Wednesday, September 7, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အပိုင်း (၃)

"ရိုက်ကြပါဗျာ ... ခင်ဗျားတို့ပဲ ရိုက်ကြပါ၊ ကျွန်တော့်အဖေဟာ သူ့ဘ၀မှာ ပထမဆုံး ဓာတ်ပုံရိုက်ခဲ့တဲ့ နေရာမှာပဲ မြွေကိုက်ခံခဲ့ရတယ်ဗျ" ဂျွန်ဆင်က ပြန်ပြောသည်။
"ကောင်းကင်မှာတော့ မြွေမရှိပါဘူးကွ" တစ်ယောက်က ပြန်ပြောသည်။
"မြွေအသိုက် ထက် ပိုဆိုးတာတွေ ရှိနေတယ်လေ"
သူ့စကားကြောင့် ဓာတ်ပုံရိုက်ခံမည့်သူများထဲမှ တစ်ဦးက ထွက်သွားမလိုပင် ဖြစ်သွားသည်။ ထိုစဉ်ပင် ဓာတ်ပုံဆရာ ၏အသံ ပေါ်လာသည်။

"ပြုံးပါ ခင်ဗျား၊ ပြုံးကြပါ"
ဓာတ်ပုံရိုက်ချိန်တွင် သူတို့ ပြုံးကြသော်လည်း တချို့က မချိပြုံး ဖြစ်သည်။
"ဓာတ်ပုံရိုက်အပြီးတွင် လေယာဉ်ကို မည်သည့်ဆေးအရောင် သုတ်မည်နည်းဟု တိုင်ပင်ကြသည်။ မိုက်ကယ် ကြိုက်သော အ၀ါရောင်ကိုပင် နောက်ဆုံး သုတ်ခိုင်းလိုက်သည်။ ထို့နောက် လေသူရဲများအား တင်မှူးအင်ဒရှူး က စားရိပ်သာတွင် အရက်ဖြင့် တိုက်ကျွေးဧည့်ခံကာ ပျော်ပျော်ပါးပါး ကစားကြသည်။
ကစားပွဲ အပြီးတွင် မိုက်ကယ်က အင်ဒရှူး နားရွက်နားကပ်ပြီး ပြောလိုက်သည်။

"ခင်ဗျား မော်တော်ဆိုင်ယ်ကို ဒီည ငှားနိုင်ဦးမလား"
"လေကောင်းလေသန့် သွားရှူဦးမလို့လား၊ ရပါတယ်ဗျာ၊ ကျွန်တော့်ပစ္စည်းဟာ ခင်ဗျားပစ္စည်းပါပဲ၊ ကျွန်တော် က နှုတ်ဆက်ဆုတောင်းလိုက်ပါတယ်လို့လဲ ကံထူးတဲ့ အမျိုးသမီးလေးကို ပြောလိုက်ပါဗျာ"

မိုက်ကယ်သည် စပါးကျီနောက်ဘက်ရှိ သစ်ပင်အုပ်ထဲတွင် မော်တော်ဆိုင်ကယ်ကို ရပ်ထားလိုက်သည်။ စစ်စောင် အထုပ်ကြီးကို လက်တစ်ဖက်ဖြင့် ဆွဲပြီး စပါးကျီ အ၀င်အ၀ဘက်သို့ လျှောက်သွားသည်။ စပါး ကျီထဲ သို့ လှမ်းဝင်လိုက်သည်နှင့် တစ်ပြိုင်နက် လက်ဆွဲမီးအိမ်မှ မီးရောင်က လင်းထိန်သွားသည်။ စစ်တိန် က လက်ဆွဲမီးအိမ်မီးဇာကို မြှင့်တင့်လိုက်သောကြောင့် ဖြစ်သည်။
"မင်္ဂလာပါ မွန်စီယာ"
စစ်တိန်က နှုတ်ဆက်လိုက်သည်။ သူမသည် ကောက်ရိုးထုံးအပုံပေါ်တွင် ထိုင်နေပြီး မိုက်ကယ်အား ပြုံးပြုံးကြီး ငုံ့ကြည့်နေသည်။
"မင်း ဒီမှာရောက်နှင့်နေလို့ အံ့သြသွားတယ်" မိုက်ကယ်က စစ်ထိန်လက်နှစ်ဖက်ကို လှမ်းကိုင်လိုက်ရင်း ဆက်ပြောပြန်သည်။

"မင်းက စောပြီး ရောက်နေတာကိုး"
"ဖေဖေ အိပ်ရာဝင်စောလို့ပါ"
စစ်တိန့်နှုတ်ခမ်းအစုံပေါ်သို့ မိုက်ကယ့် နှုတ်ခမ်းအစုံက ကျရောက်လာသဖြင့် စစ်တိန် ရှေ့ဆက်ပြော၍ မရ တော့ပေ။ မိုက်ကယ့်အနမ်းမိုး ရွာသွားပြီးမှသာ စစ်တိန် စကားပြော၍ရတော့သည်။
"နေ့လယ် က လေယာဉ်ပျံအသစ်တွေ မြင်လိုက်ရတယ်။ ဒါပေမယ့် မောင့်လေယာဉ်ပျံက ဘယ်ဥစ္စာဆိုတာ ခွဲလို့ မရဘူး။ အားလုံးအတူတူပဲ ဖြစ်နေတယ်၊ ဘယ်လေယာဉ်ပျံဟာ မောင့်လေယာဉ်ပျံမှန်း မသိရတာ အနေရ အခက်အဆုံးပဲ"

"နက်ဖြန်ကျယင် မောင့်လေယာဉ်ပျံဟာ အ၀ါရောင်ပြန် ဖြစ်လိမ့်မယ်၊ ဒီနေ့ညနေပိုင်းက ဆေးသုတ် လိုက်ကြ ပြီ"
"ဒါဖြင့်ယင် ကျွန်မတို့ အချက်ပြ သင်္ကေတ လုပ်ထားယင် မကောင်းဘူးလား မိုက်ကယ်"
"ကောင်းတယ်၊ ငါ့ခေါင်းပေါ်ကကျော်ပြီး အခုလို လက်ထောင်ပြလိုက်ယင် အဲဒီနေ့ညမှာ ဒီစပါးကျီထဲမှာ တွေ့မယ် ဆိုတဲ့ အချိန်းအချက်ပဲ"
"အဲဒီလို အချက်ပြပါစေလို့ပဲ ကျွန်မ နေ့တိုင်း ဆုတောင်း စောင့်မျှော်နေပါရစေရှင်၊ ကဲ လာ ... အပေါ်တက်" စင်တိန် က စောင်ကိုပုတ်ပြလိုက်ပြီး ကောက်ရိုးမွေ့ရာပြင်ပေါ်သို့ မိုက်ကယ်အား ခေါ်လိုက်သည်။

ချစ်သူနှစ်ဦးတို့ ချစ်စရာ အလှအပစကားများ မမောတမ်း မဆုံးတမ်း ပြောကြရင်း ချစ်ရည်လူးကြသည်။ အချိန် အတော် ကြာသွားသောအခါ စင်တိန်က မိုက်ကယ့်ရင်ဘတ်ကို နားရွက်နှင့် ကပ်ပြီး ရင်ခုန်သံကို နားထောင် နေသည်။ တအောင့်ကြာမှ မိုက်ကယ်က ခပ်တိုးတိုးပြောလိုက်သည်။
"စင်တိန် မင်းငါနဲ့အတူတူ အာဖရိကကို သွားလို့ ဖြစ်နိုင်မယ် မထင်ဘူး"
စင်တိန် သည် လဲလျောင်းနေရာမှ ဖြုန်းခဲနဲ ထထိုင်လိုက်သည်။ နှုတ်ခမ်းနှစ်ဖက်စေ့ပြီး မျက်နှာထား တင်းမာ ခက်ထန်သွားသည်။ မျက်လုံးအစုံတွင် ဒေါသရောင် ဝေ့တက်လာသည်။

"လူတွေက ဘယ်လိုပြောကြလိမ့်မလဲလို့ ဆိုချင်တာပါ၊ ငါ့ရဲ့ မိန်းမ မဟုတ်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ အတူတူ ခရီးသွားယင် ငါ့ရဲ့ဂုဏ်သိက္ခာ ဘယ်လိုဖြစ်သွားမယ်ဆိုတာ စဉ်းစားစမ်းပါဦး"
စင်တိန် က မိုက်ကယ်အား ဆက်ပြီး စိုက်ကြည့်နေသည်။ သို့သော် သူမမျက်နှာထားကလျော့သွားပြီး ပြုံး မယောင်ယောင် ဖြစ်လာသည်။
"အဲဒီတော့ အဖြေရှာရမယ်၊ အဲ ... စဉ်းစားထားတဲ့ အဖြေတစ်ခုတော့ ရှိတယ်။ ငါကမင်းကို လက်ထပ်လိုက် မယ် ဆိုယင်ပေါ့လေ၊ ကဲ ဘယ်လိုလဲ"
စင်တိန် က မိုက်ကယ့်ရင်ဘတ်ကို သူမနားရွက်ဖြင့် ကပ်လိုက်ပြန်ပြီးမှ ပြောလိုက်သည်။

"မောင့်ရဲ့ဂုဏ်သိက္ခာ မညှိုးနွမ်းရအောင်ပဲဆိုပါတော့"
"မင်းက ငါ့ကို လက်ထပ်ပါ့မယ်လို့ အဖြေမပေးသေးဘူးနော်"
"လက်ထပ် ပါမယ်တဲ့ရှင် အဖြေပေးပါတယ်၊ အခါတစ်သန်း အဖြေပေးပါတယ်၊ ကဲ ... ကျေနပ်ပြီလား"
ထို့နောက်တွင် မူ စင်တိန်က လက်တွေ့ကျသော မေးခွန်းကို မေးလိုက်သည်။
"ဘယ်တော့လက်ထပ်မှာလဲ မိုက်ကယ်"
"ဖြစ်နိုင်သမျှ အမြန်ဆုံးပေါ့၊ မင်းမိသားစုကိုတော့ ငါ့တွေ့ပြီးပြီ၊ နက်ဖြန်ကျယင် ငါ့မိသားစုကိုတွေ့ဖို့ မင်းကို ခေါ်သွားမယ်"

"ရှင့်မိသားစု ... ဟုတ်လား၊ သူတို့က အာဖရိကမှာပဲ"
"အားလုံးက အဲဒီမှာ မဟုတ်ဘူး၊  အများစုက ဒီမှာ၊ အများစုဆိုတာက အရေအတွက်ကို ဆိုလိုတာ မဟုတ်ဘူး၊ အရေးကြီးဆုံး အစိတ်အပိုင်းကိုဆိုတာ"
"ကျွန်မ တော့ နားမလည်တော့ဘူး"
"မင်းနားလည်အောင် မောင်ပြောပြမယ်၊ ကဲ နားထောင် ..."
 
----------------------------------------------------------
မိုက်ကယ် က စိတ်ကူးထားသည့် အစီအစဉ်ကို အင်ဒရူးအားပြောပြလိုက်သည်။
" အေး မင်းကို ဖမ်းမိသွားရင်တော့ မင်းရဲ့ မဟာအကြံအစည်ကြီးကို ငါ လုံးဝမသိပါဘူးလို့ ငြင်းရမှာပဲ၊ အဲ နောက်ပြီး မင်းကို စစ်ခုံရုံးတင်ရင် ငါကိုယ်တိုင် တရားသူကြီးလုပ်မယ်၊ ပြီးတော့ မင်းကိုပစ်သတ်မယ့် လက်ဖြောင့် တပ်ဖွဲ့ကို ငါကိုယ်တိုင် အမိန့်ပေးကွပ်ကဲမယ် "  အင်ဒရူးက သတိပေးလိုက်သည်။
မိုက်ကယ် သည် လေယာဉ်ကွင်းထဲသို့ ထွက်သွားပြီး အ၀ါရောင် တောက်နေသော အက်စ်အီး ၅ လေယာဉ် ပေါ်သို့ တက်လိုက်သည်။ လေယာဉ်ကို မောင်းထွက်သွားကာ သစ်ပင်တန်းများမှတစ်ဆင့် အုတ်တံတိုင်းနား အရောက် တွင် လေယာဉ်ကို ရပ်လိုက်သည်။

ထိုအချိန်တွင် စင်တိန်သည် သူမ ရပ်စောင့်နေသော အုတ်တံတိုင်းထောင့်နားမှနေ၍ သူမ ရပ်စောင့် နေသော အုတ်တံတိုင်းထောင့်နားမှနေ၍ ပြေးထွက်လာသည်။ မိမိမှာထားသည့်အတိုင်း စင်တိန်က နွေးနွေး ထွေးထွေး ၀တ်လာသည်ကို မိုက်ကယ်မြင်ရသည်။ အ၀ါရောင် သိုးမွှေးစကတ်ကို ၀တ်ထားပြီး အ၀ါရောင် ပိုးလည်စည်းကို လည်ပင်း၌စည်းထားသည်။ ဖိနပ်အရှည်ကို ၀တ်ထားပြီး ဦးထုပ်အပျော့ကို ဆောင်း ထားသည်။ နူးညံ့သော သား ရေပျော့လွယ်အိတ်တစ်လုံးကို ပခုံးတွင် လွယ်လာသည်။
မိုက်ကယ် က လေယာဉ်ပေါ်မှ ခုန်ဆင်းလိုက်ပြီး စင်တိန်ကို ပွေ့ဖက်ဆီးကြိုလိုက်သည်။

" ဒီမှာကြည့်စမ်းပါဦး၊ မောင်ကြိုက်တဲ့အ၀ါရောင်တွေ ရွေးဝတ်လာတယ်လေ"
" သိပ်လိမ္မာ တဲ့ ကလေးမပဲ၊ ကဲရော့ "
မိုက်ကယ် က သူငှားလာသော လေယာဉ်မောင်းဦးထုပ်တစ်လုံးကို စင်တိန်အား ပေးလိုက်ပြီး ခေါင်းတွင် ဆောင်းစေကာ မေးသိုင်းကြိုးကိုပါ အံဝင်ခွင်ကျစည်းပေးလိုက်သည်။
" မောင် ... ဒီမှာ ကြည့်ပါဦး၊ ကျွန်မက ချစ်စရာကောင်းပြီး ရဲဝံ့တဲ့ပုံပေါ်ရဲ့လား " စင်တိန်က ကိုယ်နေ ဟန်ထား ဖြင့် အလှပြလိုက်သည်။
" တကယ်ချော တကယ်လှပြီး တကယ်ချစ်စရာပုံ ပေါက်ပါတယ်ဗျာ "
မိုက်ကယ် က လေယာဉ်တောင်ပံပေါ်ပြန်တက်လိုက်ပြီး ထိုမှ တစ်ဆင့် လေယာဉ်မောင်းသည့် နေရာတွင် ဆင်း ထိုင်လိုက်ကာ စင်တိန်အားခေါ်လိုက်သည်။

" လာ ... တက်လာခဲ့ "
စင်တိန်က လေယာဉ်တောင်ပံပေါ်တက်လိုက်သည်။ တောင်ပံပေါ်မှတစ်ဆင့် လေယာဉ်မောင်းအခန်းထဲသို့ ဆင်းရန် တုံ့ဆိုင်းနေသည်။
" နေရာလေးက သိပ်ကျဉ်းတယ်နော် "
" မင်းကိုယ်လေးကလဲ သေးသေးလေးပဲရပါတယ်၊ ဘာလဲ မင်းကြောက်နေပြီလား "
" ဟင့်အင်း ... မကြောက်ပါဘူးနော် "
စင်တိန် က ပြောပြောဆိုဆိုနှင့် လေယာဉ်မောင်းခန်းထဲသို့ ဆင်းလိုက်ပြီး မိုက်ကယ်ပေါင်ပေါ်တွင် ထပ်ထိုင် လိုက်သည်။ ထိုင်ခုံတစ်ခုသာရှိသော လေယာဉ်မောင်းသူနေရာတွင် မိုက်ကယ်အပေါ်မှ စင်တိန်က ထပ်ပြီး ထိုင်ရခြင်း ဖြစ်သည်။ သူမ၏ စကတ်ကို ပေါင်အောက်သို့ သိုသိုသိပ်သိပ်ရှိအောင် ထိုးထည့်ရသည်။ မိုက်ကယ် က ထိုင်ခုံခါးပတ်ကို နှစ်ယောက်စလုံးပေါ်မှ ကျော်ပြီး ပတ်လိုက်သည်။
" အခု မင်းတစ်ကိုယ်လုံး ငါ့ရင်ခွင် ထဲ ငါ့ခွန်အားထဲ ရောက်နေပြီ၊ မင်းဘယ်လိုမှ ထွက်မပြေးနိုင်တော့ဘူး "

" ကျွန်မ က လဲ အဲဒီလို ဖြစ်ချင်နေတာ ကြာပါပြီရှင်ရယ် "
အားလုံး နေသားတကျဖြစ်သွားသောအခါ မိုက်ကယ်က လေယာဉ်ကို ပြေးလမ်းအတိုင်း ဦးတည် မောင်းလိုက် သည်။ လေယာဉ်ရှိ သေနတ်နှစ်လက်နှင့် ကျည်ဆန်များ ဖြုတ်ထားခဲ့သဖြင့် ပေါင် ၆၀ ခန့် လျှော့သွားသော် လည်း စင်တိန့်ခန္ဓာကိုယ်ကြောင့် အလေးချိန်က အနည်းငယ်ပိုနေသေးသည်။ ထို့ကြောင့် မိုက်ကယ်က လေ ယာဉ်ကို အရှိန်ယူပြီး ထိုးတက်လိုက်ရသည်။
ထို့နောက် စင်တိန်၏ စံအိမ်တော် အပေါ်ဘက်မှ နေပြီး တစ်ပတ်ဝဲကာပျံသန်းသည်။ စင်တိန်အဖို့ ကြည်နူး ပျော်ရွှင် နေသည်။ သူမ တစ်သက်လုံးနေလာခဲ့သော အိမ်နှင့် ပတ်ဝန်းကျင်ကို အပေါ်စီး ကောင်းကင် မြင်ကွင်း မှ နေ၍ လှမ်းမြင်နေရသည်။ သူမ၏ မြင်းကြီး နာဂီက တောင်ကုန်းထိပ်သို့ ကဆုန်ပေါက် နေသည်ကိုလည်းကောင်း၊ အထိန်းတော်ကြီး အန်ဟင်းရွက်ခင်းထဲ၌ အလုပ်များနေသည်ကိုလည်းကောင်း အပေါ် မှ လှမ်းမြင်ရသည်။

မိုက်ကယ်သည် လေယာဉ်ကို ဘာတင်ဝယ်ရှိ ပင်မလေတပ်စခန်းသို့ ဦးတည်ပျံသန်းလာသည်။
" ဒီမှာ စင်တိန် မောင်ပြောတာ နားထောင်စမ်း၊ လေယာဉ်ပျံကွင်းကို ဆင်းပြီဆိုယင် မင်းခေါင်းကို ငုံ့ထားနော်၊ ပြီး တော့ ငါအချက်ပေးလိုက်တာနဲ့ တစ်ပြိုင်နက် လေယာဉ်ပေါ်က ခုန်ဆင်းပြီး သစ်ပင်အုပ် တွေဆီ ပြေးပေတော့၊ မင်းလက်ယာဘက်မှာ အုတ်တံတိုင်းတစ်ခုတွေ့လိမ့်မယ်၊ အဲဒီအုတ်တံတိုင်းအတိုင်း မီတာ ၃၀၀ လောက်သွား ရင် လမ်းတွေ့မယ်၊ အဲ့ဒီလမ်းကနေ စောင့်နေ ဟုတ်လား "
မိုက်ကယ်က ဘာတင်ဝယ် လေယာဉ်ကွင်းကို လှမ်းကြည့်လိုက်ရာ လေယာဉ်ရုံများရှေ့တွင် ရပ်ထားသော လေယာဉ် ခြောက်စင်းခန့် နှင့် လေယာဉ်ပြင်နေသူ၊ သွားလာနေသူ တစ်ဦးနှစ်ဦးကို တွေ့ရသည်။ မိုက်ကယ် က အချက်ပေးလိုက်ရာ စင်တိန်က ခေါင်းငုံ့ပြီး ၀င်လိုက်သည်။ မိုက်ကယ်သည် ပြေးလမ်း အဆုံးဘက် တွင်စပြီး လေယာဉ်ကို ဆင်းလိုက်ကာ သစ်တောအစပ်ရောက်အောင် ဘီးလှိမ့်သွားပြီး ဘရိတ် ကို တုံ့ခနဲ ရပ်အောင် ဖမ်း လိုက်သည်။

" ဆင်းပြီး ပြေးပေတော့ "
စင်တိန်က လေယာဉ်ပေါ်မှ ပေါ့ပါးသွက်လက်စွာ ခုန်ဆင်းလိုက်သည်။ သားရေအိတ်ကို လက်တစ်ဖက်ဖြင့် ပိုက်ပြီး လက်တစ်ဖက်ဖြင့် စကတ်ကိုမကာ လူမမြင်အောင် လေယာဉ်ကိုယ်လုံးဖြင့် အကာအကွယ်ယူပြီး သစ်ပင်အုပ် များဆီသို့ တစ်ဟုန်ထိုး ပြေးတော့သည်။
မိုက်ကယ် က သူ့လေယာဉ်ကို လေယာဉ်ရုံများရှေ့သို့ ဆက်မောင်းလာပြီး ရပ်လိုက်သည်။ မိုက်ကယ် လေယာဉ် ပေါ်မှ ခုန်ဆင်းပြီး မြေပြင်ရောက်ချိန်တွင် စက်ပြင်ဆရာ တပ်ကြပ်ကြီးတစ်ဦးရောက်လာပြီး စာအုပ် တစ်အုပ် ကို ထိုးပေးကာပြောသည်။

" စာအုပ်မှာ လက်မှတ်ထိုးပါဗိုလ်ကြီး "
" ဘာစာအုပ် ဘာလက်မှတ်လဲကွ "
" အစီအစဉ်သစ်ပါဗိုလ်ကြီး၊ လေယာဉ်အ၀င်အထွက် အားလုံးကို မှတ်တမ်းစာအုပ်မှာသွင်းပြီး လက်မှတ်ထိုး ရ ပါတယ်"
" ကြိုးနီ စနစ်ပဲကွ၊ စာရွက်မပါရင် ဘာမှလုပ်လို့ မဖြစ်ကြတော့ဘူးလားဟင် "
မိုက်ကယ် သည် လက်မှတ်မထိုးဘဲ မသိကျိုးကျွန်ပြုကာ တာဝန်ကျအရာရှိဆီသို့ ထွက်လာသည်။
" ဟဲလို ... မိုက်ကယ် ... ခင်ဗျားကို လာကြိုတဲ့ ယာဉ်မောင်းရောက်နေပြီ "
တာဝန်ကျ အရာရှိက လှမ်းပြောသည်။

အမှတ်(၁) လေယာဉ်ရုံ၏ အနောက်ဘက်၌ အနက်ရောင်ရိုးရွိုက်စ်ကားကြီး တစ်စီး ရပ်နေပြီး လေယာဉ် မောင်းသူ တစ်ဦးထိုင်နေသည်။ ထိုသူသည် မိုက်ကယ်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ကားပေါ်မှ ခုန်ဆင်း ပြီး အလေးပြုလိုက်သည်။ မိုက်ကယ်ထက်ပင် အရပ်ရှည်သေးသော ဇူးလူးအမျိုးသားဖြစ်သူ ယာဉ်မောင်းသမား လူငယ်သည် စစ်ဝတ်စုံ ၀တ်ထားပြီး မိုက်ကယ်ကို အားရ၀မ်းသာပြုံးပြသည်။
" ဆန်ဂိန်း ... မင်း မျက်နှာမြင်လိုက်ရတာ အိမ်ပြန်ရောက်သွားသလိုပဲကွာ " မိုက်ကယ်က ပြန်လည် အလေးပြု ရင်း အားရ၀မ်းသာ ပြောလိုက်သည်။

သူတို့နှစ်ဦးသည် ငယ်စဉ်ကစပြီး အတူတကွ ကြီးပြင်းလာကြသူများဖြစ်သည်။ ဇူးလူးမြေ တောင်ကုန်း များတွင် သူတို့၏ ခွေးများနှင့်အတူ အမဲလိုက်ခဲ့ကြသည်။ တူဂါလီမြစ်၏ စိမ်းမြအေးစက်နေသော ရေပြင်၌ အတူတကွ ရေ၇ူးခဲ့ကြသည်။ ငါးရှဥ့်အတူနိုက်ခဲ့ကြသည်။ တစ်နည်းအားဖြင့် အတူစား အတူသွားပြီး အတူကြီးပြင်း ခဲ့ကြသူ များဖြစ်သည်။
" အိမ်က ဘာသတင်းကြားသေးသလဲ ဆန်ဂိန်း၊ မင်းအဖေကော နေကောင်းရဲ့လား "
ဆန်ဂိန်း က မိုက်ကယ်အတွက် ကားတံခါး ဖွင့်ပေးနေစဉ်မှာပင် မိုက်ကယ်ကမေးလိုက်သည်။

ဆန်ဂိန်းအဖေ အမ်ဘီဂျိန်းသည် မိုက်ကယ်ဦးလေး ရှောင်ကုတ်နေ၏ ငယ်ပေါင်းကြီးဖက်ဖြစ်သလို လူယုံတော် အဖော်လည်းဖြစ်သည်။ အမ်ဘီဂျိမ်းသည် ရှောင်ကုတ်နေနှင့်အတူ နောက်မှလိုက်၍ ၀တ်ကြီး ၀တ်ငယ်ပြုကာ စစ်ပွဲများ နွှဲခဲ့သည်။ ယခုအခါ အိုမင်းမစွမ်းရှိလာသဖြင့် မိမိနေရာတွင် မိမိသားကို အစားထိုး ထားခြင်းဖြစ်သည်။
ဆန်ဂိန်း သည် မော်တော်ကားကို လေတပ်စခန်းထဲမှ မောင်းထွက်လာပြီး လမ်းမကြီးဘက်သို့ ချိုးကွေ့ လိုက် သည်။ မိုက်ကယ်က ကားနောက်ခန်းမှ ပါလာသည်။
" ဟိုရှေ့က သစ်ပင်တွေနားရောက်ရင် ကား ခဏရပ်လိုက်စမ်းပါ အမ်ဘီဂျိန်း "
ကား ရပ်လိုက်သောအခါ မိုက်ကယ်က ခုန်ဆင်းလိုက်ပြီး စိုးရိမ်စိတ်လေသံဖြင့် အော်ခေါ်လိုက်သည်။

" စင်တိန် ... စင်တိန် "
သစ်ပင်တစ်ပင် နောက်ကွယ်မှထွက်လာသော စင်တိန်ကို မြင်လိုက်ရသောအခါ မိုက်ကယ်အံ့အားသင့်ပြီး ပါးစပ် အဟောင်းသားဖြစ်သွားသည်။ စင်တိန် သားရေအိတ် ယူလာသည့် အဓိပ္ပာယ်ကိုလည်း နားလည် သွား သည်။ ရသမျှ အချိန်ကို အကျိုးရှိစွာ အသုံးချပြီး စင်တိန် အ၀တ်အစားလဲလှယ်ပြင်ဆင် လိုက်သည် ကိုလည်း အားရသွားသည်။ ယခင်က စင်တိန် မိတ်ကပ်လူးသည်ကို မိုက်ကယ် မပြောခဲ့ဖူးချေ။ ယခု မိတ်ကပ် ကို ပါးပါး ပြေပြေလေးနှင့် သင့်ရုံလူးထားပုံရ၍ ချစ်စဖွယ်ဖြစ်နေသည်။ သူမ မျက်လုံးများပင် ပိုပြီး အရောင် တောက်လာ သည်။

" မင်း ပိုချော၊ ပိုလှလာတယ် "
" မောင့်ဦးလေးက သဘောကျလိမ့်လို့ ထင်သလား "
" သူ သဘောကျမှာပါ၊ ဘယ်သူမဆို မင်းကို သဘောကျမှာပါ "
စင်တိန်သည် အင်္ကျီအ၀တ်အစား လဲလှယ်ဝတ်ဆင်ထားရုံ သာမက ဖိနပ်ရှည်နေရာတွင် လှပသော ရှူးဖိနပ် ကလေး ပြောင်းစီးထားသည်။ မိုက်ကယ်က စင်တိန်အား ကားနောက်ခန်းတွင် သူနှင့်အတူ ထိုင်စေသည်။
" ဆန်ပိန်း၊ ဟော့ဒီအမျိုးသမီးဟာ တစ်နေ့ကျ ငါ့မိန်းမဖြစ်လာမယ့်သူကွ"
မိုက်ကယ် ၏ နှုတ်ဆက်ပေးမှုကို ဆန်ဂိန်းက ခေါင်းညိတ်ပြပြီး အသိအမှတ်ပြုလိုက်သည်။

" ခင်ဗျားအတွက် သူက သားတွေ အများကြီး မွေးပေးနိုင်မှာပါ "
မိုက်ကယ်က သူ့စကားကို ဘာသာပြန်ပြလိုက်သောအခါ စင်တိန်က အားရပါးရရယ်သည်။
" သူ့ကို ကျေးဇူးတင်ကြောင်း ပြန်ပြောလိုက်ပါ မောင်ရယ်၊ ဒါပေမယ့် အနည်းဆုံး သမီးလေး တစ်ယောက် တော့ ကျွန်မ လိုချင်တယ်ဆိုတာပါ ပြောလိုက်ပါ"
မိုက်ကယ် က ပြောပြလိုက်သည်။

" အင်္ဂလိပ်ဗိုလ်ချုပ်ကြီးတွေ အားလုံးမှာ ဒီလိုမော်တော်ကားမျိုးတွေရှိတယ်လား " စင်တိန်က မေးသည်။
" ဦးလေး က ဒီကားကို အာဖရိက ကနေ သူနဲ့ အတူယူလာတာ၊ ဒီကားဟာ အဒေါ်က ဦးလေးကို လက်ဆောင် ပေးထားတဲ့ကားပါ "
" ကျွန်မလဲ တစ်နေ့ကျရင် မောင့်ကို ဒီလိုလက်ဆောင်မျိုးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် "
" ကျေးဇူးတင်လွန်းလို့ ခုကတည်းက ကြိုပြီး နမ်းထားပါရစေကွာ "
" လူ့မြင်ကွင်းမှာတော့ မရဘူးဆရာ၊ နှစ်ယောက်တည်းကျမှ သဘောရှိကလောဟိ၊ ကဲဘယ်လောက် ဝေးဝေး သွားရဦးမှာလဲ "
" ငါးမိုင်လောက်ပါပဲ၊ ဒါပေမယ့် လမ်းဆိုးတော့ ကြာတာပေါ့ "
သူတို့ကားက အာရက်စ် အေမိန်း လမ်းမကြီးအတိုင်း မောင်းလာသည်။ လမ်းတွင် စစ်ကားအမျိုးမျိုး၊ လူနာတင် ကားများနှင့် ခြေလျင်စစ်သည်များကို တွေ့ရသည်။
" ကျွန်မ ကို မောင့်ဦးလေးအကြောင်း ပြောစမ်းပါဦး "

" သူ့အကြောင်းက သိပ်ပြောစရာ မရှိပါဘူး၊ သာမန်လောက်ပါပဲ၊ ကျောင်းအုပ်ဆရာကြီးကို ခံထိုးလို့ ကျောင်း က ထုတ်ခံခဲ့ရတယ်၊ ဇူးလူးစစ်ပွဲမှာ ၀င်တိုက်ခဲ့တယ်၊ အသက် ၁၈ နှစ် မပြည့်ခင် ပထမဆုံး လူ စသတ်ခဲ့ တယ်၊ အသက် ၂၅ နှစ်မပြည့်ခင် ငွေတစ်သန်းကျော် စီးပွားရှာလို့ ရခဲ့တယ်၊ အဲဒီငွေတွေ တစ်နေ့တည်း သုံးခဲ့တယ်၊ ဆင်စွယ်ရှာသူဘ၀မှာ ဆင်အကောင်သုံးလေးရာ ပစ်သတ်ခဲ့တယ်၊ ကျားသစ် ကို လက်နက် မပါဘဲ သတ်ခဲ့တယ်၊ ဘိုဝါးစစ်ပွဲတုန်းက ဘိုဝါးဗိုလ်ချုပ်လီရောက်ကို လက်ရဖမ်းခဲ့တယ်၊ ဒီစစ်ပွဲကြီး ပြီးတော့ စီးပွားရေး လုပ်တာ သန်းချီချမ်းသာခဲ့တယ်၊ တောင်အာဖရိကပြည်ထောင်စု ပဋိညာဉ် စာချုပ် ပေါ်ပေါက်လာအောင် ကူညီ စေ့စပ် ပေးခဲ့တယ်၊ လူဝစ္စဘိုသာ အစိုးရအဖွဲ့မှာ စစ်ဝန်ကြီး ဖြစ်ခဲ့တယ်၊ ဒါပေမယ့် အခု ဒီစစ်ပွဲမှာ ၀င်တိုက်ဖို့ ၀န်ကြီး အလုပ်က ထွက်ခဲ့တယ်၊ အခုတော့ တပ်မမှူးပေါ့၊ အရပ် ခြောက်ပေကျော်မြင့်တယ်၊ လက်တစ်ဖက်ကို ပေါင် ၂၀၀ စီ မနိုင်တယ်

" မိုက်ကယ်၊ ဒီလိုလူမျိုးကို တွေ့ရမှာ ကြောက်တယ် "
" ဘာဖြစ်လို့လဲ "
" သူ့ကို ချစ်သွားမိမှာ ကြောက်တာပါ "
" မောင်လဲပဲ ကြောက်တာပဲ၊ သူက မင်းကို ချစ်သွားမိမှာ ကြောက်ရတာပေါ့၊ မဟုတ်ဘူးလား "

*
တပ်မဟာဌာနချုပ်ကို အေမိန်းမြို့ပြင်ရှိ လူမနေဘဲပစ်သွားသော ဘုရားရှိခိုးကျောင်းကြီး၌ ဖွင့်လှစ် ထားသည်။ အသက်ခပ်ငယ်ငယ် ဒုဗိုလ်တစ်ယောက်က သူတို့အား ဘုရားရှိခိုးကျောင်းအ၀င်ဝမှ ဆီးကြို နေသည်။
" ခင်ဗျားက မိုက်ကယ်ကုတ်နေဖြစ်ရမယ်၊ ကျွန်တော်က ဂျွန်စီရက်စ်ပါ၊ ဗိုလ်ချုပ်ကြီးရဲ့ ကိုယ်ရေးအရာရှိပါ "
" ကျေးဇူးပါပဲဗျာ၊ ကျွန်တော် ဦးလေး ဘယ်မှာလဲ "

" လူက ခင်ဗျားကို စောင့်နေဖို့ မှာသွားပါတယ် " ဒု ဗိုလ်လေးက မိုက်ကယ်နှင့် စင်တိန်အား ပန်းပင်များ၊ ပန်း အလှနွယ်ခက်များ ၀န်းရံထားသော သီးသန့်ပန်းခြံလေးသို့ ခေါ်သွားသည်။
ပန်းခြံထောင့်တွင် လူသုံးယောက်က ကုလားထိုင်သုံးလုံးနှင့် စားပွဲတစ်လုံးချထားသည်။ မိုက်ကယ်နှင့် စင်တိန် တို့ ထိုနေရာတွင် သွားထိုင်လိုက်သည်။ ကိုယ်ရေးအရာရှိလေးလည်း အဆောက်အအုံ အတွင်းသို့ ၀င်သွား သည်။

ပန်းခြံထဲမှ နှင်းဆီပင်များတွင် အဖူးအငုံကလေးများ ထွက်စပြုနေသည်။ စင်တိန်သည် မိုက်ကယ်အား မှီလိုက် ပြီး နှင်းဆီဖူးကလေးများကို လက်ညိုးထိုးပြကာ ပြောလိုက်သည်။
" ဟိုမှာ ကြည့်စမ်း မောင်၊ လောကကြီးတစ်ခုလုံးပြန်လည် အသက်ဝင်လာပြီ "
" လောကကြီးတစ်ခုလုံးတော့ မဟုတ်ပါဘူးကွယ်၊ စစ်သားတွေအဖို့တော့ နွေရာသီဟာ သေမင်းတမန် ကာလပါ"
" အို ... မောင် ... "
စင်တိန် သည် စကားကို ရှေ့မဆက်နိုင်တော့။ မိုက်ကယ်နောက်ကျောဘက်ရှိ မှန်တံခါးများဆီသို့ မျက်စိ ရောက်သွားသော သူမ၏ အမူအရာကြောင့် မိုက်ကယ်လည်း ထိုဘက်သို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက် သည်။

အရပ်ရှည်ရှည်၊ ရင်အုပ်ကားကား လူကြီးတစ်ယောက် ထိုတံခါးပေါက်မှနေ၍ ဆင်းလာသည်။ စင်တိန်ကို မြင် သောအခါ ထိုလူကြီးကရပ်လိုက်ပြီး စူးစိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးများက ပြာလဲ့နေသည်။
စင်တိန်သည် ထိုလူဘကီးအားကြည့်ပြီး စိတ်ထဲမှနေ၍ "မျက်လုံးတွေကတော့ မိုက်ကယ့် မျက်လုံး အတိုင်းပါပဲ လား၊ ဒါပေမယ့် ပိုပြီး ခက်ထန်ပုံရတယ် " ဟု စိတ်ထဲက ပြောလိုက်သည်။
" အန်ကယ် ရှောင် "
မိုက်ကယ် က ထိုအဘိုးကြီးကို လှမ်းခေါ်လိုက်ရင်း စင်တိန့်လက်ကို ကိုင်ထားသော သူ့လက်ကို လွှတ်လိုက် သည်။ မိုက်ကယ် က ရှေ့တိုးသွားပြီး လက်ဆွဲနှုတ်ဆက်သည်။ ထိုသူ၏ ခက်ထန်သော မျက်လုံးများက မိုက် ကယ် ဆီ ရောက်သောအခါ ပျော့ပျောင်းသွားသည်။

"လူကလေး ... " ဗိုလ်ချုပ်ကြီးက ခေါ်လိုက်သည်။
ဗိုလ်ချုပ်ကြီးသည် မိုက်ကယ်အားချစ်ကြောင်း၊ သူတို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နှစ်နှစ်ကာကာ ချစ်ကြကြောင်း စင်တိန် သဘောပေါက် နားလည်သွားသည်။ စင်တိန်က ဗိုလ်ချုပ်ကြီးအား အသေအချာ အကဲခတ် လေ့လာသည်။ သူတို့နှစ်ယောက်သည် လက်ချင်းဆုပ်ကိုင်ထားရင်း လှိုက်လှိုက်လှဲလှဲ ပြောဆို နေကြသည်။
"သူတို့နှစ်ယောက် တစ်ပုံစံတည်းပဲ၊ အသက်ကွာခြားတာပဲ ရှိတယ်၊ တူဝရီးထက် သားအဖနဲ့ တူတယ်" စင်တိန် စိတ်ထဲက ပြောနေမိသည်။
"ဒါ မင်းရဲ့အမျိုးသမီးလေးပေါ့ ဟုတ်လား" ဗိုလ်ချုပ်ကြီးက စင်တိန်ကို လှမ်းကြည့်လိုက်ပြီး ပြောသည်။

"မဒမ်မိုဆယ်စင်တိန်ဒီသိရိဆိုတာ သူပါပဲဦးလေး၊ စင်တိန် ဒါ မောင့်ဦးလေး ဗိုလ်ချုပ်ကြီး ရှောင်ကုတ်နေ လေ"
"မိုက်ကယ် က ကျွန်မကို ဦးလေးအကြောင်း အများကြီး အဲ ... သိပ်ပြီး ..."
စင်တိန် နဲ့ အင်္ဂလိပ်စကားမှာ အထစ်အငေါ့ ဖြစ်နေသည်။
"ဖလင်းမစ်စကားနဲ့ပဲ ပြောပါ" မိုက်ကယ်က ၀င်ထောက်ပေးလိုက်သည်။

တွေ့စကပင် စင်တိန်သည် ဗိုလ်ချုပ်ကြီးအား လေးစားသွားသည်။
"ကဲလာ ... နေ့လယ်စာစားကြစို့၊ တို့မှာ အချိန်သိပ်မရှိဘူး" ဗိုလ်ချုပ်ကြီးက သူတို့နှစ်ယောက်ကို စားပွဲဆီ ခေါ်သွားပြီး နေရာယူလိုက်ကြသည်။
"နောက်တစ်ကြိမ် တို့သုံးယောက်ပြန်လည် ဆုံတွေ့ကြပါစေ" ဗိုလ်ချုပ်ကြီး ဆုတောင်းပြီး ၀ိုင်အရက်ကို စသောက် သည်။ ထို့နောက် စားရင်းသောက်ရင်း အလ္လာပသလ္လာပများ ပြောကြသည်။ ဗိုလ်ချုပ်ကြီးက စင်တိန် အား အကဲခတ် ရင်း စိတ်ထဲက ကျေနပ်အားရနေသည်။

ဆက်ရန်
.

1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

တတိယပိုင်း အပြေးကလေးလာဖတ်ပါတယ်အစ်မ
ဒီဝတ္ထုလေး ညီမတော့ကြိုက်တယ်
တင်ပေးတာ ကျေးဇူးပါ