွက်ခွာသွားလေသည်။ ကျွန်တော်မှာ နှင်းအေးကို ငေးကြည့်ရင်း ရင်၌ ဆို့ကြပ် လာမိသည်။

ဧည့်ပရိသတ်များ ရှင်းသွားလေလျှင် အိပ်ခန်းသို့ ကျွန်တော်ဝင်၍ အိပ်နေမိသည်။ ကျွန်တော့် စိတ်ထဲ ၌ နှင်းအေးနှင့် ခင်စန်းကြည်တို့ကို အလဲအလှယ် လုပ်ချင်နေသည်။ ကျွန်တော် ချစ်သော နှင်းအေးသည် ခင်စန်းကြည်ကဲ့သို့ ပျော်ရွှင်နေစေချင်သည်။ သို့သော် လူ့ဘ၀၌ ကိုယ်ဖြစ် စေလိုသော အဖြစ်များက ဖြစ်ခဲ၍ မဖြစ်စေလိုသည်များနှင့်သာ ရင်ဆိုင်ကြရတတ်သည် မဟုတ် ပါလား။
    နှင်းအေး၏ ညှိုးလျသော ရုပ်ပုံလွှာသည် ကျွန်တော်၏ အသည်းနှလုံး၌ ထင်ဟပ်နေသည်။ ကျွန်တော့် အာရုံထဲ၌ သူမ၏ပုံလွှာသည် ဖျောက်ဖျက်၍ မရနိုင်ဘဲ စွဲထင်နေသည်။
ကျွန်တော်မှာ ယခင်ကလို လတ်လပ်သူတစ်ယောက်မဟုတ်ဘဲ အိမ်ထောင်ရှင် တစ် ယောက်ဖြစ် လာပြီဖြစ်ကြောင်း ကိုယ့် ကိုယ်ကိုယ် သတိထားနေရသည်။ ထိုစဉ်က ကျွန်တော့် အသက်မှာ ၁၈ နှစ်ကျော်ကျော် ကလေးမျှသာ ရှိသေး၍ လူပျိုစိတ်မကုန်ဘဲ ရှိနေသည်။ သူငယ်ချင်း အပေါင်းအသင်း များနှင့် သွားချင်၊ လာချင်၊ လည်ပတ်ချင်သည်။ အမျုးသမီးလှလှ ကလေးများအား ပိုးချင်၊ ပန်းချင်၊ ရွှတ်နောက်ချင်သေးသည်။ အထူးသဖြင့် ခင်စန်းကြည်အား ကျွန်တော် ချစ်လာအောင် ကြိုးစား၍ မရခြင်းမှာ ကျွန်တော့်အဖို့ အိမ်ထောင်ရေး၌ အလေးအနက် ထား၍ မရနိုင်အောင် ရှိနေရသည်။

“ဟေ့ မင်းက မိန်းမရမှ အိမ်ကုတ်လှချည့်လားကွ။ တို့များကိုတောင်မှ သတိမရတော့ဘူး လား။ အပေါင်းအသင်းမလုပ်တော့ဘူးလား။ ဒီကောင် ပတ်ကလားပဲ။ မိန်းမနားက မခွာနိုင်ဘူး”
    သူငယ်ချင်းများကလာရောက် နောင်ပြောင်ကြလေရာ ကျွန်တော်မှာ ရှက်စိတ်မျး ဖြစ်ပေါ် ခဲ့ရပါသည်။ ထို့ကြောင့် ကျွန်တော်သည် သူငယ်ချင်းများနှင့် လိုက်ပါသွားတတ်လေသည်။ ဤသို့ ကျွန်တော့် သူငယ်ချင်းတွေနှင့် လိုက်ပါသွားလေလျှင် ခင်စန်းကြည်သည် မျက်နှာကလေးညှိုးငယ်စွာနှင့် ကျန်ရှိနေ တတ်ပေ သည်။
    “ကိုဆန်း၊ ရှင် အစန်းကို မသနားဘူးလားဟင်”
    ကျွန်တော် က အလည်အပတ် များလာသောအခါ ခင်စန်းကြည်က မေးလေသည်။

    “ဘာပြုလို့ လဲ အစန်းရဲ့”
    “ကျွန်မဟာ မိဘတွေရဲ့ အစွန့်အပစ်ကိုခံပြီး ရှင့်နောက်ကိုလိုက်လာခဲ့တာပါ။ ခုလို ရှင်က ကျွန်မ တစ်ယောက် ထဲ ထားထားပြီး သွားနေတော့ ကျွန်မ ဘယ်လောက်စိတ်ဆင်းရဲရမယ်ဆိုတာ တွေးကြည့်ပါဦး”
    တကယ်တော့လည်း ဟုတ်သည်။ သူမသည် ကျွန်တော့်နောက်သို့ လိုက်ခဲ့မိခြင်းကြောင့် ပင်မိဘ အစွန့်အလွှတ် ကို ခံခဲ့ရှာပေသည်။ အကယ်၍ မိဘစကား နားထောင်ကာ လှညွန့်နှင့်သာ လက်ထပ်မည် ဆိုပါက မိဘတို့၏ ချစ်ခင်ယုယမှုကို ခံရပေမည်။ ယခုတော့ ခင်စန်းကြည်အား ယုယ မည့်သူမှာ ကျွန်တော် တစ်ယောက်မှလွဲ၍ အခြားမရှိနိုင်တော့ပါချေ။

    “အေးကွယ်၊ ကိုယ် နောက်ကို မလည်တော့ပါဘူး”
ကျွန်တော်က ဤသို့ ပြောလိုက်သောအခါ ခင်စန်းကြည်၏ မျက်နှာကလေးမှာ ရွှင်ကြည် လန်း၍ လာပြန်လေတော့သည်။ ပေါက်သည့်နဖူး မထူးတော့ပြီဖြစ်သောကြောင့် ကျွန်တော်သည် ခင်စန်းကြည် ၏ စိတ်ချမ်းသာရေး ကိုသာ ရှေ့ရှုနရလေသည်။ ကိုယ်က မချစ်သော်လည်း ကိုယ့်အား ချစ်နေသူကိုတော့ သနား ရပေမည်။ ကြင်နာရပေမည်။ ကျွန်တော်သည် ဤသို့ သဘောပေါက်လာခြင်းကြောင့်ည်း အလည် အပတ် ကို လျော့လိုက်ပါသည်။
    ခင်စန်းကြည်နှင့် ကျွန်တော်နေထိုင်ကြ၍ လပိုင်းအတွင်းမှာပင် စိတ်ပျက်စရာအကြောင်း များပေါ်ပေါက် ၍လာလေတေ့သည်။ ခင်စန်းကြည်မှာ ကျွန်တော့်အား ချစ်သည်မှလွဲ၍ ကျန်သော အပိုင်းများ မှာ အတော်ပင် စိတ်ပျက်စရာကောင်းသော အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။ အထူးသဖြင့် အိမ်ထောင် မထိန်းတတ်ခြင်းနှင့် လူမှုဆက်ဆံရေးညံ့ဖျင်းမှုတို့မှာ ကျွန်တော့်အတွက် စိတ်ပျက်စရာ အကောင်းဆုံး အချက်များဖြစ်နေကြပေသည်။

ပိုဆိုးသည်က ကျွန်တော်မှာ ယောက်ျားတစ်ယောက်ပင်ဖြစ်သော်လည်း အိမ်ထောင်ကို စံနစ်တကျ ထိန်း တတ်သူဖြစ်နေကာ ခင်စန်းကြည်က အိမ်ထောင်ကိုလည်း မထိန်းတတ်၊ ထမင်း ဟင်းမှလည်း မချက်တတ်ဖြစ်နေခြင်းပင်။
    ကျွန်တော်သည် သူမအား အိမ်ထောင်ထိန်းသိမ်းနည်း၊ ထမင်းဟင်းချက်ပြုတ်နည်းကအစ သင်ကြားပေး သည်။ သို့သော် သူမသည် ထိုပညာများကို လုံးဝတတ်မြောက်၍ မလာဘဲ ရှိနေတော့ သည်။ ခင်စန်းကြည် မှာ ဥာဏ်ထိုင်းသည်။ ပျင်းသည်။ ထို့အပြင် ကျွန်တော့်ဘက်မှ လူကြီးမိဘများ ၏ပြောစကား ဆိုစကား ကိုလည်း မနာခံ၊ ထော်ကာလံကာ ပြန်ပြော၍ သူထင်ရာ လုပ်လေသည်။ ကျွန်တော်နှင့် ခင်စန်းကြည် အိမ်ထောင်ကျ ၍ တစ်နှစ် မပြည့်မီမှာပင် အဖွားလေးနှင့် ခင်စန်းကြည် အကြိမ်ပေါင်း မရေတွက်နိုင်အောင် စကား များကြသည်။ အဖွားနှင့်လည်း တစ်ခါတစ်ခါ စကားများ သည်။

အဖေ သည် ယခုမှပင် မဟာအမှားကြီး ဆိုက်ရောက်ရပြီဖြစ်ကြောင်း နားလည်ပေတော့ သည်။ မိုးတွင်းဘက် ၌ ခင်စန်းကြည်ပါ လယ်တဲသို့ လိုက်နေစေပြီး သူရင်းငှားကောက်စိုက်သမများ အတွက် ချက်ပြုတ် စီစဉ်စေရာ သူမသည် မည်သို့မျှ ထိုကိစ္စများကို နိုင်နင်းအောင် မလုပ်နိုင်ခဲ့ပါချေ။ ကိုယ်ဝန် ကလည်း ရှိစပြုလာပြီဖြစ်သောကြောင့် အိပ်ရာတွင် တုံးလုံးလှဲရင်းဖြင့်သာ အချိန်တွေ ကုန် လွန်စေခဲ့သည်။
    ကျွန်တော်မှာ သားမယားနှင့် ဖြစ်နေသော်လည်း အကြောင်းက ထူးမလာဘဲ ယခင်ကလို ပင် ချက်ရေးပြုတ်ရေးနှင့် အိမ်ထောင်ထိန်းသိမ်းမှုများကို လုပ်ကိုင်နေရမြဲပင်ဖြစ်ပါသည်။ အဖေ သည် ကျွန်တော် ၏ အိမ်ထောင်ရေး၌ ကံဆိုးခြင်းအတွက် စိတ်မကောင်းဖြစ်နေလေသည်။ ဒါပေ မယ့်လည်း ခင်စန်းကြည် အား ကောင်းသည် ဆိုးသည် ဘာမျှမပြောဘဲ ဆိတ်ဆိတ်ပင် နေလေ သည်။

ကျွန်တော်မှာ ယခင်ကထက်ပို၍ စိတ်ဆင်းရဲမှုဒဏ်ကို ခံစားနေရပြန်သည်။ မှန်ပါ၏။ ခင်စန်းကြည်က ကျွန်တော့် ကို ချစ်သည်။ ဒါပေမယ့် အိမ်ထောင်ရေး၌ ချစ်နေရု့ဖြင့် ပြည့်ဝ လုံ လောက်သည် မဟုတ်။ ယောက်ျားနှင့် မိန်းမ သူတာဝန် ကိုယ့်တာဝန်ဟူ၍ တာဝန်တွေက ရှိနေကြ သည်။ ယောက်ျားသည် စီးပွား ရှာ ရမည်ဖြစ်၍ မိန်းမက အိမ်ထောင့်တာဝန်ကို ထိန်းသိမ်းထမ်းဆောင် ရပေမည်။ သို့မှသာလျှင် အိမ်ထောင် ၏ သာယာရေး၊ စီးပွားရေးများ ဖြစ်လာ ရပေမည်။
    ကျွန်တော်မှာ ငယ်စဉ်ကပင် ရည်ရွယ်ချက်ကြီးခဲ့သူဖြစ်၏။ လယ်ချောင်းအလုပ်ကိုလည်း လုပ်ကိုင်လိုသူ မဟုတ်။ ကိုယ်စွမ်းကိုယ်စနှင့် ကြီးပွားချမ်းသာလိုသည်။ ဆရာပီမိုးနင်းရေးသော တို ဟူးရောင်းရာမှ ကြီးပွား ချမ်းသာလာသူ၏ ၀တ္ထုမျိုးကို သဘောကျသည်။ ထိုဇာတ်လိုက်ကဲ့သို့ စွန့် စားပြီး စီးပွားရှာချင်သည်။ ဒါပေမယ့် ယခုတော့ ကျွန်တော့်မှာ ရှေ့ရေးကို မတွေးနိုင်အောင်ဘဲ ဖြစ် နေခဲ့ရသည်။

ခင်စန်းကြည်အား ကျွန်တော် စွန့်ပစ်ရန် ကြံမိသည်။ ဒါပေမယ့် ကျွန်တော်၏ ဘ၀တွင် အမဲ စက်မထင်စေ လို။ ကျွန်တော်သည် မယားတစ်ယောက်အား အကြောင်းမဲ့ စွန့်ပစ်လိုက်သည်ဟူသော အဖြစ်မျိုးကို မဖြစ်စေလို။ အိမ်ထောင်ကို မထိန်းသိမ်းတတ်၍ စွန့်ပစ်ရ ပါသည်ဆိုသော အကြောင်းပြချက်ကလည်း ခိုင်လုံမည် မဟုတ်။ အခြားလူတို့ အမြင်တွင် ထို အကြောင်းအရာလောက်သည် သာမညသာ ဖြစ်ရပေမည်။ ဟုတ်ပါ၏။ အဖွားလေးနှင့် ခင်စန်းကြည်တို့ မသင့်မတင့် အိမ်အလုပ်တွေ လုပ်တတ်မှာလဲ။ အစတုန်းက သူတို့ မသိကြဘူးလား” ဟူ၍ပင် မေးငေါ့ပြောဆိုရင်း အတင်းပြောကြလေသေးသည်။

    နောက်တစ်ခုမှာ ခင်စန်းကြည်သည် ကျွန်တော့်အား တကယ်ချစ်ရှာသည်။ ကျွန်တော်၏ ပတ်ဝန်းကျင် များကို သူမ ဘာမျှဂရုမစိုက်သော်လည်း ကျွန်တော့်ကိုကား အလွန်ဂရုစိုက်သည်။ ကျွန်တော် တစ်ယောက်တည်း အတွက်သာဆိုလျှင် ဘာပဲလုပ်ရလုပ်ရ သူမက အပင်ပန်းခံ၍ လုပ် ကိုင်ပေးရှာသည်။ ကျွန်တော့်ကို ချစ်လျှင် ကျွန်တော့်ပတ်ဝန်းကျင်နှင့်လည်း အဆင်ပြေအောင် လုပ် ကိုင်ဆက်ဆံရမည် ဆိုသည်တို့ကိုတော့ သူမကိုယ်တိုင်ကလည်း နားမလည်။ ကျွန်တော်ပြောပြ၍လည်း နားမထောင်ပါချေ။

ကျွန်တော့်အား ချစ်မှန်းသိလျက်နှင့် ကျွန်တော်က အတင်းမုန်း၍ ပစ်ရဖို့ကလည်း ခက်ခဲ သော အရာပင် ဖြစ်နေပါသည်။ ပြီးနောက် သူမတွင်လည်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး မဟုတ်လေတော့ ကျွန်တော်နှင့် သက်ဆိုင်သော သားသမီးရတနာသည် သူမ၀မ်း၌ ကိန်းအောင်း လျက်ရှိနေပေပြီ။ မကြာမီသော လပိုင်းအတွင်းဝယ် ထိုကလေးသည် လူ့လောကအလယ်သို့ ရောက်ရှိလာပေတော့မည်။ ကျွန်တော် က အပြစ်မဲ့သော ကလေးငယ်အား အဖမဲ့သား မဖြစ်စေလို။ ထို့ကြောင့် ဘ၀က ပေးအပ်သော ဒဏ်ခတ်မှု ကို ကြိတ်မှိတ်ခံပါတော့မည်ဟုသာ အံကြိတ်၍ ဆုံးဖြတ်လိုက်ရပါတော့သည်။

တစ်ခါတစ်ခါတွင် ကျွန်တော် နှင်းအေးထံသို့ ရောက်ရှိသွားတတ်ပါသည်။ နှင်းအေးမှာ ယခင်ကလို သိပ်ပြီး ရွှင်ရွှင် ပျပျ မရှိလှဘဲ ခပ်မှိုင်မှိုင် ခပ်ငိုင်ငိုင် ရှိနေတတ်သည်။ ကျွန်တော်နှင့်လည်း ယခင်ကလို ရင်းရင်းနှီးနှီး မရှိကြ။ ခပ်မှန်မှန် တန်းတန်းသာနေကြသည်။ ဒါပေ မယ့် ကျွန်တော်မှာ နှင်းအေးမျက်နှာလေးအား ကြည့် ရသည့် အချိန်ပိုင်းကလေးများတွင် အနည်း ငယ်မျှသော စိတ်ချမ်းသာမှုကို ခံစားရပေသည်။ ပူအိုက်သော ညဥ့် ၌ လမင်းကို မြင်တွေ့ရသကဲ့သို့ တည်း။
    နှင်းအေးမိဘများမှာ စီးပွားရေးပို၍ ကျဆင်းလာလေသည်။ နောက်ဆုံး၌ သူမအဖေမှာ သစ်လုပ်ငန်း ကိုပင် မလုပ်နိုင်တော့ဘဲ ခြံစိုက်ခြင်းအလုပ်ကို လုပ်ကိုင်နေရသည်။ သူမ မိခင်မှာ စက်ချုပ်၍ နှင်းအေးက သင်ဖြူးယက်သောအလုပ်ကို လုပ်ကြရလသည်။

ကျွန်တော်တို့သည် စီးပွားမတက်ဘဲ တန်း၍ နေသော်လည်း အဖွားလေးတို့မှ စီးပွားတက်လာသည်။ အဖိုးလေး သည် ပုလိပ်အလုပ်ဖြင့် မြို့အရပ်များ၌ သွားရောက်နေထိုင်ခဲ့သော ကြောင့် လူရည်လည် သည်။ နေရာတကာ၌ တွင်ကျယ်နိုင်မှုရှိကာ ထင် ပေါ်လာသည်။
    ဆောင်းလယ်လ ၏ ညတစ်ညတွင် ခင်စန်းကြည် သားဦးကလေးအား ဖွားမြင်ခဲ့ပေသည်။ ကျွန်တော့် ပတ်ဝန်းကျင် ၏ ပတ်ဝန်းကျင်ဝယ် ထိုကလေးမှာ ဆွေမျိုးများ၏ ချစ်မြတ်နိုးစရာ ဖြစ်နေ ပေတော့သည်။
    ခင်စန်းကြည် သားဦးကလေး မွေးဖွားပြီးနောက် ခင်စန်ားကည်၏ မိခင်မှာ ပို၍ မကျန်းမမာ ဖြစ်လာသည်။ ထိုအခါတွင် သူ့သမီး အား လူလွှတ်ခေါ်ကာ သူတို့အိမ်သို့ အ၀င်အထွက် ပြုစေသည်။ ကျွန်တော့်အားလည်း သူတို့ ပန်းတိမ်ဖို တွင် ပန်းတိမ်အတတ်ကို သင်ဖို့ပြောသည်။ ကျွန်တော်မှာ သူတို့အိမ်သို့ပင် အလွန်ရောက်ခဲ ပေါက်ခဲလှပေသည်။

အဘွားလေးနှင့် ခင်စန်းကြည်တို့မှာ သားဦးကလေးရခါမှ ပို၍ မသင့်မတင့် ဖြစ်လာသည်။ အဘွားလေးသည် ကလေးကို အလွန်ချစ်မြတ်နိုး၏။ ထို့ကြောင့် ကလေးအား မိခင်ဖြစ်သူက ဂရုတ စိုက်ရှိစေချင်သည်။ ခင်စန်းကြည် သည် “မဒန်းသားမိခင်” ဆိုသော စကားကဲ့သို့ပင် ကလေးကို ပစ်ချင်ရာ ပစ်ထားပြီး သွားချင်ရာ သွားနေသည်။ ကလေးနို့ဆာ၍ ငိုသောအခါ အဘွားလေးက ဒေါ ပွ၏။ ခင်စန်းကြည် ပြန် လာလေလျှင် အဘွားလေးက ဆီး၍ဆူသည်။ ထိုသို့ဆူလျှင် ခင်စန်းကြည် သည် ဒေါပွပြီး ကဆောင့် ကအောင့် လုပ်တတ်ပေသည်။
    ကျွန်တော်မှာ ကလေးရခါမှ ပို၍ပင် စိတ်မချမ်းသာဖြစ်ရပြန်သည်။ ကျွန်တော့် ဆန္ဒမှာလည်း မိခင်သည် သားသမီး အား ပြုစုစောင့်ရှောက်စေလိုသည်။ အချိန်နှင့် အခါနှင့် ကျွေး မွေးစေလိုသည်။ ဒါပေမယ့် ခင်စန်းကြည် မှာ ကျွန်တော့်ဆန္ဒနှင့် လုံးဝဖီလာဖြစ်၍ နေရလေတော့ သည်။

    အဘွားလေးသည် ခင်စန်းကြည်က သားငယ်ကို ဂရုတစိုက် မလုပ်သောအခါ နို့မှုန့်ဘူးဝယ် ၍ နိုဘူးဖြင့် တိုက်ကျွေးလေ သည်။ သို့တိုင်လည်း ခင်စန်းကြည်မှာ ကလေးအား ဘေးဥပါဒ် ဖြစ်စေ တတ်သော အစားအစာ များကိုစားကာ ညဘက်တွင် နို့ဖျော်မတိုက်ဘဲ သူမ၏ နို့ချိုကို တိုက်ကျွေး လေရာ ကလေးမှာ ၀မ်း မမှန်သောရောဂါ စွဲကပ်လာလေတော့၏။.
    ထိုကိစ္စနှင့်ပတ်သက်၍ ခင်စန်းကြည်နှင့် ကျွန်တော် စကားများကြသည်။ ကျွန်တော်က ဆဲရေးကြိမ်းမောင်း ကာ နှင်ချမိသောကြောင့် ခင်စန်းကြည်က ကလေးကိုချီ၍ သူမ၏ မိဘများအိမ် သို့ ဆင်း သွားလေ၏။
    ကျွန်တော်မှာ သူမ ဆင်းသွားခြင်းအတွက် ၀မ်းသာမိသော်လည်း ကလေးအတွက် စိုးရိမ် နေမိသည်။ ကလေးအား ခင်စန်းကြည်သည် ဘယ်နည်းနှင့်မျှ ဂရုစိုက်မည်မဟုတ်။ ထို့ကြောင့် ကလေးသည် သက်တမ်းစေ့ မနေရဘဲ အသက်တိုတော့မည့် အရေးကို တွေးတောကာ စိတ်မော နေခဲ့ရပြန်လေသည်။

    အဖေ၊ အဘွားနှင့် အဘိုးလေး၊ အဘွားလေးတို့ပါ ကလေးအတွက် စိတ်မချမ်းသာဖြစ်ကြ ရသည်။
    “ဒီကောင်မ မကောင်းပေမယ့် ကလေးတော့ သနားစရာကောင်းတယ်”
    အဘွားလေးကပြောသည်။
    “ဟုတ်တယ် အမေ၊ ကလေးကို သွားခေါ်လိုက်ပါလား။ ကျွန်မတို့နို့ဘူးနဲ့ မွေးကြတာပေါ့”
    အဘွားလေးသမီးကလည်း ပြောသည်။
    “ငါလိုက်ခေါ်မယ်ကွာ။ သူ့အမေပါ ခေါ်ခဲ့မယ်”
    အဘိုးလေးသည် ပြောပြောဆိုဆို နေရာမှ ထသါားလေသည်။ မိနစ် ၂၀ ခန့်ကြာလေလျှင် အဘိုးလေးနှင့် အတူ ခင်စန်းကြည်သည် ကလေးကိုပိုက်၍ ရောက်ရှိလာတော့သည်။

ကျွန်တော့်မှာ ပြဿနာပို၍ ကြီးလေးလာရပြန်သည်။ ခင်စန်းကြည်မှာ အိမ်ထောင်မှုကို မထိန်းသိမ်းတတ်ရုံ ဆက်ဆံမှု ညံ့ဖျင်းရုံသာ မဟုတ်ဘဲ သားသမီးအပေါ်တွင်လည်း ဂရုတစိုက်မရှိဘဲ ပစ္စလက္ခတ် ထားတတ်သူဖြစ် ၍ နေပြန်သည် မဟုတ်ပါလား။
    ကျွန်တော်မှာ ခင်စန်းကြည်အပေါ်၌ ပို၍ပို၍ စိတ်ပျက်လာသော အခါ အလည်အပတ်များလာသည်။ တစ်ခါတစ်ခါ တွင် အိမ်သို့ပင် ပြန်၍ ညမအိပ်တော့ဘဲ ကြုံရာ၌သာ သူငယ်ချင်းများနှင့် အိပ်စက်နေလေ့ရှိရာ ခင်စန်းကြည်မှာ စိတ်ညစ်ရရှာပြန်လေသည်။
    ကျွန်တော်က သူမအား ကလေးကို ဂရုစိုက်ရန်၊ အချိန်မှန် နို့တိုက်ရန်၊ ကလေးနှင့် မသင့် တင့်သော အစားအစာ မစားမသောက်ရန်ပြောသည်။ သူမက ကျွန်တော် မကြိုက်သည်များကို မလုပ်ပါဟု ကတိပေးသည်။ ဒါပေမယ့် ကတိမှာ ကတိသာဖြစ်၍ လက်တွေ့၌ကား သူထင်ရာ လုပ် သည်သာ။

ယင်းသို့ရှိစဉ်အတွင်း ခင်စန်းကြည်၏မိခင် သေဆုံးလေသည်။ သူမ အဖေက သမီးအကြီး ဖြစ်သူ ခင်စန်းကြည် အား မောင်၊ ညီမများကို အုပ်ထိန်းရန် အိမ်ထောင်မှု ထိန်းသိမ်းရန် ပြန်ခေါ် သည်။ ကျွန်တော့် အားလည်း သူ့အိမ်တွင်လာနေ၍ သူ့လုပ်ငန်းများ ကူညီလုပ်ကိုင်ရန်ခေါ်သည်။ ဒါပေမယ့် ကျွန်တော်က ကျွန်တော့်အိမ် မှ အလုပ်များကိုသာ လုပ်ကိုင်၍ အိမ်မှာပင်စားပြီး ညလောက်သာ သူတို့အိမ်သို့ သွားအိပ်သည်။
    ထိုအိမ်၌ တစ်လလောက်နေမိသောအခါ ခင်စန်းကြည်မှာ မောင်၊ ညီမများနှင့် မသင့်မတင့် ဖြစ်သည်။ နောက် သူမအဖေနှင့်ပါ မသင့်မြတ်တော့ဘဲ ကျွန်တော့်အိမ် သို့ ပြန်လည်ပြောင်းရွှေ့ ခဲ့ လေသည်။
    ကျွန်တော်၏ဘ၀ မသာယာပုံများကို နှင်းအေးအား ကျွန်တော်က ပြောပြသောအခါ နှင်းအေးသည် ကျွန်တော့် ကို ကြင်နာသော မျက်လုံးရွဲကြီးများဖြင့် စိုက်၍ ကြည့်နေတတ်သည်။

    “ငါဟာ နင့်လို မိန်းမသားတစ်ယောက်ဖြစ်ရင် ကောင်းမယ် နှင်းအေးရယ်။ ကိုယ် စိတ်တိုင်း မကျတဲ့ လူနဲ့မနေ ဘဲ ကိုယ့်အမေအိမ် ကိုယ်ပြန်လာခဲ့ရင် ပြီးတာပဲ”
    တစ်နေ့တွင် ကျွန်တော်က ခံစားနေရသော စိတ်သောက ဝေဒနာများကို ဖွင့်ထုတ် ရင်း နှင်းအေးအား ပြောပြလိုက်ပါသည်။
    “မောင်န်းကလဲ ပြောင်းပြန် ပြောပြန်ပြီဟယ်။ ယောက်ျားက သာပြီး လွယ်တာပေါ့။ မိန်းမ တစ်ယောက် မနှစ်သက်ရင် ကွာပစ်လိုက်ပြီး နောက်တစ်ယောက်ယူ။ ဘယ်သူမှ မကဲ့ရဲ့ပါဘူး။ မိန်းမသာ ခက်တာ။ လင်တစ်ယောက် ကို ကိုယ်ဖြတ်ချင်လို့လည်း ဖြတ်မရဘူးမို့လား”

    “ဒါပေမယ့် နင် နေလို့ရသားပဲဟာ”
    “ခု ငါ ဟိုကောင်ကို မချစ်ဘဲနဲ့ ပြန်ပေါင်းရဦးမယ်”
    “ဟင် ဘာပြုလို့လဲ”
    ကျွန်တော်က အံ့အားသင့်စွာ မေးလိုက်ပါသည်။
    “သူ့အဖေက သူ့သားနဲ့ ပြန်မပေါင်းရင် တို့အိမ်ကြီးကို တို့အပေါ် အရင်ကထားရှိတဲ့ အကြွေးနဲ့ သိမ်းမယ်လို့ ခြိမ်းခြောက်နေ တယ်”
    “သြော် အရင်က လျော်ပစ်မယ်ဆိုတ့ ကြွေးတွေလား”
    “အေး အဲဒါပဲပေါ့။ လျော်ပစ်မယ်ဆိုတာက တရားဝင်မှ မဟုတ်ဘဲ၊ ငါသူ့သားနဲ့ အတူနေတုန်းသာ ဒီကြွေး ကို မယူတာ။ သူ့သားနဲ့မနေတော့ ဒီကြွေး ပြန်တောင်းပြန်တာပဲ။ အဲဒီတော့ အဖေအမေနဲ့ ကလေးတွေ ဒုက္ခမဖြစ်ရအောင် ငါ့ဘ၀ကိုပဲ အနစ်နာခံလိုက်တော့မယ်လို့ စိတ်ကို ပိုင်းဖြတ်လိုက်တယ်”

    ကျွန်တော်သည် သက်ပြင်းကို လေးတွဲစွာဆွဲ၍ ချလိုက်မိပါသည်။ နှင်းအေးအတွက်လည်း ရင်နာလှ၏။ ဓနကြေးငွေ ကြွယ်ဝသူတို့သည် နေရာတကာ၌ အချုပ်အချယ်များနှင့် ထားရှိပါကလား ဟုလည်းတွေးတော မိနေတော့သည်။
    “မင်းနဲ့ ငါနဲ့တော့ ကံအကျိုးပေးပုံချင်း တူလှပါတယ်”
    နှင်းအေး က ဤသို့ပြောပြီး ကျွန်တော် မျက်နှာကို ငေးကြည့်နေလေရာ သူမ၏ မျက်လုံး အိမ်တွင် မျက်ရည် များ စိုဝိုင်း၍ လာလေတော့သည်။
    “ဒီလိုပဲလေ ဘ၀က ပေးအပ်တဲ့ဒဏ်ကို ခံကြရမှာပဲ။ ဘ၀ဆိုတာ ကိုယ်ဖြစ်ချင်သလို ဘယ် တော့ မှ ဖြစ်မလာဘူး။ သူဖြစ်ချင်တာတွေပဲ လျှောက်ဖြစ်နေတော့တယ်”
    ကျွန်တော်က ညည်းသံနှင့် ပြောလိုက်ပါသည်။
    “ငါ သေချင်တယ် မောင်ဆန်း။ ငါ သေပစ်လိုက်ရင် ဒီဝဋ်ကြွေးက ကျွတ်သွားမှာပဲ”
    နှင်းအေးက အက်ကွဲဆို့နင့်သံနှင်ပြောလေရာ ကျွန်တော်၏ အသည်းနှလုံးမှာ နာကျင်၍ သွားမိလေသည်။ ကျွန်တော် သည် စိတ်ရိုင်းစိတ်မိုက်များပင် ၀င်၍လာသည်။ ဘာပဲဖြစ်ဖြစ် နှင်းအေး အားအတင်း အဓမ္မ ပေါင်းသင်းပစ်လိုက်ချင်သည်။ ဤသို့ နှင်းအေးနှင့် ကျွန်တော် ဆက်ဆံ ပေါင်းသင်းလိုက်ရခြင်းဖြင့် ကျွန်တော်တို့ ၌ ကျရောက်နေသော ကြမ္မာဂြိုဟ်ဆိုးများ ပြယ် ပျောက်သွားလိမ့်မည်ဟု ကျွန်တော်က ထင်မှတ်နေမိသည်။

ကျွန်တော်သည် အချစ်ရည်ရွှန်းတောက်ပသော မျက်လုံးများဖြင့် နှင်းအေးကို စိုက်ကြည့်နေမိသည်။ သူမသည် ကျွန်တော့်အား အံ့အားသင့်သော အမူအရာနှင့် ပြန်ကြည့်နေ သည်။ ကျွန်တော့်စိတ်များ မရိုးမရွ ဖြစ်လာ၏။ နှင်းအေး၏ အချိုးအဆစ်ကျသော ကိုယ်ကလေးကို သိမ်းကြုံးပွေ့ဖက်ပြီး ပါးနှစ်ပြင်ကို ဘယ်ပြန် ညပြန် အားရအောင် မွှေးပစ်လိုက်ချင်သည်။
    ယင်းသို့ ရှိစဉ် ကျွန်တော်တို့အနီးသို့ နှင်းအေး၏ ညီမငယ်ရောက်ရှိလာသောကြောင့်သာ ကျွန်တော်မှာ စိတ်နောက်ကိုယ်ပါ မဖြစ်ခဲ့ရဘဲ စိတ်ရိုင်းကို ထိန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ပါလေ၏။

ကျွန်တော်မှာ သားတစ်ယောက်၏ ဖခင် အိမ်ထောင်ရှင်ဘ၀၌ တည်ရှိနေသော်လည်း အိမ် ထောင်ရေးတွင် အလေးအနက်ထားချင်စိတ်မရှိသေးပေ။ ဤအချိန်၌ ကျွန်တော်၏ ဇနီးသည် ကျွန်တော်၏ ချစ်သူဖြစ်လျှင် ၎င်း၊ ကျွန်တော်သည် အိမ်ထောင်ရေး၌ လေးနက်လာပေမည်။ စီးပွား ရေးကို ကြိုးပမ်းချင် စိတ် ဖြစ်ပေါ်လာရပေမည်။ ယခုတော့ ကျွန်တော်မှာ လည်ကာပတ်ကာ နေချင် သောစိတ်ကသာများ၍ အိမ်သို့လည်း တယ်မကပ်ချင်၊ စီးပွားရေးလည်း လုံးဝဂရုမထားပဲနေခဲ့ သည်။
    ကျွန်တော့်အစ်ကို ကိုသန်းမောင်မှာ လှည်းကူးအင်္ဂလိပ်ကျောင်းမှ ၆ တန်းမှ ကျောင်းထွက် လာပြီး ကျွန်တော်တို့နှင့် ဆွေရိပ်မျိုးရိပ်မကင်းသူ အမျိုးသမီးတစ်ယောက်နှင့် အိမ်ထောင်ကျလေ သည်။ သူ၏ ဇနီးမှာလည်း ကျွန်တော့် ဇနီးကဲ့သို့ပင် ဆိုဆုံးမ၇န် ခက်ခဲခြင်း၊ လူမှုဆက်ဆံရေး ညံ့ ဖျင်းခြင်းတို့ကြောင့် သူလည်း အိမ်ထောင်ရေး၌ သာယာမှုမရှိဖြစ်နေကာ မိဘကျွေးစာကိုသာ စားသောက်နေထိုင်သူဖြစ်နေရ၏။ ကိုသန်းမောင် မှာ တူရိယာဘက်၌ တော်သူဖြစ်သောကြောင့် ၀ါသနာပါသူများ ၀ိုင်းဖွဲ့ကာ ညများတွင်စု၍ တီးမှုတ်ကြလေသည်။ ကျွန်တော်မှာလည်း ထိုတီးမှုတ် ၀ိုင်း၌သာ အချိန်ကုန်ရ၏။ ဒါပေမယ့် ကျွန်တော်က တူရိယာကို ကောင်းစွာ တီးမှုတ်တတ်သူ မဟုတ်ချေ။ စည်းတီး၊ ၀ါးတီးလောက်သာ လုပ်တတ်ပေသည်။

    ခင်စန်းကြည်သည် ကျွန်တော် ညဥ့်နက်၍ အိမ်မပြန်လျှင် တီးဝိုင်းသို့လာပြီး ဆူဆူပူပူ လုပ်တတ်လေ သည်။ ဤသို့ လုပ်လျှင် ကျွန်တော်က ပို၍အရွဲ့တိုက်ပြီး တစ်ညဥ့်လုံး မပြန်ဘဲ ကြုံရာ၌ အိပ်ပစ်လိုက်ပါတော့၏။
    အဖေသည် ကျွန်တော့်အား သုံးခါလေးခါ ဆုံးမစကားဆိုဖူးသည်။ ဒါပေမယ့် ကျွန်တော်က နားမထောင် ခဲ့။ ပျော်သလိုသာနေသည်။ ထို့ကြောင့် အဖေကလည်း ကျွန်တော့်ကို လက်လျော့ ထားရလေတော့သည်။
    ကျွန်တော့်မှာ ဇနီးရှိလျက်နင့် ထမင်းချက်ရသော အလုပ်ကိုလည်း မလုပ်ချင်တော့။ နှစ်ရှည်လများ အိမ်ထောင် ထိန်းသိမ်းရသော တာဝန်ကိုလည်း စိတ်ပျက်လာသည်။ ထို့ကြောင့် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ ခင်စန်းကြည် ချက်သမျှကိုပဲ စားသည်။ အဖေသည် အစားအသောက် အချိန်မှန် မစား ရခြင်း၊ ဟင်းများညံ့ဖျင်းခြင်း၊ မကုန်သင့်သည်တို့ ပို၍ကုန်ခြင်း ကြောင့် စိတ်မချမ်းမသာ ရှိနေသည်။ ဒါပေမယ့် ကျွန်တော်သည် ဘာကိုမျှ ပြန်လှည့်မကြည့်ပဲ နေ့ခင်းခြင်းလည်ခတ်၊ ညတီးဝိုင်းလိုက်နှင့် ပင် နေလိုက်သည်။

အမှန်တော့ ကျွန်တော်သည် အဖေ့အား ဒဏ်ပြန်ခတ်ခြင်းပင်ဖြစ်၏။ သမီးရှင်တို့၌ ငွေကြေး ချမ်းသာသည်၊ ဂုဏ်ရှိသည် ဆိုသော အချက်ကိုသာကြည့်ပြီး ချွေးမလောင်း၏ အရည် အချင်းကို နားမလည်တတ်သော အဖေ အား ကျွန်တော်က လက်တွေ့ပြနေခြင်းပင်ဖြစ်ပါသည်။

ကျွန်တော်မှာ အလည်အပတ်များလေရာ အပေါင်းအသင်းစုံ၍လာသည်။ အရက်သေစာ များကို လည်း သောက်စားတတ်လာသည်။ ယင်းသည်ပင်လျှင် အိမ်ထောင်ရေး မသာယာမှုကြောင့် ကျွန်တော့်ဘ၀ ပျက်စီးခြင်း ၏ အစပေတည်း။
    နွေရာသီ၌ ကျွန်တော်ထင်သလိုနေခဲ့သော်လည်း မိုးရာသီသို့ ရောက်ရှိလာသောအခါ ကျွန်တော် လယ်ထဲ သို့ လိုက်ရသည်။ ခင်စန်းကြည်မှာ ရွာရှိအိမ်ကြီး၌ပင် နေခဲ့၏။ ထိုအခါ၌ အဘွားလေးတို့သည် ကျွန်တော်တို့ အိမ်ကြီး တွင် မနေကြတော့ဘဲ အိမ်သစ်ဆောက်၍ ပြောင်းရွှေ့ သွားလေပြီ။ အိမ်ကြီးတွင် အဘွားနှင့် ခင်စန်းကြည် တို့သာ နေထိုင်ကြ၏။ ကျွန်တော်မှာ နံနက် လယ်ထဲသို့သွား၍ ညအိမ်ပြန်အိပ်ရသည်။

ဆက်ရန်
.

No comments: