Tuesday, May 24, 2011

တင်မောင်မြင့် ဘာသာပြန် သတင်းမုဆိုး အပိုင်း (၁၇)

အခန်း(၁၉)
ဂျိန်း

၁၉၆၀ ပြည့် လွန်နှစ်များဆီ မင်ဟက်တန်သို့ တက်လာခဲ့ကြသည့် ခပ်ထက်ထက် မိန်းကလေးတိုင်း ဂျန်ဂရက်ခ်ျ ထုံးလိုခြေ ထားသည့် အရာခပ်သိမ်း ကို ချက်ချင်း သင်ကြားတတ်မြောက်ကြရသည်။
ဟစ်ပီသံကို ကျွမ်းရမည်။ "ကျေးလက်အသံ" သည် အိမ်ခန်းငှားကြော်ငြာ အများဆုံး သတင်းစာ ဖြစ်ကြောင်း သိထားရမည်။ အလုပ်ရှာလိုလျှင် နယူးယောက်တိုင်းမ်စ်ကို လက်စွဲထားရ မည်။ ဈေးအပေါဆုံး နှင့် ပုံဆန်းဆန်း အ၀တ်အစားမျိုး ရနိုင်သည့်နေရာကို သိထားရမည်။ ဖိနပ် အဖြူက ခေတ်နောက်ကျပြီး အနက်ရောင် သားရေ ဖိနပ်များကို ပိုလွယ်သည်ကိုလည်း မမေ့အပ်။ အရေးကြီးဆုံးသော ကိုယ်နှင့် ခွင်ကျ သည့် အလုပ်ရဖို့ပင်။

ခွင်ကျသည့် အလုပ်ဟူသည် ဂျိန်းနားလည်ထားသလောက် ဂုဏ်သိက္ခာ ရှိရမည်။ တက်လမ်း ရှိရမည်။ သည် အလုပ်မျိုး မှ သြဇာတိက္ကမ ကြီးသူများဆီသို့ ပေါက်ရောက်နိုင်မည်။ စိတ်ဝင်စားစရာ လူမှုရေးနယ်ပယ်ထဲသို့ ၀င်ဆန့် နိုင်မည်။ နယူးယောက်တွင် အမျိုးသမီးများက ယောက်ျားလေးများ ထက် အလုပ်ကောင်းကောင်း ရကြသည် ကိုလည်း ဂျိန်း မျက်ဝါးထင်ထင် တွေ့မြင်ရလေပြီ။
"ယောက်ျားတွေနဲ့ တွဲရတာက တဒင်္ဂပဲ၊ သူတို့ဆီက ရတဲ့ ကျေနပ်မှုကလည်း ရေပွက်ပမာပဲ၊ အမြဲတန်း လိုအပ်တာက အလုပ်" ဟူ၍ အေမီဆီသို့ စာပြန်ရေးသည်။ အချစ်ကိစ္စကို ဂျိန်းက အလေးအနက် သိပ်မထား။ ထို့ကြောင့် ဘယ်သူနဲ့မှ စွဲစွဲလမ်းလမ်း မရှိ။ ထို့ကြောင့် နင်ကျင်ထိခိုက် မှု မရှိ၊ အသည်းမကွဲ။

ထိုစဉ်က မိန်းမနှင့် ယောက်ျား ဆက်ဆံရေးမှာ ယခုလောက် မသောင်းကျန်းကြသေး။ ယောက်ျား လေးက မိန်ကလေး တစ်ယောက်၏ အချစ်ကို ရဖို့ လူပျိုလှည့်ဖို့ လိုသေးသည်။ ညစာ ဖိတ်ကျွေး ခြင်း၊ ရုပ်ရှင် ပြသခြင်း များနှင့် နိဒါန်းပျိုးရသေး၏။ မြင်မြင်ချင်း ဆောက်နှင့်ထွင်းသည့် ခေတ်မဟုတ် သေး။ သို့သော် ဖူးစာရှင် က ထိုင်စောင့်နေခြင်းမျိုးကတော့ ကိုယ့်ကိုယ်ကိုယ် တစ်သက်တစ်ကျွန်း ချထားသည်နှင့် အတူတူ ပင်။

နစ်ကို ထားပြီး ထွက်ပြေးခဲ့ပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အိမ်ဦးနတ်အဖြစ် ကိုးကွယ်ထိုက် သူကို တွေ့ရမည် ဟုပင် ဂျိန်း ယုံကြည်ထားသည်။ သိပ်ကြာကြာ စောင့်ရမယ် မထင်ပါဘးဟု အားတက်နေ၏။
လောလောဆယ် တွင်တော့ မင်ဟက်တန်တွင် ဂျိန်း ကြုံသလို တွဲနေသည်လေ။

"စာရေးဆရာ လုပ်မယ်ဆိုရင် အတွေ့အကြုံ များဖို့လိုတယ်၊ ဒါကြောင့် ငါကြောင့် ဂီနီကို ထားခဲ့ပြီး နယူးယောက် ကို ရောက်လာပြီ ဖြစ်၏။ အင်န်ဝိုင်ယူဆေးကျောင်းတွင် အလုပ် လျှောက်ထားသည်။

ထိုစဉ်က အချစ်ကိစ္စရော၊ ငွေရေးကြေးရေးပါ ခုခေတ်နှင့် လုံးဝ ခြားနားခဲ့လေသည်။ လူတွေ ခုလောက် မချမ်းသာ ကြသော်လည်း ပိုက်ဆံသည် အပုံကြီး တန်ဖိုးရှိလေသည်။ ယခုလောက် လည်း စိုးရမ် ထိတ်လန့်စရာတွေ၊ အန္တရာယ်တွေ မများလှသေး။ ခြောက်ဆယ်ခုနှစ် တစ်ဝိုက်က အချစ်ဇာတ်လမ်း များသည် ပျော်စရာ ကောင်းသလို ပိုက်ဆံ သုံးရ စွဲရသည်မှာလည်း ပျော်စရာ ကောင်း၏။
အနုပညာ အရှေ့ရွာတွင် စတူဒီယိုတစ်ခု ငှားလျှင် တစ်လ ၇၅ဒေါ်လာပဲ ပေးရ၏။ မြေအောက် ရထားက ခုထက် ပိုမြန်သည်။ ပိုအချိန် မှန်သည်။ ၁၅ဆင့် ပေးလျှင် ပျင်းအောင် စီးရသည်။ ၅၇လမ်းက အကောင်းဆုံး ဆံပင် အလှပြင်ဆိုင်သွားလျှင် ခုနစ် ဒေါ်လာခွဲ ကုန်သည်။

အေအိုင်ဒီအက်စ် မပေါ်သေး၍ စိတ်ချလက်ချ တွဲချင်သူနှင့် တွဲလို့ရသည်။ တိုက်ခန်းဈေးတွေ ယခုလောက် ခေါင်မခိုက်သေး။ ဂျိန်းအတွက် နေရေးကိစ္စမှာ လုံးဝ ပြဿနာ မဟုတ်။ ဘယ်မှာမှ အတည်တကျ မနေဘဲ လက်ဆွဲအိတ် တစ်လုံးနှင့် ရပ်ကွက်တကာ တိုက်ခန်းတကာ ပြောင်းနေ သည်။

သည်အတွက် ဂျိန်း၏ မိဘများအတွက်တော့ ကသိကအောက် နိုင်၏။ ဂျိန်း၏ လိပ်စာနှင့် တယ်လီဖုန်း နံပါတ် က လတိုင်း ပြောင်းနေသည် မဟုတ်လား။ သို့သော် ဂျိန်းအတွက် ဒေသန္တရ အတွေ့အကြုံ တစ်ပုံကြီး ရလာသည်။ လူတန်းစားပေါင်းစုံနှင့် ဆက်ဆံရသဖြင့် လူတွေအကြောင်း ပိုသိခွင့်ရသည်။

နေရာအတည်တကျ မရှိသလို ဂျိန်း၏ အလုပ်သည်လည်း အတည်တကျ မရှိခဲ့။ စာရေးဆရာမ လုပ်ဖို့ ဆုံးဖြတ်ထားပြီ ဖြစ်လို့ အချုပ်အချယ်နှင့် လခစားအလုပ်ကို ဂျိန်း စိတ်မ၀င်စားပေ။ ထို့ကြောင့် လက်နှိပ်စက် တို့ လက်ရေးတိုတို့ လုံးဝ မသင်ဘဲနေသည်။
အလုပ် ၀င် ဖို့ လူတွေ့ စစ်ဆေးခံရလို့ လက်နှိပ်စက် ရိုက်တတ်သလား။ အမေးခံရလျှင် လုံးဝ မတတ်ပါဘူး ဟု ရိုးသားစွာ ဖြေသည်။

နယူးယောက် တိုင်းမ်စ် သတင်းစာ အလုပ်ကြော်ငြာ ကဏ္ဍတွင် အင်္ဂလိပ် လူမျိုးဖက်ရှင် ဓာတ်ပုံ ဆရာ တစ်ယောက် ၏ လူလိုကြောင်း ကြော်ငြာတွေ့သဖြင့် လျှောက်လိုက်သည်။ ခရစ္စတိုဖာ သော်မဆင်က လက်နှိပ်စက် အကြောင်း လုံးဝ မမေး အခြားထူးထူးထွေထွေလည်း ဘာမှ မစစ်ဆေး။ သူ့ဖုန်းလာလျှင် ဖြေရုံ၊ သူ့ အလုပ်ချိန် ဇယားမှန်ဖို့ အကူအညီပေးရုံ၊ မိတ်ကပ်ဆရာ၊ ဒီဇိုင်းဆရာတို့နှင့် ချိန်းပေးရုံလောက်ပဲ အဓိက ထား ပြောသည်။

"ပြီးတော့ အရက်နာကျနေတဲ့ မော်ဒယ်တွေကို ကော်ဖီလေး၊ မုန့်လေး ကျွေးပေါ့ကွာ၊ ပန်းအိုး ရေလောင်း၊ ရေမလာရင် ရေပိုက်သမားခေါ်၊ ကိုယ့် ကင်မရာမှာ ဖလင်မပြတ်အောင် ကြည့်ပေး၊ အရေးကြီးဆုံးကတော့ ကိုယ့်လက်ရာတွေကို မဂ္ဂဇင်းအယ်ဒီတာတွေ ကြိုက်ဖို့ပဲ"

သူ့စကား ပြောသည့် လေယူလေသိမ်းကို သဘောကျလို့ သည်အလုပ်ကို လက်ခံမိသည်ဟု ဂျိန်းက ပြော တတ်သည်။ ၁၉၆၂ ခုနှစ်က ခရစ္စတိုဖာ အင်္ဂလန်ပြန်သွာတော့ ဂျိန်းကို အခြား ဓာတ်ပုံဆရာ တစ်ယောက်ထံ လက်လွှဲ ပေးခဲ့သည်။ သူက အထက်တန်းလွှာ မင်္ဂလာဆောင် သတင်းဓာတ်ပုံတွေ၊ စေ့စပ် ကြောင်းလမ်း ပွဲတွေ ကို လိုက်ရိုက်သည့် ဓာတ်ပုံဆရာ။

သည်ဆရာက ချမ်းသာသည်။ စိတ်ပါမှ ထပြီး အလုပ်လုပ်သည့် လူစားမျိုး၊ ဂျိန်းက သည်အလုပ်ကို ကြာတော့ ညည်းငွေ့လာသဖြင့် အလုပ်တွေ ပြောင်းလုပ်ပြန်သည်။ မော်ဒယ်အေဂျင်စီတစ်ခုတွင် ဧည့်ကြို စာရေးမ ၀င်လုပ်သည်။ ရတနာဒီဇိုင်း ကုမ္ပဏီတစ်ခုတွင် ဖက်ရှင်ပုံစံပြ ၀င်လုပ်သည်။ ဈေးကွက် သုတေသန ကုမ္ပဏီ တစ်ခုတွင် သုတေသန အရာရှိ ၀င်လုပ်သည်။ အိမ်ရှင်မတွေကို လိုက်ဗျူးရသည့်အလုပ်၊ ဘယ်ဆပ်ပြာမှုန့် ကို ကြိုက်ပါသလဲ၊ ဘယ်ခေါင်းလျှော်ရည်ကို သုံးပါသလဲ ဟူသည့် မွေးခွန်းမျိုးတွေ လိုက် မေးရသည့် အလုပ်။ ခပ်တုံးတုံး အလုပ်ဖြစ်သော်လည်း ပျော်စရာ တော့ အကောင်းသား။ သို့သော် ကြာတော့ ညည်းငွေ့စရာ ဖြစ်လာ၏။

ဂျိန်း လုပ်ခဲ့သမျှ အလုပ်တိုင်းတွင် တူညီချက်တစ်ခုရှိ၏။ အလုပ်ချိန် သတ်မှတ်ချက် မရှိခြင်း ဖြစ် သည်။ ထို့ကြောင့် ၀ါသနာ အပါဆုံး စာရေးခြင်း အလုပ်ကို တွဲလုပ်ခဲ့နိုင်သည်။
ဖက်ရှင် အယ်ဒီတာတွေနှင့် စကားပြောရင်း အိမ်ရှင်မတွေနှင့် ဆေးနွေးရင်းပင် ဘ၀အထွေထွေ အကြောင်း တွေ နောက်ခံထားပြီး ဂျိန်းဝတ္ထုတိုတွေ ရေးဖြစ်နေသည်။ ဘ၀အကြောင်းထဲထဲဝင်တော့ သိပ် သိသည် မဟုတ်။ တွင်တွင်ရေးပြီး နယူးယော့ကား မဂ္ဂဇင်းသို့ တွင်တွင် ပို့သည်။ နယူးယော့ကား မြန်သည်။ ချက်ချင်း ချက်ချင်း ပြန်ပို့၏။

စာမူတွေ အပယ်ခံရတိုင်း ဂျိန်း စိတ်ဓာတ်ကျသည်။ သို့သော် ဇွဲမလျော့ဘဲ ဆက်ရေးသည်။ တစ်နေ့နေ့မှာ ငါ့စာမူ တွေကို သူတို့ ကြိုက်ကို ကြိုက်လာရမယ်။ သို့သော် ထိုနေ့ကိုကား ဂျိန်း မမှန်းဆတတ်။ မဂ္ဂဇင်းက အယ်ဒီတာ တွေ အားလုံး မကြိုက်ရင်တောင် တစ်ယောက်ယောက်က ကြိုက်ရမည်ပေါ့။

၁၉၆၃ခုနှစ် သြဂုတ်လ ရက်များသည် ဂျိန်းဘ၀တွင် စိတ်ဓာတ်အကျဆုံး ရက်များ ဖြစ်လေသည်။ အိမ်ရှင်မ တွေကို အပ်ကြောင်းထပ် မေးခွန်းများ၊ ထပ်တလဲလဲ မေးနေရချိန်။ နယူးယော့ကားက ထပ်တလဲလဲ စာမူ တွေ ပယ်နေချိန်၊ တစ်နေ့တွင် စာရေးဆရာတစ်ယောက်၏ သုတေသန လက်ထောက် တစ်ယောက် လိုကြောင်း ကြော်ငြာကို ဖတ်ပြီး စိတ်ညစ်ညစ်ဖြင့် လျှောက်လွှာတင် လိုက်သည်။

ဂလင်ဆင်ကလဲယားသည် ဆံပင်ညိုညို၊ မျက်လုံး ညိုညို၊ ဖြူရော်ရော် အသားအရေနှင့် ပိန်ပိန် ရှည်ရှည် လူတစ်ယောက် ဖြစ်သည်။ ဗိုက်ကလေး နည်းနည်း ထွက်နေပြီး ပုခုံးကိုင်းကိုင်းနှင့် ဆေးတံခဲသူ ဖြစ်၏။

သူ့ကိုယ်သူ ကျဆုံးနေသူအဖြစ် ဂျိန်းကို ပြောသည်။ သူ့ပုံစံကို ကြည့်ပြီး ဂျိန်း ယောက်ျားယူတော့ မယ် ဆိုပြီး အလုပ် ထွက်သွားတယ်လေ၊ လျှောက်လွှာတွေတော့ လာပါရဲ့။ အားလုံး ယောက်ျားတွေ ချည်းပဲ၊ ယောက်ျားတွေက သိပ် မနိပ်ဘူး၊ ခံစားမှု မရှိကြဘူး၊ ကိုယ်ယောက်ျားတွေကို သဘော မကျဘူး၊ အားကစား အကြောင်း က လွဲပြီး သူတို့ ဘာမှ မပြောကြဘူး၊ ကိုယ်ကလည်း အားကစားဆို မုန်းမှမုန်း။ မိန်းကလေးတွေပဲ ကိုယ် သဘောကျတယ်"

ထို့နောက် သူ့ကိုယ်သူ အနုပညာသမား မဟုတ်ကြောင်းလည်း ထုတ်ပြောသည်။ ၀တ္ထုရေးဖို့ သူ စိတ်မသန်။ သူ ရေးသည့် စာအုပ်များအကြောင်းလည်း ရှင်းပြ၏။ ၀တ္ထုမဟုတ်သည့် စာအုပ်များကို သာ ရေးလိုကြောင်း လည်း ပြော၏။ သို့သော် အယ်ဒီတာတွေက လျှို့ဝှက်သည်းဖို တောင်းလျှင် တော့ ကောက် ရေးလိုက်သည်တဲ့။ အလားတူပင် ကောင်းဘွိုင် ၀တ္ထုရေးရမလား၊ စိတ်နယ်လွန် ဇာတ်လမ်းရေးရမလား ရသည်တဲ့"။

ခုတော့ ဂလင်က အဟာရဓာတ် စာအုပ်တွေ တောက်လျောက် ရေးနေသည်။ လူတွေက အာဟာရရူး ရူးနေကြသဖြင့် ရေးလို့ မနိုင်နိုင်အောင် အရောင်းသွက်နေ၏။ သို့သော် အပ်ကြောင်း ထပ်စပြုနေပြီ။ ထို့ကြောင့် သူ စိတ်ဓာတ်ကျနေခြင်း စြဖ်၏။
သည်အကြောင်းအရာကို ရှုထောင့်သစ်မှ ပုံသဏ္ဍာန် တစ်မျိုးဖြင့် ရေးနိုင်မှ သူ ရပ်တည်နိုင်မည့် အခြေအနေ။ သည်အတိုင်း ဆက်သွားလို့ကတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေသလို ရှိတော့မည် ဟု သူက နိမိတ် ဖတ်သည်။

"တကယ် သေမှာ၊ ဒါကြောင့် ကိုယ့်မှာ အကူအညီလိုလာတာ၊ သုတေသနသမား တစ်ယောက် မရှိလို့ မဖြစ် တော့ဘူး"
"ဂျိန်းက အိမ်ရှင်မတွေကို မီးဖိုချောင်ကိစ္စ လိုက်မေးဖို့လောက်ပဲ တတ်တာ၊ ဂျိန်း ဘာလုပ်ရမှာလဲ ဟင်"

"စာကြည့်တိုက်ကိုသွား၊ အာဟာရဓာတ်နဲ့ ပတ်သက်တဲ့ စာအုပ်တွေ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနဲ့ ပတ်သက် တဲ့ စာအုပ်တွေ ငှားပေါ့၊ အမျိုးသမီး မဂ္ဂဇင်းတွေမှာပါတဲ့ အာဟာရဆောင်းပါးတွေ ဖြတ်ညှပ်ပြီး စုပေါ့၊ ကိုယ်က ဆရာဝန် တွေနဲ့လည်း အဆက်အသွယ် လုပ်ထားတယ်လေ။ သူတို့နဲ့ မင်းကို တွေ့ပေးမယ်၊ သူတို့ဆီက နောက်ဆုံးပေါ် ကိုယ်အလေးချိန်ချနည်းတွေက ဘာတွေရနိုင်တယ်လေ၊ စိတ်ဝင်စားစရာ မှန်သမျှ သစ် ဆန်းတာမှန်သမျှ၊ ခိုးချလို့ ကောင်းတာမှန်သမျှ အားလုံး အရေးယူခဲ့။ အသစ်အဆန်းတွေ နောက်လိုက်တဲ့ အလုပ်နဲ့ ကိုယ်နဲ့ သိပ်မဖြစ်ဘူး၊ ဒါကြောင့် မင်းကို အားကိုးရမှာ"
ဂျိန်းက အံ့သြသည့် အမူအရာဖြင့် မေးသည်။

"ဒါဖြင့် ဂျိန်း အလုပ်ရပြီပေါ့နော်"
သူကလည်း အံ့သြသည့်အကြည့်ဖြင့်
"အေးလေ ရပြီပေါ့"

စာရေးဆရာတစ်ယောက်ဆီမှာ အလုပ်လုပ်သည်မှာ ဓာတ်ပုံဆရာဆီမှာ လုပ်ရသည်ထက်၊ မီဖိုချောင်သုံး ပစ္စည်းများ အကြောင်း လိုက်မေးရသည်ထက် အပုံကြီး စိတ်ဝင်စားဖို့ ကောင်းသည်။ အာဟာရဓာတ် စာရေးဆရာပင် ဖြစ်စေဦးပေါ့လေ။

သူ့ကိုယ်သူ သရော်တော်တော် မိတ်ဆက်ပြောဆိုခဲ့သော်လည်း ဂလင်ဆင်ကလဲယားမှာ လူတော် တစ်ယောက် ဖြစ်ပါသည်။ စာရေးခြင်းအလုပ် တစ်ခုတည်းဖြင့် ချမ်းချမ်းသာသာ နေနိုင်သူ ဖြစ်၏။ ဂျိန်းအဖို့ ပထမ ဦးဆုံး သိကျွမ်းရသည့် စာပေနှင့် အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်လေ သည်။
"ဆရာ က ငယ်ငယ်ကတည်းက စာရေးဆရာ ဖြစ်ချင်ခဲ့တာလားဟင်" ဟု ဂျိန်း  စပ်စုကြည့်သည်။ စာရေးခြင်း နှင့် စာရေးဆရာများကို ဂျိန်းကြည်ညိုအားကျနေဆဲ။

"ဟာ ဘယ်ကလာ ကိုယ်က စစ်ဗိုလ် ဖြစ်ချင်တာ၊ လေသူရဲ စစ်ဗိုလ်လုပ်ချင်တာ၊ ဒါပေမယ့် မျက်စိ မကောင်းတာနဲ့ ဆေးမအောင်ဘူးလေ" ဟု စိတ်မကောင်းဟန်ဖြင့် အစချီပြီး စစ်သားဘ၀၏ ပျော်စရာ အဖုံဖုံ ကို သာသာထိုးထိုး ကလေးနှင့် အမေရိကန် စစ်တပ်၏ စိတ်ပျက်စရာ ကောင်းပုံများ ကို ရစရာ မရှိလေအောင် ပြောသည်။]

"ဂွမ်းကျွန်းမှာ တာဝန်ကနေတုန်း၊ ကိုယ့်ကို သတင်းနဲ့ ပြန်ကြားရေးဘက် ပို့လိုက်တယ်လေ၊ ဆု တံဆိပ်တွေ ချီးမြှင့်ဖို့၊ သူတို့တွေရဲ့ မှတ်တမ်းတွေ ရေးပြီး စစ်ရုံးချုပ်ကို ပို့ရတယ်၊ အဲဒီအထဲမှာ တစ်ဝက်လောက်က ကိုယ့် စိတ်ကူးယဉ် ဇာတ်လမ်းတွေလေ၊ ရလိုက်ကြတဲ့ ဆုတွေဆိုတာ ဘာပြောကောင်းမလဲ။ အဲဒီမှာ ၀တ္ထုစရေး ဖြစ်တာပဲ၊ အဲဒီလိုနဲ့ ဒီဘ၀ ရောက်လာတာ ဆိုပါတော့"။
မိန်းမတွေကို ယောက်ျားတွေထက် ပို သဘောကျသည်ဟု သူပြောသည်မှာ အလကား ပြောခြင်း မဟုတ်ကြောင်း သူနဲ့ တွဲလုပ်ပြီး မကြာမီကာလအတွင်း သိရတော့၏။]

သူ့ လူမှုဆက်ဆံရေး နယ်ပယ်မှာ ကျယ်ပြန့်စုံလင်လှ၏။ မော်ဒယ်မိန်းကလေးများကို ထည်လဲနှင့် တွဲနေသည့် ပထမအလုပ်ရှင် ခရစ္စတိုဖာသည် ဂလင်ဆင်ကလဲယားနှင့် ယှသ်လိုက်လျှင် ရသေ့ ရဟန်း တစ်ပါး သို့ ဖြစ်နေသည်။

ဂလင် က တစ်နေ့တစ်ယောက် စွံသည့် လူစားမျိုး။ သူ့အတွက် မိန်းမတွေ နေရာတိုင်းမှာ ရနိုင် သည်။ ဘဏ် မှာ တွေ့လာတတ်၏။ ကုန်တိုက်မှာ တွေ့လာတတ်၏။ စားသောက်ဆိုင်၊ ပန်းဆိုင်၊ စာအုပ်ဆိုင်၊ ရုပ်ရှင်ရုံ၊ မြေအောက် ရထား၊ ဘယ်သွားသွား နေရာတကာမှာ တွေ့တတ်၏။

သူမျက်စိကျပြီဆိုလျှင် ညစာ ဖိတ်ကျွေးမည်။ ပြီးလျှင် သူ့အခန်းကို ဆက် ဖိတ်သည်။ ငြင်းပယ် ခံရသည်မှာ မရှိ သလောက်ပင်။
"အေး အရက်တို့ မူးယစ်ဆေးဝါးတို့ လောင်းကစားတို့ကျတော့ ကိုယ်တစ်ခုမှ တစ်ယောက်ယောက် အား ဧည့်ဝတ် ပြုနေသည်ကို တွေ့ရစမြဲ။ တစ်ချို့ အမျိုးသမီးများဆိုလျှင် တစ်ပတ်နှစ်ပတ်အထိ သူ့အခန်းတွင် နေသည်။ ရံခါတွင် လနှင့်ချီ နေသွားသည့် မိန်းမများလည်း ရှိ၏။

ဂလင့်ဆီတွင် ဂျိန်းအလုပ်ဝင်သည်မှာ လပေါင်းများစွာ ကြာခဲ့ပြီ။ အဆင်ပြေသည်။ စိတ်ချမ်း သာစရာ ကောင်းသည်။ အောက်တိုဘာလထဲရောက်တော့ တစ်နေ့တွင် ဂျိန်းက မေးသည်။ မေးချင်သည်မှာ ကြာပြီ ဖြစ်သည့် မေးခွန်း။
"ဂျိန်း ကို ကျတော့ ဂလင် ဘာလို့ ချမ်းသာပေးတာလဲ"
"မင်းက အလုပ်တော်တယ်၊ သုတေသနသမား ကောင်းကောင်းရဖို့ မလွယ်ဘူးလေ၊ သိပ်ရှားတယ်" ဟု ဖြေသည်။

"အတွဲ က မရှားဘူးပေါ့"
"ဟုတ်တယ်လေ၊ ရှားတာက သုတေသနမိန်းကလေးတွေ"
ပြောပြီး နှစ်ယောက်သား ရယ်ကြသည်။ သူတို့နှစ်ယောက် ပို၍ ပို၍ ရင်းနှီးလာကြသည်။ သူငယ်ချင်းတွေလို ဖြစ် လာကြသည်။ တစ်ယောက်ကိုတစ်ယောက် လိုအပ်သည်အခါတွင် အားပေး ကူညီကြသည်။
သူ့အပေါ်ကို တပ်မက်စိတ်ဖြင့် မကြည့်တတ်သည့် ဂလင်နှင့် ရယ်စရာ လုပ်ပြီး သည့်နေ့တွင်ပင် တိုက်တိုက်ဆိုင်ဆိုင် လူတစ်ယောက်နှင့် ဂျိန်း ဆုံစည်းဖြစ်လေသည်။ သူ့နာမည်က အိုဝင်ကာဆယ်။
သူနှင့် တွေ့ပြီးကတည်း ဇာတ်လမ်း ဖြစ်တော့မည်ဟု ဂျိန်း ယုံကြည်လိုက်၏။ နှစ်ယောက်ကြားတွင် သဘော ကွဲတာတွေ ရှိချင် ရှိမည်။ အချစ်ကိစ္စတွင်တော့ ပြဿနာ မရှိနိုင်ဟု ယုံကြည်လိုက်၏။

ဆက်ရန်
.

1 comment:

Anonymous said...

အယ်လီတယောက်တော့လွမ်းရတော့မယ်...