Thursday, November 8, 2012

တင်မောင်မြင့် ဘာသာပြန် မုန်တိုင်းထန်ကမ်းခြေ, အပိုင်း (၁၉)

ပီယာဘိုဒီ
စန်ကာလို
(၁၆- ရက်မြောက်နေ့)


ကျွန်တော်သူ့ကို တအားဖက်ထားလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ ကျွန်တော့်ရင်ခွင်ထဲတွင် တွန့် လိမ်နေ၏။ သူ့ မျက်နှာနှင့် ကျွန်တော့်ရင်ဘတ် အပ်ထားလိုက်၏။ အသားတွေတဆတ်ဆတ်တုန် လာသည်။ ကျွန်တော့် ရင်ထဲတွင် ဆို့တစ်နေ၏။ စကားပြောဖို့ မလွယ်သည့်ကြားက သူ့နားကပ်ပြီး ကျွန်တော်ကြိုးကြိုး စားစား ပြောလိုက်သည်။
"သား...သား...မင်းဟာ ငါ့သားပါ၊ ဂျော်ဂျီရယ်....မင်းဟာ ငါ့သားပါကွာ"
ချက်ချင်း သူငြိမ်ကျသွားသည်။ ကျွန်တော်ရှိုက်ကြီးတငင် ငိုချလိုက်၏။ မည်မျှကြာအောင် ကျွန်တော် သူ့ကို ဖက်ထားမိ သည် မသိ။
"သြော်...သူ သေသွားရှာပြီပဲ၊ သေခြင်းတရား၏ အကြောင်းကို ကျွန်တော်ဆင်ခြည်ကြည့်သည်။ တရားစီရင် သလို ဂျူရီအဖွဲ့နှင့် သေမိန့်ချခြင်းလား၊ ဘယ်တရားသူကြီးက စီရင်ချက်ချတာလဲ၊ ကျွန်တော်တို့ ဘ၀များစွာကို ဘယ်သူ့ လက်တွင် ၀ကွက်အပ်နှံထားခြင်းလဲ။"

အသက်ခြောက်ဆယ် အတွင်း ကျွန်တော့်အနေဖြင့် နှစ်ဦးကိုသာ ငြိတွယ်ခဲ့ဖူးသည်။ နှစ်ဦးစလုံး သည် ကျွန်တော့် အတွက် ရေပွက်ပမာမျှသာ။ သူ့ဆံပင်တွေကို ကျွန်တော်သပ်ပေးလိုက်သည်။ ကျွန်တော့်မျက်ဝန်းထဲတွင် မျက်ရည်တွေနှင့် စိုရွဲနေ ၏။
တံခါးဝမှ အသံကြားလိုက်သည်။ ကျွန်တော်မော်ကြည့်လိုက်၏။ မျက်နှာတစ်ခု ရိပ်ခနဲ မြင်လိုက်ရ ပြီး ချက်ချင်း ပျောက် သွားသည်။ တစ်ပြိုင်တည်းလိုလို အော်ဟစ်သံများနှင့်အတူ ဖမ်ဘိုနာ ၀ုန်းခနဲ ၀င်လာသည်။ စက်သေနတ်ချိန် လျက်၊ သူ့နောက်တွင် တစ်အုပ်ကြီးပါလာ၏။
သူက မေးသည်။
"ဘာဖြစ်တာလဲ"
တစ်ခွန်းမှပြန်မပြော ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ဖြစ်နိုင်လျှင် တစ်သက်လုံး စကားမပြော ဘဲ နေလိုက် ချင်သည်။

သူ့အလောင်းကို ကျွန်တော့်ရင်ခွင်ထဲမှ သူတို့ဆွဲယူသွားကြသည်။ တစ်ယောက်က ကျွန်တော့် မျက်နှာကို လက်သီးနှင့် စွတ်ထိုးလိုက်၏။ ဖမ်ဘိုနာ က လှမ်းအော်သည်။
"ဟေ့ကောင်...မလုပ်နဲ့၊ လုံးဝဒဏ်ရာမရစေနဲ့"
သူတို့ ဂျော်ဂျီကို ယူသွားကြသည်။ ကျွန်တော်ကြမ်းပြင်ပေါ်တွင် လဲကျန်ရစ်၏။ အတန်ကြာတော့ ခပ်လှမ်းလှမ်း မှ သေနတ်သံတစ်ချက် ကြားလိုက်သည်။
ဖမ်ဘိုနာ က အခန်းထဲပြန်ဝင်လာသည်။ ကျွန်တော့်ကိုဖြတ်လျှောက်သွားပြီး အတွင်းခန်းတံခါး ဆွဲ ဖွင့်သည်။
"အထဲဝင်"
လုံးဝ မလှုပ်ရှားဘဲပေပြီး ငြိမ်နေလိုက်သည်။ သူခဏတွေဝေနေသည်။ ပြီးမှလျှောက်လာပြီး ကျွန်တော့်ကို ဆံပင် ဆွဲကာ ဒယဥ့်တိုက်ခေါ်သွားသည်။ နာကျင်လွန်းသဖြင့် ကျွန်တော်ငယ်သံပါ အောင် အော်လိုက်မိ၏။ သူက အားရကျေနပ်နေသည့် မျက်နှာပေးဖြင့်...
"ခွေးသားကြီး၊ အဲဒါအစပဲရှိသေးတယ်၊ မနက်ဖြန်မှာ ပစ္စည်းအစုံအလင်နဲ့ ကျုပ်အလုပ်စမယ်၊ ခင်ဗျားလိပ်ခေါင်း ထွက်အောင် အော်ရဦးမှာ၊ ပြီးရင်ခင်ဗျားစကားပြော ကို ပြောရမယ်"
တံခါးပိတ်ပြီး သူထွက်သွားသည်။
ကျွန်တော်ပြောလိမ့်မည် မဟုတ်ပါ။

ဆလိုကမ်
ဖို့ဒ်ဘရက်
(၁၇-ရက်မြောက်နေ့)


ထရိတ်ဒါတိုက်လေယာဉ်နံဘေးမှာ ကျုပ်ရပ်စောင့်နေတယ်၊ နယူးမင်းနဲ့ အလန်ခေါင်းဆောင်တဲ့ ကျွန်တော့် အဖွဲ့တွေ လွန်ခဲ့တဲ့ သုံးနာရီက ထွက်သွားကြပြီ။ ကွမ်လိုစီကမှာစရာရှိသေးတယ်ဆိုလို့ ကျုပ်ကျန်ခဲ့ရတာလေ။
ကျုပ်က သွေးအေးသတ္တ၀ါဆိုတော့ သိပ်စိတ်မလှုပ်ရှားပါဘူး၊ ဒါပေမယ့် အခြားစီမံချက်တွေအား လုံးပယ်ျပြီး ကျုပ်စစ်ဆင်ရေး ကို လက်ခံလိုက်ပြီလို့ ကွမ်လိုစီ အကြောင်းကြားကတည်းက ရင်တော့ခပ်ခုန်ခုန်ပဲဗျ။ ကျုပ်ရဲ့ရှေးဟောင်း ကျိန်စာကြီး အလုပ်ဖြစ်သွားတာပဲပေါ့။
ကောင်းကင်ဘုံ ကိုမော့ပြီး ဘုရားသခင်ကို ကျုပ်အာရုံပြုလိုက်တယ်၊ ကျုပ်အဘိုးလဲ ခုလောက်ဆို ဘုရားသခင် အနားမှာ ရောက်နေလောက်ပြီပေါ့၊ ကျုပ်ရင်ကို ပိုပြီးခုန်စေတဲ့အကြောင်းကိစ္စက သဘာဝမိခင် ကျုပ် ကို ကျီစားနေတဲ့ကိစ္စပဲ၊ အချိန်မဟုတ်ကြီးမှာ လေမုန်တိုင်းကျရတယ်လို့ဗျာ
မိုးလေ၀သ က ငနဲတွေလဲ ခေါင်းယမ်းပြီးဦးနှောက်ခြောက်နေကြလေရဲ့။ နှစ်ပေါင်းသုံးဆယ်အတွင်း ဒီရာသီမှာ ပထမဆုံး တိုက်တဲ့ အိုလ်ဂါမုန်တိုင်းတဲ့။
တိုက်နေတာ ၁၂-နာရီရှိပြီ။ အနောက်မြောက်ဆီကို ရွေ့နေပြီလို့တော့ ပြောတာပဲ၊ ခုမှကျုပ်တို့ အသက်ရှူနိုင် တာလေ၊ ဒါပေမယ့် သိပ်စိတ်ချရသေးတာ မဟုတ်ဘူး၊ အရှေ့ဂျမေကာနဲ့ ကျူးဘား ဘက်ကနေ စန်ကာလို ဘက်ကို ရောက်ချင်ရောက်လာနိုင်တယ်တဲ့။

အဖျားခတ်ရင်တောင် မလွယ်တဲ့ကိစ္စ။ ကျုပ်ပြိုင်ဘက် ဗိုလ်ချုပ်တွေကတော့ ဒူးနန့်နေကြ မှာပဲ။ လေးဆယ့်ငါးမိုင် နှုန်းထက်ပိုရင် ကျုပ်လေတံခွန်တွေ စက်သတ်ပြီး ဆင်းလို့မရမှန်း သူတို့သိနေ ကြ တယ်လေ။
ခုလောလောဆယ် နစ်မစ်ဇ်အနားမှာ မိုင်သုံးဆယ်နှုန်းတိုက်နေတယ်တဲ့။
အင်း... .လေမုန်တိုင်း ကို ကျိန်စာတိုက်ဖို့ကျတော့ မလွယ်ဘူးဗျ၊ ဘယ်လိုလုပ်ပြီး မုန်တိုင်းကြီးကို အမွေးပေါက်အောင် လုပ်လို့ ရမှာလဲ၊ အဲဒါတွေ စဉ်းစားနေတုန်းမှာပဲ ရဟတ်ယာဉ်စက်သံ ကြားလိုက်တယ်၊ ကျုပ်တို့ နဲ့ကိုက်တစ်ရာလောက် အကွာမှာ ထိုးဆင်းတယ်။
ကွမ်လိုစီနဲ့ အယ်လ်ဆိုင်မွန် ဆင်းလာတယ်၊ ဆိုင်မွန်က ဦးထုပ်အသစ်နဲ့၊ ရဟတ်ယာဉ်ပန်ကာရွတ် ကြီးက တော်တော်နှင့် အရှိန်မသေဘဲ လည်နေတယ်၊ ကွမ်လိုစီက သူ့ဆံပင်တွေကို လက်နဲ့ ဖိပြီး လျှောက်လာတယ်။

သူတို့ဆီကို ကျုပ်လျှောက်သွားလိုက်တယ်၊ ကွမ်လိုစီရဲ့လက်ကို လှမ်းဆွဲပြီး ဆိုင်မွန်ကို ပြုံးကြည့် နေလိုက်တယ်၊ ပခုံးပေါ် မှာ ကြယ်တစ်ပွင့်တိုးလာတာကိုကြည့်ပြီးကျုပ်က မေးလိုက်တယ်။
"ခင်ဗျား ကို ကျုပ်ကပ်ဖားရဦးမှာလား"
သူကရယ်ပြီး...
"အေး...လုပ်လေ၊ မဟုတ်ရင် မင်းကို အလာစကာပို့ပစ်လိုက်မယ်"
ကွမ်လိုစီ က လိုရင်းကို စတယ်။
"မုန်တိုင်းသတင်း ဘာထပ်ကြားသေးလဲ ဆိုက်လက်စ်"
"မိုးလေ၀သ ငနဲတွေကတော့ ရွေ့သွားလိမ့်မယ် ပြောတာပဲ၊ အနောက်မြောက်ဘက်ရောက် သွားရင်တော့ အိုကေ မှာပါ၊ မဟုတ်ဘဲနဲ့ နစ်မစ်ဇ်ဘက်ကိုလှည့်လာရင်တော့ သုံးလေးရက် လောက် စောင့်နေရလိမ့်မယ်၊ ဘာမှ မတတ်နိုင်ဘူး"
"သောက်ရေးထဲမှာဗျာ"
ကျုပ်သူ့ကို ဆက်ရှင်းပြတယ်။

"ဒီလိုအခြေအနေမျိုး နဲ့ဆိုရင်တော့ ရဟတ်ယာဉ်တောင် ဆင်းနိုင်မှာမဟုတ်ဘူး၊ ဂရန့်စ်ကတော့ ငါမပြောဘူး လား လုပ်နေရော့မယ်၊ ပြန်ပြောလိုက်ဗျာ၊ ခင်ဗျားတို့ဟာက နှစ်ပတ်စောင့်ရမှာလို့"
ဆိုင်မွန် က ၀င်ပြီး...
"ကိုယ်တို့ ပြောစရာမလိုတော့ဘူး ဆိုက်လက်စ်၊ ခုပဲသမ္မတကိုယ်တိုင် ပြောလိုက်ပြီးပြီ၊ မောင်ရင့် အတွက် သတင်းတစ်ခု ပါလာတယ်"
ဆိုင်မွန်မှာ ထောင်ထောင်မောင်းမောင်းနှင့် အလွန်ခန့်ညားသူဖြစ်၏။ အသက်ခြောက်ဆယ်နား ကပ်နေပြီ၊ မျက်နှာ က အမြဲရွှင်နေတတ်သူ။ ခုတော့ သူမရွှင်နိုင်ဘဲ တည်ငြိမ်နေ၏။ ခါတိုင်းလို အရွှန်းအပြတ်ပြော သည့် လေသံနှင့် မဟုတ်ဘဲ သူစကားစ သည်။

"ဗိုလ်မှုးကြီး ကို တစ်ဦးစီးချုပ်က မှာလိုက်တယ်၊ မောင်ရင်နဲ့ မောင်ရင့်အဖွဲ့အသားတွေကို သူယုံ ကြည်တယ်တဲ့၊ မောင်ရင်နဲ့မောင်ရင့် ရဲဘော်တွေကို အိမ်ဖြူတော်ကနေ ကြိုနေမယ်တဲ့"
ကျုပ် တစ်ခုခု ပြန်မပြောနိုင်ခင်၊ ဂျစ်ကားတစ်စီး ထိုးဆိုက်လာတယ်။ ဆိုင်မွန်က...
"ကိုယ်အိတ် သွားယူလိုက်ဦးမယ်၊ ဆယ်မိနစ်ပဲကြာမယ်"
ဂျစ်ကား ထွက်သွားသွားချင်း ကျုပ်က ကွမ်လိုစီကိုမေးလိုက်တယ်
"တခြား စစ်ဆင်ရေးတွေ ဘာဖြစ်သွားသလဲဗျ"
သူကပြုံးပြီးတော့...
"သူတို့ လူမှားပြီး အဆိပ်ကျွေးလိုက်ကြတယ်၊ ရင်ခွဲရုံကို ရောက်လာတာက ကျူးဘားထောက် လှမ်းရေးဖြစ်နေ တယ်တဲ့၊ ကျွန်တော် တို့လူတွေဆီက သတင်းရတာ"
"သံရုံးထဲ က ကျုပ်တို့လူ ဆိုတာကကော"
သူ ချက်ချင်းတည်သွားတယ်။

"သူ့ကို သတ်ပစ်လိုက်ကြပြီ လို့ ယူဆရတာပဲ ဆိုက်လက်စ်၊ မက်စ်တီဇိုကပြားကလေး၊ ထမင်း ချက်အနေနဲ့ ထည့် ထားတာ"
ကျုပ်စိတ်ထဲ မရှင်းမရှင်း ဖြစ်နေတာနဲ့...
"သူ ဘာလို့ဒါလောက်စွန့်စားရတာလဲ၊ ဘာဖြစ်မယ်ဆိုတာ သူမတွေးမိဘူးလား"
ကွမ်လိုစီ က ခေါင်းညိတ်ပြီး...
"သူသိတယ်၊ ကလေးဆယ့်နှစ်ယောက် လောက်ရှိတဲ့မိသားစုထဲက ချာတိတ်ကလေးတဲ့၊ အရမ်း ဆင်းရဲတယ်၊ သူ့မိသားစု တစ်ခုလုံး ကို ကျွန်တော်တို့က အမေရိကန်မှာ ခေါ်ထားပေးမယ်လို့ ကတိပေးထားတယ်၊ အဲဒီအတွက်အသက်စွန့်သွားတာပဲ"
ကျုပ်ခေါင်းထဲကို တွေးစရာတွေ ၀င်လာတယ်၊ ဒါကို သူအကဲခတ်မိသွားတယ်။

"ခင်ဗျား ဘာမျူဒက်ဇ်လူငယ် နှစ်ဆယ့်ခုနှစ်ယောက်အကြောင်း စဉ်းစားတာ မဟုတ်လား၊ မိသား စုတစ်ခု အတွက် ဒီချာတိတ် အသက်စွန့် ရဲရင့် တော်လှန်ရေးအတွက် ဟိုချာတိတ်တွေ အသေခံရဲ မယ်ပေါ့"
ကျုပ် က အပြတ်ငြင်းပစ်လိုက်တယ်။
"အလကားပါမိုက်၊ ဂျာကင်ထဲမှာ ကျာက်ခဲတွေပါဆို လယ်လိုပဲ ဖြစ်ဖြစ်လေ၊ ကျုပ်တို့အစီအစဉ် မပြောင်းတော့ဘူး"
သူက ခေါင်းညိတ်ပြီး အလေးအနက် စဉ်းစားဟန်ပြုသည်။
"ဒီမယ် ဆိုက်လက်စ်၊ ခင်ဗျားရဲ့စွန့်စားခန်းဟာ စိတ်ကူးယဉ် မဆန်လွန်ဘူးလား ဟင်"
"အင်း... စိတ်ကူးယဉ်ဆန်တယ်လို့ ပြောနိုင်ပါတယ်၊ ဒါဟာ ကျွန်တော့်ရဲ့ပွဲဦးထွက်တိုက်ပွဲလေ၊ ကိုယ် တိုင်ရေးဆွဲ ပြီး ကိုယ်တိုင်ပါဝင်ရမယ့်တိုက်ပွဲ၊ ဒါပြီးရင် ကျုပ် နားတော့မှာ၊ ဒါကြောင့် ဒီတစ်ပွဲကို အပြတ် နွှဲမှာ"
သူက အံ့သြသံဖြင့်...
"ဘာလဲ ခင်ဗျား လေးဆယ့်ခြောက်နှစ်ပဲ ရှိသေးတာ၊ ဘာလို့ အနားယူမှာလဲ၊ ဗိုလ်ချုပ်ရာထူး မယူတော့ ဘူးလား"

"တော်ပြီ မိုက်၊ ကျုပ် ဆယ့်နှစ်ရှစ်သားကတည်းက တပ်ထဲဝင်တာ၊ တိုင်းပြည်အတွက် တဝကြီးတိုက်ခဲ့ ပြီးပြီ၊ နောင်တ ရစရာဆိုလို့ ဘာမှမရှိဘူး၊ တပ်က ကျုပ်ဘဝကို တည်ဆောက်ပေးခဲ့တာ၊ အားလုံး ပြည့်စုံနေပြီ၊ ဒီပွဲပြီး ရင် နားမယ်၊ ဝါသနာပါတာလေးတွေ လုပ်ဦးမယ်"
"ဘာလုပ်မှာလဲ"
"ခင်ဗျား မရယ်နဲ့နော်၊ မွေးမြူရေးခြံသမားလုပ်မလို့၊ ကျုပ် ပိုက်ဆံ ဘယ်တော့မှမသုံးဘူး စုထားတာ၊ ဝူမင်းဘက် မှာ လွန်ခဲ့တဲ့နှစ်နှစ်က မြေဝယ်ထားတယ်၊ သိပ်တော့ အကျယ်ကြီးမဟုတ်ဘူး။ တစ်နိုင်ပေါ့ ဗျာ၊ ကျောက်ဆောင်ကြီးတွေကြားထဲမှာ ထင်းရှူးသား ကေဘင် ကလေးတစ်လုံး ပါတယ်၊ ခွေးနှစ်ကောင် လောက်နဲ့ အဲဒီမှာ နေမယ်"
သူက ရယ်ကျဲကျဲ လုပ်နေ၏။

"ဘာပြုံးတာလဲဗျ"
"ခင်ဗျားရဲ့ အတ္တဘောကြီးကိုသယ်ဖို့ မြင်းအကောင်ကြီးကြီးရဖို့ တော်တော်ရှာရမယ်နော်၊ ပြီးတော့ ခင်ဗျား ပုံစံကြီး နဲ့ ကောင်းဘွိုင်လုပ်မယ်ဆိုတော့"
သူက ရယ်စရာ ပြောနေရာမှ တည်သွားပြီး...
"ခင်ဗျားဟာ အတော် သိရခက်တဲ့လူပဲ ဆိုက်လက်စ်၊ အပေါင်းအသင်းလဲ မရှိဘူးနော်"
"အပေါင်းအသင်း ဆိုတာ ဘာကိုခေါ်တာလဲဗျ"
သူက မျက်ခုံးတွန့်ပြီး စဉ်းစားနေတယ်။ အလေးအနက် ပြောတော့မယ်ဆိုတာ ကျုပ် ကြိုသိလိုက်တယ်။ သူ ခပ်ဖြည်းဖြည်း စကား စတယ်။
"အပေါင်းအသင်း ဆိုတာ တစ်ယောက်ကို တစ်ယောက် နားလည်တဲ့လူ၊ တိုင်ပင်ဖော် တိုင်ပင်ဖက် လုပ် လို့ရတဲ့ လူ၊ ရယူခြင်းထက် ပေးဆပ်ခြင်းသဘောကို နားလည်တဲ့လူမျိုးပေါ့ဗျာ"
"ခင်ဗျား တော်တော် ကဗျာဆန်ပါလား မိုက်"

"ဟုတ်တယ်၊ ခင်ဗျားမှာ အဲဒီလို အပေါင်းအသင်းမျိုး မရှိဘူးလား"
"မရှိဘူး"
"မရှိဘူး... ဟုတ်လား၊ ခင်ဗျားတို့ စစ်သားဘဝမှာ ဒီလို အပေါင်းအသင်းမျိုး ပိုရှိနိုင်တယ်လို့ ကျွန်တော် ထင်နေ တာ" အခြေအနေက ဆွေးနွေးနေတဲ့ အကြောင်းအရာ တခြားစီ ဖြစ်နေသလိုပဲ။
ကျုပ်က ပြန်လာဖို့ သိပ်မရှိတဲ့လမ်းကို သွားမယ့်ဆဲဆဲမှ သူကလာပြီး ဘဝအကြောင်း အဘိဓမ္မာတွေ ဖွင့်နေတယ်။ သူ့ကို ကျုပ် ခင်ပါတယ်။ ဒါပေမယ့် တစ်မျိုးပဲ။
"ဒီမယ်... မိုက်၊ စစ်တပ်ထဲမှာ အဲဒီအပေါင်းအသင်းမျိုး ပိုရှိနိုင်တယ်ဆိုတာ ဟုတ်ပါလိမ့်မယ်၊ ဒါပေမယ့် ကျုပ်က တစ်ကိုယ်တော် သမားပဲ" သူ စိတ်မကောင်းဖြစ်သွားပုံရတယ်။

"တစ်ယောက်တလေမှ မရှိဘူးဆိုတာကတော့ သဘာဝမကျဘူးဗျ"
ကျုပ် သက်ပြင်းချလိုက်တယ်။
"တစ်ခါတုန်းက ကျုပ် သူငယ်ချင်းတစ်ယောက်နဲ့ တော်တော် တွဲလိုက်သေးတယ်၊ သူ့ကို ကျုပ် ညီတစ် ယောက် လို ချစ်တယ်"
"သူ ဘာဖြစ်သွားလဲ"
"ဗီယက်နမ် မှာလေ၊ အမေရိကန်လေတပ်ရဲ့ကျည်ဆန်နဲ့ သေရတာ၊ သောက်သုံးမကျတဲ့ကောင်တွေ၊ မှားပစ် တာလေ" "ခင်ဗျား အရမ်း စိတ်ထိခိုက်မှာပဲနော်" "စဉ်းစားကြည့်ဗျာ... လေတပ်ကိုခေါ်တဲ့ အရာရှိက ကျုပ်လေ"

လေယာဉ်ကွင်းကို ငေးကြည့်နေပြီး သူ အတွေးနယ်ချဲ့နေပုံရတယ်၊ အက်ဖ်-၁၆ နှစ်စင်း တအားအော် ပြီး ပျံတက် သွားတော့ လေထုထဲ မှာ အနီစင်းကြီးနှစ်ခု ထင်ကျန်ရစ်တယ်။
အန္တရာယ်များတဲ့ လမ်းခရီးကို သွားမည့်ဆဲဆဲ လူတွေကို လိုက်ပို့တဲ့လူတွေက အလေးအနက် စကား တွေ ပြောတတ်ကြ တဲ့ သဘာဝကို သွားသတိရတယ်။ လေယာဉ်နှစ်စင်းရဲ့ အသံပျောက်သွားတော့ ကျွန်တော် တို့နှစ်ယောက်ကြားမှာ လေဟာ နယ်လို ဖြစ်ကျန်ခဲ့တယ်။
"သူ ခပ်တိုးတိုး မေးတယ်"
"အဖြူလား၊ အမည်းလား"
"ဘာ"
"အဲဒီ သူငယ်ချင်းကို ပြောတာ"
"အမည်း" ခဏ ငြိမ်သွားပြီးမှ သူ ဆက်မေးတယ်။

"သူငယ်ချင်းတွေကြားမှာ အသားအရောင် အတားအဆီး ရှိတယ်လို့ ခင်ဗျား ထင်သလား"
ကျုပ်က ခပ်သွက်သွက် ဖြေလိုက်တယ်။
"မရှိနိုင်ပါဘူး"
သူ ပြုံးတယ်။ ဒါပေမယ့် ပျော်စရာကောင်းတဲ့ အပြုံးမျိုးမဟုတ်ဘူး။
"ဒီမယ်... ဆိုက်လက်စ်၊ သိပ်တော့ သဘာဝမကျဘူး၊ အသားအရောင်မတူတဲ့ လူအချင်းချင်းပဲ မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်း ဖြစ်နိုင်တယ်လို့ ခင်ဗျား ယုံတယ်နော်"
"ခြွင်းချက်တော့ရှိမှာပေါ့ဗျာ၊ အဲဒီခြွင်းချက်ဟာ ဥပဒေပဲပေါ့"
"ဒီကိစ္စမှာ ဥပဒေရှိဖို့ လိုသလား ဆိုက်လက်စ်"
ကျုပ် အနေရ အထိုင်ရ ကျပ်သွားသည်။ ဆိုင်မွန် မြန်မြန်ပြန်လာပါစေတော့။ ကျုပ် သည်အကြောင်း အရာကို ဆက် မပြောချင်တော့ဘူး။ ဒါပေမယ့် ပုဂ္ဂိုလ်က တအား တက်ကြွနေတယ်။ သည်တော့လည်း ကျုပ် တတ်နိုင် သမျှ ဆက်ပြောရတော့တာပေါ့။

"အရောင်အသွေးက ဘာလို့ပေါ်လာတာလဲ၊ ကျုပ်က မည်းပြီး ဘာလို့ ခင်ဗျားက ဖြူနေရတာလဲ၊ ဘုရား သခင် ဖန်ဆင်း လို့ဖြစ်ဖြစ်၊ သဘာဝကြောင့်ဖြစ်ဖြစ် နောက်နှစ်ပေါင်း တစ်သန်းလောက်ဆို တစ်မျိုးဖြစ် သွားမှာ၊ ဒါထက်တောင် မြန်ချင် မြန်ဦးမယ်၊ မျိုးစိပ်တွေ မျိုးပွားတွေ သူ့ဘာသာသူ လမ်းထွင်ပြီး လျှောက်မယ်ဆိုရင်လေ၊ ကျွန်တော့် အသားအရောင်ဟာ ဖျော့ချင် ဖျော့သွားမှာပေါ့၊ ဝါချင် ဝါသွားမှာ ပေါ့၊ ခုလောလောဆယ် ကျုပ်တို့ ဘာလို့ အရောင်ကွဲနေ သလဲ၊ ဘာလို့ အတွေးအခေါ် ကွဲနေသလဲ၊ ရှင်း ပါတယ်... သတ္တဝါတို့ရဲ့သဘာဝပဲ၊ မျိုးတူချင်း ပဲ အုပ်စုဖွဲ့တဲ့သဘောပဲ"
သူ စိတ်ပျက်လက်ပျက် သက်ပြင်းချနေတုန်း ကျုပ် ဆက်ပြောတယ်။
"ဒါပေမယ့် ကျုပ် ပြောသလို ခြွင်းချက်တော့ ရှိတယ် မိုက်"
"အင်း... ရှိမှာပေါ့"
တော်ပါသေးရဲ့... ဂျစ်ကား ပြန်လာပြီး။ ကျုပ်တို့ရှေ့မှာ ထိုးရပ်တယ်။ ပြီး... ဆိုင်မွန် ခုန်ဆင်းတယ်။ ဒရိုင်ဘာ ရဲဘော် က သူ့အိတ်ယူမယ်လုပ်တော့ သူက လက်ကာပြပြီး သူ့ဘာသာသူ ဆွဲယူလာသည်။ ထရိတ်ဒါ တိုက်လေယာဉ် ဆီကို လျှောက်လာရင်း ကျုပ်ဘက်ကိုလှည့်ပြီး အော်မေးတယ်။

"အဆင်သင့်ပဲလား ဟေ့... ဆိုက်လက်စ်"
"ဟုတ်ကဲ့... ဗိုလ်ချုပ်"
သူ ဖျတ်ခနဲ လှည့်ကြည့်တယ်။ မင်း ငါ့ကို မနောက်နဲ့ဟူသည့် အကြည့်။ ကျုပ်ကလည်း သူ့ဆို နောက် တောက်တောက် လုပ်ချင်တယ်။ သူက ကွမ်လိုစီလက်ကို တအားလုပ်ပြီး...
"အားလုံး အတွက် ကျေးဇူးတင်တယ် မိုက်၊ အိပ်ရေးဝအောင်သာ အိပ်တော့၊ သူတို့ကိုခေါ်ပြီး ကျုပ်တို့ ပြန် လာခဲ့မယ်၊ မကြာပါဘူး"
ကွမ်လိုစီ က သူ့ခုံးကိုပုတ်ပြီး...
"ကံကောင်းပါစေ... အယ်လ်၊ ခင်ဗျားလုပ်ရမယ့် အလုပ်က သမိုင်းဝင်မယ့်အလုပ်ကြီးပဲ၊ တကယ့် ကို မြင့်မြတ် ပါတယ်ဗျာ"
ဆိုင်မွန်က ကွမ်လိုစီနဲ့ ကျုပ်ကြားထဲကို စိုက်ကြည့်ပြီးပြောတယ်။
"တိုက်လေယာဉ်ပေါ်ကျမှ တွေ့မယ် ဆိုက်လက်စ်"
ကျုပ်နဲ့ ကွမ်လိုစီ နဲ့ လက်ဆွဲနှုတ်ဆက်ကြတယ်။

"ကျုပ်ကို ဒီအခွင့်အရေးရအောင် ဆောင်ကြဉ်းပေးတဲ့အတွက် ကျေးဇူးပဲ မိုက်၊ ခင်ဗျား မျက်နှာမပျက် စေရပါဘူး လို့ ကျုပ် ကတိပေးလိုက်တယ်"
သူက ပြုံးပြီး...
"ပြန်လမ်းမရှိတဲ့ အခွင့်အရေးမျိုး ကို ဖန်တီးပေးတဲ့အတွက် ကျေးဇူးတင်တယ်ပေါ့၊ ဟုတ်လား"
သူ့မျက်နှာပေါ်မှ အပြုံး တဖြည်းဖြည်း ပျောက်သွားပြီး...
"ခင်ဗျားတို့နဲ့ အတူ လိုက်ချင်တယ်ဗျာ၊ စားပွဲမှာထိုင်ပြီး ကျုပ်က ဘာလုပ်နေရမှာလဲ"

သူ့ရင်ထဲ မှ လှုပ်ခါနေပုံကို မျက်နှာမှာ အထင်းသားပေါ်နေ၏။ သူ့ကို ခင်မင်စိတ်တွေ ကျုပ် ရင်ထဲမှာ တရိပ်ရိပ် တက်နေတယ်။ ခပ်ပေါ့ပေါ့လေသံနဲ့ ကျွန်တော် ပြန်ပြောလိုက်တယ်။
"ကဗျာဆရာကြီးမီလ်တန် ရေးသွားတာ ရှိတယ်လေ၊ မတ်တတ်ရပ်ပြီး စောင့်နေသူလဲ တာဝန်ထမ်း ဆောင်နေတာ ပါပဲတဲ့၊ ဟုတ်ဖူးလားဗျာ"
သည်တော့မှ သူ ပြုံးလာတယ်။ ကျွန်တော်တို့နှစ်ယောက် ပွေ့ဖက်နှုတ်ဆက်လိုက်ကြတယ်။ သူက ကျုပ် နားနားကို ကပ်ပြီး တိုးတိုးလေး ပြောတယ်။
"ဒီမယ်... ဆိုက်လက်စ်၊ ကျုပ်သာ တစ်နေရာမှာ ခုလို သုံ့ပန်းဘဝနဲ့နေရရင် ခင်ဗျားကိုပဲ လှမ်းခေါ်မှာ၊ ခင်ဗျား က လွဲလို့ ဘယ်သူ့မှမခေါ်ဘူး၊ စိတ်ချ"
သူ့ကျောကို ဖြုန်းခနဲ တစ်ချက်ရိုက်ပြီး လေယာဉ်ဆီကို ကျွန်တော် လှမ်းထွက်ခဲ့တယ်။ ကျုပ်ဟာ တော် တော်ပျော့တဲ့ကောင်ပဲ။ သူနဲ့ ဆက်ပြောနေရင် အသံတုန်းနေမှာစိုးလို့ လစ်ထွက်ခဲ့တာလေ။

လေယာဉ်ပေါ်မှာ ခရီးသည်ဆိုလို့ ကျုပ်နဲ့ဆိုင်မွန် နှစ်ယောက်တည်းရယ်။ လေယာဉ် ပျံတက်သွားတဲ့ အထိ ကျုပ်တို့နှစ်ယောက် စကားမပြောဖြစ်ကြဘူး။ သူ့ကြည့်ရတာ ရှေ့ဆက်လုပ်ရမယ့် အလုပ်ထဲမှာ နစ်မြုပ်နေပုံရတယ်။ စိုးရိမ်နေပုံလည်း ရတယ်။ ကျုပ်ကတော့ ခပ်အေးအေးပဲ။ ကွမ်လိုစီနဲ့ ပြောခဲ့တဲ့ အကြောင်းအရာတွေကိုပဲ စဉ်းစားနေမိတယ်။ ကျုပ်ဆိုတဲ့ ကောင်ကလည်း အဲသည်လိုကောင်မျိုး။ တစ်ခါ တစ်ခါလည်း ကိုယ့်ကိုယ်ကို နားမလည်ဘူး။ လူတကာရဲ့ မျက်စိမှာ တုံးတိုက်တိုက် ကျားကိုက် ကိုက် ငမည်းကောင်ကြီးအဖြစ် မြင်နေအောင် ဘာဖြစ်လို့ ကျုပ် နေမိမှန်းလည်း မသိဘူး။ တောနက်ထဲ မှာ ထင်ရာမြင်ရာကို အားပြည့်မာန်ပြည့်နဲ့ လျှောက်သွားနေတဲ့ ဆင်ကြီးတစ်ကောင်နဲ့ တူနေမလားဘဲ။

"အားအပြည့်၊ မာန်အပြည့်"
သေတော့မှာပဲ။ ဒါပေမယ့် စကားလုံးပဲ။ နှစ်နှစ်ဆယ်က စကားလုံးတွေဟာ ကျုပ်ခေါင်းထဲကို သံချွန် တွေနဲ့ ရိုက်သွင်းသလို နာကျင်စွာ။
"ကျွန်မ နားမလည်နိုင်ဘူး ဆိုက်လက်စ်၊ ရှင် ကျွန်မကို ချစ်တယ်ဆိုတာ ယုံပါတယ်၊ ကျွန်မလဲ ရှင့်ကို ချစ်ပါတယ်၊ ဒါပေမယ့် ကျွန်မက ရှင်ကို လိုနေပြီး ရှင့်ဘက်ကကျတော့ ကျွန်မကို မလိုသလိုဖြစ်နေ တယ်၊ အဲဒီ အမှန်တရားကို မြင်ဖို့ ကျွန်မ နှစ်နှစ်စောင့်ခဲ့ရတယ်၊ ရှင့်အတွက် ကျွန်မလဲ မလိုဘူး၊ ဘယ် သူမှလဲ မလိုဘူးဆိုတာ သိလာတယ်။ နောက်တစ်ခုက တစ်သက်လုံး ရှင့်ကိုအားကိုးနေရတဲ့ မှီခိုသူအ ဖြစ်နဲ့ ကျွန်မ မနေနိုင်ဘူး။ ကလေးတွေရလာရင်လဲ ရှင့်ကိုပဲ ပိုချစ်ကြမှာ၊ ဒါပေမယ့် ရှင် သူတို့ကိုလဲ ဂရု စိုက်မှာ မဟုတ်ဘူး၊ အဲဒီတော့ ကျွန်မကို အမြဲတမ်း လိုချင်ပြီး ကျွန်မကလဲ အမြဲတမ်းလိုချင်နေတဲ့ ယောက်ျားမျိုး ရှာရမယ်"

အဲသည် စကားလုံးတွေ ပြောနေတဲ့ သူ့မျက်နှာကို ကျုပ် ခုထိ မြင်ယောင်နေသေးတယ်။ စိတ်ပါလက်ပါ နဲ့ ဝမ်းနည်း ပက်လက် ပြောနေတာ။ ဒါပေမယ့် ထက်မြက်တဲ့ပုံကတော့ ပေါ်လွင်နေတယ်။ ပြီးတော့ လှမြဲ လှနေတယ်။ အဲသည်တုန်းက ကျုပ်ရဲ့ကျဆုံးခန်းဟာ အတိုင်းအဆ မရှိပေါ့။ ဆင်ကန်းတောတိုး တွေ လျှောက် လုပ်ပစ်လိုက်တယ်။
ငါးနှစ်ကြာ မှ ကျုပ် အဖြစ်မှန်ကို မြင်လာတယ်။ လွတ်နေတဲ့ နွားသိုးကြီးတစ်ကောင် ထပ်ရာစိုင်း မနေဘဲ မေ နဲ့အတူ ဘဝကို ဆက်လျှောက်ရမှာ။ အဲသည်မှာ သူ့ကို ကျုပ် ကိုးကျင်း ကိုးကျင်း အနှံ့လိုက်ရှာ တယ်။ တွေ့တယ်။ ဒါပေမယ့် သူ အိမ်ထောင်ကျနေပြီ။ ကျုပ်တို့ ကွဲပြီး ခြောက်လအကြာမျာ အင်ဂျင်နီ ယာတစ်ယောက် နဲ့ သူ လက်ထပ်လိုက်တာတဲ့။
သူတို့ မြို့ကလေး ကို ကျုပ် လိုက်သွားသေးတယ်။ တစ်ထပ်တိုက်ကလေးတစ်လုံးမှာ သူတို့နေကြ တယ်။

 လှလှပပ ကလေးပဲ။ ကျုပ် ရောက်သွားတဲ့အချိန်က ရုံးချိန်ဆိုတော့ သူ့ယောက်ျားအိမ်မှာ မရှိနိုင် ဘူး။ ဘာဖြစ်လဲ... ကျုပ်က ရိုးရိုးတန်းတန်း သွားလည်မှာပဲဟာ။ ဘာမှမဖြစ်နိုင်ပါဘူး။ ကျုပ်ရဲ့ဒုတိယ အသံက အဲသည်လို ပြောနေပေ မယ့် ကားပေါ်က တော်တော်နဲ့ မဆင်းနိုင်ဘူး ဖြစ်နေတယ်။
အဲသည်အချိန် မှာ အိမ်နံဘေးက သူ ထွက်လာတယ်။ လက်တွန်းလှည်းကလေး တွန်းလို့။ လှည်း ကလေးကို လမ်းတစ်ဖက် ထိ တွန်းယူလာတယ်။ ကျုပ်ကို သူ လုံးဝမမြင်ဘူး၊ သူ့ကြည့်ရတာ လှည်းထဲ က ကလေးပေါက်စလေး ကလွဲပြီး တစ်လောကလုံးကို စိတ်ဝင်စားဟန် မရှိဘူး။ ပိုပြိးလှနေတယ်ဗျာ။ ပြီး တော့ အရမ်းပျော်နေ မှန်း သိပ်သိတာနေတယ်။
ကားပေါ်မှာ အသာကလေး ငြိမ်နေလိုက်တယ်။ နွားသိုးကြီးတစ်ကောင်ရဲ့စိတ်တွေ ထူးထူးခြားခြား နူးညံ့ သွားတယ်။ သူငယ်ချင်းလိုပဲ ဆက်၍ခေါ်မည် မေလို့ စိတ်ထဲက ကဗျာဆန်လိုက်မိတယ်။ ပြီးမှ ကျုပ်ကိုယ်ကျုပ် ကျိန်ဆဲ ပစ်လိုက်တယ်။

မင်းက သူငယ်ချင်းဆိုတာ နားလည်လို့လား နွားကြီး။ တကယ်တော့လည်း ကျုပ်လိုကောင်မျိုးမှာ သူငယ်ချင်း ဆိုတာ မရှိနိုင်ပါဘူးဗျာ။ သူငယ်ချင်းဆိုတာ နူးညံဲ့၊ သိမ်မွေ့တဲ့လူတွေ၊ ခံစားမှုရှိတဲ့ လူတွေ မှာသာ ရှိနိုင်မှာပါ။
ဒါဆို လူသာ ကျတော့ကော။ သူ့ကိုတော့ ကျုပ် ဘယ်တော့မှ မမေ့ဘူး။ ဗိုလ်မှူး ဆိုက်လက်စ်အနေနဲ့ လူသာကို မေ့စရာအကြောင်း မရှိလို့ မမေ့တာလားတော့ မသိဘူး။ သောက်သုံးမကျတဲ့ လေယာဉ်မှူးရဲ့ ဒုံးကျည်ကြောင့် တစ်စစီဖြစ်သွား တဲ့ သွေးသံရဲရဲနဲ့ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လိုက်ကောက်ပြီး အိတ်ထဲ ထည့်နေတုန်း မှာ ဗိုလ်မှူး ဆိုက်လက်စ်ဆိုတဲ့ နွားသိုးကြီးရဲ့မျက်နှာမှာ ဘာခံစားမှုမှ မပေါ်ဘူး ထင်ပါရဲ့။ ကျုပ် ရဲဘော်တွေနောက်က မကြားတကြား အော်ပြောသံ ကြားလိုက်ရတယ်။

ဟိုတယ်က စားကြွင်းစားကျန်တွေ ကို ခွေးကျွေးဖို့လိုက်ကောက်နေတာ ကျနေတာပဲတဲ့။ ဒါပေမယ့် အသည်းနှလုံး မရှိတဲ့ ဗိုလ်မှူးအဖြစ် သူတို့သိထားကြတဲ့ ကျုပ်ဟာ အဲသည်ညမှာ ရင်ကွဲမတတ် ခံစားရ ပြီး ရှိသမျှ မျက်ရည်တွေ အကုန်သွန်ချ ငိုကြွေးခဲ့တယ်ဆိုတာတော့ ကျုပ်ရဲဘော်တွေ မသိကြဘူးလေ။ ညပေါင်း များစွာ ကျုပ် ဆက်ငိုခဲ့ရတယ်။ နောက်ဆုံးမှ ဆုံးဖြတ်ချက်တစ်ခု ချဖြစ်တယ်လေ။ သူငယ်ချင်း ဆိုတာ ကျုပ်လိုကောင် အတွက် မကောင်းဘူး။ ကျုပ်မှာ သောကရောက်ချိန်၊ ပူဆွေးချိန်ရှိတဲ့ ကောင်မျိုး မှ မဟုတ်တာ။
"တစ်ခုခု စိတ် အနှောင့်အယှက်ဖြစ်စရာရှိလား ဆိုက်လက်စ် မျက်နှာမကောင်းပါလား"
အယ်လ်ဆိုင်မွန် ၏ စကားလုံးများက  ကျုပ်ကို လှန့်နိုးလိုက်တယ်။
"မဟုတ်ပါဘူး ဗိုလ်ချုပ်၊ ကြယ်ရောင်တွေ စူးလွန်းလို့ မျက်စိကျိန်းနေတာပါ"

"ဗိုလ်ချုပ်တွေ ဘာတွေ လုပ်မနေစမ်းပါနဲ့ ဆိုက်လက်စ်ရ၊ ကိုယ့်ပခုံးပေါ်မှာ ကြယ်တစ်ပွင့်တိုးလာတာ က မောင်ရင့်ကြောင့်ပါ။ အလုပ်ပြီးလို့ တို့လူတွေ အတူ ပြည်တော်ပြန်တဲ့အခါ မင်းလဲ ရမှာပါ။ ဒါကြောင့် ငါ့ကို တလေးတစား လုပ်မနေပါနဲ့။ ခါတိုင်းလိုပဲခေါ်ကွာ၊ အယ်လ်ပေါ့"
"အိုကေ အယ်လ်၊ ခင်ဗျား ရသင့်တာ ကြာပါပြျီော"
အနားယူဖို့ ကိစ္စကို ကျွန်တော် မပြောဘဲထားလိုက်သည်။ မွေးမြူရေးခြံဝယ်ထားသည့်အကြောင်းလဲ မပြောတော့ပါဘူး၊ ခု လောလောဆယ် ကျုပ် ဘာမှများများမပြောချင်သေးဘူးလေ။
အရာအားလုံးဟာ ကြောက်စရာကောင်းလောက်အောင် မရေမရာဖြစ်နေတယ်၊ ကျုပ် အကျင့်ကလဲ ဆုံးဖြတ်ပြီးရင် ဖြစ်အောင် လုပ်ရမှ၊ ဘယ်တော့မှ နောက်မဆုတ်တတ်ဘူး၊ မွေးမြူရေးခြံဝယ်တုန်းက အချိန်ကို သွား သတိရတယ်။

အဲဒီနယ်သား ရဲဘော်တစ်ယာက်ဆီက သတင်းရတာ၊ ပိုင်ရှင်အဘိုးကြီး သေသွားပြီး ဘဏ်ကသိမ်း ထားတဲ့ မြေတွေတဲ့။ ဘဏ်မန်နေဂျာဆိုတဲ့လူက သူများ မျက်ခုံးမွေးပေါ်မှာ စင်္ကြံလျှောက်ပြီး တရား မျှတမှုအကြောင်းပြောသည့် လူစားမျိုး။ ယူနီဖောင်းအပြည့်အစုံဝတ်ပြီး သူ့ကိုသွားတွေ့တယ်။ ရင်ဘတ် မှာလည်း ရထား သမျှ ကစားစရာတွေ တိုးလိုးတွဲလောင်းနဲ့ပေါ့။ သူ ကျုပ်ကို အရမ်းအထင်ကြီးသွား တယ်။ အရောင်းအဝယ် လည်း ချောချောမောမော ဖြစ်မြောက်သွားတယ်။
ကျုပ် တပ်က ထွက်မယ့်အချိန်ကို တိတိကျကျတော့ မဆုံးဖြတ်ရသေးဘူး၊ ဒါပေမယ့် အသက် မပြည့် သေးခင်တော့ ထွက်ဖြစ်အောင် ထွက်မယ်။ ကျုပ်ခြံက လူဖြူတွေချည်းရှိတဲ့ နယ်မြေထဲ မှာရှိနေတယ်၊ အလုပ်မရှိ တဲ့ ကပ္ပလီကြီးတစ်ယောက် ကျုပ် သွားတွေ့တယ်၊ ခြံစောင့်ဖို့ အတော်ဖြစ်သွားတယ်၊ သူ့ဆီ က သတင်း အချို့ ကျုပ် ရတယ်။ ဒီခြံကို ကျုပ်မဝယ်ဖြစ်အောင် လူဖြူခြံသမားတွေက တော်တော် ကြိုးစားကြသေးတယ် တဲ့၊ ကျုပ် ခြံစောင့်ကြီးက ဖြေပြီး ပြောတယ်။

"လူတွေကတော့ လူကောင်းတွေပါ ဗိုလ်မှူးကြီးရယ်၊ ဒါပေမယ့် ရှေးရိုးဆန်ကြတယ်၊ လူမည်းတစ် ယောက် သူတို့နယ်ထဲမှာ လာပြီး မွေးမြူရေးခြံလုပ်မယ်ဆိုတော့ ရုတ်တရက် ဘယ်လက်ခံချင်ကြပါ့မလဲ၊ ဒါပေမယ့် ပြဿနာ မရှိနိုင်ပါဘူး၊ ကျွန်တော် အားလုံးနဲ့ ခင်ပါတယ်"
ဖြတ်ပြီး ပြောလိုက်တယ်၊ ပြဿနာရှိလဲ ကျုပ်က သောက်ဂရုစိုက်မယ့်ကောင်မျိုးမဟုတ်ဘူးလို့၊ ဒါပေ မယ့် ခပ်ပေါ့ပေါ့ သဘောမထားတော့ဘဲ လုပ်ငန်းနဲ့ပတ်သက်တဲ့ စာအုပ်တွေ၊ ဒေသနဲ့ပတ်သက်တဲ့ မဂ္ဂဇင်းတွေ၊ အများကြိး ကျုပ် ဝယ်ဖတ်တယ်၊ တချို့ လပေးနဲ့ တစ်နှစ်စာ မှာတယ်။
လေ့လာရင်း လေ့လာရင်းနဲ့ အမေရိကန် မွေးမြူရေးခြံလုပ်ငန်းကြီးတွေရဲ့သဘာဝကို နားလည်လာ တယ်၊ တကယ်တော့ ရုပ်ရှင်တွေထဲမှာ တွေ့ရတဲ့ ဘဝထက် အတော်ကြီး လေးနက်တယ်၊ ယာတော အိမ်ကြီးရဲ့ ဆင်ဝင်အောက် မှာ ဘီယာဘူး လက်ကကိုင်ပြီး နွားအုပ်ကြီးကို ငေးကြည့်နေရုံလောက်၊ မြင်းတစ်ကောင်နဲ့ ခြံကို လျှောက်ပတ်ကြည့်နေရုံလောက်နဲ့ မပြီးဘူးဆိုတာ သိလာတယ်၊ အထူးသဖြင့် ကျုပ်လို ဘာမှနားမလည် တဲ့ကောင်မျိုးအဖို့ လေ့လာစရာတွေ မကုန်နိုင်အောင် ရှိလိမ့်မယ်။

သည်နေ့ မွေးမြူရေးနဲ့ ခြံလုပ်ငန်းသမား တစ်ယောက်ဟာ စိုက်ပျိုးရောရာ၊ မွေးမြူရေးရော နားလည်ရ လိမ့်မယ်၊ တိရစ္ဆာန် ဆေးကုဆရာဝန်လိုလည်း ကျွဲနွားတွေကို ခွဲစိတ်ကုသနိုင်ရမယ်၊ သိပ္ပံနည်းကျ သား စပ်တတ်ရတယ်၊ အာဧာရဓာတ်အကြောင်း နားလည်ရမယ်၊ ကွန်ပျူတာ ပရိုဂရမ်လဲ လုပ်တတ်ရမယ်၊ ဝါရင့် ခြံသမားတွေဆီက အကူအညီ မယူဘဲ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ အင်း... တစ်ခုတော့ရှိတယ်။ ကွမ်လိုစီပြောတဲ့ သူငယ်ချင်းမျိုး ကျုပ်မှာ မရှိပေမယ့် အရာရှိ စားရိပ်သာ ထဲမှာထိုင်ပြီး ဘီယာသောက် ရင်း၊ အမြည်းစားရင်း တစ်နေ့တာ အတွေ့အကြုံတွေ စားမြုံ့ပြန်ကြတဲ့ အထဲမှာတော့ ကျုပ်လဲ ပါတဲ့အခါ ပါတာပဲ။

ကျုပ် အလိုက်အထိုက်တော့ နေတတ်ပါတယ်၊ ဒါပေမယ့် ကျုပ်ကို သောက်ဖက်မလုပ်တဲ့လူတွေထဲမှာ ဆိုရင် ကျုပ် ဘာတတ်နိုင်မှာလဲ၊ အဲ... တစ်ခုတော့ ရှိတယ်၊ စန်ကာလိုက သုံ့ပန်းတွေကို ကျုပ်က ခြစ် ရာရှရာမထင်ဘဲ အိမ်ပြန်ခေါ်လာနိုင် ရင် နိုင်ငံကျော်၊ ကမ္ဘာကျော် ဇာတ်လိုက်မင်းသား ဖြစ်လာဦးမှာပဲ၊ အဲဒီကိစ္စ ကျုပ်ခေါင်းထဲမှာ သိပ်လေးလေး နက်နက် မထားခဲ့ဘူး၊ ဒါပေမယ့် ကျုပ် ခြံနီးနားချင်းတွေနဲ့ အဆင်ပြေရာ ပြေကြောင်း များ ဖြစ်သွားနိုင် တယ်ဗျ။
သည်တော့ စစ်ဆင်ရေးအကြောင်း ခေါင်းထဲပြန်ဝင်လာတော့တယ်၊ ကျုပ်ကိုယ်ကျုပ် ပြန်သတိပေး လိုက်တယ်၊ ဘာမှခေါင်းထဲ မထည့်နဲ့၊ မင်းအလုပ် မင်းလုပ်၊ မင်းဟာ စစ်သား၊ မင်းဟာ စစ်သား။

ဆက်ရန်
.

1 comment:

Anonymous said...

ကျေးဇူးပါ