ထို လူများသည် တားမရ။ ဒေါသုတကြီးနှင့် ကျွန်တော်တို့ဆီ ရောက်လာပြီဖြစ်သော ကိုပွေးထူ အား ဓားနှင့်ခုတ်၊ တုတ်နှင့်ရိုက်ကြလေသည်။
တယ်ဇယ်ရဲလက်ရဲ ရှိသည့်လူတွေ။ သို့သော် လျှပ်တစ်ပြက် အတွင်းမှာ ဓားက ဖိုးတင့်ဆွေ လက်ထဲ၊ တုတ်က ကျွန်တော့်လက်ထဲ ရောက်နေလေပြီ။ ကျွန်တော်တို့က သူတို့လက်ကောက်ဝတ် ဖမ်းညှစ်၊ လက်မောင်းဆွဲလိမ်ပြီး တုတ်နှင့်ဓားကို ယူလိုက်ကြခြင်းဖြစ်၏။
ဒါလောက်က ဆရာကြီးဗိုလ်လောရှည်သင်ပေးခဲ့သော သိုင်းပညာ၏ ကကြီးခကွေးပဲ။
သိုင်းတစ်ကွက် ပြလိုက်မည်။
စာရှုသူမှတ်ထားပါ။ လူတစ်ယောက် ဓားနှင့်ခုတ်၊ သို့မဟုတ် တုတ်နှင့်ရိုက်တော့မည်ဆိုလျှင် ရန်သူ၏ ခေါင်းကို ငယ်ထိပ်တည့်တည့် ချိန်မှာပဲ မဟုတ်လား။ သည်လို အန္တရာယ်မျိုး မိတ်ဆွေ ကြုံပြီ ဆိုပါစို့။ ထိုလူနှင့် မျက်နှာချင်းဆိုင် မတ်မတ်ရပ်လိုက်ပါ။ ခြေနှစ်ဖက်ကို တစ်ပေလောက်ခွာ၍ ခပ်ကားကားလေး နေပါ။ ထိုလူ ဘယ်အားလား၊ ညာအားလား ကြည့်။
အို.. များသောအားဖြင့် ညာအားတွေချည်းပါပဲလေ။ မိတ်ဆွေသည် ရန်သူလာရာ အရှေ့ဘက် သို့ မျက်နှာမူ ၍ ရပ်နေမည်ဆိုပါအံ့။
ထိုလူ့ဓားချက် ခုတ်ချလိုက်သည်နှင့် တစ်ပြိုင်တည်းမှာပဲ မိတ်ဆွေမျက်နှာက တောင်ဘက်မူလျက် ဖြစ်သွား ရန် ညာခြေသို့ နောက်သို့ တစ်လှမ်းဆုတ်လိုက်ပါ။ ထိုအခါ သူ့ဓားချက်ကျလာတာနဲ့ မိတ်ဆွေမျက်နှာ ခြောက်လက်မလောက် ကွာနေပြီ။ သည်တစ်ချိန်တည်းမှာ မိတ်ဆွေညာလက်က ကိုယ့်ရှေ့ စိုက်ကျလာသော သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်ပြီး ဖြစ်နေရမည်။ ဘယ်လက်ဝါးစောင်းကမူုသူ့လက်ဆစ်ရိုး ကို ရိုက်ချိုးလိုချိုး၊ သို့မဟုတ် သင်းမှောက်သွားစေလိုလျှင် အားလွန်လာသော သူ့ဇတ်ပိုးကို ခုတ်ချ လိုက်ပေါ့။ သည်လိုမှ သူ့အသားမနာစေချင်ဘူးဆိုလည်း ခုန ကျွန်တော်တို့ လုပ်သလိုပဲ ညာလက် က သူ့လက်ကောက်ဝတ် လိမ်ညှစ်ပြီး ဘယ်လက်က သူ့ကလထဲက ပစ္စည်းယူလိုက်တာပေါ့။
ဖော်ပြပါ ရန်ပွဲတွင် သည်နည်းနှင့် သူတို့ လက်နက် ကျွန်တော်တို့ လက်ထဲ ရောက်လာသော အခါ ဓားနှင့် ခုတ်သူ က ကျွန်တော့်မျက်နှာမြင်တော့ "ဟာ.. ကိုသော်တာပါလား..."
"ဟုတ်တယ် ကိုစံရ ထိုင်ပြီး တစ်ခွက်တစ်ဖလားစီ မော့လိုက်ကြပါဦး"
ဖိုးတင်ဆွေ က အရက်ငှဲ့ပေးလိုက်သည်။
ကိုစံရမှာ ထောက်ကြံ့နှင့် မှော်ဘီအကြားရှိ ဆပ်သွားတောရွာမှ ကျွန်တော့်လိုပဲ ကြက်သမား၊ ကြက်ဒိုင် လုပ်သူဖြစ်ပါသည်။ ကျွန်တော့်ဝိုင်းလည်းသူလာဖူး၍ သူ့ဝိုင်းလည်းကျွန်တော် ရောက်ဖူးသဖြင့် လူချင်း ရင်းနှီးလှသော ကစားဖော်ကစားဖက် ဖြစ်ပါသည်။ ကြက်သမားတို့မည်သည် လူရိုးလူညံ့ များ မဟုတ် ကြချေ။ မဟုတ်မခံ ဆတ်ဆတ်ကြဲ များသာ ဖြစ်ကြ၏။
ရာနှင့်ချီ၍ လာကြသောည သည်လိုလူမျိုးများကို ကြက်ဒိုင်လုပ်၍ အုပ်ချုပ်ရသည်များ တော်ရုံတန်ရုံ လူစား မဟုတ်။ ကိုစံရသည် ထောင်လည်းကျဖူး၏။ ခုတ်ရဲထစ်ရဲသူလည်းဖြစ်၏။
ထိုကြောင့် ကိုပွေးထူ သည် ဖိုးတင်ဆွေ ကျောနားကပ်၍ ဖိန့်ဖိန့်တုန်နေ၏။ ကိုစံရ တို့နှစ်ယောက် ကျွန်တော် တို့ စားပွဲတွင် ၀င်ထိုင်၍ အရက်ခွက်ကိုယ်စီကိုင် ကြသောအခါ ကျွန်တော်တို့က သုတို့ လက်နက်များ ပြန်ပေးလိုက်ပြီး ကျွန်တော်က....
" ကိုစံရ နဲ့ ဒီလူနဲ့ ဘာဖြစ်ကြတာလဲ၊ အဲဒီကိစ္စ ပြောနိုင်မယ်ဆိုရင်"
"ဟာ.. ဘာမပြောနိုင်စရာရှိလဲ ကိုသော်တာရယ်၊ ခင်ဗျားလဲ ကြက်ဒိုင်လုပ်နေတာပဲ၊ ကျွန်တော်လဲ ကြက်ဒိုင်လုပ်နေတာပဲ၊ ကျွန်တော့်ဝိုင်းမှာ ဒီကောင် တစ်ရာနဲ့တစ်ဆယ် အထက်ကြေးက ငါးဆိုင်းစာပြီး သူလောင်းတဲ့ ကြက်လဲ ရှုံးသွားရာ ပေးစရာ တစ်ပြားမှမရှိဘူး၊ ဒီတော့ ကျွန်တော်က သူ့ကို ငွေငါးရာစိုက် ရှင်း လိုက်ရတယ်၊ အဲဒါနက်ဖြန် လာပေးပါ့မယ် ပြောသွားတာ၊ အခု တစ်လလောက် ရှိသွားပြီ၊ ကျွန်တော် လူလွှတ် တောင်းတာလဲ သုံးခါရှိပြီ၊ အတွေ့မခံဘူး ရှောင်နေတယ်၊ အခု မှော်ဘီဈေးထဲ တွေ့လိုက်ပြီး သူ လစ်ထွက် တာမြင်တော့ ကျွန်တော် ဒေါသမချုပ်တည်းနိုင် တော့ဘူးဗျာ"
ဤနေရာ၌ စာဖတ်သူ နားလည်အောင်း ရှင်းရလျှင် ကြက်ဝိုင်းတို့ မည်သည် တစ်ဖက်ကြက်က သာ လာပြီဆိုလျှင် သာတဲ့ဘက်မှ မစိတ်ကဲ၊ တစ်လေးခွဲ၊ နှစ်လေးတစ်ရာနဲ့ လေးဆယ်၊ သုံးဆယ်၊ နှစ်ဆယ်၊ တစ်ဆယ် စသည်ဖြင့် ကြေးကျောပေး ကစားကြကုန်သည်။ ကိုစံရပြောသော ပွဲတွင် ကိုပွေးထူက တစ်ရာ နှင့် တစ်ဆယ်ကို ငါးဆိုင်း၅၀၀ိနှင့် ၅၀ိ ကစားလိုက်လေသည်။
သည်လောက်ထိ ငွေကြေးကွာတယ်ဆိုတော့ တစ်ဖက်ကကြက်မျှော်လင့်ချက် မရှိသ လောက် ပင်။ သို့သော် ကြက်ပွဲတို့မည်သည်မှာ ကိုယ့်အိတ်ထဲ ငွေရောက်မှသာ စိတ်ချရသည်။ "ကြွေတစ်လှည့် ကြက်တစ်ခုန်၊ ကြက်ကန်းခွပ်လို့ ပွဲကျွတ်အောင် နိုင်သေးသပ" ဆိုတာတွေ ရှိတယ် မဟုတ်လား။ တစ်ခါ တစ်ရံ အောင်ကြေးက တက်နိုင်တတ်သည်။ သေချာသည့် အလုပ်မဟုတ်၍ ကိုယ့်အိတ်ထဲ ပိုက်ဆံ မရှိဘဲနှင့် တစ်ဖက်ကြက် ပုံလဲနေတာတောင် မလောင်းအပ်ပေ။
ဒါကို ကိုပွေးထူက ကျူးလွန်မိ လျက် ၀ိုင်းပြီးမှ ပိုက်ဆံမရှိတော့ဘူး ဆိုတော့ လောင်းကစားစာရင်းကိုင်သူ ဒိုင်၏ တာဝန်ကျလေ၍ နက်ဖြန်ခါ လာပေးပါ့မယ်ဆိုသော အာမခံနှင့် ကိုစံရက စိုက်ရှင်းလိုက်ရသည်။ ယခု တစ်လကြာမျှ မရသဖြင့် ခုတ်ရဲထစ်ရဲရှိသော ကိုစံရသည်...
"ကျွန်တော်နှင့် တွေ့ပေလို့ပေါ့ ကိုစံရရယ်၊ နို့မဟုတ်ရင် ခုအချိန်မှာ ကိုပွေးထူက ဆေးရုံ ရောက်သွားပြီ၊ ဒီပြဿနာ ဒီလိုရှင်းလို့ ဘယ်ဖြစ်မလဲ ကိုစံရရယ်၊ မြွေမသေတုတ်မကျိုးဆိုတာမျိုး လုပ်မှပေါ့"
သည်တော့ မှ ကိုစံရ သည် အရက်ခွက်ကို စားပွဲပေါ် ဆောင့်ချလိုက်ပြီး ကိုပွေးထူအား...
"ဟေ့... မင်းမသေချင်ရင် ငါ့ငွေဘယ်တော့ပေးမလဲ"
ကိုပွေးထူမှာ တုန်ယင်သောအသံဖြင့်...
"တစ်ပတ် အတွင်း ရပါစေမယ်"
"မင်း.. ဘယ်က ရပေါက်ရှိလို့လဲ"
"ကျွန်တော့် မိန်းမကြီး တောင်ပြုန်းပွဲ သွားနေတုန်း ဟောဒီ မှော်ဘီက ကိုအိလုံ ကို သုံးထောင်နဲ့ ကျွန်တော့်ခြံ တစ်ဝက်ခွဲ ရောင်းဖို့ ပြောထားပါတယ်၊ အခု ၀ါခေါင်လဆန်း သုံးရက် ရှိပြီပဲ၊ နက်ဖြန် သန်ဘက်ဆို သူတို့နတ်ကတော် တွေ သွားကြတော့မှာပါ"
ဤတွင် ကျွန်တော်တို့ စားပွဲ အနီးတွင် လာနေသော "ငါ့ဆိုင်ထဲ လူမစတ်နဲ့" ဟု အော်ခဲ့သော ဆိုင်ရှင် တရုတ်ကြီးက..

..အေး မင်္ဂလာဒုံမှာ ခြံဝယ်မယ် ဆိုတာ အိလုံ ငါ့ကိုပြောလယ် ဟူ၍ ထောက်ခံ ပြောလေသည်...
"အေး.. မင်းစကားအတိုင်း တည်ရင်တည်ပေါ့ကွာ၊ ဒီခုနစ်ရက် အတွင်း မရဘူးဆိုရင်ဖြင့် ဟောဒီမှာ ကြည့်ထားဓား၊ မင်းအသက် ဖက်နဲ့ ထုပ်ထားပေရော့" ဆိုပြီး ထိုင်းရာမှထ၍"သွားမယ် ကိုသော်တာ" ဟု ကျွန်တော့်ကို နှုတ်ဆက်ထွက်ခွာသွားကြလေ၏။
" ခီဗျားတို့နှစ်ယောက် သိပ်တော်တယ်ဗျ၊ နို့မဟုတ်ရင် ၀ဆိုင်ထဲမှာ လူစက်မှုဖြစ်ပြီး ၀ဒုက္ခရောက်ပြီ၊ ဒီ စံရ ဆိုတဲ့ကောင်က လူမိုက်ကွ၊ လူစတ်ရဲတဲ့ကောင်"
ကျွန်တော်တို့ စားသောက်ပြီး ကာပေါ်ရောက်ကြသောအခါ (၁၁) နာရီကျော်နေပြီ။ မှော်ဘီကြက်ခြံသို့ သုံးမိုင် မျှ သွားရသေးသည်။ ရောက်သောအခါ ဖိုးတင်ဆွေသည် ကြက်များမွေးမြူ ပုံကို လျှောက်ကြည့် နေသေးသည်။ သူနှင့်ကပ်၍ အချိန်မဖြုန်း ဖို့ တတို့တို့လုပ်နေရတာက ကျွန်တော်။
ထို့ငနောက ကြက်ခြံမှူးနှင့် ကြက်အရောင်းအ၀ယ် စကားပြောကြ၏။ အကောင်ငယ် အမွေးစုံ၊ အထီးက ငါးကျပ်၊ အမက တစ်ဆယ်ကျပ်။ ကိုယ်လိုချင်သော ကြက်အရေးအတွက်ကို ပြော၍ ငွေပေးဖမ်းယူပြီး ကားပေါ်တင်လိုက်ရုံသာ ရှိတော့သည်မဟုတ်တုံလော။
ဖိုးတင်ဆွေကား မဟုတ်သေး။ သူ့ထုံးစံအတိုင်း သူ၏ နာမည်နေရပ်ကို ပြောသည်။ ကြက်ခြံမှူး၏ ဇာတိဌာန ကို မေးသည်။ (ဟာ... ဒါဖြင့် အဲဒီက ဘယ်သူဘယ်ဝါ သိမှာပဲ) ကစပြီး နှစ်ယောက်သား သူတို့ ကြက်အရောင်းအ၀ယ်ကိစ္စဖြတ်ကားဟိုအကြောင်း သည်အကြောင်းတွေ အီစလံဝေအောင် ပြောနေကြချေ တော့ဗျာ။ နှစ်ယောက်စလုံး လေကြောသန်တဲ့လူတွေ၊ တွေ့မှ တွေ့တတ်ပလေ။
ကျွန်တော် ကား နားထောင်မနေတော့ဘဲ နာရီကိုပြ၍ ဟိုလူမမြင်အောင် သူ့ဘေးလက်သီးနှင့် တစ်ချက် ဆောင့်ပြီး ကြက်ခြံ မှူးအလုပ်ခန်းထဲက ထွက်ခဲ့ကာ ကားပေါ်တက်ထိုင် နေလိုက်တော့ သည်။
ဒရိုင်ဘာ နှင့် ကံကောင်းလို့ မသေသော သံချောင်းတို့အဖေ ကိုပွေးထူကား ကားပေါ် ငုတ်တုတ်ပဲ။ ကြက်ခြံ တွေ လျှောက်ကြည့်နေသော ကျွန်တော့်သားငယ်နှစ်ကောင်က ကျွန်တော့် မြင်တော့ ကားဆီပြန်လာကြသည်။
ဖိုးတင်ဆွေကား တော်တော် နှင့် ထွက်ပေါ်မလာသေး။ အမယ်လေးလာမယ့်လာတော့ဗျား... အူယား ဖားယား ပြေးထွက်လာတဲ့ပြီး...
"ဟေ့... ဖိုးကြင်ဆွေ... ဖိုးကြင်ဆွေ"
"ဘာတုံး... နင်စကားများလို့ ဟိုက ရိုက်လွှတ်လိုက်ပြီလား"
"မဟုတ်ပါဘူး၊ ကိုယ့်လူ ပိုက်ဆံဘယ်လောက်ပါခဲ့သလဲ"
"ရော့.. နှစ်ဆယ်ပဲရှိတယ်၊ ဘယ်လောက် လိုနေလို့လဲ"
ကျွန်တော့်အမေး မဖြေ။ ကျွန်တော့်ဆီက ငွေတွေယူပြိး ဒရိုင်ဘာကို မေးပြန်၍ ထိုလူက တစ်ဆယ် ပေးပြန်သည်။ နောက် ကိုပွေးထူဆီ မေးပြန်ပြီးမှ သူ့ဟာသူသတိရ၍...
"ဟာ .. ခင်ဗျားတော့ ရှိမှာ မဟုတ်ပါဘူး"
ဤနေရာ၌ သူ့ဟာသူ ထောက်ကြံ့သွား၍ ကိုမျောက်ကြီးထံမှ ငွေချေးမည်ကို သည်ငွေတစ်ရာ ဖိုးတင်ဆွေ က ပေးပါမည်ဟု မှော်ဘီခေါ်ခဲ့သဖြင့် မှော်ဘီဈေးထဲမှ အပြေးကောင်း၍ အလောင်းမဖြစ်ခဲ့သော ကိုပွေးထူ သည် ယခုဖိုးတင်ဆွေက ကျွန်တော်တို့ဆီမှပင် ငွေတစ်ဆယ် နှစ်ဆယ်တောင်းနေသည်ကို မြင်ရတော့ လွန်စွာ စိတ်ပျက်အားငယ်သွားတော့၏။
ကျွန်တော်လည်း ဖိုးတင်ဆွေအဖြစ်ကို နားမလည်နိုင်ဘဲ...
"မင်းဟာ ဘာဖြစ်တာတုံး"
ဖိုးတင်ဆွေ မျက်နှာပြုံးကျဲကျဲ ဖြစ်သွားကာ...
"ဟီးဟီး... ကိုယ် ဖိုးကြင်ဆွေအိမ်မှာ ပိုက်ဆံအိတ်မေ့ကျန်ခဲ့လို့ကွ"
ယင်းမှ ကျွန်တော့်အိမ် အကျီင်္ချိတ်တွင် ချိတ်ထားသော သူ၏ သားရေအိတ်ပြားကြီးကို ကျွန်တော့်မျက်စိထဲ မြင်ယောင်လာပါတော့သည်။
"အင်... ဒါဖြင့် မြန်မြန်လုပ်၊ ကဲ.. ကလေးတွေ လိုက်သွားကြစမ်း၊ ကြက် မြန်မြန် ဆွဲတင်ခဲ့"
သူ့ရှပ်ကကျီင်္ အိတ်ထဲ ကျန်သေးသော ရှိစုမဲ့စု အနုတ်တစ်ဆယ် လောက်နှင့် ငွေလေးဆယ် လောက်စုပေါင်း၍...
''နမူနာ မွေးကြည့်ရအောင် ရသမျှပဲ ဝယ်သွားမယ်လို့''
''အေး.... ဒါဖြင့် မြန်မြန်လုပ်၊ ကဲ... ကလေးတွေ လိုက်သွားကြစမ်း၊ ကြက် မြန်မြန်ဆွဲတင်ခဲ့''
သူ ကြက်မွေးမြူရေးဌာနမှူးအခန်းထဲ ဝင်သွားတော့ ကျွန်တော်က ဒရိုင်ဘာအား...
''အပြန်ကျ ကားကို ခင်ဗျားမောင်းနော်၊ သူ့ မမောင်းခိုင်းနဲ့ လမ်းမှာ သူ့အသိမိတ်ဆွေတွေနဲ့ တွေ့ရင် ခရီးက ဖင့်နေဦးမယ်၊ အဲ... ကိုပွေးထူလဲ ထောက်ကြံ့ရောက်ရင် ခင်ဗျားဟာခင်ဗျား ကိုမျောက် ကြီးဆီသာ သွားပေရော့၊ သူ့ဆီက မျှော်လင့်မနေနဲ့တော့''
ကိုပွေးထူ မှာ ကြောက်ရွံ့တုန်လှုပ်နေတုန်းပဲဖြစ်၍ တုန်တုန်ယင်ယင် အသံနှင့်..
''ဟုတ်ကဲ့ပါ ခင်ဗျ''
ဒရိုင်ဘာလည်း ကျွန်တော်ပြောသည်ကို သဘောပေါက်ကာ ကားမောင်းသည့်နေရာ သွား ထိုင်၍ လက်ကိုင်ဘီး ကိုင်ထားလိုက်တော့၏။
ယင်းသို့ဖြင့် ကြက်အကောင်တစ်ရာလောက် ဝယ်ရန်လာခဲ့သော ဖိုးတင်ဆွေသည် ဝှိုက်လိပ် ဟွန်းခေါ် ကြက်အဖြူမျိုး အထီးနှစ်ကောင်၊ အမလေးသုံးကောင်၊ ပေါင်းငါးကောင်နှင့် ပြန်လာခဲ့ရတော့ ၏။
သူ့အမေ့က ဤမျှနှင့်ကိစ္စပြီးပြီး ထင်ကြပါသလား၊ နိုး... ထောက်ကြံ့ရောက်သောအခါ ကျွန်တော် မှာထားသည့် အတိုင်း ဒရိုင်ဘာက ကားကိုရပ်လိုက်တော့ ကိုပွေးထူ ခပ်သုတ်သုတ်ဆင်းရာ ဖိုးတင်ဆွေ က..
''ဟာ...ကိုပွေးထူ နေခဲ့တော့မလို့လား၊ လိုက်ခဲ့ပါ။ ဟိုမှာ ကျွန်တော့်ငွေရှိပါတယ်''
ကိုပွေးထူသည် တစ်ခါသေခါနီးခဲ့ပြီပို့ ပျဉ်းဈေးမေးခဲ့ပြီးဖြစ်နေရာ-
''နေပါစေ ခင်ဗျ၊ နေပါစေခင်ဗျ''
ဒရိုင်ဘာကလည်း ဖိုးတင်ဆွေကို ဆင်းချိန်မရအောင် ကားကိုအမြန်မောင်းခဲ့တော့၏။ ရွှေညောင်ပင် ရောက်သော အခါ နတ်ကွန်းရှေ့ရပ်၏။ အကြောင်းမှာ အလာတုန်းက ဖိုးတင်ဆွေမောင်း သဖြင့် မပြောသာ ၍ ကားသမား တို့ထုံးစံ ရွှေညောင်ပင်ကို ဦးမခိုက်ခဲ့ရ။ ယခု အပြန်ကျမှ ဝင်ရသည်။ ဒရိုင်ဘာ ထိုကိစ္စ ပြုနေစဉ် ကျွန်တော်တို့သည် အပေါ့သွားရန် ကျောဘက်က တောထဲဝင်ခဲ့ကြ၏။ ကား လမ်းဘေး၌ ပြောင်းဖူးဆိုင် များရှိနေ၍ ..
''ဟေ့... ဖိုးကြင်ဆွေ.. ကိုယ်တို့ ပြောင်းဖူးဝယ်သွားရအောင်''
ကိုယ် အလာကတည်းက အပြန်မှာ ဝယ်သွားမယ်လို့ စိတ်ကူးထားတာပဲကွ၊ ဒါပေမယ့် အခု ဘယ်မှာလဲ ပိုက်ဆံ၊ ဘယ်သူ့ရှိတော့လို့တုံး၊ မောင်ရင်လုပ်ပုံနဲ့''
ယင်း၌ သူ့မျက်နှာ ပျော့အိအိ ပြုံးဖြဲဖြဲကြီးနှင့်...
''ဖိုးကြင်ဆွေ ကိုယ့်မဆူနဲ့နော်၊ ပိုက်ဆံမေ့ခဲ့တာ မဟုတ်ဘူးကွ၊ ညအိပ်ရာဝင်ကတည်းက အတွင်းခံ ဘောင်းဘီအိတ်ထဲ ထည့်ထားတာ၊ ခုနအပေါ့သွားတော့မှ စမ်းမိတယ်'' ဆိုပြီး သူ့ဘောင်းဘီ အိတ်ထဲမှ ရာတန် ဆယ့်လေးငါးရွက် ဆွဲထုတ်လိုက်၏။ ကျွန်တော်က ညည်းညည်းညူညူပင်...
''အင်း... ဖြစ်ရမယ်ကွာ ဖိုးတင်ဆွေ၊ ဒါပေမယ့် ကြက်ခြံတော့ မပြန်ပါနဲ့တော့နော်၊ နှစ်နာရီထိုး တော့မယ်၊ ဘုရားစူး ကိုယ့်မှာ အချိန်မရှိတော့ဘူး''
''မပြန်တော့ပါဘူးကွာ ဒီကြက်မျိုးတွေ ကိုယ်တို့ဆီက အနေအထားနဲ့ မသင့်လျော်လို့ ဝယ် မသွားဖြစ်အောင် သမ္မာဒေဝ နတ်ကောင်းနတ်မြတ်များက ဖန်တီးပေးတာ ဖြစ်ရမယ်ကွ''
အင်း ... သူမေ့တာပဲ သမ္မာဒေဝနတ်ကောင်းနတ်မြတ်များကြောင့်တဲ့ဗျ၊ ကြားဖူးကြလား၊ ကြုံဖူး ကြလား မိတ်ဆွေ တို့...
သို့သော် သူဘယ်လိုပဲဖြစ်ဖြစ်၊ ကျွန်တော်တို့အဖို့ ချောက်ကျရမည့်ကိစ္စကတော့ ရှိပါသေး သည်။ သည်ကနေ့ အိမ်လာတဲ့ ဧည့်သည်ပါစားရအောင်၊ အိမ်နီးပါးနီးများလည်း ဝေရအောင် အဲသည် အချိန်က ပြောင်းဖူးတစ်ရာ မှ သုံးကျပ်ဈေးရယ်။
ပြောင်း(၂၀၀) ကားပေါ်တင်နေပြီးခါမှ။ တစ်ဖူးမကျန်...
''ဟဲ့ .. ကလေး တွေ အကုန်ပြန်ချကြတဲ့''
အကြောင်း မှာ သူ့ပိုက်ဆံသည် အားလုံးရာတန်ချည်းဖြစ်နေ၍ ပြောင်းဖူသည်က သူ့ရှိသမျှ အကုန် ဝယ်တောင် ပြန်မအမ်းနိုင်ပါဘူးတဲ့၊ ယင်း၌ ဖိုးတင်ဆွေသည် ကားလက်ကိုင်ဘီးရှေ့ စွေ့ခနဲ ဝင်ထိုင် လိုက်ကာ...
''အားလုံး ကားပေါ်ပြန်တက်ကြ'' ဟု ပြောပြီး...
ကားကို နောက်ပြန်လှည့်၏။ ကျွန်တော်က ''ဘယ်ပြန် ဘာလုပ်ဦးမလို့လဲ''မေးတော့..
''ထောက်ကြံ့ပြန်မယ်၊ ခေါက်ဆွဲဆိုင်မှာ ဘဲကင် တစ်ကောင်ဝယ်ပြီး ရာတန်ဖျက်မယ်၊ နို့ပြီး ကို မျောက်ကြီး အိမ် ဘယ်မှာလဲမေး၊ လိုက်သွားပြီးကိုပွေးထူကို ငွေတစ်ရာပေးမယ်၊ ကိုယ့်ကတိကို မဖျက် နိုင်ဘူးကွ၊ သူ့အဖို့ လဲ ဒီငွေတစ်ရာက သိပ်အရေးကြီးနေတယ်''
မှန်ပါ၏။ ကိုပွေးထူက သည်ငွေတစ်ရာ သူ့မိန်းမ ဒေါ်သဲဝါကို ပြန်ပေးနိုင်ပါမှ၊ ဒေါ်သဲဝါက မန္တလေးတောင်ပြုန်းပွဲတော် သွားနိုင်မည်။ ဒေါ်သဲဝါမရှိခိုက် သူ့ခြံတစ်ဝက်ရောင်းကာ ကိုစံရငွေ ၅၀၀ ကို ဆပ် နိုင်မည်။ နို့မဟုတ်လျှင် ဒေါ်သဲဝါကလည်း ကိုပွေးထူကို နင့်အသက်ဖက်နဲ့ထုပ်ထားတဲ့။ ကိုစံရ ကလည်း သည်တစ်ပတ်အတွင်း သူ့ငွေမရလျှင် ဓားနဲ့ခုတ်သတ်မယ်။ နင့်အသက် ဖက်နဲ့ ထုပ်ထားတဲ့။
ကိုပွေးထူ၏ ယင်းဖက်ထုပ်နှစ်ထုပ်ကို ဖိုးတင်ဆွေ၏ ငွေတစ်ရာကမှ ကယ်နိုင်မည်မို့ ကျွန်တော် ဘာမျှ မပြောတော့ပါ။ နို့ပြီး ကိုမျောက်ကြီးဆိုသည့် နာမည်ကလည်း ထောက်ကြံ့မှာ နှစ်ယောက်ရှိမည် မဟုတ်၍ မေးရ လွယ်ပါလိမ့်မည်။ ထို့ပြင် ကိုမျောက်ကြီးသည် ကာလသားတစ်ယောက် ဖြစ်လိမ့်မည်မို့ အရက်ပါ ရောင်းသော ခေါက်ဆွဲဆိုင် တရုတ်များပင် သိကြပါလိမ့်မည်။
ကျွန်တော့် အတွေးမှန်ပါ၏။ ဖိုးတင်ဆွေက ဘဲကင်တစ်ကောင် ငါးကျပ်နှင့် ဝယ်၍ တရုတ်က ရာတန် အမ်းနေစဉ်၊ ကျွန်တော်က စားပွဲတစ်ခုမှာ ဝက်ခေါက်ကင်နှင့် ချက်အရက်သောက်နေသော အသက် ငါးဆယ် လောက်လူကြီးအား...
''ဦး... ဒီ ထောက်ကြံ့က ကိုမျောက်ကြီးဆိုတဲ့ လူများသိပါသလားခင်ဗျာ''
သူသည် ဖိုးတင်ဆွေ နှင့် ကျွန်တော့်အား လူကဲခတ်ကြည့်၍
(ထိုစဉ်က ကျွန်တော့်တို့အသက်က လေးဆယ်လောက်
''သိပါသဗျား၊ မင်းတို့နဲ့ မျောက်ကြီးနဲ့ အပေါင်းအသင်းလား''
''ကိုမျောက်ကြီး ကို တစ်ခါမှ မမြင်ဖူးပါဘူး၊ မကြားသေးခင်ကမှ သူ့အိမ်ကို သွားမယ်ဆိုတဲ့ မင်္ဂလာဒုံက ကိုပွေးထူ နဲ့ တွေ့ချင်လို့ပါ၊ ကိုမျောက်ကြီးအိမ် ဘယ်မှာလဲ၊ ညွှန်စမ်းပါခင်ဗျာ''
သူသည် ကျွန်တော့်အား စေ့စေ့ကြည့်လျက်...
''မင်းတို့ပုံပန်းက မြို့သား လူရည်သန့်ကလေးတွေပဲ၊ မျောက်ကြီးတို့ပွေးထူတို့ စရိုက်နဲ့တော့ တူမယ် မဟုတ်ပေဘူး''
သူ့စကားအဓိပ္ပာယ် ကျွန်တော်တို့ နားမလည်၍..
''ဘာလို့ ဒီလိုပြောတာလဲခင်ဗျား''
''မျောက်ကြီး တို့က လူကောင်းတွေမှ မဟုတ်တာဘဲ၊ မွန်းတည့်လောက်တုန်းကပဲ မျောက်ကြီးကို ဓားပြမှုနဲ့ ရဲက ဆွဲသွားတယ်၊ အဲ.. နာရီပြန်တစ်ချက်လောက်မှာ ရောက်လာတဲ့ ပွေးထူလဲ အချုပ်ထဲရောက်သွားပြီ၊ အခု မျောက်ကြီးအိမ် မှာ ရဲက စောင့်တုန်းပဲ၊ မင်းတို့က ဓားပြရုပ် မဟုတ်ပေမယ့် သေနတ်ငှားခ လာ တောင်းတယ် ထင်မယ်ဆိုထင်စရာပဲ''
ဟို... အကျိုးနည်း။
ဟုတ်ပါ၏။ အကယ်တန္တု ကိုမျောက်ကြီး၏ဖြစ်အင်ကို မသိ။
ကိုမျောက်ကြီးအိမ်ကို သိသောလူကို မေးမိ၍ ကိုမျောက်ကြီးအိမ် ကျွန်တော်တို့ ရောက်သွားပြီး ရဲနှင့် တွေ့ပြီ ဆိုပါက ထိုဆရာကြီးပြောသည့် အတိုင်းမဖြစ်နိုင်ဟု မဆိုနိုင်ပေ။
တကတည်း ကံကြီးပေလို့။
ထို့ကြောင့် ဤလူကြီးအား..
''ကျေးဇူးတင်ပါတယ်ခင်ဗျာ'' ဟု နှုတ်ဆက်ပြီး ဖိုးတင်ဆွေအား ''လာဟေ့သူငယ်ချင်း၊ မင်းပွေး ထူ ကိစ္စဖြတ်လိုက်တော့''
သို့သော် ဖိုးတင်ဆွေသည် အင်မတန် သံယောဇဉ်ကြီးတတ်သူ ဖြစ်ရကား.. ကားပေါ်ရောက် သော်..
''ဖိုးကြင်ဆွေ ရ၊ ကိုပွေးထူလိုလူက ဓားပြတိုက်ပါ့မလား''
''ဒါ.. ရဲတာဝန် ကိုရင့်အလုပ် မဟုတ်ဘူး''
''ကိုယ်နဲ့ အလုပ်လုပ်တုန်းက အင်မတန် ရိုးတဲ့အေးတဲ့လူကွ''
''အင်း... ကိုယ် ကန်ထရိုက်လုပ်တုန်းကဆိုတော့ ရှစ်နှစ် ကိုးနှစ်လောက်ရှိသွားပြီ''
''အဲဒီအချိန်အတွင်း မှာ ကာလဒေသနဲ့ ပတ်ဝန်းကျင်အခြေအနေအရ ပြောင်းလဲသွားနိုင်တာ ပေါ့ကွ၊ သူ ကြက်ရှုံး ဖဲရှုံးနဲ့ ကြွေးတွေလဲ ထူနေတယ်မဟုတ်လား''
''အင်း.. အင်း''ဟု ဝမ်းခေါင်းသံကြီးနှင့် ဖိုးတင်ဆွေသည် လေးလေးကြီးခေါင်းညိတ်ပြီး..
''ဒီကိစ္စ သူ့ရွာက သူ့မိန်းမကတော့ တို့ဝင်ပြောဦးမှ ကောင်းမယ်ကွ''
''အောင်မယ်လေး.... အောင်မယ်လေး... မလုပ်ပါနဲ့ မလုပ်ပါနဲ့''
ဒရိုင်ဘာ ကလည်း ''အချိန်မရှိတော့ဘူး၊ ညနေ လေးနာရီမှာ သူ့ဆရာကတော်အား ဆေးရုံ လူနာကြည့် ပို့ရဦးမယ်'' ဟု တောင်းပန်ရှာသည်။
ကျွန်တော်ကလည်း...
''ကိုယ့်လူ ဝင်ပြောတော့ကော ဘာထူးဦးမှာလဲကွ၊ အဲဒီမိန်းမကြီးက သူ့လင် အမြင်ကတ်နေ တာ''
သည်တော့မှ ဖိုးတင်ဆွေ ငြိမ်သွား၏။
အကယ်တန္တု ကိုပွေးထူဓားပြမှုထဲ ပါသည်မှန်ခဲ့သော် ဖိုးတင်ဆွေ၏ ငွေတစ်ရာ ပေးစရာမလို ဘဲနှင့် သူ့ အန္တရယ် အသက် ဖက်ထုပ်နှစ်ထုပ် မှ ကင်းလွတ်သွားလေပြီ၊ ထောင်ထဲမှာ အေးချမ်းစွာ နေပေ ရော့။ ကျွန်တော်ကြက်သမား မိတ်ဆွေ ကိုစံရလည်း ဓားခုတ်မှု မဖြစ်တော့ပြီ။
အသို့ဟူမူ ရွှေညောင်ပင်ရောက်၍ ကျွန်တော်တို့ ပြောင်းဖူဝယ်ရန်ကားပေါ်မှ ဆင်းကြသော အခါ ဒေါ်သဲဝါ ကို တွေ့ရသည်၌ ဖိုးတင်ဆွေ၏ မျက်နှာဝမ်းသာသွားလျက်..
''ဟေ့ ဖိုးကြင်ဆွေ၊ အဲဟိုဟာ ကိုပွေးထူ မိန်းမကြီး မဟုတ်လား''
''ဟုတ်ပါ့ဗျာ''
''အဆင်သင့်ပဲ၊ သူ့လင်အကြောင်းတော့ ကိုယ်သွားပြောလိုက်ဦးမှပဲ'' ဆိုပြီး နတ်ကွန်းထဲ ဝင်သွား၏။ ကျွန်တော်တို့ ကတော့ အပြင်ကပဲ သူတို့အရိပ်အခြည် ကြည့်နေလိုက်ပါတော့သည်။
ဒေါ်သဲဝါရှေ့ ရောက်တော့ ဖိုးတင်ဆွေသည် စိတ်မချမ်းသာသော မျက်နှာလေးဖြင့် ဒေါ်သဲဝါ အား..
''စိတ်မကောင်းစရာ ပြောရမှာပဲ ခင်ဗျ'' ဟု စကားစလိုက်ရုံ ရှိသေးသည်။ ဒေါ်သဲဝါက တင်းမာ သော အသံနှင့်..
''ကျုပ်... သိပြီးပါပြီ၊ ကျုပ်က သင်းအရင် မျောက်ကြီးနဲ့တွေ့တာပါ။ မျောက်ကြီးက ညက ကျုပ် တို့ရွာက မသာအိမ် ကို သူလာတောင် မလာဘူးတဲ့။ကျုပ် တောင်ပြုန်းသွားဖို့ ငွေကို သင်းယူဖဲရှုံးပစ် လိုက်လို့ ၊ သင်း အခု မျောက်ကြီးနဲ့အတူ အချုပ်ထဲ ရောက်နေပြီ မဟုတ်လား''
ကဲ... ကျွန်တော် တွေးထင်းခဲ့သည့်အတိုင်းပေါ့။ ဖိုးတင်ဆွေသည် ခေတ္တတွေဝေနေပြီးမှ တစ် စုံတစ်ခုကို ဆုံးဖြတ်ချက် ချလျက်..
''ကိုယ့်လင်သားအပေါ် ဒီလို စိမ်းစိမ်းကားကား မပြောသင့်ပါဘူးဗျာ''
''သြော်.. သင်းလုပ်သွားပုံလဲ ကြည့်ဦးလေ၊ ကျုပ်တောင်ပြုန်းဘယ်လိုလုပ် သွားရတော့မလဲ၊ လူကို ဝလချေး လည်နေပြီ''
ဖိုးတင်ဆွေက ပြုံး၍
''အဲဒါ... သူ သိတတ်ပါတယ်ဗျာ'' ဟု ဆို၍ ဖိုးတင်ဆွေသည် အိတ်ထဲမှ ငွေတွေထုတ်ပြီး ''ဟော ဒီမှာ သူ ညက ဖဲရှုံးပစ်လိုက်တဲ့ ခင်ဗျားငွေတစ်ရာကို ခင်ဗျားတောင်ပြုး ပျော်ပျော်ပါးပါး သွားဖို့ ငွေတစ်ရာ့ ငါးဆယ်ကျပ် တဲ့၊ နို့ပြီး သူအချုပ်ထဲ ဝင်နေတုန်း အစားအစာပို့ဖို့က ငါးဆယ်ကျပ်နဲ့ ငွေနှစ်ရာ၊ ခင်ဗျား ဆီကို ဝင်ပေးခိုင်းလိုက်တယ်ဗျ'' ဟုပြောပြီး ရာတန်နှစ်ရွက် ထုတ်ပေးလိုက်၏။ ဒေါ်သဲဝါမျက် နှာမှာ လွန်စွာ အံ့သြဝမ်းသာလျက်...
''ဟီး..ဟီ ဒီလိုဆိုတော့ ကျုပ်လင်ကလေး က လိမ္မာသားပဲ''
လင်မယား နှစ်ယောက် သင့်မြတ်သွားပြီမို့ ဖိုးတင်ဆွေ ကျေနပ်သွားကာ.. ''ကဲ.. အခု ကျွန်တော်တို့ ပြန်မလို့၊ ခင်ဗျား မင်္ဂလာဒုံပြန်လိုက်မလား''
ဒေါ်သဲဝါ သည် ခေတ္တစဉ်းစားလိုက်ပြီး..
''အခု ငွေရပြီဆိုတော့ မလိုက်သေးဘူး၊ သန်ဘက်ခါ တောင်ပြုန်းသွားဖို့ လိုတဲ့ပစ္စည်းလေးတွေ ထောက်ကြံ့ဈေး ထဲ သွားဝယ်လိုက်ဦးမယ်''
ဖိုးတင်ဆွေ က ''အား.. ဒီလိုဆို ခင်ဗျားမရှိတော့ ကိုပွေးထူအတွက် ဘယ်သူဆောင်ရွက်ပါ့မလဲ''
''ဒီအတွက် မပူပါနဲ့ရှင်၊ အခု ကျုပ် အချုပ်ထဲလိုက်သွားပြီး စီစဉ်လိုက်ပါ့မယ်၊ ထောက်ကြံ့ရဲစခန်းမှာ ကျုပ်တူ ရဲသား တစ်ယောက်ရှိပါတယ်''
ဖိုးတင်ဆွေ မျက်နှာရွှင်လန်းသွားကာ ထွက်ခဲ့၍ ကျွန်တော်တို့ ပြောင်းဖူးများသာမက ကောက် ညှင်းထုပ် များပါ ဝယ်ပြီး ခရီးဆက်ခဲ့ကြလေ၏။
ထိုမှ နောက်ပိုင်း၌ကား ဘာအကြောင်းမျှ မပေါ်တော့၊ ဖြူးဖြူးဖြောင့်ဖြောင့်ပဲ ခရီးဆက်ခဲ့ကြ လေ၏။ ဖိုးတင်ဆွေ နမူနာမွေးကြည့်ဖို့ မှော်ဘီကြက်ခြံမှ ဝယ်ခဲ့သော ဝှိုက်လိပ်ဟွန်းငါးကောင်ကား သူ ပန်းတောင်းအပြန် မေ့ကျန်ခဲ့သဖြင့် ကျွန်တော့်အိမ်မှာပဲ သူတို့ အသက်ထက်ဆုံး နေသွားကြပါပြီခင်ဗျား။
ပြီးပါပြီ
.
1 comment:
ဆရာကြီးသော်တာဆွေအလွမ်းပြေပေါ့ခင်ဗျာ ။
ဖတ်လို့ အရမ်းကောင်းပါတယ်။ရီလဲရီရတယ်။
အစ်မကိုကျေးဇူးတင်ပါတယ်ခင်ဗျ ။
Post a Comment