Tuesday, December 27, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အဆက် အပြိုင်အဆိုင်အနိုင်, အပိုင်း (၃၃)

(၃၃)

လူမည်းအမျိုးသမီးများက သစ်သားဆုံထဲတွင် ဂျုံစေ့များကို ထည့်ပြီး သစ်သားကျီပွေ့နှင့်ထောင်းကာ ဂျုံဖွပ် သည်။ ရရှိလာသော ဂျုံမှုန့်ဖြူဖြူလွလွများကို သားရေအိတ် တစ်လုံးထဲသို့ ထည့်သည်။
ဟင်းဒရစ် သည်  ထိုဂျုံအိတ်ကို ယူပြီး သူတို့ရွာမှ ထွက်လာသည်။ ညီဖြစ်သူ မိုးဇက်က သူ့နောက်မှ ပါလာသည်။ လဆန်းရက် လထွက်စအချိန်တွင် တောင်စောင်းမှ တောအုပ်များထဲသို့ ညီအစ်ကို နှစ်ယောက် တက်လာကြသည်။

သစ်ပင်အိုကြီး၏ခွဆုံရှိ ဇီးကွက်အသိုက်အခေါင်းပေါက်ထဲသို့ မိုးဇက်က တက်နှိုက်စဉ်တွင် ဟင်းဒရစ်က အောက် မှ ကင်းစောင့်ပေးနေသည်။ မိုးဇက်က သစ်ခေါင်းထဲမှ အညိုရောင် အထုပ်ကလေးများကို နှိုက်ယူပြီး ဆင်းလာသည်။
သူတို့နှစ်ယောက် တောင်စောင်းကုန်းတန်းအတိုင်း ဆက်လျှောက်လာရာ ရွာနှင့်အတော်ဝေးပြီး သူတို့အား မည်သူမျှ စောင့်မကြည့်နိုင်သော နေရာရောက်မှ ရပ်လိုက်ကြသည်။ ကျောက်တုံးကြီးများ အလယ်ကောင် နေရာတွင်  မီးပုံတစ်ပုံ ဖိုလိုက်သည်။ ထို့နောက် ဟင်းဒရစ်က အထုပ်များကို ဖြေကာ စိန်လုံးကလေး များကို မြေပြောင်ပေါ်သို့ လောင်းချသည်။  မိုးဇက်က  ကျောက်တုံးတစ်တုံးပေါ်တွင် ဂျုံမုန့်များကို ရေနှင့်  နယ်ပြီး ဖွသည်။ အစေးထအောင်  လုပ်သည်။

အစေးထနေသော ဂျုံများကို  ပေါင်မုန့်အနေတော် အရွယ်ကလေးများ ဖြစ်အောင် လုံးသည်။  ပေါင်မုန့် အလုံးကလေး များထဲတွင် စိန်ပွင့်များကို ခွဲ၍ ထည့်မြှုပ်ကာ ပြန်လုံးသည်။ ထို့နောက် ပေါင်မုန့်အလုံးများ ကို မီးဖြင့်ကင်ကာ ပေါင်မုန့်ဖုတ်သည်။ ပေါင်မုန့်များက ကျက်သွားသောအခါ မီးဖိုကို ငြိမ်းပြီး ခြေရာ လက်ရာ ပျောက်အောင် လုပ်လိုက်သည်။
"ဒါတွေဟာ သေမင်းတမန် စိန်တွေပဲ၊ ဒီစိန်တွေက တို့ကို ပျော်ရွှင်ချမ်းမြေ့အောင် လုပ်ပေးမှာ  မဟုတ်ပါ ဘူးကွာ၊ လူဖြူတွေ စိန်တွေကို သိပ်ချစ်တာ၊  စိန်တွေဟာ လူတွေကို သေအောင်၊ ရူးအောင် လုပ်နေ တာကွ"

နောက်တစ်နေ့ နံနက်စောစောတွင် ရွာမှ သူတို့ညီအစ်ကို ထွက်သွားကြသည်။ မိန်းမများနှင့် ကလေး များက ရွာထိပ်အထိ လိုက်ပို့ နှုတ်ဆက်ကြသည်။ ထိုနေ့ ညနေခင်းတွင် သူတို့ ညီအစ်ကို နှစ်ယောက် အလုပ်သမား လူသစ်များ စုဆောင်းနေသော စခန်းသို့ ရောက်လာသည်။ သဲကန္တာရအစွန်ရှိ ဝေးလံသော ဖြတ်လမ်း ထောင့်တစ်ခု ၌ တစ်ထပ်လုံးချင်းအိမ်ကလေး ဆောက်ထားသော အလုပ်သမား စုဆောင်းရေး စခန်းများ ဖြစ်သည်။

အာဖရိက တစ်ဝန်းလုံးရှိ အလုပ်သမားများကို စုစည်းခေါ်ဆောင်သော စစ်ဝါတာရန်း အလုပ်သမား သမဂ္ဂ ၏ အလုပ်သမားစုဆောင်းဌာန ဖြစ်သည်။ အတိုကောက်အားဖြင့် "၀ီနီလာ" ဟု ခေါ်သည်။
လူတန်း တွင် သူတို့နှစ်ယောက် ၀င်တန်းစီကြသည်။ လူဖြူအလုပ်သမားခေါင်းက သူတို့နှစ်ယောက်ကို သံသယ အကြည့်ဖြင့် ကြည့်ပြီး ပြောလိုက်သည်။

"နာမည်"
လူဖြူ အလုပ်သမားခေါင်းက မေးသည်။
"ဟင်နရီတာဘာနာ"
ဟင်းဒရစ် သည် သူ့အတွက် နာမည်အသစ်ကို ရွေးထားပြီး ဖြစ်သည်။ မိုးဇက်နှင့် ညီအစ်ကိုတော်သည် ကို မသိစေရန် အတွက်လည်းကောင်း၊ လိုသာဒီလာရေးနှင့် သူ၏ဓားပြမှုနှင့် ပတ်သက်နေမှုများကို ဖုံးကွယ် ထားရန်အတွက်လည်းကောင်း၊ ဟင်နီရီတာဘာနာဟု အမည်သစ်ရွေးထားခြင်း ဖြစ်သည်။

"မင်းနာမည်ကရော"
အလုပ်သမားခေါင်းက မိုးဇက်ကို ကြည့်ပြီး မေးလိုက်သည်။
"မိုးဇက်ဂါမာ"
"မင်း အရင်တုန်းက သတ္တုတွင်းမှာ လုပ်ဖူးသလား၊ အင်္ဂလိပ်စကား ပြောတတ်သလား"
"ဟုတ်ကဲ့ လုပ်ဖူးပါတယ်၊ ပြောတတ်ပါတယ်"
"ကောင်းတယ်၊ သိပ်ကောင်းတယ်၊ ရွှေတွင်းက ပြန်လာယင် မင်းကို သိပ်ချမ်းသာမယ်၊ မိန်းမတွေ အများကြီး ယူနိုင်မယ်၊ ကျွဲတွေ နွားတွေ အများကြီး ၀ယ်နိုင်မယ်"
ထို့နောက် သူတို့နှစ်ယောက်အား အလုပ်သမားလက်မှတ်နှင့် ရထားလက်မှတ်တစ်စောင်စီ ပေးလိုက် သည်။

"မကြာခင် ရထားလာလိမ့်မယ်၊ မင်းတို့အပြစ်မှာ သွားစောင့်နေကြ"
အလုပ်သမား ခေါင်းသည် အလုပ်သမားတစ်ယောက် ရှာပေ။ နိုင်လျှင်သူ့အတွက် ရွှေဒင်္ဂါးဂီနီတစ်ပြား ရသည်။
အလုပ်သမား ရုံးဘေးရှိ သစ်ပင်အောက်၌ သူတို့ စောင့်နေကြရသည့်မှာ နှစ်ရက်ကြသည်။ ထို့နောက်မှ ရထားတွဲ ရောက်လာသည်။ ရထားတွဲပေါ်သို့ အလုပ်သမားများ အလုအယက် တက်ကြပြီး ပစ္စည်းများ တင်ကြသည်။ ရထားတွဲ စင်များပေါ်တွင် ပစ္စည်းပစ္စယများသာမက ကြက်များ၊ ငှက်များပင် အပြည့် အသိပ် ပါလာသည်။
ထိုရထားဖြင့် သူတို့ လိုက်သွားကြသည်။ နောက်နှစ်ရက်ကြာသောအခါ ၀င်းဟုပ်မြို့ ဆင်ခြေဖုံးရှိ ၀င်နီလာ အလုပ်စခန်း သို့ ရောက်သွားသည်။ အလုပ်သမားများ ရထားတွဲများပေါ်မှ ဆင်းကြသည်။ ဟိုမှ ဒီမှ လျှောက် သွားပြီး ကြည့်ကြသည်။

သို့သော် စခန်းပတ်ပတ်လည်တွင် သံဆူးကြိုးများ ကာထားသည်။
အသားမည်းအလုပ်ကြမ်းတစ်ယောက်ရောက်လာပြီး အလုပ်သမားများအား တန်းစီခိုင်းကာ ဂိတ်ဝမှ အပြင်သို့ ခေါ်သွားသည်။ အလုပ်သမားရုံးဆင်ဝင်ပေါ်တွင် မျက်နှာဖြူ အရာရှိတစ်ယောက်ရပ်နေသည်။ ထိုသူက အလုပ်သမားများအား တစ်ယောက်ချင်း ကြည့်ရှုစစ်ဆေးသည်။ သူက အလုပ်သမား တစ် ယောက် ကိုသာ ပယ်လိုက်သည်။
"ဒီကောင့် မှာ တီဘီရှိတယ်၊ သူ့ကိုဖယ်လိုက်.. သူ့ကိုခေါ်လာတဲ့နေရာ ပြန်ပို့လိုက်"
ဟင်းဒရစ် သူ့ရှေ့သို့ ရောက်လာသောအခါ ထိုအရာရှိက ကိုယ်ကို မတ်လိုက်ပြီး မေးလိုက်သည်။

"မင်းနာမည် ဘယ်သူလဲ... လူကလေး" ထိုသူက မေးလိုက်သည်။
"တာဘာနာ" ဟင်းဒရစ်က ဖြေသည်။
"ဟေး... မင်း အင်္ဂလိပ်စကား ပြောတက်တယ်လား"
လူဖြူမန်နေဂျာ၏ မျက်လုံးအစုံက မှေးသွားသည်။ သူသည် ဒုက္ခပေးမည့်သူ၊ ပြဿနာကောင်များကို အကဲခတ် ရွေးချယ်တတ်သူဖြစ်သည်။ ထိုအလုပ်သည် သူ့ အလုပ်ဖြစ်သည်။ လများကို မျက်လုံးကြည့် လိုက်ရုံ၊ သွားပုံလာပုံ အမူအရာကြည့်လိုက်ရုံဖြင့် လူဆိုးလား လူကောင်းလား ဒုက္ခပေးမည့် လူလား၊ ပြဿနာ ကောင်လားဆိုသည်ကို ရွေးတတ်သည်။
"မင်းရဲနဲ့ ပြဿနာပေါ်လာသလား၊ ကျွဲတွေနွားတွေ ခိုးလာသလား၊ မင်း အစ်ကိုကို သတ်လာသလား၊ မုဒိမ်းမှု ဖြစ်လာသလား"
လူဖြူမန်နေဂျာ က မေးခွန်းများ ဆင့်ကဲဆင့်ကဲ မေးလိုက်သည်။ ဟင်းဒရစ်က သူ့ အားစိုက်ကြည့်နေ သည်။

"ငါမေးတာကို ဖြေစမ်း လူကလေး"
"ဘာမှမဖြစ်ဘူး"
"မင်း ငါ့ကို စကားပြောယင် ဆရာကြီးလို့ခေါ် ကြားလား"
"ဟုတ်ကဲ့ပါဆရာကြီး"
လူဖြူမန်နေဂျာသည် သူ့ဘေးရှိစားပွဲပေါ်မှ ရဲမှတ်တမ်းဖိုင်ကို ဖွင့်လိုက်ပြီး စာရွက်များကို လှန်ကာ ကြည့်လိုက်သည်။ ထိုသို့လှန်နေရာမှ ဟင်းဒရစ်မျက်နှာကို ရုတ်တရက် လှမ်းကြည့်ပြီး အကဲခတ်လိုက် သည်။ မျက်နှာပျက်သွားလေမလားဟု အကဲခတ်လိုက်သည်။ ဟင်းဒရစ်က သူ့ထက်ပါးသည်။ ဘာမှ မဖြစ် သလို နေပြလိုက်သည်။
"ကဲ.... သူ့ကို ခေါ်သွားတော့"
မန်နေဂျာက လူမည်းအလုပ်သမားခေါင်းအား အမိန့်ပေးလိုက်သသည်။ ဘီယာပုလင်း နှင့် ဖန်ခွက်ကို ကောက် ယူပြီး ရုံးခန်းထဲသို့ ခေါ်သွားသည်။

"အစ်ကို.... သူ့ကိုသတိထားနော်၊ သူ့ကြည့်ရတာ အခြေအနေမဟန်ဘူး၊ အစ်ကို့ကို ရမယ်ရှာပြီး ဒုက္ခ ပေးချင် ပုံ ရနေတယ်"
မိုးဇက် က ဟင်းဒရစ်အား ပြောလိုက်သည်။ ဟင်းဒရစ်က ဘာမှပြန်မပြော။ သူတို့နှစ်ယောက် သက်ကယ် တဲများ စီတန်းဆောက်ထားသည့် နေရာသို့ လျှောက်သွားကြသည်။
သူတို့ ကံကောင်းနေကြသည်။ ရွှေတွင်းအတွက် အလုပ်သမားများ စုဆောင်းနေရာ ပြည့်လုနီးပြီ ဖြစ် သည်။ ဤသက်ကယ်တဲများကို သံဆူးကြိုးဝိုင်းထားသည့် စခန်း၌ လူမည်း ၃၀၀ခန့် ရောက်နှင့်နေပြီဖြစ် သည်။ အချို့မှာ ဆယ်ရက်ခန့်ကြာနေပြီ ဖြစ်သည်။ နောက်တစ်ဆင့် ခရီးဆက်ကြရတော့မည် ဖြစ် သည်။

ထိုညတွင်ပင် ရထားတွဲသုံးတွဲ ရောက်လာသည်။ ရထားလမ်းက သူ့တို့စခန်းဘေးတွင် ရှိသည်။ အရုဏ် မတက်ခင်ပင် အလုပ်သမားခေါင်းများက သူတို့ကို နှိုးကြသည်။
"ထကြ...ထကြ .... ကိုယ့်ပစ္စည်းကိုယ်ယူကြ .. ရွှေထွက်တဲ့နေရာကို မင်းတို့ကို ခေါ်သွားဖို့ ရထားတွဲ ရောက်နေပြီ"
သူတို့အားလုံး တန်းစီခိုင်းပြီး လူစစ်သည်။ ထို့နောက် ရထားတွဲများဆီသို့ ခေါ်သွားသည်။

ရထားတွဲများတွင် နောက်ထပ် လူဖြူအလုပ်ကြမ်း တစ်ယောက်ကို တွေ့ရသည်။ အရပ်ကရှည်သည်။ အသားအရောင်က နေလောင်၍ ညိုနေသည်။ ကာကီရှပ်အင်္ကျီလက်ရှည်ကို တံထောင်ဆစ်အထိ ခေါက်တင်ထားသည်။ ပုံပန်းမကျ အရောင်အဆင်းလွင့်နေသော ဦးထုပ်ကိုနဖူးပေါ် အထီဆွဲချပြီး ဆောင်းထားသည်။ သွားများကချေးစွဲနေသည်။ မျက်လုံးက အပြာဖျော့ဖျော့အရောင် လက်တွင်နှင်တံ တစ်ချောင်း ကိုင်ထားသည်။ အဖျား၌ သားရေပတ် တတ်ထားသည်။ ထိုနှင်တံသားရေသတ်ဖြင့် တန်းစီ နေသူများ၏ ခြေသလုံးကို အကြောင်းမဲ့ရိုက်ကာ ရထားပေါ် တက်ခိုင်းသည်။
စခန်းမှလူဖြူမန်နေဂျာက ဟင်းဒရစ်အား လက်ညိုးထိုးပြပြီး လူဖြူအလုပ်ကြပ်အား သတိပေးစကား ပြောသည်။

"လူဆိုးတစ်ယောက်ပဲ သူ့ကိုမျက်ခြည်မပြတ် စောင့်ကြည့်ပြီး ဂရုစိုက်ပါ၊ ခင်ဗျားလက်က မလွှတ်စေနဲ့ နော်"
အလုပ်ကြပ်က သူ့နှင်တံသားရေပက်နှင့် ဟင်းဒရစ် တံကောက်ကွေးကို လှမ်းရိုက်လိုက်သည်။ ဟင်းဒရစ် ကလည်း ရထားတွဲတံခါးပေါက် လက်ကိုင်တန်းကို လှမ်းဆွဲပြီး လှေကားထစ် ပထမတစ် ထစ်ပေါ်သို့ ခုန်တက်သွားရာ ခြေထောက်တစ်ဖက်သာ သားရေပက်နှင့် ထိသွားသည်။ ဟင်းဒရစ်က အောက်သို့ နောက်ပြန်လှည့်ငုံ့ကြည့်လိုက်ရာ လူဖြူုအလုပ်ကြပ်နှင့် မျက်လုံးချင်းဆုံ သွားသည်။
လူဖြူအလုပ်ကြပ်က စိတ်ကူးတစ်မျိုးပေါ်လာသည်။ ဤလူမည်း လူထွားကြီးကို အများရှေ့တွင် နမူနာစံ ပြအဖြစ် ကိုင်ပြလိုက်မည်။ သို့မှသာ ဤမတစ်ရာသား လူမည်းမျာူး ကြောက်ရွံ့သွားပြီး ငါးရက်ကြာ ရထားခရီး တွင် ခေါင်းမထောင်ရဲဘဲ အေးအေးလူလူ လိုက်ပါလာမည်ဖြစ်သည်။

ထို့ကြောင့် လူဖြူအလုပ်ကြပ်က ဟင်းဒရစ် ခါးလောက်မှဖြတ်ပြီး နှင်တံတုတ်နှင့် လှမ်းရိုက်သည်။ ဟင်းဒရစ် ကလည်း ကြိုတွက်ပြီးသားဖြစ်၍ ကျန်လှေကားတစ်များကို ခုန်တက်သွားရာ၊ ရိုက်သူ၏ နှင်တံ သူ့ခါးကို မထိဘဲ လေထဲတွင်သာ ၀ှီခနဲ ဖြတ်သန်းသွားသည်။ သူ့နော်ကမှ တက်လိုက်လာသော မိုးဇက်က လူဖြူ အလုပ်ကြပ်၏ အလွန်ပင်မကြေမချမ်း ဖြစ်နေသော မျက်နှာကို မြင်လိုက်ရသည်။
"ဒါနဲ့တင်ပြီးမှာ မဟုတ်ဘူး... သူ့အစ်ကိုဆီလာဦးမှာပဲ"

ရထားပေါ်ရောက်သောအခါ မိုးဆက်က သူ့အစ်ကိုအား သတိပေးလိုက်သည်။ ပစ္စည်းအထုပ်အပိုးများ ကို ခေါင်းပေါ်မှ စင်ပေါ်တွင် တင်လိုက်ပြီ သစ်သားထိုင်ခုံတန်း၌ ၀င်ထိုင်လိုက်ကြသည်။ နံနက် ၉နာရီ ခန့်တွင် သူတို့ စီနင်းလိုက်ပါလာသော ရထားတွဲသုံးတွဲသည် တောင်ဘက်သို့ ဦးတည်ထွက်လာကြ သည်။
ညနေစောင်းတွင် ရထားကို နာရီဝက်ခန့်ရပ်သည်။ ရှေ့ဆုံးရထားတွဲပေါ်သို့ အစားအသောက်တင်သော လက်တွန်းလှည်း ကလေးတင်ပြီး ညနေစာလိုက်ကျွေးသည်။ လူမည်းအလုပ်သားခေါင်းနှစ်ယောက်က အစားအသောက် တွန်းလှည်းကို တွန်းပြီး သတ္တုပန်းကန်ပြားထဲ၌ ပြောင်းဆန်အဖြူမုန့်ပေါ်တွင် ပဲဟင်းပြစ်ပြစ် နည်းနည်းကို ဆမ်းကာ လူမည်းအလုပ်သမားများအား လိုက်ပေးသည်။ လူဖြူအလုပ် ကြပ် က ဘေးမှလိုက်ကြည့်ကာ ကာကွယ်ခဲ့သည်။

ဆ၀ပ်ဟင်းဒရစ်ခုံဘေးသို့ သူတို့ရောက်သောအခါ လူဖြူအလုပ်ကြပ်က သံပန်းကန်ကို သူကိုယ်တိုင် လှမ်းယူလိုက်သည်။
"ဒီလူမည်းကောင် ကို ကောင်းကောင်း ပြုစုစောင့်ရှောက် ကျွေးမွေးရမယ်ကွ၊ ရွှေတွင်းမှာ အလုပ် ကောင်းကောင်း လုပ်နိုင်ဖို့အတွက် ကျန်းမာသန်စွမ်းအောင် ကျွေးရမယ်"
လြူုဖူအလုပ်ကြပ်က အများကြား အော်ပြောလိုက်သည်။ ထို့နောက် ပန်းကန်ပြားထဲသို့ ပဲဟင်းပြစ်ပြစ် ကို နှစ်ဆ ခပ်ထည့်လိုက်ပြီး ဟင်းဒရစ်ဆီသို့ လှမ်းပေးလိုက်သည်။
"ရော့ဟေ့... လူမည်းကောင်"

ဟင်းဒရစ်ကလှမ်းယူသည်။ သို့သော် ဟင်းဒရစ်လက် ပန်းကန်နားသို့ ရောက်လုရောက်ခင်တွင်ပင် လူဖြူအလုပ်ကြပ် က သူ့လက်ထဲမှ ပန်းကန်ပြားကို တမင်းသက်သက် လွှတ်ချလိုက်သည်။ ပန်းကန်ပြား က ရထားကြမ်းခင်းပေါ်သို့ ဖိတ်စဉ်ကျကုန်သည်။ ကြမ်းခင်းပေါ်ကျသွားသော ပြောင်းဆန်မုန့် ယာဂု အပြစ် များပေါ်သို့ လူဖြူအလုပ်ကြပ်က ဖိနပ်နှင့် တက်နှင့်လိုက်သည်။ မတော်တဆလိုလိုနှင့် တမင်လုပ် လိုက်ခြင်းဖြစ်သည်။
"ဟေ့ကောင်... မင်းတော်တော်နမော်နမဲ့နိုင်တဲ့ သူတောင်းစားပါလား၊ မင်းအတွက်ခွဲတမ်းက တစ်ခါပဲရ မယ်၊ နှစ်ခါ မရဘူး၊ ဒီတော့ ကြမ်းပေါ်ကဟာတွေ မင်းကောက်စားချင်လဲစား၊ မစားချင်လဲ မင်းသဘော ပဲ"

ဟင်းဒရစ်လက်တုံ့ပြန်ရန် သူက မျှော်လင့် စောင့်စားနေသည်။ သို့သော်လည်း သူစိတ်ပျက်သွားရ သည်။ ဟင်းဒရစ် က မျက်လွှာချလိုက်သည်။ ရှေ့သို့ ခါးကိုင်းပြီး ကြမ်းပေါ်မှ ပြောင်းဆန်ယာဂုများကို ကုန်း ကောက်ကာ ပန်းကန်ထဲ ထည့်ပြီးအလုံးဖြစ်အောင် တေလိုက်သည်။ ထို့နောက် ပါစပ်ထဲပစ်ထည့် ပြီး အားရပါးရ စားတော့သည်။
"မင်းတို့ လူမည်းတွေဟာ ဘာမဆို အကုန်စားမှာဘဲ၊ ကိုယ့်မစင်တောင် ကိုယ်ပြန်စားမယ့် ကောင်စား တွေ ပဲကွ"
လူဖြူအလုပ်ကြပ်က မကျေမချမ်း ပြောကာ ရှေ့ဆက် လျှောက်သွားတော့သည်။

ရထားတွဲပြူတင်းပေါက်များကို သစ်သားတန်းများဖြင့် ပိတ်ကာထားသည်။ ရထားတွဲတစ်တွဲမှ တစ်တွဲ သို့ ကူသည့် နှစ်ဘက်ထိပ်မှ တံခါးပေါက်များကိုလည်း သော့ခတ်ထားသည်။ အလုပ်ကြပ်များ၏ ခါးပတ် များတွင် ထိုသော့များချိတ်ထားသည်။ အလုပ်ကြပ်များက တစ်တွဲမှတစ်တွဲသို့ ကူးသည့် သွား သည့် အခါ တံခါး များကို အသေအချာဖွင့်ကြ ပိတ်ကြသည်။ လူမည်းအလုပ်သမားမျာူး လမ်းတစ်ဝက် မှ ထွက်မပြေး အောင် စီစဉ်ထားခြင်း ဖြစ်သည်။

လူဖြူအလုပ်ကြပ်သည် နှစ်နာရီတစ်ခါ၊ သုံးနာရီတစ်ခါ ရထားတွဲများသို့ လှည့်ပြီး လူစစ်သည်။ ညသန်း ခေါင်တွင်ပင် လာစစ်သည်။ ဟင်းဒရစ်မျက်နှာ ရှေ့တည့်တည့်တွင် မီးအိမ်ကြီးထားပြီး အတင်းနှိုးသည်။ စစ်ဆေး သည်။ သူသည် ဟင်းဒရစ်အပေါ် အမြဲရန်လိုနေသည်။ ရမယ်ရှာနေသည်မှာ သိသာသည်။
"သည်းခံပါ အစ်ကိုရယ်၊ ဒေါသကိုထိန်းပါ၊ စိတ်ရှည်ရှည်ထားပါ အချိန်ကိုစောင့်ပါ၊ အခြေအနေကို သုံးသပ်ပါ"
ညီဖြစ်သူ မိုးဇက် က  အစ်ကို ဟင်းဒရစ်အား သတိပေးဖျောင်းဖျသည်။ ဟင်းဒရစ်က ညီဖြစ်သူ၏ အကြံဥဏ် ကို လက်ခံသည်။ သူ့ထက်ပညာတတ်သော ညီကိုပိုပြီး အားကိုးလာသည်။ တိုင်ပင်နှီးနှော ကာ အကြံဥာဏ်ရယူသည်။

မိုးဇက် ၏ အစွမ်းအစကို နောက်န့များတွင် ဟင်းဒရစ်ပိုသိလာရသည်။ ပူအိုက်ပြီး လူများပွတ်သိပ်ကျပ် နေသော ရထားတွဲထဲ၌ မိုးဇက်သည် ပထမတွင် သူ့အနားမှ လူတချို့နှင့်သာ စကားပြောသည်။ သူတို့ သွားမည့်နေရာသည် မည်သို့ အနေအထားရှိကြောင်း၊ လူဖြူများက မိမိတို့အပေါ် မည်သို့ပြုမူမည် ဖြစ်ကြောင်း၊ မည်သို့ဖြစ်လာနိုင်သည်ကို မျှော်လင့်ထား ရမည် ဖြစ်ကြောင်းများကို ပြောပြသည်။
မိုးဇက် ဘေးပတ်လည်မှ နားထောင်နေကြသော လူုဖြူများ၏ မျက်နှာများသည် စိတ်ဝင်စားမှုများနှင့် ပြည့်လျှမ်း နေကြသည်။ နည်းနည်းဝေးသောခုံများမှ လူများက ကြားရအောင် အာရုံစိုက်နေကြရသည်။ တစ်ယောက်က ဖြည်းညင်းစွာ ပြောလာသည်။

"ကျယ်ကျယ်ပြောပါ ဂါမာ... ဒါမှ တို့အားလုံး ကြားရမှာ"
မိုးဇက်က အသံကိုမြင့်ပြီး ပြောလိုက်သည်။ လူအားလုံးက သူ့အပေါ် ရိုသေလေးစားသည့် အသွင်ဖြင့် နားထောင်ကြသည်။ မိုးဇက်က ဆက်၍ပြောသည်။
"ရွှေတွင်းတူတဲ့ နေရာကျယင် လူမည်းတွေ အများကြီးတွေ့ရလိမ့်မယ်၊ ခင်ဗျားတို့ထင်တာထက် အများ ကြီးများမယ်၊ လူမည်းလူမျိုးစုတွေက အများကြီး၊ ဇူးလူးတွေ၊ ဇိုးစပ်တွေ၊ အယ်ဒီအယ်လီတွေ၊ ဆွာဇီ တွေ၊ ညာဆာတွေ၊ လူမည်းလူမျိုးစု ၅၀ ကျော်က ဘာသာစကား အမျိုးမျိုး ပြောနေကြတာ၊ ခင်ဗျားတို့ အရင်က ကြားဖူးမှာတောင်မဟုတ်ဘူး၊ ခင်ဗျားတို့နဲ့ လူဖြူတွေနဲ့ လူမျိုးချင်းမတူသလို ကျွန်တော်တို့ လူမည်းအချင်းချင်းလဲ လူမျိုးစု မတူကြတာတွေ အများကြီးဘဲ"

"တချို့ လူမျိုးစံတွေဆိုယင် ကျွန်တော်တို့နဲ့ ဘိုးစဉ်ဘောင်ဆက် ကမ္ဘာရန်ဖြစ်လာခဲ့ကြတာ၊ တစ်ကောင် နဲ့တစ်ကောင် ကိုက်သတ်ဖို့ ကြည့်နေတဲ့ ခွေးတွေလိုပဲ၊ ခင်ဗျားတို့ မြေအောက်သတ္တုတွင်းထဲဆင်းပြီး အလုပ်လုပ်ရတဲ့ အချိန်တွေရှိမယ်၊ မြေအောက်မှာတော့ အမြဲတမ်း ညလိုဖြစ်နေတာပဲ၊ အဲဒီလို အချိန် မျိုးဟာ ကျားသနားမှ နွားချမ်းသာမယ့် အချိန်မျိုးပဲ၊ ခင်ဗျာူးတို့ကိုယ်ခင်ဗျားတို့ ကာကွယ်ဖို့ကတော့ ကိုယ်ယုံကြည်ရတဲ့ လူတွေ ကိုယ့်ဘေးမှာ ပတ်ချာဝိုင်းရှိနေဖို့ပဲ၊ ခင်ဗျားတို့မှာ ခိုင်မာတဲ့ ခေါင်းဆောင် ကောင်းရှိဖို့လိုတယ်၊ အပြန်အလှန်အားဖြင့် ခင်ဗျားတို့ကလဲ ကိုယ့်ခေါင်းဆောင်ပေါ်မှာ သစ္စာရှိရမယ်၊ သူ့စကားကို မြေ၀ယ်မကျ နာခံရမယ်"

မကြာခင်မှာပင် လူမည်း အလုပ်သမားများက မိုးဇက်ဂါမာအား ခိုင်မာတောင့်တင်းသော ခေါင်းဆောင် အဖြစ် အသိအမှတ်ပြုလာကြသည်။ ရက်ပိုင်းအတွင်းမှာပင် မိုးဇက်သည် တွဲနံပါတ်၃ ၏ အများသဘော တူ ခေါင်းဆောင်ဖြစ်လာသည်။ သူတို့မေးမြန်းသော မေးခွန်းများကို ဖြေကြားရင်း မိုးဇက်ကလည်း တစ်ဦးချင်းကို အကဲခတ်သည်။ မည်သူသည် မည်သည့်အနေအထားရှိသည်ကို ပိုင်းဖြတ်သည်။ လူရွေး သည်။

မိုးဇက်က ရထားတွဲထဲ၌ ထိုင်နေသူများကို နေရာအပြောင်းအလဲလုပ်သည်။ သူစိတ်ကြိုက်ရွေးချယ် ထားသူမျာူးကို ရထားတွဲအလယ်ကောင်ရှိ သူထိုင်နေသောနေရာ၏ ဘေးပတ်ပတ်လည်တွင် ပြန်လည် နေရာချထားပေးထားးသည်။ သူရွေးချယ်ခံရသူများ ချက်ချင်း ဂုဏ်တက်သွားသည်။ ဧကရာဇ်အသစ် တစ်ပါးအား ၀ိုင်းရန်စောင့်ကြပ်ရသော လက်ရွေးစင် သူရဲကောင်း အုပ်စုသဖွယ် ဖြစ်သွားသည်။
ဟင်းဒရစ်က သူ့ညီမိုးဇက်လုပ်သမျှကို စောင့်ကြည့်နေသည်။ သူ့ညီ၏ အစွမ်းအစများကို ချီးကျူးဂုဏ် ယူမိသည်။ သူ့ကိုယ်တိုင်ပင် ညီအပေါ်လုံးဝဥဿုံယုံကြည် အားကိုလာသည်။ ကြွင်းမဲ့သစ္စာခံ၊ နာခံရန် ပိုင်းဖြတ်လိုက်သည်။ ဟင်းဒရစ်အား မိုးဇက်နှင့် အမျိုးတော်သည့်အတွက် ကျန်လူများက ရိုသေလေး စားလာကြသည်။ ဟင်းဒရစ်အား မိုးဇက်၏ ညာလက်ရုံးအဖြစ် လက်ခံလာကြသည်။ မိုးဇက်သည် ယုံကြည်အားကိုးရမည့် စစ်သည်တော်အဖွဲ့ကို လျှို့ဝှက်တည်ဆောက်လိုက်သည်။

မိုးဇက်စကားကို ဟင်းဒရစ်ကြားနေရသည်။
"လီနင်ဆိုတာ သာမန်လူမဟုတ်ဘူး၊ ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာတဲ့ ကောင်းကင်တမန် တစ်ဦးပဲ"
မြောက်ဘက်အရပ်တွင် အဆိုပါတွဲနင်၏ ဦးဆောင်မှုဖြင့် လူမျိုးစုများ သွေးစည်းညီညွတ်လာကြပုံ၊ ဘုရင်ဆိုးကို ဖြုတ်ချပြီး သာတူညီမျှဘ၀ တည်ဆောက်ကြပုံများကို မိုးဇက်က မစားရ၀ခမန်းပြောပြရာ၊ အားလုံးက သွားရည်တများများနှင့် နားထောင်နေကြသည်။ ထိုတိုက်ပွဲသည် "တော်လှန်ရေး" ဟု မိုးဇက်က ပြောပြသည်။ တော်လှန်ရေး၏ သဘောတရားများ ဖြစ်စဉ်များကို တရားဟောသည်။
ထိုအချိန်တွင်ပင် ရထားတွဲထိပ်ဘက်မှ တံခါးပွင့်သွားသည်။ လူဖြူအလုပ်ကြပ်က ရထားတွဲထဲမှ လှမ်း ၀င်လိုက်သည်။ ခါးထောက်ပြီး တစ်တွဲလုံးကို လှမ်းကြည့်လိုက်သည်။ လူမည်းအလုပ်သမားများ မျက်လွှာချပြီး ခေါင်းငိုက်စိုက် သွားကြသည်။

သို့သော် မိုးဇက်အနား၌ ထိုင်နေကြသော လက်ရွေးစဉ်စစ်သည်တော် တချို့ကမူ ထိုသို့မဟုတ်၊ တော်လှန်ရေးတိုက်ပွဲ မည်သို့စတင်ရမည်ကိုလည်းကောင်း၊ မည်သူသည်မင်းဆိုးမင်းညစ်ကို လည်း ကောင်း သိရှိနားလည် လာကြပြီဖြစ်၍ခေါင်းမငုံ့၊ နော်ကမတွန့်၊ ကြံ့ကြံ့ခိုင်ရပ်တည်နေကြသည်။
လူဖြူအလုပ်ကြပ်ကလည်း အခြေအနေ ပြောင်းလဲသွားပုံကို ချက်ချင်းအကဲခတ်မိသွားသည်။ အားလုံး က နိုင်နိုင်နင်းနင်း ချုပ်ကိုင်ထားနိုင်ဖို့မှာ သူ့ တာဝန်ဖြစ်သည်။
"ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး အပုတ်မခံနိုင်ဘူး"

လူဖြူအလုပ်ကြပ်က စိတ်ထဲမှ ပြောလိုက်ပြီး သူ့ခါးတွင်ချိတ်ထားသော နံပါတ်တုတ်ကို စမ်းလိုက်သည်။ နှံပါတ်တုတ်မှာ ၁၄ လက်မရှည်ပြီး သစ်သားအမာစားနှင့် လုပ်ထားသည်။ ထိပ်ဘက်အဖျားတွင်ဖောက် ပြီး  ခဲသားလောင်းထည့်ထားသည်။ ထိုတုတ်နှင့် အရိုးကျိုးအောင်လည်း ရိုက်တက်သည်။ ဦးခေါင်းခွံ ကွဲပြီးတစ်ချက်တည်း ပွဲချင်းပြီးသေအောင်လည်း ရိုက်နိုင်သည်။ ထိုတုတ်ဖြင့် အပြင်းအပျော့် အမျိုးမျိုး ချိန်ဆကာ ရိုက်တတ်သူဖြစ်သည်။ နံပါတ်တုတ်ရိုက် ပညာရှင်ပင် ဖြစ်သည်။

သူသည်ရထားတွဲ အလယ်လူသွားလမ်းအတိုင်း ဖြည်းဖြည်းချင်း လျှောက်သွားသည်။ ဟင်းဒရစ်အား ဖုတ်လေတဲ့ငပိ ရှိလေသည့်ဟန်ပင် မပေါ်အောင် မသိကျိုးကျွန်ပြုထားသည်။ သူဖြတ်လျှောက်လာ သော လမ်းဘေးဝဲယာရှိ လူများ၏မျက်နှာကို ကြည့်လာသည်။ ထိုမျက်နှာများတွင် တော်လှန်ပုန်ကန် လိုသော အရိပ်အငွေ့များကို မြင်ရသောအခါ သူပိုပြီး ဒေါသထလာသည်။
ဟင်းဒရစ်ဘေးမှ ဖြတ်လျှောက်လာစဉ် ဟင်းဒရစ်အား သူမျာူးနည်းတူပင် လှမ်းကြည့်လိုက်သည်။ ကိုယ်ခန္ဓာကြီးထွားလှသော အိုဗန်ပိုလူမည်းကြီး ဟင်းဒရစ်က နေရာတွင် သက်သောင့်သင်သာပင် ထိုင်နေသည်။

"သြော်... မင်းကလဲ မျှော်လင့်ထားတယ်ပေါ့၊ ဟုတ်လား၊ အေးလေ မင်းမျှော်လင့်သလို ဖြစ်လာရမှာ ပေါ့" လူဖြူအလုပ်ကြပ်က စိတ်ထဲမှ ရေရွတ်လိုက်သည်။
အနောက်ဘက်ပေါက်တံခါးသို့ ရောက်သွားပြီးမှ သူစိတ်ပြောင်းသွားသည်။ နောက်ကြောင်းပြန်လှည့် ပြီး တဖြည်းဖြည်းချင်းလျှော်လာသည်။ ဟင်းဒရစ်ရှေ့တည့်တည့်တွင် ရပ်လိုက်သည်။
"ဟေ့... လူမည်းအကောင်၊ ဒီမှာငါ့ကိုကြည့်စမ်း"
ဟင်းဒရစ်က ခေါင်းကိုဆယ်ခနဲမော့လိုက်ပြီး သူ့ကိုစိုက်ကြည့်လိုက်သည်။
"မင်းပစ္စည်းအိတ် ဘယ်မှာလဲ"
သူ့စကားကြောင့် ဟင်းဒရစ် အရှိုက်ထိုး ခံလိုက်ရသလိုဖြစ်သွားသည်။ သူ့ခေါင်းပေါ်ရှိ စင်ပေါ်မှ အိတ်ထဲ၌ ပါလာသောစိန်များကြောင့် နဂိုကပင် လိပ်ပြာမလုံးသလိုဖြစ်နေသည်။ ယခုထိုသူက မေးလိုက်သောအခါ ဟင်းဒရစ်မျက်စိက စင်ပေါ်မှ သားရေအိတ်ဆီသို့ အလိုလိုရောက်သွားသည်။

"သြော်.... ဟုတ်ပြီ"
လူဖြူအလုပ်ကြပ်က စင်ပေါ်ရှိ ဟင်းဒရစ်သားရေအိတ်ကို ဟင်းဒရစ်ရှေ့ကြမ်းပြင်ပေါ်သို့ ဆွဲချလိုက် သည်။
"ဖွင့်စမ်းကွာ"
လူဖြူကဆက်ပြီး အမိန့်ပေးလိုက်သည်။ လက်တစ်ဖက်က ခါးပေါ်တွင် ထောက်ထားပြီး အခြားတစ် ဘက်က နံပါတ်တုတ်ကို ကိုင်ထားသည်။
"ဟေ့ကောင် ဖွင့်လေကွာ၊ ငမည်း... မင်းအိတ်ထဲမှာ ဘာတွေ ၀ှက်ထားတယ်ဆိုတာ ကြည့်ရအောင်"
ဟင်းဒရစ်က မလုပ်မရှားပဲထိုင်နေရာ အလုပ်ကြပ်က ဒေါပွလာသည်။ ဟင်းဒရစ်က ငုံ့လိုက်ပြီး သားရေ အိတ်ထိပ်တွင် စည်းထားသောကြိုးကို ဖြေပေးလိုက်သည်။ ထို့နောက်ကိုယ်ကိုမတ်ပြီး ပြန်ထိုင်လိုက် သည်။

လူဖြူအလုပ်ကြပ်က အိတ်ကို လှဲပြီး သွန်ချလိုက်ရာ စောင်အလိပ်က ဦးစွာထွက်လာသည်။ ထိုစောင် အလိပ်ကို ဖိနပ်ဦးဖြင့် ထိုးပြီးဖြေလိုက်သည်။ သားရေဖြင့် ချုပ်ထားသော မုတ်ဆိတ်ရိတ်ဓားအိတ်နှင့် အ၀တ်အစားပုံးများအိတ်ထဲမှ ထွက်လာသည်။ ထို့နောက် သားရေအိတ်ဖြင့် ထည့်ထားသော အသွား ကိုးလက်မရှိ ဓားမြှောင် တစ်ချောင်းပေါ်လာသည်။
"အန္တရာယ်ရှိတဲ့ လက်နက်ပဲ၊ ဒီရထားတွဲပေါ်မှာ အန္တရာယ်ရှိတဲ့ လက်နက် မယူလာရဘူးဆိုတာ မင်းတို့ အသိပဲ"
လူဖြူအလုပ်ကြပ်က ပြောလိုက်ပြီး ဓားမြှောင်ကို ကောက်ယူလိုက်သည်။ ထို့နောက် ဓားကို ပြတင်း ပေါက်တန်းများ ကြားရှိ အပေါက်မှနေ၍ အပြင်သို့ လွှင့်ပစ်လိုက်သည်။ အလုပ်ကြပ်က ဟင်းဒရစ် တုံ့ပြန်လာလေမလားဟု ရန်စောင်းပြီး စောင့်ကြည့်နေသော်လည်း ဟင်းဒရစ်ကမူ မတုန်မလှုပ် ငြိမ်ထိုင် နေသည်။ အခြားလူမည်းအလုပ်သမားများကလည်း သူတို့ အဖြစ်အပျက်ကို လှမ်းမကြည့်ဘဲ ကိုယ့်ရှေ့ တူရူသို့သာ ပုံမှန်ကြည့်နေသည်။ အချို့က အိပ်ပျော်နေသယောင် မျက်စိမှိတ်ထားကြသည်။

"ဘာတွေလဲ"
လူဖြူအလုပ်ကြပ်က ပေါင်မုန့်မာမာတစ်လုံးကို ဖိနပ်ဦးဖြင့် ထိုးပြီး မေးလိုက်သည်။ ဟင်းဒရစ်က တုတ်တုတ်မျှ မလှုပ်။ သို့သော် သူ၏ မည်းနက်သော မျက်လုံး၌ အရောက်လက်ခနဲ တောက်သွားသည် ကို လူဖြူ အလုပ်ကြပ်က မြင်လိုက်သည်။ အကွက်ဝင်ပြီးမှ သဘောပိုက်လိုက်သည်။ ပေါင်မုန့်ကို ကောက်ယူပြီး နမ်းလိုက်ကာ နှာခေါင်းတရှုံ့ရှုံ့ဖြင့် ပြောလိုက်သည်။
"ဟင်း ... ကပ္ပလီ ပေါင်မုန့် ... နံစော်နေတာပဲ၊ ဒီရထားတွဲပေါ်မှာ ဘာအစားအသောက်မှ မယူရဘူးဆို တာ ကုမ္ပဏီစည်းကမ်းမှာ ပါတယ်"
လူဖြူအလုပ်ကြပ်က သူ့ခြေဖြင့် နင်းလိုက်၍ ပြားသွားသော ပေါင်မုန့်ကို ကောက်ယူပြီး ပြတင်းပေါက် တန်းများ ကြားအပေါက်မှနေ၍ အပြင်သို့ လွှင့်ပစ်လိုက်သည်။ ပေါင်မုန့်သည် ရထားလမ်းဘေးဘောင် နှင့် ထိပြီး ရထားဘီးအောက်သို့ ၀င်ပြီး ၀င်သွားကာ အစိတ်စိတ်အမြွာမြွာ ဖြစ်ပြီး လွင့်စင် ဖွာထွက်ကုန် သည်။ လူဖြူအလုပ်ကြပ်က် သဘောကျပြီး ရယ်လိုက်ကာ နောက်ထပ်ပေါင်မုန့်တစ်လုံးကို ကောက်ရန် ကုန်းလိုက်သည်။

သို့သော် သူနောက်ကျသွားသည်။ သူ့လက်က ဟင်းဒရစ်ခေါင်းကိုသာ ထိသွားသည်။ ဟင်းဒရစ်က သူ့ထက်ဦးစွာ ပေါင်မုန့်ကို ကုန်းကောက်လိုက်ပြီး ယူလိုက်သည်။ ပထမပေါင်မုန့် လွင့်ပစ်ခံလိုက်ရ၍ စိန်များ ဆုံးရှုံးသွားရတည်းက မျိုသိပ်ထားသော ဟင်းဒရစ်ဒေါသများ မုန်ယို ပေါက်ကွဲလာသည်။
ဟင်းဒရစ်သည် ထိုင်နေရာမှ ၀ုန်းခနဲထကာ လူဖြူနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သို့ရာတွင် လူဖြူ အလုပ်ကြပ်ကလည်း ရင်ဆိုင်တုံ့ပြန်ရန်အသင့် ဖြစ်နေသည်။ သူ့ညာလက်ထဲတွင် နံပါတ်တုတ် ရောက်သွားပြီး ဟင်းဒရစ်၏ လည်ပင်းကို လှမ်းထိုးထည့်လိုက်သည်။ ဟင်းဒရစ်လည်ပင်းကို ကိုင်လိုက် ပြီး တဟွပ်ဟွပ်သီးကာ နေရာတွင် ပြန်ထိုင်ကျသွားသည်။ ထိုအချိန်တွင် လူဖြူအလုပ်ကြပ်က ဟင်းဒရစ်၏ နဖူးပေါ်သို့ နံပါတ်တုတ်ဖြင့် ရိုက်လိုက်သည်။

သူ့ရိုက်ချက်မှာ သေလောက်အောင် အားကုန် ရိုက်ချက် မဟုတ်။ သူ၏ ကျွမ်းကျင်မှုဖြင့် အသေအချာ ချိန်ဆကာ မှတ်လောက်သားလောက်ရုံ ကွဲရုံလောက် ရိုက်လိုက်သော ရိုက်ချက် ဖြစ်သည်။ ထိုရိုက်ချက်ကြောင့် လည်ပင်းကို ပွတ်နေသော ဟင်းဒရစ်လည်း အောက်သို့ ကျသွားပြီး ဟင်းဒရစ် ကိုယ်ခန္ဓာပါ ရှေ့သို့ ငိုင်ကျသွားသည်။ သို့သော် လူဖြူ အလုပ်ကြပ်က အကျမခံ။ ဟင်းဒရစ်ကိုယ်ကို သူ့ဘယ်ဘက်လက်ဖြင့် တွန်းပြီး နေရာတွင် ပြန်မှီစေကာ ထိုင်ခိုင်းထားလိုက်သည်။

ဘယ်ဘက်လက်ဖြင့် ကိုယ်ကို ကိုင်ထားပြီး ညာလက်ထဲမှ နံပါတ်တုတ်က ဦးခေါင်းခွံကို ပေါက်ဆိန် ပေါက် ထင်းခွဲသလို ဆက်ရိုက်ရာ ဦးရေခွံကွဲပြီး သွေးများ စီးကျလာသည်။ အချိန်အဆဖြင့် သုံးချက် ရိုက်လိုက်ပြီးနောက် ရပ်လိုက်သည်။ ထို့နောက် ဟင်းဒရစ်၏ ဟနေသော ပါးစပ်ပေါက်ထဲသို့ နံပါတ်တုတ် ထိပ်ဖျားကို ထိုးသွင်းပြီး ရှေ့သွားနှစ်ချောင်းကို ကလော်ထုတ် ပစ်လိုက်သည်။
"မင်း တစ်သက်တာအတွက် အမှတ်အသား ရသွားတာပေါ့ကွာ၊ ဒါမှ နောက် ဘယ်တော့မှ မမေ့မှာ"
မျက်နှာဖြူ အလုပ်ကြပ် ကိုင်ထားသော ဟင်းဒရစ်ခန္ဓာကိုယ်ကြီးမှာ သတိမေ့သွားချေပြီ။ ထိုအခါ သူက လက်ကို လွှတ်ချလိုက်ရာ ဟင်းဒရစ်ကိုယ်ခန္ဓာကြီးက အလယ်ကောင် လူသွားလမ်းပေါ်သို့ မှောက်လျက် ကျသွားတော့သည်။

မျက်နှာဖြူ အလုပ်ကြပ်က လက်ထဲတွင် နံပါတ်တုတ်ကို ကိုင်ထားရင်းဖြင့် သူ့ဘေးပတ်ပတ်လည်မှ အံ့အားသင့်ပြီး ကြည့်နေသော လူမည်းများ၏ မျက်လုံးပြူးပြူးကြီးများက်ု တစ်ပတ်ဝေ့ကြည့်လိုက် သည်။ လူမည်းများအားလုံး မျက်လွှာချလိုက်ကြပြီး ရို့ဆင်းသွားသည်။

ဝမ်းလျားမှောက်လဲနေသော ဟင်းဒရစ်၏ ခေါင်းအောက်မှ သွေးများစီးကျနေသည်။ ကြမ်းပြင်ပေါ်တွင် အနီရောင် မြွေတစ်ကောင် သွားနေသလို သွေးစီးကြောင်းက အပေါ်နေသည်။ သွေးအိုင်ထဲမှ ပေါင်မုန့် များကို လူဖြူအလုပ်ကြပ်က တစ်လုံးပြီးတစ်လုံး ကောက်ယူပြီး ပြတင်းပေါက် အကာလက်တန်း အပေါက်များကြားမှ အပြင်သို့ လွှင့်ပစ်လိုက်သည်။ ထို့နောက်ကိုယ်ကို မတ်လိုက်ပြီး နံပါတ်တုတ်ကို ခါးတွင် ပြန်ချိတ်ကာ လူသွားလမ်းအတိုင်း ရထားတွဲ တစ်ဘက်ထိပ်သို့ တစ်လှမ်းချင်း ဟန်ပါပါ လျှောက်သွားတော့သည်။

အခြေအနေအားလုံးကောင်းသွားပြီး တော်လှန်ဆန့်ကျင်လိုသော စိတ်များပြောင်းကာ ရိုကျိုးသွားကြ ပြီဟု သူ့စိတ်ကတွက်လိုက်သည်။ လူမည်းတို့ နောက်ထပ် ဒုက္ခပေးတော့မည်မဟုတ်။ မိမိတာဝန်ကို မိမိနိုင်နင်းကောင်းမွန်စွာ ထမ်းရွက်လိုက်ပြီဟု မှတ်ယူကာ ပီတိဖြစ်သည်။ ရထားတွဲအဆက် ဘာဂျာ အိမ်ထဲသို့ သူရောက်သွားသောအခါ ဒီဘက်တွဲမှတံခါးကို ပြန်ပိတ်ပြီး အပြင်မှ သော့ခတ်လိုက်သည်။
ရထားတွဲကူ တံခါးပိတ်သွားသည်နှင့် တပြိုင်နက် ရထားထဲမှ လူများ အသက်ဝင်လှုပ်ရှားလာသည်။ မိုးဇက်က အမိန့်ပေးလိုက်သည်။ လူနှစ်ယောက်က ဟင်းဒရစ်ကို မထူပြီးပြန်ထိုင်ပေးလိုက်သည်။ တစ်ယောက်က အိမ်သာဘေးရှိ တိုင်ကီသို့သွားပြီး ရေယူသည်။ မိုးဇက်က သူ့အထုပ်ကို ဖြေလိုက်ပြီး ဆေးဘူး ကို ထုတ်ယူလိုက်သည်။

ယိမ်းထိုးလှုပ်ရှားနေသော ဟင်းဒရစ်ခေါင်းကို ငြိမ်အောင်ကိုင်ပြီး ဆေးဘူးထဲမှ ဆေးမှုန့်များကို အနာပေါ်လောင်းချပြီး လက်နှင့် သိပ်ပေးလိုက်ရာ တခဏအကြာတွင် သွေးတိတ်သွားသည်။ အ၀တ်ကို ရေစွတ်ပြီး မိုးဇက်က ဟင်းဒရစ်ပါစပ်မှ အက်ကွဲဖူးရောင်သွားသော ဒဏ်ရာကို သန့်စင်ကာရေပတ်တိုက်၊ ကြပ်ထုပ်ထိုးပေးသည်။ ထို့နောက် ဟင်းဒရစ်၏ သတိလစ် မေ့နေ သော ဦးခေါင်းကို ပိုက်ပွေ့ထားကာ စောင့်ကြည့်နေသည်။

မိုးဇက်သည် သူ့အစ်ကိုနှင့် လူဖြူအလုပ်ကြပ်တို့၏ ထိပ်တိုက်တွေ့မှုကို ၀င်မစွက်ဘဲ တမင်သက်သက် စောင့်ကြည့်နေသည်။ နောက်ဆုံး ပေါက်ကွဲမှုအထွက်အထိပ်ရောက်သည်အထိ အကဲခတ်နေသည်။ တနည်းအားဖြင့် မိုးဇက်သည် ဟင်းဒရစ်အား စမ်းသပ်ကြည့်ရှုနေခြင်း ဖြစ်သည်။ မိမိ၏ လက်ထောက် လုပ်မည့်သူမှာ မာကျောရမည်။ ပြတ်သားရမည်။ ခံနိုင်ရည်ရှိရမည်။ လီနင်သည် ဂျိုးဇက်စတာလင်ကို လက်ထောက်အဖြစ် ရွေးခဲ့သည်။ မိမိကလည်း ပုဆိန်လို မာကျောထက်မြက်သော သံမဏိ လူသား တစ်ယောက်ကို ရွေးရမည်။ ယခုလည်း စမ်းသပ်အကဲခတ် နေဆဲပင်ဖြစ်သည်။
ဟင်းဒရစ် မျက်လုံးပွင့်လာပြီး သူ့ညီကို မျက်လုံးလေးကလယ်ကလယ်ဖြင့် မော့ကြည့်သည်။ ဒဏ်ရာက နာလွန်းသဖြင့် စုတ်တသပ်သပ် ငြီးထွားလိုက်ပြီး ခေါင်းပေါ်မှ ဒဏ်ရာကို လက်နှင့် လှမ်းကိုင် လိုက်သည်။ လူးလဲပြီး ကျုံးထလိုက်သည်။ သူ့မျက်လုံးတွင် ဒေါသအရောင် ၀င်းဝင်းတောက်လာပြန် သည်။

"စိန်တွေကော"
ဟင်းဒရစ်က ခပ်တိုးတိုးမေးလိုက်သည်။
"မရှိတော့ဘူး.... သွားပြီ"
မိုးဇက်က အေးဆေးတည်ငြိမ်စွာ ဖြေလိုက်သည်။
"တို့ပြန်သွားပြီး ရှာမယ်"
ဟင်းဒရစ်က အားတက်သရောပြောလိုက်သော်လည်း မိုးဇက်က ခေါင်းခါပြလိုက်သည်။

"ပျိုးခင်းထဲမှာ စပါးစေ့တွေကျဲလိုက်သလို ပြန့်ပွားလွင့်စင်ကုန်ခဲ့တာပဲ၊ ပြီးတော့ကျတဲ့နေရာလဲ မှတ် ထားလိုက်ဖို့ မှ အခွင့်အရေးမရတာ၊ ဒီရထားတွဲထဲမှာ ကျွန်တော်တို့က အကျဉ်းကျနေတာဆိုတော့ နောက်ကြောင်းလည်း ပြန်လှည့်လို့မရတော့ဘူး၊ စိန်တွေကတော့ လုံးလုံးဆုံးပြီလို့သာ မှတ်လိုက်ပါ တော့"
ဟင်းဒရစ်က ငြိမ်သက်စွာ ထိုင်နေသည်။ နှုတ်ခမ်းကိုလျှာနှင့် ပွတ်ရင်း သူ့ညီ၏ အေးစက်စက်နိုင်သော ဒဿနကိုစဉ်းစားနေသည်။ မိုးဇက်ကလည်း ဘာမှမပြောဘဲ ငြိမ်သက်စွာပင် စောင့်ကြည့်နေသည်။ ဟင်းဒရစ် သူ့ဘာသာသူ ဆုံးဖြတ်ချက်ချနိုင်ရန် စောင့်နေခြင်းဖြစ်သည်။

"မင်းမှန်တယ် ငါ့ညီ၊ စိန်တွေကတော့သွားပါပြီး၊ ဒါပေမယ့် စိန်တွေဆုံးရှုံးပြီး ငါ့ကိုတမင်သက်သက် နှိပ်စက်သွားတဲ့လူဖြူအကောင်ကိုတော့ ပြန်သတ်ရမယ်"
နောက်ဆုံးဟင်းဒရစ်က ပြောလိုက်သည်။ မိုးဇက်က မည်သို့မျှ စိတ်လှုပ်ရှားမှုမပြ၊ အားပေးတိုက်တွန်း ခြင်းလည်းမပြုဘဲ အသာစောင့်နေသည်။
"သူ့ကို ငါသတ်ဖို့ နည်းလမ်းရှာမယ်၊ သူနဲ့ငါကလွဲပြီး ဘယ်သူမှမသိစေရဘူး"
မိုးဇက်က ဘာမှပြန်မပြောဘဲ ဆက်ငြိမ်နေသည်။

"ငါဒီ ခွေးဖြူကို သတ်မယ်ဆိုတာ မင်းသဘောတူသလား ငါ့ညီ"
ဟင်းဒရစ်က အားကိုတကြီး ဆရာတင်ထားသော ညီဖြစ်သူဆီမှ အမိန့်တောင်းခံလိုက်သည်။
"လုပ်လိုက်လေ ပိပိရိရိတော့ ရှိပစေနော်"
ဟင်းဒရစ်သည် သူ့နေရာတွင်ပင် တစ်နာရီခန့် မှိန်းနေသည်။ တစ်ခါတစ်ခါတွင် နားထင်များက ထိုးပြီး ကိုက်လာရာ ဦးခေါင်းခွံကြီးကွဲထွက်သွားမလား အောက်မေ့ရသည်။ ထို့နောက် အနာနည်းနည်း သက်သာသွားသည်။ နေရာမှ ထပြီးလူသွားလမ်းအတိုင်း ဖြည်းဖြည်းချင်း လျှောက်သွားကာ ပြတင်း ပေါက်များကို ကြည့်ရှုစစ်ဆေးနေသည်။ အားလုံးပင် တန်းများဖြင့် အသေရိုက်ပိတ်ထားရာ ခေါင်းခါယမ်း လိုက်သည်။ ထိုအခါ ခေါင်းထဲက နာလာသည်။

ထို့ကြောင့် သူနေရာပြန်လာပြီး ခဏထိုင် လိုက်သည်။ တစ်အောင့်ကြာသောအခါ ပြန်ထပြီး ရထားတွဲ အိမ်သာ ထဲသို့ သွားကြည့်သည်။
အောက်ဘက်တွင် အညစ်အကြေးစွန့်သော အပေါက်တစ်ပေါက် တွေ့ရသည်။ ထိုအပေါက်မှနေ၍ ရထားလမ်းဇလီဖားတုံးများကို ခပ်ဝါးဝါး ရိပ်ခနဲ ရိပ်ခနဲ တွေ့လိုက်ရသည်။ အပေါက်ဘေးပတ်ဝန်းကျင် ၌ ကျင်ကြီးကျင်ငယ်များဖြင့် ပေရေညစ်ပတ်နံစော်နေသည်။
ဟင်းဒရစ်အာရုံက အပေါ်ဘေးဘက်မှ လေ၀င်ပေါက်သို့ ရောက်သွားသည်။ သံဇကာကို အပေါက်တွင် ကပ်ပြီး အပေါက်သစ်သားပေါင်တွင် ၀က်အူများဖြင့် စုတ်ထားသည်။ ထိုအပေါက်သည် သူ့တစ်ကိုယ် စာ ၀င်ထွက်၍ ဆန့်မည်မှာ သေချာသည်။

ရထားတွဲထဲမှ သူ့နေရာသို့ ပြန်ကာထိုင်ပြီး မိုးဇက်ကို တိုးတိုးလေးပြောလိုက်သည်။
"ဟိုခွေးမသားက ငါ့ဓားကို လွှင့်ပစ်လိုက်တယ်ကွ၊ ငါအခု ဓားတစ်ချောင်း လိုချင်သေးတယ်"
မိုးဇက်က ဘာမှပြန်မမေး။ ဤသည်မှာ သူ့စမ်းသပ်မှု၏ တစ်စိတ်တစ်ဒေသပင် ဖြစ်သည်။ ဤကိစ္စကို သူတစ်ယောက်တည်းလုပ်ပါစေ။ မအောင်မြင်လျှင်လည်း သူ့ဒဏ်သူခံပေရော။ မိုးဇက်က သူ့ဘေးမှလူများကို ခပ်တိုးတိုးပြောလိုက်ရှုာ မိနစ်ပိုင်းအတွင်း သူ့ဆီသို့ မောက်ချဓားတစ်ချောင်း ရောက်လာသည်။ ထိုဓားကို ဟင်းဒရစ်လက်ထဲသို့ အသာထည့်လိုက်သည်။
ဟင်းဒရစ်အိမ်သာထဲသို့ တစ်ခေါက် ပြန်သွားသည်။ လေ၀င်ပေါက်သံဇကာပေါက်မှ ၀က်အူများကို တစ်လုံးချင်းဖြုတ်လိုက်သည်။ ဓားရာမထင်အောင် ဆေးရောင်မပွန်းအောင် ခြစ်ရာမထင်အောင် ဂရုတ စိုက်လုပ်သည်။ ၀က်အူရှစ်လုံးကို ဖြုတ်ပြီးနောက် သံဇကာကို အသာမယူဖြုတ်လိုက်ကာ ဘေးတွင်ချ ထားလိုက်သည်။

ထို့နောက် မီးရထားညာဘက်သို့ ကွေ့သည်အထိ စောင့်နေလိုက်သည် ညာဘက်ကိုကွေ့သည်နှင့် လေ၀င်ပေါက်မှ ခေါင်းပြူကာ အပြင်သို့ ကြည့်လိုက်သည်။ ရှေ့မှ ရထားတွဲများနှင့် ကုန်တွဲများမှ ကွေ့သွားနေသဖြင့် မမြင်ရတော့။ ထိုအခိုက်အတန့်တွင်ပင် လေ၀င်ပေါက်မှ လျှိုထွက်ကာ အပေါဘက် အမိုးပေါ်ကို လှမ်းပြီးကုတ်ဆွဲသည်။ ဆုပ်ကိုင်မိသည်နှင့် အားယူဆွဲတင်ကာ ရထားအမိုးပေါ်သို့ ကုတ်ကက် တွဝ်တက်သွားသည်။

 ရထားခေါင်မ်ုးပေါ်မှနေ၍ တွဲအားလုံး၏ အမိုးပေါ်မှ အနေအထားကို အသေအချာကြည့်ရှု အကဲခတ် ပြီး နောက်ပြန်ဆင်းလာသည်။ လေ၀င်ပေါက်မှ တွဲအိမ်သာထဲသို့ ပြန်လျှိုဝင်လာသည်။ သံဇကာကို နေသားတကျ ပြန်တပ်သည်။ သို့သော်ဝက်အူများကို အဆုံးမရစ်ဘဲ လက်နှင့်လှည့်ဖွင့်၍ရရုံ ရစ်ထားခဲ့ပြီး သူ့နေရာသို့ ပြန်ထိုင်နေသည်။
ထိုနေ့ညပိုင်းတွင် လူဖြူအလုပ်ကြပ်နှင့် လူမည်းအလုပ်သမားခေါင်းနှစ်ယောက်တို့ အစားအစာ လက်တွန်းလှည်းဖြင့် လာကြသည်။ ဟင်းဒရစ်ရှေ့ရောက်သောအခါ လူဖြူကပြုံးပြပြီး ပြောလိုက်သည်။
"မင်း အခုမှ လှသွားတယ်ကွ ငမည်းရ မင်းပါးစပ်ကို အသားမည်းမတွေက ၀ိုင်းဝိုင်းလည်နမ်းကြတော့ မှာ မြင်ရောင်သေးတယ်ကွာ"

အလုပ်ကြပ်သည် အခြားလူများဘက်သို့ ဝေ့ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ဟေ့... မင်းတို့အထဲက သူလိုလှချင်တဲ့လူရှိလဲပြောကွ၊ ငါက အလကား ကူညီပေးမယ်"
မိုးမချုပ်ခင်ပ်င လူမည်းအလုပ်သမားခေါင်းရောက်လာပြီး စားပြီးသား ပန်းကန်များကို သိမ်းဆည်းရင်း ပြောသွားသည်။
"နက်ဖြန်ညဆိုယင် ခင်ဗျားတို့ ရွှေတွင်းကို ရောက်တော့မယ်။ အဲဒီမှာ လူဖြူဆရာဝန်ရှိတယ်။ ခင်ဗျား ဒဏ်ရာ တွေ သူကုပေးပါလိမ့်မယ်၊ အလုပ်ကြပ်စိတ်ဆိုးအောင် မလုပ်ကြနဲ့၊ အခုခင်ဗျားတို့ နမူနာ သင်ခန်းစာရပြီမဟုတ်လား၊ အားလုံးမှတ်ထားကြ"

သူပြန်သွားသောအခါ ထုံးစံအတိုင်း တွဲကြားမှ တံခါးကို အသေအချာပိတ်သွားသည်။
ပြတင်းပေါက် အကာတန်းများကြားမှ နေ၀င်ရှုခင်းကို ဟင်းဒရစ်လှမ်းကြည့်လိုက်သည်။ လေးရက်တာ ရထားခရီးရှည် လှပေသည်။ သဘာဝပတ်ဝန်းကျင် အပြောင်းအလဲကို ရောက်လာစေသော နှင်းပွင့်နှင်း ဖတ် ကလေးများက သစ်ရွက်များပေါ်၌ကျနေသည်။ ရထာူးလမ်းတစ်လျှော်က ရွာများ တဲစုများကို တွေ့ ရသည်။ လူနေစိပ်သော နေရာပင်ဖြစ်သည်။
အမှောင်ထုကြီးစိုးမိုးလာသည်။ ဘေးမှလူများက အိပ်ရာဝင်ကြသည်။ မိုးဇက်က ဟင်းဒရစ်ကို သတိ ပေးလိုက်သည်။

"ရွှေတွင်းကို လှမ်းမြင်တဲ့အထိစောင့်ဦး"
လူဖြူအလုပ်ကြပ် ညဦးပိုင်း ပထမဆုံး ကင်းလာလှည့်ချိန်အထိ ဟင်းဒရစ်စောင့်နေသည်။ လူဖြူက ထုံးစံ အတိုင်း လက်ဆွဲမီးအိမ်ဖြင့် ဟင်းဒရစ်မျက်နှာကို အသေအချာ ကြည့်သွားသည်။ ဟင်းဒရစ်က အိပ်ချင်ယောင် ဆောင်နေလိုက်သည်။ သူက ရထားတွဲကူးတံခါးကို အသေအချာပိတ်ပြီး ဟိုဘက်တွဲ သို့ကူးသွားသည်။

 ဟင်းဒရစ်က သူ့ခုံမှ ချက်ချင်းထလိုက်သည်။ သူ့မျက်နှာချင်းဆိုင်မှ မိုးဇက်က အမှောင်ထုထဲတွင်ပင် သူ့ကို စိုက်ကြည့်သည်။ သို့သော် ဘာတစ်လုံးမျှမပြောပေ။ ဟင်းဒရစ်သည် အိမ်သာထဲဝင်သွားပြီး အိမ် သာတံခါး ကို အထဲမှ ချက်ချပြီး ပိတ်လိုက်သည်။ လေ၀င်ပေါက်သံဇကာမှ ၀က်အူများကို ဖြုတ်ပြီး သံဇ ကာကို ဖယ်ရှားကာ ဘေးတွင်ချထားလိုက်သည်။
လေ၀င်ပေါက်မှ ခေါင်းလျှိုထွက်လိုက်သောအခါ အေးစိမ့်သောလေက ဆီးကြိုနှုတ်ဆက်လာသည်။ လေ၀င်ပေါက်က တစ်ဆင့် ရထားခေါင်မိုးပေါ်သို့ ကုတ်ကပ် တွယ်တက်သွားသည်။ အမိုးပေါ်တွင် ၀မ်း လျားမှောက်ပြီး ခေတ္တနေလိုက်သည်။ ခေါင်းထဲက ကိုက်လာရာ အံကြိတ်ပြီး မှိန်းလိုက်မှ သက်သာသွား သည်။ ထို့နောက် လေးဘက်ထောက်လိုက်ပြီး ရထားတွဲအရှေ့ဘက် အမိုးအဆုံးအစွန်အထိ တွားသွား သည်။

ညဥ့်ဦးယံကောင်ကင်ပြင်သည် ကြည်လင်ကာ မြူတိမ်ကင်းစင်နေသည်။ ကြယ်ရောင်လေးမျာူးက လက်နေသည်။ လေက တဟူးဟူးတိုက်နေသည်။ ဟင်းဒရစ်မတ်တတ်ထလိုက်သည်။ ရထားက ဘယ်ညာ လှုပ်ယမ်းနေသဖြင့် ခြေနှစ်ဘက်ကို ကားပြီး ဟန်ချက်မိအောင် ထိန်းထားလိုက်သည်။ရှေ့သို့ တစ်လှမ်း နှစ်လှမ်း တိုးလိုက်ရာ သူ့ဆီကို အရိပ်နက်တစ်ခု ၀င်လာသလို မြင်လိုက်ရ၍ ပြန်ဝပ်ချ လိုက်သည်။  ပြန်မထရဲတော့။ ခိုက်ခိုက်တုန်အေးလှသည့် ရထားခေါင်းမိုးသံပြားပေါ်တွင် ၀မ်းလျှား၍ သာ တရွေ့ရွေ့ သွားရတော့သည်။ ခေါင်းကိုကြွသည်ဆိုရုံသာ ကြွပြီး တရွေ့ရွေ့ သွားရာ ရထားတွဲ ထိပ်ဘက်အစွန်သို့ ရောက်သွားသည်။

ဝမ်းလျားမှောက်ပြီး တွဲထိပ်မှနေ၍ အောက်သို့ခေါင်းငုံ့ကာ ချောင်းကြည့်လိုက်သည်။ တွဲနှစ်စီးအား ဆက်သွယ်ထာူးသောလမ်းသည် သူ့အောက်ဘက်၌ရှိနေသည်။ ဒီဘက်တွဲမှ ဟိုဘက်တွဲသို့ ဖြတ်ကူး သူသည် သူ့အောက်၏ နေရာကပင် ဖြတ်ရချေမည်။ သူ့လက်နှင့် လှမ်းဆွဲလိုက်လျှင် မီနိုင်သော လက်တစ်ကမ်း နေရာတွင်ရှိနေသည်။ ဟင်းဒရစ် ကျေနပ်သွားပြီး သူ့နောက်ဘက်သို့ ၀မ်းလျားမှောက် လျက်က သမင်လည်ပြန် ကြည့်လိုက်သည်။

ရထားခေါင်းမိုးမှ လေ၀င်ပေါက်ခေါင်းတိုင် ငုတ်ကလေးသည် သူ့ခြေထောက်နာ၌ ရှိသည်။ ထိုနေရာကို နောက်ပြန်လှည့်ပြီး ၀မ်းလျားထိုးသွားသည်။ သူ့ခါးမှ သားရေခါးပတ်အထူကြီးကို ဖြုတ်လိုက်သည်။ ခေါင်းတိုင်တွင် ခါးပတ်ကို စွပ်ကာ ခါးပတ်ခေါင်းဘာကယ်ကွင်းကို ပြန်တပ်လိုက်သည်။ ခေါင်းတိုင်တွင် စွပ်ထားသော ခါးပတ်ကွင်းထဲသို့ သူ့ခြေထောက်တစ်ချောင်းကို ထိုးသွင်းကာ ခြေချင်းဝတ်မှနေ၍ ချိတ် ဆွဲထားလို့ ရသွားသည်။ု

ဟင်းဒရစ်သည် ခြေထောက်တစ်ဖက်ကို ခါးပတ်ကွင်းထဲ၌ ချိတ်ထားပြီး ရထားခေါင်မိုးအစွန်ဘက်တွင် ပြန်ပြီးဝမ်းလျားမှောက်နေလိုက်သည်။ တွဲနှစ်တွဲကြား ဟာနေသောနေရာကို အပေါ်မှ ငုံ့ပြီး စောင့်ကြည့် နေသည်။ တွဲနှစ်တွဲကြား လူကူးစင်္ကြံလမ်းတွင်း လျှပ်စစ်မီးလုံးထွန်းထား၍ သူ့အောက် ဘက်နေရာသည် လင်းနေသည်။ သူသည် သစ်ပင်ပေါ်မှနေ၍ သားကောင်ချောင်းနေသော ကျားသစ် သဖွယ် စောင့်နေသည်။

ပထမ တစ်နာရီခန့်ကြာသွားပြီး နောက်တစ်နာရီခန့် ကုန်ဆုံးသွားပြန်သည်။ အေးလွန်းသဖြင့် တစ်ကိုယ် လုံးတောင့်တင်းသလို ဖြစ်လာသည်။ သို့သော် အိပ်မငိုက်အောင် အာရုံလွှင့်မသွားအောင် အားတင်း ထားသည်။ သားကောင်ချောင်းခြင်း၏ အဓိကအလုပ်သည် သည်းခံစောင့်ရခြင်းပင် ဖြစ်သည်။ဤအ လုပ်မျိုး သူ အခါတစ်ရာမက လုပ်ခဲ့ဖူးပြီဖြစ်သည်။
ရထားလှုပ်ရှားသံ ဘီးံများဖြစ်သော ဂျုံးဂျုံးဂျက်ဂျက် အသံများကြားမှပင် သံမဏိချင်းထိခတ်သံ သော့သော့ချင်းထိခတ်သံ တချွင်ချွင်ကို ဟင်းဒရစ် ရုတ်တရက် ကြားလိုက်ရသည်။ ထို့နောက် တံခါး ဆွဲဖွင့်သံကိုပါ ကြားလိုက်ရသည်။ တွဲနှစ်တွဲကြားမှ လူကူးလမ်းပေါ်သို့ လူတစ်ယောက်ထွက်ပေါ်လာ ပြီး တံခါး ကို ပြန်ပိတ်လိုက်သည်။ ငုံ့ကြည့်လိုက်ရာ လူဖြူအလုပ်ကြပ်၏ ဆောင်းနေကျဦးထုပ်ကို အပေါ် မှစီးပြီး မြင်လိုက်ရသည်။

ဟင်းဒရစ်သည် ချက်ချင်းပင် ကိုယ်ရှေ့ပိုင်းကို တွဲနှစ်တွဲကြားသို့ လျှောချလိုက်သည်။ ခါးလောက်အထိ အောက်သို့ရောက်အောင် လျှောချလိုက်သည်။ သူ့ခြေထောက် ခြေချင်းဝက်တစ်ဘက်တွင် စွပ်ထား သော တိုင်နှင့်ချိတ်ထားသည့် ခါးပတ်ကွင်းကသာ သူ့ကို အပေါ်မှနေ၍ တင်းပြီးမြဲနေအောင် ဆွဲထား သည်။ လိုသာက သူ့အား နှစ်ပြန်ချုပ်သတ်နည်းကို သင်ထားရာဤနည်းကို သုံးလိုက်တော့သည်။
လူဖြူအလုပ်ကြပ်၏ လည်ပင်းကို လက်တစ်ဖက်နှင့်ပိုက်ပြီး ညှပ်လိုက်သည်။ တစ်ဆက်တည်းပင် ကျန်လက်မောင်းတစ်ကောက်ကွေးဖြင့် ထပ်မံပတ်ညှစ်လိုက်ပြီး မတင်လိုက်ရာ လူဖြူအလုပ်ကြပ်၏ ခြေထောက်သည် အခင်းပေါ်မှ လွတ်သွားပြီး ယက်ကန်ယက်ကန် ဖြစ်သွားသည်။ လူဖြူပါးစပ်မှ အားအားနှင့် အသံမြည်လာပြီး တံတွေးများ ထွက်လာသည်။ ဟင်းဒရစ်က သူ့လည်ပင်းကို လက်နှစ် ဖက်ဖြင့် မိမိရရချုပ်ညှပ်ပြီး ဆွဲတင်လိုက်ရာ စက်တိုင်ကြိုးစင်ကလူလို ယက်ကန် ယက်ကန် ဖြစ်နေ သည်။

လူဖြူခေါင်းမှဦးထုပ်က လွင့်ထွက်သွားသည်။ ထိုသူ့ခန္ဓာကိုယ်နှင့် ခြေထောက်အစုံက တအား ရုန်းကန် နေသည်။ ဟင်းဒရစ်က သူ့ကိုအပေါ်သို့ ဆက်လက်မတင်ရာ သူ့တို့နှစ်ယောက်၏ မျက်လုံးနှစ်စုံတည့် တည့် အပြန်အလှန် မြင်ရသည်အထိ ရောက်လာသည်။ ဟင်းဒရစ်က လူဖြူမျက်နှာကို ကြည့်ပြီး ပြုံးလိုက်သည်။ ပါးစပ်ဟပြလိုက်သည်။ လျှပ်စစ်မီးရောင်တွင် ရှေ့သွားနှစ်ချောင်းကျိုးနေပုံနှင့် သွေးစ များခြောက်နေသည်တို့ကို မြင်လိုက်သောအခါ လူဖြူအလုပ်ကြပ် မှတ်မိသွားသည်။ သူမှတ်မိသွားပုံကို ဟင်းဒရစ် မြင်လိုက်ရသည်။
"ဟယ်လို... မိတ်ဆွေကြီး၊ ကျွန်တော်ပါဗျ ၊ ငမည်းကောင်လေ"

ဟင်းဒရစ်ခပ်တိုးတိုး ပြောလိုက်သည်။ လူဖြူခန္ဓာကိုယ်ကို အပေါ်သို့ တစ်လက်မကျော် ထပ်ပြီး ဆွဲတင်လိုက်ကာ သူ၏ နောက်စေ့နှင့် ရထားအမိုးအစွန်းကို ဖိကပ်ထားလိုက်သည်။ ထို့နောက် ပခုံး ထိပ်ရှိကျောရိုးကို တမင်သက်သက်နာနာလေး ဖိလိုက်သည်။ လူဖြူအလုပ်ကြပ်သည် ငါးမျှားတံထိပ် ငါးမျှာ်ချိတ်တွင် မိနေသော ငါးလိုဆတ်ဆတ်လူးနေသည်။ ဟင်းဒရစ်သည် သူ့လက်မောင်းကို လူဖြူ မေးအောက်မှ မကာလူဖြူခေါင်းကို နော်ကသို့မော့ပြီး လှန်ချိုးသည်။

မိနစ်ပိုင်းအတွင်းမှာပင် လည်ပင်း ဇက်ကျောရိုးမှာ သစ်စိမ်းကိုင်းကို ချိုးလိုက်သလို ဖြစ်သွားသည်။
လေထဲတွင် လှုပ်ခါယမ်းနေသော လူဖြူအလုပ်ကြပ်၏ မျက်လုံးကို ဟင်းဒရစ်ကကြည့်လိုက်ရာ ပြူး ကျယ်ဖျော့တော့ပြီး အသက်ကင်းမဲ့သွားသော ခန္ဓာကိုယ်ကြီးကို ဟင်းဒရစ်က နာရီချိန်သီးကြီးလို ဘယ် ညာလှုပ်ယမ်းကြည့်လိုက်ပြီး တွဲနှစ်တွဲကြား လူသွားလမ်းလေးကြားမှ သံလမ်းပေါ်နေသော နေရာပေါ် သို့ ချိန်ဆပြီး ပစ်ချလိုက်သည်။ လူဖြူအလုပ်ကြပ်၏ ကိုယ်ခန္ဓာကြီးသည် ရထားဘီးများအောက် ရောက်သွားကာ အပိုင်းပိုင်း အပြတ်ပြတ် အစစ ဖြစ်သွားတော့သည်။

ဟင်းဒရစ်သည် ရထားခေါင်မိုးစွန်း၌ ၀မ်းလျားမှောက်လျက် ခေတ္တနားကာ အသက်ကို မှန်မှန်ပြန်ရှူ သည်။ လူဖြူ၏ရထားကြိတ်ခံရသော ကိုယ်မှ သွေးစက်များမှာ ရထားသံလမ်းတစ်လျှောက် မိုင်ဝက်ခန့် စွန်းထင်းနေပေလိမ့်မည်။
ဟင်းဒရစ်သည် ခေါင်းတိုင်မှ ခါးပတ်ကွင်းကို ဖြုတ်ကာ သူ့ခါးတွင် ပြန်ပတ်လိုက်သည်။ ထို့နောက် အိမ်သာနားသို့ ၀မ်းလျားထိုးပြန်သွားပြီး လေ၀င်ပေါက်မှ အောက်သို့ပြန်ဆင်းသည်။ သံဇကာကို ပြန် ပိတ်ပြီး ၀က်အူကို တင်းတင်း ပြန်ကျပ်လိုက်သည်။ ယင်းနောက် မိမိထိုင်ခုံကို ပြန်သွားကာ စောင်ကို ခေါင်းမြီးခြုံပြီး အိပ်လိုက်တော့သည်။ မိုးဇက်က သူပြန်လာပြီး အိပ်လိုက်သည်ကို မသိမသာ လှမ်း ကြည့်လိုက်သည်။

လူမည်းအလုပ်ကြပ်များ၏ အော်ဟစ်သံများနှင့် ရထားရပ်လိုက်သံတို့ကြောင့် ဟင်းဒရစ် အိပ်ပျော်နေ ရာမှနိုးလာသည်။ လှမ်းကြည့်လိုက်ရာ ရထားဘူတာပလက်ဖောင်းပေါ်မှ ဆိုင်းဘုတ်တွင် "ဘရိုင်းအတ်" ဟု ရေးထားသည်ကို တွေ့လိုက်ရသည်။

မကြာမီပင် ပလက်ဖောင်းပေါ်တို့ ရဲများရောက်လာပြီး ရထားတွဲများပေါ်သို့ ရဲများတက်လာကြသည်။ အလုပ်သမားများအားလုံးကို ပလက်ဖောင်းပေါ်သို့ ဆင်းခိုင်းပြီး တန်းစီရပ်ခိုင်းသည်။ မီးမောင်းများ အလင်းရောင်အောက်တွင် အိပ်ချင်မူတူးနှင့် ခိုက်ခိုက်တုန်နေသော အလုပ်သမားများကို တစ်ဦးချင်း နာမည် ခေါ်ပြီး လူစစ်သည်။ လူအားလုံးအစုံအစေံ့ရှိသည်။
ဟင်းဒရစ်က သူ့ဘေးတွင်ရပ်နေသော မိုးဇက်အားတထောင်ဆစ်ဖြင့် မသိမသာတွက်လိုက်ပြီး သူတို့ ရထားတွဲ အောက်မှ ဘီးများကို မေးငေါ့ပြလိုက်သည်။ ရထားဝင်ရိုး၊ အက်စယ်နှင့် ဘီးတို့တွင် သွေးစ သွေးနများ ပေကပ်နေသည်ကို တွေ့ကြရသည်။

ထိုနေ့တစ်နေ့လုံး ရဲက အလုပ်သမားများအား ဘူတာရုံ ပိုင်အခန်းတွင် တစ်ဦးပြီးတစ်ဦး ခေါ်ယူမေးမြန်း စစ်ဆေး သည်။ မွန်းလွဲပိုင်းရောက်သောအခါ လူဖြူ အလုပ်ကြပ်သေရခြင်းသည် ရထားတွဲ တစ်တွဲနှင့်တစ်တွဲ အကူးမတော်တဆသေရခြင်း ဟု ရဲကလက် ခံလာသည်။ စုံစမ်းမေးမြန်းမှု အပေါ် တွင်လည်း စိတ်ဝင်းစားမှု မရှိတော့ပေ။ ရထားတွဲကူ တံခါးများ သော့ခတ်ပိတ်ထားခြင်း၊ ရထားတွဲပြတင်းပေါက် များကို တန်းများရိုက်ပိတ်ထားခြင်းတို့အပြင် အလုပ် သမားခေါင်းဆောင်များ အလုပ်သမား တို့၏ အဖြေတို့မှာ အားလုံးမသိကြကြောင်း တညီတညွတ်တည်း ဖြစ်နေကြ၍ အမှုကို မတော်တဆ သေဆုံးမှုဖြင့် အမှုပိတ်လိုက်ရသည်။

ညနေပိုင်းတွင် အလုပ်သမားများကို ရထားတွဲပေါ်ပြန်တက်ခိုင်းပြီး ရထားဆက်ထွက်လာသည်။

ဆက်ရန်
.

No comments: