မှောက်ထားသော ဖဲချပ်
မိုချာ့
မိုချာ့
တစ်နေ့လုံး ဘာမှမည်မည်ရရ အလုပ်မလုပ်ဘဲ စီးကရက်ကို လက်ကြားမှ မချ ဖွရှိုက်ရင်း ကိုယ်ကံကြမ္မာကို ဖဲချပ်တွေ နှင့် စမ်းသပ်နေသော မိန်းမတစ်ယောက်နှင့် အတူတကွ နေရသည်မှာ ကျွန်မအတွက် အလွန် စိတ်ပျက်စရာ ကောင်းလှပါသည်။
ယခု အချိန်မှာတော့ "တစ်ခုခုကာထားပေးရမလား"ဟု မေးခဲ့ဖူးသော အိမ်ရှင်မိန်းမကြီးကို "နေပါစေ"ဟု ပြီးလွယ် စီးလွယ် တုံ့ပြန်ခဲ့မိသော ကိုယ်ကိုယ်ကို ဒေါသထွက်မဆုံးအောင် ဖြစ်နေမိ သည်။
တစ်ဖတ်ဖတ် နှင့် ဖဲချပ်တွေ ကုလားဖန်ထိုးသံက ဘာမှမဟုတ်ပေမယ့် ကျွန်မကိုတော့ အတော် လေး အနှောင့်အယှက် ပေးပါသည်။ အဆိုးဆုံးမှာ သူမ၏ စီးကရက်ငွေ့များသာ ဖြစ်သည်။ ကိုယ်တိုင် မသောက် စေကာမူ သူတစ်ပါးသောက်သော စီးကရက်ငွေ့များကို ရှူမိရုံနှင့်ပင် ကျန်းမာရေး ထိခိုက်နိုင်သည်ဟု ကျွန်မ ကြားဖူးပါသည်။ ထို့ကြောင့်ပင် တတ်နိုင်သမျှ ဆေးလိပ်ငွေ့တွေ ကျွန်မ အဆုတ်ထဲ ရောက်မသွား စေရန် ရှောင်ပါသည်။ ရှောင်၍မရသည့် အဆုံး မှာတော့ ကြိုးစားပြီး အသက်အောင့်နေခဲ့ပါသည်။
သူမနှင့် အတူတကွနေရသည်မှာ ကျွန်မအတွက် အတော်ကလေး အဆင်မပြေဖြစ်ပေမယ့် လခစား ဝန်းထမ်း တစ်ယောက်အတွက် ဈေးသက်သာပြီး အနည်းငယ်လုံခြုံမှုရှိသော ဒီအခန်းလေး မှာပင် အောင့်အည်း နေခဲ့ရပါသည်။
"ဟေ့... မင်းရော ဒီနေ့ ကံကောင်းမကောင်း စမ်းကြည့်ပါလား .. "
ဖဲချပ်တွေကို သုံးချပ်တစ်တွဲလှန်ချရင်း ကျွန်မကိုပါ ဆွယ်လိုက်သေးသည်။
"ဟင့်အင်း.... အဲဒါတွေကို ကျွန်မ အယုံအကြည်မရှိဘူး။"
ဖဲချပ်တွေကိုသာ အာရုံစိုက်နေသော သူမမျက်လုံးများသည် ကျွန်မဘက်သို့ ရွှေ့လိုက်သည်။ ကျွန်မစိတ်ကို ကသိကအောက် ဖြစ်စေတတ်သည့် သူမ၏ မခိုးမခန့်အပြုံးများကို ဒီအခန်းရောက်ပြီး ကတည်းက ကြိမ်ဖန် များစွာ ကျွန်မ ရင်ဆိုင်ခဲ့ရပါသည်။
"ကိုယ်ကတော့ လူတွေကိုသာ မယုံတာ၊ ဒီဖဲချပ်တွေကိုတော့ ယုံတယ်ကွ၊ လူဆိုရင် ကိုယ့်သွေး သားတောင် မယုံဘူး"
ပြောရင်းဆိုရင်း သုံးချပ်တစ်တွဲလှန်ချနေသော ဖဲချပ်တွေထဲမှာ အပေါ်ဆုံးဖဲချပ်ကို ကောက်ယူနမ်း ရင်း နေရာ ရွှေ့ လိုက်ပါသည်။ ပြောပုံဆိုပုံကလည်း ဘယ်တော့မှ အဆင်မချောသော ဒီမိန်းမသည် လူတွေ ကြားမှာ ဘယ်လိုရပ်တည်နေသလဲ ဆိုတာကို ကျွန်မဖြင့် စဉ်းစားလို့မရပါ။
ဖွာလန် ကြဲနေသော ဆံပင်တွေနှင့် အဆီပြန်နေသော သူမ၏ မျက်နှာကို ငေးကြည့်ရင်း လောကကြီးမှာ သူ့လို မိန်းမမျိုး ဘယ်နှစ်ယောက်လောက် ရှိနိုင်သလဲဆိုတာတွေးရင်း ကျွန်မ စိတ်ထဲ မသက်မသာ ဖြစ်နေရပါသည်။
တကယ်တော့ သူမသည် သိပ်ပြီး အရုပ်ဆိုးသော မိန်းမမဟုတ်ပါ။ အသက်အရွယ်ချင်းလည်း ကျွန်မနှင့် သိပ်မကွာပုံမရပါ။ သို့သော် ဖြစ်သလိုနေ ဖြစ်သလိုစား သူတစ်ပါးကို ထော်လော်ကန့် လန့် ပြောမှ နေလို့ရသော မိန်မစားမျိုး ဖြစ်နေသောကြောင့် မြင်လိုက်ရုံနှင့်ပင် စိတ်ပျက်စရာ ကောင်းသော မိန်းမတစ်ယောက်ဖြစ်လို့နေပါသည်။
"သူ့မိဘတွေက အတော်ချမ်းသာသကွဲ့၊ အဒေါ်နဲ့လဲ ရပ်ဆွေရပ်မျိုးတွေပဲ၊ အဘိုးကြီးဆုံးတော့ မောင်နှမတစ်တွေ အမွေအတွက်နဲ့ သေခန်းပြတ်တဲ့အထိဖြစ်ကုန်ကြတော့တာပဲ။ သူလဲ တစ်ပြား တစ်ချပ်မှ မရလိုက်ဘူးလို့ ပြောတာပဲ၊ အဘိုးကြီးရှိတုန်းက သူ့အတွက် မုန့်ဖိုးဆိုပြီး ဘဏ်စာရင်း ဖွင့်ထားတာလေးပဲ ရလိုက်တယ်.. "
အိမ်ရှင်မိန်းမကြီး ပြောပြဖူးသည့် သူမအကြောင်းတစ်စွန်းတစ်စကို သိရသောအခါ သူမ၏မိဘများ ဘယ်လောက် ချမ်းသာသည်ဆိုတာ ကျွန်မ မှန်းဆကြည့်လို့ပင် မရနိုင်လောက်အောင် ဖြစ်ခဲ့ ပါသည်။ ဒါပေမဲ့ ဘာအလုပ်မှ မလုပ်ဘဲ ဘဏ်စာရင်း နှင့် မပျင်းမရိထိုင်နေသော သူမကိုကြည်းပြီး ကျွန်မ အလွန်ပင် အံ့သြမိပါသည်။ ကျွန်မသာဆိုလျှင် ကိုယ် အမွေရသည်ကတစ်ခြား၊ ကိုယ်အစွမ်း အစနှင့်ကိုယ် ရှာဖွေ ပြဦးမည်။
လူဖြစ်လာမှတော့ လူပီပီ တာဝန်တစ်ခုကို ပခုံးပေါ်မှာ ထမ်းထားရမည်ဟု ကျွန်မ ခံယူထားသည်။ နောက်ပြီး ကိုယ်အသက်အရွယ် ငယ်ငယ်မှာ ရှေ့တက်လမ်းအတွက် လုပ်စရာတွေ အများကြီး ရှိပါသည်။ ကျွန်မ မှာတော့ ရုံးတက်ရင်း တစ်ဖက်ကလည်း ဘာသာစကားပြောသင်တန်းတွေလည်း တက်သည်။ ရာထူးတိုး စာမေးပွဲဖြေဖို့ သင်တန်းလည်း ရုံးပိတ်ရက်တိုင်း တက်သေးသည်။ အခန်းမှာ ရှိလျှင်လည်း ငြိမ်ငြိမ် မနေတတ်ပါ။ ချက်ပြုတ်လျှော်ဖွပ်ပြီးသည်နှင့် စာကျက်စရာရှိလျှင် စာကျက်နှင့် တရစပ်ပင်။ လူရော စိတ်ပါ အနားမပေးတတ်ချေ။ ယုတ်စွအဆုံး ဘာအလုပ်မှ မရှိလျှင် တစ်ချောင်းထိုးနှင့် သိုးမွေးထိုး နေ လိုက်သည်။
တစ်ခါတစ်ရံ မနေနိုင် မထိုင်နိုင်နှင့် မြင်မကောင်းအောင် သူမဘက်တွင် ပွပလဲနေသော စီးကရက် အတိုအစ များ၊ ပြာများ၊ ဖုန်များနှင့် စက္ကူစ အမှိုက်များကို လှည်းကျင်းပေးမိသည်။
"ဟေ့.... မင်းငြိမ်ငြိမ်နေလို့ မရဘူးလား.. "
လူတစ်ယောက်၏ စေတနာကို သူ့ဖဲချပ်တွေလောက်မှ ဂရုမစိုက်သော မိန်မကို ကျွန်မ အလွန်ဒေါ သ ဖြစ်ပါသည်။ စိတ်ထဲမှလည်း နေပါစေ၊ ဒီတစ်ခါ အမှိုက်မကလို့ မြွေဝင်ခွေနေတာတောင် လှည့် မကြည့်ဘူးဟု တေးထားလိုက်မိပါသည်။ တကယ်တမ်းကျတော့လည်း တစ်ခန်းတည်းနေကြသူမို့ ဘာမှ မပြောတော့ဘဲ သူမ၏ ဖဲချပ်တွေကိုသာ သူမ အာရုံ စိုက်နေပါတော့သည်။
တစ်ခါ ကလည်း အိမ်ရှင်မိန်မကြီး ကျွန်မတို့ဆီမှ အခန်းလခ တိုးလိုချင်ကြောင်း သွယ်ဝိုက် ၍ ပြောဖူး ပါသည်။ ဒါကို သိသိချင်း သူက...
"မင်း ခေါင်းမညိတ်လိုက်နဲ့နော်၊ အလကားမိန်းမကြီး၊ တစ်ယောက်ခန်းကို နှစ်ယောက်ထားလို့ နှစ်ရာရနေတာတောင် လောဘကြီးချင်သေး၊ လူတွေက ဒီလိုပဲ လောဘကြီးဖို့ရယ်၊ သစ္စာမဲ့ဖို့ရယ် နှစ်မျိုး ကတော့ မသင်ဘဲတတ်တယ်။ ဖဲတောင် ရက်ပေါင်းကြာကြာ သင်မှ တတ်တာ"
တစ်ဆိတ်ရှိ သူ့ဖဲချပ်တွေနှင့် နှိုင်းနှိုင်းပြောတတ်သည်မှာ တရားလွန်သည်ဟု ကျွန်မထင်ပါသည်။ ဒါပေမဲ့ တရားလွန် သည် ကို အသာထား၍ နှစ်ဦးနှစ်ဖက် ပြေလည်ဖို့ ပြောမိပါသည်။
"မဟုတ်ဘူးလေ.. သူတောင်းတာကလဲ သိပ်မများတော့ ပေးလိုက်ရင် ကောင်းမလားလို့... "
"ဟာ.. မလုပ်နဲ့ မလုပ်နဲ့၊ ကိုယ်က တစ်လှမ်းဆုတ်ပေးမိတာနဲ့ သူက နှစ်လှမ်းသုံးလှမ်း တိုးလာမှာ၊ ကြာရင် မင်း ချောက်ထဲကျသွားမယ်၊ ဘာနားလည်လို့လဲ"
ခပ်ဖိဖိ ပြောလိုက်သော သူမစကားကြောင့် ကျွန်မလည်း အတော်အောင့်သွားရပါသည်။ အိမ်ရှင် မိန်းမကြီး နောက်ထပ် တစ်ခါ ထပ်ပြောလျှင်တော့ သူမနှင့် ထိပ်တိုက်တွေ့ပေးလိုက်မည်ဟု ကျွန်မ ဆုံးဖြတ် လိုက်သည်။ ဒါပေမယ့် ကံကောင်းထောက်မစွာ အိမ်ရှင်မိန်းမကြီးဆီမှ နောက်ထပ် ဘာသံမှ မကြား ရတော့ပါ။
နောက်ပြီး သူမဆီမှာ ကျွန်မစိတ်နှင့် ဘယ်လိုမှ အချိုးမပြေသည့် အကျင့်တစ်ခုရှိပါသည်။ ထိုအကျင့်က လူ တစ်ဖက်သား ခံနိုင်သလား မခံနိုင်သလား မသိ၊ စွတ်ရွတ်ပြောတတ်သော အကျင့် ဖြစ်ပါသည်။
တစ်ခါတစ်ရံ ရုံးပိတ်ရက်များတွင် ကျွန်မသည် အခန်းအပြင်ဘက် ဧည့်ခန်းလေးထဲတွင် သိုးမွေ တစ်ချောင်းထိုး ထွက်ထိုးနေတတ်ပါသည်။ သူမ၏ ဖဲ ကုလားဖန်ထိုးသံနှင့် သူမ၏ စီးကရက်ငွေ့ များ ကို လည်းကောင်း၊ ကျွန်မကို ခပ်ဖိဖိပြောတတ်သာ သူမ စကားများကိုလည်းကောင်း ရှောင်နေ ရန်ဖြစ်ပါသည်။ ထိုအခါမျိုးတွင် အိမ်ရှင်မိန်မကြီးသည် ကျွန်မအနားလာထိုင်၍ စကားစမြည်ပြော တတ်ပါသည်။ သူ ပြောသော စကားအများစုထဲတွင် သူ့သား အကြောင်းသာ တွင်တွင်ပါနေတတ် ပါသည်။ ကျွန်မသည် သိပ်ပြီး စိတ်ဝင်စားခြင်း မရှိပေမယ့် အလိုက်အထိုက်တော့ အင်းလိုက်၍ နားထောင်နေမိပါသည်။ ဘာကြောင့် များ အိမ်ရှင်မိန်းမကြီးသည် သူ့သားအကြောင်းကို ဘာရယ် မဟုတ် သူမကို ပြောပြ ပါ သနည်း။
"အဘွားကြီး သူ့သားကို အတော်ချစ်ပုံရတယ်၊ အားရင် သူ့သားအကြောင်းပဲ ပြောနေတာပဲ"
"အေး.. ချစ်တာထက် လက်ကြောမတင်းတဲ့ သူ့သားကို အမွေများများရထားတဲ့ မိန်းမတို့၊ အလုပ် အကိုင် ရှိတဲ့ ပညာတတ်မိန်းမတို့နဲ့ ပေးစားချင်နေတာ၊ ဒါကြောင့် မင်းကိုဆွယ်နေတာ.. "
ဟုတ်သည်မဟုတ်သည် အသေအချာမသိဘဲ စွတ်ရွတ်ပြောလိုက်သော သူမ၏ စကားကြောင့် ကျွန်မဖြင့် အတော်လေး အောင့်သွားရပါသည်။ ထို့ကြောင့်ပင် သူမ၏ စကားကို ခပ်ဆတ်ဆတ်က လေးပြန်ချေပ လိုက်သည်။
"အိုး.... သူဆွယ်တိုင်းရမလား၊ ကျွန်မမှာလဲ မိဘတွေ သဘောကျ စေ့စပ်ထားတဲ့လူ ရှိတယ်။"
ထိုအခါ သူမသည် ကျွန်မကို မအံ့သြပါဘဲနှင့် အံ့သြလွန်းသော မျက်နှာနှင့်..
"ဟေ... ဟုတ်လား၊ မင်းမှာ စေ့စပ်ထားတဲ့လူ ရှိတယ်"
သူမ၏ လေသံနှင့် သူမ၏မျက်နှာကြောင့် ကျွန်မ အတော်လေး စိတ်တိုလာမိသည်။
"ဟုတ်တယ်...ဟုတ်တယ်...ရှိတယ်၊ ဒီနှစ်ကုန်ရင် ကျွန်မမြို့ကို ပြန်ပြောင်းပြီး သူနဲ့ ကျွန်မ လက်ထပ်မယ်"
ဒီတော့လည်း သူမက ဘာမှ ဆက်မပြောတော့ဘဲ စားပွဲပေါ်မှ သူ့ဖဲထုပ်ကိုသာ လှမ်းယူ၍ တဖတ်ဖတ်နှင့် ကုလားဖန်ထိုး နေပါတော့သည်။ ပထမဆုံး ဖဲတစ်ချပ်ကို လှန်ချရင်း နှုတ်မှလည်း ညဉ်းညူလိုက်ပါသည်။
"သွားပြီ၊ ဒီနေ့တစ်နေ့လုံးတော့ လာဘ်ပိတ်ဦးမှာပဲ"
သူမကလည်း သူမ၏ ဖဲချပ်တွေနှင့် ငြိမ်သက်သွားသလို ကျွန်မကလည်း ကျွန်မအတွေးနှင့် ကျွန်မ ငြိမ်သက်နေမိသည်။ မိန်းမတစ်ယောက်အတွက် အိမ်ထောင်ဖက်ကောင်း ယောက်ျားတစ်ယောက် သည် ဘယ်လိုအရည်အချင်းရှိနိုင်သလဲ။ ပညာလည်းတတ်၊ ရုပ်ရည်လည်းသင့်တင့်၊ မိဘအသိုက် အဝန်းကလည်း အဆင်ပြေနေသော ယောက်ျားမျိုးသည် မိန်းမတစ်ယောက်အတွက် တန်းဝင် ယောက်ျားတစ်ယောက် ဖြစ်နိုင် ပါသလား။ လက်ရှိအနေအထားမှာတော့ မိဘတွေလည်း သဘော ကျ၊ ကျွန်မကိုယ်၌ကလည်း လက်ခံ နိုင်သော ယောက်ျားတစ်ယောက်နှင့် ကျွန်မ လူသိရှင်ကြား စေ့စပ်ထားပြီးပြီ။ ဒါကို သိသူ အားလုံးက ကောင်းပါတယ်ဟု ထောက်ခံခဲ့ကြသော်လည်း သူမကတော့ အများနှင့် ဆန့်ကျင်၍ တစ်ချိန် မဟုတ် တစ်ချိန်မှာ ငြင်းဆန်စွား ပြောဦးမည်။
သူမ၏ အနေအထားတွေကို ကြိုသိလျက်နှင့် ကျွန်မစိတ် အနှောင့်အယှက် ဖြစ်ရသည်မှာ ကျွန်မညံ့၍သာ ဖြစ်ပါမည်။
"ထင်တဲ့အတိုင်ပါပဲလား"
သူမ၏အသံမှာ သူမယုံကြည်သည့်အတိုင် ဖြစ်သွားပုံရပါသည်။ နောက်တစ်ပွဲ ဆက်ကစားဖို့ ကုလားဖန် ထိုးရင်း...
"နေပါဦး၊ ကိုယ်သိပ်ဘဝင်မကျလို့ မေးရဦးမယ်၊ မင်းဟာ ကိုယ်ဘာသာကိုယ် ရွေးချယ်နိုင်တဲ့ အရွယ် ရောက်ပြီပဲ၊ ဘာလို့ လူကြီးတွေ သဘောတူတာနဲ့ လက်ခံရတာလဲ"
သူမ၏ အမေးက ကျွန်မကို အတော်ဦးနှောက်စားစေပါသည်။ အတန်ကြာအောင် ငြိမ်နေပြီးမှ တုံ့တုံ့ ဆိုင်းဆိုင်းနှင့် တွေးတွေးဆဆဖြေလိုက်ရသည်။
"လူကြီးတွေ သဘောချည်းပဲ မဟုတ်ပါဘူး၊ ကျွန်မ ကိုယ်တိုင်က လေ့လာပြီးမှ လက်ခံခဲ့တာပါ။ သူဟာ ကျွန်မ အတွက် သင့်လျော်မယ်လူပါ"
သူမက ကျွန်မကို မကြည့်ပဲ ဖဲချပ်တွေကို လှန်လိုက် မှောက်လိုက်နှင့် ခုနစ်ပုံခွဲ၍ ချနေပါသည်။ ဘာရယ်မဟုတ် သူမ ကစားနေပုံကို ဒီတစ်ခါတော့ သေသေချာချာကြည်နေမိသည်။ အထူးသဖြင့် မှောက် ထားသော ဖဲချပ်များကို ကျွန်မ ဘာဖဲတွေလဲ ဆိုတာ သိနိုင်မည် မဟုတ်ပေမယ့် အတော် လေး စိတ်ဝင်စား လာမိသည်။
"ဒါသေချာရဲ့လားကွ"
ဒီတစ်ခါတော့ သေချာပါတယ်လို့ အာမခံပြီး ကျွန်မမပြောရဲတော့ပါ။ တွေတွေဝေဝေနှင့် ငြိမ်သက် လျက် စိတ်အာရုံကလည်း သူမ၏ ဖဲချပ်တွေဆီမှ တခြားသို့ ပျံ့လွင့်သွားပြန်သည်။ ကျွန်မဘဝ အတွက် အတတ်နိုင်ဆုံး ရွေးချယ်မှုသည် မှားယွင်းနေပြီလား။ လောကကြီးမှာရော ရွေးချယ်မှု မှားယွင်းခဲ့သော အရာများ ဘယ်လောက်ရှိခဲ့ပြီးပြီလဲ။ ဘာမှ မသေချာဟု ကျွန်မယူဆထားသော ဒီလောကကြီးမှာ ကျွန်မ၏ သေချာမှု များသည် ရယ်စရာကောင်းနေမည်လား။ စိတ်ထဲမှာ ရှုပ်ထွေးလျက် ခေါင်းပင် ကိုက်ချင်သလို ဖြစ် လာသည်။
"လောကကြီးမှာ ဘာမှမသေချာပါဘူးကွာ၊ အထူးသဖြင့် လူတစ်ယောက်က လူတစ်ယောက် အတွက် ဆိုတာ ပိုပြီး မသေချာတဲ့ အရာပဲ၊ ကိုယ်အတွက်ကတော့ ဟောဒီဖဲချပ်ကလေးက အတော့် ကို သေချာ နေတာပဲ၊ ဖဲထုပ် စကိုင်လိုက်လို့ သူအလျင်လာပြီဆိုရင်တော့ တစ်နေ့လုံး ပိတ်နေတော့တာပဲ"
သူမ ထောင်ပြသော ဖဲချပ်ကလေးကို ဒီတစ်ခါတော့ ကျွန်မစိတ်ဝင်စားစွာ ကြည့်လိုက်မိသည်။
"တစ်ခြားကစားနည်းတွေမှာတော့ သူ့တန်ဖိုးကို လိုရင်လိုသလို မြှင့်တင်ပေးရတယ်၊ ဒါပေမဲ့ ကိုယ် ကစားနေတဲ့ နည်းမှာတော့ နဂိုရှိရင်းစွဲတန်ဖိုးထက် ပိုလိုချင်လို မရဘူး၊ တစ်ခုဟာ တစ်ခုဆိုတဲ့ တန်ဖိုး ပဲ ရှိတယ်။ မင်းစိတ်ဝင်စားပြီလား၊ ကိုယ်သင်ပေးမယ်လေ"
ကျွန်မ ခေါင်းခါပြတော့ သူမလည်း စားပွဲပေါ်သို့ ဖဲထုပ်ကို လှမ်းတင်လိုက်ပြီး ခုတင်ပေါ်ကျောဆန့် လိုက်ပါသည်။ ပက်လက်လှဲနေလျက် အနေအထားကပင် စာပွဲပေါ်မှ စီးကရက်ဘူးနှင့် မီးခြစ်ကို လှမ်းယူ လိုက်သည်။ ဖွာရှိုက်၍ ထွက်လာသော စီးကရက်ငွေ့များက အခန်းထဲမှာ ဝေ့ဝဲ၍ ပျံ့နှံ့ သွားလေသည်။ ဒီတစ်ခါ တော့ ခါတိုင်းလို ရှောင်ထွက်သွားဖို့ စိတ်ကူးမရှိပါ။ ကျွန်မရင်ထဲမှာ မတင် မကျဖြစ်နေရခြင်းကို မေးချင်လာပါသည်။
"ကိုယ်နဲ့ စေ့စပ်ထားတဲ့လူကို တစ်နေ့ကျရင် လက်ထပ်မယ်လို့ မျှော်လင်ထားတာ မှားနေသလား ဟင်... "
သူမက နှုတ်ခမ်းဖျားမှ စီးကရက်ကို လက်ညှိုးနှင့် လက်ခလယ်ကြားမှာ ညှပ်ယူရင်း ပြာကို ညှပ်ထားသော လက်ညှိုးနှင့်ပင် တောက်ချလိုက်သည်။ စီးကရက်သောက်ပုံမှာ စီးကရက်နှင့် အကျွမ်းတဝင်နေတာ ကြာပြီ ဖြစ်ကြောင်း သိနိုင်သလို စီးကရက်သောက်ပုံမှာလည်း အတော်လေး ကို ကြည့်၍ကောင်းနေပါသည်။
"မှားတယ်လို့လဲ ပြောလို့မရဘူး၊ ဒါပေမဲ့ သိပ်ပြီး မျှော်လင့်မထားနဲ့ပေါ့၊ မျှော်လင်သလိုဖြစ်မလာ ရင် အထိ နာတတ်တယ်။ မျှော်လင့်ချက်ဆိုတာကလဲ တစ်ခါတစ်ခါ ကျိန်စာနဲ့ တူတတ်တယ်"
သည်လိုစကားမျိုးပြောရအောင် သူမဘဝမှာ ဘာတွေတွေ့ကြုံခဲ့ရလို့လဲ၊ ဘယ်လိုများ ဖြတ်သန်းခဲ့ရလို့လဲ၊ ဘယ်လိုလူစားမျိုးတွေနှင့် ရင်ဆိုင်ခဲ့ရလို့လဲ ဆိုတာတွေကို ကျွန်မ အတော်လေးစိတ်ဝင်စားလာပါသည်။ ဒါပေမဲ့ သူမသည် အဲဒါတွေကို တကူးတက ထိုင်၍ ပြောပြတတ်သည့် မိန်မမျိုး မဟုတ်ပါ။ တစ်ခါတစ်ရံ ကြုံကြိုက် မှသာ မမေးဘဲနှင့် ပြောပြချင် ပြောပြေလိမ့်မည်။
မနက်ဖြန်ဆို ဒီအခန်းလေးမှ ကျွန်မ အပြီးအပိုင်ထွက်ခွာတော့မည်။ ကျွန်မ အတွက် စိတ်ပျက်စရာလည်းကောင်းခဲ့သလို စိတ်ဝင်စားစရာလည်း ကောင်းခဲ့သော မိန်းမ တစ်ယောက်နှင့် အတူ တကွ ရက်ပေါင်းအတန်ကြာအောင် နေခဲ့ရသော အခန်းလေးကို နောက်ဆုံး အနေနှင့် ဆွတ်ပျံ့စွာ ကြည့်နေ မိသည်။ တစ်ဖက်မှ ခုတင်လေးကတော့ အိပ်စက်သူမဲ့စွာ အေးစက် စက်နှင့် ငြိမ်သက်နေသည်မှာ ကြာလှပြီ။
သူမသည် လွန်ခဲ့သော သီတင်းသုံးပတ်ကျော်ကပင် ကျွန်မထက် စောစွာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ အထုပ်အပိုးတွေ ပြင်ဆင်နေသော သူမကို ငေးကြည့်နေသော ကျွန်မအားတစ်ချက်မျှ လှည့်ကြည့်ပြီး " အခန်းအောင်းရတာ ငြီးငွေ့တယ်ကွာ။ ခရီးထွက်လိုက်ဦးမယ်" ဟု ပြောခဲ့သည်။ သူမ ပြန်လာ မလာ ဆိုတာ တော့ အတိအကျ ပြောမသွားပေ။
ယခုတော့ ကျွန်မလည်း ဒီအခန်းလေးမှ ထွက်ခွာသွားတော့မည်။ တစ်ချိန်မ သူမကို ပြောခဲ့သော ကျွန်မရဲ့မြို့လေးဆီကိုတော့ဖြင့် မဟုတ်ပါ။ အထက်အညာအရပ်မှ ကျွန်မအလုပ်ဌာနခွဲရှိရာ မြို့သိမ်လေး တစ်ခု သို့သာ ဖြစ်ပါသည်။ ယခုအချိန်မှာတော့ ကျွန်မအနေနှင့် ဘယ်လိုမှ ကိုယ်မြို့ကိုယ့်ရွာ ကိုယ်ဒေသ သို့ ပြန်ရန် မဖြစ်နိုင်ပါ။ တစ်ချိန်က ကျွန်မကိုလက်ထပ်ပါရစေဟု တောင်းခံခဲ့သူက ယခုအခါတွင် ကျွန်မ ညီမ အငယ်ဆုံးလေး ၏ ခင်ပွန်းဖြစ်နေသောကြောင့်ပင်။
အခြေအနေတွေကို လတ်တလော ကျွန်မဘယ်လိုမှ မျက်နှာ ပြောင်ပြောင်တင်းတင်း ရင်ဆိုင်ရဲမည် မဟုတ်ပါ။ ကာလ အတန်ကြာ၍ အားလုံးနေသားတကျနှင့် သွေးအေးသွားမည့် အချိန်ကျမှာသာ ရင်ဆိုင် ရဲကောင်း ရင်ဆိုင်ရဲပေမည်။ သူမသာ ရှိခဲ့လျှင်တော့ ကျွန်မကို ဘာတွေများ ခပ်ဖိဖိပြောဦး မည် မသိ။ အတွေး နှင့် အတူ မသက်မသာ ကျွန်မပြုံးမိသည်။
အလုပ် ပြောင်းရွှေ့ခွင့် မတောင်းဘဲ ဒီအခန်းလေးထဲမှာ တစ်ယောက်တည်း ဆက်နေဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်ပါ။ မကြာခင် ရက်ပိုင်အတွင်းမှ ရောက်ရှိလာသော အခန်းပိုင်ရှင် မိန်မကြီး၏ သားကို ကျွန်မဘယ်လိုမှ မယုံကြည်သောကြောင့်ပဲ ဖြစ်ပါ၏။ အခန်းပိုင်ရှင် မိန်းမကြီး၏ အမူအရာ တွေကလည်း ခါတိုင်ထက် ပိုပြီး လွန်ကဲစွာ ရောလာသဖြင့် ကျွန်မမှာ နေရအလွန်ကျပ်လာသည်။ ရိုးသားမှုမရှိသော သူ့သား၏ မျက်လုံးများကလည်း ကျွန်မနောက်သို့ တစ်ချိန်လုံး လိုက်နေသည် ဟု ထင်ပါသည်။
ခေါင်းတုံးဆံတောက်ဆံပင်နှင့် ထူပွပွ အသားအရေက ကျွန်မစိတ်ကို မသိုးမသန့် ဖြစ်စေသလို ပြူး ကြောင်ကြောင်နှင့် ဂနာမငြိမ်သော မျက်လုံးများကလည်း အလစ်သုတ်တတ်သည့် အကျင့် ရှိမည်ဟု ကျွန်မ ထင်မိပါသည်။ ကျွန်မရုံးသွားချိန် ရုံးပြန်ချိန်တိုင်း ဘတ်စ်ကားဂိတ်မှာ မယောင်မလည် ရပ်နေတတ်တာမျိုး အထူး သဖြင့် ကျွန်မစိတ်ကို မလုံမခြုံဖြစ်စေသည်က ကျွန်မ ရေချိုးချိန်နှင့် ကိုက်၍ လိုက်ချိုးတတ်ခြင်းပင် ဖြစ်ပါသည်။
"လက်ကြောမတင်းတဲ့ သူ့သားကို အမွေများများရထားတဲ့ မိန်မတို့ အလုပ်အကိုင်ရှိတဲ့ ပညာ တတ် မိန်းမ တို့ နဲ့ ပေးစားချင်နေတာ"
တစ်ချိန်က သူမ ပြောခဲ့ဖူးသော စကားသည် ယခုအချိန်မှာ ကျွန်မအတွက် ဘယ်လိုမှ မမှားနိုင် တော့ဟု ယုံကြည် လာပါသည်။ အခြေအနေတွေကို သိလျက်က ကျွန်မ ပေါ့ပေါ့လျော့လျော့ နေလိုက်လျှင် ကျွန်မ သာ ချောက်ထဲပြုတ်ကျမည်။
ထို့ကြောင့်ပင် ဒီအခန်းလေးထဲမှ ထွက်ခွာဖို့ ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချလိုက်ရပါသည်။ အကယ်၍များ သူမနှင့် တစ်ကွေ့ကွေ့ တစ်နေရာရာမှာ ပြန်လည်ဆုံစည်းခဲ့ပါလျှင် သူမနှင့် အတူ တကွ နေထိုင်ခွင့်ရဖို့ ကျွန်မ ကြိုးစားရပါမည်။
ခပ်အအ ပညာတတ်မိန်းမတစ်ယောက်အတွက် ကျောင်းမှာ မသင်ရသော သင်ခန်းစာခပ်များများ သည် သူမထံတွင် ရှိလိမ်မည်ဟု ကျွန်မယုံကြည်မိပါသည်။ နောက်ထပ် ကျွန်မဖြတ်ကျော်ရမည့် အကွေ့ အကောက် များ၊ ရင်ဆိုင်ရမည့်လူများအတွက် ကျွန်မအဖို့ သူမသည် အမှန်တကယ်မရှိမ ဖြစ် လိုအပ် ပါသည်။
သူမကို သတိရလျက် လေးလံထိုင်းမှိုင်းစွာနှင့် သူမအသုံးပြုခဲ့ဖူးသော စားပွဲဆီသို့ လျှောက်လာမိ သည်။ စားပွဲပေါ်မှာတော့ စီးကရက်အတိုအစတွေနှင့် ဘူးခွံအလွတ်တွေ၊ ပြာတွေ၊ စက္ကူစတွေက ပြန့်ကျဲ လို့နေပါသည်။ ပြီးတော့ သူမနှင့် အမြဲဒွန်တွဲလျက်ရှိပြီး သူမနှင့် လိုက်ပါသွားရခြင်းမရှိသည့် ဖဲထုပ်လေး ကလည်း စားပွဲပေါ်တွင် မှောက်လျက် အနေအထားနှင့် ရှိလို့နေလေသည်။
ဖဲထုပ် ကလေးကို ငုံ့ကြည့်၍ ကျွန်မလက်က အလိုလိုဖဲတစ်ချပ်ကို ဆွဲထုတ်လိုက်မိသည်။ လက်တွင် ပါ လာသော ဖဲချပ်လေးကို လှန်ကြည့်လိုက်သောအခါ သူမအတွက် လာဘ်ပိတ်သည် ဟု အစွဲရှိခဲ့သော ဖဲချပ် လေးသာ ဖြစ်နေပါတော့သည်။
စာရေးသူ - မို့ချာ
(ဟန်သစ်မဂ္ဂဇင်း၊ 1992 နိုဝင်ဘာလ)
.
7 comments:
လောဘကြီးဖို့ရယ်၊ သစ္စာမဲ့ဖို့ရယ် နှစ်မျိုး ကတော့ မသင်ဘဲတတ်တယ်။ ဖဲတောင် ရက်ပေါင်းကြာကြာ သင်မှ တတ်တာ...တဲ့
သူပြောတဲ့စကားလုံးတွေအားလုံးအမှန်တွေပဲ
ကျွန်မသာဆိုဒီလို အမျိုးသမီးနဲ့မျိုးနဲ့တူတူနေတာကြိုက်တယ်....
တိုက်ဆိုင်မှုတွေကလည်း တခါတရံမှာ မယုံကြည်နိုင်လောက်အောင်ကို တိုက်ဆိုင်မိတဲ့ အခါ...မှန်ကန်တယ် လို့ ယုံကြည်ဖို့ အကြောင်းတရား ဖြစ်လာတတ်တယ် နော်... ဖဲဝိဇ္ဖာ တချို့ ရဲ့ အစွမ်းအစ ဟာလည်း
မှောက်ဖဲ ဖြစ်ဖြစ် ဝှက်ဖဲ ဖြစ်ဖြစ် ကို ရအောင် ဖေါ်နိုင်တာ အံ့သြစရာ ကောင်းလောက်အောင် တတ်နိုင်လွန်းကြတယ် နော်။
စိတ်ဝင်စားဖို့ ကောင်းတဲ့ မိန်းမ တယောက်ပါပဲ..
ဖတ်ခွင့်ရတာ ကျေးဇူးပါ မရွှေစင်နဲ့ စစ..
ချမ်းမြေ့ပါစေ.
ခင်မင်စွာဖြင့်
မကိ..
သိပ်စိတ်ဝင်စားစရာကောင်းပါတယ်ရှင်။ ဆန့်ကျင်ဖက်လိုဖြစ်နေတဲ့ စရိုက်လေးတွေ ၊ ဖြစ်တတ်တာလေးတွေကို ပြောသွားတာ အ၇မ်းသဘောကျမိပါတယ်ရှင်။
ခင်တဲ့
ခပ်အအ ပညာတတ်မိန်းမတစ်ယောက် ဆိုတဲ့ အသုံးအနှုန်းကို တော်တော်သဘောကျမိတယ်။
စိတ်ဝင်တစားနဲ့ဖတ်သွားတယ် မမရွှေစင်ရေ....
တကယ်ကောင်းတယ်။ ကျေးဇူးပဲ။
ချစ်ညီမလေး
အင်း ဖတ်လို့ ကောင်း၏။ မှန်တာပြော ရွာပြင်ထုတ်တဲ့ ။ လူတွေက မုသားပြောတဲ့ သူမှ ဟုပ်တယ်ထင်တာလေ။
ဖဲနဲ့ပတ်သက်လို့ ဘာတစ်ခုမှ နားမလည်ပေမဲ့ အဲဒီလို ဖဲချပ်တွေနဲ့ ကံကြမ္မာကို ဖတ်တဲ့ မိန်းကလေးတွေ အတော်များများတွေ့ဘူးတယ်။အတော်စိတ်ဝင်စားဖို့ကောင်းပါတယ်။မိုချာ့ရဲ့ အတွေး အရေးလေးကိုလည်း နှစ်ခြိုက်ခံစားသွားပါတယ် မမ။
အနော်။
စိတ်ဝင်စားစွာနဲ့ဖတ်နေလိုက်တာ
နောက်ကလေဒီရောက်နေမှန်းတောင်မသိလိုက်
ကြောင်းပါး)
ခင်မင်လေးစားလျှက်
ညီမငယ်
မဒိုးကန်
Post a Comment