အခန်း ၁၉
နှစ်သစ်ဇာတ်လမ်း
နှစ်သစ်ဇာတ်လမ်း
ဆိုးနေသော အရာတစ်ခုသည် ဘယ်လောက်ပင် ဆိုးသည်ဆိုစေ ထိုထက် ဆိုးအောင်လည်း လုပ်ပြစ် နိုင်သည်။ တစ်ချိန်တည်းမှာပင် ဆိုးတာကို ကောင်းအောင်လုပ်နိုင်သည့် စွမ်းအားမှာလည်း ကျွန်တော် တို့လက်တွင်းမှာပင် ရှိနေပါသည်။ ထိုသင်ခန်းစာကို ကျွန်တော်သည် ၂၀၁၁ ခုနှစ်၏ နှစ်ဟောင်းကုန်ဆုံး နှစ်သစ်အကြိုနေ့တွင် ကောင်းကောင်းရခဲ့သည်။
ထိုစဉ်ဂျေးသည် ကိုယ်ဝန် နှင့် ဒီလန်လေး ၏ ကိုယ်ဝန်ကို လွယ်ထားသည်မှာ ခုနှစ်လရှိနေပေပြီ။ ကျွန်တော် တို့သည် ၂၀၁၂ ခုနှစ်ကို တိတ်ဆိတ်သောည၌ အိမ်မှာ ဒီဗွီဒီအခွေကြည့်ရင်း ကြိုဆိုကြဖို့ လုပ်နေသည်။
ရုပ်ရှင်မှာကား စ၍ ကြည့်သည်မှာ မကြာလိုက်သေးပါ။ ဂျေးက 'ရေမြွာတော့ ပေါက်ပြီထင်တယ်' ဟု ပြောလိုက် ပါသည်။ သို့ရာတွင် ကျလာသည်မှာကား ရေမဟုတ် သွေးတွေဖြစ်နေသည်။ တစ်မုဟုတ်ချင်း ဆိုသလိုပင် သွေးများသည် မတရားထွက်ကျလာသည်။ အရေးပေါ်လူနာတင်ကားခေါ်ဖို့ အချိန်မရ လောက် တော့ကြောင်း ကျွန်တော်သိသည်။ မစ္စဘတ်မြို့မှ မက်ဂီအမျိုးသမီးဆေးရုံသည် မီးနီကို အမှုမထားဘဲ ဖြတ်သွားမည် ဆိုလျှင် (အမှန်တကယ်လည်း ကျွန်တော် မီးနီကို ဖြတ်မောင်းခဲ့သည်။) နေအိမ်မှ ကားနှင့် လေးမိနစ် မောင်း ခရီး ဖြစ်ပါသည်။
ကျွန်တော်တို့ အရေးပေါ် လူနာခန်းသို့ ရောက်သွားသောအခါ ဆရာဝန်များ သူနာပြုများနှင့် အခြားဆေးရုံဝန်ထမ်းများသည် အကြောဆေးများ၊ နားကြပ်များနှင့် အာမခံပုံစံများနှင့်အတူ ရောက်ချ လာပါသည်။ အချင်းသည် သားအိမ်နံရံမှ ပြတ်ထွက်သွားသည်ဟု ချက်ချင်းပင် ဆုံးဖြတ်ကြသည်။ အချင်းက ထိုသို့သော အခြေအနေမျိုးသို့ ရောက်နေပေရာ သန္ဓေသားကို အသက်ရှင်ရေးအတွက် အထောက်အပံ့ ပြုပေးနေသည့် အရာသည် မရှိတော့သည့် သဘောပင် ဖြစ်သည်။ ဆရာဝန်များအဖို့ ဤအခြေအနေသည် ဘယ်မျှ အရေးကြီးသည်ဟု လူနာရှင်အား ပြောဖို့လိုမည်မဟုတ်ပါ။ ဂျေး၏ကျန်းမာရေးနှင့် ကျွန်တော်တို့ ကလေးငယ် ကလေး အသက်နှင့် ပါလာရေးသည် အန္တရာယ်များသည့်အခြေအနေသို့ ရောက်နေပါသည်။
ကိုယ်ဝန်သည် သီတင်း တစ်ပတ်နျစ်ပတ်မက ချောချောမောမော အခြေအနေမျိုးသို့ မရောက်သေး။ ၀မ်းထဲ မှ ကလေး၏ ကန်ကျောက်မှုမျိုးကိုလည်း ဂျေးမှာ မခံစားရ။ ကိုယ်အလေးချိန်လည်း ပုံမှန် ပြန်မရောက် နိုင်ဖြစ်နေသည်။ ဤမျှ အရေးကြီးနေသော အခြေအနေတွင် သည်အတိုင်းနေ၍တော့မဖြစ် သူတို့၏ လက်ရှိ ဆေးဝါးကုသစောင့်ရှောက်နေပုံကို ခပ်တင်းတင်းပြောတော့မှပဲဟု တွေးကာ နောက်ထပ် အာလ်ထရာဆောင်း ရိုက်ကြည့်ပါဦးဟု ပြောရတော့သည် ထိုသို့ အာလ်ထရာဆောင်း ရိုက်ကြည့်တော့မှပင် ဂျေး ၏ အချင်းသည် ထိထိရောက်ရောက် အလုပ်မလုပ်တော့ကြောင်း ဆရာဝန်များ သိကြတော့သည်။ ကလေး သည် ကြီးထွားခြင်းမရှိတော့ချေ။ ထို့ကြောင့် ဆရာဝန်များသည် ကလေး၏ အဆုတ်များ ဖွံ့ထွား လာရေးအတွက် လှုံ့ဆော်အားပေးနိုင်ရန် ဂျေးအား အသက်ကယ်အားဆေး ထိုးပေးကြသည်။
စိတ်ပူစရာ အလွန်ကောင်းလှပေသည်။ ယခုသော် ဤရေးပေါ် လူနာခန်း၌ အခြေအနေသည် ပို၍ စိုးရိမ် ဖွယ် ဖြစ်လာသည်။
'ရှင့်မိန်းမ သွေးလန့်သွားတော့မယ့် အခြေအနေ ရှိနေတယ်'ဟု သူနာပြုတစ်ဦးက ပြောသည်။ ဂျေးသည် အလွန် ကြောက်နေ၏။ သူ့မျက်နှာတွင် အထင်းသား ပေါ်လွင်နေသည်ကို ကျွန်တော်တွေ့မြင်ရသည်။ ကျွန်တော် ကတော့ မကြောက်ဘူးလော ကြောက်သည်ပင်။ သို့ရာတွင် ကျွန်တော့်မှာ ခေါင်းအေးအေး ထားနိုင်အောင် ကြိုးစားနေရသည်။ ထိုသို့ ခေါင်းအေးအေးထားနိုင်မှသာလျှင် အခြေအနေကို သုံးသပ် နိုင်မည် မဟုတ်ပါလော။
ကျွန်တော် ကျွန်တော့်ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ နှစ်သစ်အကြိုနေ့၏ ည၉နာရီ။ သေချာသည်။ ဤဆေးရုံ ရှိ ၀ါရင့်ဆရာဝန်ကြီးများ၊ သူနာပြုများ မှန်သမျှ နှစ်သစ်အကြိုညအတွက် ထွက်သွား ကုန်ကြလေပြီ။ ဆေးရုံတါင် ရှိမည့် ဆရာဝန် ဆရာမများသည် ခ အသင်း အဆင့်မျိုးသာ ဖြစ်ပေလိမ့်မည်။ ထိုသို့သော ဆရာဝန် ဆရာမများသည် ကျွန်တော့် ကလေးနှင့် ဇနီးကို ကယ်ဆယ်ပေးရမည့် အလုပ်မျိုးကို လုပ်နိုင် လောက်သည့် အရည်အချင်းမျိုးကော ရှိပါမည်လေ။
သို့ရာတွင် မကြာလိုက်ပါချေ။ ထိုဆရာဝန်များနှင့် သူနာပြုဆရာမများကို ကျွန်တော် အထင်ကြီး လေးစား ရပေတော့သည်။ ထိုဆရာဝန်ဆရာမများသည် ဒုတိယတန်းအဆင့်လောက်သာရှိသော ဆရာဝန် ဆရာမများဖြစ်ကြသည် ဆိုပါက အလွန်အလွန် တော်ကြပါပေသည်ဟု ဆိုရပါပေမည်။ သူတို့သည် ရေးကြီး သုတ်ပျာနျင့် အပူတပြင်းဆောင်ရွက်ကြသည်။ သို့ရာတွင် အလွန်အေးဆေး တည်ငြိမ်လှ၏။ ရေးကြီး သုတ်ပြာ နှင့် အေးဆေးတည်ငြိမ်ခြင်းတို့ကို ရောစပ်လုပ်ကိုင်သွားကြပုံကား အံ့မခန်းပါတည်း။ သူတို့ ကြည့်ရသည် မှာ ခြေမကိုင်မိ လက်မကိုင်မိမျိုး ဘာမှမဖြစ်။ သူတို့သည် လုပ်စရာရှိတာကို ဘယ်လို ထိရောက် ကောင်းမွန်စွာ လုပ်သွားရမည်ကို သိထားသည့် ပုံမျိုးဖြင့်သာ ဆောင်ရွက်သွားကြပေသည်။ သူတို့ ပြောလိုက်လျှင်လည်း မှန်တာတွေချည်းဖြစ်လေတော့သည်။
အရေးပေါ် ဗိုက်ခွဲပေးဖို့ ခွဲစိတ်ခန်းထဲသို့ အမြန်ခေါ်ဆောင်လာသည့် ဂျေးက ဆရာဝန်များကို မေးသည်။ 'အခြေအနေ မကောင်းဘူး မဟုတ်လားဟင်'
ဆရာဝန်၏ တုံ့ပြန်အဖြေပေးလိုက်ပုံကို ကျွန်တော် အတော်သဘောကျမိသည်။ 'ကျွန်တော်တို့ တကယ်ပဲ ထိတ်ထိတ်ပြာပြာ ဖြစ်နေတယ်ဆိုရင် ခင်ဗျား ကို အာမခံပုံစံတွေ လက်မှတ် ထိုးခိုင်း နေတော့ ပါမလားဗျာ' တဲ့ ဆရာန်ဝန် က ဂျေးကို ပြန်ဖြေခြင်းဖြစ်ပါ၏။
ကျွန်တော်တို့ လ က်ရှိ ကြုံနေရသော အချိန်မျိုးတွင် ဤအဖြေမျိုးကို အင်မတန် လျော်ကန်သင့်မြတ်သော အဖြေ ဖြစ်ပါသည်။ 'ကျွန်တော်တို့က အဲဒါမျိုးတွေနဲ့ ဘယ်မှာ အချိန်ဖြုန်းနေမလဲဗျ'ဟု ဆရာဝန်က ဆက်ပြော ပါသည်။ ဆရာဝန်ပြောတာမှန်ပါသည်။ ဂျေးသည် ဘာမဟုတ်သည့် ဆေးရုံစာရွက်စာတမ်းကိုပဲ ထပ်ခါတလဲလဲ လက်မှတ်ရေးထိုးနေရခြင်းသည် လူနာများ၏ ပူပန်သောကကို ပြေလျော့ စေချင် သောကြောင့် ဤသို့ ပြုခိုင်းသလောဟု ကျွန်တော်ထင်ခဲ့သည်။
သို့ရာတွင် မည်သို့ဖြစ်စေ ဂျေးမေးလိုက်တာ ကောင်းပါ၏။ ထို့နောက် မေ့ဆေးဆရာဝန်သည် ကျွန်တော့် အား သူ့ဘေးနားသို့ ခေါ်ထားလိုက်သည်။
'ကဲခင်ဗျားတော့ ကနေ့ည အလုပ်တစ်ခုရတော့မယ်'ဟု သူကပြောသည်။ 'အဲဒီအလုပ်ကို လုပ်နိုင်မယ့် လူကလည်း ခင်ဗျားတစ်ယောက်တည်းသာရှိတယ်။ ခင်ဗျားမိန်းမ သွေးလန့်တော့မယ့်အခြေအနေ ရောက်နေပြီ၊ သူအဲဒီလိုဖြစ်သွားရင် ကျွန်တော်တို့ ကုပေးလို့တော့ ရပါတယ်၊ ဒါပေမဲ့ အလွယ်နဲ့တော့ ကုပေး လို့ ရမှာမဟုတ်ဘူး၊ ဒါကြောင့် ခင်ဗျားက သူ့ကို စိတ်အေးအေးထားနိုငအောင် လုပ်ပေးပါ၊ ခင်ဗျား ကျွန်တော် တို့နဲ့အတူရှိနေပြီး သူ့ကို ထိန်းပေးစေချင်တယ်'
ယောက်ျားတိုင်းလိုလို မိမိတို့၏ ဇနီးကလေးမွေးသည့်အခါ မိမိတို့လုပ်ရမည့် အခန်းကဏ္ဍ တကယ်ပဲ ရှိသလိုလို ဟန်ဆောင်ပန်ဆောင် ပြုချင်ကြသည်။ 'အသက်ရှူလိုက်၊ ရှူလိုက်၊ ဟုတ်ပြီ၊ အသက်ဆက်ရှူထား၊ ဆက်ရှူထား၊ ဟုတ်ပြီ'စသဖြင့် ပြုတတ်ကြ၏။ ကျွန်တော့်ဖခင်ကမူ ထိုသို့သော အစဉ်အလာ ပေးထားသည့် အတိုင်း ပြုရသည့် ယဉ်ကျေးမှုမျိုးကို ရယ်စရာကောင်းသည်ဟု ထင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ ပထမဦးဆုံးကလေး မွေးဖွားနေချိန်၌ ဖခင်သည် အပြင်ထွက်၍ ချိစ်ဘာဂါစားနေသောကြောင့် တည်း။
သို့ရာတွင် ယခုသော်ကား ကျွန်တော်သည် ကျွန်တော့်ဇနီး မီးဖွားမည့်အချိန်တွင် တကယ် လုပ်ရမည့် အလုပ်ကို အပေးခံရလေပြီ။ မေ့ဆေးဆရာဝန်သည် တည့်တည့်ပဲပြောတတ်သူဖြစ်သည်။ 'ခင်ဗျားမိန်းမကို ခင်ဗျား က ဘာပြောပေးရမယ်ဆိုတာတို့ အဲဒီစကားကို ဘယ်လိုပြောရမယ်ဆိုတာတို့ကို ကျွန်တော်လည်း မပြောတတ်ဘူး'ဟု ပြောပါသည်။ 'ဘယ်လိုပြောမှ ကောင်းမယ်ဆိုတာကို ခင်ဗျားဘာသာစဉ်းစားဖို့ ကျွန်တော် ခင်ဗျား ကိုပဲ ယုံပုံပြီး လွှဲလိုက်ရတော့မှာပဲ၊ ခင်ဗျားမိန်းမ ထိတ်လန့်လာတယ်ဆိုရင်တော့ အစွန်း လိုနေရာတွေနားမှာ မသီပါစေနဲ့'
ဆရာဝန် ဆရာမများသည် ဗိုက်ခွဲခြင်းကို စတင်လုပ်ကြပေပြီ။ ကျွန်တော်က ဂျေး၏ လက်ကို တင်းကျပ် နိုင်သမျှ တင်းကျပ်စွာ ကိုင်ပေးထားရသည်။ ဘာတွေ လုပ်၍ ဘာတွေဖြစ်နေသည့်အတိုင်း အေးဆေး တည်ငြိမ်စွာနှင့် သူ့ကို ပြောပြမှပဲဟု ကျွန်တော် ဆုံးဖြတ်လိုက်သည် သူ့ကို အမှန်အတိုင်း ပြောပြ သွားရပေမည်။
သူ့နှုတ်ခမ်းများသည် ပြာနှမ်းနှမ်းဖြစ်နေသည်။ သူသည် တဆတ်ဆတ်တုန်နေ၏။ ကျွန်တော်က သူ့ခေါင်း ကို ပွတ်ပေးပြီး သူ့လက်ကလေးကို ကျွန်တော့်လက်နှစ်ဖက်နျင့် ကိုင်ထားလိုက်သည်။ တစ်နည်း အားဖြင့် ခွဲစိတ်မှုလုပ်နေသည်။ ဘာမှမကြောက်နှင့်ဟူသော သဘောကိုပြဖို့ ကြိုးစားလိုက်ခြင်းဖြစ်ပါသည်။ ဂျေး ကလည်း တော်ပါသည်။ ကျွန်တော်နှင့်မခွဲရအောင် စိတ်အေးအေးနှင့် သတိမလစ်ဘဲ နေနိုင် အောင်ကြိုးစား ပါပေ၏။
'ကလေးကို မြင်ရပြီဟေ့ ကလေးထွက်လာပြီ'ဟု ကျွန်တော်က ပြောသည်။ မျက်ရည်တွေသာ ကျနေပေရာ ဂျေး သည် အခက်ခဲဆုံးမေးခွန်းကို မေးနိုင်စွမ်းမရှိ၊ သို့ရာတွင် ကျွန်တော့်မှာ အဖြေကအဆင်သင့်ရှိပါ၏။
'ကလေးလှုပ်ရှားနေတယ်ကွ'
ထို့နောက်တွင်ကား ကျွန်တော်တို့၏ သားဦးကလေး ဒီလန်သည် ယခင်က မကြားဖူးသေးသော အသံမျိုးဖြင့် 'အူဝဲ'ဟူ၍ ငိုကြွေးလိုက်တော့သည်။ သေနာလေး၊ သူနာပြုဆရာမများ ပြုံးရယ်ကြပါသည်။ 'အဲ၊ လှတယ်တော့'မည်သူကမှန်းမသိ တစ်ဦးဦးကပြောလိုက်သည်။ နေ့စေ့လစေ့နှင့်မဟုတ်ဘဲ မွေးဖွားသော ကလေး များသည် အမိဝမ်းမှ ခြေလက်အင်္ဂါတို့ စထွက်သော် မိခင်ကို အများဆုံး ဒုက္ခပေးတတ်သည်။ သို့ရာတွင် သေးတွေဘာတွေပန်းပြီး အူဝဲသံ တညံညံနှင့် မွေးလာသော ကလေးများမှာ တိုက်ခိုက်ရေး သမား ဖြစ်ကြသည်။ ထိုကလေးမျိုးသည် ဒေါင်ဒေါင်မြည် ကျန်းမာတတ်ကြသည်။
ဆက်ရန်
.
1 comment:
မရွှေစင်ရေ ကယ်ပါဦး
၂၀၁၁ အကုန် ၂၀၁၂ ကူးခါနီးမှာ သူ့မိန်းမ ဗိုက်နာပြီး ကလေးမွေးတော့မယ်ဆိုပါလား။ အခု ၂၀၁၁ ၃လပိုင်းပဲ ရှိသေးတယ်လေ။
Post a Comment