Tuesday, January 1, 2013

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၂၄)

 ခုတော့ လည်း တစ်မျိုးပြောင်းလဲပြန်လေပြီ။ ကျွန်တာ် ဘာလုပ်ရမည်နည်း။
ဘာဆက်လုပ်ရမည်နည်း။
နောက်ဆုံး သန်းသန်းထံမှ စာကို ကျွန်တော်ယူ၍ ကိုအုန်းမောင်ထံသို့ လာခဲ့သည်။ အခန့်သင့်ပင် ကိုအုန်း မောင် သည် အိပ်ရာထဲတွင် မစာဥ စာအုပ်ကို ဖတ်လျက် တွေ့ရသည်။
ကို ဆက်ဖတ်ရန် ........

"မြလှိုင် မင်းမိန်းမခိုးမယ့် ကိစ္စ ပျက်သွားပြီမဟုတ်လား"
ကိုအုန်းမောင်သည် ကျွန်တော့် အမေးကို မဖြေသေးဘဲ သူ့အိတ်ထဲမှ စာတစ်စောင်ကို ကျွန်တော့်ထံ ပစ်ပေးလိုက်သည်။ ကျွန်တော်သည် စာကိုမြင်လိုက်သည်နှင့်ပင် ဤစာသည် ချစ်သူ သန်းသန်းထံမှ စာဖြစ်ကြောင်း သိ လိုက်မိပါသည်။

ကိုအုန်းမောင်ရှင့်

သူ့ဆီက စာရလို့ စစ်တပ်ထဲ ပြန်ဝင်မယ်လို့ သိရပါတယ်။ ကျွန်မလဲ စစ်တပ်ထဲကို စိတ်ချလက်ချ ဝင်ရောက်ပြီး သူပြန်လာတဲ့အထိ သစ္စာရှိစွာ စောင့်နေမယ်လို့ အကြောင်း ပြန်လိုက်ပါတယ်။
ကျွန်မအနေနဲ့ ခုလို အကြောင်းပြန်ရတာဟာ စင်စစ်တော့ စိတ်မကောင်းစရာပါ ပဲ။ ဒါပေမယ့် သူ့မှာ ကျွန်မအတွက် သံယောဇဉ်တွယ်ပြီး တိုင်းပြည်တာဝန်တွေ ပျက်ကွက် မှာ စိုးရိမ်မိလို့ ခုလိုရေးခြင်း ဖြစ်ပါတယ်။ ကျွန်မဘဝမှာ သူကလွဲပြီး ဘယ်ယောက်ျားကို မှ ချစ်မယ်မဟုတ်ပါဘူး။ ဒါကို ကိုအုန်းမောင်ရဲ့ အချစ်ဆုံး သူငယ်ချင်းကို နားလည် သဘောပေါက်အောင် ပြောပြပေးပါနော်။

သန်းသန်း

ချစ်သူ၏ စာကိုဖတ်ရင်း ကျွန်တော် မျက်ရည်များ ဝိုင်းလာမိသည်။ သန်းသန်းရေး ထားသော စာတွင်သူ ကျွန်တော်နှင့် လောလောဆယ် မလိုက်ခြင်းသည် သူ့အတွက် ထက် ကျွန်တော် ထမ်းဆောင်လျက်ရှိသော တိုင်းပြည်တာဝန်ကို ငဲ့၍ ဖြစ်ကြောင်း သိ ထားလိုက်ရပါသည်။ ကျွန်တော်သည် ဖတ်ပြီးစာကို ကိုအုန်းအောင်လက်ဝယ်သို့ ပြန်ပေး ပြီး ကိုအုန်းမောင်၏ သဘောထားကို သိရန် စောင့်ဆိုင်းနေမိသည်။
 "သန်းသန်း စာထဲကအတိုင်း မင်းတပ်ထဲ ပြန်သွားပြီး နောက်များ အခြေတကျ ဖြစ်ပြီ ဆို တော့ ပြန် လာခေါ်ပေါ့ကွာ၊ သူက မင်းအတွက် အမြဲအဆင်သင့်ပဲဟာ"
"ခု ခေါ်သွားလဲ ဖြစ်တာပါပဲဗျာ"
"မြလှိုင် မင်းဇွတ်လုပ်ချင်တဲ့စိတ် သိပ်မများပါနဲ့ကွာ၊ ဘာဖြစ်လို့လဲဆိုတော့ မင်းတပ်ထဲ ရောက်ရင် သန်းသန်းကို ထားပြီး မင်းစစ်တိုက်တွက်ရမှာပဲလေ၊ အဲဒီအခါမှာ မင်းပိုပြီး စိတ်ဆင်းရဲလာလိမ့်မယ်၊ တာဝန်တွေ ပျက်လာ လိမ့်မယ်၊ အေး-တစ်ခုပဲရှိတယ်။ စစ်တပ် ထဲ မဝင်တော့ဘူး၊ နိုင်ငံရေး နယ်ထဲမှာပဲ တို့များနဲ့ အတူတ လုပ်မယ် ဆိုရင်တော့ သန်း သန်းကို မနက်ဖြန် ငါလိုက်ခိုးပေးမယ်ကွာ၊ ကိုင်း- ဘယ်လိုတုန်း"

ကိုအုန်းမောင် ပြောစကားများကို ကျွန်တော် လေးလေးနက်နက် စဉ်းစားမှု ပြုလာရပါ သည်။ ကျွန်တော်တို့တစ်တွေ ယနေ့ စစ်ထဲဝင်သည်မှာ ဗမာပြည်လွတ်လပ်ရေး ရရှိစေရန် အတွက် မဟုတ်ပါလား။ အခုအချိန် သည် ဗမာ့လွန်လပ်ရေးကို ဖျက်၍ ဗမာ့ကာကွယ်ရေး တပ်မတော် အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး နောင် မြန်မာနိုင်ငံ တစ်ဝန်းလုံး နယ်ချဲ့သမားများ အား လိုက်လံ တိုက်ခိုက် ချေမှုန်းနေချိန် ဖြစ်ပါသည်။ ကျွန်တော်တို့လည်း တပ်ထဲသို့ရောက် သည်နှင့် တစ်ပြိုင်နက် တိုက်ပွဲဝင်ကြ ရမည် အမှန်ပင်။
"ကောင်းပြီလေ၊ ကျွန်တော် တပ်ထဲပဲ ဝင်ဦးမယ်"
"အေး... မင်း တော်တော်လိမ္မာလာပြီပေါ့၊ ဝမ်းသာတယ် မြလှိုင်၊ ယောက်ျားဆိုတာ ငုတ်မိ သဲတိုင် တက်နိုင်ဖျားရောက် ပဲကွ၊ မိန်းမဘယ်အချိန်ယူယူ ရပါတယ် သူငယ်ချင်းရာ"
ချစ်သူနှင့် ဝေးခဲ့ရပြန်ပါပြီ။

ကျွန်တော်တို့တစ်တွေ ရန်ကုန်သို့လာရန် မီးသင်္ဘောဟူ၍ လုံးဝမရှိသဖြင့် ကျွန်တော်တို့၏ ဦးလေးဖြစ်သူ ဦးစစ်ပိုးက သူဌေးဦးဖိုးလှပိုင် တုံကင်းကြီးဖြင့် သယ်ယူပို့ဆောင်ပေးပါသည်။ ထိုအချိန်က ဖျာပုံမြို့နယ်တွင် ပုဂ္ဂလိကပိုင်မော်တော်များ အများအပြား ရှိသော်လည်း ဗမာ့ လွတ်လပ်ရေး တပ်မတော်နှင့် ဂျပန်တပ်များမှ သိမ်းယူသွားသဖြင့် လူထုသွားလာမှုကို လှေသမ္ဗန်များကိုသာ အားကိုးကြရပါသည်။ ထို့အပြင် အင်္ဂလိပ် အစိုးရပိုင် ဧရာဝတီဖလုပ် တီးယားပိုင် သဘောင်္များမှာလည်း အင်္ဂလိပ်တို့ ဆုတ်ခွာစဉ်ကပင် တစ်ပါတည်း ယူဆောင် သွားခဲ့ပြီး ဖြစ်ပါသည်။
တုံကင်းပေါ် တွင် ကျွန်တော်တို့ စုစုပေါင်း ၁၇ယောက် ပါလာသည်။ ကျွန်တော်တို့ကို လမ်း တွင် ဦးလေး စစ်ပိုး ကပင် ထမင်းများ ကျွေးမွေးခဲ့ရသည်။ ကျွန်တော်တို့ တစ်တွေအား တုံကင်းးကုလားများက နနွင်းရဲရဲ ငရုတ်သီး စပ်စပ် ပိုက်ချဖမ်းထားသော ငါးဖောင်ရိုးဟင်း ဖြင့် ကျွေးပါသည်။ အိမ်တွင်မစားဘူးသော ဟင်းဖြစ်သော် လည်း အလွန်မြိန်ယှက်၍ စား ကောင်းလှပါသည်။ ငရုတ်သီးစပ်လှသဖြင့် ကျွန်တော့်ကိုယ်တွင် ချွေးများရွှဲလျက် ရှိပါ သည်။

"မောင်မောင် မင်းစစ်တပ်ထဲမှာ ဒါထက်ညံ့တဲ့ ထမင်းဟင်း စားရလိမ့်မယ်ကွ၊ ခုထဲက ကျင့်သားရအောင် စားထား ကွ"
ဦးလေး ဦးစစ်ပိုးသည် ကျွန်တော့်ဘဝ တစ်လျှောက်လုံး မိဘငွေကြေးသုံးချင်တိုင်းသုံး ဖြုန်း ချင်တိုင်းဖြုန်းခဲ့သော သူဌေးသား ဘဝကို စွန့်လွှတ်ခြင်း၏ ရလဒ်ကို လက်တွေ့ပြ၍ ဆုံးမ နေခြင်း ဖြစ်ပါသည်။ ကျွန်တော် ကျင်လည်ခဲ့သော အတိတ်က ဘဝဟောင်းများသည် ယနေ့ ကျွန်တော့် မျက်မှောက်ဘဝတွင် လုံးဝ ဆန့်ကျင်လျက် ရှိနေပါသည်။ ယခုဗမာ့ ကာကွယ်ရေးတပ်မတော်သို့ ဝင်ရောက်ခြင်းသည် ကျွန်တော့် ဘဝလမ်းကြောင်း ၏ တစ်ချိုး တစ်ကွေ့ ဖြစ်ပါချေသည်။
ကျွန်တော့်နဖူးပြင် မှ ချွေးများသည် ထမင်းပန်းကန်ထဲသို့ တပေါက်ပေါက် ကျဆင်းလျက် ရှိသည်။ ကျွန်တော့် အတွေးမျှင်တွင် ရစ်ဖွဲ့ပိုင်စိုးသော ချစ်သူသန်းသန်းကို အလေးအနက် ထားကာ မိခင်ကိုလည်းကောင်း၊ အသက်ပေး ချစ်သော ချစ်သူကိုလည်းကောင်း၊ သံယော ဇဉ်ဖြတ်၍ မိမိဆုံးဖြတ်ချက်ဖြင့် စစ်တပ်ထဲသို့ ဝင်ရောက် လာခဲ့ခြင်းကို ကျွန်တော့် ဦးလေး ဦးစစ်ပိုးက မသိ၍ အထက်ပါ သတိပေး စကား ပြောဆိုခြင်း ဖြစ်ချိမ့်မည်။ ကျွန်တော့် နှလုံးသား ကျွန်တော်အားမာန်တို့သည် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲ အတွက် သေနတ်ကို ကိုင်လျက် ရှိနေပါပြီ။

"ဟေ့ကောင်ကြီး တုံကင်းကုလားဟင်းကို စားနိုင်ရဲ့လား"
"စားနိုင် လို့ စားနေတာပေါ့ဗျ၊ ရှူး ရှူး...."
"ငါက သနားလို့ မေးနေတာပါကွာ... ခုမင်းဘဝနဲ့မင်း နေထိုင်လာခဲ့တဲ့ ဘဝဟာ မိုးနဲ့ မြေကြီးလိုမို့ တို့တစ်တွေ အားလုံး က မင်းကို သနားနေကြတယ်"
ကိုထွန်းရင် ၏ စကားကို ကျွန်တော် စူးစိုက်နားထောင်နေလိုက်မိသည်။ အမှန်ကလည်း ကိုထွန်းရင် ပြောသကဲ့ သို့ ကျွန်တော့်ဘဝဟောင်းသည် ရွှေလင်ဗန်းနှင့် အချင်းမဆေးရ သည့်တိုင်အောင် ပန်းခင်းသော လမ်းကဲ့သို့ သာယာသော ဘဝဖြစ်သည်။ မိဘ အရိပ်အာဝါ သအောက်တွင် ဖြစ်၍လည်း မိမိအားထုတ်မှု မပါဘဲ တင့်တယ် လှပခဲ့သည်။
ယခု
မျက်မှောက် ကျွန်တော် လှုပ်ရှားရုန်းကန်သော ဘဝ။

မကြာသေးလှသော အချိန်တွင် မြန်မာပြည်၏ နိုင်ငံရေး အခြေအနေများသည် လျှပ်ပြက် သကဲ့သို့ ရုတ်ချည်းပြောင်းလဲခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ရဲဘော် သုံးကျိပ်တို့သည် ဗမာ့လွတ်လပ်ရေး ၏ မီးရှူးတန်ဆောင်အဖြစ် ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးကို ဖွဲ့စည်းကာ မဟာမိတ် ဂျပန်တို့နှင့် လက်တွဲ၍ နယ်ချဲ့အင်္ဂလိပ်တို့အား မြန်မာ့မြေပြင်ပေါ်မှ မောင်းထုတ်ရန် ရောက်ရှိလာခဲ့ကြသည်။ ထိုအခြေအနေ များကို ငုံ၍ ကျွန်တော်တို့တစ်တွေ တပ်မတော်အတွင်းသို့ ဝင်ရောက်ခဲ့ကြကုန်သည်။
ထိုအခါ
ကျွန်တော် ဆိုသော မောင်မောင်။
မိဘငွေ ကို ရေလိုသုံး၍ မိန်းကလေးတွေကို တစ်ယောက်ပြီးတစ်ယောက် ရည်းစားပြုကာ ရေစုန်သာယာခဲ့သော အနှီမောင်မောင်။
မိခင်ကြီး ၏ ကြိုးပမ်းမှုဖြင့် ကျောင်းသား နိုင်ငံရေးလုပ်ရင်း အပေါင်းအသင်းဟောင်းများ၏ လက်တွဲခေါ်ယူမှုဖြင့် နယ်ချဲ့ ဆန့်ကျင်ရေး တွင် ပါဝင်ခဲ့သော မောင်မောင်တစ်ယောက် ဗမာ့ လွတ်လါပ်ရေး၏ သားကောင်းအညွှန့် အဖြစ်သည်ရဲဘော် မောင်မောင်တစ်ယောက် ဘဝ သို့ မွေးဖွားလာခဲ့သည် မဟုတ်ပါလော။
ကျွန်တော်သည် နဖူးမှ ချွေးများကို လက်ဖမိုးနှင့် သုတ်လျက် အပြုံူးများစွားဖြင့် ကိုထွန်းရင် နှင့်တကွ ရဲဘော်သူငယ်ချင်းများ အားလုံးကို ကြည့်လိုက်သည်။
"စစ်သား မဟုတ်လားဗျ၊ သူဌေး ဒေါ်ကြင်မြိုင့်သား မဟုတ်တော့ဘူး။ မြေအုတ်တို့ ပြိုလေ ရာ ကျောက်အုတ်ဖြင့် အစားထိုးအံ့ဆိုသလို စစ်သားတစ်ယောက် ဖြစ်လာမှတော့ အများ နည်းတူ ဆင်းရဲခံနိုင်ရမယ်"

ကျွန်တော့်စကားသံကြောင့် အားလုံးသော ရဲဘော်များ လက်ခုပ်သြဘာတီး ၍ ကောင်းချီး ပေးလိုက်ကြသည်။ ဆေးလိပ်ခဲ၍ ထမင်းလုံးစီနေသော ကျွန်တော့်ဦးလေး ဦးစစ်ပိုးသည် သူ့ မျက်ပေါက်ကျဉ်း ကလေးကို ဖွင့်၍ ကျွန်တော့်စကားများကို လေးနက်စွာ ထောက်ခံ သည့်အနေဖြင့် သူ့ခေါင်းကို တဆတ်ဆတ် ညိတ်လျက် ရှိပါသည်။
အတိတ် ဆိုသည်မှာ တကယ်တော့....
လွမ်းဆွတ် တသရန် မဟုတ်။ တစ်နေ့တစ်ချိန်က တစ်ဘဝအဖြစ်သာ ကျန်ရစ်ခဲ့သော မှတ်တိုင်ဟောင်း တစ်ခုသာလျှင် ဖြစ်သည်။ အတိတ်ကိုတမ်းတခြင်းသည် မျက်မှောက်ကို ဆန့်ကျင်ခြင်းသာ မြည်သည်။ ကျွန်တော့်ဘဝ သည် အတိတ်နှင့် ပစ္စုပ္ပန်ကြားတွင် ခြားနား ချက်ကြီး ရှိနေပါသည်။ ထိုထက် ကျွန်တော်၏ ပစ္စုပ္ပန် သည်သာ ကျွန်တော့်အတွက် အရှင် သခင်ဖြစ်ပါသည်။
တုံကင်းကြီး သည် လေအရှိန်ဖြင့် ရွက်ဖွင့်ထားသည့်ဘက်ကို ဦးတည်ကာ တရိပ်ရိပ် ပြေး လွှားလျက်ရှိပါသည်။ ကမ်းပေါ်မှ လမုပင်များသည် တုံကင်းကြီး၏ အပြေးကို လက်ပြနှုတ် ဆက်နေသည့်နှယ် ရှိချေသည်။ ကောင်းကင်ပြာသည် တိမ်ဖြူတို့ကို အဆုပ်လိုက် ဖြန့်ကြဲ လျက် ရှိသည်။ တစ်ချက်တစ်ချက် တုံကင်းကုလား၏ တေးညည်းသံသည် ကျွန်တော့် အတွေး နယ်နိမိတ်အတွင်းသို့ ချဥ်းနင်းဝင်ရောက်လာတတ်သည်။ ကျွန်တော်သည် မိမိ နားမလည်သော်လည်း ဂီတ၏ သဘောကြောင့် ကုလားသီချင်း ညည်းတွားသံတွင် နစ်မျောမိသည်။

လမ်းခရီးသည် ရှည်ြုကာသည်ဟု ထင်မှတ်စရာ၊ သစ်ပင်၊ လယ်ကွင်းရေပြင်များဖြင့်သာ ဝန်းရံကာဆီးထားပါသည်။ မိုးသားကို မျှော်ကြည့်တော့လည်း မိုးကုတ်စက်ဝိုင်းဆီသို့ ရောက်သည်အထိ အဆုံးအစ မရှိ။ ကျွန်တော်တို့ ဆိုသည်ကတော့ သည်နေ့လူဖြစ်၍ တစ် နေ့သေကြရမည့်ကြားကို ရည်ရွယ်ချက် များဖြင့်သာ လှုပ်ရှားရုန်းကန်နေကြကုန်သည်။
အချိန်နာရီ များ၊ နေ့ရက်များနှင့် များစွာစုစည်းထားသည့် လများ နှစ်များသည်ပင် ကျွန်တော်တို့ ဘဝအဆုံး အတွက် နောက်ဆုံးမှတ်တိုင်များ ဖြစ်တန်ရာ၏။ မကြာမီ ရောက် ရှိမည့် ရန်ကုန်ဆိုသောနယ်မြေသည် ကျွန်တော် တို့ သွားကြသော နိဂုံးသို့ ရောက်ကြရ မည်မှာ အမှန်။
ကျွန်တော့ အတွေးအိပ်မက်များသည် ဟိုမှသည်၊ သည်မှဟို ရောက်တတ်ရာရာ ရှိလှ သည်။ အတွေးသာ ဆိုသော် လည်း မည်မည်ရရကာလ မဟုတ်လေတကား။
"ကိုင်း... ရဲဘော်တို့၊ ပဲလှော်သုပ်နဲ့ လက်ဖက်ရည်ကြမ်း.... "
ကိုသောင်းအိ က ပဲလှောသုပ်ပန်းကန်နှင့် လက်ဖက်ရည်အိုးကို ကိုင်မ၍ ကျွန်တော့်ရှေ့တွင် လာချသည်။ ကိုရှိန်နှင့် ရွှေအိဝင်းမောင်တို့က အပိန်အလိမ် အကွဲအပြတ် နှုတ်ခမ်းပဲ့ ခွက် တိုခွက်စကို ကိုင် ၍ ရောက်လာကြသည်။

"ဟေ့... နောက်မှ ထလာတဲ့ကောင်တွေ ငတ်မယ်နော် ဒါပဲ"
"ဒီလို ဘယ်ရမလဲကွ လူစေ့ အလှည့်နဲ့ စားရမှာပေါ့"
"ဟေ့ကောင်... ရွှေအိဓ ဒါ စစ်တပ် မဟုတ်ဘူးကွ၊ သောက်ပျင်းထူလို့မထတဲ့ ကောင်တွေ အတွက် ဘာလုပ် ချန်ထားရမှာလဲ... "
ကိုသောင်းအိ သည် ပြောပြောဆိုဆို ဇွန်းကြီးနှစ်ဇွန်းကို ဆက်တိုက်ခပ်၍ လွေးလိုက်သည်။ ထိုအခါမှပင် မစားလိုက်ရ မှာစိုးသော ရဲဘော်များ အိပ်ချင်မူးတူးဖြင့် အပြေးရောက်လာကာ ဇွန်းအလှည့်ကို မစောင့်ကြတော့ဘဲ လက်နှင့်ဆုပ်ကာ အငမ်းမရ လုယူစားကြလေသည်။ ကျွန်တော့်ရှေ့မှ ပဲလှော်ပန်းကန်ကြီး သည် ကျွန်တော်ပင် မစားလိုက်ရဘဲ တက်တက် ပြောင်ပါလေသည်။ ကျွန်တော်သည် အလု အယက် နှိုက်ယူစားသောက်နေကြသည်ကို ကြည့်ရင်း ကြည်နူးပျော်ရွှင်ခြင်း ဖြစ်မိသည်။
အမှန်က ကျွန်တော်တို့တစ်တွေသည် ညီရင်းအစ်ကိုများသဖွယ် ပေါင်းစည်းမိကြသည်။ တစ်ယောက်နှင့် တစ်ယောက် ချစ်ခင် လေးစားလာကြသည်။ တစ်ယောက်အပေါ် တစ်ယောက် မာန်မာန ကင်းကြကုန်သည်။

"မောင်မောင်ရေ... ဟိုပျပျက ဖြူဖြူတွေဟာ ဘာလဲ သိလား"
ကျွန်တော် မှုန်ပျပျတွင်ရှိသော မည်းမည်းတောအုပ်ကလေးနှင့် ဖြူလက်လက်များကို ကြည့်မိသည်။ တစ်နေရာ ဆီမှ လွင့်တက်နေသော မီးခိုးတန်းကလေးကို မြင်မိသည်။ သို့ သော် အလွန်ဝေးကွာနေသဖြင့် သဲသဲကွဲကွဲတော့ မဟုတ်သေး။
"ရွာထင်တယ် ဦးလေး"
"အေးကွဲ့... အဲဒါ ကျိုက်ထော်ရွာကြီးပေါ့...."
ဦးလေး ဦးစစ်ပို လက်ညိုးညွှန်ရာသို့ ကြည့်လိုက်သောအခါ အိမ်ခေါင်မိုးလက်လက်ကလေး များ သည် နေရောင်တွင် တပြက်ပြက် မှန်ထိုးသကဲ့သို့ လက်ခနဲ လက်ခနဲ ဖြစ်သွားသည် ကို တွေ့ပါသည်။ ကျွန်တော် တို့ အရပ်ဒေသသည် ရှေးမွန်ဒေသ ဖြစ်ကုန်သည်။ ဤအရပ် ဒေသ အခေါ်အဝေါ်များသည် မွန်စကားရပ် များဖြင့် မှည့်ခေါ်ထားခြင်း ဖြစ်ကုန်သည်ဟု ဆိုကြကုန်သည်။ မြို့အမည်များ၊ ရွာအမည်များတွင် ကျိုက်ထော်၊ ကျိုက်လတ်၊ ကျိုက်ပိ၊ ကျိုက်ဖလဲ စသည် အများအပြား ရှိကြသည်။

"ကျိုက်ထော်မှာ ခဏရပ်ကြရအောင်လား... ဦးလေး..."
"ဘာလုပ်မလို့လဲကွ"
"တစ်ခုခု ဝယ်ခြမ်းစားရအောင်လားဗျာ၊ လက်ဖက်ရည်လေး၊ မုန့်ပဲသွားရည်စာလေးပေါ့၊ ကျွန်တော် အားလုံးအတွက် ဒကာခံပါ့မယ်၊ နော် ဦးလေး"
"ခဏဆိုပြီး အကြာကြီးနေလို့တော့ မဖြစ်ဘူးကွဲ့၊ ရန်ကုန်ကို နေမဝင်ခင်ရောက်ကြမှ ဖြစ်မှာ မဟုတ်တင် မောင်ရွှေဂျပန်တွေက ခူးခဲဂူးဂါနဲ့ ကမ်းပေါ်မှာ  စစ်လားဆေးလား လုပ်နေဦးမယ်... နောက်ပြီး စိတ်မထင် ရင် ပါးရိုက်တာကွ..."
"ဒီကောင်တွေ ရိုက်စရာ ရှားလို့ ပါးရိုက်ရတယ်လို့ဗျာ ကျုက်ကိုများ ပါးရိုက်ရင်တော့ ဒီရိုက်တဲ့ ဂျပန်ဓားနဲ့ အထိုးပဲဟေ့..."
ကျွန်တော်သည် ဦးစစ်ပိုးပြောသော စကားများထဲမှ ဂျပန်က ပါးရိုက်သည်ဆိုသော စကား ရပ်ကို အံ့သြနေမိသည်။ မြန်မာတစ်ဦး အနေဖြင့်လည်း ခံပြင်းနာကြည်းခြင်း ဖြစ်မိသည်။ မြန်မာလူမျိုးဆိုသည်ကား ပါးရိုက်ခံရခြင်း သည် ရှက်ဖွယ်လိလိ ပြုမှုခံရခြင်းဟု နားလည် သသေဘောပေါက်ကြကုန်သည်။ ယခု ဂျပန် များသည် အဘယ်ကြောင့် ကျွန်တော်တို့ မြန်မာလူမျိုးများကို ပါးရိုက်ခြင်း ပြုရပါသနည်း။ အခြားရိုက်ရန် နေရာ မရှိပါပြီလော...။

"ဦးလေး ဂျပန်တွေ ပါးရိုက်တယ် ဆိုတာ တကယ်လားဗျ"
"သြော်-မောင်မောင်ဆိုတဲ့ ကလေးကလည်း ငါက ဘာလုပ်မဟုတ်တာ ပြောရမှာလဲကွ၊ ရန်ကုန်ဆိပ်ကမ်းမှာ မင်းရောက်ရင် တွေ့လိမ့်မယ်။ ဒီမန်ချူးစစ်သားတွေဟာ အရိုင်းပဲ ဟေ့၊ အဲ သူတို့နားမှာ စကားပြန်လုပ်နေတဲ့ အလိုတော်ရိ ဂျပိုးလူလည်တွေက သာဆိုး သေးတယ် မောင်ရေ... သူတို့ လက်ညိုးထိုးရင် ဘုမသိဘမသိနဲ့ စစ်သားက ခေါ်တော့ တာပဲ၊ ပါးစပ်ထဲမှာ ကိုက်ထားတဲ့ ဆေးလိပ်ကို ပုတ်ချပြီး ပါးရိုက်တော့တာပဲ၊ ပါးရိုက်ခံရသူ က ဘာကြောင့် အရိုက်ခံရတယ်ဆိုတာ မသိလိုက်ရဘူး၊ နောက်ပြီး ကြက်တို့၊ ဘဲတို့၊ ဝက်တို့ဆိုရင်လည်း ဘာမပြော ညာမပြောဘဲ လုယူသိမ်းလိုက်တာပဲဟေ့၊ အဲဒါတွေဟာ သူတွေ့မဟုတ်ဘူးကွ... ငါတွေ့.. ငါတွေ့..."
"စိတ်မကောင်းစရာပဲ ဦးလေးရာ၊ ကျွန်တော်တော့  ကိုယ်အသားထိရင်တောလား ဖြစ်ချင် တာဖြစ် ခံချရမှာပဲ"
"ဟ မြလှိုင်ရ စစ်ဦး ဘီလူးလို့ ဆိုတာ မဟုတ်လားကွ၊ စစ်ကာလမှာ မိတ်ဆွေရန်သူ ဆိုတာ ဘယ် ခွဲခြားနိုင်ဦးမှာလဲ၊ ဒါလောက်တော့ သည်းခံနိုင်ရမှာပေါ့"

"အို မဟုတ်တာပဲဗျာ၊ တစ်ခုခုကို မေးမေးမြန်းမြန်းသာ ပြုရမှာပေါ့၊ ခုလို အရမ်းလုပ်လို့ ဘယ်ကောင်း မှာလဲ။ နောက်ပြီး ဆေးလိပ်မသောက်ရ၊ အရက်မသောက်ရ၊ ဘာမလုပ်ရ ဘာမလုပ်ရ ဆိုတာ လူတွေကို အသိပေးရဦးမှာပေါ့။ ကြော်ငြာတွေ ကပ်ရမှာပေါ့၊ ဘာပဲ ဖြစ်ဖြစ် ဒါ လူရိုင်းတွေ လုပ်တာဗျ...."
ကျွန်တော်တို့တစ်တွေ အငြင်းပွားမှုကြီးသည် တော်တော်နှင့်မပြီးနိုင်ဘဲ ငြင်းခုံစရာ အလုပ် တစ်ခုရသကဲ့သို့ ရှိပါတော့သည်။ ထိုကဲ့သို့ ငြင်းခံနေသည့် အချိန်၌ပင် စောစောက မှုန်ပျပျ မြင်နေရသောကျိုက်ထော်ရွာကြီးကို ထင်ထင် ရှားရှား မြင်ရပါတော့သည်။ ဓနိပင်များ၊ သွပ် မိုးအိမ်ကြီး အိမ်ကောင်းများ၊ ရေထဲတွင် တစ်ဝက်ခန့် နစ်မြုပ်နေသော ဆိပ်ခံဘောတံတား စသည်တို့ကို ထင်ထင်ရှားရှား မြင်လာရပါသည်။

ဦးလေး ဦးစစ်ပိုးက  တုံကင်းကုလားများအား ကျိုက်ထော်တွင် ခေတ္တရပ်နားမည် ဖြစ် ကြောင်း အချက်ပြလိုက်သဖြင့် တုံကင်းကြီးကို အရှိန်သတ်လိုက်ပါသည်။ တုံကင်းကြီးကို အရှိန်သတ်လိုက်ပါသည်။ တုံကင်းကုလားများ ၏ လျင်မြန်မှု၊ ကျွမ်းကျင်မှုများကြောင့် ချော ချောမောမောပင် ကျိုက်ထော်ဆိပ်ကမ်းသို့ ကပ်မိကြသည်။ ယခင် စည်ကားဟန်ရှိသော ကျိုက်ထော်ဆိပ်ကမ်းသည် ခြောက်သွေ့လျက် ရှိပါသည်။ ကမ်းနား တွင် ကပ်ထားသော ဓနိသမ္ဗန်အချို့နှင့် ထမင်းဆိုင် လက်ဖက်ရည်ဆိုင်တို့ကို တွေ့ရသည်။
"လက်ဖက် ရည်သောက်ကြရအောင်၊ တစ်ယောက်ကို လက်ဖက်ရည်တစ်ခွက်၊ ကြိုက်ရာ မုန့်တစ်ခုစီ စားကြပါ၊ မုန့်တစ်ခု ထက် ပိုစားရင် ကိုယ့်ဟာကိုယ်ပေး ကိုင်း လာကြဟေ့"
လူစုလူဝေးကြီးကို မြင်သောအခါ လက်ဖက်ရည်ဆိုင်ရှင် တရုတ်ကြီးသည် ရွေ့သွားများ အားလုံးပေါ်အောင် ဖြဲ၍ ရယ်မောပျော်ရွှင်စွာ ပျူငှာစွာ ဖိတ်ခေါ်သည်။ ကျွန်တော်တို့ လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် နံရံတွင် အိုးမည်းဖြင့် ရေးထားသော ဆိုင်းဘုတ်က ဆီးကြိုနေပါသည်။

လက်ဖက်ရည် (သကြား) တစ်ဒေါ်လာ။
(ကြံသကာ) ဆယ့်ငါးဆယ်။
"ဟေ့ ထောင်ထဲ ကျုပ်တို့ ဂျပန်ပိုက်ဆံမပါဘူး အင်္ဂလိပ်ပိုက်ဆံပဲ ပါတယ်"
"မီလုပ်ပါနဲ့ ဆရာကီး၊ မာစတာ ခေါင်းဖြတ်မယ်"
လက်ဖက်ရည်ဆိုင်ရှင် တရုတ်ကြီးစကားကြောင့် တဝါးဝါး ပွဲကျသွားပါသည်။ ထိုအချိန်တွင် ကျွန်တော်သည် တရုတ်ဂျပန် စစ်ပွဲအကြောင်းကို စဉ်းစားမိရင်း ပြုံးမိသည်။ ကျွန်တော့် ဦးလေးဦးစံငါးဆိုသူသည် တရုတ်ပြည် မရောက်ဖူးသော တရုတ်ကြီးဖြစ်သည်။ သူ့ပြော စကားများအရ တရုတ်-ဂျပန်စစ်ပွဲတွင် စစ်သားများသည် ဂျပန် ပစ်လိုက်သော ကျည်ဆန် များ ကို ထမင်းစားရင်းမှ တူနှင့်ညပ်၍ ဖမ်းသောဟူ၏။ ယခုမူ လက်ဖက်ရည် ဆိုင် ထောင်ကဲ သည် ဂျပန်ဆိုသူများကို နားကြောမှ စိမ့်၍ ကြောက်နေပုံရပါသည်။

"သကြားနဲ့ လက်ဖက်ရည် ခွက် ၂၀ ပေးပါ"
ကျွန်တော် လက်ဖက်ရည် မှာတော့မှ ဆိုင်ရှင်တရုတ်ကြီးက မီးမွှေးရေနွေတည်၊ လက်ဖက် ရည်နှပ်စသည်များကို လုပ်ကိုင်စတင်ရသည်။ တော်တော်ရောင်းကောင်ဟန် တူပေသည်။ ကျွန်တော်တို့တစ်တွေသည် ဆိုင်ရှင် တရုတ်ကြီး လက်ဖက်ရည်နှပ်နေချိန်တွင် ပုလင်းထဲ တွင် ထည့်ထားသော ပဲမုန့် မုန့်ကြိုးလိမ်၊ အန်စာမုန့်စသည့် ရှိရှိ သမျှသော မုန့်များကို တစ်ခု စီ နှိုက်စားကြသည်။
ကျွန်တော် တို့တစ်တွေ စားသောက်နေကြသည်မှ အလှူကြီးပေးသည့်နှယ် ရှိချေသည်။ ဆိုင်ရှင် တရုတ်ကြီး သည် ဝမ်းသာလွန်း၍ ယောင်ယောင်မှားမှား ပင် ရှိချေသည်။
"ကိုင်း.. ဘယ်လောက်ကျသလဲ ထောင်ကဲ"
တရုတ်ကြီးသည် လက်ချိုးတွက်လိုက်၊ ခေါင်းကုတ်လိုက်၊ တရုတ်လိုအသံထွက်၍ ကျတွန့် နွန်တွန့် စံတွန့် ဂေါ်တွန့် စသည်ဖြင့် ရွတ်ဆိုလိုက်၊ ခေါင်းကုတ်လိုက် စသည်ဖြင့် တွက်ချက်၍ မပြီးနိုင်ဘဲ ချာချာလည်နေ ရှာပါသည်။ ကျွန်တော်သည် ထောင်မလဲ သဲကော် ဂျပန်စက္ကူ အထပ်လိုက်ချ၍ စောင့်နေရသည်။ တရုတ်ကြီး ဂဏန်း တွက်သည်ကို သည်းခံ၍ စောင့်နေရသည်။ နောက်ဆုံး တရုတ်ကြီးသည် ဆိုင်တစ်ခုလုံးအပြင် မျက်စိ ကစားပြီး ကျွန်တော့်နားကို တိုးကပ်ကာ စကားတိုးတိုးဆိုလာသည်။

"အင်္ဂလိပ်ပိုက်ဆံ ပေးမယ်ကား ဆရာကီး...၊ ဟီး.. ဟီး"
"ရော... စောစောက မယူဘူးဆို၊ မာစတာ သတ်မယ်ဆို ခုတော့ အင်္ဂလိပ်ပိုက်ဆံ ဟုတ်လား ဟား ......... ဟာ....... ဟား.........."
"ဆိုးဆိုးပြောပါ ဆရာကီး၊ ဂျပန်မာစတာနော် အားကီး ဒေါသကြီးလယ်၊ ခါးရိုက်လယ်၊ လည်ပင်းဓားနဲ့လှီးလယ်၊ အားအားကီးကြောက်စရာကောင်းလယ်နော်..."
"အင်္ဂလိပ်ပိုက်ဆံဆို ဘယ်လောက်ယူမှာလဲ"
တရုတ်ကြီးသည် သူ၏ရွှေသွားများ အားလုံးကို ဖြဲပြန်သည်။ ထို့နောက် ကျစ်-နင်-စံ-စိ လုပ် ပြန်ပါသည်။ ပြီးတော့ မှ ကျွန်တော့်နားကပ်၍ လက်ဆယ်ချောင်း ထောင်ပြသည်။
"ဘယ်လောက် လဲ၊ တစ်ဆယ်လား"
"ဟုတ်တယ်၊ တီဆယ်ပဲ ပေးပါ ဆရာကီး"

ကျွန်တော်သည် တရုတ်ကြီးလက်သို့ အင်္ဂလိပ် ဆယ်တန်တစ်ရွက် ပေးလိုက်ပါသည်။ ထို အကြောင်းကို ကျွန်တော်က ဦးလေးစစ်ပိုးအား ပြောပြသောအခါ ဂျပန်များသည် သူတို့ ဂျပန်ငွေစက္ကူများကိုသာ သုံးစွဲစေ၍ အင်္ဂလိပ်ငွေကိုင်စက္ကူများ ကိုင်ဆောင်တွေ့ရှိသူများ အား အင်္ဂလိပ်သူသျှိုဟု သတ်မှတ်၍ အရေးယူကြောင်း ရှင်းပြပါသည်။ အထူးသဖြင့် တရုတ်လူမျိုးများ အပေါ်၌ ပို၍ မယုံသင်္ကကာ ရှိကြောင်း ထည့်သွင်းပြောပြပါသည်။
ကျိုက်ထော်အထွက် တုံကင်းသည် စောစောကကဲ့သို့ လေမရသဖြင့် တရွေ့ရွေ့ လှုပ်ရှား နေသည်မှာ ပျင်းရီငြီးငွေ့ဖွယ် ကောင်းလှသည်။ တုံကင်းလေမရခြင်းကြောင့် ရန်ကုန်သို့ အချိန်မီ မရောက်နိုင်ကြောင်း၊ ရန်ကုန် သို့ ရောက်သည့်တိုင်အောင်လည်း နေဝင်မီးငြိမ်း အမိန့်များ ထုတ်ထားသဖြင့် ကမ်းပေါ်၌ တက်ခွင့် ရတော့မည် မဟုတ်ကြောင်း ပြောပြသ ဖြင့် ကျွန်တော်တို့ လူသိုက် စိတ်ဓာတ်ကျသွားပါတော့သည်။
"မောင်မောင်ရေ... တို့တွံတေးချောင်းဝရောက်ရင် ကျောက်ချပြီး တစ်ညအိပ်ကြမယ်ကွာ၊ မဟုတ်လဲ ရန်ကုန်မြို့ပေါ်တက်ရမှာမှ မဟုတ်တာ ဘယ်လို သဘောရသလဲ"
"ဦးလေး သဘောပဲလေ၊ ကျွန်တော်ုက ရောက်ဖူးတာမှ မဟုတ်တာ"

"အေး... ဒီလိုဆို ဒီည တွံတေးဝမှာ အိပ်မယ်၊ မနက်စောစော ရေကြည့်ပြီးမှ ရန်ကုန်ဝင် တာပေါ့ ဟုတ်လား..."
ကျွန်တော်တို့အားလုံး စိတ်လျှော့်၍ ထိုနေ့တစ်ညတာကို တွံတေးဝတွင် ကျောက်ချ ရပ်နား လိုက်ကြပါတော့သည်။
ရောက်ရပေတော့မည်။ အဝေးက လှမ်းမျှော်ဖူးဖြင်ရသော ရွှေတိဂုံစေတီတော်ကြီအား ကြည်ညိုရင်း ကျွန်တော့် စိတ်ထဲတွင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ကျော်က နယ်ချဲ့သမား တို့သညါ အောက်မြန်မာနိုင်ငံတော်အား သိမ်းယူ ၍ မြန်မာတိုင်းရင်းသား ပုဆိန်ရိုးတို့အား ကျွန်ဇာတ်သွင်းလျက် အိမ်ကြက် ချင်း အိုးမဲသုန်ခဲ့သည်များကို သတိရလာမိပါသည်.။
ပြည်ထောင်စု ဗမာနိုင်ငံအနေဖြင့် အင်္ဂလိပ်ကိုလိုနီအဖြစ် အောက်မြန်မာနိုင်ငံသည် နှစ် ပေါင်း ၁၀၀ ကျော်ခန့်နှင့် အထက်မြန်မာနိုင်ငံ သည် နှစ်ပေါင်း ၆၀ခန့် သူ့ကျွန်ဖြစ်ခဲ့ရသည် မဟုတ်ပါလား။ ယခု ဖခင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ရဲဘော်သုံးကျိပ်တို့ သည် အင်္ဂလိပ်နယ်ချဲ့သမာများအား တိုက်ထုတ် လိုက်ခဲ့လေပြီ။ မြန်မာနိုင်ငံသည် မကြာမီ သူ့ကျွန်ဘဝမှလွန်မြောက်၍ လွတ်လပ်သော ပြည်ထောင်စု ဗမာနိုင်ငံတော် အဖြစ် ရောက် ရှိပေတော့မည်တကား...။

ကျွန်တော်သည် အထက်ပါအတိုင်း စဉ်းစားရင်း ကြက်သီးများ ထသည်အထိ ဇာတိသွေး ဇာတိမာန်များ တက်ကြွ လာမိသည်။ မိမိစွန့်စား ထွက်ခွာလာခဲ့ရခြင်းအတွက် ပီတိဖြစ်မိပါ သည်။ သူ့ကျွန် ဖြစ်ရခြင်းထက် သေရခြင်းက မြတ်ဘိသည် ဟူသော သူရဲကောင်း အာဇာနည် များ၏ ကြွေးကြော်သံသည် ကျွန်တော့်နှလုံးသားတွင် ပဲ့တင်ရိုက်ခတ်လာခဲ့လေ သည်။
ကျွန်တော် သည် နိုင်ငံနှင့် လူမျိုးအတွက် မိဘညီအစ်ကို မောင်နှမများကို ခွဲခွာလာခဲ့ရ သည်။ ထို့အတူ ချစ် လှစွာသော ချစ်သူသက်ထာအား ခွဲခွာထားရစ်ခဲ့ရသည်။ ထိုအချိန် တဒင်္ဂအခါက ကျွန်တော်ရင်တွင် အချစ် ၏ သွေးရူးသွားတန်းကြောင့် စစ်တပ်အတွင်းသို့ ဝင် ရမည့် အရေးအခင်းသည် ကြီးမားလှသော ပြသနာ တစ်ရပ် သို့ ထင်မှတ်မိပါသည်။ သို့သော် ချစ်သူ၏ သစ္စာစကားနှင့် ယောက်ျားကောင်းတစ်ယောက်၏ ခိုင်မာသော ဆုံးဖြတ်ချက် တို့ကို မပြုပြင် လိုသဖြင့် ဤသံမဏိ ဆုံးဖြတ်ချက်တို့ကို ချခဲ့ခြင်း ဖြစ်ပါသည်။ ယခုမူ ကျွန်တော်၏ ဆုံးဖြတ်ချက် သည် မှန်လေစွတကားဟု ရင်ထဲမှ လှိုက်ခတ် ကြွေးကြော် နေမိသည်။

" ရန်ကုန်ကို ရောက်တော့မယ် သူငယ်ချင်း... "
ကျွန်တော် တစ်ယောက် အတွေး ရေလျဉ်ကြောတွင် နစ်မျောနေစဉ် ကိုသောင်းအိသည် ကျွန်တော့် အပါးသို့ ရောက်ရှိလာကာ တိုးညှင်းစွာ စကားဆို လာပါသည်။ ကျွန်တော်ကမူ ခေါင်းညိတ်ပြရုံသာ ပြု၍ ကျွန်တော့်အတွေး ကို မဖြတ်လိုက်ဘဲ ဆက်လက်တွေးမြဲ တွေး နေပါသည်။
ကျွန်တော် သည် ဗမာ့လွတ်လပ်ရေး တပ်မတော်မှ ယခု ပြန်လည်ဖွဲ့စည်းမည့် ဗမာ့ကာ ကွယ်ရေး တပ်မတော် အတွင်းသို့ ဝင်ရောက်မည် ဖြစ်သည်။ ဗမာ့ကာကွယ်ရေး တပ်မတော် အတွင်းသို့ ဝင်ရောက်ပြီးနောက် ကျရာတာဝန် ကို ထမ်းရွက်ရင်း တပ်မှ အနား ရချိန်တွင် ချစ်သူ သန်းသန်းထံ ပြန်လည်၍ အတူတကွ နေထိုင်ရေးကို စီစဉ်မည် ဖြစ်သည်။ ချစ်သူသန်းသန်းသည် မည်သို့ပင်မဆို ထိုအချိန်အခါတွင် ကျွန်တော်ဘေး တွင် လက်တွဲရပ်ကာ ဘဝသစ် တစ်ခုကို တည်ဆောက်၍ သာယာသော ကျွန်တော်တို့၏ သုခဘုံ ကလေးကို ဆောက်လုပ်ကြမည် ဖြစ်သည်။
သန်းသန်းနှင့် ကျွန်တော်၏ကြားတွင် ထိုအချိန်ကာလသည် ကြာမြင်စွာ စောင့်မျှောရန် မလိုအပ်မည် ဆိုသည်မှာ ကျွန်တော် ထမ်းဆောင် ရမည့် တာဝန်ပေါ်တွင်သာ တည်ပေလိမ့် မည်။ ထိုအခါ....
ထိုအခါ ဆိုသည်မှာ...။

"မောင်မောင် ဦးစပ်ပိုးသည် တုံကင်ကုလား လူကြီးတတ်တေအား ညောင်ပင်လေးဈေး၌ ဆိုက်ကပ် ရန် ပြောကြားနေပါသည်။ နံနက်ခင်း နေရောင်သည် တောက်ပလျက်...။
ရန်ကုန် ကမ်းနား ဆိပ်ကမ်းသည် လူများ ပျားပန်းခတ်မျှ စည်ကားလျက် ရှိသည်။ တဝေါဝေါ မြည်ဟီးပြေးလွှားနေသော ဂျပန်စစ်ကားများကို မြင်နေရပါသည်။ မြင်ကွင်းတစ်ခုလုံး မည်သည့်နေရာ ကို ကြည့်ကြည့် ဂျပန်များကိုသာ တွေ့နေရသဖြင့် ကျွန်တော်စိတ်ထဲတွင် မောဟိုက်နေမိသည်။
"ကဲ.. တို့များ တက်ကြရအောင် မောင်မောင်.... "
ကျွန်တော် ကမ်းပေါ်သို့ တက်လိုက်ကြသည်။ ကမ်းပေါ်သို့ ရောက်လျှင်ရောက်ချင်း အမြင် သစ်တစ်ခု ဆီးကြိုလျက်ရှိသည်။ ထိုမြင်ကွင်းမှာ ဂိတ်ပေါက်ဝတွင် ဂျပန်စစ်သားများ၊ ၎င်း တို့၏ ဘေးမှ နံပါတ်တုတ် တစ်ချောင်ကို ကိုင်၍ အော်ဟစ်နေသော ကုလားတစ်ယောက် တို့ ဖြစ်ပါသည်။ ကျွန်တော် မျက်မှောင် တစ်ချက်ကြုတ် လိုက်မိသည်။

"မောင်မောင် ဂျပန်နဲ့ ကလန်ကဆန် မဖြစ်နဲ့နော... နောက်ပြီး ခုထွက်မယ့် ဂိတ်ကျရင် ဂျပန်ကို အလေးပြု ရတယ် နောက်ပြီး ပါလာတဲ့အထုပ်ကိုဖွင့်ပြရတယ်၊ သူတို့က သွးတော့ ဆိုမှ သွားရတယ် နားလည် လားကွ.... "
"ရော- ဘာလို့ အလေးပြုရမှာလဲ နောက်ပြီး ပါလာတဲ့အထုပ်ကို ဖွင့်ပြရတယ်၊ သူတို့က သွားတာဆိုမှ နောက်ပြီး ဘာတွေကိ ရှာမှာလဲ ကျွန်တော်စီ ထွက်ကြဟေ့"
ထီဆိုသည်နှင့် ကွဲခဲ့ရပါပြီ။
ကျွန်တော်။

ဆက်ရန်
.

No comments: