Friday, July 8, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၃၂)

" ကိုစော ပြန်ဦးမယ် ခင်လေးရယ်၊ စစ်သားဆိုတာ တာဝန်မယ့် အချိန်လွန်အောင်နေလို့ မဖြစ်သေးဘူး "
မခွဲနိုင် မခွာရက်သောလေသံဖြင့် ကိုစောအောင်က နှုတ်ဆက်လိုက်ပြီးမှ ...
" သြော် ... ခင်လေးတစ်ယောက်ထဲပြန်လို့ မဖြစ်သေးပါဘူး၊ ကိုစောလိုက်ပို့ပေးမယ် "
ဟု ပြောလိုက်သည်။ ခင်ခင်လေးသည် ငြင်းဆန်ခြင်းမပြုဘဲ ကိုစောအောင်နှင့် ရင်ပေါင်းတန်းယှဉ်ကာ ပဲစား ချောင်သို့ ရှေ့ရှုလာနေရာမှ ...
" ကိုစောအောင်ရဲ့ မိဘဇာတိမျိုးရိုးကို ခင်လေးသိပါရစေ၊ ကျေးဇူးရှင် တစ်ယောက်ဖြစ်လို့ နောင်ခါ ကိုစော တို့ ရှိရာ မေးမြန်းလာပြီး ကျေးဇူးတုံ့ပြန်ရမယ့် တာဝန်ရှိနေပါတယ် "
ခင်ခင်လေးက မေးမြန်းလိုက်သည်။

" ကိုမျိုးခိုင်က အစ်ကိုအရင်းလို နေတဲ့လူပါ၊ သူ့ကိုမေးရင် ကိုစောရဲ့ ရာဇ၀င်ကို သိပါလိမ့်မယ် ခင်ခင်လေး၊ ကျေးဇူးစကား ကိုတော့ မပြောစေချင်ဘူး၊ ကိုစောက ကျေးဇူးကို မျှော်ကိုးပြီး ကူညီတာ မဟုတ်ပါဘူး ခင်လေး"
ကိုစောအောင်၏ စကားကို ခင်လေးကများစွာ နှစ်ခြိုက်သွားသည်။ စိတ်ထားမြင့်မြတ်လှသည်ဟု အားကိုး ကြည်ညိုသော သဘောပေါ်လာမိ၏။ အခြားသူများဖြစ်ပါက ကျေးဇူးကို မမေ့ရဘူးနော်၊ ဘယ်လိုနည်းနဲ့ ဆပ်နိုင်မှာလဲ၊ ကျေးဇူးဆပ်ခိုင်းတဲ့အခါကျတော့ ငြင်းမှာလား ဟူသော ရိသဲ့သဲ့ စကားကိုပြောကောင်း ပြော ကြ ပေလိမ့်မည် ဟု ခင်ခင်လေးတွေးမိသည်။
ကျေးဇူးကို မျှော်ကိုးပြီး ကူညီတာ မဟုတ်ပါဘူးဟု ကိုစောအောင်က သူ့အဓိပ္ပာယ်နှင့်သူ ပြောစေကာမူ ခင်ခင်လေးကလည်း သူ့အဓိပ္ပာယ်သူတစ်မျိုးကောက်ကာ ရဲဝံ့စွာ ပြန်မေးလိုက်သည်။
" ဒါဖြင့် ကိုစော ဘာကိုမျှော်ကိုးပြီး ကယ်တာလဲ "
ကိုစောအောင်အဖို့ ရေငတ်တုံး ရေတွင်းထဲ ကျသွားသဖြင့် အလိုက်သင့်ပင် ရေသောက်လိုက်၏။

" ခင်လေးက ကိုစောမြတ်နိုးစွဲလန်း ချစ်ခင်တဲ့ ရုပ်ရည်ရှိသူမို့ ခင်လေးကိုချစ်လို့ ကူညီတာပါ၊ ကျေးဇူးဆပ်တာကို မလိုချင်ဘူး၊ ခင်လေးကချစ်တာကိုပဲ လိုချင်တယ် "
ခငလခင်လေးသည် အကြီးအကျယ် အံ့အားသင့်သွားတော့၏။ လမ်းလျှောက်နေသောခြေလှမ်းပင် ရပ်သွား ကာ ကိုစောအောင်အား အငေးသား ကြည့်နေမိသည်။ ဤမျှလောက် တိုတောင်းသော အချိန်အတွင်းမှာ ဤကဲ့ သို့ မကွယ်ဝှက် သွယ်ဝိုက်ခြင်းမရှိဘဲ ပွင့်ပွင့် လင်းလင်း ပြောလိမ့်မည်ဟု လုံးဝ မမျှော်လင့်မိခဲ့ချေ။

" စိတ်ဆိုးသွားပြီလား ခင်လေး "
ကိုစောအောင်ကပါ ရပ်တန့်ပြီး မေးလိုက်သည်။
" နေဦး ... ခင်လေးမရှင်းတာ မေးပါရစေ၊ ကိုစောမြတ်နိုးစွဲလမ်းချစ်ခင်တဲ့ ရုပ်ရည်ရှိသူမို့ ခင်လေးကို ချစ် တယ်ဆိုတော့ ဒီရုပ်ရည်မျိုးရှိသူ မိန်းမတစ်ယောက်က ကိုစောကို ပိုင်ဆိုင်ခဲ့ဖူးသလားလို့ သိချင်လို့ပါ "
ခင်ခင်လေး၏ အမေးကြောင့် ကိုစောအောင်က ပြုံးလိုက်၏။

" ကိုစော အမှန်အတိုင်းပြောနေတယ်လို့ ခင်လေးယုံကြည်ပါ။ ကိုစော ချစ်သူရည်းစား တစ်ခါမှ မထားခဲ့ဘူး၊ အစ်ကို ကိုမျိုးခိုင်အားလုံး သိပါတယ်၊ ဒါပေမယ့် မယုံနိုင်အောင် ထူးဆန်းတဲ့ သီးသန့်ကမ္ဘာကလေးတစ်ခုမှာ ခင်လေး ကိုတွေ့ခဲ့ဖူးတယ်၊ အဲဒီအချိန်ကစပြီး ခင်လေးကို စွဲလမ်းချစ်ခင်လို့ တစ်ကိုယ်တည်းဘ၀နဲ့ နီးအောင် ဘယ်လို ကြံရမလဲလို့တွေးရင်း အချိန်ကုန်ခဲ့ရာက အခုမမျှော်လင့်ဘဲ ဆုံရတာမို့ မကွယ်မ၀ှက် ဖွင့်ပြောတာ ပဲ၊ ခင်လေး ကိုစော ကို ချစ်နိုင်မလား "
" ဘယ်ကမ္ဘာမှာများ ခင်လေးကို တွေ့ခဲ့ရပါလိမ့်နော် "
ခင်ခင်လေးက စိတ်ဆိုးသံ အလျဉ်းမပါဘဲ ကနွဲ့ကလျ ချစ်စဖွယ်မေးလိုက်၏။

ခင်ခင်လေးသည် ခင်ခင်လေးသာလျှင်ဖြစ်သည်။ နောင်စငဲ့ဘုရင်မ နန့်နောင်းခါရီ မဟုတ်ကြောင်းကိုကား ကိုစောအောင် တွေးမိပြီးဖြစ်၏။
သို့သော် စွဲလမ်းခဲ့သော နန့်နောင်းခါရီကို ဘယ်လိုမှ မျှော်မှန်း၍ မဖြစ်နိုင်သောကြောင့် ရုပ်ရည်ချင်း တူညီ သော ခင်ခင်လေးကို ကိုစောအောင်သည် နန့်နောင်းခါရီ အမှတ်ထားပြီး ချစ်မြတ်နိုးလှ၏။
" အိပ်မက်ထဲမှာပေါ့ ခင်လေးရဲ့၊ ဝေ့လည်လည် မလုပ်ပါနဲ့ ခင်လေးရယ် ... ချစ်နိုင်မယ် ... မချစ်နိုင်ဘူးဆိုတာ တိတိ လင်းလင်း ပြောစမ်းပါ၊ ကိုစောက စစ်သားတစ်ယောက်ပါ ခင်လေး ... အချိန်လဲ မရှိဘူး၊ ခဏခဏလဲ မလာ နိုင် ဘူး၊ တစ်ခါတည်း သိသွားချင်တယ် "
ခင်ခင်လေး၏ အမူအယာ လေသံက ချစ်ဟန်ပေါ်နေသည်ကို အကဲခတ်မိသော ကိုစောအောင်က ရဲရဲပင် မေးလိုက် သည်။

ခင်ခင်လေးက ခပ်ပြုံးပြုံးမျက်နှာဖြင့် ကိုစောအောင်အား မောကြည့်ကာ -
" ခင်လေးက ဟို တောင်ကုန်းစောင်းမှာ အလွယ်တကူလက်ညိုး လက်မကလေးနဲ့ ချိုးဆိတ်ယူရင်ရအောင် ပွင့်နေတဲ့ တောစံပယ်ပန်းကလေးမှ မဟုတ်ဘဲ၊ စဉ်းစားဖို့အချိန် - ဖေဖေနဲ့ တိုင်ပင်ဖို့ အချိန်လဲ ပေးဦးမှာပေါ့ ကိုစော ရဲ့ " ဟု ဖြေကြားလိုက်သည်။
" ခင်လေးဘက်က စဉ်းစားကြည့်ရင်လဲ ဟုတ်တာပေါ့လေ၊ ဘယ်တော့ အဖြေပေးနိုင်မှာလဲ "
" ဖက်ဆစ်တော်လှန်ရေးပြီးလို့ တိုင်းပြည် အေးချမ်းတဲ့အခါမှာ ခင်လေးတို့ ရန်ကုန်ပြန်မယ်၊ အဲဒီအချိန် ကိုစော ခင်လေးတို့ဆီ အရောက်လာမယ်ဆိုရင် တိတိကျကျ အဖြေပေးမယ်လေ၊ ခင်လေးတို့ အိမ်လိပ်စာ ကိုလဲ ပေးခဲ့ပါမယ် "

" ကောင်းပြီ ... ရောက်အောင်လာခဲ့မယ် ခင်လေး၊ ကိုစောအကြောင်းကိုတော့ အစ်ကို ကိုမျိုးခိုင်ကိုပဲ မေး ကြည့်နော် "
ကိုစောအောင်နှင့် ခင်လေးတို့ စကားတပြောပြောနှင့် လာနေသည်ကို ပဲစားချောင်အ၀င် ကျောက်တုံးကြီး တစ်ခု အကွယ်မှာ ဆိတ်ငြိမ်စွာထိုင်ရင်း၊ ကိုစောအောင်နှင့် ခင်ခင်လေးတို့၏ အရိပ်အခြေကို တိတ်တဆိတ် ကြည့်နေသူ ကိုမျိုးခိုင်၏ ရင်တွင်းမှာကား အသည်းနှလုံးတို့ ကြွေပြုန်းတော့မည်သို့ ပြင်းထန်သော စိတ်ဝေဒနာ ကို ခံစားရရှာလေသည်။
*
သမီးရေ လာစမ်းပါကွယ် ... ဖေဖေ ပြောစရာရှိနေတယ် "
ခရေပင်ဘကီး အရိပ်အောက်မှာ နှီးကျောဖျာတစ်ချပ်ခင်းပြီး အေးအေးလူလူထိုင်နေသော ဦးထွန်းသစ်က ခေါ်လိုက်သဖြင့် ခင်ခင်လေးသည် ဇရပ်ပေါ်မှဆင်းလာပြီး ဖခင်အနားမှာ ရိုသေစွာ ထိုင်လိုက်သည်။
" တစ်နေ့ကသမီးနဲ့ မောင်မျိုးခိုင် ပဲစားချောင်အပြင်ဘက်ကို လမ်းလျှောက်သွားရင်း လူဆိုးတွေနဲ့ တွေ့ တယ်ဆို "
ဦးထွန်းသစ် အမေးကြောင့် ခင်ခင်လေးက အံ့အားသင့်သွားသည်။

" ဖေဖေ ဘယ်လိုသိလဲ "
ခင်ခင်လေးသည် ထိုအကြောင်းကို ဖခင်သိကစိတ်မကောင်းဖြစ်မည်စိုး၍ မပြောဘဲနေခဲ့သည်။ ကိုမျိုးခိုင်က လည်း သူ့သတ္တိနည်း၍ ရှက်စဖွယ်ဖြစ်ခဲ့ရသည်ကို လူသိမခံဟု တွေးခဲ့၏။ ဖခင်အား မည်သူပြောမည်နည်းဟု တွေးမိ၏။
" မောင်မျိုးခိုင်က ပြောတယ်သမီး၊ သမီးတို့ကို ကယ်တာ ဖေဖေ့ ကျေးဇူးရှင် ဗိုလ်ကလေးစောအောင်လို့ ပြောတယ် "
" ဟုတ်ပါတယ် ဖေဖေ "
ခင်ခင်လေးက ဖြေလိုက်သည်။

" သမီး ဘာဖြစ်လို့ ဖေဖေ့ကို ဒီအကြောင်း မပြောတာလဲ ... "
ခင်ခင်လေးသည် အနည်းငယ် တွေနေပြီးမှ ...
" ဗိုလ်ကလေး စောအောင်ကကယ်လို့ သမီးလွတ်ခဲ့ရတယ် ဆိုတာ လူသိမှာရှက်လို့ပါ ဖေဖေ "
ဟု မခံချိမခံသာ ပြောလိုက်၏။

" အို ... ဘာရှက်စရာလဲ သမီးရဲ့၊ ဗိုလ်ကလေး စောအောင် အကြောင်း မောင်မျိုးခိုင် ကောင်းကောင်းသိလို့ ဖေဖေ့ ကို ပြောပြတယ်၊ ဒီဗိုလ်ကလေးက ဒီဂရီရပေမယ့် ကောလိပ်ကျောင်းထွက်တစ်ယောက်ဖြစ်တယ်၊ မျိုး ရိုး ကလဲ မြန်မာ့ဘုရင်မင်းမြတ်လက်ထက်က စစ်မှုထမ်း အမျိုးအနွယ် ဆွေသန့်မျိုးသန့်ကောင်းတွေတဲ့... "
" သထုံမှာ ဒူးရင်းခြံအပိုင်နဲ့ ပစ္စည်းအင်အား အသင့်အတင့် ရှိတဲ့အပြင် စိတ်နေသဘောထား ဇွဲသတ္တိမှာ ဘာမှ ဆိုစရာအပြစ်မရှိတဲ့အပြင် အပျော်အပါး သိပ်ကင်းတယ် ဆိုပါကလား မောင်မျိုးခိုင် ကတော့ အားရပါးရ ချီးကျူး တယ် သမီးရဲ့၊ ဒီလို တပ်မတော် ဗိုလ်တစ်ယောက်က ကယ်တင်တာကို သမီး ဘာကြောင့် ရှက်နေရ တာ လဲကွယ်၊ ကျေးဇူးရှင်ကို မထိန်ဝှက်ကောင်းဘူး သမီးရဲ့ "
ဦးထွန်းသစ်က အကြောင်းရင်းမသိရှာသဖြင့် ကိုမျိုးခိုင်၏ သတင်းပို့ချက်များကို သမီးအားပြောပြနေသည်။

" သမီရှက်တာက အဓိပ္ပာယ်တစ်မျိုးပါ ဖေဖေ "
" ဟေ ... ဘယ်လိုလဲ သမီး "
ဦးထွန်းသစ်က အံ့အားသင့်ဟန်ဖြင့် မေးလိုက်၏။
" ကိုမျိုးခိုင်တစ်ယောက်လုံး ရှိနေပါရက်နှင့် သူ ၀င်ကယ်လို့ လွတ်ရတာ၊ ကိုမျိုးခိုင် အတွက် ရှက်လို့ပါ ဖေဖေ "
ခင်ခင်လေးက ဒေါသသံနှောပြီး ပြောလိုက်၏။
 အင်း ... ဆိုစမ်းပါဦး၊ မောင်မျိုးခိုင်လဲ အခု သုံးလေးရက်အတွင်း ရွှင်ရွှင်လန်းလန်းကိုမရှိဘူး၊ တမှိုင်မှိုင် တ ငေးငေး နဲ့"
ဦးထွန်းသစ်က ပြောလိုက်သည်။

ဟို လူဆိုးတွေနဲ့တွေ့ပြီးတဲ့ အချိန်ကစပြီး သမီးသူ့ကို စကားမှ အလျဉ်းမပြောတာ၊ သူမှိုင်မှာပေါ့ဖေဖေဖ၊ သမီး သူ့ကို စကားပြောဖို့မဆိုထားနဲ့၊ မျက်နှာတောင် မကြည့်ချင်တော့ဘူး ဖေဖေ၊ ဖြစ်ပုံက ... "
ခင်ခင်လေးသည် လူဆိုးများနှင့်တွေ့ရပြီး ဖြစ်ပျက်သည့် အခြေအနေကို တစ်လုံးမကျန် အသေးစိတ် ပြောပြ လိုက်ပြီး ...
" ဘယ်လောက် အားကိုးစရာကောင်းသလဲ ဖေဖေ၊ သမီကို ရက်ရက်စက်စက် လူဆိုးလက် ၀ကွက်အပ်တယ်၊ ခြောက်လုံးပြူးကြီးရှိရက်နဲ့ ဓားရှည်ကိုင်လူဆိုးကို ထိုင်ရှိခိုးတယ်၊ သမီး တစ်ယောက် တည်း ပစ်ထားခဲ့ပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးတယ်၊ ဗိုလ်လေးစောအောင်ကြောင့်ပေါ့ မဟုတ်ရင် သမီးဘ၀ကို တွေးတောင် မတွေး ၀ံ့ဘူး၊ သမီး သူ့ကို မုန်းတယ်ဖေဖေ၊ လက်ထပ်ဖို့လဲ စိတ်မရှိတော့ဘူး "
ခင်ခင်လေး က စိတ်နာစွာဖြင့် ပြောလိုက်ရာ ဦးထွန်းသစ်သည် သမီးကို ကြည့်နေရာမှ သက်ပြင်းချလိုက်၏။

" သြော် ... မောင်မျိုးခိုင် ... ဒါလောက်အထိ ညံ့ဖျင်းတဲ့စိတ်ရှိသကိုး ... "
ဦးထွန်းသစ် သည် ယူကျုံးမရပြောလိုက်ပြီး ဇရပ်ပေါ်သို့ လှမ်းကြည့်လိုက်သည်။ အဆင်သင့်ပင် ဇရပ်ရှေ့မှ ၀ရန်တာ သို့ ထွက်လာသော ကိုမျိုးခိုင်အား မြင်လိုက်သဖြင့် ...
" မောင်မျိုးခိုင်ရေ ... လာဦးဟေ့ ခဏ "
ဟု လှမ်းခေါ်လိုက်၏။ ကိုမျိုးခိုင်သည် ဇရပ်ပေါ်မှ ဆင်းလာကာ ဦးထွန်းသစ် ရှေ့တွင် မျက်နှာပျက်ပျက်နှင့် ထိုင်လိုက်၏။ ခင်ခင်လေးကား ကိုမျိုးခိုင်ကို လုံးဝ မကြည့်ချေ။ တင်းမာသော မျက်နှာထားဖြင့် မျက်နှာလွှဲ နေသည်။ ဦးထွန်းသစ်က သမီးပြောသည့်အတိုင်း ပြန်လည်ပြောပြကာ ...
" ဟုတ်သလား မောင်မျိုးခိုင် " ဟု မေးလိုက်၏။

" ဟုတ်ပါတယ် ဦး "
ကိုမျိုးခိုင်က မျက်နျာလွှဲနေသော ခင်ခင်လေးအား တစ်ချက်ကြည့်ပြီး အသံတိုးတိုးဖြင့် ဖြေလိုက်သည်။
" မောင်မျိုးခိုင် ယောက်ျားပီသလိမ့်မယ်လို့ ဦး ထင်ထား အားကိုးခဲ့တယ်ကွယ်၊ အခုလို ညံ့ဖျင်းတဲ့စိတ်ဓာတ် သတ္တိ မျိုး ထားတော့ ဦး ရှက်လဲရှက်၊ စိတ်လဲမကောင်းဖြစ်တယ် မောင်မျိုးခိုင် "
ကိုမျိုးခိုင်သည် ဦးထွန်းသစ်စကားကို ခေါင်းငုံ့နားထောင်ရာမှ ...
" ဦးနဲ့ ခင်လေးတို့ အယူအဆကတစ်မျိုး၊ ကျွန်တော့် အယူအဆက တစ်မျိုးပါ "
ဟု တုံးတိတိပြောလိုက်သည်။ အသံမှာကား အက်ကွဲသံ ပေါ်နေသည်။

" ဘယ်လိုလဲ မောင်မျိုးခိုင် ရှင်းစမ်းပါဦး "
ဦးထွန်းသစ်က မကျေနပ်သောအသံဖြင့် မေးလိုက်၏။
" ခင်လေးအတွက် အသက်စွန့် ကယ်လိုက်မယ်ဆိုရင် ကျွန်တော် သေချင်လဲသေသွားမယ်၊ ကျွန်တော် သေရင် ကျွန်တော့် ကျေးဇူးရှင်တစ်ယောက်ကို ကျေးဇူးမဆပ်လိုက်ရဘဲ နေမှာစိုးလို့ ကျွန်တော် အသေမခံ ချင်တာဘဲဦး "
ကိုမျိုးခိုင်က ဦးထွန်းသစ်ကိုရော ခင်ခင်လေးကိုရော မကြည့် မှုန်မှိုင်းရီဝေသော မျက်လုံးများဖြင့် အဝေးကို လှမ်းမျှော်ကြည့်ကာ ပြောလိုက်သည်။
" သြော် ... မောင်ရင့်သဘောက အားနွဲ့သူ မိန်းမသားတစ်ယောက် ဘယ်အဖြစ်ရောက်ရောက် ငါ မသေပြီး ရောဆိုတဲ့ သဘောထား၊ သတ္တိမရှိတဲ့ လူညံ့ လူဖျင်းတစ်ယောက် ဖြစ်ပါတယ်လို့ တည့်တည့် ၀န်ခံလိုက်စမ်း ပါ မောင်မျိုးခိုင် " ဦးထွန်းသစ်က ဒေါသကို ချုပ်တည်းထားရသော အသံဖြင့် ပြောလိုက်သည်။

" ဦးတို့ ထင်ချင်သလို ထင်နိုင်ပါတယ် "
ကိုမျိုးခိုင်က သံပြတ်ဖြင့် ပြောလိုက်၏။ ခင်ခင်လေးသည် မခန့်လေးစားဟန်ဖြင့် ပြောလိုက်သော ကိုမျိုးခိုင်၏ လေသံကြောင့် ဒေါသထောင်းခနဲထွက်လာသည်။ ကိုမျိုးခိုင်၏ မျက်နှာကို စေ့စေ့ကြည့်ပြီး ပြောလိုက်၏။
" ရှင့်ကို ထင်နေတာမဟုတ်ဘူး ကိုမျိုးခိုင်၊ လူဖျင်းလူညံ့ အသုံးမကျ အားကိုးမရတဲ့ လူတစ်ယောက်လို့ အတိ အလင်း ပြောတယ်၊ ဒီနေရာမှာ ရှင်သာဗိုလ်လေးစောအောင် သတ္တိမျိုးရှိလိုက်ရင် ... အို ... နှိုင်းမရပါ ဘူးလေ၊ ဗိုလ်လေးစောအောင် လို လူမျိုးကတော့ ရှာမှရှားပါ "
ကိုမျိုးခိုင်က မချိပြုံးပြုံးကာ ...
" ခင်လေးက ဗိုလ်လေးစောအောင်ကို သဘောကျနေပြီ ဆိုပါတော့ " ဟု ဒေါသကို ဆွပေးလိုက်၏။

" ကျတယ်လေ၊ ဒီလို အားကိုးထိုက်တဲ့ ယောက်ျား တစ်ယောက်ကို ဘယ်လိုမိန်းမမဆို အားကိုးမှာပဲ၊ ရှင့်ကို လူညံ့ တစ်ယောက်ပါလားလို့ စဉ်းစားမိလေ ကိုစောအောင်ကို သဘောကျလေပဲ "
လူ့သဘာဝကား ဒေါသဖြစ်လလျှင် စိတ်ထဲရှိသမျှ ဖြစ်သမျှကို မဆင်ခြင် မချင့်ချိန်ဘဲ ပွင့်ထွက်လာတတ် သည့် အလျောက် နဂိုကပင် ကိုစောအောင်အား ညွတ်နေသော ခင်ခင်လေးသည် ဒေါသအလျောက် အမှန် အတိုင်းဖွင့်ထုတ်လိုက်ပြီးမှဖခင်အား ရှက်ရွံ့အားနာဟန်ဖြင့် အရှိန်သတ်ကာ လိုက်ပြီး ဖခင်ဦးထွန်းသစ်အား မသိမသာ အကဲခတ်ကြည့်လိုက်သည်။ သို့သော် ဦးထွန်းသစ်ကား သမီးအား စိတ်ဆိုးဟန် မပေါ်ချေ။

" ဦး သမီးစိတ်က ဗိုလ်လေးစောအောင်ဆီ လှည့်သွားပြီ ဦးရဲ့၊ စကားအဓိပ္ပာယ်ကို ဦး စဉ်းစားမိရဲ့ မဟုတ် လားဦး "
ကိုမျိုးခိုင်က စိတ်မကောင်းဟန်၊ ၀မ်းနည်းဟန် လုံးဝမပြဘဲ အရေးမစိုက်သလို ခပ်ပေါ့ပေါ့ လေသံဖြင့် ပြော လိုက်သည်။
ပညာပြည့်စုံပြီးလို့ သူ့ဘ၀သူ ဖန်တီးနိုင်တဲ့ အခြေအနေကို ရောက်နေတဲ့ သမီးသဘောထားကို အစကတည်းက ဦး မကန့်ကွက်ဘဲ လိုက်လျောခဲ့တယ်ဆိုတာ မောင်မျိုးခိုင် အသိသားပဲ၊ အခုလဲ သမီး သဘောအတိုင်း ဆုံးဖြတ်ပါစေ "
ကိုမျိုးခိုင်အား အထင်သေးနေပြီဖြစ်သော ဦးထွန်းသစ်က ထိုမျှသာပြောပြီး ထိုအကြောင်းကို ဆက်လက် မဆွေးနွေးလိုဟန်ဖြင့် ရုတ်ခနဲထခါ ထွက်သွားလေသည်။

" ခင်လေးက ကိုယ့်ကိုအားကိုးမထိုက်တဲ့ လူဖျင်းလူညံ့လို့ အတိအလင်းပြောသလို ကိုယ်ကလဲ ခင်လေး ဗိုလ်စောအောင်ကို ချစ်နေပြီလားလို့ အတိအလင်းမေးတယ် "
ကိုမျိုးခိုင်က ခံခက်ဖွယ်လေသံ၊ ပြုံးဖြဲဖြဲ မျက်နှာဖြင့် ခပ်လှောင်လှောင် မေးလိုက်၏။ ဖခင်ဖြစ်သူ ထွက်ခွာ သွားပြီဖြစ်၍ ခင်ခင်လေးသည် ကြည့်မရအောင် အမြင်ကပ်လာပြီဖြစ်သော ကိုမျိုးခိုင်အား ...
" ဟုတ်တယ်၊ ကိုစောကို ချစ်နေပြီ တော်လှန်ရေး ပြီးပြီးချင်း ရန်ကုန်ကို လိုက်ခဲ့ဖို့ မှာထားတယ်၊ ရှင်းပြီလား၊ ရှင်နဲ့ကျွန်မလဲ တစ်ယောက်ကို တစ်ယောက် မေ့လိုက်ကြစို့ "
ဟု ပြောင်ပြောင် ဘွင်းဘွင်းပင် ပြောလိုက်၏။

" ခင်လေး တကယ်ပြောနေတာနော်၊ ဗိုလ်စောအောင်ကို ပြန်ပြောလိုက်ရမလား"
ကိုမျိုးခိုင်က သူငယ်ချင်းချင်း နောက်ပြောင် ကျီစားသကဲ့သို့ ရယ်မောကာ မေးလိုက်၏။ ဂရုမစိုက် မခန့်လေး စား ပေါ့ပေါ့တန်တန် လေသံ အမူအရာဖြင့် ပြောဆိုနေသော ကိုမျိုးခိုင်အား ခင်ခင်လေးသည် အမုန်းကြီး မုန်းသွားပြီဖြစ်၏။
" ပြောလိုက်ပါ၊ ကျွန်မ ရှင့်ကို စွန့်သင့်လို့စွန့်ပြီး ကိုစောချစ်သင့်လို့ ချစ်တယ်ဆိုတာ "
ခင်ခင်လေးက လေးလေးနက်နက် ပြောကာ ထိုင်ရာမှ ထလိုက်၏။

" ကောင်းပါပြီ ခင်ဗျာ၊ ပြောလိုက်ပါမယ် မခင်ခင်လေးရဲ့ "
ဦးခေါင်းညွတ်ကာ အရွဲ့တိုက်ပြောလိုက်သော ကိုမျိုးခိုင်အား ခင်ခင်လေးက အံခဲကာ တစ်ချက်မျှကြည့်ပြီး ထွက်သွားလေသည်။ ခင်ခင်လေး ထွက်သွားလျှင်ပင် ကိုမျိုးခိုင်၏ မျက်နှာပေါ်မှ မခန့်လေးစား၊ ပြုံးဖြဲဖြဲ အမူ အရာသည် ပျောက်ကွယ်သွားလေသည်။ အသည်းကြွေမျှ စိတ်ဒုက္ခရောက်ရသူ၏ အမူအရာသည် မျက်နှာ မှာ ပေါ်လာသည်။ ဝေ့လည်လာသော မျက်ရည်ကို လျှံမကျစေရန် အံခဲကာ မျက်တောင်ကို သွက်သွက်ခပ် လိုက်လေသည်။

*
ဒုတိယ ကမ္ဘာစစ်ကြီးလည်း ပြီးဆုံးခဲ့လေပြီ။ ဖက်ဆစ်ဂျပန် တော်လှန်ရေးလည်း ပြီးဆုံးခဲ့လေပြီ။ ပဲစားချောင် တွင် ခိုလှုံနေသော စစ်ပြေးတစ်စုကား ကိုယ့်ရပ်ကိုယ့်ဌာနေသို့ ပြန်လည်ကြရတော့မည်ဖြစ်၍ ၀မ်းသာရွှင် မြူးစွာ အထုပ်အပိုး ပြင်နေကြပြီဖြစ်၏။ ဆွေမျိုးတစ်သိုက် လူစုမကွဲမီမှာ ကိုစောအောင်သည် ပဲစားချောင်သို့ အချိန်မီ ပြန်ရောက်လာလေသည်။
" ဦး နေကောင်းပါရဲ့လား "
ဦးထွန်းသစ် အား ကိုစောအောင်က ရိုသေစွာ နှုတ်ဆက်လိုက်၏။

" ဟေ ... မောင်စောအောင်ပါလား၊ အေး ... နေကောင်းပါတယ်ကွယ်၊ တို့တစ်တွေလဲ ရန်ကုန်ပြန်ကြ တော့မှာကွယ့်၊ မောင်စောအောင် ရောက်လာတာ အချိန်မီပဲ၊ သန်ဘက်ခါဆို တို့ပြန်ကြတော့မှာ "
အသက်သခင် ကျေးဇူးရှင် ဖြစ်နေရာတွင် ဇာတိမျိုးရိုး၊ အကျင့်စာရိတ္တ၊ စိတ်နေသဘောထား၊ ပညာအရည် အချင်းပါ မကျန် ကိုမျိုးခိုင်က စုံစေ့စွာ ပြောပြထားပြီးဖြစ်၍ လေးစားခင်မင်နေသော ဦးထွန်းသစ်က ၀မ်းသာ အားရ နှုတ်ဆက်စကား ပြောလိုက်၏။
" သမီးရေ ... မောင်စောအောင် ရောက်လာပြီဟေ့ "
ဦးထွန်းသစ်က ဇရပ်အတွင်းခန်းတွင် ပစ္စည်းများ သိမ်းဆည်းနေသော ခင်ခင်လေးအား လှမ်းပြောလိုက်၏။

" ဟုတ်ကဲ့ ... ဖေဖေ "
အခန်းတွင်းမှ တုံ့ပြန်လိုက်သော ခင်ခင်လေး၏ အသံသည် ခရီးပန်းလာသော ကိုစောအောင်၏ ရင်ထဲမှာ အေးသွားပြီး အမောပြေသွားသည်ဟု ထင်လိုက်၏။ အသံကြားရာ အခန်းတံခါးဝဆီသို့ လှမ်းကြည့်လိုက် သည်။
" ကိုစောတို့ တာဝန်တွေ ပြီးဆုံးပြီနော် "
ခင်ခင်လေးက ဖခင်နှင့် မလှမ်းမကမ်း ကိုစောအောင်နှင့် မျက်နှာချင်းဆိုင်မှာ ပိပိရိရိထိုင်ကာ နှုတ်ဆက် လိုက်သည်။
" ပြီးဆုံးပါပြီခင်လေး၊ ဒါကြောင့် ကိုစောလာခဲ့တာပေါ့၊ ဦးကိုရော ခင်လေးကိုရော အခုလို ကျန်းကျန်းမာမာနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ရတာ သိပ်ဝမ်းသာတယ်၊ လာသာလာခဲ့ရတယ်၊ ရန်ကုန်ပြန်သွားကြပြီလားလို့ စိတ်တထင့်ထင့်ပဲ "
ကိုစောအောင်က ရွှန်းလဲ့တောက်ပသော မျက်လုံးဖြင့် ခင်ခင်လေးအား စိမ့်စိမ့်ကြည့်ပြီး ပြောလိုက်၏။

လ" သန်ဘက်ခါဆို ပြန်တော့မှာ ကိုစောရဲ့၊ အခု ခင်လေးပစ္စည်းတွေ သိမ်းနေတာ "
ခင်ခင်လေးသည် ဖခင်ရှေ့မှာဖြစ်၍ သံမှန်ဖြင့် ဣနြေ္ဒရရ ပြောနေသော်လည်း မျက်လုံးများမှာ နှစ်သိမ့် ၀မ်း မြောက်ကြည်နူးခြင်းကို ထင်ထင်ရှားရှား ဖော်ပြနေသည်။
" ဒါထက် အစ်ကိုတစ်ယောက်ကော၊ အစ်ကို မျိုးခိုင်လေ "
ကိုစောအောင်က မေးလိုက်သောအခါ ဦးထွန်းသစ်နှင့် ခင်ခင်လေးတို့သားအဖ တစ်ယောက်မျက်နှာတစ် ယောက် ဖျပ်ခနဲ ကြည့်လိုက်ကြ၏။
" ခင်လေးမသိဘူး ကိုစော၊ အမှတ်တမဲ့ပဲ နေခဲ့တယ် ပဲစားချောင်မှာ မနေတော့ဘဲ ထွက်သွားတာ တော် တော်ကြာပြီ၊ ဖေဖေ့ကို ပြောသွားတယ်ထင်တယ် "
ခင်ခင်လေးက ဖခင်မျက်နှာ လှမ်းကြည့်ပြီး ဖြေလိုက်၏။ ကိုမျိုးခိုင် ဘယ်ကိုထွက်သွားသည်ကို ခင်ခင်လေး တကယ်ပင် မသိချေ။

ခရေပင်အောက်မှာ တစ်ယောက်နှင့် တစ်ယောက် စကားပြောမတဲ့ဘဲ မုန်းတီးစွာ နေခဲ့ကြရာမှ တစ်ပတ် လောက်အကြာတွင် နောက်ဆုံးအကြိမ်အဖြစ် ကိုမျိုးခိုင်က ပြောသွားသော စကားကို ခင်ခင်လေးက သတိရလိုက်မိသည်။
" ခင်လေးက ဗိုလ်စောအောင်ကို ချစ်ပါတယ် ဆိုတဲ့အကြောင်း ကိုယ် သွားပြောခဲ့ပြီ၊ ဗိုလ်စောအောင် ခမျာ ၀မ်းသာရှာလွန်းလို့ ဟောဒီမျာ စာပေးလိုက်တယ် ခင်လေးရေ့၊ ချစ်သူဆီကစာ ၀မ်းသာကြည်စွာ ဖတ်ပေ ရော့ "
ဟု ပြောကာ ထိုင်နေသော ခင်ခင်လေး၏ ပေါင်ပေါ်သို့ စာကိုပစ်တင်ကာ ချာခနဲလှည့်ထွက်သွားသော ကိုမျိုးခိုင်ကို ထိုနေ့မှစ၍ ပဲစားချောင်မှာ မတွေ့မမြင်ရတော့ချေ၊ မုန်းတီးစိတ်နာပြီးဖြစ်သော ခင်ခင်လေး သည် ကိုမျိုးခိုင်အကြောင်းကို မေ့ပျောက်ထားလိုက်၏။

" အစ်ကို ဘယ်ကိုထွက်သွားလဲဦး၊ ကျွန်တော်နဲ့ ပတ်သက်ပြီး ဘာများ မှာသွားသေးလဲခင်ဗျာ "
ချစ်လှစွာသော အစ်ကိုရင်းတစ်ယောက်ပျောက်ဆုံးရသော ညီငယ်ကဲ့သို့ ကိုစောအောင်က မေးလိုက်၏။ ဦးထွန်းသစ်က ရုတ်တရက် မဖြေသေးဘဲ အတန်ငယ်တွေနေသည်။
" ခင်လေးက ကျွန်တော်နဲ့ မတူတန်တော့ပါဘူး ဦး၊ ဗိုလ်စောအောင်နဲ့ မေတ္တာရှိနေကြပါပြီ၊ ညီလေး မသေ မပျောက်ပြန်ရောက်လာတဲ့အခါ သူတို့ မေတ္တာကို မဖျက်ဆီးပါနဲ့လို့ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော်လဲ ပဲစားချောင်မှာ မနေဘဲ ထွက်သွားဖို့ စိတ်ဆုံးဖြတ်ပြီး ဦးကို နှုတ်ဆက်ပါတယ် "

ဟု ကိုမျိုးခိုင်က ပြောသွားသော စကားကို ပြန်လည်သတိရသော ဦးထွန်းသစ်က ...
" အေး ... ဘယ်ရယ်လို့တော့ ပြောမသွားဘူး မောင်စောအောင်ရဲ့၊ ဒီသူငယ် ဘာ အရှုပ်အရှင်းတွေဖြစ်သွား လဲမသိဘူး၊ တစ်နေ့ ချောင်အ၀က သစ်ပင်အောက်မှာ လူသုံးယောက်ကို ငွေပေးနေတာမြင်တယ်၊ ဦးကလဲ အမှတ်မဲ့ ထွက်အလာမှာ အသာကွယ်ပြီး အကဲခတ်ကြည့်နေလိုက်မိတယ်။ ဟိုလူ သုံးယောက်က သူပေးတဲ့ ငွေတွေယူပြီး ...
" ကျေးဇူးတင်ပါတယ်ဆရာ၊ နောင်ကိုလဲ ဒီလို လွယ်လွယ်နဲ့ ငွေရမယ့် အလုပ်မျိုးဆို ခေါ်စမ်းပါဦးတဲ့ "
လူတစ်ယောက်က ပြောသွားတယ်ကွယ့်။

" ဆရာက အကြံပိုင်သား၊ မဟုတ်ရင် ကျွန်တော်တို့ သေနတ်စာ မိမှာတဲ့ "
ဟိုလူသုံးယောက်လဲ ထွက်သွားရော၊ သူလဲ ခေါင်းငိုက်စိုက်ချပြီး ကျန်ရစ်တာပဲ၊ ဓားပြတိုက် ဝေစုခွဲကြတာ လားမသိဘူး၊ ကဲ ... ဦးလဲ ဆရာတော် သွားဖူးလိုက်ဦးမယ် မောင်စောအောင် "
ဦးထွန်းက ကိုမျိုးခိုင်အား အထင်သေးစွာ ပြောပြီး ထသွားလေသည်။ ကိုစောအောင်သည် မည်ကဲ့သို့ ဖြစ်ပျက် သွားမှန်းမသိရသော ကိုမျိုးခိုင်အတွက် စိတ်မကောင်းစွာ ကိုင်နေမိလေသည်။ အတန်ကြာမှ သက်ပြင်းချ လိုက်ကာ ... " ခင်လေး " ဟု ခေါ်လိုက်၏။

" ကိုစော "
ခင်ခင်လေးက ထူးလိုက်သည်။
" ကိုစောနဲ့ ခင်လေး မေတ္တာရှိနေတာ ဦး သိပြီလား"
" မသိဘူးထင်တယ် ကိုစော၊ ဒါပေမယ့် ဖေဖေက ငြင်းမယ် မထင်ပါဘူး၊ ကိုစောကို သူ တော်တော်ချီးကျူး တယ် "
ကိုမျိုးခိုင် ဘာပြောသွားသည်ကိုမသိသော ခင်ခင်လေးက အဖြေပေးလိုက်၏။ သို့သော် ကိုမျိုးခိုင်ကို လုံးဝ မလိုလားတော့သော ဦးထွန်းသစ်၏ သဘောထားကို ခင်ခင်လေးက ကောင်းစွာသိပြီးဖြစ်၍ ကိုစောအောင် ကို သဘောတူလိမ့်မည်ဟု ခင်ခင်လေးက အတတ်တွေးလိုက်သည်။

" ဦးကို အသိပေးချင်တယ်ခင်လေး၊ သန်ဘက်ခါ ခင်လေးတို့ ရန်ကုန်ပြန်ကြရင် ကိုစောလဲ တပါတည်းလိုက်ခဲ့မယ်၊ ဖေဖေက သထုံမှာ ဂျပန်တွေကြောင့် မနေနိုင်ဘဲ ရန်ကုန်မှာ ရောက်နေတာ တော် တော်ကြာပြီ၊ ဦးကသိထားပြီးဖြစ်တော့ ရန်ကုန်ရောက်ရင် ကိုစော ဖေဖေကို ခေါ်လာခဲ့တော့ ကြောင်တက် တက် မဖြစ်ဘူးပေါ့၊ လူကြီးချင်း ပြောဆိုပြီး လက်ထပ်ရေးစီစဉ်မှ ခင်လေးတို့ သားအဖ သဘောကျသလို ဖြစ်စေမယ်၊ မကောင်းဘူးလား ခင်လေး "
" ကောင်းပါတယ်၊ ဖေဖေ့ကို ခင်လေး ပြောပြထားလိုက်မယ်လေ "
ဖခင်အကဲကို ခတ်မိသော ခင်လေးက ရဲရဲပင် ပြောလိုက်သည်။

" ကိုစော လက်ထပ်ပွဲမှာ အစ်ကို ရှိစေချင်လိုက်တာနော်၊ ရန်ကုန်က သူ့အိမ်ကို ပြန်ရောက်နေရင် သိပ်ဝမ်း သာရမှာပဲ၊ လက်ထပ်ပွဲ အမီတော့ အစ်ကို့ကို တွေ့အောင်ရှာမှဖြစ်မယ်၊ ဘယ်ထွက်သွားတယ် မသိဘူး "
ကိုစောအောင် က အစ်ကိုမျိုးခိုင်အား တမ်းတမ်းတတညည်းညူလိုက်သောအခါ ခင်ခင်လေးက စိတ်မ၀င် စား ဟန်ဖြင့် မျက်နှာကို မသိမသာ တစ်ဖက်သို့ လှည့်လိုက်၏။

ဆက်ရန်
.

2 comments:

မင်္ဂလာပါ said...

ဖတ်ရင်းနဲ့ဝမ်းနည်းလို့လာတယ်ဗျာ.

mstint said...

ကိုမျိုးခိုင်တစ်ယောက် ခင်လေးကို ဘယ်လိုပဲ ဂရုမစိုက် မခန့်လေးစား ပေါ့ပေါ့တန်တန်လေသံ အမူအရာတွေနဲ့ ပြောဆိုနေခဲ့ပေမယ့် သူ့ရင်ထဲက ခံစားချက်ကို ခန့်မှန်းနားလည်မိပါတယ် ညီမရေ။ 'သူတည်း တစ်ယောက် ကောင်းမှုရောက်ဖို့ သူတစ်ယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း' ဆိုသလိုပေါ့နော်။

မေတ္တာဖြင့်
အန်တီတင့်