Sunday, August 28, 2011

ဖိုးကျော့ ၏ သမုဒယ ဤပင်လယ် အပိုင်း (၂၃)

၎။

အစ်ကိုကြီးတို့များ ရက်စက်လိုက်တာ၊ ငါနဲ့ မေသူနဲ့ ချစ်နေကြမှန်းသိလို့ ငါ့ကိုလည်း အသိမပေး၊ မေသူ့ ကိုလည်း တိတိကျကျမပြော၊ ဒီကြားထဲ ငါ့တို့ထွက်ပြေးကြမှာစိုးလို့ တမင် ဖုံးကွယ်ထားတာ၊ လူကြီးတွေ ကိုတော့ သူ အားလုံးပြောထားပြီးပြီ၊ လုပ်ပေါ့ဗျာ၊ ကြည့်ကြသေးတာပေါ့၊ မနက်ဖြန် ကျုပ်က မေသူကို ရအောင် ခိုးပြေးမယ်၊ မေသူနဲ့လည်း ချိန်းထားပြီးပြီ၊ ခင်ဗျား ဘာတတ်နိုင်မှာလဲ၊ မေသူ့ကို ခင်ဗျားပဲ့ချိတ်နဲ့ ကို ခိုးပြေးမှာ၊ တော်တော် ရက်စက်တဲ့မြိတ်သားကြီး၊ တက္ကသိုလ်ကျောင်း ထွက် ပညာတတ်ပီပီ အကြံ အစည်က ပိရိလိုက်တာ၊ ငါတို့ ငယ်ငယ်က ချစ်လာခဲ့ကြတယ်ဆိုတာ သိလျက်နဲ့ ကြံစည်ရက်တယ်။

ဒီရွာမှာ ဒီလောက် အကြာကြီးနေတာ မေသူနဲ့ငါ မုန်တိုင်းကြီးပြီးတဲ့ နှစ်ကပင် ချစ်လာကြတယ်ဆိုတာ သိလျက်နဲ့ ကြံရက်တယ်၊ သူ့သမီးလောက် အရွယ်ကိုများ ယူမ လို့တဲ့၊ ငါတို့ရွာက လူကြီးတွေကလည်း မကောင်းပါဘူး၊ မတော်ပါဘူး၊ မသင့်ပါဘူး၊ တစ်ယောက်မှ မတားကြဘူး၊ ကိုထွန်းသောင်က သမီး အရွယ် လေး ယူမယ်ဆိုတာ ပျော်တောင် ပျော်နေကြသေး တယ်၊ အမေက အစပျော်နေတယ်၊

သူ့အဖေ တရုတ်ကြီးကိုယ်တိုင်က သူ ထူထူထောင်ထောင် ရှိ တုန်း ပေးစားချင်တယ်တဲ့၊ မျက်စိမမှိတ်ခင် သူ့သမီးကို စိတ်ချသွားစေချင်တယ်တဲ့၊ ပြောတတ်လိုက် တာ၊ ကက်ဆက်ထဲက ဇာတ်လမ်းကျနေတာပဲ၊ ကက်ဆက် ဇာတ်လမ်းတွေဟာ တကယ်များလား၊ တကယ်ထင်ပါရဲ့၊ တောက်... ပြောတဲ့လူက ပြောတာပဲ ထားပါဦး၊ လက်ခံတဲ့လူက သူ့အဖေပြော တိုင်း လက်ခံရမှာလား၊ သူလည်း ကြိုက်နေလို့ လက်ခံတာပဲ နေမှာပေါ့၊ ကိုယ့်အသက်အရွယ်မှ မထောက်၊ သမီးလောက်အရွယ်ကို ယူမယ်တဲ့၊ ခွေးကျင့် ခွေးကြံကြံတာ၊ ခွေးတွေသာ သီတင်း ကျွတ်ကပေါက်တဲ့ သမီးကို နောက်တစ်နှစ် တော်သလင်းလမှာ ပြန်မယားလုပ်တာ၊ ခွေး... ခွေးကြီး၊ ပြောတော့ မင်းနဲ့ ငါနဲ့ အသက်ပေးချစ်ကြတဲ့ ညီအစ်ကိုတဲ့၊ သစ္စာရေသောက်ပြီး တစ်ယောက် အသက် တစ်ယောက် အသက်ပေး ကာကွယ်တမ်းတဲ့၊ တကယ်ကျတော့ ရည်းစားတောင် လုယူတဲ့ လူ၊ ထွီ... ထွီ...။

"ဟင် အောင်တိုင် တထွီထွီနဲ့၊ ဒီကောင် နမော်နမဲ့ ချေးနင်းလာပြီနဲ့ တူတယ်၊ လာတာကိုက လမ်း မဟုတ်တဲ့ နေရာကကိုးကွ"
"ဘယ်ကာဝမ်းကျလည်း မသိဘူးကွ၊ ချုံထဲတောင် မ၀င်နိုင်ဘူး၊ လမ်းဘေးနား ပါထားတာ"
သူ့စကားကို တကယ်ထင်သော ဗထိုက ရယ်လေသည်။
"မင်း ရှာရှာဖွေဖွေ သွားစားတာ"
"ငါပါးချလို့"
"ဟဲ ... ဟဲ ..."

သူ့ခြေလှမ်းသည် မေသူတို့အိမ်ဘက် ပြန်လှည့်လိုက်၏။ ပြန်တွေးကြည့်တော့လည်း ရင်ထဲ မကောင်း။ ခါတိုင်း အစ်ကိုကြီး အိမ်ရှေ့ ရောက်ပြီးဆိုလျှင် အကာလိကော အချိန်မရွေး အစ်ကိုကြီး အိမ်ဘက်ကို လှည့်ကြည့်တတ်၏။ အခုတော့ အစ်ကိုကြီး မျက်နှာကိုပင် မကြည့်ချင်တော့။ အစ်ကို ကြီးကို ကြည်ညိုခဲ့ လေးစားခဲ့၊ အထင်ကြီးခဲ့၊ ချစ်ခင် တွယ်တာခဲ့ရသော စိတ်တို့သည် ဘယ်ဆီ ရောက်သွားပါလိမ့်ဟု သူ တွေးသည်။
"ဟဲ့ကောင် ဖြည်းဖြည်းသွားပါကွ၊ ငါလည်း မေသူ့ဆိုင် သွားတာပဲ၊ ဒါနဲ့ နေပါဦး၊ မေသူနဲ့ အစ်ကိုကြီး သန်ဘက်ခါ ယူကြတော့မယ်ဆိုကွ"
သူ နောက်သို့ လှည့်မကြည့်ဝံ့။ သူ့မျက်နှာ ပျက်နေသည်ကို ဗထို သိသွားမှာ သူကြောက်နေ၏။

"မင်း ဘယ်သူ ပြောလဲ" ဟု ပြန်မကြည့်ဘဲ မေးလိုက်၏။
"အဖေ့ကို လာဖိတ်ထားတယ်လို့ ပြောတယ်"
သူ သက်ပြင်း ရှိုက်လိုက်၏။
"ဟုတ်တယ်ကွ၊ မေသူနဲ့ အစ်ကိုကြီး သန်ဘက်ခါ ယူကြတော့မယ်"

ဗထို အသံတိတ်သွားသဖြင့် အောင်တိုင် နောက်ပြန်လှည့်ကြည့်သည်။ ဗထိုလည်း ခေါင်းစိုက် ငုံ့လိုက် လာ၏။ အပျိုတစ်ယောက် လင်ယူတော့မည် ကြားရသည်နှင့် မိမိနှင့် မည်သို့မျှ မပတ်သက် သော်လည်း လူပျို တစ်ယောက်၏ ရင်ထဲ မည်သို့ လှုပ်ခတ်မှု ရှိသည်ကို အောင်တိုင် လုံးဝမတွေးမိ။ သူတို့ အနေက အသည်းနှလုံး တဒင်္ဂ လှုပ်ခတ်သွားရုံသာ။ အောင်တိုင် အနေမှာမူ သူ၏ နှလုံးသား ပြုတ်ထွက်သွားလေပြီ။

"ဘယ်လဲကွ"
ရှေ့က သွားနေသော သူ၏ ခြေလှမ်းသည် မေသူတို့အိမ်ရှေ့၌လည်း မရပ်သဖြင့် ဗထိုက မေး၏။
"ဟိုဘက် ခဏသွားဦးမယ်ကွာ၊ အပြန်မှ ၀င်မယ်"
မျက်နှာပျက်နေသည်ကို လူမြင်မခံချင်သဖြင့် မိုးချုပ်မှ မေသူတို့ဆိုင်ကို လာမည်ဟု ရည်ရွယ်ချက် နှင့် ပြော၏။
"အေးကွ၊ ငါတို့က မင်းနဲ့တောင် ထင်နေကြတာ"
"ဟဲ ... ဟဲ မဟုတ်ပါဘူးကွာ"
မချိသွားဖြီး ပြန်ပြောရ၏။

"အင်း ... အစ်ကိုကြီးနဲ့ မေသူက မဆိုးပါဘူး၊ ဒါပေမဲ့ မုန်တိုင်းကြီး ထပြီးတဲ့ နှစ်ကပင် မေသူနဲ့ မင်းကို လူကြီးတွေကလည်း နောက်နောက်နောင်ကြတော့ တို့ တကယ် ယူကြလိမ့်မယ် ထင်တာ ကိုး၊ အဲဒီတုန်းက မင်း မေသူကို လှိုင်းလုံးတွေ ကြားထဲက ကယ်ယူလာတယ်ဆိုတာတော့ တကယ် ကွနော် အောင်တိုင်"
"လှိုင်းလုံးတွေ ကြားထဲက မဟုတ်ပါဘူးကွာ၊ အလကား ပြောကြတာပါ၊ လမ်းမှာ တွေ့လို့ ခေါ်လာတာပါ"
ရင်နာလာသဖြင့် သူ မပြောချင်တော့။

"အေး၊ ငါတို့တော့ အဲသလို ကြားလို့ပါ၊ အဲဒီ မုန်တိုင်းကြီး ထတဲ့ နှစ်လည်း ခုတော့ ကောင်းကောင်း တောင် မမှတ်မိတော့သလိုနဲ့ ..."
"ဟဲ့ကောင် မင်းက မေသူတို့ဆိုင်ဆိုကွ၊ ငါ့နောက် ဘာလို့ လိုက်လာလဲ"
ဆိုင်လွန်လာသော ဗထိုကို အောင်တိုင်က ပြန်လှည့်ကြည့်၍ အော်ပစ်လိုက်၏။
"ဟဲဟဲ ... အေးကွ၊ စကားပြောကောင်းကောင်းနဲ့"
မလုံမလဲ ပြောသော ဗထိုကို အောင်တိုင်က စိုက်ကြည့်နေ၏။ ဒီကောင့် စိတ်လည်း ဒီနေ့ ဘယ်လို ဖြစ်နေ ပါလိမ့်ဟု တစ်ချက်တွေ သွား၏။

"အေးကွ၊ သွားသွား၊ မင်းကတော့ ကမ်းကြီးသတ်က မိဇံဆီဆိုပါတော့၊ ဟဲဟဲ ငါဆိုင်က စောင့်မယ်" ဟု အရှက်ပြေပြော၍ ဗထို ပြန်သွားလေ၏။ ဆိုင်ကိုပင် မ၀င်ချင်၊ ဆိုင်ကို ၀င်လျှင် အစ်ကိုကြီး မျက်နှာကို မြင်ရမည်။ အစ်ကိုကြီးရှေ့တွင် သူ့မျက်နှာ အနေအထား မှန်မှန်ကန်ကန် ဖြစ်ပါ့မလားဟု တွေးရွံ့နေ၏။ သို့သော် မေသူ့မျက်နှာကိုလည်း သူမြင်ချင်သည်။ အခွင့်ကြုံလျှင် မနက်ဖြန် ညနေ ချိန်းထားကြသည်ကို ပို၍ သေချာသွားအောင် ထပ်ပြောချင်သေးသည်။ တကယ်လို့ မေသူက ဒီနေ့ည ဆိုင်ပိတ်အပြီးမှာ တွေ့ကြ ရအောင်ဟု ပြောချင်၍ စောင့်နေလေ လျှင်ဟုလည်း တွေး၏။ မသွား၍ မဖြစ်။ ဗထိုနှင့် စကား ရှည်မသွား ချင်သဖြင့် ကမ်းကြီးသတ်သတ် အဓိပ္ပာယ်မဲ့ တစ်ခေါက်သွားလျှောက်ပြီး သူ ပြန်လာ၏။ မေသူတို့ အိမ်ရှေ့ အရောက်မှာ ဆိုင်ရှေ့ အကဲခတ်၏။

မိုးဦး မိုးမရွာ၍ သာသာယာယာ ရှိသော်လည်း ဆိုင်ရှေ့ခါတိုင်းနေ့တွေလို ကာလသားများကို မျက်စိ နောက်မတတ် မမြင်ရ။ ဗထိုနှင့် သင်းနိုင်၊ သင်းဆိုင်၊ ရွှေမြတို့ ထွေးခင်း နေကြ၏။ အစ်ကိုကြီးကိုလည်း မမြင်ရ။ မေသူက ဆိုင်ရှေ့ဘက် ငေးနေသည်ကို မြင်ရ၏။ သူ့ခြေလှမ်းသည် အလိုလို ဆိုင်ရှေ့ ရောက်လာလေ၏။
"ကမ်းကြီးသတ်က ပြန်လာပြီလားကွ"
ဗထို၏ အမေးကို "အေး" ဟု ပြောမိပြီးမှ ငါ့ကို မေသူက မိဇံဆီ သွားတယ်မယ်များ ထင်လေမလား ဟု တွေးမိလိုက်ကာ အလိုလို မျက်နှာ ပျက်ချင်သွားသည်။ ဗထိုက သူ့ကို လှမ်းမကြည့်ဘဲ မေး၏။
"တွေ့ခဲ့လား"
"ဘာလဲ"
"ဇံဇံကိုလေကွာ"
"မင်းအဘ"
"ဘာ မင်းအဘလဲ၊ မင်း စောစောက ပြောတော့ အဲဒီသွားတယ်ဆို"

ငိုချင်စိတ် ပေါက်သွားမိ၏။ ရုတ်တရက် ဘာပြန်ပြောရမှန်း မသိ၊ တစ်ကိုယ်လုံး ထူပူသွားသည်။ မေသူ၏ လှည့်အကြည့်က ပိုဆိုးသည်။ မနေတတ် မထိုင်တတ် ဖြစ်သွား၏။ "ပါဦးမလား ကိုအောင်တိုင်" ဟု ရွှေမြလေးက လှမ်းပြော၍ နည်းနည်း နေသာထိုင်သာ ရှိသွား၏။ "ခင်းကြကွာ၊ ငါမပါသေးဘူး" ဟု ပြန်ပြောလိုက်၏။
"ဒီကောင် ဒီနေ့ လက်တော်တော် ပေါက်နေတယ်ကွ၊ တို့ အိတ်ထဲမှာ ပိုက်ဆံကုန်ပြီထင်လို့ မင်းကို လှမ်း ခေါ်တာ၊ ခွေးရူးကောင်းစား တစ်မွန်းတည့်ပါ ရွှေမြရာ" ဟု သင်းနိုင်၏ စကားကို သူမလုံမလဲ ဖြစ်သွား ပြန်၏။ ခါတိုင်းလို မေသူ့အနားထိုင်ရမှာပင် ရွံ့သွားသည်။ သို့သော် ထိုင်တော့ ထိုင်လိုက် သည်။

မေသူကို ဘာပြောရမှန်း မသိဘဲ နှုတ်ဆိတ်နေ၏။ မေသူကလည်း ဘာမှ မပြော၊ ပို၍ အနေရ ထိုင်ရ ကျုံ့နေသည်။
"အစ်ကိုကြီး မလာသေးဘူးလား"
"မလာသေးဘူး"
သူက ထွေခင်းနေကြသော ဗထိုတို့အဖွဲ့ ကြားနိုင်အောင် ကျယ်ကျယ် ပြောသည်ကို မေသူက ကြားရုံမျှသာ ပြန်ပြော၏။ မေသူ့မျက်နှာကို ခိုးကြည့်ကာ ရင်ခုန်လာ၏။ မေသူက ဆိုင်ရှေ့ဘက် ငေးကြည့်နေသည်။ အစ်ကိုကြီး မလာခင် လစ်မှဟု သူ တွေး၏။ အစ်ကိုကြီးကို သူ စကားမပြော ချင်၊ မျက်နှာကိုလည်း မကြည့်ချင်၊ စိတ်ထဲ နာနာကြည်းကြည်း ခံစားနေရ၏။
"ဆိုင်ပိတ်ရင်နော်"
မေသူက ချက်ချင်းက သဘောပေါက်သလို ခေါင်းခါပြလိုက်၏။ ဗဟိုတို့ အခြေအနေကို သူ အကဲခတ်သည်။

"ဖြစ်ပါတယ်၊ လေကာကျောက်တုံးနားက စောင့်မယ်"
မေသူ မနက်ဖြန်"
မေသူ ခေါင်းညိတ်ပြ၏။ သူ မကျေနပ်သေး။
"ဆက်ဆက်နော် ... သွားမယ်"
"အင်းပါဆို"
သူ မတ်တတ်ထလိုက်သည်။
"ပြန်တော့မလားကွ"
သင်းနိုင်က လှမ်းမေး၏။
"သွားဦးမယ်ဗျာ၊ သိပ်နေမကောင်းချင်ဘူး"
သူ ခြေလှမ်းရွှေ့သည်။

"ငါသိပါတယ်ကွနော်၊ တစ်နေ့ကလိုတော့ မကြာစေနဲပ"
ခွေးမသားဟု ဗထိုကို ဆဲလိုက်မိ၏။
သူက ခြံဝအရောက်တွင် မေသူကို တစ်ချက်လှမ်းကြည့်လိုက်သည်။ မေသူက သူ့ကို ပြုံးပြသည်ဟု ထင်လိုက်၏။
"အစ်ကိုအောင်တိုင် ပြန်ပြီလား"
မေစီနှင့် မိဇံတို့က သူ့ကို မြင်သဖြင့် လှမ်းမေးကြ၏။
နတ်ဆိုးမ နှစ်ယောက်ကို သူ ဘာမှ ပြန်မပြောဘဲ အပြေးကလေး လျှောက်လာ၏။ နှစ်ယောက်သား ခိုးခိုးခစ်ခစ် ရယ်၍ မေသူ့ဆိုင်ဘက် ၀င်သွားကြသည်။
 
၅။

ညက တစ်ရေးမှ အိပ်မပျော်မိဟု ထင်၏။ သို့သော် လန်းဆန်းနေသည်။ သူ့ဆုံးဖြတ်ချက်နှင့်သူ ပျော်နေ သည်။  အလွန်တက်ကြွနေ၏။
မနက်ထတွင် ခါတိုင်းလို အစ်ကိုကြီးအိမ်သို့ သူ မသွား။ မျက်နှာပူရမည့် အတူတူ ယခုကပင် ရှောင်နေတာပဲ ကောင်းတယ်ဟု တွေးမိ၏။ ညနေ မေသူနှင့်သူ ကမ်းကြီးသတ်က မေစီတို့ခြံထဲတွင် ချိန်းထားသည်။ မေသူ လာသည်နှင့် တစ်ခါတည်း ခိုးပြေးတော့မည်။ ပဲ့ချိတ်နှင့် နတ်မှော်ရွာကို ခိုးပြေးသွားမည်။ နတ်မှော်ရွာတွင် သူငယ်ချင်း ပသျှူးအောင်သြ ရှိသည်။ သူတို့ဆီက အခွံတွေ ၀ယ်ရင်း ရင်းနှီးနေကြသည်။ ပဲ့ချိတ်စီး၍ အမဲ ပစ်တင် အတူသွားဖူးထားသဖြင့် အားလုံး အဆင်ပြေ မည်။

ပဲ့ချိတ်ကို စိတ်ချလက်ချရှိအောင် သေသေချာချာ ပြုပြင်ထားမည်ဟု ကမ်းကြီးသတ်ဘက် သူထွက် လာခဲ့ ၏။ ပဲ့ချိတ်ပေါ်တက်၍ စက်ကို သုတ်သင်သည်။ သစ်သားပြားနှင့် ထိုင်ထားသော မူလီတွေ ကို စပန်နာနှင့် ခိုင်ခိုင်တင်းသည်။ ဆီထည့်၍ စက်နှိုးလိုက်၏။ ဘုတ်ဘုတ်ဘုတ်ဘုတ် မြည်သံနှင့် အတူ သူရင်ခုန်လာသည်။ ပျော်နေ၍ မျက်နှာကလည်း ပြုံးနေ၏။ စိတ်ချရပြီ သိ၏။ စက်သတ် လိုက်သည်။ ပဲ့ချိတ်ပေါ်က လှမ်း အတတ်တွင် မိဇံနှင့် ဆုံမိသွားသည်။ စက်သံကြားသဖြင့် လာကြည့်ပုံရ၏။
"အစ်ကိုတိုင်အောင် ပဲ့ချိတ် ထုတ်မလို့လား"
"မထုတ်ပါဘူး"
"ဘာလာလုပ်လဲ။ စက်သံကြားလို့ ဇံဇံ လာကြည့်တာ"
"ဘာလုပ်လုပ် နင့်အပူလား"

"အမယ် ... သူများ ချောင်းထဲမှာလည်း ပဲ့ချိတ်လာထားသေး။ သူများကိုလည်း စောင့်ခိုင်းထား သေး၊ တစ်ယောက်ယောက်လာပြီး ခိုးမောင်းပြေးသွား ဘယ့်နှယ့်လုပ်မလဲ၊ စက်သံကြားလို့ လာကြည့်တာပဲ။ ကျေးဇူးတင်ဖော်မရဘူး"
"ကဲ ကျေးဇူး ကမ္ဘာပါပဲတဲ့၊ ကျေနပ်ပလား"
"ကက်ဆက်ထဲက စကားပါလား၊ စိတ်ထဲကပါလို့ မဟုတ်ပါဘူးနော်"
သက်မ တစ်ချက်ချလိုက်မိသည်။ အရေးထဲ ခွေးမကဟု ဆဲချင်နေသည်။ ပါးစပ်ထဲက ဘယ်လိုလုပ် ပြီး ထွက်သွားမှန်းမသိလိုက်။

"မိုးကျနေပြီ သိလား၊ နင်တို့လည်း ကျေးဇူးတင်မနေနိုင်ဘူး၊ ရေနီဘက် ရေရောက်ရင် အဲဒီပြောင်း မလို့ လာကြည့်တာ"
"အမယ် သိပါတယ်နော်"
သူ လန့်သွားမိသည်။ သူ့အကြံကို မိဇံ တကယ်များ သိနေသလား၊ ဘယ်သူက ပြောပါလိမ့်၊ ဤနေ့ မေသူ နှင့် သူတို့ ထွက်ပြေးကြမည်ကို မေသူပင် တိတိကျကျ မသိသေး။ စိတ်ထဲ ဇဝေဇ၀ါ ဖြစ်သွား မိ၏။

"ဘာသိတာလဲ နင်က"
"ပြောတာ ကြည့်ပါလား၊ မေသူနဲ့ အစ်ကိုကြိးတို့ ယူကြတော့မယ်ဆိုလို့ အစ်ကိုအောင်တိုင် စိတ်ဆိုး နေတာ မဟုတ်လား"
တော်ပါသေးရဲ့ဟု သက်ပြင်း ချမိလိုက်၏။
"မေသူနဲ့ အစ်ကိုကြီးတို့ ယူကြတော့မယ်ဆိုတာနဲ့ ငါက ဘာလို့ စိတ်ဆိုးရမှာလဲ ဇံဇံရယ်"

ဆက်ရန်
.

1 comment:

မင်းဧရာ said...

အမကြီးရွှေစင်........
အကြွေးရှိသမျှ ဆက်ခဲ့ပါပြီနော်...
တစ်ဆက်တည်း ဘလောက်ဒ်ပိုစ့်လေးကိုပါ
ဖတ်သွားတယ် အမကြီးရဲ့ စာရေးရခြင်း ရည်ရွယ်
ချက်တွေအတွက် လေးစားနေလျှက်ပါဗျာ
ဆက်လက်ပြီးလည်း စာပေအကျိုးကိုသယ်ပိုးနိုင်ပါစေ။