Monday, December 24, 2012

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၁၆)

“ဒီလိုရှိပါတယ် ဆရာ၊ စစ်ရယ်လို့ ဖြစ်လာရင် အပျက်အစီး အသေအပျောက်ဆိုတာ ရှိစမြဲပါ၊ ဒါပေမယ့် ကျွန်တော် တို့ မြန်မာ တိုင်းရင်းသားတွေအနေနဲ့ ဗြိတိသျှတို့ချစ်တာက ကျွန်တော်တို့လူမျိုးနဲ့ ကျွန်တော် တို့ နိုင်ငံ ပဲ ဖြစ်ပါတယ်။ မြေအုတ်တို့ ပြိုလျှင် ကျောက်အုတ်ကို အစားထိုးရမှာပေါ့ ဆရာ”
ဆွေးနွေးပွဲ တွင် တိုက်ခိုက်ရေး၊ အုပ် ချုပ်ရေး၊ စည်းရုံးရေးများကို စဉ်းစားကြသည်။ တိုက်ခိုက်ရေးတွင် တက်ကြွသော လူငယ် အများအပြား ပါဝင်လာကြသည်ကို တွေ့ရပါသည်။ အုပ်ချုပ်ရေးနှင့် ပတ်သက် ၍ ဆရာ ဦးဘတင်၊ ဦးထွန်လင်းနှင့် သူကြီး ဦးထွန်းစိန်တို့က တာဝန်ယူကြပါသည်။ စည်းရုံးရေးကို ကနိမှ ဦးလေးတ့်၊ သမိန်ထော မှ သခင်သန့်၊ အခြာကြီးမှ သခင်တင်တို့ကို တာဝန်ခွဲဝေပေးလိုက်သည်။ စစ်ခေါင်း ဆောင်အဖြစ်မှု သခင်ကျော်စိုး၏ ဆန္ဒအရ တာဝန်ပေးလိုက်ပါသည်။
ကို ဆက်ဖတ်ရန် ....

ထိုအချိန်တွင် ဗြိတိသျှတို့၏ အုပ်ချုပ်ရေးသည် ယိုယွင်းလာနေပါသည်။ ဖျာပုံမြို့တွင် မြို့ရွာ ကာကွယ်ရေး၊ လေကြောင်းအန္တရာယ်ကာကွယ်ရေး စသည်တို့ကို အရေးပိုင်က မြို့မိမြို့ဖများ အား ခေါ်ယူတွေ့ဆုံ လျက် စီမံခန့်ခွဲလျက်ရှိကြောင်း ကြားသိရပါသည်။ မြို့ပေါ်မှ သူဌေးများသည် မိမိတို့၏ စည်းစိမ် ဥစ္စာနှင့် အသက် ဘေးမှ လုံခြုံရေးအတွက် မြိုပြကာကွယ်ရေးကို အားသွန်ခွန်စိုက် လုပ်ကိုင်လျက် ရှိသလို၊ ပြောင်းလဲနေသော နိုင်ငံရေးအခြေအနေများအရ နိုင်ငံရေးသမားများကိုလည်း တိတ်တဆိတ် ဆက်သွယ် လာသည်ကိုကား ကြုံဆုံရပါသည်။ ကျွန်တော်သည် ဖျာပုံမြို့ပေါ်တွင် အသင့်စည်းရုံးပြီးသော နယ်ချဲ့တော်လှန်ရေး သမားများ ထံသို့ မြို့ပြကာကွယ်ရေးတပ်ဖွဲ့ထဲသို့ အင်နှင့်အားနှင့် ၀င်ရောက်ကြပြီး ထိုမှ တစ်ဆင့် ဖျာပုံမြို့ပေါ်တွင်ရှိသော လက်နက်တိုက်နှင့် အစိုးရအဆောက်အဦများကို လက်ဝယ်သိမ်းပိုက်ရန် ညွှန်ကြား လိုက်ပါသည်။ ထို့ပြင် အရေးပိုင်၊ ရာဇ၀တ်ဝန်ထောက်နှင့် မျက်နှာဖြူအရာရှိများကိုလည်း လက်ရ ဖမ်းဆီးနိုင်လျှင် ဖမ်းဆီးကြရန်ကိုပါ ညွှန်ကြားပါသည်။

ကျွန်တော်တို့သည် သမိန်ထောတွင် စစ်သင်တန်းပေးခြင်း၊ အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ ရိက္ခာစုဆောင်း ခြင်း ကိစ္စများ ကို ပြုလုပ်နေစဉ်အတွင်း ကိုအုန်းမောင်ထံမှ၊ ဖျာပုံတောင်ပိုင်း ပင်လယ်ဝဖြစ်သည့် ခါးပြတ်၊ ကုလားထိပ်၊ နောက်မီး နေရာ (၃)နေရာသို့ အလျင်အမြန် သွားရောက်ရန် အကြောင်းကြားပါသည်။ အဘယ်ကြောင့် ဆိုသော် ဂျပန်တို့ပေးမည့် လက်နက်ခဲယမ်းမီးကျောက်များသည် ပင်လယ်ဝမှ ရေလမ်းဖြင့် မကြာမီ ရောက်ရှိလာရန် ရှိသောကြောင့်ဖြစ်ပါသည်။ အလျဉ်းသင့်၍ ဖျာပုံမြို့နှင့် ကျေးလက်တို့၏ ပထ၀ီ အနေအထား ကို အနည်းငယ် ဖော်ပြလိုပါသည်။ ဖျာပုံမြို့သည် မြို့နယ် ၄ ခု ရှိသည့်အနက် တောင်ဘက်နယ်စွန် မြို့တစ်မြို့ဖြစ်ပါသည်။

ဖျာပုံမြို့မှ ကုန်းလမ်းခရီးဖြစ်သော မော်တော်ကားလမ်းသည် ကျုံကဒွန်းခေါ်သည့် ဖျာပုံမြို့နယ်နှင့် ၁၄ မိုင်ခန့်ဝေးသော နေရာ တွင် ဆုံး၍ ရေကြောင်း ခရီးမှဆိုလျှင် သမိန်ထောချောင်းဝကို လွန်သည်နှင့် တစ်ပြိုင်နက် အပြော ကျယ်သော ပင်လယ်ပြင်ကြီးကိုသာ တွေ့ရပါ မည်။ ထိုမှပင်လယ်ပြင်ကြီးကို မျက်နှာမူထားသော ကျုံတံချောင်းဝ၊ ကုလားထိပ်ချောင်းဝ၊ ခါးပြတ် (ကပြတ်) ချောင်းဝ ဟူ၍ရှိပါသည်။ ယင်းချောင်းဝများကို လွန်မြောက် ၍ ခရီးဆက်ခဲ့ပါသော် မုတ္တမပင်လယ်ကွေ့သို့ ရောက်ရှိပါသည်။
ကိုအုန်းမောင် ၏ အကြောင်းကြားစာအရ ဂျပန်တို့ပေးပို့မည့် လက်နက်ခဲယမ်းမီးကျောက်များမှာ မုတ္တမပင် လယ်အောက်မှတစ်ဆင့် ကျွန်တော်တို့ အဆင်သင့် စောင့်ဆိုင်းနေသော ပင်လယ်ဝစခန်းရှိရာသို့ ရောက်ရှိ လာဖွယ် ရာ ရှိပါသည်။

မြစ်ဝကျွန်းပေါ် တာဝန်ခံများဖြစ်သည့် ဗိုလ်အောင် (ဗိုလ်ချုပ်မောင်မောင်)၊ ဗိုလ်ဝင်း (ဦးဝင်း-လုပ်ငန်း စစ်ဆေးရေးအဖွဲ့ဝင်)တို့နှင့် အဆက်အသွယ် ပြတ်ခဲ့ပြီးနောက် လက်နက်ရရှိရေးအတွက် ကျွန်တော်တို့ အပြင်း အထန် ကြိုးစား ကြရာတွင် လက်ရှိ ဗြိတိသျှအုပ်ချုပ်ရေး ပျက်ပြားမှုသည် အဓိကမဟုတ်ဘဲ လက်နက် ကိုင် တော်လှန်ရေးသည်သာ အဓိကဖြစ်ပါသည်။ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲရာတွင် ဗြိတိသျှအစိုးရ ၏ လက်ကျန် လက်နက်များကို ကိုင်ဆောင်ရခြင်းထက် မိမိတို့၏ အင်အားအဖြစ် လက်နက်အသစ်များကိုသာ ကိုင်ဆောင် လိုပေသည်။
ကျွန်တော့်မျက်စိ ထဲတွင် ဂျပန်လုပ် လက်နက်များကို မြင်ယောင်မိသည်။ ပင်လယ်ပြင်ကြီး ကို ဖြတ်ကျော် ၍ ရေငုပ်သင်္ဘောကြီးသည် ဘွားခနဲ ပေါ်လာပြီး ကျွန်တော်တို့အတွက် မကုန်မခန်းနိုင်သော လက်နက် များကို မကြာမီ ရတော့မည်ဟုလည်း စိတ်ကူးအိပ်မက်များ မြင်မက်မိပါသည်။

ကျွန်တော်တို့ကို ကျုံကဒွန်းမှ သခင်ရှိန်က ကုလားထိပ်ရွာသို့ တိတ်တဆိတ်ပို့ဆောင်ပေးပါသည်။ သခင်ရှိန်သည် ကျုံကဒွန်း ဂါတ်တွင် ၂၄ နာရီ တစ်ကြိမ်ကျ ခြေချုပ်လက်မှတ်ရေးထိုးနေရသော သခင်တစ်ဦးဖြစ်ပါသည်။ ကျုံကဒွန်း ဌာနအုပ် ဦးလှကျော်သည် အင်္ဂလိပ်အစိုးရမှတစ်ပါး ကိုးကွယ်ရာမရှိဟု ယုံကြည်ထားသူပီပီ ကျေးရွာရှိ တို့ဗမာ အစည်း အရုံးဝင် မှန်သမျှကို ခြေချုပ်လုပ်ခြင်း၊ ခရီးထွက်ခွင့် အိမ်လည်ခွင့် မပေးခြင်းစသည့် တင်းကျပ်မှု များဖြင့် ချုပ်ချယ်ထားပါသည်။ ကျွန်တော်တို့ လူသိုက် ကျုံကဒွန်းသို့ ရောက်သွားသောအခါ ရွာခံ ပုလိပ်သား တစ်ဦးဖြစ်သူမောင်မဲဆိုသူက တာဝန်ယူ ၀ှက်ပေးပါသည်။ နောင်သောအခါ မောင်မဲသည် ကျုံကဒွန်းဂါတ်ထဲမှ မတ်စက်ေ ခါ် သေနတ် ၅ လက်ကို ခိုးယူထွက်ပြေးပြီး ကျွန်တော်တို့နှင့် လာရောက်ပူး ပေါင်းသူဖြစ်ပါသည်။ ကုလားထိပ်ရွာ သို့ ကျွန်တော်တို့ ရောက်သောအခါ ဘုန်းကြီးကျောင်းမှ အာရုဏ်အုန်း မောင်းခေါက်သော အသံ ကို ကြားနေရပါသည်။

ကောင်းကင်ပြင်သည် ရောင်နီပြေးလျက်ရှိပါသည်။
“ကိုင်း … သခင်ရှိန်၊ အမြန်ပြန်ပေတော့ ”
“တောက် … နောက်ပိုင်း ငဲ့စရာမရှိရင် သခင်မြလှိုင်တို့နဲ့ပဲ နေလိုက်ချင်တယ်ဗျာ ”
“လောလောဆယ်တော့ ရွာမှာရှိတဲ့ ကျွန်တော်တို့လူတွေကို စုစည်းထားဖို့လိုတယ်၊ ကျွန်တော်တို့ မကြာခင် ကျုံကဒွန်းဂါတ် ကို လာစီးဖြစ်မှာပါ သခင်ရှိန်၊ တောင့်ထားစမ်းပါဦး”
ကုလားထိပ်ရွာသို့ ရောက်၍ သခင်စိန်ချယ်အိမ်သို့ ရောက်သောအခါ ကျွန်တော်တို့လူသိုက်ကို ကျုံကဒွန်းမှ ပုလိပ် များ လာဖမ်းသည်ထင်သဖြင့် သခင်စိန်ချယ်တစ်ယောက် နောက်ဖေးမှ လစ်၍ ထွက်ပြေးသွားပါတော့ သည်။ သခင်စိန်ချယ် မိန်းမကြီးမှာ အိပ်မှုန်စုံမွှားဖြင့် ထလာရာ ထဘီ အထက်နှင့်အောက် မှား၍၀တ်ထား သဖြင့် အထက်ဆင်ကြီး မှာ အောက်တွင် ရောက်နေသည်ကို တွေ့ရပါသည်။ ကျွန်တော်တို့သည် ဟန်မ ဆောင်နိုင်ဘဲ ၀ါးလုံးကွဲ ရယ် လိုက်မိသည်။

“သခင်စိန်ချယ် ကို လိုက်ခေါ်ပါလား အစ်မကြီးရယ်”
“ကနစိုတော ထဲ တိုးနေမှာဆိုတော့ မနက်လင်းရင် ပြန်ရောက်လာမှာပါ”
“ခုသွားခေါ်လို့ မဖြစ်ဘူးလား အစ်မကြီး”
“ခဏစောင့်ကြလေ၊ ဟဲ့ နီတွတ် ရွှေဘော်၊ ကိုစိန်ရှယ်ကို လိုက်ခေါ်သေစမ်း”
ကျွန်တော် သည် ကိုစိန်ချယ်မိန်းမ စကားမပီသည်ကို ကြားလိုက်ရသဖြင့် မရယ်မိစေရန် ဣနြေ္ဒဆယ်ထားရ သည်။ မကြာမီ သခင်စိန်ချယ် ပြန်ရောက်လာသည်။
“ဗျို့ သခင်ကြီး ရဲ့၊ သတ္တိပြောင်လှချည်လား၊ တချိုးတည်း လစ်သွားလိုက်တာ၊ နောက်ကိုတောင် ပြန်လှည့် မကြည့်တော့ ပဲကိုး”
“မလုပ်နဲ့ ကိုရင်၊ ဖိုးဘကုန်းက သခင်စံထူးတို့ လူသိုက် ဆိတ်မကင်းဂါတ်က လာခေါ်ပြီး အခြောက်တိုက် လှိမ့်ရိုက် တာ ခုထိ အိပ်ရာက မထနိုင်သေးဘူးဗျ”
“ထားလိုက် ပါတော့လေ သခင်စိန်ချယ်၊ ကျွန်တော်တို့နဲ့ လိုက်နိုင်မလား”

“ဖြစ်ပါတယ်”
“ဖြစ်ရင် သွားမယ်”
“ဟေ့ … နီတွတ်တို့ လှေပြင်ကြကွာ၊ ရော နေဦး၊ ဘယ်ကိုသွားမှာလဲ”
“ဒေါ်ညိမ်းရွာ ကို သွားမယ်၊ သခင်သာရင် အိမ်ကနေ ကညင်တပင်က သခင်ဘိုးရှိန်၊ ဖိုးဘကုန်းက သူကြီးကို နက်၊ ညောင်လမ်းဂူက ကိုစံတင်တို့ကို အခေါ်လွှတ်မယ်”
“မကောင်းဘူး ထင်တယ်၊ သခင်မြလှိုင်”
“ဘာဖြစ်လို့လဲ သခင်စိန်ချယ်”
“သခင်သာရင် ကို တွေ့ချင်ရင် ခါးပြတ် (ကပြတ်) ငကြွက်တို့ထဲမှာ သွားစာင့်နေပြီး နီတွတ်တို့ကို လွှတ် လိုက်ရင် ကောင်းမယ်၊ ဘာဖြစ်လို့လဲဆိုတော့ တမြန်နေ့ကပဲ ဆိတ်မသူကြီး ဦးမဲနဲ့ ရာဇ၀တ်အုပ် ကိုအောင် ကျော် တို့ အဖွဲ့ လာစစ်သွားတယ်ဗျ”

“ကောင်းပြီလေ၊ ဒီလိုဆိုရင် သောင်ပြင်ပေါ်ကပဲ လျှောက်သွားကြမယ်၊ ကိုင်း နီတွတ် မင်းတို့ ဒေါ်ညိမ်းကို သွား၊ သခင်သာရင်ကို လက်တို့ ခေါ်လာခဲ့ ကြားလား၊ လာ သွားကြစို့”
ကြည်နူးသာမောဖွယ်ကောင်းသော လင်းအာရုဏ်တွင် ကျွန်တော်တို့အဖွဲ့ ကုလားထိပ်ရွာမှ ထွက်၍ သဲသောင်ခုံကြီး အတိုင်း လမ်းလျှောက်လာသည်။ ပင်လယ်ပြင်မှ ရိုက်ခတ်လာသော လှိုင်းခေါင်းဖြူများ သည် ကျွန်တော် တို့ လမ်းလျှောက်လျက်ရှိသော သဲသောင်ခုံကို ဖြတ်၍ ကျွန်တော်တို့ ခြေထောက်များကို စိုစွတ် နမ်းရှုတ်သွားပါသည်။ ကျွန်တော်သည် ဆုံးစမမြင်သော ပင်လယ်ပြင်ကြီးကို ကြည့်လျက် မကြာမီ ဤ ပင်လယ်ပြင်ကြီး သည် သမိုင်းသစ်တစ်ခုကို မွေးဖွားပေးတော့မည်ဟု မှတ်ချက်ချလိုက်မိသည်။
“ဟေ့ … ငကြွက်၊ ငကြွက် ရေး …”
“ဗျိုး … ဗျိုး ဘယ်သူတွေလဲ”
ကိုကြွက် ဆိုသူသည် လက်ထဲတွင် ခက်ရင်းခွ မှိန်းတစ်ခုကို ဆွဲလျက် တဲအတွင်းမှ ထွက်လာသည်။ ထို့နောက် ကျွန်တော် တို့ လူသိုက်ကို စူးစမ်းသော အကြည့်ဖြင့် ကြည့်နေပါသည်။
“ဟေ့ … ငကြွက်၊ ငါပါကွ”

“ရော … ကိုရင်စိန်ချယ်ကြီးပါလား၊ မှန်း စောစောစီးစီး ဘာကိစ္စလဲဗျ”
“တဲပေါ် သွားမယ်ကွာ၊ မင်း လက်ဖက်ရည်အိုးလေး ဘာလေး တည်လိုက်ပါဦး”
ထိုအခါတွင် မှ ကိုကြွက်သည် ကျွန်တော်တို့ကို ဦးဆောင်၍ တဲပေါ်သို့ တက်လိုက်သည်။ ကိုကြွက်၏ ထဲကလေး သည် ပင်လယ်ပြင်ကို မျက်နှာမူလျက် ဆောက်ထားပါသည်။ တဲ၏ တစ်ဖက်တစ်ချက်တွင် လင့် ထိုး၍ ပင်လယ်မှ ရရှိသော ငါးစို များကို အခြောက်လှမ်းထားသည်ကို တွေ့ရသည်။ တဲတစ်ခုလုံး ငါးညှီစော် ဖြင့် မွန်းပိတ် လျက်ရှိသည်။
“ငကြွက်၊ ဒါ မြို့က သခင်မြလှိုင် ဆိုတာလေ”
“ဟုတ်ပ”
“ဒီနေ့ မင်းတဲ မှာ နေလိမ့်မယ်၊ ဒေါ်ညိမ်းက ကိုရင်သာရင်တို့ကို ခေါ်ထားတယ်”

ကိုကြွက် သည် သခင်စိန်ချယ် ပြောသည်ကို ဘာမျှ နားလည်ဟန်မတူဘဲ ပါးစပ်ကြီးကို ဖြဲလျက် ငေးမော နားထောင်နေ ပါသည်။ သခင်စိန်ချယ်ကတော့ ကိုကြွက်ကို အပိုင်ထား၍ သူ့အိမ် သူ့ယာပမာ ပိုင်စိုး ပိုင်နင် ပြောဆိုနေ ပါသည်။
“ငါးခြောက်ကလေး ဘာလေး ဖုတ်ကွာ၊ နောက်ပြီး ဟင်းစားလေး သွားရှာချေဦး”
ကိုကြွက် ကို သခင်စိန်ချယ်၏ အမိန့်ကို နားထောင်လိုက်နာသည့်ပမာ ငါးခြောက်တစ်တွဲကို ကိုင်၍ မီးဖိုထဲကို ဆင်းသွား ပါတော့သည်။
“ငကြွက် က ကျုပ်တို့လူပါ၊ ဒီကောင်ကို ပြုတ်ပြုတ်ဖုတ်ဖုတ်ရတယ်၊ ဟင်း … ဟင်း စာတော့ မတတ်ဘူး၊ ဒါနဲ့ နေပါဦး၊ ခါးပြတ် (ကပြတ်)မှာ ဘာလုပ်ကြမလို့လဲ”
“သခင်စိန်ချယ် က စိတ်ဇောကြီးရန်ကောဗျာ၊ သခင်သာရင်တို့ လူသိုက်ရောက်လာပြီးမှ ကိစ္စတွေ စုံစုံ ညီညီ ပြောကြတာပေါ့၊ မဟုတ်ဘူးလား”

ကျွန်တော်တို့ စကားဝိုင်းသို့ ငကြွက်ဆိုသူ ဖုတ်လာသည့် ငါးနှပ်ခြောက်တစ်ပန်းကန် ချလာသည်။ မှိုင်းများကပ်၍ တစ်အိုးလုံး မည်းနေသော မြေရေနွေးအကြမ်းတစ်ကရားနှင့် လက်ဖက်ဆီတက်၍ မည်းနေ သော ပန်းကန် ၄-၅ လုံး သည် တဲရှင် ကိုကြွက် ကဲ့သိုပင် ညစ်ပေပေ ဖြစ်သည်။ ကိုကြွက်ဆိုသူသည် အမည်ကသာ ကိုကြွက်ဖြစ်၍ လူပုံပန်း က ကျွဲပေါက် ကလေး တစ်ကောင်ပမာ ထွားကျစ်သန်မာသည်ကို တွေ့ရသည်။
“လာဗျို့ … ကိုကြွက်ပါ ၀ိုင်းပါဗျာ၊ လက်ဖက်ရည်သောက်ရင်း စကားပြောရအောင်လား ”
“ဟ … သခင်မြလှိုင်၊ ဒီကောင့် ကို မထိုင်ခိုင်းနဲ့ဦးလေ၊ ဟေ့ ငကြွက်ဟင်းစားရှာချေလကွာ၊ သိန်းမြတို့တဲကို သွား၊ ငါက လွှတ် လိုက်တယ်ပြောပြီး ကြက်နှစ်ကောင် သုံးကောင်ဆွဲခဲ့၊ နွားမ မလွှတ်သေးရင်လဲ နို့ညှစ်ယူ ခဲ့ကြားလား” သခင်စိန်ချယ် သည် ကျွန်တော်တို့ လူသိုက်အား ကျွေးမွေးရန်အတွက် တပည့်ကျော် ကိုကြွက်အား စီမံ ခန့် ခွဲ လျက်ရှိသည်။ ကိုကြွက်ကိုယ်တိုင်ကလည်း သခင်စိန်ချယ် ခိုင်းသမျှကို မသွေမတိမ်း လုပ်ကိုင်မည့်သူ ...  "ကျုပ်တို့တောသားတွေအနေနဲ့ကတော့ ခင်ဗျားတို့ ရှေ့ရပ်တာနဲက ဓားရှိဓား၊ လှံရှိလှံ၊ ယုတ်စွဆုံး ဗျာ ခြေသလုံးဖက်ကိုက်ရကိုက်ရ၊ ကိုက်မယ့်ကောင်တွေပါ"

သခင်သာရင်၊ သခင်ဘိုးရှိန် (ကရင်အမျိုးသားတောင်သူ)၊ သူကြီးကိုနက်၊ ကိုစံတင်၊ သခင်စံထူးတို့ လူသိုက် စုံစုံ လင်လင် ကျွန်တော်ချိန်းဆိုသည့် ခါးပြတ်(ကပြတ်)စခန်းသို့ နေ့မွန်းလွဲခန့်တွင် ရောက်ရှိလာကြ သည်။ သခင်စူံး(ပဉ္ဇင်းထူး) သည် ဆိတ်မင်းဂါတ်မှ ပုလိပ်များ၏ ထုထောင်းရိုက်နှက်ထားသည့် ဒဏ်ရာများပင် မပျောက်သေးပဲ လူတွဲဖြင့်ရောက်လာပါသည်။ ၄င်း၏ပြောပြချက်များအရ ဆိတ်မရွာတွင် ရာဇဝတ်အဖွဲ့မှ လူအင်အား တိုးထားသည့်ပြင် ဆိတ်မကင်း နောက်မီး၊ ပက်ပြဲစသည့် ကျေးရွာများတွင် လည်း ကင်းစခန်း များချထားလျက် ရှိနေကြောင်း သိရပါသည်။
ကျွန်တော်နှင့်သခင်စိန်ချယ်မှာ သခင်သာရင်တို့လူသိုက်မရောက်လာမီ ကုလားထိပ်ရွာ တွင် ဆောင်ရွက်ဖွယ်ရာ ကိစ္စများ ကို တိုင်ပင်ကြပါသည်။ ကိုအုန်းမောင်၏ ညွှန်ကြားချက်အရ ကုလားထိပ်၊ ခါးပြတ်(ကပြတ်)၊ နောက်မီး ဤ ၃ နေရာမှနေ၍ ညစဉ်မီးများဖို၍ အချက်ပြရန်ဖြစ်ပါသည်။

ယခုသခင်စံထူး ၏သတင်းပေးချက်အရ နောက်မီးရွာတွင် ပုလိပ်ကင်းစခန်း တစ်ခုရှိနေခြင်း အတွက် နောက်မီးတွင်စောင့်၍ အချက်ပြရန်ကိစ္စသည် မဖြစ်နိုင်သကဲ့သို့ရှိပါချေသည်။ ထို့ပြင် ကုလားထိပ်၊ ခါးပြတ်(ကပြတ်)၊ နောက်မီးဆိုသည်မှာ အလှမ်းဝေးသော နေရာများမဟုတ်သဖြင့် တစ်နေရာမှ အချက်ပြခြင်း ကို တစ်နေရာမှ မြင်တွေ့နိုင်ပါသည်။ အကယ်က ထိုနေရာများ သို့ ရေငုပ် သင်္ဘောများသော်လည်းကောင်း၊ အခြားလက်နက်များကို သယ်ဆောင်လာသည့်သင်္ဘော ကတ္တူများသော် လည်းကောင်း ကပ်နား၍ လက်နက်များတင်ချခြင်းပြုလျှင်လည်း အလွယ်တကူ သိနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ရာ ကျွန်တော်တို့ လုပ်ကိုင်ရမည့်ကိစ္စများ အဆင်ပြေလွယ်ကူစေရန် နောက်မီး၊ ပက်ပြဲ၊ ဆိတ်မ ၃နေရာမှ ကင်းစခန်း အားလုံး ကို ရှေးဦးစွာ ဝင်ရောက် စီးနင်း တိုက်ခိုက်ရပေတော့ မည် ဖြစ်ပါသည်။

"သခင်စိန်ချယ်၊ ကုလားထိပ်ရွာကို ပြန်ပြီး အခြေအပျက်နေလိုက်ပါ ကျွန်တော် တို့ဆီက နောက်ထပ် အကြောင်းမကြားမချင်း ရွာက ဘယ်ကိုမှထွက်မသွားပါနဲ့ပေါ့ဗျာ၊ နောက်ပြီး ကုလားထိပ် ချောင်းဝ ကိုတော့ နေရာကြည့်ထားပါ"
"သခင်မြလှိုင် တို့နဲ့ ကျုပ်လိုက်လို့မရဘူးလားဗျာ"
"မလိုက်ပါနဲ့ဗျာ၊ သခင်တင်(ဘယ်ကျော်မောင်တင်)ကိုပါ ထားရစ်မယ်၊ အရေးကြီးတာက လက်နက် လာချပေး မယ့် ကိစ္စက အရေးကြီးဆုံးပဲ၊ နောက်ပြီး သခင်စိန်ချယ်တို့က ရွာခံတွေဆိုတော့ လက်နက်တွေရပြီးရင် သယ်ဖို့ရွှေ့ဖို့ ကိစ္စတွေက ရှိသေးတယ်... "
ကျွန်တာ်၏ စီမံမှုကို သခင်စိန်ချယ်တစ်ယောက်ဘဝင်မကျလှသော်လည်း အောင့်သက်သက်ဖြင့် လက်ခံ လိုက်ပါသည်။ ကိုကြွက်သည် သူ့ဆရာသခင်စိန်ချယ်မှာသည့်အတိုင်း ကျွန်တော်တို့အား ဝတ်ကြီး ဝတ်ငယ်ပြုစု ပါသည်။ ကျွန်တော်တို့ပြောနေသည့် စကားများကိုလည်း မည်သို့မျှ စိတ်ဝင်စားခြင်း မပြဘဲ တဲ၏ဖိနပ်ချွတ် တွင် နှီးဖြာရင်းမှ ကျွန်တော်တို့ စကားဝငိးသို့ မကြာခဏလှမ်းကြည့်စောင့်စားလျက် ရှိနေပါသည်။

"သခင်စံထူး.. နောက်မီးက ကင်းစခန်းကို ကျွန်တော်တို့ ဝင်စီးလိုက်ရင် ကောင်းမယ်ထင်တယ်"
"မကောင်းဘူး သခင်မြလှိုင်.. "
"ဘာဖြစ်လို့လဲ.. "
"ကျွန်တော် တို့ ရှုံးနိုင်တယ်၊ နောက်တစ်ခုက ကျွန်တော်တို့ဝင်စီးလိုက်တဲ့အတွက် သူတို့ဘက် ပိုဂရုစိုက်လာနိုင် တယ်၊ ပိုတင်းကျပ်လာတာနဲ့အမျှ ဒီနေရာ ၃ ခုမှာ လုပ်ရမယ့်ကိစ္စအားလုံး ဘာတစ်ခုမှ လုပ်မရ ဘဲ ဖြစ်တော့မှာပေါ့ဗျာ.. "
"ဒါဖြင့် ဘယ်လိုလုပ်သင့်သလဲ၊ စဉ်းစားကြရအောင်လား.. "
"အကောင်းဆုံး ကတော့ ကုလားထိပ်၊ ခါးပြတ်(ကပြတ်)၊ နောက်မီး ဒီ(၃)နေရာနဲ့ဝေးတဲ့ ကုန်းတွင်းပိုင်းတဲ့ တယ်ပင်ဆိပ် တို့၊ ဖိုးဘကုန်းတို့ စတဲ့နေရာတွေမှာ ရှိတဲ့ ကျုပ်တို့လူတွေရဲ့ စပါးပုံတို့၊ နွားတို့၊ ကျွဲတို့၊ ဝင်လု၊ မီးရှို့စ တဲ့ အရောင်ပြအလုပ်တွေ လုပ်ပြရမယ်... "
ကျွန်တော်သည် သခင်စံထူးတို့ တောသားကြီးတစ်ယောက်ထံမှ ဤမျှ အဖိုးတန်သည့် ကွက်ကျော် နည်းကလေး ကို ကြားသိလိုက်ရသဖြင့် အလွန်ပင်အံ့သြကျေနပ်သွားမိပါသည်။ သခင်စံထူးပြော သကဲ့သို့ ကျွန်တော် တို့လူများနေထိုင်သည့် နေရာများမှ ကျွန်တော်တို့လူများ၏ ပစ္စည်းဥစ္စာများကို ဝင်ရောက်လုယူဖျက်ဆီးခြင်း ခံရခြင်းများ အတွက်လည်း အစိုးရဘက်မှ မျက်စိလည်သွားနိုင်ပါသည်။
"ကောင်းတယ်၊ ဒါပေမယ့်ကျုပ်တို့လူတွေရဲ့ ပစ္စညးလုယူဖျက်ဆီးခံရဖို့အထိ စွန့်စားဖို့က လွယ်ပါမလားလေ"

"လွယ်ပါတယ်၊ မောင်နက်(သူကြီး)ရဲ့ စပါး(၅၀)လောက်နဲ့ ကောက်ရိုးပုံ ၂ ပုံလောက် မီးရှို့လို့ မောင်နက် ဆင်းရဲ မသွားပါဘူးလေ။ နောက်ပြီး သခင်ဘိုးရှိန်နဲ့ ခိုင်းနွားတစ်ရှဉ်းလောက်ကို မပြီး တောထဲသွားဝှက်ထား လိုက်၊ ကောက်ရိုးပုံ တစ်ခုလောက် မီးရှို့လိုက်၊ စံတင်လယ်တဲကို မီးတင်ရှို့လိုက်လို့ ထိခိုက်နိုင်စရာမရှိပါဘူး"
သခင်စံထူးပြောစကားများကို ကျန်လူများက ငြင်းပယ်ခြင်းတစ်စုံတစ်ရာမရှိကြပဲ ကျွန်တော်ကသာ ယင်း အစီအစဉ်အတိုင်း အတည်ပြုခဲ့လျှင် ကျေနပ်စွာ လုပ်ကိုင်ကြမည်ဟု ထင်ပါသည်။
"ကာယကံ ရှင်တွေ သဘောထားလဲ ပြောပါဦး"
"လုပ်ပါ၊ သခင်စံထူးပြောသလိုဆိုရင် ဆိတ်မကင်းစခန်းတို့၊ နောက်မိးကင်းစခန်းတို့စဟာ ရုတ်ချည်း တယ်ပင်ဆိပ်၊ ညောင်လန်းငူ၊ ကျောင်းကုန်းဘက်ကို ရောက်လာနိုင်တယ်၊ အဲဒီအချိန်မှာ နောက်မီးကလားထိပ် ခါးပြတ်(ကပြတ်) ဘက်က ကျွန်တော်တို့အလုပ်တွေကို စိတ်ချလက်ချ လုပ်နိုင်ကြတာပေါ့"

အများသဘောတူ ဆုံးဖြတ်လိုက်ပြီးနောက် ထိုနေ့ညမှာပင် ကျောင်းကုန်း သူကြီးကိုနက်၏ စပါးနှင့်ကောက်ရိုးပုံ များကို မီးတင်ရှို့ရန် ဆုံးဖြတ်လိုက်ပါသည်။ ယင်းအစီအစဉ်အရ ကျွန်တော်သည် သူကြီးကိုနက်လည်း မီးတင်ရှို့ပြီး နံနက်လင်းလျှင် ဆိတ်မကင်းဂါတ်သို့ သွားရောက်တိုင်တန်းရန် မှာကြားလိုက်ပါသည်။ ထိုသို့ အစီအစဉ် များကို အကွက်ချ ဆောင်ရွက်နေစဉ်အတွင်း သခင်စိန်ချယ်နှင့် လိုက်ပါသွားသော သခင်တင် တစ်ယောက် ရေးကြီးသုတ်ပျာ်ဖြင့် ပြန်လည်ရောက်ရှိလာပြီး သမိန်ထောမှ ပို့လိုက်သော စာကို ကျွန်တော့် လာ ပေးပါသည်။ စာပါအကြောင်းအရာအားလုံးမှာ ဖျာပုံမြို့ အနောက်ဘက်ကွင်းများတွင် ကျေးရွာလူထုနှင့် ကျွန်တော် တို့စေလွှတ်ထားသူများသည် ကုလား လယ်သမားများနှင့် ၄င်းတို့၏အိုးအိမ်များကို ဖျက်ဆီး လုယူလျက်ရှိကြောင်း နယ်ချဲ့သမားကို မျက်ခြည်ပြတ် ၍ ဘဝတူလယ်သမား အချင်းချင်း၊ လူမျိုးရေးစိတ်ဖြင့် ရန်ညှိုးဖွဲ့ တိုက်ခိုက်လျက်ရှိကြောင်းများ ပါရှိလာပါသည်။

ကျွန်တော်သည် ကိုအုန်းမောင်၏ စာပါအရ ဖျာပုံအနောက်ကွင်းမှ အခြေအနေများကို ထိန်းရန်အတွက် သခင်တင်(ဘယ်ကျော်မောင်တင်)၊ ကိုမြတ်(နောင်သောအခါ နတ်တလင်းမြို့နယ် ပြည်သူ့ကောင်စီဥက္ကဋ္ဌ၊ ယခု အငြိမ်းစား)၊ သခင်ညွန့်မောင် (ခရိုင်ပေါ်)၊ သခင်ဘိုကြီး (အခြာကြီး)တို့ကို လူမျိုးရေးအဓိကရုဏ်း မဖြစ်စေရေး၊ ကုလား လယ်သမားများပိုင် ပစ္စည်းများ လုယက်ဖျက်ဆီးခြင်းမပြုရေး တရာဟောရန် ငြိမ်းချမ်းရေး အဖွဲ့တစ်ဖွဲ့ ကို စေလွှတ်လိုက်ပါသည်။ အမှန်မှာ ကျွန်တော်တို့ တာဝန်ပေးလိုက်သည့် ခေါင်းဆောင်ပိုင်းများ၏ အမြင်ကျဉ်းမြောင်းမှု၊ လူမျိုးရေးစိတ်ပြင်းပြမှုများပင် ဖြစ်ပါသည်။ ယင်းအမှားသည် နယ်ချဲ့တော်လှန်ရေးတွင် စွန်းထင်း ခဲ့သော ဖျက်မရသည့် အမာရွတ်တစ်ခု ဖြစ်ခဲ့လေသည်။ သခင်တင် (ဘယ်ကျော် မောင်တင်) တို့အဖွဲ့ခရီးမထွက်မီ စဉ်းစားဖွယ်ရာကိစ္စ ခေါင်းထဲသို့ ဝင်လာပါသည်။

ယင်းအချက်မှာ ဖျာပုံအနောက်ဘက်တွင် နယ်ချဲ့တော်လှန်ရေးကို တာဝန်ယူ ဆောင်ရွက်နေသူမှာ မြို့နယ် အဆင့်ရှိသော ခေါင်းဆောင်တစ်ဦးဖြစ်သဖြင့် ကျွန်တော်တို့ လွှတ်လိုက်သည့် သခင်တင်(ဘယ်ကျော်မောင်တင်) တို့အဖွဲ့၏ ဖျောင်းဖျမှုကို လက်ခံကောင်းမှ လက်ခံမည်ဖြစ်၏။ သို့ဖြစ်၍ ကျွန်တော်တို့အချင်းချင်း စာနှင့်ညွှန်ကြားရခြင်း ကို မျက်စိမှန်၍ ဆောင်ရွက်လိုက်ရပါတော့သည်။ သို့သော် စာပါအကြောင်းအရာတွင် မိမိက ညွှန်ကြားသည့် သဘောမျိုး မဖြစ်စေဘဲ ယခုလောလောဆယ်တွင် ရန်သူအစစ်ကို တိုက်ခိုက်ရန် အာယူနေစဉ် ဖြစ်သဖြင့် ဘဝတူ ကုလားတောင်သူလယ်သမားများ အပေါ်တွင် မြှားဦးမလှည့်ဘဲ စည်းရုံး သိမ်းသွင်း၍ နယ်ချဲ့စနစ်ကို လက်တွဲတော်လှန်စေလိုကြောင်းမျှသာ ဖော်ပြလိုက်ပါသည်။ ထို့ပြင် ကျွန်တော်စေလွှတ် လိုက်သော အဖွဲကိုလည်း သခင်မြမောင်နှင့် ထိပ်တိုက်အငြင်းပွားရမည့်ကိစ္စများကို မဖြစ်စေဘဲ ကျွန်တော့်မှာကြားချက်ကို သယ်ဆောင်လာသည့် ဆက်သားဖြစ်ဖြင့်သာ ဆောင်ရွက်ရန် မှာကြား လိုက်ရပါသည်။
ပင်လယ်ဝမှ အချက်ပြသောလုပ်ငန်းကို တစ်ရက်မျှ ရွှေ့ဆိုင်းလိုက်ရပါသည်။

ညဥ့်သည် မည်းမည်းမှောင်လျက်ရှိသည်။ ကိုကြွက်၏ တဲထဲတွင် ကျွန်တော်နှင့် သခင်စံထူး၊ သခင်သာရင်တို့ သုံးဦးသာ ကျန်ရစ်ခဲ့ပါသည်။ ပင်လယ်ပြင်မှ ဒီရေတက်သံသည် အလွန်ကြီးမားသော သတ္တဝါတစ်ကောင်၏ ရယ်မောသံ သကဲ့သို့ တဝေါဝေါမြည်လျက်ရှိပါသည်။ ဆားငန်ရေသည် ကမ်းစပ်သို့ ရိုက်ခတ်လေတိုင်း မီးပွင့်ကလေး များသည် ဝင်းလက်သွားပါသည်။ ညဥ့်ငှက်များ၏ အစာရှာထွက်သော အသံသည် တဲပေါ်မှဖြတ်သန်း သွားပါသည်။
"ခုနေခါ တစ်ရက်ဆိုဆိုသလောက် တန်ဖိုးရှိတယ်ဗျာ၊ ကျွန်တော့်စိတ်ထဲမှာ မီးပုံကြီး ဖိုထားလိုက်ချင်တယ်၊ ဒီမီးပုံ ကိုမြင်မှ လက်နက်ချပေးမယ့် သင်္ဘောဟာ သိမှာဗျ"
"လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးစေ ဆိုတယ်မဟုတ်လား သခင်မြလှိုင်ရယ်"
"ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ဖျာပုံမြို့ပေါ်ရဲ့ အခြေအနေဟာ ကျွန်တော်တို့ ထင်တာ ထက် ပြောင်းလဲမှုတွေ အများကြီး ဖြစ်နေတယ်"

"ဘယ်လိုပြောင်းလဲနေသလဲဗျ"
"အရေးပိုင်၊ ရာဇဝတ်ဝန်နဲက အရာရှိကြီးတွေက အရေးရယ်အကြောင်းရယ်ဆိုရင် ထွက်ပြေးဖို့ ရုံးတံတားမှာ သင်္ဘောတွေ အဆင်သင့်ဆိုက်ထားတယ်လို့ သိရတယ်။ သူတို့ ထွက်သွားတဲ့အချိန်မှာ အုပ်ချုပ်ရေး ဖရိုဖရဲ ဖြစ်ပြီးတောကြောင်တွေ ရန်ကတမှောင့် ဖြစ်လာမှာ စိုးတယ်လေ"
ထိုအခိုက် ကိုကြွက်သည် လက်ဖက်ရည်အိုး၊ ငါးခြောက်ဖုတ်ပန်းကန်ကို ကိုင်၍ တဲပေါ်တက်လာသည်။ ကျွန်တော် သည် ကိုကြွက်၏ ဧည့်ဝတ်ကျေပွန်ပုံကိုကြည့်၍ အားတုံ့အားနာဖြစ် မိသည်။ တောသူတောင်သား ဆိုသူများ သည် မည်မျှပင် ဆင်းရဲနွမ်းပါးသည်ဖြစ်စေ၊ ၄င်းတို့ထံသို့ ဧည့်သည်အဖြစ် ရောက်ရှိလာသူကို မရှိရှိသည့် ပစ္စည်းဖြင့် ဧည့်ခံပြုစုလေ့ရှိပါသည်။ ယင်းသို့ပြုစုရသည့်အတွက်လည်း မည်သည့်မျှော်လင့်ချက်ကိုမျှ ထားရှိခြင်း မရှိကြပါပေ။ ဤသည်ကို အခွင့်ကောင်းယူသော မြို့ကလူ များသည် တောလက်ကျေးရွာ များသို့ ရောက်သောအခါ ၄င်းတို့အား မရှိမဲ့ ရှိမဲ့ဖြင့် ပြုစုကျွေးမွေးသည်ကို အားပါးတရ စားသောက်ခဲ့ကြပြီး မိမိတို့ အလှည့် သို့ ရောက်ရှိသောအခါ မသိကျိုးကျွံပြု၍ လွှတ်တတ်ကြပါသည်။

"လာ ကိုကြွက် ထိုင်ဗျာ၊ လက်ဖက်ရည်သော်ရင်း စကားပြောရအောင်၊ ခင်းဗျားလည်း ကျွန်တော် တို့ ရောက်တာနဲ့ အလုပ်များနေရော့မယ်နော "
"မပင်ပန်းပါဘူး ဆရာ၊ အစ်ကိုစိန်ချယ်က ဘာမှ လိုလေသေးမရှိစေနဲ့လို့ မှာသွားပါတယ်"
"ကျွန်တော် က ဒီနှစ်နွေအတွက် သူ့စာရင်းငှားပါ၊ ခါးပြတ်(ကပြတ်)ချောင်းက ဖမ်းတဲ့ ငါးစိုတွေကို ဒီမှာလှန်းပြီး ငါးခြောက်ဖြစ်တော့ ကုလားထိပ်ကို သွားပို့ရတယ်။"
"ကိုကြွက် တစ်ယောက်ထဲပဲလား"
"မဟုတ်ပါဘူး၊ အားလုံး ၅ ယောက်ရှိပါတယ်၊ လောလောဆယ် ၃ ယောက်က ပင်လယ်ထဲမှာ (ဂါး) သွားထောင်နေ ပါတယ်။ ကျွန်တော်နဲ့အတူ ကရင်တစ်ယောက်ပဲရှိပါတယ်။ ခု ဆရာတို့ ရှိနေချိန်မှာတော့ အစ်ကိုစိန်ချယ်ပြန်ခေါ် သွားပါတယ်"

"ဂါးဆိုတာ ဘာလဲ ကိုကြွက်ရဲ့"
"ဂါးဆိုသဟာ မျှင်ဖမ်းတဲ့ဟာကို ပြောတာပါ"
ကိုကြွက်၏ ရှင်းလင်းချက်မှာ မပြည်စုံသဖြင့် သခင်သာရင်က ဖြည့်စွက်ရှင်းလင်းပြပါသည်။ သခင်သာရင်၏ ရှင်းလင်ပြချက်အရ (ဂါး)ဆိုသည်မှာ ပင်လယ်တါင် ထွက်၍ ထောင်သော မျှင်ငါးပိလုပ်သည့် ပုစွန်ကလေးများ ကိုဖမ်းသည့် ပိုက်ဖောင်ဖြစ်ပါသည်။ ပင်လယ်ထဲတွင် ယင်းဖောင်ကို မျှောသွားပြီး မျှင်ပုစွန်ကလေးများ ကျသည့် ရေကြောင်းတွင် (ဂါး)များကို မရွေ့မလျားစေရန် ပင်လယ်ရေနက်အောက်သို့ ဆင်း၍ငုတ်ရိုက်ပြီး ကြိုးချည် ထားရပါသည်။

ထိုမှပင်လယ်ရေတက် ရေကျချိန်များတွင် အလှည့်ဖြင့် ယင်းဂါးပိုက်များကို မတင်ပြီး မျှင်ကလေးများ ကို တောင်းဖြင့် ခတ်ယူရပါသည်။ မျှင်ပုစွန်သည် ပြာနှမ်းနှမ်း အရောင်ဖြစ်ပြီး အကောင်ကလေးများမှာ အလွန်သေးငယ်လွန်း ရကား ယင်းပုစွန်ကလေးများကို မနက်ည နှစ်ရေဖမ်းပြီးသည်နှင့် တစ်ပြိုင်နက် လှေဖြင့် တင်၍ ပို့ရသည်။ ထိုမျှင်များကို ဆားဖြင့်နယ်ပြီး နေလှန်းခြောက်စေပါသည်။ လှန်းပြီးသော မျှင် များကို အလုံးကြီး အဖြစ်ထောင်း၍ သိုလှောင်ထားပါသည်။ ထို့နောက် ထိုမျှင်လုံးကြီးများကို စက်ဖြင့်ကြိတ်ကာ အကောင်းစား မျှင်ငါးပိ၊ ယင်းမှထွက်သော အရည်ကိုမျှင်ငံပြာရည် စသည်ဖြင့် လုပ်ကြပါ သည်။
"တော်တော်စိတ်ဝင်စားစရာ ကောင်းသလောက် သက်စွန့်ဆံဖျား လုပ်ရတာပါပဲလား၊ သခင်သာရင်ရယ်"
"အင်းပေါ့၊ ပင်လယ်ရေလုပ်ငန်းဆိုတာ အသက်နဲ့ ရင်နှီးလုပ်ရတာပါ၊ အကြောင်းမညီညွှတ်လို့ လှိုင်းလေပြင်းရင် ကုလားပြည်တို့ တစ်ကျွန်တို့ဆီတောင် မျှောသွားခဲ့ကြဖူးတယ်"

ဆက်ရန်
.

No comments: