Thursday, July 28, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၃ဝ)

ကျွန်တော့်အစ်ကိုလို ချစ်ခင်လေးစားနေရတဲ့ ဒါရိုက်တာ "မောင်နှင်းမိုး" ကျွန်တော့်ဆီကို ဖုန်းဆက်လာခဲ့ပါ တယ်။ မဆက်စဖူးဆက်တဲ့သူမို့ ဘာအကြောင်းများ ဖြစ်နိုင်မလဲဆိုတာ အမြန်ဆုံး စဉ်းစားပေမဲ့လည်း အဖြေ က ချက်ချင်းမရတာကြောင့် "အစ်ကို ဘာများ ခိုင်းစရာရှိလို့လဲ (မေးမယ့်သာ မေးရတာပါ၊ အစ်ကို နှင်းမိုး က ရုပ်ရှင်တွေ ဗီဒီယိုတွေ မရိုက်တာ အတော်ကြာခဲ့ပါပြီ) "ကျွန်တော် ဘာလုပ်ပေးရမလဲ" လို့ ဖုန်းထဲ ကနေ မေးလိုက်ရပါတယ်။ အစ်ကိုပြန်ဖြေလိုက်တဲ့ စကားကြားလိုက်ရတာကဖြင့် ကျွန်တော့် နားတောင် ကျွန်တော် မယုံနိုင်လောက်အောင် ဖြစ်ရပါတော့တယ်ဗျာ။

အစ်ကိုနှင်းမိုး က ပြောပါတယ်။ "ဆရာ ခင်မောင်ကြီး ခင်ဗျာ၊ ကျွန်တော်တို့ရဲ့ ဆရာဘဘဦးသုခ နှစ်တစ်ရာပြည့် အထိမ်းအမှတ်စာစောင်ထုတ်မှာမို့ ဆရာခင်မောင်ကြီး ရဲ့ စာမူလေးတစ်ပုဒ်လောက် ချီးမြှင့် ပေးပါရန် လေးစားစွာနဲ့ စာမူတောင်းရပါတယ်ခင်ဗျာ၊ ကျွန်တော် ဦးသုခရဲ့တပည့် မောင်နှင်းမိုးလေးကို သနားကြင်နာသော အားဖြင့် ဆရာခင်မောင်ကြီး နှစ်သက် ရာ စိတ်ကူးတည့်ရာ စာမူလေးတစ်ပုဒ် ရေးပေး စေချင် ပါတယ်ခင်ဗျာ" တဲ့။

အစ်ကို က တမင်တကာ အငေါ့တူးပြီး ပြောနေမှန်း သိပါရက်နဲ့ ကျွန်တော်ကတော့ ကြည်ကြည်နူးနူး အူမြူး နေမိကာ အမှန်ပါ။ ကျွန်တော့်လို ကမျောက်ကချောက် စာတိုပေစလေးတွေ ဟိုရေးဒီရေး မဖြစ်စလောက် ငနဲလေး ကို ဘဘဦးသုခ နှစ်တစ်ရာပြည့် အထိမ်းအမှတ်စာအုပ်မှာ သတိတရနဲ့ နေရာပေး ရေးခိုင်းလာတဲ့ အတွက် မတန်မရာတွေတော့ လုပ်ခိုင်းနေပြန်ပြီဆိုတဲ့ အတွေးဟာလည်း ရင်ထဲကိန်းအောင်း နေခဲ့ရပါ တယ်။

ဘဘဦးသုခလို ဆရာကြီးတစ်ဦးရဲ့ နှစ်တစ်ရာပြည့်စာအုပ်ဆိုမှဖြင့် သဘာရင့်ဝါရင့် ဆရာ့ဆရာကြီးတွေ စုံစုံလင်လင် ပါဝင် ရေးသားကြမှာလဲ မလွဲဧကန်ပေါ့။ ဒီတော့က ကျွန်တော့်လို ဂီတသမားလိုလို၊ ရုပ်ရှင် သမားလိုလို တောမရောက်၊ တောင်မရောက် ကောင်လေးတစ်ယောက်အနေနဲ့ ကြိုးစားပြီး "ဘဘဦးသုခ" နဲ့ ကျွန်တော်ပတ်သက်ဆက်နွယ် ကြုံတွေ့ကြားသိခဲ့ရတဲ့ မှတ်သားစရာ အကြောင်းလေးတွေကို ရေးပြပါရ စေ။

အခု ကျွန်တော် ရေးပြပြောပြမဲ့ အကြောင်းအရာ အဖြစ်အပျက်လေးတွေဟာ ကျွန်တော်နဲ့ ဘဘဦးသုခ နှစ်ယောက်ဆုံပြီး တကယ့်ဖြစ်ရပ်လေးတွေပါသလို ဘဘရဲ့ရုပ်ရှင်၊ ဂီတ၊ စာပေ အနုပညာလုပ်ဆောင်ချက် တွေ များစွာထဲက မှတ်သားလေ့လာ အတုယူဖွယ် အလွန်ကောင်းတဲ့ ဖြစ်ရပ်တွေကို တစ်ဆင့်စကား ကြားဖူးခဲ့တာ ပြန်ေးပြမှာပါ။ စာဖတ်ပရိသတ်များ ကြားဖူးသိဖူးပြီးသား အကြောင်းအရာတွေလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ မကြားဘူး၊ မသိဘူး၊ မဖတ်ဘူးကြသေးတဲ့ စာဖတ် ပရိသတ်များနဲ့ မသိမှီလိုက် တဲ့ လူငယ်လူရွယ်များအတွက် ဗဟုသုတရဖွယ် သင်္ခန်းစာအတုယူဖွယ် အကြောင်းလေးတွေသာ ဖြစ်ပါ တော့တယ်။

ဘဘဦးသုခ ရိုက်ကူးပြီး အကယ်ဒမီရခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့ "ဘယ်သူပြိုင်လို့လှပတော့နိုင်" ရုပ်ရှင် ဇာတ်ကားရိုက်ကူးစဉ်က ဘဘရဲ့ရုပ်ရှင်ရိုက်ကွင်းမှာ သူလိုချင်တဲ့ အမူအယာ သရုပ်ဆောင်မှုကို ဘယ်လိုရအောင်ရိုက်ကူးသလဲ၊ အနုပညာဥာဏ်ဘယ်လို ထုတ်သုံးခဲ့သလဲဆိုတာ ကျွန်တော့် အဖေ ဦးမြင့်ဆွေ ပြန်ပြောပြလို့ သိခဲ့ရပုံလေးကို ပထမဦးဆုံး ပြောပြပါရစေ။ ("ဘယ်သူပြိုင်လို့ လှပါတော့နိုင်" ဇာတ်ကား dubbing တီးတဲ့ အချိန်တုန်းက ကျွန်တော် ဦးကိုကိုတီးဝိုင်းမှာ DRUM မတီးရသေးပါ။ ကျွန်တော့်အဖေ ဦးမြင့်ဆွေက DRUM နဲ့ စီးဝါးတီးတာ ဖြစ်ပါတယ်) အဖေ့ကို ဘဘဦးသုခက ပြောပြလို့ အဖေ က ကျွန်တော့်ကို ပြန်ပြောတာကတော့ …

ဇာတ်ကားထဲမှာ သရုပ်ဆောင် (ဒေါ်)တင်တင်လှကို မြွေကိုက်တဲ့ ဇာတ်ဝင်ခန်း ပါပါတယ်။ အဲ့ဒီအခန်း ရိုက်မဲ့အချိန်မှာ ဘဘဦးသုခဟာ ကင်မရာဘေးနားမှာ ရပ်နေပြီး တင်တင်လှက ကင်မရာ ရှေ့တည့်တည့်နဲ့ ကိုက်သုံးလေးဆယ်အကွာလောက်မှာ ရပ်နေရပါတယ်တဲ့၊ ဘဘဦးသုခဟာ ကင်မရာဘေးနားမှာ ရပ်နေ ရင်း လက်ထဲမှာ "၀ါးခြမ်းပြား" လေးတစ်ချောင်းကို ကိုင်လို့ ကင်မရာဘေးနဲ့ အနီးတစ်ဝိုက်မှာ ရုပ်ရှင်ရိုက် တာကို လာကြည့်နေကြတဲ့ ကျေးရွာသူကျေးရွာသားများနဲ့ ကလေးသူငယ်တွေကို "ဟဲ့ ကလေးတွေ နည်းနည်းနောက်ဆုတ် ကင်မရာနား သိပ်မကပ်နဲ့ ဟိုးကမင်းသမီး တင်တင်လှက တအားကြီး ပြေးလာမှာ၊ ၀င်တိုက်မိပြီး အနာတရ ဖြစ်ကုန်မယ်၊ နောက်နားနည်းနည်းဆုတ်ကြ" လို့ ပါးစပ်ကလည်းပြော၊ ခြေသလုံး တွေကို တို့ကာတို့ကာနဲ့ ပြောနေပါသတဲ့၊ 

မင်းသမီးတင်တင်လှကတော့ ဘဘ အချက်မပေးမချင်း အညာနွေ ရဲ့ နေပူပူမျာ ဖိနပ်မပါပဲ၊ ကင်မရာနဲ့ ကိုက်သုံးဆယ်လေးဆယ်ဝေးတဲ့ နေရာမှာ ရပ်နေရပါသတဲ့။ (ဖိနပ် မပါပဲ အညာနွေရဲ့သဲပူပူမှာ ရပ်နေရတဲ့ အတွက် ချွေးတရွှဲရွှဲနဲ့ အတော့်ကို အပူဒဏ်ခံနေရတယ်) အားလုံး အဆင့်သင့်ဖြစ်တဲ့ အချိန်ကျမှ ဘဘဦးသုခ က (အော်လံ)နဲ့ မင်းသမီးတင်တင်လှ ကို လှမ်းအော်ပြောပါသတဲ့ "ငါကစပြေးလို့ အချက်ပေး အော်လိုက်တာ နဲ့ ကင်မရာ ရှေ့တည့်တည့်ကို တအားကုန်ပြေးလာခဲ့ရမယ်နော်" လို့ ပြောပြီး စပြေးလို့ အချက်ပေးလိုက်တဲ့အခါ တင်တင်လှဟာ နေပူပူ၊ သဲပူပူထဲမှာ ကင်မရာရှိရာကို တအား ကုန် ပြေးပါ တော့တယ်။

ကင်မရာနား ရောက်လုရောက်ခင်မှာတော့ တင်တင်လှရဲ့ ညှို့သချီး (ခြေသလုံး) ကို ဘဘဦးသုခ ဟာ သူ့လက်ထဲ က ၀ါးခြမ်းပြားနဲ့ ဆက်ကနဲ ဖြတ်ရိုက်လိုက်ပါသတဲ့။ အဲ့ဒီအခါမှာ မင်းသမီး တင်တင်လှ တစ်ယောက် အမောတကောပြေးလာနေရာက မမျှော်လင့်ဘဲ ခြေထောက်ကို ၀ါးခြမ်းပြားနဲ့ ဖြတ်ရိုက်ခံ လိုက်ရတဲ့ အတွက် လန့်သွားတာရော၊ နာတာရော၊ မောတာတွေပါ ရောပြွှန်းပြီး ဟက်ထိုးမှောက် ရက် ဗိုင်းကနဲ လဲကျပါလေရောတဲ့ခင်ဗျာ၊ အဲ့ဒီလိုလဲကျသွားပြီးတာနဲ့ ဘဘဦးသုခရဲ့ (ကဒ်)လို့ အော်လိုက် တဲ့ အသံဟာလည်း တဆက်တည်း ထွက်ပေါ်လာပါသတဲ့ (ကဒ်) ဆိုတာကတော့ ရိုက်ကူးလိုက်တဲ့ အခန်း ပြီးဆုံးပြီ ရပြီ ကောင်းတယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါသတဲ့။ 

မင်းသမီးတင်တင်လှ ကိုလည်း အဖွဲ့သူ၊ အဖွဲ့သား တွေက ၀ိုင်းဝန်းယပ်ခတ်ပေးကြ၊ ရေတိုက်ကြ၊ ရှုဆေး ရှုခိုင်းကြ နဲ့ လုပ်ကြရပါသတဲ့၊ ဘဘကတော့ "မိတင်လှရေ ငါ့ကိုတော့ စိတ်မဆိုးနဲ့ဟာ အခုလို မပြောမဆိုနဲ့ ရိုက်လိုက် မှ ငါလိုချင်တဲ့ အိုက်တင်အတိုင်း ဟတ်ထိုးလဲကျမှာဟ၊ ရုပ်ရှင်ဖလင်ကူးပြီးလို့ မြွေကိုက်တဲ့ အရုပ် နဲ့ ဖလင်ဆက်ပြီး ပြန်ကြည့်ရင် မြွေကိုက်ခံရ လို့ လန့်ဖြန့်ပြီး လဲကျမောဟိုက်နေတဲ့အခန်း ဘယ်လောက် ပီပီပြင်ပြင်နဲ့ သဘာဝကျလိမ့်မယ်ဆိုတာ ညည်းတွေ့ရပါလိမ့်မယ်" လို့ သူ့ရဲ့တပည့်မကို နှစ်သိမ့်အားပေး စကားပြောခဲ့ရပါတယ် လို့ ကျွန်တော့်အဖေ ဦးမြင့်ဆွေဆီက မှတ်သားခဲ့ရဖူးပါတယ်။

အဲ့ဒီဇာတ်ကား (ဘယ်သူပြိုင်လို့ လှပါတော့နိုင်) ရဲ့ နောက်ထပ်မှတ်သား အတုယူဖွယ် ဖြစ်ရပ်တစ်ခု ကတော့၊ ဇာတ်လမ်းသဘောအရ စာတတ်မြောက်ရေး "အ" သုံးလုံး လုပ်အားပေး ဆရာမတွေ မြို့ကို ပြန်ကြတဲ့ အခါမှာ ကိုအံ့ကျော်ကြီးက ဆရာမတွေကို သံယောဇဉ်ဖြစ်ပြီး ကျန်ခဲ့ရတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ကြ ပါသတဲ့။ အဲ့ဒီအခါမှာ ဘဘဦးသုခက ကိုအံ့ကျော်ကြီး သရုပ်ဆောင်တာကို သိပ်စိတ်တိုင်း မကျသေးလို့ နောက်တစ်ခေါက် ပြန်လုပ်ခိုင်းပါသတဲ့၊ ကိုအံ့ကျော်ကြီးကလည်း စပယ်ရှယ်အိုက်တင်တွေနဲ့ ပြန်လုပ်၊ ပြန်ရိုက်ပါတယ်။ ဘဘ က မကြိုက်သေးဘူး နောက်တစ်ခါ ထပ်လုပ်အုံးလို့ ဆိုပြန်ပါသတဲ့။

အဲဒီအခါမှာ တော့ ဘဘဟာ ဘယ်တုန်းကမှ မပြောဘူးတဲ့ စကားလုံးအကြမ်းတွေနဲ့ ကိုအံ့ကျော်ကို ဆူပူ ငေါက်ငမ်းပါ သတဲ့ "ဘယ်လိုလဲကွ ဒါလေးတောင် မလုပ်နိုင်ဘူးလား၊ မလုပ်တတ်ဘူးလား အေးလေ မလုပ်တတ်ဆို လည်း မင်းလို လက်သီးထိုး သေနတ်ပစ်တဲ့ လူကြမ်းကိုမှ ငါကလည်း ၀မ်းနည်းပူဆွေးသောကဖြစ်နေတဲ့ အိုက်တင် လုပ်ခိုင်းမိတာကိုးကွ၊ ကဲကဲ ဒီတစ်ခါ နောက်ဆုံး ပြန်ရိုက် ကြည့်မယ်၊ ကောင်းလဲယူ၊ မကောင်းလဲ ယူရတော့မှာပေါ့ကွာ" ဆိုတဲ့ စကားမျိုးတွေ ပြောပြီး စိတ်ပျက်တဲ့ အမူအယာ နဲ့ ပြန်ရိုက်ပါသတဲ့၊ ဘဘက စိတ်ပျက်ရုံ စိတ်ပျက်တာဖြစ်ပြီး ကိုအံ့ကျော်ကြီးမှာတော့ ဘဘ ဦးသုခ ကို ကြောက်တာရော၊ ဘဘ လို ဒါရိုက်တာတစ်ယောက်နဲ့ တွဲဖက်သရုပ်ဆောင် ရိုက်ခွင့်ရပါရက်နဲ့ သူ့ရဲ့ သရုပ်ဆောင်တဲ့ အမူအရာ အိုက်တင်တွေကို ဘဘက မကြိုက်တဲ့အပြင် အင်မတန် ယဉ်ကျေးသိမ်မွေ့တဲ့ စကားလုံးအသုံးအနှုန်းတွေ သာ ပြောတတ်ဆိုတတ်တဲ့ ဘဘလို ဆရာသမား တစ်ယောက်က အခုလို စကားလုံးကြမ်းကြမ်းတွေ သုံးပြီး စိတ်ပျက်လက်ပျက်  ဖြစ်ခဲ့ရတာတွေဟာဖြင့် ငါညံ့လွန်း အားကြီးလို့ပဲဆိုပြီး စိတ်ဓာတ်တွေ ကျသွားလိုက် တာ ရုပ်ရှင်သရုပ်ဆောင်ဘ၀ကနေတောင် ထွက်ပြေး စွန့်ခွာသွားချင်တဲ့အထိ ခံစားစိတ်ထိခိုက်ခဲ့ရပါသတဲ့။

ဒီလိုနဲ့ ရိုက်ကွင်းကိုလဲ ဆက်မရိုက်တော့ပဲ တစ်ပိုင်းတန်းလန်းနဲ့ သိမ်းပစ်လိုက်ပါတယ်။ ကိုအံ့ကျော်ကြီး ကတော့ ဘယ်သူနဲ့မှလည်း စကားမပြောတော့ပဲ တစ်ယောက်တည်း ငူငူငိုင်ငိုင်နဲ့ စိတ်ပျက်ညှိုးနွမ်းစွာ ခံစား နေရပါသတဲ့၊ နာရီဝက်ခန့်အကြာမှာတော့ ဘဘဦးသုခ ရောက်လာပြီး "ကဲ၊ အံ့ကျော်ကြီး ဒီအခန်းကလဲ အရေးကြီးနေတယ်ကွ၊ နောက်ဆုံးတစ်ခေါက် လုပ်ကြည့်လိုက်ရအောင်ကွာ၊ လုပ်မဲ့သာ လုပ်တာ ပါကွာ၊ မင်းလုပ်တတ်တာလဲ ဒါအကုန်ပါပဲ၊ ငါသင်လာခဲ့သမျှ သရုပ်ဆောင်တွေထဲမှာတော့ အတော်ချာတူးလန်တဲ့ကောင်ပဲ၊ မင်းကိုမှ ဒီအခန်းကို ရွေးခိုင်းမိတာ ငါ့အမှားပါကွာ၊ ဘယ်တတ်နိုင်မလဲ၊ ရသလောက်လေးနဲ့ပဲ ကျေနပ်ရတော့မှာပေါ့၊ ကဲလာလာ နောက်ဆုံးတစ်ခေါက် ရိုက်ကြည့်တာပေါ့"ဆိုတဲ့ ဘဘရဲ့ စကားလုံးတွေဟာဖြင့် ကိုအံ့ကျော်ကြီးအတွက် ဘာဆိုဘာမှ မလုပ်ချင်လောက်အောင် စိတ်ဓာတ် ကျစရာ စကားလုံးတွေပဲ ဖြစ်နေပါတော့တယ်။ 

ကိုအံ့ကျော်ကြီးလဲ အကြောက်ကြောက်အလန့်လန့် စိတ်ပျက် လက်ပျက်၊ လုံးဝစိတ်မပါစွာနဲ့ပဲ အဲဒီဇာတ်ဝင်ခန်းကို ရိုက်လိုက်ကြရပါသတဲ့။
ရိုက်ကွင်း သိမ်းပြီး ညဦးပိုင်း ထမင်းစားသောက် နားနေကြတဲ့အချိန်လောက်မှာ ကိုအံ့ကျော်ကြီး ကို တည်းခို နားနေတဲ့အခန်းကို ဘဘဦးသုခကိုယ်တိုင် ရောက်လာသတဲ့။ အဲဒီအခါမှာ ကိုအံ့ကျော်ကြီးက စိတ်ထဲ ကနေ ရေရွတ်မိပါတယ် …

"တစ်နေ့လုံးလဲ ငါ့ကို နှိပ်စက်ထားပြီးပြီ၊ လက်သီးထိုး၊ သေနတ်ပစ်၊ ဒိုင်ဗင်ထိုး သတ်ပုတ်ရတာကမှ လူပဲ ပင်ပန်းတာ၊ အခုတော့ တစ်နေလုံး လက်သီးတစ်ချက်မထိုးရပဲ ပင်ပန်းလိုက်တဲ့စိတ်တွေ၊ ဒါကိုအားမရသေး လို့ ဘာများ ထပ်နှိပ်စက်အုံးမယ်မသိဘူး" လို့ စိတ်ထဲမှာ ရေရွတ်တွေးတောမိပါသတဲ့။ အဲ့ဒီအခါမှာ ဘဘ ဦးသုခ က ပြောလာတာကတော့ …

"ငါ့တပည့်ကို လာတောင်းပန်တာပါကွာ၊ မင်းကိုတနေကုန် စိတ်ပင်ပန်းအောင် ငါလုပ်ခဲ့မိတယ် အံ့ကျော် ရယ်၊ ငါ့ဘ၀ မှာ လူတစ်ယောက်ကို စိတ်တွေ ညစ်ညူး၊ စိတ်ဓာတ်တွေကျ၊ မျက်နှာကြီးမသာမယာဖြစ်သွား အောင် ဒီတစ်ခါပဲ လုပ်ခဲ့ဖူးပါတယ်ကွာ၊ အဲ့ဒါကလည်း ငါ့တပည့်အိုက်တင်မှန်အောင် ကောင်းအောင် လုပ်ရတာပါ။

ဒီလိုမလုပ်ပဲ အံ့ကျော်ရေ ဆရာမတွေ မြို့ပြန်မယ်ကွာ၊ မင်းက လွမ်းပြီးကျန်ခဲ့တဲ့ အခန်းပေါ့။ လွမ်းချင်တိုင်း လွမ်းလိုက်စမ်းကွာ လို့ဆိုလိုက်ရင်း မင်းကလည်း လူကြမ်းလည်း လွမ်းတတ်ပါတယ်ဆိုပြီး စွတ်တင် တော့ မှာကွာ၊ ငါလိုချင် တဲ့ အိုက်တင်အမူအယာက မင်းညနေတုန်းက စိတ်ပျက်လက်ပျက်နဲ့ ငါဆူပူ ကြိမ်းမောင်း ထားတာ ကို စိတ်ဓာတ်တွေကျပြီး မလုပ်ချင်လုပ်ချင်နဲ့ လုပ်လိုက်တဲ့ အိုက်တင် အမူအရာ သရုပ် ဆောင်ချက် တွေကမှ ကွက်တိပါပဲ ငါ့တပည့်ရယ်၊ ဒီအိုက်တင်တွေရဖို့ မင်းကို တစ်နေ့လုံး ဆရာ စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါပေမဲ့ ဇာတ်ကားပြပြီးတဲ့အခါကျရင်တော့ မင်းအရမ်းကို စိတ်ချမ်းသာ ပျော်ရွှင် ရမှာပါ ငါ့တပည့်ရာလို့ ပြောပါသတဲ့၊ ကိုအံ့ကျော်ကြီး အဲ့ဒီဇာတ်ကားမှာ အဲ့ဒီဇာတ်ဝင်ခန်း အပါအ၀င် အကယ်ဒမီဆုကို လူကြမ်းသရုပ်ဆောင်ထဲက ပထမဦးဆုံး ရရှိတဲ့သူ ဖြစ်ခဲ့ရပါတယ်။ ဘဘဦးသုခ ရဲ့ သရုပ်ဆောင်တစ်ယောက်အပေါ်မှာ ဘယ်လိုကိုင်တွယ် သင်ကြာင်းရမယ်ဆိုတဲ့ အတတ် ပညာ တစ်ခု ဖြစ်ပါ တော့တယ်။

ကျွန်တော်ကိုယ်တိုင် ဘဘပြောတာကို ကြားနာခဲ့ရတဲ့ ဖြစ်ရပ်တစ်ခုကတော့ "ရွှေခြည်ငွေခြည်တန်းပါလို့" ဇာတ်ကား dubbing (နောက်ခံတေးဂီတ) အသံသွင်းစဉ် အခါက ဖ်ြစပါတယ်။ အဲ့ဒီအချိန်က ဂီတလုလင် မောင်ကိုကိုအဖွဲ့မှာ ကျွန်တော် DRUM တီးနေပါပြီ၊ ကျွန်တော့အဖေ ဦးမြင့်ဆွေက စည်းဝါးတီးပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်ခန့်ကဖြစ်လို့ dubbing နောက်ခံတေးဂီတ၊ တီးခတ်အသံသွင်းတဲ့စနစ်ဟာ မတိုးတက် မဖွံ့ဖြိုးသေးတဲ့အတွက် တစ်ယောက်မှားတီးရင် တစ်ဝိုင်းလုံး အကုန်ပြန်တီးရပါတယ်။ 

တီးတာ မှုတ်တာ၊ ဆိုတာတွေ အကုန်ကောင်းပြီး အမှားအယွင်း မရှိသော်လည်း၊ ထိုင်တဲ့ ကုလားထိုင်ကို မတော် တဆတိုက်မိလို့ ဂျလောက် ဂျလက် မြည်သွားတာတို့ ဟတ်ချိုးဆိုပြီး နှာချောတဲ့အသံတို့ အဟွတ်အဟွတ် နဲ့ ချောင်းဆိုးတဲ့အသံမျိုးတွေ ဖြစ်လာရင်လည်း အကုန်လုံး ပြန်ဆိုပြန်တီး ကြရပါတယ် ခင်ဗျား။ ပြောခဲ့သလို "ရွှေခြည်ငွေခြည်တန်းပါလို့" ဇာတ်ကားကြီး dubbing လုပ်နေတုန်း ကျွန်တော့် အဖေ ဟာ အသံသွင်းနေစဉ် မှာပဲ သူ့ပါးစပ်ကို လက်ကိုင်ပုဝါနဲ့ အတင်းဖိပိတ်၊ သူတီးရမဲ့ စည်းနဲ့ဝါး ကို ကျွန်တော့် တီးနေတဲ့ DRUMပေါ် အသံမမြည်အောင် မြန်မြန် တင်ပေးပြီး  အသံဖမ်း မိုက်ကရိုဖုန်း တွေ နဲ့ ဝေးရာကို အပြေးတစ်ပိုင်းနဲ့ လစ်ပါ   တော့တယ်။ သူ့ချောင်းဆိုးသံကြောင့် တစ်ဝိုင်းလုံး အစကနေ ပြန်တီးရမှာကို စိုးရိမ် လို့ပဲ ဖြစ်ပါတယ်။

အဲ့ဒီအခါမှာ ကျွန်တော်က DRUM တီးရမဲ့ အပိုဒ်မှာ DRUMတီး၊ မြန်မာသံတီးလုံးအပိုဒ်တွေမှာ စည်းဝါးကို တီး နဲ့ ကာလီမန်နတ်ရုပ်မှာ လက်တွေ အများကြီး ဖြစ်နေသလို ကျွန်တော့်လက်ထဲမှာ (DRUM Stick) ဒရမ် တီးတဲ့ တုတ်နှစ်ချောင်း၊ လက်ခတ်စည်း ရှုပ်ယှက်ကို ခပ်နေပါတော့တယ်။ (ကျွန်တော်တို့ DRUM တီးတဲ့ ခေတ်တုန်းက DRUMMER တွေဟာ မြန်မာစည်းဝါးလည်း တီးတတ်ရပါတယ်။ 

စတီရီယို တီးဝိုင်း အဖွဲ့က DRUMMER များကို မဆိုလိုပါ။) ကျွန်တော်တစ်ယောက်တည်း DRUM တီးလိုက်၊ စည်းဝါး တီးလိုက် နဲ့ ဖြစ်ချင်တိုင်းဖြစ်နေတာကို ၀ိုင်းဆရာ (ဂီတလုလင်မောင်ကိုကို)က လုံးဝ မသိမမြင်ပါဘူး၊ ဘာကြောင့်လဲ ဆိုတော့ ဦးလေကို က ကျွန်တော်တို့ကို ကျောပေး ရုပ်ရှင်ပိတ်ကားကို မျက်နှာမူပြီး ကြည့်တီး နေတာကြောင့် ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ သားအဖနှစ်ယောက် အပေးအယူ လုပ်ပြီး ဇာတ်ကား ဆုံးအောင် တီးခတ် သွားတဲ့အဖြစ်ကို အစအဆုံး မြင်တွေ့နေတဲ့ သူတစ်ယောက်တော့ ရှိပါတယ်။

အဲ့ဒီသူကတော့ ဒါရိုက်တာ ဘဘဦးသုခ ဖြစ်ပါတယ်။ (အရင်တုန်းက ဒါရိုကတာများဟာ dubbing နောက်ခံတေးဂီတ တီးနေတဲ့အချိန် မှာ အချိန်ပြည့်လာပြီး နားထောင်လေ့ ရှိပါတယ်။) ဘဘဦးသုခဟာ ကျွန်တော်တို့ သားအဖရဲ့ လုပ်ရပ်တွေ ကို အကုန်မြင်နေရတဲ့အတွက် ဇာတ်ကားလဲ အသံသွင်းပြီးရော ချက်ချင်းဆိုသလို လက်ခုပ်ထတီးပါတော့ တယ်။ (စတူဒီယိုကြီး တစ်ခုလုံးမှာ ဘဘတစ်ယောက်တည်းရဲ့ တဖတ်ဖတ်နဲ့ လက်ခုပ်သံလေးဟာ အတော် လေးတော့ ကြောင်စီစီ နိုင်လှပါတယ် အမှန်တကယ်လည်း "ဦးလေးကို" ကိုယ်တိုင် ဘဘဦးသုခရဲ့ တဖတ်ဖတ် လက်ခုပ်သံကို ကြားလိုက်ရတဲ့အတွက် နားမလည်နိုင် တဲ့ အမူအယာ နဲ့ ဘဘ ကို မေးလိုက် ပါတယ်။

"ဆရာ ဘာအကြောင်းနဲ့ လက်ခုပ်သြဘာတွေ ပေးလိုက်တာလဲဆရာ" လို့
"အခု အသံသွင်းပြီးသွားတဲ့အခန်း ကို မင်းကြိုက်ရဲ့လားကွ၊ တီးတာမှုတ်တာတွေ ကောင်းရဲ့လား မှန်ရဲ့ လား" "မှန်ပါတယ် ဆရာ ကောင်းလည်း ကောင်းပါတယ်၊ ဆရာ မကြိုက်လို့လား၊ နောက်တစ်ခေါက် ပြန်သွင်းပေး ရမလား၊ ဆရာမကြိုက်ရင် ပြန်တီးပေးမယ်လေ" လို့ဆိုတဲ့အခါမှာ ဘဘဦးသုခ က "ပြန်တီး စရာ မလိုပါဘူး၊ မောင်ကိုရာ ကောင်းပါတယ်၊ ငါလည်း ကြိုက်ပါတယ်။

အခုလို ပြန်တီးစရာမလိုအောင် ကောင်းသွားအောင် လုပ်ပေးလိုက်တာကတော့၊ ဟော့ဒီ ကလေးကြောင့် ပဲကွ မောင်ကိုရဲ့" လို့ဖြေပြီး ကျွန်တော်ပခုံးကို သိုင်းဖက် လိုက်ပါတယ်။ ပြီးမှ ဖြစ်သမျှ အကြောင်းစုံကို ဘဘဦးလေကို အစအဆုံး ပြောပြပါတော့တယ်။ နောက်ဆုံး အနေနဲ့ ဘဘကပြောတာကတော့ …
"ငါ့စိတ်ထဲ မှာ အမှတ်မှားနေတာကွ၊ အဲ့ဒါဘာလဲဆိုတော့ အခုခေတ်တီးကြမှုတ်ကြတဲ့ကလေးတွေ၊ အထူး သဖြင့် DRUM တီးတဲ့ကလေးတွေပေါ့ကွာ၊ မြန်မာသံ၊ မြန်မာ့ဟန်တွေကို နားလည်သဘောပေါက်ပြီး မြန်မာ့ စည်းဝါးကို ပိုင်ပိုင်နိုင်နိုင် တီးနိုင်ကြမှာ မဟုတ်တော့ဘူး၊ ROCK တွေ HOT တွေပဲ တဒုန်းဒုန်း တဒိုင်းဒိုင်း တီးနေကြတော့မှာပဲ အမှတ်မှား အထင်မှားခဲ့မိတာ၊ အခု ခင်မောင်ကြီးနဲ့တွေ့မှာပဲ DRUM လည်း တီးနိုင်၊ စည်းနဲ့ဝါးကိုလည်း ကျွမ်းကျင်ပိုင်နိုင်အောင် တီးနိုင်နေတာကို တွေ့ရလို့ ငါဝမ်းသာ ကြည်နူး လိုက်ရတာ မောင်ကိုရယ်။ 

နောက်ပြီး မင်းလို (ဦးလေးကိုအား ရည်ညွှန်းတာ ဖြစ်ပါတယ်) မြန်မာ့သံကို မွှေနှောက် လှည့်ပတ် နရီဟန်ထား အလေးအသွက် မျိုးစုံတီးတဲ့ စန္ဒယားဆရာရဲ့ အကြိုက်လိုက် တီးနိုင်စွမ်းရှိတဲ့ စည်းတီး ၀ါးတီးတစ်ယောက် ဖြစ်ဖို့ဆိုတာ တော်ရုံမြန်မာသံ နားရှိရုံနဲ့ မရနိုင်ဘူးဆိုတာ ငါကောင်းကောင်း သိတယ်လေ။ ငါ့သား ခင်မောင်ကြီးကို ဘဘ သေသေချာချာ တစ်ခုပြောခဲ့မယ်။ ငါ့သား DRUMMER တစ်ယောက် ဖြစ်နေပေမဲ့ ငါ့သား ရင်ထဲ အသည်းထဲမှာ မြန်မာမှု၊ မြန်မာဟန်၊ မြန်မာအသံတွေနဲ့ ပြည့်နေ တယ်ဆိုတာ ဘဘသိနေသလို၊ ငါ့သားလည်း သိမြင် မြတ်နိုးနိုင်ပါလိမ့်မယ် ဆိုတာပါပဲကွာ …"
 

ကျွန်တော် ခင်မောင်ကြီး မြန်မာဆန်သော ဇာတ်ကားနှစ်ကားကို မြန်မာဟန်၊ မြန်မာသံများနဲ့ ခေတ်ပေါ် တူရိယာများ ပေါင်းစပ်လို့ ကြိုးစားတီးခတ်ခဲ့တဲ့အတွက် အကယ်ဒမီဆု နှစ်ကြိမ်ရခဲ့ပါတယ်။ dubbing (နောက်ခံတေးဂီတ) ဆိုတာ ဘယ်လို ဘယ်ပုံ လုပ်ရကိုင်ရတယ်ဆိုတာတွေကို သင်ကြားပေးသွားတဲ့ အဖေ ဦးမြင့်ဆွေ၊ ဂီတလုလင်မောင်ကိုကိုအခြား သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအပေါင်းနှင့်တစ်ကွ ကျွန်တော့် ရဲ့ "ငုပ်နေတဲ့ မြန်မာသံချစ်စိတ်" ကို တစ်သက်စာ အစဖော်ပေးသွားတဲ့ ဆရာကြီး ဘဘဦးသုခအား ဦးညွတ် ပူဇော်၍ ဤစာစုကို ရေးပါသည်။

(ခင်မောင်ကြီး)
၂၂.၈.၂၀၀၉
 
.

No comments: