Friday, February 10, 2012

မောင်တင်ဆင့် ၏ ရထားပေါ်က ကင်ဆာတစ္ဆေ, အပိုင်း (၈)

ဓာတ်ရောင်ခြည် မုတ်ဆိတ်.. နှုတ်ခမ်း... ပါးသိုင်းမွှေး
နှင့် 
ပတ်ဝန်းကျင် - ၁

ပထမပိုင်း ရက်သတ္တပတ်များတွင် ကျွန်တော်သည် မိမိကိုယ်ကို အကျယ်ချုပ် ချထားလိုက်သလို ချထား လိုက်သည်။ မနက်ဆို ဓာတ်ရောင်ခြည်ကင်ရန် မနီးမဝေးရှိ ဆေးရုံသွား။ (ဆေရုံမှာစောင့်ရင်း မနက်ပိုင်းကုန်ဆုံး သွားတာများပါသည်။ ဆေးရုံက ကျွန်တော်တို့ကို ကူပြီးအချိန်ဖြုန်းပေးသည့်အတွက် ကျေးဇူးတင် ရသေးသည်။) ပြီးလျှင် နေ့ခင်း ၁၁နာရီခန့် ဘုန်းကြီးကျောင်း အဆောင်ကိုပြန်လာ။ ခဏ နားပြီး နေ့လယ်စာစား။ ခဏနားပြီး တရေးတမော ကြိုးစားအိပ်။ အိပ်လို့မရတာက များသည်။ ရေခဲသေတ္တာ ထဲ ထည့်ထားသလို အေးစက်သောမြို့ရဲ့ ဘုန်းကြီးကျောင်း အောက်ထပ် အဆောင်မှာ ကျောက်ဂူ တစ်ခုနှင့်များ တူနေသလား မသိ။ အနွေးထည် ခေါင်းစွပ်နှင့် ဂွမ်းစောင် နှစ်ထပ်ခြုံ အိပ်သော် လည်း အေးစက်မှု ထွက်ခွာမသွား။ တစ်နာရီခန့် အနားယူပြီး မှတ်တမ်း ရေး၊စာဖတ်။ ပြီးလျှင် လမ်းလျှောက်။ ကျောင်းရှေ့ဘက်ထွက်သွားလျှင်တော့ နေရောင်ခြည် ဖျော့ဖျော့မှာ နွေးထွေးမှုရသည်။

ကျောင်းထိုင်ဆရာတော်မှာ မနက်ဆွမ်းစားချိန်မှာ စတင်ကာ ကျောင်းရှေ့ နေရောင်ခြည်ရှိ ရာမှာ ခုံတန်းလျားချ။ စောင်ထူထူခင်းကာ တစ်နေ့လုံးလို ထိုင်လိုက်လှဲလိုက်နှင့်  နေစာလှုံ နေတတ်သည်။ ဆရာတော် မှာ သက်တော် ၈၀ကျော်ရှိပြီး ဘွဲ့မည်မှာ ဦးတိက္ခသိန္ဓိဖြစ် သည်။ ဆရာတော်မှာ ရောဂါ ကြောင့် လမ်းမလျှောက်နိုင်။ ၀ှီးလ်ချဲ နှင့် သွားလာရ၏။

ကျွန်တော်သည် နေ့လယ်နေ့ခင်း တရားထိုင် ပြီးချိန်မှာ နာရီဝက်ခန့် လမ်းလျှောက်နေတတ်သည်။ များသော အားဖြင့်တော့ အဆောင်ရှေ့(သို့) ကုဋီရှေ့ စင်္ကြံလျှောက်တတ်သည်။ တစ်ခါတရံ ရှုာသီဥတု သိပ်အေးနေလျှင် နေရောင်ခြည် ရှိရာ ကျောင်းအရှေ့ပိုင်းအထိ လျှောက်သွားသည်။ ဘုန်းကြီးကျောင်း ရှေ့ ဝင်းတံခါးမကြီးပေါက်ဝ မှာ ရပ်ခါ စဝ်စံထွန်းဈေး လမ်းပေါ်သွားလာနေသော ကား၊ ဆိုင်ကယ်နှင့် တိုင်းရင်းသား/သူ များကို ငေး၊ ဈေးဘက်လှမ်းငေး။ အဝေးမှာ မြင်နေရသော တိုက်တာ အဆောက်အဦး နှင့် မှိုင်းပြာနေသော တောင်းတန်းကြီးကိုငေး၊ အရှေ့ဘက် တောင်မှိုင်းပြာပေါ်မှာ စေတီလေးများ၊ တိုက်တာ အဆောက်အဦများ၊ ကျွန်တော့်စိတ်ထဲ တစ်ခါခါ ကိုရီးယားဇာတ်လမ်းတွဲထဲ ရောက်နေတယ် ထင်မိသည်.။

တစ်ခါတစ်ရံ တော့ ကျောင်းဝင်းတံခါးမကြီး မုခ်တိုင်ထိပ် တစ်ဖက်တစ်ချက်က ဇော်ဂျီ တောင်မွှေး ထမ်း ရုပ်ထု များ ရှေ့ဘက် အုတ်ဝင်းထရံအပြည့် ကြီးမားသော ရွှေမောင်းကြီး၊ ရွှေကြေးစည်ကြီးများ ထုလုပ် ထားပုံ ကို ရပ်ကြည့်နေမိသေးသည်။ ဝင်ပေါက်ဘေး တစ်ဘက်တစ်ချက်က ထင်းရှုးပင်နှစ်ပင်ကတော့ အတော်လှပ၏။ ဝင်ပေါက်ဘက် လှည့်ထားသော ပိဋကတ်သုံးပုံ တင်ဆောင်ထားသော ဆင်ဖြူတော် ရုပ်တု (တကယ့် ဆင်လောက်ကြီးသည်) ဆင်ဘေးက မြင်း ရုပ်တု။

မြင်းပေါ်မှာ မင်းညီမင်းသားတစ်ပါး၊ သံလျက်ကိုင်လျက်၊ မြင်းဘေးမှာ နွားလားဥဿဘ။ နွားရုပ်ထု ဘေးမှာ ပဉ္စရူပခေါ်မလား၊ မြင်းကိုယ် ငှက်တောင်ပံ၊ နဂါး သို့မဟုတ် ခြင်္သေ့လည်တိုင်၊ နှုတ်သီး၊ ဆင်နှာမောင်း၊ သမင်ချို(ဂျို) သတ္တဝါတစ်ကောင်လည်း ထုလုပ်ထားသည်။ ရုပ်တုတွေက တကယ်မြင်း နွားတွေလောက် ကြီးမားသည်။ နောက်ရှိသေးသည်။ ဆင်ဖြူတော် သည်ဘက်ဘေးမှာ အန်းကုန်းရုပ်တု၊ ကွမ်ရင်မယ်တော်ရုပ်တု လည်း တစ်ဖက်မှာ ရှိသည်။ အလှူခံပုံ။ ရွှေရောင် သုတ်လိမ်းထားသာ မဟာသစ်ကွင်းကြီး ကို သံကြိုး နှင့် ချိတ်ဆွဲထားသည်။ အခြားသစ်ကွင်းလေးငါးခုလည်း ချိတ်ထားသည်။ သဘာဝ အတိုင်း သစက လေးထောင့်အတိုင်း ကွင်းဖြစ်နေတာ ထူးခြားပါသည်။ နောက် ပန်းအိုး ကြာကလပ် ပေါ်တင်ထားသော ပစ်တိုင်းထောင်ရုပ်လည်း တွေ့ရသည်.။ ကြာပန်း၊ သစ်ခွပန်း၊ ဂမုန်းပန်းမျိုးစုံ၊ ကျွန်တော် နေပူစာလှုံရင်း မကြာခဏ ငေးမောတွေးတောနေတတ်သည်။

အမှန်တော့ ဓာတ်ရောင်ခြည်ကင် ရောဂါသည်မှာ နေစာမလှုံရပါ။ သို့တိုင် ရာသီဥတု အေးလွန်းသည့်အခါ လှုံမိသည်။ နိုဝင်ဘာလထဲမှာ အအေးက ပိုသည်းလာလေသည်။ တစ်ခါတစ်ရံတော့ နံရံတွေပေါ်၊ ထုတ်တန်းတွေပေါ်ရှီ အလှူရှင် ကမ္ဗည်းစာတန်းတွေကိုလည်း ကျွန်တော်လျှော်ဖတ်နေတတ်သည်။ ကမ္ဗည်းစာတွေက တစ်ကျောင်းလုံး နေရာတကာမှာရှိသည်။ ထူးခြားတာက ဥပမာ အလှူရှင် မည်သူမည်ဝါက ၅၀၀၀ကျပ် လှူသည့်စာတန်း ဆိုပါတော့။ ၅၀၀၀ ကျပ်ဟု ရိုးရိုးရေးမထား။ ၅၀၀၀ တစ်မတ် ဟု ရေးထိုးထားသည်။ ဥပမာ ၃၀၀၀၀ တမတ်၊ ၂၅၀၀၀ တစ်မတ် စသည့်ဖြင့်။ တစ်ခါတော့ ဆရာတော် က ဝှီးလ်ချဲ နှင့် ကျွန်တော်တို့ လူနာဆောင်တွေဘက်လာရင်း ကျွန်တော့်ကို ရှင်းပြသည်။ "ဥပမာ တစ်သောင်း၊ တစ်မတ်ဆိုပါတော့ တစ်မတ်ဆိုတာက မတ်အောင် ထောင်အောင် ထည့်ပေး ထားတာ။ နိမိတ်ယူထည့်ထားတာ" ဟုပြောပါသည်။ ကမ္ဗည်းစာတွေကတော့ ကုဋီ၊ ရေစက်၊ ကျွန်တော်တို့ အဆောင်၊ တီဗီ အပေါ်စက်အောက်စက်မှာ ကားဂိုဒေါင်မှာ နေရာတကာတွေ့ရပါသည်။ သည်ကျောင်းထဲ ဝင်သွား လျှင် လူတွေလှူချင်တန်းချင်စိတ်ပေါ်လာအောင် တွန်းအားပေးနေတာဆိုမလား။

နောက်ပိုင်းတွင် ကျွန်တော်သည် ဆေးရုံသို့သွားသောအခါ ဖြတ်လမ်းမှပဲ အသွားအပြန် လုပ်ခဲ့သည်မှာ ပြန်သည် ထိ ဟု ဆိုရမည်။ တစ်ခါတစ်ရံမှသာ ဗိုလ်ချုပ်အောင်ဆန်း(မြို့လယ်) လမ်းမကြီးက သွားတော့သည်။
ထိုဖြတ်လမ်းမှာ ဘုန်းကြီးကျောင်းနှင့် ကျောင်းဘေးအနောက်ဘက်အရပ်ရှိ စဝ်စံထွန်းဈေးကြားက လမ်းမှ သွားရသည်။ ထိုလမ်းမှသွားပြီး ဈေးလွန်တော့ ချောက်ရပ်ကွက် (ဘုန်းကြီးကျောင်း နောက်ဘက်)ထဲ ဆင်းသွား ရသည်။ ချောက်ရပ်ကွက်ကို ကျော်လွန်သွာသည်နှင့် ဆေးရုံဝင်းထဲ ရောက်သွားတော့သည်။ ဆရာဝန်ကြီးများ အိမ်ရာ၊ မူးယစ်ဆေးစွဲ ကုသဆောင်၊ ထိုမှ စင်္ကြံလမ်းအတိုင်း ကုန်းမို့မို့လေးအတိုင်း လျှောက်သွား လျှင် ဓာတ်ရောင်ခြည်ဆေးကုသဆောင်ကို ရောက်သွားလေသည်။

တောင်ကြီးမြိုကတွင် အထက်ဈေးကြီးနှင့် အောက်ဈေးခေါ် စဝ်စံထွန်းဈေးနှစ်ဈေး ရှိသည်။ စဝ်စံထွန်း ဈေးမြေ၏ မူလက သင်္ချိုင်းကုန်းဖြစ်သည်ဟု ဆိုသည်။ ဟိုယခင် နှစ်နှစ်ဆယ်လောက်က သည်နေရာ မြို့စွန် လူနေကြဲပါးပုံရသည်။ နောက်တော့ စည်ပင်သာယာက သင်္ချိုင်းပေါ်မှာ ဈေးဆောက်လိုက်သည်။ သင်္ချိုင်း ဘယ်ပြောင်းသွားလဲ ကျွန်တော်မသိ။ ဈေးမှာ ဟင်းသီးဟင်းရွက် လတ်ဆတ်သည်။ ကြက်သား ပုံတိုက် ရောင်းတာ တွေ့ရသည်။ ငါးတွေလည်း အံ့သြစရာ အစုံအလင်ရှိသည်။ ငါးသလောက်၊ ငါးကြင်း ငါးခူ၊ ငါးရံ့၊ ငါးမြစ်ချင်း ပင်ရှိသည်။ ငါးမြစ်ချင်း၊ ငါးကြင်း က ဈေးကောင်းသည်။ ကြက်သား ဈေးထက် ပိုသည်။ ငါးပိငါးခြောက် မြေပြန့် ကုန်တွေ အကုန်ရှိသည်။ ကန်းစွန်းရွက်၊ ကင်ပွန်းချဉ်က အစရှိသည်။ လူသုံးကုန် ပစ္စည်း ယိုးဒယား၊ တရုတ်ပစ္စည်းစစ်စစ်တွေ့ရသည်။ တာချီလိတ်ဘက်က ဝင်တာဟုဆိုသည်။

တာချီလိတ်က တောင်ကြီးမြို့မှ မိုင် ၄၀၀ လောက် ဝေးသည်ဟု ဆိုသည်။ တောင်ကြီးမြို့က ရေခဲသတ္တာ ထဲ ထည့်ထားသည့် မြို့ဖြစ်သည်နှင့်အညီ အနွေးထည်တွေ ဂွမ်းစောင်၊ ဂွမ်းကပ်စောင်တွေ ရောင်းသူများသည်။ ဝယ်သူလည်း များပုံရသည်။ တောင်ကြီးမြို့မှာ ပင်လယ်ရေမျက်နှာပြင်အထက် ၄၇၁၂ ပေမြင့်သည်.။ မြေပြန်ကသွားသော ကျွန်တော်တို့ ရေမချိုးနိုင်။ တန်ဆောင်တိုင် မီးပုံပျံပွဲအပြီးမှာ အအေးဓာတ် ပိုကဲလာသည်။ ဇနီးမှာ တစ်ပတ်မှ တစ်ကြိမ်လောက်ပဲ ကြိတ်မှိတ်ရေချိုးရသည်။ ရေနွေးအားကိုး ရသေးသည်။ ကျွန်တော်တို့ အနွေးထည်နှစ်ထပ်သုံးထပ် တစ်နေ့လုံး မချွတ်ရ။ တောင်ကြီး နှင့် အေးသာယာပင် မတူ။ အေးသာယာက တောင်ခြေမှာ အအေးပေါ့သည်။

ကျွန်တော်ကတော့ ရေမချိုးရလည်း ပြဿနာမရှိ။ ဓာတ်ရောင်ခြည်ကင်သူမှာ ရောင်ခြည်ထိသည့် ဝန်းကျင်ရေ မထိရ။ ပထမဆုံးရက် ဆေးရုံစာအုပ် လုပ်ကတည်းက သူနာပြုဆရှုာမလေးက ရေမထိဖို့ အသေအချာပြောသည်။ မာကင်ဖြစ်ပေးသော ဒေါက်တာကလည်း ပြေသည်။ ရေထိလျှင် အဖုများ(မီးလောင် ဖုလို) ပေါက်လာမည်ဖြစ်ကြောင်း ပြောသည်။ ယားယံလျှင်လည်း ဓာတ်ကင်သည့် တစ်လျှောက် မကုတ်မိစေဖို့ပြောသည်။ ကုတ်လျှင်အသား(အရေခွံ) လှန်သါားနိုင်ကြောင်း ပြောသည်။ သို့ကြောင့်လည်း ဓာတ်မကင်မီ ရေချိုးစရာရှိ ချိုးထားဖို့။ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်း၊ ပါးသိုင်းမွှေးများ ရိတ်ပယ်ရှင်းလင်းထားဖို့ ကြိုတင်ပြောထားပြီးဖြစ်သည်။ သို့နှင့် ဓာတ်မကင်မီတစ်ရက်(တနင်္ဂနွေနေ့) ကတည်းက ရေချိုးခေါင်းလျှော်၊ မုတ်ဆိတ်၊ နှုတ်ခမ်း၊ ပါးသိုင်းမွှေးများ ရှင်းလင်းရိတ်ပယ်ထားရသည်။ သို့တိုင်ခါတိုင်း၊ တစ်ရက်၊တစ်ရက်ခြား ရိတ်ပယ်ရသော ကျွန်တော်သည် ဓာတ်ရောင်ခြည်ကင်သော ရက်တွေ တွင် မရိတ်ဘဲ ထားလိုက်ရသည်။

မနက် ဆေးရုံဓာတ်ရောင်ခြည်ဌာနရောက်လျှင် ဦးတင်ဆင့် ရောက်ပါပြီဆိုတာ ရောင်ခြည်ကင်ခန်းက တာဝန်ခံနျင့် အကူများကို သတင်းပို့လိုက်ရသည်။ သည်အခါ သူတို့က ကျွန်တော့်အမည်ဖိုင်ကို ရောက်ခြည် ကင်လာရောက်သူ ဖိုင်မှာ စီထပ်ပေးလိုက်သည်။ အခြားလူနာတွေလည်း သည်လိုပင် စာရင်းပေး ရသည်။ (ကီမိုဆေးသွင်းတာက များသောအားဖြင့် စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ သွင်းတာ ရှိသည်။ တစ်ပတ်တစ်ကြိမ်၊ တစ်လတစ်ကြိမ်သွင်းရတာရှိသည်။ သက်ဆိုင်ရာ ကိုယ့်အပ်နှံထားသည့် စပယ်ရှယ်လစ် ဆရာဝန်ထိုင်သော အထူးဆေးခန်းမှာ သွင်းကြတာများသည်) ကျွန်တော်ကတော့ ကံကောင်း သည်။ ဆေးမသွင်းရ။ မေးကြည့်တော့ ဆေးသွင်းစရာမလိုပါဟု ဆိုသည်။

သည်လိုဆေးမသါင်းရတာ ကျွန်တော်ဓာတ်ကင်နေသည့် ကာလတစ်လျှောက် လူနာတွေထဲမှာ ကျွန်တော်အပါအဝင် သုံးဦးပဲ ရှိခဲ့တာတွေ့သိရသည်။ များသောအားဖြင့်ကတော့ ကင်ဆာလူနာတွေမှာ ဓာတ်ရောင်ခြည် ကင်တာရော၊ ဆေးသွင်း ကုသတာရော လုပ်ကြရသည်။ ဆရာမိုးဟိန်းလည်း ကင်ဆာ ဆိုတာသိရှိပြီးနော် ပထမဆုံး တောင်ကြီးသွား ဓာတ်ရောင်ခြည်ကင်စဉ်က ဆေးမသွင်းရပါ။ သူနှင့် ကျွန်တော် ရောဂါချင်းဆင်သည်။ နေရာလွှဲသွားသည်။ ဆရာက Squamous Cell Carcinoma. (left pharyngeal wass)ဖြစ်သည်။ ကျွန်တော်က Squamous Cell Carcinoma(Rt vocalcord)ဖြစ်သည်။ ကျွန်တော်က အသံအိုးမှာ လက်သည်းခွံလောက် အနာ၊ ဆရာက လည်ပင်းဝဲဘက်နံရံ(အသား)မှာ အနာ ဖြစ်တာဖြစ်သည်။ ဆရာဟိန်းနှင့် ကျွန်တော်တူတာက Squamous Cell Carcinoma ဆိုတာတူသည်။ (ဆရာမိုးဟိန်း၏ ကျွန်တော့်နှင့် ကင်ဆာဆောင်းပါး(၁)မှ ဒါကြောင့်လည်း ပထမဦးဆုံး ကုသစဉ်က ဆရာမိုးဟိန်း ကီမိုဆေး မသွင်းခဲ့ရခြင်းဖြစ်သည်။

သို့တိုင် ဆရာက ၄လ အကြာမှာ ဒုတိယအကြိမ် ပြန်ပေါ်ခဲ့သည်။ (ကျွန်တော်သည် စာရေးနေချိန်မှာ ဓာတ်ရောင်ခြည်နှင့် ကုသပြီး ၂ လပြည့်ရန် တစ်ပတ်အလိုမှာ ဖြစ်သည်)။ ဒါကြောင့်များ ဆရာက Cancer is a death sentence (ကင်ဆာသည် သေမိန့်)လို့ ထည့်သွင်းခံတာလား။ ကျွန်တော်ကတော့ ကင်ဆာရောဂါဖြစ်ပြီး မသေသေးဘဲ ၅နှစ်၊ ၆နှစ်၊ ၁၅နှစ် ရှိပြီးဖြစ်သူများကို တွေ့ဖူး စကားပြောဖူး ထားပါသည်။ ကင်ဆာဖြစ်သူတိုင်း မသေပါဟု ကျွန်တော်ယူဆသည်။ ရောဂါအပျော့အပြင်းနှင့် ကုသိုလ်ကံ၊ တိုက်ပွဲဝင်စိတ်ဓာတ်တို့ လိုသည်ထင်ပါသည်။ ကင်ဆာကို တိုက်ပွဲဝင်ရမည်။ စီးချင်း ထိုးရမည်။ ကြောက်စရာမဟုတ်။ တန်ဖိုးကတော့ အသက်လုဖို့ဖြစ်သည်။ သူသေ ကိုယ်ရှင် တိုက်ရမည်။

ရောက်ကြောင်း အမည်ပြောပြီးနောက် လူနာနားနေခန်းကျယ်က ခုံတန်းလျားတွေမှာ ထိုင်စောင့်ရ၏။ အနည်းလေး တစ်နာရီ တစ်နာရီခွဲ (သို့) တစ်ခါတစ်ရံ နှစ်နာရီခန့်ကြာအောင် ကိုယ့်အလှည့်ကို စောင့်နေရသည်။ သည်လို ဓာတ်ရောင်ခြည်ကင်ဖို့ စောင့်ဆိုင်းရင်း အနယ်နယ်အရပ်ရပ်မှ ရောက် လာသော လူနာချင်း ရင်းနှီးသွားကြတတ်သည်။ သူ့အခြေအနေ၊ အကြံဥာဏ် ယူကြရသည်။ တချို့ ရောက်စ လူနာရှင်တွေမှာ ထိတ်လန့်နေတတ်ကြသည်။ ဓာတ်ကင်လျှင် သေတတ်သည် ဆိုသော အယူအဆ ကလည်း လူအတော်များများရဲ့ ဦးနှောက်ထဲ၊ စိတ်ထဲကို ဝင်ရောက်မီးရှို့နေတတ်တာလည်း ပါမည်။

ရင်ခေါင်း အပေါ်ပိုင်းသမား(လည်ချောင်းအောက်၊ အလယ်၊ မေးအောက် ပါးစောင်၊ လျှာအောက်၊ နှာခေါင်း  စသည့်ဖြင့်)အထက်ပိုင်းဟုလည်းခေါ်သည်။ နေရာတော်စုံစုံမှာ ကင်ဆာဖြစ်တတ်တာတွေ့ရ၏။ ဖြစ်တတ်သောနေရာ ၃၀ကျော်တာ နံရံကကြော်ငြာစာရွက်တွင် တွေ့ရတတ်သည်။ အပေါ်ပိုင်းကတော့ မာကင်(မှင်ခြစ်) ထင်ထင်ရှားရှား (ပရဲထိုးထားသလို) တွေ့ရသဖြင့် ဘယ်လူနာ ဘယ်နေရာမှာ ကင်ဆာ ဖြစ်နေတယ် ဆိုတာ ကြည့်တာနှင့် လူနာချင်းသိနေပါသည်။
လူနာချင်းရင်းနှီးမှုလည်း လွယ်ကူသည်။ ဘဝတူချင်း အားကိုချင်စိတ်လားတော့ မသိ။ တစ်ဦးနှင့်တစ်ဦး ပွင့်ပွင့်လင်းလင်းလည်း ပြောတတ်ကြသည်။ အမျိုးသမီးများပင် ရင်သား၊ သားအိမ်စသည့်နေရာ ကင်ဆာဖြစ်နေတာကိုပင် သွေးရင်းသားရင်းလို ဖွင့်ပြောနိုင်သည်။ အကြံဥာဏ်တောင်းသည်။ တစ်ဦး အခြေအနေ ကောင်းသွားလျှင် တစ်ဦးက ဝမ်းသာသည်။ ဆေးကုသ၊ ဓာတ်ရောင်ခြည်ကင် သတ်မှတ်ရက် ပြည့်လို့ ပြန်တော့မယ်ဆိုလျှင် ထောင်က လွတ်မြောက်မည့်သူလို ကျန်လူတွေက ဝမ်းသာ အဲလဲ နှုတ်ဆက်တတ်ကြသည်။

ကင်ဆာရောဂါသည် တကယ်တော့ သေမိန့်ကျသလို ထိတ်လန့်ဖွယ်ရာရောဂါ တစ်ခုတော့ ဖြစ်သည်။ ရွှေပြည်သာမြို့နယ်မှ ကျွန်တော့်မိတ်ဆွေ ဆရာဝန်တစ်ဦးပြော နားထောင်ကြည့်ပါ။  တကယ်လို့ မဖြစ်မနေ ကင်ဆာနဲ့ အေအိုင်ဒီအက်စ်ရောဂါနှ်ခုထဲက တစ်ခုခုရွေးပါဆိုရင် ကျွန်တော်ကတော့ အေအိုင်ဒီအက်စ် ရောဂါကိုပဲ ရွေယ်မယ်ဟုဆိုပါသည်။ သူပြောတာလည်း မလွန်လှ။ ကင်ဆာရောဂါက နေရာ တစ်နေရာတည်းဖြစ်သူ နှစ်ဦးရှိလျှင်နှစ်ဦးမတူ၊ သုံးဦးရှိလျှင် သုံးဦးမတူ။ ရောဂါဖြစ်ပုံ၊ ကုသပုံမတူ။ ကျွန်တော့် လို အသံအိုးမှာ ကင်ဆာဖြစ်သူ နှစ်ဦးကို ကျွန်တော်မေးကြည့်သည်။

တစ်ဦးနှင့်တစ်ဦးမတူကြ။ သံဖြူဇရပ်မြို့မှ လာရောက်ကုသနေသော အသက် ၆၇ နှစ်ရှိ ဦးအေးဆောင်နှင့် မန္တလေးမှ လာရောက်ကုသနေသော အသက် ၂၉ နှစ်ရှိ ဇော်လတ်ဆိုသူတို့မှာ အသံအိုးတွင် ကင်ဆာဖြစ်ကြတာချင်း တူသည်။ သို့တိုင် ဇော်လတ်ဆိုသော လူငယ်က ပိုပြင်းထန်သည်။ သူ အသံအိုး မှာ ကင်ဆာဖုလေးတွေ ၁၂ ဖု ပေါ်ပေါက်လာပြီး အသုံပင် ကွယ်ပျောက်သွားခဲ့သည် ဦးအေးဆောင်လည်း အသံအိုးမှာ ကင်ဆာဖုလေးတွေဖြစ်ခဲ့ပေမယ့် သိပ်မများ။ အသံလည်း ပျောက်ကွယ်သွားခြင်း မရှိ။ ကျွန်တော်က လက်သည်းခွံလောက်အနာ။ အဖုလေးတွေ မဟုတ်။ အသံမပျောက်။ ကျွန်တော်က ဆေးမသွင်းရ။ ဦးအေးဆောင် က ဆေး၆ လုံးသွင်းရမည်။ ဇော်လတ်က ၁၂လုံးသွင်းရမည်။ ဒါတောင် သူက ငယ်ရွယ်သူမို့ ခံနိုင်ရည်ရှိသည်။

ဇော်လတ်က ကျွန်တော်တို့အရင် ဆေးသွင်း၊ ဓာတ်ကင်ကုသမှု ပြီးဆုံးသွားခဲ့သည်။ ဝဝဖြိုးဖြိုး ပြုံးပြုံးရွှင်ရွှင် ပြန်သွားနိုင်သည်.။ သူက ကွန်ပျူတာတက္ကသိုလ်မှ ဘွဲ့ပြီးသူဖြစ်သည်။ သူက သီချင်းဆိုချင်သည့် ပိုးကလေးလည်းရှိသည်။ သို့တိုင် ပရိုဖက်ရှင်နယ် မဖြစ်။ နောက်တစ်ခါ ပြည်ပအလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းကို မိတ်ဆွေတစ်ဦးနှင့်ပူးပေါင်းလုပ်ကြည့်သည်။ အဆင်မပြေ။ စကားပြောသင်တန်းကို နိုင်ငံခြားသူနှင့် လိုက်လုပ်သေးသည်ဟု ဆိုသည်။ သည်အတွင်း အသံအိုးမှာ ကင်ဆာဖုလေးတွေထွက်လာ၊ အသံအိုးယောင်ရမ်းပြီး အသံပျောက်သွားခဲ့တာ ဖြစ်သည်ဟု ဆိုသည်။ အစားအစာ စားမရ။ သောက်မရ၊ အသက်ရှူမဝလို့ လည်ပင်းဖောက်ခါ အသံအိုး ခွဲစိတ်ထုတ် ရတော့မလိုဖြစ်ပြီး ဆေးသွင်း၊ ဓာတ်ကင်လုပ်လိုက်မှ သုံးပတ်မြောက်မှာ အသံပြန်ထွက်လာသည်ဟု ဆိုသည်။
သူနှင့်ကျွန်တော်က သူ ဆေးသွင်းဓာတ်ရောင်ခြည်ကင်တာ ရက်ပေါင်း ၃၀ (ရက်သတ္တခြောက်ပတ်၊ တစ်ပတ် ၅ရက် ကင်ရသည်) ပြည့်လုနီးတစ်ပတ်အလိုလောက်ကျမှ ခင်မင်သွားကာ ဓာတ်ရောင်ခြည် ကင်ရန် စောင့်ရင်း စကားစမြည် ပြောဖြစ်ကြသည်။

သို့နှင့် သူ့အကြောင်း သူ့ရောဂါဖြစ်ပုံ၊ ကုသပုံတွေကို သိလာရသည်။ သူ့မှာ ကွန်ပျူတာ တက္ကသိုလ်က ဘွဲ့ရခဲ့သော်လည်း ခုထိ ဘာအလုပ်လုပ်ရမယ် သေချာမဆုံးဖြတ်ရသေးဟု ဆိုသည်။ ကျွန်တော်ကတော့ မင်း ဝါသနာ ပါရာ တစ်ခုခုကို ရည်ရွယ်ပြီး စိုက်လိုက်မတ်တတ်လုပ်သင့်တယ်ဟု အကြံပေးသော်လည်း သူ့ ဘာ ဝါသနာပါမှန်း သေချာမသိသေးဟု ဆိုသည်။ ကျွန်တော့်ကိုတော့ "ဦးလေးက စာရေးဆရာဆို"ဟု မေးသည်။ ဘာတွေရေးသလဲဟုမေးသည်။ ကျွန်တော်က ကြုံတုန်းသူ့ကို အင်တာဗျူး လုပ်ကြည့်သည်။ ရောဂါအကြောင်းအရှုာ အခြေအနေတွေက ပြောပြီးဖြစ်သည်။ ယခု ဗျူးဖြစ်သည်က လူမှုရေး ဆိုပါတော့ နားထောင်ကြည့်ပါ။

"မင်းက မန္တလေး ဘယ်မှာနေလဲ"
"အောင်တော်မူရပ်မှာ.... "
အောင်တော်မူရပ်ဘယ်မှာရှိတယ်ဆိုတာက ကျွန်တော် မသိ။ ဒါနှင့်..
"လူထုဒေါ်အမာရဲ့ လူထုတိုက်နှင့် ဘယ်လောက်ဝေးလဲ"
ဆိုတော့
"အဝေးကြီးပဲ"တဲ့။
"မင်း မန္တလေးက ဘယ်စာရေးဆရာတွေနဲ့ သိလဲ"
"မသိဘူး"
ဟု ဆိုပါသည်။

ညီပုလေး သိလား ... ဟင့်အင်း။ ညိုထွန်းလူ သိလား၊ ဟင့်အင်း။ ဆူးငှက်.. ခေါင်းခါသည်။ ကိုငြိမ်း (မန္တလေး) မကြားဖူးဘူး။ နေဝင်းမြင့်.. နိုးမသိပါ။ ခင်ခင်ထူး.. ဟင့်အင်း မသိဘူး။ သည်တော့် ကျွန်တော် က ပြောရသည်။ အဲသည်လူတွေမှ မသိရင် မင်းငါ့လည်း သိမှာ မဟုတ်ပါဘူးဟု။ (ထိုဆရာတွေ ယခု ကျွန်တော် ရေးပြတာ ဖတ်ရလျှင် ကျုံးထဲဆင်း အဆုံးမစီရင်လိုက်ဖို့ တောင်းပန်လိုက်ပါသည်)
"ကျွန်တော်က ဝတ္ထုတွေ ဘာတွေ မဖတ်ဘူး။ ကာတွန်းပဲ ဖတ်တာ"
"ဟုတ်ပြီ။ ဒါဆို ကံချွန်သိလား"
"ဟာ .. ကံချွန် မှ မသိရင် သေသွားမှာပေါ့.. "
ဟု ကိုယ်ကို ယိမ်းလှုပ်ပြီးပြုံးကာ ပြောသည်။

"ကံချွန် ကွယ်လွန်သွားပြီနော်"
ဆိုတော့ ကံချွန်ဆုံးပါးတာ သူ မသိ။ ဆရာကံချွန်လည်း ကင်ဆာနှင့် ဆုံးပါခဲ့တယ်လို့ သူ့ကို မပြော ဖြစ်တော့။ ဒီကလေးအတွက် ကျွန်တော် နည်းနည်းမောသွားသည်။ သူ့အဖေက တစ်ချိန်က လော်ပန် ဟုဆိုသည်။ ဖားကန့်ဘက်မှ မန္တလေးရွှေ့ပြောင်းလာပြီး သူ့အဖေ ဆုံးပါသွားသည်။ သည်တော့ သား ၄ ယောက်နှင့် သူ့မိခင် ထိုင်စားလာရာ ရှိတာ ကုန်သလောက်ရှိပြီဟု ဆိုသည်။ ဒါတောင် သူက တောင်ကြီးဆေးလာကုတာ ဆိုင်ကယ်ပါ ယူလာသည်။ (ကားပေါ်တင်လာသည်) ဆေးသွင်း ဓာတ်ကင်တာ နားတဲ့ရက် မော်တော်ဆိုင်ကယ် နှင့် ဘုရားဖူးထွက်သတဲ့။ မနက်ဖန်ခါ ပိတ်ရက်တွင် ပင်းဒယလိုဏ်ဂူ ဘုရားသွားဖူး မလို့တဲ့။ တကယ့်ကောင်။ ကျွန်တော်က ဆက်အင်တာဗျူးသည်။

"လူထုဦးလှ လူထုဒေါ်အမာရော သိလား"
"ဟာ ဒါတော့ သိတာပေါ့"
"မင်း.... ဝတ္ထုထဲက ဘယ်စာအုပ်ဖတ်ဖူးလဲ"
"ကျွန်တော် ဝတ္ထုတိုတစ်အုပ်တော့ ဖတ်ဖူးတယ်"
"ဟုတ်လား။ (ဒီကောင် အပျော်ဖတ်ဝတ္ထုလား၊ ဂမ္ဘီရဝတ္ထုလား၊ ဟာသဝတ္ထု များလားပေါ့လေ။) ဟုတ်လား ဘယ်ဝတ္ထု ဖတ်ဖူးလဲ"
"လမ်းသစ် နှင့် အခြားဝတ္ထုတိုတွေ ဆိုတာ။ ဘာသာပြန်ထင်ရဲ့"

ကျွန်တော် ပက်လက်လန်သွားသည်။ မဖတ်ဖူး၊ မဖတ်ဖူးနှင့် ဖယ်မယ့်ဖတ်တော့လည်း ဆရာဇော်ဂျီ၏ နာမည်ကျော် ဘာသာပြန် ကမ္ဘာဝတ္ထုတိုများ၊ တကယ့် ဟဲဗီးကိုမှ ကိုင်တာ.။
"ဦး ပြောသလို ကျွန်တော် တစ်ခုခု လုပ်ရမယ်။ ဟုတ်တယ်၊ ပြန်သွားမှ စာဖတ်ရဦးမယ်။ ဦးကလောင် နာမည် ဘယ်လိုခေါ်သလဲ"

ဆက်ရန်
.

No comments: