(၅၈)
မင်းဖရက် ဒီလာရေးသည် ကားကို လက်တစ်ဖက်တည်းဖြင့် မောင်းနေရာမှ လမ်းဘေးသို့ ကားကို ထိုးဆင်း လိုက်သည်။ ကားစက်ကိုလည်းမသတ်၊ ကားပေါ်မှလည်း မဆင်းဘဲ အင်္ကျီရင်ဘတ်ကြယ်သီး များ ကို ဖြုတ် လိုက်သည်။
ကျည်ဆန် သည် အရှေ့ဘက်ချိုင်းအောက်လောက်မှ ဖောက်ဝင်ပြီး အပေါ်သို့ ထောင်တက်သွားသည်။ သို့ သော် ကျည်ဆန်ထွက်သွားသော အပေါက်မရှိကြောင်း စမ်းသပ်သိရှိလိုက်သည်။ ကျည်ဆန်က အသားထဲ တွင် မြုပ်ဝင် နေသည်။ ပခုံးဘက်ကို စမ်းကြည့်လိုက်ရာ ဖူးရောင်ကိုင်းနေသည်။ ထိလိုက်သည်နှင့် နာပြီး အော်မိ မလိုပင်ဖြစ်သွား၍ မနည်းသတိထားလိုက်ရသည်။
ကျည်ဆန်မှာ အရေပြား အောက်လောက်၌ပင် ရှိနေပုံရသည်။ ရင်ဘတ်အထဲပိုင်းထဲသို့ တိုးဝင်သွားပုံမရ။ ကျည်ဆန် ၀င်သွားသောဒဏ်ရာပေါ်မှနေ၍ လက်ကိုင်ပ၀ါကို အုပ်လိုက်ပြီး အင်္ကျီကြယ်သီးကို ပြန် တပ်လိုက် သည်။ လက်ပတ်နာရီကို ကြည့်လိုက်သည်။ အချိန်မှာ ၁၁ နာရီထိုးရန် နှစ်မိနစ် သုံးမိနစ်သာလိုတော့သည်။ မိမိအမျိုးတူလူများအား လွတ်မြောက်မှုကို ဖန်တီးပေးမည့် သေနတ်ပစ်ချက် ပစ်ခတ်ခဲ့ သည်မှာ ၂၃ မိနစ်သာ ရှိသေးသည်။
ဒဏ်ရာ၏ ဝေဒနာကို အောင်မြင်မှုပီတိက လွှမ်းဖုံးသွားသည်။ ကားကို လမ်းမပေါ်သို့ ပြန်မောင်းတင်ပြီး ဆက်မောင်း လာသည်။ မီးရထားဝင်း ဂိတ်ပေါက်သို့ ရောက်သောအခါ အစောင့်အား ၀င်ထွက်ခွင့် လက်မှတ် ပြလိုက်ပြီး ၀င်းအတွင်းသို့ မောင်းဝင်သွားသည်။ အားလပ်ချိန်ရသော မီးသတ်သမားများနှင့် ရထား စက်ခေါင်းမောင်းသမားများ၏ နားနေခန်းအပြင်ဘက်တွင် သူ၏မောရစ် ကားကလေးကို ရပ်လိုက် သည်။
သေနတ်ကို မော်တော်ကားထိုင်ခုံအောက်တွင်ပင် ထားခဲ့သည်။ မော်တော်ကားနှင့် သေနတ်ကို သူတို့ အဖွဲ့သား များကပင် ဖျောက်ဖျက်ပစ်လိုက်လိမ့်မည်ဖြစ်သည်။ နားနေခန်း၏ နောက်ဖေးဘက် အခန်းထဲ သို့ မင်းဖရက် ခပ်သုတ်သုတ်ဝင်သွားသောအခါ သူတို့က အတွင်းမှ စောင့်နေကြသည်။
မင်းဖရက် အင်္ကျီပေါ်မှ သွေးစသွေးနများကို မြင်သောအခါ စတင်ဒါ အထိတ်တလန့်ဖြင့် ထိုင်ရာမှ ခုန်ထ လိုက်သည်။
" ဘာဖြစ်လာလဲ … အဆင်ပြေရဲ့လား " စတင်ဒါက မေးလိုက်သည်။
" စမတ်တော့ သေပြီ "
မင်းဖရက် က ၀မ်းသာအားရပြောလိုက်ရာ ကျန်လူများကိုပါ သူ၏၀မ်းသာပျော်ရွှင်မှု ကူးစက်သွားသည်။ သို့သော် သူတို့ ငြိမ်သက်စွာပင် ရပ်နေကြရာမှ စတင်ဒါက မေးလိုက်သည်။
" မင်း ဒဏ်ရာရလာတယ်မဟုတ်လား "
သူတို့အထဲမှ တစ်ယောက်က အပြင်သို့ ထွက်သွားပြီး မောရစ်ကားကို မောင်းယူသွားသည်။ စတင်ဒါက မင်းဖရက် ၏ ပေကျံနေသော အင်္ကျီကို ကူပြီးချွတ်ပေးသည်။ ဒဏ်ရာတွင် သွေးအနည်းငယ်သာ ထွက်တော့ သည်။ သို့သော် ဖူးရောင်ကိုင်းနေသည်။ စတင်ဒါသည် မီးရထားဌာန၏ ရှေးဦးသူနာပြု ပုံးထဲမျ ပစ္စည်း များ ကိုထုတ်ယူကာ မင်းဖရက်ဒဏ်ရာအား ဆေးကြောသန့်စင်ပြီး ပတ်တီးစည်းပေးသည်။
မင်းဖရက် ဘယ်လက်မှာလှုပ်ရှားမရတော့ပေ။ ထို့ကြောင့် စတင်ဒါကပင် မင်းဖရက်အား မုတ်ဆိတ်မွေး။ ပါးမြိုင်းမွှေး များရိတ်ပေးသည်။ မုတ်ဆိတ်ပါးမြိုင်းမွေးများရှင်းသွားသောအခါ မင်းဖရက်မှာ ပိုငယ် ပိုချောပြီး ပိုကြည့်ကောင်းသွားသည်။ သို့သော် ဒဏ်ရာက သွေးထွက်ခြင်းနှင့် အားနည်းခြင်းတို့ကြောင့် သူ့မျက်နှာ မှာ ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ စတင်ဒါက မင်းဖရက်အား အပေါ်အောက်ဝတ်စုံပြာ အသစ်ကို လဲပေးပြီး၊ မီးသတ်သမားဦးထုပ်ကို ဆောင်းပေးလိုက်သည်။
" ငါတို့ မကြာခင် ပြန်တွေ့ကြတာပေါ့ကွာ။ မင်းနဲ့သူငယ်ချင်းဖြစ်ရတဲ့အတွက် ငါဂဏ်ယူတယ်၊ အခုအချိန် ကစပြီး မင်းရဲ့ဘ၀တစ်သက်တာမှာ အောင်မြင်မှုတွေ ထွန်းတောက်ရွှန်းပနေတော့မှာပါကွာ " စတင်ဒါက အားရပါးရ ပြောလိုက်သည်။
" ကဲ သွားကြစို့ "
ရထားစက်ခေါင်းမောင်းသမားက ရှေ့တိုးလာပြီးပြောလိုက်သည်။ မင်းဖရက်နှင့်စတင်ဒါ လက်ဆွဲ နှုတ်ဆက် လိုက်သည်။ ထို့နောက် အခန်းထဲမှ ထွက်သွားသော စက်ခေါင်းမောင်းသမား နောက်သို့ မင်းဖရက် လိုက်သွားသည်။ ရထားခေါင်းတွဲတစ်တွဲဆီသို့ ရောက်သွားသည်။ မကြာခင်ပင် ရထား ထွက်သွား သည်။
ဝေါဆက်စတာဘူတာရောက်သောအခါ သူတို့၏ ကုန်ရထားကို ရဲကရပ်ခိုင်းပြီး ရှာဖွေသည်။ ကုန်တွဲ အားလုံး ကိုဖွင့်ခိုင်းပြီးရှာသည်။ ရဲတစ်ယောက်က ခေါင်းတွဲပေါ် တက်လာပြီးရှာသည်။
" ဘာဖြစ်လို့လဲဗျ " စက်ခေါင်းမောင်းသမားက မေးလိုက်သည်။
" လူသတ်မှုဖြစ်လို့၊ ဒီနေ့မနက် ကေဘယ်တောင်ကုန်းပေါ်မှာ လူကြီးကြီးတစ်ယောက် သေနတ်နဲ့ ပစ်သတ် ခံလိုက် ရတယ်၊ လူသတ်သမားရဲ့ ပုံပန်းသဏ္ဍာန်ကို ရထားလိုက်သည်။ လမ်းအားလုံးမှာ ရဲတွေစောင့်ပြီး ပိတ်ရှာနေတာ၊ မော်တော်ကား၊ သင်္ဘော၊ ရထား အားလုံးရှာနေတာ "
" ဘယ်သူအသတ်ခံရလို့လဲဗျ "
မင်းဖရက် က မေးလိုက်ရာ ရဲသားကပြန်ဖြေသည်။
" ဒါတော့ မတွေ့ဘူးမိတ်ဆွေ၊ အရေးပါတဲ့ပုဂ္ဂိုလ်တစ်ဦးဦးဖြစ်တယ်ဆိုတာလောက်ပဲသိတယ် "
ရဲသား ခေါင်းတွဲပေါ်မှ ဆင်းသွားပြီး မကြာခင်မှာပင် ရထားဆက်ထွက်ခွင့်ရသွားသည်။
သလွန်ဖောင်တိန်ဘူတာသို့ ရထားဆိုက်ချိန်တွင် မင်းဖရက်ဒဏ်ရာမှာ အလွန်အမင်း ရောင်ကိုင်းပြီး မခံသာ လောက်အောင် ဖြစ်နေသည်။ ခေါင်းတွဲထောင့်တစ်ထောင့်တွင်ထိုင်ပြီး ညည်းတွားနေသည်။ သတိ မေ့လု မြောပါးဖြစ်နေသည်။
စတင်ဒါက တယ်လီဖုန်း ကြိုဆက်ထားရာ သူတို့အဖွဲ့သားများက ဘူတာသို့ လာစောင့်နေပြီး မင်းဖရက် အား လျှို့ဝှက်ခေါ်ထုတ်သွားသည်။
" ကျွန်တော်တို့ ဘယ်သွားမှာလဲ " မင်းဖရက်က မေးသည်။
" ဆရာဝန်ဆီသွားမယ် " သူတို့က ပြန်ဖြေသည်။
မင်းဖရက်သည် မေ့ဆေးအနံ့ကို ရလိုက်ပြီးနောက် ဘာမှ မသိတော့။ သူပြန်သတိရလာသောအခါ အခန်း တစ်ခန်း ထဲမှ ခုတင်ပေါ်ရောက်နေသည်။ အခန်းထဲသို့ နေရောင်ဖြာကျနေသည်။ အခန်းက ဘုရားရှိခိုး ကျောင်းထဲမှ အခန်းတစ်ခန်းနှင့်တူသည်။ ဒဏ်ရာကို ပခုံးမှနေ၍ ပတ်တီးဖြင့် စည်းထားသည်။
ပြတင်းပေါက်ဘေးတွင် ကုလားထိုင်တစ်လုံးဖြင့် လူ တစ်ယောက်ထိုင်နေသည်။ မင်းဖရက် သတိရလာမှန်း သိသော အခါ ထိုသူက မင်းဖရက်ထံလျှောက်လာပြီးမေးသည်။
" ဘယ်လိုနေသလဲ "
" သိပ်မဆိုးပါဘူး နေသာပါတယ်၊ ဟိုကိစ္စဖြစ်ပြီလား … ပုန်ကန်ထကြွကြပြီလား၊ ကျွန်တော်တို့လူတွေ အာဏာ ရပြီလား"
မင်းဖရက်စကားကြောင့် ထိုလူအံ့အားသင့်သည်။ မင်းဖရက်အား ပြန်မေးလိုက်သည်။
" ခင်ဗျား ဘာမှမသိဘူးလား "
" ကျွန်တော် သိတာကတော့ ကျွန်တော်တို့ အောင်မြင်တယ် "
မင်းဖရက် စကားမဆုံးမီမှာပင် ထိုသူက သတင်းစာ တစ်စောင်ကိုယူပြီး ခုတင်ပေါ် တင်ပေးလိုက်သည်။ သတင်းစာ မျက်နှာဖုံးမှ ခေါင်းစီးစာလုံး အမည်ကြီးများကို မင်းဖရက်ဖတ်နေစဉ် ထိုသူက ဘေးမှရပ်စောင့် နေသည်။
ဘေဘယ်တောင်ကုန်း ပေါ်၌ လုပ်ကြံမှုဖြစ်ပွားထင်ရှားသော သမိုင်းပညာရှင်အား အိုဘီအဖွဲ့က လုပ်ကြံလူ ၆၀၀ ကို ဖမ်းဆီးထိန်းသိမ်းရန် စမတ်အမိန့်ထုတ်
သတင်းစာ ခေါင်းစည်းများကို စိုက်ကြည့်ရင်း မင်းဖရက်နားမလည်နိုင်အောင် ဖြစ်နေသည်။ ဘေးမှရပ်နေ သူက ပြောလိုက်သည်။
" ခင်ဗျား သတ်တာ လူမှားနေတယ်၊ စမတ်အဖို့ ကျွန်တော်တို့ လူတွေကို ဖမ်းဖို့ အကြောင်းပြချက် ရသွား တာပေါ့၊ အခု ကျွန်တော်တို့ ခေါင်းဆောင်တွေအားလုံး အဖမ်းခံလိုက်ရပြီး ခင်ဗျားကို သူတို့ လိုက်ရှာနေတယ်၊ တစ်နိုင်ငံလုံး ပိုက်စိတ်တိုက် လိုက်ရှာနေကြပြီ၊ ခင်ဗျား ဒီမှာ ကြာကြာနေလို့မဖြစ် ဘူး၊ ရဲတွေ ဒီကို အချိန်မရွေးရောက်လာနိုင်တယ် "
မင်းဖရက်အား ကုန်တင်ကားတစ်စီး နောက်ခန်းတွင် ဖုံးကွယ်ထည့်သွင်းပြီး တစ်ဆင့် လက်ပြောင်း ပေးလိုက် သည်။ ခေါင်းဆောင်များနှင့် လူအတော်များများကို ဖမ်းလိုက်သဖြင့် အိုဘီအဖွဲ့လည်း ပျက်စီးပြိုကွဲ သွားသည်။ အဖမ်းမခံရသေးဘဲ ကျန်နေသူများကလည်း လွတ်ရာလွတ်ကြောင်း ပြေးလွှား ပုန်းအောင်းနေကြ သည်။ မင်းဖရက်အား မည်သူကမျှ ကြာကြာလက်ခံမထားလို၊ ဆင့်ကဲဆင့်ကဲ လက်ပြောင်း ပေးလိုက်ကြ သည်။ မင်းဖရက်သည် သူရဲကောင်းဖြစ်မလာဘဲ အန္တရာယ်ကြီးနှင့်သာ ရင်ဆိုင် ရတော့သည်။
အစိုးရက ဖမ်းဆီးထိန်းသိမ်းခံရသူများ စာရင်းထဲ၌ မင်းဖရက်သိသူအများကြီးပါနေသည်။ စတင်ဒါနှင့် ဦးလေးသရွန့် တို့ကို ဖမ်းဆီးခံရသူ စာရင်းထဲ၌ တွေ့ရသည်။ ဆာရာ၊ အန်တီ ထရူဒီနှင့် သမီးလေး နှစ်ယောက် ဘယ်လိုနေ၍ ဘယ်လိုစားကြမှာပါလိမ့်ဟု မင်းဖရက် တွေးပူမိသည်။
မင်းဖရက် သည် ဂျိုဟန်နက်စဘက်မြို့ရောက်အောင် ရှစ်ရက်ကြာမျှ ပုန်းလျှိုးကွယ်လျှိုးသွားရသည်။ ထိုမှ တစ်ဆင့် ၀စ်ဝါတာစထရင်းမြို့သို့ ရောက်သွားသည်။ သူ့အနာကလည်း ကျက်သွားပြီး အားအင်လည်း ပြန်လည်ပြည့်ဖြိုး လာသည်။ သူ့တွင် လိပ်စာတစ်ခုပါလာသည်။ ဤနိုင်ငံတွင် သူတို့ အဖွဲ့သားများနှင့် နောက်ဆုံး ဆက်သွယ်ရမည့် လိပ်စာဖြစ်သည်။ ထိုလိပ်စာပါသော ကားလမ်းအတိုင်း ဘတ်စ်ကားနှင့်သွား သည်။ အိမ်နံပါတ်က (၃၆)ဖြစ်သည်။ ထိုအိမ်ကို ကားပေါ်မှ ရှာတွေ့ပြီးမှ နောက်တစ်မှတ်တိုင်တွင် ဆင်း မည်ဟု ဆုံးဖြတ်လိုက်သည်။
ကားပေါ်မှနေ၍ အိမ်နံပါတ်ကိုများကို အစီအစဉ်အလိုက် ကြည့်သွားသည်။ ထိုအိမ်ရှေ့မှကားဖြတ်သွားချိန် တွင် အိမ်ဝ၌ ရဲသားနှစ်ယောက်ကို တွေ့လိုက်ရသည်။ မင်းဖရက် ကားပေါ်မှ မဆင်းတော့ဘဲ ဂိတ်ဆုံး အထိ လိုက်သွားသည်။ ဂိတ်ဆုံးကျမှ ဆင်းပြီး လမ်းတစ်ဘက်သို့ကူးသွားကာ ပရီကော်ဖီဆိုင်ထဲသို့ ၀င်လိုက်သည်။ လက်ကျန်ပိုက်ဆံအနည်းငယ်ထဲမှ ကော်ဖီတစ်ခွက်မှာလိုက်သည်။ စားပွဲ၌ထိုင်ပြီး ကော်ဖီ ကို ဖြေးဖြေးချင်း သောက်ရင်း တွေးနေမိသည်။
လွန်ခဲ့သောရှစ်ရက်အတွင်း ရဲများ၏ လမ်းပိတ်ရှာဖွေမှုနှင့် ၀င်ရောက်ရှာဖွေမှုများမှ မိမိလွတ်မြောက်ခဲ့ပြီ။ သို့သော် ယခုအခါ ပြေးစရာမြေမရှိ ဖြစ်နေပြီ။ ပုန်းခိုစရာ နေရာမရှိဖြစ်နေသည်။ ကုသိုလ်ကံ မှေးမှိန် လာပြီ။ မိမိရှေ့တွင်ရှိသော လမ်းမှာ စက်တိုင်သို့ သွားသောလမ်းပင်ရှိတော့သည်။
မင်းဖရက် သည် ကော်ဖီဆိုင် မှန်ပြတင်း မှုန်မှုန်ဝါးဝါးမှနေ၍လမ်းတစ်ဘက်ရှိ လမ်းညွှန်ဆိုင်းဘုတ်တစ်ခုဆီ သို့ မျက်စိရောက်သွားသည်။ ထိုဆိုင်းဘုတ်မှစာတမ်းကို မြင်လိုက်ရသောအခါ တစ်စုံတစ်ခုကို ပြန်လည် သတိရ လာသည်။ ကံကောင်းထောက်မလာသည်ဟု ထင်လိုက်မိသည်။ မျှော်လင့်ချက်တစ်ရပ်ခပ်ရေးရေး ပေါ်လာသည်။
ကော်ဖီဆိုင်မှ ထွက်လာသည်။ ထိုဆိုင်းဘုတ်လမ်းညွှန်အတိုင်း လျှောက်သွားသည်။ တဖြေးဖြေးနှင့် တဲကုပ် တဲစုများဖြင့် နေသော ကျူးကျော်ဆင်းရဲသားရပ်ကွက်သို့ ရောက်သွားသည်။ ကြမ်းတမ်း ခက်ထရော် သောလမ်းများပေါ်တွင် လူဖြူများကိုမတွေ့ရတော့။ အိမ်များ၏ ပြတင်းပေါက်များ မှနေ၍ မိမိအား လှမ်းကြည့်နေသော လူမည်းများကိုသာတွေ့ရသည်။
မင်းဖရက် လိုက်ရှာနေသော ကုန်စုံဆိုင်ကိုတွေ့ရသည်။ လူမည်းများ ဈေးဝယ်နေကြသည်။ မင်းဖရက် ဆိုင် ထဲဝင်သွားသောအခါ ဈေးဝယ်နေသော လူမည်းများက သူ့အား တရိုတသေ နေရာဖယ်ပေးကြသည်။ ဆိုင် ရှင် မှာ အသက်ခပ်ကြီးကြီးဇူးလူအမျိုးသားကြီးဖြစ်ပြီး အနောက်တိုင်းဝတ်စုံ ၀တ်ထားသည်။ မင်းဖရက် က သူ့ကို တစ်စုံတစ်ခု ပြောလိုက်သည်။
" လာ ကျွန်တော်နဲ့လိုက်ခဲ့ "
ဇူးလူကြီးက မင်းဖရက်အား ဆိုင်နောက်ဘက် စတိုခန်းထဲသို့ ခေါ်သွားသည်။
" ခင်ဗျား ဒီကစောင့်နေ၊ ကြာချင်လဲကြာလိမ့်မယ်" အဘိုးကြီးက သူ့ကိုထားခဲ့ပြီး ထွက်သွားသည်။
မင်းဖရက် က သကြားအိတ်အပုံပေါ်တွင် ထိုင်လိုက်သည်။ မောပန်းပြီး ဗိုက်ဆာလာသည်။ ပခုံးကလည်း ပြန်ပြီး နာချင်သလိုဖြစ်လာသည်။ သူအိပ်ပျော်သွားသည်။ သူ့ပခုံးကို လှုပ်ပြီး ခံလိုက်ရမှ နိုးလာသည်။
" ငါ့ကို ဘယ်မှာရှာရမယ်ဆိုတာ မင်းဘယ်လို လုပ်သိသလဲ "
" အဖေပြောလိုက်လို့သိတာပါ ဆ၀ပ်ဟင်းဒရစ် "
မင်းဖရက်က ထိုင်ရာမှထပြီး ပြောလိုက်သည်။
" နှစ်တွေအတော်ကြာခဲ့ပြီကော မာနီ "
အိုဗင်ဘို လူမည်းကြီးက မင်းဖရက်အား ပြုံးပြလိုက်သည်။ သူ့တွင် သွားနှစ်ချောင်းမရှိတော့။ အမာရွတ် များ ပြွမ်းသော ဦးခေါင်းက ပြောင်လက်နေသည်။
" နှစ်တွေကြာခဲ့ပေမယ့် ငါတို့ ပြန်တွေ့ကြလိမ့်မယ်ဆိုတာ ငါသိနေတယ်၊ တောကြီးမျက်မည်းက အရှင်သခင်တွေက ငါတို့ကို နှောင်ဖွဲ့ပေးထားတယ်၊ မင်းလာမယ်ဆိုတာ ငါသိနေတယ် "
ဆ၀ပ်ဟင်းဒရစ်၏ အိမ်နောက်ဘေးခန်းတွင် သူတို့နှစ်ယောက်တည်းထိုင်နေကြသည်။ ဒရိတ် ဖမ်း ကျူးကျော် ရပ်ကွက် ရှိ အုတ်အိမ်အနည်းငယ်ထဲမှ တစ်ခုသောအိမ်ဖြစ်သည်။ ဟင်းဒရစ်သည် သူ၏ ချမ်းသာကြွယ်ဝမှု ကို လူဖြူရဲများ မျက်စိမကျအောင် သိုသိုသိပ်သိပ်နေထိုင်သည်။ အရှေ့ခန်းတွင် အမျိုးသမီးကြီး များက ချက်ပြုတ်ပြီး ကလေးများက အော်ဟစ်ဆော့ကစားနေသည်။ ဟင်းဒရစ်သည် သူ့ လူမျိုးစု ခေါင်းဆောင် အကြီးအကဲတစ်ယောက်ဖြစ်နေပြီး သူတို့ ထုံးစံအတိုင်း မယားခြောက်ယောက်ရှိသည်။
" ကဲ မာနီ … မင်းကိစ္စအားလုံးလဲ ငါသိရပြီ၊ ဒီတော့ ဒီလို စဉ်းစားကြရအောင်၊ ပြဿနာက ဒီလိုရှိတယ်ကွ၊ ရထားဘူတာတိုင်း နဲ့ လမ်းဆုံလမ်းခွတိုင်းမှာ လူဖြူရဲတွေက မင်းကို စောင့်ရှာနေကြတယ်၊ မင်းကိုမိရင် ဆု ငွေပေါင် ၅၀၀၀ ပေးမယ်လို့လဲ ကြေညာထားတယ်၊ နည်းတဲ့ပိုက်ဆံမဟုတ်ဘူးနော်၊ ဒီငွေနဲ့ဆိုရင် မိန်းမ တော်တော် များများနဲ့ ကျွဲနွားတိရစ္ဆာန်တော်တော်များများ ၀ယ်လို့ရတယ်ကွ "
ဆ၀ပ်ဟင်းဒရစ် က စကားကို ခေတ္တရပ်ပြီးမှ ဆက်ပြောသည်။
" မင်းက ဂျိုဟန်နက်စဘတ်မြို့က ထွက်သွားဖို့နဲ့ မြစ်ကိုဖြတ်ကူးပြီးမြောက်ဘက်ကို သွားလို့ ရအောင်လုပ်ပေးဖို့ ငါ့ဆီမှာ အကူအညီကောင်းတယ်၊ မင်းကို ငါက အဲဒီလို ကူညီတုန်းမှာ ရဲတွေမိ သွားရင် ဘာဖြစ် မလဲ၊ မင်းနဲ့အတူတူ စက်တိုင်တက်ရကောင်း တက်ရမယ်၊ ဒါမှမဟုတ်လဲ ထောင်တစ်သတ် ကျပြီး ကျောက်ခွဲ နေရမှာပဲ၊ တကယ့်လေးနက်တဲ့ မေးခွန်းကြီးပါ ကလေးရယ်၊ မင်းကော ငါ့ကို အဖြေပေး နိုင်မလား "
" ခင်ဗျားဟာ ကျွန်တော့် အဖေလိုပဲနေခဲ့သူပါ ဟန်နီ၊ အဖေ တစ်ယောက်ဟာ သားတစ်ယောက်ကို ခွေး တောဝက်တော ထဲမှာ ခွေးသေ၀က်သေ သေပေတော့ဆိုပြီး ပစ်ထားခဲ့ရိုးရှိသလား " မင်းဖရက်က အေးဆေး စွာပင် ပြောလိုက်သည်။
" ကဲ ငါက မင်းအဖေဆိုပါတော့၊ ဘာလို့ မင်းအသားက ဖြူပြီး ငါ့အသားက မည်းနေရတာလဲ၊ မင်းနဲ့ ငါ့ကြား မှာ ဘာမှ ကျေးဇူးခံ ကျေးဇူးစားမရှိပါဘူး "
" ကျွန်တော့် အဖေ နဲ့ ခင်ဗျားဟာ ညီအစ်ကိုအရင်းလိုနေလာတာပါဗျာ "
" အဲဒီအချိန်တွေ ကန်ုဆုံးခဲ့တာ နှစ်ကာလပေါင်း ဘယ်လောက်ကြာပြီလဲကွာ၊ ကမ္ဘာကြီးတစ်ခုလုံးနဲ့ အခြေ အနေတွေ အားလုံးလဲ အမျိုးမျိုး ပြောင်းလဲခဲ့ပါပြီကွာ "
" ဒါပေမယ့် ဘယ်လောက်နှစ်ကာလတွေပဲကြာကြာ၊ ဘယ်တော့မှ မပြောင်းလဲတာတစ်ခုတော့ရှိတယ် ဟန်နီ"
" ဘာများလဲကွာ … မင်းက မျက်နှာဖြူဖြူနဲ့ ငါ့ကို အဖေတော်ချင်နေတာကိုး "
" စိန်ပဲ ကျွန်တော့်ရဲ့လူမည်း အဖေ စိန်ဟာ ဘယ်တော့မှ မပြောင်းလဲဘူး "
" ကဲ ဒါဖြင့် စိန်အကြောင်းဆွေးနွေးကြရအောင်ကွာ "
" စိန်က တစ်လုံးတည်းမဟုတ်ဘူး၊ အများကြီး၊ ခင်ဗျားနဲ့ ကျွန်တော် နှစ်ယောက်တည်းသာ သိတဲ့ ဟိုအဝေး တစ်နေရာမှာ စိန်တွေ အိတ်တစ်လုံးနဲ့ အပြည့်ရှိနေပါသေးတယ် "
ဆက်ရန်
.
No comments:
Post a Comment