ဘဘဦးသုခနှင့် ကျွန်တော့်အတွက်များ သင်ယူစရာများ
အေးကြူလေး
အေးကြူလေး
၁၉၉၅ခုနှစ်တွင် ကျွန်တော် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်အဖြစ် ရွေးချယ်ခံရသည်။ ၁၉၉၅ ခုနှစ် မှ ၂၀၀၅ခုနှစ်အတွင်း ပြန်ကြားရေးမှူး(၂)၊ တွဲဘက် အတွင်းရေးမှူး(၂)၊ တွဲဘက်အတွင်းရေးမှူး(၁) တာဝန်များ အဆင့်ဆင့် တိုး၍ တာဝန်ယူ ကြိုးစားလုပ်ကိုင် ဆောင်ရွက်သည်။ ရုပ်ရှင်စာကြည့်တိုက်၊ ရုပ်ရှင် သမိုင်းပြတိုက်၊ ရုပ်ရှင်သတင်းစဉ် အပါတ်စဉ်၊ ရုပ်ရှင်မဂ္ဂဇင်းလစဉ်တို့ကို ရုပ်ရှင်ဇာတ်ညွှန်းအဖွဲ့သားများနှင့် အတူ လက်တွဲ ဆောင်ရွက်သည်။ နွေးထွေးစွာ လက်တွဲ ဆောင်ရွက်ကြရင်း ဆရာကြီး ဘဘဦးသုခနှင့် အကြိမ်ကြိမ် တွေ့ဆုံခွင့်တွေရသည်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက နှစ်စဉ်ရုပ်ရှင် သက်ကြီးမိဘများ ပူဇော်ကန်တော့ပွဲကို ကျင်းပလေ့ရှိရာ ထိုစဉ်က ဆရာကြီး အေ၀မ်းဦးတင်မောင်၊ ဆရာကြီးဦးသုခတို့ တက်ရောက် ကန်တော့ခံလေ့ ရှိသည်။ ရုပ်ရှင်လောကသားများက သက်ကြီး မိဘများအား တစ်ဦးချင်း လှူဘွယ်ပစ္စည်းများနှင့် ငွေသားတချို့ကို ကန်တော့သည်။ ပြီးမှ စုပေါင်း၍ ကာယကံ၊ ၀စီကံ၊ မနောကံနှင့် ပြစ်မှားမိသည်ရှိသော် ခွင့်လွှတ်ဖို့ တစ်ဦး က တိုင်ပေးပြီး အားလုံးက လိုက်ဆိုခါ ဦးသုံးကြိမ်ချ၍ ကန်တော့ကြသည်။ ကန်တော့ခံ သက်ကြီးမိဘများ ကိုယ်စား သက်ကြီးမိဘတစ်ဦးက သြ၀ါဒစကား ပြောကြားလေ့ ရှိသည်။ တစ်နှစ်တွင် ဘဘဆရာကြီး ဦးသုခ ကို သြ၀ါဒ စကားပြောကြားပေးဖို့ မေတ္တာရပ်ခံသည်။ ဆရာကြီး ဘဘဦးသုခ သြ၀ါဒစကား ပြော မည်ကို ပရိသတ်က ငံ့လင့်နေသည်။
သို့သော် ဘဘဦးသုခ အသံထွက်မလာ။ ငြိမ်သက်ပြီး ခဏကြာမှ ဘဘထံမှ အသံထွက်လာသည်။ "ကျွန်တော့် ဘေးမှာ ကျွန်တော့်ဆရာအေ၀မ်း ဦးတင်မောင် တစ်ယောက် လုံးရှိနေရက် နဲ့ ဆရာကိုကျော်ပြီး ကျွန်တော် မပြောရဲပါဘူး။ မပြောသင့်ပါဘူး၊ ဆရာခွင့်ပြုမှသာ ပြောသင့်ပါတယ်" ဟု ပရိသတ်ရှေ့မှာ ဖွင့်ဟ ပြောလာသည်။ ကျွန်တော့်တို့အားလုံး ဘာမျှမပြောနိုင်ဘဲ ငိုင်ကျသွား သည်။ ထိုစဉ်မှာပင် ဘဘ ဦးသုခ က သူ့ဆရာအေ၀မ်း ဦးတင်မောင် ကို လက်အုပ်ချီ၍ ဂါရ၀ပြုပါသည်။ "ကျွန်တော့်ကို ရုပ်ရှင် သက်ကြီး မိဘများကိုယ်စား သြ၀ါဒစကားပြောကြားပေးဖို့ မေတ္တာရပ်ခံ ကြပါတယ်။ ဆရာ ခွင့်ပြုရင် ကျွန်တော် ပြောပါ့မယ်" ဟု လေးစားစွာ မေတ္တာရပ်ခံ ပန်ကြားသည်။ ဆရာကြီး အေ၀မ်း ဦးတင်မောင်က "ပြောပါ ပြောပါ ခွင့်ပြုပါတယ်" ဟု ခွင့်ပေးမှ သက်ကြီးမိဘများကိုယ်စား သြ၀ါဒစကားပြော ကြားပေး သည်။ ပရိသတ်များရှေ့မှာ ဆရာ ကို လေးစားဂါရ၀ထားပုံ ထင်ထင် ရှားရှား တွေ့ရသည်။
၁/၈၄ ဒါရိုက်တာသင်တန်း လာရောက်ပို့ချ သင်ကြားစဉ်ကလည်း ဆရာသမားကို လေးစားဖို့ ထည့်သွင်း ပြောကြား သွားဖူးသည်။ "မိမိဆရာသမားများကို ပူဇော်ကန်တော့တာ မြန်မာလူမျိုးကလွဲရင် ကမ္ဘာမှာ ဘယ်မှာ မှ မရှိဘူး။ ကိုယ့်ထက်အသက်ကြီးတဲ့လူကို ကန်တော့တာ ကန်တော့ရတဲ့သူမှာ အကျိုးငါးပါး ရပါ တယ်။ ကျွန်တော် ရုပ်ရှင်နယ်ထဲရောက် (၄၅)နှစ် ရှိပြီ။ ဇာတ်ညွှန်းနယ်နဲ့ဆိုရင် နှစ်(၅၀)ပေါ့။ ရုပ်ရှင်ထဲ ရောက်ကတည်းက ဆရာဦးတင်မောင်ကို ကန်တော့ခဲ့တာအခါပေါင်း (၇၀)ကျော် မကတော့ဘူး။ အခု ဒါရိုက်တာ တွေကို မင်းရဲ့ဆရာဘယ်သူလဲ မေးရင် မပြောချင်ကြဘူး။ အလိုလို တက်လာကြသလိုလို၊ တကယ်တော့ ဘယ်ပညာဖြစ်ဖြစ် ဆရာမရှိဘဲ မတတ်ဘူး" ဟူ၍ ပြောသွားဖူးသည်။ လူငယ်များ အတုယူ ကျင့်သုံး ကြရမည် ဖြစ်သည်။
နောက်ပိုင်း ဘဘဦးသုခ ကျန်းမာရေးကြောင့် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ မတက်ရောက်နိုင်သောအခါ ကျွန်တော်တို့က အိမ်တိုင်ယာရောက် ကန်တော့ခံပစ္စည်းနှင့် ငွေသားတချို့ သွားရောက်ပေးပို့ ကန်တော့ သည်။ ဆရာသည် သေသေချာချာ လက္ခံရယူပြီး ဆုပေးမေတ္တာပို့သည်။ သြ၀ါဒစကားများ ပြောကြားသည်။ ဆရာ့ သြ၀ါဒများသည် လေးလေးနက်နက်နှင့် ဘ၀အတွက် အနုပညာလောကအတွက် မှတ်သား နာယူစရာ များ ဖြစ်သည်။ သွားရောက်ကန်တော့ကြသော ဦးမြင့်နိုင်၊ ဦးမြင့်ဇော်၊ ဦးသန်းဝင်း၊ ဒေါ်နီနီနှင့် ကျွန်တော် တို့ မှာ ဆရာ့သြ၀ါဒစကားများကို လေးလေးနက်နက် ဂါရ၀ထားခံယူရင်း ဆရာ့ခြေဖျားကို ဦးခိုက် ကန်တော့ ခွင့်ရကြသည်။
ဒါရိုက်တာ ဦးအောင်မြင့်မြတ် လျှမ်းလျှမ်းတောက် နာမည်ရနေသောကာလက ကျွန်တော် ဦးအောင်မြင့်မြတ် နှင့် တွေ့ဆုံကြုံခဲ့ဘူးသည်။ ဒါရိုက်တာ ဦးအောင်မြင့်မြတ်က သူအောင်မြင်မှု ရရှိခြင်းမှာ ဆရာသမား ကောင်းများ၏ သွန်သင်ညွှန်ပြမှုများကို အလေးအနက် လိုက်နာဆောင်ရွက်သောကြောင့်ဟု ဆိုသည်။ ကျွန်တော်က ဆရာကြီးသုခထံမှ မည်သို့ ပညာရသည့်အကြောင်း မေးမြန်းကြည့်ဘူးသည်။ ဆရာကြီး ဦးသုခ "ဇာတ်ဖမ်းပြီဆိုရင် ကင်မရာမလှုပ်နဲ့ ပြောပြဖူးကြောင်း၊ ဆရာပြောတဲ့အတိုင်း ခေါင်းထဲ မှာ စွဲစွဲမြဲမြဲ မှတ်သား၍ ကျင့်ကြံ လုပ်ဆောင်ခဲ့ကြောင်း "ဦးအောင်မြင့်မြတ်က ပြောပြသည်။ ဆရာ့ အတွေ့အကြုံများ ကို နောက်လူများက ပညာယူကြရပါသည်။"
ရုပ်ရှင်အစည်းအရုံးအမှုဆောင်အဖြစ် ဆောင်ရွက်နေစဉ် ကာလအတွင်း ဇာတ်ညွှန်းအခြေခံအဖွဲ့ဝင်များနှင့် ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး၊ ဆွေးနွေးတိုင်ပင် ဖြစ်သည်။ ထိုသို့ ဆွေးနွေးတိုင်ပင်ရင်း ၁/၈၄ ဒါရိုက်တာ သင်တန်း မှ ဆရာကြီးများ၏ ဟောပြောပို့ချချက်အကြောင်း ရောက်သွားသည်။ ယင်းဟောပြော ပို့ချချက် များကို ထိုစဉ်က သင်တန်းတက်ခဲ့သူ ဗိုလ်ကြီးအုံးရွှေ(ငြိမ်း)က မှတ်တမ်းတင် စုဆောင်းထားသည်။ ကျွန်တော် တို့က ဗိုလ်ကြီးအုံးရွှေ(ငြိမ်း)နှင့် တွေ့ဆုံပြီး စာမူများ ရယူသည်။ ဗိုလ်ကြီးအုံးရွှေ(ငြိမ်း)က မည်သည့် လုပ်အားခမျှ ရယူခြင်းမရှိဘဲ အစည်းအရုံးမူပိုင်အဖြစ် စာအုပ်ထုတ်ရန် ပေးအပ်ကြောင်း ၀မ်းသာ အားရ ပြောကြားသည်။ သူက ဆရာကြီးများ၏ အဆိုအမိန့်စာအုပ်ဖြစ်လျှင် ကျေနပ်သူ ဖြစ်သည်။ ကျွန်တော် က ထိုစဉ်က အတွင်းရေးမှူး ဦးဇော်လင်းနှင့် တိုင်ပင်ကြည့်ရာ ဦးဇော်လင်းက တက်တက်ကြွကြွ ထောက်ခံ အားပေးသည်။ ချက်ချင်း အရှုံးပေါ်နိုင်သော်လည်း ဖြေးဖြေးချင်း ရောင်းရနိုင်ကြောင်း စဉ်းစား ကြသည်။
အကယ်၍ ရှုံးသည့်တိုင်အောင် မြန်မာ့ရုပ်ရှင်ဆရာကြီးများဖြစ်သော ဦးညီပု၊ အေ၀မ်းဦးတင်အောင် ဦးချင်းစိန်၊ ရွှေဒုံးဦးဘီအောင်၊ ဦးသုခတို့၏ ဟောပြောပို့ချချက်များမှာ ရုပ်ရှင်လောကသားများအတွက် ရှိထား သင့်သည်။ စသည့် စသည့် အကြောင်းပြချက်များဖြင့် အစည်းအဝေးသို့ တင်ပြရာ မြန်မာ့ရုပ်ရှင် ဆရာကြီး များ၏ အဆိုအမိန့် စာအုပ်ထုတ်ဝေရန် သဘောတူခွင့်ပြုချက် ရရှိသည်။ စာအုပ်ထုတ်ဝေမည် ဆိုသော် လည်း ရန်ပုံငွေနည်းနေသေး၍ ဆရာကြီး(၅)ဦးကို ဥာဏ်ပူဇော်ခ ချီးမြှင့်နိုင်ခြင်း မရှိသေးပေ။ ဆရာကြီး များကို မေတ္တာရပ်ခံရာ အားလုံးက သဘောတူခွင့်ပြုကြသည်။ ဆရာကြီးများ အားလုံးမှာ ငွေကြေး ထက် ရုပ်ရှင်ပညာဖြန့်ဝေလိုသော စေတနာက အဓိက ဖြစ်သည်။
ဆရာကြီး ဦးသုခ ကို မေတ္တာရပ်ခံရာတွင်လည်း ၀မ်းပန်းတသာဖြင့် ခွင့်ပြုပေးသည်။ (ယခုအခါတွင် မြန်မာ့ ရုပ်ရှင် ဆရာကြီးများ၏ အဆိုအမိန့်စာအုပ်တွင် ပါဝင်သော ဆရာကြီး ဦးညီပု၊ ဆရာကြီး အေ၀မ်း ဦးတင်မောင်၊ ဆရာကြီး ဦးချစ်စိန်၊ ဆရာကြီးရွှေဒုံးဦးဘီအောင်၊ ဆရာကြီး ဦးသုခတို့ ကွယ်လွန် သွားကြပြီ ဖြစ်သည်။) စာအုပ်ထုတ်ဝေဖို့ ခွင့်ပြုချက်ရသည်နှင့် ပန်းချီဦးကျော်ညွန့်က အသေးစိတ်ခြယ်မှုန်း၍ ဆရာကြီးငါးဦး ၏ ပုံတူမျက်နှာဖုံး ပုံဆွဲ ပေးသည်။ မြန်မာ့ရုပ်ရှင်ဆရာကြီးများ၏ အဆိုအမိန့်စာအုပ်ကို ကျွန်တော် နှင့် အတူ ဇာတ်ညွှန်းအဖွဲ့သားများ ၀ိုင်းဝန်းကြ၍ စာအုပ်ဖြစ်မြောက်ခဲ့သည်။ (၁၀)နှစ်ခန့်ကြာမှ ပန်းချီ ဦးကျော်ညွန့် နှင့် ပြန်တွေ့ရာ အဆိုအမိန့် စာအုပ်အကြောင်း ပြောဖြစ်သည်။ အစွမ်းကုန် ရေးဆွဲပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ထပ်မံပြောရ သည်။ ဦးကျော်ညွန့်က "ဆရာကြီးတွေ ပုံတူ အဖုံး ဆွဲပေးရတာ ကျွန်တော် ဂုဏ်ယူမိပါတယ်ဗျာ၊ အခုချိန် ဆိုရင် ကျွနတော်အဲဒီလိုဆွဲနိုင်မှာ မဟုတ် တော့ဘူး" ဟု ပြောပြဘူးသည်။ (ကျွန်တော်မှတ်မိသမျှ ၁/၈၄ ဒါရိုက်တာ သင်တန်းဆင်းများမှာ စင်ရော်မောင်မောင်၊ ညီညီထွန်းလွင်၊ မောင်ဗေဒါ၊ ဒေါန၊ ကိုကိုလေး၊ ခင်လေးသိမ့်၊ တက္ကသိုလ်ယဉ်ယဉ်လဲ့၊ တင်လတ်သန္တာဗိုလ်၊ ခင်မာလာ၊ ညီညီကျော်လတ်၊ မောင်မောင်ကြည် စသည့် သူတို့ ဖြစ်သည်။)
နောက်တစ်ကြိမ် ဘဘဦးသုခနှင့် ပြန်ဆုံရသည်မှာလည်း ထူးထူးခြားခြားပင်ဖြစ်သည်။ ကျွန်တော်တို့ ဆွေးနွေး ညှိနှိုင်းမှုများက နောက်တစ်ခု လုပ်ဆောင်ရန် ဖြစ်လာသည်။ ရုပ်ရှင်အနုပညာရှင်၊ အတတ် ပညာရှင် များ အိုမင်းမစွမ်းဖြစ်လာသည့်အခါ စားဝတ်နေရေး အခက်အခဲ ရှိကြသည်။ ကန်တော့ခံ ရုပ်ရှင် သက်ကြီး မိဘများထဲမှ အသက်(၇၅)နှစ်အထက် နွမ်းပါးသော ပုဂ္ဂိုလ်များကို လစဉ်ထောက်ပံ့ကြေး ပေးရန် ဖြစ်သည်။ ထောက်ပံ့ကြေးမှာ အသက်ထက်ဆုံးပေးရမည်ဖြစ်ရာ ပင်စင်သဘောပင် ဖြစ်သည်။ ထိုသို့ ထောက်ပံ့နိုင်ရန် မတည်ရင်းနှီးငွေ လိုအပ်လျှက် ရှိသည်။ ပထမဦးဆုံးပေးခါစတွင် ငွေကြေးမပြည့် စုံသေး၍ တစ်လ လျှင် တစ်ဦးတစ်ထောင့်ငါးရာကျပ်သာပေးရန် ဆုံးဖြတ်သည်။ ထိုစဉ်က ဥက္ကဌ ဦးစိန်တင် က ထောက်ပံ့ငွေ ပေးတဲ့ အထဲမှာ ဆရာဦးသုခ ကို ဂုဏ်ပြုထည့်ပေးချင်ကြောင်း ပြောသည်။ ကျွန်တော်က စိုးရိမ်မှု့ ရှိ၍ ဖြစ်ပါ့မလားဟု မေးသည်။
ကျွန်တော်တို့ ပေးနိုင်တာက သောင်းဂဏန်းလည်း မဟုတ်၊ တစ်ထောင့်ငါးရာကျပ်ဆိုတော့ ကလေးကလား အားနာ စရာ ဖြစ်နေသည်။ သို့သော် ဦးစိန်တင် က သူပြော ကြည့်မည်ဟု ရှေ့ကသွား၍ ကျွန်တော်က နောက်မှ လိုက်ရသည်။ ဆရာ့အနားသို့ ရောက်လျှင် ဦးစိန်တင်လည်း စကားလုံးရှာ၍ အားယူရသည်။ "ဆရာ့ ကို ကျွန်တော်တို့ မေတ္တာရပ်ခံ ချင်ပါတယ်။ ကျွန်တော်တို့က ကန်တော့ခံသက်ကြီးမိဘများထဲက အသက် (၇၅)နှစ် အထက် ပုဂ္ဂိုလ်တချို့ကို ရွေးချယ် ပြီး လစဉ်ထောက်ပံ့ကြေးပေးမှာပါ ဆရာ။ နောက်လည်း အစဉ်အလာတ်စခု ဖြစ်သွားအောင်လို့ပါ။ အဲဒီ အထဲမှာ ဆရာ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ထောက်ပံ့ကြေး ပေးချင်ပါတယ်။ လစဉ်တစ်ထောင့်ငါးရာကျပ်ဘဲ ပေးနိုင်မှာမို့ ငွေကြေးကတော့ အလွန် နည်း ပါတယ်။ ဆရာလက္ခံပေးဖို့ မေတ္တာရပ်ခံပါတယ်" ဟု ဦးစိန်တင် ပြောသည်။ ကျွန်တော်က စိုးရိမ်စွာဖြင့် ဆရာ့ အရိပ်အကဲ ကို ကြည့်နေမိသည်။
သို့သော် ဆရာသည် ကြာကြာ မစဉ်းစားပါ။ "ခင်ဗျးတို့ ထောက်ပံ့တာ နည်းနည်းများများ လက္ခံရမှာပေါ့။ ဒါကောင်းတဲ့ အစဉ်အလာ တစ်ခုပဲ" ဟု ပြောသည်။ ကျွန်တော်နဲ့ ဦးစိန်တင် ၀မ်းသာအားရ ဖြစ်သွားသည်။ ချက်ချင်း ထိုစဉ်က ဘဏ္ဍာရေးမှူးကို အကျိုးအကြောင်း ပြောပြသည်။ ဘဏ္ဍာရေးမှူးဦးမြင့်ဇော်( )လစာ ထောက်ပံ့ငွေ ကို စာအိတ်ထဲထည့်၍ ကျွန်တော့်တို့ကို ပေးသည်။ ဦးစိန်တင်နှင့် ကျွန်တော်က အများရှေ့ မှာပင် ဂုဏ်ပြု ထောက်ပံ့ငွေ ဂါရ၀ပြု ပေးသည်။ ပြီးမှ "ကဲ ဒီငွေက ကျွန်တော့်ငွေ ဖြစ်သွားပြီ၊ အဲဒီတော့ ခင်ဗျား တို့ အလှူခံပေးပါ။ ဒီငွေကို ရုပ်ရှင်သက်ကြီးများအတွက် ပြန်လှူပါတယ်" ဟု ပြောဆိုလှူဒါန်း သွားပါသည်။ မည်သို့ဆိုစေ ကျွန်တော်တို့ ၀မ်းသာပီတိ ဖြစ်ကြရသည်။
နောက်တစ်ကြိမ် ဘဘဦးသုခနှင့် တွေ့ဆုံခွင့်ရဖို့ ဖြစ်လာပြန်သည်။ မြန်မာ့ရုပ်ရှင်စိန်ရတုသဘင် ကျင်းပစဉ် က ရုပ်ရှင်နှင့် ပတ်သက်၍ လှူဒါန်းရာတွင် ပထမဦးဆုံး မြန်မာ့ရုပ်ရှင် "မေတ္တာနှင့်သူရာ" လက်ကမ်း ကြော်ငြာပါလာသည်။ လက်ကမ်းကြော်ငြာကို လေ့လာကြည့်ရာ ပထမဆုံးမြန်မာ့ရုပ်ရှင် "မေတ္တာနှင့်သူရာ" ဇာတ်ကား ရုံတင်ပြသည့်နေ့ကို ၁၉၂၀ခုနှစ်၊ အောက်တိုဘာလ(၁၃)ရက်ဟု သတ်မှတ်ကြသည်။ ထိုနေ့ကို မြန်မာ့ ရုပ်ရှင်နေ့ဟု ဆိုသော်လည်း တစ်ကြိမ်တစ်ခါမျှ အထမ်းအမှတ်ပွဲ ပြုလုပ်ခြင်း မရှိသေးပါ။ ဇာတ်လမ်း၊ ဇာတ်ညွှန်း အခြေခံအဖွဲ့ဝင်များစုပေါင်း၍ ပထမဦးဆုံး မြန်မာ့ရုပ်ရှင်နေ့ ကျင်းပဖို့ တိုင်ပင်ကြသည်။ ဇာတ်ညွှန်းသမားများ စုပေါင်းငွေစု၍ အကောင်အထည်ဖော်ရန် ကြိုးစားသည်။
အမှုဆောင်အဖွဲ့သို့ တင်ပြ ရာ ခွင့်ပြုချက်ရသဖြင့် ဟောပြောမည့်ပုဂ္ဂိုလ်ကို ရွေးချယ်ရသည်။ အားလုံးက ဘဘဦးသုခနှင့် စတင် ဖွင့်လှစ် ဟောပြောရန် သဘောတူကြသည်။ ဆရာကြီးဘဘဦးသုခနှင့် အရင်းနှီးဆုံး ဒါရိုက်တာ ဦးနှင်းမိုး ကိုလည်းကောင်း၊ ရုပ်ရှင်မျက်မှန် ဦးရွှေစွန်ကိုလည်းကောင်း အကူအညီ တောင်းရသည်။ ဇာတ်ညွှန်းအဖွဲ့ သားများက ဘဘဦးသုခကို ဟောပြောပေးဖို့ မေတ္တာရပ်ခံရာ ဆရာက ၀မ်းသာအားရဟောပြောမည်ဟု သဘောတူလိုက်သည်။ ဆရာက တစ်ခုသာ မေးသည်။ မြန်မာ့ရုပ်ရှင်နေ့မှာ ဘာအကြောင်း ဟောပြောစေ ချင်သလဲတဲ့။ သည်အချိန်တွင် ကျွန်တော်တို့အတွက် ပြောစရာ တစ်ခုရှိလာသည်။ ဇာတ်ညွှန်းကို မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု တစ်ခုအဖြစ် သတ်မှတ် ထားသော်လည်း မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရာတွင် ဇာတ်ညွှန်း ဆုပါမလာသေးပါ။ ဇာတ်ညွှန်း ဆရာ ဆိုတာ ဘာဆိုသည့် သတ်မှတ်ချက်စံလိုနေပုံရသည်။
ကျွန်တော်တို့က ဘဘဦးသုခကို အကျိုးအကြောင်း ပြောပြသည်။ "ကျွန်တော်တို့ ဇာတ်ညွှန်းကို ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ဖို့ သတ်မှတ်ထားပေမယ့် ထူးချွန်ဆုပေးပွဲမှာ ဇာတ်ညွှန်းဆုက ပါမလာသေးဘူးဆရာ၊ အဲဒါကြောင့် ဇာတ်ညွှန်း အကြောင်း ဟောပြောပေးဖို့ မေတ္တာရပ်ခံပါတယ်" ဟု ပြောရာ ဘဘဦးသုခက ဖြေးဖြေးချင်း ခေါင်းညိတ်ပြပါ သည်။
၂.၁.၉၆နေ့က ပထမဦးဆုံး မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ် ဟောပြောပွဲကျင်းပရာ ရုပ်ရှင် လောကသား တွေ စုံလှသည်။ အေ၀မ်းဦးတင်မောင်၊ ဦးညွန့်ဝင်း၊ ဦးကြီးမြင့်၊ ဦးအောင်မြင့်မြတ်၊ ဦးလင်းအောင်၊ ဦးသန်းဝင်း၊ ဦးပြည့်စုံ၊ ဒေါ်ခင်ယုမေ၊ ဖျာပုံမယ် ဒေါ်တင်တင်အေး၊ ဦးသုမောင် စသဖြင့် စိတ်ဝင်တစား တွေ့ကြ ရသည်။ ဘဘဦးသုခ ရောက်လာလျှင် ဇာတ်ညွှန်းအဖွဲ့သားများနှင့် အားလုံးက ၀ိုင်းဝန်း ကြိုဆိုသည်။
စာရေးဆရာ မောင်ရွှေစွန် က ဘဘဦးသုခဘေးမှာ အစစအရာရာ ပြုစုသည် ဆရာဦးနှင်းမိုး လိုအပ်သမျှ ၀ိုင်းဝန်းပံ့ပိုး သည်။ ထိုသို့ဖြင့် ပထမဦးဆုံး မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ် ဟောပြောပွဲ (၂.၁၁.၉၆)နေ့၌ ဆရာကြီး ဘဘဦးသုခ ဟောပြောခဲ့သည်။ ဆရာဟောပြောသည့် အကြောင်းအရာမှာ ကျွန်တော်တို့ ဇာတ်ညွှန်း အဖွဲ့ တောင်းဆိုသော ဇာတ်ညွှန်းအကြောင်း ဖြစ်သည်။ ဟောပြောပွဲပြီးလျှင် ဇာတ်ညွှန်း အဖွဲ့သား များက စင်ပေါ်မှာပင် ကန်တော့ပစ္စည်းများနှင့် ဘဘဦးသုခကို ကန်တော့ကြသည်။ ဆရာက ထုံးစံ အတိုင်း လက္ခံ ရယူပြီးလျှင် ဆုပေးသည်။ မေတ္တာပို့သည်။
ကျွန်တော် ဘဘဦးသုခနှင့် အကြိမ်များစွာ တွေ့ဆုံ ဖြစ်သည်။ တွေ့ဆုံတိုင်း ကျွန်တော့်ရင်မှာ အေးမြ၍ စိတ်ချမ်းသာ လှသည်။ ဘဘထံတွင် ကျွန်တော် သင်ယူစရာတွေ များစွာ ရှိနေသည်။ ဘဘထံတွင် ကျွန်တော် သင်ယူစရာတွေ များစွာ ရှိသည်။ ဘဘဦးသုခနှင့် တွေ့တိုင်း ပြုမူပြောဆိုနေထိုင်ပုံများက ကျွန်တော့် ကို ပညာများစွာ ရစေသည်။ ဘဘဦးသုခ၏ ဆိုဆုံးမစကားများမှာ ကျွန်တော့်နှလုံးသားတွင် ထာဝစဉ် ရှိနေပါသည်။
အေးကြူလေး (၂၀.၈.၀၉)
ဆက်ရန်
.
No comments:
Post a Comment