Sunday, November 4, 2012

ခါးရှားဒင်းအောင် ၏ ခရီးသွားဖော်, အပိုင်း (၁၅)(ဇာတ်သိမ်း)

၁၉၈၇ ခု၊ ညောင်တုန်း
အိမ်ရှေ့က တောထန်းတစ်ပင်


" ဟဲ့ ကောင်တွေ၊ ခဲနဲ့မပစ်နဲ့ လို့ပြောတာမကြားဘူးလား "
" ဟဲ့ ကလေးတွေ၊ ခဲနဲ့မပစ်နဲ့လို့ ငါဘယ်နှခါပြောရမလဲ၊ ငါ ထွက်ရိုက်လိုက်ရ "
ဤအသံ သည် ယခုတလော ဦးဝိအိမ်မှ နံနက်ပိုင်းတစ်ခါ ညနေပိုင်းတစ်ခါ ကြားနေကျအသံဖြစ်သည်။ ဦးဝိ၏ အိမ်ရှေ့ တွင် တောထန်းတစ်ပင်ရှိသည်။ ဤတောထန်းကို လွန်ခဲ့သည့် ၁၀ နှစ်ခန့်က စိုက်ထားခြင်း ဖြစ်၏။ ထိုစဉ်က တောထန်းပင် ကို မိမိခြံဝင်းအထဲတွင် စိုက်ထားသော်လည်း ယခုလမ်းချဲ့၊ မြောင်းဖောက် တော့ အပြင်ဘက်ရောက်သွားပြီ။
ယခုတလော တောထန်းသီး မည်းမည်း ညိုညိုများသည် စပျစ်သီးသီးသကဲ့သို့ အခိုင်လိုက် ပြွတ်သိပ်စွာ သီးနေကြသည် မှာ အလွန်ပင် ကြည့်ကောင်းလှ၏။ အဝေးက ကြည့်လျှင် တောထန်းသီးမှည့်နေသည်မှာ စပျစ်သီးမှည့်နှင့် တူလှ၏။ သို့သော် တောထန်းသီးသည် စပျစ်သီးထက်ကြီးသည်။ ကွမ်းသီးနှင့် မတိမ်းမယိမ်း ရှိ၏။ တောထန်း ကို ကချင်ဘာသာအားဖြင့် တိန်ဂေါ် (Tinggaw) ဟု ခေါ်သည်။

ကျောင်းသားကလေးများသည် ဤတောထန်းသီးများကို လမ်းပေါ်မှ ကျောက်ခဲများဖြင့် ပစ်ပေါက်ကြပြီး ကျလာ သည့် အသီးများကို ကျောက်တုံးများပေါ်တင်၍ ကြေမွသွားအောင် ထုခွဲကြ၏။ ပြီးမှ အလွန်မာသည့် အဆန်ကို ညက်ညက်ကြေအောင် ၀ါးစားကြသည်။ ဖန်ဆိမ့်အရသာရှိသည်။
ဤအရသာ ကို ကြိုက်၍ တစ်ကြောင်း၊ တစ်ခါပစ်လျှင် (၁၀)လုံးခန့် ကျလာသ်ကို သဘောကျ၍ တစ်ကြောင်း၊ သူတို့ တစ်တွေ ခဲနှင့် ပျော်ရွှင်စွာ ပစ်ပေါက်ခြင်းဖြစ်၏။ ဦးဝိသည် ခြံဝင်းတံခါးအပြင်ဘက်တွင် အုတ်သမံ တလင်းရေမြောင်းအထိ ခင်းထားရာ ထိုနေရာသည် ကလေးများ တောထန်းသီးထုစားရန် စပါယ် ရှယ်ကွင်းပြင်ဖြစ်နေလေ သတည်း။
ဦးဝိ သည် ကလေးများအား ဆူငေါက်နေသည်မှာ အကြောင်းမဲ့မဟုတ်။ ဦးဝိတွင် အကြံတစ်ခုရှိသည်။ ဤ တောထန်းသီးများနှင့် လုပ်ငန်းတစ်ခု အကောင်အထည်ဖော်ရန်ဖြစ် သည်။ တောထန်းဆီ ထုတ်မည်။ တောထန်းဆီဖြင့် မီးဖိုချောင် အသုံးစရိတ် လျှော့ချမည်။ ဤကား ဦးဝိ၏ လျှို့ဝှက်အကြံတည်း။

တောထန်းဆီ သည် အ၀ါရောင်ရှိ၍ ထောပတ်လား အောက်မေ့ရ၏။ ထမင်းပူပူပေါ် ဆားဖြူး၍ တောထန်းဆီ ဆန်းကာ ရောနယ်စားသည်ကို ကလေးများ အလွန်ကြိုက်ကြ၏။ ပူတာအိုနှင့် မချမ်းဘောမြို့နယ် များတွင် တောထန်းဆီ ထုတ်လုပ်ရန် စီမံဆောင်ရွက်နေကြသည်ဟု သိရသည်။
ဦးဝိသည် တောထန်းဆီစားဖး၏။ သို့သော် တောထန်းသီးမှ အဆီကို မည်သို့ညှစ်ယူရသည်ကိုကား မသိရှိ၊ မမြင်ဖူးလေ။ ထို့ကြောင့် မချမ်းဘောမြို့ မှ ယခုတလော ပြောင်းရွှေ့လာသည့် ဦးဇော်ရှောင်ထံသွားလေသည်။

" ဒီမှာ ဦးဇော်ရှောင်၊ ကျွန်တော့်အိမ်မှာ တောထန်းသီးနေတယ်၊ အဲဒါ ခင်ဗျားဆီထုတ်၊ ဆီကြိတ်တဲ့ နည်း သိရင် ပြောပြပါဦး" ဟု မေးလေသည်။ ဦးဇော်ရှောင်က -
" ကျွန်တော်တို့ ဘက်မှာတော့ တောထန်းဆီ အတော်များများ ထွက်ပါတယ်။ လီဆူတွေ ဆီထုတ်တဲ့ နည်း ပြောပြမယ်။ ပထမ ဗျက်အကျယ်တစ်ပေ။ တစ်ချပ်ရဲ့ အလယ်လောက်မှာ စက်ဝိုင်းပုံမြောင်းဖောက်ပြီး အနားတစ်ဖက်စွန်း အထိ မြောင်းလုပ်ထားတယ်။ သဘောကတော့ ဆီပျိုကျဖို့ မြောင်းပဲ။ အဲဒီ ပျဉ်နှစ်ချပ် ကို တောထန်းပေါက်ရာ တောထဲ ထမ်းသွားတယ်။ ပြီးတော့ သစ်ပင်ကြီးတစ်ပင်မှာ ခါးအထက်လောက် အပေါက်ဖောက် တယ်။ ပြီးတော့ သူတို့ထမ်းလာတဲ့ ပျဉ်နှစ်ချပ်ရဲ့ အစွန်းတစ်ဖက်ကို သစ်ပင်ပေါက် ထိုးလိုက်တယ်။ အလယ်မှာမြောင်းပါတဲ့ ပျဉ်ချပ်ကတော့ အောက်ကပေါ့။

အဲဒီလို ကိရိယာ တပ်ဆင်ထားပြီးတဲ့နောက် တောထန်းသီးများကို ရေနွေးထဲထည့်ပြုတ်၊ အခွံခွာ၊ ခွာလို့ရတဲ့ အသီးခွန်များ ကို စပါယ်ရှယ်ယက်လုပ်ထားတဲ့ ၀ါးချင်းထဲထည့်၊ သစ်သားပြား စက်ဝိုင်းမြောင်းပေါ်မှာတင်။ ပြီးတော့ လူ့လက်နဲ့ ဖိ။ မရရင် လူတက်စီးပြီး ဖြည်းဖြည်းချင်း ညှပ်လိုက်တယ်။ သိပ်မကြာပါဘူး ဆီဝါ၀ါအရောင် နဲ့ ရောနေတဲ့ အရည်ထွက်လာတော့တာပဲ "
ဦးဇော်ရှောင် က ရှည်လျားစွာ ရှင်းပြလေ၏။ တစ်ခုကျန်နေသည်မှာ သစ်သီးအရည်နှင့် ရောနေသည့် ဆီကို မည်သို့ သန့်စင် ယူပါသနည်း။ ဦးဇော်ရှောင်ပြောပြရန် မေ့သွားဟန်ရှိသည်။ သို့သော် ဦးဝိသည် ငတုံးမဟုတ်၊ တစ်ခါပြောတာ နဲ့ နားလည်ပီး အသေးအဖွဲအတွက် ဦးနှောက်အသုံးချမည်။ သို့နှင့် အိမ်မှ ထိုကိရိယာများ ငါကိုယ်တိုင် လုပ်အံ့ ဟု ဆုံးဖြတ်ကာ ဦးဇော်ရှောင်အား နှုတ်ဆက်၍ အိမ်သို့ တက်ကြွစွာပြန် သွားလေသည်။
ထိုနေ့ ညနေ တွင် တောထန်းသီးတစ်လုံးမကျန် ခူးသည်။ နောက်လွယ်နှစ်ခု အပြည့်ရ၏။ ဤတွင် အသီး ကို အခွံ ခွာရန် ပြဿနာရှိလာ၏။ အသီးကို ရေနွေးနှင့်မပြုတ်ချင်။ ရေနွေးနဲ့ပြုတ်က အစေ့သေသွားမည်။

အခွန် ဆီကြိတ်ပြီး အစေ့ကို မျိုးအဖြစ်ရောင်းမည်။ ပျိုးပင်ထောင်၍ ရောင်းမည်။ ဤကားဦးဝိ၏ စီးပွားရေး စီမံကိန်း တည်း။
တောထန်းရွက်သည် အမိုးလုပ်ရန် အကောင်းဆုံး သဘာဝဖက်ရွက်ဖြစ် ၏။ တောင်ပေါ်ဒေသ တွင် တောထန်း ရွက်ဖြင့် အိမ်မိုးကြသည်။ သို့သော် အသီးတို့ကား သူတို့မရကြ။ တောတိရစ္ဆန်များ လူထက် ဦးသည်။ ကောင်းစွာ မမှည့်ခင် ကတည်းက အသီးကုန်ပြီ။ ယခုအခါ ကုမ္ပဏီကြီးများ လုပ်ငန်းရှင်လောပန်း ကြီးများ တစ်တောလုံး တစ်တောင်လုံး ၀ယ်ယူပြီး၊ ကြက်ပေါင်ပင်၊ ကျွန်းစသည့် နှစ်ရှည်ပင်များစိုက်ကြ သည်။ ဒီအပင်များ စိုက်ရန် တောရှင်း၊ မီးရှို့ ၍ သဘာဝသက်ငယ်တောများ တစ်ချို့ ပျောက်ကွယ်သွားပြီဖြစ် ၏။
ဒီတော့ တောထန်းရွက်ဖြင့် အစား ထိုးရန် လိုပြီ။ ကျုပ်တောထန်းသီးသည်လည်း အဘိုးတန်ရတနာ ဖြစ်လာ ပြီဟု ဦးဝိ တွက်ချက် အဖြေထုတ်လေသည်။
သို့နှင့် ဦးဝိ ၏ မိသားစုတစ်ခုလုံး ဓား၊ ဓားမြှောင်ကိုယ်စီနှင့် တောထန်းသီးတစ်လုံးချင်း အခွံခွာကြသည်မှာ (၂)ရက် တိတိကြာလေသည်။ လက်မလက်ညှိုးထိပ် များတွင် တောထန်းဆီဝါ၀ါ အရောင်စွဲကျန်နေသည် မှာ နောက်ထပ် (၃)ရက်ခန့်ကြာသတည်း။ နောက်နေ့နံနက် ဦးဝိ၏ ဇနီးဈေးသွားရင်း ထန်းစေ့လိုက်စပ်ရာ တစ်လုံး လျှင် ၁၀ိ/-နှုန်းဖြင့် အလုံးတစ်ရာ ရောင်းရရာ ငွေတစ်ထောင်ပိုက်၍ ပြန်လာ၏။

" ကြည့်ကြည့် ကျုပ်တို့ ပင်ပန်းရကျိုးနပ်ပြီ။ ငါ့တွက်ကိန်းမှန်ပြီ" ဟု ၀မ်းပန်တသာ ပြောဆိုလေသည်။ ဆက်လက် ၍ - " ထန်းစေ့ အများကြီးကျန်သေးတယ်၊ ကျုပ်ပလတ်စတစ်အိတ်နဲ့ ပျိုးထောင်မယ်၊ တစ်ပင် ၁၀၀ိ/-နှုန်းရောင်း မယ် ဒီတော့ ငွေလေးငါးသောင်းရဦးမယ်" ဟု သူ့မိန်းမအား မစားရ ၀ခမန်းပြောကြားလိုက်သည်။
လောလောဆယ်တော့ ဆီညှစ်ရန် ဦးစားပေးရမည်။ သို့မဟုတ်က အသီးခွံများ ခြောက်၍ ဆီထွက်နည်းမည်။ ဆီညှစ် ရန် အခွံများကို ပေါင်းရန်လိုမည်ဟု သူ၏ ဇနိးက အကြံပေးရာ၊ ရေနွေးဖြင့်ပြုတ်၍ ခွာရသည်ဟု ဦးဇော်ရှောင် ၏ ပြောစကားနှင့် နီးစပ်သဖြင့် ဟုတ်တန်ရာ၏ဟု ယုံကြည်လက်ခံပြီး သံပေါင်းအိုးကြီး တွင် ပေါင်းလေသည်။

ဦးဝိ သည် ဆီကြိတ်ကိရိယာ ကို ဦးဇော်ရှောင် အကြံပေးသည့်အတိုင်း ဆောင်ရွက်ထား၏။ သစ်သားပြား နေရာတွင် "ပေတစ်" ပျဉ်ပြား ကိုသုံးသည်။ သို့သော် သစ်ပင်ထွင်း၍ သစ်သားပြားနှစ်ချပ် ထိုးထည့် ရမည့် အရေးတွင် အခက်တွေ့ပြီ။ အိမ်ခြံဝင်းဖြစ်၍ သစ်ပင်ကြီးကြီးမားမား မရှိ။ ရှိသည့်အပင်မှာလည်း ဒညင်း ပင် ဖြစ်၍ အပေါက်ဖောက်သော် သေသွားလျှင် ခက်ရချည်ရဲ့ဟု တွေးမိပြီး သစ်ပင်တွင် ထွင်း၍ ထည့်ရန် မလို သောနည်းလမ်း ကို ကြံဆလေသည်။
သစ်သားပျဉ်ချပ်နှစ်ခု ကို ပတ္တာနှင့်တွဲသောနည်းကို သုံး၏။ ပြီးမှ ဖိချသည့်အခါ မကြွအောင်၊ မယိုင်အောင် အောက်ခံပြား ကို အသေစိုက်ထားသော ပျဉ်တိုပျဉ်စများတွင် အသေတုတ်နှောင်ထား၏။ အသင့်ဖြစ်သော အခါ ၀ါးခြင်း အစား မလေးရှားမြွေရေခွန်အိတ်ကို သုံးသည်။ ထိုအိတ်ခွန်တွင် အသီးခွန်များ ထည့်ပြီး နိုင်လွန်ကြိုးနှင့် ရစ်ပတ်ချည်နှောင်၍ အထုပ်လုပ်သည်။ ပြီးလျှင် မြောင်းဖောက်ထားသော စက်ဝိုင်းပေါ်တွင် တင်ပြီး အပေါ် ပျဉ်ချပ်နှင့် ညှပ်၏။ ထို့နောက် ဆီထွက်လာရန် လက်နှင့်ဖိရုံမက လူတက် စီးပြီးညှစ်လေ သည်။

ပထမအထုပ် တွင် ပြဿနာမရှိ ဆီနှင့်ရေရောနေသော အ၀ါရောင်အရည်များသည် ဖောက် ထားသော မြောင်းမှ တစ်ဆင့် စီးဆင်းနေသည် မှာ အားရစရာ ကောင်းလှ၏။ သို့သော် ဒုတိယမြောက်အထုပ်တွင် ပြဿနာ စတင်ပေါ်ပြီ။ ဦးစွာ ပတ္တ၀က်အူ ကျွတ်ထွက်သွား၏။ နောက်တစ်ခါ ဆီထွက်ရန် ပျဉ်ပြားပေါ် လူတက်ဖိတော့ ပျဉ်ချပ် တွဲထားသော တိုင်ကြွတက်လာ၏။ ဤသို့ ကိရိယာတစ်ခုပြီးတစ်ခု ချွတ်ယွင်းသွားပြီး ဆီထွက်ရန် လုပ်ထားသော ပျဉ်ချပ်ကြီးစောက်ထိုးမိုးမျှော်ဖြစ်ကာ အလုပ်မဖြစ်တော့။
ဤဒုက္ခကို တွေ့မြင်နေသော ဦးဝိ၏ ဇနီးသည် မုန်ညင်းဆီကြိတ်သည့် ဦးဇော်လီထံ သွားကြိတ်ကြည့်ပါဟု အကြံပေးလေ ၏။ သို့နှင့် ဦးဝိသည် သစ်သီးခွန်တစ်ဆုံစာယူ၍ သွားကြိတ်လေသည်။ ထွက်ရှိလာသော အဖြေ မှာ ကလေးမစင်ကဲ့ သို့ ပျော့စိစိ ပျဉ်းတွဲတွဲအရာများသာကျလာ၏။ မည်သည့်အရည်၊ ဆီတစ်စက်မှ ထွက်မလာ။

သို့နှင့် ဦးဇော်လီက ခြောက်အောင်လှန်းပြီးမှ ပြန်စမ်းကြိတ်ပေးမည်ဟု ပြောလွတ်လိုက်၏။ သုံးရက်ခန့် အခြောက်လှန်း ၍ ပြန်လာသောအခါ -
" ကျွန်မ တို့၊ မုန်ညင်းစေ့ကြိတ်တော့ ဆီလုံးဝ မထွက်တော့ဘူး၊ မစင်လို အဖက်ပဲကျလာတယ်။ ဒါနဲ့ ကြတ်ဆုံ တစ်ခုလုံး ဖြုတ်ပြီး ဆေးကြောသန့်စင် ထားတယ်။ သစ်သီးဖတ်တွေ ဖယ်ရှားရတယ်။ ထပ်မစမ်း နိုင်တော့ဘူး" ဟု ဦးဇော်လီ ၏ ဇနီးက ဆီးပြောလိုက်သည်။
ဤတွင် ဦးဝိ ၏ တောထန်းဆီထုတ်လုပ်ရေး မဟာစီမံကိန်းသည် ယခင်တစ်ခါမှ မလုပ်ဖူးခြင်း၊ စနစ်မကျခြင်း၊ နည်းလမ်း မမှန်ခြင်း စသည့် အားနည်းချက်တွေကြောင့် နိဋ္ဌိတံသွားလေသည်။ ဆီတစ်စက်မှ မရလိုက်၍ ဦးဝိ သည် အကြီးအကျယ် စိတ်ဓာတ်ကျငေးမှိုင်၍နေလေ၏။

ထိုအချိန်တွင် သူမွေးထားသော ၀က်နှစ်ကောင်မှာ ဗိုက်ဆာလွန်း၍ ခုနစ်အိမ်ကျော် ရှစ်အိမ်ကြားလောက် အောင် တအား ကုန်းအော်နေကြသည်။ သို့နှင့် ဦးဝိသည် စိတ်ပေါက်ပေါက်နှင့် ၀က်စာကျင်းခွက်သို့ သစ်သီး ဖတ်များသွန် ၍ ပေးလေ၏။ ထိုအခါ ၀က်နှစ်ကောင်သည် ကိုယ်ချင်းတိုက်၊ ခေါင်းချင်းပွတ် တစ်ကောင်နှင့် တစ်ကောင် တွန်းဖယ်ကြကာ အလုအယက် စားသောက်ဝါးမျိုကြသည်မှာ " ပြိုက်ပြိုက်"  မြည်လေတော့ သည်။
ထိုဝက်နှစ်ကောင် ၏ တောထန်းသီးဖတ် ၀ါးမျိုနေသည့် အသံမှာ ဦးဝိ၏ နားတွင် ဂီတသံကဲ့သို့ နားဝင်ချိုလှ ၏။ စိတ်ထဲတွင် လည်း " နှိပ်ဟ" ခုတလော ဆန်ကွဲဈေးက တစ်ပြည် ၃၀၀ိ/- ဖွဲနုတစ်ပြည် ၂၀၀ိ/- ၀ယ်ကျွေးနေ ရတာ၊ မနက်ဖြန်ကစပြီး ဤသစ်သီးဖတ်များဖြင့် အစားထိုးတော့အံ့ဟု အကြံရကာ ပီတိလှိုင်း ရိုက်ခတ်သဖြင့် သူ၏ နှုတ်ခမ်းအစုံပင် ခပ်ယိုင်ယိုင်ဖြစ်သွားလေသည်။
ဦးဝိ သည် တောထန်းစေ့များကို ပျိုး၍ ရောင်းချရေးစီမံကိန်းပြုလုပ်လေ၏။ ဦးစွာ အစေ့များကို မြေကျင်းထဲမြှုပ်။ အပင်ပေါက်လာ၍ အရွက်တစ်ထွာခန့် ထွက်လာသည့်အခါ ၇ လက်မ x ၅ လက်မ အရွယ် ပလတ်စတစ် အိတ်ထဲပြောင်း၍ ပျိုးထောင်လေသည်။

ပျိုးပင် ၁၀၀၀ ခန့် ရှိလေ၏။ သူသည် ဥယျာဉ်ခံမြေဧကပေါင်းများစွာ ဦးပိင်ပေါက်ထားသော လောပန်းကြီး တစ်ယောက်ထံ သွား၍ စပ်လေသည်။ လောပန်းကြီးက ယူမည်။ စိုက်မည်။ တစ်ပင် ဘယ်လောက်လဲ စသည်ဖြင့် ဈေးညှိကြ ရာ တစ်ပင် ၁၀၀ိ နှုန်း ငွေတစ်သိန်းဖြင့် သဘောတူနှုတ်စာချုပ်ချုပ်ဆိုကြသည်။
ထောထန်းသီး သည် နိုဝင်ဘာလတွင် ရင့်မှည့်သည်ဖြစ်ရာ ဦးဝိ၏ ပျိုးပင်သည် နှစ်ဆင့်စိုက်ရသည့်တိုင် ဧပြီလ တွင် စိုက်ပျိုးရန်အသင့်ဖြစ်ပီ။
သို့နှင့် လောပန်းကြီးထံသွား၍ အပင်လာယူရန် ပြောသောအခါ ဇွန်လမိုးကျမှ လာယူမည်ဟု ရက် သတ်မှတ် လေ၏။ ဇွန်လရောက်၍ လာယူပါမည်ဟု ပြောသောအခါ နောက်တစ်ပါတ်၊ နောက်တစ်ပါတ်နှင့် ရက်ရွှေ့ ရွှေ့ သွားသည်မှာ နောက်နှစ်ဆန်းအထိ လာမယူပါ။

ဦးဝိသည် တစ်နေ့နေ့ ငွေတစ်သိန်းရနိုးနိုးနှင့် နေ့စဉ် ရေလောင်းနေရသည်မှာ တစ်နှစ်နီးပါးရှိခဲ့ပြီ။ တစ်နေ့ လောပန်းကြီးနှင့် ဆုံသည့်အခါ -
" တောထန်းပင် ရှိသေးလား၊ ယူမှာနော" ဟု ပြောပြန်၏။ ဂင်ရန်လီသိပြီးပါပြီ။ စကားအရာသာဖြစ်ကြောင်း။
" ဒီတော့ ထန်းပျိုးပင်အကြောင်းတော့ မပြောဘဲ နေရအောင်၊ အခြားကိစ္စပြောကြတာပေါ့" ဟု စိတ်ပေါက် ပေါက်နှင့်ပြောလေ ၏။ ရိုင်းသွားပြီလား၊ မတတ်နိုင်၊ အမှန်တော့ ဤကိစ္စ ဦးဝိမှ စတင်ခြင်းသာဖြစ်၏။ သူ မယူလည်း အပြစ်မဆိုသာ။ သို့သော် ဦးဝိ၏စိတ်တွင် ငွေသိန်းထောင်ပေါင်းများစွာကိုင်၍ အလုပ်လုပ် သူများ သည် ငွေအနည်းငယ်ကိုပင် အရေးတကြီး မျှော်လင့်နေသူများကို ကိုယ်ချင်းမစာနိုင်ကြပါတကား" ဟူ၍။

ဦးဝိသည် စိတ်ဓာတ်မကျဘဲ နောက်နှစ်သီးသည့် အသီးကို ပျိုးထောင်ပြန်၏။ ဤတစ်ကြိမ်တွင်တော့ မိမိ ပစ္စည်း မရောင်းချမီ သူ့ဘက်က ပြင်ဆင်မှု အကြီးအကျယ်ပြုလုပ်ထား၏။ ရှယ်ကြော်ငြာစာလုပ်၏။ ကွန်ပျူတာ ဖောက်သည်။  ဗိုင်နိုင်းလ် (Vinyl)စက္ကူဖြင့် အကျအနပြုလုပ်ထားသည်။ ကြော်ငြာစာတွင် -
- တိရစ္ဆန်ဘေးမဲ့တော အတွက် အကောင်းဆုံး အသီးပင်ဖြစ်သည်။
- တောထန်းရွက် သည် အိမ်မိုးရန် အကောင်းဆုံးသဘာဝသစ်ရွက်ဖြစ်သည်
- အကောင်းဆုံး သဘာဝသစ်သီးစားဆီ ရသည်။
 ထောင်းစား၍ရသည်။ အချဉ်တည်စား၍ရသည်။
- အဖတ်ကို ၀က်ကျွေး၍ရသည်။

အထက်ပါစာတမ်းနှင့် ပြွတ်သိပ်စွာ သီးနေသော တောထန်းပင်ပုံပါ ရှယ်ဗိုင်နိုင်းလ် ကြော်ငြာ စာကိုင် ၍ လောပန်းကြီး တစ်ယောက်ထံစပ်ရာ အမှန်ပင်၊ အပင်အားလုံး ၀ယ်ယူသွားပါတော့သည်။
ဦးဝိ သည် နှစ်နှစ်ပေါင်း တောထန်းပျိုးပင်များကို အမှန်တကယ်ရောင်းရ၍ ပျော်ရွှင်နေမိသည်။ တစ်ဆက်တည်း တွင် ဤတောထန်းပင် နောင်နှစ် နောင်နှစ်တွေမှာလည်း သီးဦးမည်။ အသီးသီးတော့ ပျိုးပင်ထောင် မည်။ ပျိုးပငများကို ဥယျာဉ်ခြံမြေပိုင်ရှင်မျးကို ရောင်းမည်။ ပျိုးပင်ရောင်းတော့ ငွေရမည်ဟု စိတ်ကူးနှင့် မြူးနေကာ တစ်ပင်တည်းသော တောထန်းပင် အား ရွှေချချင်စိတ်ပင်ပေါ်လာပါတော့သည်။

........................................................................
အိပ်မက်မှနိုးထသောအခါ

" အဖေကြီးထတော့၊ ရှင် မြို့ဈေးသွားရမယ် "
ဦးဇော်တောင်သည် ပင်ပန်းလွန်းလှသဖြင့် အိမ်ရှေ့တညင်းပင်ရိပ်တွင် အိပ်ပျော်နေရာမှ ဇနီးသည်၏ အသံ သဲ့သဲ့ကြားရ ၍ အပေါ်မျက်ခွံလွှာနှစ်ခုတို့ အားယူ၍ ပင့်တင်လေ၏။ သို့သော် မျက်ခွံလွှာကို တင်၍ မရ။ လေးလံလှသည်။ ချက်ခြင်းပင် အပေါ်နှင့် အောက်မျက်ခွံလွှာနှစ်ခုသည် တင်းကြပ်စွာ ပြန်စေ့ သွားလေသည်။

ဦးဇော်တောင်သည် ယခုသူနေထိုင်သည့် မြို့စွန်ရပ်ကွက်သို့ လွန်ခဲ့သည့် နှစ်သုံးဆယ်ခန့် က ရောက်လာ အခြေချခဲ့သည်။ မိမိဇာတိမြေကို စွန့်ခွာ၍ အနာဂတ်ကာလအတွက် ဘ၀တစ်ခုတည်ဆောက်ရန်ဖြစ်သည်။
သူ၏ ဇာတိရွာ သည် တောင်ပေါ်ဒေသဖြစ်သည့်အလျောက် အားလုံး တောင်ယာခုတ်စပါးစိုက်ပြီး အသက်မွေးကြသည်။ အနည်းငယ်သော မိသားစုများကသာ လျှိုမြောင်ရှင်း၍ လယ်လုပ်ကြသည်။ ဤဒေသတွင် ရှေးဘိုးဘေးအဖေအမေတို့၏ ဘ၀ခရီးလမ်းကြောင်းအတိုင်း တသွေမတိမ်း နမူနာယူ၍ ဘ၀ခရီး အစအဆုံး လျှောက်လှမ်းကြသည်။ ကိုးကွယ်ယုံကြည်မှုမှာ ဘ၀နိဂုံး၏ ဟိုမာဘက်အစသည် ဘိုးဘွားများ လားရာအရပ် သို့ လိုက်သွားရခြင်းသာဖြစ်သည်။ သို့သော်၊ သူသိတတ်သောအရွယ်တွင် သူတို့၏ ရွာ၊ သူတို့၏ ကမ္ဘာဆီ သို့ ပတ်ဝန်းကျင်၏ ဂယက်ရိုက်ခတ်မှုကြောင့် လှုပ်လှုပ်ရွရွဖြစ်ခဲ့ရသည်။ သူ နှင့် မိဘများ၊ အခြားရွာသူရွာသားများ ရွာကို စွန့်လွှတ်၍ တောတောင်ထဲ ရှောင်တိမ်းနေခဲ့သည်ကို မှတ်မိ သည်။ နောင် ကြီးလာသော အခါ ဒုတိယကမ္ဘာစစ်၏အမြီးဖျား ရိုက်ခတ်ခံရသည်ဟု သိရသည်။ ထို့နောက် မကြာမီမှာပင် ကိုးကွယ် ယုံကြည်မှု သည်လည်း ပြောင်းလဲသွားသွားသည်။

သူအရွယ်ရောက်ခါစတွင် ပတ်ဝန်းကျင်ဘ၀အခြေအနေလုံးဝပြောင်းလဲသွားသည်ဟု ဆိုနိုင်သည်။ သူ၏ရွာ တွင် ဆက်နေ လျှင် ဘ၀လုံခြုံမှုပင် အာမခံချက်မရှိသော အဆုံးမမြင်သော ခရီးတစ်ခုလျှောက်ရမည့် ကိန်း ဆိုက်သွားတော့ သည်။
ဤတွင် မိဘများ သည် တစ်ဦးတည်းသောသားအား မျိုးဆက်ပြတ်မသွားရေးအတွက် အကြံထုတ်ရတော့ သည်။ သူတို့သည် ယောက္ခမမျိုးသမီးပျိုမဂျာဘောက်နှင့် လက်ထပ်ပေးပြီး ဘ၀လုံခြုံမည်ထင်ရာ မြို့ပြဆီ သို့ လွှတ်လိုက်ကြသည်။ သို့နှင့် မောင်ဇော်တောင်နှင့် မဂျာဘောက်သည် ဇာတိမြေကို အပြီးအပိုင် စွန့်ခွာ သွားကြ သည်။

သူတို့သည် မြို့ရောက်တော့ မြို့စွန်ရပ်ကွက်တစ်ခုတွင် အခြေချခဲ့ကြသည်။ မိဘများ ကျွဲနွားရောင်း ၍ ပေးလိုက်သော ငွေအနည်းငယ်ပါလာကြသည်။ မြို့ရောက်သော်လည်း မြို့နှင့် သဟဇာသဖြစ်သည့် အသက်မွေးဝမ်းကျောင်း ပညာ မတတ်။ ဒီတော့ မိမိအိမ်နီးချင်းအသိများနှင့် တိုင်ပင်ကာ ကြံစိုက်ပျိုးကြ သည်။ ကြံကို နမ္တီးသကြားစက် သို့ သွင်းသည်။
လင်မယားနှစ်ယောက် အားခွန်ပြည့်သည့်အရွယ်ဖြစ်၍ တက်ညီလက်ညီ ကြိုးစားလုပ်ကိုင်ကြရာ သုံးလေးနှစ် အတွင်း စုမိဆောင်းမိကြ၏ နှစ်ဧကခန့် လယ်တစ်ကွက်ပင်ပိုင်ပြီ။
မောင်ဇော်ထောင်နှင့် မဂျာဘောက်တို့သည် အိမ်ထောင်သက်တစ်နှစ်ကျော်တွင် သားယောက်ျား တစ်ယောက် မွေးကြ သည်။ သို့သော် အဖတ်မတင်ခဲ့။ ထိုမှ သုံးလေးနှစ်ကြာသည့်တိုင် ကလေးမရကြသေး။ ဦးဇော်တောင် သည် ဇနီးသည် ကလေးမမွေးဘဲ မြုံနေအကြီးအကျယ် စိတ်ဆင်းရဲသွား ၏။ မိမိ၏ မျိုးနွယ်ကို မည်သူ ဆက်ခံမည်နည်း။

လူမျိုးထုံးတမ်းဓလေ့အရ၊ ဆွေစဉ်ဆက်အမျိုးနာမည်၊ အိမ်ထောင်စုနာမည်ရှိသည်။ သားယောက်ျားက ထို အမျိုး အိမ်ထောင်စု နာမည်ကို ဆက်ခံရသည်။ အကယ်၍ အကြင်သူတစ်ယောက်သည် သားယောက်ျား မမွှေးဘဲ သမီး မည်မျှပင် မွေးပါစေ၊ အမျိုးအိမ်ထောင်စု နာမည်ဆက်ခံခွင့်မရှိ။ ဇော်တောင်တို့လူမျိုးတွင် ဘိုးဘွားစဉ်ဆက် ၏ မျိုးတုံးမည့် ကိစ္စလောက် ကြောက်ရသည့်အရာမရှိပြီ။ ဤအကြောင်းကြောင့်ပင် ဦးဇော်တောင်သည့် ဇာတိမြေစွန့်၍ မြို့ တွင်ပုန်းခိုနေခြင်းဖြစ်သည်။
သို့နှင့် ဦးဇော်ထောင် သည် သူ၏ ဆွေစဉ်မျိုးဆက်မပျက်သုဉ်းရေအတွက် နည်းမျိုးစုံကြံဆပါတော့သည်။ သားမွေးစားရေး အပါ သားရရှိရေးအတွက် ရိုးရာဆေးဝါး၊ သစ်ဥသစ်ဖုပြုတ်သောက် သည်။ ဆေးရုံသွား ၍ ဆေးစစ်မှု ခံယူသည်။ ယုံကြည်ကိုးကွယ်မှု အရ ဆုတောင်းသည်။

တစ်ခုတော့ရှိသည်။ မိမိတွင် သားယောက်ျားမထွန်းကားသော်လည်း ဥစ္စာပစ္စည်းများကား အသစ်သစ်တွေ မွေးဖွား လာသည်။ မိမိတို့လင်မယားနှစ်ယောက် ဇာတိမြေမှ အလွယ်ကိုယ်စီနျင့် မြို့ပေါ်သို့ရောက်လာစ တွင် နေစရာမြေမရှိ၊ အိုးမရှိ၊ အိမ်မရှိ ယခုတော့ ထိုသို့ မဟုတ်ပြီ။ ဆယ်စုနှစ် တစ်ခု မကျော်မီ မှာပင် အိုးအိမ် အတ်တျဖြစ်လာပြီ။ အိမ်ပေါ်က ဆင်းလျှင် ကောက်ရိုးခြောက် စားနေသည့် နွားတစ်ရှဉ်းပါ နွားတစ်အုပ်က မိမိကို နှုတ်ဆက်နေကြပြီ။ မနီးမဝေးတွင် လယ်တစ်ကွက် လည်း ရှိသေးသည်။ မချမ်းသာသော်လည်း မဆင်းရဲတော့။ ဒီတော့ ဤအရာများကို အမွေဆက်ခံဖို့ သားယောက်ျား လိုပြီ။

မကြာမီနှစ်အတွင်း ဦးဇော်တောင်၏ ဇနီးသည် ထူးထူးခြားခြား သားယောက်ျားနှစ်ယောက် ဆက်တိုက်မွေး ပေး သည်။ ဤတွင် သူသည် ကမ္ဘာလောက၌ သူသာလျှင် အပျော်ဆုံး လူသားဟု ခံယူ၏။ ဆွေစဉ်မျိုးဆက် ခံယူဖို့ သားယောက်ျား ရပြီ။ မိမိဘ၀ ဘာများ လိုသေးသနည်း။ သူကြွေးကြော်ခဲ့သည်။
သူသည် ဆွေစဉ် မျိုးဆက်အတွက် ကြက်မောက်ပင်၊ သရက်ပင် စသည့် နှစ်ရှည်ပင်များ စိုက်ပျိုးထားသည်။ သားများ အတွက်၊ အိမ်ထောင်စု ဆွေစဉ်မျိုးဆက်အတွက်။
သားများ သည် ကျန်းမာသန်စွမ်းကြ၏။ လိမ္မာရေးခြားရှိကြသည်။ စာပေ ထူးချွန်သော်လည်း တစ်နှစ်တစ် တန်းအောင်ကြ သည်။ ဦးဇော်တောင်သည် ဖခင်တာဝန်မလစ်ဟင်းစေရ။ တတ်နိုင်သမျှ ပံ့ပိုးပေး၏။ စက်ဘီး၊ လက်ပတ်နာရီ ကစ ၀ယ်ပေးထားသည်။ သားများ ကျောင်းစိမ်းကိုယ်စီဝတ်၍ စက်ဘီးကိုယ်စီနှင့် နံနက်ကျောင်း သွားသည်ကို တိတ်တခိုး လိုက်ကြည့်နေတတ်သည်။ ထိုအခါများတွင် သူ၏ နှလုံးအိမ်ဆီမှ ရိုက်ခတ်လာသည့် ပီတိလှိုင်းများ သည် အနီးရှိ တညင်းပင်ဆီသို့ ရိုက်ခတ်လှုပ်ခါသွားပြီး တညင်းရွက်များ ကိုပင် ကြွေကျစေသည် ဟုထင်မိသည်။

ဤသားနှစ်ယောက် ၁၀ တန်းရောက်သည်အထိ ဇော်တောင်တို့ဘ၀သည် အထူးအထွေမရှိ။ သားကြီး ၁၀တန်းအောင် သည့်နှစ် တွင် သားကြီးအောင်ဂမ်က ထူးခြားသည့် စကားတစ်ခွန်းပြောလာ၏။
" ဖေဖေ၊ မေမေ ကျွန်တော် ဂျပန်ပြည်သွားချင်တယ် " ဟူ၍။ ဦးဇော်တောင်သည် ဂျပန်ဆိုသည့် တိုင်းပြည် မည်သည့် အရပ်တွင် ရှိသည်ကိုမသိ။ သို့သော် ဂျပန်ဆိုသည့် စကားနှင့် မစိမ်းပါ။ သူသိတတ်သည့် အရွယ်က စစ်ကြီးပြီးဆုံးသွားပြီဖြစ်သော်လည်း လူကြီးများ၏ နှုတ်ဖျားများမှ ဂျပန်၊ အမေရိကန်၊ အင်္ဂလိပ်ဆို သည့် စကားလုံး များကို မကြာခဏ ကြားရသည်။ မိမိရွာသို့လည်း ဂျပန်စစ်သားများဖြတ်သန်းသွားခဲ့သည်ဟု ကြားရသည်။ မိဘများနှင့်အတူ ရွာစွန့်၍ တောတောင်ဆီသို့ ခေတ္တပုန်းခိုခဲ့ရသည်ကို မှတ်မိနေဆဲရှိ၏။

တစ်ခုရှိသေးသည်။ သူ၏ အသိမိတ်ဆွေဦးဘရန်ဆိုင်း၏သားသည် ဂျပန်ရောက်နေ၍ မိသားစု ကြီးပွားနေကြသည် ကိုတွေ့ရသည်။ တလောက ထိုမိတ်ဆွေ ဦးဘရန်ဆိုင်းသူ့အိမ်သို့ ဂျစ်ကားစီး၍ လာလည်သေး သည်။
ဦးဇော်တောင် သည် သူ့မိတ်ဆွေဘရန်ဆိုင်းကို အားကျခြင်းမရှိသော်လည်း သူ့သား၏ ဆန္ဒကို ငြင်းပယ်ရန် ခက်နေ သည်။ မတော်၍များ ကလေးစိတ်ဓာတ်ကျပြီး မသွားသင့်သည့်နေရာသွား၊ မစားသင့်အရာစားမှဖြင့် ဟု စိုးရိမ်နေ သည်။
သို့နှင့်သူသည် မိတ်ဆွေဦးဘရန်ဆိုင်းထံသွား၍ အကျိုးအကြောင်းမေးသည်။ အကြံဥာဏ်တောင်းသည်။ ဦးဘရန်ဆိုင်း သည် သူ့သား အတွက် ဖောင်ဖျက်ရပုံကို ပြောပြ၏။

မိမိ၏သား ပတ်ဝန်းကျင်၏ သွေးဆောငှ်ုကို မတွန်းလှန်နိုင်၍ မိမိအနှစ်နှစ်အလလက ပျိုးထောင်ခဲ့သည် ဥယျာဉ်၊ ဘိုးဘွားပိုင်၊ မြေကွက်ရောင်း၍ ပွဲစားနှင့် ရန်ကုန်လွှတ်လိုက်ကြောင်း၊ ငွေမလုံလောက်၍ အိမ်ကို ပါ ပေါင်နှံပေးခဲ့ကြောင်း၊ ဘုရားသခင်စောင်မ၍ ဂျပန်ရောက်သွားခဲ့ောကာင်း။ သားမှ ငွေပို့ပေး ၍ နေအိမ်အပေါင်ပြန်ရွေးနိုင်ပြီး ဥယျာဉ်ခြံမြေသစ်ပင် ၀ယ်ထားနိုင်ပြီဖြစ်ကြောင်း ပြောပြလေသည်။
ဦးဘရန်ဆိုင်း သည် နေအိမ်ကိုလည်း မွမ်းမံထားပြီး အသုံးအဆောင် ပရိဘောဂများ သည်လည်း တောက်ပြောင်သစ်လွင်နေသည်ကိုတွေ့ရသည်။ သို့နှင့် ဦးဇော်တောင်သည် ဆုံးဖြတ်ချက် တစ်ခုချပြီး အိမ်ပြန်လာ ခဲ့သည်။ သားတော်မောင်အား ဂျပန်ပြည်လွှတ်မည်ဟူ၍။

အိမ်ပြန်၍ မိန်းမဖြစ်သူ ဒေါ်ဂျာဘောက်နှင့် တိုင်ပင်၏။ ဂျာဘောက်က အစတွင် ကန့်ကွက်ပြောဆိုသော် လည်း နောက်ဆုံး သဘောတူလိုက်သည်။ မကြာသေးမီက အသိမိတ်ဆွေတစ်ယောက် အလှူဆုတောင်း ပွဲကို သွားခဲ့သည်။ သားများအမေရိကန်နှင့် ဂျပန်ပြည်များတွင် သွားရောက်အလုပ်လုပ်နေကြပုံ။ ငွေကြေး မှန်မှန် ပို့ပေးနေကြပုံ အကြွားတစ်ပိုင်းနှင့် ရွှန်းရွှန်းဝေအောင် သက်သေခံ ကျေးဇူးတော်ချီးမွမ်းနသည်ကို သတိရမိသည်။ ငါ့သား ဂျပန် မှာ၊ အမေရိကန်မှာ၊ ဤစကားမည်သူ၏ မိခင်သည် မပြောဘဲနေချင်မည်နည်း။
သို့နှင့် နွားတစ်ရှဉ်းသာချန်၍ နွားတစ်အုပ်နှင့် ဥယျာဉ်ခြံကို ရောင်းပြီး သားအားပွဲစားနှင့် ရန်ကုန်ကို လွှတ် လိုက်သည်။ ခြောက်လကြာအောင် ရန်ကုန်မြို့၌ နေထိုင်စားသောက်၍ စောင့်စားနေသည့်တိုင်အောင် ဂျပန်ပြည်သွားဖို့ လမ်းစမမြင်သေး။ ပွဲစားကတော့ မနက်ဖြန်၊ သန်ဘက်ခါနေ့ရွှေ့ရက်ရွှေ့ လုပ်နေသည်။

ပွဲစားက ဂျပန်သွားရမည်မှာ သေချာသည်။ သို့သော် နည်းနည်းတော့ ထပ်စောင့်ရမည်။ ငွေလည်း ထပ်လို သည်။ မလေးရှားသွားမညိုပါက တစ်လအတွင်း သွားရမည်။ ဝေါ့ပါမစ်ခေါ် အလုပ်ခေါ်စာ လက်ဝယ်ရှိသည် ဟုဆိုပြန်သည်။ အမှန်တကယ် သူ့အသိများ တစ်သုတ်ပြီး တစ်သုတ် မလေးရှား ထွက်သွားကြသည် ကို မောင်အောင်ဂမ် တွေ့ခဲ့သည်။
သူသည် မလေးရှားသွား ရန် သဘောတူလိုက်သည်။ ပွဲစားက ဤတစ်ကြိမ်လွှတ်လျှင် အသုတ်လိုက်လွတ် မည်။ တစ်ယောက်တည်း သွားရမည့်အတူတူ အိမ်မှာကျန်ခ့သည်။ ညီကိုပါ ခေါ်သင့်သည်ဟု အကြံပြုပြန် ၏။ ညီပါသွားရမည် ဆိုတော့ အခမ့ဘယ်သွားလို့ဖြစ်ပါမလဲ။ ငွေထပ်လိုပီပေါ့။
မောင်အောင်ဂမ် သည် ငွေထပ်ယူရန်နှင့် ညီတော်မောင်ကိုပါ ခေါ်ယူရန် မြစ်ကြီးနားသို့ ပြန်လေသည်။ ပွဲစား လည်း သူနှင့်အတူပါလာသည်။ ဒီတစ်ကြိမ်တော့ ပွဲစးသည် အောင်ဂမ်တို့ညီအစ်ကိုအပါ လူတစ်စုတစ်အုပ်နှင့် ရန်ကုန် သို့ ဆင်းသွား၏။

ဦးဇော်တာင်သည် ဒီတစ်ကြိမ်တွင် ကျန်သည့် နွားတစ်ရှဉ်းနှင့် လယ်ကွက်ကို ပါ ရောင်း လိုက်သည်။ ငွေမလောက်ဟုဆို၍ အိမ်ကိုပါ ပေါင်နှံ၍ သားနှစ်ယောက်အား ပေးအပ်လိုက်လေ၏။ မကြာမီ သားနှစ်ယောက် ဆီက ဒီထက်မက ငွေတွေရမှာပဲလေဟု။
ဒေါ်ဂျာဘောက် သည် ကောင်းကင်ကို မော့ကြည့်ရာ နေအတော်စောင်းနေပြီဖြစ်သည်ကို တွေ့ရသည်။ အိပ်ရေး ၀လောက်ပြီဖြစ်သော ခင်ပွန်းဖြစ်သူ ဇော်တောင်အိပ်နေသည့် တညင်းပင်ရိပ်ဆီ သွားသည်။ သူ့ယောက်ျား သည် နှစ်ခြိုက်စွာ အိပ်ပျော်နေသော်လည်း အမွေးစုတ်စုတ်နှင့် နှုတ်ခမ်းအစုံသည် ပြုံးရောင် သန်းနေသည်ကို အံ့သြစွာ တွေ့ ရသည်။ အိပ်မက်လှလှမက်နေသည် ထင်ပါရဲ့။ သို့သော် မနိုး၍ မဖြစ်တော့ ၍ -
" ရှင်ထတော့ နေအတော်စောင်းနေပြီ၊ ရှင်မြို့ထဲသွားရမယ်" ဟု အိပ်ပျော်နေသော ဇော်တောင်၏ ခြေဖျား ဆွဲ၍ လှုပ်နှိုးလေ ၏။

ဤသည်မှာ ဒုတိယအကြိမ် နှိုးခြင်းဖြစ်သည်။ ပထမအကြိမ် နှိုးတုန်းက သူသည် မထတော့ဘဲ တစ်ဘက် သို့ စောင်းလှည့်ပြီး ပြန်အိပ်သွား၏။ ဒေါ်ဂျာဘောက်သည်လည်း မိမိယောက်ျား ပင်ပန်းလှပြီဖြစ်၍ ဆက်မနိုးဘဲ ထားခဲ့သည်။ ဇော်တောင်သည် ပထမအကြိမ် ဇနီးသည်လှုပ်နိုးစသ်ကထရန် ကြိုးစားသော်လည်း မျက်ခွံလေးလံ လွန်း၍ တစ်ဘက်သို့ စောင်းလှည့်ပြီး ပြန်အိပ်ပျော်သွားရာ အိပ်မက်ကမ္ဘာထဲဝဲပျံနေတော့သည်။
သား များက ငွေမှန်မှန်ပို့ပေးနေသည်။ အိမ်အပေါင်ပြန်ရွေးနိုင်သည်သာမက၊ ဥယျာဉ်ခြံမြေ၊ ကျွဲ၊ နွားတွေ ပြန် ရနေပြီ။ ဇနီးဖြစ်သူ၏ လည်တိုင်တွင် သုံးကျပ်သားခန့်ရွှေဆွဲကြိုး တွဲလွဲခိုလို့။ ဆွဲကြိုးကြီး၏ ပွတ်တိုက်မှု ကြောင့် ဂုတ်မွေးကျွတ်ကာ လည်တိုင်တစ်ခုလုံးတွင် ပြောင်ချောနေပြီ။ မျက်နှာကို မော့ကြည့်တိုင်း ပါးနှစ် ဘက်နားရွက် ဆီမှ ၀င်းလက်လက်ရောင်ခြည်တွေ ဖြာနေသေးသည်။ သြ အလိမ္မတုံးသား များမွေးရကျိုးနပ်ပေ သည်ဟု နှလုံးပီတိ ဂွမ်းဆီထိခ့ရသည်။ အမှန်တော့ ဦးဇော်ထောင်သည် သူ့မိသားစုနေရန် တဲထိုးပြီး ပင်ပန်း လွန်းလှသဖြင့် မိမိအိမ်သို့ ပြန်လာကာ တညင်းပင်ရိပ်တွင် ဖျာကြမ်းခင်း၍ အိပ်ပျော်နေခြင်းဖြစ်သည်။ သူသည် ယခင်ကကဲ့သို့ ကျားကျားယားယား မရှိတော့။ ပိန်းချုံး၍ နေသည်။ မုတ်ဆိတ်မွေးပင် မရိပ်နိုင်ရှာ။

ဒေါ်ဂျာဘောက် သည် သူ့ယောက်ျားအား ဂရုဏာသက်စွာကြည့်နေသည်။ ပထမအကြိမ်နှိုးစဉ်က သူ့ယောက်ျား ပြန် အိပ်သွားသဖြင့် အိပ်ပါစေတော့ဟု ဆက်မနိုးဘဲ ထားလိုက်သည်။ ယခုတော့ မနှိုး၍ မဖြစ်တော့။
ဦးဇော်တောင်သည် ရှည်လျားလှသော အိပ်မက်ကမ္ဘာမှ လန့်နိုးလာသည်။ အမှန်တော့ ဦးဇော်တောင်သည် သူ၏ တဲ ကို ယနေ့ညနေအပြီး အမိုးမိုးဖြစ်အောင် အားသွန်ခွန်စိုက် လုပ်နေခြင်းဖြစ်သည်။ မနက်ဖြန်ဆိုလျှင် မိမိနေအိမ် မှ ထွက်ခွာသွားရပါတော့မည်။
မိမိဘ၀ ကို ပတ်ဝန်းကျင်၏ ဂယက်ရိုက်ခတ်မှုကို တတိယအကြိမ်ခံရပြီ။ မစွန့်စားသင့်သည့် အရာကိုလည်း စွန့်စား လုပ်ဆောင်မိခဲ့ပြီ။ ယခုတော့ အားလုံးကုန်ပြီ။ အိမ်၊ ယာ၊ ဥယျာဉ်၊ နွား ဘာဆိုဘာမှ မကျန်တော့။ ဤတစ်ကြိမ် ပတ်ဝန်းကျင် ၏ ဂယက်ရိုက်ခတ်မှုသည် သူဘ၀ကို အစိပ်စိပ်အမွှာမွှာဆုတ်ဖြဲပစ်ခဲ့ပြီ။ စိတ်ဓာတ် လည်း အကြီးအကျယ်ကျဆင်းသွားသည်။ ပစ္စည်းကျလျှင်ကုန်းကောက်၍ ရသေးသော်လည်း စိတ်ဓာတ်ကျ လျှင်ကား ကုန်းကောက်၍မရတော့ပြီ။

သူသည် တစ်နေကုန်တဲဆောက်နေ၍ ပင်ပန်းနွမ်းနယ်ကာ တစ်ကိုယ်လုံးအရိုက်ခံထားရသလို ခံစားနေရ သည်။ မလှုပ်ချင်၊ မထချင်။ သို့သော် အားယူ၍ထကာ ငူငူကြီးထိုင်နေ၏။ ဤဖြစ်အင်ကိုကြည့်ပြီး ဇနီးဖြစ် သူက -
" ဒီမှာ အဖေကြီး မြန်မြန်ထပြီးသွားတော့၊ ရှင့်ဖြစ်အင်ကို သူများမြင်သွားရင်၊ အိမ်ပြုတ်၊ ကျွဲပြုတ်၊ နွားပြုတ် လို့ အဘိုးကြီး ရူးသွားပြီလို့ ထင်နေဦးမယ်။ အားတင်းစမ်းပါယောက်ျားပဲ ရှင်နဲ့ ကျွန်မ သုညနဲ့ ဘ၀စခဲ့တာပဲ မဟုတ်လား" ဟု အားဆေး တိုက်ကျွေးလိုက်လေသည်။
သူသည် သားများနိုင်ငံခြားသွားရရေးအတွက် အိမ်ပေါင် နွားရောင်း၍ မိမိတစ်သက်သာ ကုန်းရုန်းရှာဖွေ ထားသမျှ စွန့်လွှတ်ခဲ့သည်။ သားများ နိုင်ငံခြားကားမရောက်။ ယခု ချောင်းကြိုမြောင်း ကြား၊ တောင်စွယ် တောင်ဖျား ရောက်နေကြ သည်။ ရွှေတူးမည်။ သစ်ခုတ်မည်။ အပေါင်အိမ်ပြန်ရွေး မည်ဟု။

သို့သော် အရာရာနှောင်းခဲ့ပြီ။ အိမ်ဆက်၍ အပေါင်ထားပါက အတိုးနှင့် အိမ်ပြုတ်သွားမည်။ ထို့ကြောင့် ရရာဈေးဖြတ်၍ အပြီးရောင်းလိုက်သည်။ အပေါင်ကြွေးဆပ်ပြီး ကျန်ငွေကလေးနှင့် မြို့ပြင် တွင် မြေကွက် သေးသေး တစ်ခုဝယ်ပြီး တဲထိုးသည်။ တဲထိုးပြီး အမိုးအတွက် တာပိုလင်ဝယ်၇န် အိမ်ပြန် လာခြင်းဖြစ်သော် လည်း ပင်ပန်းလွန်း၍ အိမ်ရှေ့ တညင်းပင်အောက်တွင် အနားယူရင်း အိပ်ပျော်သွားခြင်းဖြစ် သည်။
သူသည် ဇနီးသည် အတင်းလှုပ်နှိုးသဖြင့် တညင်းပင်အောက်မှထကာ မြို့ထဲ တာပိုလင်သွားဝယ်၇န် ဆိုက်ကားဂိတ် သို့ ထွက်သွားတော့သည်။
နောက် နေ့သစ်တစ်ခု မွေးဖွားလာချိန်တွင် မိမိပိုင်ဆိုင်သမျှ ပစ္စည်းအားလုံး၊ ကြက်ခြင်းပါမကျန် သိမ်းဆည်း၍ တစ်ချိန် က မိမိဆောက်လုပ်ပိုင်ဆိုင်ခဲ့သော အိမ်ပေါ်မှ ဆင်းသွားခဲ့၏ ထိုအိမ်တွင် မိမိပိုင်ဆိုင်သမျှ ပစ္စည်းဟူ၍ ဘာမျှ မကျန်တော့။ လှေကားပေါ်မှအဆင်း မျက်လုံးအိမ်မှ စီးဆင်းလာသော မျက်ရည်တစ်ပေါက် သာ လှေကားအုတ်ခုံပေါ် ကျရောက်ပေါက်ကွဲကာ ကျန်ရစ်ခဲ့သည်။

------------------------------------------
အားလုံးပြီးပါပြီ (နောက်အသစ် တအုပ် မျှော် ?)
.

2 comments:

Anonymous said...

ကျေးဇူးပါအမ။

အသစ်တင်မဲ့တစ်ပုဒ်လဲမျှော်နေပါတယ်..

ညီမ

Anonymous said...

ဖတ်လို့ကောင်းလိုက်တာ။ ဆရာဒင်းအောင် ရေးတာ အရမ်းကောင်းတာပဲ။အပုဒ်တိုင်း စိတ်ဝင်စားစရာချည်းပဲ။