မောင်နှင်းမိုး
ဆရာဦးသုခသို့ တလေးတစားပေးပို့သောစာသုံးစောင်
ဆရာဦးသုခသို့ တလေးတစားပေးပို့သောစာသုံးစောင်
မိမိကိုယ်တိုင် အကောင်းဆုံးဒါရိုက်တာ အကယ်ဒမီ (၆)ဆု ရရှိထားသူ၊ အကောင်းဆုံးဇာတ်ကား အကယ်ဒမီ (၇)ဆုနှင့် အကောင်းဆုံး ဇာတ်ဆောင်ဇာတ်ပို့ (၁၂)ယောက်ကို အကယ်ဒမီ ရအောင် ရိုက်ကူး ခဲ့သူ ဒါရိုက်တာ စာရေးဆရာ ဦးသုခကို ယခုခေတ် နောက်ပေါက် အနုပညာရှင်များ ကြားဖူးရုံမျှသာ ရှိမည် ဖြစ်ပြီး ဆရာ ၏ ပညာ၊ ဆရာ၏ သိက္ခာနှင့် ဆရာ၏ သီလ သမာဓိ ပညာများကိုတော့ သိရှိနားလည်နိုင်ကြ မည်မဟုတ်ပါ။ ရုပ်ရှင် အနုပညာလောကတွင် နှစ်ပေါင်း ၄-၅ ဆယ် အသက်မွေးဝမ်းကျောင်းပြုနေသူများ သာ ဆရာ့ကို လေးစားအားထားကြပါသည်။
ဆရာသည် ကျိုက်လက်သား အမည်က သုခ၊ ၁၉၄၇ ခုနှစ်က၊ ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံသူများတွင် ကျိုက်လတ်သားသုခ အမည်တူ လူတစ်ဦးလည်း ပါဝင်ခဲ့ခြင်း ကြောင့် ဆရာ့ထံ ဆဲဆိုစာများ ရောက်ရှိခဲ့ကြောင်းကိုလည်း ဆရာပြောပြ၍ သိခဲ့ရပါသည်။ နောက်သည် ဘယ်ခေတ်တွင် အဆိုတော်သုခဟူ၍လည်း ပေါ်ပေါက်ခဲ့ပါသေးသည်။ ဒါကြောင့်လည်း သည်ခေတ်လူ ငယ်အနုပညာသည်များ ဆရာ့ကို မသိကြခြင်းမှာ မဆန်းတော့ပါ။ အနှီဆရာ ဤဆရာ ဦးသုခဆိုတာ၊ မည် မျှတော်တတ် နာမည်ကြီးပါသနည်း၊ ဆရာဆီ အမှတ်တရ ဂုဏ်ပြုအကြံပေးကြသူ ထင်ရှားကျော်ကြား လူ သိများသည့် ပုဂ္ဂိုလ်ကြီးများ၏ ပေးစာ သုံးဆောင်ကား ဆရာ့ဂုဏ်၊ ဆရာ့အနုပညာများအတွက် အားတက် စရာဖြစ်ခဲ့သည် ဆိုပါလျှင် လွန်အံမထင်ပါ။ ဦးစွာ ၁၉၅၄ ခုနှစ်က ၀န်ကြီးချုပ်ရုံးအတွင်းဝန် ဦးသန့် (ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း)က ဤသို့ ပေးပို့ခဲ့ပါသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်
ဝန်ကြီးချုပ်ရုံး
နေ့စွဲ၊ နိုဝင်ဘာလ ၁ ရက် ၁၉၅၄
၁ - ၀ခ (ဂ) ၅၄
ကိုသုခ ခင်ဗျား
၁၉၅၄ ခု အောက်တိုဘာ ၂၃ ရက်၊ စနေနေ့ ညတွင် (သြော် မိန်းမ) ဇာတ်ကားကို နိုင်ငံတော် ၀န်ကြီးချုပ် သွားရောက်ကြည့်ရှုပြီးနောက် ထိုဇာတ်ကားသည် အဆင့်အတန်းမြင့်၍ ပါဝင်ဇာတ်ဆောင်သူ တို့မှာလည်း၊ အမူအရာ သဘာဝကျပါသည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်က ချီးကျူးပါသည်။ ဇာတ်လမ်းတွင် မိန်းမများနှင့် ပတ်သက် ၍ အပြစ်အဆာများကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ထားသည့် နည်းတူ ယောက်ျားများ၏ အပြစ်အဆာ များကိုလည်း သရုပ်ဖော်ထားသော ဇာတ်လမ်းတစ်ခုကို ကိုသုခပင် ကြံစည် စိတ်ကူး၍ ရိုက်ကူး ပြသပါလျှင် သြော် မိန်းမဇာတ်ကားကဲ့သို့ပင် အဆင့်အတန်းမြင့်သော ဇာတ်ကားကောင်း တစ်ခု ပေါ်ထွက် လာလိမ့်မည်ဟု ၀န်ကြီးချုပ်က ယုံကြည်ပါသည်။ ထိုကိစ္စနှင့်ပတ်သက်၍လည်း များမကြာမှီ ကိုသုခ နှင့် ဆွေးနွေးလိုကြောင်း ၀န်ကြီးချုပ်က အမိန့်ရှိပါသည်။
မောင်သန့်
အတွင်းဝန် (စီမံကိန်း)
ဝန်ကြီးချုပ်ရုံး
ကိုသုခ၊ စာရေးဆရာ
ဗြိတိသျှဘားမားရုပ်ရှင်ကုမ္ပဏီ
မှတဆင့် ၇၉/၈၁ ပန်းဆိုးတန်း
ရန်ကုန်မြို့
အထက်ဖော်ပြပါ ၀န်ကြီးချုပ်၏ အကြံပေးချက်ကို အလေးအနက်ထားသူ ဆရာသည် သြော် ယောက်ျား ဇာတ်ကား ကို ၁၉၆၁ ခုနှစ်တွင် ကျော်ဆွေ၊ တင်တင်မူတို့ဖြင့် ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီမှပင် ရိုက်ကူး ခဲ့ပါသည်။
နောက်တစ်စောင် က လူထုဦးလှ မှ ဆရာဦးသုခ ဆေးရုံ တက်နေစဉ် ပေးပို့ခဲ့သော စာဖြစ်ပါသည်။
ရက်စွဲ၊ ၃၀.၇.၅၇
ကိုသုခခင်ဗျား
များစွာ သတိရပါသည်။ အိန္ဒြိယကအပြန် ဆေးရုံသို့ မ၀င်ခဲ့ရသည့်အတွက် စိတ်မကောင်းပါ။ ကျွန်တော် ရေးသော "လေနှင့်အတူ" ပေးပို့လိုက်ပါသည်။ ထောင်ထဲမှထွက်လာသူမို့ ဇ၀နလို "ကောလိပ်ကျောင်းသား "မရေး နိုင်ပါ။ " ထောင်သား " ပဲရေးနိုင်တယ်ဗျာ။
မေတ္တာပို့သလျက်
(မောင်လှ)
နောက်တစ်စောင်ကတော့ နာမည်ကြီး ဒါရိုက်တာ ရွှေဒုံးဘီအောင်က ဆရာ ဦးသုခအကယ်ဒမီရသည့် အတွက် မုဒိတာဖြင့် ရေးသားပေးပို့ခဲ့သော စာဖြစ်ပါသည်။
နေ့စွဲ - ၁၃.၄ ၇၁
လူထူးကြီး လူတော်ကြီး ဦးသုခခင်ဗျား
ယမန်နေ့က ထူးချွန်ဆုသဘင်ကို တက်ရောက်ရန် ဖြစ်သော်လည်း (Hyper tension) ကြောင့် ဦးခေါင်း နောက်နေ၍ မတက်နိုင်ခဲ့ပါ။ တက်နိုင်ခဲ့လျှင် ဦးသုခနှင့်တကွ မောင်ဝင်းဦး ဗိုလ်မ ကို ကြည်ကြည်ဌေး၊ တင်တင်နွဲ့ အစရှိသော ရုပ်ရှင် လူရည်ချွန်များအားလုံးအတွက် ပစ္စုပ္ပန်ကျကျယောနိသော မနုဿီကာရ ဖြင့် ၀မ်းမြောက်ဝမ်းသာ လက်ခုပ်သြဘာ ထောပနာပြုနိုင်မည်ဖြစ်ပါသည်။ ယခုမူကား ဤစာဖြင့်သာလျှင် ကျွန်တော်နှင့်ဘ၀တူ စာရေးဆရာ ဒါရိုက်တာဖြစ်သော ဦးသုခတစ်ဦးတည်းကိုသာ ကောက်ပြီး ချီးကျူး ထောပနာ ပြုနိုင်ပါတော့သည်။ ကျွန်တော်၏ စေတနာကို ဣဌာရုံအဖြစ် လက်ခံပါမည့်အကြောင်း ဦးသုခ ထူးခြားပုံ မှာ ယခင်ကလည်း ပညာရှိတစ်ဦးဖြစ်ကြောင်း၊ " အလင်္ကာ " ကျော်စွာဘွဲ့ ရရှိခြင်းက ၄ ကြိမ် တိုင်တိုင်၊ ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ရရှိခဲ့သူဖြစ်ပြန်သဖြင့် (တူနိုင်မယ်မထင်ကြနဲ့ ကိုးဆယ်ဆကွာ လိမ့်မယ်) ဆိုသကဲ့ သို့ "ကံရော-ပညာပါ" ၂ ပါးစလုံး ထူးခြားသူဖြစ်ပါသည်။ ထိုထူးခြားသူ ပုဂ္ဂိုလ်တစ်ဦးကို မချီးကျူး ကြလျှင်၊ ပေါင်းမြက်ကဲ့သို့ နာရီနှင့်အမျှ နေ့ညမပြတ် ပေါက်ပွားနေသော အဘိဇ္ဈာ၊ ဗျာပါဒ ဣဿာ မိစ္ဆရိယ စသော မနောကံ ဒေါမနဿတွေပေါ်လာတိုင်း ပေါက်ပွားလာတိုင်း နိုင်အောင်မသတ်နိုင် သော သူယုတ်မာသာဖြစ်ချိမ့်မည်။
သို့အတွက် ချီးကျူးထိုက်သူကို ချီးကျူးရမည်ဖြစ်သည့်အတိုင်း၊ ဦးသုခအား " မြန်မာရုပ်ရှင်၏ ပုဂ္ဂလ-၀ိသေသ" အဖြစ် ကျွန်တော်သည် ယောနိသောမနဿီကာရ ရှေ့ထား၍ လှိုက်လှိုက်လှဲလှဲ ချီးကျူး ပါကြောင်း။
ကျွန်တော်အားလည်း ဦးသုခက တုန့်ပြန်သော မေတ္တာဖြင့် ဦးသုခကဲ့သို့ လူထူးချွန် တစ်ဦးဖြစ်ပါစေဟု ဆုမွန် ကောင်း တောင်းပါခင်ဗျား။
ပုဂ္ဂလ ၀ိသေသတစ်ဦး ၏ မေတ္တာကို ခံယူလိုသော
ရွှေဒုံးဘီအောင်
ယင်းအချိန်ကား ဆရာကြီး ရွှေဒုံးဘီအောင်သည်လည်း ဆရာ ဦးသုခကဲ့သို့ပင် အလွန်ထင်ရှားကျော်ကြား သော ဇာတ်ကားကောင်းများစွာ ရိုက်ကူးခဲ့သည့် နံမည်ကြီး စာရေးဆရာ ဒါရိုက်တာကြီး တစ်ဦး ဖြစ် ပါသည်။ သို့ကလို ပညာရှိ၊ ပညာရှင်ကြီးများပီပီ (ပညာခြင်း၊ ယှဉ်ပြိုင်နိုင်ကြသူချင်းပင်လျှင်) မစ္ဆရိယ စိတ်မထား၊ မုဒိတာပွားနိုင်သည့် ဆရာကြီး ရွှေဒုံးဘီအောင်၏ စိတ်ဓာတ်ကား လွန်စွာမှ ဂုဏ်ယူ အားကျ စရာ ကောင်းလှ ပါသည်။
ယခုခေတ် တော်ကြ၊ ကျော်ကြသည့် အနုပညာရှင်များ အားလုံး ရှေးဆရာ၊ ဆရာကြီးများ၏ တစ်ဦးပညာ ကို တစ်ဦးက တလေးတစားဖြင့် ဂုဏ်ယူဝံ့ကြွားနိုင်ကြသည့် စိတ်ထားကို အားကျလိုက်နာ အတုယူကာ ကျင့် သုံးကြပါလျှင် အနုပညာ လောကသည် စိတ်ချမ်းသာပျော်ရွှင်ဖွယ်ရာ ကမ္ဘာလောကတစ်ခု ဖြစ် လာရမည် သာမဟုတ်ပါလား။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ဆရာ ဦးသုခထံ စာရေးသားပေးပို့ခဲ့ကြသော ပညာရှိပုဂ္ဂိုလ်ကြီး သုံးယောက် နှင့် ဆရာကြီး ဦးသုခပါ မရှိရှာတော့ပါ။ သို့သော် ဤအဖိုးတန် စာသုံးစောင်ကတော့ အတုယူ လိုက်နာ ကျင့်သုံး ဖွယ်ရာ ရာဇ၀င်တွင်ကာ ကျန်ရစ်ခဲ့မည်သာ ဖြစ်ပါတော့သည်။
သုခိအတ္တာနံ ပရိဟရန္တု
မောင်နှင်းမိုး
ဆရာကြီး ဦးသုခနဲ့ ကျွန်တော်
မန္တလေးမောင်အောင်ခင်
ဆရာကြီး ဦးသုခ ကို ကျွန်တော် သတိထားမိတာတော့ ကျွန်တော်တို့ (၇)တန်းကျောင်းသားဘ၀ ကြည့်ခဲ့ ရတဲ့ (ဂုဏ်ရည်တူ အသံထွက် ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီဂုဏ်ရည်မတူမှာ မှတ်ဖြစ်ခဲ့ရတဲ့ ဇာတ်ကောင် နှစ်ဦး ကတော့ (ပေါက်စီနဲ့--- )တို့ပါ။
ဇာတ်လမ်းအရ မေသစ်နဲ့ သုခတို့ နှစ်ယောက်က တောင်းပန်ရတဲ့ မောင်နှမ၊ ကားမှောက်စိတ်နှောက် အတိတ်မေ့ ဖာတလုံးခင်မောင်၊ တစ်နေ့သူတို့မောင်နှမ ထမင်းဝိုင်းမှာ ဘာမသိညာမသိနဲ့ စိတ်မနှံ့သူ ခင် မောင်က ဇွတ်ဝင်စားခဲ့ရာက သံယောဇဉ်ဖြစ်၊ လက်ခံထားရာက ခင်မောင်ကို (မင်းနာမည် ဘယ်သူလဲလို့) အစ်ကို ဖြစ်သူ သုခကမေးတော့ မင်းသားခင်မောင် စိတ်မနှံ့သူပီပီ မျက်လုံးကြီးပြူးကလယ်ကလယ်လုပ် စဉ်းစား နေတုန်း ဗြုံးဆို သူတို့အနီးကနေ ပေါက်စီသယ် တရုတ်ကြီးဖြတ်သွားရင်း " ပေါက်စီ "ဆိုပြီး ဟစ် လိုက်တဲ့အချိန် (အား ဟုတ်ပီ ပေါက်စီ ကျွန်တော့် နာမည် ပေါက်စီ ... ပေါက်စီ) လို့ ပြောလိုက်ပါတယ်။
ဒီမှာတင် အစ်ကိုဖြစ်သူ သုခနှင့် မယ်သုံတို့ မောင်နှမတစ်ယောက်က အင်း တော်ပါသေးရဲ့ ပေါက်စီ သယ် ဖြစ် သွားတာ နို့မဟုတ်ပဲ ထိုးမုန့်သည်များ ဖြတ်သွားရင်တော့ ဒုက္ခဟူ၍ သုခကလည်း ညည်းလိုက်ရော ရုပ် ရှင်ရုံရုံမှာ ရှိပြီး ကြည့်နေကြတဲ့ ပရိသတ်တပြုံကြီးလည်း -- ကျသွားခဲ့ကြပါတယ်။ ဒီဇာတ်ကားကစလို့ ဆရာ ကြီးက ဒါရိုက်တာလုပ်တဲ့ (ဂုဏ်ရည်မတူ) ဇာတ်ကားဟာ ၀င် --- ဇာတ်ကားတစ်ကားဖြစ်တဲ့အပြင် ပြည်သူ ကြိုက်သော စာဖြစ်ခဲ့ရပါတယ်။
တစ်နိုင်ငံလုံးလဲ (ပေါက်စီ-မယ်သုံ) လွှမ်းသွားခဲ့ရပါတယ်။ အထဲက ဆရာကြီး ဦးသုခရဲ့ အနုပညာပါရမီက ထူးချွန်ခဲ့ပြီးနောက် ကျွန်တော်တို့ ရုပ်ရှင်ကြည့် ပရိသတ်စွဲမိတဲ့ စာကတော့ ဆရာကြီး ရိုက်တဲ့ (သည် ဆောင်းဟေမန်) ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာလည်း ဘကျော်ဆွေနဲ့ မေသစ်တို့ပါပဲ၊ ဇာတ် လမ်းအရ ကျော်ဆွေက ဒန္ဒရားဆရာ အနုပညာသမားဂီတ၀ိုင်းခေါင်းဆောင် သရုပ်ဆောင်ပြီး မေသစ်က သူဌေးသမီးပါ။ တစ်ယောက်နဲ့ တစ်ယောက်ညားပြီး ကလေးတစ်ယောက်ရမှ မေသစ်မိဘများက မကျေနပ်၊ ဂီတအနုပညာကို မမြတ်နိုး အထင်မကြီးသူများမို့ သမက်ကိုနှင်ချ၊ ဒီမှာတင် ကိုသိန်းဟန် (ကျော်ဆွေ)စိတ် ချဉ် ပေါက်ပြီး အရက်သောက်ပွေရာကနေ (ကာလသားရောဂါ)ရပြီး ကိုယ်ရေပြားရောဂါ သည် ဘ၀ ရောက်ခဲ့ ရပါတယ်။ လူငယ်များ သင်ခန်းစာပေး ဇာတ်ကားတစ်ကားပါပဲ။ ဒီဇာတ်ကားမှာ နာမည်ကြီး သွားတာ ဆရာ ကြီးဦးသုခ ကိုယ်တိုင် ရေးသားပေးခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ (ဂုဏ်ဆိုတာ ငွေကို ခေါ်တယ်) သီချင်းပဲ ဖြစ် ပါတယ်။
ဒီသီချင်းဟာ ခေတ်နဲ့ အညီ ဖြစ်နေတဲ့အတွက် အံဝင်ခွင်ကျဖြစ်တဲ့ စာသားတွေက (ဂုဏ်ဆိုတာ ငွေကိုခေါ် တယ်၊ လူမှာသာ ငွေမရှိရင် လင်ယူမိတာနာတယ်ထင်တယ်၊ ယောက္ခမ အိမ်တက်သမက်မှာ မျက်နှာငယ်၊ မျက်နှာငယ်) စတဲ့သီချင်း ပြည်သူ့အသဲစွဲဖြစ်ခဲ့ပြန်ပါတယ်၊ ဒါပေမယ့် နောက်ပိုင်းကာလတွေမှာ ကျတော့ ဒီ သီချင်းနဲပ ပတ်သက်လို့ လူငယ်လေးတွေ အတုခိုးမှားခဲ့ကြတဲ့အတွက် သူနောင်တရမိကြောင်း ကျွန်တော် တို့ ဆရာကြီး ဆောင်းပါး မှာ ဖတ်ပြီးသိခဲ့ရပါတယ်။
နောက်တတိယမြောက် အမှတ်ရစရာလေးကတော့ ကျွန်တော်တို့ မန္တလေးမြို့က တည်ထောင်လိုက်တဲ့ မန္တလေးရုပ်ရှင် စတင်ရိုက်ကူးလိုက်တဲ့ (ဘ၀သံသရာ) အသံထွက်ဇာတ်ကား အသံထွက်ဇာတ်ကားကြီး ဖြစ်ပါတယ်။ အဲဒီကားမှာလည်း ဆရာကြီး ဦးသုခနဲ့ ဒေါ်မေသစ်တို့က မောင်နှမ ဦးသုခကျောင်းဆရာဘ၀ ညီမလေးကို ဘ၀သံသရာရှည်လျားပုံတွေကို ဘ၀သံသရာ သီချင်းနဲ့သရုပ်ဆောင်ပြသွားလိုက်တာ ရုပ်ရှင် ကြည့် ပရိသတ်တွေဟာ တရားသဘောတွေ ပေါက်ရောက်သွားစေပါတယ်။
ဒီဘ၀သံသရာဇာတ်ကားမှာလည်း ဘ၀သံသရာသီချင်းဟာ ဂန္ထ၀င်မြောက် ကျန်ရစ်ပြန်တာပါပဲ။ ဒါကြောင့် ဆရာကြီးရဲ့ ဇာတ်ကားတိုင်းဟာ ဆရာကြီး လူထု ဦးလှပြောသလို (ဆင်သွားရင် လမ်းဖြစ်တယ်)ဆိုစကား လို ပါရမီရှင် ဆရာကြီး ဦးသုခကလည်း အနုပညာအရာမှာ ထဖက်ကမ်းခတ်တတ်မြောက်သူတစ်ယောက် ဟု ဆိုလျှင် မှားအံ့မထင်ပါ။ ဒီအချိန်ထိ ဆရာကြီးနဲ့ ကျွန်တော် လူကိုယ်တိုင် မတွေ့ကြုံဘူးသေးပါ။
နောက် ၁၉၆၇ နှစ်လောက်မှ ဆရာကြီး ဦးသုခနဲ့ ဆရာသခင်ကျော်စိန်တို့နှစ်ဦး မန္တလေးကို ရောက်လာကြ ပါတယ်။ ကျွန်တော်တို့အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းက လူလတ်လူငယ်တွေနဲ့ တွေ့ဆုံချင်ပါ တယ်ဆိုလို့ လူထုဦးလှ ဒေါ်အမာ (ဦးလေးနဲ့ဒေါ်ဒေါ်)တို့က ကျွန်တော်နဲ့ ဆရာ မောင်သာနိုး တို့ကို အဖိတ် ခိုင်းပြီး နောက်တစ်နေ့မှာ တွေ့ဆုံပွဲလေး လုပ်ကြပါတယ်။
ဒီတွေ့ဆုံပွဲမှာ မန္တလေးအထက်ဗမာနိုင်ငံ စာရေးဆရာ အသင်းဝင်များဖြစ်ကြတဲ့ လူကြီးပိုင်းထဲက လူထုဦးလှ ဒေါ်အမာ ဆရာ ဦးကြည်မြ၊ ဆရာဒေါက်တာ သန်းထွန်း၊ ဒေးအမာ ဆရာ ဦးကြည်မြ၊ ဒေါက်တာ ထွန်းရွှေ။ လူလတ်ပိုင်းထဲကဆိုရင် ကဗျာဆရာဒွါရာဝတီ ဘုန်းလူ၊ ဂုစ်ထူးဦးသိန်းနိုင်၊ ဆရာ သိန်းသန်းထွန်း၊ ဆရာကန်မြဲ နန်းမြင့်နွယ်။ မြင်းခြံမောင်ဝင်းဖေ၊ မင်းသားကိုကြည်လင်၊ လူငယ်ပိုင်းထဲက ကျွန်တော်၊ ဆရာ မင်းသားနိုး၊ မောင်ငြိမ်းသူ၊ မောင်မျက်ရှင်တို့တတွေပဲ ဖြစ်ပါတယ်။ ဒီတော့မှ ကျွန်တော် က ဆရာကြီး ဦးသုခကို လူကိုယ်တိုင် တွေ့ဖူးပါတယ်။ ဦးလေး (လူထုဦးလှ)က ဦးဆောင်ပြီး ဆရာကြီး နှစ်ဦးကို ကျွန်တော်တို့ လူငယ်တွေနဲ့ မိတ်ဆက်ပေးပါတယ်။
ဒီမှာတင် ကျွန်တော် ၀တ်ဆင်သွားတာက အဲဒီတုန်းက ကျွန်တော့်အသက် (၂၂)နှစ်ပဲရှိသေးတော့ နေတက် ထရွန်စတောပဲောင် (ပန်းရဲရောင်)နဲ့ အောက်ခံပုဆိုးက ကချင်လုံချည်အနက်စင်းကွက်နဲ့ဖြစ်ရာ ကျွန်တော့် ပုံစံက ကဗျာဆရာရုပ်။ စာရေးပေါက်ပဲ။ ဇာတ်ကောင်ရုပ်ပေါက်နေတယ်ထင်ပါရဲ့၊ ကျွန်တော့်တပည့် ရောက် လို့ ကျွန်တော် ထမိတ်ဆက်တော့ ဆရာကြီးက ကျွန်တော့်ကို သေသေချာချာစိုက် ကြည့်ပြီး " မောင်ရင် က ဆရာနဲ့မတူဘူး ရုပ်ရှင်မင်းသားလုပ်ဖို့ကောင်းတယ်" ဟု တိုက်ရော ဧည့်ခန်းတစ် ခန်းလုံး ၀ါးကနဲ ပွဲကျ သွားခဲ့ပါတယ်။
ဒီနောက်တော့ ဆရာကြီး နှစ်ယောက်နဲ့ ကျွန်တော်တို့ ဆရာတွေ တစ်ဖွဲ့လုံး တပြုံးပြုံး စာကြောင်း ပေကြောင်း ပြောဆိုကြ ဆရာကြီးကလည်း ရုပ်ရှင်အတွေ့အကြုံပြောကြ ကျွန်တော်တို့က နား ထောင် ပျော်စရာ တွေ့ဆုံပွဲလေး ဖြစ်ခဲ့သည်။ အဲဒီပွဲလေးသိမ်းတော့မှ ဆရာကြီး ဦးသုခက ကျွန်တော့်ကို ကြည့်ပြီး "မောင်ရင် ရုပ်ရှင်ကို ၀ါသနာပါရင် ဆရာ့ဆီလာခဲ့ခေါ်ပါတယ်။ ကျွန်တော်လည်း ၀ါသနာတော့ ပါခဲ့ ပါတယ်။ ရန်ကုန်မြို့ကို ဆင်းပြီး စွန့်စွန့်စားစား မလုပ်ရဲခဲ့တဲ့ ဆရာကြီးဆီ မရောက်ခဲ့ပါဘူး။
ဒါထက် ကျွန်တော်ကိုယ်တိုင် ကိုယ်ပိုင်စာအုပ်တိုက် မြစိမ်းတိုက်ကိုထောင်၊ ကဗျာစာအုပ်တွေ လုံးချင်းဝတ္ထု တွေ ၀ယ်တော့မှ အဲဒီခေတ်မျက်နှာဖုံးပုံနှိပ်တိုက် အကြိုက်ဆုံးဖြစ်တဲ့ (ယမုံနာစာအုပ်တိုက်၊ ပုံ နှိပ်တိုက်) ဦးဘိုးဟန်ဆီ သွားရင်း ဆရာကြီး ဦးသုခထံကို ၀င်ရောက်ကန်တော့ဖြစ်ပါတယ်။
နောက်တစ်ကြိမ် ဆရာကြီးနဲ့ တွေ့ဆုံဖြစ်တာကတော့ ၁၉၈၀ ခုနှစ် မြန်မာနိုင်ငံမှာ ပထမဆုံးညီလာခံဖြစ်တဲ့ စာပေလုပ်သား ပထမအကြိမ် စာပေညီလာခံမှာပါ။ ကျွန်တော်တို့ မန္တလေး(၄)မြို့နယ်က စာပေညီလာခံ ကိုယ်စားလှယ်တွေ တည်းခိုရမယ့် အဆောင်ကို ရောက်သွားတော့ ကျွန်တော်တို့ တည်းခိုကြရတဲ့အဆောင် က ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လှိုဏ်ဂူတော်ကြီးနဲ့ မျက်နှာချင်းဆိုင်က ပုဗ္ဗ၀ိဒေဟဆောင် ဆရာ ကြီးဦးသုခ နဲ့ ဆရာကြီး ရွှေဒုံးဘီအောင် (ဗိုလ်အောင်ဒင်ဒါရိုက်တာ)တို့ နှစ်ဦးက ပြုံးရွှင်စွာ ကြိုဆိုကြပါ တယ်။ ဒီတုန်းက ဆရာကြီးက ပင်နီစရှမ်းတိုက်ပုံ ရှမ်းဘောင်းဘီဝတ်နဲ့ သွက်လက်ဖျတ်လတ်စွာ ရှိသလို ဆရာကြီး ဒါရိုက်တာ ရွှေဒုံးဘီအောင်ကလည်း တိုက်ပုံအင်္ကျီနက်ပြာ၊ ပိုးထည်ပုဆိုးကွက်စိပ် နဲ့ အကျအန ထိုင်နေ ကြပါတယ်။
လူငယ်လှုပ်ရှားမှုအတွက်တော့ အဲဒီတုန်းက အသက်(၂၁)နှစ် အရွယ်ပဲရှိသေးတဲ့ ကို အောင်ထွန်းခေါ် ဆရာမင်းသိင်္ခ က တာဝန်ယူပြီး ကျွန်တော်တို့ တည်းရမယ့် အခန်းဆီကို လိုက်ပို့ပေးပါတယ်။ ကျွန်တော်တို့ အခြေတကျပစ္စည်းတွေ ချထားပြီး ပြန်ဆင်းလာတော့မှ ဆရာကြီး ဦးသုခ ကပြုံးရင်း ကျွန်တော့်ကို ထိုင်ဖို့ခေါ်ရင်း ကိုလှ တို့ မအမာတို့ နေကောင်းကြရဲ့လား မေးပါတယ်။ ကျွန်တော် ကလည်း ဦးလေးတို့ ဒေါ်ဒေါ် တို့ နေထိုင်ကောင်းကြောင်း နေ့စဉ်သတင်းစာအလုပ်နဲ့မို့ မအားလပ်လို့ ဆရာ ကြီးထံ စာမရေး ကြောင်းမှာ လိုက်ပါတယ်လို့ ပြောပြခဲ့ပါတယ်။
ဒီနောက် ညီလာခံ (၃)ရက်အပြီးမှာ ပြန်ခါနီးနှုတ်ဆက်၍ ပြန်ခဲ့ကြပါတယ်။ နောက်နှစ်တွေမှာလည်း ကျွန်တော် မြစိမ်းမြိုင် စာအုပ်တိုက်က စာအုပ်တွေကို ရန်ကုန်ဆင်းဖြန့်ချိရင်း ဦးလေးနဲ့ ဒေါ်ဒေါ် (လူထုဦးလှ ဒေါ်အမာ)တို့က အမှတ်တရ ပေးဖို့ ပါးလိုက်တဲ့ မန္တလေးလက်ဆောင်ဖြစ်တဲ့ ထိုးမုန့်၊ မလိုင် ကရေကရာ၊ မာစကပ်မုန့်များကို ကျွန်တော် ယူဆောင်သွားရင်း ရန်ကုန်ရောက်တော့ ဆရာကြီးဦးသုခထံ ဦးလေး ဒေါ်ဒေါ်တို့က လက်ဆောင်ပို့ခိုင်း၍ လာပို့ရပါကြောင်းနှင့် ကျွန်တော် ကိုယ်တိုင်ကလည်း ဆရာကြီး ကို လက်အုပ်ချီကန်တော့ ခဲ့ရဖူးပါတယ်။ ဒါတွေကတော့ ဆရာကြီး ဦးသုခနဲ့ ပတ်သက်လို့ ကျွန်တော့်ဘ၀ ကိုယ်တိုင်တွေ့ အမှတ်တရလေးများပဲ ဖြစ်ပါတယ်။
အဖက်ဖက် က အသိထူးပါရမီထူး ဘ၀ဆက်ကောင်းသူ အကယ်ဒမီဆုများရှင် စာရေးဆရာဒါရိုက်တာ ဆရာ ကြီး ဦးသုခ အား ဤဆောင်းပါးဖြင့် ရိုသေမြတ်နိုးလေးမြတ်စွာ ဂါရ၀ပြုလိုက်ပါတယ် ခင်ဗျား။
မန္တလေးမောင်အောင်ခင်
.
No comments:
Post a Comment