Sunday, April 3, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၃၁)

အခန်း ၃၀
အလံဖြူထောင်ခြင်း

ကျွန်တော့်အမေက ကျွန်တော့်ကို အမြဲသဖြင့် ရန်းဒေါ့ဖ်ဟုခေါ်သည်။
အမေသည် ဗာဂျင်းနယားရှိ နို့ထွက်ပစ္စည်း ထုတ်လုပ်ရောင်းချသော ခြံကလေးတစ်ခုတွင် မွေးဖွားခဲ့ သည်။ အမေ့ကို မွေးဖွားသည့်အချိန်မှာ ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ကျရောက်နေချိန်ဖြစ်သဖြင့် ညစာ အ တွက် စားစရာ အလုံအလောက်များမှ ရရှိပါ့မလားဟု စဉ်းစားနေကြရသော ကာလဖြစ်သည်။ ကျွန်တော့်အား ရန်းဒေါ့ဖ်ဟု ခေါ်ဝေါ်ခြင်းမှာ ဤအမည်သည် အချို့သောအဆင့်တန်းမြင့်သည့် ဗာဂျင်နီးယားသားများ မှည့်ခေါ်တတ်သော အမည်ဖြစ်သောကြောင့်ပင်၊ ထို့ကြောင့်ပင်လောမသိ၊ ကျွန်တော် သည် ဤအမည်ကို လက်မခံဘဲ မုန်းခဲ့ခြင်းဖြစ်သည်။ ဤလိုနာမည်မျိုးကို မည်သူကကော လိုချင်ပါ မည်နည်း။

သို့ပင်ဖြစ်သော်လည်း ကျွန်တော့်အမေသည် ထိုအမည်ဖြင့်သာခေါ်၏။ လူပျိုပေါက်အရွယ်တွင် ကျွန် တော်သည် အမေနှင့်ထိပ်တိုက်တိုးတော့သည်။ "ကျွန်တော့်မှာ ကျွန်တော် ဘယ်သူဆိုတာကို ရွေးချယ် ခွင့်ရှိတယ်၊ အဲဒီအခွင့်အရေးထက်ကျော်လွန်ပြီး အမေ့မှာ ကျွန်တော့်ကို အမည်ပေးပိုင်ခွင့်ရှိသလား"
"ဟဲ့၊ ရန်းဒေါ့ဖ်၊ ငါ့မှာရှိတာပေါ့"ဟု အမေက ပြောသည်။ ကျွန်တော်တို့သားအမိနှစ်ယောက် ဤသို့ဖြစ်ခဲ့ ကြရာ အနည်းဆုံးအားဖြင့်တော့ တစ်ဦး၏ရပ်တည်ချက်ကို တစ်ဦးက သိလိုက်ကြသြည်။ ကျွန်တော် တက္ကသိုလ် ကျောင်းသားဖြစ်လာချိန်၌ ကျွန်တော့်မှာ ကိုယ့်နာမည် ကိုယ်ရွေးခွင့်ရှိလာခဲ့ပေပြီ။ အမေက ကျွန်တော့် ထံ အီးမေးလ်ပို့သည့်အခါ ရန်းဒေါ့ဖ် ပေါက်ရှ်ဟု လိပ်မူပို့သည်။ ကျွန်တော်သည် စာအိတ်ပေါ် ၌ "ဤအမည်မျိုးနှင့်လူ မရှိပါ"ဟု ရေးပြီး စာများကို ဖောက်မဖတ်ဘဲ ပြန်ပို့သည်။

နောက်တော့ အပေးအယူကောင်းလုပ်သည့်အနေဖြင့် အမေက သူ့စာများကို "အာရ်ပေါက်ရှ်"ဟု လိပ် မူလာခဲ့သည်။ ထိုစာများကိုကား ကျွန်တော်ဖောက်ဖတ်၏။ သို့ရာတွင် နောင်တစ်ခါ တယ်လီဖုန်းနှင့် စကားပြောကြသည့်အခါ အမေက သူ၏နဂိုခေါ်မြဲနာမည်အတိုင်း ခေါ်ဝေါ်ပြောပြန်တော့သည်။ "ရန်းဒေါ့ဖ်၊ သား၊ အမေတို့ထည့်တဲ့စာ ရသလားဟင်" စသည်မျိုးဖြစ်၏။
နှစ်တွေများစွာ ကုန်လွန်လာခဲ့ပြီဖြစ်သည့် ယခုအချိန်ကျတော့လည်း ကျွန်တော် လက်လျှော့လိုက်ပါပြီ။ ကျွန်တော်သည် နေရာများစွာမှာ ကျွန်တော့်အမေကို လေးစားအသိအမှတ်ပြုမိပေရာ အကယ်၍ ပြော ရင်းဆိုရင်းနှင့် သူက ဤထည့်မပြောလည်းဖြစ်သည့် ရန်းဒေါ့ဖ် ဟူသော အမည်ကို ခေါ်ဝေါ်သုံးစွဲနေခဲ့ လျှင်လည်း ကျွန်တော်က အသာတကြည်ပင် လက်ခံလိုက်ပါတော့သည်။ လူ့ဘ၀ဆိုတာက တိုလွန်း လှသည် မဟုတ်ပါလော။

အချိန်တွေကလည်း ကုန်လွန်လာ ဘ၀က သတ်မှတ်ပြဋ္ဌာန်းလိုက်သည့် နေရတော့မည့် နောက်ဆုံး သတ်မှတ်ချက်အချိန်ဟူ၍လည်း ရှိလာတော့သည့် ယခုလိုအခါမျိုးတွင် လက်လျှော့အရှုံးပေးလိုက်ခြင်း သာ တစ်နည်းအားဖြင့် အကောင်းဆုံး ဖြစ်နေပါတော့သည်။
အခန်း ၃၁
သဘောတူ စာချုပ်ချုပ်ကြစို့

ကျွန်တော် အထက်တန်းကျောင်းသားဘ၀တုန်းက ကျွန်တော့်မှာ အကျင့်တစ်ခုဖြစ်လာခဲ့သည်။ ညစာ စားခန်းမှ စားပွဲတွင် ကုလားထိုင်ကို စောင်းငဲ့၍ထိုင်သည့်အကျင့်ဖြစ်၏။ ကျွန်တော်သည် မိဘများအိမ် သို့ ရောက်လျှင်လည်း ထိုအကျင့်အတိုင်းပြုတတ်လေရာ ကျွန်တော့်အမေက ဆူ၏။ "ရန်းဒေါ့ဖ်၊ ကုလားထိုင် ကျိုးသွားမယ်၊ အဲဒီလို မထိုင်နဲ့"ဟု ပြောလေသည်။
ကျွန်တော်သည် ကုလားထိုင်ကို နောက်သို့မှီ၍ထိုင်ရမှ ကျေနပ်သည်။ ထိုသို့ထိုင်ရတာ ကောင်းသည် ဟု ကျွန်တော်က ယူဆ၏။ ကုလားထိုင်သည် သူ့ခြေထောက်နှစ်ခုပေါ်မှ သူ့ဘာသာ သူ့လက်တံနှင့်သူ ဖြစ်ရာ ဘာမျှ မဖြစ်ဟုလည်း ထင်သည်။ ထို့ကြောင့် ထမင်းစားပြီးတိုင်း စားပြီးတိုင်း ကျွန်တော်ကလည်း ကုလားထိုင် ကို နောက်လှန်မှီကာ ထိုင်သည်။ အမေကလည်း ဆူသည်။

တစ်နေ့တွင်တော့ အမေက ပြော၏။ "ဟေ့၊ အဲဒီကုလားထိုင်ကို အဲဒီလို မထိုင်နဲ့၊ မင်းကို ဘယ်နှစ်ခါ ပြောရမလဲ၊ နောက်ဆို မပြောတော့ဘူး"တဲ့။
ထိုစကားသည် အမေနှင့် ကျွန်တော် တစ်ခုခုသဘောတူချက်ရဖို့ ဖန်တီးသည့်အခြေအနေမျိုးဟု ထင် သည်။ ထို့ကြောင့် ကျွန်တော်က အမေ့အား ကျွန်တော်တို့ သဘောတူညီချက်တစ်ခုရအောင် ပြုကြစို့ဟု ပြောသည်။ သားသမီးနှင့် မိဘတို့ထားကြသည့် သဘောတူစာချုပ်ဟု ဆိုပါစို့။ ကျွန်တော့်ကြောင့် ကု လားထိုင် ကျိုးပျက် သွားလျှင် ကျွန်တော်က ကုလားထိုင် လျော်ပေးရုံသာမက အပိုအဆစ်အနေဖြင့် ညစာစားခန်းတစ်စုံလုံးကိုပါ လျော်ပေးရန်ဖြစ်သည်။ (အနှစ် ၂၀ လောက် သက်တမ်းရှိနေသော စားပွဲ ကုလားထိုင်တစ်စုံလုံးမှ ကုလားထိုင် တစ်လုံးချင်းမျှကို အစားထိုးပေးခြင်းမှာ ဖြစ်နိုင်မည်မဟုတ်ပေ။) သို့ ရာတွင် ကျွန်တော်ကလည်း ကုလားထိုင် ကို ကျိုးအောင် မထိုင်မချင်း အမေကလည်း ဘာဆုံးမသြ၀ါဒမှ မပေးတော့ရန် ဖြစ်ပါ၏။

တကယ်တော့လည်း ကျွန်တော့်အမေဘက်က မှန်ပါသည်။ ကျွန်တော့်မှာ ကုလားထိုင်ခြေထောက်တွေ အပေါ် ဂရုစိုက်နေရ၏။ ကျွန်တော်တို့နှစ်ဦး သဘောတူညီချက်တစ်ခု ထားရှိလိုက်ခြင်းကား အငြင်းပွား မနေကြ ရအောင်သာ ဖြစ်ပေသည်။ ကျွန်တော်ကလည်း ကုလားထိုင် ပျက်စီးသွားလျှင် ငါ့မှာတာဝန်ရှိ သည်ဟူသော အသိဖြစ်နေရ၏။ အမေ့မှာလည်း ကုလားထိုင်ခြေထောက်တစ်ချောင်းချောင်း အက်ကွဲ သွားမည် ဆိုလျှင် "ကဲ၊ အမေ့စကားကို နားထောင်ထိုက်တယ် မဟုတ်လား"ဟု ပြောနိုင်မည့် အနေအ ထားမျိုး တွင် ရှိနေတော့သည်။

ကုလားထိုင်လည်း မကျိုးမပျက်ပါ၊ ကျွန်တော့်အမေ အိမ်ရောက်တိုင်း ကုလားထိုင်ကို နောက်လှန်မှီ၍ ထိုင်သည်။ သဘောတူညီချက်ကလည်း တည်နေဆဲဖြစ်သည်။ ဤတွင် အထူးစဉ်းစားနေရမည့် ပဟေဠိစကား မပါပါ။ အခြေအနေတစ်ရပ်လုံး ပြောင်းလဲသွားသည်။ အမေက ကျွန်တော့်အား နောက် လှန်မှီ ထိုင်ချင် ထိုင်လေဟုတောင်ပြောလာကြောင်း ကျွန်တော်မဆိုပါ။ သို့ရာတွင် အမေ့မှာ ညစာစား ခန်းထဲမှ စားပွဲကုလားထိုင် တစ်စုံလုံးအစားရလာနိုင်မည့်အရာကိုကား မျှော်တွေးနေလောက်သည်ဟု ကျွန်တော် ထင်ပါသည်။
အခန်း ၃၂
မညည်းညူပါနှင့်၊ တိုး၍ ကြိုးစားလုပ်ပါ။

များလှစွာသောလူတို့သည် ကိုယ့်ပြဿနာနှင့်ကိုယ် ဖြစ်ကြရာ ဘ၀ကို ကိုယ့်ပြဿနာများအကြောင်း ညည်းညူရင်းဖြင့် ဖြတ်သန်းနေကြသည်။ လူများသည် ညည်းညူသည့်ကိစ္စမှာ ထည့်သည့်အားအင်၏ ၁၀ ပုံ တစ်ပုံမျှကိုသာ စိုက်ထုတ်ပြီး ပြဿနာများကို ဖြေရှင်းကြမည်ဆိုပါက ပြဿနာများကို သည်လို ဖြေရှင်းလို့ရနိုင်ပါကလားဟု အံ့အားတသင့်တောင် ဖြစ်လာကြမည်ဟု ကျွန်တော်အမြဲတမ်း ယုံကြည် နေတတ်သည်။

ကျွန်တော့်ဘ၀တွင် ဘယ်တော့မှ မညည်းညူသည့် အံ့ဖွယ်လူတစ်ချို့ကိုလည်း တွေ့ခဲ့သိခဲ့ဖူးသည်။ ထိုလိုလူမျိုးများထဲတွင် တစ်ဦးမှာ စန္ဒီဘလတ်ဖြစ်သည်။ ကျွန်တော် အထက်တန်းကျောင်းသားဘ၀က ကျွန်တော်ငှားနေသော အခန်းပိုင်ရှင်ဖြစ်၏။ အသက်ငယ်ရွယ်စဉ်က အဆောက်အအုံတစ်ခုမှ အခန်း တစ်ခုအတွင်းသို့ သေတ္တာကိုချနေချိန်တွင် ထရပ်ကားတစ်စီးက နောက်ဆုတ်လာရင်း သူ့ကိုတိုက်မိ၏။ သူသည် အခန်းထဲသို့ဆင်းသည့် လှေကားထစ်များအတိုင်း ကျွမ်းထိုးမှောက်ခုံ နောက်လန်ကျသွား သည်။ "လိမ့်ကျသွားတာက ဘယ်လောက်ဝေးတုန်း"ဟု သူ့ကိုမေးကြည့်သည့်အခါ "ဟာ၊ ဝေးတာပေါ့" ဟုသာ ဖြေသည်။ သို့ရာတွင် သူသည် ကျန်သည့်ဘ၀တစ်လျှောက်လုံး ခြေနှစ်ချောင်းရော လက်နှစ် ဖက်စလုံးပါ သုံး၍မရသည့်အဖြစ်သို့ ရောက်သွားခဲ့သည်။

စန္ဒီသည် ထူးချွန်သောအားကစားတစ်ဦးဖြစ်ခဲ့သည်။ ထိုသို့ ကားနှင့်အတိုက်ခံရချိန်တွင် လက်ထပ်ဖို့ စေ့စပ် ကြောင်းလမ်းပြီးသား ဖြစ်နေသည်။ သူသည် သူ၏ချစ်သူရည်းစားကို ၀န်မတက်စေလို၍ ဤသို့ ပြောသည်။ "မင်း၊ ဒီကိစ္စအတွက် လက်မှတ်ရေးထိုးတာမှ မဟုတ်တာပဲ၊ မင်း နောက်ဆုံးလိုတဲ့ဆန္ဒ ရှိ တယ်ဆိုရင်လည်း ကိုယ် နားလည်ကျေနပ်ပါတယ်၊ မင်းဘာသာ အေးချမ်းစွာ နေနိုင်ပါတယ်"
သူ့ချစ်သူကလည်း သူပြောသည့်အတိုင်းပင် နောက်ဆုတ်သွားသည်။

သူ အသက်သုံးဆယ်ကျော်အရွယ်က စန္ဒီကို ကျွန်တော် တွေ့ခဲ့ခြင်းဖြစ်၏။ သူ့စိတ်ဓာတ်ကိုကြည့်ပြီး ကျွန်တော် ချီးမွမ်းအံ့သြဖြစ်ရသည်။ သူသည် ဤအကြောင်းများကို ညည်းညူသည့်လေသံ ဘာတစ်ခုမှ မပါဘဲ ပြောကြားခဲ့ခြင်းဖြစ်သည်။ သူသည် ကြိုးစားသူဖြစ်ရာ လိုင်စင်ရ အိမ်ထောင်ရေးအတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်လာသည်။ သူ အိမ်ထောင်ကျကာ သားသမီးများလည်း ရသည်။ သူ၏ကျန်းမာရေးပြဿနာ များကို ပြောသည့်အခါတွင်လည်း "ဒီလိုပါပဲ"ဟူသော သဘောမျိုးလောက်ဖြင့် ပြောကြားခဲ့ခြင်း ဖြစ် သည်။ တစ်ခါက ကျွန်တော့်ကို သူ ရှင်းပြဖူးသည်။ ခြေလက်မသန်စွမ်းသူများဟာ တုန်တတ်ခိုက်တတ် ခြင်း မရှိသောကြောင့် အပူချိန် အပြောင်းအလဲဖြစ်သည့်အခါများတွင် အခက်အခဲရှိတတ်ကြောင်း ဖြစ်ပါ သည်။ "ရန်ဒီ၊ ငါ့ကို စောင်ကလေး လှမ်းလိုက်ပါဦး"ဟု ပြောတတ်သည်။ သူ့အဖို့ ဤမျှသာရှိလေသည်။ ဘယ်တော့မှ မညည်းညူ။

ကျွန်တော့်ဘ၀တစ်လျှောက် သဘောကျလာခဲ့သော မညည်းညူသူ နောက်တစ်ဦးကား ဂျက်ကီရော် ဘင်ဆင် ဖြစ်သည်။ သူသည် မေဂျာလိဂ် ဘေ့စ်ဘောမှာ အဦးဆုံး ကစားနိုင်ခဲ့သည့် အာဖရိကနွယ် အမေရိကန် တစ်ဦးဖြစ်သည်။ ယနေ့ခေတ် လူငယ်များအနေဖြင့် ဘယ်လောက်များဆိုးသလဲဟု တွေး တောမရနိုင်လောက်သည့် လူမျိုးရေးခွဲခြားမှုဒဏ်ကို သူသည် ကောင်းကောင်းကြီးခံခဲ့ရ၏။ သူသည် လူဖြူများထက် ပို၍ကောင်းအောင်ကစားမှ ဖြစ်မည်ကို သူသိသည်။ ပိုပြီးကြိုးစားရမည်ကို သူနားလည် သည်။ ထို့ကြောင့် သူသည် လူဖြူများထက် ပိုကောင်းအောင်ကစားပြီး ပိုကြိုးစားခဲ့သည်။ သူက ပွဲကြည့်ပရိသတ်များက သူ့ကို တံတွေးဖြင့် ထွေးသော်တောင်မှလည်း မညည်းညူတမ်း အဓိဋ္ဌာန်ပြု ထားခဲ့သည်။

ကျွန်တော်သည် ဂျက်ကီရော်ဘင်ဆင် ကျွန်တော့်ရုံးသို့ရောက်လာသည့်အခါ ဓာတ်ပုံရိုက်ယူထားလေ့ရှိ သည်။ ကျောင်းသားများစွာတို့သည် သူဘယ်သူမှန်းကိုလည်းကောင်း၊ သူ့အကြောင်းကို လည်းကောင်း မသိဟု ဆိုသောအခါ အတော်ကြီး ၀မ်းနည်းမိသည်။ ကျောင်းသားတော်တော်များများသည် သူ့ဓာတ်ပုံ ကိုတောင် ဂရုပြုမိခြင်း မရှိကြပါ။ ရောင်စုံတီဗွီများနှင့် ကြီးလာခဲ့ကြသူ လူငယ်များသည် အဖြူအမည်း ပုံများကို ကြည့်ဖို့ အချိန်အများကြီး အကုန်မခံတတ်ကြတော့ပြီတကား။

ဤအရာသည် မကောင်းလှပါ။ ဂျက်ကီရော်ဘင်ဆင်တို့လို့ စန္ဒီဘလတ်တို့လို ပုဂ္ဂိုလ်များထက်ပို၍ အား ကျစရာ လူမျိုးမရှိပါ။ သူတို့ဘ၀က ဇာတ်လမ်းများကပေးသော သတင်းစကားကား ဤသို့ဖြစ်သည်။ "ညည်းညူခြင်း ဟူသည် မဟာဗျူဟာတစ်ခုအနေဖြင့် အလုပ်မဖြစ်ပါ၊ ကျွန်ုပ်တို့မှာရှိသော အချိန်နှင့် စွမ်းအင် သည် အကန့်အသတ်နှင့်ဖြစ်သည်။ ရသမျှအချိန်လေးကို ညည်းညူခြင်းမှာ ဖြုန်းပစ်နေရုံဖြင့် ကျွန်ုပ်တို့၏ ရည်မှန်းချက်ပန်းတိုင်သို့ မရောက်နိုင်သလို ကျွန်ုပ်တို့အား ပျော်ရွှင်မှုလည်း ပေးနိုင်မည် မဟုတ်ပါ"။

ဆက်ရန်
.

3 comments:

ahphyulay said...

အင်း..
လူတိုင်းသည် ကိုယ့်ပြဿနာနှင့်ကိုယ် ငြီးတွားရင်း
ဘဝကို ဖြတ်သန်းနေကြသည် တဲ့ ။
အဲ့ ဒါသိပ်မှန်တယ်ဗျာ...။

Anonymous said...

Thanks Sis.

Ray

Anonymous said...

အနော်လဲ ညည်းညူတာ မကြိုက်ဖူး မမရေ... :P