Thursday, March 24, 2011

နောက်ဆုံးအချိန် နောက်ဆုံးစကား (The Last Lecture) အပိုင်း (၂၁)

ဒီလန်သည် ကိုယ်အလေးချိန် နှစ်ပေါင်နှင့် ၁၅ အောင်စသာ ရှိသည်။ သူ့ဦးခေါင်းသည် ဘေ့စ်ဘော အရွယ်အစား မျှလောက်သာရှိ၏။ သို့ရာတွင် ကံကောင်းသည်မှာ သူသည် သူ့ဘာသာ အသက်ရှူနိုင် ခြင်း ဖြစ်သည်။

ဂျေးသည် စိတ်တွေအလွန်လှုပ်ရှားနေခဲ့ရာမှ စိတ်သက်သာရာရလာသည်။ သူပြုံးလိုက်သောအခါ ပြာနေသော သူ့နှုတ်ခမ်းများသည် အပြာရောင် ကွယ်ပျောက်သွားပြီး နဂိုရောင်သို့ ပြန်ရောက်နေပြီဖြစ် ကြောင်း ကျွန်တော် တွေ့ရသည်။ ကျွန်တော်သည် သူ့အတွက် အလွန်ဂုဏ်ယူမိသည်။ သူ၏သတ္တိကား အံ့လောက်ဖွယ်ပင်။ ကျွန်တော်က သူ့ကို သွေးလန့်ပြီး ရှော့ဖြစ်မသွားအောင် ပြုနိုင်ခဲ့ပေ၍လော မပြော တတ် တော့ပါပေ။ သို့ရာတွင် ကျွန်တော်သည် သူ ကျွန်တော်တို့မခွဲအတူရှိနေစေဖို့အတွက် တတ်နိုင်သ မျှ ကျွန်တော် ကြိုးစား၍ ဖြစ်နိုင်ရာရာကို ပြောခဲ့ လုပ်ခဲ့၊ တွေးခဲ့သည်ကတော့ အမှန်ဖြစ်ပေသည်။ ကျွန်တော် သည် ထိတ်ထိတ်ပျာပျာနှင့် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်မသွားအောင် ကြိုးစားခဲ့သည်။ ထိုသို့ ပြုနိုင်ခြင်း ကလည်း အထောက်အကူ ဖြစ်စေနိုင်ခဲ့သည်ထင်၏။

ဒီလန်အား ဖွားကင်းစကလေးများကိုထားသည့် အထူးကြပ်မတ်ကုသဆောင်သို့ ပို့လိုက်ကြသည်။ ကျွန်တော် သည် ဤအခါတွင်မှ ထိုအဆောင်တွင် မိမိတို့၏ မွေးကင်းစကလေးများကို ပို့ထားရသည့် မိဘများကို ဆရာဝန် ဆရာမများက အထူးဂရုစိုက်၍ စိတ်မပူပါနှင့်၊ ဘာမှမဖြစ်ပါဘူး စသော အာမခံ ချက်စကားများကို ပြောပေး ဖို့ လိုပါကလားဟု သိရပါတော့သည်။ မက်ဂီဆေးရုံတွင် ဝေးကွာလှသော အရာနှစ်ခုကို ဆက်သွယ် ပေး သည့် အလုပ်မျိုးကို တစ်ပြိုင်နက် လုပ်ပေးနိုင်ကြ၏။ အံ့ဖွယ်ကောင်းလှ သည်။ မိဘများကို

၁။ ရှင်တို့ကလေးက သူများနဲ့အတူ၊ အထူးဆိုတော့ သူ့ကို ပေးဖို့လိုတဲ့ ဆေးတွေက လည်း ဘယ်ဟာနဲ့မှ မတူဘူး ဆိုတာ ကျွန်တော် နားလည်ပါတယ်။

၂။ မပူပါနဲ့၊ ကျွန်မတို့ ဒီဆေးရုံမှာ မွေးပေးလာခဲ့ကြတာ ကလေးတွေ သန်းနဲ့ချီနေပါပြီ ဟူ၍ စကားတွေ အများကြီး  ပြောပြကြသည်။

ဒီလန်အား အသက်ရှူစေရန် အသက်ရှူပေးသည့်စက် မလိုခဲ့ပါ။ သို့ရာတွင် ကလေးသည် အဆင်းလမ်း သို့ ရောက်သွား နိုင်သည်ဟူသော ပြင်းထန်သည့် စိုးရိမ်စိတ်သည် တစ်နေ့ထက် တစ်နေ့ တိုး၍ ကျွန်တော်တို့မှာ ဖြစ်နေရ ဆဲဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ မိသားစုသည် နှစ်ယောက်မှ သုံး ယောက် မိသားစု ဖြစ်လာခြင်း အထိမ်းအမှတ်ပွဲလုပ်ဖို့ စောလွန်းနေသေးမလားဟု တွေးနေကြရသည်။ ကျွန်တော်နှင့် ဂျေးတို့ ဆေးရုံသို့ နေ့တိုင်း ကားနှင့်သွားကြသည်။ ထိုသို့သွားကြသည့်အခါတိုင်း ကျွန်တော်တို့ နှုတ်က ပြော မထွက်သော ကိုယ်စီအတွေးများ ရှိနေကြသည်။ "တို့ ဟိုရောက်သွားရင် တို့ သားကလေး အသက်မှ ရှိပါဦးမလား"ဟူသော အတွေးဖြစ်ပါသည်။

တစ်နေ့တွင် ကျွန်တော်တို့ ဆေးရုံသို့ရောက်သွားကြသည်။ ဒီလန်ကလေးထားရာ ကလေးပုခက်က လေးကို မတွေ့ ရတော့ပေ။ ဂျေးသည် စိတ်ထိခိုက်သွားပြီး ပြိုလဲလုမတတ် ဖြစ်သွားသည်။ ကျွန်တော့် နှလုံးလည်း တဒိတ်ဒိတ်ခုန် နေတော့သည်။ ကျွန်တော်သည် အနီးဆုံး သူနာပြုဆရာမတစ်ယောက်ကို လှမ်းဆွဲ လိုက်သည်။ (ဆွဲဆို အပေါ်အင်္ကျီကော်လာစ တစ်ဖက်ကို တကယ်ဆွဲလိုက်ခြင်းဖြစ်သည်။) ပြောမည့် စကား အတွက် ၀ါကျကို ပြည့်စုံအောင်ပင် စီ၍မရဖြစ်နေသည်။ ပူပန်စိုးရိမ်မှုကြောင့် စကားမှာ အထစ်ထစ် အငေါ့ငေါ့ တစ်လုံးချင်းထွက်လာသည်။

"ကလေး၊ ကလေး၊ နောက်ဆုံးနာမည်က ပေါက်ရှ်၊ ဘယ်မှာလဲ"
ကျွန်တော်တို့ ထိုအချိန်က ပြောဆိုရှင်းပြခြင်း မပြုနိုင်လောက်အောင်ပင် အားအင်တွေ ကုန်ခမ်းနေ သည် ထင်ရသည်။ ကျွန်တော် ရှေးယခင်က တစ်ကြိမ်တစ်ခါမှ မရောက်ခဲ့ဖူးသေးသော မှောင်မိုက်သော နေရာသို့ ၀င်သွားရတော့ မလေလားဘဲ ကြောက်နေမိတော့သည်။

သို့ရာတွင် သူနာပြုဆရာမက ပြုံးလျက်ပြောပါ၏။ "ရှင်တို့ကလေး ကျန်းမာနေပါရဲ့ရှင်၊ သူက ကျန်းမာ နေလို့ ကျွန်မ တို့ သူ့ကို အပေါ်ထပ်ကို ရွှေ့ပြီး လေဟာပြင်ထဲမှာ ကလေးပုခက်နဲ့ ထားပါတယ်"
ဤတွင်မှ ကျွန်တော်တို့ အလုံးကြီးကျသွားပြီး အခြားအဆောင်သို့ သွားသည့်လှေကားအတိုင်း အမြန် ပြေး တက်ခဲ့ကြသည်။ ဒီလန်ကလေးကား သူ၏ကလေးဘ၀အတွင်းသို့ အော်ဟစ်၍ လှမ်းဝင်နေလေ သည်။

ဒီလန်ကို မွေးဖွားခြင်းသည် ကျွန်တော့်အား အမြဲသတိရစရာဖြစ်နေ၏။ ကျွန်တော်တို့သည် မိမိတို့၏ အ နာဂတ် ဘ၀ကြမ္မာကို ဖန်တီးရာတွင် ကျွန်တော်တို့ ပါဝင်လုပ်ဆောင်ရမည့်အခန်းကဏ္ဍကို သတိရစေခဲ့ ခြင်း ဖြစ်သည်။ ဂျေးနှင့် ကျွန်တော်တို့သည် အစိတ်စိတ်အပိုင်းပိုင်း ဖြစ်စေသောအားဖြင့် အခြေအနေ ကို ဆိုးသထက် ဆိုးအောင် ပြုပစ်လောက်နိုင်ခဲ့သည်။ ဂျေးသည် သွေးလန့်ခြင်းဖြင့် ရှော့ခ်ဖြစ်သွားပြီး ကယောင် ကတမ်း တွေ ဖြစ်သွားနိုင်ခဲ့သည်။ ကျွန်တော်ကလည်း ကျွန်တော့်ဘာသာ ကျွန်တော် ဘာ လုပ်ရမည် ကိုင်ရမည် မသိ ဖြစ်ကာ ဂျေးကို ခွဲစိတ်နေစဉ်၌ ခွဲစိတ်ခန်းထဲ၌ ဘာအကူအညီမျိုးမှ မပေးနိုင် သည့်အနေမျိုး ရှိခဲ့နိုင်၏။ 

ဤအဖြစ်ဆိုးကြီး၏ ကာလတစ်လျှောက်လုံး၌ ကျွန်တော်တို့သည် "ဒါတော့မသင့်ဘူး"ဟူ၍ တစ်ဦးနှင့် တစ်ဦး ပြောမိခဲ့ ကြသည်မထင်ပါ။ ကျွန်တော်တို့သည် ဖြစ်လာသည့်အတိုင်းပင် ရင်ဆိုင်ခဲ့ကြသည်။ အဖြေ ရလဒ်ကောင်း ထွက်လာစေနိုင်ဖို့အတွက် ငါတို့လုပ်နိုင်မည့် အလုပ်မျိုးတွေရှိသည်ဟုပင် ကျွန် တော်တို့ သိထားကြသည်။ သိထားသည့်အတိုင်းလည်း ကျွန်တော်တို့လုပ်နိုင်ရာကို လုပ်ခဲ့ကြ၏။ စကားဖြင့်ပင် ထုတ်ဖော် မပြောသော်လည်း ကျွန်တော်တို့၏ စိတ်ထားကား "ကဲ၊ ကုန်းနှီးကိုတင်၊ မောင်းနှင် စီးကြစို့" ဟူသော စိတ်ထားမျိုးဖြစ်ခဲ့သတည်း။
အခန်း ၂၀
အနှစ် ငါးဆယ်အတွင်း စကားမဟခဲ့သောအရာ

ကျွန်တော့်ဖခင်သည် ၂၀၀၆ခုနှစ် တွင် ကွယ်လွန်သည်။ သူ ကွယ်လွန်သွားသောအခါ ကျွန်တော်တို့ သည် သူ့ပစ္စည်း များကို မွှေနှောက် ရှာဖွေကြည့်ကြသည်။ သူသည် အမြဲသဖြင့် ရှင်သန်လှုပ်ရှားမှု အပြည့်ဖြင့် နေသွား ခဲ့သူဖြစ်သည်။ သူ့ပစ္စည်းတွေက သူ၏စွန့်စားခန်းများကို ပြောပြနေကြသည်။ ဖေဖေ့ ဓာတ်ပုံ တွေထဲတွင် ဖေဖေသည် လူငယ်တစ်ယောက်အနေဖြင့် အကော်ဒီယန်တီးနေပြီး လူလတ်ပိုင်း တစ်ယောက် အနေဖြင့် ဆန်တာဝတ်စုံကို ဆင်မြန်းထားသည်။ (သူသည် ဆန်တာကလော့စ် လုပ်ရတာ ကို အတော် ၀ါသနာ ပါ၏။) လူကြီးတစ်ယောက်ဖြစ်လာသောအခါ ဖေဖေသည် သူ့အရွယ်ထက် ပို၍ ကြီးသော အဆာသွတ် ၀က်ဝံရုပ်ကြီးကို ဆုပ်ကိုင်ထားလေသည်။ သူ အသက် ၈၀ ပြည့်သည့်နေ့က ရိုက်ထားသော နောက်ဓာတ်ပုံ တစ်ခုတွင်ကား ဖေဖေသည် အသက်နှစ်ဆယ်အရွယ် တစ်သိုက်နှင့်အတူ ရိုလာကိုစတာ စီး နေသည်ကို တွေ့ရသည်။ သူ့မျက်နှာပေါ်တွင် ပြုံးပန်းတွေ ဝေနေလေသည်။

ဖေဖေ့ပစ္စည်းတွေထဲမှာ ပစ္စည်းတစ်ခုကို တွေ့မိရာ ထိုပစ္စည်းကို ဘာမှန်းမသိ၍ ကျွန်တော်ပြုံးမိသည်။ ဓာတ်ပုံ က ဖေဖေတစ်ဦးတည်း၏ ပုံပါ။ ကြည့်ရသည်မှာ ၁၉၆၀ ပြည့်လွန် စောစောပိုင်းနှစ်များအတွင်း၌ ရိုက်ခဲ့သော ပုံဖြစ်ဟန်တူသည်။ ဖေဖေသည် အပေါ်အင်္ကျီနှင့် လည်စီးနှင့် အကျအနပင်။ ကုန်စုံဆိုင်တစ် ခုထဲတွင် ရိုက်ထားသောပုံဖြစ်သည်။ လက်တစ်ဖက်တွင် ကုန်ထုတ်စက္ကူနှင့်လုပ်ထားသော အိတ်တစ် အိတ် ကိုင် ထားသည်။ အထဲတွင် ဘာပစ္စည်းရှိမည်ဟူ၍ကား ကျွန်တော် မပြောတတ်။ သို့ရာတွင် ကျွန်တော့်ဖခင် အကြောင်း ကို ကျွန်တော်သိထားပေရာ ပစ္စည်းကောင်းတစ်ခုခုတော့ ဖြစ်ရပေမည်။

ဆက်ရန်
.

2 comments:

မမ said...

ကျေးဇူးပါ မမရေ...ရန်ဒီနဲ့ဂျေးတို့ဇတ်လမ်းလေး ဖတ်ပီး ရန်ဒီ့ကို လောကကြီးထဲ မရှိတော့ဘူးဆိုတာကို မေ့မေ့သွားတယ်....
အနော်။

Angelhlaing(May everybody be happy and healthy! said...

မမရေ ..ဖတ်လေလေ စွဲဆောင်မှုရှိလေလေမို့
စောင့်မျှော်အားပေးနေပါတယ်လို့...
ကောင်းသောနေ့လေးဖြစ်ပါစေမမ။