Monday, January 30, 2012

ဆောင်းဝင်းလတ် ၏ ပင်လယ်စာ အမှတ်တရ ညတည

ဆောင်းဝင်းလတ်
ပင်လယ်စာအမှတ်တရ ညတစ်ည

များမကြာသေးမီက စာပေသမား လူရွယ်နှစ်ဦးတို့ ကျွန်တော့်ရှေ့တွင် ထိုင်ကာ လမ်းဘေး လက်ဖက်ရည် ဆိုင်လေးမှ တစ်ဆင့် မိတ်ဆွေတစ်ယောက်ကို မျှော်နေကြသည် မကြာမတင်မှာပင် သူတို့ မျှော်နေသော မိတ်ဆွေ ရောက်လာသည်။ ရန်ကုန်မြို့လယ် တစ်နေရာ၌ တိုက်ခန်းငှားဖို့ကိစ္စ ဆွေးနွေးကြသည်။ သူတို့ မျှော် နေသော သူမှာ တိုက်ခန်းရအောင် ဆက်သွယ်ဆောင်ရွက်ပေးမည့်သူဖြစ်သည်။ တစ်ရက်တွင် အဆိုပါ လူရွယ်နှစ်ဦးအနက်မှ လူရွယ်တစ်ဦးက ကျွန်တော်ထံသို့ ဖုန်းလှမ်းဆက်သည်။

 " ကျွန်တော်တို့ တိုက်ခန်းငှားလို့ရပြီ၊ လာလည်ပါ ဟု ဆိုပါသည်။ ၀မ်းသာမိ၏။ သူတို့က အလုပ် လုပ်ကြ မည့် သူတွေဖြစ်၏။ သူတို့လုပ်မည့် အလုပ်ကလည်း သမ္မာအာဇီဝအလုပ်။ သူတို့ဝါသနာပါလှသော အလုပ်။ မဂ္ဂဇင်းအသစ်တစ်စောင်ကို သူတို့ စီစဉ်ထုတ်ဝေကြတော့မည်။ ရန်ကုန်မြို့လယ်ဆိုတော့လည်း အခန်းငှားခ အရမ်းဈေးကြီးပေလိမ့်မည်။ နေရာထိုင်ခင်းလည်း ကျယ်ဝန်းလိမ့်မည်ဟု မျှော်လင့်ရပါသည်။ မရောက်ဖူး သေးပေ။ တစ်ရက်တော့ဖြင့် သွားလည်ဖြစ်လိမ့်မည် ထင်၏။ သူတို့လိုပင် စာနယ်ဇင်း ထုတ်ဝေသူ တော်တော်များများမှာ နေရာထိုင်ခင်းအတွက် စီစဉ်ရတာ မလွယ်ကူလှပါ။ တချို့ဆိုလျှင် ရရာ တိုက်ခန်း ကျဉ်းကျဉ်းလေးထဲမှာပင် စာနယ်ဇင်း ထုတ်ဝေရေးကို လုပ်ကိုင်နေကြသူတွေလည်း ရှိပါ၏။

အဆင်ပြေသလို အလျဉ်းသင့်သလို ဆောင်ရွက်နေကြရခြင်းသာ။ တချို့ကလည်း တိုက်ပိုင်တိုက်ခန်း ၀ယ်ကာ စာနယ်ဇင်းအလုပ် ကို လုပ်ကြပါသည်။ တချို့ကလည်း ကိုယ်ပိုင် နေအိမ်မှာပင် စီစဉ် ထုတ်ဝေကြသည်။ ကလျာမဂ္ဂဇင်းဆိုလျှင် ကိုယ်ပိုင် ခြံဝင်းကိုယ်ပိုင်တိုက်အိမ်မှာ စီစဉ်ထုတ်ဝေခဲ့သလို၊ ရန်ကုန်မြို့ထဲရှိ တိုက်ခန်းတစ်ခန်းမှာလည်း အယ်ဒီတာအဖွဲ့၏ အလုပ်စားပွဲရှိတာ တွေ့ရပါသည်။ ကျွန်တော် စာတွေ၊ ကဗျာတွေ၊ ဆောင်းပါးတွေ စပြီး ရေးခဲ့စဉ်က ကြုံတွေ့ခဲ့ရသော၊ မဂ္ဂဇင်းတိုက် နှစ်တိုက် မှာမူ ကိုယ်ပိုင်ခြံဝင်း၊ ကိုယ်ပိုင်တိုက်အိမ်ကြီးများဖြင့် ကျယ်ကျယ်ဝန်းဝန်း ရှိပါသည်။ ဆရာကြီး ဦးပြည့်စုံ၊ ဆရာမကြီး ဒေါ်ခင်လတ်တို့ နေထိုင်သော အမှတ်(၃၈)စီ၊ အင်းလျားလမ်း နေအိမ်တွင် သွေးသောက် မဂ္ဂဇင်း ရှိခဲ့ဖူးပါသည်။

စာပေသမား၊ ပန်းချီ၊ ကာတွန်းဆရာများ လာလျှင် ကျယ်ကျယ်ဝန်းဝန်း ဧည့်ခံနိုင်ပါသည်။ နောက်ပိုင်းတွင် သွေးသောက် မဂ္ဂဇင်းအယ်ဒီတာ ရုံးခန်းက၊ (၄၈)လမ်းမှသည် ရန်ကုန်မြို့လယ် ဗိုလ်အောင်ကျော် လမ်း အမှတ် (၃၄၁) မြေညီထပ်သို့ ပြောင်းရွှေ့ရာ ကျွန်တော်တို့လည်း စာမူများ သွားပို့ရပါသည်။ ထိုစဉ်က ရှုမ၀မဂ္ဂဇင်းတိုက် သည်လည်း ရှုမ၀မိသားစုများ နေထိုင်ရာ အမှတ်(၁)၊ ဆင်းဒ၀စ်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းဈေး ခုံးကျော်တံတားကြီးအနီး၊ ခြံကျယ်ဝင်းကျယ်၊ ဆင်ဝင်နှစ်ထပ်အိမ် ကြီးတွင် ရှိခဲ့ ပါသည်။ ကျယ်ဝန်းလှပါ၏။ စာရေးဆရာ၊ ကဗျာဆရာ၊ ပန်းချီ၊ ကာတွန်း အနုပညာရှင်များ ဂီတ၊ သဘင်၊ ရုပ်ရှင် ပညာသည်များအား ရှုမ၀ဧည့်ခန်းဆောင်ကြီးထဲတွင် ဧည့်ခံနိုင်ပါသည်။

ကျွန်တော်တို့ ကတော့ လူငယ်များဖြစ်သဖြင့် ရှုမ၀တိုက်ရှေ့ ဆင်ဝင်အောက်ခုံတန်းလျားလေးမှာသာ ထိုင် ပါသည်။ ရှုမ၀တိုက်သို့ လာသော အနုပညာသည်များအား ရပ်ဝေးမှဖြစ်စေ၊ ရပ်နီးမှဖြစ်စေ ထမင်းစားချိန် နှင့် တိုက်ဆိုင်ပါက တိုက်နောက်ဖက် ထမင်းစားခန်းထဲတွင်၊ အယ်ဒီတာများက ထမင်းလက်စုံအတူ ၀င် စားစေ ပါသည်။ အနုပညာရှင်များကလည်း ကောင်းနိုးရာရာ ဟင်းချက်စရာ ဟင်းလျာများ တစ်ခါတစ်ရံ တွင် ၀ယ်လာကာ၊ ရှုမ၀တိုက်သားများနှင့်အတူ တပျော်တပါး တစ်ယောက်တစ်လက် ၀ိုင်းဝန်း ချက်ပြုတ်စား သောက်ကြပါသည်။ ကွယ်လွန်သူ စွယ်စုံအနုပညာရှင်ကြီး ဆရာဦးဝင်းဦးဆိုလျှင် ရှုမ၀ တိုက်မှ အန်တီ ဒေါ်ကြည်သန်း ၏ လက်ရာ ငါးပိရည်ဖျော်ကို အားပါးတရ နယ်ဖတ်စားတတ်သူ ဖြစ် ပါသည်။

ရှုမ၀ခြံဝင်းမှာ ကျယ်ပြန့်ပြီး၊ အရိပ်ရ ပိတောက်ပင်ကြီးလည်း ရှိပေရာ တပို့တွဲလ ရောက်လျှင် နှစ်စဉ် ထမနဲပွဲ ကို အေးမြသော သစ်ပင်ရိပ်အောက်တွင် ပျော်ရွှင်စွာ ကျင်းပကြပါသည်။ တစ်ခုသော ညတစ်ည တွင် ရှုမ၀ တိုက်သို့ ကျွန်တော် ရောက်သွားရာ မြန်မာ့ပင်လယ်ပြင် ငါးဖမ်းသင်္ဘောမှ ကျွန်တော် ယူ လာသော ပင်လယ် အစားအစာ ကင်းမွန်ရေဘ၀ဲများ ပါလာပါသည်။ ပင်လယ် ကျောက်ပုစွန်ကြီး တွေလည်း ပါလာပါသည်။ ရှုမ၀တိုက်မှ ဆရာသာထွဏ်းဝင်း က ဟင်းချက် ကောင်းပါသည်။

သူချက်သော အမဲသားလုံးကျော်ချက် ကို ကျွန်တော် အလွန်ခံတွင်းတွေ့ပါသည်။ ထိုညက ဆရာသာထွဏ်းဝင်း ကိုယ်တိုင်ပင် ကျွန်တော် ယူလာသော ပင်လယ်စာများကို ဆီပြန်ဟင်း၊ အသုပ်စုံ စသဖြင့် ဖွယ်ဖွယ်ရာရာ စီစဉ်ပါတော့သည်။ ထိုညက ပန်းချိဆရာ ဦးမောင်မောင်သိုက် ကလည်း ရှုမ၀ မဂ္ဂဇင်း အတွက် မျက်နှာဖုံး ပန်းချီပုံကို "၄" ရောင်ခြယ် ရေးဆွဲကာ လာရောက်ပေးသဖြင့် ကျွန်တော်တို့၏ ပင်လယ်စာ ၀ိုင်းကလေးမှာ ပိုမိုစိုပြည်ကာ ကြည်နူးဖွယ် ရာပင်။

သီချင်းတွေလည်း တစ်ယောက် တစ်ပုဒ် အလှည့်ကျဆိုကြသည်။ ဆရာမောင်မောင်သိုက်က တေးသံရှင် ကိုသန်းလှိုင်၏ သီချင်းများထဲမှ တစ်ဆောင်းသစ်ပြန်ပြီကို ပြံးပြုံးလေးပင် သီဆိုသွားပါသည်။ အဆွေးသီချင်း ကို ပြုံးပြုံးလေး သီဆိုသွားပုံကိုက အမှတ်တရပါ။ ကျွန်တော်က ဆရာသာထွဏ်းဝင်း လက်ရာ ပင်လယ်ဟင်းလျာ တချို့ကို သုံးဆင့်ချိုင့်လေး တစ်လုံးလေးနှင့် ထည့်ပါသည်။ အားလုံးကို နှုတ်ဆက် ၍ သင်္ဃန်းကျွန်းဘက်သို့ ထွက်မည့် လော်ရယ်ရထားအမီ ချီတက်ခဲ့ပါသည်။ ကျွန်တော့်မှာ သံယောဇဉ် တစ်ခု ရှိနေ၏။ ကဗျာဆရာ၊ သီချင်းရေးဆရာ ပုသိမ်မောင်စိမ်းသူ က ...
 ဆောင်းကြီး ရေ ... မင်းကတော့ ပင်လယ်ထဲမှာ အနေများတော့ ပင်လယ်စာတွေ တစ်ဝကြီး စားနေရ တာပေါ့ ကွာ၊ အစ်ကိုလည်း တစ်ခါတစ်ခါတော့ ပင်လယ်စာလေးများလည်း စားချင်သား ...  ဟု စကား ဆိုဖူးပါသည်။ လော်ကယ်ရထားမီပါ၏။

ရထားက ခပ်လေးလေး မှန်မှန်ပင် ဘူတာစဉ်ကို ဖြတ်ကျော်ခဲ့သည်။ ဆရာမောင် စိမ်းသူကို ကျွေးချင်၍ ပင်လယ်စာ ဟင်းလျာ ထည့်လာခဲ့သော ချိုင့်လေးကိုသာ မြင်ရလျှင် သူဝမ်းသာပေလိမ့်မည်။ သူက ဘ၀ စုံသည်။ ဈေးလည်း ရောင်းဖူး၏။ ရုပ်ရှင်ဇာတ်ကားများအတွက် နယ်စုံလှည့်ကာ ပြသရသော အော်ပရေတာ လည်း လုပ်ဖူး၏။ ပန်းချီကျောင်းလည်း တက်ဖူး၏။ ကဗျာတွေ လည်း ရေး၏။ ပြည်သူ့ အားမာန် မိုးယံချီ ကဗျာများဖြင့် အမျိုးသား စာပေဆုကိုလည်း ဆရာ ရရှိခဲ့ပါသည်။ ကဗျာရေးသက်လည်း (၁၉၅၉)ခုနှစ်ကတည်းက ဆိုတော့ ကြာပြီပေါ့။ စာနယ်ဇင်းများတွင်လည်း စာပြင်ပရုဖ်ရီဒါအဖြစ် ၀င်လုပ်ခဲ့ သေးပါသည်။ နောက်ပိုင်းမှာတော့ သူရေးဖွဲ့သီသော သီချင်းလေးတွေက စတီရီယိုဂီတလောကမှာ ပေါက် သွား ခဲ့ပါသည်။

သို့သော် ပေးဆပ်ခြင်းသမားလား တော့မသိ။ ဆရာ က နွမ်းပါးလွန်းသည်။ ဆရာ နေထိုင်သော အိမ်သေးသေးလေး မှာ ရန်ကုန် ဆင်ခြေဖုံး နှင်းဆီကုန်းဘူတာအနီး မြက်ပင်ရိုင်း ခရောင်းလမ်း ကြမ်းကြမ်းတွေ ကြားထဲမှာ ... ဆရာ့အိမ်သို့ ဟင်းချိုင့်လေးဆွဲကာ ကျွန်တော် ရောက်သွားတော့ ညက ပို၍ မှောင်စ။ မယ်ဒလင်ကို ကြိုးညှိနေသော ကဗျာဆရာမောင်လွမ်းမြကိုလည်း အစ်ကို မောင်စိမ်းမြက မြိတ်၊ တနင်္လာရီ၊ မော်လမြိုင် ဒေသများနှင့် ရင်းနှီးပြီးသား ပင်လယ် အစားအစာများ နှင့် ရင်းနှီးပြီးသား ကဗျာဆရာ၊ ပြီးတော့ စာနယ်ဇင်း သတင်းထောက်ယူလာသောချိုင့်ကို ဖွင့်လိုက်ပြီး သုံး ယောက်သား စိုစို ပြည်ပြည် ၀ိုင်းကလေး ဖွဲ့ လိုက်ကြသည်။

တော်တော်လေး ကြာတော့ အစ်ကို လွမ်းမြ တစ်ယောက် ကောက်ခါငင်ကာ မယ်ဒလင် လက်ကွက်သံ စမ်းကာ သီချင်းတစ်ပုဒ်ကို အစပျိုးလိုက်ရာ ကျွန်တော် အံ့အားသင့်မိသည်။ စောစောတုန်းက ရှုမ၀ တိုက်မှာ ဆရာမောင်မောင်သိုက် ဆိုခဲ့သော တစ်ဆောင်းသစ်ပြန်ပြီ သီချင်းပါပဲ။ တိုက်ဆိုင်လိုက်တာဟု ရင်ထဲမှာ ထင်မိ၏။ ဒီသီချင်းကလည်း ကိုလွမ်းမြ အကြိုက်ဆုံး သီချင်း။ သို့သော် သူ့ကိုတော့ ကျွန်တော် က အကျပ်မကိုင်သင့်ဘဲ အကျပ်ကိုင်ရတော့မည်။

"ဒီသီချင်းကို အစ်ကို ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ ဒီသီချင်းဆိုတိုင်း အစ်ကိုက ဘယ်လိုဖီလင်တွေ ခံစားချက် တွေအရမ်းတက် တက်သွားလဲတော့ ကျွန်တော်တို့ မသိဘူးပေါ့ဗျာ။ ဒီသီချင်းဆိုပြီဆိုတိုင်း အစ်ကို မျက်ရည် ကျရတာနဲ့ ဘာနဲ့ ဒီညတော့ အစ်ကိုကို တစ်ခုတောင်းဆိုရလိမ့်မယ်"
ကျွန်တော်စကားကြောင့်၊ ကိုလွမ်းမြကြီးမျက်လုံးအ၀ိုင်းသားနှင့် ကျွန်တော့်ကိုလှမ်းကြည့်၏။
"ဟိုး....ညဦးပိုင်းတုန်းက ရှုမ၀တိုက်မှာ ဆရာမောင်မောင်သိုက်လည်း တစ်ဆောင်းသစ်ပြန်ပြီ သီချင်းကို ဆိုပါ သေးတယ်၊ ဒါပေမဲ့ သူကအလွမ်းသီးချင်းကို ခပ်ပြုံးပြုံးလေးပဲ ဆိုသွားတယ်။

 အခုကျွန်တော် တို့ ကို လွမ်းမြကြီးကလည်း ဆရာသိုက်ဆိုသလို မျက်နှာကိုပြုံးပြီး ဆိုပြဗျာ...."
သီချင်းဆိုရင်း ငိုရင်တော့ ကျွန်တော်ယူလာတဲ့ပင်လယ်စာတွေကို၊ အစ်ကိုမောင်စိမ်းသူ နဲ့ ကျွန်တော်နှစ် ယောက်တည်း ပဲ စားပစ်လိုက်ကြတော့မယ်..... ဟု အကျပ်ကိုင်ရ၏။ သူ့မျက်နှာတွေဝေသွားပြီးမှ၊ ပြူံးစစ ဖြင့် "ရပါတယ်......ဆောင်းကြီးရာ........ ပင်လယ်စာ မစားရဘူးလို့တော့ ကိုယ့်ကို ၀မ်နင်မပေးပါနဲ့..... ကဲ... ကဲ... ဒီမှာကြည့်...ကိုယ့်မျက်နှာကို ကြည့်ကြဟုဆိုကာ၊ မယ်ဒလင်တီးရင်း တစ်ဆောင်း သစ်ပြန် လေတော့ သည်။ သီချင်းဆုံးတော့၊ အားလုံးဝိုင်းကာလက်ခုပ် သြဘာတီးလိုက်ရပါသည်။ သူ့မျက်နှာကြီး က အားတင်းပြီး ပြုံးဖြီးဖြီးကြီးပေကိုး။

သြော်...ခုတော့.. ဆရာမောင်စိမ်းသူ၊ ဆရာမောင်မောင်သိုက် တို့ မရှိရှာကြတော့ပါပြီ။ အစ်ကိုမောင်လွမ်း သိုက် တို့မရှိရှာကြတော့ပါပြီ။ အစ်ကိုမောင်လွမ်းမြ ခေါ် ဦးမြင့်ဆွေ နှင့်လည်း ပြန်မတွေ့တာ ကာလ ကြာပြီ၊ ကျမ်းမာပါလေစ။ သတိရလိုက်တာဟုသာ ပြောလိုက်ချင်ပါသည်။

ဆောင်းဝင်းလတ်
JOKE MAGAZINE (JANUARY 2012)
.

5 comments:

ချစ်စံအိမ် said...

ရေးတတ်လိုက်တာအားကျတယ်ကွယ်

မဒမ်ကိုး said...

မကြီးရေ ပိုစ့်တွေကဖတ်တိုင်း အောက်ကိုအရင်ဆုံးပြေးဆင်းတယ် တော်တော်ပြန်တက်ရတယ်း(((((

ချစ်တဲ့

မဒိုးကန်

စံပယ်ချို said...

စိတ်ဝင်းစားပြီးဖတ်ကောင်းတဲ့ပိုစ်လေးကို မျှဝေပေးတဲ့ အမရွှေစင် စာတွေအများကြီးတင်နိုင်ပါစေ
စိတ်ချမ်းသာလို့ကိုယ်ကျန်းမာပါစေ
ချစ်တဲ့ညီမ

Anonymous said...

ညီမ ဒိုးကန် နဲ့ စာဖတ်သူများ

ကျနော့် ဘလော့လည်း ဘယ်လိုဖြစ်နေလဲ မသိဘူး ဒီမှာဖွင့်တာတော့ မဖြစ်ဘူး ကျနော် မေးကြည့်အုန်းမယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဘိုဖြူ said...

ဆောင်းဝင်းလတ်ကိုကြိုက်လို့စိတ်ဝင်စားစွာဖတ်ခဲ့ပါတယ်ဗျာ
ဖတ်ရတာ အဆင်ပြေပါတယ်အမရွှေစင်