(၅ဝ)
ရေငုပ်သင်္ဘော၏ ရေယာဉ်မှူးသည် တယ်လီစကုပ်ကို ငုံ့ကြည့်နေရာမှ ခေါင်းမော်လိုက်ပြီး မင်းဖရက်ဒီလာ ရေး အား ခေါင်းဆက်ပြလိုက်သည်။
" ဒီမှာ လာကြည့်ပါဦး "
မင်းဖရက်က တယ်လီစကုတ်ကို သွားကြည့်လိုက်သည်။
သူတို့ရေငုပ်သင်္ဘောသည် ကမ်းခြေနှင့် နှစ်မိုင်ခန့်အကွာ၌ ရောက်နေသည်။
" ကုန်းပေါ် က အမှတ်အသားကို ခင်ဗျားမှတ်မိသလား "
ရေယာဉ်မှူး အမေးက မင်းဖရက်အဖို့ အဖြေရခတ်နေသေးသဖြင့် ချက်ချင်း မဖြေသေးပေ။ သူ့အဖို့ စိတ်သိပ် လှုပ်ရှားလွန်းနေသည်။
သူချစ်သော ဤကမ်းရိုးတန်းကို မတွေ့မမြင်ခဲ့ရသည်မှာ ငါးနှစ်ရှိချေပြီ။ ယခုပြန်တွေ့ရတော့ အလွန်ပျော် သွားသည်။အာဖရိကမှလွဲ၍ အခြားနေရာများ၌ မိမိမပျော်ပိုက်နိုင်ဆိုသည်ဟု မင်းဖရက်သိလာသည်။
သို့သော် ပြီးခဲ့သော ငါးနှစ်တာကာလတွင်မူ သူ့အဖို့ မပျော်ပိုက်ခဲ့သည်မရှိ။ သူနှင့်အတူ သူချစ်သော ဟိုင်ဒီ က ရှိနေသည်။ လွန်ခဲ့သောနှစ်က သားလေးတစ်ယောက်ရခဲ့ရာ မင်းဖရက်သည် သူ့အဖေနာမည် "လိုသာ" ကိုပင် သားလေး ၌ မှည့်ခေါ်လိုက်သည်။ ဟိုင်ဒီနှင့် လိုသာတို့သားအမိသည် မင်းဖရက် ဘ၀၏ မဏ္ဍိုင်များ ဖြစ်ခဲ့သည်။ ထို့အပြင် သူသည် တာဝန်နှစ်ရပ်ကို တစ်ပြိုင်တည်းထမ်းဆောင်ခဲ့ရသည်။
ဘာလင်တက္ကသိုလ် ၌ ဥပဒေပညာကို သင်ကြားခဲ့ရာ ရိုမန်ဒတ်ခ်ျဥပဒေနှင့် နိုင်ငံတကာ ဥပဒေဘာသာ တို့ဖြင့် မဟာဝိဇ္ဇာဘွဲ့ရခဲ့သည်။
စစ်ဘက်ဆိုင်ရာ ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများလည်း ပြုလုပ်ခဲ့ရသည်။ တစ်ခါတစ်ရံ မိသားစုနှင့် တစ်လ နှစ်လ တန်သည် ခွဲပြီး သင်တန်းတက်ရသည်။ ယခုအခါ သူသည် အဆင့်မြင့် လေ့ကျင့် သင်ကြားထားသူ တစ်ယောက် ဖြစ်နေချေပြီ။ ထူးခြားသော အတတ်ပညာအမျိုးမျိုးကို တတ်ကျွမ်းနေပြီဖြစ်သည်။
ယခု သူသည် ရေဒီယိုအော်ပရေတာလည်း လုပ်တတ်သည်။ ဖောက်ခွဲမှုနှင့်လက်နက်ငယ်မျိုးစုံ ကိုင်တွယ်မှု ၌ လည်း ကျွမ်းကျင်သည်။ လေထီးခုန် ဆယ်ကြိမ်လေ့ကျင့်ခဲ့ရာ ငါးကြိမ်မှာ ညဘက်ဖြစ်သည်။ အသေးစား လေယာဉ် များကို မောင်းတတ်သည်။ လျှို့ဝှက်သင်္ကေတဖြင့် စာရေးခြင်း၊ ထိုစာမျိုးကို အဓိပ္ပာယ်ဖော်ခြင်း လည်း တတ်သည်။ သေနတ်ပစ် လက်ဖြောင့်အောင်လည်း လေ့ကျင့်ထားသည်။ လက်နက်မဲ့ တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းကိုလည်း ကျွမ်းကျင်သည်။ ပရိသတ်ထဲ၌ စကားပြောစည်းရုံးခြင်းကိုလည်း လေ့လာ ထားသည်။ တောင်အာဖရိကနိုင်ငံ၏ နိုင်ငံရေးနှင့် စစ်ရေးကိုလည်း နှံ့နှံ့စပ်စပ် လေ့လာခဲ့ပြီး ဖြစ်သည်။ ယခုအခါ သူသည် အဘက်ဘက်မှ ပြည့်စုံနေပြီး အရာရာကို ရင်ဆိုင်ရန် အသင့်ဖြစ်နေသည်။
" ဟုတ်ကဲ့ ... ကုန်းပေါ်က အမှတ်အသားကို ကျွန်တော်မှတ်မိပြီ"
မင်းဖရက်က ရေယာဉ်မှူးအား ဂျာမန်လို ပြန်ပြောလိုက်သည်။
အာဖရိကတိုက် ၏ အရှေ့တောင် ကမ်းရိုးတန်းမှ လူနေပါးသော ဤနေရာ၌ မင်းဖရက် နွေအားလပ်ရက် များ တွင် တစ်ချိန်က နေခဲ့ဖူးသည်။ ဤနေရာတွင် ရိုအက်ဖ်စတင်ဒါတို့ မိသားစုက ကမ်းရိုးတန်း ငါးမိုင် အရှည် ရှိ မြေ ဘက်တာ ငါးထောင်ပိုင်ဆိုင်ထားသည်။ ထိုကမ်းခြေရှိ တစ်ထပ်တိုက်ပုကလေးတွင် သူနှင့် စတင်ဒါ တို့ တစ်နွေနေခဲ့ဖူးသည်။
" ဟုတ်တယ်၊ အဲဒီနေရာဟာ အချိန်အချက်လုပ်ထားတဲ့နေရာပဲ " မင်းဖရက်က ထပ်မံပြောလိုက်သည်။
" ဒါဖြင့် သတ်မှတ်ထားတဲ့ အချိန်အထိ စောင့်ကြတာပေါ့ " ရေယာဉ်မှူးက ပြန်ဖြေသည်။
ကမ်းခြေမှ နှစ်မိုင်ခန့်အကွာတွင် ရေအောက် မီတာ ၂၀ (ပေ ၆၀ ကျော်)၌ သူတို့ရေငုပ်သင်္ဘောကိုရပ်ပြီး စက်ပါသတ်ထားသည်။ ရေပေါ်နှင့်ကုန်းမြေတွင်မူ နေ၀င်စပြုပြီဖြစ်သည်။ မကြာခင် အမှောင်ထု စိုးမိုးလာ ပေတော့မည်။ မင်းဖရက်သည် အရာရှိငယ်နှစ်ဦးနှင့်အတူ သူနေရသော ရေငုပ်သင်္ဘောအခန်းတစ်ခန်းထဲ သို့ပြန်လာပြီး အပြီးသတ်ပြင်ဆင်သည်။
မင်းဖရက် သည် ခေါင်းစွပ်ဆွယ်တာအဖြူနှင့် အပြာရောင် ဂျာကင်တို့ကို ချွတ်လိုက်ပြီးအာဖရိကတိုက်မှ လူဖြူ တောသားများ၊ ပြန်ကျများဝတ်သော အ၀တ်အစားကို လဲဝတ်လိုက်သည်။ တောင်ပေါ်တွင် လေ့ကျင့်ခဲ့ ရသဖြင့် သူ့အသားက နေလောင်ကာ ကြေးနီရောင်ထနေဆဲရှိသည်။ ဆံပင်က ကုပ်ထောက် နေသည်။ မုတ်ဆိပ်က ထူပြီး ကောက်ကွေးနေသည်။ ထို့ကြောင့် သူ့ပုံက အသက်ထက်ပိုကြီးနေပုံရသည်။ မှန်ထဲ ၌ သူ့ကိုယ်သူကြည့်လိုက်သည်။
" သူတို့ ငါ့ကို ဘယ်လိုမှ မှတ်မိမှာမဟုတ်ဘူး၊ ငါ့ မိသားစုကတောင် မှတ်မိမယ်မထင်ဘူး" မင်းဖရက်က သူ့ ကိုယ်သူ ၀မ်းသာအားရပြောလိုက်သည်။
သူ့ဆံပင် နှင့် မုတ်ဆိတ် များကို အနက်ရောင် ဆိုးထားသည်။ အိုလံပစ်လက်ဝှေ့ ဗိုလ်လုပွဲတွင် အမေရိကန် ကပ္ပလီလက်ဝှေ့သမား၏ လက်သီးချက်ဖြင့် သူ့နှာခေါင်းက ကျိုးခဲ့ရသည်။ မျက်ခုံး တစ်ဘက် လည်း ကွဲပြီး အမာရွတ်ထင်ကျန်ခဲ့သည်။ လွန်ခဲ့သော ငါးနှစ်က အာဖရိကမှတ် ထွက်သွားခဲ့သော လူငယ်ငယ်၊ ရုပ်ချောချော၊ သန့်သန့်ပြန့်ပြန့် အားကစားသမားပုံနှင့် လုံးလုံးကြီးခြားနားနေသည်။ ဦးထုပ် ကို မျက်လုံးပေါ်အထိ ဆွဲချဆောင်းလိုက်သည်။ မှန်ထဲမှ သူ့ရုပ်ကို သူပြန်ကြည့်ကာ အားရသွားပြီး ခေါင်းဆက် ပြလိုက်သည်။ ထို့နောက် မှန်ရှေ့မှခွာကာ သူ့အိပ်စင်ဘေး၌ ဒူးထောက်ထိုင်ချလိုက်သည်။
ရေလုံရာဘာများဖြင့်ထုပ်ပြီး ထိပ်ဖြင့်ကပ်ထားသော အထုပ်များ၊ ဘူးများကို အိပ်စင်အောက်မှ ထုတ်ယူပြီး စာရင်း နှင့် တိုက်ဆိုင် စစ်ဆေးလိုက်သည်။ ဂျာမန်သင်္ဘောသား တစ်ယောက်က ထိုပစ္စည်းများကို အပေါ် သို့ တက်သည့် လှေကားရင်း ခြေရင်း၌ သွားချထားပေသည်။
မင်းဖရက်က လက်ပတ်နာရီကို ကြည့်လိုက်သည်။ ညနေစာ မြန်မြန်စားလိုက်လျှင် အချိန်မီသေးသည်။ ထို့ ကြောင့် ထမင်းစားခန်းသို့သွားပြီး စားသည်။ သို့သော် သင်္ဘောကပ္ပတိန်ဘိုဆန်က သူ့အား လှမ်းခေါ်သော အခါ မင်းဖရက်သည် ပေါင်မုန့်တစ်ကိုက်၊ ၀က်အူချောင်းတစ်ဖဲ့ကို ပလုပ်ပလောင်းဝါးရင်း သင်္ဘောဦးခန်း သို့ လိုက်သွားသည်။
" ကမ်းပေါ်မှာ မီးရောင်တွေ့မြင်ရတယ် "
သင်္ဘောကပ္ပတိန်က ပြောလိုက်ပြီး မင်းဖရက်အား တယ်လီစကုပ်ကို မေးငေါ့ပြလိုက်သည်။
ရေပြင်ပေါ် နှင့် ကုန်းပိုင်းကမ်းခြေပေါ်၌ လုံးဝမှောင်နေပြီး သို့သော် ကမ်းပေါ်မှ အချက်ပြမီးရောင်သုံးခုကို မှန်ပြောင်းထဲမှ လှမ်းမြင်ရသည်။
" သူတို့ အချက်ပြထားတာ မှန်တယ်ကပ္ပတိန်၊ သင်္ဘောကို ရေပေါ်တင်ပြီး အကြောင်းပြန်ဖို့ သင့်ပြီ "
ရေငုပ်သင်္ဘောကြီး သည် ရေအောက်မှနေပြီး ရေပေါ်သို့ တရွေ့ရွေ့ရောက်သွားသည်။ ကပ္ပတိန်နှင့် မင်းဖရက် တို့သည်လှေကားမှနေ၍ သင်္ဘောအပေါ်တကစင်မြင့်ပေါ်သို့တပ်သွားကြသည်။ ညချမ်းလေက အေးစက် လန်းဆန်း နေသည်။ မင်းဖရက် အသက်တစ်ဝကြီးရှူးလိုက်ပြီး ကမ်းခြေသို့ မှန်ပြောင်းဖြင့် လှမ်း ကြည့် လိုက်သည်။
ကပ္ပတိန်က အချက်ပြဆက်သွယ်ရေးတပ်သားအား အမိန့်ပေးလိုက်သည်။ တပ်သားက အ၀ါရောင် လက်ဆွဲ မီးအိမ်ဖြင့် မော့စ်သင်္ကေတအမှတ်အသားနှင့် ဒဗလျူအက်စ်" စာလုံးကို ကမ်းခြေသို့လှမ်းပြီး အချက်ပြ လိုက်သည်။ ထိုအမှတ်အသားသည် "၀ှိုက်ဆို့ဒ်(ဓားဖြူ) ဟူသောလျှို့ဝှက် စကားလုံး၏ အတိုကောက် စကားလုံး နှစ်လုံး ဖြစ်သည်။
ထို့နောက် တစ်ခဏအကြာတွင် ကုန်းပေါ်မှ မီးပုံသုံးပုံအနက် နှစ်ပုံက တစ်ခုပြီးတစ်ခုငြိမ်းသွားသည်။ တစ်ပုံ သာကျန်တော့သည်။
" သူတို့ဘက်က အချက်ပြန်ပြတာမှန်တယ်၊ ကျွန်တော့် ပစ္စည်းတွေကို ဒီအပေါ်ကိုသာ တင်ခိုင်းပေးပါ ကပ္ပတိန် မင်းဖရက် က ပြောလိုက်သည်။
သူတို့ အမှောင်ထုထဲ၌ ရပ်စောင့်နေသည်။ နာရီဝက်ခန့်ကြာသောအခါ သူတို့နှင့် မလှမ်းမကမ်း အမှောင်ထုထဲ မှ အသံတစ်ခုပေါ်လာသည်။
" ဓားဖြူလားဟေ့ "
" ဟုတ်တယ် ဒီအနားကို ကပ်လာခဲ့ "
မင်းဖရက်က ပြန်အော်လိုက်သည်။ ငါးဖမ်းလှေတစ်စီးသူတို့ရေငုပ်သင်္ဘောဘေး၌ လာဆိုက်သည်။
မင်းဖရက်က ရေငုပ်သင်္ဘောကပ္ပတိန်အား လက်ဆွဲနှုတ်ဆက်လိုက်ပြီး နာဇီလို အလေးပြုကာ " ဟိုင်း ဟစ်တလာ" ဟုအော်လိုက်သည်။
ထို့နောက် မင်းဖရက်သည် ငါးဖမ်းလှေအလယ်ပိုင်းသို့ ခုန်ဆင်းလိုက်သည်။ လှေဦးပိုင်း၌ ထိုင်ကာ လှော်ခတ် နေသူ က နေရာမှထလိုက်ပြီး သူ့အား ကြိုဆိုနှုတ်ဆက်သည်။
" မာနီ ... မင်း မာနီမဟုတ်လား "
" စတင်ဒါ ... မင်းကို ပြန်တွေ့ရတာ သိပ်ဝမ်းသာတာပဲ၊ ကဲ ငါ့ပစ္စည်းတွေ လှေပေါ်ချလိုက်ကြဦးစို့ "
မင်းဖရက်က ပစ္စည်းများကို လှေဝမ်းထဲ၌ ချထားလိုက်သည်။ ထို့နောက် လှေကို ရေငုပ်သင်္ဘောမှ ခွာလိုက် သည်။ မင်းဖရက်က စတင်ဒါဘေးမှ လှေတက်တစ်ချောင်းကို ကောက်ယူပြီး လှေကို သင်္ဘောနှင့် ဝေးအောင် လှော်လိုက်သည်။ ရေငုပ်သင်္ဘောကြီး ရေထဲသို့ ပြန်လည်ငုပ်လျှိုးဝင်သွားသည်ကို သူတို့ မြင်လိုက် ရသည်။ သူတို့လှေကိုလည်း ကမ်းခြေသို့ ဦးတည်ပြီးလှော်ခတ်လာကြသည်။
" သူတို့က ဘယ်သူတွေလဲ "
အခြားလှေလှော်နေသူ သုံးဦးကို မင်းဖရက်က မေးငေါ့ပြပြီး မေးလိုက်သည်။
" အားလုံး ငါတို့လူတွေချည်းပါပဲ၊ ဒီနယ်က လယ်သမားတွေပေါ့၊ ငါကလေးဘ၀တည်းက သူတို့ကို သိ နေတာ၊ လုံးဝယုံကြည်စိတ်ချရတယ် "
သူတို့ စကားထပ်မပြောကြတော့ မကြာခင်မှာပင် ကမ်းခြေသို့ လှေဆိုက်ရောက်သွားသည်။
" ငါ ထရပ်ကားသွားယူလိုက်ဦးမယ် "
ထို့နောက် ခဏကြာ သောအခါ ကမ်းခြေသို့ ရှေ့မီးအ၀ါ ရောင်ထိုးပြီး ကားတစ်စီး မောင်းဆင်းလာသည်။ အပြာရောင် လေးတန်ကားတစ်ပတ်ရစ်ကို စတင်ဒါက လှေနှင့် ဘေးချင်းယှဉ်ပြီး ရပ်လိုက်သည်။ လယ်သမား သုံးဦးက မင်းဖရက်ပစ္စည်းများကို လှေပေါ်မှနေ၍ ထရပ်ကားနောက်ပိုင်းသို့ ရွှေ့ပြောင်း တင် ပေးသည်။ ထို့နောက် ကားကို တာရပတ်များဖြင့် ကာလိုက်သည်။
လယ်သမားသုံးယောက်က ကားနောက်ပိုင်းမှ တက်သည်။ စတင်ဒါက ယာဉ်မောင်းနေရာ၌ ၀င်ထိုင်သည်။ မင်းဖရက် က သူ့ဘေးမှ နေရာယူလိုက်သည်။
" ငါ မိသားစု အကြောင်း အလျင်ပြောစမ်းပါကွာ၊ အလုပ်ကိစ္စပြောဖို့ နောက်ပိုင်းအချိန်တွေ အများကြီးရှိပါ သေးတယ်"
မင်းဖရက်က စတင်ဒါကို မေးလိုက်သည်။
" ဦးလေးသရွန့် ကတော့ အလျင်အတိုင်းပဲ၊ ငါနဲ့ ဆာရာတနင်္ဂနွေနေ့တိုင်း သူ့ဘုရားရှိခိုးကျောင်းသွားပြီး ၀တ်ပြုကြတယ် "
" ဆာရာကော နေကောင်းလား ... မင်းတို့ ကလေးရပြီလား "
" မင်း ခေတ်နောက်ကျနေပြီမာနီ၊ ငါတို့ ကလေးသုံးယောက်တောင်ရနေပြီ၊ ယောက်ကျား လေး နှစ်ယောက် နဲ့ မိန်းကလေးအငယ်လေးတစ်ယောက်၊ သုံးလပဲရှိသေးတယ်၊ မင်းမကြာခင် အားလုံး တွေ့ရမှာ ပါကွာ "
လေတဟူးဟူး တိုက်၍ ကြမ်းတမ်းသော လမ်းတစ်လျှောက်တွင် ကားနောက်မှ လယ်သမား သုံးဦးကို တစ် ဦးပြီး တစ်ဦး ချထားပေးခဲ့သည်။ နောက်ဆုံး ကားပေါ်တွင် သူတို့နှစ်ယောက်တည်း ကျန်တော့သည်။ လေးနာရီ ခန့် ဆက်မောင်းလာပြီးသောအခါ စတယ်လင်ဘို့ခ်ျရွာအပြင်ဘက် သုံးလေးမိုင်အကွာရှိ၊ ၀ိုင်အရက် ချက်သော သမ၀ါယမအသင်းတစ်သင်းသို့ ရောက်သွားသည်။
မနက်သုံးနာရီသာရှိသေးသော်လည်း မန်နေဂျာက သူတို့ကို အသင့်စောင့်နေသည်။ မင်းဖရက်၏ ပစ္စည်း များကို ၀ိုင်အရက်သိုလှောင်သော မြေအောက်ခန်းထဲသို့ ၀ိုင်းကူသယ်ပေးသည်။
စတင်ဒါ က မင်းဖရက်ကို မန်နေဂျာနှင့် မိတ်ဆက်ပေးလိုက်သည်။
" သူ့နာမည်က ဘက်ကီဗန်ဘူရင်းတဲ့ကွ၊ တို့ရဲ့ မိတ်ဆွေကောင်းတစ်ယောက်ပဲ၊ မင်းပစ္စည်းတွေကို သူသိမ်း ပေး ထားလိမ့်မယ် "
မင်းဖရက်နှင့် စတင်ဒါတို့ စတယ်လင်ဘို့ခ်ျရွာသို့ ကားကိုဆက်မောင်းလာသည်။
" ကိုယ့်ဒေသပြန်ရောက်တာ တယ်ကြည်နူးစရာကောင်းတာပဲကွာ "
" မင်း ဒီမှာတစ်ညပဲ နေလို့ဖြစ်မယ်မာနီ၊ မင်းမုတ်ဆိတ်မွေးတွေမည်းပြီး နှာခေါင်းကျိုးနေပေမယ့် မင်းကို ဒီက လူတိုင်းက မှတ်မိမှာ "
ရထားလမ်းအနီးရှိ တစ်ပတ်ရစ်ကားများ ရောင်းသောနေရာခြံဝင်းထဲ၌ သူတို့ စီးလာသော ထရပ်ကားကို ရပ်ထားခဲ့ပြီး သော့ကို ဖင်ထိုင်ခုံအောက်၌ ထားခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက် စတင်ဒါ အိမ် အရောက် တစ်မိုင်ခရီးကို လမ်းလျှောက်သွားကြသည်။ လမ်းများတွင် လူသူရှင်းနေသည်။ တစ်ထပ်အိမ် လေး များထဲမှာ တစ်လုံးမှာ စတင်ဒါ့အိမ်ဖြစ်သည်။
စတင်ဒါက မင်းဖရက်အား အိမ်နောက်ဖေးပေါက်မှနေ၍ မီးဖိုထဲသို့ခေါ်သွားသည်။ မီးဖိုခန်းစားပွဲ၌ ထိုင်နေ သော မြင်နေကျ သဏ္ဍန်တစ်ခုက သူတို့အားဆီးကြိုရန် ထိုင်ရာမှထလိုက်သည်။
" ဦးလေးသရွန့် "
မင်းဖရက်က လှမ်းခေါ်လိုက်သည်။ ဦးလေးကို လက်ကမ်းပြီး ရင်စောင့်ကြိုနေရာ မင်းဖရက်က သူ့ရင်ခွင် ထဲ သို့ ပြေးဝင်သည်။
" မင်းက ဒီမုတ်ဆိတ်မွေးနဲ့ဆိုတော့ လူဆိုးလူတေ လူပေတစ်ယောက်နဲ့ တူနေတယ်၊ မင်းနှာခေါင်းမှာ အမေရိကန် လက်ဝှေ့သမား က သေရာပါတဲ့ တံဆိပ်ခတ်နှိပ်ပေးလိုက်တာကိုးကွ" ဦးလေး ရယ်ရယ် မောမော နှင့် ပြောလိုက်သည်။
မင်းဖရက်က ဦးလေး ပခုံးပေါ်မှကျော်ပြီး လှမ်းကြည့်လိုက်ရာ မိးဖိုအ၀င်တံခါးဝတွင် မိန်းမတစ်ယောက် ရပ်နေသည် ကို တွေ့ရသည်။ မိန်းကလေးတစ်ယောက်ဟု မထင်ဘဲ ဘာ့ကြောင့် မိန်းမကြီးတစ်ယောက်ဟု သူ ထင်မိပါလိမ့်။ သူမ မျက်နှာက ၀မ်းနည်းမှုဖြင့် တည်ကြည်နေသည်။ သူ့အမူအရာတွင် ပျော်ရွှင်ခြင်း ကင်း နေသည်။
" ဆာရာ ... "
မင်းဖရက် က ဦးလေးသရွန့်ဆီမှခွာပြီး သူမဆီသို့သွားသည်။
" နေလို့ကောင်းရဲ့လား ငါ့ညီမလေး "
" ကျွန်မ ဘယ်တုန်းကမှ ရှင့်ညီမလေး မဟုတ်ဘူး မင်းဖရက်၊ ဒါပေမယ့် ကျွန်မ သိပ်ကို နေကောင်း ပါတယ်၊ ကျေးဇူးပါပဲ "
ဆာရာ က မင်းဖရက်အား ပျူပျူငှာငှာပွေ့ဖက်နှုတ်ဆက်ခြင်း အလျှင်းမရှိ၊ သူမ၏ အေးတိအေးစက်ဖြင့် ကြိုဆို မှုကြောင့် မင်းဖရက် စိတ်ထိခိုက်သွားရသည်။
" မင်း ပျော်ရဲ့လား ... ဆာရာ "
" ကျွန်မ မှာ လင်ကောင်းတစ်ယောက်နဲ့ ချစ်စရာလေးသုံးယောက် ရှိနေပြီပဲ " ဆာရာက ထိုမျှသာ ပြန်ဖြေပြီး စတင်ဒါ ဘက်သို့လှည့်ကြည့်ကာ ပြောလိုက်သည်။
" ရှင် ဆာနေရောပေါ့၊ ထိုင်လေ၊ ကျွန်မ ရှင်တို့အတွက် မနက်စာပြင်လိုက်ဦးမယ်၊ စကားပြောနေကြပေါ့ "
ယောက်ျား သုံးယောက်က မီးဖိုစားပွဲ၌ ထိုင်လိုက်ကြသည်။ ဆာရာက မီးဖိုသို့သွားကာ ကြက်ဥကြော်နေ သည်။ မင်းဖရက်သည် အတိန်ကို ပြန်သတိရကာ စိတ်မကောင်းဖြစ်နေသည်။ ပြီးမှ အခြားနှစ်ယောက် ပြော သောစကားကို လှည့်ပြီးအာရုံစိုက်လိုက်သည်။
" သတင်းတွေကတော့ အားလုံးကောင်းတယ်၊ ဒန်းကက်မှာ ဗြိတိသျှတွေ ပြိုကွဲသွားပြီး ပြင်သစ်လဲကျသွား ပြီ၊ နယ်သာလန်အလှည့် လာတော့မယ်၊ အတ္တလန္တိတ်တိုက်ပွဲမှာ ဂျာမန် ရေငုပ်သင်္ဘောတွေ အောင်ပွဲဆင် နေတယ်၊ မြောက်အာဖရိကမှာလဲ အီတလီတွေနိုင်နေတယ် "
" ဦးလေးဟာ ကျွန်တော်တို့အဖွဲ့သား တစ်ယောက်ဆိုတာ ကျွန်တော်မသိခဲ့ဘူး မင်းဖရက်က စကားဖြတ် ပြောလိုက်သည်။
" ဟုတ်တယ် ငါ့သား၊ ငါလဲ မင်းတို့လိုပဲ မျိုးချစ် တစ်ယောက်ပါ၊ ငါတို့ အော်ဆီဝါဘရင်းဝစ် အဖွဲ့ဟာ အခု လူအင်အား လေးသောင်း ရှိနေပြီ၊ သြဇာအာဏာရှိတဲ့ ရာထူးရှိတဲ့လူတွေ အများကြီးပါတယ်၊ ဂျန်စမတ်က သူ့တပ်သား အင်္ဂလိပ်ချစ်သူ တစ်သိန်းခြောက်သောင်း ကို ပြည်ပလွှတ်ပြီး စစ်တိုက်ခိုင်းနေချိန်မှာ ငါတို့ အင် အားက ပိုခိုင်မှာလာတယ်၊ သူ့ကို ငါတို့ သနားစရာအကြောင်း မရှိပါဘူးကွာ "
" မင်းရောက်လာတာ ငါတို့ခေါင်းဆောင်တွေသိတယ်မာနီ " ဟစ်တလာဆိက အကြောင်းကြားချက်ကို မင်းယူလာတယ်ဆိုတာလဲ သူတို့သိတယ်၊ သူတို့က မင်းနဲ့ သိပ်တွေ့ချင်နေကြတာကွ "
" ဒါဖြင့် အမြန်ဆုံးတွေ့ဖို့ မင်း စီစဉ်ပေးမလား၊ လုပ်စရာအလုပ်တွေ အများကြီးရှိတယ်၊ ဂုဏ်ရှိတဲ့ အလုပ် တွေ မင်းဖရက်က မေးလိုက်သည်။
ဆာရာ သည် မီးဖိုတွင်ရပ်ကာ ကြက်ဥ ကြော်နေသည်။ ကြက်ဥတစ်လုံးကိုဖောက်ပြီး ဒယ်အိုးထဲ ထည့်လိုက် ရင်း တွေးနေမိသည်။
" ငါ့ဘ၀မှာ ၀မ်းနည်းမှုနဲ့ ခံစားရမှုတွေဖြစ်အောင် သူပြန်ရောက်လာပြန်တာပဲ၊ ငါက ကြက်နေပြီလို့ထင်တဲ့ အသည်း က ဒဏ်ရာတွေဟာ သူ့စကားတွေ၊ သူ့အကြည့်တွေနဲ့ သူ့အမူအရာတွေကြောင့် အနာသစ်တွေ ပြန်ဖြစ် ရတယ်၊ ငါ့ရဲ့ ကျန်ရှိနေတဲ့ဘ၀ကလေးကို သူဖျက်ဆီးဖို့ လာတာပါပဲကလား၊ စတင်ဒါကတော့ သူ့ နောက်ကို မိုက်မိုက်မဲမဲ မျက်ကန်းတစ္ဆေမကြောက်လိုက်တော့မှာပဲ၊ ငါ့ယောက်ျားနဲ့ ငါ့ကလေးတွေကို အန္တ ရာယ် ပေးဖို့ သူလာတာပဲ ... "
မင်းဖရက်အပေါ် ဆာရာ၏ အမုန်းတရားသည် ပိုမိုကြီးမားခါးသီးလာရသည်။
မင်းဖရက် တစ်ယောက်တည်း ခရီးထွက်သည်။ အတားအဆီး အစစ်အဆေးမရှိဘဲ လွတ်လွတ်လပ်လပ် သွားလို့ ရသည်။ တောင်အာဖရိကနိုင်ငံသည် ဒုတိယကမ္ဘာစစ်၏ အလယ်ဗဟိုချက်မနှင့်အလှမ်းကွာသဖြင့် ကုန်ပစ္စည်း များ လျော့နည်းပြတ်လပ်ခြင်းလည်းမရှိပေ။
မင်းဖရက်သည် ခရီးဆောင်သေတ္တာလေး တစ်လုံးဖြင့်ပင် ဘလွန်ဖောင်တိန်မြို့သို့ ရထားဖြင့်သွားသည်။ ထိုညမို့သည် " အော်ရိန်ဖရီး" ပြည်နယ်၏ မြို့တော်ဖြစ်သည်။
တစ်ခုတော့ အံ့သြစရာကောင်းသည်မှာ လက်ရှိ ရွေးချယ်တင်မြှောက်ထားသော အစိုးရအား တော်လှန် ဖြိုဖျက် မည့် အစည်းအဝေးကို အာတယ်လာရီတောင်ကုန်း အောက်ခြေရှိ ပြည်နယ်အဆောက်အအုံ၌ ကျင်းပခြင်း ပင်ဖြစ်သည်။ မင်းဖရက်က ပြည်နယ်အုပ်ချုပ်ရေးမှူးအခန်းထဲသို့ ၀င်သွားသောအခါ သူတို့၏ လျှို့ဝှက် အဖွဲ့အစည်းမည်မျှ သြဇာအာဏာဖြန့်ကြက်ထားနိုင်ကြောင်း သိရသည်။
အဖွဲ့၏ တပ်မှူးက သူ့အား အခန်းဝအထိ လာကြိုသည်။ မင်းဖရက်အား သွေးသစ္စာ တိုင်ပွဲပြုလုပ် ပေးချိန်က နှင့် ယှဉ်လျှင် သူ့ပုံပန်းမှာ အနည်းငယ် ပြောင်းလဲသွားသည်။ ယခု သူသည် အရပ်သား ရိုးရိုးဝတ်စုံ ကို ၀တ် ထားသည် သူက မင်းဖရက်အား လှိုက်လှိုက်လှဲလှဲကြိုဆိုသည်။ အားပါးတရ ပြုံးပြသည်။
" ငါ မင်းကိုမျှော်နေတာ ညီအစ်ကိုတော်၊ ငါတို့နှစ်ယောက် ပထမဆုံးတွေ့ခဲ့ပြီး နောက်ပိုင်းမှာ မင်းရဲ့ အောင် မြင်မှုတွေကို ဦးစွာ ချီးကျူးပါရစေဦး၊ အခုအထိ မင်း စွမ်းဆောင်တာကတော့ တကယ့် ထူးခြားတဲ့ လုပ်ရပ် တွေပဲ "
ခေါင်းဆောင် က မင်းဖရက်အား အခန်းထဲသို့ ခေါ်သွားပြီး စားပွဲရှည်ကြီး၌ ထိုင်နေသော လူငါးယောက်နှင့် မိတ်ဆက် ပေးသည်။
" ဒီအခန်းထဲက လူအားလုံးဟာ သွေးသစ္စာတိုင်ထားတဲ့သူချည်းပဲ၊ ဒီတော့ လွတ်လွတ်လပ်လပ် ပွင့်ပွင့် လင်း လင်း ပြောနိုင်တယ် "
ခေါင်းဆောင် က မင်းဖရက်အား ပြောလိုက်သည်။ ညီအစ်ကိုတော်အဖွဲ့၏ အမြင့်ဆုံးကောင်စီအား မိမိစကား ပြောရမည်ကို မင်းဖရက်သိလိုက်သည်။ မင်းဖရက်က တပ်မှူးနှင့် အဖွဲ့သားများနှင့် မျက်နှာချင်း ဆိုင် နေရာ ၌ ၀င်ထိုင်ပြီး ပြောလိုက်သည်။
" လူကြီးမင်းများခင်ဗျား ဂျာမန် ပြည်သူများရဲ့ ခေါင်းဆောင် ဟစ်တလာကိုယ်တိုင်ကနေ ပါးတဲ့ နှုတ်ခွန်းဆက် သ၀ဏ်လွှာကို ကျွန်တော် ယူလာပါတယ်၊ ဂျာမန်နိုင်ငံရဲ့ အာဖရိကဖွား လူဖြူများ အကြား အစဉ်အမြဲ တည်ရှိနေတဲ့ ချစ်ကြည်ရေး ပိုမိုခိုင်မာစေရမယ်လို့ ဟစ်တလာက အာမခံချက်ပေးလိုက် ပါတယ်၊ ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ အခွင့်အရေးတွေ ပြန်ရဖို့ ကြိုးစားရာမှာလဲ ကျွန်တော်တို့ရဲ့ တိုက်ပွဲကို ထောက်ခံ အားပေးပါမယ်လို့ ပြောပါတယ် "
မင်းဖရက် က အားမာန်အပြည့်ဖြင့် အကြောင်းအကျိုး ဆီလျော်စွာ ပြောနေသည်။ ဂျာမနီ၌ရှိစဉ်ကပင် ၀ါဒဖြန့်ချိရေး ဌာနက ထိုသို့ပြောနိုင်ရန် အချက်အလက်များ စုဆောင်းပေးပြီး အပြောအဆို လေယူ လေသိမ်း ပါလေ့ကျင့်ပေးခဲ့သည်။
" ဒီနိုင်ငံမှာရှိတဲ့ စစ်တိုက်နိုင်တဲ့ အရွယ် လူအားလုံးဟာ မြောက်ဘက်စစ်မျက်နှာကို ရောက်နေကြတာလဲ ဟစ်တလာ သိတယ်၊ ခန့်မှန်းခြေ လူတစ်သိန်း ခြောက်သောင်းခန့် ရှိမယ် ဒီအချက်ဟာ ကျွန်တော်တို့ ဦးတည်ချက် ကို အကောင်အထည်ဖော်ရာမှာ လွယ်ကူစေမယ့် အချက်ပဲ "
" ပြင်ပပုဂ္ဂလိ တွေဆီမှာရှိတဲ့ လက်နက်တွေအားလုံးက ဂျန်စမတ်အစိုးရက ယူထားပြီးနေပြီ၊ အမဲလိုက်ရိုင် ဖယ်နဲ့ ပြောင်းတွေပါမကျန်ဘူး၊ လက်နက်မရှိရင် ပုန်ကန်လို့ရမှာ မဟ်ုတ်ဘူး ကောင်စီဝင်တစ်ဦးက ဖြတ် ပြောလိုက်သည်။
" ပြဿနာ ရဲ့ ဗဟိုချက်မကို ခင်ဗျားတို့မြင်နေပြီပဲ၊ ကျွန်တော်တို့လုပ်ငန်းအောင်မြင်ဖို့အတွက် ငွေနဲ့လက် နက်လိုတယ်၊ အဲဒါတွေ ကျွန်တော်တို့ရလိမ့်မယ်" မင်းဖရက်က ပြောသည်။
" ဂျာမန်တွေက ကျွန်တော်တို့ကို အဲဒါတွေပို့ပေးမှာလား "
" ဟင့်အင်း ... မပို့ဘူး၊ ပို့ဖို့စဉ်းစားသေးတယ်၊ ဒါပေမယ့် ပယ်ချလိုက်တယ်၊ ပို့ရမှာက ခရီးက သိပ်ဝေးနေ တယ်၊ ဆိပ်ကမ်းတွေအားလုံးမှာ သူတို့က အစောင့်အကြပ်တွေအပြည့် ချထားတာ၊ လက်နက်အမြောက် အများကို ကမ်းရိုးတန်း ပို့ပေးပြီး သယ်ယူပို့ဆောင်တာလဲ မလွယ်ဘူး၊ ဒါပေမယ့် ဆိပ်ကမ်းတွေကို ကျွန်တော်တို့က ထိန်းချုပ်နိုင်တာနဲ့တစ်ပြိုင်နက် ၈ျာမန်ရေငုပ်သင်္ဘောတွေနဲ့ လက်နက်ကြီးတွေ ပို့ ပေးလိုက် မယ်၊ အပြန်အလှန်အားဖြင့် ကျွန်တော်တို့ ဆိပ်ကမ်းတွေကို ဂျာမန်ရေငုပ်သင်္ဘောတွေ ၀င်ထွက် ဆိုက်ကပ် နိုင်ဖို့ ဖွင့်ပေးရမယ်၊ ဂွတ်ဟုပ်အငူဘက်လမ်းကနေ ဗြိတိသျှတွေ သွားခွင့်မပေးဘဲ တားမြစ် ပိတ်ပင် ပေးရ လိမ့်မယ် "
" ဒါဖြင့် ပုန်ကန်ထကြွဖို့အတွက် လိုအပ်တဲ့လက်နက်တွေ ဘယ်ကရမလဲ "
" ဂျန်စမတ်ဆီကပေါ့ "
မင်းဖရက်အဖြေကြောင့် ကျန်လူများ မအီမသာ ဖြစ်သွားသည်။ တစ်ယောက်မျက်နှာတစ်ယောက် သံသယဖြင့် လုပ်ကြည့်ကြသည်။
" ခင်ဗျားတို့ သဘောတူမယ်ဆိုရင် ကျွန်တော် လက်ရွေးစဉ်လူတစ်စုကို ရွေးပြီးလေ့ကျင့်ပေးမယ်၊ အဲဒီအဖွဲ့ နဲ့ ကျွန်တော်အစိုးရရဲ့ လက်နက်ခဲယမ်း မီးကျောက်တိုက်တွေကို ၀င်စီးမယ်၊ ငွေရအောင်လဲ ဘဏ်တွေ ၀င်စီးမယ် "
အလွန်ရဲဝံ့လှသော အကြံအစည်ကြီးကြောင့် ကျန်လူအားလုံး အံ့အားသင့်သွားသည်။ သူတို့က ငြိမ်ပြီး မင်းဖရက်အား စိုက်ကြည့်နေသည်။ မင်းဖရက်က ဆက်ပြောသည်။
" ကျွန်တော်တို့ အမြန်ဆုံး၊ အရဲရင့်ဆုံးနဲ့ အရက်စက်ဆုံး လုပ်ရမယ်၊ လက်နက်တွေသိမ်းယူပြီး ကျွန်တော် တို့ လူတွေကို ဖြန့်ဖြူးထားရမယ်၊ အချက်ပေးလိုက်တာနဲပတစ်ပိုင်နက် ပုန်ကန်ထကြွရမယ်၊ ကျွန်တော်တို့ရဲ့ မျိုးချစ်လူအင်အားလေးသောင်းနဲ့ အာဏာနဲ့ စစ်တပ်တွေ၊ ဆက်သွယ်ရေး၊ အချက်အချာ နေရာတွေ၊ ရထားလမ်းတွေ ဆိပ်ကမ်းတွေပေါ့၊ အဲဒီနေရာတွေမှာ အခုတည်းက ကျွန်တော်တို့ လူတွေ ရှိနေပြီပဲ၊ ကြိုတင် စီစဉ်ထားတဲ့အတိုင်း အချက်ပြလိုက်ရင် တစ်ပြိုင်တည်းဝင်စီးပြီး သိမ်းပိုက်ဖို့ပဲ "
" အဲဒီအချက်ပြတာ က ဘယ်လိုပြမှာလဲ " အိုဘီအဖွဲ့၏ တပ်မှူးက မေးလိုက်သည်။
" တစ်နိုင်ငံလုံး တုန်လှုပ်သွားတဲ့ ဖြစ်ရပ်မျိုးတစ်ခုပေါ်လာလိမ့်မယ်၊ အဲဒါမျိုးပဲပေါ့၊ အခုပြောဖို့ကတော့ အချိန် သိပ်စောနေသေးလို့ပါ၊ ဘယ်လိုအချက်ပြမှုမျိုးဆိုတာရယ်၊ ဘယ်သူက အချက်ပြမယ်ဆိုတာရယ်ကို ရွေးရ ဦးမယ် "
မင်းဖရက်က ခေါင်းဆောင်အား လေးလေးစားစား လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။
" ဒီအလုပ်ကို ကျွန်တော် လုပ်ပါမယ်၊ ကျွန်တော့်ကို အဘက်ဘက်က လေ့ကျင့်ပေးလိုက်ပါတယ်၊ ဘယ်သူ့ အထောက်အကူမှမယူဘဲ ကျွန်တော်တစ်ယောက်တည်း လုပ်ပါမယ်၊ အဲဒါ ပြီးတာနဲ့ အချက်အချာ နေရာ တွေ ၀င်စီး ဖို့က လူကြီးမင်းတို့တာဝန်ပါ၊ ပြီးရင် ကျွန်တော်တို့က အောင်ပွဲခံနေတဲ့ ဂျာမန်တပ်မတော်ကို ထောက်ခံ အားပေးဖို့ပါပဲ၊ တစ်ပြိုင်တည်းမှာပဲ ကျွန်တော်တို့ရန်သူတွေက ကျွန်တော်တို့ကို မပေးခဲ့တဲ့ ကြီးကျယ် မြင့်မြတ်မှု ကို ကျွန်တော်တို့လူတွေ ရရှိအောင် လုပ်ဖို့ပါပဲ "
မင်းဖရက် ၏ အစီအစဉ်အားလုံးကို လူကြီးများက သဘောတူထောက်ခံကာ ဆက်လုပ်ခွင့်ပေးလိုက်သည်။
ဆက်ရန်
.
No comments:
Post a Comment