Sunday, November 4, 2012

တင်မောင်မြင့် ဘာသာပြန် မုန်တိုင်းထန်ကမ်းခြေ, အပိုင်း (၁၅)

ဂျော်ဂျီ
စန်ကာလို
(ကိုးရက်မြောက်နေ့)


ကုန်းတွင်းအနောက်ရမ်းလေသည် အရာတိုင်းကို လွင့်စဉ်သွားမတတ် ပင်လယ်ကမ်းခြေတစ်ဝိုက်တွင် တိုက်ခတ်နေ ၏။ မိုင်ငါးရာအကွာ ကျူးဘားဆီမှ တိုက်လာသည့် လေကြမ်း၊ သံရုံးဝင်းထဲတွင် ညအိပ် ပြီး ကျွန်တော် ကျူးဘားအကြောင်း ပြောနေသည်မှာ နှစ်ရက်ရှိခဲ့ပြီ။ သူနှင့် ငြင်းသည်၊ ချော့သည်၊ ခြောက်သည်၊ ဘာအဖြေမှ မထွက်၊ ဆက်လုပ်ရဦးမည်။ သည်တိပ်ခွေကို နားထောင်ပြီးတော့ ဖြစ်နိုင်ခြေ တွေ ကို ပြန်တွက် ရဦးမည်။
ဟိုတယ်ခန်း၏ ဝရန်တာတွင်ထွက်ပြီး ကျွန်တော် ရပ်နေသည်။ အချိန်က ညနေဆည်းဆာ၊ အလင်း ရောင် နုနုဖျော့ဖျော့ကလေး ကျန်နေချိန်၊ ကျူးဘား နေဝင်ချိန်နှင့် တစ်ပုံစံတည်း။ အလှကြီး လှနေ သည့် ဆည်းဆာ၊ သိပ် စိတ်ကူးယဉ်ချင်စရာကောင်းသည့် တဒင်္ဂ။

သို့သော် ခဏမျှသာ၊ ကမ္ဗလာနက်ကြီးဖြင့် ရုတ်ခြည်းအုပ်ချလိုက်ကဲ့သို့ ရှိ၏။
ကျွန်တော် မပျော်တော့၊ ဝမ်းနည်းခြင်းတော့ မဟုတ်၊ ဝမ်းနည်းခြင်းက စိတ်ဓာတ်နှင့်ဆိုင်ပြီး ပျော်ရွှင်မှု မရှိတော့ခြင်း က ရုပ်ပိုင်းဆိုင်ရာ မပြည့်စုံမှုဟု ကျွန်တော် ထင်သည်။ ထိုတဒင်္ဂတွင် ခံစားမှုကို သရုပ်ခွဲ ကြည့်ချင်နေ၏။ သို့သော် မလွှဲမရှောင်သာဘဲ ဝီယာဘိုဒီ ခေါင်းထဲ ဝင်လာပြန်၏။
သူ့ကြောင့် ကျွန်တော့်စိတ်ဓာတ်တွေ ကျလာခြင်းဖြစ်၏။ သူ့ကို ကျွန်တော့်ယုတ္တဗေဒနှင့်ရော အတတ် ပညာနှင့်ပါ ထိုးဖောက်၍ မရနိုင်အောင် ဖြစ်နေ၏။ သူ့ကို ကျွန်တော့်ထက် သာသည်ဟုတော့မထင်ပါ။ သို့သော် မညံ့သည် မှာ သေချာ၏။

တိပ်ခွေကို နားထောင်ပြီး ကျွန်တော်တို့အကြာကြီး စကားပြောဖြစ်ကြသည်။ ကောက်ချက် အမျိုးမျိုး ဆွဲ သည်။ ကျွန်တော် က သူ့ထက်ပိုပြောသည်။ ဒါသည်ပင် သူ့အတတ်ပညာဖြစ်၏။ ကျွန်တော်က စိတ်ကူး ထားသည်ထက် စကားတွေ ပိုများနေ မိ၏။ သို့သော် ကျွန်တော် ပြောကိုပြောရမည်။ ချူဆီထည့်ရမည့် သူက ကျွန်တော် မဟုတ်လား။ သူနှင့် ရင်းနှီးမှုရသည်ထက်ရအောင် လုပ်ရမည် မဟုတ်လား။
သူ ကျွန်တော့်ကို မေးခွန်းတွေ ပြန်ထုတ်သည်။ မထင်မှတ်ဘဲ ကျွန်တော့်အဖေအကြောင်းတွေ သူ့ကို ပြောပြနေ မိ၏။ အဖေ့ကို ဘယ်လောက် မုန်းတီးခဲ့ကြောင်းများ၊ အဖေ၏တစ်ကိုယ်ကောင်းဆန်မှုများ၊ အဖေ့ ကို နှိပ်စက်ပုံ များ စသည် စသည်၊ အဖေ့ကို အရင်းရှင်စနစ် နေရာမှာထားပြီး နာနာကျည်းကျည်း ကျွန်တော် ပြော သည်။

အဖေသည် အရင်းရှင်စနစ်ကို နို့သက်ခံစို့ပြီး နို့ခန်းသည့်အခါတွင် နို့မျက်သည့် ကလေးတစ်ယောက်လို တစ်ကျည်ကျည် ငိုနေ သည့် လူစားမျိုးဖြစ်ကြောင်းများ သူ စပိန်ကိုထွက်သွားတော့ ကျွန်တော် ကျန်ခဲ့ သည်။ မဒရစ် တွင် မူးပြီး မောင်းရာမှ ကားတိုက်သေဆုံးကြောင်း ကြားတော့ ကျွန်တော် လုံးဝမငိုကြွေးခဲ့။
ပီယာဘိုဒီ က ကျွန်တော့် လက်မှ ရွှေလက်စွပ်ကလေးကို လက်ညှိုးထိုးပြပြီး မေးသည်။
"အဲဒါ မင်းအဖေ လက်စွပ် မဟုတ်ဘူးလား"
ကျွန်တော်က မဟုတ်ကြောင်း ပြန်ပြောလိုက်သည်။ လက်စွပ်က အဖိုးတန်လက်စွပ်၊ အဘိုးအကြောင်း ဆက်ပြောပြနေ မိ၏။ အဘိုးကလည်း အရင်းရှင် ဧရာမမြေပိုင်ရှင်ကြီး။ သို့သော် အဘိုးက အဖေ့လို နို့ သက်ခံစို့ သည့် လူစားမျိုး မဟုတ်။ သတ္တိကောင်းသည်။ အပြောင်းအလဲဒဏ်ကို ခံနိုင်သည်။ သူ့မိဘတွေ အကြောင်းပြန်မေးတော့ တိုတိုတုတ်တုတ်ပဲ ပြောပြသည်။ သူပြောပုံက အုတ်နံရံတွင် မထင်ရှားတော့ သော ပန်းချီကား တစ်ချပ်အကြောင်း ပြောနေသည်နှင့် တူ၏။ ခံစားမှု လုံးဝမပါ။

သို့သော်လည်း သဘောတရားရေးရာများကို ပြောဖြစ်ကြ၏။ ဗားဂက်စ်၏နောက်ဆုံးစကားများ အကြောင်းကို ကျွန်တော် ပြန်ဖော်ပေး လိုက်သည်။
"ကမ္ဘာ့အစွန့်အဖျားပိုင်း ဟာ မြေပြန့်မြေညီ မဟုတ်ဘူး၊ ကွေ့ကောက် တွန့်လိမ်နေတာ၊ ပြီးတော့ သူ့ ဘာသာသူ အရည်ပျော် သွားတာ"
သည်အချက် ကိုကိုင်ပြီး အနှစ်သာရအဖြစ် ကျွန်တော်က ဆွေးနွေးသည်။ ကျွန်တော်က ကျူးဘား ဟာ မြောက်ကိုရီးယားမဟုတ်ကြောင်း၊ အယ်လ်ဘေးနီးယားလည်း မဟုတ်ကြောင်း၊ ပြီးတော့ ရုရှားလည်း မဟုတ်ကြောင်း ပြောပြ သည်။ ကျွန်တော်တို့ လက်ခံထားသည့် ဆိုရှယ်လစ်ဝါဒသည် လူ့အခွင့်အရေး ကို အသိအမှတ်ပြု သည့် ဝါဒဖြစ်ကြောင်း၊ ယခင်အစိုးရခေတ်နှင့် ယခု တိုးတက်ပြောင်းလဲနေသည့် လူနေမှု အဆင့်အတန်း အကြောင်း ကျွန်တော် ရှင်းပြ သည်။

သူ့မျက်လုံးထဲ မှာ ကျွန်တော် အဖြေရှာကြည့်သည်။ နားလည်မှု တစ်စိတ်တစ်ပိုင်းများတွေ့ရလေမလား၊ ကြင်နာမှု ကလေးများ တစ်ပိုင်းတစ်စ မြင်ရလေမလား၊ စိုးစဉ်းမျှမတွေ့ရ။ တစ်ချိန်တုန်းက မိန်းကလေး တစ်ယောက် ကို စွဲစွဲလမ်းလမ်းဖြစ်ခဲ့ဖူးသည့်လူနှင့် ကျွန်တော့်ရှေ့မှ ထိုလူကြီးသည် တစ်ယောက်တည်း မဟုတ် သလို ဖြစ်နေ ၏။
မကြာသေးခင်ကမှ ဗားဂက်စ် ကို ရှုတ်ချခဲ့သူ၊ လူမဆန်သူအဖြစ် ရှုမြင်ခဲ့သူ။
တိပ်ခွေ ကို ကျွန်တော် သူ့ရှေ့တွင် ပြန်ဖွင့်လိုက်ပြန်သည်။ သူ့အသံကို ပြန်နားထောင်သည်။ ကလေး တွေ ကို သွေးအေးအေးဖြင့် သတ်ပုံ၊ ကွန်မြူနစ် တံဆိပ်တပ်ပြီး အပြစ်မဲ့ သူတွေ ပစ်သတ်ခံရပုံ စသည် စသည်။

ကျွန်တော် ကျောထဲစိမ့်သွားသည်။ တိပ်ခွေထဲမှ ထွက်နေသော အသံသည် အားမာန်အပြည့်၊ ခွန်အား အပြည့်ဖြင့် နိုင်ငံခေါင်းဆောင်တစ်ယောက်ကို ဝေဖန်ပြနေခြင်းပါကလား။
ကျွန်တော် စိတ်ဓာတ်ကျစ ပြုလာပြီ။ ကျွန်တော့် တွင် နောက်ဆုံးအားကိုစရာ လက်နက်တစ်ခုသာ ကျန် တော့၏။ သည်လက်နက် ကို ထုတ်သုံးပြီး အလုပ်မဖြစ်လျှင် ဘာမှမျှော်လင့်စရာ မကျန်တော့။ သည် လက်နက်ကိုသုံးဖို့ သူနှင့် ပိုရင်းနှီးအောင် လုပ် ရမည်။ ကျွန်တော့်ကို သူ အားကိုးလာအောင် လုပ်ရဦး မည်။
နည်းလမ်း ရှိကိုရှိရမည်။ သူ ဒါးလက်စ်လေဆိပ်ကို ခဏ ခဏသွားသည့်ကိစ္စ ကျွန်တော် ပြန်တွေး သည်။ သိပ်အရေးကြီး သည့် နောက်ခံသမိုင်းကြောင်း ရှိရမည်။ တစ်ခါသွားလျှင် အကြာကြီးနေသည်။ အကြိမ်ပေါင်း များစွာ သွားသည်။ ညက အေဘီစီ လေကြောင်းကုမ္ပဏီမှတစ်ဆင့် ကျွန်တော် လေ့လာ ခိုင်းထားသည်။ ဘယ်သူ့ကို လာတွေ့တာလဲ။ ဘယ်သူ့ကို လာစောင့်တာလဲ။
 ...........
ကျွန်တော့်နောက်ဘက်မှ တံခါးပွင့်လာသည်။ အတွင်းဘက်မှ လေအေးစက်ငွေ့ အပြင်သို့တိုင် ပျံ့ ထွက် လာသည်။ ကျွန်တော့်နံဘေးမှာ သူ လာရပ်ပြီး လက်ရမ်း တွင် တံတောင်နှင့် ထောက်သည်။ ပင်လယ်ပြင်သည် ပုစွန်ဆီရောင် ပြေးနေပြီး သူ့မျက်နှာ သို့ ရောင်ပြန်လာဟပ်နေ၏။

ကျွန်တော် မပျော်နိုင်ရခြင်း အကြောင်းရင်းက သူ့ကြောင့်လဲ ပါ၏။ ကျွန်တော် သူ့ကို ချစ်မိနေမိပြီလား။ သည်အတွေးမျိုး ဝင်လာတော့ အလန့်တကြား ဖြစ်သွားသည်။ သူ အကဲခတ်မိပုံရသည်။ ကျွန်တော် အရမ်းရှက် သွား၏။ သူ့ပုံစံကို ကျွန်တော် နားလည်သည်။ တဖြည်းဖြည်း လက်သည်းတွေ ပေါ်လာနေ သည်ကို မြင်နေရပြီ။ ညက ရှင်းရှင်းကြီး တွေ့ လိုက်မိခြင်းဖြစ်၏။
ဘာမျူဒက်ဇ် က အလုပ်လုပ်ရင်း ညစာကို နောက်ကျစွာ စားလေ့ရှိသည်။ သူ့လူယုံတော်တွေကို ဖိတ်ပြီး စကားပြော ရင်း စားလေ့ရှိသည်။ စကားပြောသည် ဆိုရာတွင်လည်း သူ့ပြောသမျှ နားထောင်ရခြင်းဖြစ် ၏။

ရောဘတ်တို ဘာမျူဒက်ဇ်သည် ဖီဒယ်လ် ကတ်စထင် အသစ်တစ်ယောက်ဖြစ်လာမည့်သူ မဟုတ် လား။ ညက ကျွန်တော် တို့ကို ဖိတ်သည်။ သည်ညလည်း ဖိတ်ထားသည်။ သူသည် သူ၏အာဏာနှင့် အရှိန်အဝါကို အများရှေ့ တွင် ထုတ်ပြလို သည့်လူမျိုးဖြစ်သည်။ အင်းနက်ဇ်ရှေ့တွင် ကျွန်တော်နှင့် ပြိုင် သလိုလိုလည်း သူ လုပ်ချင် သည်။ ကျွန်တော့်ကို လေးစားသမှုပြုသော်လည်း ဟန်ဆောင်ပန်ဆောင် လုပ်နေခြင်းဖြစ်ကြောင်း သိသိ သာသာ ပြသည်။
အင်းနက်ဇ် ကို ရဲဘော်မ ဟု သူ ခေါ်ပြီး ညုတုတု လုပ်သည်။ မချောကလည်း သိသိသာသာ တုံ့ပြန် သည်။ ကျွန်တော့် ရင်ထဲ တွင် ပူပူလောင်လောင် ခံစားရ၏။ ကျွန်တော်လိုကောင်က ဒီလိုဖြစ်ရမည်တဲ့ လား။ ဘာကိုမှ စွဲစွဲလမ်းလမ်း မရှိခဲ့ဖူး တဲ့ ကောင်စားမျိုးမဟုတ်လား။ ဖီဒယ်လ် မှန်နေပြီကော။ သူ့ စကားကို ကျွန်တော် နားထောင် ဖို့ ကောင်းခဲ့သည်။

အင်းနက်ဇ်က…
"ဘယ်လောက် အားရစရာ ကောင်းသလဲ ဂျော်ဂျီ"
"ဘာ အားရစရာလဲ"
"ခု မြင်နေ တွေ့နေရတာတွေလေ၊ တိုင်းပြည်တစ်ပြည်ကို အပြောင်းအလဲလုပ်နေတဲ့ မြင်ကွင်းလေ၊ အဲဒီ မြင်ကွင်း အလယ် မှာ အင်းနက်ဇ်တို့ ရောက်နေတာ မဟုတ်လား၊ ပြီးသွားတာတွေ ရှေ့လာမယ့် စီမံ ကိန်းတွေ၊ သမိုင်း တစ်ခု ဖြစ်ထွန်းနေတာလေ"
ကျွန်တော်က အောင့်သက်သက်နှင့်…
"သမိုင်း က ကျူးဘား မှာ ဖြစ်သွားပြီးပြီလေ၊ နေပါဦး… မင်း ဒါတွေ ဘယ်တုန်းကမှ စိတ်မဝင်စားဘဲနဲ့"
"ဟိုမှာ နဲ့ မတူဘူးလေ၊ ကက်စထရို ထက် သူက ပိုစိတ်ဝင်စားဖို့ကောင်းတယ်၊ ငယ်လဲ ငယ်တယ်"
"ဘာမျူဒက်ဇ် က သောက်ရမ်းတွေ လျှောက်လုပ်နေတာပါကွာ"

သူက ကျွန်တော့်လက်မောင်းကိုကိုင်ပြီး…
"ဂျော်ဂျီ… ရှင်ဟာ ဟိုအမေရိကန်ကြောင့် စိတ်ဓာတ်ကျနေတာမဟုတ်လား၊ မလွယ်ကြောမှာ ပြနေတယ် မဟုတ်လား၊ ထပ်ပြီး ကြိုးစားလေ၊ ညကတောင် ရော့ဘတ်တို့က ပြောနေသေးတယ်၊ ရှင့်ကို သူ အား ကိုးပါတယ် တဲ့၊ မြန်မြန် အောင်မြင်ပါစေတဲ့၊ ကဲ… သွားကြရအောင်လေ၊ နောက်ကျနေပြီ"
ကျွန်တော် ခပ်တိုးတိုး ပြန်ပြောလိုက်သည်။
"ကိုယ် ခဏလေး စဉ်းစားစရာရှိလို့ အထဲမှာ စောင့်နေကွာ၊ ကိုယ်လာခဲ့မယ်၊ ဟုတ်ပြီလား"
သူက ကျွန်တော့်လက်မောင်းကို ညှစ်သည်။ ပြီးတော့ နားရွက်ကိုနမ်းပြီး ပြန်ဝင်သွားသည်။ အင်းနက်ဇ် က ဘယ်တော့မှ ရေမွှေးမသုံး၊ သို့သော် သူ့ကိုယ်နံ့က အမြဲမွှေးပျံ့နေ၏။
ရှက်စိတ်ဖြင့် ကျွန်တော့်တစ်ကိုယ်လုံး ပူထူနေ၏။ ကျွန်တော့်အာရုံကို အဝေးကြီးသို့ လွှင့်ပစ်လိုက် သည်။ ပီယာဘိုဒီဆီ ရောက်သွား၏။ သည်အခန်းထဲက စုန်းမဆီက ကျွန်တော် လစ်မှဖြစ်မည်။ သူ လေယာဉ်ကွင်းသို့ သွားသည့်ကိစ္စ ကို ကျွန်တော် ပြန်စဉ်းစားသည်။ သည်ကိစ္စ ပေါ့ပေါ့သေးသေးမဟုတ် ကြောင်း အားလုံး လက်ခံ ထားကြသည်။

သည်ကိစ္စကို ကျွန်တော် အမျိုးမျိုး လှည့်ပတ်စဉ်းစားသည်။ သို့သော် အင်းနက်ဇ်၏မျက်နှာက ပေါ်ပေါ် လာပြီး ကျွန်တော့်ကို နှောက်ယှက်နေသည်။ ဘာမျူဒက်ဇ်ကို သူ စိုက်ကြည့်နေသည့် မျက်နှာအနေ အထား၊ ညှို့မျက်လုံး များဖြင့် စိုက်ကြည့်နေခြင်း၊ တောက်တစ်ချက် ခေါက်လိုက်မိသည်။ မနာလို ဝန်တို စိတ်ဖြင့် တစ်ကိုယ်လုံး လောင်ကျွမ်းမတတ် ပူလောင်သွား၏။ ထိုစဉ် ကျွန်တော့် ခေါင်းထဲတွင် အလင်း တန်း တစ်ခု ဖြတ်ပြေးသွား၏။ မနာလို ဝန်တိုစိတ်… မနာလို ဝန်တိုစိတ်။
အမျိုးသမီး ကို သူ မေ့ပစ်ဖို့ ကြိုးစားနေတာပဲ၊ ဒါ ကျွန်တော် သိထားပြီးပြီလေ။
ကျွန်တော့်ရင်တွေ တဒိုင်းဒိုင်း ခုန်သွားသည်။ စိတ်တံခါးတစ်ရွက်ပွင့်သွားပြီ။ ဘယ်ရမလဲ၊ ဂျော်ဂျီကယ် ဒီရွန်ပဲ၊ အခန်းတံခါး ကို ဝုန်းခနဲဆွဲဖွင့်သည်။ အခန်းထဲတွင် သူမရှိ၊ ကျွန်တော် အော်ခေါ်လိုက်သည်။
"အင်းနက်ဇ်"
သူမ ရေချိုးခန်း ထဲက ထွက်လာသည်။

"ကိုယ် သံရုံးသွားမလို့"
"ဘာ… နန်းတော်မှာ ဧည့်ခံပွဲရှိတယ်လေ၊ နာရီဝက်ပဲ လိုတော့တယ်"
"သောက်ဧည့်ခံ ပွဲထက် အရေးကြီးတယ်၊ ကိုယ် သံရုံးမသွားလို့ မဖြစ်ဘူး"
"ဒီမှာတော့ တစ်ယောက်တည်း မနေခဲ့နိုင်ဘူး၊ ဧည့်ခံပွဲကို သွားမှာပဲ"
ကျွန်တော်က အိတ်ကိုကောက်ကိုင်ပြီး…
"သဘောပဲလေ"
တံခါးဝရောက်မှ သူ နောက်က လှမ်းပြောသည်။
"ရှင် ခုလိုလုပ်တဲ့အတွက် နောင်တရစေ့မယ် သိလား ဂျော်ဂျီကယ်ဒီရွန်"
ခြေထောက်နှစ်ဖက် ကို ခပ်ကျဲကျဲရပ်နေရာမှ ပြောခြင်းဖြစ်၏။ လက်သည်းများ အတိုင်းသား ပေါ်လာပြီ၊ သူ့မျက်လုံးများ တွင် အဖြေကို ကျွန်တော် တွေ့နေရပြီ။ ကိုယ့်ကိုယ်ကို မယုံကြည်နိုင်အောင် ဝမ်းနည်း သွား၏။
"ကိုယ်သိတယ် အင်းနက်ဇ်၊ ကိုယ် နားလည်ပါတယ်"

ကျွန်တော် ရောက်လာတော့ ပီယာဘိုဒီ အံ့သြသွားသည်။ သို့သော် စိတ်အနှောင့်အယှက်ဖြစ်ပုံတော့ မရ။ အခန်းထဲ မှ ခပ်ဆဆခြေလှမ်းများဖြင့် ထွက်လာ၏။ မုတ်ဆိတ်ဖြုတွေ ရှည်သည်ထက် ရှည်လာနေ ပြီ။ မျက်နှာပိုကျသွားသလို ထင်ရ၏။ သူ့ဘောင်းဘီတိုကလေး စိုရွှဲနေသဖြင့် ကျွန်တော်က အင်္ကျီ အကြောင်း မေးကြည့်သည်။ ချက်ချင်း သူ့မျက်နှာတည်သွားသည်။
"သောက်ရေကို ချွေသောက်ပြီး ကျန်တာကလေးနဲ့ ပတ်လာတာလေကွာ"
ပြီးတော့ တစ်ဆက်တည်း သူ့အခွင့်အရေးတွေကို တောင်းဆိုပြန်သည်။ လူသားတစ်ယောက်အနေနဲ့ ရော၊ သူ့အစိုးရ အနေနဲ့ရော တောင်းဆိုခြင်းဖြစ်၏။ သို့သော် ခါတိုင်းနှင့်မတူဘဲ သည်တစ်ခါ ရည်ရွယ် ချက် တစ်မျိုးဖြင့်ပြောနေသည် ဟု ကျွန်တော် ခံစားရ၏။

ကော်ဖီမှာလိုက်ပြီး ခါတိုင်းလိုပင် အခြား သုံ့ပန်းများ နေကောင်းထိုင်သာရှိကြကြောင်း ပြောပြလိုက် သည်။ အပြင်လောက အခြေအနေမေးတော့ ကျွန်တော် ခပ်ဝါးဝါးအဖြေမျိုး ပေးလိုက်သည်။
အမေရိကန် အစိုးရ အကူအညီအားလုံး ရပ်ဆိုင်းလိုက်ပြီး စန်ကာလိုပိုင် အမေရိကန်ဘဏ်များမှ ငွေတွေ ကို ချိပ်ပိတ် လိုက်သည်။ ရေလမ်းနှင့် လေကြောင်း ပိတ်ဆို့လိုက်ကြောင်းနှင့် နစ်မစ်ဇ်မှ လေယာဉ်တွေ အလာကျဲ သွားကြောင်းတော့ ကျွန်တော် ထည့်မပြောဘဲ ထားလိုက်သည်။
မက်စ်တီဇို ကပြားကောင်လေး ကော်ဖီယူပေးသည်။ ကော်ဖီခွက်ကို စိုက်ကြည့်ပြီး သူ ချက်ချင်း ယူ သောက်သည်။ ကျွန်တော် သူ့ကို စိုက်ကြည့်အကဲခတ်နေသည်။ ကျွန်တော် ထင်သည့်အတိုင်း ဟုတ် နိုင် မလား၊ ကျွန်တော့်အသိဉာဏ်တဒင်္ဂ လင်းလက်မှု မှန်နေပြီလား၊ ကျွန်တော့်ရှေ့တွင် ရှိနေသည့် ထို အဘိုးအို ၏ဦးနှောက်တံခါး နည်းနည်းကလေး ပွင့်ပြီဆိုလျှင်တော့ ကျွန်တော့် ရှေ့ဆက်ထိုးဖောက်ရ မည်။

အဲ… ကျွန်တော့်အထင် မှားပြီဆိုလျှင်တော့ သူ ကျွန်တော့်ကို ငတုံးလို့ သတ်မှတ်တော့မည် မုချ။ ရှေ့ ဆက် အလုပ် လုပ်ဖို့ သိပ်ခက်သွားပြီ။ ကျွန်တော့်အတွက် စွန့်စားခန်း တစ်ရပ်ပင်။ ကျွန်တော့်အလုပ် မစခင် သူ့စိတ်အနေ ပုံမှန်ဖြစ်နေဖို့တော့ လိုသည်။ သူ့ကိုယ်သူ ယုံကြည်မှု ရှိနေချိန်၊ ပျော်ပျော် ရွှင်ရွှင်ရှိ နေချိန်ဖြစ်ဖို့လိုသည်။ ဘယ်လိုလုပ်ရမည်ကို ကျွန်တော် သိပါသည်။ သူ့ခွန်အားတွေကို ကျွန်တော် ထုတ်ပေးနိုင် သည်လေ။
ပြီးခဲ့သည့်အခေါက်က ရပ်ထားခဲ့သည့်နေရာမှ ပြန်စမည့် သဘောတရားရေး တိုက်ပွဲများ၊ လက်တင် အမေရိက တိုက် စာရေးဆရာများအကြောင်း ငြင်းကြရင်း ကျွန်တော်တို့ ပွဲရပ်ထားခဲ့ဖြင်းဖြစ်၏။
တစ်နာရီကျော် ကျွန်တော်တို့ ဆက်ငြင်းကြသည်။ ကျွန်တော်က အသံအနိမ့်အမြင့်ကို ဂရုစိုက်ပြီး သက် တောင့်သက်သာ အေးဆေးစွာပြောသည်။ ဒေါသသံ လုံးဝမစွတ်၊ သူက သူ့ရှု့ထောင့်မှ အခိုင်အမာ ရပ် ပြီး ဆွေးနွေး သည်။ အတော် ကျေနပ်နေပုံရသည်။

ကျွန်တော် က သူ့ကို မာကွက်ဇ်ဘက်က ရပ်ပြောသည်။ သူက ဘိုဂျက်စ် အယူအဆနှင့် တုံ့ပြန်သည်။ ကျွန်တော် က ဂါလီယာနို၏စာပိုဒ်ကို ကိုးကားတော့ သူက ကျွန်တော်တို့၏ကျူးဘားစာရေးဆရာ ကာဘရီရာ၊ အင်ဖင်နှင့် ကိုင်ပေါက် သည်။ တစ်နာရီကြာအောင် ငြင်းခုံပြီးတော့ စကားရည်လုပွဲမှာ အထွတ်အထိပ်သို့ရောက်လာသည်။ သူက အသာစီး ရနေပုံဖြင့် အခြားသော စာရေးဆရာများ၏ကွန်မြူ နစ်ဆန့်ကျင်ရေး စကားလုံးများနှင့်ပါ  ကျွန်တော် ကို ပစ်ပေါက်တိုက်ခိုက်သည်။
ကွန်မြူနစ်ဆန့်ကျင်ရေးဗေဒ ကို အဟုတ်ကျွမ်းကျင်သူဖြစ်ပါသည်။ အချို့စာမျက်နှာများကို အလွတ် ရွတ်သွား၏။ သူ အားရကျေနပ်သွားသည့်အခါ သူ့နှုတ်ခမ်းမှ အပြုံးရိပ်များကိုပင် တွေ့လာရသည်။
အချိန်ကျပြီဟု ကျွန်တော် တွက်လိုက်၏။ သူ့ပုံပန်းသဏ္ဌာန်မှာ ပို့ချချက်တစ်ခုကို အားရပါးရ ပေးလိုက် ရသည့် ပါမောက္ခ တစ်ယောက်နှင့် တူနေ၏။
ကျွန်တော် က အော်ပြီး ကော်ဖီ ထပ်မှာလိုက်သည်။ ကော်ဖီကိုစောင့်နေချိန်နှင့် ကပြားကောင်လေး အခန်းထဲ တွင် ရှိနေစဉ်အချိန်တွင်  ကျွန်တော်က ဘာမျှမပြောဘဲ ဖိုင်တွဲကိုလှန်ပြီး ဖတ်နေဟန်ဆောင် နေလိုက်သည်။

သိပ်အရေးကြီးသည့်အချိန်ဖြစ်ကြောင်း သတိထားနေရသဖြင့် ကျွန်တော့်စိတ်တွေ လေးလံနေသည်။ သူ ကော်ဖီသောက် ဖို့ မတ်ခွက်မြှောက်စဉ် ကျွန်တော်က ဖိုင်တွဲမှ ခေါင်းမထောင်ဘဲ အမှတ်တမဲ့လေသံ မျိုးဖြင့်…
"ခင်ဗျား ဘာကြောင့် လေဆိပ် သွားသွားနေတယ်ဆိုတာ ကျွန်တော် သဘောပေါက်ပြီဗျ" ဟု ပြော လိုက်သည်။
သူ့ကို မော်ကြည့် လိုက်သည်။ မတ်ခွက်သည် နှုတ်ခမ်းဝသို့မရောက်ဘဲ လမ်းခုလတ်တွင် တန့်နေ၏။ သူ့ မျက်လုံးများထဲ တွင် ထိတ်လန့်အံ့သြမှုကို တွေ့ရသည်။ သို့သော် ခဏတာမျှသာ၊ ဖိုင်တွဲကို သူ ငုံကြည့် ပြီး ဣနြေ္ဒပြန်ဆည် လိုက်သည်။
ဘာမှမဖြစ်လိုက်သလို ကော်ဖီ ဆက်သောက်သည်။ ဖိုင်တွဲထဲမှာ ပါသလောက်သာ ကျွန်တော် သိနိုင် လိမ့်မည် ဟု သူ အတွေးပေါက်သွားပုံရ၏။ ကျွန်တော် သဘောပေါက်သည့် ကိစ္စက သည်ဖိုင်ထဲတွင် မည်သို့မျှမရှိနိုင်။

ကော်ဖီ ကို နောက်တစ်ကြိမ်မော့ပြီး ခွက်ကို ပြန်ချထားသည်။ ပြီးတော့ ကျွန်တော့်ကို စောင့်ကြည့်နေ၏။ ဘာတွေ ဆက်ရွှီးဦးမည်လဲဟု စောင့်ကြည့်နေခြင်းမျိုး။
ကျွန်တ်ာက ဖိုင်တွဲကိုပိတ်ပြီး ပုံမှန်အသံမျိုး…
"ကျွန်တော်တော့ မယုံနိုင်အောင်ဖြစ်နေတယ်၊ ခင်ဗျားလို အသိဉာဏ်ထက်မြက်တဲ့ လူတစ်ယောက်၊ စာတွေ အများကြီး ဖတ်ထားပြီး အတွေးအခေါ် အရမ်းမြင့်တဲ့ လူတစ်ယောက်၊ လောကအကြောင်း ဓမ္မ အကြောင်း နောကျေနေ တဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဒီလို အထီးကျန်…"
သူ့ဦးခေါင်း နောက်သို့လန်သွားသည်။ ကိုယ်ကို ကုလားထိုင် နောက်မှီနှင့်ကပ်လိုက်သည်။ မျက်လုံးအစုံ ကို မှေးစင်းကာ အနာတရ ဖြစ်သွားသည့်အခါလို တဆတ်ဆတ် လှုပ်နေသည်။ ထိုတဒင်္ဂတွင် ကျွန်တော့်ရင်ထဲ မှာ ခံစားမှုတွေ ရောထွေးသွား၏။ ပျော်လည်း ပျော်သွားသည်။ စိတ်မကောင်း လည်း ဖြစ်သွား၏။ သူ့ကို စိုက်ကြည့်မိတော့ တဒင်္ဂပျော်ရွှင်မှုကလေး ပျက်စီးသွားသည်။

"ခင်ဗျား လေယာဉ်ကွင်းကို သွားသွားနေတာဟာ တစ်ယောက်ယောက်ကို ကြိုဖို့လဲ မဟုတ်ဘူး၊ တွေ့ဖို့ လာစောင့်တာ လဲ မဟုတ်ဘူး၊ ခင်ဗျား လေယာဉ်ကွင်းကိုသွားတိုင်း မဒရစ်နဲ့ ရောမက လေယာဉ်ဆိုက် တာနဲ့ တိုက်တိုက် ဆိုင်ဆိုင်ဖြစ်နေတာလဲ ကျွန်တော်တို့ သတိထားမိတယ်၊ သူတို့တွေက စိတ်လှုပ်ရှား လွယ်သူတွေလေ၊ ခင်ဗျားက ခရီးသည်တွေနဲ့ ကြိုတဲ့လူတွေကို စောင့်ကြည့်တယ်၊ အဖေ အမေနဲ့ ကလေးတွေ အဘိုး အဘွားတွေ သားသမီး ဇနီးကြင်နာတွေ ပြီးတော့ ချစ်သူတွေ၊ ဒီမယ်… မစ္စတာ ပီယာဘိုဒီ၊ ခင်ဗျား အဲဒီ စိတ်လှုပ်ရှားမှုတွေ ကို သွားသွားပြီး ခံစားတာမဟုတ်လား၊ ပွေ့ဖက် နှုတ်ဆက် ကြသူတွေ အနမ်းမိုးရွာပြီး ကြိုဆိုကြ သူတွေ တချို့ ပျော်လွန်းလို့ မျက်ရည်ကျကြတယ်လေ၊ အဲ… ခင်ဗျား အဲဒီလို ပြည်ဝင်ပေါက်မှာပဲ အမြဲ သွားထိုင်ပြီး ပြည်ပထွက်ပေါက်ကို ဘယ်တော့မှ မသွားဘူး၊ ခွဲခွာလို့ ကျရတဲ့ မျက်ရည်ကို ခင်ဗျား မမြင်ချင် ဘူးလေ"
ဒူးနှစ်ဖက် ကို သူ စိုက်ကြည့်နေသည်။ စိတ်ဓာတ်အကြီးအကျယ် ကျနေသည့် လူသားတစ်ယောက်၏ပုံ။

"မစ္စတာ ပီယာဘိုဒီ"
သူ ခေါင်းထောင်လာသည်။ မျက်လုံးအစုံသည် မျက်နှာမှ ဒဏ်ရာနှစ်ခုနှင့်တူနေ၏။
"ခင်ဗျားဟာ အရာရာတိုင်းကို ထိုးထွင်းသိမြင်နိုင်တဲ့လူ၊ လူ့ဘဝကို ဂဃနဏ လေ့လာထားတဲ့လူ၊ ဘယ် မှ မလိုအောင် ဘာမှမလိုအောင် မာကျောတဲ့လူ၊ ခင်ဗျားဟာ မီးကိုကြောက်ပေမယ့် မီးပုံပွဲလုပ်တဲ့ နေရာ နားမှာ သွား၊ အမှောင်ရိပ်ခိုပြီး မီးအပူရှိန်ခံစားတဲ့ တိရစ္ဆာန်တစ်ကောင်နဲပမတူဘူးလား၊ လူစိမ်းသူစိမ်း တွေ ကြားထဲမှာ ပုန်းလျှိုးကွယ်လျှိုးသွားပြီး အချစ်ရဲ့အငွေ့အသက်ကို တိတ်တခိုး ခံစားတယ်"
သူ့ဦးခေါင်း တဖြည်းဖြည်း ညွှတ်ကျသွားပြန်၏။ ကုလားထိုင်ကို နောက်ဆွဲပြီး ကျွန်တော် ထရပ်လိုက် သည်။
စားပွဲ ကို ပတ်လျှောက်သွားပြီး သူ့အနား ကပ်လိုက်သည်။ သူ တုတ်တုတ်မှမလှုပ်။ သူ့မျက်လုံးတွေကို ကျွန်တော် မမြင်ရ။ ဒူးထောက်ပြီး သူ့အနားမှာ ထိုင်ချလိုက်သည်။ သည်တော့မှ သူ ငဲ့ကြည့်သည်။ သူ့ မျက်လုံးအစုံ တွင် တောင်းပန်တိုးလျှိုးခြင်း အဓိပ္ပာယ်ကိုတွေ့ရ၏။ ကျွန်တော့်ကို သူ့မြင်ကွင်းမှ အပြီး အပိုင် ပျောက်ကွယ် သွားစေချင်ပုံ။ အငွေ့ပျံ လွင့်ပြယ်သွားစေချင်ပုံ။

ဒူးနှစ်ဖက်ပေါ်သို့ သူ့လက်တွေ ထောက်ထားလိုက်သည်။ သူ့လက်တစ်ဖက်ပေါ်သို့  ကျွန်တော့်လက်ဝါး ဖြင့် ထပ် ဆုပ်လိုက်သည်။ ခြောက်သွေ့သွေ့ အရေပြားအောက်မှ အရိုးနုနုကို ကိုင်မိ၏။ စက္ကန့်ပေါင်း များစွာ ကြာသွားသည်။ ကျောက်ဆစ်ရုပ်လို သူ ငြိမ်သက်နေဆဲ။ နောက်ဆုံးကျမှ တစ်ဆို့ဆို့အသံဖြင့်…
"မောင်ရင် အဲဒါကို ဘယ်လိုလုပ် သိသလဲ၊ ဘယ်လိုရိပ်မိတာလဲ"
ကျွန်တော် ဘယ်လိုပြောရမှန်း မသိပါ။ ယုတ္တိဗေဒဖြင့် ဆင်ခြင်ပြီး ကျွန်တော် ကောက်ချက်ဆွဲခြင်း လည်း မဟုတ်ပါ။ ဘယ်လိုလုပ်ပြီး ရိပ်မိ တာလဲတဲ့။ ဘာမှမဟုတ်ပါ။ သည်လို ခံစားတတ်အောင် သူနှင့် ကျွန်တော် ခံစားမှု တူညီချက် များ ရှိပါလိမ့်မည်။ အခြေခံချင်း လုံးဝမတူသော ကျွန်တော်နှင့်သူ့တွင် အတွင်းစိတ်သန္တာန် တူညီနေသော အသွင်တစ်မျိုးမျိုး ရှိနေပါလိမ့်မည်။

"ကျွန်တော့် အထင်တော့ အထီးကျန် ဝေဒနာသမားအချင်းချင်း မျှဝေခံစားနိုင်တဲ့ သဘောပဲဖြစ်မယ်၊ ခင်ဗျားက ကျွန်တော့် ထက် အသက်နှစ်ဆကြီးပြီး ပိုဝေးတဲ့ ခရိးကိုလျှောက်လာရတော့ ပိုခံနိုင်ရည်ရှိမှာ ပဲလို့ တွေးမိတော့ ကျွန်တော် ကြောက်လာတယ်၊ ခင်ဗျားဘဝမျိုးကို ကျွန်တော် ရောက်သွားရင် ဘယ့် နှယ်လုပ်မလဲ"
သူ့ကို သည်စကားတွေ ပြောမိသည့်အတွက် ကိုယ့်ကိုယ်ကို အံ့သြမဆုံးဖြစ်ရပါ၏။ တကယ် ခံစား ရသ ဖြင့် ပြောလိုက်မိခြင်းဖြစ်ပါသည်။ ကျွန်တော့်စိတ်တွေ ရှုပ်ထွေးနောက်ကျိနေသည်။ သူက အခြားတစ် ဖက်ဖြင့် ကျွန်တော့်လက် ကို ထပ်အုပ်ထားသည်။

ကျွန်တော် ဆွံ့အနေသူတစ်ယောက်လို ဖြစ်သွားသည်။ အဘိုးဆုံးစဉ်ကအချိန်ကို သွားသတိရ၏။ ကျွန်တော် ငယ်ငယ်ကလေး ရှိသေးသည်။ အရမ်း စိတ်ညစ်ဖို့ကောင်းသည့်ကာလ။ အဘိုးအိပ်ရာနံဘေး မှာ အကြာကြီး ထိုင်ပြီး သူ စိတ်ကျေနပ်အောင် လုပ်ပေးသည်။ ယခုလိုပင် ကျွန်တော့်လက်ကို သူက ထပ်ဆုပ်ကိုင်ထားသည်။ သူ့ကိုပေး ရသည့် နှစ်သိမ့်မှုထက် သူ့ဆီက ပြန်ရသည့်နှစ်သိမ့်မှုက ပိုပါလိမ့် မည်။
သူ့မျက်နှာကို ကျွန်တော် မော့ကြည့်လိုက်သည်။ ဘာမျှ ထူးခြားမှုမတွေ့ရ။ သို့သော် ထိုတဒင်္ဂတွင် သူ နှင့် ကျွန်တော့် အကြားတွင် တစ်ခုခုဖြစ်ပြီဟု သူ နားလည်သွားပြီဖြစ်ပါ၏။
သူ၏အပေါ်ယံ ဥခွံကိုခွဲဖို့ ကျွန်တော် ကြိုးစားရင်း အချိန်ကုန်ခဲ့ခြင်းဖြစ်၏။ ခုတော့ အောင်မြင်ခဲ့လေပြီ။ အတွင်းကိုနှိုက်ဖို့သာ ကျန်တော့သည်။ စင်စစ် ပီယာဘိုဒီတည်းဟူသော ဥခွံကို ထုခွဲရခြင်းသည် ကိုယ့် ဥခွံကိုယ် တစ်ပြိုင်တည်းထုခွဲရခြင်းလည်းဖြစ်ပါ၏။ သည်အောင်မြင်မှုသည် အင်းနက်ဇ်ကြောင့် ရခဲ့ခြင်း လား။ သည်ကိစ္စ သည်မှာရပ်ထားမည်။ နောက်မှ စဉ်းစားမည်။
လက်ကိုရုပ်ပြီး ထရပ်လိုက်သည်။

"ကျွန်တော် နောက်နှစ်ရက်နေပြီး ပြန်လာခဲ့မယ်၊ နောက်တစ်ခုခုကို စဉ်းစားထားဗျာ၊ လူတစ်ယောက် ဟာ သူရဲ့ဗီဇအမှန် ကို နှစ်ပေါင်းများစွာ ဝှက်ထားရင် သူ့ရဲ့လောကအမြင်တွေလဲ အမှန်တရားပေါ်မှာ မတည်တော့ဘဲ အတုအယောင်တွေ ဖြစ်နေတတ်တယ်၊ အဲဒီကိစ္စ စဉ်းစားထားဗျာ၊ နောက်တစ်ခါ ဆွေး နွေးရအောင်"
ကျွန်တော်တို့ နှစ်ယေက် အကြာကြီး တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။ သူ ခပ်ယဲ့ ယဲ့ပြုံးပြီး ထရပ်သည်။ သူ့အတွင်းခန်းဆီ လျှောက်သွား၏။ အခန်းဝရောက်မှ ပြန်လှည့်ပြီး…
"မင်း သိထားဖို့က မင်း ငါ့ကို နားလည်ထားတာက တစ်ကိစ္စ၊ ငါ့ဆီက သတင်းရဖို့က တစ်ကဏ္ဍ၊ ကဲ… ဂွတ်နိုက် ကွာ" သူ အခန်းထဲ ဝင်သွားသည်။

သံရုံးဝင်းထဲ ဖြတ်လျှောက်လာရင်း နောက်ဆုံး လက်နက်ပုန်းကို ဘယ်အခါမှ ထုတ်သုံးရပါမည်လဲဟု ကျွန်တော် စဉ်းစား လာသည်။ သူ ပေါက်ကွဲခါနီးနေပြီ။ ပေါက်ကွဲဖို့ အဆင်သင့်ဖြစ်နေပြီ၊ နောက်တစ်ခါ ဒါမှမဟုတ် နောက်နှစ်ခါ တွေ့ပြီးရင် ကိစ္စပြတ်လောက်ပြီ။ မလောဖို့ ကိုယ့်ကိုယ်ကို သတိပေးလိုက် ၏။ နှစ်ရက်လောက် သူ့ကို တစ်ယောက်တည်း ထားလိုက်ဦးမည်။ သည်အချိန်ကို ကျွန်တော် စောင့်နေ ခဲ့ ခြင်းဖြစ်၏။ လိုချင်သည့်အချိန်ကို ရောက်ပြီ။ သို့သော် ကျွန်တော် အလောတကြီး မလုပ်ချင်သေး။ အပေါက်ဝ တွင် ဖမ်ဘိုနာနှင့် အစောင့်တစ်ယောက် စားပြောနေကြသည်။ ကျွန်တော်က မနက်စောစော ပြန်မည့်အကြောင်း ဖမ်ဘိုနာကို လှမ်းပြောလိုက်သည်။

သူက ခေါင်းယမ်းပြီး…
"မနက်ဖြန် ရိက္ခာကား မလာဘူးတဲ့၊ ခင်ဗျား သန်ဘက်ခါမှ ပြန်လို့ရမယ်"
"မောင်ရင်… ဘာတွေ ပြောနေတာလဲ"
သူက ပြုံးပြီး…
"မနက်ဖြန် ရိက္ခာကား ပို့ဖို့ အစီအစဉ် ဖျက်လိုက်တယ်တဲ့"
"ဘယ်သူ ပြောသလဲ"
သူက ပခုံးတွန့်ပြီး…
"အထက်က အမိန့်ပဲ၊ မပူပါနဲ့… ခင်ဗျား မငတ်ပါဘူး၊ ကျုပ်တို့မှာ စားစရာတွေ အများကြီးပါ"
ဘာမျူဒက်ဇ်၏ အကွက်ဖြစ်ကြောင်း ကျွန်တော် နားလည်လိုက်သည်။ ကျွန်တော့်ကို မဲဇာ ပို့ထား လိုက်ခြင်း ဖြစ်၏။ အင်းနက်ဇ် ကိုသူ သည်ည အရယူမည်။ အင်းနက်ဇ်၏အကြောင်းကို ဘာမျူဒက်ဇ် ကောင်း ကောင်း ရိပ်မိနေလောက်ပြီ။ ဒေါသနှင့် မခံချင်စိတ်တို့သည် ကျွန်တော့်တစ်ကိုယ်လုံးကို လွှမ်းခြုံ ထား လေပြီ။ သည်ဇာတ်လမ်းကို ဖမ်ဘိုနာ သိထားပုံရသည်။ ကျွန်တော် ပြန်စရာက ရိက္ခာ ကား နောက်ခန်း တစ်နေရာ သာရှိသည် မဟုတ်လား။

ရေဒီယိုတယ်လီဖုန်း ရှိမှန်း ကျွန်တော် သိသည်။ သို့သော် အခြေအနေက သိပ်အရေးကြီးနေ သဖြင့် သေရေးရှင်ရေး ကိစ္စမှ တစ်ပါး အသုံးပြုခွင့်မရှိ။
"ငါ ရေဒီယိုဖုန်း ပြောမယ် ဖမ်ဘိုနာ"
သူ့သရော်ပြုံး က ပို၍ကျယ်ပြန့်လာသည်။
"မဖြစ်နိုင်ပါဘူး၊ ဥက္ကဋ္ဌကိုယ်တိုင်က အမိန့်ပေးထားတာ"
ဒေါသနှင့် မခံချင်စိတ်ကို ဝန်တိုစိတ်က လေပင့်လိုက်သောအခါ ရူးသွားမတတ် ခံစားရ၏။ ရှက်လည်း ရှက်စရာ ကောင်း၏။
"မင်းဆရာ ခေါ်ရင် ပြောလိုက်၊ အဲဒီအတွက် ကောင်းကောင်း နောင်တရစေရမယ် လို့"

ဆက်ရန်
.

2 comments:

Anonymous said...

ကျေးဇူးပါ

AMK said...

ဇာတ်ရှိန်တက်နေပြီ ဟိုကောင် အဘိုးကြီးရဲ့  ပျော့ ကွက် ကိုနိုက်သွားတာ လှတယ်ဗျာ စောင့်ဖတ်နေမယ် အစ်မကြီး နည်းနည်းရှည်ရှည်လေးလုပ်ပဗျာ.ဖတ်၇တာအားမ၇လို့ ပါ ကျေးဇူးပါခင်ဗျာ