Tuesday, January 10, 2012

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၄၇)

(၄၇)

ဒေးဗစ်အေဘရာဟင်နှင့် မယ်တီဒါဂျနိုင်းတို့ ချစ်ကြိုက်နေကြရာ နောက်ဆုံးသမီးအလိုကျ ဖခင်ဖြစ်သူ မယ်လကွန် က လက်ထပ်ခွင့်ပေးလိုက်ရသည်။
လက်ထပ်ပွဲ ကို ဘလိန်းမယ်လကွန်၏ အိမ်တွင် ပြုလုပ်သည်။ ဟိုလက်ထပ်ပွဲတွင် ရှာဆာနှင့်တာရာတို့ ပြန် လည်သင့်မြတ်လာသည်။ ဘာလင်အိုလံပစ်ပွဲ ကျင်းပပြီးခဲ့ပြီးနောက် ယခုအထိ နှစ်နှစ်တာ ကာလ အတွင်း ရှာဆာနှင့် တာရာတို့၏ ဆက်ဆံရေးသည် တစ်ခါတစ်ရံနေသာလိုက် တစ်ခါတစ်ရံ မုန်တိုင်း ထန်လိုက် နှင့် ဆိုသလိုဖြစ်နေသည်။
ပြဿနာရပ်တိုင်း၊ ကိစ္စရပ်တိုင်းတွင် တစ်ယောက်နှင့် တစ်ယောက် အမြင်ချင်းဝိရောဓိဖြစ်နေသည်။ အခြေခံ အားဖြင့် တာရာက လက်ဝဲအယူအဆရှိပြီး၊ ရှာဆာက လက်ျာအရင်းရှင်သမားများဖြစ်သည်။ အထူး သဖြင့် နိုင်ငံရေးတွင် အယူအဆချင်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။

တောင်အာဖရိကနိုင်ငံတွင် အခွင့်ထူးခံ အုပ်ချုပ်သူ လူဖြူလူတန်းစားတို့နှင့်ပတ်သက်၍ တာရာ၌ ပြောစရာ အချက်အလက်များ တစ်ပုံတစ်ပင်ရှိနေသည်။ ချမ်းသာသော မိခင်၏ တစ်ဦးတည်းသောသား၊ ဥစ္စာပေါရုပ် ချော ရှာဆာ ၌ ပိုလိုကစားသော မြင်း ၁၅ ကောင်၊ ဗြိတိသျှလုပ် ပြိုင်ကား ဂျက်ဂွာနှင့် အပျော်စီး လေယာဉ် တိုင်ဂါးမို့ သံတို့ဖြင့် ပျော်ပါးကစားနေချိန်၌ လူမည်းကလေးငယ် ထောင်ပေါင်းများစွာတို့သည် အငတ်ငတ် အပြတ်ပြတ် ဖြစ်ပြီး အဟာရချို့ တဲ့ကာ ရောဂါဘယ ဖိစိးခံနေရကြောင်း တာရာက နှိုင်းယှဉ် ပြသည်။

အားကစားဟု ကင်ပွန်းတပ်ကာ အပြစ်မဲ့ပြီး လှပသော တိရစ္ဆာန်များ၊ ငှက်များကို သတ်ဖြတ်သည့် တော လိုက် မုဆိုးအလုပ်ကိုလည်း တာရာက အပြစ်တင်ရှုံ့ချသည်။
ရှာဆာ ကလည်း တာရာကဲ့သို့ ချောမောလှသူ ၀န်ကြီးသမီး တစ်ယောက်က ပစ္စည်းမဲ့ တစ်ယောက်၏ သမီးပျို ကဲ့သို့ ယူဆပြောဆိုပြုမူနေသည်ကို ဘ၀င်မကျနိုင်ဘဲ ဖြစ်နေသည်။ ခေတ်ပညာသင် လူငယ် များက ဆင်းရဲ သားရပ်ကွက်များ၌ အချိန်ဖြုန်းနေသည်ကိုလည်း နားမလည်ပေ။ အထူးသဖြင့် လက်ဝဲ အယူအဆ ရှိသူ ဆေး ကျောင်းသားများ၊ ဆရာဝန်ပေါက်စများနှင့်အတူ တာရာက လုပ်အားပေး သူနာပြု ဆရာမ အဖြစ် လုပ်ကိုင်ကာ ရောဂါကူးစက်နိုင်သော လူမည်းလူနာများအား ပြုစုပေးနေသည်ကို မကျေမနပ် ဖြစ်နေသည်။ ထိုလူနာများ ကား ဆင်းရဲမွဲတေခြင်းနှင့် အပစ်ပယ်ခံထားရခြင်းတို့၏ ရလဒ်များ အဖြစ် အဆုတ်ရောဂါ၊ ဆစ်ဖလစ်ရောဂါ။ ၀မ်းဖောဝမ်းရောင်ရောဂါနှင့် အရက်စွဲဝေဒနာရှင် များဖြစ်ကြ သည်။

လွန်ခဲ့သော နှစ်လက သူတို့နှစ်ယောက် အယူအဆရေး ပြဿနာစကားများခဲ့ပြီး မတွေ့ဘဲနေခဲ့သည်။ ရှာ ဆာသည် ဟာနီသတ္တုတွင်း၌ အလုပ်များနေသည်။ စိတ်ကို အလုပ်ထဲ၌ မြှုပ်ထားခဲ့သော်လည်း တာရာ ပုံရိပ် က မဖိတ်မခေါ်ဘဲ ရောက်လာသည်။ ထို့ကြောင့် သူမကို မေ့ပျောက်သွားရန် အမဲလိုက် ထွက်ပစ် လိုက်သည်။

ဒေးဗစ် နှင့် မယ်တီဒါတို့ မင်္ဂလာဆောင်၌ သူတို့ ပြန်တွေ့ကြသည်။ တာရာ့ဘေးမှလူကို ရှာဆာ သိနေသည်။ ထိုလူ့အကြောင်းကို တစ်ချိန်က တာရာပြောခဲ့ဖူးသည်။ သူ့နာမည်က ဟူးဘတ်လန်ဂလေ၊ သူ့ အရပ်က တာရာထက် တစ်လက်မခန့်ပုသည်။ သတ္တုကိုင်းမျက်မှန်တပ်သည်။ တက္ကသိုလ်၌ လူမှု့ရေးဗေဒကို ပို့ချသူ ဆရာဝန်တစ်ဦးဖြစ်သည်။ သို့သော် သူသည် ကွန်မြူနစ် ပါတီဝင် တစ်ဦးဖြစ်သည်။
ယခု သူတို့နှစ်ယောက် နောက်ဆုံးပြန်လည် သင့်မြတ်နေသည်မှာ လေးလရှိပြီဖြစ်သည်။ ရှာဆာက တာရာ အား တရားဝင် လက်ထပ်ခွင့်တောင်းလိုက်သည်။

" မင်းကို ငါလက်ထပ်ပါရစေ၊ မင်းမရှိပဲ ငါမနေနိုင်တော့ဘူး "
" မိုက်ရူးမရဲချင်ပါနဲ့ ရှာဆာရယ်၊ ရှင်နဲ့ ကျွန်မက သဘောထားချင်း အခြေခံအယူအဆချင်း လုံးဝ မတူကြ ပါဘူး"
" မဟုတ်သေးဘူးလေ၊ တို့နှစ်ယောက်စလုံးဟာ နောက်ခံအကြောင်းချင်းတူကြတယ်၊ ဘာသာစကားချင်း တူကြတယ်၊ တူညီတဲ့ ဟာသချင်းပြောပြီး အတူတူရယ်ကြတာပဲ "
" ဒါပေမယ့် ရှင်က ဘာမှ အလေးအနက်မထားတာ "

" ငါ ပါလီမန် အမတ်ဖြစ်ဖို့ စီစဉ်နေတယ်ဆိုတာ မင်း သိပါတယ် "
" ဒါက ရှင့်ဘ၀လုပ်ငန်း အတွက် ဆုံးဖြတ်ချက်ပဲ၊ အသည်းနှလုံးကိစ္စမဟုတ်ဘူး၊ ဆင်းရဲသားတွေကို ဂရုစိုက် တဲ့ ကိစ္စမဟုတ်ဘူး၊ အားကိုးရာမဲ့တွေကို ကူညီတဲ့ကိစ္စမဟုတ်ဘူး "
" ငါ ဆင်းရဲသားတွေကို အလေးထားပါတယ် "
" ရှင် တကယ် အလေးထားတာက ရှာဆာကုတ်နေ ဆိုတဲ့ရှင့်ကိုယ်ရှင်ပါ၊ ဆင်းရဲသားတွေအပေါ် ရှင်ပိုလို ကစား တဲ့ မြင်းတွေလောက်တောင် အလေးမထားပါဘူး "
" မင်း အဖေလဲ မြင်းတွေနဲ့ ပိုလို ကစားတာပါပဲ "

" ရှင် ကျွန်မ အဖေနဲ့နှိုင်းမပြောနဲ့ ဖေဖေက ဒီနိုင်ငံက လူမည်းတွေနဲ့ တခြားလူဖြူမဟုတ်တဲ့ လူတွေ အတွက် အများကြီး လုပ်ပေးခဲ့တယ် "
ရှာဆာက တာရာအား လက်ပြပြီး တားလိုက်ကာ ပြောလိုက်သည်။
" ဒီမှာ တာရာ၊ ငါဟာ ဘလိန်းမယ်လကွန်ကို စိတ်အားအထက်သန်ဆုံး ချီးကျူးအတုခိုးနေတဲ့လူပါ၊ ငါ သူ့ကို စော်ကားပြီး နှိုင်းယှဉ်ပြောတာ မဟုတ်ပါဘူး၊ မင်းငါ့ကို လက်ထပ်ဖို့ ငါရိုးရိုးလေး ကြိုးစားနေတာပါ "
" ရှင့်ကြိုးပမ်းချက် အရာထင်မယ်မထင်ဘူး၊ ကျွန်မရဲ့ မယိုင်မလဲ ခိုင်မြဲတဲ့ယုံကြည်ချက်တစ်ရပ်ကတော့ ဒီနိုင်ငံ ရဲ့ ကြီးမားကျယ်ပျံ့တဲ့ ကြွယ်ဝမှုကို ပြန်လည်ခွဲဝေဖြန့်ဖြူးရမယ်၊ ချမ်းသာကြွယ်ဝမှုတွေကို ကုတ်နေ တို့၊ အိုဝင်ဟီးမား တို့ဆီက ဖယ်ရှားပစ်ရမယ် "

" ဒီစကားတွေဟာ တာရာမယ်လကွန့်စကားတွေ မဟုတ်ပါဘူး၊ ဟူးဘတ်လန်ဂလေစကာတွေပါ၊ မင်းရဲ့  ကွန်မြူနစ်မိတ်ဆွေဟာ သူများ ချမ်းသာပြီးသားတွေကို ပြန်လည် ခွဲဝေဖို့ထက် အသစ်ထပ်ပြီး ချမ်းသာ လာဖို့ ဘယ်လိုလုပ်မလဲဆိုတာ တွေးသင့်တယ်၊ ကုတ်နေတို့ အိုပင်ဟီးမားတို့မှာ ရှိသမျှ ချမ်းသာတာ တွေကိုယူပြီး တစ်နိုင်ငံလုံးကို အညီအမျှ ခွဲဝေလိုက်ပြီး ဆိုပါစို့၊ လူတိုင်းအတွက် တစ်နပ်စာလောက်တော့ ၀၀ စားရမှာ ပေါ့၊ အဲ ... အဲ့ဒီနောက် ၂၄ နာရီကြာလာရင် ကုတ်နေတို့ အိုဝင်ဟီးမာ်းတို့ အပါအ၀င် အားလုံး ငတ်ကြမှာပဲ"
" ရှင်ကတော့ ရှင်တစ်ယောက်က လွဲရင်၊ ကျန်တဲ့ လူတွေ ငတ်တာကိုကြည့်ပြီး ပျော်နေမယ့်လူပါ "
ရှာဆာ က တန်ပြန်ထိုးနှက်ရန် စိတ်ကူးလိုက်ပြီးမှ စိတ်ကို လျှော့လိုက်သည်။

" တကယ်လို့ မင်းနဲ့ငါ လက်ထပ်လိုက်ပြီဆိုရင်၊ မင်းငါ့အပေါ်မှာ သြဇာလွှမ်းမိုးလာနိုင်မှာပေါ့၊ မင်းရဲ့ အယူအဆ အတွေးအခေါ်တွေအတွက် ငါ့ကို သွေးဆောင်စည်းရုံးလာနိုင်မှာပေါ့ "
" ရှင်ဟာလေ တော်တော်ကလိမ်ဥာဏ်များတဲ့ အရင်းရှင်ကျွန်မက ရှင့်ကိုယူပြီးမှ စည်းရုံးရမယ်တဲ့လား၊ တော်တော်မျှတ တဲ့တိုက်ပွဲပဲ၊ ရှင် ဘာလိုချင်နေတယ်ဆိုတာ ဒီက သိနေတယ်လေ"
" ကဲပါ ထားလိုက်ပါဦး၊ မင်း ငါ့မေးခွန်းကို မဖြေသေးဘူး ကဲ ... မင်း ငါ့ကို လက်ထပ်မလား "
" မနက်ဖြန်မနက် ၉ နာရီ ကျွန်မ ကျောင်းမျာ စာစီစာကုံး တစ်ပုဒ်တင်စရာရှိတယ်၊ ပြီးတော့ ဒီညနေ ၆ နာရီမှာလဲ ဆေးခန်းသွားပြီး လုပ်အားပေးရဦးမယ်၊ ကဲ ... ဒီတော့ ကျွန်မကို အိမ်လိုက်ပို့တော့ "
" လက်ခံမှာလား၊ ငြင်းမှာလား "

" ရှင့်ရဲ့ လူမှုအသိစိတ်ဓာတ် ဘယ်လောက်တိုးတက်ကျယ်ပြန့်လာတယ်ဆိုတာကို  အကဲဖြတ်ပြီးမှ အဖြေပေး လို့ရမယ်၊ အဲ ... တစ်ခုသေချာတာကတော့ ကျွန်မ မဟာဘွဲ့မရခင်တော့ မဖြစ်နိုင်သေးဘူး "
" ဒါဖြင့် နောက်နှစ်နှစ်စောင့်ရဦးမှာပေါ့ "
" ၁၈ လတည်းပါနော်၊ အဲဒီကျရင်တော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ ပြောတာနော်၊ ဖြစ်မယ်လို့ ကတိပေးတာ မဟုတ်ဘူး"
" ဒီလောက်အကြာကြီး ငါစောင့်နိုင်ပါ့မလားကွာ "
ထို့နောက်သုံးရက် အကြာတွင် ရှာဆာဆီသို့ တယ်လီဖုန်းလာသည်။ သူ့အမေနှင့်အတူ လုပ်ငန်းသစ် ချဲ့ထွင်ရေး အစည်းအဝေးထိုင်နေချိန်ဖြစ်သည်။ စင်တိန့်အတွင်းရေးမှူးတစ်ယောက်က အခန်းထဲ ၀င်လာပြီး သတင်းပို့သည်။

" မစ်စတာရှာဆာအတွက် တယ်လီဖုန်းလာနေပါတယ် "
" ဒီမှာ အလုပ်များနေတယ်၊ တစ်ဘက်ကပြောတာ မှတ်ထားလိုက်ပါ၊ ကျွန်တော် နောက်မှ တယ်လီဖုန်း ပြန်ဆက်လို့ ပြောလိုက်ပါ " ရှာဆာက ငုံ့ပြီး အလုပ်လုပ်နေရာက မော့ပင်မကြည့်ဘဲ ပြောလိုက်သည်။
" တယ်လီဖုန်း ဆက်တဲ့လူက မစ္စတာရာပါ၊ သိပ်အရေးကြီးတယ်လို့ ဆိုပါတယ် "
ရှာဆာ က သူ့မိခင်ကို ရှက်ကိုးရှက်ကန်းဖြင့် လှမ်းကြည့်လိုက်သည်။ စင်တိန်၏ အခြေခံမူဝါဒမှာ အလုပ် သည်သာ ပထမ၊ အလုပ်သည်သာ အဓိက၊ လူမှုရေးကိစ္စများနှင့် အားကစားကိစ္စများကို အလုပ်နှင့် မရောယှက် စေရန် သတိပေးထားသည်။ သို့ရာတွင် ယခုအကြိမ်တွင်မူ စင်တိန်က သူ့သားကို ခေါင်းညိတ် ပြပြီး ခွင့်ပြုလိုက်သည်။

" သိပ်မကြာစေရပါဘူး မေမေ "
ရှာဆာ ခပ်သုတ်သုတ်ထွက်သွားပြီး စက္ကန့်ပိုင်းအတွင်းပင် ပြန်ရောက်လာသည်။ ရှာဆာ၏ မျက်နှာ အမူအရာကို တွေ့သောအခါ စင်တိန်ထိုင်ရာမှ ရုတ်ခနဲထလိုက်ပြီး မေးလိုက်သည်။
" ဘာဖြစ်လို့လဲသား "
" တာရာ ... တာရာ ... "
" သူမ ဘာဖြစ်လို့လဲ "
" အချုပ်ခန်းထဲ ရောက်နေတယ် "

တောင်အာဖရိကနိုင်ငံ၏ အသားအရောင်ခွဲခြားမှု၊ လူမျိုးရေး ခွဲခြားမှုတို့အား ဆန့်ကျင် ဆန္ဒပြပွဲ ကျင်းပသည်။ စီတန်းလှည့်လည်ပွဲမတိုင်မီ ပန်းခြံထဲ၌ လူထုတရားဟောပွဲ ပြုလုပ်သည်။ ထိုတရားပွဲတွင် မိုးဆက်ဂါမာ တက်ရောက်ဟောပြောရာပရိသတ်ပွဲကျလှသည်။
တရားပွဲပြီးသော အခါ စီတန်းလှည့်လည်ပွဲ ကျင်းပသည်။ ရှေ့ဆုံးမှ ဘင်ခရာဝိုင်းက ဦးဆောင်ကာ၊ ထို့နောက်မှ လူများ ငါယောက်တွဲတစ်တန်းစီဖြင့် ချီတက်ကြသည်။ ငြိမ်းချမ်းစွာနှင့် စနစ်တကျ ချီတက်ကြရာ လူထုချီတက်ဆန္ဒပြပွဲထက် ဘုရားပွဲလှည့်သလိုဖြစ်နေသည်။

သတ်မှတ်ထားသော နေရာရောက်သွားသောအခါ ဆန္ဒပြပွဲ ပြီးဆုံးသွားသည်။ လူစုကွဲသွားသောအခါ တာရာ တို့အုပ်စု အပါအ၀င် လူလေးငါးရာခန့်သာ ကျန်တော့သည်။ ရဲများက ရှေ့မှကာဆီးထားရာ သူတို့ နောက်ကြောင်း ပြန်လှည့်သွားရသည်။ အသားအရောင်ရှိသူများ နေထိုင်ပြီး ရောင်းဝယ်ဖောက်ကားရာ ရပ် ကွက်ဖြစ်သော ရပ်ကွက် အမှတ်(၆)ထဲသို့ ပြန်လည်ဝင်ရောက် ချီတက်သွားသည်။ ရဲများက နောက်မှအသာ လိုက်သွားသည်။ ထိုရပ်ကွက်သည် အသားမည်းများ၊ အာရှသားအသားဝါများ၏ ရပ်ကွက် ပင်ဖြစ်သည်။

" အာဖရိကတိုက်သည် အာဖရိကသားများအတွက် "
" အရေခွံအောက် တွင် ကျွန်တော်တို့ အားလုံး အရောင်အတူတူပင်ဖြစ်သည် "
" ပေါင်မုန့်နှင့် လွတ်လပ်ခွင့် ပေးပါ "

ဆန္ဒပြသမားများက ထိုသို့ကြွေးကြော်ကြသည်။ ဘင်ခရာဝိုင်းကလည်း ခေတ်ပေါ်တေးများပင် ပြောင်းတီး ကြသည်။

ရပ်ကွက်(၆)၏ လမ်းကျဉ်းလေးများ ပရမ်းပတာလမ်းသွယ်လေးများသို့ သူတို့အဖွဲ့ရောက်သွားသောအခါ လမ်းပေါ်မှ လူဆိုးသူခိုးကြမ်းပိုးဂိုဏ်းသားများကသူတို့ကို ထွက်ကြည့်ပြီး သူတို့နောက်မှ ရောလိုက် ကြသည်။ ထို့အပြင် ရာဇ၀တ်သမားများ၊ အလစ်သုတ်သမားများ၊ အခွင့်အရေးသမားများကလည်း ပြောင်ပြောင် တင်းတင်းပင် နောက်မှ လိုက်ပါသွားကြသည်။
ထိုလူများက ဆိုင်များသို့ စတင်ဝင်ရောက်လုယက်ကြသည်။ ပဋိပက္ခမှုများ၊ ရုန်းရင်းဆန်ခက်မှုများကို ဖန်တီးကြပြီး လုယက်မှု ခိုးမှုများပြုလုပ်ကြသည်။ တာရာတို့ မူလအဖွဲ့သားများဖြစ်သော အသားအရောင် နှင့် လူမျိုးခွဲခြားမှု ဆန့်ကျင်ရေးသမားများက ဟန့်တားထားသော်လည်း အင်အားမမျှ၍ မထိန်းနိုင် တော့ပေ။ လုယက်ဖျက်ဆီးမှုမျာ်း၊ မီးရှို့မှုများကို ရဲများက တားဆီးနှိမ်နင်းရသည်။
နောက်ဆုံး ရဲကလူစုခွဲပြီးနောက် ဖမ်းဆီးလိုက်သူမျာ်းထဲတွင် တာရာမယ်လကွန်ပါသွားတော့သည်။

ပုံမှန် အားဖြင့် ရှာဆာသည် သူတို့အိမ်ကြီးမှနေ၍ ဗစ်တိုးရီးယားလမ်းရှိ ရဲစခန်းသို့ သူ၏ဂျက်ဂွာ ပြိုင်ကား ဖြင့် နာရီဝက်သာမောင်းရသည်။ ယခုမူ တစ်နာရီခန့်ကြာပြီး အဆင့်ဆင့်ပြောဆိုဆွေးနွေးခဲ့ရသည်။
အမှတ်(၆)ရပ်ကွက်မှ ထိုနေရာတစ်ဝိုက်ကို ရဲကပိတ်ဆို့ကာဆီးထားသည်။ မီးခိုးများက အူပြီးထွက်နေဆဲရှိ သည်။
" အဲဒီဘက်ကို သွားလို့မရပါဘူးခင်ဗျာ၊ ဘယ်သူ့ကိုမှ အဲဒီဘက်ကိုသွားခွင့်မပြုပါဘူး၊ လူမည်းသူခိုးကြမ်းပိုး တွေ မြင်မြင်ကရာ ကို ခဲနဲ့ပစ်မီးနဲ့ရှို့လုပ်နေကြတယ် "
ရဲကြပ်ကြီးတစ်ဦး က ရှာဆာကားကို တားပြီးပြောလိုက်သည်။

"ရဲကြပ်ကြီးခင်ဗျား၊ ကျွန်တော့် အမျိုးသမီးဆီက အကြောင်းကြားချက် ခုပဲရလို့ပါ၊ သု အဲဒီမှာ ရောက်နေပြီး ကျွန်တော့်ရဲ့ အကူအညီလိုနေပါတယ်၊ သူ ဒုက္ခတွေ့နေလို့ ကျွန်တော့်ကို သူ့ဆီသွားခွင့်ပြုပါ "
" အမိန့်ပေးထားလို့ပါ၊ ၀မ်းနည်းပါတယ်ခင်ဗျာ "
သံဆူးကြိုးကာထားသော ထိုနေရာတွင် ရဲကြပ်ကြီးနှင့် ရဲသားခြောက်ယောက်ခန့်ရှိသည်။ လေးယောက်မှာ အသားဖြူ မဟုတ်သော မြူနီစပါယ်ရဲများဖြစ်သည်။
" ရဲကြပ်ကြီး၊ တကယ်လို့ ခင်ဗျားဇနီး သို့မဟုတ် ခင်ဗျားအမေဟာ ခင်ဗျားလာဖို့ လိုအပ်နေတယ်ဆိုရင် ခင်ဗျား ဘာလုပ်မလဲ "
ရဲကြပ်ကြီးက ပတ်ဝန်းကျင်ကို တစ်ချက်လှည့် အကဲခတ်လိုက်ပြီး ရှာဆာအား ခပ်တိုးတိုးပြောလိုက်သည်။

" ကျွန်တော် ဘာလုပ်မယ်ဆိုတာ ခင်ဗျားကို ပြောပြမယ်၊ ကျွန်တော့် လူတွေက သံဆူးကြိုးအကာကို တစ်မိနစ် ဖွင့်ပေးပြီး ခင်ဗျားကို ကျောခိုင်းပေးထားတယ်၊ ခင်ဗျားကို ကျွန်တော် ဘယ်တုန်းကမှလဲ မမြင် ဖူးဘူး၊ ခင်ဗျားအကြောင်းလဲ ဘာမှ မသိဘူးလို့ သဘောထားလိုက်မယ် "
လမ်းများတွင် လူသူကင်းမဲ့ရှင်းလင်းနေသည်။ အုတ်ခဲအကျိုးအပဲ့များ မှန်စများက လမ်းပေါ်တွင် ပြန့်ကျဲ နေသည်။ ရှာဆာက ကားကိုအမြန်ဆုံးမောင်းသွားသည်။ ဗစ်တိုရီးယား လမ်းရဲစခန်းသို့ သူ ရောက် သွားသည်။

တာရာမယ်လကွန် နာမည်ကိုရှာဆာကပြောလိုက်ရာ စားပွဲ၌ထိုင်နေသော ရဲကြပ်ကြီးကို ချက်ချင်းမှတ်မိ သွားသည်။
" တာရာမယ်လကွန်လား၊ အင်း ... သူမအကြောင်းတော့ ကောင်းကောင်းသိပါ့ဗျာ၊ သူ့ကိုဒီရောက်အောင် ခေါ်လာရတာ ရဲသားလေးယောက်သုံးရတယ်"
" သူ့ကို ဘာစွဲချက်တွေနဲ့ ဖမ်းထားပါသလဲ ရဲကြပ်ကြီး"
" နေဦး ကြည့်လိုက်ဦးမယ် "
ရဲကြပ်ကြီးက စွဲချက်စာရွက်ကို ကြည့်ပြီးမှ ဆက်ပြောသည်။

" အခုအထိတော့ တရားမ၀င်လူစုဝေးမှု၊ ပစ္စည်းဥစ္စာများ သက်သက်မဲ့ ဖျက်ဆီးမှု၊ အကြမ်းဖက် ရုန်းရင်း ဆန်ခတ်မှုဖြစ်အောင် လှုံ့ဆော်မှု၊ ရုန်းရင်းကြမ်းတမ်းစွာ ပြောဆိုမှု၊ ခြိမ်းခြောက်မှု၊ ရဲများအား ၀တ္တရား နှောင့် ယှက်မှု၊ စော်ကားမှုတွေနဲ့ စွဲထားတယ် "
" သူ့အတွက် ကျွန်တော် အာမခံလုပ်ချင်လို့ပါ "
" အား ... ပိုက်ဆံတော်တော်လေးကုန်လိမ့်မယ် "
" သူ့အဖေ က ဗိုလ်မှူးကြီးမယ်လကွန်ပါ၊ ၀န်ကြီးတစ်ဦးပါ "
" ဟာ ... စောစောက ဘာလို့ မပြောတာလဲ၊ ဒီနေရာမှာ ခဏထိုင်စောင့်နေပါဦးနော် "
တာရာက အချုပ်ခန်းသံတိုင်နောက်မှနေ၍ ရှာဆာအား လှမ်းကြည့်လိုက်သည်။ သူမ မျက်ကွင်းများက ညိုနေ သည်။ ဘလောက်စ်အင်္ကျီကလည်း စုတ်နေသည်။ ဆံပင်များကလည်း ဖွာလန်ကြဲနေသည်။
" ဟူးဘတ်လန်ဂလာ ကော ဘယ်လိုလဲ " တာရာက ရှာဆာအားလှမ်းမေးလိုက်သည်။

" ဘယ်သိမလဲ၊ သူ အတွက်လာတာမှ မဟုတ်တာ "
" သူမပါရင် ကျွန်မလဲ မလိုက်ဘူး "
ရှာဆာ သက်ပြင်းချလိုက်သည်။ သို့ဖြင့် ရှာဆာအဖို့ အာမခံလုပ်ရတာ ငွေပေါင် ၁၀၀ ကုန်သွားသည်။ တာရာ အတွက် ပေါင် ၅၀ နှင့် ဟူးဘတ်လန်ဂလာအတွက် ပေါင် ၅၀ ဖြစ်သည်။
" လန်ဂလာ ကိုတော့ ငါ့ကားနဲ့ခေါ်သွားလို့မဖြစ်ဘူး၊ ဘော်လာရှီဗစ်ပေါက်စ တစ်ယောက်အတွက် ပေါင် ၅၀ ကုန်လိုက်ရတာနဲ့ပဲ လုံလောက်ပါပြီ" ရှာဆာက တာရာကို ပြောလိုက်သည်။
တာရာ က ရှာဆာ၏ ဂျက်ဂွာကားရှေ့ခုံတွင် ၀င်ထိုင်လိုက်ပြီး၊ မထိလေးစားအသွင်ဖြင့် လက်ပိုက်နေလိုက် သည်။ ရှာဆာက ကားကို ၀ူးခနဲ မောင်းထွက်လာသည်။ တစ်ယောက်နှင့် တစ်ယောက် စကားမပြောကြ။ ရှာဆာ သည် မော်တော်ကားကို လူဖြူများနေသော တောင်ပိုင်းရပ်ကွက်များဆီသို့ မောင်းမသွားဘဲ၊ မီးခိုးများ အူထွက်နေပြီး အဆောက်အအုံများ ပျက်စီးနေသော ရပ်ကွက် (၆)အား အပေါ်မှ စီးမိုး လှမ်းမြင် နေရသော တောင်စောင်းတစ်နေရာသို့ မောင်းသွားကာ ရပ်လိုက်သည်။

" ရှင် ဘာလုပ်နေတာလဲ "
ရှာဆာ ကားစက်သတ်လိုက်စဉ် " တာရာက မေးလိုက်သည်။
" မင်းတို့ လက်ရာကလေးတွေကို မင်းပြန်မကြည့်ချင်ဘူးလား၊ မင်းတို့ရဲ့အောင်မြင်မှုတွေကိုကြည့်ပြီး မင်း ဂုဏ်ယူရတာပေါ့ "
" ဒါ ကျွန်မတို့လုပ်တာမဟုတ်ဘူး၊ လူဆိုးသူခိုး ကြမ်းပိုးတွေလုပ်တာ " တာရာက ထိုင်ခုံပေါ်တွင် မအီမသာ ရွှေ့ထိုင်ရင်း ပြောလိုက်သည်။
" မင်းကို ငါ အခုပြောစရာရှိတယ်၊ အဲဒါကို မင်းကောင်းကောင်းမှတ်ထားပါ၊ ငါချစ်တဲ့ဒီမြေကို ဖျက်ဆီးဖို့၊ ဒီမြေမှာ နေတဲ့လူတွေ ဒုက္ခရောက်ဖို့ မင်းကြိုးစားရင်တော့ မင်းဟာငါ့ရဲ့ရန်သူဖြစ်လာလိမ့်မယ်၊ အဲဒီလိုဖြစ် လာရင် သေတဲ့အထိ မင်းကို တိုက်ရလိမ့်မယ်"

တာရာ က အတန်ကြာအောင်ငြိမ်နေပြီး တစ်ဘက်သို့လှည့်နေလိုက်သည်။ နောက်ဆုံးလေသံပျော့ကလေး ဖြင့် ပြောလိုက်သည်။
" ကျေးဇူးပြုပြီး ကျွန်မကို အိမ်လိုက်ပို့ပါတော့ရှင် "
ရှာဆာ က တာရာကို သူမအိမ်သို့လိုက်ပို့သည်။ အဓိကရုန်းဖြစ်ခဲ့သောနေရာများကို ရှောင်ကွင်းကာ အချိန် အတော်ကြာအောင် လှည့်ပတ် မောင်းရသည်။ နယူးလန်းရှိ မယ်လကွန်မိသားစုအိမ်ရှေ့၌ ကားရပ်လိုက် သောအခါ တာရာက ပြောလာသည်။

" ရှင် မှန်ကောင်းမှန်ပါလိမ့်မယ်၊ ကျွန်မတို့ နှစ်ယောက်ရန်သူတွေဖြစ်ကောင်းဖြစ်လာနိုင်ပါတယ် " တာရာ က ကားပေါ်မှဆင်းပြီး ပြောလိုက်သည်။
" ဂွတ်ဘိုင်ရှာဆာ " သူမက ၀မ်းနည်းသံဖြင့် ညင်သာစွာ ပြောပြီး အိမ်ထဲဝင်သွားသည်။
" ဂွတ်ဘိုင်တာရာ ... နှုတ်ဆက်ခဲ့ပါတယ်၊ သိပ် ချစ်ရတဲ့ ရန်သူရယ် "

ဆက်ရန်
.

No comments: