Monday, September 12, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အပိုင်း (၇)

(၁၅)

နံနက်ရောင်ခြည်ဖြာချိန်တွင် စင်တိန်သည် မြင်းကြီးနားဂီကို စီးပြီး စံအိမ်အနောက်ဘက်ရှိ တောင်ပူစာ ကလေး ပေါ်သို့ ကဆုန်စိုင်းတက်သွားသည်။ နံနက်ခင်း တိုက်ကင်းလှည့်မည့် လေယာဉ်အုပ်စုက ပျံသန်းလာရာ စင်တိန်က လက်ဝှေ့ ယမ်းပြပြီး ထုံးစံအတိုင်း နှုတ်ဆက်သည်။
မိုက်ကယ်က ဟန့်ဟုခေါ်သော အမေရိကန် လူငယ်လေး မောင်းသည့်လေယာဉ်က ထိပ်ဆုံးမှ ဦးဆောင် လာသည်။ သူက လေယာဉ်အတောင်ပံနှစ်ဖက်ကို နိမ့်ချည်မြင့်ချည်လုပ်ကာ လက်ကိုပါ ဝှေ့ယမ်းပြပြီး နှုတ်ဆက်သည်။ စင်တိန် က ရယ်မောပြီး လက်ပြန်ဝှေ့ယမ်းပြကာ နှုတ်ဆက်သည်။ သို့ရာတွင် အေးမြ သော နံနက်ခင်း၌ ပူနွေးသော မျက်ရည် များက စင်တိန်၏ ရယ်မောပြနေသော မျက်နှာပေါ်သို့ စီးကျ နေသည် ကိုမူ လေသူရဲများ မြင်နိုင်ကြမည် မဟုတ်ပေ။

တောင်ပူစာမှ ပြန်လာပြီးနောက် စင်တိန် သည် အန်အား တစ်မနက်လုံး ၀ိုင်းကူလုပ်ပေးနေသည်။ သူ့အား အကဲခတ် နေသော ဖခင်က မေးလိုက်သည်။
"နေကောင်းရဲ့လား သမီး"
"ကောင်းပါတယ် ဖေဖေ၊ ဗိုလ်ချုပ်ကြီးက ပြောသွားတယ်၊ စိတ်ဓာတ်ခိုင်ခိုင် နဲ့ ဘ၀ကို အရှုံးမပေးစတမ်း ရင်ဆိုင်ပါတဲ့၊ ကျွန်မအဲဒီအတိုင်း ရင်ဆိုင်သွားမယ် ဖေဖေ"
ထိုနေ့မွန်းလွဲပိုင်းတွင် စင်တိန်သည် မိုက်ကယ်အား မြေမြှုပ် သင်္ဂြိုဟ်ခဲ့သော မြေပုံရှိရာသို့ သွားပြီး နှင်းဆီပင် များ စိုက်ပျိုးကာ လှလှပပဖြစ်အောင် ပြုပြင်မွမ်းမံလိုက်သည်။

စင်တိန်သည် နောက်နေ့နံနက်များတွင်လည်း တောင်ပူစာကလေးပေါ်သို့ ထုံးစံအတိုင်း သွားရောက်ကာ တိုက်ကင်း လှည့်လေယာဉ်များအား နှုတ်ဆက်သည်။ တစ်မနက် အမေရိကန် လေယာဉ်မှူးဟန့်သည် စင်တိန် စောင့်နေသော တောင်ပူစာလေးပေါ်သို့ ဖြတ်ကျော်ပျံသန်းသွားပြီးမှ တစ်ပတ်လှည့်ပြီး ကွေ့ ပြန်လာသည်။ ငုံ့ကြည့်လိုက်ရာ စင်တိန် ကို မြင်သောအခါ အထုပ်တစ်ထုပ်ကို ပစ်ချပေးသွားသည်။

စင်တိန် အိမ်သို့ ပြန်လာပြီး သူမအခန်းထဲဝင်ကာ အခန်းတံခါး ပိတ်လိုက်သည်။ ထို့နောက် အထုပ်ကို ဖြေကြည့် လိုက်သောအခါ ပစ္စည်းလေးများ ထွက်လာသည်။ အနီရောင် သားရေဘူးကလေး တစ်ခုထဲတွင် လေယာဉ်မှူး တောင်ပံရင်ထိုး နှင့် တံဆိပ်ပါလာသည်။ တံဆိပ်နှင့် ဖဲပြား၏ နောက်ကျောဘက်တွင် မိုက်ကယ့် နာမည်၊ မွေးနေ့ သက္ကရာဇ်နှင့် ရာထူးအဆင့်ကို ရေးထိုးထားသည်။ ထို့နောက် စာအိတ်ထဲမှ ပစ္စည်း တစ်ခုမှာ ဓာတ်ပုံတစ်ပုံ ဖြစ်သည်။ လေယာဉ်ပျံများရှေ့တွင် လေသူရဲများတန်းစီ ရပ်နေသော ဓာတ်ပုံ ဖြစ်သည်။ လေသူရဲများထဲမှ မိုက်ကယ်ကို တွေ့လိုက်ရသောအခါ စင်တိန့်ရင်ထဲ၌ နင့်ခနဲ ခံစား လိုက်ရည်။

အနောက်ဘက် စစ်မျက်နှာတွင် မဟာမိတ်တပ်များက ရန်သူ ဂျာမန်တို့အပေါ် ထိုးစစ်သစ်ကြီးတစ်ရပ် စတင် ဆင်နွှဲ လေပြီ။ ပထမပိုင်းတွင် မဟာမိတ်တပ်များက အောင်မြင်သည်။ သို့သော် နောက်ပိုင်း၌ ဂျာမန်တို့က တန်ပြန် ထိုးစစ် ဆင်လာသောအခါ မဟာမိတ်များ အထိနာလာသည်။
စစ်၏ အနိဌာရုံများသည် စင်တိန်တို့ ကျေးလက်စံအိမ် တစ်ဝိုက်၌ လွှမ်းမိုးလာသည်။ နောက်ပိုင်း မဟာမိတ် တို့ အရေး နိမ့်လာသောအခါ တိုက်ပွဲ၌ ကျဆုံးသူများ၊ ထိခိုက်ဒဏ်ရာရသူများမှာ စင်တိန်တို့တစ်ဝိုက်ရှိ လမ်းများ၊ နေရာလွတ်များ တွင် ပြည့်ကျပ်လာသည်။ အစားအစာငတ်မွတ်နေသော ထိုစစ်သည်များကို တွေ့သော အခါ စင်တိန် ရင်ထဲ၌ မချိ အောင် ဖြစ်လာသည်။
ထို့ကြောင့် သူတို့အိမ်တွင်ရှိ တတ်သမျှ ရတတ်သမျှ အစားအစာများကို သွားရောက် ကျွေးမွေးသည်။ သူတို့ ကျွေးနိုင် သည့် အစားအစာ နှင့် လူ့အင်အားက မမျှတပေ။ စင်တိန် ရင်နာရသည်။

မဟာမိတ်များ တိုက်စစ်မှခံစစ်သို့ ပြောင်းရသည်။ ဂျာမန်တို့၏ တန်ပြန်ထိုးစစ်က ပို၍ အားကြီးသဖြင့် နောက်သို့ ဆုတ်ပေးနေရသည်။ မဟာမိတ်တို့ဘက်၌ ကျဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှု ပိုများလာသည်။ စင်တိန် သည် သွေးအလူး လူးနှင့် ဒဏ်ရာရလာသူများ၊ ခြေပြတ်လက်ပြတ်များကို တွေ့လာရသောအခါ တုန်လှုပ် ချောက်ချားလာသည်။ စိတ်ထိခိုက်လာသည်။ မိုက်ကယ်ကို ပို၍ လွမ်းလာသည်။
မဟာမိတ်တို့၏ ခံစစ်ကြောင်းက တုတ်ကျင်းများကို နောက်ဘက်သို့ ဆုတ်ကာ ရွှေ့ပြောင်းလာရသည်။
စင်တိန်သည် ဒဏ်ရာရလာသူများကို အန် နှင့် အတူသွား၍ ကူညီသည်။ ထိုသို့ သွားကူရာတွင် စစ်ဘက် ဆရာဝန် တစ်ဦးနှင့် တွေ့သည်။ စင်တိန်က မသိသော်လည်း ထိုဆရာဝန်က စင်တိန်ကို မှတ်မိနေသည်။

"အား ... မဒမ်မိုဆယ်ဒီသီရိ၊ ခင်ဗျားကို ကျွန်တော်စောစောတည်းက မှတ်မိဖို့ကောင်းတာ"
"သြော် ... ဒေါက်တာပါလား"
စင်တိန် မှတ်မိသွားသည်။ မိုက်ကယ် ပထမဆုံးလေယာဉ်ပျက်ပြီး သူမ က ကယ်တင်ကာ အိမ်သို့ ခေါ်လာ ရစဉ် က အင်ဒရူး အတင်းအကျပ်ဖြင့် မော်တော်ဆိုင်ကယ်နှင့် ခေါ်လာခဲ့သော ဆရာဝန်မှာ သူပင် ဖြစ်သည်။

"ကျွန်တော်တို့ မော့ဟုမ်းက စခန်းမှာလဲ လူနာတွေ ပြည့်ကျပ်နေပြီ၊ ပြီးတော့ အဲဒီကို အခု လူနာတွေ ခေါ် သွားဖို့ ကလဲ လမ်းတွေ ပိတ်နေပြီ"
"ဟုတ်သားပဲ၊ ဒါဖြင့် လူနာတွေ ကျွန်မတို့အိမ်ကိုသာ ခေါ်လာပါတော့ ရှင်"
သို့ဖြင့် စင်တိန်တို့အိမ်တွင် လူနာများဖြင့် ပြည့်ကျပ်သွားပြီး စစ်မြေပြင်ဆေးရုံလေးသဖွယ် ဖြစ်သွားသည်။ ဒေါက်တာ အတွက် လိုအပ်သော ဆေးပစ္စည်းများကို စင်တိန်က သူမ၏ မြင်းဖြူကြီးစီးပြီး သွားယူသည်။

စစ်ဆရာဝန် ဗိုလ်ကြီး ရောဘတ်ကလပ် က စင်တိန်အား ဗိုလ်မှူးစင်ကလဲယားထံ စာရေးပေးလိုက်သည်။ စစ်မြေပြင် ဆေးရုံသို့ ရောက်သောအခါ စင်တိန်အဖို့ ပိုမ၍ များပြားသော သေလုမျောပါးလူများကို တွေ့ရသည်။ ဗိုလ်မှူးစင်ကလဲယားထံတွင်လည်း စင်တိန်အား ပေးလိုက်စရာ ဆေးဝါးပစ္စည်း ဟူ၍ အပို မရှိတော့ပါချေ။
ရန်သူတို့၏ ထိုးစစ်က ပိုမိုပြင်းထန်လာသည်။ စင်တိန်တို့၏ ကျေးလက်စံအိမ်သည်ပင်လျှင် ပစ်မှတ်ဖြစ်လာသည်။ ရန်သူတို့ နီးကပ်လာပြီး ပစ်ခတ်မှုများက ပြင်းထန်လာသဖြင့် စင်တိန်တို့ အိမ်မှ လူနာများကို လူနာတင်ယာဉ်ဖြင့် သယ်ထုတ်ပြောင်းရွှေ့နေရသည်။

ဆရာဝန်ဘော်ဘီကလပ်သည် လူနာများကို နောက်ဆုံးကားဖြင့် တင်ပေးနေရာက စင်တိန်ကို လှမ်းမေး လိုက်သည်။ 

စင်တိန် မည်သို့မျှ မဖြေနိုင်တော့။ မီးဟုန်းဟုန်း တောက်နေသော အိမ်ကြီးထဲတွင် စင်တိန့်အဖေ မြို့စားကြီး ပါသွားချေပြီ။ ထို့အတူ သူမ၏ ဖွားဖက်တော်မြင်းကြီးလည်း မီးလောင်နေသော မြင်းဇောင်းထဲ၌ ပါသွားချေပြီ။
စင်တိန့်အဖို့ မပဒါမြေလူး ရူးမတတ်ခံစားရသည်။ ဆရာဝန်နှင့်အန်က မေ့မြောသွားသော စင်တိန်ကို ပွေ့ ခေါ်ယူ သွားရ သည်။

စင်တိန်နှင့်အန်ကို ဒေါက်တာက စပါးကျီးတစ်ခုထဲတွင် နေရာ ချထားပေးကာ ပြုစုကုသပေးသည်။ စင်တိန် ပြန် သတိရ လာသည်။
သန်းခေါင်ကျော်အချိန် တွင် စင်တိန်သည် ကျီထဲမှ ထွက်လာပြီး အပြင်ဘက် မြေကွက်လပ်ထဲရှိ ရေဘုံဘိုင် တွင် သွားကာ ကိုယ်လက်သုတ်သင်သည်။ ထို့နောက်တွင် မီးလောင်သေဆုံးသွားသော ဖခင်နှင့် အချစ်ဆုံး ဖွားဖက်တော် မြင်းဖြူကြီးတို့ကို သတိရသောအခါ ငိုမိသည်။ အတန်ကြာငိုပြီးမှ အငိုရပ်လိုက်သည်။
"တော်ပြီ ... ဒီနေ့အဖို့ ဒီလောက် တော်ပြီ၊ နက်ဖြန်မှ ဆက်ငိုတော့မယ်" စင်တိန်က သူ့ကိုယ်သူ ပြန်ပြော ရင်း အားတင်းလိုက်သည်။
"နက်ဖြန်ဆိုတာ မရေရာတဲ့ကိစ္စပါ"
အမှောင်ထု ထဲမှ ပြောသံကြားရသဖြင့် စင်တိန် အံ့အားသင့်သွားသည်။

"ဘော်ဘီလား" စင်တိန်က လှမ်းမေးလိုက်သည်။
စီးကရက်မီးရောင်ကို ရဲခနဲ မြင်လိုက်ရပြီး အမှောင်ထုထဲမှ ထွက်လာသော ဆရာဝန် ကို စင်တိန် မြင်လိုက် ရသည်။
"ခင်ဗျားက သိပ်အံ့သြစရာကောင်းတဲ့ မိန်းကလေးပဲ၊ ကျွန်တော့်မှာ ညီမခြောက်ယောက် ရှိတယ်၊ ဒါပေမယ့် ခင်ဗျား လို့ စိတ်ဓာတ်ခိုင်မာတဲ့ မိန်ကလေးမျိုး မတွေ့ဖူးသေးဘူး"
စင်တိန် က ဘာမှပြန်မပြောသေးဘဲ ငြိမ်နေသည်။ သူဖွာလိုက်သော စီးကရက်မီးရောင်ဖြင့် သူ့မျက်နှာကို အကဲခတ် လိုက်သည်။ သူ့မျက်နှာက ချောမောခန့်ညားသည်။ သူ့အသက်က မိုက်ကယ့် အသက်လောက် ပင် ရှိမည်။ ပျော့ပျောင်းညင်သာသည်။ သူ့ရုပ်သွင်ကို ယခုမှပင် အကဲခတ်မိသည်။

"ခင်ဗျား ကျွန်တော်နဲ့ စကားမပြောချင်လို့လား၊ ဒါဆိုလဲ ခင်ဗျားတစ်ယောက်တည်း အေးအေးဆေးဆေး နေပါ၊ ကျွန်တော် သွားမယ်"
"မဟုတ်ပါဘူး"
စင်တန်က ခေါင်းခါလိုက်သည်။ သို့သော် စကား ဆက်မပြောဘဲ ရပ်နေလိုက်သည်။ ဘော်ဘီက စီးကရက် ကို ဖွာရှိုက် လိုက်ပြန်သည်။ ဟိုအဝေးမှ ပစ်ခတ်သံများနှင့် ကျီထဲမှ လူနာ ညည်းညူသံများကို နှစ်ယောက် စလုံး ကြားနေရသည်။
စင်တိန် က တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်သည်။

"ရှပ် ကျွန်မတို့အိမ်ကို ပထမဆုံးရောက်လာတဲ့နေ့က တွေ့တဲ့ လေသူရဲနှစ်ယောက်ထဲက အငယ် တစ်ယောက် ကို မှတ်မိသေးလား"
"မှတ်မိတယ်၊ ဟိုမီးလောင်ခံရတဲ့သူ မဟုတ်လား၊ ဘာတဲ့ .. သူ့နာမည် အင်ဒရူး မဟုတ်လား"
"အင်းဒရူး က သူ့မိတ်ဆွေ၊ ကျွန်မပြောတဲ့လူက မိုက်ကယ်တဲ့"
"အင်း ဟုတ်ပြီ၊ ကျွန်တော် မှတ်မိပြီ၊ သူတို့ ဘာဖြစ်သွားသလဲ"

"ကျွန်မနဲ့ မိုက်ကယ်နဲ့ လက်ထပ်တော့မယ်ဆဲဆဲ သူတိုက်ပွဲမှာ ကျသွားတယ်"
စင်တိန်၏ ရင်ထဲမှ ခံစားချက်များ ပြန်ပေါ်လာသည်။ စင်တိန်က သူတို့၏ အချစ်ဇာတ်လမ်းနှင့် ဖြစ်ရပ်ဆန်း ကို ပြန်ပြောပြလိုက်သည်။ ရင်ဖွင့်ပြလိုက်သည်။
အမှောင်ထုထဲတွင် ပြောရသဖြင့် စင်တိန်အဖို့ ပြောရသည်မှာ ရဲရဲဝံ့ဝံ့ ရှိသည်။ စင်တိန်သည် သူ၏ မိသားစု အကြောင်း၊ မိုက်ကယ်အကြောင်းနှင့် လက်ထပ်ပြီးလျှင် အာဖရိကသို့ လိုက်နေရန် စီစဉ်ခဲ့ပုံတို့ကို ပြောပြ သည်။ စကားပြောပြီး သောအခါ စင်တိန်အဖို့ အားအင်ကုန်ခန်းပြီး ပင်ပန်းနွမ်းနယ်သွားသလို ဖြစ်သွား သည်။

"ခင်ဗျား သိပ်ပြီး ပင်ပန်းလွန်းနေပြီ၊ ကျွန်တော် ခင်ဗျားကို ကူညီချင်ပါတယ်" ဘော်ဘီက ရှေ့တိုးလာပြီး စင်တိန့် လက်မောင်းနှစ်ဖက်ကို ဖျစ်ညှစ်ကာ ပြောလိုက်သည်။
"ရှင် ကျွန်မ ကို ကူညီခဲ့ပြီးပြီပဲ၊ ကျေးဇူးတင်ပါတယ်"
"ကျွန်တော် ခင်ဗျားကို အိပ်လို့ ပျော်မယ့် ဆေးပေးမယ်လေ၊ ဒါမှ ခင်ဗျား အိပ်လို့ရမှာ"
"ကိစ္စ မရှိပါဘူး၊ ကျွန်မ ကောင်းသွားမှာပါ၊ နည်းနည်းအအေးမိသွားလို့ပါ၊ ကဲ ညဥ့်လဲနက်ပြီ ကျွန်မ ပြောတာတွေ နားထောင်တဲ့အတွက် ကျေးဇူးတင်ပါတယ်"
စင်တိန်က စပါးကျီထဲသို့ ပြန်လာသည်။ ထောင့်တစ်ထောင့်၌ အန် ခင်းထားသော ကောက်ရိုး မွေ့ရာ ပေါ်တွင် ပစ်လှဲ လိုက်ရာ တစ်မုဟုတ်ချင်း အိပ်ပျော်သွားသည်။ သို့သော် အရုဏ်တက် ရောင်နီလာချိန်၌ ရုတ်တရက် လန့်နိုးလာ သည်။ ချွေးသီး ချွေးပေါက်များ ထွက်ပြီး ပျို့ချင်အန်ချင်သလို ဖြစ်လာသည်။

စင်တိန်သည် အိပ်ရာမှထပြီး ဒယိမ်းဒယိုင်ဖြင့် သွားသည်။ ခဏအကြာမှာပင် မဟန်နိုင်သဖြင့် နံရံကို မှေးမီလိုက်ရာ ပျော့ပြီးခွေလဲကာ ပုံကျသွားသည်။ နံရံကို မှီတွယ်ပြီး ပြန်ထလိုက်သောအခါ ဘော်ဘီကလပ် အား သူမဘေးတွင် တွေ့ လိုက်ရသည်။ ဘော်ဘီသည် စင်တိန့်လက်ကောက်ဝတ်ကို ဆွဲကိုင်ပြီး သွေးတိုးစမ်း လိုက်သည်။
"ခင်ဗျားကို ကျွန်တော် စမ်းသပ်ကြည့်မှ ဖြစ်မယ်ထင်တယ်"
"ကိစ္စ မရှိပါဘူး၊ ကောင်းသွားမှာပါ"
ပြောလိုက်ရသော်လည်း စင်တိန်စိတ်ထဲက မလုံမလဲပဲ ဖြစ်နေသည်။ မိမိကဲ့သို့ ဒေါင်ဒေါင်မြည် ကျန်းမာ သန်စွမ်းခဲ့သူ တစ်ယောက် ယခု ဘာဖြစ်တာပါလိမ့်ဟု စိတ်ထဲက တွေးမိသည်။
သို့သော် ဘော်ဘီ သည် စင်တိန်အား လူနာတင်ယာဉ်ပေါ်သို့ ဆွဲခေါ်သွားရာ စင်တိန် ပါသွားသည်။

"ကဲ ခင်ဗျား ဒီလူနာစမ်းသပ်တဲ့ စင်ပေါ်မှာ ခဏလှဲလိုက်စမ်းဗျာ"
စင်တိန်က လှဲပေးလိုက်သည်။ ဘော်ဘီက စင်တိန့်က ဘလောက်စ်အင်္ကျီ အပေါ်ပိုင်းကိုဟပြီး နှလုံးခုန်သံ ကို နားထောင်သည်။
"ကျွန်တော် ခင်ဗျားကို အသေအချာ စစ်ဆေးမှ ဖြစ်မယ်၊ ကျွန်တော် စစ်ဆေးတုန်း ခင်ဗျားအဒေါ်ကြီးကို အနား မှာ ခေါ်ထားချင်သလား"
စင်တိန်က ခေါင်းခါလိုက်သည်။ ဘော်ဘီက ပစ္စည်းကိရိယာများဖြင့် စမ်းသပ် စစ်ဆေးသည်။ ပြီးသွားသော အခါ ပစ္စည်းကိရိယာများကို ပြန်သိမ်းချိန်တွင် စင်တိန်က သူမကိုယ်ပေါ်မှ အ၀တ်အစားများကို နေသား တကျ ဖြစ်အောင် ပြန်လည် ပြင်ဆင်ရသည်။

ဘော်ဘီ က ထူးခြားသည့်အကြည့်ဖြင့် လှမ်းကြည့်လိုက်သဖြင့် စင်တိန် ထိတ်လန့်သွားသည်။
"ဘာဖြစ်လို့လဲရှင် ..."
"စင်တိန် ခင်ဗျား ချစ်သူ က သေပြီနော်၊ ခင်ဗျား မနေ့ညက ကျွန်တော့်ကို အဲဒီအကြောင်း ပြောခဲ့တယ် မဟုတ်လား"
စင်တိန်က ခေါင်းညိတ်ပြလိုက်သည်။

"သေချာပြီလို့ ပြောဖို့ကတော့ စောသေးတယ်၊ ဒါပေမယ့် ခင်ဗျား ကိုယ်ဝန်ဆောင်နေရပြီလို့ ယူဆရတယ်၊ ကလေး အဖေ တစ်ယောက် ရှာထားဖို့တော့ လိုလိမ့်မယ် ထင်တယ်"
သူ့စကားအဆုံးတွင် စင်တိန့် လက်နှစ်ဖက်က သူမ ဗိုက်ပေါ်သို့ ရောက်သွားသည်။
"ကျွန်တော် ခင်ဗျားကို သိတာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော် ခင်ဗျားကို တကယ့်ကို ချစ် နေမိပါ တယ်၊ ကျွန်တော့်အဖို့ ... "
သူ့အသံကို စင်တိန် မကြားတော့။
"မိုက်ကယ် ... မိုက်ကယ့်ကလေး ... သူ့ရင်သွေးလေး ငါ့ဆီမှာ ရှိနေပြီ၊ ငါ့ဘ၀မှာ အားလုံး ဆုံးရှုံးသွားတာ မဟုတ်တော့ဘူး"
စင်တိန် က လေသံယဲ့ယဲ့ဖြင့် ပြောလိုက်သည်။
 
(၁၆)

စင်တိန် သည် အန်ယူလာသော အသားညှပ်မုန့်ကို အားပါးတရ စားလိုက်သည်။ ထို့နောက် စပါးကျီထဲရှိ လူနာ များအား ၀ိုင်းဝန်းကျွေးမွေးပြုစုသည်။ လူနာများထဲမှ အသည်းအသန် လူနာနှစ်ဦးမှာ ယမန်နေ့ညက သေဆုံးသွားသည်။ သူတို့ကို ဖြစ်သလိုပင် မြှပ်နှံသင်္ဂြိုဟ်လိုက်ရသည်။
တစ်နေ့နံနက်တွင် ကျန်လူနာများကို လူနာတင်ယာဉ်များဖြင့် သယ်ကာ သူတို့ ထွက်လာကြသည်။ ယနေ့ တွင် ယမန်နေ့လောက် လမ်းများပိတ်ဆို့ခြင်း မရှိပေ။ သို့ရာတွင် ရွာတစ်ရွာ အ၀င် တစ်နေရာအရောက်၌ ကားများ ပြည့်ကျပ် ပိတ်ဆို့နေသဖြင့် လူနာတင်ယာဉ်တန်းကို ရပ်လိုက်ရသည်။

ထိုစဉ်တွင် လေယာဉ်ပျံ အသံကြားသဖြင့် စင်တိန်သည် သူပါလာသော လူနာတင်ယာဉ်ပေါ်သို့တက်ကာ လက်ပြ နှုတ်ဆက်သည်။ ဤသည်ကို မြင်ရသော ရှေ့နောက်ဝဲယာမှ ဒဏ်ရာရ လူနာများက လက်ခုပ် လက်ဝါး တီးကာ ကောင်းချီး သြဘာ ပေးကြသည်။
လူနာတစ်ဦးက စင်တိန်အား "နတ်မိမယ်ကလေး" ဟု လှမ်း၍ ကင်ပွန်းတပ်လိုက်သည်။ ဤစကားလုံး ကလေး သည် လူနာတင်ယာဉ်တန်း တစ်လျှောက်လုံး ပျံ့နှံ့သွားပြီး အားလုံးက ၀ိုင်းအော်ကာ ကောင်းချီး သြဘာ ပေးကြသည်။

ထိုအချိန်တွင် စင်တိန့်ကားဘေးသို့ ဘော်ဘီကလပ် ရောက်လာပြီး စိုးရိမ်သည့် အမူအရာဖြင့် ပြော လာသည်။
"စင်တိန် သတိထားနော်၊ အလုပ်သိပ်လုပ်မနေနဲ့"
"ကျွန်မ နေကောင်းနေပါပြီ ဘော်ဘီ၊ မစိုးရိမ်တော့နဲ့နော်"
"တကယ်ပဲလား၊ ဒါဖြင့် ကျွန်တော် ပြောထားတဲ့ကိစ္စ ဘယ်လိုလဲ၊ ဘယ်တော့ အဖြေပေးမှာလဲဟင်"
"အခုတော့ နေပါဦး ဘော်ဘီ၊ နောက်မှ ပြောကြတာပေါ့၊ ဒါပေမယ့်လေ ရှင်ဟာ သိပ်ပြီး ယဉ်ကျေးသိမ်မွေ့ နူးညံ့သူ တစ်ယောက်ပါ"
"ပြီးတော့ ကျွန်တော့်မှာလဲ အသည်း ရှိပါတယ်"

"ဟုတ်ပါတယ်၊ ကျွန်မ သိပါတယ်တဲ့ရှင်၊ ရှင်ဟာလေ သိပ်ပြီး သနားကြင်နာတတ်တဲ့ လူပါ၊ ဒါပေမယ့် ကျွန်မ သားလေး ရဲ့ အဖေက မိုက်ကယ်ပါ၊ ကျွန်မ ခေါင်းထဲမှာ ဒါပဲ ရှိပါတယ်။ ကျွန်မ သားလေးအတွက် မိုက်ကယ် က လွဲပြီး အခြားအဖေတစ်ယောက် မလိုတော့ပါဘူး"
"စင်တိန် မင်း မသိတာတွေ ရှိသေးတယ်နော်၊ လူတွေက ဘယ်လို ထင်ကြမလဲ၊ ဘယ်လိုပြောကြမလဲ၊ အဖေ မရှိ တဲ့ ကလေး၊ လင်မရှိတဲ့ မိန်းမ ... သူတို့ ဘာတွေပြောကြမလဲ"
"ပြောချင်တာတွေ ပြောကြပါစေ ဘော်ဘီ၊ ကျွန်မကလေး ကျွန်မမှာ ရှိနေယင် ပြီးတာပဲ၊ သူတို့ ကြိုက်သလို ပြောနိုင်ပါ တယ်၊ ဒါပေမယ့် ကျွန်မဟာလေ မိုက်ကယ် ကုတ်နေရဲ့ ကျန်ရစ်သူ မုတ်ဆိုးမပါ"

ဘော်ဘီ နှင့် စင်တိန်တို့၏ လူနာတင်ယာဉ်တန်းသည် ညနေပိုင်း အာရက်စ်မြို့ အပြင်ရှိ စစ်မြေပြင် ဆေးရုံ သို့ ရောက် သွားသည်။ လူနာများအား ၀ိုင်းဝန်းသယ်ချပေးသည်။
စေတနာ့ဝန်ထမ်း သူနာပြုဆရာမလေးသဖွယ် ဖျတ်ဖျတတ်လတ်လတ် လုပ်ကိုင်ပေးနေသော စင်တိန်အား လူနာများ က "နတ်မိမယ်လေး ... နတ်မိမယ်လေး" ဟု ၀ိုင်းခေါ်ကြသည်။ စင်တိန်သည် လူနာများကို ၀ိုင်းဝန်း သယ်ချပြီးသော အခါ သူမ၏ လက်ဆွဲအိတ်နှင့် အန်၏ အိတ်တို့ကို ယူပြီး ယာဉ်တန်းအတိုင်း ပြန်ထွက်လာသည်။ လူနာတင် ယာဉ်များ မှာ စစ်မြေပြင်သို့ တစ်ခေါက် ပြန်သွားပြီး လူနာများကိုထပ်မံ သယ်ယူရန် အတွက် ဓာတ်ဆီ ဖြည့်နေသည်။

ဘော်ဘီကလပ်က စင်တိန်ဆီသို့ ပြေးသွားပြီး ပြောလိုက်သည်။
"ကျွန်တော် တို့ လူနာတွေ ပြန်သယ်ရဦးမယ် စင်တိန်"
"ကံကောင်းပါစေ ဘော်ဘီရယ်"
"ကျွန်တော် ခင်ဗျားကို အမြဲသတိရနေမှာပါ စင်တိန်"
စင်တိန်သည် ခြေဖျားလေးထောက်လိုက်ပြီး ဘော်ဘီ့ပါးကလေးကို နှုတ်ဆက်အနမ်းဖြင့် ဖွဖွလေး နမ်းလိုက်သည်။
"သားကလေး မွေးလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်"
ဘော်ဘီက တိုးတိုးလေး ပြောလိုက်သည်။

"ဟုတ်ပါတယ်၊ သားလေး မွေးလိမ့်မယ်လို့ ကျွန်မလဲ ယုံကြည်ထားပါတယ်"
ဘော်ဘီ နှင့် စင်တိန်တို့ လူချင်းခွဲပြီး ထွက်လာကြသည်။
"ကဲ ... တို့ ဘာဆက်လုပ်ကြမလဲ" အဘွားကြီးအန်က မေးလိုက်သည်။
"ကျွန်မတို့ ရှေ့ဆက်သွားမယ်လေ၊ ဟောဟိုမှာ ကြည့်စမ်း၊ ကြယ်ကြီးတစ်လုံးကို တွေ့သလား၊ အဲဒါ မိုက်ကယ်ရဲ့ မွေးနံကြယ်ပေါ့၊ အဲဒီကြယ်ကြီး က ဗိုလ်ချုပ်ကြီးဆီ လမ်းပြနေတယ်၊ အဲဒီအတိုင်း ကျွန်မတို့ သွားမယ်"

ဆက်ရန်
.

1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

အပိုင်း၁၂တက်လာမှ အပိုင်း၇ ဘယ်တုန်းက တင်လိုက်ပါလိမ့်လို့ ပြန်လာရှာရတယ်။
အရင်ရက်တွေက မတွေ့လိုက်ဘူး