အခန်း (၁၁)
အချိန်တွေ ဘယ်လောက်ကြာမြင့်သွားပြီကို ဂျိုနသန်းနိုးလ် လုံးဝ သတိမထားလိုက်မိပေ။
မော့ရှော့ရေကန် တစ်ဝိုက်တွင် လူတွေ ပျားပန်းခတ်လှုပ်ရှားကာ ဗရုန်းသုဉ်းကား ဖြစ်နေသည်ကို လည်း မသိလိုက်ချေ။
အိမ်ရှေ့က လမ်းပေါ်မှာ ကားအသွားအလာတွေအရမ်းများ နေသည်ကိုတော့ သူ့စိတ်ထဲက အလိုလို သိ နေသည်။
အခါတိုင်း ကားသံတွေ ဒါလောက်ဆူညံလေ့မရှိချေ။
သူ့ စာကြည့်ခန်း သည် အိမ်နောက်ဘက်မှာရှိသည်။
ထို့ကြောင့် အိမ်ရှေ့မှာ ကားသံတွေ ဆူညံနေသော်လည်း သူ့အိမ်နောက်ဘက် က ဒါလောက် မကြားရ။
ထို့ကြောင့်လည်း သူ မသိခြင်း ဖြစ်သည်။
သတင်းစာထဲမှာ ပါသော ဆောင်းပါးကြောင့် ရေးအဲလ်ဒရက်ခ်ျ ၏ ဇနီးသည် ပြည်သူ့ချဉ်ဖတ် နန်စီဟာမွန် ဖြစ်ကြောင်း သိရသည်။၏
သူ တုန်လှုပ်ချောက်ချား သွားမိလေသည်။
ထိုင်ရာ မှ ထပြီးကော်င်္ဖီသွားထပ်ဖျော်သည်။
ပြီးတော့ စားပွဲမှာ ပြန်လာထိုင်သည်။
နန်စီဟာမွန် ၏ လူသတ်မှု ကို စောစောက စီထားသည်အတိုင်း အစီမပျက် သူဆက်လက် လေ့လာသည်။
နန်စီအဲလ်ဒရက်ခ်ျ သည် နန်စီဟာမွန် ဖြစ်ကြောင်း စောစောကမသိခဲ့။
ဟိုတုန်းက ကြိုတင်သိခဲ့မည်ဆိုလျှင် သူတိုကအမှုအကြောင်းကိုလည်း စာအုပ်ထဲမှာ ထည့်သွင်း ရေးသားဖို့ စီစဉ် မိမည် မဟုတ်ပေ။
သတင်းစာထဲ မှာ ပါသည့် ဆောင်းပါးကို သူအသေးစိတ်ဖတ်သည်။ အပြန်ပြန် အလှန်လှန် လေ့လာ သည်။
ထိုသို့ လေ့လာနေရင်း မှပင် ထိုဆောင်းပါး ကို ဖတ်မိသည့်အခြားသူများ အဘယ်မျှဒေါသူပုန် ထကြ လေမည်နည်း ဟုလည်း တွေးကြည့်နေမိလေသည်။
နန်စီဟာမွန် ၏ နောက်ကြောင်းသမိုင်းများကို ဆောင်းပါးကပြန်လည် တင်ပြထားခြင်းဖြစ်သည်။
နန်စီသည် တက္ကသိုလ် ပါမောက္ခကြီးတစ်ဦး၏ ဇနီးဖြစ်ကြောင်း ပါမောက္ခကြီး နှင့် သားသမီးနှစ် ယောက် ထွန်းကား ခဲ့ကြောင်း၊ တက္ကသိုလ်ပရိဝုဏ် အတွင်း ရှိ နေအိမ်တွင် နေထိုင်ကြကြောင်း.....
တစ်နေ့ ၌ ပါမောက္ခဟာမွန်၏ နေအိမ်ရှိ အငွေ့ပေးသည့် စက်ပျက်သွားကြောင်း၊ ထို့ကြောင့် ပါမောက္ခ က ကျောင်းသား တစ်ယောက် ကို လွှတ်ပြီး ပြင်းခိုင်းကြောင်း-
သူလွတ်လိုက်သည့် ကျောင်းသားသည် ရုပ်ချောကြောင်း မိန်းမများနှင့် အတွေ့အကြုံ ကောင်းကောင်းရှိပြီး မိန်းမကျမ်း ကျေသူ တစ်ယောက် ဖြစ်ကြောင်း-
ပါမောက္ခကတော် နန်စီ သည် အသက်အစိတ် မျှသာရှိသေးကြောင်း၊ အပူငွေ့ပေးစက်ပြင်ဖို့ လာ သည့် ကျောင်းသား နှင့် ဖောက်ပြားမိကြောင်းများကို ဆောင်းပါးကပြန်လည် ရေးသားဖော် ပြထားသည်။
တရားရုံတော် တွင် စစ်ဆေးမေးမြန်းချက်များ၊ ဖြေများ၊ အစစ်ခံချက် ကောက်နုတ်ချက်များလည်း ပါသည်။
ဂျိုနသန် က ထိုကောက်နုတ်ချက်များကို စေ့စေ့စပ်စပ် ဖတ်ကြည့်နေသည်။
ပါမောက္ခဟာမွန် စက်ပြင်ခိုင်းလိုက်သည့် ကျောင်းသားမှာ ရော့လဂ္ဂလာ ဆိုသူ ဖြစ်သည်။
နန်စီ နှင့် တွေ့ပုံကို ရော့လဂ္ဂလာ က ရုံးတော်မှာ ရှင်းပြသည်။
ပါမောက္ခ ဟာမွန် ကို သူ့မိန်းမက ဖုန်းဆက်ပြီး အိမ်ကအပူပေးစက် ပျက်သွားကြောင်း ပြောပါ တယ်၊ အဲဒီအချိန် က ပါမောက္ခရဲ့ ရုံးခန်းထဲမှာ ကျွန်တော် ရှိနေပါတယ်၊ စက်ပစ္စည်းနဲ့ ပတ်သက် လာရင် ဟိုစပ်စပ် သည်စပ်စပ် ကျွန်တော်တတ်ပါတယ်၊ ကျွန်တော် မကလိတတ်တာရယ် လို့ သိပ်မရှိလှပါဘူး.။
ဒါကြောင့် စေတနာဝန်ထမ်းသွားပြင်ပေး ဖို့ ကျွန်တော်ကပြောပါတယ်၊ ပါမောက္ခကြီးက ကျွန်တော့်ကို သူ့အိမ် သိပ်လွတ်ချင်ပုံ မရပါဘူး၊ ဒါပေမယ့် စက်ပြင်ဆရာ လဲ သူ့မှာအလွယ်တကူ ရှာလို့မရနိုင်ဘူး၊ နောက်ပြီးတော့ အပူငွေ့ပေးတဲ့ စက် ကိုလည်း အမြန်ဆုံးပြန်ပြင်မှ ဖြစ်မယ့်အနေ အထားမှာ ရှိနေပါတယ်။
သူမိသားစု နဲ့ ပတ်သက်ပြီး ဘာမလုပ်ရဘူး၊ ဘာလုပ်ပါဆိုတာမျိုး ထူးထူးခြားခြား မှာလိုက်တာများ ရှိ သလား
တရားလို ဘက် မှ ခရိုင်ရှေ့နေ က မေးခွန်းထုတ်သည်။
ရှိပါတယ် သူ့မိန်းမ ကောင်းကောင်းနေမကောင်းဘူး တဲ့ ဒါကြောင့် သူ့ကိုအနှောင့်အယှက် မပေးမိအောင် နေပါတဲ့၊ တစ်ခုခု လိုတယ်၊ ဒါမှမဟုတ် တစ်ခုခု သိချင်တယ် ဆိုရင် သူ့မိန်းမကိုဘာမှ သွားမမေးနဲ့တဲ့၊ သူ့ ကိုသာ ဖုန်းပြန်ဆက်ဖြစ်အောင် ဆက်ပြီး လိုတာပြောပါလို့ သေသေချာချာ မှာလိုက်ပါတယ်။
ပါမောက္ခကြီး ရဲ့ အဲဒီညွှန်ကြားချက်ကို မင်းကရော တိတိကျကျ လိုက်နာခဲ့ရဲ့လား။
"ပါမောက္ခကြီး ရဲ့ စကားကို တစ်သဝေမတိမ်း ကျွန်တော်လိုက်နာဖို့ပါပဲခင်ဗျာ၊ ဒါပေမယ့် ဘယ်လို မှ ကျွန်တော် လိုက်နာခွင့် မကြုံခဲ့ပါဘူး၊ ဘာကြောင့်လဲ ဆိုတော့ သူ့မိန်းမက ခွေးပေါက်မလေး တစ်ကောင် လို ကျွန်တော့အနား က မခွာတော့ဘဲ ကျွန်တော်သွားလေရာကို တကောက်ကောက် လိုက်နေလို့ပါပဲ"
"ကန့်ကွက်ပါတယ်၊ ကန့်ကွက်ပါတယ်"
တရားခံရှေ့နေ က ကန့်ကွက်သည်။
သို့သော်လည်း သိပ်နောက်ကျသွားပေပြီ။
မေးသူ က မေးပြီးသွားပြီ။
ဖြေသူကလည်း ဖြေပြီးသွားပြီ။
တရားရုံးတော် တွင် လည်း မှတ်တမ်းတင်ပြီးသွားပြီ။
ထို့ကြောင့်လည်း နောက်ပိုင်းထွက် ဆိုသော သူတို့ အစစ်ခံချက်များသည် တန်ဖိုးပျက်ပြယ်ရလေ တော့ သည်။
မစ္စဟာမွန် နှင့် ကိုယ်လက်ချင်း ထိတွေ့မှု့ ရှိ မရှိ တရားလို ရှေ့နေက လဂ္ဂလာကို မေးသည်။
သူကလည်း တိုက်ရိုက်ဖြေသည်။
"ရှိပါတယ်"
"ဘယ်လို က နေပြီး ရှိသွားတာလဲ"
"အပူငွေ့ပေးတဲ့ စက်ပေါ်မှာ အရေးပေါ် ခလုတ်ဘယ်နားမှာ ရှိကြောင်း ကျွန်တော်က သူ့ကိုပြပါတယ်၊ သူတို့ စက်ကပုစံဟောင်းကြီးဖြစ်နေပါပြီ၊ နောက်ဆုံးပေါ်တွေလို မဟုတ်ပါဘူး၊ အဖွင့်အပိတ် ခလုတ်က မကြာခဏ ဒုက္ခပေးတတ်ပါတယ်၊ ဒါကြောင့် အရေးပေါ် ခလုတ်ကို သုံးနိုင် အောင် ကျွန်တော်ပြထားခြင်း ဖြစ်ပါတယ်"
"မစ္စဟာမွန်ကို တောင်ပြောမြောက်ပြော မလုပ်ဖို့၊ တောင်မေးမြောက်မေးမမေးဖို့ ပါမောက္ခဟာမွန်က မင်းကို သေသေချာချာ မှာလိုက်တယ်မဟုတ်လား"
"သူ့မိန်းမ က အရမ်း သိချင်နေတယ်၊ ဒါကြေင့် ကျွန်တော်ကို မရမက အတင်းမေးနေ တယ်၊ သူ့ အိမ်ထဲမှာ ဘာတွေရှိနေတယ်၊ အဲဒီရှိနေတဲ့ ပစ္စည်းတွေကို ဘယ်လိုသုံးရကြောင်းသူ သိထားသင့်တယ်လို့ ကျွန်တော့်ကို ထပ်ခါတလဲလဲ သူကပြောပါတယ်၊ သူ့အိမ်ထဲမှာ ရှိနေတဲ့ ပစ္စည်းတွေ ကို သူကိုယ်တိုင်က ဘယ်လို သုံးရမှန်းမသိရင် ဖြစ်မလားတဲ့၊ ဒါကြောင့်လဲ ကျွန်တော် မငြင်းသာတော့ဘဲ သူ့ကိုပြပေးတာ ဖြစ်ပါတယ်၊ အဲဒီလိုပြပေးတာ့ သူက ခလုတ် ကို အဖွင့်အပိတ် လုပ်ကြည့်ဖို့ ကျွန်တော်ကို ကိုယ်ပေါ်က ကျော်ပြီး ကိုင်ပါတယ်၊ ကျွန်တော် တို့ ကိုယ်လုံးချင်း ထိသွားပါတယ်၊ ကျွန်တော်လဲ မရှောင်သာ တော့ပါဘူး၊ ဒါကြောင့်သူကို ကျွန်တော် အသာကလေး ဖက်ထားလိုက်မိပါတယ်"
"အဲဒီလိုဖက်လိုက်တော့ ပစ္စက်ဟာမွန်က ဘာပြန်လုပ်သလဲ"
"သူကြိုက်ပါတယ်၊ သူသဘောကျကြောင်း ကျွန်တော် သေသေချာချာ ပြောရဲပါတယ်"
"မင်းတို့ နှစ်ယောက် ဘာတွေ ဖြစ်ခဲ့ကြတယ်ဆိုတာ တိတိကျကျ ပြောပြပါလား"
တရားလို ရှေ့နေက အသေးစိတ် အချက်အလက်များ ကို မရမကမေးသည်။
"ဘာဖြစ်တယ် ဆိုတာ အတိအကျပြောပြဖို့ ခက်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန် တုန်းက ဘာတစ်ခုမှ ရေရေရာရာ မဖြစ်ကြသေးလို့ပါပဲ၊ ကျွန်တော် ဖက်ထားတာကို သူသဘောကျ တယ်၊ ဒါလောက်ပဲ ရှိပါသေးတယ်၊ သူ့ကိုယ်လုံး ကို ကျွန်တော့်ဘက် ဆွဲလှည့် ယူလိုက်ပါတယ်၊ မျက်နှာချင်းဆိုင် ဖြစ်သွား ပါတယ်၊ သူ့ကိုကျွန်တော် နမ်းပါတယ်၊ တစ်မိနစ်လောက်ကြတော့ ကျွန်တော့်ရင်ခွင်ထဲကနေပြီး သူ ရုန်းထွက် သွားပါတယ်၊ ဒါပေမယ့် ဒီလို ထွက်သွားချင်ပုံမရပါဘူး"
"အဲဒီနောက် ဘာဖြစ်သေးသလဲ"
စောစော က ကျွန်တော် ပြောသလိုပါပဲ ခင်ဗျာ၊ ပြောပလောက်အောင် တစ်ခုခုဖြစ်တယ်ရယ်လို့ မရှိသေး ပါဘူး
"မစ္စက်ဟာမွန်က ဘာပြောသလဲ"
"သူက ကျွန်တော်ကို ကြည့်ပြီး ပြောပါတယ်၊ ကျွန်တော့်ကိုပြောတယ် ဆိုပေမယ့်လဲ တကယ် ကတော့ ကျွန်တော့် ကို ပြောနေသလိုမျိုး မဟုတ်ပါဘူး၊ သူ့ဘာသာသူပြောနေတဲ့သဘောမျိုးပါ၊ တခြား ကို ငါပြေးမှ ဖြစ်တော့မယ်" လို့ သူပြောလိုက်ပါတယ်။
လဂ္ဂလာ က ဆက်လက်ထွက်ဆိုသည်။
"ကျွန်တော်ပါ ရောပြီး ဒုက္ခရောက်မှာ မျိုးကိုတော့ ကျွန်တော် အဖြစ်မခံနိုင်ပါဘူး၊ သူ့ဇာတ်ရှုပ်ကြီး ထဲဝင်ပါ မိတာ နဲ့ ကျောင်းက ကန်အထုတ် ခံလိုက်ရတာမျိုး၊ နောက်ပြီးတော့ စစ်မှုထမ်းရေး ဥပဒေ အရ တပ်ထဲဆွဲ အသွင်း ခံလိုက်ရတာမျိုး ကျွန်တော် အဖြစ်မခံနိုင်ပါဘူး၊ ဒါကြောင့် ကျွန်တော်က ပြန်ပြောပါတယ်။"
"ဒီမှာ မစ္စက်ဟာမွန်-လို့ပြောမယ် ကြံပြီးတော့မှ သူ့ကို နန်စီလို့ခေါ်တာ ပိုကောင်းတယ်လို့ ကျွန်တော် ဆုံးဖြတ် လိုက်ပါတယ် ဒါကြေင့် ကျွန်တော်က ဒီလို ပြောပါတယ်"
"ဒီမှာ နန်စီ ဒီကိစ္စဟာ ဘာပြဿနာမှ ပေါ်လာစရာ အကြောင်းမရှိပါဘူး၊ ကျွန်တော်တို့ နှစ်ယောက် ဘယ် အခြေအနေ ရောက်နေကြတယ်ဆိုတာ ဘေးလူတွေ မသိအောင် ပိပိရိရိ နေရင် ကျွန်တော်တို့ချင်း အဆက်အသွယ် လုပ်နေလို့ရတာပဲ၊ လူမသိအောင် တိတ်တိတ်တွေ့နေကြလို့ ရတာပဲ ဒါကြောင့်ခင်ဗျား ဒီနေရာ ကနေ တခြားကိုထွက်သွားစရာ မလိုပါဘူး။ ခင်ဗျားမှာ သားသမီးတွေ ကလဲ ရှိနေကြတာ မဟုတ်လားလို့ ကျွန်တော် က ပြောပါတယ်"
အဲဒီလိုမင်း ပြောလိုက်တော့ မစ္စက်ဟာမွန်က ဘယ်လိုတုံ့ပြန်သလဲ
"အင်း ပြောရမှာတော့ ရယ်စရာလဲ ကောင်းပါတယ် အဲဒီအချိန်မှာပဲ ပီတာဆိုတဲ့ ကောင်လေးက လှေကားပေါ် က ဆင်းလာပြီး သူ့အမေကို လိုက်ရှာနေပါတယ်၊ ကလေးက အရမ်းအေးပါ တယ် စကားလဲ သိပ် မပြောဘူး၊ ကျွန်တော်တို့ နှစ်ယောက် ကိုလဲ တောင်တောင် မြောက်မြောက် တွေးမေးမနေပါဘူး ဒါပေမယ့် သူ့သားလေးကိုမြင်တော့ မစ္စက်ဟာမွန်ဟာ အကြီးအကျယ် ဒေါသူပုန်ထသွားတယ်၊ ကလေး တွေ ကလေး တွေလို့ ပြောပါတယ်၊ ပြီးတော့ ရယ်ပါတယ်၊ နောက်ပြီးတော့ ဒါပေမယ့် သူတို့အားလုံး နှားခေါင်းပိတ်ပြီး သေကုန်ကြမှာပေါ့လေ လို့ ပြောပါ တယ်"
"မစ္စတာလဂ္ဂလာ အခုမင်းပြောလိုက်တဲ့ ထွက်ဆိုချက်ဟာ သိပ်ကို အရေးကြီးတဲ့ ထွက်ဆို ချက်ဖြစ်ပါတယ်၊ မစ္စက်ဟာမွန် က အဲဒီအတိုင်းပြောသလား မင်းအခုပြောလိုက်တဲ့ စကားလုံးတွေ ဟာမစ္စက်ဟာမွန် ပြောတဲ့ စကားလုံး တွေအတိုင်း အတိအကျလား"
မှန်ပါတယ် ခင်ဗျာ၊ သူပြောခဲ့တဲ့ စကားလုံးအတိုင်းအတိအကျ ကျွန်တော် ပြန်ပြောနေတာ ဖြစ်ပါ တယ်၊ အဲဒီ စကားကြာင့် အဲဒီအချိန်တုန်းက ကျွန်တော်တောင် အတော်ကြီးကို ကျောချမ်း သွားပါတယ်၊ ဒါကြောင့် မို့လို့ အဲဒီစကားလုံးတွေကို ကျွန်တော် အတိအကျပြန်မှတ်မိနေတာပါ၊ ဒါပေမယ့် စိတ်ပါလို့ တကယ် ပြောနေတာ လို့ တော့ကျွန်တော် မထင်ခဲ့ပါဘူး လူတွေဟာ တစ်ခါတစ်လေမှာ ဒီလိုပဲပြောချင်ရာ ပြောတတ်ကြတာပါပဲ
"နန်စီဟာမွန်က အဲဒီစကားကို ဘယ်နေ့ဘယ်ရက် မှာပြောခဲ့တာလဲ"
နိုင်ဝင်ဘာလ ဆယ့်ဆုံးရက်နေ့မှာ ပြောခဲ့တာဖြစ်ပါတယ်။ ဘာကြောင့်ဒါလောက်တောင် တိကျ အောင် ကျွန်တော်ပြောနိုင် သလဲဆိုရင် ကျွန်တော်ကျောင်းကို ပြန်ရောက်သွားတဲ့အခါ ပါမောက္ခ ဟာမွန်က ကုန်ကျစရိတ် ငွေ ကို ကျွန်တော့်ကို အတင်းပေးပါတယ် သူက ချက်လက်မှတ်ပေးတာ ဆိုတာ့ အဲဒီရက်စွဲကို ကျွန်တော် အတိအကျမှတ်မိလိုက်တာပါ
နိုဝင်ဘာလ ဆယ့်သုံးရက်နေ့ ဈေးရှေ့မှာ ရပ်ထားတဲ့နန်စီဟာမွန် ရဲ့ မော်တော်ကားထဲက သူတို့ရဲ့ ကလေး တွေ ပျောက်မသွားခင် လေးရက်အလိုပေါ့၊ အဲဒီနောက် ကလေးတွေပင်လယ်ကမ်း ခြေမှာ ပြန်တွေ့ပြီး သူတို့မျက်နှာနဲ့ခေါင်းကို ပလတ်စတစ် အိတ်စွပ်ပြီး သတ်ထားတာ ကို မတွေ့ ရခင်တုန်းက သူ ပြောခဲ့ တာပေါ့
"မှန်ပါတယ်ခင်ဗျာ"
တရားခံရှေ့နေက ဇာတ်လမ်းကို ပေါ့သွားအောင်ကြိုးစားကြည့်ပြန်သည်။
"မစ္စက်ဟာမွန် ကို မင်းဆက်ပြီး ဖက်ထားသေးသလား"
"ဖက်မထားပါဘူး ခင်ဗျာ၊ ကလေးတွေနဲ့ အတူတူ အပေါ်ထပ် ကို သူတက်သွားပါ တယ်"
"ဒီလိုဆိုရင် သူ့ကို မင်းအတင်းအဓမ္မ နမ်းတာ သူ့ကိုယ်တိုင်က သဘောကျကြာင်း မင်းပြော တာကိုပဲ တို့ကြား ရတာပေါ့၊ ခိုင်လုံတဲ့သက်သေအထောက်အထား ဘာမှ မရှိဘူးပေါ့"
"ကျွန်တော် ပြောတာ ကို ယုံပါခင်ဗျာ၊ မိန်းကလေးတွေအကြောင်း ကျွန်တော် ကောင်းကောင်း သိပါတယ်၊ ကျွန်တော် နဲ့ အတူတူရှိနေ တဲ့ မိန်းမတစ်ယောက် ဘယ်လိုခံစားနေရ ကြောင်းကျွန်တော် အတပ် သိ ပါတယ်"
ထို့နောက် နန်စီ ကို ကျမ်းကျိန်ခိုင်းပြီး ထိုအကြောင်းများကို စစ်ဆေးမေးမြန်သည်။
"အဲဒီနေ့တုန်းက မင်းရော့လဂ္ဂကနမ်းသလား"
"ဟုတ်ကဲ့၊ ကျွန်မ ကို သူနမ်းပါတယ်"
"မင်းကို သူဒီလိုနမ်းတော့မယ်ဆိုတာ မင်းသိနေသလား"
"ဟုတ်ကဲ့၊ ကျွန်မ ကို သူနမ်းတော့မယ်ဆိုတာ ကျွန်မကြိုတင်သိနေတယ်လို့ ယုံကြည်ပါတယ် ရှင်၊ သိနေတဲ့ ကြားထဲက ကျွန်မ သူ့ကို နမ်းခွင့်ပေးခဲ့တာပါ"
"မင်းကလေး တွေ နဲ့ ပတ်သက်ပြီး ဒါပေမယ့်သူတို့အားလုံး နှာခေါင်းပိတ်ပြီး သေကုန်ကြမှာပါလေ လို့ မင်းပြောခဲ့တယ် ဆိုတာ ကိုရော မှတ်မိသလား"
"ဟုတ်ကဲ့၊ ကျွန်မပြောခဲ့ပါတယ်၊ ပြောခဲ့တာကိုလဲ မှတ်မိနေပါတယ်"
"ဘာအဓိပ္ပာယ်နဲ့ အဲဒီစကားကို မင်းပြောတာလဲ"
လိပ်ကော့ ကွန်မြူနီတီသတင်းစာပါ ဆောင်းပါးအလိုအရ ထိုသို့အမေးခံသောအခါ နန်စီသည် ရှေ့နေ ကို ကျော်ပြီး ကြည့်နေကြောင်း........
သို့သော်လည်း သူ့မျက်လုံးများသည ဘာကိုမှ မမြင်သည့်ပုံမျိုးပေါ်နေကြောင်း.....
ငေးမိငေးရာ ငေးနေသည့် သဘောမျိုးဖြစ်ကြောင်းသိရသည်။
ထို့နောက် နန်စီ က-
ကျွန်မ မသိပါဘူးရှင် ဟု အိပ်မက်မက်နေသော လေသံမျိုးဖြင့် ပြန်ပြောကြောင်း ဆောင်းပါးတွင် ရေးသား ဖော်ပြ ထားလေသည်။
ဂ်ျိုနသန် က ခေါင်းယမ်းသည်။ ပြီးတော့ အသံမထွက်ပဲ ကျိန်ဆဲလိုက်မိသည်။
ထိုမိန်းကလေး ကို သက်သေနေရာမှာ လုံးဝမထားသင့်ပေ။ သူတို့ သက်သေအဖြစ်နှင့် လုံးဝမစစ်ဆေး သင့်ပေ။
သူ့လည်းပင်း ကို သူ့ဘာသာသူ ကြိုးကွင်းပြန်စွပ်နေပြီ ဖြစ်ကြောင်း သူလုံးဝ သိပုံမရပေ။
ဆောင်းပါး ကို သူဆက်ဖက်သည်။
ကလေးနှစ်ယောက် ၏ အလောင်းပြန်တွေ့သည့်အကြောင်းရေးထားသည့် နေရာသို့ ရောက်သော အခါ အကြီး အကျယ် မျက်မှောင်ကုပ်နေမိသည်။
ပျောက်သွားပြီး ရက်သတ္တနှစ်ပတ်မျှ ကြာသောအခါ အလောင်းများကို ပြန်တွေ့သည်။
တစ်လောင်း နှင့် တစ်လောင်း မိုင်ငါးဆယ်လောက် ကွာနေသည်။
ကိုယ်လုံး များ ပုပ်ပွနေသည်။ ပင်လယ်ခရုများ တွယ်ကပ်နေသည်။
ကလေးမလေး ၏ ကိုယ်မှာ ပျက်စီးနေသည်။ ငါးမန်းကိုက်ထားတာဖြစ်နိုင်သည်။
ကလေးနှစ်ယောက် စလုံး ၏ ကိုယ်ပေါ်တွင် အရောင်တောက်ပပြီး လှပသည့် လက်ထိုးဆွယ်တာ ကလေး များ ၀တ်ဆင်ထားလျက်ပင် ရှိနေသေးသည်။
ဆောင်းပါးဖတ်ပြီးသွားသောအခါ ဂျိုနသန်က ကေဗင်ပို့လိုက်သည့် အချက်အလက် အထောက် အထားများ ထည့်ထားသော ဖိုင်တွဲသို့ အာရုံပြောင်းလိုက်လေသည်။
ကုလားထိုင် နောက်မှီ ပေါ် မှာ သူကျကျနန မှီထိုင်သည်။
ပြီးတော့ ဖိုင်ထဲမှ အထောက်အထားများကို တစ်ရွက်ချင်းစိမ်ပြေနပြေ ဖတ်ကြည့်ပေလေသည်။
ထိုအမှု ဖြစ်စဉ်တုန်း က ထုတ်ဝေခဲ့သော သတင်းစာဖြတ်ပိုင်းများလည်း ပါဝင်လေသည်။
မိခင်ဖြစ်သူ ဈေးဝယ်နေခိုက် အပြင်ထွက် ရပ်ထားခဲ့သည့် သူ၏ကားထဲမှ ကလေးနှစ်ယောက် ပျောက်သွား ကြောင်း ကို ခေါင်းစဉ်များတပ်ကြလေသည်။
ကလေးနှစ်ယောက်၏ဓာတ်ပုံများကို ဖော်ပြထားသည်။
သူတို့ အရွယ်အစား၊ ပုံပန်းသဏ္ဌာန်၊ ကိုယ်အလေးချိန်၊ ၀တ်ဆင်ထားသည့် အ၀တ်အစား အမျိုးအစားနှင့် အရောင် များကို ဖော်ပြထားပြီး ထိုကလေးများကို တွေ့ရှိပါက မည်သည့် ဖုန်းနံပါတ် သို့ဆက်ပြီး အကြောင်း ကြားရန် များ ကိုပါ အသေးစိတ် ဖော်ပြထားလေသည်။
ဂျိနသန် သည် အမှုတွဲများကို ဖတ်ရှုလေ့လာရာတွင် ကောင်းစွာ လေ့ကျင့်ထားခဲ့သူ ဖြစ်လေသည်။
ထို့ကြောင့်လည်း ခပ်သွက်သွက်ကြီး ဖတ်သွားရင်းမှာပင် အမှုသွား အမှုလာများကို သူဆင်ခြင်း သုံးသပ်ပြီး ဖြစ်သည်။
ထို့ကြောင့် နောက်ပိုင်းတွင် ရည်ညွှန်းလိုသည့် စာပိုဒ်များကိုလည်း ဖတ်သွားရင်းမှာပင် အောက်မှ မျဉ်းသား သင့် သည်များကို မျဉ်းသား သွားလေသည်။ သတင်းစာဖြတ်ပိုင်းများ၊ အခြား အထောက်အထား များ ကို စတင်ဖတ်လိုက်မိသည်နှင့် တစ်ပြိုင်တည်း နန်စီဟာမွန် သည် နားနေသော ဘဲတစ်ကောင်ကဲ့သို့ တရားလို ဘက် အဖို့ ပစ်မလွဲကြီးဖြစ်နေကြောင်း ကေဗင်ပြော သည့်အဓိပ္ပာယ်ကို ရှင်းရှင်း သဘောပေါက် သွားလေ တော့သည်။
မိန်းကလေး သည် ဘာကိုမှ နားလည်ပုံမရ။
ဦနှောက် မှ ရှိပါလေရဲ့လား ဟုမေးရမလိုပင် ဖြစ်နေသည်။
တရားလို ရှေ့နေ ပုံသွင်းချင်တိုင်း သွင်း၍ ရနေသည်။
တရားလို ဘက်မှ နိမိတ်ပြပြီး မေးချင်ရာမေးနိုင်နေသည်။
အမှုပုံသဏ္ဍာန် ကို သူတို့ဖော်ချင်သလို ဖော်ပြီး ထိုပုံစံအတိုင်း နန်စီက လိုက်ထောက်ခံပေး နေရ လေသည်။
ပြန်လည်ချေပခြင်း မရှိ။
ငြင်းဆိုခြင်း မရှိ။
ရုန်းထွက်ခြင်း မရှိ။
လည်းစင်းပြီး ခံနေသည်နှင့် တူလှသည်။
တရားလိုရှေ့နေ မေးသမျှများကိုလည်းကောင်း၊ တရားရုံးတော်မှ မေးမြန်းချက်များကို လည်းကောင်း သူတို့ လိုချင်သည့် ပုံစံအတိုင်း တိတိကျကျဝင်အောင် ခံစားချက်ကင်းမဲ့စွာဖြင့် ဖြေပေးနေကြောင်း ဂျိုနသန် ကောင်းကောင်း သိလေသည်။
ထိုအမျိုးသမီး ဘာဖြစ်နေသလဲ။
ဂျိုနသန် စဉ်းစားကြည့်သည်။
သူဖြေဆို ပုံများကို ကြည့်ရခြင်းအားဖြင့် မိန်းကလေးသည် ယခုအမှုထဲမှ လွတ်မြောက်ချင်စိတ် ရှိပုံမပေါ်။
လွတ်မြောက် အောင် ရုန်းထွက်ဖို့လည်း နည်းနည်းလေးမှ မကြိုးစား။
တစ်ခါတွင်မှု သက်သေနေရာမှာ ထိုင်နေရင်း သူ့ယောက်ျားကို စကားလှမ်းပြောလိုက်သည် မှာ လည်း အတော် ဆိုးလေသည်။
ပြောပုံကိုကြည့်ပါဦး။
"အိုး...ကားလ်...ကျွန်မ ကို ခွင့်လွတ်နိုင်သေးရဲ့လားဟင်" ဟူ၍ ဖြစ်လေသည်။
မနက်တုန်း က အကြောင်းကို သူပြန်စဉ်းစားသည်။
သတင်းစာ ယူဖို့ အသွား အဲလ်ဒရက်ခ်ျတို့ အိမ်ရှေ့မှသူဖြတ်သွားခဲ့သည်။
သူတို့အိမ်ဆီ သို့ အမှတ်မထင် လှမ်းမျှော်ကြည့်သည်။
ထမင်းစားခန်း ထဲရှိ ထမင်းစားစားပွဲမှာ သူတို့မိသားစုထိုင်နေသည်ကို တွေ့ရသည်။
သူတို့ မှာတော့ သိုက်သိုက်ဝန်းဝန်း ရှိလှပြီး ငါ့ဘ၀ကတော့ အထီင်္းကျန်နိုင်လှပါကလားဟူသော အတွေး ပေါက်ခဲ့ သည် ကို သတိရသည်။
သူတို့ဘ၀ကလေး ကို အားကျမိသည်။
ယခုတော့ သတင်းစာတွင်ပါသော ဆောင်းပါးကြောင့် သူတို့ ဘ၀ကလေး ပျက်ရှာပေတော့မည်ကို စဉ်းစား မိသည်။
ထိုသို့ စဉ်းစားမိသည် တွင် သူ့နဖူးကြောကြီးများထောင်ထသွားလေသည်။
ထို ဆောင်းပါးကြောင့် သူတို့သည် သည်အရပ်မှာလည်း ဆက်လက်နေထိုင်၍ ဖြစ်နိုင်တော့မည် မဟုတ်ပါ။
ဘယ်သွားသွား လူတွေက သူတို့ကို ၀ိုင်းကြည့်နေသည်ကိုလည်းကောင်း၊ လက်ညှိးထိုးနေသည် ကို လည်းကောင်း နှာခေါင်းရှုံ့ နေကြသည်ကိုလည်းကောင်း သိသိကြီးနှင့် သူတို့မည်သို့ နေကြမည် နည်း။
သည် ပတ်ဝန်းကျင် မှာ မည်သို့ ကျင်လည်ကြမည်နည်း။
သတင်းစာထဲမှာပါသည့် ဓာတ်ပုံတစ်ပုံ ကို ဂျိုနသန် သတိထားကြည့်သည်။
ကွမ်းရိုးစင်း ၀တ်စုံကလေးကို ၀တ်ထားသည်။
ထိုဝတ်စုံ ကလေး ကို သူကောင်းကောင်း မှတ်မိနေသည်။
တစ်ခါတုန်း က လိုဝါရီ ၏ ဆိုင်တွင် နန်စီ တို့သားအမိနှင့် သူသွားတွေ့သည်။
နန်စီ သည် ယခုဓာတ်ပုံထဲက ကွမ်းရိုးစင်း ၀တ်စုံကလေးကိုဝတ်ထားသည်။
သူတို့ ရပ်ပြီး မိနစ်အနည်းငယ်မျှ စကားပြောကြသည်။
ထို ၀တ်စုံကလေး အရမ်းလှကြောင်း နန်စီ ကို သူပြောပြခဲ့မိသေးသည်။
တကယ်လည်း နန်စီလှပါသည်။
လှကြောင်း သူပြောတော့ နန်စီက အားပါးတရ ပြုံးသည်။
အလွန် နွေးထွေးပြီး လှပသောအပြုံးဖြစ်ပါသည်။ ကလေးတွေလည်း နန်စီ နှင့် အတူတူပါ လာသည်။
ကလေး နှစ်ယောက်စလုံး အလွန်ယဉ်ကျေးသိမ်မွေ့ပြီး လိမ္မာကြသည် ကို ထင်းထင်းကြီး တွေ့နေရ လေသည်။
"မာမီ၊ ဟောဒီဘူး လိုချင်တယ်"
သားလေး က စည်သွတ်ဘူးမျိုးစုံ ဆင့်ပြီးထားသည့်စင်မှ ဘူးတစ်ဘူး ကို လှမ်းယူရင်းပြောသည်။
သို့သော် အဆင်မသင့်ချင်တော့ စည်သွတ်ဘူးအထပ်ကြီးကို သူ့လက်ဖြင့် သွားတိုက်မိသည်။
ဘူးတွေ ပြိုကျကုန်သည်။
ကျယ်လောင်သော အသံကြီးကိုလည်း ကြားလိုက်ကြရသည်။
ဆိုင်ထဲမှာ ရှိသော လူတွေ အထိတ်တလန့် ပြေးလာကြသည်။
ဆိုင်ရှင်လိုဝါရီ ကိုယ်တိုင်လည်း ပါသည်။
ဆိုင်ရှင် လိုဝါရီ သည် အပြောအဆို အပေါက်ဆိုးသည်။
ယခု သူ့မျက်နှာ မှာ ဒေါသရိပ်ပေါ်နေသည်။
ထို့သို့ဖြစ်မည်ဆိုလျှင် မိခင်ပေါင်းများစွာတို့ အကြီးအကျယ် အနေရအထိုင်ရ ခက်ကြပေလိမ့် မည်။
နောက်ပြီးတော့ ကလေး ကိုလည်း ထိုသို့ဖြစ်အောင်ပြုလုပ်ရပါမည်လားဆိုကာ ရိုက်နှက်ကြပေ လိမ့်မည်။
သို့သော် နန်စီ ကတော့ သည်လိုမဟုတ်။
နန်စီ သည် သူ့သား ကို တိုးတိတ်ညင်သာစွာ ပြောသည်။
ဂျိုနသန် အနေဖြင့် နန်စီကို ထိုအချက် တစ်ချက်ထည်းနှင့်ပင် မချီးကျူးပဲ မနေနိုင်တော့ချေ။
နန်စီ က ဆိုင်ရှင်ကို မော့်ကြည့်ပြီး တိုးတိတ်ညင်သာစွာ တောင်းပန်သည်။
"၀မ်းနည်းပါတယ် မစ္စတာလိုဝါရီ၊ မတော်တဆဖြစ်သွားတာပါ၊ နဂိုအတိုင်းကျွန်မတို့ ပြန်ထားပေးပါ့ မယ်"
ပြီင်္းတော့ အကြီးအကျယ် အထိတ်တလန့် ဖြစ်သွားကာ စိုးရိမ်ကြောက်လန့်နေသော သူ့သားကို ငုံ့ ပြောသည်။
"မကြောက်ပါနဲ့ သား၊ တမင်လုပ်တာမှ မဟုတ်ပဲ၊ မတော်တဆဖြစ်သွားတာပဲ၊ ကဲ...လာ...မာမီ တို့နဂိုက အတိုင်း ဖြစ်သွားအောင် ပြန်စီလိုက်ကြရအောင်နော်"
စည်သွတ်ဘူး များ ပြန်ထပ်ကြရာတွင် ဂျိုနသန်လည်း ၀ိုင်းကူပေးသည်။
ထိုသို့ ကူလုပ်ပေးရင်း ဆိုင်ရှင် လိုဝါရီ ကို မော့်ကြည့်သည်။
အလွန်အပေါက်ဆိုးသော လိုဝါရီ သည် ဘာမှမပြောဘဲငြိမ်နေခဲ့လေသည်။
ထိုအမျိုးသမီး သည် လွန်ခဲ့သည် ခုနှစ်နှ်စလောက်တုန်းကလေးများကို သတ်ခဲ့သည်ဟုဆိုသည်။
သူ သတ်သော ကလေးများသည် အခြားကလေးများမဟုတ်
သူကိုယ်တိုင် ကိုးလလွယ်ပြီး ဆယ်လတွင် မွေးခဲ့သည့် သူ့၏ရင်သွေးများဖြစ်လေသည်။
သို့သော်လည်း တစ်စုံတစ်ခု တော့ မှားနေပုံရသည်။
ထိုစဉ်က သူ့အသက်မှာ အတော်ကလေး ငယ်သေးသည်။
တံခါးခေါင်းလောင်းမြည်သည်။ ဂျိုနသန်က ထိုင်ရာမှထသည်။ တံခါးခေါင်းလောင်းသံကြောင့် အံ့အားသင့် သွားသည်။
ကော့လိပ်တွင် ဖိတ်ကြားချက် မရှိဘဲ တစ်ယောက်အိမ်သို့ တစ်ယောက်သွားရောက် လည်ပတ်သည့် အလေ့အထ မရှိသလောက်နည်းသည်။
နောက်ပြီးတော့ တစ်အိမ်တက်ဆင်း ဈေးရောင်းခြင်းကိုလည်း မြို့ကော်မတီက တင်းကျပ်စွာ တား မြစ် ပိတ်ပင် ထားသည်။
အိမ်ရှေ့တံခါးဆီ သို့ သူလျှောက်သွားသည်။
အကြာကြီး ထိုင်နေသည့် အတွက် သူ့အကြောအခြင်များ ဆိုင်းနေကြောင်း ထိုအခါကျမှ သတိပြု မိသည်။
တံခါး ဖွင့် လိုက်တော့ ရဲသားတစ်ယောက်ကို မြင်ရသည်။
သူအံ့အားသင့်သွားသည်။
သူမြင်ဖူးနေသော မျက်နှာဖြစ်သည်။
ရန်ပုံငွေပွဲ တစ်ခုခု အတွက် လက်မှတ်လာရောင်းတာလားဟုတွေးသည်။
ထို အတွေး ကိုလည်း သူချက်ချင်းပယ်လိုက်သည်။
သူ့ဖိတ်ခေါ်ချက် အရ ရဲသား က အိမ်တွင်းသို့ လှမ်းဝင်သည်။
သူ့ အမူအရာ ကိုကြည့်ရခြင်း အားဖြင့် အတော်လေးအရေးကြီးနေကြောင်း သိသာသည်။
"အခုလိုလာပြီး အနှောင့်အယှက်ပေးရတာ စိတ်မကောင်းပါဘူး ခင်ဗျာ၊ ဒါပေမယ့် အဲလ်ဒရက်ခ်ျရဲ့ ကလေးတွေ ပျောက်သွား လို့ ကျွန်တော်တို့ လိုက်ပြီး စုံးစမ်းနေကြတာပါ။"
ဂျိုနသန်က သူတို့ငေးစိုက်ကြည့်နေသည်။ ရဲသားကမှတ်စုစာအုပ်ဆွဲထုတ်လိုက်သည်။
အလွန် သပ်ရပ်သန့်ရှင်းစွာ ထားသိုထားသည့် ဂျိုနသန် ၏ အိမ်ကို မျက်လုံးတစ်ချက် ဝေ့ကြည့်သည်။
ပြီးတော့သူ မေးခွန်းထုတ်သည်။
"ဒီအိမ် မှာ ဆရာကြီး တစ်ယောက်တည်းနေတာပေါ့နော်"
ဂျိုနသန် က သူ့ကိုဘာမှမဖြေသေးဘဲ အိမ်ရှေ့မှ တံခါးမကြီးကို အလျင်သွားဖွင့်လိုက်လေသည်။
မော်တော်ကား တွေ ဥဒဟို မောင်းနှင် နေကြသည်ကိုလည်းကောင်း၊ မိုးကာအင်္ကျီများ ၀တ်ထား သည့် လူ အများအပြား တို့ပျားပန်းခတ်မျှ လှုပ်ရှားနေကြသည်ကိုလည်းကောင်း ရဲသားတွေ အများအပြား ရှိနေသည်ကို လည်းကောင်း၊ အဲလ်ဒရက်ခ်ျ တို့၏ အိမ်နီးနားချင်း အားလုံးတို့ လည်း ဗျာများနေကြ သည်ကို လည်းကောင်း ပထမဆုံး အကြိမ် အဖြစ်သူတိထားလိုက်မိလေသည်။
နောက်တစ်ခုက လူအတော် များများ ကိုလည်း မောရှောရေကန်ကြီးဆီသို့ ဦးတည်သာ သုတ်သီး သုတ်ပျာ သွားနေကြခြင်း ဖြစ်လေသည်။
သူတို့ မျက်နှာ အမူအရာများမှာ ပျော်ပွဲရွှင်ပွဲ တစ်ခုခုသို့ သွားရောက်နေသည့် ပုံစံမျိုး မဟုတ်။
စိတ်မကောင်း သည့် အမူအရာ၊ စူးစမ်းချင်သည့်အမူအရာများကိုပါ လှမ်းမြင်နေရ လေသည်။
အပြင် တွင် ရာသီဥတု အတော်လေး ဆိုးနေကြောင်းကိုလည်း သူသတိထားလိုက်မိသည်။
အတော်လေး ပြင်းထန်စပြုနေပြီဖြစ်သည့် လေအေး က သူ့ကို တိုးဝှေ့နေသည်။
ခပ်ရေးရေးမြင်ရသည့် နန်စီအဲလ်ဒရက်ခ်ျ တို့အိမ် ကို သူငေးကြည့်နေမိသည်။
အခန်း (၁၂) ဆက်ရန်
.
3 comments:
စာလာဖတ်ပါတယ်
အများကြီး ကျေးဇူးတင်ပါတယ်း)
အကြွေးတွေ လာရှင်းသွားပြီ ညီမရေ။
အဆက်ကိုမျှော်နေတယ်။ ကျေးဇူးပါကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment