Tuesday, September 20, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အပိုင်း (၁၅)

စင်တိန် ပြန်လည်သတိရလာသည်။ သူမ၏ မျက်လုံးအစုံကို ပိတ်ထားသော်လည်း မျက်ခွံများ အောက်မှ နေ၍ နံနက်ခင်းလင်းရောင်ခြည် ဖြာထွက်နေသည်ကိုသိနေသည်။ နေ့သစ် တစ်နေ့ကို ခက်ခဲကြမ်းတမ်းစွာ ရင်ဆိုင် ရုန်းကန်ရဦးမည်ဖြစ်၍ မျက်စိကို စုံမှိတ်မြဲမှိတ်ကာ အမှောင်ကမ္ဘာထဲ၌ပင် နှစ်မြှုပ်ထားလိုက်သည်။
နားထဲ တွင် အသံသဲ့သဲ့ကြားလာရသည်။ နံနက်ခင်း လေပြည်လေညင်း တိုက်ခတ်သံလော၊ ကျောက်ဆောင် များပေါ်တွင် ပိုးမွှားသတ္တ၀ါများ တွားသွားသံလော။ စင်တိန်ဝေခွဲ၍ မရပေ။ ထို့ကြောင့် စင်တိန် သည် သဲပြင် ပေါ်တွင်လဲလျောင်းနေရာက ခေါင်းကို အသံလာရာဘက်သို့ အားယူလိုက်ပြီး မျက်စိ အစုံ ကို အားခဲပြီးဖွင့် လိုက်သည်။

မိမိလဲကျ နေသောနေရာနှင့် ဆယ်ပေခန့်အကွာတွင် လူပုံသဏ္ဍာန် မှင်စာသေးသေးလေးတစ်ကောင် တစ်တောက်တောက် နှင့် လျှောက်နေသည်ကို တွေ့ရသည်။ မိမိ သွေးလေချောက်ချားပြီး ကိုယ့်စိတ်က ကိုယ့် ပြန်ခြောက်ကာ မရှိသည့်အရာကို အရှိထင်ပြီး မြင်နေခြင်းဖြစ်ရမည်ဟု ထင်မိသည်။ ထို့ကြောင့် မျက်တောင် ကို တဖျပ်ဖျပ် ခတ်ပြီး အသေအချာ ကြည့်လိုက်ပြန်သည်။ မြင်ကွင်းက ၀ါးသွားသော်လည်း ပထမ မြင်ရသော လူပုံသဏ္ဍာန် သတ္တ၀ါ သေးသေးလေးနောက်တွင် နောက်ထပ်အလားတူ သတ္တ၀ါလေး တစ်ကောင် ကို ထပ်တွေ့ရသည်။

စင်တိန်သည် မျက်လုံးကို လက်ဖြင့် ပွတ်သပ်လိုက်ပြီး ထထိုင်ရန် ကြိုးစားလိုက်သည်။ ထိုစဉ်မှာပင် မိမိမြင် တွေ့ နေရသော လူပုပု သေးသေးလေးနှစ်ယောက်က သူတို့အချင်းချင်း စကားပြောလိုက် မိမိကို ကြည့်လိုက် နှင့် လုပ်နေသည်ကို တွေ့ရသည်။ ထိုအရာများသည် မိမိထင်သလို နာနာဘ၀ မှင်စာ ကလေး များ မဟုတ်ဘဲ တကယ့်သက်ရှိ လူပုကလေးများ ဖြစ်နေသည်ကို တွေ့လာရသည်။
အာဖရိက မှ ပစ်ဂမီ လူပုကလေးများ အကြောင်း ငယ်ငယ်က စာထဲ၌ ဖတ်ခဲ့ရသည်ကို သတိရလာမိသည်။

စင်တိန်ဘက်နှင့် နီးသူတစ်ယောက်မှာ ရှေ့မှတွဲကျနေသော ရင်သားများကြောင့် မိန်းမဖြစ်ကြောင်း သိ လိုက် ရသည်။ အဘွားကြီးတစ်ယောက် နှင့် ပိုတူသည်။ စင်တိန်သည် လက်ကို ထောက်ပြီး ခေါင်းကိုမတင် ကာ ထို ပစ်ဂမီမကြီးကို စိုက်ကြည့်နေသည်။ သူမ၏ အသားရောင်မှာ နေရောင်အောက်တွင် ပယင်းရောင် တောက် နေသည်။ စင်တိန်အဖို့ အားအင်ကုန်းခန်းချည့်နဲ့နေသော်လည်း နှုတ်ခမ်းအစုံက အားယူပြီး ယဲ့ယဲ့ လေးပြုံးပြ လိုက်သည်။

စင်တိန်အား စိုက်ကြည့်ပြီး အကဲခတ်ကြည့်နေသော ပစ်ဂမီမကြီးကလည်း ပြန်ပြုံးပြလာသည်။ လူပု ပစ်ဂမီ မကြီး ၏ မျက်လုံးထဲတွင် ကြင်နာသော အရိပ်အယောင်များ တောက်နေသည်။ စင်တိန်က ထပြီး ပြေးဖက် လိုက်ချင်သော်လည်း အင်အားက လုံးဝမရှိပါချေ။ အဘွားကြီး၏ သွားများက ညိုနေသော်လည်း ညီညာပြီး ခိုင်မာ လှပုံရသည်။

" ရှင် ဘယ်သူလဲဟင် ..."
စင်တိန် က ဖူးရောင်ခြောက်သွေ့နေသော နှုတ်ခမ်းအစုံကို မနည်းဟပြီး လေသံတိုးတိုးလေးဖြင့် မေးလိုက် သည်။
" ရှင်တို့မှာ ရေပါသလား၊ ကျေးဇူးပြုပြီး ရေနည်းနည်းတိုက်ပါရှင် "
စင်တိန်က တောင်းပန်လိုက်သည်။

အဘွားကြီးသည် သူ့နောက်ဘက်မှ အဘိုးကြီးဆီသို့ လှည့်ပြီး စကားပြောလိုက်သံကို စင်တိန်ကြားရသည်။ သို့သော် သူတို့ စကားကို စင်တိန်နားမလည်ပေ။ အဘိုးကြီးသည် အသားအရောင်၊ အရွယ်အစားနှင့် ပုံပန်း သဏ္ဍာန်အားလုံး အဘွားကြီးနှင့် တစ်ထေရာတည်းတူသည်။ ယောက်ျားနှင့် မိန်းမသာကွာခြားသည်။
" ရေ ... ရေ ... "
စင်တိန်ထပ်ပြောလိုက်ပြီး အမူအရာနှင့်လည်း ရေသောက်သည့်သဏ္ဍာန် လုပ်ပြလိုက်သည်။ ပစ်ဂမီလူပု အဘိုးကြီးနှင့် အဘွားကြီးတို့ ခေါင်းချင်းဆိုင် တိုင်ပင်ကြသည်ကို စင်တိန်မြင်လိုက်ရသည်။
" အိုဝါ ... ဒီကလေးဟာ ရေငတ်လို့ သေလုမျောပါးဖြစ်နေပြီ "

အဘွားကြီးက အဘိုးကြီးကို ပြောလိုက်သည်။
" ဒီကောင်မလေးက သေတော့မယ့်လူပါကွာ၊ အချိန်သိပ်နှောင်းနေပြီ "
" ရေကို လူအားလုံးက ပိုင်ပါတယ် အိုဝါ၊ အသက်ရှင်နေတဲ့လူကော သေခါနီးလူကော ပိုင်ပါတယ်၊ ဒါဟာ သဲကန္တာရ ရဲ့ ပထမဆုံး စည်းမျဉ်း ဥပဒေပါ၊ ဒါကို ရှင် ကောင်းကောင်း သိပါတယ် အဖေကြီးရယ် "
ဟာနီက သူ့ခင်ပွန်းအား ဖျောင်းဖျစည်းရုံးလိုက်သည်။

" ရေကို အားလုံးကပိုင်တယ်ဆိုတာ ဟုတ်ပါတယ်၊ ဒါပေမယ့် ဒီကလေးမက တို့ " ဆန် " လူမျိုးထဲက မဟုတ်ဘူး၊ သူက တခြားလူမျိုးဆိုတော့ လူတစ်ယောက်လို့ မမှတ်ယူနိုင်ဘူး " အိုဝါက သူတို့ ဂစ်ဂမီ လူမျိုး များ၏ သဘောထားအမြင်ကို ထင်ဟပ်ရှင်းပြလိုက်သည်။

အိုဝါတို့၏ ပစ်ဂမီလူပုများသည် တောင်အာဖရီကတွင် မူလကပင်စတင်ရှိသော ပထမဆုံး တိုင်းရင်းသားလူ မျိုးများဖြစ်သည်။ ရှေးအကျဆုံး လူမျိုးများဖြစ်သည်။ အခြားသူများက အာဖရိကသို့ နောက်မှ ရောက်လာကြသူများဖြစ်သည်။ မြောက်ဘက်ဖျား လူမည်းများနောက် မှ ရောက်လာသည်။ လူဖြူများက ပင်လယ်ထဲမှ ပေါ်လာကြသည်။ သူတို့၏ ညှဉ်းပန်းနှိပ်စက်မှု၊ နိုင့်ထက်ကလူပြုမှုများကြောင့် ပစ်ဂမီလူပု ကလေး များသည် ရေရိုင်းမြေရိုင်းသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။ ဤမြေဤရေ အကြောင်းကို ကောင်း ကောင်း သိနေသော လူမျိုးများဖြစ်၍သာ ယခုအထိ မျိုးမပြုန်းသေးဘဲ ဝေးလံသီခေါင်သော နေရာများမှာ ရှင်သန်နေရခြင်းဖြစ်သည်။

" ဒီ ကောင်မလေးက တခြားလူမျိုးထဲကပါ၊ သေလဲ သေတော့မှာပါကွာ၊ တို့ဆီမှာပါတဲ့ ရေကလဲ တို့ခရီးစဉ် အတွက် လောက်ရုံပဲရှိတယ်" အဘိုးကြီးအိုဝါက မိမိလူမျိုး၏ အတိတ်သမိုင်းကို ပြန်တွေးလိုက်ပြီး နောက် ဇနီးသည်အားနှစ်သိမ့်လိုက်သည်။
အဘွားကြီးက စင်တိန်မျက်နှာကိုသာ စိုက်ကြည့်နေသည်။ ထိုအခါ အဘိုးကြီးက အဘွားကြီးကို လေပြေ ထိုးပြီး အလျှော့ပေးလိုက်သည်။
" ကဲ ... မင်းသဘောပဲကွာ "
" ရှင်ဟာ တကယ်ပညာရှိတဲ့သူပဲ၊ ဒီကလေးမလေးရဲ့ မျက်လုံးကို ကြည့်လိုက်စမ်း၊ ဘ၀ကို ရင်ဆိုင်ရဲတဲ့ အရောင် သန်းနေတယ်၊ သတ္တိရှိတာကို ပြနေတယ်၊ နောက်ဆုံး အသက်တစ်ချက်ရှူနိုင်တဲ့အထိ အားလျှော့ မယ့်သူမျိုး မဟုတ်ဘူး "

ဟာနီက အိုဝါဘက်သို့ လှည့်ပြီး ပြုံးပြကာ ပြောလိုက်သည်။
ဟာနီသည် ပခုံး၌ လွယ်ထားသော လွယ်အိတ်ကို ဖြုတ်လိုက်သည်။ သူမခင်ပွန်း၏ မနှစ်မြို့သော ညည်းတွားသံ ကို မသိကျိုးကျွန်ပြုကာ ပြောလိုက်သည်။
" သဲကန္တာရ ထဲမှာ ရေကို လူအားလုံးကပိုင်တယ်၊ ရှင်ပြောသလို ဆန်လူမျိုး ဒါမှမဟုတ် တခြားလူမျိုးဆိုပြီး ခွဲခြား လို့ မရဘူး "
ဟာနီသည် အိတ်ထဲမှနေ၍ ငှက်ကုလားဥကြီး တစ်လုံးကို ထုတ်ယူလိုက်သည်။ ထိုဥမှာ ကြီးမားလုံးဝန်းပြီး ဆင်စွယ်ရောင် တောက်နေသည်။ အခွံပတ်ပတ်လည်တွင် ငှက်ရုပ်ပုံများ ထွင်းထုထားပြီး တစ်ဘက်ထိပ်၌ သစ်သား ဘူးဆို့ တပ်ထားသည်။ ဥကြီးကို လက်နှစ်ဖက်ဖြင့်ကိုင်ပြီး အထဲတွင် ရေမည်မျှရှိမည်ကို ချိန်ဆ လိုက်သည်။ စင်တိန်ကလည်း အာသာ ငမ်းငမ်းဖြင့် ငံ့လင့်နေသည်။
" မင်းဟာ အတော်ခေါင်းမာတဲ့ မိန်းမပဲ "

အိုဝါက ဟာနီကို ပြောလိုက်သည်။ ပစ်ဂမီ လူပုများအဖို့ အစဉ်အလာအရ ဤစကားသည် အပြင်းထန် အကြမ်းတမ်း ဆုံးစကားပင်ဖြစ်သည်။ ထို့ထက်ပို၍ ပြင်းထန်သောစကား သူတို့တွင် ပြောခွင့်မရှိပေ။ အိုဝါ သည် ဟာနီကို အမိန့်မပေးနိုင်၊ မတားမြစ်နိုင်ပါချေ။ သူတို့ လူမျိုးသည် တစ်ဦးနှင့် တစ်ဦး အကြံပေး ရုံသာပေး နိုင်သည်။ အချင်းချင်း အမိန့်မပေးနိုင်။ သူတို့အထဲတွင် အကြီးအကဲဟူ၍ မရှိ၊ ဗိုလ်လုပ်သူဟူ၍ မရှိ။ ကြီးငယ် ကျားမ မရွေး အားလုံးတန်းတူရည်တူ တစ်သားတည်းဖြစ်သည်။

ဟာနီသည် ငှက်ကုလားအုပ်ဥကြီးမှအဖုံးကို ဂရုတစိုက် ဖွင့်လိုက်ပြီး စင်တိန်အနားသို့ တိုးသွားသည်။ စင်တိန် လည်ပင်း နောက်မှနေ၍ သူမ၏ လက်တစ်ဘက်ဖြင့် သိုင်းဖက်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ဥကြီး ကို မကာ စင်တိန်နှုတ်ခမ်း၌ တေ့လိုက်သည်။ စင်တိန်က ရေကို အငမ်းမရ မျိုချလိုက်ရာ သီးပြီး တလှပ်လှပ် ဖြစ်သွားသည်။ ရေတချို့က ပါးစပ်မှ ပြန်ထွက်လာပြီး မေးစေ့မှအောက်သို့ စီးကျသွားသည်။
ဟာနီ နှင့် အိုဝါ နှစ်ယောက်စလုံးက ဘ၀င်မကျသောအသံဖြင့် သက်ပြင်းမှုတ်ထုတ်ကြသည်။ ရေတစ်စက် တိုင်းသည် အသက်သွေးတမျှ တန်ဖိုးရှိလှသဖြင့် မကျေမနပ် ဖြစ်သွားရသည်။ ဟာနီက ငှက်ဥရေဘူးကို စင်တိန့် ပါးစပ်မှ ခွာလိုက်သည်။ စင်တိန်က အငမ်းမရ လိုက်တောင်းသည်။

" မင်း တကယ်ရိုင်းတာပဲ "
ဟာနီက အပြစ်တင်သည့် လေသံဖြင့် ပြောလိုက်သည်။ ထို့နောက် ရေဘူးကို သူမပါးစပ်တွင်တေ့ပြီး ပါး နှစ်ဘက်ဖောင်းလာသည်အထိ ရေကို ပါးစပ်ထဲထည့်ပြီး ငုံလိုက်သည်။ ထို့နောက် စင်တိန့် နှုတ်ခမ်းနှင့် မိမိ နှုတ်ခမ်းကိုတေ့လိုက်သည်။ သူ့နှုတ်ခမ်းမှတစ်ဆင့် စင်တိန့်နှုတ်ခမ်းထဲသို့ ရေစက် အနည်းငယ်ကို ချပေး လိုက်သည်။ စင်တိန် ထိုရေစက်များကို မျိုချပြီးသည်အထိ စောင့်ပြီးမှ နောက်ထပ် နည်းနည်းချင်းစီ ချပေး သွားသည်။ သူမပါးစပ်ထဲမှ ရေအားလုံး စင်တိန့်ဗိုက်ထဲသို့ မဖိတ်မစဉ် ၀င်သွားတော့သည်။ ခေတ္တနားပြီး ဒုတိယ အကြိမ် ရေတစ်ငုံနှင့် တတိယအကြိမ် ရေတစ်ငုံကိုထပ်ပြီး ရှေးနည်းအတိုင်း တိုက်လိုက်သည်။

"ဒီကောင်မလေး ရေသောက်တာက ဆင်ပေါက်တစ်ကောင်သောက်သလိုပဲ၊ သူသောက်ထားတဲ့ရေက ရေခန်း နေတဲ့မြစ်တောင် ရေလွှမ်းသွားနိုင်တယ် "အဘိုးကြီး အိုဝါက ပြောလိုက်သည်။
သူ့စကား မှန်ကြောင်း အဘွားကြီးဟာနီ လက်ခံသည်။ ဒီကောင်မလေး ယခုသောက်လိုက်သောရေသည် သူတို့ လူကြီးနှစ်ယောက်၏ တစ်နေ့စာခွဲတမ်းမကရှိနေသည်။ ဟာနီက ငှက်ဥ ရေဘူးကြီးကို အဖုံးပြန်ပိတ် လိုက်သည်။ စင်တိန်က လက်နှစ်ဖက်ဆန့်တန်းပြီး တောင်းနေသေးသော်လည်း ဟာနီက ရေဘူးကို အိတ်ထဲပြန်ထည့်ပြီး သိမ်းထားလိုက်သည်။

"နည်းနည်းလောက် ထပ်တိုက်ပါဦးရှင်"
စင်တိန်က တောင်းပန်သည်။ ဟာနီက မသိကျိုးကျွန်ပြုပြီး အဘိုးကြီးဘက်လှည့်ကာ စကားပြောနေသည်။ အဘွားကြီး၏ ခေါင်းတွင် ပုတီးစေ့များ ပတ်ထားသည်။ လည်ပင်းနှင့် လက်မောင်း အပေါ်ပိုင်းတွင်လည်း အလားတူ စည်းနှောင်ထားသည်။ ပခုံးတွင် အိတ်သဖွယ်လုပ်ထားသော သိုးမွေးစ ကို လွယ်ထားသည်။
စင်တိန်က လဲလျောင်းနေလျက်က အဘွားကြီးကို လှမ်းကြည့်နေသည်။ မိမိအသက်ကယ်ရေး မကယ်ရေး ကိစ္စကို သူတို့ ဆွေးနွေးနေမှန်း စင်တိန် စိတ်ထဲက အလိုအလျောက် သိနေသည်။ အဘွားကြီးက မိမိဘက်မှ ရှေ့နေလိုက် ပြောနေပုံရကြောင်း ထင်ရှားသည်။

"အဖေကြီး ရှင်ပြောတာ မှန်ပါတယ်။ ကျွန်မတို့က အခု ခရီးသွားနေတာဆိုတော့ လမ်းတောင် မလျှောက်နိုင် တဲ့ သူနဲ့၊ နောက်ပိုင်းမှာ ကျွန်မတို့ ခရီးကို အန္တရာယ်ကို ပြုလာမယ့် သူကိုတော့ ထားရစ် ခဲ့ရမှာပဲပေါ့၊ ဒါကတော့ ရှေးအစဉ်အလာပါပဲ၊ ဒါပေမယ့် ဒီနေရာကနေ ဒီနေရာရောက်တဲ့အထိ စောင့်သင့်ပါတယ်၊ ဒါဆိုယင် ဒီကောင်မလေးအား နည်းနည်းပြည့်လာမှာပါ၊ ဒီလောက် စောင့်ရုံနဲ့တော့ ကျွန်မတို့ခရီးမှာ အန္တရာယ် မရှိနိုင်ပါဘူး" အဘွားကြီး က နေကို လက်ညှိုးထိုးပြပြီး ပြောသည်။ သူပြောသော အချိန် ကာလမှာ တစ်နာရီနီးပါးခန့် ရှိမည့်အချိန် ဖြစ်သည်။
"တို့ ခရီးက ပင်ပန်းပြီးခက်ခဲကြမ်းတမ်းမယ့် ခရီးကွ၊ နောက်ထပ်သွားရမှာက တော်တော်ဝေးသေးတယ်၊ ဒီနေရာ မှာတင် ဖင်နွဲ့နေမှာကတော့ မိုက်မဲရာကျတယ်၊ နောက်ထပ် ရေရှိတဲ့ နေရာရောက်ဖို့ကလဲ ရက်အတော် လိုသေးတယ်"

အဘိုးကြီး၏ အသံနှင့် အမူအရာကို ကြည့်ပြီး စင်တိန် စိုးရိမ် ပူပန်သွားသည်။
အဘိုးကြီး ၏ ခေါင်းတွင် သရဖူလိုအရာတစ်ခု ဆောင်းထားသည်။ ပုတီးလုံးများ စီခြယ်ထားသော အ၀တ်စကို ခေါင်းတွင် ပတ်ထားပြီး သေးငယ်သော မြား ၁၄ချောင်းကို ခေါင်းစည်းအစတွင် စိုက် ထားသည်။ မြှားတံကို ကျုရိုးဖြင့် လုပ်ထားပြီး ဖင်ဘက်တွင် သိမ်းငှက်အတောင်များ တပ်ထားသည်။ မြားထိပ် တွင် ချွန်ထက်သော အဖြူရောင်ထိပ်ဖူးကို တပ်ထားပြီး မြားသွားများကို အပေါ်သို့ ထောင်ထား သည်။ ထိပ်ဖျား တွင် ညိုနေသဖြင့် အဆိပ်များ သုတ်လိမ်းထားသော ဆိပ်လူးမြားဖြစ်ရမည်ဟု စင်တိန် သိလိုက်သည်။
"စင်တိန် သည် အားယူပြီး ကိုယ်ကိုမတ်ကာ ထိုင်လိုက်သည်။

"သူ သန်မာလာနေပါပြီ"
အဘွားကြီး ဟာနီက စင်တိန်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။ သို့သော်လည်း အဘိုးကြီးက စိတ်မဝင် စားဘဲ ခရီးဆက်ရန် ထိုင်ရာမှ ထလိုက်သည်။
"တို့အဖို့ အရေးအကြီးဆုံး ခရီး ကို သွားနေရတဲ့အချိန်၊ နေ့ရက်တွေကို ဖြုန်းပစ်လို့မဖြစ်ဘူး" အဘိုးကြီးက ပြောလိုက်သည်။
အဘွားကြီး ဟာနီ၏အမူအရာ ရုတ်တရက်ပြောင်းသွားသည်။ စင်တိန်ခန္ဓာကိုယ်ကို စိုက်ကြည့်နေသည်။ စင်တိန်လည်း နေရာမှထိုင်လိုက်ချိန်တွင် စုတ်ပြတ်နေသော သလောက်စ် အင်္ကျီကြောင့် ရင်သားများပေါ် သွားသည်။ အဘွားကြီး စိုက်ကြည့်နေသည်ကို မြင်သောအခါ စင်တိန်က လုံလုံခြုံခြုံဖြစ်အောင် ဖုံးဖိလိုက် သည်။ သို့သော် အဘွားကြီးက စင်တိန်နားကပ်လာပြီး စင်တိန့်တစ်ကိုယ်လုံးကို ကိုင်တွယ်စမ်းသပ်သည်။ စင်တိန် က ရုန်းသော်လည်း မရ။ စင်တိန်ကို လဲလျောင်းစေပြီး စမ်းသပ်လိုက်သည်။

ထို့နောက် ဟာနီသည် ထိုင်နေရာမှထလိုက်ပြီး အဘိုးကြီးအိုဝါအား အောင်မြင်သောအပြုံးဖြင့် ပြုံးပြလိုက် သည်။
"ရှင် ဒီကောင်မလေးကို ချန်ထားခဲ့လို့မရတော့ဘူး၊ ဒီကောင်မလေးမှာ ကိုယ်ဝန်ရှိနေပြီ။ ကိုယ်ဝန်ရှိတဲ့ အမျိုးသမီး တစ်ယောက်ဆိုယင် ကျွန်မတို့ ဆန်လူမျိုးပဲဖြစ်ဖြစ်၊ တခြားသော လူမျိုးးပဲဖြစ်ဖြစ် သဲကန္တာရ ထဲမှာ ပစ် ထားခဲ့လို့ မရတာဟာ လူသားတွေရဲ့ အခိုင်အမာဆုံးသော ရှေးရိုးအစဉ်အလာပဲ အဖေကြီး"

အဘိုးကြီးအိုဝါ လည်း စိတ်ပျက်လက်ပျက်နှင့် ပြန်ထိုင်ချလိုက်သည်။ အဘွားကြီးက တူးဆွသော တုတ် ချောင်း တစ်ချောင်း ကိုကိုင်ပြီး ပင်လယ်ရေစပ်သို့ ဆင်းသွားသည်။ ရေလှိုင်းလေးများက ခြေမျက်စိခန့် အထိ မြုပ်သော စိုစွတ်သည့်သဲပြင်တွင် စေ့စေ့စပ်စပ် လိုက်ကြည့်ရှာဖွေသည်။ တစ်နေရာတွင် သဲထဲသို့ ချွန်ထက် သော တုတ်ချောင်းကို ထိုးစိုက်လိုက်သည်။ တုတ်ဖျားက မာကျောသောအရာဝတ္ထုကို သွားထိမှန်း သိလိုက် သည်။

အဘွားကြီးသည် အပေါ်ပြန်တက်လာပြီး အိတ်ကိုယူကာ အောက်ဘက်တုတ်စိုက်ထားရာဆီသို့ ပြန်ဆင်း သွားသည်။ တုတ်စိုက်ထားသည့်နေရာတွင် သဲများကိုယက်ပြီး ဖယ်လိုက်ရာ တုတ်အဖျားသဲထဲတွင် အရာ ဝတ္ထုတစ်ခုကိုတွေ့ပြီး ကောက်ယူကာ အိတ်ထဲသို့ထည့်လိုက်သည်။ အဘွားကြီးသည် ထိုတုတ်ဖြင့် ဆက် လက်ရှာဖွေတူးဆွပြီး အိတ်ထဲစုထည့်ကာ စင်တိန့်ဘေးနားသို့ ပြန်ရောက်လာပြီး ထိုင်ချလိုက်သည်။

အိတ်ထဲမှ အရာများကို သဲပေါ်သွန်ချလိုက်ရာ၊ ခရုများ၊ ယောက်သွားများထွက်လာသည်ကို စင်တိန်တွေ့ရ သည်။ ထိုအခါ စင်တိန်သည် သဲသောင်ပြင်ပေါ်၌ ရက်အတော်ကြာ အစာငတ်ရေငတ်ဖြစ်ပြီး ခရုကို သတိမ ရခဲ့သော မိမိ၏မိုက်မဲမှုအား ပြန်ပြီးဒေါသဖြစ်မိသည်။ အဘွားကြီးသည် အရိုးချွန်တစ်ခုဖြင့် ယောက်သွားထဲ မှ ပုလဲဖြစ်မည့် အရည်ပျစ်များ မဖိတ်မစဉ်အောင် ကိုင်ပြီး စင်တိန်အား ပေးလိုက်သည်။ စင်တိန်သည် ယောက်သွားတစ်ခြမ်းကိုလှမ်းယူပြီး အရည်ပျစ်ကို ပါးစပ်နှင့်စုပ်သောက်လိုက်သည်။ ထို့နောက် အကာသား နုနုလေးများကို လက်ဖြင့်ကော်ကာ ပါးစပ်ထဲ ထိုးသွင်းလိုက်သည်။

စင်တိန် အား အဘွားကြီး က ကမာကောင်သုံးခုကို ဆက်တိုက်ခွဲကျွေးသည်။
သို့သော် အရိုးချွန်နှင့် ခွဲရသည်မှာ ခရီးမတွင်သည့်အပြင် အထဲမှအသားများလည်း ဖိတ်စဉ်လေလွင့်နေ သည်။ ထို့ကြောင့် စင်တိန်က သူမခါးမှ မောင်းချဓားကိုဖြုတ်ယူပြီး ဓားသွားကို ဖွင့်လိုက်သည်။
အိုဝါသည် ဟာနီ၏လုပ်ရပ်များကို မနှစ်မြို့သည့်အသွင်ဖြင့် ခပ်လှမ်းလှမ်းတွင်သွားပြီး ဆောင့်ကြောင့်ထိုင် ကာ ပင်လယ်ပြင်ဘက်သို့ ငေးကြည့်နေသည်။ သို့သော် မောင်းချဓားဖွင့်လိုက်သံကို လှစ်ခနဲကြားလိုက် သောအခါ စင်တိန့်ဘက်သို့ ချာခနဲလှည့်ကြည့်လိုက်ပြီး မျက်လုံးပြူးသွားကာ စိတ်ဝင်စားလာသည်။

ဆန်လူမျိုးစု များသည် ယခုအချိန်အထိ ကျောက်ခေတ်လူသားများအဆင့်တွင်သာ ရှိသေးသည်။ သံများကို ပြုလုပ်ကိုင်တွယ်သုံးစွဲခြင်း သူတို့မရှိသေးသော်လည်း သံသတ္တုပစ္စည်းများကို အိုဝါ ယခင်က တွေ့မြင်ခဲ့ဖူး ပြီးဖြစ်သည်။ လူမည်းများနှင့်တိုက်ခိုက်ခဲ့သော စစ်တလင်းများမှ ဓားများကို သူတို့လူများရလာခဲ့ဖူးသည်။ ခရီးသွားများ၊ အခြားသူတို့၏ စခန်းများမှလည်း ထိုပစ္စည်းများကို သူတို့တိတ်တဆိတ်ရထားဖူးသည်။ တစ် ချိန်က သူတို့အထဲမှ လူတစ်ယောက်သည် ယခုကောင်မကလေးလက်ထဲမှ ပစ္စည်းမျိုးကို ရရှိပိုင်ဆိုင် ခဲ့သဖြင့် မော်ကြွားဂုဏ်တက်ခဲ့ရသည်ကို ပြန်သတိရမိသည်။
ကနုကမာကောင်များကို ခွဲစားနေသော စင်တိန့်လက်ထဲမှ မောင်းချဓားကို အိုဝါစိုက်ကြည့်နေသည်။ ထိုဓား ကို လိုချင်မက်မောစိတ်များ ဝင်လာသည်။ အိုဝါ မတ်တတ်ထလိုက်ပြီး ဟာနီအား လှမ်းပြောလိုက်သည်။

"ကဲ... တော်လောက်ပြီ၊ သွားဖို့အချိန်တန်ပြီ ဟာနီ"
"နည်းနည်းလေး စောင့်ပါဦးတော်"
"ဒီကောင်မလေး မှာ ကိုယ်ဝန်ရှိရှိ မရှိရှိ သူတို့ကို ဘယ်သူကမှ အသက်အန္တရာယ်မပြုနိုင်တော့ပါဘူးကွာ" အိုဝါ က ပြောလိုက်သည်။ သူတို့လိုအပ်သည်ထက်ပိုပြီး ကြာကြာစောင့်ပေးခဲ့ပြီးပြီ။
ထို့ကြောင့် ဟာနီသည် စင်တိန့်ဘေးတွင် ထိုင်နေရာမှ ထလိုက်ပြီး ခရီးဆက်ရန် ပခုံးပေါ်မှလွတ်အိတ်ကို ပြင်လွယ် လိုက်သည်။
သူတို့သွားတော့မည်ကို သူတို့အမူအရာကြည့်ပြီး စင်တိန်က ရိပ်မိသွားသည်။ စင်တိန့်မျက်လုံးထဲမှ စိုးရိမ် ထိတ်လန့်သော အမူအရာများကို ဟာနီ လှမ်းမြင်လိုက်ရသည်။
"ကျွန်မကို စောင့်ပါဦး"

စင်တိန် အတင်းလေးဘက်ကုန်း ထလိုက်သည်။ မိမိတစ်ယောက်တည်း စွန့်ပစ်ကျန်ရစ်ခဲ့ရမည်ကိုတွေးပြီး ကြောက်လာသည်။
အဘိုးကြီးအိုဝါသည် ညာဘက်လက်တွင် ကိုင်ထားသောလေးကင်းကို ဘယ်ဘက်သို့ပြောင်းကိုင်လိုက်ပြီး ပင်လယ်ကမ်းခြေ အတိုင်း စတင်လျှောက်လှမ်းသွားတော့သည်။ နောက်ဘက်တွင် ကျန်ရစ်ခဲ့သော အမျိုး သမီး နှစ်ယောက်ကို လှည့်၍ပင် မကြည့်တော့ပါချေ။

အဘွားကြီး ဟာနီကလည်း အိုဝါနောက်မှ ထလိုက်သွားသည်။ စင်တိန်သည် သဲပြင်ပေါ်၌ကောင်းကောင်း ထိုင်နိုင် သွားသည်။ ဟာနီက စင်တိန်အား တစ်ချက်နောက်ပြန်လှည့်ကြည့်လိုက်ပြီး အားပေးသော အပြုံးဖြင့် ပြုံးပြလိုက်သည်။ ထို့နောက် သူ့ရှေ့တူရူသို့ စိုက်စိုက်ကြည့်ကာ လျှောက်သွားတော့သည်။
စင်တိန်သည် ထိုင်ရာမှထလိုက်ပြီး သူတို့နောက်သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ ထို့နောက် ရပ်လိုက်ပြီး ရှေ့မှ ပစ်ဂမီအဘိုးကြီးနှင့် အဘွားကြီးအား အော်ပြောလိုက်သည်။
"လမ်းမှားနေပြီ၊ ရှင်တို့သွားတာ လမ်းမှားနေပြီ"

လူပုလင်မယားနှစ်ဦးသည် မြောက်ဘက်သို့ ဦးတည်သွားနေကြသည်။ ကိပ်တောင်းမြို့၊ ဝေါဗစ်ပင်လယ် ကွေ့နှင့် လူဒါရစ်ဘတ်မြို့စသော တောင်ဘက်မှ မျက်မှောက်ယဉ်ကျေးမှုလောကတစ်ခုလုံးကို ကျောခိုင်း ကာ မြောက်ဘက် သို့ သွားနေသဖြင့် စင်တိန်က အော်ဟစ်ပြောကြားလိုက်ခြင်းဖြစ်သည်။
"အဲဒီဘက်ကိုမသွားနဲ့ ပြန်လှည့်လာခဲ့ကြပါ၊ ကျွန်မကို ဒီမှာ တစ်ယောက်တည်းမထားခဲ့ပါနဲ့"
စင်တိန် အော်ပြောနေသော်လည်း ရှေ့မှ နှစ်ယောက်က အသွားမရပ်၊ သွားမြဲသွားနေကြသည်။ အကယ်၍ မိမိ ဤလူပုလေး နှစ်ယောက်နောက်သို့လိုက်လျှင် မိမိ၏မျိုးတူများကို ကျောခိုင်းလိုက်ရာရောက်သွားမည်။ သို့သော် သူတို့နောက်သို့ နှစ်လှမ်းသုံးလှမ်း လိုက်သွားပြီး အော်ပြောလိုက်ပြန်သည်။

"မသွားကြပါနဲ့ရှင်... တောင်းပန်ပါတယ်"
စင်တိန် ဘာပြောနေသည်ကို အဘွားကြီး ဟာနီ သဘောပေါက်သည်။ ဤကလေးမအဖို့် မိမိတို့ အနောက် သို့ လိုက်စရာတစ်လမ်းသာရှိတော့ကြောင်း ဟာနီ သိနေသဖြင့် နောက်ပြန်လှည့်မကြည့်တော့ဘဲ ဆက် လျှောက် သွားသည်။
"မသွားကြပါနဲ့... မသွားကြပါနဲ့"
မည်သို့ပင် အော်ဟစ်တောင်းပန်နေစေကာမူ သူတို့ကသွားမြဲ။ စင်တိန် အချိန်အတော်ကြာအောင် ချီတုံ ချတုံ ဖြစ်နေသည်။ တောင်ဘက်သို့လည်း တစ်ချက် လှည့်ကြည့်လိုက်သည်။ ဟာနီသည် ပင်လယ်ကမ်းခြေ ရေ စပ်အတိုင်း လျှောက်သွားနေရာ စင်တိန်နှင့် နှစ်ဖာလုံခန့်အဝေးသို့ ရောက်သွားချေပြီ။ နောက်ကြောင်း ပြန် လှည့်ပုံ မပေါ်တော့ပေ။

"ကျွန်မကို စောင့်ကြပါဦး... "
စင်တိန် တစ်အားကြုံးအော်လိုက်သည်။ ထို့နောက် ရေမျောသစ်ချောင်းတစ်ချောင်းကို တောင်ဝှေးအဖြစ် သုံးရန် ကုန်းကောက်လိုက်သည်။ အနည်းငယ် ပြေးလိုက်သွားပြီးနောက် မောလာသဖြင့် ဖြည်းဖြည်း မှန်မှန် ပင် ဆက်လျှောက်ပြီး သူတို့နောက်သို့လိုက်ရန် သန္နိဋ္ဌာန်ချလိုက်သည်။

ဆက်ရန်
.

1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

ခုလိုကျတော့ သနားစရာ စင်တိန်