(၃၄)
ဘေးမှလူများ၏ ဆူညံဆူညံ စကားသံများကြောင့် ဟင်းဒရစ် အိပ်ရာမှ နိုးလာသည်။ လူများ စုပြုံကြည့် နေသော ပြတင်းပေါက်သို့ သူလည်း တိုးဝင်ကြည့်ရှုလိုက်သည်။ မြောက်ဘက်တွင် ကြီးမားမြင့်မားလှ သော တောင်ကြီးကို ကောင်းကင် အပြည့်တမျှ မြင်လိုက်ရသည်။ နံနက် နေခြည်ဦးတွင် အ၀ါနုရောင် တောက် နေသည်။ တောင်ထိပ်က ထူးထူးခြားခြား ပြားချပ်ပြီး ဘေးဘက်ဆင်ခြေလျှောက ပြေပြစ်နေ သည်။
"ဒါ ဘယ် တောင်လဲကွ" ဟင်းဒရစ်က မေးလိုက်သည်။ ပေါ့၊ သတ္တုတွင်းအောက်ကနေ တူးဖော် ထုတ်တင် ထားတဲ့ တောင် ဖြစ်လာတာလေ" မိုးဇက်က ပြောပြသည်။
အလားတူ တောင်မျိုးလေးမျာကို နေရာအနှံ့တွင် ဟင်းဒရစ် တွေ့ရသည်။ ရထားက တရွေ့ရွေ့ ခုတ်မောင်းသွားနေသည်နှင့်အမျှ အံ့သြစရာများကို တစ်ခုပြီးတစ်ခု တွေ့ရသည်။ အဆောက်အအုံများ က သူတို့ ထင်တာထက် မြင့်ကြသည်။ လမ်းများတွင် ကားများက ဥဒဟိုသွားနေသည်။ အိမ်များမှ မီးခိုး ခေါင်းတိုင် များက တလူလူ ထွက်နေသည်။ လူမည်းရွှေတွင်း အလုပ်သမားများက ငွေရောင် သံခမောက် များကို ဆောင်းပြီး ဒူးခေါင်းအထိ ဖိနပ်ရှည်ကြီးများကို စီးထားသည်။ လမ်းပေါ်တွင် လူဖြူ များ၊ လူဖြူ အမျိုးသမီး များကို တွေ့ရသည်။
"မိန်းမတွေ ဘယ်မှာလဲ"
ဟင်းဒရစ်က ရုတ်တရက် မေးလိုက်ရာ မိုးဇက်က ပြုံးပြီး ဖြေသည်။
"ဘယ်အမျိုးသမီးတွေကို မေးတာလဲ အစ်ကို"
"လူမည်း အမျိုးသမီးတွေလေ၊ ငါတို့လူမျိုး လူမည်းမိန်းမတွေကို မေးတာ"
"အစ်ကိုသိတဲ့ မိန်းမစားမျိုးတွေ ဒီမှာ မရှိဘူး၊ ရွှေတွင်းမှာ အလုပ်လုပ်တဲ့ မိန်းမတွေပဲ ရှိတယ်၊ ဒီမှာကတော့ အရာရာတိုင်း ရွှေပဲ"
သူတို့ရထားသည် ပင်မလမ်းကြောင်းမှ ခွဲထွက်ပြီး အဖြူရောင် ရှည်လျားသော တန်းလျားများ ရှိသည့် သံဆူးကြိုးကာထားသော ၀င်းကြီးထဲသို့ ဖဲ့ထွက် ခုတ်မောင်းသွားသည်။ ဂိတ်ဝအပေါ်ဘက်တွင် ဆိုင်းဘုတ် ကို တွေ့ရသည်။
"စစ်ဝါတာ စထရင်ဒေသအလုပ်သမားအသင်း ဗဟိုစခန်း"
ရထားပေါ်မှ ဆင်းခိုင်းပြီး ရှည်လျားသော အဆောက်အအုံသို့ ခေါ်သွားကာ သူတို့အား ဦးစွာ ဆေးစစ် သည်။
ဟင်းဒရစ်အလှည့် ရောက်သောအခါ ဆရာဝန်တစ်ယောက်က မေးလာသည်။
"မင်း ပါးစပ်နဲ့ခေါင်းက ဘာဖြစ်လာတာလဲ၊ အေးလေ ကိစ္စ မရှိပါဘူး မဖြေနဲ့တော့၊ ငါလဲ မသိချင်ပါဘူး၊ ဒီလို ဒဏ်ရာမျိုးတွေ အလျင်ကလဲ မြင်ခဲ့ဖူးပေါင်းများပါပြီ၊ မင်းတို့ ရထားမှာ တိရစ္ဆာန်တွေက ကြီးကြပ် အုပ်ချုပ် လာတာပဲကွာ၊ မင်းကို သွားဆရာဝန်ဆီ ပို့ပေးမယ်၊ ခေါင်းက ဒဏ်ရာကတော့ ချုပ်ဖို့ အချိန် နှောင်း နေပြီ၊ အမာရွတ်လှလှလေးနှစ်ခုတော့ ထင်ကျန်နေမှာပေါ့ကွာ၊ ကဲ ... မင်းက ခွန်အားဗလ ကောင်း တော့ မြေအောက် အလုပ်လုပ်ရမယ်၊ မြေအောက်ဆင်းခ အပိုဆုကြေး မင်းရမယ်"
သူတို့အား အညိုရောင်အင်္ကျီနှင့် ဘောင်းဘီတွဲလျက် ၀တ်စုံများနှင့် ဖိနပ်ရှည်များ ထုတ်ပေးသည်။ ထို့နောက် ညစာကျွေးသည်။ ညစာကို မိမိ စားနိုင်သလောက် စိတ်ကြိုက် တစ်ဝထည့် စားလိုက်သည်။
ဟင်းဒရစ် က ပါးစပ်ထဲသို့ အစားတလုပ် ထည့်လိုက်ရင်း ပြောသည်။
"အစားကလဲ ကောင်းတယ်၊ လူဖြူတွေကလဲ မျက်နှာချိုတယ်၊ ရထားပေါ်မှာလို ရိုက်တာနှက်တာလဲ မရှိဘူး ... နိပ်ဟ"
"ဒီမှာ အစ်ကို၊ ရူးနေတဲ့ လူမှသာ ကိုယ့်ခိုင်းနွားတွေကို အစာငတ်ထားပြီး ရိုက်နှက်မှာပေါ့၊ ဒီက လူဖြူ တွေက အရူးတွေ မဟုတ်ကြဘူး"
နောက်တစ်နေ့ မနက် အရုဏ်တကချိန်တွင် သူတို့ကို အိပ်ရာမှ နှိုးကြသည်။ နံနက်စာအ၀ ကျွေးပြီး နောက် သွပ်မိုး စာသင်ခန်း အရှည်ကြီးထဲသို့ ခေါ်သွားသည်။
"နေရာအသီးသီးက လူမည်း လူမျိုးစု ၄၀ ကျောက်လောက် ဒီကို အလုပ် လာလုပ်ကြတာ၊ အဲဒီထဲမှာ လူတစ်ထောင် မှ တစ်ယောက်လောက်သာ အင်္ဂလိပ်စကား ဒါမှမဟုတ် အာဖရိက လူဖြူစကား တတ်ကြတာ၊ အခု ကျွန်တော်တို့ကို ဒီရွှေတွင်းရဲ့ အထူးဘာသာစကား သင်ပေးမလို့၊ လူဖြူဖြစ်ဖြစ် လူမည်း ဖြစ်ဖြစ် ဘာလူမျိုးဖြစ်ဖြစ် ဒီမှာ တစ်ယောက်နဲ့ တစ်ယောက် ပြောဆိုလုပ်ကိုင်နိုင်ဖို့ ဘုံဘာသာ စကား သင်ပေးမှာ"
စာသင်ခန်းထဲမှာ ခုံတန်းရှည်တစ်ခုတွင် ၀င်ထိုင်ရင်း မိုးဇက်က ဟင်းဒရစ်အား ပြောပြသည်။ ဇူးလူး အမျိုးသား အသက်ကြီးကြီး ဆရာတစ်ယောက်က သူတို့အလုပ်သမား အသစ်များသို့ ဘုံဘာသာ စကား သင်ကြား ပေးသည်။ အလုပ်သမားများနှင့် လုပ်ငန်းသုံး သံခမောက်များ၊ မီးအိမ်များ၊ ပုဆိန် ပေါက်တူ၊ စူးဆောက်ကိရိယာ စသည်များကို လက်တွေ့ ပြသပြီး အခေါ်အဝေါ်များကို သင်ကြားပေး သည်။
ထိုနေ့နံနက်ပိုင်းတစ်လျှောက်လုံး ဘာသာစကားသင်ကြားရသည်။ နေ့လယ်စာ စားပြီးသောအခါ လူ၂၀ လျှင် တစ်အုပ်စုစီ ခွဲပြီး အခြားစာသင်ခန်းကို အဆောက်အအုံတစ်ခုသို့ ခေါ်သွားသည်။ ဟင်းဒရစ်နှင့် မိုးဇက် က တစ်အုပ်စုတည်း ပါသွားသည်။ ထိုအဆောက်အအုံတွင် တွေ့ရသူမှာ နီကြောင်ကြောင် ဆံပင်၊ နှုတ်ခမ်းမွေးနှင့် မျက်လုံးစိမ်းစိမ်းရှိသူ လူဖြူ ဖြစ်သည်။
ထိုသူက ဆရာဝန်များဝတ်သော အဖြူရောင်ကုတ်အင်္ကျီမျိုးကို ၀တ်သည်။ မျက်နှာက ပြုံးရွှင်ပြီး ဖော်ရွေ သည်။ လူမည်းအလုပ်သမားများအား လက်ပြပြီး ခုံတန်းများတွင် ထိုင်ခိုင်းသည်။ သူက အင်္ဂလိပ်လို ပြောရာ မိုးဇက်နှင့် ဟင်းဒရစ်တို့သာ နားလည်သော်လည်း အများနှင့်ရောပြီး နားမလည် ချင်ယောင် ဆောင်နေလိုက်သည်။
"ကဲ ... ကောင်းပြီ ရဲဘော်တို့ ငါ့နာမည်က ဒေါက်တာမာကပ်စ်အာချာ၊ ငါ့အလုပ်က စိတ်ပညာရှင်၊ အခု မင်းတို့ အရည်အသွေးကို စစ်ပြီး ဘယ်သူဟာ ဘယ်အလုပ်မျိုးနဲ့ တော်မယ်ဆိုတာ ရွေးချယ်ရမယ်"
လူဖြူ စိတ်ပညာရှင်က လူမည်းအလုပ်သမားများကို ပြုံးပြလိုက်ပြီး သူ့နောက်ဘက်မှ လူမည်း အလုပ် သမား များကို ခေါင်းညိတ်ပြလိုက်သည်။ ထိုသူက သူ့စကားကို ဘာသာပြန် ပြောပြသည်။
"ဒီဆံပင်နီနီနဲ့ လူပြောသလို မင်းတို့ လုပ်ကြ၊ ဒါမှ မင်းတို့ ဘယ်သူ ဘယ်လောက်မိုက်မဲတယ်ဆိုတာ ငါတို့ သိမှာ"
ပထမဆုံး စမ်းသပ်ချက်မှာ မာကပ်အာချာ ကိုယ်တိုင် တီထွင်ထားသော စမ်းသပ်ချက် ဖြစသ်ည်။ ပုံစံ အမျိုးမျိုး အရောင်အမျိုးမျိုးရှိသည့် သစ်သားတုံးလေးများကို နမူနာပုံစံအတိုင်း စီ၍ ဆောက်လုပ်ရခြင်း ဖြစ်သည်။ ကန့်သတ်ချိန် ခြောက်မိနစ်ပေးသည်။
ထိုစစ်ဆေးချက်ကို မိုးဇက်က တစ်မိနစ် ခြောက်စက္ကန့်ဖြင့် ပြီးသည်။ ယခင်က မည်သူမျှ နှစ်မိနစ်ခွဲ ထက် စောပြီး မပြီးခဲ့ပေ။ မိုးဇက်စံချိန်သစ်ထူလိုက်ရာ မာကပ်စ်ပင် အံ့အားသင့်သွားသည်။ မာကပ်စ် အံ့အားသင့်သွားပြီး မိုးဇက်အား အသေအချာ ဂရုစိုက်ကြည့်ရှု သုံးသပ်လာသည်။
မိုးဇက်တို့အုပ်စု အခန်းထဲ ၀င်လာစကပင် မာကပ်စ်သည် မိုးဇက်အား သတိထားခဲ့မိသည်။ သူ့ဘ၀တွင် လူဖြူဖြစ်စေ၊ လူမည်းဖြစ်စေ ဤသို့ ချောမောလှပသူမျိုး မတွေ့ဖူးပေ။ ဒေါက်တာ အာချာသည် အသားအရေမည်းနက်သူကို အလွန်ကြိုက်သည်။ သူသည် လိင်တူဆက်ဆံသူတစ်ဦးဖြစ်ရာ အသားမည်းကို နှစ်သက်ခြင်းကြောင့်လည်း လွန်ခဲ့သော ငါးနှစ်ကပင် အာဖရိကသို့ ရောက်ခဲ့သူ ဖြစ်သည်။
မာကပ်စ်သည် မက်ဒါလိန်ကောလိပ်၌ တတိယနှစ်တက်နေစဉ် သဘာဝတူ ဆက်ဆံရေးထဲသို့ ရောက်ခဲ့သည်။ သူ့ကို ထိုဘ၀ထဲရောက်အောင် ပို့ပေးသူကပင် ကားလ်မတ်နှင့် လီနင်တို့၏ ဒဿနများ ကို ပို့ချသွတ်သွင်းပေးခဲ့သည်။ ထို့အပြင် ထိုသူကပင် မာကပ်စအား ဗြိတိသျှကွန်မြူနစ်ပါတီ၌ အဖွဲ့ဝင် အဖြစ် စာရင်းသွင်းပေးခဲ့သည်။ ကင်းဘရစ်တက္ကသိုလ်မှ ထွက်လာပြီးသောအခါ ဘလွန်စ်အာရီမှ ကွန်မြူနစ် ရဲဘောများနှင့် အဖွဲ့ ဖြစ်သည်။
ထို့နောက် သူမည် န်ချက်စတာတက္ကသိုလ်သို့ သွားရောက်ပြီး စက်မှုလုပ်ငန်းသုံး စိတ်ပညာဘာသာရပ် ကို လေ့လာဆည်းပူးသည်။ ထိုတက္ကသိုလ်တွင် ဂမေကာမှ လူမည်းကျောင်းသား အားကစားသမား တစ်ဦးနှင့် အဖွဲ့ကျ အတွဲဖြစ်ပြီး ပါတီနှင့် အဆက်အသွယ်များ ပြတ်တောက်သွားသည်။ သို့သော် ပါတီက သူ့ကို မမေ့ပေ။ သူ့အသက် (၃၁)နှစ်အရွယ် စိတ်ပညာဘာသာရပ်နယ်ပယ်၌ အနည်းငယ် အောင်မြင်စ ပြုလာသောအခါ ဂျမေကာမှ ကျောင်းသားက ကန်ထုတ်သွား၍ စိတ်ဓာတ်ကျနေသော အချိန်တွင် ပါတီက မာကပ်စ် အား ပြန်လည် ဆက်သွယ်ကာ ပါတီစက်ဝိုင်းထဲသို့ ပြန်သွင်းခဲ့သည်။
ပါတီ ခေါင်းဆောင်များက သူ့အား ပြောလာသည်။
တောင်အာဖရိကက သတ္တုတွင်းများ၌ အာဖရိက အလုပ်သမားများနှင့် သွားရောက် အလုပ်လုပ်ခြင်းဖြင့် မိမိ၏ စိတ်ပညာနယ်ပယ်၌ တိုးတက်အောင်မြင် မည့်လမ်း ရှိနေသည်တဲ့။ သူကလည်း အသားမည်း ကြိုက်သူမို့ စိတ်ပါလာသည်။ တောင်အာဖရိက ကွန်မြူနစ်ပါတီသည် ပေါ်ဦးစကပင် ရှိသေးရာ အခြေ မခိုင်သေးပေ။ ထိုပါတီ အခြေခိုင်အောင် ကူညီ ပေးရမည့်အလုပ်ကို တာဝန်ပေးလာရာ မာကပ်စ်၏ လိုလိုလားလားပင် လက်ခံလိုက်သည်။ ထိုလ အတွင်းမှာပင် ကိပ်တောင်းမြို့သို့ မာကပ်စ်သင်္ဘောဖြင့် ထွက်လာခဲ့သည်။
ထို့နောက် ငါးနှစ်လုံးလုံး တောင်အာဖရိက သတ္တုတွင်းများ၌ အလုပ်လုပ်ခဲ့ရာ အလုပ်ရှင်များ၏ ကျေနပ် နှစ်သက်ခြင်းနှင့် အသိအမှတ်ပြုခြင်းကို ခံယူရရှိခဲ့သည်။ သို့သော် ကွန်မြူနစ်ပါတီနှင့် သူ၏ အဆက် အသွယ်ကိုမူ လူမသိအောင် ဂရုတစိုက် ဖုံးကွယ်ထားသည်။ သို့ရာတွင် အရေးကြီးသော အစိတ်အပိုင်း မှ နေ၍ ပါတီကို လမ်းညွှန်ကူညီပေးနေသည်။
မာကပ်စ်သည် အသက်ပိုကြီးလာပြီး လူမဆန်သော လူတန်းခွဲခြားမှုနှင့် လူမျိုးရေးခွဲခြားမှုများ လူဖြူ လူမည်းစုံ ဘူဇ၀ါတို့၏ ချမ်းသာမှုနှင့် ဇိမ်ခံမှုများ လူမည်းလူများစု ပစ္စည်းမဲ့များ ဖိနှိပ်ခံရမှု၊ ဆင်းရဲမွဲတေ မှုများကို မျက်ဝါးထင်ထင် တွေ့မြင်လာသောအခါ ကားလ်မာ့တ်စ်နှင့် လီနင်ဝါဒတွင် ပိုမိုသက်ဝင် ယုံကြည်လာသည်။
မားကပ်စ်သည် မိုးဇက်အား လှမ်းကြည့်လိုက်သည်။ အသားအရောင်က ပျားရည်ရောင် တောက်ပြီး ရုပ်ရည်ချောမောသော သူ့အသွင်ကြောင့် မာကပ်စ်စိတ်ထဲ၌ မရိုးမရွ ဖြစ်သွားသည်။
"မင်း အင်္ဂလိပ်စကား ပြောတတ်တယ် မဟုတ်လား"
မာကပ်စ်က မေးရာ မိုးဇက်က ခေါင်းညိတ်ပြသည်။ မာကပ်စ်သည် စကားပြောစင်ဆီသို့ ပြန်သွားပြီး စစ်ဆေး မှုများ ဆက်လုပ်သည်။ အားလုံးတွင်ပင် မိုးဇက်က အလျင်ဆုံး ပြီးသည်။ အမှတ်အများဆုံး ရသည်။
ညနေငါးနာရီတွင် စစ်ဆေးမှုများ အားလုံးပြီးသည်။ အလုပ်သမားများအားလုံး ပြန်ရန် ထလိုက်ကြ သည်။ မာကပ်စ် က မိုးဇက်နာမည်အား လူစာရင်းတွင် ရှာကြည့်ပြီး လှမ်းပြောလိုက်သည်။
"ဂါမာ ... မင်းကိုငါ နောက်ထပ် စစ်ဆေးစရာ တစ်ခု ရှိသေးတယ်"
အခြားအလုပ်သမားများ ပြန်သွားကြသည်။ မာကပ်စ်က မိုးဇက်အား အဆောက်အအုံတစ်ဘက်စွန်းရှိ သူ၏ ရုံးခန်းဆီသို့ ခေါ်သွားသည်။
"မင်း စာရေးတတ်၊ ဖတ်တတ်သလား ဂါမာ"
"ဟုတ်ကဲ့ ဒေါက်တာ"
"လူတစ်ယောက်ရဲ့ လက်ရေးကို ကြည့်ရှုစစ်ဆေးယင် သူရဲ့အရည်အချင်းကို ကောင်းကောင်း သိနိုင်တယ်၊ မင်းလက်ရေး ကိုလဲ ငါစစ်ဆေးကြည့်ချင်တယ်"
မာကပ်စ်အာချာက ရှင်းပြသည်။
စားပွဲတစ်လုံးတွင် ကုလားထိုင်နှစ်လုံးဖြင့် သူတို့ဘေးချင်း ယှဉ်ထိုင်လိုက်ကြသည်။ မာကပ်စ်က မိုးဇက် အား စာရွက်နှင့် ကလောင်တံ ထုတ်ပေးလိုက်သည်။ ထို့နောက် ကလေးချော့တစ်ပိုဒ်ကို ပုံနှိပ်ထား သည့် ကတ်ပြား တစ်ပြားထုတ်ပေးလိုက်။
အဲဒီကတ်ပြားထဲက စာသားကို စာရွက်မှာ လိုက်ကူးပြီး ရေးစမ်းကွာ"
မိုးဇက်က ကလောင်တံကို မင်ပုလင်းထဲတွင် နှစ်လိုက်ပြီး စာလုံးများ စရေးသည်။ အာချာက မိုးဇက် နားပိုကပ်လိုက်ပြီး သူရေးတာကို အနီးကပ် လိုက်ကြည့်သည်။ မိုးဇက်ရေးသော စာလုံးများက ကြီးမား ပြီး ညီညာ ပြေပြစ်သည်။ စာလုံးအနေအထားကို ကြည့်ခြင်းဖြင့် စိတ်ဓာတ်ခိုင်မာပြတ်သားမည့် စွမ်းအင် ရှိကြောင်း စိတ်ပညာရှင် မာကပ်အာ သိလာရသည်။
မိုးဇက်စာရေးနေသည်ကို အာချာ လာကြည့်ရှုနေရင်းက သူ့ညာလက်က မိုးဇက်ပေါင်ပေါ် ရောက်သွား သည်။ ချောမွေ့သော အသားအရေအောက်တွင် မာကျောတင်းရင်းသော အသားဆိုင်များကို ဆုပ်ကိုင် မိသွားသည်။ မိုးဇက် ပထမအံ့သြသွားပြီးမှ သဘောပေါက်နားလည်သွားသည်။ မိမိအဖို့အကွက် ဆိုက်လာပြီဖြစ်၍ မသိမသာ လိုက်လျောလိုက်သည်။ စာရေးပြီးသွားသောအခါ ကလောင်တံကို ဂရု တစိုက် ချထားလိုက်သည်။ ထို့နောက် မာကပ်စ်အာချာ၏ မျက်လုံးစိမ်းများကို ပထမဆုံးအကြိမ် စိုက်ကြည့်လိုက်သည်။
"ဂါမာ ... မင်းဟာ အသိဥာဏ် ထက်မြက်တယ်၊ မြေအောက်မှာ သတ္တူတူးဖို့ မင်းနဲ့ မတန်ဘူး"
အာချာ့ အသံက အနည်းငယ်တုန်ယင်နေသည်။ သူ့လက်ချောင်းများက ဂါမာမိုးဇက်၏ပေါင်ကို ဖြစ်ညှစ် လိုက်သည်။
"မင်း ငါ့ရဲ့လက်ထောက်အဖြစ် လုပ်မလား"
သူ့ကမ်းလှမ်းချက်ကို မိုးဇက်ချက်ချင်း စဉ်းစားလိုက်သည်။ သူ့အလုပ်ကို လက်ခံ၍ သူ့အနားတွင် နီးနီး ကပ်ကပ် နေရလျှင် ရွှေတွင်းများအားလုံး၏ ကိုယ်ရေးဖိုင်တွဲများကို ကြည့်နိုင်မည်။ မာကပ်စ်၏ အကာ အကွယ်ရမည်။ အခွင့်ထူးရမည်။ အခြား လူမည်းများ မသွားရမလာရသာ နေရာသို့ သွားလာ ၀င်ထွက် နိုင်မည်။ ထိုသို့သော အခွင့်အရေးများကို ယခုလို ခဏချင်းရဖို့ ဆိုသည်မှာ မလွယ်။ သို့သော် ထိုအခွင့် အရေးများကို ယခုလို ခဏချင်းရဖို့ ဆိုသည်မှာ မလွယ်။ သို့သော် ထိုအခွင့်အရေးများကိုရဖို့ သူ့ လက်ထောက် လုပ်ဖို့အတွက် သူလိုချင်တာတော့ ပေးရလိမ့်မည်။ အပေးအယူဆိုသည်ကတော့ ရှိစမြဲပင်။ မိုးဇက်အဖို့လည်း ဤသည်မှာ အဆင်သင့်ပင် ဖြစ်သည်။ ထို့ကြောင့် သူအဖြေပေးလိုက်တော့ သည်။
"ဟုတ်ကဲ့ဒေါက်တာ၊ ကျွန်တော်ဆရာ့အတွက် အလုပ်လုပ်ပေးပါမယ်"
ပဏာမပြင်ဆင်ရေးစခန်း၌ သူတို့နေသော နောက်ဆုံးညတွင် မိုးဇက်သည် သူရွေးချယ်ထားသူများကို ဆင့်ခေါ်လိုက်သည်။ သူ့လက်ထောက် လက်ရွေးစင်များက သူ့ဘေးတွင် ၀ိုင်းထိုင်ကြသည်။
"မကြာခင်မှာပဲ ကျွန်တော်တို့ ဒီစခန်းကနေပြီး ရွှေတွင်းတူးတဲ့ သတ္တုတွင်းတွေကို သွားရတော့မယ်။ ဒီတစ်လျှောက်မှာ ရွှေတွင်းတွေ အများကြီးရှိတော့ လူတွေ ခွဲသွားကြမှာပဲ၊ တချို့က မြေအောက်မှာ တွင်းတူးလုပ်ငန်း လုပ်ရလိမ့်မယ်။ ငါတို့ တခဏတော့ တစ်ကွဲတစ်ပြားစီနေကြရမှာပဲ။ ဒါပေမယ့် တစ်ခု မမေ့ဖို့က ငါတို့ဟာ ညီအစ်ကိုတွေဆိုတာပဲ၊ ငါဟာ မင်းတို့ရဲ့ အစ်ကိုကြီးဆိုတာ မမေ့ကြနဲ့၊ မင်းတို့ အတွက် ငါ့မှာ အရေးကြီးတဲ့ အလုပ်တစ်ခု ရှိတယ်၊ မင်းတို့ဘယ်နေရာ ရောက်နေနေ ငါသိနေမှာပဲ၊ ငါခေါ်လိုက်ယင် မင်းတို့ အသင့်ရှိကြပါစေ"
သူတို့က ခေါင်းညိတ်ပြီး ပြန်ဖြေသည်။
"ကျွန်တော်တို့ဟာ ခင်ဗျားရဲ့ညီငယ်တွေပါ၊ ခင်ဗျားစကားကို ကျွန်တော်တို့ နားထောင်ပါမယ်"
"ငါရဲ့ ကာကွယ်စောင့်ရှောက်ပေးမှုကို မင်းတို့ ထာဝရ ရရှိထားမယ်ဆိုတာ နားလည်ပါ၊ မင်းတို့အပေါ် စော်ကားသူတွေကို လက်စားချေပေးမယ်၊ ငါတို့ ညီအစ်ကိကုတွေအပေါ် စော်ကားတဲ့လူတွေ ဘယ်လို ဖြစ်ရတယ်ဆိုတာ မင်းတို့ မြင်ခဲ့ရပြီပဲ"
"ကျွန်တော်တို့ မြင်ခဲ့ပြီးပါပြီ၊ သူသေသွားရပြီလေ"
"ဟုတ်တယ်၊ ကျွန်တော်တို့အားလုံးဟာ ကျွဲတွေ၊ ကျွဲအမည်းတွေ လူအားလုံးဟာ ကျွန်တော်တို့ကို ကြောက်လာရလိမ့်မယ်" အားလုံးက ပြောသည်။
"တို့အချင်းချင်းသိဖို့ လျှို့ဝှက်သင်္ကေတတစ်ခု ထားရမယ်၊ ဟောဒီမှာ ငါပြမယ် ..."
မိုးဇက်က အမှတ်အသားကို လုပ်ပြရာ သူတို့ လိုက်လုပကြသည်။ လူဖြူတွေ နှုတ်ဆက်သလို ညာဘက်လက်ချင်းဆွဲ နှုတ်ဆက်ပြသည်။ သို့သော် ဆုပ်ကိုင်ပုံကို ကွာခြားသည်။ နှစ်ကြိမ်ဆုပ်ကိုင်ပြီး လက်ညှိုးကို ထောင်ပြလိုက်သည်။
"မင်းတို့ကို အဲဒီလို လာနှုတ်ဆက်ယင် ညီအစ်ကိုတော်ပဲဆိုတာ သိလိုက်ကြပေတော့"
မှောင်မိုက်နေသော တန်းလျားထဲတွင်ပင် သူတို့တစ်ဦးနှင့်တစ်ဦး လက်ဆွဲ နှုတ်ဆက်ကြသည်။ မိုးဇက် သင်ပြထားသော အမှတ်လက္ခဏနည်းဖြင့် နှုတ်ဆက်ကြသည်။
"မင်းတို့ မကြာခင် ငါ့ဆီက အကြောင်းကြာုးးတာကို ကြားရလိမ့်မယ်၊ အဲဒီမတိုင်ခင်မှာတော့ လူဖြူတွေ ခိုင်းသမျှ လုပ်ပါ။ အလုပ်ကို ကြိုးစားပြီး လေ့လာဆည်းပူးပါ၊ ငါခေါ်လိုက်ယင် အသင့် ဖြစ်နေပါစေ"
မိုးဇက်က သူ့လူများအား သူတို့အိပ်ရာသို့ ပြန်လွှတ်လိုက်သည်။ ဟင်းဒရစ်နှင့် မိုးဇက် နှစ်ယောက် တည်းသာ အိပ်စင်ပေါ်၌ ထိုင်လျက်ကျန်ရစ်သည်။ မိုးဇက်က ခေါင်းချင်းဆိုင်လိုက်ပြီး ခပ်တိုးတိုးပြော သည်။
"အစ်ကို အဖြူတုံးကလေးတွေ ဆုံးသွားပြီနော်၊ အခုလောက်ဆို ငှက်တွေကြွက်တွေက ပေါင်မုန့်တွေကို ထိုးဆိတ်ဖဲ့ပြီး ယူသွားကြရောပေါ့၊ စိန်တွေကတော့ နေရာအနှံ့ရောက်ပြီး ပျောက်ကုန်ပါပြီ၊ ဖုန်တွေ ညွန်တွေက စိန်တုံးလေးတွေ ပေါ်မှာ ဖုံးအုပ်ကုန်မယ်၊ မြက်တွေကလဲ အပေါ်က ပေါက်မယ်၊ သွားပါပြီ အစ်ကိုရာ"
"ဟုတ်တယ် ... သွားပါပြီ ... ဆုံးပါပြီ၊ ငါတို့ ပင်ပင်ပန်းပန်း လုပ်ခဲ့ရ ကြိုးစားခဲ့ရ၊ စွန့်စားခဲ့ရ၊ သွေးထွက် သံယို ဖြစ်ခဲ့ရတဲ့ စိန်တွေဟာ လေထဲမှာ သစ်စေ့တွေ လွင့်သလို လွင့်ပြီး ပြန့်ကျဲကုန်ပါပြီ" ဟင်းဒရစ် ကလည်း ပြန်ပြောလိုက်သည်။
"ဒီစိန်တွေဟာ ကျိန်စာ သင့်နေတဲ့ စိန်တွေ၊ အဲဒါတွေကို ကျွန်တော် စမြင်လိုက်ကတည်းက ဒုက္ခပေး မယ့် ဟာတွေဆိုတာ သိလိုက်တယ်၊ အဲဒါတွေဟာ လူဖြူတွေရဲ့ ကစားစရာတွေပေါ့၊ လူဖြူတွေကို ချမ်းသာ လို့ကော အစ်ကို ဘာလုပ်မှာလဲ၊ အဲဒါတွေကို အစ်ကို သုံးဖို့ ကြိုးစားယင်၊ လူဖြူတွေ သုံးတဲ့ အသုံးအဆောင်ပစ္စည်းတွေ ၀ယ်ဖို့ ကြိုးစားယင်၊ လူဖြူ ရဲတွေက အစ်ကို့ကို တစ်ခါတည်း သံသယ၀င် ပြီး ဖမ်းဆီးစစ်ဆေးတော့မှာပေါ့၊ ဒါဆိုယင် အစ်ကို့အတွက် စက်တိုင်လား ထောင်လားပဲ"
ဟင်းဒစ် ငြိမ်ပြီး စဉ်းစားနေသည်။ မိုးဇက်ပြောသော စကားမှန်ကြောင်း သိလာသည်။ လူမည်း တစ်ယောက်အနေဖြင့် မော်တော်ကား ၀ယ်စီး၍လည်း မဖြစ်နိုင်ပေ။
"စိန်တို့ရွှေတို့ထက် ပိုပြီး တန်ဖိုးရှိတဲ့ အရာတွေ ရှိပါသေးတယ် အစ်ကို"
"အဲဒါတွေက ဘာတွေလဲကွ" ဟင်းဒရစ်က စိတ်ဝင်တစား မေးလိုက်သည်။
"ကျွန်တော့်နောက်က လိုက်စမ်းပါ အစ်ကို၊ ကျွန်တော် အဲဒါတွေ အစ်ကိုရအောင် နည်းလမ်းညွှန်ပါ့ မယ်"
"အဲဒါ ဘာတွေဆိုတာ ငါ့ကို ပြောစမ်းပါကွာ"
"အချိန်ကျယင် အစ်ကို တွေ့လာရပါလိမ့်မယ်၊ အခုတော့ ပထမဆုံးကိစ္စတွေ ပြောစမ်းပါရစေဦး၊ တန်ဖိုး ရှိတာတွေက နောက်ကပါလာလိမ့်မယ်၊ ကျွန်တော်ပြောတာ နားထောင်စမ်းပါ၊ ကျွန်တော့်ဆရာ စိတ်ပညာရှင်က အစ်ကို့ကို အကြီးဆုံး ရွှေတွင်းကုမ္ပဏီဖြစ်တဲ့ စထရယ်ရင်းကွန်ဆိုလဒိတ်တက် ကုမ္ပဏီရဲ့ ရွှေတွင်းမှာ တာဝန်ချထားပေးလိမ့်မယ်၊ သူ့မှာ လက်အောက်ခံ ရွှေတွင်းခွဲတွေ အများကြီး ရှိတယ်၊ အစ်ကိုက မြေအောက် အလုပ်လုပ်ရမယ်၊ အဲဒီမှာ အစ်ကို နာမည်ကြီးအောင် လုပ်ပေါ့၊ ကျွန်တော်တို့ထဲက အကောင်းဆုံး ကျွဲဆယ်ကောင်ကို အစ်ကိုနဲ့ အတူတူကျအောင် ကျွန်တော့်ဆရာကို ပြောပြီး စီစဉ်ထားတယ်၊ အဲဒါ အစ်ကို့အတွက် စစ်သည်တွေပဲ၊ သူတို့နဲ့အစ်ကို စပြီး လုပ်ရမှာပဲ"
"သူတို့နဲ့ငါက ဘာလုပ်ရမှာလဲ"
"သူတို့ကို အဆင့်သင့်ဖြစ်အောင်သာ စုစည်းကိုင်တွယ်ထားပါ၊ မကြာခင် ကျွန်တော် အကြေားကြားပါ့ မယ်"
"တခြား ကျွဲတွေကရော"
"သူတို့အတွက်လဲ ကျွန်တော့်ဆရာနဲ့ပြောပြီး စီစဉ်ပြီးပါပြီ။ ဆယ်ယောက်တစ်ဖွဲ့စီကို ရန်းကုမ္ပဏီရဲ့ ရွှေတွင်းတွေမှာ နေရာချထား ပေးလိမ့်မယ်၊ ကျွန်တော်တို့ရဲ့ အမာခံလူတွေ နေရာတိုင်းမှာ ရှိနေလိမ့် မယ်၊ သူတို့ကတစ်ဆင့် အင်အားတွေ စုပြီး ပွားများ လာလိမ့်မယ်၊ မကြာခင်မှာပဲ ကျွန်တော်တို့ဟာ ကြီးမားတဲ့ ကျွဲအုပ်ကြီး ဖြစ်လာလိမ့်မယ်၊ အရက်စက်ဆုံး ခြင်္သေ့ကတောင် ရင်ဆိုင်ရဲမှာ မဟုတ်စေရ ဘူး"
ဆက်ရန်
.
No comments:
Post a Comment