အခန်း (၂၆)
မော်တော်ကားကို စွန့်ပစ်လိုက်ခြင်းသည် အကြီးဆုံး အမှာကြီးတစ်ရပ်ကို ကျူးလွန်လိုက်ခြင်းသာ ဖြစ် ပေသည်။ အလွန်တရာ မိုက်မဲသည့် ရူးနှမ်းသည့် အပြုအမူမျှသာ ဖြစ်သည်။
ရော့လဂ္ဂလာ သည် ကံတရားကို ယုံကြည်သူဖြစ်လေသည်။ ယနေ့တော့ တစ်လျှောက်လုံး ကံဆိုး နေ တော့သည်။ ဘာလုပ်လုပ် အားလုံးတလွဲတွေချည်း ဖြစ်နေလေသည်။
မောရှော့ရေကန် တွင် နန်စီကို တွေ့ကတည်းက ကိပ်ကော့ကို တစ်ခါတည်း ကျောခိုင်းပစ်ရမည်ဖြစ် သည်။ ကံတရား သည် မိမိဘက်မရှိတော့ကြောင်း သဘောပေါက်ဖို့ကောင်းသည်။
ယခုတော့ သူ အရမ်းမိုက်မဲခဲ့သည်။ တစ်နေရာရာမှာ တစ်ရက်လောက် အောင်းနေပြီး နောက်တစ် နေ့တွင် နန်စီ တို့ လင်မယား နှင့် သွားတွေ့ကာ ငွေတောင်းဖို့ကိုပင် စိတ်ကူးလိုက်သေးသည်။
ဘယ်လောက်နွားကျလိုက်ပါသနည်း။
ကံဇာတာ ညှိုးမှိန်သည့် အချိန်တွင် နန်စီတို့ အိမ်ပတ်ဝန်းကျင်သို့ ရောက်ခဲ့မိသည်။
ထိုအချိန်မှာပင် နန်စီတို့၏ ကလေးများက တိုက်တိုက်ဆိုင်ဆိုင် ပျောက်ဆုံးနေကြသည်။
ဟာမွန် ၏ ကလေးများ ပျောက်ဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ နန်စီ ပါဝင်ပတ်သက်သည်ဟု ရော့က ဘယ်တုန်း ကမှ မယုံကြည်ခဲ့။
နည်းနည်းကလေး မှ သံသယ မဖြစ်ခဲ့ဖူးပေ။
သို့သော်လည်း ယခု ကိစ္စကိုတော့ မည်သူ ပြောနိုင်ပါတော့မည်နည်း။
သူ့ကို ကားလ်ဟာမွန် ပြောပြဖူးသလိုပင် နန်စီ သက်သက်မဲ့ အရူးထခြင်းလည်း ဖြစ်နိုင်ပေသည်။
မော်တော်ကားကို စွန့်ခွာပြီးနောက် တောင်ဘက်ရှိ အမြန်လိုင်းပြေးလမ်းမကြီးရှိရာသို့ သူ ဦးတည်ပြီး ထွက်လာ ခဲ့သည်။
ထို လမ်းမကြီး သည် ကိပ်ကောနယ်ကို အလယ်မှ ဖြတ်သန်းသွားခြင်း ဖြစ်လေသည်။
သို့သော်လည်း သူ ကံမကောင်းတော့ပါ။
ရဲကားတစ်စီးက သူ့ဘေးမှ ဖြတ်မောင်းသွားသည်။
လွတ်ရုံကလေး ရှောင်တိမ်းကာ ပုန်းအောင်းလိုက်ရသည်။
သည်အတိုင်း ဆိုလျှင်တော့ လမ်းများကို ပိတ်ဆိုရှာဖွေနေကြတော့မည်။
အမြန်လမ်းမကြီးသို့ရောက်ပြီး အမြန်ကားတစ်စီးကို တားစီးနိုင်သည့်တိုင်အောင် ပိတ်ဆို့ရှာဖွေမှု များကို လွတ်အောင် ရှောင်တိမ်းနိုင်တော့မည် မဟုတ်။
တံတားကြီးကိုလည်း ပိတ်ထားပြီး ဖြစ်နေရော့မည်။
ပင်လယ်အော်ဘက်သို့ သွားခြင်းက အခြေအနေပို၍ ကောင်းနိုင်သည်။
ယခုရာသီတွင် ဘိုတဲအတော်များများကို ပိတ်ထားကြသည်။
အချို့ဘိုတဲများတွင် အစားအသောက်များကိုပင် သိုလှောင်ထားတတ်ကြသည်။
ထိုသို့သော ဘိုတဲမျိုးနှင့် တွေ့လျှင် ဖောက်ထွင်းဝင်ရောက်ရမည်။
အခြေအနေကောင်းသော တစ်ရက်ရက်တွင် ထရပ်ကားတစ်စီးစီးကို တားပြီး ကားနောက်ခန်းထဲမှာ ပုန်း လိုက် သွားမည်။
ကိပ်ကော့ဒေသမှ လွတ်မြောက်သွားလျှင် လုံခြုံမှု ရှိသွားပေပြီ။
မည်းမှောင်ပြီး ကျဉ်းမြောင်းလှသော လမ်းကလေးအတိုင်း ခပ်သုတ်သုတ် လျှောက်လာရင်း သူ ခိုက်ခိုက် တုန် အောင် ချမ်နေသည်။
ရာသီဥတုက တစ်မိနစ်ထက် တစ်မိနစ်ပို၍ သာ ဆိုးလေသည်။
အကောင်းဘက်က လှည့်တွေးလျှင် ရာသီဥတု ဆိုးရွားနေသည်ကိုပင် ကျေးဇူးတင်ရသေး တော့သည်။
လမ်းပေါ် တွင် လမ်းသလားနေသူများနှင့် တိုးမည့် အန္တရာယ်နှင့် ဝေးသွားသည်။
လမ်းပေါ် တွင် ဥဒဟို မောင်းနှင်နေသည့် မော်တော်ကားများကိုလည်း မတွေ့ရတော့။
သို့သော်လည်း လမ်းချိုးတစ်ခုသို့အရောက်တွင် မျက်နှာချင်းဆိုင်မှ မီးလုံးကြီးများဖွင့်ပြီး မောင်နှင် လာ သည့် ကားတစ်စီး နှင့် ဆုံသောကြောင့် နီးရာချုံဖုတ်ထဲသို့ သေပြေးရှင်ပြေး ခုန်ဝင်ပြေးလိုက်ရ သည်။
အသက်ရှု မှန်အောင် ကြိုးစားသည်။
ဘုရားသခင်……
နောက်ထပ် ရဲကားတစ်စီး မောင်းလာပြန်သည်။
သည်အတင်းဆိုလျှင်တော့ လမ်းပေါ်မှာရဲကားများနှင့် ပြည့်နေပုံရသည်။
လမ်းအတိုင်း သွားနေလို့ ကတော့ လုံခြုံမှုမရှိနိုင်။
လမ်းကိုခွာပြီး တော ကို ဖြတ်မှ ဖြစ်တော့မည်။
ပင်လယ်ကမ်းခြေသို့ ရောက်ဖို့ ဘာမှမဝေးတော့။
ချုံဖုတ်ကလေး များ ကို အကာအကွယ်ယူပြီး ခပ်သွက်သွက် သူ လျှောက်လာသည်။
သူ သွားနေသည့် လမ်း မှာ ကမ်းခြေသို့ရောက်ရန် နည်းနည်းတော့ ပိုဝေးသည်။
သို့သော်လည်း လုံခြုံစိတ်ချရသည်။
ရေကန်ကြီး နားမှာ ငါ့ကို နန်စီ မြင်သွားသလားဟု သူ တွေးကြည့်သည်။
သူ တည့်တည့် ကို နန်စီ လှမ်းကြည့်နေခဲ့သည်။ သို့သော်လည်း မမြင်ဘဲလည်း ဖြစ်နိုင်သည်။
ဘာပဲဖြစ်ဖြစ် ထိုနေရာသို့ ရောက်ခဲ့ကြောင်းကို သူ ငြင်းရမည်။
ယုတ်စွ အဆုံး ကိပ်ကော့အရပ်သို့ လုံးဝ မရောက်ခဲ့ကြောင်းဘူးကွယ်ရမည်။
မိမိ ကို နန်စီမြင်ပါသည်ဆိုရုံနှင့် မခိုင်လုံသေးကြောင်း တွေးမိသည်။
သူ့ကို မည်သူမှ မမြင်။ ဒါတစ်ခုတော့ သေချာသည်။
သို့သော် စတေရှင် ဝက်ဂွန်းကားဒရိုင်ဘာက ရှိသေးသည်။ နယ်ခံတစ်ယောက် ဖြစ်နိုင်စရာ အကြောင်း ရှိသည်။
သူ့မော်တော်ကား နံပါတ်က ဂ…၆၄၂…
ဟုတ်သည်။
သူကောင်းကောင်းမှတ်မိသည်။ ဘာကြောင့် ထိုကားနဲ့ နံပါတ်ကို တစ်ကြိမ်မြင်ရုံနှင့် မှတ်မိနေရ သနည်း။
ဂဏန်းတွေ အားလုံး စုံဂဏန်းဖြစ်သည်။ ပြီးတော့ နံပါတ်တစ်ခုခြား ကြီးစဉ်ငယ်လိုက် ဖြစ်နေသည်။ ငယ်စဉ်ကြီးလိုက် ၂…၄….၆….၈ မဟုတ်။ ထို့ကြောင့် သူ မှတ်မိလိုက်ခြင်း ဖြစ်သည်။
အကယ်၍ သူ့ကို ဖမ်းမိသွားလျှင် ထိုစတေရှင်ဝက်ဂွန်း ကားအကြောင်း ရဲကို ပြောပြဖို့လည်း စိတ်ကူး ထားသည်။
ထိုကားသည် နန်စီတို့ခြံထဲမှ မြေလမ်းအတိုင်း မောင်းထွက်လာခြင်းဖြစ်သည်။ မောင်သည်မှာလည်း နောက်ပြန်ဆုတ် လာခြင်း ဖြစ်သောကြောင့် သူ ပိုပြီး သတိထားမိခြင်းဖြစ်သည်။
ထိုအချိန် တွင် နန်စီအဲလ်ရက်ခ်ျ၏ ကလေးများ ပျောက်ဆုံးသည့်အချိန်ပင် ဖြစ်ရပေလိမ့်မည်။
သို့သော်လည်း နောက်တစ်နည်း စဉ်းစားနိုင်သေးသည်။ ထိုစတေရှင် ဝက်ဂွန်းကားသည် နန်စီတို့ အိမ်သို့ ပစ္စည်း ပို့နေကြ ကားရော မဖြစ်နိုင်ဘူးလား။ ဥပမာ နွားနို့ပိုသည့်ကား ဆိုပါတော့။ ထိုကား အကြောင်း သူတို့ အားလုံးသိပြီးသားရော မဖြစ်နိုင်ဘူးလား။
ဒရိုင်ဘာကို သေသေချာချာ မြင်လိုက်ရသည်ဟု တော့မပြောသာ။ လူကောင်ကြီး ထွားထွားကျိုင်း ကျိုင်းနှင့် ဝဝတုတ်တုတ်ကြီး ဖြစ်ကြောင်းလောက်သာ သူပြောပြနိုင်မည်။
မည်သို့ ဆိုစေ၊ စောစောက တွေးသလို သူတို့ အိမ်သို့နွားနို့ပိုနေကြကား၊ ဖြစ်နေမည် ဆိုလျှင် ဘာတန်ဖိုး ရှိတော့ မည်နည်း။
သည်လိုလည်းမဟုတ်သေး။ ဘာမှ မပြောတာက ပိုကောင်းမည်။ ဖမ်းမိသွာလျှင် ထိုအကြောင်းကို ရေငုံ နှုတ်ပိတ် နေလိုက်ခြင်းက ပိုကောင်းမည်။
နန်စီတို့ထံ အလည်သွားဖို့ရောက်လာခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း ကိပ်ကော့ကွန်မြူနီတီ သတင်းစာ တွင် မိမိဓာတ်ပုံပါသည့် ဟာမွန်ကလေးများ အသတ်ခံရမှု ဆောင်းပါးကို တွေ့ရသဖြင့် မိမိထွက်ပြေးဖို့ ဆုံးဖြတ် ခဲ့ကြောင်းလောက်သာ အစစ်ခံလျှင် ကောင်မည်။
ထိုစိတ်ကူးကလေးရတော့မှပဲ သူ အသက်ရှူ ချောင်သွားတော့သည်။ စိတ်လက်ပေါပါးကာ ရှေ့ဆက် လျှောက်ခဲ့သည်။
ပင်လယ်ကမ်းခြေ သို့ ရောက်ပြီး ဘိုတဲတစ်လုံးလုံးထဲသို့ တံခါးဖျက်ဝင်ရောက်ပြီးလျှင်-
ခြေလှမ်း ပိုသွက်လိုက်သည်။
သို့သော်လည်း သစ်ပင်ရိပ်များအောက်မှ အပြင်မထွက်မိအောင်တော့ သတိကြီးစွာထားသည်။
ချော်ပြီး ယိုင်သွားသေးသည်။
သူ့ ကိုယ်သူ ကျိတ်ဆဲသည်။
ကိုယ်ကို ပြန်မတ်သည်။
မိုးသီးများသည် လမ်းများကို လုံးဝလောက်နီးပါးသုံးမရတော့အောင် ဖန်တီးပစ်နေသည်။
အရမ်းချော်နေသည်။
သို့သော်လည်း သူ့မှာ ခြေကျင်ခရီး များများ စားစား မကျန်တော့ပါ။
မကြာခင် ဘိုတဲတစ်လုံးထဲသို့ သူ ရောက်တော့မည်
သို့တည်းမဟုတ် တစ်ယောက်ယောက်က သူ့ကို တွေ့သွားပြီး အဖမ်းခံရတော့မည်။
ရေခဲတွေ ဖုံးနေသည့် သစ်ပင်တစ်ပင်ကို ကိုင်ပြီး ကိုယ်ကို ပြန်မတ်သည်။
ပြီးတော့ မြန်နိုင်သမျှ မြန်အောင် လျှောက်လာခဲ့သည်။
အခန်း (၂၇)
သာစတန်ဂစ်ဗင်သည် အိမ်နောက်ဘက်ရှိ မှန်အလုံ ကာထားသော လသာဆောင်တွင် ထိုင်ပြီး မုန်တိုင်း တိုက်ခတ်ပုံ ကို ကြည့်နေသည်။
အချိန်မှာ ညနေပိုင်း မှောင်ရီဝိုးတဝါး အချိန်ဖြစ်သည်။
သူ့အသက် ရှစ်ဆယ်ကျော်ပြီ။
ယခုလိုမုန်တိုင်းတိုက်သည်ကို မှန်လုံခန်းထဲမှ ကြည့်ခဲ့သည့်အကြိမ်ပေါင်း မနည်းတော့ပြီ။
သို့သော်လည်း သူ မတင်းတိမ်နိုင်။
နောက်နှစ်ပေါင်း များစွာ ကြာအောင်ကြည့်ရဦးမည်ဆိုလျှင်လည်း ပျော်ပျော်ပါးပါး ကြည့်ဦးမည်သာ ဖြစ်သည်။
ရေဒီယို ကို တိုးတိုးကလေးဖွင့်ထားသည်။
အဲလ်ဒရက်ခ်ျ၏ ကလေးများနှင့် ပတ်သက် ၍ နောက်ဆုံးသတင်းကို သူ နားထောင်ပြီးပြီ။
ကလေးများအကြောင်းဘာသဲလွန်စမှ မရကြသေး။
သာစတန်သည် အိမ်နောက်ဘက်သို့ မျက်တောင် မခတ်ငေးကြည့်နေသည်။
ကလေးသူငယ် များတွင် ဘာကြောင့်များ စိတ်မချမ်းသာ စရာ တွေ ဖြစ်တတ်ပါလိမ့်ဟု စဉ်းစားနေ သည်။
သူသည် အိမ်မြေပွဲစားအလုပ်မှ အနားယူထားသူဖြစ်သည်။
ရေးအဲလ်ဒရက်ခ်ျ ကို သူစတန်ကောင်းစွားသိသည်။
အမှန်တော့ ရေးကို သာမက ရေး၏အဖေ၊ ရေး၏ အစ်ကိုတို့ နှင့် မိတ်ဆွေရင်းချာများ ဖြစ်ခဲ့လေသည်။
ရေး သည် စိတ်သဘောထားဖြူစင်သူ ဖြစ်သည်။
ရိုးသားဖြောင့်မတ် သူ ဖြစ်သည်။
ကိပ်ကော့နယ် တွင် ရေးကဲ့သို့ လူတော်လူကောင်း တစ်ယောက် လိုအပ်နေသည်မှာ အမှန်ဖြစ်သည်။
ပေါင်သင်း ဆက်ဆံရေးကောင်းသည်။
ပွဲစားကောင် တစ်ယောက်လည်းဖြစ်သည်။
ငွေမျက်နှာ တစ်ခုတည်း ကို ကြည့်နေသူ မဟုတ်။
ပွဲခ ရပြီးရော သဘောမျိုးဖြင့် လုပ်နေမဟုတ်။
ရောင်းသလည်းအကျိုးစေ၊ စိတ်ချမ်းသာစေ၊ ဝယ်သူလည်း အကျိုးရှိစေ၊ စိတ်ချမ်းသာစေ ဟူသော အခြေခံဖြင့် ပွဲစား လုပ်နေသူ ဖြစ်သည်။
ထို့ကြောင့် လည်း နယ်သူနယ်သားများကပါ သူ့ကို ခင်မင်ကြသည်။
ထိုသို့သော လူတစ်ယောက်၏ သားသမီးများ မဖြစ်သင့်တာဖြစ်မည်ဆိုလျှင် ဘယ်လောက် ရှက်စရာ ကောင်း လိုက် ပါသနည်းဟု သာစတန်တွေးကြည့်နေမိသည်။
နန်စီ ကိုလည်း သာစတန် ကောင်းကောင်းသိသည်။
ဟာမွန် နှင့် ရခဲ့သည့် ကလေးများကို သတ်ပစ်သည်ဟု စီရင်ချက်ချခြင်းခံခဲ့ရသည်။
သို့သော် လည်း သူစတန် ကတော့ နည်းနည်းကလေးမှ သံသယ မဖြစ်မိ။
နန်စီ သည် သူကိုယ်တိုင်မွေးထားသည့် သားရင်း သမီးရင်းများကို ထား၍ အခြားမည်သူ့ကိုမှ သတ် မည့် လူစားမျိုး မဟုတ်ကြောင်း သူ အတပ်သိနေသည်။
လူအများ မသိနိုင်သောကြောင့် တစ်ခုခု ရှိနေရမည်ဟု သူစတန်တွေးသည်။
စိတ်ကူးယဉ်ကျော မှာ သူ မျှောပါနေသည်။
ထိုအခိုက် အိမ်နောက်ဘက် သစ်တောထဲမှာ လှုပ်ရှားမှု တစ်ခုက သူ့အာရုံကို ဖမ်းဆွဲလိုက်သည်။
ရှေ့သို့ သူ ကိုင်းလိုက်သည်။
မျက်မှောင်ကုတ်ကြည့်လိုက်သည်။
မျက်လုံး များကို ကျဉ်းကြည့်လိုက်သည်။
တောအုပ်ထဲမှာ လူတစ်ယောက်ယောက်ရှိနေသည်။
တစ်နေရာ မှ တစ်နေရာသို့ ရွှေ့နေသည်။
ပုန်လျှိုး ကွယ်လျှိုး သွားနေသည်မှာ သေချာထင်ရှားသည်။
လူကောင်း တစ်ယာက် ဆိုလျှင် သည်လိုရာသီဥတုမျိုးတွင် သည်လိုတောအုပ်ထဲသို့ ရောက်လာ စရာ အကြောင်း မရှိ။
ဘယ်လို လူကောင်း ကမှ အရူးထမည်မဟုတ်။
နောက်ပြီးတော့ ယခုတလော ကိပ်ကော့နယ်တွင် ဓားပြတိုက်မှုတွေ ဖြစ်နေသည်။
အထူးသဖြင့် ယခု သူတို့ နေသည့် အပိုင်းတွင် ပို အဖြစ်များသည်။
သာစတန်က ဖုန်းကောက်ကိုင်သည်။
ခရိုင်ရဲဌာနချုပ် နံပါတ်လှည့်သည်။
ခရိုင်ရဲအရာရှိ ဂျက်ကော်ဖင် သည် သူ၏ မိတ်ဟောင်းဆွေဟောင်း ဖြစ်သည်။
သို့သော်လည်း ဂျက်သည် သူ့ရုံးတွင် ရှိချင်မှ ရှိမည်။
အဲလ်ဒရက်ခ်ျ ၏ ကလေးများ ပျောက်ဆုံးနေသောကြောင့် ထိုကစ္စနှင့် အပြင်သို့ ထွက်ချင်ထွက်နေ လိမ့်မည်။
ရဲဌာနချုပ်က ပြန်ထူးသည်။
"အေဒမ်ပို့ ရဲဌာနချုပ် က ရဲတပ်ကြပ်ကြီး ပိုလာစကား ပြော…."
သာစတန် က စိတ်မရှည်နိုင်ဘဲ ဖြတ်ပြောသည်။
"သာစတန်ဂစ်ဗင် စကားပြောနေတယ်၊ ငါ့အိမ်နောက်တောအုပ်ထဲမှာ မသင်္ကစရာ လူတစ်ယောက် တွေ့နေ လို့ ပင်လယ်ကမ်းခြေဆီကို သွားနေတယ်"
အခန်း (၂၈)
နန်စီ သည် ခုံတန်းလျားပေါ်မှာ ကိုယ်ကို မတ်မတ်ထားပြီး ထိုင်နေသည်။
ပြီးတော့ ရှေ့တည့်တည့်ကို မျက်တောင်မခတ် ငေးစိုက်ကြည့်နေသည်။
ရေးက မီးလင်းဖိုထဲမှာ မီးထည့်ပေးနေသည်။ ထင်းချောင်းကလေးများကို လောင်ကျွမ်းပြီးသော အခါ ထင်းတုံးကြီး ကို မီးကူးနေသည်။
ထင်းချောင်းကလေးများ
မနေ့က…
ဟုတ်ပါသည်။ မနေ့ကပဲ ဖြစ်ပါသည်။
ဘာမျှ မကြားသေးပါ။ မနေ့က ဟုတ်ပါရဲလား။
သူနှင့် မိုက်ကယ်သည် အိမ်ရှေ့မြက်ခင်းပေါ်သို့ ကျနေသည့် သစ်ရွက်များကို ထွန်ခြစ်နှင့် ရှင်းနေခဲ့ ကြ သည်။
"အခုရာသီ မှာ သစ်ရွက်ခြောက် ရှင်းတာဟာ ဒီတစ်ကြိမ်နောက်ဆုံး ဖြစ်မှာပဲ သားရေ၊ သစ်ပင်ပေါ်မှာ သစ်ရွက် တွေ ကုန်သလောက် ကြွေကုန်ကြပြီလေ"
နန်စီ က မိုက်ကယ်ကို ပြောခဲ့သည်။
မိုက်ကယ် က တည်ငြိမ်စွာ ခေါင်းညိတ်ပြခဲ့သည်။
ပြီတော့ ဘာမပြော ညာမပြောနှင့် သစ်ကိုင်းတစ်ကိုင်းကို သွားကောက်လာသည်။
သစ်ရွက်ကလေးများကို ချိုးသည်။
"ဒီကိုင်ငယ်ကလေး တွေက မီးဆိုက်လို့ကောင်းတယ် မာမီရ" ဟု လူကြီးကလေးကို ပြောသည်။
ထွန်ခြစ်ကို မြက်ခင်းပေါ်မှာ သူချထားခဲ့သည်။
ပက်လက်ဖြစ်နေသောကြောင့် ထွန်သွားများက မိုးပေါ်သို့ ထောင်နေသည်။
သို့သော်လည်း ကားလမ်းကလေးဆီမှ မစ်စီ ပြေလာသည်ကို တွေ့သောအခါ မိုက်ကယ်က ထွန်ခြစ်ကို ပြေးပြီး မှောက်လိုက်သည်။
နောက်ပြီးတော့ တောင်းပန်သည့် အပြုံလေးတစ်ခု ပြုံပြရင်းပြောသည်။
"ထွန်ခြစ်ကို ပက်လက်ထားရင် အန္တရာယ်ဖြစ်တတ်တယ်လို့ ဒယ်ဒီက အမြဲပြောတယ်"
မိုက်ကယ် သည် မစ်စီ ကို အလွန်စောင့်ရှောက်သူ ဖြစ်သည်။
စိတ်ကောင်း အလွန်ရှိသည်။
ရေး နှင့် အရာရာမှာ တူသည်။
အကောင်းဘက်က လှည့်တွေးကြည့်လျှင် မိုက်ကယ်သည် မစ်စီနှင့် အတူ ရှိနေသဖြင့် တော်သေး သည်ဟု နန်စီ တွေးမိလေသည်။
ထိုသို့ တွေးမိသောအခါ တကယ်လည်း စိတ်သက်သာမှု အထိုက်အလျောက် ရလေသည်။
မည်သို့သော အခြေအနေမျိုးမှာမဆို သူ့ညီမလေးကို သူတတ်စွမ်းမျှ စောင့်ရှောက်မည်မှာ သေချာသည်။
မိုက်ကယ် သည် သတိကောင်းသော ကလေးတစ်ယောက်လည်း ဖြစ်သည်။
ထို့ကြောင့် မစ်စီ အအေးမမိနိုင်အောင် အင်္ကျီကြယ်သီးများလုံလုံခြုံခြုံ တပ်ပေးထားမှာလည်း သေချာ ပါသည်။
သေချာ…..
"ဘုရားသခင်…"
တွေးနေရင်း တန်းလန်း ယောင်ပြီး ဘုရားတလိုက်မိသည်။
သူ့အသံအကျယ်ကြီး ထွက်သွားသည်ကို သူကိုယ်တိုင်မသိလိုက်။
ရေး က အထိတ်တလန့် မော့ကြည့်သည်။
ကုလားထိုင်ကြီးကြီးတစ်လုံးပေါ်မှာ သူထိုင်နေသည်။
သူ့စိတ်ကို သူ အရမ်း ထိန်းထားသည့် အမူအရာပေါ်နေသည်။
နဖူးကြောကြီး များ ထောင်ထနေသည်ကို အထင်အရှား မြင်နေရသည်။
မိမိအား ကိုင်တွယ်ပွတ်သပ်ခြင်းကို ယခုအချိန်တွင် မိမိမလိုလားကြောင်း ရေးသိနေသည်ကိုလည်း နန်စီ အကဲခတ် မိနေသည်။
ကြုံတွေ့နေရသည်များကို အရှိအတိုင်း လက်ခံနိုင်ရန် နန်စီ ကြိုးစားနေသည်။
ကလေးတွေ သေသွားပြီ ဆိုခြင်းကို မယုံကြည်ရ။
ဘယ်နည်းနှင့်မှ မသေနိုင်။
သို့သော်လည်း သူတို့ တစ်ခုခုမဖြစ်ခင် ပြန်တွေ့မှ ဖြစ်တော့မည်ကို နန်စီစိတ်ထဲက ပြောနေမိ သည်။
ဒေါ်ရော်သီကလည်း နန်စီကို အကဲခတ်ကြည့်နေသည်။
ဒေါ်ရော်သီ ကြည့်နေရင်းမှ ပင် မိနစ်ပိုင် နာရီပိုင်း အတွင်း အရမ်းအိုစာသွားသည်။
သတိလက်လွတ်လည်း ဖြစ်နေသည်။
ဒေါ်ရော်သီသည် ကလေးများ ၏ ခေါင်းကိုင် ဘွားအေ ဖြစ်လို့နေသည်။
သို့သော် နန်စီက လက်မခံ။
ကားမှောက်ပြီး သေသွာသည့် သူ့အမေ နေရာတွင် မည်သူ့ကိုမှ အစားမထိုးနိုင်။
ကလေးများကိုလည်း တခြားဘွားအေ အစားမပေးနိုင်။
ယနေ့တော့ ဒေါ်ရော်သီသည် မိမိတို့ အပေါ်တွင် အဘယ်မျှ သံယောဇဉ်ကြီးကြောင်း နန်စီလက် တွေ့ သိရ လေတော့သည်။ သည်လိုဆိုတော့လည်း ဒေါ်ရော်သီအပေါ် ခပ်တန်းတန်းနေခဲ့မိသည် များကို ပြန်တွေးပြီး စိတ်မကောင်း ဖြစ်မိပြန်လေသည်။
"ငါ့မှာ အတ္တစိတ်တွေ တယ်များပါလား" ဟု နန်စီက တွေးသည်။
အမှန်တော့ ဒေါ်ရော်သီ မှာ အထီးကျန်ဖြစ်နေသည်။
ထို့ကြောင့် အဖော်လိုသည်.။
မိုက်ကယ်နှင့် မစ်စီ ကို သူ့မြေးလေးတွေလို သဘောထားပြီး ချစ်လိုသည်။
သို့သော် နန်စီက ခွင့်မပြုခဲ့။
"ငါဟာ ဘယ်လောက် တစ်ကိုယ်ကောင်းဆန်လိုက်ပါသလဲ" ဟု ဆက်ပြီး စဉ်းစားမိပြန်သည်။
ယခု ကိုယ်ဒုက္ခရောက်သော အခါ ကိုယ်စိတ်ပြေရာ ပြေရာ ပြေကြောင်း ဖျောင်းဖျဖို့လိုသော အခါ ဒေါ်ရော်သီ သည် အနားမှ တစ်ဖဝါး မခွာဘဲ ရှိနေလေသည်။
နန်စီမှာ ထိုအကြောင်း စဉ်းစားရင်း ပို၍ စိတ်ထိခိုက်လာသည်။
"ရော့လဂ္ဂလာ၊ မနက်တုန်းက ရေကန်နားမှာ ရော့လဂ္ဂလာကို ကျွန်မတွေ့လိုက်တယ်လို့ ပြောမိတယ်နော်"
နန်စီက ပြောသည်။
"ဟုတ်တယ်"
ရေးက ပြန်ဖြေသည်။
"ကျွန်မ အိပ်မက်မက်နေတာများလားဟင်၊ သူ့ကို ကျွန်မမြင်ခဲ့တယ်လို့ ပြောတာ ဒေါက်တာက ယုံ ကြည်ရဲ့ လား၊ ကျွန်မ အမှန်တွေကို ပြောနေတယ်လို့ ဆရာဝန်က ယုံကြည်ရဲ့လား"
ရေးစဉ်းစားသည်.။ ပြီးတော့ မှန်သည့်အတိုင်း ပြောလိုက်ဖို့ ဆုံးဖြတ်သည်။
နန်စီ၏ စိတ်ဓာတ်ပြန်လည်ခိုင်မာလာစပြုပြီး ခွန်အားတွေ ပြန်လည်ရရှိလာစပြုပြီ။
အမှန်တရား ကို လက်ခံလာနိုင်စွမ်းရှိပြီ။
ယခု ပြောနေသည့် စကားများသည် တိုက်ရိုက်ကျသော စကားများဖြစ်သည်။
သွယ်ဝိုက် ပြောမနေတော့။
"ရာခိုင်နှုန်းပြည့် မှန်ကန်တဲ့စကားတေါကို မင်းပြောနေတယ် လို့ ဆရာဝန် လက်ခံတယ်လို့ ကိုယ် ယုံ ကြည်တယ်။ နောက်ပြီးတော့ နန်းစီ မင်းတစ်ခုသိထားဖို့က လဂ္ဂလာကို ကိုယ်တို့ အိမ်နားတစ် ဝိုက်မှာ မနေ့ညကရော ဒီနေ့မနက်ကပါ တွေ့လိုက်ကြရတယ်။"
"ရော့လဂ္ဂလာဟာ ကလေးတွေ ဒဏ်ရာ အနာတရာဖြစ်အောင်တော့ လုပ်မှာ မဟုတ်ပါဘူး"
ခံစားချက် ကင်းမဲ့သော လေသံဖြင့် နန်စီက ပြောသည်။
ထိုအကြောင်း ကြောင့်လည်း သူ စိတ်သက်သာရာ အထိုက်အလျောက်ရလာခြင်း ဖြစ်သည်။
"ကလေးတွေကို သူခေါ်သွားတာ ဆိုရင် ကလေးတွေနဲ့ ပတ်သက်ပြီး သူ တာဝန်ယူတယ်ဆိုရင် ကလေး တွေ နာကျင်အောင် သူ ဘယ်နည်း နဲ့မှ လုပ်မှာ မဟုတ်ဘူး။ ကျွန်မသိတယ်"
အခန်းထဲ သို့ လင်ဒန်ပြန်ရောက်လာသည်။ သူ့နောက်မှ ဂျိုနသန်ကပ်ပါလာသည်။
ဂျိုနသန်က ဒေါ်ရော်သီးကို ပထမဆုံး အလိုလိုလှမ်းကြည့်မိလိုက်ကြောင်း သူ့ဘာသာသူ သတိထားမိသည်။
ဒေါ်ရော်သီက လက်နှစ်ဘက်စလုံးကို ကုတ်အင်္ကျီအိတ်ထဲသို့ နှိုက်ထားသည်။
ချမ်နေသောကြောင့် လက်သီးများ ဆုပ်ထားမည်ဖြစ်ကြောင်း ဂျိုနသန် ခန့်မှန်းကြည့်မိပါသည်။
ဒေါ်ရော်သီကို ဂျိုနသန် အလွန်သဘောကျပါသည်။
အင်မတန် တည်ငြိမ်ပြီး နေရာတကာတွင် တိကျသော အမျိုးသမီးကြီးတစ်ယောက်ဖြစ်လေသည်။
ရေးက လှမ်းမေးလိုက်သောကြောင့် ဂျိုနသန်၏ စိတ်ကူးများ ပျက်သွားလေသည်။
"တယ်လီဖုန်းက ဘာတဲ့လဲဟင်"
"ဂျက်ကောဖင် အပြင်ထွက်သွားတယ်"
ဂျိုနသန် က ဆင့်ဝှေ့ရန်ရှောင် ဖြေသည်။
"ရပါတယ် ပြောပါ။ ဒီနားတစ်ဝိုက်မှာ ရော့လဂ္ဂလာကို တွေ့ထားကြောင်းနန်စီ သိပြီးပါပြီ"
ရေးက ရှင်းပြသည်.။
"ဟုတ်တယ် အဲဒီကိစ္စနဲ့ ဂျက်ကော်ဖင် အပြင် ထွက်သွားတာ လဂ္ဂလာက သူခိုးပြီး မောင်းသွားတဲ့ ကားကို အဝေးပြေးလမ်းမကြီးပေါ်မှာ ထားပစ်ခဲ့ပြီး လူချည်း လက်လွတ်ထွက်ပြေးသွားတယ်၊ ဒါပေမယ့် ဒါလောက် တောင် ရာသီဥတု ဆိုးနေတာ သူ ဝေးဝေးပြေးနိုင်မှာ မဟုတ်ပါဘူး"
"ဘယ်လိုနေသေးလဲ နန်စီ"
လင်ဒန်က နန်စီ ကို မေးရင်း အနားကပ်ပြီး အကဲခတ်ကြည့်သည်။
နန်စီ သည် သူ မျှော်လင့်ထားသည်ထက် ပို၍ တည်ငြိမ်နေသည်ကို တွေ့ရသည်။
"ကျွန်မ နေကောင်းပါတယ်ရှင်၊ ကားလ် အကြောင်းတွေ ကျွန်မ အများကြီး ပြောပစ်လိုက်မိတယ် နော် "
"ဟုတ်ကဲ့ "
"ကျွန်မ သတိပြန်ရဖို့ ကြိုးစားနေတာ တစ်ခုရှိတယ်၊ သိပ်အရေးကြီးတယ်။ ရှင့်ကို ပြောပြချင်နေ တာ ဒါပေမယ့် ဘယ်လိုမှ မှတ်မိအောင် ကြိုးစားလို့မရဘူး"
လင်ဒန် က ပုံမှန်အသံမျိုး ဖြစ်အောင် ကြိုးစားပြောသည်။.
"တစ်လျှောက်လုံး မင်းပြောနေတာက ကျွန်မ မယုံကြည်နိုင်ဘူး ကျွန်မ မယုံကြည်နိုင်ဘူး ဆိုတဲ့ စကားလုံးပဲ အဲဒီစကားကိုပဲ ထပ်ခါတလဲလဲ ပြောနေတယ် ဘာကြောင့် ဒီစကားကိုချည်း ပြောနေ တယ်ဆိုတာ မင်းကိုယ်မင်း သိနိုင်မလား"
နန်စီ ခေါင်းခါသည်။
"မသိပါဘူး…"
နန်စီက ထိုင်ရာမှထပြီး ပင်ပန်းနွယ်နယ်စွာဖြင့် ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။
"အပြင်မှာ အရမ်းမှောင်နေပြီနော်၊ တစ်ခုခုကို တွေ့ဖို့ တစ်ယောက်ယောက်ကို တွေ့ဖို့ဆိုတာ မလွယ်နိုင် တော့ဘူး"
အပြင် သို့ လှမ်းကြည့်ရင်း နန်စီက ပြောသည်။
လိုအပ်သည်များကို စဉ်းစားနိုင်ရန် သူ့ခေါင်းကို ကြည်ကြည်လင်လင် ရှိစေချင်သည်။
သူ့ကိုယ်သူ ငုံ့ကြည့်သည်။
အိမ်နေရင်း ဝတ်သည့် သိုးမွေးအင်္ကျီပွကြီးကို ဝတ်ထားဆဲ ဖြစ်ကြောင်း ယခုမှ သတိပြုမိသည်။
"ကျွန်မ အဝတ်သွားလဲလိုက်ဦးမယ် ကျွန်မ အဝတ်လဲချင်နေတယ်"
နန်စီ က ခပ်ဖြည်းဖြည်း ပြောသည်။
"မင်း နဲ့အတူ….."
ဒေါ်ရော်သီက စကားမဆုံးမီ သူ့နှုတ်ခမ်းကို သူ ကမန်းကတန်း ပြန်ကိုက်ပြီး ဘရိတ်အုပ်လိုက် သည်။
နန်စီ အပေါ်ထပ်တက်ရာတွင် မိမိပါ လိုက်ခဲ့ရမလားဟု သူ မေးလိုရင်းဖြစ်သည်။
"နေပါစေရှင် ကျွန်မဘာမှ မဖြစ်ပါဘူး…"
နန်စီက ပျော့ပျောင်းသည့်လေသံဖြင့် သိမ်သိမ်မွေ့မွေ့ ပြန်ပြောသည်။
ရောလဂ္ဂလာ ကို သူတို့ ဖမ်းကြသောအခါ သူ အဝတ်အစားလဲ ထားပြီးသား ဖြစ်နေချင်သည်။.
လဂ္ဂလာ ကို သူတို့ ဘယ်အရပ်သို့ပင် ခေါ်သွားပါစေ၊ ဖြစ်သည့်နည်းဖြင့်လိုက်ပြီး သူ တွေ့ချင်နေ သည်။
ရောလဂ္ဂလာ နှင့် တွေ့လျှင်--
"ရော့ ကျွန်မကလေးတွေ ဒဏ်ရာအနာတရ ဖြစ်အောင် လုပ်မှာ မဟုတ်ပါဘူးဆိုတာ ကျွန်မသိပါတယ်၊ ရှင် ပိုက်ဆံလိုချင်သလား၊ ရှင်ဘာလိုချင်သလဲ၊ သားနဲ့သမီး ဘယ်မှာရှိတယ် ဆိုတာ ကျွန်မကို ပြောပါ၊ ရှင် လိုချင်တာ ဘာမဆို ကျွန်မတို့ ပေးပါ့မယ်" ဟူသော စကားကို သူ ပြောချင်နေသည်။
ထို့ကြောင့် အဆင့်သင့် ဖြစ်အောင် ကြိုတင် အဝတ်အစားလဲထားရပေမည်။
အပေါ်ထပ် သူတို့အိပ်ခန်းထဲ ရောက်တော့ ကိုယ်ပေါ်မှ အဝတ်အစားများကို ချွတ်ချလိုက်သည်။
ပုံမှန်အတိုင်း ဆိုလျှင် ဗီရိုဆီသို့ လျှောက်သွားမည်။
ချွတ်လိုက်သည့် အဝတ်အစားများကို ဗီရိုထဲမှာ ချိတ်မည်။
သို့သော်လည်း ယခုအကြိမ်တွင် ထိုသို့ မလုပ်ဖြစ်။
သူ့ခေါင်းထဲ မှာ ပေါ့ပါးနေသည်။
အုတ်နံရံ ကို ခေါင်းမှီလိုက်သည်။
အုတ်နံရံ၏ အေးစက်သော အတွေ့ကို ခံစားလိုက်ရသည်။
အိပ်ခန်းတံခါး ပွင့်သွားသည်။
ရေး၏ ငိုသံပါကြီး နှင့် ခေါ်သံကိုပါ ဆက်တိုက် ကြားရသည်။
"နန်စီ……"
ရေးက သူ့ဆီသို့ ခပ်သုပ်သုပ် လျှောက်လာသည်။
အသံထဲတွင် စိုးရိမ်ထိတ်လန့်သည့် အသံပါ ရောပါနေကြောင်း နန်စီ သတိထားမိသည်။
သူ့ဘက် သို့ လှည့်ကြည့်လိုက်သည်။
ရေးက လက်နှစ်ဘက်နှင့် သူ့ကိုယ်လုံးကို သိုင်းဖက်သည်။
ရေးကိုယ်ပေါ်မှ အဝတ်များ၏ ပူနွေးမှုကို ခံစားရသည်။
"ကျွန်မ ဘာမှ မဖြစ်ပါဘူး၊ တကယ်ပြောတာပါ"
နန်စီ က တည်ငြိမ်စွာ ပြန်ပြောသည်။
"နန်စီ…"
ရေးက နန်စီ၏ မျက်နှာကို ဆွဲမော့ယူသည်။
ပြီးတော့ နန်စီ ၏ နှုတ်ခမ်းပေါ်သို့ သူ့နှုတ်ခမ်းများက ကျလာသည်။
နန်စီ ကလည်း သူ့ကိုယ်လုံးကလေးကို ရေးနှင့် တအားပူးကပ်ထားလိုက်သည်။
သူတို့နှစ်ယောက်စပြီး တွေ့ကြတုန်းကနှင့် တစ်ပုံစံတည်း တူညီနေပါသည်။
နန်စီ ၏ အိမ်သို့ ရေး ညစာလာစားသည်။
ပြီတော့ မော့ရှော့ရေကန်ကြီးဆီသို့ နှစ်ယောက်လမ်းလျှောက် သွားကြသည်။
ထိုနေ့ညတုန်းကလည်း ရာသီဥတု အေးနေသည်။
သူတို့ နှစ်ယောက်စလုံး ချမ်းနေသည်။
ရေး က သူ ကုတ်အင်္ကျီရင်ဘတ်ကို ဖွင့်ပေးသည်။
ပြီးတော့ သူ ရယ်ကာ ထိုအထဲသို့ နန်စီကို ဆွဲသွင်းသည်။
ဖွင့်ထားသော ကုတ်အင်္ကျီကို နန်စီ ၏ ကိုယ်ပေါ်သို့ပါ ဖုံးပြီးပြန်စေ့လိုက်သည်။
သူတို့နှစ်ယောက် တစ်သားတည်း ဖြစ်သွားကြသည်။
ပြီးတော့ ပထမဆုံးအကြိမ်အဖြစ် နန်စီကို သူနမ်းသည်။
ဘယ်လိုမှ ရှောင်တိမ်း၍ ရနိုင်မည် မဟုတ်သော အနမ်းဖြစ်ကြောင်း နန်စီက သိထားသည်။
နန်စီ ကလည်း အနမ်းခံချင်ပါသည်။
အရမ်းကို အနမ်းခံချင်နေခြင်း ဖြစ်သည်။
ယခုမှ မဟုတ်ပါ။ ရေးနှင့် စတွေ့သည့် အချိန်ကတည်းက သူနမ်းသည်ကို ခံယူလိုခဲ့ခြင်း ဖြစ်ပါ သည်။
ကားလ် နှင့် ကျတော့ သည်လိုမဟုတ်ပါ။ လားလ်နမ်းသည်ကို သူ မခံလိုပါ။
ထိုကြောင့် ပြစ်မှုတစ်ခုခု ကို ကျူးလွန်ထားမိသလို စိတ်ထဲမှာ ခံစားခဲ့ရလေသည်။
လီဇာ မွေးပြီးတော့ ကားလ်ကလည်း သူ့ကို မနမ်းတော့ပါ။ လင်မယားလို မဆက်ဆံတော့ပါ။
ဘာကြောင့်လဲ… မိမိမှာ အပြစ်တစ်ခုခုရှိနေပြီလား ဟု နန်စီ အမြဲတမ်းတွေးကြည်နေခဲ့ပါသည်။
"ချစ်တယ်…."
ထိုစကား ကို နန်စီ ပြောလိုက်မိသည်။ ထိုစကားကို ရေး ကြားလောက်ရုံ တိုးတိုးကလေး အကြိမ် ကြိမ် ပြောခဲ့ဖူး ပါသည်။
အိပ်ပျော်နေသည့် အခါများမှာပင် မနားတမ်းသူ ပြောဖူးခဲ့ပါသည်။
ယခု တစ်ကြိမ်တွင် သူ့နှုတ်ဖျား မှ ထိုစကားထွက်သွားခြင်းကို သူ ကိုယ်တိုင်ပင် မသိလိုက်ပါ။
"ကိုယ်ကလဲ မင်းကို ချစ်ပါတယ် နန်စီ၊ ကိုယ်ဟာ မင်းအတွက် သိပ်ကို ဆိုးခဲ့ပေလိမ့်မယ်၊ မင်းအ ပေါ်မှာ ကိုယ် နားလည်တယ်လို့ ထင်ခဲ့တယ်၊ အမှန်ကတော့ ကိုယ်နားမလည်ခဲ့ဘူး"
"ရေး သားနဲသမီး ကို ကျွန်မတို့ ပြန်ရမှာလားဟင်.. "
နန်စီ၏ အသံ တုန်ယင် လှုပ်ရှားနေသည်။ ပြီးတော့ တစ်ကိုယ်လုံးလည်း စတင် တုန်ယင်လာ ကြောင်း စိတ်ထဲ မှာ ခံစားလာရသည်။
ရေးက တင်းတင်းကြီး ဖက်လိုက်သည်။
"ကိုယ်မသိဘူးအချစ်ရယ် ကိုယ်မသိတော့ဘူး၊ ဒါပေမယ့် တစ်ခုတော့ အမြဲသတိရပါ၊ ကလေးတွေ ဘာပဲ ဖြစ်သွား ဖြစ်သွား ကိုယ်တို့နှစ်ယောက် အတူတူ ရှိနေတယ်ဆိုတာလေးတော့ အမြဲတမ်း သိထားပါ။ ကိုယ် တို့ တစ်ယောက်ကိုတစ်ယောက် ပိုင်ဆိုင်နေကြသေးတာပဲ။ ဘာတစ်ခုမှ ပြောင်း လဲမသွားနိုင်ပါဘူး၊ သူတို့ အခုပဲ ဂျက်ကောဖင် ကို လာခေါ်သွားကြတယ်။
ရော့လဂ္ဂလာ ကို သူတို့ ဖမ်းမိကြပြီ၊ ရဲစခန်း ရောက်နေပြီ ဒေါက်တာမိုင်လ်လဲ သူတို့နဲ့ လိုက်သွား တယ်၊ ဂျိုနသန် နဲ့ ကိုယ်လဲ ထပ်လိုက်သွားကြတော့မလို့"
"ကျွန်မလဲ လိုက်ချင်တယ်၊ သူ ကျွန်မကို ပြောချင်ပြောမှာ----"
"မင်းလိုက် လို့ မဖြစ်ဘူး၊ ဂျိုနသန်က စိတ်ကူးတစ်ခု ရတယ်။ သူ့စိတ်ကူးက အလုပ်ဖြစ်ချင်ဖြစ်နိုင် တယ်၊ စမ်းကြည့် ရမှာပဲ ရော့မှာ ကြံရာပါ တစ်ယောက်ရှိချင်ရှိနေလိမ့်မယ် ကလေးတွေဟာ အဲဒီကြံ ရာပါရဲ့ လက်ထဲမှာ ရှိနိုင်တယ်၊ ဘာကြောင့်လဲဆိုတော့ အရင်အမှုတုန်းကလည်း သူ ပတ်သက်နေခဲ့ ဖူးတယ် မဟုတ်လား"
"ရေး……"
မိမိ၏ အသံထဲမှာ စိုးရိမ်ထိတ်လန့်မှုများ ပါသွားကြောင်း နန်စီ သတိထားမိသည်၊
"နေခဲ့ပါ အချစ်ရယ် ခဏလေးပါ၊ ရေပန်နဲ့ ရေနွေးနွေးလေးချိုးလိုက် ပြီးတော့ အဝတ်အစား နဲ့ မင်း အတူတူ ဒေါ်ရော်သီ နေခဲ့လိမ့်မယ်၊ မင်းစားဖို့ ဆင်းဒဝစ် တွေ သူ လုပ်နေတယ်၊ အခုလောက်ဆိုရင် ပြီး နေရောပေါ့၊ ကိစ္စပြီးတာနဲ့ ချက်ချင်း ကိုယ်ပြန်ခဲ့မယ်နော်"
ရေးက မျက်နှာ ကို နန်စီ၏ ဆံပင်များကြားမှာ ခဏကြာအောင် မြှပ်ထားလိုက်သေးသည်။ ပြီးတော့ သူ ထွက်ခွာ သွား တော့သည်။
နန်စီ သည် စက်ရုပ်တစ်ရုပ်လို ရေချိုးခန်းဆီသို့ လျှောက်သွားသည်။ ရေပန်းခလုတ်ကို ဖွင့်လိုက် သည်။
ပြီးတော့ မျက်နှာသစ် ကြွေဇလုံအထက်မှ မှန်ထဲသို့လှမ်းကြည့်သည်။ သွေးရောင်ကင်းမဲ့ပြီး ချောင် ကျနေသည့် သူ၏ မျက်နှာ က သူ့ကို ပြန်ကြည့်နေသည်ကို တွေ့ရသည်။
မျက်လုံး များမှာလည်း လွမ်းရိပ် ဆွေးရိပ်များဖြင့် ညို့မှိုင်းနေလေသည်။
ထိုရုပ်သည် ကားလ်နှင့် အတူတူနေခဲ့ရသည့်ကာလများတုန်းက ရုပ်မျိုးဖြစ်သည်။
သူ ချက်ချင်း ပြန်လှည့်လိုက်သည်။ ဆံပင်ထုံးသည်။ ရေပန်း အောက်သို့ ဝင်ရပ်သည်။
ရေပန်းမှ ထွက်လာသည့် ပူနွေးသော ရေပန်းပွားများက သူ့ကိုယ်လုံးကို လာရောက် တိုက်ခိုက်ကြ သည်။ တင်း နေသည့် အကြောများ လျော့သွားအောင် ငြိမ်နေလိုက်သည်။ စိတ်ကိုလည်း လျှော့ ထားသည်။
ရေပန်း နှင့် ရေချိုးရသည်ကို သူ သဘောကျသည်။
ရေချိုးကြွေဇလုံနှင့် ရေမချိုးသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လှချေပြီ။ ကားလ်နှင့် ပေါင်းသင်းနေ စဉ် ကတည်းက ဖြစ်သည်။
ထိုအကြောင်း ကို သူ သတိမရတော့သည်မှာ ကြာပြီ။ နှစ်ပေါင်းများစွာ ကြာပါပြီ။ ယခုမှ ကြွေဇလုံ နှင့် ရေချိုးခြင်း ကို ပြန်သတိရလိုက်မိခြင်းဖြစ်လေသည်။
ကားလ် နှင့် သူ အကြောင်းပါနေစဉ်က ရေချိုးကြွေဇလုံထဲမှာ သူတို့နှစ်ယောက်စ ရင်း ကြွေဇလုံထဲ မှာ ကားလ်၏ မျက်နှာ မြှပ်သွားဖူးသည်။
ကားလ် အကြောက်လွန်ပြီး ခေါင်းကို ရုတ်တရက် ပြန်မဖော်နိုင်။ ခဏကြာမှ ပြန်ဖော်နိုင်သည်။ သူ ရေ အနည်းငယ် မွန်းသွားသည်။
ပြီးတော့ နန်စီ ကို သူ အရမ်းစိတ်ဆိုးသည်။
စိတ်ဆိုသည်ဆိုခြင်းထက် ကြောက်သွားသည် ဆိုခြင်းက ပိုမှန်ကန်ပါလိမ့်မည်။
ကြွေဇလုံထဲမှာ ဘယ်လိုလုပ် ရေနစ်နိုင်ပါမည်နည်း။ သို့သော်လည်း ကားလ် အရမ်းကြောက်နေ သည်။
ထိုအဖြစ် ကို တရေးရေး ပြန်လည် မြင်ယောင်လာသည်။ သေသေချာချာ စဉ်းစားရင်း ပို၍ ထင်ထင် ရှားရှား သတိရ လာသည်။
ဟုတ်ပြီ။
နန်စီ ပြန်သတိရဖို့ ကြိုးစားနေခြင်းသည် ထိုအချက်ဖြစ်သည်။
ကားလ် သည် ရေကို အရမ်းကြောက်သည်။ သို့သော်လည်း သူရေကြောက်သည့် အကြောင်းကို ဖုံး ကွယ်ထားသည်။
ရေ ကြောက်သူက ဘာကြောင့် ရေထဲမှာ ဆင်းသေပစ်ရသနည်း။
အိုး.. ဘုရားသခင်…..
နန်စီ၏ကိုယ်လုံးယိုင်သွားသည်။ တဖြည်းဖြည်း သူ ပျော့ကျသွားသည်။ ရင်ထဲမှာ လိပ်တက်လာ သည်။ ရေပန်း ၏ အပြင်သို့ရောက်အောင် ကြိုးစားထွက်သည်။
အရမ်း အန်ချင် လာသည်။ မိနစ်တော်တော်များများ ကုန်ဆုံးသွားသည်။
ထိုးအန်ပစ်သည်။
ဆက်တိုက်အန်သည်။
အိမ်သာကမုတ်ကို အားပြု ဖက်ထားရသည်။
နောက်ဆုံးတွင် အအန်ရပ်သွားသည်။ တစ်ကိုယ်လုံး အေးစက်လာသည်။
ဆက်ရန်
.
1 comment:
ညီမရေ ဒီကနေ့မှ အကြွေးတွေ လာစုရှင်းသွားရတယ်။ ကျေးဇူးပါကွယ်။ ဆက်ရန်လေးကိုမျှော်နေမယ်။
စိတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment