Tuesday, January 3, 2012

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၄ဝ)

(၄ဝ)

ဒေးဗစ်အေဘရာဟင်သည် အပြေးမှာတော်သလို လေယာဉ်မောင်းလည်းတော်သည်။ ဒေးဗစ်နှင့်ရှာဆာ သည် မိဘချင်း လုပ်ငန်းဆက်စပ်မှုကြောင့် မူလက သာမန်မျှသာသိကြသော်လည်း လေယာဉ်မောင်းနှင့်ပျံ သန်းမှု ၌ ၀ါသနာချင်းတူညီလာကြသောအခါ ရင်းနှီးခင်မင်ပြီး တပူးတွဲတွဲဖြစ်သွားသည်။ တက္ကသိုလ်တွင် တစ်နှစ် တည်း အတန်းတူများဖြစ်ကြရာတက္ကသိုလ် အပျော်တမ်းလေယာဉ်ကလပ်ကို စတင် ဖွဲ့စည်း တည်ထောင်သူများဖြစ်လာကြသည်။ ထိုကလပ်အတွက် စင်တိန်ကပင် " တိုက်ဂါးမော့ " အမျိုး အစား လေယာဉ်ငယ်တစ်စင်းကို လေ့ကျင့်ရေးအတွက် လှူဒါန်းခဲ့သည်။

ဒေးဗစ်သည် ဥပဒေပညာသင်ယူသည်။ ဘွဲ့ရလျှင် ၀င်းဟုပ်မြို့၌ ဖခင်၏ရှေ့နေလုပ်ငန်းကို ၀င်လုပ်ရုံသာရှိ သည်။ ရှာဆာ ကလည်း ၀ိဇ္ဇာဘွဲ့ယူပြီးလျှင် မိခင်၏ စီးပွားရေးလုပ်ငန်းကို ၀င်လုပ်မည်ဖြစ်သည်။
အတန်းတင် စာမေးပွဲကြီးဖြေအပြီးတွင် သူတို့ နှစ်ယောက်သည် စင်တိန်၏ ခွင့်ပြုချက်အရ ရာပိ လေယာဉ် ကို ကိုယ်တိုင် မောင်းကာ ဟာနီသတ္တုတွင်းသို့ သွားခဲ့ကြသည်။ သတ္တုတွင်း၌ ဒေါက်တာတွမ်တီးမင်းဂျုန်း က အသင့်စောင့်ကြိုကာ သူတို့အတွက် တောလိုက်စခန်းချ အစီအစဉ်များကို လုပ်ပေးသည်။ လေးတန်း ကား နှစ်စီးနှင့် အပြည့်စခန်းချ ပစ္စည်းပစ္စယနှင့် အစားအသောက်များ၊ အိမ်ဖော်များ၊ ထမင်းချက်များ၊ လမ်းပြ နှင့် အမဲလိုက်မုဆိုးများပါ စီစဉ်ထည့်ပေးလိုက်သည်။

သူတို့ အမဲလိုက်စခန်းချထွက်သောနေရာမှာ အင်ဂိုလာနှင့် ဘီဂျာနာလန်အကြားရှိ တာပရီဗီဒေသဖြစ် သည်။ ထိုနေရာမှာ ကန့်သတ်နယ်မြေဖြစ်ရာ အထူးကိစ္စမျတစ်ပါး အမဲလိုက်ခွင့်မရှိပေ။ တောင်အာဖရိက ၀န်ကြီးများ အတွက် သီးသန့်အမဲလိုက်နယ်မြေ ဖြစ်နေသည်။ အခု ရှာဆာတို့အတွက် အမဲလိုက်ခွင့်ကို ဌာန လက်ကိုင်မရှိဝန်ကြီး ဘလိန်းက စီစဉ်ပေးလိုက်ခြင်းဖြစ်သည်။
ရှာဆာက သူတို့နှင့်အတူ အမျိုးသမီးနှစ်ယောက်ပါ ခေါ်လာသည်။ တစ်ဦးက သူ့အတွက်ဖြစ်၍ အခြားတစ် ဦးက ဒေးဗစ်အတွက်ဖြစ်သည်။ အသက် ၃၀ နီးပါး နှစ်ယောက်ကို ရှာဆာက စိတ်ကြိုက် ရွေးခေါ် လာသည်။ ထိုနှစ်ဦးစလုံးမှာ တစ်ခုလပ်မလေးများဖြစ်သည်။

ရှာဆာ၏ ၀၀ကစ်ကစ်ကောင်မလေးကို ဒေးဗစ်က "ဂျမ်ဘို"ဟု နာမည်ပြောင်းပေးထားသည်။ ဒေးဗစ်၏ ပိန် ပိန်မည်းမည်း ရှည်ရှည် ကောင်မလေးကိုမူ ရှာဆာက "ကုလားအုပ်"ဟု နာမည်ပြောင် ပြန်ပေးထားသည်။
ယခု သူတို့လေးယောက် ဒရာဂွန်လေယာဉ်ဖြင့် ပြန်လာကြသည်။ ရှာဆာက လေယာဉ်ကို ကိုယ်တိုင် မောင်း ပြီး ကွင်းပေါ်မှ တစ်ပတ်ပျံဝဲပြီးနောက်၌ ကွင်းထဲသို့ ဆင်းသတ်လိုက်သည်။ ထိုအခါ လေယာဉ် ဂိုဒေါင် ဘေး အရိပ်ထဲ၌ ရပ်ထားသော ဒိန်မလာကား အ၀ါကြီးကို ဦးစွာလှမ်းမြင်လိုက်ရပြီး ကားဘေး၌ စင်တိန် ရပ်နေသည်ကို တွေ့လိုက်ရသည်။

" အလို ဘုရားရေ ... မေမေ ဒီရောက်နေပါလား၊ အမျိုးသမီးနှစ်ယောက်ကို ၀ပ်ခိုင်းထားစမ်း ဒေးဗစ်"
" နောက်ကျသွားပြီ ရှာဆာ၊ ဂျမ်ဘိုက မင်းအမေကို လေယာဉ်ပြတင်းပေါက်ကနေ လက်ပြ နှုတ်ဆက် တောင် ပြီးနေပြီ" ဒေးဗစ်က ပြန်လည်ပြီး ညည်းတွားလိုက်သည်။
ရှာဆာနှင့် ဒေးဗစ်က လေယာဉ်ပေါ်မှ အလျင်ဆင်းလာသည်။ ဂျမ်ဘိုနှင့်ကုလားအုပ်က နောက်မှ ခိုးခစ်ခစ် ရယ်ကာ ဟန်နီးမွန်းပြန်များလို ရယ်မောပြီး ဆင်းလိုက်ကြသည်။
စင်တိန်က ဘာမှမပြော။ သို့ရာတွင် သူမကားဘေး၌ တိုင်စီကားတစ်စီး အသင့်ရှိနေသည်။ စင်တိန်က လက်ပြပြီး တိုင်စီကို လှမ်းခေါ်ကာ အမျိုးသမီးနှစ်ယောက်အား နောက်ခန်း၌ တက်ခိုင်းလိုက်သည်။ ရှာဆာ အား ထိုအမျိုးသမီး နှစ်ယောက်၏ အ၀တ်အစား အိတ်များကို ကားနောက်ဘက် အဖုံးဖွင့်ပြီး ထည့် ခိုင်းလိုက် သည်။ ထို့နောက် ယာဉ်မောင်းအား စင်တိန်က အမိန့်ပေးလိုက်သည်။

" သူတို့သွားချင်တဲ့နေရာလိုက်ပို့လိုက် "
ရှာဆာသည် အမျိုးသမီးနှစ်ယောက် သူတို့နှင့်ပါလာသည်ကို မိခင် မည်သို့သိနေကြောင်း မေး မနေတော့ပေ။ ရှာဆာက ခေါင်းငုံ့ထားပြီး မိခင် မည်သို့ ဝေဖန်မည်ကိုသာ စောင့်နေသည်။
" တောလိုက် ထွက်တဲ့ခရီး ပျော်ရဲ့လား ... သား "
စင်တိန် က ချိုသာစွာမေးလိုက်ပြီး အနမ်းဖြင့်နှုတ်ဆက်ရန် ပါးလေးကို မော့ပေးလိုက်သည်။ အမျိုးသမီးနှစ် ယောက် အကြောင်း လုံးဝ မမေးပါချေ။
" သိပ်ပျော်စရာကောင်းတာပဲ မေမေ "
ရှာဆာက ဖြေကြားကာ မိခင်ကို အားပါးတရ နမ်းလိုက်သည်။

" ကဲ ဒါဖြင့် မင်းလေယာဉ်ကို ဆီထပ်ဖြည့်ပြီး စစ်ဆေးထားပေတော့၊ နက်ဖြန် ငါတို့ ဂျိုဟန်နက် စဘတ် မြို့ကို ဒီလေယာဉ်နဲ့သွားမယ် သား "
ဂျိုဟန်နက်စဘတ်မြို့တွင် ကာလတန်ဟိုတယ်၌ သူတို့တည်းခိုကြသည်။ ထိုဟိုတယ်၏ အစုရှယ်ယာ သုံးပုံ တစ်ပုံကို စင်တိန်က ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ဤမြို့ရောက်လျှင် ကာလတန်ဟိုတယ်၏ တော်ဝင် အခန်းကျယ်ကြီးများကို စင်တိန် စိတ်ကြိုက်သုံးခွင့်ရှိသည်။
စင်တိန်၊ ရှာဆာနှင့် ဘလိန်းတို့ အတူတကွ တစ်ခန်းစီတည်းခိုကြသည်။ အ၀တ်အစားလဲကြပြီး။ ညနေပိုင်း တွင် ဟိုတည်ဧည့်ခန်း၌ သုံးဦးသားဆုံကြသည်။

" မေမေ ... မေမေ အခုမှ လက်ဝှေ့ကို စိတ်ဝင်စားလာတာပဲ၊ လက်ဝှေ့ဆိုတာ ဘာလဲ မေမေသိသလား "
" လူငယ်နှစ်ယောက် ကြိုးဝိုင်းထဲဝင်ပြီး တစ်ယောက်နဲ့ တစ်ယောက် သတ်ဖို့ကြိုးစားကြတာလို့ထင်တာပဲ၊ မဟုတ် ဘူးလားသား"
" ဟုတ်တယ်၊ စင်တိန်ပြောတာ တိတိကျကျ မှန်တယ် "
ဘလိန်း က ရယ်မောပြီး ၀င်ပြောလိုက်သည်။ ဘလိန်းသည် ရှာဆာအပါအ၀င် အခြားလူများရှေ့၌ စင်တိန် အား "ဒါလင်"၊ "အချစ်" စသည်ဖြင့် မခေါ်ဘဲ သာမန်နာမည်ရိုးရိုးသာ ခေါ်သည်။ ဟိုတယ်မှ စီစဉ် ပေးသည့် ကားဖြင့် သူတို့ လက်ဝှေ့ပွဲသို့ ထွက်လာကြသည်။

ဝစ်ဝါတာစထရန်း တက္ကသိုလ် အားကစားရုံ တစ်ဝိုက်မှ လမ်းများတွင် ရပ်ထားသောကားများ လူများဖြင့် ပြည့်ကျပ် နေသည်။ ထို့ကြောင့် သူတို့ကားကို အားကစားရုံအ၀နှင့်ကိုက် ၂၀၀ ခန့်၌ ရပ်ထားခဲ့ရပြီး လူအုပ် နှင့် အတူရောကာ လျှောက်သွားရသည်။

အားကစားရုံထဲ၌ ဆူညံနေသည်။ သူတို့အတွက် ရထားသော သီးသန့်ခုံနေရာများတွင် ၀င်ထိုင်လိုက်ကြ သည်။ ပထမဆုံး ရှေ့ဆုံးတန်းမှလူများသည် သူတို့လိုပင် ညနေ၀တ်စုံများ ဆင်မြန်းလာကြပြီး၊ ပရိသတ်ထဲ ၌ လူကြီးလူကောင်းများနှင့်အတူ ဇနီးသည်များပါ ပါလာကြသည်ကို တွေ့လိုက်ရတော့မှ စင်တိန် စိတ်သက် သာရာရသွားသည်။
ပဏာမပွဲစဉ်များကို စင်တိန် စိတ်ရှည်ရှည်ဖြင့် ထိုင်ကြည့်နေရသည်။ ဘလိန်းနှင့် ရှာဆာတို့က လက်ဝှေ့ အကြောင်း နှင့် ထိုးနေသောပွဲများအပေါ် သုံးသပ်ပြောပြနေသည်ကို နားထောင်နေရသည်။
သုံးပွဲပြီးသွားသောအခါ ဘလိန်းက သူ့လက်ပတ်နာရီကို ကြည့်ပြီး ပြောလိုက်သည်။

" အခု ထိုးမယ့်ပွဲ "
ပရိသတ်ထဲမှ တစ်ခဲနက် အော်လိုက်သော သွေးဆာသံကြီး ပေါ်ထွက်လာသည်။
" ဟိုမှာ ... သူလာနေပြီ "
ဘလိန်းက စင်တိန်လက်ကို လှမ်းတို့ပြီး ပြောလိုက်သည်။ စင်တိန်သည် ကုလားထိုင်တွင် ပုနေအောင် ကုပ်ထိုင်လိုက်ပြီး စိတ်ထဲမှပြောလိုက်သည်။
" ငါလာဖို့မကောင်းဘူး၊ ငါ့ကို သူမမြင်ရင် ပိုကောင်းမှာ "
လိုက်ဟဲဗီးဝိတ်သရဖူလုပွဲ မှ စိန်ခေါ်သူ မင်းဖရက်ဒီလာရေးကြိုးဝိုင်းထဲသို့ ဦးစွာဝင်လာသည်။ သူ၏ နည်းပြဆရာ နှင့် အကူနှစ်ယောက်လည်း အတူပါလာသည်။ စတယ်လင်တို့ရှိ တက္ကသိုလ် ကျောင်းသား များ နေရာမှ တစ်ခဲနက် အော်ဟစ်အားပေးလိုက်ပြီး သူတို့တက္ကသိုလ်အရောင် အ၀တ်စကြီး ကို ကိုင်မြှောက်ပြလိုက်သည်။ ၀စ်ဝါတာစထရင်းတက္ကသိုလ် ကျောင်းသားများ ထိုင်နေသောနေရာမှလည်း ပြန်လှန် အော်ဟစ် နောက်ပြောင်သ့များ တစ်ခဲနက်ထွက်လာသည်။

မင်းဖရက် က ကြိုးဝိုင်းထဲ၌ ခန္ဓာကိုယ်ကို ဘယ်ညာယိမ်းနွဲ့ကာ လက်ဝှေ့ဟန်ရေးပြလိုက်သည်။ ပိုးသား အပေးဝတ်ရုံရှည်ကြီးက တဖားဖားဖားနှင့် ကြည့်ကောင်းလှသည်။ သူ့ဆံပင်က အနည်းငယ်ပိုရှည်လာပုံရ သည်။ ခေါင်းလိမ်းဆီထည့်မထားသဖြင့် ဖွာနေသော်လည်း လှုပ်ယမ်းနေပုံက ကြည့်၍လှသည်။ မေးရိုးက ခိုင်မာပုံ ရသည်။ နဖူးရိုးနှင့်ပါးရိုးများကလည်း ပေါ်လွင်နေသည်။ သို့သော် မျက်လုံးအစုံက ပိုပြီး လွှမ်းမိုး ထင်ရှားနေသည်။ မျက်ခုံးအနက်ဖြင့် အနားသတ်ထားသော မျက်လုံးအ၀ါရောင်က တောင်ပ ရွှန်းလက် နေသည်။
မင်းဖရက် အား တွေ့မြင်မှတ်မိသွားသောအခါ ရှာဆာသည် သူ့ကုလားထိုင်၌ ထိုင်နေရင်းမှ တစ်ကိုယ်လုံး တောင့် ခနဲ ဖြစ်သွားသည်။ မိမိအသားဆိုင်ကို သူ့လက်သီးဖြင့် ထိထိမိမိ ထိုးခဲ့ပုံ၊ ငါးညှီနံ့များ ငါးပုပ်ရည် များ မိမိလည်ချောင်းထဲမှ နှာခေါင်းထဲဝင်ခဲ့ပုံများကို ပြန်သတိရလာသောအခါ ရှာဆာဒေါသဖြစ်လာပြီး ရှူးရှူးရှဲရှဲ ဖြစ်လာသည်။

" ကျွန်တော် သူ့ကိုသိတယ်မေမေ။ ဝေါဗစ်ပင်လယ်ကွေ့က ဆိပ်ကမ်းတံတားပေါ်မှာ ကျွန်တော်နဲ့ ထိုးခဲ့တဲ့ အကောင် ပဲ "
ရှာဆာက ပြောလာသည်။ စင်တိန်က ရှာဆာလက်မောင်းကို သူ့လက်ဖြင့် ဆုပ်ကိုင်ပြီး နှစ်သိမ့်လိုက်သည်။ သို့သော် စင်တိန်သည် ရှာဆာဘက်သို့ လှည့်လည်း မကြည့်နိုင်၊ စကားလည်း မပြောနိုင်ဘဲ ဖြစ်နေသည်။ စင်တိန် သည် ဘလိန်း မျက်နှာကို တိတ်တခိုးလေး ကြည့်လိုက်သည်။ ဘလိန်း အမူအရာကြောင့် စိတ်အားငယ် သွားရသည်။
ဘလိန်း၏ မျက်နှာက အနည်းငယ်သုန်မှုန်နေသည်။ ဒေါသနှင့် ခံစားချက်ကို သူ့မျက်နှာပေါ်၌ ပေါ်လွင်နေ သည်။ မိမိကို ဤသားငယ်မွေးစေခဲ့သူအား ဘလိန်း မနာလိုဝန်တိုနေပုံရသည်။ မိမိနှင့် ဤကလေးအမေ တို့ တစ်ချိန် က ချစ်ရည်လူးပျော်မြူးခဲ့ပုံကို တွေးမိသွားပုံရသည်။

" အလိုဘုရားရေ ... ငါ ဘာဖြစ်လို့ ဒီကိုလာမိပါလိမ့် "
စင်တိန်စိတ်ထဲကပြောလိုက်သည်။ သူမခန္ဓာကိုယ်ထဲ၌ တစ်စုံတစ်ခု အရည်ပျော်ပြီးပုံပေါ်လာသလို ခံစားရ ကာ အဖြေပေါ်လာသည်။
" သူဟာ ငါ့အသွေးထဲက ပေါက်ဖွားလာခဲ့တာပဲ၊ ဒါကြောင့် ငါလာမိတာပေါ့" စင်တိန် စိတ်ထဲကပင် အဖြေ ပေးလိုက်သည်။
မိမိဝမ်းထဲ၌ ကိုးလလွယ် ဆယ်လထားခဲ့ရပုံနှင့် မွေးကင်းစ ငိုလိုက်သံတို့ကို နားထဲ၌ ပြန်ကြားယောင်လာ သောအခါ မိခင်စိတ်က အလိုလိုပြန်လာပြီး " ငါ့သား ... ငါ့ရဲ့သား" ဟု အော်ခေါ်လိုက်မိလုနီးပါးဖြစ်သွား သည်။

ကြိုးဝိုင်းထဲမှမင်းဖရက်သည် စင်တိန်တို့ ထိုင်နေရာဘက်သို့ မျက်စိရောက်သွားပြီး စင်တိန်ကို ပထမဆုံး အြိကမ် မြင်သွားသည်။ မြှောက်ထားသောလက်နှစ်ဖက်ကို ဘေးသို့ချလိုက်သည်။ ခေါင်းကို အနည်းငယ် မော့ပြီး စင်တိန်အား စိုက်ကြည့်လိုက်သည်။ သူ၏ ငုဝါရောင်မျက်လုံးတွင် ခါးသီးသောအမုန်းငွေ့များ တဝေ့ဝေ့ လူထွက်လာသလိုရှိသည်။ ထို့နောက် မင်းဖရက်ဒီလာရေးသည် တစ်ဘက်သို့ ချာခနဲလှည့်ပြီး စင်တိန် အား ကျောခိုင်းကာ သူ့နေရာဖြစ်သော လက်ဝှေ့ကြိုးဝိုင်း ထောင့်သို့ လျှောက်သွားတော့သည်။

အော်ဟစ်ဆူညံအားပေးနေသံများ အလယ်တွင် ဘလိန်း၊ ရှာဆာနှင့် စင်တိန်တို့ အတွေးကိုယ်စီဖြင့် ငြိမ်ထိုင် နေကြသည်။ တစ်ယောက်နှင့်တစ်ယောက်လည်း မကြည့်ကြ။
လက်ရှိ ချိန်ပီယံ ရပ်ရှ်မိုး ကြိုးဝိုင်းထဲသို့ ၀င်လာသည်။ သူ့အရပ်မှာ မင်းဖရက်ထက် တစ်လက်မခန့် ပုသည်။ သို့သော် မင်းဖရက်ထက် ရင်အုပ် ပိုကျယ်ပိုကြီးသည်။ ရှည်လျားသောလက်မေင်းတွင် ကြွက်သားဆိုင် များ အဖုအထစ် ထနေပြီး လည်ပင်းကလည်း တုပ်ခိုင်လှသည်။

လက်ဝှေ့ပွဲစတင်သော အချက်ပေးခေါင်းလောင်းသံက လင်ခနဲမြည်လာသည်။ ပရိသတ်၏ တစ်ခဲနက် အော်လိုက်သံ နှင့်အတူ လက်ဝှေ့သမားနှစ်ဦးလည်း ကြိုးဝိုင်းအလယ်သို့ ချဉ်းကပ်လာကြသည်။
အသားဆိုင် အပေါ်၊ အရိုးအပေါ်သို့ လက်ဝှေ့အိတ် စွပ်ထားသော လက်သီးများကျရောက်သံ တဘုန်းဘုန်း ကြားရတိုင်း စင်တိန်ပင့်သက်ရှိုက်မိသည်။ စောစောက အငယ်တန်းပွဲများနှင့် ယှဉ်လျင် ယခုပွဲ သည် ရောမ ခေတ်သူရဲကောင်းများ စီးချင်းထိုးသည့်ပွဲနှင့် တူလှသည်။
နှစ်ဦးသား အကြိတ်အနယ်ထိုးနေကြသော်လည်း လက်ရည်ချင်း ညီနေသည်ဟု စင်တိန်ထင်မိသည်။ ပထမ အချီပြီးသွားသောအခါ လက်ဝှေ့သမားနှစ်ဦး မိမိတို့ထောင့်အသီးသီး ပြန်သွားကြသည်။ လက်ထောက်များ ဆုပ်နယ်ပြုစုပေးကြသည်။ နားရွက်နားကပ်ပြီး တိုးတိုးပြောကြသည်။

မင်းဖရက်၏ နည်းပြဆရာက မင်းဖရက်ပါးစပ်ဝသို့ ရေပုလင်းတေ့ပေးလိုက်ရာ တစ်ငုံ ငုံယူလိုက်သည်။ ထိုရေဖြင့် ပါးစပ်ထဲတွင် ပလုတ်ကျင်းလိုက်သည်။ ထို့နောက် စင်တိန် ထိုင်နေရာဘက်သို့ တည့်တည့်လှည့် လိုက်ပြီး ငုဝါရောင် မျက်လုံးအစုံဖြင့် စူးစူးရဲရဲ ကြည့်လိုက်ကာ ပါးစပ်ထဲမှရေများကို ခြေထောက်နားရှိ ပုန်းထဲသို့ တမင်သက်သက် "ပစ်"ခနဲ ထွေးထည့်လိုက်သည်။
မိမိကိုရည်ရွယ်ပြီး ထွေးလိုက်မှန်း သူ့ဒေါသဖြင့် မိမိကို ရည်စူးထွေးလိုက်မှန်း စင်တိန် သိလိုက်သည်။ မင်းဖရက် ၏ ဒေါသကို စင်တိန်ကြောက်သလို ဖြစ်သွားသည်။ သူမဘေးမှ ဘလိန်း ပြောလိုက်သော အသံကို လည်း ၀ိုးတ၀ါးမျှသာ ကြားလိုက်ရသည်။

" အခုပြီးသွားတဲ့အချီကတော့ သရေပွဲဖြစ်မယ်၊ " ဒီလာရေးကတော့ မတုန်လှုပ်ဘူး၊ ရပ်ခ်ျမိုးကတော့ စိုးရိမ် လာပုံရတယ် "
လက်ဝှေ့သမား နှစ်ယောက် ထိုင်ရာမှ ထလိုက်ကြသည်။ လက်သီးများဖြင့် ဘယ်ပြန်ညာပြန်ထိုး၍ အပြန် အလှန် ထိုးသတ်ကြပြန်သည်။ တစ်ကိုယ်လုံး ချွေးများဖြင့် အရောင်တောက်နေသည်။ ဖြူသော အသားဆိုင် များပေါ်၌ လက်သီးချက်ထိသော နေရာများတွင် အနီရောင် ထလာသည်။ အော်ဟစ်သံများ၊ လက်သီးထိုး သံများကြားမှ စင်တိန်ဖျားချင်သလိုဖြစ်လာသည်။
ဒုတိယအချီ ပြီးသွားသောအခါ ဘလိန်းက မှတ်ချက်ချလိုက်သည်။

" ဒီအချီတော့ ရပ်ရှ်မိုးနိုင်မယ် "
စင်တိန့်မျက်နှာ၌ ချွေးပြန်လာပြီး ပျို့အန်ချင်သလိုဖြစ်လာသည်။ ဘလိန်းက ဆက်ပြောသည်။
" နောက်နှစ်ချီ အတွင်းမှာ ဒီလာရေးကို အလဲထိုးနိုင်မှနိုင်မယ် သူ့အဲဒီလို မထိုးနိုင်ရင် ဒီလာရေးက သူ့ကို အလဲ ထိုးသွားလိမ့်မယ်၊ သူ့ကိုယ်လုံး စိတ်ချထားပုံသိပ်ရတယ် "
စင်တိန်သည် ထိုင်ရာမှထပြီး ခန်းမကြီးထဲမှ အပြင်သို့ တအားထွက်ပြေးလိုက်ချင်သည်။ သို့သော် သူ့ခြေ ထောက် များက လှုပ်မရ ကပ်နေကြသည်။
ခေါင်းလောင်းသံ မြည်လာပြန်သည်။ လက်ဝှေ့သမားနှစ်ဦး မီးမောင်းအောက် ကြိုးဝိုင်းအလယ်သို့ ပြန်ရောက် လာကြသည်။ စင်တိန်သည် အခြားတစ်ဘက်သို့ မျက်နှာလွှဲထားလိုသော်လည်း လွှဲမရဘဲ ဖြစ်နေ သည်။ ထို့ကြောင့် စိုက်ကြည့်နေရာ လှုပ်ရှားမှုအားလုံးက အသေးစိတ်မြင်နေရသည်။

လက်သီးချက်ထိသံကို ကြားလိုက်ရသည်။ အရိုး သို့မဟုတ် သွားကျိုးသံကိုပါ ကြားရသည်။ စင်တိန်လန့်ပြီး အော် လိုက်သည်။ သို့သော် သူမ အော်သံသည် ဘေးမှလူများ၏ အော်သံအောက်တွင် ပျောက်ကွယ်သွား သည်။ လက်သီးချက်များဖြင့် ဆက်တိုက်ပိတ် ထိုးနေရာ စင်တိန် မအော်မိအောင် ပါးစပ်ကို လက်ဝါးဖြင့် အုပ် ထားလိုက်မိသည်။ လက်သီးချက်များက လျှပ်ပြတ်သလို မြန်လွန်းလှသည်။
သူ့သား၏ ငုဝါရောင်မျက်လုံးတွင် ကြောက်စရာကောင်းလောက်အောင် ဒေါသအငွေ့တထောင်းထောင်း ထနေသည် ကို မြင်ရသောအခါ စင်တိန်အော်လိုက်မိသည်။ မင်းဖရက်၏ မိုးသီးမိုးပေါက်ပမာ ဆက်တိုက်ရွာ သွန်ချလိုက်သော လက်သီးချက်များကြောင့် ချန်ပီယံရပ်ရှ်မိုးခမျာ မူးဝေယိမ်းယိုင်ပြီး ခြေထောက် များ ပျော့ ခွေကာ ပက်လက်လန် လဲကျသွားတော့သည်။

မင်းဖရက်ဒီလာရေးက ခုန်ပေါက်ကြည့်နေဆဲ။ ဒေါသအခိုးများက မပြေသေးဘဲ ရှိနေသည်ကို စင်တိန်မြင်ရ သည်။ မင်းဖရက်က အလဲထိုးနိုင်သွားပါချေပြီ။ ပရိသတ်၏ တစ်ခဲနက် အော်ဟစ် ကောင်းချီး ပေးလိုက်သံ က အားကစားရုံ ကွဲထွက်သွားမတတ် ဟိန်းသွားသည်။
" ကျွန်မ ကို အဝေးကို ခေါ်သွားပါတော့ ဘလိန်း၊ ဒီနေရာက သွားကြပါစို့ "
ဘလိန်းက သူမလက်ကိုကိုင်ကာ မ ထူလိုက်သည်။ အားကစားရုံထဲမှ ထွက်လာကြပြီး ညအမှောင်ထုထဲ ဆက် လျှောက်သွားသည်။
စင်တိန် နောက်ဘက်တွင် အော်ဟစ်သံများ ဝေးကျန်ခဲ့သည်။ ပြင်ပလေအေးအေးကို တ၀ကြီးရှူလိုက်မိ သည်။ ယခုမှ ရေနစ်သေလုဆဲလူ ကယ်တင်လွတ်မြောက်လာသလို ခံစားလိုက်ရသည်။
*
" ကာလာဟာရီမှ ခြင်္သေ့ကလေး ဘာလင်အိုလံပစ်သွားခွင့်ရပြီ"
သတင်းစာ မှ အထက်ပါ သတင်းခေါင်းစဉ်ကိုဖတ်ပြီး စင်တိန်သည် ညက အတွေ့အကြုံကို ပြန်သတိရကာ ကျောချမ်း သွားသည်။ သတင်းစာကို ခုတင်စွန်းပေါ်တွင် ပစ်ချလိုက်ပြီး စားပွဲပေါ်မှ တယ်လီဖုန်းကို ကောက် ကိုင်လိုက်သည်။
" ရှာဆာ ... ငါတို့ ဘယ်လောက်စောစော အိမ်ကို ပြန်လို့ရမလဲ "
စင်တိန်က မေးလိုက်ရာ ရှာဆာက အိပ်မှုန်စုံမွှား အသံဖြင့် တယ်လီဖုန်းထဲမှ ပြန်ဖြေသည်။ ဘလိန်းက ရေချိုးခန်းထဲမှ ထွက်လာပြီး စင်တိန်အနား ရောက်လာသည်။ စင်တိန် တယ်လီဖုန်း ပြန်ချလိုက်ချိန်တွင် ဘလိန်းက မေးလိုက်သည်။

" မင်း ဆုံးဖြတ်ပြီးပြီလား "
" သူ့ကို စကားပြောဖို့တောင် လွယ်မှာမဟုတ်ပါဘူး၊ သူ ကျွန်မကို ဘယ်လိုအမူအရာနဲ့ ကြည့်တယ်ဆိုတာ ရှင် မြင်သားပဲ "
" အင်းလေ ... နောက်တစ်ကြိမ် အခွင့်အရေးရဦးမှာပေါ့ "
*
အိုလံပစ်ပွဲအတွက် အပြေးလူရွေးပွဲ ပထမနေ့တွင်ပင် ဒေးဗစ် အီဘရာဟင်သည် မီတာ ၂၀၀ ပြေးပွဲ၌ ယခင်က သူ၏ အကောင်းဆုံး စံချိန်ထက် တစ်စက္ကန့် ပိုမြန်လာသည်။ ဒုတိယနေ့ မီတာ ၄၀၀ နောက်ဆုံး လူရွေးပွဲတွင်လည်း အနိုင်ရသည်။
ငါးရက်ကြာ လူရွေးပွဲနောက်ဆုံးနေ့၌ ကျင်းပသည့် ညစာ စားပွဲနှင့် ကပွဲ၌ တောင်အာဖရိကနိုင်ငံအား ကိုယ် စားပြု ယှဉ်ပြိုင်ခွင့်ရသော အားကစားသမားများ အမည်စာရင်းကို ကြေညာသောအခါ ဒေးဗစ်အီဘရာဟင်၏ နာမည်မှာ ထိပ်ဆုံးနားမှ ပါလာသည်။ ဒေးဗစ်ဘေး၌ ထိုင်နေသော ရှာဆာက ဒေးဗစ် အား ဦးစွာလက်ဆွဲနှုတ်ဆက်ပြီး ဂုဏ်ပြုချီးကျူးလိုက်သည်။
ဒေးဗစ် ဘာလင်သို့သွားချေတော့မည်။

နောက်နှစ်ပတ်ခန့်အကြာတွင် ပိုလိုလက်ရွေးဟင် လူရွေးပွဲကို ဂျိုဟန်နက်စဘတ်မြို့ အိုင်နန်ဒါကလပ်၌ ပြုလုပ်သည်။ လက်ရွေးစင် (က) အသင်းနှင့် (ခ) အသင်းဟူ၍ ရွေးချယ်ဖွဲ့စည်းလိုက်ပြီး နောက်ဆုံးနေ့ တွင် ဗိုလ်လုပွဲ ကစားရန် စီစဉ်လိုက်သည်။ ရှာဆာက (ခ) အသင်း၌ပါရာ ဒုတိယအဆင့်ဖြစ်နေသည်။
ထို နောက်ဆုံးဗိုလ်လုပွဲနှင့် ပြိုင်ပွဲကို စင်တိန် အထူးတန်းမှ လာကြည့်သည်။ ရှာဆာသည် သူ့ တစ်သက်တာ တွင် အကောင်းဆုံး ကြိုးစား ကစားသွားသည်။ သို့သော် အတွေ့အကြုံက လိုနေသေး သဖြင့် လက်ရွေးစင် ဖြစ်ရန် မဖြစ်နိုင်သေးသည်ကို စင်တိန်ကိုယ်တိုင် တွေ့မြင်ရသည်။

ရှာဆာ၏ အဓိကပြိုင်ဘက်ဖြစ်ကာ ဘာလင်အိုလံပစ်သွားရရေးအတွက် အလားတူ ကြိုးပမ်းနေသော ကလီရမ်ဆေး သည် ပြိုင်ပွဲတစ်လျှောက်လုံး အစွမ်းပြလာခဲ့သည်။ သူသည် အသက် ၄၂ နှစ်ရှိပြီး ဘလိန်း နှင့် တွဲကာ နိုင်ငံတကာပွဲပေါင်း ၃၀ ကျော် ကစားခဲ့ဖူးသူဖြစ်သည်။ ရှာဆာထက် သဘာရင့် ၀ါရင့်သူ ဖြစ်သည်။ သူနှင့် ရှာဆာ ယှဉ်လိုက်လျှင် သူ့ကိုရွေးမှ သဘာဝကျမည်ကို စင်တိန် သိမြင်လာသည်။
စင်တိန် သက်ပြင်းမောလေး ချလိုက်သည်။ ထိုစဉ်မှပင် စင်တိန်ဘေးရှိ ပရိသတ်များမှ အလန့်တကြား အော် လိုက်သံကြားရပြီး မတ်ထပ်ထလိုက်ကြရာ စင်တိန်ပါ ရောရောင်ထလိုက်ပြီး ကွင်းထဲသို့ ကြည့် လိုက်သည်။

ရှာဆာက ကွင်းဘေးစည်းကြောင်းဘက်၌ ရောက်နေပြီ ကွင်းလယ်၌ ကလီရပ်ဆေးနှင့် လူငယ်တစ်ဦးတို့ ဘောလုံးကို ထိပ်တိုက်ရင်ဆိုင်လုနေကြသည်။ တမင်သက်သက် လုပ်နေတာ မဟ်ုတ်ဘဲ မတော်တဆ ထိ ခိုက်မှု ဖြစ်သော်လည်း ပြင်းထန်လှသဖြင့် ကလီရမ်ဆေး၏မြင်းမှာ ရှေ့သို့ဒူးထောက်လဲကျသွားပြီး ရမ်ဆေး လည်း မြင်းပေါ်မှ ကျွမ်းပြန်ပြီး မြေမာပေါ်သို့ ပစ်ကျသွားသည်။
ထိုနေ့ညနေပိုင်းတွင် ရမ်ဆေးအား ဓာတ်မှန်ရိုက် ကြည့်ရှုပြီး အရိုးပါရဂူ၏ မှတ်ချက်ထွက်လာသည်။ အရိုး ကျိုးသွားသဖြင့် အနည်းဆုံး တစ်နှစ်ခန့် ပိုလိုကစား၍မဖြစ်ဟု အဖြေထွက်လာသည်။
ထို့ကြောင့် နောက်ဆုံးလူရွေးချယ်ရေး အစည်းအဝေး ထိုင်ကြသောအခါ စင်တိန်သည် မျှော်လင့်ချက် ရောင် ခြည်သစ်ဖြင့် ရင်တမမနှင့် စောင့်မျှော်နေသည်။
ရွေးချယ်ရေး အစည်းအဝေး၌ ရှာဆာ့နာမည်ပါလာသောအခါ ဘလိန်းသည် စည်းဝေးခန်းထဲမှထွက်ပြီး ဘေးဖယ်ပေးလိုက်သည်။ ရွေးချယ်ပြီးစီးသွား၍ ဘလိန်းအား ပြန်ခေါ်လိုက်သောအခါ အဖွဲ့ဥက္ကဋ္ဌက ကြေ ညာလိုက်သည်။

" ရှာဆာကုတ်နေကို ကလိဖ်နေရာမှာ ရွေးချယ်လိုက်တယ် "
အစည်းအဝေးပြီးပြီးချင်း ဘလိန်းသည် စင်တိန့်ထံသို့ တယ်လီဖုန်းဆက်ပြီး သတင်းကောင်းပါးလိုက်သည်။
" အေ၇ွးခံရတဲ့ လူစာရင်းကို သောကြာနေ့အထိ ကြေညာဦးမှာ မဟုတ်သေးဘူး၊ ဒါပေမယ့် ရှာဆာ ကတော့ ဘာလင်သွားဖို့ လက်မှတ်ရသွားပြီ"
" အို ... ဘလိန်းရယ်၊ ဒါလင်ရယ် ... သောကြာနေ့အထိ ကျွန်မ ဘယ်လိုလုပ်ပြီး အောင့်ထားရမှာလဲ၊ ဘာလင် ကို ကျွန်မတို့ အတူတူသွားရမှာ ဘယ်လောက် ပျော်စရာကောင်းလိုက်မလဲ၊ ကျွန်မတို့ သုံးယောက် လေ၊ ကျွန်မ ဒိန်မလာကားကြီးကို ယူသွားပြီး ဥရောပကို ဖြတ်မောင်းသွားမယ်၊ ပြင်သစ်က ကျွန်မ ဇာတိဖြစ် တဲ့ မော့ဟုမ်းရွာကလေးကို ရှာဆာမရောက်ဖူးသေးဘူး။ ပါရီရွှေမြို့တော်ကြီးမှာလဲ ကျွန်မ တို့ အချိန်သုံးလေး ရက်ဖြုန်းနိုင်မယ်၊ ကျွန်မကို လာစရိဟိုတယ်ကြီးခေါ်သွားပြီး ညစာကျွေးနော်၊ စီစဉ်စရာတွေကတော့ အများ ကြီးပဲ ဘလိန်းရယ်၊ ဒီတော့ စနေနေ့ ရှင်နဲ့ ကျွန်မတွေ့တော့မှာပဲ ကျန်တာတွေ ပြောတော့မယ် "

" စနေနေ့ ... ဟုတ်လား "
" ဟုတ်တယ်လေ၊ ဆာဂါရီမွေးနေ့လေ၊ တောင်ပေါ်ကို ပျော်ပွဲစားသွားမယ်လေ၊ ရှင် မေ့နေပြီလား၊ ဒီမှာ ဘလိန်း ... ရှင်နဲ့ ကျွန်မ လူထဲမှာ တရားဝင် နီးကပ်ကပ်တွေ့နိုင်တဲ့ အခွင့်အရေးက တစ်နှစ်မှလေးငါးကြိမ် ရှိတာပါ၊ ဆာဂါရီမွေးနေ့ပွဲ အပါအ၀င် ပေါ့လေ "
" ဆာဂါရီ မွေးနေ့ ရောက်လာတာကလဲ မမြန်လွန်းဘူးလားလို့ ဒီနှစ်ဘာထူးသလဲ "

" အို ... ထူးတာပေါ့၊ ဒီနှစ်ကတော့ ဆာဂါရီ မွေးနေ့ရယ် ရှာဆာအိုလံပစ်ဝင်ပြိုင်ဖို့ အရွေးခံရတာ ရယ် ဆိုတော့ အောင်ပွဲနှစ်ပွဲ ကျင်းပရမှာပေါ့၊ ဒီတော့ ရှင်လာမယ်လို့ ကတိ ပေးစမ်းပါ ဘလိန်း ရယ်"
ဘလိန်း ချီတုံချတုံဖြစ်နေသည်။ သူ့ဇနီး အစ္စဘယ်လာနှင့် သမီးနှစ်ယောက်အား ထိုနေ့တွင် သူ့ယောက္ခမ အိမ် သို့ လိုက်ပို့ပေးမည်ဟုလည်း ကတိ ပေးထားပြီးသားဖြစ်နေသည်။ နောက်ဆုံး ဘလိန်း ယတိပြတ် ဆုံးဖြတ် လိုက်သည်။
" ကတိပေးပါတယ် အချစ်ရယ်၊ လာခဲ့ပါမယ် "

ဆက်ရန်
.

No comments: