Friday, December 28, 2012

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၂ဝ)

တာဝန်မှူးက ဆာလာအိတ်ကြီးထဲမှ ကျပ်ပြားများကို နှိုက်၍ ကျွန်တော်တို့ တစ်တွေ ကို ထောက်ပံ့ကြေးပေးနေ ပါသည်။ ထောက်ပံ့ကြေး ဆိုသဖြင့် များများစားစားတော့ မဟုတ်ရကား တစ်ယောက် လျှင် အသပြာနှစ်ကျပ် မျှ ဖြစ်သည်။
“ရဲဘော် မြလှိုင်”
“ဟိုက်”
တာဝန်မှူး အား အလေးပြု၍ တာဝန်မှူး ကမ်းပေးလိုက်သော အသပြာနှစ်ကျပ်ကြီးကို လက်ဖြန့်လိုက်သည်။ ထို့နောက် နေရာမှ လှည့်၍ ထွက်ခဲ့သည်။ ကျွန်တော်သည် မိမိချွေးနည်းစာဖြင့် ရရှိသော အသပြာနှစ်ကျပ် ကို လက် မှသည် ဖြန့်၍ ကြည့်မိသည်။ ကျွန်တော့် မျက်ဝန်းတွင် မျက်ရည်များ ယီးလေးခို၍ ကျလာသည်။ ကျွန်တော် သည် အလိုလို ၀မ်းနည်းနေပါသည်။

ကျွန်တော့်ဘ၀ တစ်လျှောက် ငွေကြေးဆိုသည်မှာ ပြောပဖွယ် အကြောင်းတစ်ရပ် မဟုတ်ခဲ့သည်မှာ အမှန် ပင်ဖြစ် ပါသည်။ ငွေနှစ်ကျပ် ကိုမျှ မဟုတ်သေး။ ငွေနှစ်ဆယ်နှစ်ရာ စသည်တို့ကို ကျွန်တော် အလျှံပယ် သုံး လာခဲ့ သူ ဖြစ်သည်။ ယင်းသို့ သုံးလိုက်မိသည့် အကြိမ်ပေါင်းကို ရေးမှတ်ထားမည်ဆိုပါလျှင်လည်း အကြိမ် ပေါင်း ထောင် ဂဏန်းမျှ ရှိချိမ့်မည်ထင်သည်။
ယခုအသပြာ နှစ်ကျပ်မျှသော ထောက်ပံ့ကြေးသည် ကျွန်တော့် ချွေးနှဲစာစစ်စစ်ဖြစ်ခဲ့ပါသည်။ ထိုအခါတွင်မှ ကျွန်တော် သုံးချင် သလိုသုံး ဖြုန်းချင်သလိုဖြုန်းခဲ့မိသော အတိတ်ဆီသို့ စိတ်များဖြန့်၍ စဉ်းစားမိသည်။ မိခင်ကြီး သည် ငွေကြေးသုံးစွဲမှုနှင့် ပတ်သက်၍ မကြာခဏ သတိပေးဖူးသည်။ အရာခပ်သိမ်း ကောင်းတာကိုမှ ၀တ်ချင် သည်။ ကောင်းတာ ကိုမျှ စားချင်သည်။ ယင်းကဲ့သို့ ကောင်းတာများကို မိမိကိုယ် ကို မဲတင်းရန် အတွက် ငွေကြေး တို့ကို ဖောဖောသီသီ သုံးရသည်။ သူတကာနှင့် တူနေမည်ကို စိုးရိမ်၍ သူတကာထက် အစစ အရာရာ သာလိုသော လွဲများသော မာနစိတ်သည် ကျွန်တော့် ခန္ဓာကိုယ်တွင် အမြစ် တွယ်နေခဲ့သည်။ ကြာမြင့် လှချေပြီ။ ကျွန်တော့်ကို မိခင်က ပြောကြားခဲ့သည်။

“ငွေတွင်း ဘယ်လောက်နက်တယ် ဆိုတာ နင်တို့ဟာ နင်တို့ ရှာကြည့်မှသိလိမ့်မယ်နော်”
ယခု သိခဲ့ရပါပြီ။ ကျွန်တော်တို့ကို တစ်ပတ်လျှင် နှစ်ကျပ်မျှ ထောက်ပံ့မည်ဟု ဆိုပါလျှင် ကျွန်တော်၏ လုပ် အားခ ထောက်ပံ့ကြေး သည် တစ်လလျှင် ရှစ်ကျပ်ကြီးပင်ဖြစ်လိမ့်မည်။ ကျွန်တော် မျက်ရည်ကျခြင်းသည် မိခင်ကြီး ၏ ဆုံးမသွန်သင်သော စကားရပ်များနှင့် မှန်လှလေခြင်းဟူသော သဘောပေါက်နားလည်မှုဖြင့် ကျလာသော မျက်ရည်များပင်ဖြစ်ပါသည်။
“ဟေ့ မြလှိုင်၊ မင်းငိုနေသလားဟင်”
ကျွန်တော် က စကားပြန်မပေးဘဲ ရဲဘော်သောင်းအိကို စူးစိုက်ကြည့်ရင်း ခေါင်းညိတ်၍ အဖြေပေးလိုက် သည်။ ကိုသောင်းအိ သည် ကျွန်တော့်အား ကြင်နာစွာကြည့်ရင်း သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်လေ သည်။

“မင်း ပင်ပန်းတဲ့ဒဏ် မခံနိုင်ဘူး မဟုတ်လား၊ အေးလေ ငါသိပါတယ်ကွာ၊ မင်းလို မင်းသားလေး လို နေလာ တဲ့ ကောင် အဖို့ ဒါလောက် ပင်ပန်းတာကို ဘယ်မှာလုပ်နိုင်မှာလဲ”
“ပင်ပန်းလို့ မဟုတ်ပါဘူးဗျာ”
“ရော့ … ဒါဖြင့် ဘာကြောင့်များ ရွှေမျက်ရည် ကျတော်မူရတာလဲ ကိုယ်တော်လေး ဘုရား၊ ငစိန်ဆန်လုံးတီး ပဲဟင်းရေကျ ကို ဘုဉ်းပေးတော်မမူနိုင်ဘူး မှတ်တယ်ဗျာ၊ ဟက်ဟက်”
“ခင်ဗျားကြီး က ပေါက်ကရတွေ လုပ်ရော့မယ်၊ ထောက်ပံ့ကြေးရတာ ၀မ်းနည်းမိလို့ပါဗျာ”
“ဟေ့ … ပိုက်ဆံရတာ များ ၀မ်းနည်းရတယ်လို့ကွာ၊ အေး … မင်းမသုံးချင်ရင် ငါ့ကိုပေး၊ ငါသုံးပေးမယ် ဟုတ်လား”
“အိုဗျာ ကျွန်တော့် စကား လဲ ဆုံးအောင် နားထောင်ပါဦးလေ၊ ကျွန်တော့်အဖို့ အိမ်က ပိုက်ဆံသုံးခဲ့တုန်းကတော့ တစ်ဆယ် ဆိုလဲ မနှမြောဘူး၊ တစ်ရာဆိုလည်း ပေါပေါကြီး သုံးခဲ့တာပဲ၊ ကိုယ်မှ မရှာပဲကိုးဗျ၊ ဟော ခုတော့ ကိုယ်တိုင် ရှာကြည့်လို့ရ တဲ့ ငွေဟာ တစ်ပတ်လုံးအတွက် ငွေလေးနှစ်ကျပ်ရယ်၊ ဒါကြောင့် စဉ်းစားရင်း ၀မ်းနည်း လာတယ်လေ”
“ဟိတ် ဟိုမှာကြည့်စမ်း … မင်းအဆက်ဆီက အောင်သွယ်တော်ကြီးလာနေတယ်၊ လက်ထဲမှာလဲ အထုပ် တစ်ထုပ်၊ ဟိဟိ - စားစရာ ဆို ကြိတ်ပစ်လိုက်မယ်ဟိဟိ”
ရဲဘော်သောင်းအိ ညွှန်ပြရာသို့ ကျွန်တော် ကြည့်လိုက်မိသည်။ ဒေါ်ကြူကြူဆိုသော မိန်းမကြီး ကျွန်တော် ရှိရာသို့ လာနေ ပါသည်။ လက်ထဲတွင်သာမက လွယ်အိတ်နှင့် ပစ္စည်းများအပြည့် ပါလာသေးသည်။

“၀ှီးမောလိုက်တာ ငါ့တူရေ၊ာသာလာရတယ်၊ တဒိတ်ဒိတ်ပဲကွဲ့”
“ဘာဖြစ်လို့ တဒိတ်ဒိတ် ဖြစ်ရတာလဲဗျ၊ ကျွန်တော် တစ်ယောက်လုံး ရှိနေမယ့်ဟာ”
“အေးလေ မင်းတို့ကိုပဲ ကြောက်လှသကွယ်၊ တို့များ ကြားတောကတော့ မင်းတို့တစ်တွေ လိုင်ဖိုကြီးတွေ ဟိုကလိ သည်ကလိနဲ့ ခဏခဏ ကျည်ထွက်ပြီး အနိစ္စရောက်လို့တဲ့ကွယ်တို့ - အင်း မျောက်အနာ ရသလို နေမှာပေါ့လေ”
ကျွန်တော်နှင့် ကိုသောင်းအိခမျာ မိမိတို့ကိုယ်ကို ဗမာ့လွတ်လပ်ရေးတပ်မတော်က စစ်သားကြီးတွေဆိုပြီး မကြွား လိုက်ရမီ၊ ဒေါ်ကြူကြူ၏ သြဘာသံကြောင့် ဇက်ပုသွားပါသည်။ အမှန်ကလည်း ကျွန်တော်တို့ ကိုယ် တိုင် မဟုတ်ငြားသော် လည်း စစ်သားများ မကြာခဏ ကျည်ဆန်ထွက်၍ လူအချို့ အနိစ္စသဘော ကိစ္စချော ခဲ့သည့် ငြင်းကွယ် ၍ မရသောအကြောင်းများ ရှိခဲ့ဖူးပါသည်။
“ဒေါ်ဒေါ်ကြူသန်း လွှတ်လိုက်တာလားဟင်”

“အေးပေါ့ မောင့်နှမ နားပူပြီး လွှတ်လိုက်တာလေ၊ မဟုတ်ရင် ခုလို နေရာမျိုး အသက်စွန့်လာရိုးလားကွယ် တို့”
“ဟာ … ဒေါ်ဒေါ်ကလည်း၊ ကိုင်း - ဘာတွေ ပေးလိုက်သလဲဟင်”
“ရော့ပါရှင် လွယ်အိတ်ထဲမှာ အစုံပါသလေ”
“ဒေါ်ဒေါ်ကြူ လက်ထဲက အထုပ်ကရော မှန်း”
“အေး …အေး … အဲဒါ မောင်သောက်ဖို့ ရှေးကလက်တဲ့ကွယ့်၊ ဟင့် “င့်”
“ကျွ်တော်က ပြုံးရင်း လက်ထဲမှာ ငါးဆယ်ဝင် စီးကရက် ဂိုးဖလိတ်စီးကရက်ဘူးကို လှမ်းယူရင်း ဖွင့်လိုက်ပါ သည်။ လေလုံ ပိတ်ထားသော စီးကရက်ဘူးမှ ရှူးခနဲ လေထွက်လာလေသည်။ ထို့နောက် သင်းပျံ့ပျံ့ ဆေးနံ့ ကလေးထွက်လာသည်။ ဒေါ်ဒေါ်ကြူကတော့ ကျွန်တော်၏ အပြုအမူများကို ပြုံး၍ ကြည့်နေရှာပါ သည်။

“ဒါကတော့ အမှာပါးလိုက်တဲ့ ရွှေပေလွှာပါတဲ့ရှင် …”
“ကိုင်း … မြလှိုင်၊ စာဆက်ဖတ်၊ စားစရာတွေ ငါ့ကိုပေး … ဟေး … ဟေး …”
ကိုသောင်းအိသည် ကျွန်တော့်ဘေးမှ အထုပ်ကို ဆွဲလာသည်။ ချစ်သူထဲမှ ချစ်သက်လက်ဆောင်များဖြစ် ခြင်းကြောင့် ကိုသောင်းအိလက်မှ အထုပ်ကို ဇွတ်ပြန်ဆွဲယူထားလိုက်ရသည်။
“ကိုယ့်လူ - ဒါလေးတော့ ချမ်းသာပေးတော်မူပါ”
“မင်းဆီက ပစ္စည်းမရရင်တော့ အမေကြူကြီးကို ဆွဲထားရလိမ့်မယ်…”
“ဟဲ့ … သေချင်းဆိုးလေး၊ နင့်အမေနဲ့ ငါန့ ရွယ်တူဟဲ့ …”
ဒေါ်ဒေါ်ကြူနျင့် ကိုသောင်းအိတို့ အချီအချ စကားများနေချိန်တွင် လွယ်အိတ်ထမှ ပစ္စည်းများကို ထုတ်ယူ ကြည့်လိုက်မိသည်။ ပစ္စည်းကလေးများမှာ ဖွယ်ဖွယ်ရာရာပင်။

မြ  ဟု နာမည်အတိုကောက် ထိုးထားသော လက်ကိုင်ပ၀ါ ကလေးများ ငါးပိဆီကြော်၊ သရက်သီးသနပ်၊ ငါးခြောက်ကြော်၊ သကြားလုံး၊ ချောကလက်၊ လက်ဖက်ခြောက်စသည်များကို ဘူးကလေးများ၊ ပုလင်း ကလေး များဖြင့် ထည့် လျက် ဖွယ်ဖွယ်ရာရာ ပါရှိလာပါသည်။
“ကိုင်း … ဒေါ်ဒေါ် ပြန်မယ်၊ နှမတော်ဆီ ဘာမှာမလဲ …”
“တွေ့ ချင်တယ်လို့ ပြောလိုက်ပါဗျာ”
“အလကားပြောတာ ဒေါ်ဒေါ်၊ ဒီကောင် ရည်းစားတွေ့ဖို့ နေနေသာ ဖင်ယားတာတောင် မကုတ်အားဘူး၊ တစ်နေ့တစ်နေ့ ပင်ပန်းလိုက်တာ မပြောပါနဲ့တော့ ဒေါ်ဒေါ်ရယ်၊ အဲ … တစ်ခုတော့ ရှိတယ်၊ ဒေါ်ဒေါ် နောက်တစ်ခါ လာရင် သန်းသန်းကို ခေါ်လာခဲ့ပေါ့ ဟတ်လား…”
“တော်ပါ၊ ငါက အကောင်း မှတ်လို့ နားထောင်နေတာ …ဟင်း ..”

ပိတောက်တွေ ထိန်ထိန်ဝင်းနေသည်။
မိုးနံ့နှင့် ပြွမ်းတီးသယ်ဆောင်လာသော ပိတောက်ပန်းရနံ့သည် ကြိုင်ကြိုင်မွှေး သည်။ နေ သည် ခြစ်ခြစ်တောက်အောင် ပူလောင်နေသော် လည်း ပိတောက်ပန်းရနံ့ပူလောင်နေသော်လည်း ပိတောက်ပွင့်သော အခါ မိုးရိပ်အောက်မှ နေရောင်သည် ပိတောက်အလှကို ပိုမိုစေသည်။ ကျွန်တော်သည် ပိတောက်ပင် ရိပ်အောက်တွင် လှဲလျက် ပိတောက်နံ့သင်းသင်းတွင် ဈာန်ဝင်နေမိသည်။ ပိတောက်ပွင့် ကလေး များက တဖြုတ်ဖြုတ် ကြွေကျနေသည်။ အချို့ ပန်းပွင့်ကလေးများသည် မျက်နှာပြင်ပေါ်သို့ တစ် ပေါက်ပေါက် ကျဆင်း ကျီစယ်လျက် ရှိပါသည်။
မြေပြင် တွင် ပိတောက်မွေ့ရာကြီး ခင်းထားသည့်နှယ်။

ထိုအချိန်တွင် ကျွန်တော့်ရင်၌ ဝေဒနာတစ်ခုကို ခံစားနေရသည်။ မိဘနှင့်ဝေး၍ အိမ်ကို လွမ်းသသော ဝေဒနာ၊ ချစ်သူနှင့်ဝေး၍ တမ်းတသော ဝေဒနာ။ ကျွန်တော်တို့ သူငယ်ချင်းတစ်စု ဗမာ့လွတ်လပ်ရေး တပ်မ တော်ထဲသို့ ၀င်လိုက်ကြသည့် အချိန်သည် ကျွန်တော်တို့တစ်တွေ၏ အသက်အရွယ်များမှာ ၁၈ နှစ်၊ ၁၉ နှစ် ဖြစ်ကြသည်။ အသက်အကြီးဆုံး ဆိုသူများပင် ၂၀ ကျော်သာသာများဖြစ်ကြသည်။ လောက၏ အတွေ့ အကြုံ၊ ဘ၀၏ အတွေ့အကြုံ များကလည်း နုနယ်လှသေးသည်။
ကျွန်တော့်ရင် ၌ သိသောအချက်မှာ ကျွန်တော်တို့တစ်တွေ အမိနိုင်ငံကို ချစ်သည်။
ကျွန်တော် တို့ရဲ့ အမိနိုင်ငံကို တိုင်းတစ်ပါး လက်အောက်မှ လွတ်မြောက်လိုသည်။

ဤလွတ်မြောက်ရေးအတွက် ကျွန်တော်တို့ရဲ့ အသက်များကို ပေးလှူမည်။ အမှန်က ထိုမျှလောက်သာဖြစ် သည်။ ကျွန်တော် သည် လေ့ကျင့်ခန်းများအတွင်း၌ဖြစ်စေ၊ အားလပ်သည့်အခါဖြစ်စေ၊ အိမ်နှင့်ချစ်သူ သန်း သန်း ကိုသတိရနေမိသည်။
“မနက်ဖြန် အိမ်ပြန်ခွင့်ရမယ် မြလှိုင်၊ မင်း အိမ်ပြန်မလား”
တပ်စိတ်မှူး သက်ကြည်၏ အမေးကို ကျွန်တော်က ခေါင်းညိတ်အဖြေပေးလိုက်သည်။ ကျွန်တော်တို့ တပ်စိတ် တွင် ဖျာပုံမြို့ပေါ်တွင် နေထိုင်သူမှာ ကျွန်တော်နှင့် ရဲဘော်သောင်းအိသာဖြစ်သည်။ ကျန်ရဲဘော် များမှာ နယ်မှဖြစ်ကြသည်။ သို့သော် ၎င်းတို့လည်း နီးစပ်ရာ ရဲဘော်များနှင့်အတူ လိုက်ကြမည်သာဖြစ်သည်။
ကျွန်တော့် အတွေးတွင် အိမ်ပြန်ရသည့်နေ့တွင် မည်သည့်ကိစ္စများဆောင်ရွက်ရမည်ဆိုသည်ကို စိတ်ကူး စာရင်းချ လိုက်မိသည်။ စာရင်း၏ ထိပ်ဆုံးတွင်တော့ ချစ်သူသန်းသန်းနှင့် တွေ့နိုင်ရေးပင်ဖြစ်သည်။ သို့သော် ပထမဆုံးဆောင်ရွက် ရမည်မှာ မိခင်ကြီးထံ အရောက်ပြန်၍ အိမ်မှ အစ်မများချက်ထားသည့် ထမင်းဟင်းများကို တစ်ဝစားမည်။ ထို့နောက် ပိုက်ဆံတောင်းမည်။ တပ်ထဲသို့ မ၀င်ဘဲ အုပ်ချုပ်ရေးပိုင်းနှင့် နိုင်ငံရေးတာဝန်များ လုပ်ဆောင်နေကြသည့် ကိုအုန်းမောင်တို့လူသိုက်နှင့် တွေ့မည်။ နောက်ပြီး ဒေါ်ဒေါ်မြနှင့် တွေ့ပြီးသန်းသန်းကို ချိန်းမည်။

“ရဲဘော်ထမင်းကျွေးတော့မယ်၊ သွားစို့ …”
“ရော့ - ဒါတွေ ထမင်းစားရုံမှာ အရင်ထားနှင့်ချေ”
သန်းသန်းပေးလိုက်သော စားဖွယ်များကို ကျွန်တော်၏ တပ်စိတ်မှ ရဲဘော်များနှင့် ဝေငှစားလိုက်သဖြင့် တက်တက်ပြောင်သွားပါတော့သည်။ သန်းသန်း အနေဖြင့် ကျွန်တော် တစ်ဦးတည်း နေဖို့ညစာ စားရန် ရည်ရွယ်ပေးသည် မှန်သော်လည်း တပ်ထဲတွင်တော့ တစ်ယောက်တည်း ကျိတ်စား၍ မဖြစ်နိုင်ပေ။ မည်သူ ၏ စားသောက်ဖွယ်ကိုမဆို ၀ိုင်းထဲသို့ ချ၍ တစ်ယောက်တစ်လုတ် တစ်ဆုပ်မျှတ စားကြလေသည်။

“ဟေ့ကောင် … မင်း ပန်းကန်ထဲက ငါးပိကြော်ပေါ်က အဖတ်ကြီးဟာ မင်းငတိမရဲ့ ခြေသည်းကြီးနဲ့ တူ တယ်ကွ…ဟီး … ဟီး…”
“ရော - လုပ်ရော့မယ်၊ ကြက်သွန်ကြော်ဖတ်ပါဗျာ”
“ဟ - ဒီမှာ အမွှေးကြီးတစ်ပင် …”
“ကောက်ကောက်ဆိုရင်တော့ ခြေသလုံးမွှေးပဲကွ ဟား … ဟား”
ထမင်းဝိုင်းသည် တ၀ါးဝါး တသောသောဖြင့် စည်ကားလျက်ရှိသည်။ မတစ်ရာသားများ ဖြစ်သဖြင့် ပြောချင်ရာ ဆိုချင်ရာ ဆိုကြသည်။ တစ်ယောက်ကို တစ်ယောက် ရင်းနှီးချစ်ခင်မှုဖြင့် ရစ်ပတ်လွှမ်းခြုံထားခြင်းကြောင့် မည်သည့် စကားကိုပင် ပြောစေကာမူ၊ ခံပြင်းနာကြည်းမှု မရှိကြပေ။ ယခုလည်း ကျွန်တော့်အား ချစ်သူတစ်ဦးအဖြစ် အ၀အနင့် စားကာ၊ ချစ်သူသန်းသန်းကိုလည်း အမျိုးမျိုး စကားကြော၍ ပြောချင်တာ ပြောလျက် ရှိကြသည်။

နေလောင်ထားသော မျက်နှာပြင်သည် ညိုရောင်သမ်းနေသည်။
မိခင်ကြီးသည် ကျွန်တော့်အား ကရုဏာသက်စွာ ငေးမောကြည့်နေရှာပါသည်။ ပွန်းပဲ့လျက်ရှိသော တတောင်ဆစ်မှ အနာများကို အစ်မဖြစ်သူက ဆေးထည့်ပေးသည်။ ကျွန်တော့်ဘ၀ တစ်ဆစ်ချိုးသည် ကြမ်းတမ်းခက်ထန်စွာ စခဲ့ချေပြီ။
သို့သော်။
ကျွန်တော့်ကို လူတေ လူပေကလေးအဖြစ်မှ ဆွဲထုတ်ပေးခဲ့သော မိခင်၏ ရင်ဝယ် မည်သို့ခံစားရလေမည် ကိုမသိငြားသော်လည်း မိခင်ထုလုပ်သွန်းလောင်းပေးသည့် ပုံသဏ္ဍာန်ကား ကျွန်တော့်ကိုယ်၌ ထင်ဟပ် လျက်ရှိပါပြီ။ ထို့အတူ ပျက်စိးရန် အလားအလာများကို မြင်တွေ့ရသောအခါ ကျွန်တော့်အား နိုင်ငံ နှင့်လူမျိုးကို ချစ်ခင်စေသော စိတ်ဖြင့် အစားထိုးပေးခဲ့သည်။

ခု ကျွန်တော်တစ်ယောက် ဗမာလွတ်လပ်ရေး တပ်မတော်သို့ ၀င်ရောက်ပြီး စစ်သားကြီး ဖြစ်လာခဲ့ပါပြီ၊ စစ် သားဆိုပြန်တော့ လည်း သဘာဝဓလေ့စရိုက်ကပင် သာမန်လူတစ်ဦးကဲ့သို့ မဟုတ်ဘဲ သီးခြားရှိလာရသည်။
မိခင်မျက်ဝန်း မှ ရစ်သိုင်းနေသော မျက်ရည်စများသည် သားဖြစ်သူအတွက် ပီတိမျက်ရည်လော၊ သို့တည်း မဟုတ်၊ သားဖြစ်သူ၏ ဘ၀ကြမ်းအတွက် ရင်နာ၍ ကျခဲ့သော မျက်ရည်များလော၊ ကျွန်တော်သည် မိခင် မျက်နှာပြင်ပေါ် မှ အမည်မဖော်နိုင်သော ဝေဒနာကို စိမ်းစိမ်းကြည့်၍ မေးခွန်းမေးရန် နှုတ်ခမ်းကို ပြင်လိုက် သည်။

“သား … စစ်သားလုပ်ရတာ ပျော်ရဲ့လား”
“မပျော်လှဘူး မေမေ၊ ပင်ပန်းလွန်းလှတယ် ဒါပေမယ့် …”
“ဒါပေမယ့် … ဘာဖြစ်လဲ ပြောပါဦး”
“ကျွန်တော် စစ်တိုက်ချင်တယ်၊ ခုနေ ပင်ပန်းတာလေးလောက်နဲ့ တပ်ထဲက ထွက်လိုက်ရင် ကျွန်တော့်ကို လူပျော့လူညံ့လို့ ပြောကြမှာလေ”
“ဟုတ်တာပေါ့ သားရယ်၊ ဇွဲလုံ့လဆိုတာ ယောက်ျားကောင်းတိုင်းမှာ ရှိရမယ့် အရည်အချင်းပဲပေါ့၊ တစ်ခုတော့ ရှိတယ်၊ လက်နက်ကို ပိုင်ဆိုင်ခွင့်ရတဲ့ ငါ့သားဟာ ဒီလက်နက်နဲ့ ကိုယ့်ကို အားထားပြုသူကို အနိုင်မကျင့်လေနဲ့၊ မာန်မယစ်လေနဲ့၊ အလွဲသုံးစားမပြုလေနဲ့”
“မဖြစ်စေရဘူး မေမေ၊ သား ကတိပေးနိုင်ပါတယ်”
စောစောက စိတ်၏ ဒွိဟတိမ်တိုက်သည် ပျက်ပြယ်သွားလေပြီတကား။

မိခင် မျက်ဝန်းဆီမှ မျက်ရည်စသည် အကယ်စင်စစ် ပီတိမှ သွန်းလောင်းလာသည်သာဖြစ်ချေမည်။ ငယ်ရွယ်သော ကျွန်တော့် လက်ဝယ်မှ လက်နက်သည်သာ အလွဲသုံးစားဖြစ်လျှင် မိခင်သည် စစ်သားကောင်း တစ်ယောက်၏ မိခင်အဖြစ် ဂုဏ်ယူဝင့်ကြွားနေမည်မှာ သံသယဖြစ်ဖွယ်မရှိပါချေ။ ကျွန်တော်သည် ပေါ့ပါးစွာဖြင့် မိခင်နဖူးကို နမ်းရှိုက်လိုက်မိသည်။ ထို့နောက် မိခင်ရင်ခွင်တွင် ခေါင်းထိုး၍ မိခင်၏ အယုအယကို ခံလိုက် မိပါသည်။ မိခင်သည် ကျွန်တော်၏ ဆံစကလေးများကို ပွတ်သပ်၍ နှုတ်မှ လည်းတတွတ်တွတ်ရွတ်လျက် ဆုမွန်ကောင်း များ တောင်းပေးနေပါသည်။
တစ်ခါက ကျွန်တော်တို့ ညီအစ်ကိုတစ်တွေ နိုင်ငံရေး လုပ်ခဲ့သည်ကို အကြောင်းပြု၍ ဖျာပုံအရေးပိုင်သည် ကျွန်တော့်မိခင်၊ ကျွန်တော့် ဦးလေးတို့ကို လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုထားသော လက်နက်များကို ပြန်လည် သိမ်းဆည်းခဲ့ပါသည်။ ထိုအချိန်က လိုင်စင်သေနတ်ကို ကိုင်ဆောင်ရခြင်းသည် လူကုံထံများအဖို ဂုဏ်ဒြပ်တစ်ခုဖြစ်သဖြင့် ငွေကြေးတတ်နိုင်သူများသည် အစိုးရထံလျှောက်ထားပြီး သေနတ်ကိုင်ကြလေ သည်။

ဖျာပုံအရေးပိုင်က ကျွန်တော်၏ မိခင်နှင့် ဦးလေးဖြစ်သူအား ဂုဏ်သိက္ခာ ညှိုးနွမ်းစေသော အပြုအမူ အဖြစ် သေနတ်လိုင်စင် သိမ်းသည်ကို မိခင်သည် ခံပြင်းသော်လည်း မည်သို့မျှ မတတ်နိုင်ဘဲ အရှုံးပေးလိုက်ရသည်ကို ကျွန်တော့်စိတ်ဝယ် အမာရွတ်ကဲ့သို့ မှတ်မှတ်ထင်ထင် ရှိနေပါသည်။
“မေမေ ဟိုတုန်းက အရေးပိုင်မျက်နှာဖြူက ကျွန်တော်တို့ သေနတ်တွေကို သိမ်းခဲ့တယ်နော်”
“ဟုတ်တယ်၊ မေမေက အင်္ဂလိပ်အစိုးရကို တော်လှန်မယ့် သူပုန်လေးတွေကို မွေးထားတော့ ဘယ်ယုံပါ့မလဲ သားရယ်”
မိခင်ကြီးသည် သူစကားနှင့်သူ ပြောရင်း ရယ်မောနေပါသည်။ ကျွန်တော်တို့သားများအပေါ် အင်္ဂလိပ်အစိုးရ ကိုဆန့်ကျင်ခြင်းကြောင့် တားမြစ်ပိတ်ပင်ခြင်းမရှိသည့်ပြင် ကျွန်တော်တို့ကို အကြောင်းပြု၍ လက်နက်များ သိမ်းဆည်း သည်ကိုလည်း ဂုဏ်သိက္ခာ ထိခိုက်သည်ဟု မထင်မှတ်ကြောင်း မိခင်ကြီးပြောစကားအရ သတိ ထားလိုက်မိပါသည်။

“သားတို့မှာ အခု သေနတ်တွေ အများကြီး ရှိနေပြီ မေမေ”
“မများလှပါဘူး သားရယ်၊ သားတို့ လူစေ့တက်စေ့ ရှိသေးတာမှ မဟုတ်သေးတ်ာပဲ”
“အိုး … မေမေကလည်း များလှချည်ပေါ့၊ ဟိုတုန်းက ဒီလောက်နဲ့ပဲအရေးပိုင်တို့ ရာဇ၀တ်ဝန်တို့ အုပ်ချုပ်သွားတာပဲ မဟုတ်လားဟင်”
“သားတိ့ အခု အင်္ဂလိပ်နဲ့ စစ်ဖြစ်နေတယ်ဆိုတာ မှတ်ထားဦး၊ အင်္ဂလိပ်နဲ့ စစ်တိုက်ဖို့ စစ်သားတွေ အများကြီး လိုသေးတယ်၊ နောက်ပြီး အုပ်ချုပ်ရေးသမားတွေ၊ ပညာသည်တွေ၊ ပစ္စည်းတွေ အများကြီးမှ အများကြီး လိုသေးတယ်”
မိခင်ကြီး ပြောသော အကြောင်းအရာသည် ကျယ်ဝန်းလှဘိ။ အသက်(၂၀)၀န်းကျင်မျှသာ ရှိသေးသော ကျွန်တော် ၏ အတွေးနုနုတွင် မိခင်ကြီးပြောပြသည့် လွတ်လပ်ရေး တိုက်ပွဲအတွက် စစ်သားများ၊ လက်နက် မျး၊ အုပ်ချုပ်သူများ၊ ပညာသည်များ အများအပြား လိုသေးလျက် ရှိနေပါလားဟု နိမိတ်ထင်လာပါတော့သည်။

ကျွန်တော့်တွင် တိုင်းပြည်ကို ချစ်တတ်ရုံမျှ တိုင်းပြည်အတွက် အသက်စွန့်ရုံမျှဖြင့် မပြည့်စုံရာသေးဟုလည်း ကျွန်တော် ရိပ်စားမိပါသည်။ ကျွန်တော်တို့တစ်တွေ လွတ်လပ်ရေးရရန် နယ်ချဲ့သမားနှင့် ယှဉ်ပြိုင်စစ်တိုက် ရမည် ဆိုလျှင်ပင် မိခင်ကြီး ပြောသကဲ့သို့ ကျွန်တော်တို့တွင် စစ်သည်အင်အား၊ လက်နက်အင်အား အခြား အခြားသော ပစ္စည်းများ၊ စားနပ်ရိက္ခာများ လိုပေလိမ့်မည်။ ထို့ပြင် ကျွန်တော်တို့အား အုပ်ချုပ်မည့်သူ၊ ကျွန်တော်တို့က အုပ်ချုပ်ရမည့်သူများလည်း ရှိရပေဦးမည်။ ကျွန်တော်သည် ရှည်လျားလွန်းလှသော လွတ်လပ်ရေးတိုက်ပွဲပမာဏ စာမျက်နှာကို ယခုမှ စရသေးသည်ကို သဘောပေါက်လာရပါသည်။
မျက်ပေါက်ကျဉ်းကလေးဖြင့် မြေခွေးကဲ့သို့ သွားများကို ဖြဲထားသည့် မဟာမိတ်ဂျပန်တို့၏ အာရှတိုက်သားချင်း ချစ်ကြည်သွေးစည်းရေးဆိုသည့် စကားတွေကို ၀ါရင့်နိုင်ငံရေးသမားများနှင့် ကျွန်တော်တို့ စစ်ခေါင်းဆောင်များ ကယုံကြညှ်ု မရှိငြားလည်း ကျွန်တော်တို့ကတော့ ဂျပန်များသည် ကျွန်တော်တို့ အာရှတိုက်သားချင်း စာနာစိတ်ဖြင့် နယ်ချဲ့ အင်္ဂလိပ်တို့ကို လက်တွဲတိုက်ပေးသည်ဟု ရိုးသားစွာ မြင်မိပါသည်။

စစ်ဖြစ်ပွားနေချိန်ဖြစ်၍ စစ်၏ အနိဌာရုံများနှင့် ပွန်းတီးနေသည်ကို ရှုမြင်ရင်း ဂျပန်တို့၏ လွတ်လပ်ရေးပေး မည့် ကတိစကားပေါ်တွင် သံသယမ၀င်ခဲ့မိပါပေ။ သို့သော် တစ်နေ့သောအခါက ကိုအုန်းမောင်သည် ကျွန်တော့်အား တိုးတိုးတိတ်တိတ် ခေါ်ကာ ဂျပန်များကို သတိထားရန် ပြောခဲ့ပါသည်။ ယခုလည်း မိခင်က ဆိုပြန်ချေသည်။
“သား … ဂျပန်တွေက ဗမာ့လွတ်လပ်ရေးကို တိုက်ပေးမယ်ဆိုတာထက် ဂျပန်ဆီက လွတ်လပ်ရေးကို သားတို့ပြန်တိုက်ယူရဦးမယ် ဆိုရင် ပိုမှန်မယ်”
“အခု ကျွန်တော်တို့ တိုက်ထုတ်လို့ အင်္ဂလိပ်တွေ ထွက်ပြေးကြပြီပဲ၊ နောက်ပြီး ခုဆို ကျွန်တော်တို့ သခင်တွေကပဲ အုပ်ချုပ်နေရတာ မေမေအမြင်ပဲ မဟုတ်လား၊ သူတို့လွတ်လပ်ရေးမပေးရင် ဆက်တိုက် မယ်မေမေ”

မိခင်ကြိးက ပြုံးပြန်သည်။ မိခင်ကြီး၏ အပြုံးနောက်ကွယ်တွင် အဓိပ္ပာယ်များစွာ ရောပြွမ်းပါလာသည်ကို အမြော်အမြင် ကြီးမားသော်လည်း စစ်ရေးစစ်ရာနှင့် နိုင်ငံရေးကိစ္စတို့ကိုမူ လက်တွေ့ လုပ်ကိုင်နေသူများ ကဲ့သို့ မြင်ကောင်းမှ မြင်ပေမည်။ သို့ကြောင့်လည်း မိခင်ကြီးက ဂျပန်များနှင့် ပူးပေါင်း လက်တွဲလျက် နယ်ချဲ့သမားအား တိုက်ပွဲဝင်လာသည်ကို မယုံကြည် မနှစ်မြို့ဟန်ဖြင့် သတိပေးစကား ပြောကြားသည်ဟု ကျွန်တော် ထင်မှတ်ထားလိုက်ပါသည်။

ဆက်ရန်
.

No comments: