(၂ဝ)
ဒေါ်ရော်သီကို ချထားပေးပြီးသောအခါ နယူးယောက်မြို့သို့ တိုက်ရိုက်ကားမောင်ပြန်ဖို့ ဂျွန်ကရက် ဂိုပေါလော စိတ်ကူးထားခဲ့သည်။
သို့သော်လည်း သူခေါင်းအနည်းငယ်ကိုက်နေသည်။
ငါးနာရီ မျှ မောင်းရမည့် ခရီးကိုမနားဘဲ တောက်လျှောက်မမောင်းချင်။
နောက်ပြီးတော့ နန်စီအဲလ်ဒရက်ခ်ျ၏ ကလေးများအကြောင်း ကလည်း စိတ်မကောင်းစရာ ဖြစ်ရာ သူ စိတ်ထိခိုက် နေသည်။
ဒေါ်ရောသီ က ပျောက်ဆုံးသွားသည့် ကလေးများ၏ ဓာတ်ပုံကို ပိုက်ဆံအိတ်ထဲမှ ထုတ်ပြသေး သည်။
အလွန် ချစ်စရာကောင်းသည့် ကလေးများဖြစ်သည်။
ဘယ်လို လူမျိုးကများ ကလေးများကို ဒုက္ခ ပေးချင်ရသနည်း။
သူ့စိတ်ထဲ မှာ ရှုပ်ထွေးလာသည်။
သူ့မှာလည်း အရွယ်ရောက်ပြီးသည့် သားနှစ်ယောက်ရှိသည်။ တစ်ယောက်က လေတပ်မှ လေသူရဲဖြစ်ပြီး ကျန်တစ်ယောက် က ဗိသုကာ ဖြစ်သည်။
နှစ်ယောက်စလုံး သားလိမ္မာများဖြစ်သည်။
သားနှစ်ယောက် အတွက် သူဂုဏ်ယူမိသည်။
သူတို့၏ အဖေနှင့်အမေ ကွယ်လွန်သွားပြီး သည့်နောက် နှစ်ပေါင်းများစွာ ကြာအောင် သူတို့ အသက်ရှင် ကျန်ရစ် ကြရဦးမည်။
သူ့မျိုးဆက်ကို ထိန်းသိမ်းကြဦးမည်။
သားနှစ်ယောက်ကလေးငယ်ဘ၀က ယခုအဲဒရက်ခ်ျကလေးများလို ပျောက်ဆုံးသွားပြီး ပြန်မ တွေ့လျှင်…
သူ ဆက်မတွေးရဲ တော့ပါ။
သူ့ရင်ထဲ မှာ ဒါလောက်နှင့်ပင် အလွန်တရာ တင်းကျပ်လာလေသည်။
ရှေ့နားမှာ ခမ်းနားသပ်ရပ်သည့် စားသောက်ဆိုင်တစ်ဆိုင်ကိုလှမ်းမြင်ရသည်။
ဆိုင်းဘုတ်တွင် မီးထွန်းထားသည်။ ထိုစားသောက်ဆိုင်အတွင်းသို့ အလိုအလျောက် သူကား မောင်းဝင် သွားမိသည်။
ညနေသုံးနာရီထိုးတော့မည်။ တစ်နေ့လုံး ပေါင်မုန့် တစ်ချပ်နှင့် လက်ဖက်ရည်တစ်ခွက်သာ စားသောက် ရသေးကြောင်း သူပြန်အမှတ်ရသည်။
ထို့ကြောင့် ဗိုက်ဆာလာသည်။
နောက်ပြီးတော့ ဒါလောက် ရာသီဥတုဆိုးရွား နေသည့်အချိန်တွင် နေ့လယ်စာအလွတ်ခံပြီး နယူးယောက် သို့ ကားမောင်း မသွားသင့်။
ဗိုက်ပြည့်အောင် ဖြည့်ထားသင့်သည်။
နောက်တစ်ကြောင်း က သည်အရပ်မှာ ဟိုတယ်ဖွင့်မည်ဆိုတော့ သည်အရပ်တွင် ဟိုတယ်လုပ်ငန်း တကယ် လုပ်နေသူ နှင့် စကားစမြည်ပြောကြည့်ခြင်းအားဖြင့် အရှုံးမရှိနိုင်၊ သတင်းကောင်းလေး ဘာလေး ကြားရ နိုင်သည်ဟု လည်းတွေးကြည့်မိလေသည်။
ဘားခန်း ဆီ သို့ သူတောက်လျောက်ဝင်သွားသည်။
သပ်ရပ်စွာ ခင်းကျင်းပြင်ဆင်ထားသည်ကို တွေ့ရသဖြင့် သဘောကျမိသည်။
ဘားခန်းထဲမှာ လူတစ်ယော်ကမှမရှိပါ။
သို့သော်လည်း သည်လိုအရပ်မျိုးတွင် ညနေငါးနာရီ မထိုးမချင်း ဘားခန်းသို့ လူရောက် လာလေ့မရှိ။
လူရှင်း နေသည်မှာ သဘာဝကျပါသည်။
ဝီစကီ မှာသည်။
ပြီးတော့ စားစရာတစ်ခုခု ဘာများရနိုင်မလဲဟု စားပွဲထိုးကို မေးသည်။
"ထုံးစံအတိုင်းကတော့ ဒီအချိန်ဟာ စားဖိုဆောင်ပိတ်တဲ့ အချိန်ပါပဲခင်ဗျာ၊ ဒါကြောင့် စားသောက် ခန်းလဲ ပိတ် ပါတယ်၊ ဒါပေမယ့် ဆရာ့အနေဲ့ ဒီဘားခန်းထဲမှာ အရက်သောက်ရင်း စားနိုင်မယ် ဆိုရင်တော့"
"ဖြစ်ပါတယ်"
ဂျွန်ကစားစရာများမှာသည်။
ထိုနောက် စားရင်းသောက်ရင်း စားပွဲထိုးနှင့်ထွေရာလေးပါစကားပြောသည်။
စားပွဲထိုးမှာ အသက်လေးဆယ်လောက်ရှိပြီ။
"ကျုပ်လဲ ဟိုတယ် လုပ်ငန်းလုပ်နေတဲ့ လူပါပဲ၊ ကျုပ်ဆိုလိုတာကို သဘောပေါက်ပါတယ် နော်"
ထိုသို့ပြောလိုက်ပြီးမှ ပွင့်ပွင့်လင်းလင်း ပြောရန် ဂျွန်ကဆုံးဖြတ်ကာ ဆက်ပြောလိုက်လေ သည်။
"ဒီမြို့က ရှုခင်းသာလို့ ခေါ်တဲ့ အိမ်ကြီးကို ဟိုတယ်ဖွင့်ဖို့ဝယ်ရရင် ကောင်းမလားလို့ ကျုပ်စဉ်းစား နေတယ် ဖြစ်နိုင်ရင် ခင်ဗျား ရဲ့ ထင်မြင်ချက်ကို သိပါရစေလား"
စားပွဲထိုး က စိတ်ပါလက်ပါ ခေါင်းညိတ်သည်။
"အလုပ်ဖြစ်နိုင်ပါတယ်၊ တကယ့်ထိပ်တန်းဟိုတယ်ကြီးလုပ်မယ်ဆိုရင်ပေါ့လေ၊ အခုကျွန်တော်တို့ ရဲ့ စားသောက်ဆိုင် လဲ ကောင်းပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ဆီလာတဲ့ ပရိသတ်ကတော့ အလယ်အလတ် တန်းစားတွေပဲ လာတာပေါ့ခင်ဗျား ကလေးများတဲ့ မိသားစုတို့၊ ပင်စင်စား အဘိုးကြီး အဘွားကြီး တို့ လာစားကြ သောက်ကြတာများပါတယ်၊ ဒါပေမယ့် ရှုခင်းသာကျတော့ အကွက်အကွင်း ကလဲ သိပ်ကောင်းတယ်၊ ပတ်ဝန်းကျင်မြင်ကွင်းကလဲ ကောင်းတယ်၊ အစားအသောက် ကောင်းကောင်း၊ အရက် ကောင်းကောင်း နဲ့ ထိပ်တန်းဟိုတယ်ကြီး အဖြစ်ပြင်ဆင် ပြီးဖွင့်မယ်ဆိုရင် ဈေးနှုန်းကောင်း ကောင်း ယူရင်လဲ ဘယ်သူကမှ ငြင်းတော့မှမဟုတ်ဘူး"
စားပွဲထိုး က စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။
"ဟုတ်တယ်၊ ကျုပ်ကလဲ အဲဒီလို လုပ်ချင်နေတာ"ဟု ဂျွန်ကပြောသည်။
"ဒါပေမယ့် ဆရာ့နေရာမှသာ ကျွန်တော်ဆိုရင် အပေါ်ထပ်မှာ ငှားနေတဲ့ ငတိကြီးကို အရင်ဆုံး ကန်ထုတ် ပစ် လိုက်မိမှာပဲ"
စားပွဲထိုးက တဲ့တိုးကြီးပြောချလိုက်သည်။
"ကျုပ်ကလဲ အဲဒီလူအကြောင်းပဲ စဉ်းစားနေမိတာ၊ သူ့ကိုကြည့်ရတာ တစ်မျိုးကြီးပဲဗျ"
"အင်း… သူဟာ အခုလို ငါးဖမ်းတဲ့ရာသီမှာ နှစ်စဉ်နှစ်တိုင်း ရောက်လာလေ့ ရှိတယ်၊ ရေးအဲလ်ဒရက်ခ်ျက ပြောပြ ဖူးလို့ ကျွန်တော် သိနေတာပါခင်ဗျာ၊ ရေးအဲလ်ဒရက်ခ်ျ ဆိုတဲ့လူဟာ အင်မတန် စိတ်ကောင်း ရှိတယ်၊ ပျောက်နေတယ်ဆိုတဲ့ ကလေးတွေဟာ သူ့ကလေးတွေပေါ့"
"ကျုပ်လဲကြားပြီးပြီ"
"အင်မတန် စိတ်မကောင်းစရာပဲ၊ ကလေးတွေက အရမ်းချစ်စရာကောင်းတယ်၊ အရွယ်နဲ့ မလိုက်အာင်လဲ လိမ္မာ တယ်ဗျာ၊ ရေးအဲလ်ဒရက်ခ်ျ တို့ လင်မယားက ကလေးတွေခေါ်ပြီး ကျွန်တော်တို့ဆိုင်ကို မကြာခဏ လာပြီး စားသောက်လေ့ ရှိတယ်၊ ရေးရဲ့မိန်းမကတော့ အရမ်းကိုချောတာပဲ"
နန်စီ ချောကြောင်းကို စားပွဲထိုးက ပြောပြနေသည်။
"ကျွန်တော် က ဒီအရပ်သား မဟုတ်ပါဘူး၊ နယူးယောက်ကပါ၊ ဟိုမှာလဲ စားပွဲထိုးလုပ်ခဲ့ပါတယ်၊ အလုပ်ထဲမှာ အဆင်မပြေတာ နဲ့ လွန်ခဲ့တဲ့ ဆယ်နှစ်က ထွက်ပြီး ဒီကိုရောက်လာတာပါ။ ငါးမျှားလဲ ၀ါသနာ ပါတော့ ဒီမှာ အခြေစိုက်မိသွားပါတယ်၊ တစ်နေ့ အဲဒီရှုခင်းသာမှာ ငှားနေတဲ့ ငတိကြီးဒီ ဆိုင်ကို ရောက်လာပါတယ်၊ ကျွန်တော်ကကိုယ့်ဆိုင် ရောက်လာသူတွေ စိတ်ချမ်းသာအောင် အလိုက်အထိုက် စကား ပြောလေ့ ရှိပါတယ်၊ မကြိုက်တော့ဘူးထင်ရင်လဲ မပြောဘူးပေါ့ခင်ဗျာ၊ အဲဒီ စရိုက်အတိုင်း အဲဒီ ငတိကြီး ကို ကျွန်တော်ကစကားပြောကြည့်တယ်၊ အပြာတွေ မြူးတဲ့ စက်တင်ဘာလ မှာ လာရင် ပိုကောင်း ပါတယ် လို့ ကျွန်တော်က ပြောတယ်၊ ဒီတော့ငတုံးကြီးက ဘာပြန်ပြော တယ်ထင်သလဲ"
ဂျွန် က ဘာမှပြန်မဖြေဘဲ စားပွဲထိုးဆက်ပြောမည့် စကားကိုသာ စောင့်နေလိုက်သည်။
"ဘာမှပြန်မပြောဘူးဗျ၊ မျက်လုံးကြီး အကြောင်သားနဲ့ ကျွန်တော့်ကြို ပန်ကြည့်နေတယ်၊ ကျွန်တော်က ဘာကို ဆိုလိုကြောင်း သူ လုံးဝ သိပုံမရဘူး"
စားပွဲထိုး က တင်းပါးပေါ်မှာ ဟန်ပါပါ လက်ထောက်လိုက်သည်။
ဒီအရပ် ကို ခုနစ်လုံးလုံး နှစ်စဉ်မပျက်မကွက် ငါးမျှားဖို့လားတဲ့လူက ကျွန်တော်ပြောတဲ့ အပြာမြူးတဲ့ စက်တင်ဘာ ဆိုတာကို မသိဘူးတဲ့ဗျာ အံ့ပါရဲ့ အပြာရောင် ငါးတွေပေါတာကို ဒေသစကားနဲ့ ပြောတာ ကိုတောင် မသိဘူး။
အစာကလေး အတော်အသင့် ၀င်သွားတော့ ဂျွန်ကရက်ဂိုပေါလော့စ်မှာ နေသာထိုင်သာ ရှိသွားပြီ။
ခေါင်းအုံတာလည်း အထိုက်အလျောက် သက်သာသွားသည်။ ရှုခင်းသာအကြောင်းကို သူစဉ်းစား နေ မိသည်။
စားပွဲထိုး၏ စကားအရ ရှုခင်းသာကို ၀ယ်ဖို့ ဆုံးဖြတ်ချက်ကိုပို၍ ခိုင်မာအောင် ချမှတ်လိုက်မိ လေတည်။ ရောင်းသူ ဘက်မှ သိပ်လျှော့မပေးနိုင်ဟု ဆိုလျှင်လည်း မိမိဘက်မှ တိုးနိုင်သလောက် တိုးပေးဖို့ စိတ်ကူး လိုက်သည်။
အိမ်ကြီးထဲတွင် လှည့်ပတ်ကြည့်ရသည်ကို သူသဘောကျသည်။ တည်ဆောက်ထားပုံကို နှစ်ခြိုက်သည်။
အပေါ်ဆုံးထပ်သို့ ရောက်တော့မှသာ စိတ်ထဲမှာ ထင့်တင့်တင့်ကြီး ဖြစ်ခဲ့ရသည်။
မှန်ပါသည်။
မစ္စတာပါးရစ်ဆိုသူ ငှားနေသည့် အရပ်သို့ ရောက်ခါမှ မနေတတ် မထိုင်သလို သူဖြစ်ခဲ့ ရလေသည်။
မစ္စတာပါးရစ်အကြောင်း စဉ်းစားရင်း စားသောက်ပြီးသော အခါ စားပွဲထိုးကို ဘောက်ဆူးများများ ပေးခဲ့ သည်။ ပြီးတော့ ကားရပ်ထားရာသို့ ထွက်လာခဲ့သည်။
သူ့ခေါင်းထဲမှာ အတွေးကတော့ မပြတ်သေးပါ။
ညာဘက်သို့ ချိုးကွေ့ပြီး ကုန်းတွင်းသို့ မောင်းရမည်လော။ သို့သော်လည်း မိနစ်အတော်ကြာောအင်ဇဝေဇ၀ါ ဖြင့်ကားထဲမှာ သူထိုင်နေမိသည်။
သူဘာဖြစ်နေသနည်း။ အရူးတစ်ယောက်လို သူဖြစ်နေသည်။ ရှုခင်းသာ သို့ ပြန်သွားဖို့ သူ့ကိုယ် သူ ပြန်လည် တိုက်တွန်း နေမိသည်။
သူတွေ့ခဲ့ သည့် ကုတ္တနေပါရစ်သည် အလွန်စိတ်လှုပ်ရှားကာဂနာမငြိမ် ဖြစ်နေသည်။
ဂျွန် သည် နှစ်ပေါင်းများစွာကြာအောင် ဟိုတယ် လုပ်ငန်းလုပ်ခဲ့သဖြင့် လူကဲကိုကောင်းကောင်း ခတ်တတ် နေသည်။ လူပေါင်းစုံနှင့် ဆက်ဆံခဲ့ရသောကြောင့်လည်း လူအကဲခတ်သည့် အလုပ် သည်သူ့အဖို့ ထမင်းစား ရေသောက်လို မထူးဆန်းတော့ပါ။
ထိုသူသည် အကြီးကျယ် စိတ်လှုပ်ရှား နေသည်။
ဂျွန် နှင့် ဒေါ်ရော်သီကိုထိုနေရာမှ အမြန်ဆုံး ပြန်ထွက်သွားစေချင်နေသည်မှာ သိသာထင်ရှားသည်။
ဘာကြောင့်လဲ။
သူ့ကိုယ် မှာ ချွေးတွေရွဲနေသည်။ ရေခဲလောက်အောင်အေးနေသည့် ရာသီဥတုတွင် ဘာကြောင့် သူချွေးတွေ ထွက်နေသနည်း။ သူ့ချွေးများကလည်း ချဉ်စော်နံနေသည်။
နောက်ပြီးတော့ ကြောက်ရွံ့နေသည့် လက္ခဏာ….
ဘာ ကို သူကြောက်နေသလဲ။
နောက်ပြီးတော့ ပြတင်းပေါက်နားမှ မှန်ပြောင်းကြီး…..
ထိုမှန်ပြောင်းပေါ် သို့ ဂျွန်ကုန်းလိုက်သည်နှင့် တစ်ပြိုင်တည်း ပါးရစ်သည် မှန်ပြောင်းကြီး ဦးတည် နေရာ ရပ် ပျောက်သွားအောင် ကမန်းကတန်း နေရာရွှေ့ပစ်လိုက်သည်။
ထိုအပြုအမှုကို ဂျွန်ရိပ်မိသည်။ ထို့ကြောင့် မှန်ပြောင်းကို မူလနေရာနှင့် တူညီနိုင်သမျှ တူညီ အောင်ပြန်ရွှေ့သည် မှန်ပြောင်းမှ တစ်ဆင့် ကြည့်သည်။
အဲလ်ဒရက်ခ်ျ တို့၏အိမ်…
ရဲကားတွေ၊ သတင်းထောက်တွေ၊ ရုပ်မြင်သံကြားကားတွေဖြင့် လူတွေရှုပ်နေသော အဲဒရက်ခ်ျတို့ အိမ်….
အလွန် အားကောင်းသည့် မှန်ပြောင်းကြီး….
ထိုမှန်ပြောင်း နှင့် မြို့တွင်းရှိ မည်သည့်အိမ်ကိုမဆို လှမ်းကြည့်နိုင်သည်။ သည်လိုချောင်းကြည့်နေ သူသည် လူကောင်း ဖြစ်နိုင်ပါသလား--
အဲလ်ဒရက်ခ်ျ၏ ကလေးတွေ နေအိမ်မှ ပျောက်သွားခြင်းကို မစ္စတာပါးရစ်မှန်ပြောင်းမှ တစ်ဆင့် မြင်တွေ့နေရလေသလား..
တစ်ခုခုကိုများ သူတွေ့သလား….
သို့သော်လည်း တစ်ခုခုကို သူမြင်ခဲ့ရိုးမှန်လျှင် ရဲ ကိုအကြောင်းကြားပေလိမ့်မည်။
မော်တော်ကား မှာ အေးစက်နေသည်။ အင်ဂျင်လည်းအေးစက်နေသည်။ ထို့ကြောင့် စက်နိုးအောင် အတော် နှိုးယူရသည်။
စက်နိုးသွားတော့ အင်ဂျင်ပူအောင် ခဏစောင့်နေသည်။
ဆေးပြင်းလိပ် တစ်လိပ်ထုတ်သည်။ ဒန်းဟေးလ်အမျိုးအစား ရွှေမီးခြစ်ဖြင့် မီးညှိသည်။ သူတို့ လက်ထပ်သည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် သူ့ဇနီးက သူ့ကိုလက်ဆောင် ပေးသည့် ရွှေမီးခြစ် ဖြစ်သည်။ အလွန် အဖိုးတန်လှသည်။
ဆေးပြင်းလိပ် ထိပ်ပိုင်း မီးကောင်းကောင်းစွဲပြီး နီရဲလာသည်အထိ သူဖွာရှိုက်နေသည်။
သူ ကြောင်နေပြီ ထင်သည်။
တစ်စုံတစ်ယောက်အပေါ်မသင်္ကာစိတ်ဖြင့် ကြောင်နေသည်။
သည်လိုအဖြစ်မျိုး ကြုံတွေ့လာလျှင် လူတစ်ယောက်သည်ဘာလုပ်မည်နည်း။
ရဲစခန်း သို့ ဖုန်းဆက်ရမည်။ မသင်္ကာဖွယ် လူတစ်ယောက်ကို တွေ့ကြေင်း သတင်းပေးရမည်။
ထိုသို့တသင်းပေးလျှင်ရဲကသွားရောက် စစ်ဆေးမည်လော။
ထိုအခါတွင် ကုတ္တနေပါးရစ်က အေးအေးဆေးေးဆပြန်အဖြေပေးလိမ့်မည်။
"ဟုတ်တယ်၊ ကျွန်တော် ရေချိုးမလို့ ပြင်ဆင်နေတုန်း၊ ကြိုပြောမထားဘဲ အချိန်ကပ်ပြောပြီး ကျုပ် ငှားနေတဲ့ အိမ်ကို လိုက်ပြတာမျိုး ကျုပ်မကြိုက်ဘူး"
အင်မတန် လုံလောက်သော အကြောင်းပြချက် ဖြစ်လေသည်။
အဖော်မပါတစ်ယောက်တည်းနေသော သူများသည်ဇီဇာကြောင်စမြဲ ဖြစ်လေသည်။
တစ်ယောက်တည်း…..
ထိုစကားလုံးသည် အတိကျ အမှန်ကန်ဆုံး စကားလုံးဖြစ်သည်။
ဂျွန်စိတ်ကို တစ်လျှောက်လုံး စနိုးစနောင့်ဖြစ်အောင် နှောင့်ယှက်နေသော အချက်သည် တစ် ယောက်တည်း ဆိုသော အချက်ဖြစ်သည်။
ထိုအိမ်တွင် အခြားတစ်စုံတစ်ယောက်ကို မတွေ့ရသောကြောင့် ဂျွန်အံ့အားသင့်ခဲ့ရခြင်း ဖြစ်သည်။ ထို အိမ်ထဲတွင် ကုတ္တနေပါးရစ် တစ်ယောက်တည်းရှိနေခြင်းမဟုတ်ကြောင်း အသိကြီး တစ်ခုကို တစ်စုံတစ်ခု က ဖန်တီးပေးနေသလို ဂျွန်ကရက်ဂိုပေါလော့စ် ခံစားနေရသည်။
ရေချိုးကြွေဇလုံထဲမှာ တွေ့ရသော ကလေးကစားစရာ ဘဲရုပ်ကလေးဖြစ်သည်။
မှန်ပါသည်။ ရာဘာ နှင့်ပြုလုပ်ထားသည့် ဘဲရုပ်ကလေးရှိနေသည့် မယုံကြည့်နိုင်စရာအဖြစ် ဖြစ်သည်။ ပြီးတော့ တစ်ခန်းလုံး ကို လွှမ်းခြုံထားသည့် ဘေဘီပေါင်ဒါနံ့….
သံသယ ဖြစ်နေစရာတွေကတော့ များလှသည်။ သို့သော်လည်းမည်သို့ ကောက်ချက်ချမည်ကို ဂျွန်ကရက်ဂိုပေါလော့စ် စဉ်စား၍မရခဲ့။
သူ ဘာလုပ်ရမည် ကို သူသိသည်။
အိတ်ထဲမှ ရွှေမီးခြစ်ကို နှိုက်သည်။ ကားပစ္စည်းထည့်သည့်အကန့်ထဲမှာ ၀ှက်ထားလိုက်သည်။
ကြိုတင်အကြောင်းမကြားဘဲ ရှုခင်းသာအိမ်ကြီးသို့ ကားပြန်မောင်သွားရမည်။ တံခါး ခေါင်းလောင်း တီး ရမည်။ ကုတ္ဆနေပါးရစ် တံခါးလာဖွင့်ပေးသောအခါ တန်ဖိုးကြီးသော မိမိ၏ရွှေမီးခြစ် တစ်နေရာရာမှ ကျကျန်ခဲ့သည် ထင်သောကြောင့် ၀င်ရှာပါရစေဟု ခွင့်တောင်းရမည်။
တစ်ဘက်မှ လက်ခံနိုင်ဖွယ်ရှိသော မေတ္တာရပ်ခံချက်ပင်ဖြစ်လေသည်။
ခွင့်ပြုချက်ရလျှင် သူမသင်္ကာနေသည့် ပတ်သက်၍အိမ်ထဲမှာ အသေးစိတ် ရှာဖွေလေ့လာကြည့် နိုင် ပေမည်။ ရဲကို သတင်းပို့ အကြောင်းကြားခြင်းထက် ပို၍အကျိုးရှိနိုင်မည်။
သူ့စိတ်ကိုသူ တုံးတုံးချလိုက်သည်။ ရှုခင်သာအိမ်ကြီးဆီသို့ ဦးတည်ပြီး ကားမောင်း ထွက်လာခဲ့ သည်။
သူ့မြင်ကွင်းထဲမှာတော့ ရာဘာဘဲရုပ်ကလေး ရှိနေသည်။
သူ့အာရုံထဲမှာတော့ ဘေဘီပေါင်ဒါနံ့ကို ရှူရှိုက်နေရသည်။ မိုးသီးတွေ တဖွဲဖွဲကြွေနေသည့် အောက်မှာပင် ကားကို မှန်မှန်ကလေး သူမောင်းလာခဲ့သည်။
ဆက်ရန်
.
2 comments:
ကျေးဇူးပါညီမရေ ဆက်ရန်လေးမျှော်နေမယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အမရေ ကျမဖြင့် ဒီဝတ်ထုကို မဖတ်ရရင်ကို တစ်ခုခုလိုနေ သလိုဖြစ်နေတာ။
Post a Comment