ဂုဏ်ရောင်ပြောင်တဲ့ တေးတစ်ပုဒ်
မောင်သာပို
ဒီနေ့
နံနက် လင်းအာရုံဦးမှာပဲ ဆရာကြီး ဦးသုခကိုယ်တိုင် သီဆိုသွားတဲ့ ဘ၀သံသရာ
သီချင်းကို ရပ်ကွက် ဓမ္မာရုံ အသံချဲ့စက်က ဖွင့်နေလို့ ကြားမိလိုက်သေးတယ်။
ကျွန်တော်ကလဲ ဒီလို ဂန္ဓ၀င် တေးသီချင်းများကို ကြိုက်နှစ်သက်တာကြောင့်
သီချင်းထဲကစာသားများကို တစ်ခုချင်း လိုက်မှတ်နေမိတယ်။ အဲဒီလို လိုက် မှတ်ရာ
မှာ သီချင်းစာသားထဲက စကားလုံးတိုင်း စကားလုံး တိုင်းဟာ ဓမ္မတရားတွေနဲ့
ဝါကျတွေ ဖြစ်နေတာ တွေ့ရပြီး တေးသံရှင် ဆရာကြီးဦးသုခရဲ့ အသံ ကလဲ ကရုဏာရသတွေ
အပြည့်နဲ့ သီဆိုထားတာကြောင့် ကျွန်တော့် ရင်ထဲ မှာ ဆို့နင်ဝေဒနာနဲ့ ခံစား
ရပါတယ်။
ဆရာကြီး ဦးသုခရဲ့ ကရုဏာရသနဲ့ သီဆိုနေတာဟာ
လူတစ်ဦးတစ်ယောက်အတွက် ခံစားဖို့ မဟုတ်ဘဲ တစ် သံသရာ လုံး အ၀ိဇ္ဇာဖုံးပြီး
ကရွတ်ကင်းလျောက် သံသရာက မလွတ်မြောက် နိုင် ဖြစ်နေကြတဲ့ သတ္တ၀ါ အားလုံး ကို
ရည်ညွှန်းသီဆို ထားတာမို့ ကျွန်တော်ပိုပြီး ရင်နင့်အောင် ခံစားနေမိတာ
ဖြစ်ပါတယ်။ ဒီသီချင်းထဲက ၀ါကျတွေကို ဆရာကြီးဦးသုခက သတ္တ၀ါတွေအတွက်
ဝမ်းနည်းကြေကွဲသံကြီးနဲ့ "ဘယ်ဟာ မတည်မြဲ ဖောက်လွဲဖောက်ပြန်အကြောင်း
ကံကမ္မသကာ" ဆိုတဲ့ ၀ါကျဟာ အ၀ိဇ္ဇာတမိသလ္လာဖုံးအုပ်ပြီး မမြင်မကန်း
လျောက်လှမ်းနေကြရတဲ့ သတ္တ၀ါ အားလုံးရဲ့ ဘ၀များကို ယူကြုံးမရ
ပြောပြနေတာမျိုးမို့ ကျွန်တော်ပိုပြီးတော့ ဆို့နင့်အောင် ခံစားမိ တာ
ဖြစ်ပါတယ်။
ပြီးတော့ သင်္ခါရ ဓမ္မတရားကြီးနဲ့အတူ
ဒီသံသရာကြီးထဲမှာ တစ်ဘ၀ပြီးတစ်ဘ၀ ပြီးဆုံး တယ်ရယ်လို့ မရှိပဲ တ၀ဲ လည်လည်
ဝေဒနာ တဏှာ ဥပါဒါန်ကွင်းဆက်တွေကြောင့် တွေ့ဟယ် ဆုံဟယ် ကြုံဟယ်၊
ကွဲဟယ်တွေနဲ့ တစ်ခရီး ထဲ ၀မ်းနည်းဝမ်းသာ သွားလာနေကြရတဲ့ သတ္တ၀ါတွေ အဖို့ရော
မိမိအဖို့ပါ ယူကြုံးမရ ဖြစ်ရပြီး ကျွန်တော် ကိုယ်တိုင်
ဝမ်းနည်းပက်လက်ခံစားလိုက်ရပါ တယ်။
အဲဒီလိုနဲ့
အ၀ိဇ္ဇာတဏှာဥပါဒန်တွေ ဖုံးလွှမ်းပြီး ဒီသံသရာကြီးထဲက မလွတ်မြောက်နိုင်လို့
ဝမ်းနည်းပက်လက် ဖြစ်နေရတဲ့အထဲမှာ အ၀ိဇ္ဇာဖုံးလွှမ်းပြီး စုံလုံးကန်းနေတဲ့
အရပ်ထဲက လူတစ်ယောက် မီးရထားတိုက်လို့ဆိုတဲ့ အမင်္ဂလာ သတင်းဆိုးတစ်ခုကို
စောစောစီးစီး နံနက် အိပ်ယာထမှာ ကြားလိုက်ရပါတယ်။ ဒီသတင်းဆိုးကို
ကြားမိလိုက်သူတိုင်း သတ္တ၀ါတို့ရဲ့ သဘာဝတ္တရားအရ အသိစိတ်တွေထဲမှာ
နောက်ကျိထုံထိုင်းပြီး အုံ့မှိုင်း ရီဝေ သွားစေနိုင်သလို ကျွန်တော့်
အသိစိတ်ထဲမှာလည်း ထိုနည်းလည်းကောင်း ဖြစ်သွားပါတော့တယ်။ ဒါကြောင့်
ကျွန်တော်လည်း ထုံထုံထိုင်းထိုင်း မှိုင်းမှိုင်းရီရီ မကြည်မသာ
မျက်နှာနဲ့ပေါ့။ ရပ်ကွက်ထဲက သူသူ ငါငါ လူတွေလို မီးရထားသံလမ်းဘက်ဆီ
ထွက်ခဲ့ပြီး ဘယ်ရယ်လို့ ဦးတည်ချက်မရှိပဲ ခုတ်မောင်းနေ တဲ့
မီးရထားကြီးပေါ်တွင် တွဲပြောင်းစီးသလို ဘ၀တစ်ခုပြောင်းသွားတဲ့ လူတစ်ယောက်ရဲ့
ရုပ်အလောင်းရှိရာဆီကို ကျွန်တော် ရောက် သွား ပါတော့တယ်။
အခု
ဒီမီးရထားတိုက်လို့ သေဆုံးသွားသူရဲ့အကြောင်းကို တစ်ရပ်ကွက်လုံးက လူအများ
သိထားကြသလို ကျွန်တော် ကလည်း အတော်အသင့်သိထား ကြားထားသူမို့ ဒီလူ့အတွက်
ပိုပြီး စိတ်မကောင်း ဖြစ်မိသွား ပါတယ်။ စိတ်မကောင်း ဖြစ်မိသွားတာက
လူကငယ်ပါသေးတယ်။ ငယ်ဆို လူက အခုမှ အသက်(၃၀)ကျော် လေးပဲ ရှိပါသေးတယ်။
သန်တုန်းမြန်တုန်း လုပ်နိုင်ကိုင်နိုင် အရွယ်ကောင်းတုန်းလေးပေါ့နော်။
ဒီအရွယ်ဟာ လူ့လောက ကောင်းကျိုး ချမ်းသာဟူသမျှ အကုန် လုပ်နိုင်တဲ့အရွယ်မို့
တကယ်နှမျောစရာ ကောင်းပါတယ်။ ဒါပေမယ့် သူကဒီလို မဟုတ်ရှာဘူး။ လူ့လောကမှာ
ကောင်းကောင်းနေပြီး ကောင်းတဲ့ အလုပ်လုပ်သူ မဟုတ် လို့။ လူတွေက သူ့ကို
ဘယ်သူ့မှ မသနားကြဘူး။ မသနားတြ့ပင် "သေသွားလဲ တစ်တောရှင်းတာပဲ" လို့တောင်
ပြောနေ ကြသေးတယ်။
မှန်ပါတယ်။ သူကလဲ ကြည့်ဦး။ လူတစ်ယောက်
ဖြစ်ပြီး လူလို အသိတရား မရှိရှာတဲ့ လူဆိုတော့ သူ့ကို အင်မတန်
ကြောက်မက်ဘွယ်ရာ သတ္တ၀ါတစ်ကောင်လို သဘောထားပြီး ဝေးဝေးက
ရှောင်ကြဉ်နေကြပါတယ်။ သူကလဲ သူ့ အကြောင်းအတရားတွေနဲ့ သူရှိနေတဲ့ လူကိုး။
သူကလဲကြည့်လေ။
မိခင်မုဆိုးမကြီးနဲ့ အတူနေပြီး မအေကြီးရဲ့ လုပ်စာကို ထိုင်စားရင်း
အရက်"ဂျိုး" စွဲနေသူဆိုတော့ လူတွေက သူ့ကို ဘယ်မှာ ကရုဏာသက်ကြပါ့မတုန်း။
ဒါကြောင့် သူအခုလို အသေမကောင်းတာနဲ့ သေတာကို မသနားတဲ့အပြင်
ဝမ်းတောင်သာနေကြသေးတာပေါ့ လေ။ ၀မ်းသာတာလဲ မပြောနဲ့ သူ့ရဲ့
အကုသိုလ်အားတွေကိုလဲ ကြည့်ဦး။
ဒီလူက မအေကြီးရဲ့
လုပ်စာကို ထိုင်စားပြီး မအေကြီးကို အချိန်ရှိသမျှ မျက်နှာချင်းဆိုင်ဆုံ
မိတိုင်း "ဂျီ" ကန် နေတဲ့ လူရယ်။ မအေကြီးကို ဘယ်အထိ "ဂျီ" ကန်သလဲဆိုရင်
မအေကြီးက သူအရက် သောက်ဖို့ တစ်နေ့ကို အရက်ဖိုးငွေ(၃၀၀) ပေးရတယ်။ မပေးရင်
မအေးကြီးကို "ဘာမကြီး ညာမကြီးနဲ့" ဆဲရေးတိုင်းတာတော့တာပဲ။ ပြီးတော့ အနားမှာ
တွေ့တဲ့ ပန်းကန် ခွက်ယောက်များကို ကိုင်ပေါက် ရိုက်ခွဲလေ့ ရှိတယ်။
ဒါတင်ဘယ်ဟုတ်ဦးမှာလဲ။ တစ်ခါတစ်လေ မအေကြီးကို ဆောင့်တွန်းပစ်တာတို့။
ကပ်ရှောင်ပြီး ကိုယ်စောင်း တိုက်ပစ်တာ တို့လဲ ရှိပါသေးတယ်။
အဲဒီလိုအခါမျိုးမှာ မအေကြီးက လူကြားမှာစိုးလို့ တိုးတိုးတိတ်တိတ်
ချော့မော့ပြီး သူတောင်းတဲ့ အရက်ဖိုးကို ဖြစ်အေင် ရှာပေးရရှာတယ်ပေါ့လေ။
အဲဒီလိုပေးလိုက်တော့မှ သူ သောက်နေကြ အရက်ဆိုင်ရှိရာ သွားပြီး တစ်နေကုန်
အိမ်မပြန်ပဲ သောက်တာပါ။ ဒီလိုမျိုး လုပ်ပုံတွေဟာ တစ်ခါ နှစ်ခါ တစ်ရက်
နှစ်ရက် မဟုတ်သလို တစ်လတနှစ်လဲ မဟုတ်ပါဘူး။ နှစ်ရှည်လများ ဖြစ်နေပါပြီ။
မအေကြီးက
အသက်ခြောက်ဆယ်ကျော်နေပေမယ့် အခုထက်ထိ ဈေးဗန်း ခေါင်းပေါ်က
မချရရှာသေးပါဘူး။ မအေကြီးက မနက်မိုးမလင်းခင်ကတည်းက ကိုင်းတန်းဈေးသွားပြီး
ကုန်ဝယ် ရရှာတယ်။ သူ့ ရောင်းကုန်လေး တွေ ဟာ ဈေးဝေးတဲ့
ဆင်ခြေဖုံးရပ်ကွက်ကလေးတွေက လူတွေ စားသုံးနိုင်တဲ့
ဟင်းသီးဟင်းရွက်ကလေးမျာနဲ့ အမဲသားအတိုအစ အရိအရွဲများ ပေါ့လေ။ ဒါတွေကို
ဈေးပေါင်ကျိုးဈေးနဲ့ ၀ယ်ပြီး ဆင်ခြေဖုံး ရပ်ကွက် ကလေး တွေဆီ သွားရောက်
လှည့်လည်ရောင်းရ ရှာတာပါ။
အဲဒီလို ဈေးက ပြန်လာပြီး
အရောင်းထွက်ဖို့ ဈေးဗန်းပြင်ရင်း သားအမိနှစ်ယောက်စာ ထမင်းအိုးလေး တစ်လုံး
ကို ပျာရိပျာယာ တည်လိုက်ရသေးတယ်။ မအေကြီးက ဒီလိုအရွယ်နဲ့ မမျှ အောင်
ဘ၀ရုန်းကန်ရေးအတွက် နေ့စဉ် ရက်ဆက် ဆိုသလို လုပ်ရရှာပါတယ်။ အဲဒီလို
လုပ်နေစဉ် မှာ သားဖြစ်သူ အရက်သမားက အရက်နာ ကျပြီး အိပ်တုန်းပေါ့နော်။
မအေကြီးက
သူ့ဈေးဗန်းကို မြင်ရုံနဲ့ သူ့ဖောက်သည်များ မ၀ယ်ပဲမနေနိုင်အောင် ပြင်ဆင်ပါ
တယ်။ ပြီးတော့ ကပျာ ကယာ ရေမိုးချိုးပြီး ထမင်းလေးတစ်လုပ်တစ်ဆုပ် စားပါတယ်။
အားလုံး ကိစ္စ၀ိစ္စပြီးမှ သူ့သား အရက် သမား စားဖို့ ထမင်းဟင်းများ
ခူးခပ်ထားခဲ့ပြီး ဈေးရောင်းထွက်ရရှာတာ ပါ။ ဒါကို နေ့စဉ်နေ့တိုင်း မြင်တွေ့
နေကြရတဲ့ ရပ်ကွက်ထဲက လူတွေအဖို့ ရိုးနေပြီမို့ ဘယ်သူမှ အထူးအဆန်းသဖွယ်
မမြင်ကြတော့ပါဘူး၊ ပြီးတော့ ကိုယ့်အလုပ် နဲ့ ကိုယ် လာလာသွားသွား စားစား
ရှာရှာတွေဆိုတော့ ရပ်ကွက်ထဲမှာ သူတို့ သားအမိ ရှိနေ မှန်းတောင် မသိကြပါဘူး။
ဒါပေမယ့်ပေါ့နော်။
ဒီနေ့မနက်မှာတော့ တိရိစ္ဆာန်တစ်ကောင်လောက်တောင် အသိမရှိသူ တစ်ယောက် မီးရထား
တိုက်သွားလို့ဆိုတဲ့ သတင်းကြောင့် ရပ်ကွက်ထဲက လူတွေ မီးရထား လမ်းဘက်
ထွက်ပြေး ကြည့်ကြ တယ်။ ကျွန်တော်လဲ ရပ်ကွက်ထဲက လူတွေနဲ့အတူ လိုက်ပါ
ကြည့်ဖြစ်သွားတယ်။ မြင်ရတဲ့ မြင်ကွင်းကတော့ မီးရထား တိုက်သွားတာဆိုတော့
ဘယ်မှာ လှပတဲ့ မြင်ကွင်း ဖြစ်နိုင်မှာလဲ။ အနိဋ္ဌာရုံမြင်ကွင်းပီပီ
စိတ်မချမ်းမြေ့ စရာ မြင်ကွင်းပေါ့နော်။ ဒီအထဲမှာ မိခင် မေတ္တာနဲ့
မတန်နဲ့သားဆိုး တစ်ယောက်။ ဒါမှမဟုတ် လူတစ်ယောက်ရဲ့ မလှမပ ဇာတ်သိမ်း သွားပုံ
ကို ကြောက်ခမန်းလိလိ မြင်တွေ့လိုက်ရတဲ့ လူတွေဟာ မအေကြီးကို ကြည့်ပြီး သနား
ကရုဏာ သက်နေကြတာကလဲ ဒီမြင်ကွင်းကို တုန်လှုပ်သွားစေပါတယ်။
ဒီမြင်ကွင်းကို
ဒီထက်ပိုပြီး တုန်လှုပ်သွားစေတာကတော့ သားရဲ့အလောင်းကို ပွေ့ဖက်ပြီး
"ငါ့သားကို အမေ ခွင့်လွှတ် ပါတယ်ကွယ်" ဆိုတဲ့ မိခင်တစ်ယောက်ရဲ့
မေတ္တာတရားအပြည့်နဲ့ ၀ါကျ တစ်ခုပါပဲ။ ဒီဝါကျဟာ လောက အတွက်
ဂုဏ်ရောင်ပြောင်တဲ့ တေးတစ်ပုဒ် ဖြစ်သွားပါတော့တယ်။
မောင်သာပို
ဆရာဦးသုခနှင့် ပတ်သက်၍ ဒေါ်ကလျာ
ကျွန်မ၏
ဇာတိမြေ ဖျာပုံမြို့မှ ရန်ကုန်သို့ အကြိမ်ပေါင်း မရေတွက်နိုင်အောင် ဧရာဝတီ
သင်္ဘောဖြင့် သွားလာဖူး ပါသည်။ ဤသို့ သွားလေပြန်လေတိုင်း သင်္ဘောက
ကျိုက်လတ်မြို့မှာ နာရီဝက် တစ်နာရီနီးပါး ဆိုက်ကပ်လေ့ ရှိပါ၏။ သင်္ဘောပေါ်မှာ
ပါသမျှ ကုန်များကို ကျိုက်လတ်ဆ ဆိပ်ကမ်းမှာ ကုန်တင်ကုန်ချ လုပ်လေ့ရှိပါ၍
ရပ်နား ချိန် ပုံမှန်မရှိပါ။ ကုန်အတွက် တန်ဆာခ ဘယ်လောက်ပေးရမှန်း
မသိသော်လည်း သင်္ဘောစီးခမှာ ရေမိုင် တစ်မိုင် လျှင် ၁ဲ(တစ်ပဲ)နှုန်းပေးရ
ကြောင်း မှတ်သားရဖူးပါသည်။ ဖျာပုံနှင့် ရန်ကုန်မှာ ၆၄မိုင် ဝေးပါ၍ သင်္ဘောခ
၎ကျပ် ဖြစ်ပါသည်။ (၁၆ပဲလျှင်တစ်ကျပ်)
ကျိုက်လတ်နှင့် ဖျာပုံမှာ ၁၆မိုင်ဝေး၍ သင်္ဘောခ ၁ကျပ် ပေးရသည်။ ထိုတစ်ကျပ်တန် ခရီးလေးကို အသွား အပြန် အမြဲကြုံကြိုက်နေပါ၍ ...
"ဒါ နာမည်ကျော်စာရေးဆရာကြီး ... ဒါရိုက်တာ ... ဦးသုခ၏မြို့" ဟူ၍ ရံဖန်ရံခါ ကျွန်မ သတိတရ ရှိနေတတ် ပါသည်။
ဆရာဦးသုခကို မမြင်ဘူးခဲ့ပါ။
နောက်ပိုင်း
... ကျွန်မ အိမ်ထောင်ကျခါစအချိန်မှာ စတင်၍ နီးကပ်စွာ မြင်ခွင့်ရခဲ့သည်။
ဆရာသော်တာဆွေ ကျွန်မ တို့ အကြောင်း၊ မကြာခဏ ထည့်ရေးဖူးသော
ချော်တွင်းကုန်းမှ ရွာတန်း ရှည်ရွာတွင် ကြမ်းခင်းသွပ်မိုး ၀ါးထရံကာ
လုံးချင်းအိမ်လေးမှာ ကျွန်မတို့ အိမ်ထောင်ဦးကာလက နေခဲ့ဖူးပါသည်။
ထိုအိမ်လေးမှာ ဆရာ သော်တာဆွေ နှင့် မေတို့ အိမ်နှင့် မျက်နှာချင်းဆိုင်
ဖြစ်ပြီး ခြံလေးဝင်လေးနှင့်ပါ အိမ်လခက တစ်လ ငါးဆယ်ကျပ် ...
တစ်နေ့သောအခါမှာ ... ဆရာသော်တာဆွေကို အကြောင်းပြု၍ ရုပ်ရှင်အဖွဲ့လာရောက်၍
ရုပ်ရှင် ရိုက်မည် ဟု သိရ၍ ကျွန်မတို့လည်း စိတ်စောစွာ
စောင့်မျှော်နေမိပါ၏။
ထိုနေ့ နံနက်က ရောက်လာသော စက်အဖွဲ့
ကင်မရာအဖွဲ့သားများမှာ လူနှစ်ဆယ် အစိတ်လောက် ရှိနိုင်ပါသည်။ အားလုံး
ဆရာသော်တာဆွေတို့အိမ်မှာ စတည်ချကြသည်။
မင်းသမီး က အဲသည့်အချိန်မှာ လျှမ်းလျှမ်းတောက် ကျော်ကြားနေသော ကြည်ကြည်ဌေး ...
ထိုနေ့
ရိုက်ကွင်းမှာ မင်းသား မပါပါ ... ကြည်ကြည်ဌေး၏ ခင်ပွန်း ဦးအောင်သိန်း
(ဟုထင် ပါသည်) နှင့်အဖွဲ့ ဆရာသော်တာဆွေ တို့ အိမ်မှာ ဖဲဝိုင်းဖွဲ့ပြီး
ဖဲကစားနေကြသည်။ သူ့ဇနီး ကြည်ကြည်ဌေး ရိုက်ကွင်းအားလုံးကို လိုက်သည်။
အနုပညာကြေး ကိုလည်း သူ့ကိုပဲ ပေးရသည်ဟု သိရပါ၏။
ရွာတန်းရှည် ဟူသည့် အတိုင်း တကယ့်တောရွာကလေးပါပဲ (ယခု ချော်တွင်းကုန်းမှ တိုက်ကြီးများ ဖြစ်နေပါ ပြီ)
ထိုနေ့က
ရိုက်မည့် ဇာတ်လမ်း၏ ဇာတ်ဝင်ခန်းမှာ ကြည်ကြည်ဌေးက ကြိမ်လုံးလေးကိုင် ပြီး
ဝှေ့ယမ်း၍ ... ခုန်ဆွ ခုန်ဆွ လုပ်ရင်း မြူးမြူးကြွကြွလေးလာမည် ... နောက်မှ
နွားလှည်းကြီး ကိုလည်း တစ်ယောက်က မောင်းပြီး ရွာထဲဝင်လာသည့်အခန်း ဖြစ်ပါ၏။
ရုပ်ရှင်ကား၏အမည်က လှည်းကြိုးနှင့်နသိုး (ဟုထင်ပါသည် မသေချာပါ)
အဲသည့်ကားမှာ စီစဉ်ညွှန်ကြားသူက ဒါရိုက်တာ ဦးသုခ တစ်ချိန်လုံး မရပ်မနားဘဲ
လှည်းနားသွားလိုက် ပြန်လျှောက် လာပြီး ကင်မရာကို ကြည့်လိုက်
ကိုယ်ကိုစောင်းကြည့် ခေါင်းကို ငဲ့ကြည့်နှင့် လုပ်ပြီးမှ အချက်ပြ လိုက်ရာ
မင်းသမီးက အမူအရာစလုပ်သည် ကင်မရာမင်းက စရိုက်နေချိန်မှာ
"ဟိုး"
ဆရာက လက်ကာပြပြီး ... ထပ်လုပ်ခိုင်းသည်။ ကြည်ကြည်ဌေး ထပ်လုပ်သည် ... မကြိုက်ပြန်
"ရပ်"
သုံးကြိမ်မြောက်လုပ်ပြီးချိန်မှာ ဆရာက ဒေါသနှင့် ခပ်ကဆတ်ဆတ် လျှောက်သွားပြီး ကြည်ကြည်ဌေးကို တင်းတင်းမာမာ ကြည့်၍
"တောက် ... အသုံးမကျတဲ့ကောင်မ"
မင်းသမီးအနီးမှာ ရှိနေသော ကျွန်မပင် လန့်ဖြန့်သွားသည် ဆရာက ဆက်၍
"မြူးပျော်ရမယ့်အခန်းမှာ နင်က ခုန်ရုံခုန်လာပြီး မျက်နှာက တစ်ချက်မှ မပြုံးဘူး အသက်မပါဘူး ... ပြန်လုပ်"
နောက်ဆုံး စကား "ပြန်လုပ်" ဆိုသော နှစ်ခွန်းကို အော်ထည့်လိုက်၍ ကျွန်မတို့ပါ ကြောက်လန့်စွာ နောက်ဆုတ် လိုက်မိကြသည်။
ကြည်ကြည်ဌေး မျက်ရည်ပေါက်ပေါက်ကျ၏။
သူ့ခမြာ
မျက်ရည်အမြန်သုတ်ပြီး ပြန်လုပ်ရသည် ... ပြုံးရွှင်ပျော်မြူးသည့် အမူအရာသို့
ချက်ချင်း ပြောင်းရ ရှာသည် ဒါကိုပင် အစမ်းလုပ်ပြပြီး ဆရာ့စိတ်ကြိုက်ရမှ
က်ငမရာများ ထပ်ချိန် ပြီး တကယ်ရိုက်ကြရတော့သည် ...
တစ်ဖွဲ့သားလုံး
ဒါရိုက်တာကို ဖိန့်ဖိန့်တုန် ကြောက်ကြရသည်။ သူ့အနုပညာကို တစ်ချက်ကလေးမှ
အတိမ်း အစောင်းမခံ၊ ဘယ်သူ့ကိုမှ ဂရုမစိုက် လိုချင်သည့်စံ ပြည့်မှီမှ
လက်လွှတ်သည့် အနုပညာရှင်ကြီးပါလား ...
ဒါကြောင့်သာ
အကယ်ဒမီခြောက်ဆုရှင် ဒါရိုက်တာကြီး ဦးသုခအဖြစ် မြန်မာ့ရုပ်ရှင် သမိုင်းမှာ
ဘယ်သော အခါ မှ မကွယ်ပျောက်အောင် မှတ်တမ်းတင်ခြင်းခံရသည့်
ပုဂ္ဂိုလ်ကြီးပါပင်။
ဒုတိယအကြိမ် ဆရာဦးသုခကို တွေ့ဆုံဖို့
ဖြစ်လာသည်မှာ ၁၉၈၄ခု အောက်တိုဘာလ လောက်မှာ ကလျာ မဂ္ဂဇင်း ထုတ်ဝေခွင့်
ရရှိခဲ့ပါသည်။ ဒီနောက်ပိုင်းမှာ ဆရာ့အိမ်ရှိရာ ပါရမီလ်းသို့ ကျွန်မတို့
သွားရောက်ပြီး စာမူ တောင်းချိန်မှာ ကျွန်မက ...
"ဆရာ့လို စာရေးဆရာနဲ့ စာမူတွေ ထည့်ခွင့်ရရင် စာဖတ်သူတွေအတွက် အကျိုးပြုနိုင်မှာ မို့ပါဆရာ တောင်းရတာ အားတော့နာပါတယ်"
"အားမနာနဲ့လေ ကျွန်တော်တို့မှာ ၀တ္တရား ရှိပါတယ် ရေးကို ရေးရမယ်"
ဝမ်းသာအားရှိရုံမက ကျေးဇူးအထပ်ထပ် တင်မိပါသည်။ "ကလျာ" ဆိုသော အဓိပ္ပာယ်ကို
ဖွင့်ဆိုသည့် ဆောင်းပါး နှင့် အခြားဆောင်းပါးများ ဖော်ပြခွင့်
ရရှိခဲ့ပါသည်။
ဆရာ့နှင့် တတိယဆုံဆည်းခွင့် ရရှိသည်က
နာရေးကူညီမှုအသင်း စတင်ဖွဲ့စည်းစဉ်က ကျွန်မလည်း ပါရှိ၍ ဆရာ့ အိမ်မှာပင်
မကြာခဏ ဆုံခွင့်ရပြီး ထိုအချိန်က ဆရာ ဦးအောင်သင်း၊ ဦးရဲမြင့်၊
ဦးမြင့်ဆွေတို့လည်း ပါဝင် ခဲ့ကြသည်။ ထို့နောက် သန်းမြင့်အောင်တို့ပါ
ဆရာဦးသုခအိမ်မှာ ဆုံဆည်းခွင့် ဆရာ့ကို ကန်တော့ခွင့် ရရှိခဲ့ ပါသည်။
ဆရာနှင့် ဆုံဆည်းခွင့် စတုတ္ထအကြိမ် ကံကောင်းစွာ ရရှိခဲ့ပြန်ပါသည်။
မောင်နှမအရင်းလို ခင်မင်ခဲ့ကြသော မန္တလေးမှ ဦးဖုန်းမြင့်အောင် ကျွန်မအိမ်သို့ ရောက်လာပြီး
"ပြာသိုလပြည့်
အမေနေ့ ဟောပြောပွဲ မန္တလေးကို လာဖို့ မမ၀င်းကို လာဖိတ်တာပါ၊ ဘဘဦးသုခနဲ့
ဆရာ ဦးအံ့မောင် (မုံရွာ) တို့နှင့်အတူ ဟောပြောရမှာပါ"
"အမယ်လေး
တော်စမ်းပါ ရိုးရိုးစာပေဟောပြောပွဲတောင် ဟောပြောလေ့ မရှိတာ၊ မဟောတတ်တာ
ဒီဆရာကြီး တွေနဲ့ ဒီလို ဟောပြောပွဲမျိုးမှာ ကျမ လိုလူကို ထည့်စဉ်းစားတာများ
အံ့ပါရဲ့ ... တခြားတစ်ယောက် သာ ရှာပါ" ဟု အပြီးအပိုင်
အပြတ်ငြင်းဆန်ခဲ့ပါသည်။
ဒါကို လူလည် ဦးဖုန်းမြင့်အောင်က
ကျွန်မနှင့်အတူ ထိုင်နေရာက သူဖုန်းထဆက်ပါသည်။ ဘယ်သူ့ဆီ ဆက်မှန်း မသိပါ။
သူနှင့်ခဏကြာ စကားပြောပြီးနောက်မှ ... သူကဖုန်းခွက်ကို ကိုင်လျက် ကျွန်မကို
လှမ်းကြည့်ပြီး
"မမ၀င်း ခဏဒီမှာ အမေနဲ့ ပြောလိုက်ပါဦး"
မြတ်စွာဘုရား မန္တလေးက ဒေါ်ဒေါ် ဒေါ်အမာနဲ့ ပြောရမှာ ဆိုပါလား ...
"ဟုတ်ကဲ့ ဒေါ်ဒေါ် ပြောပါ"
"ဟောပြောဖို့ ငြင်းနေတယ်ဆို"
"ဟုတ်တယ် ဒေါ်ဒေါ်ရဲ့ ကျွန်မမှ မပြောတတ်တာ"
"ကိုယ် က မိခင်တစ်ယောက်ပဲ မပြောတတ်စရာ မရှိပါဘူး လာသာလာခဲ့ပါ မန္တလေး ပရိသတ်က ငြိမ် ပါတယ်"
"ဒေါ်ဒေါ်ရယ် ဘယ်ဖြစ်ပါ့မလဲ"
"ဖြစ်ပါတယ် ... လာခဲ့ပါ"
ချစ်လှစွာသော
ကျေးဇူးရှင် ဒေါ်ဒေါ့်ကို ထပ်မငြင်းရဲချိန်မှာ ဒေါ်ဒေါ့်ဘက်က ဖုန်းချသွားခဲ့
ပါပြီ ဦးဖုန်းမြင့်အောင် က ပြုံးစိစိနှင့် ကျွန်မကို ကြည့်နေပုံက
"ကဲခုတော့ ဘာတတ်နိုင်သေးလဲ" ဆိုသည့် သဘော ...
ကျွန်မသူ့ကို အားရပါးရ ထုချစ်ရိုက်ချင်စိတ် ပေါ်လာမိပါတော့သည်။
မဟောပြောတတ်သော ကျွန်မလို ဘာမဟုတ်သည့် မိန်းမက ဆရာကြီး ဦးသုခတို့နှင့်
တစ်စင်တည်း ဟောရမည့် အဖြစ်က ဘယ်လောက်များ တုန်လှုပ်ချောက်ချားစရာ
ကောင်းလိုက်ပါ သလဲ ...
ရက်ပေါင်း နှစ်ဆယ်ကျော်ကြာအောင်
ဟောပြောမည့် စာတွေချရေး အသံသွင်း ပြန်ရစ် ပြန်ဖွင့်နှင့် ကျွန်မမှာ အရူး
မီးဝိုင်း ဖြစ်ခဲ့ရဖူးပါသည်။
မြန်မာပြည်၏ အကြီးမားဆုံးသော
"အမေနေ့" ဟောပြောပွဲဖြစ်၍ ရဟန်းသံဃာတော်များ ကလည်း ရာနှင့်ချီ ပရိသတ်
ကလည်း ထောင်ချီမလား မပြောတတ်ပါ။ အပေါ်ထပ် အောက်ထပ် ခန်းမကြီး
နှစ်ခုလုံးအပြည့် အပြင်ဘက် မှာပါ တီဗွီများထား၍ ကြည့်ရှုနားဆင်ကြရပါသည်။
ဆရာဦးသုခကိုယ်တိုင်ဟောပြောမည်ဆို၍
ပရိသတ်က များမှများ ကျွန်မကြောက်လွန်း လို့ အရင်ဆုံး ပြော ပါရစေဟု
ခွင့်တောင်းရသည်။ ကျွန်မကို အားပေးဖို့သက်သက် လိုက်လာရှာ သော မမစု
(ဒေါ်ခင်နှင်းယု)၏ မန္တလေး သို့ နောက်ဆုံး ခရီးစဉ်လည်း ဖြစ်ပါသည်။
မနည်းအားတင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုသွင်းပြီး မိနစ်လေးဆယ်လောက် အထစ်အငေါ့ မရှိဘဲ ပြောနိုင်ပြီးမှ "ဟင်း" ချရပါသည်။
ထိုပွဲသို့
လာကြသော ဆရာဦးသုခ၊ ဆရာဦးအံ့အောင်၊ မမစုတို့၏ အရိပ်ကိုခိုကာ တည်းခိုခွင့်
အခမဲ့ ညစာ စားပွဲများနှင့် အရီးတောင်းဦးကျော်သိန်းနှင့်
ဒေါ်ကြွယ်ကြွယ်တို့၏ တိုက်မှာလည်း ထမင်းတစ်နပ် စားခဲ့ရပါသေးသည်။ ထိုခရီးမှာ
ဆရာကြီး ဦးသုခနှင့် နေ့စဉ် တွေ့ခွင့် စကားပြောခွင့် အတူနေခွင့် ရခဲ့သော
အဖိုးတန် နောက်ဆုံး ခရီးစဉ်ပဲ ဖြစ်ပါသည်။
သည့်နောက်ပိုင်းမှာဖြင့် ဆုံခွင့်မရတော့ပါ။
ကွယ်လွန်ချိန် ကျမှသာ ရေဝေးသုသာန်သို့ သွားပြီး ရုပ်အလောင်းကို ရိုသေလေးမြတ်စွာ ကန်တော့ခဲ့ရပါသည်။
စာရေးဆရာ
ရုပ်ရှင်ဒါရိုက်တာ ရုပ်ရှင်သရုပ်ဆောင်ဆိုသော စွယ်စုံရ အနုပညာရှင်ကြီးများ
မြန်မာ့သမိုင်းမှာ မပေါ်ထွန်း ခဲ့ဖူးသေးပါ။ နောင်ရာစုနှစ်များစွာ
တိုင်အောင်လည်း ဆရာ ဦးသုခလို အနုပညာရှင်မျိုး ပေါ်ပေါက် လာဖို့
ခဲယဉ်းဦးမည် ထင်ပါသည်။
အလွန် လေးစားချစ်ခင်ကြည်ညိုစရာ ကောင်းလှသော
ဆရာဦးသုခ နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ဤ ဆောင်းပါး ကို ရေးသား၍
ရှိခိုးကန်တော့လိုက်ပါသည်။
ဒေါ်ကလျာ
၂၁-၈-၂၀၀၉
၂၁-၈-၂၀၀၉
No comments:
Post a Comment