ကျေးဇူးသိတတ် ကျေးဇူးဆပ်
ဘုန်းသစ် (မဟာမြိုင်)
ဘုန်းသစ် (မဟာမြိုင်)
ကျေးဇူးသိဆပ် လူတော်မှတ်
- မေတ္တာရှေးဦး၊ ပြုပေဖူးကို၊ ကျေးဇူးသိမူ၊ "ကတညူ" တည့်၊ ထိုသူထက်ပင်၊ ကျေးဇူးအင်ကို၊ ထင်ထင် မချွတ်၊ ပြောဆိုတတ်က၊ သူမြတ်မှန်လှ၊ "ကတဝေဒီ"၊ ဟူတုံ ပြီရှင့်။ (မဃဒေ၀)
- ရှေးကပြုဖူး၊ သူ့ကျေးဇူး၊ အထူးဆပ်မှသာ။
ကျေးဇူးချေပစ်၊ တရားလစ်၊ နွမ်းညစ် စည်းစိမ်ဟာ။
ကျေးဇူးမပစ်၊ စည်းစိမ်ဖြစ်၊ ဆန်းသစ် လ-ပမာ။
(သုတရတနာ ဆုံးမစာ)
မိမိအပေါ်ပြုဖူးသည့် သူ့ကျေးဇူးကို သိတတ်သော "ကတညူပုဂ္ဂိုလ်"၊ ပြုဖူးသည့် သူ့ကျေးဇူးကို ပြန်လည် တုံ့ဆပ်တတ်သော "ကတဝေဒီပုဂ္ဂိုလ်" တို့ကို လူတော်လူမြတ်ဟု ခေါ်ရပါတယ်။ သူ့ကျေးဇူးသိတတ်သူ ကျေးဇူးဆပ် တတ်သူတို့ကို လောကတစ်ခွင် တွေ့မြင်ဖို့ အလွန်ခဲယဉ်းနေပါပြီ။ သူ့ကျေးဇူးသိတတ် ဆပ်တတ် ပါက ဆန်းသစ်စ လမင်းပမာ ရာထူးဂုဏ်သိရ် စည်းစိမ်ဥစ္စာတစ်နေ့တစ်ခြား တိုးပွားလာနိုင်ကြပါ တယ်။
စာမူတောင်းခံလျှောက်ထားဟန်
(၃၀.၇.၂၀၀၉) ကြာသပတေးနေ့က ဆရာဖုန်းမြင့်အောင် တစ်ယောက် စာရေးသူထံ ရောက်လာပြီး "စာရေး ဆရာကြီးအကယ်ဒမီ(၆)ထပ်ကွမ်း ဒါရိုက်တာကြီး ဦးသုခ ရဲ့ ရာပြည့်အထိမ်းအမှတ် မဂ္ဂဇင်းကြီး ထိုက်ထိုက် တန်တန် ထုတ်ဖို့ စီမံနေပါကြောင်း" လျှောက်ထားပါတယ်။ ဆရာကြီးဦးသုခနှင့် သက်ဆိုင်တဲ့ ဂုဏ်ပြုလွှာ စာမူတစ်စောင် ရေးပေးပါရန် မေတ္တာရပ်ခံစာလွှာကိုလည်း စာရေးသူထံ တဆက်တည်း ဆက်ကပ် သွားပါ တယ်။
ဆရာ ဖုန်းမြင့်အောင် ပြန်သွားတဲ့နောက် ဆရာကြီးနှင့် သက်ဆိုင်သည့်စာ "ဘာရေးရရင် ကောင်းမလဲ" လို့ အမျိုးမျိုးအဖုံဖုံ စဉ်းစားတဲ့အခါ ဆရာကြီးနှင့် တွေ့ဆုံခဲ့ရတာကို ပြန်လည် သတိရသွားပါတယ်။ ဆရာကြီး လျှောက်ထားခဲ့တဲ့ စကားတစ်ခွန်းကို အခြေတည်လို့ ဆရာကြီးအတွက် ဒီဂုဏ်ပြုလွှာကို ရေးဖြစ်တာပါ။
ဆရာကြီး ဦးသုခ၏ စကားတစ်ခွန်း
စာရေးသူ ပြည်ပခရီးမကြွခင် လွန်ခဲ့သော ၁၉၉၉ ခုနှစ် မတ်လလောက်က ဖြစ်ပါတယ်။ စစ်ကိုင်း ဝေဇယန္တာ အရှင်မဟောသာဓပဏ္ဍိတ နှင့် အတူ ရန်ကုန်မြို့ တိပိဋက မဟာဂန္ဓာရုံကျောင်းတိုက်အနီး ပါရမီရပ်ကွက် က ဆရာကြီးရဲ့အိမ်မှာ မျက်စိခွဲပြီးကာစဖြစ်တဲ့ ဆရာကြီးကို သွားရောက် နှုတ်ဆက်မေးမြန်းခဲ့ကြပါတယ်။
အဲ့ဒီမှာ အလ္လာပ သလ္လာပ ပြောကြရင်း ဆရာကြီးက စကားတစ်ခွန်း လျှောက်ထားလာပါတယ်။ ဒီနေ့အထိ အဲဒီစကားကို သတိရနေပါတယ်။
"အရှင်ဘုရားတို့ တပည့်တော်တို့ရဲ့ ဆရာဖြစ်တော်မူတဲ့ တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အမြဲတမ်းမိန့်မြွက်လေ့ရှိတဲ့ သြ၀ါဒဆုံးမစကားလေး ရှိပါတယ်။ "ဗုဒ္ဓါနုဿတိ နဲ့ မေတ္တာဘာဝနာကို အမြဲပွား များကြ" ဆိုပြီး အမြဲတိုက်တွန်းတော်မူလေ့ ရှိတဲ့ စကားပါဘုရား။ ဒါကြောင့် တပည့်တော်လည်း အချိန်ရ တိုင်း အဲဒီ ဗုဒ္ဓါနုဿတိနဲ့ မေတ္တာဘာဝနာကို ပွားများနေပါတယ်ဘုရား။ အရှင်ဘုရားတို့လည်း ဆရာသမား ရဲ့ ထုံးနှလုံးမူကြပြီး ပွားများကြပါလို့ ထပ်ဆင့်လျှောက်ထားအပ်ပါသည် ဘုရား။"
ဘာကြောင့်လဲ ဆိုရင် ဘုရားသားတော် သံဃာတော်များဆိုတာ ဘုရားကျေးဇူး ဂုဏ်တော်ထူး ကို ကြည်နူး မပြတ် ကျေးဇူးဆပ်သောအားဖြင့် ပိုပြီး ပူဇော်သင့် ပူဇော်ထိုက်၊ ပွားများသင့် ပွားများထိုက်တယ် ထင်လို့ပါ ဘုရား။
ဘာကြောင့်လဲဆိုရင် ဘုရားသားတော် သံဃာတော်များဆိုတာ ဘုရားကျေးဇူး ဂုဏ်တော်ထူးကို ကြည်နူး မပြတ် ကျေးဇူးဆပ်သောအားဖြင့် ပိုပြီး ပူဇော်သင့် ပူဇော်ထိုက်၊ ပွားများသင့် ပွားများထိုက်တယ် ထင်လို့ပါ ဘုရား။ "ဗုဒ္ဓါနုဿတိ" ဆိုတာ ဘုရား ဂုဏ်တော်တွေကို အဖန်ဖန်အထပ်ထပ် သတိကပ်လို့ ရွတ်ဖတ်ပူဇော် ခြင်းပါ။ "မေတ္တာဘာဝနာ" ဆိုတာကတော့ အများသိတဲ့ မေတ္တာကို ပွားများခြင်း ဖြစ်ပါတယ်။
ကျေးဇူးရှင် မဟာဂန္ဓာရုံဆရာတော်ရဲ့ ဂုဏ်ကျေးဇူးတွေကို ကိုယ်တိုင် သိရှိနားလည်ကျင့်သုံးနေသလို မဟာ ဂန္ဓာရုံဆရာတော်ရဲ့ တပည့်တော်ကိုလည်း ကျေးဇူးသိပြီး ကျင့်သုံးစေချင်လို့ လျှောက်ထားခြင်းပါ။ နောက်ပြီး အနှိုင်းမဲ့ ဘုရားရှင်ရဲ့ အနန္တဂုဏ်ကျေးဇးတွေကို ဘုရားသားတော် သံဃာတော်တွေက ပိုပြီး သိတတ် ဆပ်တတ်အောင်လျှောက်ထားတဲ့ စေတနာ စကား ဖြစ်ပါတယ်။
ဆရာဖုန်းမြင့်အောင် စာမူတောင်းခံ လျှောက်ထားတဲ့ ဆရာဖုန်းမြင့်အောင် ဆိုတာ စာရေးသူတို့ရဲ့ မယ်တော်ကြီး ဖွားနန္ဒာယီ (သက်တော် ၉၀နှစ်) ကိုယ်တိုင် ဆွေမျိုးစပ်ပေးခဲ့သူ ဖြစ်ပါတယ်။ မန္တလေးမြို့ စာပေတိုက်ကြီးများမှ လှူဒါန်း သော ဘာသာရေး စာအုပ်စာတမ်းများကို မန္တလေးမြို့ရှိ ဆရာတော်ကြီးများထံ စက်ဘီးလေး တစ်စီးဖြင့် လိုက်လံပို့ဆောင်လှူပေးနေတဲ့ ဝေယျာဝစ ဓမ္မဒါန အလှူရှင် ဖြစ်ပါတယ်။ အထူးသဖြင့် "မဟာဓမ္မကထိက ဗဟုဇနဟိတဓရ" ဘွဲ့တံဆိပ်ရ (အမေချစ်သော) ညီတော် အရှင်သာသနနဲ့ တွဲဖက်ပြီး မန္တလေးမှာ "အမေနေ့" ဖြစ်မြောက်ရေးကို ဥက္ကဌအဖြစ်ဖြင့် ဦးဆောင် လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။
ဆရာကြီးဦးသုခ လုပ်စေချင်တာကို ဆက်လုပ်
ဆရာဖုန်းမြင့်အောင် ဟာ မိမိဦးဆောင်ကျင်းပတဲ့ အမေနေ့ ပွဲတိုင်းမှာ ကျီးသဲလေးထပ် ဆရာတော် ဘုရားကြီး ရေးသားတော်မူခဲ့တဲ့ "အစိန္တေယျဘုရားရှိခိုး" စာအုပ်ကို ဓမ္မဒါနပြု ဝေငှလှူဒါန်းလေ့ ရှိပါတယ်။ ဒီတရား စာအုပ်ကို လှူခြင်းဆိုတာ အရင်က ဆရာကြီးဦးသုခ ကိုယ်တိုင်ဓမ္မဒါနလှူဒါန်းနေတဲ့ အလှူဒါန မျိုးပါ။
၁။ အမေချစ်၍ "အမေနေ့" ဖြစ်မြောက်အောင် ဆောင်ရွက်စေခဲ့တဲ့ ဆရာကြီးဦးသုခ
၂။ ဘုရားကိုအလွန်ကြည်ညိုတာကြောင့် ပိဋကကျမ်းစာမှ အဆီအနှစ်ကို ထုတ်နှုတ်၍ ကျီးသဲ လေးထပ် ဆရာတော်ဘုရားကြီး ဦးသုခ
ဆရာကြီးဦးသုခ ဖြစ်စေချင်တဲ့အတိုင်း ဆရာဖုန်းမြင့်အောင်က "အမေနေ့" တွေလည်း ကျင်းပ၊ "အစိယန္တ ဘုရားရှိခိုးစာအုပ်" တွေကိုလည်း ဓမ္မဒါနပြု လှူဒါန်းနေတာပါ။ စာရေးသူထံလည်း အခြားစာအုပ် တွေ နဲ့ အတူ အဲဒီဘုရားရှိခိုးစာအုပ်လေးတွေ လှူဒါန်းလေ့ ရှိပါတယ်။
ဘုရားဂုဏ်တော်ရွတ်ပူဇော်
စာရေးသူဟာ မိမိကိုယ်တိုင်လည်း ဘုရားကိုကြည်ညို၊ လှူဒါန်းသူများလည်း ရည်ရွယ်ချက် အကျိုး ပြည့်ဝ စေရန် တစ်နေ့(၅)ကြိမ်ထက်မနည်း ဘုရားဂုဏ်တော်တွေကို ရွတ်ဖတ်ပူဇော်ပါတယ်။ ရွတ်ဖတ်ပူဇော်ရင်း သဒ္ဓါ အား ပညာအားတွေ တိုးပွားလာတာကြောင့် ကျောင်းတိုက်ရှိ တပည့်သံဃာ(၃၀၀)ကျော်တို့ကိုပါ နေ့တိုင်း ရွတ်ဖတ်ပူဇော်စေပါတယ်။
အထူးသဖြင့် ယခုနှစ်စာရေးသူ အသက်မှာလည်း (၁၃၇၁ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၄ရက်၊ ၂၀၀၉ခုနှစ်၊ အောက်တိုဘာလ ၁၇)နှစ် ၇၀ပြည့်ပါမယ်။ "အောင်စေညွှန်း လှိုင် မဟာမြိုင်" ဆိုသည့်အတိုင်း ၁၃၃၄ခုနှစ်၊ သီတင်းကျွတ် လပြည့်ကျော် ၉-ရက်၊ နံနက်-၉နာရီ၊ သံဃာ-၉ပါးတို့ဖြင့် စတင် သာသနာပြုလာ ခဲ့တဲ့ မဟာမြိုင်ကျောင်းတိုက်ကြီးကလည်း ယခုနှစ်မှာ ၃၇နှစ် တင်းတင်းပြည့်တော့မှာ ဖြစ်ပါတယ်။
ဒါတွေကို ရည်ရွယ်ပြီး အစိန္တေယျဘုရားရှိခိုးစာအုပ်မှ
၁။ သတိပဌာန် ၄ပါး
၂။ သမ္မပ္ပဓာန် ၄ပါး
၃။ ဣဒ္ဓိပါဒ် ၄ပါး
၎။ ဣနြေ္ဒ ၅ပါး
၅။ ဗိုလ် ၅ပါး
၆။ ဗောဇ္ဈင် ၇ပါး
၇။ မဂ္ဂင် ၈ပါး ဆိုတဲ့ "ရတနာ ၇ပါး"
အကျယ်ပွားများသော် ဗောဓိပက္ခိယတရား ၃၇ပါး၊ နိဗ္ဗာန် ရောက်ကြောင်းတရား ၃၇ပါးတို့ကို ကြိုးစား အားထုတ်ပြီး ဘုရားဖြစ်တော်မူပုံ စာပိုဒ်ကို အထူးရွတ်ဆို ပူဇော်နေကြပါတယ်။
အစိန္တေယျဘုရားရှိခိုး စာတစ်ပိုဒ် "ဒေ၀ပုတ္တမာရ်၊ ကိလေသမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်၊ အဘိသင်္ခါရမာရ်၊ ဤ ငါးတန်တို့ကို၊ တိုက်လှန်ဖြိုခွဲ၍၊ အောင်ပွဲယူနိုင်၊ ရဲခေါင်တိုင်သော၊ ကာယာနုပဿနာသတိပဌာန်၊ ဝေဒနာနုပဿနာသပတိပဌာန်၊ စိတ္တာ နုပဿနာ သတိပဌာန်၊ ဓမ္မာနုပဿနာ သတိပဌာန်တည်းဟူသော သတိပဌာန်းလေးပါး။"
ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ခြင်း၊ မဖြစ်သေးသော အကုသိုလ်တရားတို့ကို တစ်ဖန် မဖြစ်စေ ခြင်း၊ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပွားအောင် လုံ့လပြုခြင်း ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ကြီးပွား စည်ပင် စိမ့်သောငှာ လွန်စွာလုံ့လပြုခြင်းတည်းဟူသော သမ္မပ္ပဓာန်လေးပါး။
ဆန္ဒိနြေ္ဒ၊ ၀ီရိယိဒ္ဓိပါဒ်၊ စိတ္တိဒ္ဓိပါဒ်၊ ၀ီမံသိဒ္ဓိပါဒ်တည်းဟူသော ဣဒ္ဓိပါဒ်လေးပါး။
သိဒ္ဓိနြေ္ဒ၊ ၀ီရိယိနြေ္ဒ၊ သတိနြေ္ဒ၊ သမာဓိနြေ္ဒ၊ ပညိနြေ္ဒ တည်းဟူသော ဣနြေ္ဒငါးပါး။
သဒ္ဓါဗိုလ်၊ ၀ီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ် တည်းဟူသော ဗိုလ်ငါးပါး။
သတိမ္ဗောဇ္ဈင်၊ ဓမ္မ၀ိစယသမ္ဗောဇ္ဈင်၊ ၀ီရိယသမ္ဗောဇ္ဈင်၊ ပီတိသမ္ဗောဇ္ဈင်၊ ပဿဒ္ဓိသမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင် တည်းဟူသော ဗောဇ္ဈင် ၇ပါး။
သမ္မာဒိဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မာကမ္မ န္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊ သမ္မာသမာဓိ တည်းဟူသော မဂ္ဂင်ရှစ်ပါး။
ဤသို့အားဖြင့် ပိုင်းခြားတွက်ဖွဲ့၊ သုံးဆယ့်ခုနှစ်ရပ်၊ အလွန်မြတ်သော၊ ဗောဓိပက္ခိယ၊ ဓမ္မအကျော်၊ ရဲမက် တော်တို့ကို ကိုယ်ရံတော်ကြီး၊ ဦးစီးဗိုလ်ချုပ်တင်လျှက်။ အသင်္ချေ င်္ချေ၊ တွက်ရေမဆုံး၊ ပတ်ကုံးကိလေသာ၊ မာရ်ဗိုလ်ပါတိုပကို၊ ဆံလွှာမကြွင်းအောင်၊ ခုတ်စဉ်းတိုက်သိမ်း၊ အငြိမ်းအောင်မြင်တော်မူသဖြင့်၊ အသင်္ခတ၊ ခေမရွှေဘုံ၊ ဓမ္မာရုံသဘင်၊ မြိုက်နန်းခွင်၌၊ ဥကင်စွင့်စွင့်၊ ဖွင့်တော်မူပြီးထသော၊ ဘုရားရှင် ကိုယ်တော်မြတ် ကြီးအား၊ ရိုသေမြတ်နိုး၊ လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား"
သုခိ အတ္တာနံ ပရိဟရန္တု မေတ္တာပွားများ
မေတ္တာကို အမြဲပွားများရန် ဆရာကြီး တိုက်တွန်းသည့်အတိုင်း နည်းမျိုးစုံဖြင့် ကိုယ်တိုင်လည်း ပွားများ ဖြစ်ပါတယ်။ တပည့်သံဃာတော်တွေကိုလည်း ပွားများစေပါတယ်။ သို့သော် ဆရာကြီးနှင့် သက်ဆိုင်သော ဂုဏ်ပြု ရေးသားခြင်းဖြစ်၍ ဆရာကြီး စာရေးတိုင်း အဆုံးသတ်ရေးသားလေ့ရှိတဲ့ "သုခီ အတ္တာနံ ပရိဟရန္တု" မေတ္တာပို့ ကို အထူးပွားများစေချင်ပါတယ်။
ဆိုလိုရင်းမှာ "သတ္တ၀ါတိုင်း မိမိကိုယ်ကို ကိုယ်စိတ်နှစ်ဖြာ ချမ်းသာအောင် ဆောင်ရွက်နိုင်ကြပါစေ" လို့ ဖ်ြစပါတယ်။ ချမ်းသာကို လူတိုင်းအလိုရှိကြ၊ နှစ်သက်ကြ၊ မြတ်နိုးကြတယ်။ အလိုရှိသူတိုင်း နှစ်သက် မြတ်နိုး သူတိုင်း ချမ်းသာအောင် ဆောင်ရွက်နိုင်ပါစေဆိုတဲ့ ဆရာကြီးရဲ့ မေတ္တာပို့ဟာ တိုကျဉ်းလိုရင်းမိလို့ အလွန် ထိရောက် လှပါတယ်။
ထပ်ဆင့်မေတ္တာပွားစေချင်
"ပုညံ နာမ သုခေဿတံ အဓိဝစနံ" ကုသိုလ်ဆိုတာ ချမ်းသာသုခရဲ့အမည်ပါ။ ကုသိုလ်ရှိရင် ချမ်းသာတယ်။ ဒါန ကုသိုလ်လည်း ချမ်းသာတယ်၊ သီလကုသိုလ်လည်း ချမ်းသာတယ်၊ ဘာဝနာကုသိုလ်လည်း ချမ်းသာ တယ်။ အဲဒီချမ်းသာ သုံးမျိုးထဲမှာ မေတ္တာဘာဝနာ ကုသိုလ်ဟာ ပို့စဉ် ပွားစဉ်လည်း ချမ်းသာတယ်။ ပို့ပြီး ပွားပြီးရင်လည်း ချမ်းသာပါတယ်။ ဒါကြောင့်
"ချမ်းချမ်းသာသာ အိပ်စက်နိုင်ကြပါစေ။
ချမ်းချမ်းသသာ နိုးထနိုင်ကြပါစေ။
မကောင်းညစ်စိုး၊ ဒုစရိုက်မျိုးတွေကိုလည်း ပယ်ရှားနိုင်ပါစေ။
နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သော ပါရမီတရား ကောင်းမြတ်သော သူတို့ရဲ့ ကောင်းသော အကြံ၊ ကောင်းသောအပြော၊ ကောင်းသောအလုပ်တွေကိုလည်း တဆင့်ထက်တဆင့် နိဗ္ဗာန်အထိ မြင့်ထက် မြင့်အောင် ကျင့်ဆောင်နိုင်ကြပါစေ။
အားလုံးသော သတ္တ၀ါတွေ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို နိဗ္ဗာန်တိုင်ထိ ချမ်းသာအောင်၊ နိမ့်ကျမသွားအောင်၊ မေ့မသွားအောင် လေးလေးစားစား ဦးထိပ်ဆောင်ရွက်နိုင်ကြပါစေ" လို့ ထပ်ဆင့် မေတ္တာပွားစေ ချင်ပါတယ်။
ကမ္ဘာကုန်ကျယ်သရွေ့ တကယ်မမေ့
စာရေးသူနှင့်တကွ ကျောင်းတိုက်ရှိ သံဃာတော်များသည် ဘုရားဂုဏ်တော် ပူဇော်ရှိခိုးခြင်း=ဗုဒ္ဓါနုဿတိနဲ့ မေတ္တာထုံမွှမ်းပွားများ အားထုတ်ခြင်း=မေတ္တာဘာဝနာတွေကို နေ့စဉ်နေ့တိုင်း ပြုလုပ်လျှက် ရှိပါတယ်။
ဤသို့ ပြုလုပ်ခြင်းဖြင့် အနန္တဂုဏ်သခင် ဘုရားရှင်၊ ဘာသာဋီကာကျမ်းပြုအကျော် ဆရာတော်၊ အကယ်ဒမီ (၆)ထပ်ကွမ်း ဆရာကြီး ဦးသုခနှင့် စွမ်းနိုင်သမျှ ဘာသာသာသနာကအကျိုး သည်ပိုးဆောင်ရွက်နေတဲ့ ညီတော်ဆရာဖုန်းမြင့်အောင်တို့ရဲ့ ကျေးဇူးတွေကို သိရှိတုံ့ဆပ်နေတာ ဖြစ်ပါတယ်။
"စာရေးဆရာ ဒါရိုက်တာကြီး ဦးသုခ ရာပြည့်အထိမ်းအမှတ် မဂ္ဂဇင်းကြီး ထိုက်ထိုက်တန်တန် အောင်မြင် ပြီးစီးလျှက် ဆရာကြီး၏ အမျိုးသာသာသနာတော်အတွက် ဆောင်ရွက်ခဲ့သော အနုပညာလက်ရာခြေရာ များ ကမ္ဘာကုန်ကျယ်သရွေ့ မကွယ်မမေ့နိုင်ကြပါစေ" လို့ ဆန္ဒပြုရင်း နိဂုံးချုပ်ပါတယ်။
အမျိုးဘာသာ သာသနာအကျိုး လောကအကျိုးကို သယ်ပိုးနိုင်လျက် မပျက်အတည် အသက် ရှည်နိုင်ကြ ပါစေ။
ဘုန်းသစ် (မဟာမြိုင်)
.
No comments:
Post a Comment