Sunday, September 4, 2011

တင့်တယ် ၏ ကမ္မဖလ အပိုင်း (၆)

ကျွန်ုပ်၏ စိတ်ဓာတ်ကို အကြောင်းပြခိုင်လုံစေရန် အုံကျင်းဖွဲ့၍ ရေးသားနေရခြင်းအားဖြင့် ကျွန်ုပ်၏ အဖြစ်စဉ် ကား ရှည်လျားသထက် ရှည်လျားနေပေပြီ။ သို့သော် ကြိုးစင်သို့ တက်ရန် ရက်ပေါင်း အတော်ကြာ လိုသေးသော ကျွန်ုပ်အဖို့၌ တစ်နေ့တစ်နေ့တွင် ရေချိုး ထမင်းစား လမ်းလျှောက်ရင်း အခြား အလုပ်မရှိ ပျင်းရိဖွယ်အတိ ဖြစ်နေ၏။ အလုပ်ရှိလျှင် ပျင်းရိ၍ အလုပ်မရှိမှ အလုပ်ရှာ၍ လုပ်လိုသော လူ့သဘာဝ အတိုင်း သေရက်ကိုစောင့်ရင်း၊ ကြိုးတိုက်၌ အငြိမ်းစားနေရသည်တွင် ကျွန်ုပ်သည် ဤဖြစ်စဉ် မှတ်တမ်း ရေးသော အလုပ်ကို သေချာကျနစွာ လုပ်လိုပေသည်။ ဤအလုပ်ကား ဘ၀သက်တမ်းတွင် နောက်ဆုံး အလုပ်ပင် ဖြစ်လေတော့သည်။

အထက်၌ ကျွန်ုပ်ရေးသားခဲ့သည့်အတိုင်း ကျွန်ုပ်သည် ဘုန်းကြီးကျောင်းသားဘ၀ဖြင့် ဆယ်နှစ်တိုင်တိုင် နေထိုင်ခဲ့ရ၏။ သို့နေထိုင်နေစဉ်၌ ကျွန်ုပ်သည် အသက်အရွယ် တဖြည်း ဖြည်းကြီးရင့်၍ လူလားမြောက်၍ လာလေလေ ကိုယ့်အခြေ ကိုယ့်အဖြစ်စဉ် ကိုယ့်ဘ၀ကို တွေးတောဆင်ခြင်တတ်လေလေ ဖြစ်လာ၏။ ကိုယ့်အဖြစ် ကို စဉ်းစားလိုက်တိုင်းပင်လည်း သွားလေသူ ကျေးဇူးရှင်မိခင် ကံဆိုးမကြီး၏ ဆိုးရွားလှသော အဖြစ် ကို အမြဲစဉ်းစားမိ၏။ "ငါ့သား ကြီးငြ်းရင် မင်းဘိုးဘိုးဆီကိုသွားပြီး ရွှေမန်ကျည်းတောင့်တွေကို တောင်းနော် ..." ဟူသော မိခင်၏ အမှာစကားကိုလည်း အမြဲကြားယောင်မိ၏။ အထူးသဖြင့်ကား ကျွန်ုပ် မမေ့နိုင်သော အဖြစ်အပျက်ကြီးသုံးရပ်တို့မှာ စေ့စေ့တွေးလျှင် ရေးရေးမဟုတ်၊ မျက်ဝါး တပ်အပ် လက်ငင်းကြုံတွေ့ နေရဘိသကဲ့သို့ ဘွားခနဲ ပေါ်ပေါက်လာကြပေသည်။

ထိုအဖြစ်အပျက်ကြီး သုံးရပ်တို့၏ အစွဲသည် စိတ်နှလုံးဝယ် သဲသဲမဲမဲ မြဲမြဲကြီးခိုင်၍နေရာ ဘုန်းကြီး ကျောင်းသား ဘ၀ ပတ်ဝန်းကျင်ဖန်တီးမှုငါးမျိုးကို ထပ်ဆင့်ကာလောင်း၍ လာပြန် သောအခါတွင် ကျွန်ုပ် မှာ ရည်ရွယ်ချက်သုံးခုတို့ ပေါ်ပေါက်လာခဲ့ပြန်ပေတော့သည်။ ထိုရည်ရွယ်ချက်တို့သည်ကား ဘွားခနဲ ရုတ်တရက် ရေငုပ်သူပေါ်သလို ပေါ်လာသော ရည်ရွယ်ချက်တို့မဟုတ်။ ကိုယ့်ဘ၀အဖြစ်သနစ်ကို တွေးရင်း တွေးရင်း က စိတ်၌ ပဋိသန္ဓေ တည်ကာ တဖြည်းဖြည်း ရင့်မာလျက် သရုပ်သဏ္ဍာန်ပေါ်ကာ နှလုံးသားတွင် ဖွားမြင်မြောက် ၍ လာကြသော ရည်ရွယ်ချက်တို့ပင် ဖြစ်ကြ၏။

ထိုရည်ရွယ်ချက်များကို မည်သည့်အရွယ်သို့ ရောက်မှ ကျွန်ုပ် လက်ဆုပ်လက်ကိုင် အပိုင်ရရှိခဲ့သည် ဟူ၍ကား ကျွန်ုပ်ကိုယ်တိုင်ပင် တပ်အပ်သေချာမသိပေ။ (စိတ်၌ ပဋိသန္ဓေတည်သည်) ဟူသော စကားလုံး ကို ကျွန်ုပ်သုံးစွဲ ခဲ့သည့်အတိုင်း အကယ့်ပဋိသန္ဓေတည်ရာ၌ ကလလရေကြည်မှ အမြှုပ်သားတစ် ခက်မငါးဖြာ ပေါ်လာကြရသလို ကျွန်ုပ်၏ ရည်ရွယ်ချက်တို့မှာလည်း မည်သည်က အရင်ပေါ်သည်၊ မည်သည့်အချက်က နောက်မှပေါ်သည် မသိလိုက်မိ။ တဖြည်းဖြည်း တရေးရေးနှင့် အမြှေးပါးကလေးမှာ ထူသထက်ထူလာတော့ကာ အသက် ၁၆နှစ်အရွယ်သို့ တိုင်သောအခါ ၌ကား ထိုရည်ရွယ်ချက်သုံးခု တို့သည် ကျောက်စိုင်ကျောက်ခဲပမာ စွဲမြဲစွာ တည်တံ့နေကြ သည့်အဖြစ်ကို သတိပြုမိလေတော့သည်။

ပထမရည်ရွယ်ချက်မှာကား ကျွန်ုပ်၏ မိခင်သည် ကျွန်ုပ်အား အင်္ဂလိပ်စာကို သင်စေချင်၏။ သင်စေချင်ကြောင်း ကိုလည်း ငါးပေါင်းကြော် ဒယ်အိုးကလေးတစ်လုံး ကိုယ်ပိုင်ရှိလာသည့် မသေမီ ကလေး ၌ ပင် မျှော်လင့်ခြင်းကြီးစွာ ပြောဆိုရှာပေသည်။ သားကို သူနှင့်တူ လူတန်း စေ့အောင် ပစ္စည်းအား မတတ်နိုင် ၍ ပညာတည်းဟူသော ခွန်အားကို ပေးခဲ့ချင်သော ရည်ရွယ်ချက်သည် ကျွန်ုပ်၏ ကံဆိုး လှရှာ သော မိခင်ကြီး၌ ခိုင်မြဲစွာ ရှိခဲ့၏။

ထိုခေတ်အခါမှာကား အင်္ဂလိပ်စာ ဆယ်တန်းတတ်မြောက် သူတို့ မြို့အုပ်စစ်ကဲဖြစ်လျက် ဘုရားထူးခံ ကြရသော ခေတ် ဖြစ်ရာ ကျွန်ုပ်၏မိခင်သည် ကျွန်ုပ်အား ပညာကိုပေးခြင်းအား ဖြင့် ပညာ၏ တန်ခိုးနောက်မှာ လိုက်လာမည်ဖြစ်သော ရာထူးအာဏာ ဂုဏ်သိက္ခာတို့ကိုပါ မြော်မြင်၍ ရည်ရွယ်ခဲ့ခြင်း ဖြစ်ပေ၏။ ထို့ကြောင့် မိခင်၏ ရည်ရွယ်ချက်ကို တွေးလိုက်တိုင်း မိခင်၏ ရည်ရွယ်ချက်သည် ကျွန်ုပ်၏ ကိုယ်ပိုင်ရည်ရွယ်ချက်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပေသည်။ ထို့ကြောင့် ကျွန်ုပ်သည် ဆယ်နှစ်သား အရွယ် ထမင်းသိုး ဟင်းသိုး ကိုစား၍ ဘုန်းကြီးကျောင်းသားဘ၀ဖြင့် အုန်းမောင်းခေါက် ကြေးစည် ရိုက်ကာ ကုဋီကိုဆေး ကြောနေစဉ်ကပင်လျှင် "အင်္ဂလိပ်စာကို ငါသင်မယ်၊ အင်္ဂလိပ်စာကို ငါသင်မယ်၊ ခုနစ်တန်း စာမေးပွဲကို ငါဝင်ဖြေမယ်၊ ကောလားရှစ်ရအောင် ကြိုးစားမယ်" စသည်ဖြင့် အတွင်းကြိတ် တနုံ့နုံ့တွေးကာနေရာမှ အင်္ဂလိပ်စာသင်နိုင်မည့်လမ်းစကို ရှာမှန်းမသိ ရှာ၏။

ပိုက်ဆံ တတ်နိုင်၍ ကျွန်ုပ်တို့မြို့၌ အစိုးရက ဖွင့်သော အလယ်တန်းကျောင်းကလေးတွင် ပညာသင် နိုင်သူ ဆွမ်းအိုးကြီး ဒါယကာ ဒါယိကာမများ၏ သားသမီးများကို ခိုပျံကလေးများ လုပ်ပေး ခြင်း၊ စွန်လုပ်ပေးခြင်း၊ မှန်စာ တိုက်ပေးခြင်း၊ လက်သမားဆရာတစ်ဦးကို ကပ်၍ ဂျင်ကလေး များ ပွတ်တိုက်ပေးခြင်း၊ ဘုန်းကြီးကျောင်း၌ သီတင်းလပြည့်တွင်လာ၍ ဘိလပ်ည်လှူကြ သောအခါ ဘိလပ်ရည်ပုလင်းကွဲလျှင် ရတတ်သော ဘူးဆို့ဖန်ဂေါ်လီကလေးများကို စု၍ ပေးခြင်းအားဖြင့် အင်္ဂလိပ်ကျောင်းသားကလေးများကို အလွမ်းသင့် အောင်ပေါင်းကာ အေ-ဘီ-စီ-ဒီ ကို ရေးကူးကျက်မှတ်ခြင်း၊ စာအုပ်ဟောင်းကလေးများကို တောင်း၍ လေ့လာခြင်း စသည်ဖြင့် အစပျိုးခဲ့၏။ သို့နှင့်ပင် ကျွန်ုပ် သင်္ဂြိုလ် ကိုးပိုင်းကျွတ်၍ စီအေတီကက် ကြောင်၊ ဘီအေတီဘက် လင်းနို့ ဟူသော အဆင့်အတန်းကို ကျွန်ုပ် ရောက်ခဲ့သည်တွင် ကံကောင်း၊ ဘုန်းကောင်း ထောက်မသဖြင့် ကျွန်ုပ်မှာ ဆရာကောင်းကို မှီခိုခဲ့ရပေသည်။

ဆရာကောင်းပေါ်၍ လာရသည်မှာကား အခြားနည်းဖြင့် မဟုတ်။ ကျွန်ုပ်အမြဲ ပြုစုရသော ဦးပဉ္ဇင်း၏ ပီယလက်ဖွဲ့တန်ခိုးကြောင့် ဖြစ်လေသည်။ ဆန်းသည်ဟု ထင်ကြမည်။ ဆန်းလည်း ဆန်းပါပေသည်။ အကြောင်းမူကား ကျွန်ုပ်အမြဲ ပြုစုရသော ဦးပဉ္ဇင်းသည် အင်းအိုင်ခါးလှည့် လက်ဖွဲ့မန္တရားကို အလွန် ၀ါသနာ ပါ၏။ ထို့ကြောင့် မြို့ထဲက အင်္ဂလိပ် ကျောင်းသား လူပျိုပေါက်စတို့သည်လည်းကောင်း၊ ဈေးထဲမှ ကုန်ရောင်း ကုန်ဝယ်စွန်ချင် သော ကုန်စုံသည်၊ ငါးခြောက်ငါးခြမ်းသည်၊ ကုန်သေးသည် တို့သည် လည်းကောင်း အကြောင်းကို သိသောအခါ ကျွန်ုပ်၏ ဦးပဉ္ဇင်းကလေးကို ပီယလက်ဖွဲ့၊ ဈေးခေါ်လက်ဖွဲ့ ထိုးပေးပါရန် လက်ဦးလူသိနည်းပါးစဉ်ကမူ ဘာမျှအရေးမကြီးသေး။ တဖြည်းဖြည်းနှင့် ဦးပဉ္ဇင်း၏ ပီယလက်ဖွဲ့၊ ဈေးခေါ်လက်ဖွဲ့များ စွမ်းသည်ဟူသော သတင်းစကား ပြန့်ပွားလာ သောအခါတွင် ဦးပဉ္ဇင်းကလေး၏ အခန်းသို့ ဈေးသည်အဒေါ်ကြီးများနှင့် လူပျိုကာလသာ များ အ၀င်အထွက် အလွန်တရာ များပြားလာခဲ့လေသည်။

ထိုသို့ ဖြစ်လာရာတွင် ကျောင်းထိုင်ဆရာတော်ကြီး ကိုယ်တိုင် ရိပ်မိသိရှိသွားပေရာ ဆရာတော်ကြီးမှာ စည်းကမ်း ဥပဒေတင်းကျပ်လှသော ကိုယ်တော်ကြီး ဖြစ်သဖြင့် (ကျောင်းရှိ ပဉ္ဇင်းပျိုများသည် အရပ်သူ အရပ်သားတို့အား အင်းအိုင်ခါးလှည့် လက်ဖွဲ့ ဆေးဝါး မပေးဝေရ၊ ပေးခဲ့ပါလျှင် ကျောင်းမှ နှင်မည်)ဟု တစ်ချက်လွှတ် အမိန့် ထုတ်လိုက် ၏။ ထိုအခါတွင် ဦးပဉ္ဇင်းရော လက်ဖွဲ့လိုသူတွေပါ ခက်၍ နေကြလေသည်။ လက်ဖွဲ့လိုချင် သူတို့ လှူဒါန်းထားသော ပေါ်ပလင်ခေါင်းအုံးစွပ်၊ ပိုးသလိပ်လွယ်၊ ကြေးခါးပန်းသီး နှင့် ပိုးခါး ပန်းကြိုး၊ ဖောင်တိန်၊ ခါးပိုက်ဆောင်နာရီ၊ သာဓုသုန္ဒရီယပ်လှဲကျမ်း စသည်တို့ကို အလှူခံ ၍ ထားမိသော ဦးပဉ္ဇင်းမှာ လက်ဖွဲ့ခါးလှည့်လုပ်ငန်းကို မြေအောက်လုပ်ငန်းအဖြစ်သို့ ပြောင်းလဲ လိုက်ရပြီးလျှင် သိမ်ကြီး၏နံရံ၌ ထွင်း၍ လုပ်ထားသော ကမ္မဌာန်းဂူကလေး အတွင်း၌ အာနာပါနာ လုပ်ဟန်ဖြင့် ခိုးကြောင်ခိုးဝှက် လက်ဖွဲ့ကို မန္တာန်စုတ်ခြင်း၊ လက်ဖွဲ့ နှိုးခြင်း၊ သိဒ္ဓိတင်ခြင်း၊ သိမ်ဝင်သပိတ်ကွဲ ၌ အင်းချခြင်းတို့ကို လုပ်ရလေသည်။ ဦးပဉ္ဇင်း၏ မြေအောက်လုပ်ငန်း၌ ကျွန်ုပ်ကား ဆက်သား ဖြစ်လေသည်။

ဆက်သားပြပြီး ပီယလက်ဖွဲ့လိုချင်သော အင်္ဂလိပ်ကျောင်းသား လူပျိုတစ်ယောက်က ကျွန်ုပ်အား ကပ်၏။ ကျွန်ုပ်လည်း အခွင့်အလမ်းကို ကြောင် ကြွက်ချောင်းသလို ချောင်းနေ သူ ဖြစ်ရာ ညတိုင်း နာရီဝက်ခန့် ကျွန်ုပ်အား အင်္ဂလိပ်စာသင်ပေးလျှင် စပါယ်ရှယ် ပီယ လက်ဖွဲ့စလွယ်ကိုပင် ရစေမည်ဟု ဆိုလိုက်၏။ ဦးပဉ္ဇင်း ကိုလည်း သူတိတ်တဆိတ် အ၀ယ် ခိုင်းသော မိုင်းကိုင်စက္ကူ၊ ကမ္မ၀ါကြေးပြားများကို ၀ယ်ယူ ရှာဖွေပေးရင်း ပီယလက်ဖွဲ့ စလွယ် တစ်ကုံး အထိုးခိုင်းရ၏။ အတိုရေးရလျှင် ကျွန်ုပ်မှာ အင်္ဂလိပ် ကျောင်းသားထံ၌ ညပိုင်း ဘုရား ၀တ်တက်အပြီးတွင် နာရီဝက်ခန့် ပြေး၍ပြေး၍ သင်ခြင်းဖြင့် လည်းကောင်း၊ အင်္ဂလိပ်သင်ခန်း စာ စာအုပ်များကို ညအခါတွင် ဦးပဉ္ဇင်းများ ကုဋီဆင်းရာ၌ သုံးသည့် ကျားမျက်လုံး မီးအိမ်ဖြင့် ဘုရားခန်းမှ ခွာထားသော ဖယောင်းချပ်များကို ဖယောင်တိုင်သွန်း၍ ထွန်းကာ ဖတ်ရှု လေ့လာခြင်းအားဖြင့်လည်းကောင်း တစ်နှစ်ခန့်အကြာတွင် အင်္ဂလိပ်ကို စာလုံးပေါင်း မှန်မှန် ဖတ်တတ်သော အခြေသို့ ရောက်ခဲ့၏။

ကျွန်ုပ် အင်္ဂလိပ်စာ အနည်းအကျဉ်း တတ်မြောက်နေကြောင်းကို ကျွန်ုပ်၏ ဦးပဉ္ဇင်းမှလွဲ၍ မည်သူမျှ မသိကြပေ။ သို့နှင့် တစ်နေ့သောအခါတွင် ကျွန်ုပ်တို့၏ ကျောင်းသို့ ကြေးနန်း တစ်စောင် ရောက်လာ၏။ ကျွန်ုပ်ခပ်ငယ်ငယ် ဤခေတ်က သံကြိုးစာကို ဖတ်တတ်သော သူသည် အတော်ဟုတ်သောသူဟူ၍ လူတိုင်း ချီးမွမ်းကြရသော အင်္ဂလိပ်စာတတ်သူ ရှားပါး သေးသည့်ခေတ် ဖြစ်၏။  ထို့ကြောင့် ကြေးနန်းစာရောက်လာသောအခါ၌ ဆရာတော်က ကြေးနန်းစာကို ဖတ်ပြမည့် အင်္ဂလိပ် ကျောင်းသားတစ်ယောက်ကို အခေါ်လွှတ်ရန် ကျွန်ုပ်၏ ဦးပဉ္ဇင်းအား ခိုင်း၏။ ဤတွင် ကျွန်ုပ်၏ဆရာ ဦးပဉ္ဇင်းက "ငကောင်း အင်္ဂလိပ်စာသင်တာ အတော်ကလေး တတ်နေပြီဘုရား ... ငကောင်းကို အဖတ်ခိုင်းကြည့် စမ်းပါလားဘုရား" ဟု လျှောက်ထားလိုက်ရာ ကျွန်ုပမှာ ဆရာတော်ကြီး၏ရှေ့သို့ ၀င်ရလေတော့သည်။
ဆရာတော်ကြီးကား ငယ်ကြောက်လည်းဖြစ် စိတ်ထက်မြက်သော ကိုယ်တော်ကြီးလည်းဖြစ် သောကြောင့် ကျွန်ုပ် မှာ ရင်တထိတ်ထိတ်နှင့်ပင် ရှိနေရပေသည်။

"ဟဲ့ ... ငကောင်း နင် သံကြိုးစားဖတ်တတ်တယ်ဆို" ဟု ဆရာတော်ကြီးက အမေးတွင် လက်အုပ်ကလေးချီလျက်သား တုန်၍နေသော ကျွန်ုပ်မှာ အဖြေပါးစပ်ဖျား၌ တစ်၍ နေပေ သည်။ အခန့်သင့်ပင် ဦးပဉ္ဇင်းက ကြေးနန်းစာရွက်ကို ထိုးပေးလိုက်သဖြင့် ကျွန်ုပ်လည်း ကြေးနန်းစာကို မနည်းကြီးအားခဲ၍ ဖတ်လိုက်ရ၏။ ကြေးနန်းစာမှာ လွယ်လွယ်ပင် ဖြစ်ပေ သည်။ ကျွန်ုပ်တို့၏ ဆရာတော်ကြီးပါဝင်သော သံဃာဂိုဏ်းမှ ဂိုဏ်၊ ချုပ်ဆရာတော်ကြီး ကျွန်ုပ်တို့၏ ကျောင်းသို့ နောက်သုံးရက်အကြာ မွန်းလွဲပိုင်း၌ ကြွရောက်လာမည့်အကြောင်း ဖြစ်နေ၏။

ကျွန်ုပ်လည်း ကျွန်ုပ်ဖတ်နိုင်သော အရည်အချင်း နယ်နိမိတ်အတွင်း၌ သံကြိုးစာသားရှိနေ ဟန်ဖြင့် သံကြိုး၌ ပါသောအကြောင်းကို ဘာသာပြန်၍ လျှောက်ထားလိုက၏။ ထိုအခါ ဆရာတော်ကြီးသည် ကျွန်ုပ် အား အံ့အားသင့်ကာ ကြည့်၍ နေပေသည်။ ပြီးမှ "အိမ်း .... ငကောင်းကို ထန်းလျက်ဖြူဆုပ်သုံးလုံး ပေးလိုက်" ဟု မိန့်တော်မူ၏။ ကျွန်ုပ်လည်း ၀တ်ချ၍ ဆရာတော်၏ ကျောင်းပေါ်မှ ဆင်းခဲ့ရပေသည်။ ကျက်သရေခန်း မှ ထန်းလျက်ဖြူဆုပ်သုံးလုံး ကို သော့ဖွင့်ကာ ယူ၍ လာပေးသော ကျွန်ုပ်၏ ဆရာဦးပဉ္ဇင်း ကား တပြုံးပြုံးနှင့် တပည့် ကျွန်ုပ်အတွက် ဂုဏ်အတော်မြောက်၍နေဟန် တူပေသည်။

ထိုအခါမှစ၍ ကျွန်ုပ် အင်္ဂလိပ်စာအနည်းအကျဉ်း တတ်မြောက်မှန်းကို တစ်ကျောင်းလုံး သိကြသည် သာမက ကျောင်းနှင့် နီးစပ်သော တကာ တကာမ ရပ်ကွက်၌လည်း ဆရာတော် ကြီးကိုယ်တိုင်က "ငါ့ကျောင်း မှာ အင်္ဂလိပ်စာတတ်ရှိသဟဲ့" ဟု ဂုဏ်ယူ ကာ ပြောခြင်းဖြင့် သတင်းအတော် ပြန့်နှံ့ နေပေသည်။
သို့ဖြစ်ရာ ကျောင်းနှင့်နီးစပ်သူတစ်ဦးဖြစ်သော ပွဲစားတစ်ဦးသည် သူ့ထံသို့ သံကြိုးစာ လာတိုင်း အင်္ဂလိပ် ကျောင်းသားများထံ အပူမကပ်တော့ပဲ ကျွန်ုပ်ကိုသာလျှင် လာ၍ အပူကပ်၏။ သူ့သံကြိုးစာကို ဖတ်ပြရာ၌ ရယ်ဖွယ်ကလေးတစ်ခု တွေ့ရပုံကို ရေးရပေ ဦးမည်။

သူ့သံကြိုးစာများမှာ အင်္ဂလိပ်ဘာသာ၌ အဓိပ္ပာယ်မရှိသော စကားများ ပါတတ်၏။ ဥပမာ အားဖြင့် သံကြိုးစာတစ်စောင် ၌ (BONE DINE) ဟူသော စာနှစ်လုံးသာ ပါ၏။ ကျွန်ုပ်က "ခင်ဗျာ့ သံကြိုးက (အရိုး-ညစာစားသည်)လို့ ဆိုပါကလား။ ကျွန်တော်တော့ အဓိပ္ပာယ် မထွက်ဖူး" ဟု ပြောရာ ထိုပွဲစားက "အဓိပ္ပာယ် ပြန်ဖို့မလိုပါဘူးကွာ၊ အင်္ဂလိပ်စာလုံးပေါင်း အသံထွက်ကိုသာ ဖတ်ပြစမ်းပါ" ဟု ဆို၏။ ကျွန်ုပ် လည်း "ဘီအိုအင်န်အီး (ဘုံး)၊ ဒီအိုင်အင်န်အီး (ဒိုင်း)၊ ဘုံးနဲ့ဒိုင်းနဲ့ နှစ်ခုပေါင်းတော့ (ဘုံးဒိုင်း) လို့ အသံ ထွက်တယ်" ဟု ဆိုသည်တွင် ထိုပွဲစားက "အေး ... အေး တော်ပြီ။ ငါနားလည်ပြီ" ဟု ပြော၍ သံကြိုးစာရွက် ကို ပြန်၍ ယူ၏။

ကျွန်ုပ်မှာ အဓိပ္ပာယ်မရှိဘဲ စာတစ်လုံးကို တစ်ပဲပေး၍ သံကြိုးမရိုက်တန်ရာ တစ်ခုခုတော့ အဓိပ္ပာယ်ရှိရမည်ဟု တွေးလျက် သိချင်စိတ် ပို၍များပြားလာပြီးလျှင် " ခင်ဗျာ့ အဓိပ္ပာယ်ကို ပြောစမ်းပါဦးဗျ၊ ဘာလဲ အရိုးကို ညစာ စားသည်ဆိုတာ ဘာအဓိပ္ပာယ်လဲ " မေးမိ၏။ ထိုအခါ ပွဲစားက " ငါ့အဓိပ္ပာယ် နဲ့ ငါပါကွာ ...၊ မသိချင်စမ်းပါနဲ့" ဟု ဖြေ၏။ ဤတွင် ကျွန်ုပ်က " အင်း ... ကောင်းပြီ ... နောက်တစ်ခါ သံကြိုးစာလာရင် ကျွန်တော့်ကိုလာပြီး အဖတ်မခိုင်းနဲ့တော့၊ ခင်ဗျာ့ အဓိပ္ပာယ်လည်း မပြောချင်နေ" ဟု အကျပ်ကိုင်ရပေသည်။ ဤအခါမှာ ပွဲစားက ကျွန်ုပ်ကို အနီးသို့ကပ်၍ လေသံဖြင့် " မင်း ဘယ်သူ့မှ မပြောရဘူးနော် ကြားလား "ဟု ပြောသဖြင့် ခေါင်းညိတ် လိုက်ရသည်တွင် သူက " (ဘုံးဒိုင်း)ဆိုတာကို ပြောင်းပြန်ဆိုလိုက်ရင် ဘာဖြစ်သလဲ ...(ဘုံးဒိုင်း)က (ဒုံးဘိုင်း) ဖြစ်မသွားဘူးလား။

(ဒုံးဘိုင်း) ဆိုတာက အင်္ဂလိပ်စကားအစစ်ကွ မင်းမသိဘူးလား။ (ဒုံးဘိုင်) ဆိုရင် မ၀ယ်နဲ့လို့ ဆိုလိုတာပေါ့ကွ။ ဒီသံကြိုးဟာ ရန်ကုန်က ငါ့စပါးဒိုင်ဆီက လာတဲ့သံကြိုး... စပါးဈေးကျမှာမို့ စပါးမ၀ယ် နဲ့ လို့ သံကြိုးရိုက်လိုက်တာ ရန်ကုန်မှာ စပါးဈေးကျတယ်ဆိုရင် ဒီမှာ ငါက စပါးသိမ်းရပ်ပြီး ဈေးကျမှန်းမသိလို့ နင်း ၀ယ်နေတဲ့ တခြားပွဲစားတွေကို ငါသိမ်းထားတဲ့စပါးတွေ လက်လွှဲထိုးပြီး ရောင်းလိုက်ရင် ငါ့မှာ အရှုံးမပေါ်ဘူး ပေါ့ကွ" ဟု ရှင်းပြ၏။ ကျွန်ုပ်လည်း (ဘုံးဒိုင်း)နှင့် DONT BUY  (ဒုံးဘိုင်)တို့၏ အကြောင်းကို နားလည်ရကာ ရယ်မောနေရပေသည်။ ရှေးမြန်မာပွဲစားတို့၏ ဥာဏ်ရည်မှာ ယခုခေတ် သံရုံးလျှို့ဝှက်စာများရေးသော ဥာဏ်ရည်နှင့် မကွာလှပါပေ။

ခပ်တိုတိုဆိုရပါမူ ကျွန်ုပ်သည် အသက် ၁၆ နှစ်အရွယ်သို့ ရောက်သောအခါတွင် အင်္ဂလိပ်မြန်မာ ၇တန်း စာမေးပွဲကို ၀င်ရောက်ဖြေဆိုကာ အောင်မြင်ခဲ့ပေတော့သည်။ ဤသို့အားဖြင့် ကျွန်ုပ် မိခင်၏ ရည်ရွယ်ချက် သည် ကျွန်ုပ်၏ ကိုယ်ပိုင် ရည်ရွယ်ချက် အဖြစ်သို့ ရောက်ရာမှ ရည်ရွယ်ချက်အတိုင်း ပေါက်မြောက် ရပေတော့ သည်။ ရည်ရွယ်ချက်ပေါက်မြောက်အောင် ကြိုးစားရာ၌ ကျွန်ုပ်တစ်ဦးတည်း၏ ကြိုးပမ်းမှု သက်သက်ဖြင့် သာဆို လျှင်အောင်မြင်ကောင်းမှ အောင်မြင်ပေမည်။

ယခုမူ အင်္ဂလိပ်စာ ပညာကို သင်ရာ၌ ကျွန်ုပ်၏ ကျေးဇူးရှင်များ ဖြစ်ကြသော အထည်သည် လင်မယားတို့ အကူအညီကို များစွာ ရခဲ့သောကြောင့်ပင် ကျွန်ုပ်မှန်းတိုင်း ပေါက်ခဲ့ ရပေသည်။ သူတို့၏ ကျေးဇူးနှင့် သူတို့၏ အကူအညီတို့သည်လည်း ကျွန်ုပ်၏ ဖြစ်စဉ်တွင် အစမှအဆုံးပါဝင် လျက် ကျွန်ုပ်၏ ဘ၀ကိုလည်း အစမှအဆုံးအထိ ဖန်တီးပြုပြင်ပေးခဲ့လေသေးသည်။ ထိုအကြောင်းများကို ရေး ဖွယ်များစွာကျန်သေး၏။ ယခုမူကား ကျွန်ုပ်၏ ရည်ရွယ်ချက်များအကြောင်းကို ရေးသားနေဆဲဖြစ်၍ ကျန်သေး သော ရည်ရွယ်ချက် နှစ်ရပ်တို့၏ အကြောင်းကို ဆက်လက်၍ ရေးရပေမည်ဖြစ်ရာ အကွက်သင့် လာသောနေ ရာသို့ကျမှ ကျွန်ုပ်၏ ကျေးဇူးရှင်များ စောင့်ရှောက်မှုသည် ကျွန်ုပ်၏ ဘ၀လမ်းစဉ်ကို မည်မျှအထိ စီမံ ဖန်တီး ဆုံးဖြတ် ပေးခဲ့သည်ကို ဖော်ပြရပေတော့မည်။

ကျွန်ုပ်၏ ဒုတိယရည်ရွယ်ချက်မှာကား ကျွန်ုပ်၏ မိခင် သေခါနီးဆဲဆဲ၌ သေမည့်အိပ်ရာထက်မှ နောက်ဆုံး စကားအဖြစ်ဖြင့် မှာကြားသွားရှာပေသော " ငါ့သားကြီးပြင်းရင် သားရဲ့ ဘိုးဘိုးဆီကိုသွားပြီး ရွှေမန်ကျည်းတောင့်တွေကို တောင်းနော် " ဟူသော စကားအရ ကျွန်ုပ်၏ အဘိုးထံသို့သွားရောက်၍ ကျွန်ုပ်တို့ ပိုင်ထိုက်ဆိုင်ထိုက်သော အမွေအနှစ်ကို ရလိုရငြား တောင်း၍ ကြည့်လိုခြင်းပင်ဖြစ်ပေသည်။
စင်စစ်ဆိုရပါလျှင် ခြောက်နှစ်သားအရွယ်ကတည်း။

မိမရှိ ဘမရှိတစ်ကောင်ကြွက်ဖြစ်လျက် ဘုန်းကြီးကျောင်း တွင် ကပ်ရပ်မှီခိုနေထိုင်နေသော ကျွန်ုပ်မှာ ငွေကြေးဆင်းရဲနွမ်းပါးခြင်း၏ဒဏ်ကို လှိမ့်၍ခံခဲ့ရပေသည်။ အဆုံး စကားပြောရမည်ဆိုလျှင် ကထိန်းခင်း၊ အဘိဓမ္မာတရားပွဲ၊  ဆွမ်းကျွေးစသည့်တို့ကို ဆရာတော်ကြီးနောက်က  ယပ်တောင်ထမ်း၊ ဖိနပ်ကိုင်၍ လိုက်ရစဉ် အခြားကျောင်းသားတို့မှာ ရှပ်အင်္ကျီအသစ်၊ ပိုးလုံချည်ကလေးများကို လှလှပပ ၀တ်ကြ ရပေသည်။ ကျွန်ုပ်တွင်ကား ပိုးလုံချည်တစ်ထည်တည်းသာရှိ၏။ ထိုပိုးလုံချည်မှာလည်း သူတကာလို တကယ်ပိုးလုံးချည်မဟုတ်။ ကျွန်ုပ်၏ကျေးဇူးရှင်အထည်သည်ကြီးမှာ ပုပြတ်ပြတ် ပိန်းပိန်းပါးပါးဖြစ် ၍  လုံချည်ကွင်းကျယ်များကို သူနှင့်အဆင်သင့်စေ၇န် ဖြတ်တောက်ချုပ်လုပ်ရာပိုသမျှကို စပ်ဟပ်ချုပ်လုပ်ထား သော စပ်လုံချည်သာဖြစ်ပေသည်။  ကျွန်ုပ်၏ နေ့စဉ်အ၀တ်ဖြစ်သော ချည်လုံချည်သာဖြစ်ပေသည်။ ကျွန်ုပ် ၏ နေ့စဉ်အ၀တ်ဖြစ်သော ချည်လုံချည်များမှလည်း စပ်လုံချည်တွေ သာများ၏။  အသက် ၈-နှစ်သား အရွယ်လောက်မှစ၍ အ၀တ်အစား၏တန်ဖိုးမကို နားလည်စပြုသောကျွန်ုပ်မှာ ရွယ်တူ သူငယ်ဖော် များ လှလှပပ ၀တ်စားသွားလာသည်ကိုမြင်လျှင် သွားရည်ကျ၍ တငေးတမော ကြည့်မိ ခဲ့ပေသည်။

အစားမှာ ထမင်းအိုး၊ အ၀တ်မှာ စပ်ပိုဆိုး၊ အုံးရသော ခေါင်းအုံးမှာ ၀ါးဘိုး စသည်အားဖြင့် တကယ့် အောက်ဆုံး  ထစ်ဘ၀၌ ရှိရသူကျွန်ုပ်သည် သူတစ်ပါးကိုအားကျမိတိုင်း ကျွန်ုပ်အဘိုးဦးနကီ ကြွယ်ဝချမ်းသာ ပုံ တွေကို  မိခင် ပြောခဲ့သမျှ အမှတ်ရ၏။ ငါ့အဘိုးသာ ဒီလောက်ချမ်းသာလျက်သားနဲ့ ငါ့မှာတော့ ဆင်းရဲရလေခြင်းဟူသော ယူကျုံးမရသည့်စိတ်သည်လည်း အမြဲအားဖြင့် ရဲထဲဝယ်  ဖွဲမီးကဲ့သို့ တငွေ့ငွေ့လောင်၍ နေပေသည်။ ထို့ကြောင့် ကျွန်ုပ်အဘိုးထံ ပြန်၍ကပ်နိုင်လျှင် အင်္ဂလိပ်စာကို လိုလား သလောက် သင်နိုင်မည်။ ထမင်းသိုးစား ဟင်းသိုးစားဘ၀ဖြင့် ခ၀ါသည်၊ အနှိပ်သည်၊ ရေထမ်း၊ ထင်းပေါက်၊ ပြောက်သောက် ဘ၀မှ ကင်းလွတ်မည်ဟူ သော တွေးလုံးတို့သည်လည်း မီးခိုးမဆုံး မိုးမဆုံးရှိခဲ့၏။

သို့သော် ကျွန်ုပ်၏အဘိုးထံသို့ ကျွန်ုပ်ပြန်၍ ကပ်နိုင် ရန်မှာ လက်ဦး၌ ကျွန်ုပ်သည် အဘိုးကိုကပ်နိုင်ဖို့ ဥာဏ်ထွင်နိုင်ရန်ကိုထားဘိဦး အဘိုးရှိရာမြို့သို့ပင် အဘယ် ပုံ အဘယ်လမ်းဖြင့် သွားရမည်မှန်း မသိခဲ့သေးပေ။ တဖြည်းဖြည်း အသက်အရွယ် ကြီးပြင်လာ၍ မျက်စေ့နှင့် နားကို ကားကားကြီး ဖွင့်ထားခြင်း၊ တက်အားသမျှ စုံစမ်းမေးမြန်းခြင်းတို့ကြောင့် အဘိုးဘယ်မြို့၌နေသည်၊ ဘယ်အရပ်ကွက် ၌နေသည်  ထိုမြို့ကို ရထားနှင့်သွားပါက အဘယ်နေရာ၌ ကူးတို့ကူး၍  ရထားဆက်စီးရ သည်၊ သင်္ဘောနှင့် သွားပါက အဘယ်မျှ ကြာသည်၊ ကတ္တူကြုံကိုစီး၍ လိုက်ပါက အသက်အန္တရာယ် ပို၍များ သော်လည်း ခရီးစရိတ် သက်သာသည်စသော အချက်အလက်များ အားလုံးကို စုံစုံစေ့စေ့ သိလာ၏။

အဘိုးထံသို့ သွားလိုသောစိတ်မှာ မိခင်မှာကြားခဲ့သလို ရွှေမန်ကျည်းတောင့်များကို တောင်းဖို့ထက် အဘိုး၏ ကြီးကျယ်လှသော  လုပ်ငန်းကြီးတွင် အလုပ်ကလေးတစ်ခု တောင်းကာ လုပ်လိုသောဆန္ဒက  ပို၍ ပြင်းထန် ပေ သည်။ ကျွန်ုပ်၏ လက်ရှိကျေးဇူးရှင် အထည်သည်လင်မယားတို့ထက် ကျွန်ုပ်၏ အဘိုးက အဆပေါင်းများစွာ ထောက်ပံ့ကူညီနိုင်အားရှိသည်မှာ အထူးပြောဖွယ်မလိုပေရာ အဘိုး၏ အသိအမှတ် ပြုခြင်း ကို  ခံရပါသော်  ကျွန်ုပ်မှာ ကျွန်ုပ်သင်လိုသော အင်္ဂလိပ်စာပညာကိုလည်း ထွန်းပေါက် အောင် သင်နိုင် လျက် အရှင်မွေးလျှင်  နေ့ချင်းညချင်းကြီးဆိုသောစကားပမာ ကျွန်ုပ် လူတစ်လုံး သူတစ်လုံး အမြန်ဆုံးဖြစ်နိုင်မည်ကိုလည်း မျော်လင့်မိ ၏။ အဘိုးနှင့်နီးရာအရပ်၌နေရမှ ကျွန်ုပ် သည် အဘိုး၏ မိသားစုရိပ်မြုံအတွင်းသို့ ပြန်ဝင်ခိုလှုံကာ ကျွန်ုပ်၏ မိခင် ပိုင်ထိုက်သော အမွေတို့ကို ကျွန်ုပ်၏ မိခင် အလွှဲကြီး လွှဲခဲ့ရစေကာမူ တစ်စွန်းတစ်စအားဖြင့် ကျွန်ုပ်ခံစားရလိမ့် မည်ဟုလည်း မျော်လင့်မိ၏။

ဆက်ရန်
.

1 comment:

kiki said...

ဘုံးဒိုင်း .. ဒုံးဘိုင်း...
သူတို့ ခေတ်က စကားဝှက်လေးတွေကလည်း မှတ်သားလောက်ပါရဲ့ ...

မောင်ကံကောင်းလေး ကံကောင်းမဲ့ အပိုင်း ဖတ်ချင်လှပါပြီ..ဗျိုး.

ခင်တဲ့
မကိ