မနောမယပန်းကုံး ကဗျာတွေသီလို့
မနေ့က (၁.၁.၂၀၁၁) ကျွန်တော် မြို့ထဲထွက်သည်။ ကင်ဆာရောဂါဖြင့် တောင်ကြီးမြို့မှာ ဓာတ်ရောင်ခြည် နှင့် သွားရောက်ကုသ၊ တစ်လခွဲကြာမြင့်ပြီး ရန်ကုန်ပြန်ရောက်၊ ယခု ရန်ကုန် ပြန် ရောက်ပြီး တစ်လအကြာ မြို့ထဲထွက်ခြင်း ဖြစ်သည်။
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းတိုက်ကို နေ့ခင်း (၂)နာရီလောက်မှာ ရောက်သည်။ အယ်ဒီတာ ချုပ် အ၀ကျွန်း ကိုချစ်မောင်က အပြင်သွားနေတာ နှင့် ဆရာမ တင်တင်ဦးနှင့် သီချင်းရေး ဆရာမောင်ကျော်ဇောနှင့် ကိုဦး(သချာင်္) နှင့် စကားစမြည် ပြောဆိုပြီး ၃ နာရီနီးပါးမှာ ပြန်ရန် နှုတ်ဆက်၊ မဂ္ဂဇင်းတိုက်ပေါ်က အဆင်း တွင် ကိုချစ်မောင် ပြန်ရောက်လာသည်။
ကိုချစ်မောင်က ကျွန်တော့်ကိုတွေ့သည်နှင့် ကျန်းမာရေးအခြေအနေကို မေးမြန်းပြီး ကိုဝဏ္ဏ စာရေးဆရာ ရုပ်ရှင် ဒါရိုက်တာတစ်ယောက် ဒီမနက်ပဲ ဆုံးပါးသွားကြောင်း၊ ကိုဝဏ္ဏ အိမ်ကိုသွားခဲ့ကြောင်း၊ သတင်း ပေးပါသည်။ ဟုတ်လားဆိုတာ ကျွန်တော်စိတ်မကောင်း ဖြစ်သွား၏။
ဆရာမောင်ဝဏ္ဏမှာ ကျွန်တော် ကင်ဆာရောဂါ မဖြစ်ခင်ကတည်းက ကင်ဆာရောဂါ၏ တိုက်ခိုက်ခြင်းကို ခံနေရ ကြောင်း ကြားရသည်။
ဆရာမိုးဟိန်းက စက်တင်ဘာလ စတုတ္ထအပတ် ၂၀၁၀မှာ ဆုံးပါးသွားသည်။ ဘာမှ မကြာ သေး။
ယခု ၂၀၁၁၊ ဇန်နဝါရီလ ၁၁ မှာ ဆရာမောင်ဝဏ္ဏ ဆုံးပြန်သည်။ ဆရာမောင်ဝဏ္ဏလည်း အဆုတ် ကင်ဆာ။ ဆရာမိုးဟိန်း က လည်ချောင်းကင်ဆာ။
ဘုရား... ကင်ဆာ က ကျွန်တော်တို့ စာပေအနုပညာနယ်ထဲ ခပ်စိပ်စိပ် ဝင်ရောက်လာနေပါ လား။ ကိုချစ်မောင် လည်း အဆုတ်ကင်ဆာ။ ကျွန်တော့်ရှေ့ကဖြစ်ပြီး ဆေးကုသခံယူခဲ့ သည်။ ကျွန်တော်က အသံအိုး (လည်ချောင်း)ကင်ဆာ ဖြစ်ပြန်သည်။ ယခုမှ ဆေးကုသခံ ယူပြီးစ။ ကျွန်တော်တို့လည်း အခြား သူတွေ နေထိုင်သလို နေထိုင်စားသောက် ခဲ့ခြင်းသာ ရှိသည်။ ဆရာမိုးဟိန်းဆို သက်သက်လွတ် စားလာသည် မှာ အနှစ်၂၀။ နေ့စဉ် ဥပုသ် စောင့်ခဲ့သည်မှာ ၈နှစ် သက်တမ်း။ ဒါတောင် ကင်ဆာ က အလွတ် မပေးခဲ့။
ကျွန်တော့်လို စိတ်လွတ်ကိုယ်လွတ် သောက်စားနေသူဆိုတာက ကင်ဆာတစ္ဆေကောင် အဖို့ လည်ကုတ် ခွစီး ဖို့ လွယ်ကူသွားပါသည်။
ကျွန်တော်အတွေးများက အတိတ်ကာလက မေ့ပျောက်မရသော ဆရာတွေဆီ ရောက် သွားသည်။ ၁၉၈၇-ခုနှစ် က ဆရာဗန်းမော်တင်အောင် အဆုတ်ကင်ဆာနှင့် ကွယ်လွန်လဲ့ သည်။ ၁၉၈၅ ခုနှစ်ကတော့ ကဗျာဆရာ ဆရာဒေါင်းနွယ်ဆွေ လည်း ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့တာ အမှတ်ရနေမိသည်။
ဒီနှစ် ၂၀၁၁ မတ်လ ၂၂ရက်နေ့ဆိုလျှင် ဆရာဒေါင်းနွယ်ဆွေ ကွယ်လွန်ခဲ့တာ ၂၆နှစ် ပြည့် ခဲ့ပြီ။ ဆရာဒေါင်း နှင့် ပတ်သက်လို့ အမှတ်ရစရာတွေက ပြန်ပေါ်လာသည်။
ဆရာဗန်းမော်တင်အောင်ဆုံးတုန်းက ကျွန်တော်ကနယ်မှာ။ ပြီးတော့ ဆရာဗန်းမော်နှင့် ဆုံ ဖူးသော်လည်း ထိုစဉ်က ကျွန်တော်စာပေနယ်ထဲ မရောက်လှသေးသဖြင့် ဆရာဗန်းမော် တင်အောင်နှင့် ရင်းနှီး ကျွမ်းဝင်ခဲ့ခြင်း မရှိခဲ့သေးပါ။ ဆရာဒေါင်းနွယ်ဆွေနှင့်ကတော့........
ဆရာဒေါင်းနွယ် ကွယ်လွန်ပြီး (၃)နှစ်အကြာ ၁၉၈၈ မတ်လထုတ် ပေဖူးလွှာ မဂ္ဂဇင်းမှာ ကျွန်တော် ဆရာဒေါင်း အမှတ်တရ အက်ဆေးတစ်ပုဒ် ရေးခဲ့တာ အမှတ်ရမိသည်။
လောကအိမ်မှာ ငါဝင်၍ရှုပ်
ငါ ဇာတ်ထုပ်တွင် ငါသခင်သာ
ငါ ငါ ငါ ငါ ငါ ဘယ်မှာလဲ
ရှာဖွေဆဲပင်။
လောကအိမ်မှာ ငါလျှင်ကျေးကျွန်
သလွန်ခြေရင်း ဒူးထောက်ရင်းသာ
ငါ ငါ ငါ ငါ ငါဘယ်မှာလဲ
ရှာဖွေဆဲတွင်။
လောကအိမ်မှာ ငါရှိရာမှ ငါ့ကို နုတ်လိုက် ခလုတ်တိုက်ရာ
ပြန်ကြည့်ပါသော် ငါသည် ဘယ်ပျောက်သွားပါလိမ့်။
ဒေါင်းနွယ်ဆွေ
အထက်ပါ ဆရာဒေါင်းကဗျာကို အကြောင်းပြုပြီး ကျွန်တော်ဆရာဒေါင်း အမှတ်တရ စာတစ်ပုဒ် ရေးဖြစ် သွားခြင်း ဖြစ်သည်။ များသောအားဖြင့် စာတစ်ပုဒ်ဖြစ်လို့ လိုက်ရှာဖွေနေ လို့ ရသည်မဟုတ်။ အကြောင်း အားလျော်စွာ တိုက်ဆိုင်မှု တစ်ခုရှိလာပြီး စိတ်လှုပ်ရှားလာ တော့မှ စာတစ်ပုဒ် တသွင်သွင် စီးဆင်း လာတတ်တာ ကဗျာဆရာ၊ စာရေးဆရာများ သိရှိ ပြီးဖြစ်မည်။
အထက်ပါ ဆရာဒေါင်း ကဗျာပုံနှိပ်စာရွက်ကို မြို့ပတ်ရထားပေါ်မှာ စာကလေးခွေ ဝယ်စား ရင်း စာကလေးခွေ ထုပ်ထားသော (ယခုကာလလို ပလက်စတစ်အိတ်ခေတ် မရှိသေး) စက္ကူအိတ်မှာ ထို ကဗျာလေး ပါလာခြင်း ဖြစ်သည်။ ကျွန်တော် စိတ်လှုပ်ရှားသွားပါသည်။
သို့နှင့်ဆရာ ကင်ဆာရောဂါခံစား ဆေးကုသခံယူနေစဉ်ကာလတွေကို ကျွန်တော့်အတွေ့ အကြုံ ခံစားမှု တွေ ရေးဖြစ်သွားသည်။
ဆရာဒေါင်း ကင်ဆာဆောင်တွင် တက်ရောက်ကုသနေစဉ်က ကျွန်တော် ကြိမ်ဖန်များစွာ ရောက် သွားခဲ့သည်။ ထိုစဉ်က တိုက်တိုက်ဆိုင်ဆိုင်ပင် ဆရာဆေးရုံမတက်မီ ရက် ပိုင်းလောက်မှာ ကျွန်တော့် မိခင်ကြီးသည် မတော်တဆချော်လဲကာ ပေါင်ကျိုးသွားသဖြင့် ဆေးရုံကြီး ၅/၆ အမျိုးသမီးဆောင်သို့ တက်ရောက် ဆေးကုသ နေသည်။
ရက်ပိုင်းအတွင်း ဆရာကင်ဆာဆောင် သို့ ရောက်လာသည်ကို သိရသောအခါ ကျွန်တော် သည် ရက်ခြား ဆိုသလို မိခင်ကြီး ဆီရောက်တိုင်း ဆရာ့ဆီကိုလည်း ရောက်ရောက်သွား တက်သည်။
အစောပိုင်းရက်များတွင် ဆရာသည် ထူထူထောင်ထောင် ရှိနေခဲ့သေးသည်။ အကူမပါဘဲ အိမ်သာသို့ သွားနိုင် နေသေးသည်။ ရောက်စရက်ပိုင်းမှာပင် ဓာတ်ကင်ခြင်းအကြိမ်ပေါင်း အတော်များခဲ့ပြီဟု ကျွန်တော် ရောက်သွားစဉ် ဆရာ့ဇနီး စာရေးဆရာမကြီး တိုင်းရင်းမေ မမြင့်နွယ်မှ ပြောပြခဲ့သည်။
(ထိုစဉ်က ဓာတ်ရောင်ခြည်ပေးခြင်းကို ဘယ်လိုစနစ်နှင့် လူနာကို ပေးခဲ့သည်လည်း ကျွန်တော် မသိပါ။ ဒီကနေ့ မှာတော့ တစ်ရက်ကို တစ်ကြိမ် မိနစ်အနည်းငယ် ၅ မိနစ်ခန့် တစ်ပတ် ၅ ရက်ပေးကာ ကုသ ပေးသည်။ ဓာတ်ရောင်ခြည်ကင်သည့်ရက်ပေါင်း ၃၀ ရှိ တတ်သည်။)
ဆရာကြည့်ရ သည်မှာ ထူထူထောင်ထောင်ရှိလည်း အသားအရေတို့သည် ဝါဖန့်ဖန့်ဖြစ် နေလျက် ဓာတ်ကင် ထားသော လည်ပင်းတွင် (ပခုံးတစ်လျှောက်ပါ) ညိုမည်းနေတာ တွေ့ ရသည်။ ဆရာက ကျွန်တော့် ကိုပြသဖြင့် ကျွန်တော်ဓာတ်ကင်ထားသော နေရာသို့ မရဲတရဲ ကိုင်ဖိကြည့်ရာ သားရေပြား အမာစား တစ်ချပ် ကဲ့သို့ မာတင်းပူလောင်နေတာကို အ ထိတ်တလန့် ခံစားသိရှိလိုက်သည်။
ထိုစဉ်က ကင်ဆာကောင်ကို နိုင်ဖို့ လက်နက်မရှိဘူးဆိုတာ အယူအဆစွဲနေသော ကျွန် တော့် စိတ်နှလုံးကို အတင်း ဖယ်ရှား ငြင်းဆန်ပြီး ဆရာပြန်ကောင်းလာမှာပါဟု ထင်နေ မိသည်။
"ဆရာ နေသာလား"
ဟု ကျွန်တော် မေးသည်။ ဆရာက...
"ပူတယ်ကွာ" ဟု မျက်နှာရှုံ့မဲ့ကာ ပြန်ပြောလိုက်တာ မှတ်မိနေပါသည်။ ဝေဒနာအရိပ်များ ဆရာ့ မျက်နှာပြင်တွင် ဖြတ်သန်းသွားနေတာ တွေ့ရတာ ကြေကွဲဖွယ်ရာ ကောင်းနေပါ သည်။
တစ်ရက် တွင် ဒေါ်မြင့်နွယ် က ကျွန်တော့ကို ဘီစကွက်မုန့် တချို့ကျွေးပါသည်။ ကျွန်တော် က အားနာ ငြင်းဆန် နေသည့်အခါ ဆရာက "စားပါကွာ၊ ငါလည်း ဒါတွေ စားချင်စိတ် မရှိ ဘူး။ ငါ့မြေးတွေလာရင် ကျွေး နေရတာ" ဟု ပြောလျှင် ကျွန်တော်သည် ဆေးရုံပေါ်မှာ လူနာစာကို ရွံသည်ဟု အထင်မခံ ချင်သည် နှင့် ယူစားလိုက်သည။်
တစ်ခါတော့ ကျွန်တော်သည် ဆရာ့ ကို တွဲကာရေအိမ် လိုက်ပို့ဖြစ်သည်။ ရက်အချို့တွင် နေ့လယ်ပိုင်းမှာ ဆေးရုံရောက်သွားတတ်၏။
ဒေါ်မြင့်နွယ်ရယ်၊ ဆရာဒေါင်းရယ်၊ ကျွန်တော်ရယ် စကားစမြည် ပြောတတ်ကြသည်။ ဒေါ်မြင့်နွယ် သည် ဆရာ့ကို "မောင်"ဟု ခေါ်တတ်သည်။
ဆရာ ဆေးရုံမရောက်မီ သူတို့အိမ် ဝင်ထွက်စဉ်ကလည်း ဒေါ်မြင့်နွယ်က ဆရာ့ကို မောင် ဟုခေါ်တာ ကြားဖူးသည်။ ထိုအခါမျိုးတွင် ကျွန်တော်သည် ဘေးမှနေလျက် ရှက်တက် တက် ဖြစ်နေတတ်သည်။ ဆရာ့ ရင်ထဲမှာတော့ ကြည်နူးချမ်းမြေ့ နေလိမ့်မည်ဟုတော့ တွေးမိ၏။
ဒေါ်မြင့်နွယ် သည် တစ်ခါတော့ ဆရာ့ကို အာလူကက်တလိတ် ကျွေးနေ၏။ ဆရာသည် တစ်ဇွန်းသာ စားနိုင်ပြီး "တော်ပြီ"ဟု ငြင်းဆန်လိုက်သည်။ ဇနီးသည်က ချော့မော့ရင်း နည်းနည်းထပ်စားလိုက်ပါဦး "မောင်"။ အားရှိသွားအောင် ဆေးဒဏ်တွေ ခံနိုင်အောင် ဟု ပြောတာ ကြားရသည်။
ဆရာ က ဆက်မစားတော့ (၁၉၈၀-ခုနှစ်လွန် ကာလက ကင်ဆာရောဂါကို ဆေးသွင်း (ကီမိုသရဖီ)ကုသမှု ရှိခဲ့ သလား၊ ကျွန်တော်မသိပါ။ ကင်ဆာဆေးသွင်း ကုသမှုကတော့ စားချင်သောက်ချင်စိတ် အမှန် တကယ်ပင် ပျောက်ကွယ်ပြီး သွေးပေါင်ကျ ပိန်လှီသွား တတ်သည်။) ထိုစဉ်က ဆရာသည် စားချင်စိတ် တွေ အမှန်တကယ်ပင် ပျောက်ဆုံးနေတာ ကျွန်တော် စိတ်မသက်မသာနှင့် မြင်တွေ့ခဲ့ရသည်။ ဆရာသည် သူ့ မြေးကလေး နှင့် ချော့ မြူကစားနေလေသည်။ ထိုမြင်ကွင်းသည် ကြေကွဲစရာ လှပနေခဲ့၏။
နောက်ဆုံးရက် များ နီးကပ်လာသောအခါ ဆရာ့ကို သီးသန့်အခန်းမှထုတ်ပြီး အောက်ထပ် သို့ ရွှေ့ထား ခဲ့ကြလေသည်။ ထိုရက်များတွင် ဆရာသည် အောက်စီဂျင်ပိုက် တန်းလန်း ဖြင့် မလှမပ အသက်ရှင်နေ၏။ ရန်ကင်းနေ ကဗျာဆရာ အေင်ဇင်မင်း တို့နှင့် ပတ်သက်ပြီး ဆရာနှင့် တွေ့ဆုံခဲ့ဖူးသည်။ သို့တိုင် မရင်းနှီးခဲ့။ ဆရာ ကွယ်လွန်ခါနီး နောက်ဆုံးနှစ်များမှာ မှ ဆရာနှင့် ကျွန်တော် ရင်းနှီးသွားသည်။
ဆရာဆေးရုံ မတက်မီ အစောပိုင်းလများတွင် ဆရာဒေါင်းနှင့် ကျွန်တော်တို့နှစ်ယောက် သည် ရန်ကင်း တိုက်တန်းလျား၏ ဆရာလက်ဖက်ရည်ဆိုင် ရောက်သွားလျှင် ဆရာ့ကို မတ်ခွက်ကြီးနှင့် လက်ဖက်ရည် ခပ်များများ ထည့်ပေးတာ တွေ့ရသည်။ တိုင်ကီဆိုပါ တော့ ထိုစဉ်က ဆရာနှင့်ကျွန်တော်တို့ ဆုံမိလျှင် စာအကြောင်း၊ ကဗျာအကြောင်း၊ စာပေ လောကအကြောင်းများသောအားဖြင့် ပြောဖြစ်ခဲ့ကြသည်။
ဆရာသည် တစ်ခါတစ်ရံတွင် ကျွန်တော် စကားပြောသည်ကို ကြင်နာသိမ်မွေ့သော မျက်ဝန်းများဖြင့် ငေးကြည့် နေတတ်၏။ ထိုရက်များတွင် ကြောက်မက်ဖွယ်ရာ ကင်ဆာ ကောင်သည် ဆရာ့ခန္ဓာကိုယ်တွင်း ဝင်ရောက် ကာ ခြစားသလို တဖြည်းဖြည်း ကိုက်ဖဲ့စား သောက်နေတာ ကျွန်တော်မသိခဲ့။
ထိုစဉ်က ဆရာ ယုံကြည်သော အနုပညာနှင့်ဆရာမ၏ အနုပညာအပေါ် နားလည်သော သဘောထား တချို့ကို ကျွန်တော် ကြားနာခွင့်ရခဲ့ပါသည်။
ဆရာ ဆုံးတော့ ပန်းချီမောင်မောင်သိုက် ၏ ဆရာ့ရုပ်ပုံလက်ရာ နှင့် ဆရာ၏ (၇)ရက်၊ ဖေဖော်ဝါရီလ ၁၉၈၅ ကွယ်လွန်ခါနီး တစ်လသာသာ အလိုတွင် ရေးဖွဲ့ခဲ့သော "ကဗျာ အမွေ စာမသေ" ဆိုသော ကဗျာ နှင့် ပန်းဖလက်ကဒ်ကလေး ဝေခဲ့သည်။ ထိုအရာ နောက် ဆုံးလက်ရာထဲက လက်ရာကဗျာတစ်ပုဒ် ကို ကျွန်တော်ဖတ်ကြည့်မိသည်။ ကြေကွဲစရာပါ ပဲ။
ငါ သေတဲ့အခါ
ဘာအမွေပစ္စည်းများ
ထားခဲ့ပါရ။
အို... လောကတစ်ဝန်းလုံး
သဘောဓမ္မ လွှမ်းဖုံး
မနောမယ ပန်းကုံးကဗျာတွေ သီလို့
သည်းလွှာမြေမဟီ ကျောက်ဂူလုပ်ကာ
မြှုပ်ခဲ့မည်ပ။ ။
ဒေါင်းနွယ်ဆွေ
၇.၂.၈၅
မနက်(၅)နာရီ
ဟု ထိုကဒ်တွင်တွေ့ရသည်။
ဆရာသည် ဝတ္ထုတွေ၊ ဝေဖန်ရေးဆောင်းပါး၊ ကဗျာ သဘောတရားဆောင်းပါးတွေ ရေးခဲ့ သော်လည်း အမှန်စင်စစ် ကဗျာသာအဓိက၊ ကဗျာဆရာဖြစ်သည်။
ဆရာဒေါင်းနွယ်ဆွေကို ပုသိမ်ခရိုင် သာပေါင်းမြို့တွင် ၁၉၃၁ ခုနှစ် (ပို့စ်ကတ်နှင့် အုတ်ဂူ တွင် ၁၉၃၂ ခုနှစ်ဟု ရေးထိုးထားသည်) တွင် မွေးသည်။
အဖ ရာဇ၀တ်ဝန်ထောက် ဦးဘထိန်၊ အမိ ဒေါ်ဖုန်ရိန် တို့မှ မွေးသည်။ အမည်ရင်း မောင်အောင်ဆွေ ၁၉၈၅-ခုနှစ်မှာ ဆုံးပါးသည့်အတွက် ဆရာဆုံးပါးစဉ်က ၅၄ နှစ်သာ ရှိပါသေး သည်။
ယခု ဆရာဒေါင်း အမှတ်တရလေး ရေးမယ်စိတ်ကူးမှ ဆရာသည် အသက်အရွယ်အား ကောင်းတုန်း ကွယ်လွန် ခဲ့ တာကို သိရ၍ အံ့လည်းသြ၊ နှမြောလို့လည်း နေမိသည်။
ကျွန်တော်သည် ကိုဝဏ္ဏ ဆုံးပါးသည်မှ စိတ်လှုပ်ရှားသွားမိကာ အတွေးမျှင်တန်းပြီး ဆရာ့ ဒေါင်းနွယ်ဆွေ အမှတ်တရ ကို ရေးဖြစ်သွားသည်။ ကင်ဆာတစ္ဆေကောင်နှင့် စစ်ခင်းခဲ့ သော ဆရာများ လက်မြောက် အရှုံးပေးခဲ့ ကြရသည်။
ကျွန်တော်တို့ ကိုချစ်မောင် တို့တော့ ဆက်လက်၍ ကင်ဆာနှင့် တိုက်ခိုက်နေကြတုန်း ဖြစ် သည်။
ဆက်ရန်
.
4 comments:
ယခုချိန်ထိလည်း လက်မြောက်နေရဆဲပဲ ရှိနေသေးတယ် ဆိုတာ....မမရေ..စောင့်မျှော်လျှက်ပါလို့..
(နောက်ဆုံးရထား ကဗျာ)
အလှကိုရှာ
ဘယ်မှာမှမတွေ့။
တစ်နေ့ အချိန်တန်တော့
ဆူညံညံ ငိုသံကြားရတယ်
ရထားရွေ့ရွေ့။
(ဒေါင်းနွယ်ဆွေ)
အလှ တွေ့ကြပါစေ
အဲဒီကင်ဆာတစ္တေကတော်တော်ဆွဲအားကောင်းနေတယ်
ချစ်တဲ့
ဒိုးကန်
အင်း..တစ္ဆေခေါ်ရာကို လိုက်လာပါတယ်.. မြန်မြန်သွား :)
Post a Comment