Saturday, November 19, 2011

မောင်သော်က ၏ ညနေခင်းများ, အပိုင်း (၂ဝ)

ပင်စင်နာတစ်ဦး၏ အာလူးမှတ်တမ်း (၉)
ထားဝယ်သွား ရေလား

ကမ်းရိုးတန်းသွား " မြစ်ကြီးနား " သင်္ဘောစီးရန်လက်မှတ်ဝယ်ယူ ရရှိရေးအတွက် တစ်ဦးချင်းတန်းစီစနစ် နှင့် ၀ယ်ယူပြီးသည့်နောက် ဧပြီလ ၁၀ ရက်နေ့တွင် ကျွန်တော်သည် ရန်ကုန်ဆိပ်ကမ်းမှ ထားဝယ်မြို့သို့ လိုက်ပါ ခွင့် ရခဲ့ပါသည်။ လက်မှတ်ရသည်ကတော့ မြိတ်အထိ ဖြစ်၏။ ထားဝယ်လက်မှတ် ကုန်နေပါပြီတဲ့။
" မြစ်ကြီးနား " " ဟားခါး " " တောင်ပေါ်" တို့သည် တစ်မျိုးတစ်စားတည်းသော ကမ်းရိုးတန်းသွား သင်္ဘော အသစ်စက်စက်များ ဖြစ်ကြ၏။ ဘယ်လိုကမ်းရိုးတန်းမျိုးပါလဲ။ နော်ဝေးပြည်တွင် တည် ဆောက်ခြင်း ကြောင့် တောင်းစောက်ပင်လယ်လက်ကြားကမ်းရိုး Fjord  များနှင့် ပိုကိုက် ပေမည်ဖြစ်သည်။

ကြယ်ငါးပွင့်သင်္ဘောလိုင်းသည် အမြတ်အစွန်းကို အဓိကထားသည့် သင်္ဘောလိုင်းမဟုတ်ပေ။ ကမ္ဘာပေါ် တွင် အခြား အခြားသော သင်္ဘောလိုင်းများမှာမူ အမြတ်ကို အဓိကထားကြခြင်းကြောင့် ကုန်တင်ခ လူစီးခ အလွန် ဈေးကြီး၏။ ယခုကြည့်ပါ၊ ရန်ကုန်မှ ထားဝယ်လို့ ကုန်းပတ်ခရီးသည်တစ်ဦး ၃၇ ကျပ်သာလျှင် ကျ သင့်သည်။ မြိတ်အထိ ၄၀ ကျပ်သာလျှင် ကျသင့်သည်။ မည်မျှသက်သာပါသနည်း။ သို့ကြောင့် သင်္ဘော စီးခရီးသည် များ တိုးဝှေ့နေကြခြင်းဖြစ်သည်။ တစ်ဖန် အမြတ်အစွန်းကို အဓိကမထား။ ပြည်သူလူထု၏ သက်သာ ချောင်ချိရေးကိုသာလျှင် ရှေးရှူသည်ဖြစ်ခြင်းကြောင့် ပုဂ္ဂလိကကုန်စည်ကိုပင် မတင်ဆောင်။

သင်္ဘောကြီးမှာ ခမ်းနားလှပါ၏။ နေရာထိုင်ခင်း၊ စားသောက်ခန်း၊ ရေချိုးခန်း၊ သောက်ရေ၊ အိမ်သာမှအစ ကောင်း လှပေသည်။ သို့သော် ကျွန်တော်တို့ မြန်မာခရီးသည်များကား ကိုလိုနီခေတ် အမွေဆိုးကို ယူ၍ ကြီးပြင်း လာခဲ့ကြသူများ ဖြစ်သည်နှင့်အညီ ညစ်ပတ်မြဲ ညစ်ပတ်ဆဲသာတည်း။ ထမင်းကျန် ဟင်းကျန် စွန့်ရန် သတ်မှတ်ပေးထားသည့်ပုံးတွင် မစွန့်၊ ပန်းကန်ဆေးသည့် သံမဏိရေဆေးခွက်တွင် ညစ်ပတ်စွာ ဆေး၏။ ထို့ကြောင့် ထမင်းလုံးများ ဆို့ပိတ်သည်ကို သူနှင့်မဆိုင်သည့်အလား ခပ်တည်တည် ထွက်သွား ၏။ ရေပိုက် ကိုဖွင့်ပြီးလျှင် ပြန်မပိတ်၊ ဖွင့်လျက်သား ပစ်ထားခဲ့၏။ အိမ်သာတွင်လည်း သတင်းစာစက္ကူ၊ တွေ့ကရာ စက္ကူ များနှင့် တစ်ဆို့စေသည်။

သင်္ဘောပေါ် တွင် ရေယာဉ်မှူးနှင့်တကွ အရာရှိနှင့် လူငယ်အမှုထမ်းများပါ ကျွန်တော့် သက်သာ ချောင်ချိရေး အတွက် အကူအညီပေးကြသည်ကြောင့် သက်တောင့်သက်သာ လိုက်ပါခဲ့ရပါသည်။ နောက် တစ်နေ့ နံနက် ၅ နာရီသာသာတွင် ထားဝယ်မြစ်-၀ ကသည်းမကျွန်းအနီး၌ ကျောက်ချရပ်နားသည်။ ဤသည်မှ တစ်ဆင့် စက်လှေပေါ် ကူးဆင်းကာ စက်လှေအားဖြင့် ထားဝယ်မြို့သို့ ခရီး ဆက်ရမည်ဖြစ်သည်။ ထားဝယ်သွားရသည်မှာ ဤအချက်သည် အထောင့်ဆုံးဖြစ်၏။

အနည်းဆုံးအားဖြင့် ထားဝယ်မြစ်တွင်း ဆင် ဖြူပြင်ဆိပ်ကမ်းထိ ၀င်ရောက်ဆိုက်ကပ်ပေးနိုင်လျှင် များစွာ အဆင်ပြေ ပေလိမ့်မည်။ ဆင်ဖြူပင်မှတစ်ဆင့် ထားဝယ်သို့ စက်လှေနှင့်ဖြစ်စေ၊ ကားနှင့်ဖြစ်စေ၊ ခရီး ဆက်နိုင်သည်။ သပိမကွာလှတော့။ ယခုမူ ဆိပ်ကမ်း ကော်ပိုရေးရှင်းမှ ပြင်ပဆိပ်ကမ်းမြို့များတွင် ကမ်းရိုးတန်း သွားသင်္ဘောများ ဆိုက်ကပ်နိုင်ရန်အတွက် သောင်တူးခြင်း၊ ဆိပ်ခံဘောတံတားများ တိုးချဲ့ တပ်ဆင်ခြင်း၊ ရေကြောင်းပြဘောများ ချမှတ်ပေးခြင်း ပြုလုပ်ပေးနေပါသည်ဆိုသည့် ကြားကပင် ဆင်ဖြူပြင် ထိ မ၀င်နိုင်သေးပေ။ စက်လှေပေါ်သို့ ဆင်းရသည်မှာ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် များ၊ ကလေးသူငယ်များ အတွက်ပါ မျးစွာအသက်အန္တရာယ် ဖြစ်နိုင် သည်။

မိုးတွင်းကာလ လှိုင်းကြွချိန်ဆိုမူ မတွေးဝံ့တော့ပြီ။ သို့နှင့်ပင် ထားဝယ်သို့ ရောက်ခဲ့သည်။
ကျွန်တော် သည် တပ်မတော် (ရေတပ်)တွင် နှစ်ပေါင်း ၂၃ နှစ်မျှ စစ်မှုထမ်းခဲ့သည့် ကာလတစ်လျှောက်၌ မြန်မာပြည်ကမ်းရိုးတန်းတစ်လျှောက် နတ်မြစ်ဝမှ မော်တင်စွန်းကိုဖြတ်၍ ဤ၀ိတိုရိယ အငူအထိ ရှိသမျှ ဆိပ်ကမ်းမြို့များတွင် ထားဝယ်မှအပ ရောက်ခဲ့ဖူးပါသည်။ မြစ်ဝကျွန်းပေါ်ဆိုလျှင်လည်း မြန်မာပြည် မြေပုံ တွင် မြစ်ဝကျွန်းပေါ်၏ ၀ဲဘက်အကျဆုံးသော မြစ်ဖြစ်သည့် င၀န်မြစ်မှ ယာဘက်သို့ ရေတွက်သော် သက်ကယ် သောင်၊ ရွေး၊ ပြန်မလော့၊ တောင်ထု၊ ဧရာဝတီ၊ ကဒုံကနိ၊ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ စသည့် မြစ် များမှ ချောင်းလက်တက်ငယ်ထိ ရောက်ဖူးသည်။ ထားဝယ်မြို့တွင်းသို့ တစ်ခေါက်မျှ မ၀င်ခဲ့ဘူး။ ထားဝယ် သို့ တစ်ခေါက်မျှ မရောက်ခဲ့ဖူးပါ။ ယခုမှ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။ သို့သော် ကံတရားများ ဆန်းကြယ်ချင်ပြန်တော့ ကျွန်တော်သည် မြစ်ဝကျွန်းပေါ်သူတစ်ဦးဦးနှင့်မညားဘဲ ထားဝယ်သူနှင့် အကြောင်းပါမိတော့သတည်း။

"စပရိုက်" ယဉ်ကျေးမှုနှင့်တွေ့ဆုံခြင်း

ထားဝယ်ရောက်သည်နေ့တွင် သင်္ကြန်အကြိုရေနှင့် စိုကြရသည်။ အမှန်တော့ ပြက္ခဒိန်အရ အကြိုရက် မဟုတ်သေးပါ။ သို့သော် ထားဝယ်ထုံးဓလေ့အရ အကြိုရက်ကို သုံးရက်ဟု သတ်မှတ်ထားခြင်းကြောင့် ကလေး များ ရေကစားကြပေပြီ။

ကျွန်တော့်ဇနီး မှ ထားဝယ်သူသာဆိုရသည်။ ထားဝယ်တွင် တာရှည်စွာ နေဖူးသည်မဟုတ်။ ထားဝယ်တွင် မွေး၍ ကလေးငယ်အရွယ်တွင်သာ နေခဲ့ကာ ရှမ်းပြည်တွင် ကြီးပြင်းခဲ့သူဖြစ်၏။ သို့ကြောင့် သူ ထားဝယ် စကား ပြောလျှင် ထားဝယ်သူများက ပြုံးစစနဲ့ နားထောင်ကြသည်။ ကျွန်တော် ဂံသား (ပုဂံသား-ဗမာ) ကမှ အတန်ပီသသေးသည်ဟု ထင်မိသည်။ သို့ကြောင့် ဤဆောင်းပါးတွင် ထားဝယ်လေသံများနှင့် အစွမ်းကုန် မွမ်းမံထားသည်ကို သည်းခံဖတ်ရှုကြပါရန် တောင်းပန်ပါသည်။

ကျွန်တော်တို့သည် မြင်းလှည်းတစ်စီးငှားကာ တည်းခိုမည့် နေအိမ်ဖြစ်သော ဇနီး၏ ဦးလေးအိမ်သို့ ထွက် လာခဲ့ကြသည်။ တည်းအိမ်မှာ ဆင်မနစ် (ဆင်ပုနစ်) (ရှေးက နွံထူထပ်ဟန် တူခြင်းကြောင့် ဆင်ပုလေးပင် နစ်သည်) ရပ်ကွက်သို့ လာခဲ့ာကသည်။ ခရီးကမဝေးသော်လည်း မြင်းလှည်းခက မသေးပါ။ ၂၅ ကျပ် တောင်း၏။ ၂၀ ကျပ် တောင်းပန်ပေးရ၏။ ဆင်မနစ်ရပ်ကွက်မှာ အုခါးကီး (အုတ်တံတားကြီး)ကို ကျော်ဖြတ် ၍ (အိုးလုပ်ပြင်)ကို ဖြတ်ကာ အိုးကို အတော်လိုက်ရှာရသည်။ သွားရသည်။

တည်းအိမ်သို့ ရောက်သည်တွင် အိမ်ရှင် ဦးသန်းမောင်၊ ဒေါ်ထွန်းကြည်တို့က အမောဖြေ စပရိုက် တစ်ပုလင်း ဖောက်တိုက်သည်။ စပရိုက် (Sprite) ဆိုသည်မှာ လင်မနစ်နှယ်ပါတည်း။ ရှမ်းကမ်း (ယိုးဒယားဘက်) မှ ၀င်လာသည်။ ဂျပန်ဆာကေးပုလင်းကြီးနှယ် ကြီးမားလှသည့် ပုလင်းကြီး များနှင့် လာ၏။ ကိုကာကိုလာ ပုလင်းလည်း ထိုနည်းတူ။ ကောင်းလှပါ၏။ လူမှာ လန်းဆန်းသွားသည်။ စပရိုက် ယဉ်ကျေးမှု သည် အိမ်များ ပေါ်တွင် နေရာယူထားသလို ဟွန်ဒါယဉ်ကျေးမှုသည်လည်း လမ်းများပေါ်တွင် နေရာ ယူထားကြသည်။ အဖွားကြီးရော ကောင်မလေးတွေပါ ဟွန်ဒါ။ ခေတ်မီသူတိုင်း ဟွန်ဒါစီးကြသည်။

ညနေဘက်တွင် ကျွန်တော်သည် မြို့တွင်း တစ်ပတ်လျှောက်ကာ အပေါင်းအသင်းရောင်းရင်းတို့ကို လိုက် ရှာ၏။ ပလကမှ တိုင်းလက်ထောက်အင်ဂျင်နီယာ ဦးသုခမှာ ကျွန်တော်နှင့် အလွန်ရင်းနှီးသောမိတ် ဆွေ၊ တိုင်းစက်မှု မှ ဗိုလ်ကြီးသန်းမြင့်မှာ ရွှေဘိုသားတစ်ပိုင်း၊ တိုင်းကုန်သွယ်ရေးဦးစီး ဦးတင်စိန်မှာ မိတ်ဆွေ ရှေ့နေ မောင်သံဒိုင် (စာရေးဆရာ)ကို အကြောင်းပြု၍ သိရသူများဖြစ်ကြ၏။ စစ်မှုထမ်းဟောင်း များ အဖွဲ့တွင် ကျွန်တော်တွေ့လိုသည့် မိတ်ဟောင်းများ တွေ့လိုတွေ့ငြား သွားရှာကြည့်သည်။

အနည်းဆုံး အားဖြင့် မြို့နယ် စစ်မှုထမ်းဟောင်းစာရင်းကို ကြည့်ရလျှင်ပင် သိရပေမည်။ သို့သော် တာဝန် ရှိသူ တစ်ဦးကိုမျှ မတွေ့ရ။ အတွင်းရေးမှူးမှာမူ စားသောက်ဆိုင်၌ ရှိတတ်ပါသည်ဆိုခြင်းကြောင့် သွား ရှာကြည့်သည်။ သိသူကျွမ်းသူတစ်ဦးမျှ မပေါ်လာ။ စားသောက်ဖွယ်ရာများရေးထားသည့် သင်ပုန်းကို လေ့လာရာ ၌ ဘီးငန်းကြော် (ဘဲငန်းကြော်) ၅ ကျပ်၊ တုပ်တုပ်ကြော် (တောက်တောက်ကြော်) ၅ ကျပ်ဟု တွေ့ရသည်။ တစ်စုံတစ်ဦးက ရှမ်းဟန်းရှိ (ယိုးဒယားဟင်းချို) လှမ်းမှာသံ ကြားလိုက်ရသည်။

ညဈေးတန်းဘက် လျှောက်ထွက်ခဲ့သည်။ ကျွန်တော် ရှာသည်မှာ စာအုပ်ဆိုင်။ တွေ့ပါပြီ။ "တနင်္သာရီ စာပေ"။ တနင်္သာရီစာပေ ဟူသည်မှာ လမ်းဘေး ဓာတ်မီးတိုင်အောက်တွင် ပလတ်စတစ်ခင်းကာ စာအုပ်အဟောင်း လေးငါးဆယ်ခန့် ဖြန့်ချရင်း မပေါ်လာသည့်ဝယ်သူကို မျှော်နေရှာသည့် လူငယ် တစ်ဦးဖြစ် သည်။ သူက ၀န်ထမ်းတစ်ဦး၊ အပိုဝင်ငွေ အတွက် ညနေပိုင်းတွင် သူဝါသနာပါသည့် စာအုပ်ဟောင်း များကို ၀ယ်/ရောင်း လုပ်နေသူဖြစ်သည်။ ကျွန်တော်က ထားဝယ်တွင် ၀ယ်မည့်သူ မရှိသော အင်္ဂလိပ်စာအုပ် အာသာစီကလပ်၏ သိပ္ပံစာအုပ်တစ်အုပ်ကို မ၀ယ်ချင်ဘဲ ၀ယ်လိုက်ခြင်းအားဖြင့် သူ့ကို အားပေးခဲ့သည်။

ဈေးလမ်းမကြီးပေါ်တွင် ခမ်းနားထည်ဝါသော "ပဒေသာတီးဟောက်စ်" ဟူသည်မှာ မကြာသေးမီကမှ ဖွင့်၏။ မွမ်းမံပြင်ဆင်မှုနှင့် စားပွဲကုလားထိုင်အားလုံးမှာ ရှမ်းကမ်းကချည်းဖြစ်သည်။ စတိန်းလက် စတီးခွက်၊ ဖိုင်ဘာပန်းကန်၊ ပလတ်စတစ်ပန်းကန်ပြား၊ ပေသီးဖျော်ရည်။ ပေသီးဟူသည်မှာလည်း ရှမ်းကမ်း က သံပုံးကြီးများနှင့်လာသည်။ ထန်းသီးဆံမာမာ စားရသည့်နှယ်။ ပေသီးနှင့်မတည့်သော ကျွန်တော် သည် လမ်းတစ်ဘက်ရှိ ဆိုင်ဘက်သို့ ကူးခဲ့ရသည်။ စားဖျော်မှဖွင့်ထားသည့် ယမကာဆိုင်တွင် သင်္ကြန် ကို ကြိုနေ ကြသည့် ဒ၀ယ်သား (ထားဝယ်သား)များ စကားပြောသံ မိုးသို့ညံသည်။ သိကြားမင်းသည် ဤနှစ်တွင် "ဟွန်ဒါ"ကိုစီးလျက် လက်တစ်ဖက်ကား "ကိုလာကိုလာ"ပုလင်းကို ကိုင်ကာ လပ်ဘတ် (Love Bug) သီချင်းကိုဆိုကာ ကလျက် မောင်းမကန်ကမ်းခြေသို့ ဆင်းအံ့ဟု ထားဝယ် သင်္ကြန်စာ က ဆို၏။

မောင်းမကန်ကမ်းခြေ

မူလက နာမည်ကြီးသော်လည်း လမ်းပန်းအဆက်အသွယ် မကောင်းမှုကြောင့် ငပလီကမ်းခြေနောက် ဒုတိယ နေရာ ကို ယူထားရသည့် သနားစရာ့ ကမ်းခြေဖြစ်သည်။ ယခုမူ မကြာမတင်က ဆောက်လုပ် ပြီးစီး သွားသည့် မြောကင်းတံတားကြောင့် အဆက်အသွယ်လွယ်ကူကာ လူစည်ကားစ ပြုလာ ပြီ ဖြစ်သည်။ ထားဝယ်မြို့မှ ဆယ်မိုင်ကွာဝေးသည်။ တောင်တက်တောင်ဆင်း လမ်းဖြစ်သော်လည်း လမ်း ကောင်းသည်။ မိုးထိတောင်ကိုကျော်၍ ဆင်းသည်၌ ကမ်းခြေသို့ ရောက်၏။ မိတ်ဆွေ ဦးသုခ၏ ကူညီမှု အားဖြင့် ဂျစ်ကားတစ်စီးနှင့် ပထမရက် မြို့တစ်လျှောက် လှည့်ကြည့်ကြသည်။ တစ်ပြည်လုံးတွင် ရေ ရှားပါး သည် နှင့် အညီ ရေပက်ခြင်းတော့ သိပ်မရှိပေ။ သို့တိုင် ထားဝယ်မှာ အိမ်တိုင်းလိုပင် ကိုယ်ပိုင် ရေတွင်း ရှိလျက် သောက်ရေသုံးရေ ကောင်းစွာ လုံလောက်သည်။ ဒီကြားကပင် လက်တွန်း ရေစည်လှည်း များ ကြိုးကြားထွက်လာစ ပြုနေပေပြီ။

ထားဝယ်သင်္ကြန်တွင် ကျွန်တော် မျှော်လင့်ထားသည်မှာ ထားဝယ်သင်္ကြန်သံချပ်များ၊ ဟောက်ဝယ်သားက နို့ကိုကေ့ နို့က နို့ကိုကေ့ (ဟိုကောင်မလေးက တို့ကိုကြည့် တို့က တို့ကိုကြည့်) စသည့် ရိုးရာသံချပ်များကို လားလား မျှ မကြားခဲ့ရပါ။ ထားဝယ်သင်္ကြန် သည် ရေလည်းမစို၊ ထားဝယ်သံချပ်လည်း မလွှမ်းမိုး၊ တစ်မြို့လုံး လွှမ်းနေသည်မှာ ရေခံကားထက် တပ်ထားသည့် အသံချဲ့စက်များမှ လဖ်ဘတ် (Love Bug) သီချင်းသံ သာ ဖြစ်သည်။ တောရောမြို့ပါ လဖ်ဘတ်၊ ဆင်ဆိ (ဆင်ဆိပ်)ကဲ့သို့ မြို့စွန်မြို့ဖျား မြစ်ကမ်းနား နေရာများ၌ပင် မိန်းကလေးများ လဖ်ဘတ် လဖ်ဘတ်ဟု မပီမသအော်ကာ ကနေကြသည်။ အဘယ် ကြောင့် ဤသီချင်းသည် ဤမျှ ပျံ့နှံ့ရပါသနည်းဟု စုံစမ်းကြည့်ရာ၌ မကြာသေးမီက ထားဝယ်မြို့ သို့ မိုးကြိုးငှက်ငယ်လေးများအဖွဲ့ (ဇာဇာရတနာတို့တစ်သိုက်)က ယဉ်ကျေးမှု အမွေဖြန့်ဝေ သွားခဲ့ခြင်း ကြောင့် ဟု သိရသည်။ သူတို့အဖွဲ့သည် အတော်ခြေသွက်၏။

မောင်းမကန်ကမ်းခြေ မှာ သင်္ကြန်ရက် လူစည်ကားလှသည်။ မြို့ခံများသာမက ရန်ကုန်မှ ပုဂ္ဂိုလ်ကြီး အချို့ ပင် ရောက်ရှိနေကြသည်ကြောင့် ဘန်ဂလိုများမှာ လူပြည့်နေသည်။ စာရေးဆရာမ မလေးလုံတို့မိသားစု ရောက် ရှိနေကြသည်ဟု သတင်းကြားရသည်။ ကျွန်တော်နှင့် လူချင်းမသိကြသောကြောင့် မတွေ့မိခဲ့ပါ။ " မိတ်ဆက်" ဘန်ဂလို ကို ဗဟိုပြုလျက် ကမ်းခြေလျှောက်ကြည့်သည်။ ပင်လယ်ရှုခင်းသာယာပါ၏။ သို့သော် ကမ်းခြေတွင် ပင်လယ်ကဗွီး (ထင်းရှူးတစ်မျိုး)ပင် တစ်ခုနှစ်ခုလွဲလျက် အရိပ်အာဝါသ နည်း လှသည်။ ငပလီ ကမ်းခြေမှ ပင်လယ်ကဗွီးအပြင် နေပြောက်မထိုးသည့် ပုန်းညက်ပင်ကြီးများ၊ တယိမ်းယိမ်း လှုပ်ရှားသည့် အုန်းပင်များကြောင့် အရိပ်အာဝါသ ကောင်းလှသည်။

သစ်တောဌာနမှ ဦးဆောင်ကာ အရိပ်ပင်များ လုံလောက်စွာ စိုက်ပျိုးပေးသင့်သည်။ ယခုမူ စားသောက် ဆိုင် အများအပြားမှာ သောင်ပြင်နေပူကျဲကျဲ၌ ဖြစ်ကတတ်ဆန်း တဲထိုးမိုးကာ ရောင်းနေကြသည်မျာ မီးဘေး ဒုက္ခသည် စခန်း နှင့် တူနေတော့သည်။
ကျွန်တော်သည် လူစုစုရှိရာ တစ်နေရာတွင် ၀င်ကြည့်မိသည်။ လူငယ်တစ်ဦးက ပလတ်စတစ်ပုံးတွင်းမှ ၀ါကျင့်ကျင့် အရည် ကို ဖလ်ခွက်ငယ်တစ်ခုတွင် ငှဲ့ရင်း " လာ လာ ကမ်းခြေမှာ ၀မ်းကေနဲ့ အပန်းဖြေသွား ပါ" ဟု ခေါ်နေသည်။ သြော် ကိုယ်တော်ချောများက တစ်ကျပ်နှင့် အလုပ်ဖြစ်နေကြမှကိုး "ကျွန်တော် လည်း ၀မ်းကေ ဘိုး စမ်းမြည်းကြည့်သည်။ ခွီး … သောက်ကျိုးနဲ အ၀င်ဆိုးလှသည့် ၀မ်းကေ ပါတကား။ မီးဝေး ဆိုပြီး (အမလေးဆိုပြီး) ဘူးအော်ပလန် (မတတ်နိုင်ဘူးအော်ကာ) လာခဲ့သည်။ ၀မ်းကေနှင့်ပင် နွမ်းခွေ သွား တော့သည်။

ကမ်းခြေတွင် လူတွေက မူးကြသည်။ ကမ်းခြေမှ အပြန်လမ်းတွင် ကားတွေက ပျက်ကြသည်။ မောင်းမကန် ရွာအနီး မှ ရေပူတွင်းသို့ ခေတ္တ၀င်ကာရေပူစမ်း၌ ချိုးကြည့်သေးသည်။ တကယ်ပူသည့် ရေပူစမ်း ပါပေ။ အင်းလေးခေါင်တိုင် က ရေပူစမ်းမှာ ဆင်းစိမ်ချိုး၍ရသည်။ မောင်းမကန်ရေပူစမ်းမှာ ဆင်းစိမ် ရန် မဆိုထားနှင့်၊ ခွက်နှင့် ခပ်လောင်းသည်ပင် အသားများ နီစပ်လာသည်။ ခပ်ရန်ခွက် မပါ လာသော ကျွန်တော့်အား ရေဖြူပါတီယူနစ်မှ ပုဂ္ဂိုလ်တစ်ဦးက ရေပူဒါနပြုကာ လောင်းပေးလိုက်သည်။

သင်္ကြန်ကားတို့တွင် စိတ်ကူးတည့်ရာ ပေးထားသည့် အမည်များအနက် အမည်တစ်ခုမှာ ကျွန်တော်ဖတ်၍ မည်သို့မျှ သဘောမပေါက်ဖြစ်နေသည်။ ကြည့်ပါဦးတော့ "နန်းနို့ ဂျွတ်-နို့ဒေါက်ခ"တဲ့၊ ကျွန်တော် လက်လျှော့ ရပါပြီ၊ဘာသာပြန် မတတ်တော့ပါ။ ထားဝယ်သူ ဇနီးကို မေးကြည့်တော့မှ အဓိပ္ပာယ်ရှင်းတော့ သည်။ "နင်တို့ကြောင့် ဒို့ဒုက္ခ"တဲ့။ ယောက်ျားလေးများက မိန်းခလေးများကို ရည်ညွှန်းဆိုခြင်းဖြစ်သည်။ ကောင်းလှပါပေသည်။

နီနီရှိန် မုဟန်းခါး

ထားဝယ် အစားအသောက်များအနက် ကျွန်တော် အစွဲမက်ဆုံးမှာ မုဟန်းခါး (မုန့်ဟင်းခါး)ဖြစ်သည်။ ယနေ့ ရန်ကုန်တွင် ကောင်းလှပါသည်ဆိုသော မုန့်ဟင်းခါးမှာ မုန့်ဟင်းခါးမဟုတ်တော့။ ငါးမှာ ပါသည် ဆိုရုံမျှ လောက်ပင် နာမည်ပျက်ရုံမျှပါတော့ကာ ဟင်းရည်ပျစ်စေရန်အတွက် ပဲမှုန့် ဆန်မှုန့်နှင့် ဘဲဥ တို့ ကိုသာ ပုံအောထည့်နေသည်။ ငံပြာရည်ကလည်း အနံ့အသက်မကောင်း၊ မလေး မချို ပေါ့ပျက်ပျက် နှင့်။

ထားဝယ်မှ မုဟန်းခါး မှာ လတ်ဆတ်သော ပင်လယ်ငါးချည်းသက်သက်ဖြစ်၏။ ငံပြာရည်ကလည်း ကောင်း၏။ ဘဲဥပုပ်က ၀င်မရှုပ်၊ ထားဝယ်ဈေး၏ အရှေ့မြောက်ထောင့်အပေါက်မှ ၀င်သည်နှင့်တပြိုင်နက် ၀ဲ ဘက် တွင် ထားဝယ်မုန့်ဟင်းခါးဆိုင် တစ်ဆိုင်တွေ့ရသည်။ ဈေးတွင် လက်ဖက်ရည်ဆိုင်နှင့် ကပ်လျက်ရှိ ၏။ မုန့်ဟင်းခါးသည် ထားဝယ်သား (ကောင်မလေး) မှာ သေးသေးသွယ်သွယ် ဖြူဖြူနှင့် တောက်ပသော မျက်လုံး တစ်စုံ ကို ပိုင်ဆိုင်သူဖြစ်သည်။

ဆိုင်အမည် ရေးမထား။ ဆိုင်နောက်နံရံတွင် ရုပ်ရှင်ပိုစတာများ ကပ်ထားသည်။ " နောင်ဂျိန်လင်မယား" ပိုစတာ မှာ ထင်ရှားလှသည်။ သူ့မုန့်ဟင်းခါးကို စတင်စားမိသည့်နေ့မှ အစပြုကာ အခြားဆိုင် မစား လိုတော့။ သူ့ဆီသာလျှင် နံနက်တိုင်းဝင်ကာ နှစ်ပွဲ စားသည်။ ကျွန်တော်လာတိုင်း နတ်ခီဒူးဝ (မနေ့ခင်းတုန်းက) အတိုင်း ဟေ့ ဟု ဆိုကာမျှနှင့် ကျွန်တော့်အကြိုက် သူပြင်ပေးသည်။ ထားဝယ်မှ ပလန်သည့်နေ့ (ပြန်သည့်နေ့)ထိ နတ်ခီဒူးဝ ဖော်မြူလာအရသာလျှင် စားသောက်ခဲ့သည်။

နန့်နို့ဂျွတ်-နို့ဒေါက်ခ

ထားဝယ်မှ မြိတ်သို့ ခရီးဆက်ရန်ဖြစ်သည်။ အကောက်ခွန်မှ မိတ်ဆွေတစ်ဦး အားကိုး နှင့် လေယာဉ် လက်မှတ် ကြိုးစား ကြည့်သည်။ ရက်သာညောင်းသည်၊ လေယာဉ်ခရီးသည်စာရင်း၌ ကျွန်တော့် အမည် ပါမလာ ပါ။ သို့ကြောင့် မြိတ်မသွားရသည့်အတူမော်လမြိုင်သွား။ မော်လမြိုင်တွင် ရဲဘော်ချမ်းအေး၊ တက္ကသိုလ် ဘုန်းနိုင် တို့ထံ ၀င်နှောက်ပြီးမှ ရန်ကုန်သို့ မီးရထားနှင့်ပြန်ရန် စီစဉ်သည်။ မော်လမြိုင် လေယာဉ် လက်မှတ်ကိုမူ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါသည်။

နံနက်စောစောထကာ လေယာဉ်ကွင်းရောက်ခဲ့သည်။ တက္ကစီပေါ်မှ ဆင်းသည်နှင့်တပြိုင်နက် "ဘယ်လိုလဲ ဦးဘသော်၊ ဘီအေစီ က ကော်ဖီဖျော့ဖျော့လေးတစ်ခွက်မှ မတိုက်တော့ပါလား" ဟု အင်္ဂလိပ် စကား ပြောဟန် လေယူလေသိမ်းနှင့် ဆီးနှုတ်ဆက်သူမှာ ကျိုဒိုသတင်းဌာန နိုင်ငံခြားသတင်းထောက် ဦးစံဝင်း ဖြစ်တော့ သည်။ သူသည် သင်္ကြန်တွင်း မောင်းမကန်တွင် လာရောက်အပန်းဖြေရာမှ ယခု မြိတ် သို့ သွားမည့် ခရီးသည် ဖြစ်သည်။ မြိတ်သွားမည့် တွင် -အော်တာတစ်စီးသည် ကွင်းစပ်၌ ရပ်ထား၏။ သူ့ခရီးစဉ် မဟုတ်သေး၊ သူက ဒုတိယခေါက်မှာဖြစ်သည်။ တွင်-အော်တာ သည် ထားဝယ်-မြိတ် အသွား အပြန် တစ်နေ့ လေးငါးခေါက် ပျံသန်းပေးနေရသည်။ သို့တိုင် လူတွေက တစ်နေ့တစ်ပုံကြီး သောင်တင် ကျန်ရစ် ခဲ့ သည်။

သူက ကျွန်တော့်အား မြိတ်သို့ လိုက်ခဲ့ရန်ခေါ်သည်။ ကျွန်တော်ကလည်း လိုက်ချင်သည်။ သို့သော် လေယာဉ် လက်မှတ် က မလွယ်ပါ။ ဒါကို သူက သိလျက်နှင့် မြှောက်ပေးနေသေးသည်။
ကျွန်တော် က စိတ်အချဉ်ပေါက်နေသည်နှင့် သူနားလည်စေရန် အင်္ဂလိပ်စကားကို မြန်မာဟန်နှင့် ပြန်ပြော လိုက်သည်။
" I'd rather pull a tigert's tail "
" ကျားမြီး ပဲ ဆွဲပါရစေတော့ခင်ဗျာ " (ဘာသာပြန်)

ဒီတော့မှ သူသဘောပေါက်သည်။ ကျွန်တော်တို့သည် လေယာဉ်ကွင်း၏ တဲကုပ်ကုပ်တွင်း၌ ထိုင်ကာ ထွေရာ လေးပါး ပြောနေကြသည်။ မြိတ်လေယာဉ် ဒုတိယအခေါက်၌ ဆဖာရီဝတ်စုံကို အကျ ၀တ်ဆင်ထား သည့် ကျွန်ုပ်တို့၏ နိုင်ငံခြားသတင်းထောက်ကြီးသည် ပင့်တက်စ်ကင်မရာကို အခန့်သား လွယ်ကာ မြိတ်သို့ ပါသွားတော့သည်။ ကျွန်တော်ကမူ ဇွဲကောင်းကောင်းနှင့် မော်လမြိုင် လေယာဉ် စောင့်ဆဲ။ ၀ယ်ယူရရှိထား သည့် လေယာဉ်လက်မှတ်ကို မကြာခဏစမ်းကြည့်ရသည်မှာလည်း အမော တကော။

ဆယ်နာရီ ထိုးပြီ၊ ၀မ်းကဟာပြီ၊ လေယာဉ်ကမလာသေး၊ လာမည့်လာတော့ သတင်းကြေညာချက်၊ ပြည်သူ့ ဆက်ဆံရေး အသံချဲ့စက်မှ လာသည်တော့မဟုတ်ပါ။ လေယာဉ်ကွင်းအမှုထမ်းတစ်ဦးက ပါးစပ် နှင့် လိုက်အော်ခြင်းသာ။" မော်လမြိုင်ခရီးစဉ် ဖျက်သိမ်းပါတယ်ခင်ဗျား"။ ဟိုက်မွတ်ကရော … ။

မြိတ်လေယာဉ်က ဥဒဟို ပျံ နေသည်။ လက်မှတ်က ၀ယ်မရ၊ မော်လမြိုင်လေယာဉ်လက်မှတ်ကမူ အလွယ် တကူ ၀ယ်ရခဲ့၍ ပျော်နေမိသည်။ ယခုတော့ " ခရီးစဉ်ဖျက်သည်" တဲ့။ ကျွန်တော်တို့သည် ထားဝယ် မြို့တွင်း သို့လည်း တစ်ကျော့ ထပ်မပြန်လိုကြတော့။ သို့ကြောင့် " ဒီလိုဆိုဗျာ ရန်ကုန်လေယာဉ် လက်မှတ် ကော ရနိုင်မလား ရန်ကုန်ပဲ ပြန်တော့မယ်ဗျာ" ဟု မေးမြန်းစုံစမ်းကြည့်သည်။ " ဒါတော့ စောင့် ကြည့်ပါ။ နေရာပိုလျှင် ရပါမည်။ နံနက်လေယာဉ်တုန်းက သုံးနေရာပင် ပိုနေသည်" ဟု သိရ၍ ဇွဲကောင်း ကောင်း နှင့် လေယာဉ်ကွင်း ၌ပင် ဆက်စောင့်နေတော့သည်။

ယခုတစ်ခေါက် မြိတ်မှ ပြန်ဆိုက်လာသည် တွင်-အော်တာနှင့်အတူ ရေတပ်ဗိုလ်မှူးတစ်ဦး ပါလာသည်။ ဇာဒက်ကြီး ကျွန်း ရေတပ်စခန်းမှူး ဗိုလ်မှူးဖိုးဖြူ ဖြစ်သည်။ သူကလည်း ရန်ကုန်ဆက်စီးရန်အတွက် ထားဝယ် တွင် ဂျက်-ဖော်ကာ လာစောင့်ရခြင်းဖြစ်သည်။ ကျွန်တော် တပ်တွင်းရှိစဉ်က အရာရှိငယ်တစ်ဦး ဖြစ်သည်။ ယခု ဇာဒက်ကြီး ကျွန်း ရေတပ်စခန်းမှူး။
" လာ … စီအို ထမင်းသွားစားကြရအောင် "
သူလည်း ၀မ်းဟာလာသူ ဖြစ်ခြင်းကြောင့် လေယာဉ်ကွင်းရှိ ဆိုင်၌ပင်စားကြသည်။ ကြက်သားဟင်း၊ ငါးဆုပ်ဟင်း၊ ကြက်သားမှာ ထုံပေပေ နှင့် ကွယ်လွန်သူ ကြက်ကြီးမှာ အသက်ကြီးလှပြီ ဖြစ်တန်တူသည်။ ဗိုလ်မှူး ဖိုးဖြူ တို့ကို အသက်ငယ်သော သွားများပင် မ၀ါးနိုင်၊ ကျွန်တော်ကမူ "ဒီလောက်အသက်ကြီးတဲ့ ရင့် တဲ့ကြက်၊ သေတာပဲ ကောင်းတယ်"ဟု အငြိုးကြီးနှင့် လေတုံးလုံး ၀ါးမျိုချပစ်လိုက်မိသည်။ စားပြီး ဆက် စောင့်ကြသည်။

ညနေ လေးနာရီသာသာတွင် လာပါတော့သည်။ ဖော်ကာလေယာဉ် မဟုတ်ပါ။ ဒါဖြင့် ဂျက်များလား။ ထပ်သရီး၊ ဘယ်က ဟုတ်ရမှာလဲ။ ကြေညာချက် " ရန်ကုန်ခရီးစဉ် ဖျက်သိမ်းပါတယ်။ လေယာဉ်စက်ချွတ် ယွင်း လို့ မလာနိုင်ပါ" တဲ့။ ဗိုလ်မှူးဖိုးဖြူမှာ တစ်ချိန်က ရေငုပ်တပ်ဖွဲ့ အရာရှိတစ်ဦးဖြစ်သည်။ ယခု သူ့ မျက်နှာ ကို ကြည့်လိုက်သည်တွင် ရေအောက်၌ အောက်စီဂျင်ပြတ်၍ တက်လာသော ရေငုပ် သမား သဖွယ် ဖျော့လျော့ရှုံ့မဲ့ထားသည်။ ရန်ကုန်နေ သူ့ဇနီးမှာ ကျန်းမာရေးမကောင်း။ ဆေးကုသနေ ရသည်။ အသွား အပြန် အားလုံး မှ ခွင့်က ၅ ရက်သာဖြစ်သည်။ ယနေ့ ထားဝယ်တွင် သောင်တင်နေတော့ မည်။ တစ်ရက် ပုပ်ပြီ။ နက်ဖြန်ဆိုသည်မှာလည်း မသေချာ။

ထားဝယ်မှာ တည်းဖို့ ကလည်းမရှိ။ စူဠသည် ထားဝယ်ကမ်းတွင် ယက်ကန် ယက်ကန်နှင့်။
ကျွန်တော်သည် ကုန်းမြေထက်၌ အောက်စီဂျင်ပြတ်သလို ဖြစ်နေသည့် ရေငုပ်ဗိုလ်မှူးကို ခေါ်ကာ ထားဝယ် မြို့တွင်းသို့ ပြန်လာခဲ့ကြသည်။ တည်းခိုအိမ်သို့လည်း မပြန်လိုတော့၊ တည်းခို ရိပ်သာ များကလည်း လူပြည့် နေပြီ၊ နောက်ဆုံးတွင် တိုင်းကုန်သွယ်ရေးဦးစီးဖြစ်သူ ဦးတင်စိန်၏ ကူညီမှုကြောင့် ကုန်သွယ် တည်းခိုရိပ် သာ၌ နေရာရသည်။ ၀မ်းသာပါပြီ။

တည်းခိုခန်းတွင် အိပ်ရာ အိပ်ခင်းကအစ အဆင်ပြေသည်။ သောက်ရေ၊ ချိုးရေ အခန့်သင့်ဖြစ်သည်။ သို့ကြောင့် ရေချိုးမည်၊ နားမည်၊ ထမင်းစားပြီး ညဈေးတစ်ပတ် လျှောက်မည်ရွယ်ကာ အ၀တ်အစားလဲ သည်။ ရေချိုးမည်ဟန်ပြင်ခိုက် ဂျစ်ကားတစ်စီးနှင့် လူတစ်ဦးရောက်လာသည်။ စောစောက လေယာဉ် ကွင်း မှ အတူပြန်ခဲ့သူ ခရီးသည်တစ်ဦး ဖြစ်၏။ " ဆရာကြီး ရန်ကုန်လေယာဉ် စက်ပြင်ပြီး ထွက်လာပြီ။ လေယာဉ်ကွင်း ကို အမြန် ပြန်လာကြပါတဲ့၊ တယ်လီဖုန်းလာတယ်" ဟု ကသောကမျော လာ ပြောဖော် ရသည်။

ကျွန်တော်တို့ သည် လျှပ်တစ်ပြတ်အတွင်း ပြန်လည်ထုပ်ပိုးကြလျက် လက်တစ်ဖျစ်အတွင်း ကားပေါ် ခုန် တက်မိပြီး ဖြစ်ကြကာ တစ်မုဟုတ်ချင်း ကားစက်နှိုးပြီး တရကြမ်းကားမောင်းလာခဲ့ကြသည်၌ တစ်ခဏ ချင်း အတွင်း လေယာဉ်ကွင်း ပြန်ရောက်ကြသည်။ အသွားအပြန် တက္ကစီကားခ နှစ်ဆကုန်သည်ကို မူ ထည့် မတွက်ကြလျှင် ကောင်းပေမည်။ ဒါတောင် လက်မတင်သီသီလေးလိုသည်။ ထားဝယ် ဘီအေစီရုံးမှ ဦးတင်စော ကျေးဇူးကြောင့် သိုးကာ သီကာ ကပ်ပါလာသည်။ နောင်တွင်မူ အပန်းဖြေခရီးစဉ်ကို လေယာဉ် နှင့် သွားရန် စိတ်မကူးဝံ့တော့။ စိတ်မောလှသည်။

ဖော်ကာလေယာဉ်သည် ထားဝယ်ကွင်းမှ ပျံတက်သည်၌ ကျွန်တော်သည် အောက်ဘက်တွင် ကျန်ရစ် သော ကွင်းဆီ သို့ မျက်စိကစားလိုက်မိသည်။ ကျွန်တော် သွားချင်လှလျက်နှင့် လက်မှတ်ဝယ်မရ၍ မလိုက်ရသော တွင်-အော်တာလေယာဉ်သည် ကွင်းစပ်တွင် ငြိမ်ဝပ်စွာ ရပ်နားထားသည်။ ဆည်းဆာ နေ တစ်ချက် ပြတ်သည်၌ လေယာဉ်ငယ်၏ ကိုယ်ထည်သည် လက်ခနဲဖြစ်သွားကာ ကျွန်တော့် မျက်စိများကို ပြာ ခနဲဖြစ် သွားစေတော့သည်။

သောင်းပြောင်းထွေလာရယ်စရာ၊ ဇွန်၊ ၁၉၈၀
ဆက်ရန်
.

1 comment:

စံပယ်ချို said...

ဒီပိုစ့်လေးကိုဖတ်ပြီး
သူငယ်ချင်း(ထားဝယ်မ)ကိုဖုန်းပြောဖြစ်တယ်မုန့်ဟင်းခါး
စားချင်လို့ပါ
ဂျက်လဲဒီမှာထားဝယ်သူငယ်ချင်းမလေးရှိလို့အဆင်ပြေ
နေတယ်
ဒီစာကိုလဲသူ့ကိုပေးဖတ်လိုက်သေးတယ်အမရွှေစင်ရေ
ချမ်းမြေ့ပါစေ
ချစ်တဲ့ jasmine